November 25, 2011

ဥရောပ မဲဇာ

 နမ်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့(၃)
                                                          ကိုအေးချမ်းနိုင်

ကျနော်စီးလာသည့် လာအိုလေကြောင်း လေယာဉ်မှာ ဒွန်မောင်းလေဆိပ် အဆောက်အဦ အပေါက်ဝတစ်ခုကို ဥမင်းလှိုင်ခေါင်းလို ပြွန်ကြီး(Tube)နှင့် တေ့ဆက်ပြီး ရပ်လိုက်သဖြင့် ကျနော့်မှာ ဒွန်မောင်းလေဆိပ်၏ ပြင်ပအနေအထားကို မြင်နိုင်စွမ်းမရှိတော့ပဲ လေဆိပ်ကြီးထဲ ရောက်လာခဲ့ရ၏။

ဥမင်လှိုင်ခေါင်းလို ပြွန်ကြီး(Tube)ထဲက ထွက်လျင် ထွက်ချင်း လေယာဉ်လွှဲပြောင်းစီးသူများ နားနေခန်း(Transit Room) လမ်းညွှန်ဆိုင်းပုဒ်များကိုကြည့်ကာ လမ်းလျှောက်လာခဲ့သည်။ လေဆိပ်ကြီးမှာ ကြီးကျယ်ခန်းနားလှသဖြင့် ကိုယ့်ကိုယ်ကို သိမ်ငယ်သလိုပင် ဖြစ်လာမိသည်။

တနေရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်းပုဒ်တခုကို ကျော်ခဲ့ရ၏။ အပေါက်ဝတွင် လူတစ်ယောက်မျှ မရှိပါ။ အပေါက်ဝ ဆိုင်းပုဒ်ရှေ့မှ ဖြတ်ကျော်လာပြီးသည့်တိုင် တယောက်ယောက်ကများ နောက်က လှမ်းခေါ်လိုက်လေမလားဆိုတဲ့ အသိစိတ်နှင့် တကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်လာရသေးသည်။ ခရီးသည်တွေအများကြီးထဲက ငါ့တစ်ယောက်ထဲရွေးပြီး မခေါ်တန်ကောင်းပါဘူးဟူ၍လည်း တွေးမိသည်။ သို့တိုင်အောင် ခတ်လှမ်းလှမ်းရောက်သည်အထိ နားကို စွင့်ထားနေမိဆဲ...။

လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ထဲ အခက်အခဲမရှိ ဝင်ရောက်လာနိုင်ခဲ့ပါပြီ။ ကျနော်က ပတ်ဝန်းကျင်ကို မသိမသာ ဂရုတစိုက် လိုက်ကြည့်သည်။ ခရီးသည်အများစုမှာ ကြီးမားလှသည့် တီဗွီကြီးတလုံးရှေ့တွင် ရုပ်ရှင်ထိုင်ကြည့်နေကြ၏။ တချို့က လမ်းဘေးဈေးဆိုင်(Duty Free Shop)တွေထဲ လျှောက်ကြည့်နေကြသည်။ တချို့ လေယာဉ်ခရီးစဉ်ပြ တီဗွီကြီးကို မော့ကြည့်နေကြသည်။ ကျနော်လည်း လေယာဉ်ခရီးစဉ်ပြ တီဗွီမော်နီတာကြီးကို မော့ကြည့်သည်။ ကျနော် ဆက်လက်စီးရမည့်လေယာဉ်က ည သန်းခေါင်ကျော်မှ ဖြစ်သည်။ မော်နီတာကြီးမှာ ဖေါ်ပြနေသော ခရီးစဉ်တွေက အချိန်စေါသေးသဖြင့် သန်းခေါင်မတိုင်ခင်အထိသာ ရှိနေသေးသည်။ ထို့ကြောင့် လူစုလူဝေးနှင့်ဝေးရာ လူသွားလမ်းကျယ်ကြီး၏ တဖက်သို့ ကူးလိုက်သည်။ ဝါးတရိုက်ခန့်အမြင့်ထောင်ထားသည့် မှန်ကာကြီးများဘေးက ခုံတန်းလျားတခုတွင် ထိုင်လိုက်သည်။ ဘေးချင်းကပ် ခုံတန်းတွင် တရုပ်လိုလို လူလတ်ပိုင်းတစ်ဦး ထိုင်နေသည်။ သူက ကျနော့်ကိုပြုံးပြသဖြင့် ကျနော်ကလည်း အပြုံးဖြင့် တုန့်ပြန်လိုက်ရ၏။

ခုံတန်းလေးပေါ်ထိုင်ရင်း ကျနော်၏ လက်ရှိအခြေအနေကို စဉ်းစားသည်။ ယခုအခါ ကျနော်သည် ပထမအဆင့် စာမေးပွဲကို အောင်မြင်သွားခဲ့ပြီ။ လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ကြီးထဲ ချောချောမောမော ရောက်ရှိလာခဲ့ပြီ။ သည်ခန်းမကြီးထဲတွင် ပုံမှန်အားဖြင့် မည်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်မျှ တွေ့ဆုံရန် အကြောင်းမရှိ။ သို့ပေမယ့် ဒုတိယအဆင့် စာမေးပွဲက ရှိနေသေးသည်။

တကယ်တော့လည်း လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ကြီးထဲ အခုလို ချောချောမောမော ရောက်ရှိလာနိုင်ခြင်း တစ်ခုတည်းနှင့်ပင် ‘ကိုအေးချမ်းနိုင်´၏ ကျေးဇူးမှာ ကြီးမားလှပါဘိ။ ကိုအေးချမ်းနိုင်က နော်ဝေးတွင်ရှိသည့် ဒီိမိုကရက်တစ်မြန်မာ့အသံ (DVB)တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အော်စလိုမှ ဘန်ကောက်သို့ ခေတ္တရောက်လာနေသည်ဟု ကြားသဖြင့် သူ့ကို ကျနော် သွားတွေ့ရ၏။ သူက နိုင်ငံအတော်များများ ခရီးထွက်ဖူးသူဖြစ်သည်။ ထို့ကြောင့် သူ့ထံ လေယာဉ်ခရီးစဉ်အတွေ့အကြုံများကို ရှင်းပြ သင်ပြပေးပါရန် တောင်းပန်ရ၏။ သူက လေဆိပ်များတွင် ခရီးသည်တစ်ဦး မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စအဝဝကို ကျနော့်အား အသေးစိပ် စိတ်ရှည်လက်ရှည် ရှင်းပြ၏။ ကိုအေးချမ်းနိုင်၏ လမ်းညွှန်ချက်နည်းနာများမှာ ကျနော်၏ နော်ဝေးနိုင်ငံသွားခရီးစဉ် မဟာဗျူဟာအတွက် တကယ့်ကို အသုံးတည့်ခဲ့ပြီဖြစ်သည်။ ဒုတိယအဆင့် စာမေးပွဲကတော့ Boarding Pass ထုတ်ယူရေး ဖြစ်သည်။ ဒီအဆင့်ကတော့ ဘာမျှ ထူးထွေ ခက်ခဲခြင်း ရှိမည်မဟုတ်ပါ။

မိမိစီးနင်းလိုက်ပါရမည့် လေယာဉ် မဆိုက်ရောက်သေးခင် လေဆိပ်ကြီးထဲ အချိန်အတော်ကြာ ထိုင်စေါင့်ရမည်ဖြစ်သော်လည်း ကျနော်ကတော့ ပျင်းရိခြင်း မရှိပါ။ ဘယ်နေရာကြည့်ကြည့် ဘယ်သူ့ကိုပဲ ကြည့်ကြည့် စိတ်ဝင်စားစရာ ပုံသဏ္ဍာန်ဒီဇိုင်းအမျိုးမျိုး။ ဥပမာ လေယာဉ်မှူးဟုထင်ရသူ အမျိုးသားနှစ်ယောက်နှင့် လေယာဉ်မယ်ဟုထင်ရသူ အမျိုးသမီး သုံလေးယောက် လှပသည့် ဝတ်စုံများနှင့် ကျနော့် ရှေ့ကဖြတ်လျှောက်တော့ ကျနော့်မှာ သန့်ရှင်းသပ်ရပ်လှပလွန်းသည့် သူတို့လူအုပ်ကို မင်သက်မိမတတ် ငေးကြည့်နေခဲ့မိ၏။

 တစ်နာရီနီးပါးထိုင်ကာ ပတ်ဝန်းကျင်ကို ဈာန်ဝင်စားနေခဲ့စဉ် ကျနော့် လည်ချောင်းတဝိုက်က အလွန်အမင်း တင်းကြပ်လာနေသဖြင့် ကျနော်က လည်စီးနက်တိုင်ကို အနည်းငယ် ဖြေလျှော့လိုက်ရ၏။ ထိုအခါကျမှ ကျနော့်တကိုယ်လုံး ချွေးစေးများ စီးကျလာနေသည်ကို သတိပြုမိသွားရသည်။ ကျနော့်ခန္ဒါကိုယ်ပေါ်က သက္ကလပ် ကုတ်အင်္ကျီကြီးမှာ တစ်ပိဿာခန့် လေးလံလျက်ရှိနေ၏။ ခြေထောက်နှစ်ဖက်တွင် စွပ်ထားသည့် ဘိုစီးဖိနပ်များကလည်း ကျနော့်ခြေဖျားများကို ပြုတ်တူနှင့်ညှပ်သလို ဖြစ်နေ၏။

ကျနော့်ရှေ့က ဖြတ်လျှောက်သွားကြသော ခရီးသည်လူအုပ်ကို ကျနော့် လိုက်ကြည့်မိပြန်သည်။ သူတို့အထဲက လူတချို့ဆိုလျင် ခြေညှပ်ဖိနပ် ပါးပါးလေးများကိုပင် စီးထားသည်ကို တွေ့ရ၏။ ပါးလျာပေါ့ပါးသော အဖြူရောင်အကျီဝတ်ဆင်ကာ သွက်လက်လန်းဆန်းစွာ စကားပြောလာနေသည့် အဖွါးအိုတစ်ဦးက စိတ်မသက်မသာ ထိုင်နေသော ကျနော့်ကို ငဲ့ကြည့်သွားခဲ့၏။ ကျနော်…က သူငယ်ချင်းများကို သတိရလာခဲ့ပြန်သည်။ လွတ်လပ်ပေါ့ပါးစွား လမ်းလျှောက်သွားလာနေကြသည့် ခရီးသည်များကိုကြည့်ကာ နော်ဝေးကိုခရီးသွားမည်ဆိုလျင် ဘိုလိုဝတ်စုံတစ်စုံ အကောင်းစား မလွဲမသွေ ဝယ်ဝတ်သွားမှဖြစ်မည်ဟု အကြံပြုခဲ့ကြသည့် ကျနော့် သူငယ်ချင်းများကို သတိရလာရသည်။ လေဆိပ်ကြီးထဲတွင် ထူထဲသော ဘိုလိုဝတ်စုံကြီးဝတ်ကာ တံတွေးမြိုချ မရလောက်အောင် အကျဉ်းအကြပ်ဆိုက်နေသည့် ကျနော့်အခြေအနေကို သိလျင် သူတို့ ဘယ်လိုပြောကြမည်တော့မသိ။ ကျနော်ကမူ သူတို့ကို စိတ်ထဲမှကြိတ်ပြီး မေတ္တာသာ ပို့ နေမိလေသည်။ 

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်...။



                                                          

November 24, 2011

ဥရောပ မဲဇာ

နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့(၂)
နမ့်စွယ်ချောင်းနှင့် နမ့်စွယ်ရွာ
နမ့်စွယ်ချောင်းမှာ ရေခမ်းလုနီးပါး ရှိနေသည်။ ခြေမျက်စိသာသာ ရေကိုဖြတ်ကာ ကျနော်တို့(၃)ယောက် ချောင်းတဖက်ကမ်း လယ်ကန်သင်းရိုးပေါ် တက်လာခဲ့ကြသည်။
          နမ့်စွယ်ရွာအပြင်ဖက် နမ့်စွယ်ချောင်း၏တဖက်ကမ်း တောင်ကုန်းတခု၏အောက်ခြေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ ရဲဘော်တချို့ ခေတ္တနေထိုင်သည့် တဲကလေးတလုံး ရှိနေသည်။ ကျနော်တို့(၃)ယောက် ထိုတဲမှ ပြန်လာကြခြင်း ဖြစ်သည်။
          ရှေ့ဆုံးက ဦးမောင်မောင်အေး(ပြန်ကြားရေှးဌါနဝန်ကြီး၊ အမျိုးသားညွန့်ပေါင်းအစိုးရ)၊ အလယ်က ခွန်မားရ်ကိုဘန်း( ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ပြီးတော့ ကျနော်....။
          ချောင်းထိပ်သို့အရောက်တွင် ဝဿန္တ၏ ရှေ့ပြေးလေကို ကျနော်တို့ ရှူရှိုက်ခွင့် ရလိုက်သည်။ နမ့်စွယ်ရွာကို လယ်ကွက်များ၏ ဟိုမှာဘက်အစပ်တွင် လှမ်းမြင်နေရသည်။ မိုးတိမ်တချို့ နမ့်စွယ်ရွာပေါ် ဖြတ်ကျော်သွားနေကြသည်။ ရွာထဲမှ ကားသံ ခွေးဟောင်သံနှင့် ကလေးများ အော်ဟစ်ဆော့ကစားနေသည့်အသံကို ခတ်သဲ့သဲ့မျှ ကြားရသည်။
          ကန်သင်းရိုးပေါ် လျှောက်လာနေစဉ် မလှမ်းမကမ်း ရေသွင်းမြောင်းကလေးဆီက ရေစီးသံကို အတိုင်းသားကြားရသည်။ မျက်နှာချင်းဆိုင်ကလျှောက်လာသော လည်တိုင်တွင် ကြေးကွင်းများစွပ်ထားသည့် ပဒေါင်လုံမငယ်နှစ်ဦးကို လမ်းဖယ်ပေးကြရ၏။ သူတို့သည် နမ့်စွယ်ရွာနှင့် နာရီဝက်သာသာခရီး မြန်မာပြည်နယ်စပ်နှင့်ကပ်လျက် ထိုင်းတို့က တည်ထောင်ပေးထားသော ပဒေါင်ရွာကလေးမှ ဖြစ်ကြပေမည်။ ကျနော်တို့ဘေးမှ ဖြတ်လျှောက်သွားစဉ် သူတို့ထံမှ မျက်နှာချေနှင့် ပေါင်ဒါနံ့များ ဝေ့ ဝဲပြီး ကျန်နေရစ်ခဲ့၏။
          လယ်ကန်သင်းရိုးနှင့် မလှမ်းမကမ်း တဲတစ်လုံးရှေ့သို့ ရောက်သောအခါ ဦးမောင်မောင်အေးက လမ်းဘေးသို့ဆင်းကာ တဲရှေ့တွင် သွားပြီးရပ်လိုက်သည်။ တဲပေါ်တွင် မည်သူမျှမရှိ။ ပတ်ဝန်းကျင်တွင် လူသူလေးပါး မမြင်ရ။
          “ငါ မင်းကို ပြောစရာရှိတယ်ငြိမ်းဝေ၊ အရေးကြီးတဲ့ကိစ္စမို့ အိမ်မှာမပြောပဲ ဒီမှာပဲပြောရလိမ့်မယ်၊ လာကွာ ဒို့ ဒီမှာခဏထိုင်ရင်း စကားပြောကြရအောင်”
          ဦးမောင်မောင်အေးက ပြောပြောဆိုဆို တဲရှေ့ကပြင်တွင် ဝင်ထိုင်လိုက်သည်။ ကျနော်နှင့်ခွန်မားရ်ကိုဘန်းသည်လည်း ဘေးချင်းယှဉ် ဝင်ထိုင်လိုက်ကြ၏။ ကျနော်က ခေါင်းအေးအေးထားကာ ဦးမောင်မောင်အေး ဆက်ပြောမည့်စကားကို နားစွင့်နေမိသည်။
          “မင်းကို အဆင့်မြင့်တာဝန်တခု ပေးစရာရှိတယ်၊ မင်း နော်ဝေးကိုသွားပြီး ဒီဗွီဘီမှာ အလုပ်လုပ်ရမယ်၊ ပြင်စရာရှိတာ ပြင်ဆင်ထားပါ၊ ဒီကိစ္စကို သိတ်ပြီး မပေါက်ကြားစေနဲ့၊ ငါ နောက်တခေါက် ဘန်ကောက်ကပြန်ဆင်းလာရင် မင်းကို တပါတည်းခေါ်မယ်၊ ဒီတလအတွင်း မင်းထွက်ရလိမ့်မယ် ထင်တယ်”
          မျှော်လင့်ထားခြင်းလည်းမရှိ လိုလားစိတ်ကူးခဲ့ခြင်းလည်း မရှိသဖြင့် ဦးမောင်မောင်အေး၏စကားကို ကျနော့်အနေနှင့် ဘယ်လိုလက်ခံ တုန့်ပြန်ရမည်ဆိုသည်ကို ရုတ်တရက် စဉ်းစားလို့မရ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား...။ ကျနော် တကယ့်ကို မသိ။ အံ့သြသွားမိသည်တော့ ရှိသည်။
          “ဒါဆိုရင် ရွှေဗဟိုစည်စတူဒီယိုအတွက်ကကော...”
          ဦးမောင်မောင်အေးက ကျနော့်စကားမဆုံးခင်မှာပင် စကားဖြတ်ပြီးပြောသည်။
          “အေး ဒါကတော့ မင်းနဲ့ငါ တိုင်ပင်ပြီး လူရှာရတော့မှာပေါ့ကွာ၊ တာဝန်ခံရှာလို့ရသည်ဖြစ်ပစေ မရသည်ဖြစ်ပစေ မင်း နော်ဝေးကို အမြန်ဆုံးသွားဖို့က ပိုပြီး အရေးကြီးတယ်၊ ပြီးတော့ ငါစဉ်းစားထားတာ စိုးဝင်းညိုကို ခေါ်ရင် ဘယ့်နှယ်နေမလဲ”
          ဦးမောင်မောင်အေးပြော့ပသည့် ကိုစိုးဝင်းညိုကို စတူဒီယိုတာဝန်ခံပေးရေးကိစ္စ၊ ကျနော့်မှာ ကန့်ကွက်ရန်မရှိ။ ကိုစိုးဝင်းညိုသည် ဒီဗွီဘီတွင် ကျနော်တို့နှင့်အတူ တချိန်လုံး လက်တွဲအလုပ်လုပ်ခဲ့သူဖြစ်သည်။
          အမှန်စင်စစ် ရွှေဗဟိုစည်စတူဒီယိုမှာ ယခုမှပင် ပြန်လည်စတင်လှုပ်ရှားရမည့် အခြေအနေမျိုးဖြစ်သည်။ လွန်ခဲ့သည့် နှစ်လကျော်က ကျနော်တို့သည် ရွှေဗဟိုစည်စတူဒီယိုကို လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံတို့အောက်မှ ထိုင်းနိုင်ငံဘက်ကမ်းသို့ သယ်ထုတ်လာခဲ့ကြရ၏။ ဖွေးပေါလူရွာနှင့် ပဟေလူရွာသို့ ရွှေ့ခဲ့ကြရသည်။ ထို့နောက် ပခုံးဖြင့်ထမ်း၍တဖ၊ုံ လှေဖြင့်တတန်၊ ကားဖြင့်တသွယ် သော်လည်းထရွာသို့လည်းကောင်း၊ မယ်စရီရန်းသို့လည်းကောင်း၊ မယ်ဟောင်ဆောင်သို့လည်းကောင်း၊ နမ့်စွယ်ရွာကလေးသို့လည်းကောင်း အဆင့်ဆင့်သယ်ပိုး ထုတ်ယူလာခဲ့ကြရသည်။ တနေရာရောက်လျင် အရေးကြီးသည့်ပစ္စည်းများကို ရွေးချယ် သယ်ယူကြရပြီး နောက်တနေရာအရောက်တွင် ထပ်မံပြီး ပိုမိုအရေးကြီးသည့်ပစ္စည်းကိုရွေးကာ သယ်ကြယူကြရပြန်သည်။ မသယ်နိုင်မပိုးနိုင်တော့သဖြင့် စခန်းတခုတိုင်းတွင် ပစ္စည်းတချို့ကို စွန်ပစ်ထားခဲ့ကြရ၏။ တချို့ တောထဲမှာ...၊ တချို့ လူသွားလမ်းဘေးမှာ...၊ တချို့ ချောင်းဘေးမှာ...။
          သို့သော် နမ့်စွယ်ရွာသို့ရောက်သွားသည်အထိ ရွှေဗဟိုစည်စတူဒီယိုမှာ အသံရပ်သွားခြင်း မရှိ။ သတင်းများ တွေ့ဆုံမေးမြန်းခန်းနှင့် ပုံမှန်တာဝန်ကျ အသံလွှင့်အစီစဉ်များကို မပျက်မကွက် အသံသွင်းယူကာ နော်ဝေးသို့ ပို့ ပေးနိုင်ခဲ့ကြ၏။
          မာနယ်ပလောမှ ဆုပ်ခွါလာသည်မှစတင်ကာ စခန်းတခုခုသို့ရောက်သည့်အချိန်တိုင်း အခြေအနေများမှာ ပိုမိုရှုပ်ထွေးလာခဲ့၏။ စတူဒီယို အဖွဲ့ဝင်ရဲဘော်များမှာ လမ်းခရီးတဝက်တပျက်မှာပင် လမ်းခွဲထွက်ခွါသွားကြရ၏။ မိမိတို့၏ မိခင်အဖွဲ့အစည်းများ ထွက်ခွါရာသို့ လိုက်ပါသွားကြရတော့၏။ ထို့ကြောင့် နမ့်စွယ်ရွာသို့ရောက်သောအခါ ကျနော့်မှာ ရွှေဗဟိုစည်စတူဒီယို ပြန်လည် ဖွဲ့စည်းနိုင်ရေး တချိန်လုံး ကြိုးပမ်းနေခဲ့ရ၏။
           အခုလို အရေးကိစ္စကြုံလာသောအခါ တော်လှန်ရေးနယ်မြေတခုအတွင် နယ်ကျွံနေသော ကိုစိုးဝင်းညိုကို ခေါ်ယူတာဝန်ပေးရန် စီစဉ်ရတော့သည်။ သွားတတ်လာတတ်သူ ရဲဘော်တစ်ဦးကို စရိတ်စကပေးကာ လူလွှတ်ပြီး အခေါ်ခိုင်းရတော့သည်။ ကိုစိုးဝင်းညိုရောက်လာပြီး စတူဒီယိုတာဝန်ခံအလုပ်များ လွှဲပြောင်းပေးးပြီးသောအခါမှသာ နော်ဝေးသွားရေးအတွက် ကျနော့်မှာ ပြင်ဆင်ရတော့၏။

ငြိမ်းဝေ
(ဆက်လက်ဖတ်ရှုပါရန်...)

November 22, 2011

ဥရောပ မဲဇာ

နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့(၁)

ခရီးသည်များ နားနေဆောင်၏ မှန်ကာကြီးများမှတဆင့် လေဆိပ်ကွင်းထဲကို လှမ်းမြင်နေရသည်။ ကွင်းထဲ၌ ဂျက်လေယာဉ်ငယ်တစ်စင်း ဆိုက်ထား၏။ လာအိုလေကြောင်းဌါနမှ ဖြစ်သည်။ တစ်စင်းတည်းရပ်ထားသဖြင့် ထိုလေယာဉ်ဖြင့်ပင် ကျနော် လိုက်ပါရလိမ့်မည်ဟု ခန့်မှန်းမိသည်။


ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်ကလေးပဲဟု စိတ်ထဲက တွေးမိသည်။ ခရီးဆောင် လက်ဆွဲအိပ်များ ချိန်တွယ်ရန် စစ်ဆေးရန်နှင့် လူဝင်မှုကြီးကြပ်ရေးအပေါက်ဝတို့မှာ ခရီးသည်များ နားနေဆောင်၏ဘေးတွင် ကပ်လျက်ရှိနေသည်။ ခရီးသည်များမှာလည်း လူ(၂၀)ခန့်ပင် ရှိသည်။


ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်လေးပဲဟု ထင်မိသည့်အတွေးမှာ တိကျမှန်ကန်ကောင်းရဲ့ဟု ယတိပြတ် ကျနော် မပြောနိုင်ပါ။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်နှင့် နှိုင်းယှဉ်ပြီးမှ စဉ်းစားခြင်းသာဖြစ်သည်။ သို့တိုင်အောင် ကျနော်က မင်္ဂလာဒုံလေဆိပ်ထဲ ရောက်ဖူးသူ မဟုတ်ပြန်ပါ။ ကျနော်ငယ်စဉ်က တခါတရံ ပဲခူးမှ ရန်ကုန်သို့အသွား ကားလမ်းပေါ်ကတဆင့် မင်္ဂလာဒုံလေဆိပ်ကို လျပ်တပျက် လှမ်းမြင်ရခြင်းနှင့် ရုပ်ရှင်ဇတ်ကားတချို့ သတင်းစာတချို့တွင်သာ မြင်ဖူးခြင်း ဖြစ်သည်။


ထို့ပြင် ဆိုက်ထားသည့် ဂျက်လေယာဉ်ကိုလည်း ကြီးသည် ငယ်သည်ဟူ၍ ကျနော် တပ်အပ်သေချာ မပြောနိုင်သေးပါ။ ကျနော့်ဘဝတွင် လေယာဉ်စီးဖူးဖို့ဝေးစွ လေယာဉ်တစ်စီး၏အနားသို့ ကပ်၍ပင် မကြည့်ခဲ့ဖူးသေးပါ။ သို့သော် လာအိုနိုင်ငံမှာ ဖွံ့ဖြိုးမှု နှေးကွေးသည့်နိုင်ငံဖြစ်သဖြင့် လေဆိပ်၏အနေအထား၊ လာအိုလေကြောင်းဌါန၏အနေအထားကို စိတ်ထဲက အလိုလို အထင်သေးနေမိသည့်အတွက် ထိုလေယာဉ်ကို သေးသေးငယ်ငယ်လေးပဲဟု စိတ်ထဲက ယူဆကောင်း ယူဆမိသည့်သဘော ဖြစ်နိုင်ပါသည်။


လေယာဉ်ပေါ်တက်ခွင့်ပြုသောအခါ ကျနော်က လက်ဆွဲသေတ္တာငယ်ကိုဆွဲကာ လူအုပ်ထဲ ဝင်ရောလိုက်သည်။ ကိုမျိုးမြင့်က ကျနော့်ပခုံးကိုကိုင်ကာ နှုတ်ဆက်သည်။ သူနှင့်ကျနော် သိကျွမ်းရသည်မှာ မကြာသေး။ ပထမတစ်ခေါက် လာအိုတွင် ခေတ္တခဏ (၃)ရက်မျှ လာနေစဉ် ပန်းချီဆရာ ကိုမောင်ဟန် မိတ်ဆက်ပေးသဖြင့် သူသည် လာအိုတွင် အလုပ်လာလုပ်နေသူဟု သိခဲ့ရသည်။ ယခုတစ်ခေါက်တွင်မူ ကျနော် တစ်ယောက်တည်းရောက်လာသဖြင့် လေဆိပ်ဆင်းသည့်ကိစ္စ၊ လေယာဉ်လက်မှတ် စီစစ်ခြင်းကိစ္စများကို သူကပဲ လိုက်လံကူညီခဲ့၏။ 


ကိုမျိုးမြင့်ကို နှုတ်ဆက်ပြီး လေယာဉ်ဆီ လျှောက်လာနေစဉ် ကျနော့်ရင်ထဲ၌ အမျိုးအမည်ဖေါ်ပြရခက်သော ခံစားမှုများ ဖြစ်ပေါ်လာရ၏။ ထိုစဉ်က ဖြစ်ပေါ်လာသည့်ခံစားမှုသည် အင်မတန်ခံစားရခက်သော တခါဖူးမျှ မခံစားဘူးသေးသော ခံစားမှုမျိုးဖြစ်သည်။ ခံစားရသမျှကို အသိနှင့်မထိန်းချုပ်ပဲ လွှတ်ပေးလိုက်ပါက ရူးသွပ်သွားလုမတတ် လွတ်ထွက်သွားမလားဟုပင် ထင်မိသည်။


ယခုအခါ ကျနော်သည် လေယာဉ်တစ်စင်းပေါ် တက်တော့မည်။ ထိုလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့‘ဒွန်မောင်း´လေဆိပ်သ်ု့ ရောက်မည်။ ဒွန်မောင်းလေဆိပ်တွင် လေယာဉ်ပြောင်းစီးကာ ဒိန်းမတ်နိုင်ငံ ‘ကိုပင်ဟေဂင်´လေဆိပ်ကို ရောက်မည်။ ထိုမှတဆင့် ‘နော်ဝေးနိုင်ငံ´ကို ရောက်မည်။ ကျနော်၏ မြေပုံပေါ်က ခရီးစဉ်မှာ သည် ဗီယက်ကျန်းလေဆိပ်မှပင် လက်တွေ့စတင်မည် ဖြစ်သည်။ 


လေဆိပ် နားနေဆောင်မှ လေယာဉ်ဆီသို့ မရောက်ခင် ကွန်ကရစ်လမ်းပေါ် လျှောက်လာနေရင်းက ဒူးများညွှတ်ကျလုမတတ် တုန်လှုပ်နေမိသေးသည်။ ခေါင်းထဲတွင် အသံမျိုးစုံဆူညံကာ မူးမူးဝေဝေ ဖြစ်လာရသည်။ ညာဖက်လက်ထဲက လက်ဆွဲသေတ္တာသည် ပါလာသည်ဟုပင် မထင်တော့။


တချိန်တည်းမှာပင် ကျနော့်မျက်စိထဲ ‘မဒေဝီ´ကို မြင်သည်။ သားသုံးယောက်ကို မြင်သည်။ ကျနော်သည် ကမ္ဘာကြီး၏ မြောက်ဝန်ရိုးစွန်းနှင့် အနီးဆုံး နိုင်ငံတစ်ခုသို့ ထွက်ခွါလာနေပြီ ဖြစ်သည်။ သို့သော် မဒေဝီနှင့် သားများကို စွန့်ခွါသွားနေခြင်းမဟုတ်။ တော်လှန်ရေး၏ ဘူမိနက်သန်ဟု မိမိဖါသာမိမိ ယုံကြည်နေမိသော နယ်စပ်ဒေသကို စွန့်ခွါသွားနေခြင်းမဟုတ်။ ကျနော်ချစ်သော ချစ်သူများကို စွန့်ခွါသွားနေခြင်းမဟုတ်။ ကျနော်၏ ခရီးမှာ အသွားတစ်ကြောင်းတည်းသာရှိသည့် ခရီးမဟုတ်။


ထောင်ထားသည့် လှေကားမှတဆင့် ခရီးသည်များ လေယာဉ်ပေါ် တက်ကြရသည်။ အပေါက်ဝတွင် လေယာဉ်မယ်နှစ်ဦးက အပြုံးဖြင့် ဆီးကြိုနေ၏။ လေယာဉ်လက်မှတ်များကို ပြရသည်။ ကျနော်က အထဲသို့မဝင်သေးပဲ အပေါက်ဝတွင် နောက်သို့ရုပ်တရက်လှည့်ကာ ကိုမျိုးမြင့်ရှိရာ အဆောက်အဦတွေဖက် ရုပ်ရှင်တွေထဲကလို လက်တဖက် ဝှေ့ယမ်းနှုတ်ဆက်ပြီးမှ လေယာဉ်ကိုယ်ထည်ထဲသို့ ဝင်၏။ လူသွားလမ်းကလေးပေါ်ကဆင့် ထိုင်ခုံနံပါတ်များကို ကြည့်သည်။ ကျနော်ထိုင်မည့်ထိုင်ခုံမှာ ပြတင်းပေါက်ဘေးတွင် ရှိသဖြင့် ကျေနပ်သွားရသည်။ ပြီးတော့ ကျနော့်ဘေးကကပ်လျက်ထိုင်ခုံတွင် လူမရှိ။


ပြတင်းပေါက်ကတဆင့် လေဆိပ် အဆောက်အဦကို လှမ်းမြင်နေရသည်။ သို့သော် လေယာဉ်အတောင်ပန်က ကွယ်နေသဖြင့် လေဆိပ်အဆောက်အဦ၏ တပိုင်းတစကိုသာ မြင်ရသည်။ ကိုမျိုးမြင့်လည်း လေဆိပ်မှ ပြန်သွားလောက်ပြီ။ နေရာယူပြီး ဆယ်မိနစ်ခန့်အကြာတွင် ဓါတ်ခွက်သံပါသည့် အသံချဲ့စက်မှတဆင့် လေယာဉ်ထွက်ခွါတော့မည့်အကြောင်း လေယာဉ်မယ်တစ်ဦး၏အသံကို ကြားရသည်။ ခါးပတ်ပတ်ဖို့ နှိုးဆော်သည်။ ကျနော်က ခုံတစ်လုံးကျော်က ခရီးသည်အမျိုးသားကြီးလုပ်သလို လိုက်လုပ်ကြည့်ခြင်းဖြင့် ခါးပါတ်ပတ်ခြင်းအမှု အောင်မြင်သွားခဲ့၏။


လေယာဉ်က ပြေးလမ်းပေါ် နေရာယူကာ စက်ရှိန်မြှင့်သည်။ အမျိုးအမည်မသိ အဆောက်အဦများ ရိပ်ကနဲ ရိပ်ကနဲ နောက်တွင် ကျန်ရစ်ခဲ့သည်။ ဦးခေါင်းပိုင်းတချက်မော့ကာ လေယာဉ်ကိုယ်ထည်ကြီးတခုလုံး လေထဲသို့ ကြွတက်လာခဲ့သည်။ ခတ်မော့မော့ အနေအထားဖြင့် တခဏမျှ ရှိနေပြီးနောက် နေသားတကျဖြစ်ကာ တိမ်ထုထဲ ဝင်မိသွားသည်။


အောက်ဖက်တွင် လယ်ကွက်များ အိမ်များကို မြင်ရတချက် မမြင်ရတချက် မြင်နေရသေးသည်။ ကျနော်သည် နောက်မှီတွင် ခေါင်းတင်လိုက်ကာ မျက်လုံးမှိတ်လျက် စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ကြိုးစားရပြန်သည်။ မျက်လုံးကို ပြန်ဖွင့်တော့ လူသွားလမ်းပေါ်က လေယာဉ်မယ်တစ်ဦးက တစုံတခု လှမ်းပေးနေသည်ကို တွေ့ရသည်။ လက်ထဲရောက်လာသည့် ဘူးကလေးကို ဖွင့်ကြည့်တော့ အသားညှပ်ပေါင်မုန့်တစ်ခုကို တွေ့သည်။ နောက်ထပ်ပြီး အချိုရည်တပုလင်း ပေးပြန်သည်။


ဘူးကလေးထဲက မုန့်ကိုစား အချိုရည်ပုလင်းကို ကုန်အောင်သောက်ပြီးသောအခါ ရှေ့ထိုင်ခုံနောက်ကြောက သားရေအိပ်ကလေးကိုဆွဲကာ မုန့်ဘူးခွံ အချိုရည်ဘူးခွံတို့ကို သိမ်းလိုက်သည်။ နာရီကိုကြည့်တော့ ထိုင်းစံတော်ချိန်(၁၃:၀၀) နာရီ ရှိနေပြီ။ တစ်နာရီအတွင်း ဒွန်မောင်းလေဆိပ်ကို ရောက်တော့မည်ဖြစ်သဖြင့် နာရီကို အချိန်မပြောင်းပဲ သည်အတိုင်း ထားလိုက်၏။ ထိုအခါကျမှ လေယာဉ်ထဲက ကျန်ခရီးသည်များကို သတိပြုမိသည်။ အာရှတိုက်သားတွေချည်းပဲ ဖြစ်သည်။ လူ (၂၀)ကျော်ခန့်ပဲ ရှိသည်။ လေယာဉ်ကိုယ်ထည်က သန့်ပြန့်သည်။


ဗိုက်ထဲတွင် အစာဝင်သွားပြီဖြစ်သဖြင့် လှုပ်ရှားလျက်ရှိသောစိတ်မှာ တစုံတရာ တည်ငြိမ်လာခဲ့ပြီ။ လေယာဉ်ကိုယ်ထည်ကြီးတခုလုံး လေထဲတွင် တည်တည်ငြိမ်ငြိမ်နှင့် မောင်းနှင်နေပြီဖြစ်သဖြင့် စိုးရိမ်ထိတ်လန့်မှုသည်လည်း လျှော့ပါးသွားနေပြီ ဖြစ်သည်။ ထိုင်ခုံနောက်မှီတွင် ခေါင်းပြန်တင်လိုက်သောအခါ ‘နမ့်စွယ်´ရွာကလေးက ကျနော့်အတွေးထဲ ခုန်ဝင်လာလေတော့သည်။


ငြိမ်းဝေ

(ဆက်လက်ဖေါ်ပြပါမည်။)






ရှင်းလင်း မိတ်ဆက်ခြင်း


ချစ်ခင်ရတဲ့ မိတ်ဆွေများကို အသိပေးလိုပါတယ်။


ကျနော်ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ရေစီးသံ ဂျာနယ်မှာ ကျနော့်ရဲ့ ဥရောပ ခရီးသွားဆောင်းပါးတွေဖြစ်တဲ့ ` ဥရောပ မဲဇာ ´ ဆောင်းပါးတွေကို အခန်းဆက် ဖေါ်ပြခဲ့တာ ရှိပါတယ်။ အခု အဲဒီဆောင်းပါးတွေကို ကျနော့်ဘလော့မှာ အဆင်ပြေသလို အပိုင်းလိုက် တင်သွားဖို့ စဉ်းစားထားပါတယ်။ ဒီတရက် နှစ်ရက်အတွင်း စတင် တင်ဆက်နိုင်မယ်လို့လည်း ထင်ပါတယ်။ ဒီ ခရီးသွားဆောင်းပါးတွေထဲက တပိုင်း နှစ်ပိုင်းလောက်တော့ အစီစဉ်တကျမဟုတ်ပဲ ကျနော့်ဘလော့မှာ တင်ခဲ့တာတော့ ရှိပါတယ်။ အခုတော့ အစီစဉ်တကျ အပြည့်အစုံ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
အားလုံးကို လေးစား ချစ်ခင်လျက်ဖြင့်

ငြိမ်းဝေ

November 20, 2011

အချိုးကျ ကြေးမုံ



မျက်လုံးတွေကို ချဲ့ပစ်လိုက်
နှာခေါင်းကို တိုပစ်လိုက်
လည်တိုင်ကို ရှုံ့ပစ်လိုက်

အစားထိုး ပစ်လိုက်
ဆွဲဆန့် ပစ်လိုက်
ရွှေ့ပစ်လိုက်
နားရွက်
လည်တိုင်
ခေါင်း…

မေးစေ့ကို အပေါ် ပင့်တင်ပစ်လိုက်
နဖူးကို ကျဉ်းပစ်လိုက်
ကွေးပစ်လိုက် ကောက်ပစ်လိုက်

လိုက်လျောညီထွေ ဖြစ်အောင်
ပါးစပ်ကို ဝိုင်းပစ်လိုက်
အရေပြားကို ဆွဲဆန့်ပစ်လိုက်

အားလုံးကို ပြောင်း ပစ်လိုက်စမ်းပါ
ကဗျာတစ်ပုဒ်လို
ဒါမှ မဟုတ်
ဘဝရဲ့ အခြေခံ စည်းမျဉ်းတွေလို….။   

ငြိမ်းဝေ
( CHILD OF EUROPE စာအုပ်မှာ ပါရှိတဲ့ ဂျာမာန်ကဗျာဆရာ Kurt Drawert ရဲ့ Mirror Symmetry ကဗျာကို ဘာသာပြန်ဆိုပါတယ်။ )

November 19, 2011

ဖါတလုံး ခေါင်းကျား ပုံပြင်



(ဦး) ခင်မောင်များ ပြောပါတယ်…

မနေ့ကအထိ
ထီးရှိ ဖိနပ်ရှိ
လမ်းရှိ ကျောင်းရှိ
မှန်းကြည့် တမ်းကြည့်
ရမ်းကြည့် သန်းကြည့်
စမ်းကြည့် ဖြန်းကြည့်။

ဒီကနေ့မနက်
မှန်းမကြည့် တမ်းမကြည့်
ရမ်းမကြည့် သန်းမကြည့်
စမ်းမကြည့် ဖြန်းမကြည့်
လမ်းမသိ ကျောင်းမသိ
ထီးမရှိ ဖိနပ်မရှိ
ကျီးကြည့် ကြောင်ကြည့်။

(ဦး) ခင်မောင်ရဲ့٭ အဖြစ်များ ပြောတာပါ…။


ငြိမ်းဝေ
၁၉၊ ၁၁၊ ၂၀၁၁။ စနေနေ့ မနက်ခင်း
 ٭ (ဦး)ခင်မောင် = ဖါတလုံး ခေါင်းကျား ဇာတ်ကားမှ မင်းသားကြီး ခင်မောင်
( ၁၉ နှစ်တာကာလ မိမိကိုယ်ကိုမိမိ အသေ ဖက်ထားခဲ့မိတဲ့ နေ့ရက်များကို ဆန်းစစ်ခြင်းမှ )

November 18, 2011

ကမ္ဘောဒီးယား



တစ်နေ့မှာ
လူတစ်ယောက်က အပြုံးနဲ့ နှုတ်ဆက်လိုက်တဲ့အခါ
လူ နှစ်ယောက် ထွက်ခွါသွားရပေလိမ့်
လူ နှစ်ယောက် သေပွဲဝင်ကြရပေလိမ့်။

လူ တစ်ယောက်က
အကောင်းဆုံး အကြံညာဏ် ပေးလိုက်ပြီဆိုရင်လည်း
လူ သုံးယောက် တန်ရာတန်ကြေး ပေးလိုက်ရပေလိမ့်။

လူ တစ်ယောက်
ဝမ်းနည်း ကြေကွဲစွာ နေထိုင်ရပြီ ဆိုရင်လည်း
လူ လေးယောက် အကြွေးပတ်လည် ဝိုင်းနေပေလိမ့်။

လူ တစ်ယောက်
အကြမ်းဖက်မှုက ထပြီး အိပ်ယာဆီ ရောက်သွားပြီ ဆိုရင်လည်း
လူ ငါးယောက် သေပွဲဝင်ကြရပေလိမ့်။

လူ တစ်ယောက်က လူ ငါးယောက်အတွက်
လူ တစ်သန်းက လူ တစ်ယောက်အတွက်
သူတို့ သေဆုံး နေကြရဆဲ
စစ်ပွဲတွေ
ဆက်ပြီး ဖြစ်နေဆဲ…။     ။

စန်းဒေဝီဦး
( 101 POEMS AGAINST WAR စာအုပ်တွင် ပါရှိသည့် James Fenton ရဲ့ Cambodia ကဗျာကို ဘာသာပြန်ဆိုပါတယ်။ သရုပ်ဖေါ် ဓါတ်ပုံကတော့ ကျနော်ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓါတ်ပုံလေးပါ။ )

November 16, 2011

ပြန်လာခဲ့ပါ ရွှေကြိုးကြာ


ဒီအချိန်မှာ

မင်းရဲ့ နံက်ခင်းတွေလည်း
သွေး တပုလင်းစီ မြိုချပြီးမှ
အသက် ရှင်သန်ရတဲ့ တောင်ကုန်းတွေပေါ်
မေးတင် နေကြရော့မယ်။

ဒသမဌါန٭  အညာမြစ်စဉ် တဝိုက်က
တိတ်ဆိတ်တဲ့ မြက်ခင်းတွေ
အေးမြတဲ့ တောင်ခြေ တောအုပ်တွေ
မာန တစက်မှ မရှိတဲ့ တဲအိမ်လေးတွေဟာ
မင်းရဲ့ အရေပြားပေါ်က မီးလောင်ဖုတွေလား။

တချိန်လုံး
မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတဲ့ လရောင်တွေလည်း
ဆက်လက် စီးဆင်းရမှာ ကြောက်လို့
နေရာမှာတင် ရပ်တန့် ထားလိုက်ကြပြီလား။

မင်းဟာ
သူတို့ ဖြုတ်ပစ်လိုက်တဲ့ လက်ဗလာနဲ့ပဲ
ပျံသန်းနိုင်ခဲ့တယ်
သူတို့ ပြန်တပ်ပေးလိုက်တဲ့ ဒုက္ခနဲ့ပဲ
ခရီး နှင် ခဲ့ရတယ်။

` မြစ်ကြီးနား ´ က
သူ့ ညာဘက် ခြေထောက်
လက်နဲ့ စမ်းတဲ့အခါ ` လိုင်ဇာ´ ကို စမ်းမိ
ညာဘက် ခြေထောက် မရှိဘူး။
` လိုင်ဇာ´ က
သူ့ ဘယ်ဘက် ခြေထောက်ကို သူ ပြန်ပြီး လက်နဲ့ စမ်းတဲ့အခါ
` မြစ်ကြီးနား ´ ကို စမ်းမိ
ဘယ်ဘက် ခြေထောက် မရှိဘူး။

အမှောင်ထု တစ်ခုက
အမှောင်ခေတ် တစ်ခုကို
လျှာ တသိမ်းသိမ်း လုပ်နေချိန်
မင်းကတော့ သေဆုံးသွားကြရတဲ့ သားသမီးတွေကို
မြှုပ်နှံလိုက်ရတယ်
ဒါပေမယ့်
မြှုပ်နှံခြင်းကိုကြတော့ မမြှုပ်နှံနိုင်ခဲ့သေးဘူး။

ဒီ ကျိန်စာက
မလောင်ကျွမ်းသေးတဲ့ ဝိညာဉ်တွေ
လောင်ကျွမ်းပြီးတဲ့ ဝိညာဉ်တွေ
အချင်းချင်း ဖက်ပြီး ငိုကြွေးဖို့ကိုတောင်မှ
ခွင့်မပြု ခဲ့လေဘူး။

နောက်ကို ပြန်လိမ့် ဆင်းလာနေတဲ့ ဒီစစ်ကြီးကို
ငါတို့လည်း
ဂျမ်းတုံး ဝင်ပြီး ခုခဲ့ကြပါတယ်
တဟူးဟူး တရားရား တိုက်ခတ်နေတဲ့
မုန်တိုင်း တစ်ခုအောက်မှာ
ငါတို့လည်း
ခြေမမြဲလို့ လက်မြဲအောင် ဆွဲထားကြပါတယ်။

ငါတို့သည်လည်းပဲ
ပေါလော မျောလာနေတဲ့
တုတ်တပျက် ဓါးတပျက် နေဝင်ချိန်တွေ အောက်မှာ
ခလုပ်လည်း ထိ ဆူးလည်း ငြိ ခဲ့ကြတာ ပါပဲ။

လူလည်း မစွမ်း
နတ်လည်း မစွမ်းတဲ့ ကာလတွေထဲမှာ
ငါတို့ကိုယ်တိုင်
ငါတို့ခေတ်ကြီးကို ထမ်းထား ခဲ့ကြတာ ပါပဲ။

` ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ ´ တဲ့လား
ဒါဆိုရင် ဒို့ခေတ်ရဲ့ အနုပညာ ပစ္စည်းတွေထဲ
အပြောင်မြောက်ဆုံး ကဗျာတပုဒ်
ငါတို့ ကိုယ်တိုင် ဖြစ်ခဲ့ကြပြီပဲ။

ယုံကြည်လိုက်ပါ
အတိတ်ဟာ ငါတို့အတွက် မအေးစက်သေးခင်
အနာဂတ်ဟာ ငါတို့အတွက် ပူနွေးနေပါလိမ့်မယ်။

မငိုပါနဲ့ ` ဆွမ်လွတ်ရွယ်ဂျာ ´
ဒီရွာကို
ကြိုးကြာငါးရာ
နောင်နှစ်မှာ
တခါ ပြန်လာပါလိမ့်မယ်။

ငြိမ်းဝေ
၁၆၊ ၁၁၊ ၂၀၁၁
ဆွမ်လွတ်ရွယ်ဂျာ = အစိုးရစစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရပြီး ပျောက်ဆုံးနေတဲ့ ကချင်အမျိုးသမီးလေး
٭ ဒသမ ဌာန အညာ မြစ်စဉ် = မြန်မာမင်းများလက်ထက်က ယခု ကချင်ပြည်နယ်တဝိုက်ကို ခေါ်ဆိုသတ်မှတ်ခဲ့တဲ့ နယ်မြေ အမည်ပါ။
လိုင်ဇာ = ကချင်တော်လှန်ရေး ဌါနချုပ်မြို့