March 07, 2009

မေပယ်လ်ရွက်--ဘယ်ရီသီးအပြာ နှင့် ဥရောပ ကျေးလက် [ ၅]

၁၉၉၅- ခုနှစ်က
ကျနော် ဥရောပကို ခရီးထွက်ခဲ့ဖူးတယ်။ ဒီဆောင်းပါးဟာ အဲဒီခရီးစဉ်ကို အခြေခံပြီးရေးတဲ့ ဆောင်းပါးတွေထဲက တခုဖြစ်ပါတယ်။ ဒီဆောင်းပါးတွေကို အခန်းစဉ်ဖွဲ့ပြီးရေးခဲ့တာပါ။ ဒီဆောင်းပါးတွေကို အစဉ်လိုက်မဟုတ်ပဲ အလျန်းသင့်သလို ဆက်လက်ဖေါ်ပြသွားပါမည် ခင်ဗျား။


ဥရောပမဲဇာ အခန်း [ ၃ ]

မေပယ်လ်ရွက်--ဘယ်ရီသီးအပြာ နှင့် ဥရောပ ကျေးလက် [ ၅ ]

ကျနော်နေထိုင်ခွင့်ရသည့်အိမ်တွင်၊ လူပုဂ္ဂိုလ်(၄)ဦး ရှိနေနှင့်ကြပါသည်။ ကိုကျော်ကျော်(မွန်)၊ ကိုထွန်းထွန်း(အိန္ဒိယနယ်စပ်) စောနယ်လ်ဆင်ခူး(ဖိုးခွါး) နှင့် ကိုမွန်းအောင်တို့ ဖြစ်ကြ၏။ သူတို့ နှင့် ကျနော်၊ စားစရိတ်ဝေပုံကျ ခရိုနာ(၁၀၀၀)စီထည့်ကာ၊ တလှည့်စီချက်ပြုတ်ရေး တာဝန်ယူခဲ့၏။ နံနက် (၈)နာရီ အသံလွှင့်ဌာနသို့ ရောက်၊ နေ့ စဉ်သတင်း တချို့ ဘာသာပြန်၊ သတင်းဖတ်။ အစီအစဉ်မှူး တာဝန်ကျသည့်နေ့ များတွင်၊ တနေ့ စာ အသံလွှင့်အစီစဉ်များကို ကိုယ်တိုင်အသံသွင်းစီစဉ်ကာ၊ အသံလွှင့်ချိန်မတိုင် ခင် အဆင်သင့်ရှိနေခဲ့ရ၏။ ထိုစဉ်က တနေ့ တာ အသံလွှင့်အစီအစဉ်များကို တိတ်ခွေနှင့်ပင် အသံသွင်းယူကာ၊ အသံလွှင့်ချိန် ရောက်လျှင်၊ တိတ်ခွေကိုခလုပ်နှိပ်၍ အသံလွှင့်ခဲ့ကြခြင်းဖြစ်သည်။
နော်ဝေးတွင်၊ ကျနော့်အရင်ရောက်နှင့်နေကြပြီးဖြစ်သူများမှာ၊ ကျနော့်ထက်အင်္ဂလိပ်စာပိုမိုကျွမ်းကျင်ကြပါသည်။ ကျနော် က တစုံတရာ ဖတ်တတ်သည်ကလွဲ၍၊ အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ်ပင် မပြောတက်ခဲ့ပါ။ ထို့ ကြောင့် နေ့ စဉ်သတင်း တချို့ ကို တာဝန်ကျအယ်ဒီတာချုပ်က ဘာသာပြန်ခိုင်းသောအခါ အတော်လေးအခက်အခဲရှိခဲ့၏။ ဘာသာမပြန်ချင်၍ ငြင်းဆန်လို့  လည်း မဖြစ်။ ကရင်ဘာသာအစီအစဉ်ကို တာဝန်ယူသူ ဖိုးခွါးမှတပါး၊ ကျန်သူအားလုံး သတင်းဟူသမျှ ဘာသာပြန်ကြရ၏။ ကိုယ် ဘာသာပြန်သည့်သတင်းကို၊ ကိုယ်ကိုယ်တိုင်ပင် ဖတ်ရ၏။ သို့ သော် ကျနော်က စာပေ၀ါသနာအိုးဖြစ်၏။ ထို့ ကြောင့် မြန်မာ ဘာသာပြန်ဆိုသည့် သတင်းများကို တခါတရံ ၀င်ရောက်အကြံပြုလျှင်၊ အားလုံးက လက်ခံကြပါသည်။ ကျနော်တို့ အထဲတွင်၊ ကို မောင်မောင်မြင့် ( ဒေါင်းညို၊ ယခု BMA ) ကိုအေးချမ်းနိုင် (ယခု DVB ညွှန်ကြားရေးမှူးချုပ်) နှင့် ကိုမွန်းအောင်(တေးသံရှင်)တို့ သည် သတင်းဘာသာ ပြန် တော်ကြသူများဖြစ်သည်။ သူတို့ ဘာသာပြန်ထားသည်များကို ကျနော် လေ့လာခဲ့၏။ မသိသည်များကို မေး၏။
သို့ သော် ကျနော်က နဂိုကတည်းက သတင်းကိစ္စများကို စိတ်ဝင်စားလှသည်မဟုတ်။ ‘ရသ’ မပါသည့် စာပေကိစ္စများ အပေါ် အာရုံမညွတ်ချင်။ ထို့ ကြောင့် သတင်းများ ဘာသာပြန်သည့်အချိန်တိုင်း ကျနော့်မှာ ပင်ပန်းခဲ့၏။ စိတ်ညစ်ခဲ့၏။
အော်စလိုသို့ စတင်ရောက်ရှိသည့် နေ့ ရက်များမှာ၊ အိမ်နှင့်ရုံး၊ ရုံးနှင့်အိမ်၊ ကူးကာ ပြန်ကာနှင့်ပင် အချိန်ကုန်ခဲ့၏။ အသံလွှင့် လုပ်ငန်းခွင်အတွင်း စိတ်ကိုနှစ်ထားခဲ့ရ၏။ ဘယ်ကိုမှ ထွေထွေထူးထူး မရောက်ရှိသေး။ အရာအားလုံး ကျနော့်အတွက် အသစ် အဆန်းတွေချည်းဖြစ်၏။ ဟိုနေရာ မိုးတိုးမတ်တတ်။ ဒီနေရာ ခဏတဖြုတ်။ ဟိုမသွားတတ် ဒီမလာတတ်။ အိမ်ကနေ ရုံးပိုပင်လျှင် အဖော် နှင့် (၃) ခေါက်လောက် သေသေချာချာလိုက်သွား၊ မှတ်သားပြီးမှသွားတတ်လာတတ်၏။ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ပထမဦး ဆုံး အောက်မှာရှိတဲ့ တံခါးမကြီးဘေးက၊ အချက်ပေးခလုပ်ကို ရွေးချယ်ပြီးနှိပ်၊ တံခါးမကြီးပွင့်သွားလို့  အထဲကိုရောက်ပြန်တော့၊ တံခါးဖွင့်ပေးမယ့်သူမရှိရင် ကိုယ့်ဖာသာ ခလုပ်တခု ထပ်နှိပ်ပြီး လူခေါ်…။
ဒီလိုအနေအထားမျိုးတွေ ကျနော့်တသက်မှာ ကြုံဖူး၊ တွေ့ ဖူး၊ နေခဲ့ဖူးသည်မဟုတ်။ ကျနော့်ဘ၀နှင့် နီးစပ်ခဲ့ခြင်းလည်းမရှိ။ ကျနော်ဘ၀မှာ အဆင့်အမြင့်ဆုံးဆိုလို့ ၊ ရန်ကုန်မြို့ ၊ ပုဇွန်တောင်ကျောင်းလမ်းထဲတွင် )၆)လခန့်  နေခဲ့ဖူးသည့်ဘ၀မျိုးသာရှိခဲ့၏။ ကိုယ့်အိမ် ကိုယ့်အခန်း၊ ဘာခလုပ်မှ နှိပ်ဖို့ မလိုတာပဲ။ ငယ်စဉ်တုန်းက တယ်လီဖုန်းပြောသည့်အခါ၊ တယ်လီဖုန်းကို ပြောင်းပြန်ကိုင် မိသည့် အဖြစ်မျိုးတောင်ရှိခဲ့ဖူးသူပဲ။ ဒီလိုဘ၀မျိုးနဲ့ ကြီးပြင်းလာခဲ့သူ ကျနော့်အဖို့ ၊ အဆင့်အတန်းလွန်နိုင်ငံတခု၏ အခင်းအကျင်း တွေကြားမှာ တနေ့ တည်း၊ တကြိမ်တည်းနှင့် ပြည့်စုံတက်ကျွမ်းအောင် မည်သို့ မျှ မစွမ်းဆောင်နိုင်ခဲ့။

အော်စလိုသို့ ရောက်ရှိပြီး (၂)ရက် အကြာတွင် အိမ်အောက်ထပ်မှ ခလုပ်နှိပ်၍ လူခေါ်ခေါင်းလောင်းမြည်သံကြားသဖြင့် တံခါးဖွင့်ပေးလိုက်သောအခါ လူတယောက်က၊ လက်ဆွဲအိပ်ကြီးနှင့်အတူ ရပ်နေသည်ကိုတွေ့ ရ၏။ ပျောက်ရှကျန်ရစ်ခဲ့သည့် ကျနော့်လက်ဆွဲအိပ်ဆွဲကြီးကို လာပို့ ခြင်းဖြစ်သည်။ သူက စာရွက်တရွက်ကိုပေးကာ ပစ္စည်းလက်ခံရယူကြောင်း လက်မှတ်ထိုးစေ ပြီး ပြန်သွားခဲ့၏။ ကျနော်တို့ အားလုံး လက်ဆွဲသေတ္တာကြီးကို ဧည့်ခန်းသို့ သယ်ကာ ဖွင့်ကြည့်ကြရ၏။ လက်ဆွဲသေတ္တာကြီးထဲက၊ ပစ္စည်းများမှာ အထားအသိုမပျက် တွေ့ ရ၏။ ကဗျာစာအုပ်များ၊ စာရွက်စာတမ်း အတိုအစများကို ထုတ်ယူလိုက်၏။ တိုက်ပုံအင်္ကျီ နှစ်ထည်၊ သားရေဖိနပ်တရံ၊ အသံသွင်းပြီးသီချင်းနှင့် တခြားတိတ်ခွေ (၈၀)ကျော်၊ ငှက်ဖျားပျောက်ဆေး (၂)ကဒ်။
ကိုမွန်းအောင်က ကျနော့်လက်ဆွဲသေတ္တာကြီးထဲက၊ ပစ္စည်းများကိုကြည့်ကာ ရယ်လေသည်။နယ်စပ်က ရောက်လာသည့် လူတယောက်အဖို့ ၊ တခြားဖွယ်ဖွယ်ရာရာ ပစ္စည်းတချို့ ပါကောင်းရဲ့ ဟု သူထင်ခဲ့ကြောင်း ပြော၏။ အနောက်တိုင်းဝတ်စုံအပြည့်၊ လက်ဆွဲသေတ္တာငယ်၊ ဘွတ်ဖိနပ်နှင့် ရောက်လာသည့် ကျနော့်ကို၊ အ၀တ်တထည်ကိုယ်တခုနှင့် ဥရောပကို ရောက်လာလိမ့်မည်ဟု သူ မထင်ကြောင်း ပြော၏။ အသံလွှင့်ရာတွင် အထောက်အကူဖြစ်စေမည့် ပစ္စည်းများကိုသာ ဦးစားပေးယူလာခဲ့ခြင်းဖြစ်ကြောင်း ကျနော် ရှင်းပြရ၏။
လက်ဆွဲသေတ္တာကြီး၊ ပြန်လည်ရရှိကာမှပင် ကျနော့်မှာ စိတ်အေးသွားရတော့သည်။ ကျနော် တာဝန်ယူတင်ဆက်နေသည့် “ တော်လှန်ရေးကဗျာ မိတ်ဆက် ” အသံလွှင့် စာမူကြမ်းများကို ဖိုင်တွေထဲထည့်ပြီး တွဲထားလိုက်၏။ အစပထမက လက်ဆွဲအိတ် ကြီး အချိန်မီရောက်မလာခဲ့သည့်အတွက် နဂိုကတည်းက သံသယရှိထားသူ၊ ဥရောပလေကြောင်း ဆက်သွယ်ရေးအပေါ် အထင်သေးခဲ့်သူ ကျနော့်မှာ ထိုအခါကြကာမှပင် သံသယမရှိ စိတ်ရှင်းကာ အံ့သြ၀မ်းသာ ဖြစ်ခဲ့ရပါသည်။

ငြိမ်းဝေ

March 03, 2009

ဝေဇယန္တာကကြိုး ဝေဇယန္တာရသ




(က)
“ ရွာထဲမှာ ရန်သူတပ်ခွဲတခွဲလောက် ရောက်နေတယ်၊ ကျနော်တို့ တောင်ပေါ်တက်ပြီး ရှောင်ရလိမ့်မယ်၊ အဆင်သင့် ပြင်ကြ ”
ဖါးအံမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး အတွင်းအရေးမှူး “ ပဒိုလာဘ ” က ပြောပြောဆိုဆို ကြောပိုးအိပ်နှင့် လွယ်အိပ်ကိုဆွဲကါ မတ်တပ်ရပ်လိုက်သည်။ ကျနော်အပါအ၀င် ကျန်ပုဂ္ဂိုလ် (၄)ဦးသည်လည်း အထုပ်အပိုးကိုယ်စီပြင်ကြရ၏။ တနာရီနီးပါးမျှသာထိုင်ပြီး အနားယူခဲ့ကြသည့်နေရာဖြစ်သည့်တိုင် ခြေရာလက်ရာများ မကျန်ရစ်နေစေရန် “ ပဒိုလာဘ ” က သတိပေး၏။ လဲလျောင်းအနားယူခဲ့သည့်နေရာတချို့ ပေါ်တွင် သစ်ရွက်ခြောက်များ တင်ထားလိုက်ကြ၏။ ဖိနပ်ခြေရာများကို ဖျက်ကြ၏။
“ ဟိုဖက်ထိပ်က ဂူထဲမှာဝင်နေရင်ကော မဖြစ်ဘူးလား ”

“ ဘယ်ဖြစ်မလဲကွ၊ အဲဒီနေရာကို ရန်သူမသိပေမယ့် ရွာသားတချို့ ကသိနိုင်တယ်၊ တောင်ပေါ်တက်မှပဲဖြစ်မယ်၊ အခု သုံးနာရီပဲရှိသေးတယ်၊ တောင်ပေါ်တက်ဖို့ အချိန်ရှိသေးတယ် ”


“ ပဒိုလာဘ ” အပါအ၀င် ကျနော်တို့ အားလုံး လူ (၅)ယေါက်။ ကျနော်က “ ကျောက်ဂူထဲဝင်ပုန်းရင်ကော မဖြစ်ဘူးလား ” ဟု အကြံပြုခဲ့သည့် “ ပဒိုလာဘ ” ၏ ဇနီးသည်ကို မသိမသါအကဲခတ်မိသည်။ ခန္ဓာကိုယ်သေးသေးပါးပါး။ လှုပ်ရှားပုံက ခွန်အား မရှိသည့်ပုံ။
“ ကိုငြိမ်းဝေ တောင်ပေါ်တက်မယ်၊ ဖိနပ်တော့ ဂရုစိုက်နော်၊ ကျွတ်မကျစေနဲ့ ၊ မတော်တဆ ကျွတ်ကျရင်လည်း ဆင်းကောက်လို့ ဘယ်နည်းနဲ့ မှ မဖြစ်ဘူး၊ ဖိနပ်မပါပဲနဲ့ လည်း တောင်ပေါ်တက်လို့  ရမှာမဟုတ်ဘူး၊ ဂရုစိုက် ”
ကျနော့်စိတ်ထဲ “ ပဒိုလာဘ ” ကို အပစ်တင်နေမိသည်။ သူ့ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ဖွဲ့ စည်းပုံနှင့်စာလျင် ကျနော်ကပိုပြီး ကြံ့ခိုင်ဖြတ်လတ်၏။ သတိပေးခြင်းပေးလျှင် သူ့ ဇနီးကိုသာ သတိပေးသင့်သည်ဟုတွေးကာ မချိပြုံးပြုံးမိလေသည်။
ကျနော်တို့ (၅)ယောက်၊ တောင်ပေါ်ကို စတက်တော့ စိတ်ထဲတွင် မတင်မကျဖြစ်ရပြန်သည်။ “ အော် ဒါတော့ တောင်ပေါ် စတက်ကာစမို့ ထင်ပါရဲ့  ” ဟု ဖြေတွေး တွေးမိ၏။ သို့ သော် ဆယ်မိနစ်ခန့် ရှိသည်အထိ တောင်ပေါ်တက်သည့်လမ်းကြောင်းပုံစံ က မပြောင်း။ အပေါ်ကို မော့ကြည့်ပြန်တော့လည်း တက်လာခဲ့ရာလမ်းကြောင်းနှင့် ဘာမျှမထူးသည့်အနေအထား။
ကျနော်တို့ တောင်ပေါ်စတက်တော့၊ ကျနော့်စိတ်ထဲ မြေကြီးပေါ် သည်အတိုင်းလမ်းလျှောက်ပြီး တက်ရမည်ဟုထင်၏။ မသကာ သစ်ပင်သစ်ကိုင်းတချို့ ကိုဆွဲကာ ကုန်းမေါ့တချို့ ကို ကုတ်တွယ်တက်ရလောက်အောင်သာ ခက်ခဲမည်ဟုထင်၏။ သို့ သော် ကျနော်ထင်သလိုမဟုတ်။
တောင်ပေါ်ကို စတင်တက်ပါပြီဆိုကတည်းက ကျောက်ချွန်၊ ကျောက်စွန်း၊ ကျောက်သားမျာကိုသါ လှမ်းဆွဲ၊ ဖက်တွယ်၊ နင်းဖိကာ တက်လာခဲ့ရ၏။ မြေသါးကို တနေရာမျှမနင်းခဲ့ရ။ ကျောက်သားသက်သက်ကိုသာ ဖက်တွယ်ပြီး တက်ရ၏။ ဆယ်မိနစ် ခန့်  အကြိတ်အနယ်တက်လာသည့်အချိန်အတွင်း ကျနော့်မှာ ကျန်အဖေါ်များမည်ကဲ့သို့  တောင်ပေါ်တတ်နေကြသည်ကို ဂရုမစိုက်နိုင်ပဲ ကိုယ့်ဒုက္ခနှင့်ကိုယ်သါ ကြိုးစားပြီးတက်ခဲ့ရ၏။ တခါတရံ အောက်ဖက်ကို ငုံ့ ကြည့်တော့ ကျောက်ချွန်၊ ကျောက်တိုင် များမှာ ဓါးများ လှံများထောင်ထားသလို ကျနော့်ကို မေါ့ကြည့်ပြီး ပြုံးပြနေကြ၏။ ကျနော့်ကြောထဲတွင် စိမ့်အေးသွားရ၏။ တောင်ပေါ်မတက်ခင်က ဖိနပ်ကျွတ်မကျရန် သတိပေးခဲ့သည့် “ ပဒိုလာဘ ” ၏စကားကို ကျနော်သဘောပေါက်သွားရလေသည်။


(ခ)
“ ကျနော်တို့  အောက်ပြန်ဆင်းဖို့ လည်း အချိန်မရတော့ဘူး၊ လုံခြုံရေးကလည်း စိတ်မချရသေးဘူး၊ တောင်ထိပ် ရောက်အောင်တက်ဖို့ ကလည်း မှောင်စပြုနေပြီ၊ ရောက်တဲ့နေရာမှာပဲ သင့်တော်သလိုတညအိပ်ကြမယ်၊ ကိုငြိမ်းဝေ ဘယ့်နှယ် လည်း အဆင်ပြေရဲ့ လား ”
“ ပြေ … ပြေပါတယ် ပဒို၊ ကောင်းပါတယ်၊ အိပ်ကြတာပေါ့ ”
ကျနော်ရောက်နေရာ နေရာနှင့် ၀ါးတရိုက်ခန့် အထက်တွင် လူနှစ်ယေါက်စာ အိပ်လို့ ရနိုင်သည့် နေရာအကျယ်ရှိသည်ဟု ကျနော့်အထက်က ပုဂ္ဂိုလ်တဦးက လှမ်းခေါ်သဖြင့် အထက်ကိုတက်လာခဲ့သည်။ လူနှစ်ယေါက်စာ နေရာမှာလည်း ကျဉ်းသည်ဟု စိတ်ထဲတွင် တွေးနေစဉ် ကျနော်နှင့်အတူရှိနေသူက ကျနော့်အထက် တနေရာဆီ ဆက်ပြီးတက်ကာ နေရာရှာတွေ့ သွားခဲ့၏။ နာရီကိုကြည့်တော့ (၆)နာရီထိုးပြီးပြီ။ ကျနော်နှင့်အတူ တောင်ပေါ်တက်လာကြသူအားလုံး ဘယ်လိုအခြေအနေရှိသည်၊ ဘယ်လို နေရာယူကြသည်ကို ကျနော်မသိနိုင်ပါ။ ယုတ်စွအဆုံး “ ပဒိုလာဘ ” ၏ စကားပြောသည့်အသံကိုသါ ကြားခဲ့ရပြီး လူကိုတော့ မမြင်နိုင်ပါ။ သူ့ ဇနီးသည် သည်ကော … ။ ကျနော်တို့ ၏နောက် အောက်ဖက်တွင် ကျန်ရစ်နေခဲ့ကောင်းနေခဲ့လိမ့်မည်ဟု ကျနော် ယူဆမိ၏။ သို့ သော် စိုးရိမ်ဘွယ်တော့ မရှိပါ။ ပဒိုလာဘတို့ ဇနီးမောင်နှံနှင့် ပါလာသည့် ကရင်အမျိုးသားကြီးနှစ်ဦးမှာ သူတို့ ၏ ရဲဘော်ကြီးများ ဖြစ်ကြ၏။ နေရောင်ခြည်များ ရုပ်သိမ်းလိုက်သဖြင့် ကျနော့်မှာ အတွေးစကို ဖြတ်ကာ နေရာထိုင်ခင်းပြင်ဆင် ရတော့၏။
ကျနော်ရပ်နေရာ ကျောက်ဖြာမှာ ပူနွေးလျက်ရှိ၏။ ကြောဖက်က ကျောက်နံရံကြီးမှာလည်း ပူနွေးလျက်ရှိ၏။ ကျနော့်ရှေ့  ခါးတ၀က် မရှိတရှိ ကျောက်တုံးကြီးမှာလည်း ပူနွေးလျက်ရှိ၏။ ကျောက်တုံးကြီးမှာ ကျနော့်ကို လိမ့်ကျမသွားနိုင်အောင် အကာ အကွယ်ပေးထားသလို ဖြစ်နေ၏။ ကျနော်က ကြောပိုးအိပ်ထဲမှ စောင်ပိုင်းလေးကိုထုတ်ယူကာ ကျော်ဖြာပေါ် ခင်းလိုက်သည်။ ကြောပိုးအိပ်ကို ခေါင်းအုံးလုပ်ရန် ချထားလိုက်၏။ လေကွယ်ရာဖက်တွင် နေရာယူမိလျက်သား ဖြစ်နေသဖြင့် အအေးဒဏ်ကို ထင်သလောက် မခံစားရပဲ ညအိပ်နိုင်ကောင်းရဲ့ ဟု တွေးမိ၏။ ကျောက်တုံးကြားမှလည်း ခေါင်းပြူပြီး မကြည့်မိ စေရန် သတိ ထားနေရ၏။ လေတချက်အဝေ့တွင် ခန္ဓာကိုယ်ယိမ်းယိုင်ပြီး တောင်အောက်သို့ ကျသွားမလားဟု ထင်မိ၏။
အိပ်ယါထိုင်ခင်း ပြင်ဆင်ပြီးသည်နှင့်တပြိုင်နက် ကျောက်တုံးကြီးပေါ် လက်တင်ကာ တောင်ခြေရင်းဆီ လှမ်းကြည့်မိ သည်။ ဘာကိုမျှ မမြင်ရနိုင်တော့။ တလောကလုံး မှောင်အတိဖုံးခဲ့ပြီဖြစ်သည်။ ထိုခါကြမှ တောင်အောက် ရုခင်းကို မြင်ချင်သည့် စိတ်က ပြင်းပြလာခဲ့၏။ ဗိုက်ထဲတွင် ဘာအစာမျှ မရှိသဖြင့်လည်း ဆါလောင်လာခဲ့၏။ ရေဗူးကိုယူကာ ရေသောက်၏။ မနက်ခင်း တုန်းက “ ထီးတော်ခီး ” ရွာထဲဝင်ခဲ့စဉ်၊ စားစရာ မုန့် ထုပ်တထုပ်လောက် ၀ယ်ခဲ့ရလျင် အကောင်းသားဟု တောင့်တမိ၏။

ကျနော့်အထက်က ချောင်းဆိုးသံကြားရ၏။ တောင်ခြေကဟု ထင်ရသည့်နေရာဆီက ကျွဲခလောက်၊ နွားခလောက်သံ ကြားရသလို ရှိ၏။ ခန့် မှန်းရခက်သည့် အဝေးတနေရာဆီက ခွေးဟောင်သံသဲ့သဲ့ကြားရ၏။ ခွေးဟောင်သံသဲ့သဲ့မှာ မနက်တုန်းက ကျနော်တို့ ဖြတ်သန်းလာခဲ့ရာ “ ထီးတော်ခီး ” ရွာကလေးဆီက ဖြစ်မည်ဟု တွေးမိသည်။
သည်ကနေ့ တော့ ဖါးအံမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ “ ပဒိုသာထူးကျော် ” (ယခု ၊ ဒီ-ကေ-ဘီ-အေ- ဥက္ကဌ ) နှင့် တွေ့ ဆုံခွင့် ရနိုင်တော့မည်မဟုတ်ဟု တွေးမိသည်။ နေ့ လည်ပိုင်းက၊ “ ဥက္ကဌကြီး ပဒိုသာထူးကျော် ” ထံက လာခေါ် မည့် လမ်းပြကိုစောင့်နေစဉ် “ ပဒိုလာဘ ” ၏ လမ်းလျှောက်စကားပြောစက်ထဲ သတင်းဝင်လာခဲ့၏။ ကျနော်တို့ ရောက်ရှိနေရာ မိဆိုင်းကျောက်တောင်ကြီးနှင့် မနီးမဝေးတွင်ရှိသည့် “ ထီးတော်ခီး ” ရွာထဲတွင် နအဖစစ်သားများ ရောက်လာနေသည့် သတင်းဖြစ်၏။ ထို့ ကြောင့် “ ပဒိုလာဘ ” ၏ ဆုံးဖြတ်ချက်ဖြင့် ကျနော်တို့ လူသိုက် တောင်ပေါ်တက်ခဲ့ကြရသဖြင့် ဥက္ကဌကြီး “ ပဒိုသာ ထူးကျော် ” နှင့် ကျနော်တို့  အဆက်အသွယ်ပြတ်ခဲ့ရ၏။ မနက်ဖြန်တွင်တော့ ရန်သူ့ သတင်းကို နားစွင့်ကာ “ ပဒိုသာထူးကျော် ” နှင့် သွားရောက်တွေ့ ဆုံနိုင်ကောင်းရဲ့ ဟု စဉ်းစားမိလေသည်။
ညဥ့်နက်လာတော့ ကျောက်တုံး၊ ကျောက်စွန်းများကို လေတိုးသည့်အသံ အတိုင်းသါး ကြားရသည်။ အမှောင်ထုကြီးကို မေါ့ကြည့်ရင်းက ပင်ပမ်းနွမ်းနယ်စွာ ကျနော်အိပ်ပျော်သွားခဲ့သည်။


(ဂ)
သန်းခေါင်ကျော်အချိန်တွင် ချမ်းလွန်းသဖြင့် ကျနော်အိပ်ပျော်ရာက နိုးလာခဲ့သည်။ အိပ်ယါက နိုးလာကတည်းက ပြန်ပြီး အိပ်ချင်စိတ်မရှိတော့။ ကျနော့်စိတ်ထဲ တစုံတခုကို တောင့်တမိနေပြန်သည်။ ကျနော်တို့ ပုန်းအောင်းအိပ်စက်ရာဖက်မှာ ကျောက် တောင်ကြီး၏ အရှေ့ ဖက်ခြမ်းတွင် ရှိပါစေဟုလည်း ဆုတောင်းမိ၏။ အကယ်၍များ ကျနော်ဆုတောင်းသလိုဖြစ်ခဲ့ပါက နေထွက် လာသည့် မြင်ကွင်းကို ကျနော်တွေ့ ရမည်ဖြစ်သည်။
ကျောက်တုံးကြီး၏ဘေးတွင်ရပ်ကာ တောင်အောက်ဖက်တနေရာကို ကျနော်ကြည့်နေမိသည်။ အချိန်များကုန်ခဲလွန်း လှ၏။ အမှောင်ထုကြီးထဲတွင် ဘာကိုမျှမမြင်ရ။ ကျနော့်နားထဲတွင် လေတိုးသံတရွှီရွှီမျှအပ တခြားမည်သည့်အသံကိုမျှ မကြားရ။ နေထွက်ရာဖက်ကို မှန်းဆပြီးရပ်ကြည့်နေစဉ် ဗြိတိသျှစာရေးဆရာကြီး “ ဆမ်းမားဆက်မွန် ” ၏ စကားတခွန်းကို စဉ်းစားမိပြန် သည်။ သူက “ နှစ်ပေါင်း (၅၀)လုံးလုံး နေထွက်တာကို စေါင့်ကြည့်တဲ့အလုပ်ကို တခါမှ လက်မလွတ်ခဲ့သေးဘူး ” ဟု ပြောခဲ့၏။
ရုတ်တရက်ဆိုသလို အနီရောင်မျဉ်းကြောင်းတခုကို ကျနော်မြင်လိုက်ရ၏။ မြင်လိုက်ရသည်အထင်နှင့် ရှေ့ ကိုအားစိုက်ပြီး ကြည့်သည်။ ဘာကိုမျှမမြင်ရ။ စိတ်ထဲကထင်လို့  မြင်လိုက်တာပဲဖြစ်မည်ဟု ယူဆမိစဉ် အနီရောင်မျဉ်းကြောင်းတခုကို ထင်ထင် ရှားရှား မြင်လိုက်ရ၏။ အနီရောင်မျဉ်းကြောင်း၏အောက်တွင် ခဲသားရောင်မျဉ်းကြောင်းတခု။ ထို့ နောက် အနီရောင်မျဉ်းကြောင်း သည် အနီရောင်ဖဲပြားတခုအထိကြီးမားလာခဲ့ပြီး ကျနော့်ရှေ့ တွင် ခဲသားပုတ်ပုတ်တိမ်သားများ ရောက်လာခဲ့လေသည်။
အနီရောင် ဖဲကြိုး၏နောက်ဖက်တွင် တော်လှန်ရေးဌါနချုပ် “ မာနယ်ပလော ” ရှိနေလိမ့်မည်ကို ကျနော်သိနေသည်။ ဒေါန တောင်တန်းကြီး၏ အောက်တနေရာ၌ “ မြစ်မင်းသံလွင် ” သည် လဲလျောင်းလျက်ရှိနေလိမ့်မည်။

မေါ့ကြည့်ရင်းမှာပင် အနီရောင်မှာ ဖြူဖျော့လာခဲ့ကာ၊ အဖြူရောင်များ အားကောင်းလာခဲ့၏။ အနီရောင်ပြပြ အဖြူရောင် တောက်တောက်တိမ်တွေကို တွေ့ လာရ၏။ မထင်မှတ်သည့်အချိန်မှာပင် ကျနော့်ရှေ့ တွင် အလွန်မတန်ကြီးမားသည့် သဘာဝ ပန်းချီကားကြီးတချပ်ရောက်လာခဲ့၏။ တောင်ခြေဆီမှ လွင့်ပျံတက်လာသည့် အိပ်တန်းဆင်းငှက်သံများကို ကြားလာရ၏။
ကျနော်သည် နေထွက်ခြင်းကို စေါင့်ကြည့်ရန်ဝါသနာထုံ၏။ နေထွက်လာသည့် မြင်ကွင်းကို အကြိမ်ပေါင်းများစွာ စေါင့် ကြည့်ခဲ့ဖူး၏။ သို့ သော် မြေပြန့် တွင်မွေး၊ မြေပြန့် တွင်သာ ကြီးပြင်းလာခဲ့သူ ကျနော့်အဖို့ ၊ မြေပြန့် ပေါ်ကတဆင့် နေထွက်ခြင်း ကိုသာ စေါင့်ကြည့်ခဲ့ဖူး၏။ မြေပြန့် ပေါ်ကတဆင့် နေထွက်ခြင်းကို စေါင့်ကြည့်ရသည့်ရသကိုသာ ခံစားဖူး၏။ ယ္ခုအခါတွင်မူ တောင် ထိပ်တနေရာမှတဆင့် နေထွက်ခြင်းကို ကျနော်စေါင့်ကြည့်ခွင့်ကြုံခဲပြီ။ တောင်ထိပ်ပေါ်က တဆင့်နေထွက်ခြင်းကို စေါင့်ကြည့်ရ သည့် “ ရသ ” ကို ခံစားဖူးပြီ။ အလွန်မတန် ဆန်းပြားနက်နဲလှသည့် ရသအသစ်တမျိုးကို ကျနော်ရလိုက်၏။
ကျောက်တုံးကြီး၏ဘေးတွင်ရပ်ကာ မိဆိုင်းကျောက်တောင်ကြီး၏ အောက်ဖက်မြင်ကွင်းကျယ်ကြီးကို ငုံ့ ကြည့်ကာ၊ အလွန်မတန် လှပခမ်းနားလှသည့် သဘာဝပန်းချီကားကြီးကို ကျနော် ချစ်မက်နေမိလေသည်။ ။


ငြိမ်းဝေ








February 14, 2009

ကြိုးကြာဝါတို့ ဘယ်ဆီပျံလေသည်မသိ


၁။
၁၉၇၅- ခုနှစ်၊ ပဲခူး...၊
ကိုစန်းမောင် (ယခု တရားရုံးချုပ်ရှေ့နေ၊ ပဲခူး)နှင့် ကျနော်၊ “ မောင်စီတုန်း”ရဲ့ကဗျာတချို့ကို ဘာ သာပြန်ထုတ်ဝေဖို့ ကြိုးစားခဲ့ကြဖူးတယ်။ ကဗျာအားလုံးကို ဒိုင်ခံဘာသာပြန်သူက ကိုစန်းမောင်ပါ။ ကျနော် က ကဗျာတွေ ဘာသာပြန်ဖို့ နေနေသာသာ၊ ကောင်းကောင်းတောင်မှမဖတ်တတ်ပါဘူး။ ဒါပေမယ့် သူဘာ သာပြန်ပြီးသမျှ ကဗျာတွေကို မူရင်းနဲ့တိုက်ကြည့်ပြီး သူရွှေးချယ်ထားတဲ့စကားလုံးတွေထက်ပိုပြီး ထိရောက် ကောင်းမွန်မယ်ထင်ရတဲ့စကားလုံးတွေကို ကျနော်က ရွှေးပေးရတယ်။ သူနဲ့ကျနော်တိုင်ပင်ပြီးမှ အချောသတ် တယ်။ ဒီတုန်းက စုစောင်းရရှိနိင်သလောက်“မော့်”ကဗျာ(၃၂)ပုဒ်။



ဘာသာပြန်ပြီးသမျှ၊“မော့်”ကဗျာစာမူဖိုင်ကို ကျနော်နဲ့ကိုစန်းမောင်က စိနသံရုံးကိုယူသွားကြတယ်။ သံရုံးကယဉ်ကျေးမူ တာဝန်ခံအမျိုးသမိးနဲ့ တွေ့ရတယ်။ ကျနော်တို့က “မော့်” ကဗျာဘာသာပြန်တွေကို ထုတ်ဝေချင်တဲ့အကြောင်း၊ ဖြစ်နိုင်ရင်သံရုံးက ပိုက်ဆံထုတ်ပေးဖို့၊ အင်္ဂလိပ်လိုက တဆင့် မြန်မာဘာသာပြန်ထားတဲ့ ကဗျာတွေကို မူရင်းတရုတ်ဘာသာနဲ့ ကိုက်ညှိ စီစစ်ပေးဖို့ ဆွေးနွေးကြည့်တယ်။ သူကသံတမန်ပီသပါတယ်။ ပထမအချက်...၊ သံရုံးကပိုက်ဆံထုတ်မ ပေးနိုင်တဲ့အကြောင်း၊ ဒုတိယ... ၊ တရုတ်ပြည်မှာဥက္ကဋ္ဌကြီး“မော်”ရဲ့ကဗျာတွေကို ဗဟိုကော်မတီရဲ့ခွင့် ပြုချက်ရမှသာ ထုတ်ဝေခွင့်ရှိပြီး ဥက္ကဋ္ဌကြီး“မော်”ရဲကဗျာတွေကို သူ့အနေနဲ့စီစစ်ပေးနိုင်စွမ်းမရှိကြောင်း ရှင်းပြပါတယ်။ ဒီတုန်းက သံရုံးသွားတဲ့ကိစ္စ၊ ယဉ်ကျေးမူကောင်စစ်ဝန်နဲ့တွေ့တဲ့ကိစ္စတွေ အာလုံးကို ကဗျာဆရာ “ အောင်ဇင်မင်း”က၊ လိုက်ပို့စီစဉ်ပေးခဲ့တာပါ။ ကျနော်တို့လည်း တပ်ခေါက်ပြန်ခဲ့ရပါတယ်။ သည့်နောက်ပိုင်း မှာတော့ ကျနော်တို့အားလုံး ဟိုလွင့် ဒီလွင့်...။
တခါတရံ ပဲခူးမှာကိုစန်းမောင်နဲ့ပြန်ဆုံတဲ့အခါ “မော့်” ကဗျာ ဘာသာပြန်စာမူတွေကိစ္စမေးကြည့် တယ်။ သူက ဘာသာပြန်စာမူတွေကို ကဗျာဆရာ “မုံရွာအောင်ရှင်”ဆီမှာပေးထားတဲ့အကြောင်း၊ ကိုအောင်ရှင်က ဘာသာပြန်ထားတာတွေ ၀ိုင်းကူပြီ စီစစ်တာမျိုး၊ ထုတ်ဝေသူရှာပေးတာမျိုး၊ လုပ်ပေးနေကြောင်း ပြောပြ ပါတယ်။ နောက်ပိုင်းကြတော့၊ `မော့်´ ကဗျာဘာသာပြန်စာမူတခုလုံး၊ မတော်တဆပျောက်ဆုံးသွားရကြောင် သိခဲ့ရပါတယ်။
၂။
ကျနော့်အသက်(၂၀)၀န်းကျင်က၊ “မော်စီတုန်း”ရဲ့အရိပ်အောက်မှာ အိပ်ပျော်ခဲ့ဖူးတယ်။ အထူးသ ဖြင့် သူ့ရဲ့“ပဋိပက္ခနှင့် လက်တွေ့ကျမ်း” နှစ်စောင်ကိုအာဂုံဆောင်ပြီး အပြင်မှာလက်တွေ့လုပ်ကြည့်တာမျိုးရှိ တယ်။ သူ့ရဲ့“တရုတ်ပြည်လူ့အဖွဲ့အစည်းအတွင်းက လူတန်းစားလက္ခဏာ ခွဲခြမ်းစိတ်ဖြာချက်” စာအုပ်ကို ဖတ်ပြီး ပဲခူးမြို့မှာရိုတဲ့ ကိုယ့်ပတ်ဝန်းက လူတွေကို လူတန်းစားလက္ခဏာသတ်မှတ်တာမျိုး၊“ပေါင်း၊ တွဲ၊ တိုက်” ကိစ္စတွေလုပ်တာပဲ။ ကျနော်တို့က `မော်´ပြောတဲ့ အလုပ်လမ်းညွှန်ဆိုတာကို ဘေးဖယ်ပြီး ပုံစံခွက် ထဲဝင်ထိုင်ခဲ့ကြတာ။ သည့်နောက်ပိုင်းကြတော့ ကိုယ့်ကိုကိုယ်၊ “နိုင်ငံရေးလုပ်မလား၊ စာရေးမလား” ဆိုတဲ့မေးခွန်းကို ပြန်မေးပြန်ဖြေလုပ်ပြိး “ယင်းအန်းစာပေဆွေးနွေးပွဲစာတမ်း”ကိုပဲ မဲ တင်းခဲ့တာ၊ ယဉ်ကျေးမူ တော်လှန်ရေးကာလအထိပဲဆိုပါတော့။ အဲဒီ “ကာလတိုအမှား”ပြီးတဲ့အခါကျမှ အိပ်ပျော်ရာက ကျနော်နိုး လာခဲ့တာပါ။ ကျနော့်ရဲ့ရီနေဆန်းပေါ့။
ဒီလိုဖြစ်လိုက်ပေမယ့်`မော့်´ကဗျာတချို့က ကျနော်နဲ့အတူ ပါလာခဲ့တယ်။ အထူးသဖြင့် သူ့ရဲ့ “နှင်း”ကဗျာ၊ “လီရှူယီသို့ ပြန်စာ”ကဗျာ။ ဒီကဗျာ(၂)ပုဒ်ထဲက၊ “တောင်ကုန်း၊ တောင်ကမူတွေအားလုံး၊ အဖြူရောင်ဖယောင်းဆင်ရုပ်ကလေးများနှယ်သာ” ဆိုတဲ့စာသား၊ “ကျနော့်မှာ ဂုဏ်ယူဖွယ်ပေါ်ပလာပင်ကို ဆုံးရှုံးလိုက်ရပြီး၊ ခင်ဗျားမှာကြတော့ ခင်ဗျားရဲ့မိုးမခပင်ကို ဆုံးရှုံးလိုက်ရ”ဆိုတဲ့ ကဗျာစာသားတွေကို ကျနော် ဘယ်တော့မှ မမေ့ဘူး။ ပထမစာကြောင်းက၊ မြူတွေနှင်းတွေဖုံးနေ တဲ့ အနိမ့်ပိုင်းတောင်ကုန်းတွေကို အလွန်မြင့်တဲ့တောင်ထိပ်ပေါ်ကတဆင့် ဆီးပြီးမြင်ရတဲ့မြင်ကွင်းကို ဖယောင်းဆင်လေးတွေနဲ့ တင်စား ထားတာ။ နောက်စာကြောင်းကတော့`မော်´က သူ့ဇနီးကို “ပေါ်ပလာပင်”၊ သူ့မိတ်ဆွေရဲ့ဇနီးကျတော့ “မိုးမခပင်” နဲ့တင်စားထားတာ။ ဇနီးဆုံးပါးသွားတဲ့ သူ့မိတ်ဆွေအတွက်ရေးတဲ့ ကဗျာပါ။
သူ့ကိုတော်လှန်ရေးစစ်သူကြီးလည်းဖြစ်၊ တရုတ်တွေးခေါ်ရှင်ကြီးလည်းဖြစ်လို့ ၀ိုင်ပြီးအမွှန်းတင်ကြ ရင်းက၊ သူ့ကဗျာတွေကိုလည်းလွန်လွန်ကဲကဲ၊ အကဲဖြတ်တာမျိုးရှိတတ်ပါတယ်။ ကျနော်ကတော့ သူ့ကဗျာ တွေထဲက ကဗျာဓာတ်ရှိတယ်လို့ထင်ရတဲ့ကဗျာတချို့ကိုပဲ ရင်ထဲထည့်ခဲ့မိတာ။ အခုကျနော်နှစ်သက်တဲ့ `မော့်´ကဗျာတပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကြိုးကြာဝါ

ဖြစ်ကိုးစင်းက
မြေပြန့်ကိုဖြတ်၊ ကွေ့ကာဝိုက်ကာစီးဆင်းလာ
အမှောင်ထုက
တောင်နဲ့မြောက်ကန့်လန့်ဖြတ်ပြီး
သိပ်သည်းသထက်သိပ်သည်းလာ၊
မိုးနှင်းမြူတွေအုံ့ဆိုင်း၊ မှုန်မှိုင်းေ၀၀ါး
“လိပ်”နဲ့“မြွေ”က
ဖြစ်မဟာကိုပိတ်ဆို့ထားလိုက်ကြပေါ့။
ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ
ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပ၊
ဟောဒီ မျှော်စင်တခုပဲ
မကြာခဏအလည်ရောက်လာတတ်တဲ့
ခရီးသည်တွေအတွက် ကျန်နေရစ်ခဲ့။
ငါ...
အရက်ခွက်ကိုမြှောက်
တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ
ကောင်းချီပြုလိုက်တော့
ငါ့ရင်ခုန်သံတွေ
လှိုင်းတွေလေတွေနဲ့အတူ မြင့်တက်လာနေပေါ့။

“လိပ်”နဲ့“မြွေ”ဆိုတာက၊ လိပ်တောင်နဲ့ မြွေတောင်တို့ဖြစ်ပါတယ်။ “မော့်” ကဗျာအများစုထဲမှာ၊ အောင်လံနီ၊ တပ်နီတော်၊ ရန်သူ၊ မြေရှင်၊ သေနတ်၊ အလုပ်သမား၊ လယ်သမား၊ ရဲဘော်ဆိုတဲ့စကားလုံးတွေ မပါတဲ့ကဗျာ ခပ်ရှားရှားပါ။ အဲဒီခပ်ရှားရှားထဲမှာ “ကြိုးကြာဝါ” ကဗျာကတပုဒ် အပါအ၀င်ပေါ့။ ဒီအထဲက “ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ၊ ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပါ့” ဆိုတဲ့စာသားက ကဗျာဓာတ်၊ ကဗျာမှော်အပြည့်။ တွေးယူမှရတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုတာလောက်လည်း မခက်လှပါဘူး။ တပုဒ်လုံးခြုံကြည့်ရင် “မော့်”ရဲ့ရောမန္တိကကို ထင်ထင်ရှား ရှားတွေ့ကြရမှာပါ။
ကဗျာရဲ့နောက်ဆုံးအပိုဒ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က၊ တရှတ်ကဗျာဆရာ “လီပို”ရေးခဲ့ တဲ့ “အရက်ခွက်ကိုမြှောက်ပြီး လမင်းကိုဖိတ်ခေါ်လိုက်ရဲ့”ဆိုတဲ့ရေးဖွဲ့ပုံမျိုး `မော့်´ကလည်း“အရက်ခွက်ကို မြှောက်တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ ကောင်းချီးပြုလိုက်တော့”လို့၊ ရေးတာတွေ့ရတယ် ရင်ခုန်သံနရီချင်း ကိုက်ညီ နေတဲ့ဘောပါပဲ။

“မော်”က မြင်းစီးရင်း၊ မြင်းကုန်းနှီးပေါ်မှာ ကဗျာရေးတယ်။ ကျောက်ဂူထဲက ကျောက်တုံးစားပွဲပေါ် မှာ ကဗျာရေးတယ်။ ရေးပြီးရင်လည်း ပုံနှိပ်ဖော်ပြမယ်ဆိုတာမျိုး၊ သိမ်းဆည်းထားတာမျိုး မရှိတတ်ဘူး။ ရည်ညွန်းဖွဲ့ဆိုသူကို ပေးလိုက်တာမျိုး နီးစပ်ရာပေးလိုက်တာမျိုးပဲရှိတယ်။ ရေးဖွဲ့တဲ့ ပုံသဏ္ဍာန်က တရုတ်ဂန္တ၀င်ကဗျာပုံသဏ္ဍန်ပါ။ သူ့ကဗျာတွေကိုတော်လှန်ရေးကြီးပြီးတဲ့အခါကြမှ သိမ်းဆည်းထားသူတွေဆီ က၊ ကြေညာပြီး ပြန်စုယူရတာလို့ ဆိုတယ်။ အခုအထိတော့ စုစေါင်းရမိသမျှ၊ ကဗျာပုဒ်ရေး(၄၀)ထက် မကျော်သေးပါဘူး။
သေချာတာတခုကတော့၊`မော်´ဟာ စစ်တိုက်ရင်း၊ အတွေးအခေါ်ကိစ္စတွေဖြေရှင်းရင်း စိတ်မောလူ မောရှိတဲ့အခါ သတင်းတချို့ကြာရပြီး စိတ်လက်လှုပ်ရှားရတဲ့အခါ သူ့ရင်ထဲ ဖြိုးခနဲဖျတ်ခနဲ ကဗျာဈာန်လင်း လက်တဲ့ အခိုက်မှာ ကဗျာတွေ ချရေးခဲ့တဲ့သဘောပါပဲ။ ရေးကတည်းက သူ့စိတ်၊ သူ့ခံစားချက်ကို စာရွက်ပေါ်လွှဲချ တင်ထားလိုက်တာကလွဲပြီး စာစောင် မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြဖို့အထိ ရည်ရွယ်ခဲ့ဟန် မတူပါဘူး။ ကျနော်တို့ကလည်းသူ့ကဗျာတွေကိုအကဲဖြတ်တဲ့အခါ သူ့ရဲ့ အဲဒီအနေအထားထက်ကျော်ပြီး တော့ အကဲမဖြတ်သင့်ဘူးလို့ဘဲ ယူဆမိပါတယ်။


ငြိမ်းဝေ



February 10, 2009

အခြေခံပညာအထက်တန်း သင်ရိုးညွန်းတမ်းဆိုင်ရာ မြန်မာကဗျာလက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း



စာတမ်းပြုစု/ ဖတ်ကြားတင်သွင်းသူ။ ။ ငြိမ်းဝေ
စာတမ်းတင်သွင်းသည့်အခမ်းအနား။ ။ ပညာရေးနှီးနှောဖလှယ်ပွဲ
စာတမ်းတင်သွင်းသည့် အချိန် ။ ။ နံနက်ပိုင်း
စာတမ်းတင်သွင်းသည့် နေ့ ။ ။၅.၁.၂၀၀၉
စာတမ်းတင်သွင်းသည့် နေရာ ။ ။ ထိုင်းမြန်မာနယ်စပ်တနေရာ



လေးစားအပ်တဲ့ဘာသာရပ်အသီးသီးဆိုင်ရာပညာရှင်များ ဆရာ- ဆရာမများ ခင်ဗျား
ကျွန်တော်တင်သွင်းမယ့် " အခြေခံပညာအထက်တန်းသင်ရိုးညွှန်းတမ်းဆိုင်ရာ မြန်မာကဗျာ လက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း" စာတမ်းကို အပိုင်း( ၃ ) ပိုင်းခွဲပြီး တင်သွင်းမှာဖြစ်ပါ တယ်။

အပိုင်း(၁) ပြဌါန်းထားရှိသည့် ကဗျာများရဲ့ နောက်ခံကာလ ပမာဏအပေါ် စမ်းစစ်ခြင်း
အခြေခံပညာအထက်တန်းအတွက် ပြဌါန်းထားရှိတဲ့ မြန်မာကဗျာ လက်ရွေးစင်စာအုပ်ရဲ့ ကဗျာတွေ
ကို လေ့လာတဲ့အခါ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကို ရွေးချယ်ပြဌါန်း ထား တာတွေ့ရပါတယ်။ အတိအကျပြောရရင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးခေတ်ဦးဆိုတဲ့ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေထဲကမှ ရွေးချယ်ပြဌါန်း ထားတာတွေ့ရပါတယ်။ န၀မတန်း နဲ့ ဒဿမတန်း ပြဌါန်းချက်စာအုပ်တွေရဲ့ အဖွင့်ကဗျာ(၂) ပုဒ်ဟာ ပုဂံခေတ်ဦးမှာ ပေါ်ထွန်းခဲ့တဲ့ကဗျာတွေဖြစ်ပါတယ်။ ပြဌါန်းချက်စာအုပ်တွေရဲ့ နောက်ဆုံးမှာ ဖေါ်ပြတဲ့ ကဗျာတွေကတော့ လွတ်လပ်ရေး ခေတ်ဦးမှာ ပေါ်ပေါက်တဲ့ ကဗျာ တွေဖြစ်ပါတယ်။
ပုဂံခေတ်ဦးမှာ ပေါ်ပေါက်ခဲ့တဲ့ " မြကန်ဘွဲ့ကဗျာ" နဲ့ ၊ " ရွှေနှင့်ယိုးမှားပန်းစကား" ကဗျာ(၂) ပုဒ် ဟာ ခရစ်သက္ကရာစ် (၁၀၀၀) ကျော်ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာများဖြစ်ပြီး ၊ နောက်ဆုံးရွေးချယ်ဖေါ်ပြ တဲ့ " ဘ၀နှင့်အလှ" ကဗျာကတော့ လွတ်လပ်ရေးခေတ်ဦှးမှာ ပေါ်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ဒီလိုရွေးချယ် ပြဌါန်းထားတာကိုကြည့်ရင်၊ အခြေခံပညာအထက်တန်းမှာ ပြဌါန်းထားရှိတဲ့ မြန်မာကဗျာများ နောက်ခံကာလ ပမာဏဟာ နှစ်ပေါင်း (၉၀၀) ကျော်ဝန်းကျင် ရှိတာတွေ့ရပါတယ်။ ဒီလို ရှည်လျားလှတဲ့ အချိန်ကာလအတွင်း မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကလည်း အကြောင်းအရာမျိုးစုံ၊ ပုံသဏ္ဍာန် မျိုးစုံရှိပါတယ်။ ဒီလို အတိုင်းအ တာ ပမာဏကြီးမားများမြောင်လှတဲ့ကဗျာတွေကို ကျောင်းသားတွေသင်ကြားတဲ့အခါ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်သွားနိုင်ဖို့ရာ လုံလောက်တဲ့ သင်ကြားချိန်မရှိနိုင်ဘူးလို့ ယူဆမိပါတယ်။ ကျောင်းသားတွေဟာ နှစ်ပေါင်း(၉၀၀)မှာ ပေါ်ထွန်းခဲ့တဲ့ ကဗျာတွေအပေါ် တို့ရုံထိရုံသာ သင်ကြားလက်ခံနိုင်မယ့် သဘောရှိပါတယ်။ တခါ...သင်ကြားပို့ချသူဆရာ၊ဆရာမများ ဖက်ကကြည့်ရင်လည်း ဘယ်ဆရာ၊ဆရာမ မဆို၊ ဒီလောက် ရှည်လျားများမြောင်လှတဲ့ ကာလပမာဏနဲ့ ကဗျာအမျိုးမျိုးအပေါ် စေ့စေ့ငုငု လေ့လာထားရှိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိပြဌါန်းထားရှိတဲ့ ကဗျာတွေ အတွက် သင်ကြားမှုအထောက်အကူပြု နိဒါန်းစာနဲ့ ခက်ဆစ်အဖွင့်လောက်နဲ့လည်း ဆရာတွေ အဖို့ မလုံလောက်ပါဘူး။ ဒီတော့ကာ အဓိကထား ရွေးချယ်သင့်တဲ့ခေတ်တခုခု အပေါ်မူတည်ပြီး အဲဒီခေတ်မှာပေါ်တဲ့ ကဗျာများကိုသာ ရွေးချယ်သတ်မှတ် ပြဌါန်းခြင်းက၊ သင်ကြားသူဆရာဆရာမနဲ့ သင်ယူသူကျောင်းသားများ ပိုမိုအကျိုးရှိထိရောက်နိုင် လိမ့်မယ်လို့ ယူဆပါတယ်။


အပိုင်း(၂)ပြဌါန်းထားရှိသည့် ကဗျာလက်ရွေးစင်စာအုပ် အမှာစာအပေါ်စမ်းစစ်ခြင်း
လက်ရှိအခြေခံပညာအထက်တန်း၊ မြန်မာကဗျာလက်ရွေးစင်စာအုပ် အမှာစာမှာ " ကဗျာရဲ့ အဓိပ္ပါယ်ဖွင့ိဆိုချက်" ပါရှိပါတယ်။ ဒီဖွင့်ဆိုချက်ဟာ လက်ရှိမြန်မာကဗျာနယ်ပယ်မှာ ပေါ်ထွန်းနေတဲ့ ၊ ကဗျာ အမျိုးအစားအပေါ် အခြေခံပြီးပြောရရင် အငြင်းပွားစရာအချက်ဖြစ်ပါတယ်။ အမှာစာပါ ဖွင့်ဆိုချက်က "ကဗျာဆိုသည်မှာ ခံစားမှုရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆိုသီကုံးရသောစာဖြစ်သည်" လို့ဆိုပါတယ်။ ဒါပေမယ့် ကဗျာဝါသနာရှင်မည်သူမဆို အလွယ်တကူသိရှိနိုင်တဲ့ အချက်က၊ ဒီကနေ့ ဘယ် မဂ္ဂဇင်းမှာပဲကြည့်ကြည့်၊ ဘယ်ကဗျာစာအုပ်မှာပဲကြည့်ကြည့် ဘယ်ကဗျာမဆို ကာရန်စည်းကမ်းနဲ့ညီ အောင်ဖွဲ့တဲ့ကဗျာ တပုဒ်မှမရှိတော့တာတွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရရင် ကာရန်စည်းကမ်းဆိုတာကို ဒီကနေ့ ကဗျာတွေက စွန့်လွှတ်လိုက်ပြီဖြစ်ပါတယ်။ သည့်ထက်ပိုပြီးတိုးပြီး ပြောရရင် ကာရန်မပါတဲ့ ကဗျာအမျိုးအစားခေတ်ကို ရောက်နေပြီလို့တောင်မှပြောနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ၊ စာသင်သားကျောင်းသားတယောက်က၊ မဂ္ဂဇင်းတွေမှာပါနေတဲ့ ဒီကနေ့ကဗျာတွေကို ပြဌါန်းချက်မှာပါတဲ့ ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့အတွက်၊ ဆရာတွေကို စေါဒကတက်တယ်ဆိုရင်၊ ပြဌါန်းချက်ပါအမှာစာအပေါ်မှာသာ ရပ်တည်ဖြေရှင်းရမယ့် ဆရာ၊ဆရာမများအတွက် အခက်အခဲရှိနိုင်တာကိုတွေ့ရပါတယ်။

အပိုင်း(၃) ခေတ်ပေါ်ကဗျာကို ထည့်သွင်းပြဌါန်းသင့်ကြောင်းအကြံပြုချက်
မြန်မာနိုင်ငံမှာ ခေတ်ပေါ်ကဗျာပေါ်ပေါက်လာခဲ့တာ၊နှစ်ပေါင်း(၃၀)၀န်းကျင်ရှိပြီလို့ ယူ ဆနိုင်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ အခြေအနေအောက်မှာ ပညာရှင်များ သုတေသနပြုခွင့်ရမယ်ဆိုရင် ခေတ်ပေါ်ကဗျာဟာ (၁၉၇၀) ခုနှစ် တ၀ိုက်မှာ စတင်သနွေတည်ခဲ့တယ်လို့ သတ်မှတ် ယုဆရပါလိမ့်မယ်။
ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာ နောက်ခံဟာ ၊ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့အကြောင်း အရာ နောက်ခံထက် ပိုပြီးကျယ်ပါတယ်။ အတတ်ပညာပိုင်းလို့ခေါ်တဲ့ ပုံသဏ္ဍာန် ပိုင်းမှာလည်း ပိုပြီးရှုပ်ထွေး သိမ်မွေ့ပါတယ်။ ဒါကတော့ ရှေ့ကလူရဲ့ ပခုံးပေါ်တက်ပြီးကြည့်ခွင့်ရလို့ ပိုပြီးဝေးတဲ့ မိုးကုတ်စက်ဝိုင်းကို လှမ်းမြင်ရတဲ့သဘောဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် ခေတ်ပေါ်ကဗျာရဲ့ အဓိက အင်္ဂါရပ်တွေထဲမှာ "ခေတ်ပြိုင်လူထုရဲ့ရင်ခုန်သံ" ကိုဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့ လက္ခဏာကတော့ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့ အင်္ဂါရပ်ထက်ပိုပြီး ထူးခြားတဲ့အချက်ဖြစ်ပါတယ်။ အားလုံးသိရှိတော်မူကြတဲ့အတိုင်း ဒီကနေ့ မြန်မာလူထုရဲ့ ရင်ခုန်သံကို နားထောင်ကြည့်ရင်၊ နားထောင်ကြည့်တတ်မယ်ဆိုရင် မွန်းကြပ်ပိတ်လှောင်ထားမှုတွေကို မခံမရပ်နိုင်လို့ ဖြစ်ရတဲ့ ရင်ခုန်သံပဲ ဆိုတာ အသေအချာပါပဲ။ ဒီကနေ့ ခေတ်လူထုရဲ့ ရင်ခုန်သံကို ခေတ်ပေါ်ကဗျာတွေထဲကလွဲပြီး ဘယ်ခေတ်ရဲ့ကဗျာတွေထဲမှာမှ ရှာလို့မတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီကနေ့ခေတ် လူငယ်တွေကို၊ သူတို့ပခုံးပေါ်မှာရှိတဲ့ ခေတ်ရဲ့တာဝန် တာထမ်းတွေကို ကျေပွန်အောင်ထမ်းရွက်သွားနိုင်ဖို့ဆိုရင် ခေတ်ပေါ်ကဗျာ တချို့ဟာ၊ အထောက်အကူ
ဖြစ်စေလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။
ကျွန်တော်အထက်မှာတင်ပြခဲ့တာရှိပါတယ်၊ ခေတ်ပေါ်ကဗျာဆိုတာ ခေတ်ပြိုင်လူထုရဲ့ ရင်ခုန်သံကို ဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့စကားဟာ မှန်ပါတယ်၊ ဒီကနေ့ခေတ်လူထုရဲ့ရင်ခုန်သံကို ဟိုတနေ့က ကဗျာပုံ သဏ္ဌန်နဲ့ ဖေါ်ပြရင် လူကြီးတယောက်ကို ကလေးအင်္ဂျာိဝတ်ပေးသလိုဖြစ်တာမို့ ဒီကနေ့လူထု(၀ါ) လူကြီးတယောက်ရဲ့ ခန္ခာကိုယ်နဲ့ကိုက်ညီလိုက်ဖက်မယ့် ခေတ်ပေါ်ကဗျာပုံသဏ္ဌန်သစ်ကို ဖန်တီးလာခဲ့ကြရပါ တယ်။ တာရန်စည်းကမ်းကို စွန့်လွှတ်လိုက်ခြင်းဆိုတဲ့ အတတ်ပညာသစ်တခုဟာ ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။

ခတ်ပေါ်ကဗျာရဲ့အကြောင်းအရာနောက်ခံဟာယ္ခင်အခါတုန်းကရှိခဲ့တဲ့ ကဗျာတွေရဲ့အကြောင်းအ ရာနောက်ခံထက်ပိုပြီး ကျယ်ပါတယ်။အရောင်စုံပါတယ်။အနုစိပ်ပါတယ်။ ညွှတ်ပြောင်းပြီး ပြုလွယ်ပြောင်း လွယ်ပါတယ်။တနည်းအားဖြင့်ပြောရရင်လူ့အဖွဲ့အစည်းတခုရဲ့ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဌာန်နဲ့လိုက်ဖက်ညီဖို့ ကြိုး စားလာတဲ့သဘောပါပဲ။
လူ့အဖွဲ့အစည်းတခုမှာ၊ လူမျိုး၊ဘာသာ၊ယဉ်ကျေးမူဓလေ့ထုံးစံ၊ အသားအရောင်၊ နေရာဒေသ မတူ ကြတဲ့လူအုပ်စုများ စုပေါင်းဖွဲ့စည်း ထားတာဖြစ်တဲ့အတွက်၊ ခေတ်ပေါ်ကဗျာဟာလည်း မတူကွဲပြားခြားနား ခြင်းဟာ အလှတရားအဖြစ်လက်ခံ လာခဲ့တဲ့သဘောပါပဲ။ လူ့ဘ၀ရဲ့ရောင်စုံပွဲတော်ဆိုတာ ခေတ်ပေါ်ကဗျာထဲ
မှာရှိ ပါတယ်။ မတူကွဲပြားခြားနားသူချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ ယဉ်ကျေးမူဗဟုဝါဒ ဟာ ခေတ်ပေါ် ကဗျာရဲ့မောင်းနှင်ရေးအားဖြစ်လာခဲ့ပါတယ်။ ပဲ့ကိုင်လမ်းညွှန်သဘောတရားဖြစ်လာခဲ့ပါတယ်။
မတူကွဲပြားခြားနားမှုကို အသိအမှတ်မပြု၊အပြန်အလှန်လေးစားခြင်းမရှိ၊တသွေးတရောင်တမျိုး တစားထဲ အတင်းအဓမ္မသွတ်သွင်းဖို့ကြိုးစားတဲ့“ဧက၀ါဒ” ဟာ ဒီကနေ့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အ စည်းအပေါ်ဖိနင်းထားဆဲဖြစ်ပါတယ်။ ဒီဝါဒဟာ ပုဂ္ဂလဓိဌါန်သဘောဖြစ်တာမို့ လူ့အဖွဲ့အစည်း တခုအတွက် အလွန်အန္တရယ်ကြီးတဲ့ ၀ါဒဆိုးတခုဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို “ဧက၀ါဒ” အောက်က ဆွဲထုတ်နိုင်ဖို့ဆိုရင် ဗဟုဝါဒ ပညာရေးကို တည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။ ဗဟုဝါဒ ပညာရေးနဲ့ကြီးပြင်းလာတဲ့လူငယ်တွေဟာ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ဧက၀ါဒ လက်အောက်ပြန်ရောက် မသွားရအောင် အာမခံပါလိမ့်မယ်။ ဗဟုရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂတခုဟာ ဧကရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂထက်သာတယ်ဆိုတာကို လက်ခံလာကြပါလိမ့်မယ်။
လက်ရှိကျွန်တော်တို့ တမျိုးသားလုံးရင်ဆိုင်ဖြေရှင်းနေကြရတဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး ဒီမိုကရေစီပညာပေးရေးလုပ်ငန်းတွေဟာ အခုအချိန်မှာတော့ ပြည်တွင်းမှာ လုပ်ခွင့်မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တမျိုးသားလုံး အာဏာရှင်စနစ် လက်အောက်မှာ နေခဲ့ထိုင်ခဲ့ရတာတော့ နှစ်ပေါင်း(၅၀)နီးပါး ရှိလာနေပါပြီ။ ဆယ်စုနှစ်တစ်ခု ထက်ဝက်ကျိုးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းမှာလုပ်နိုင်စွမ်း မရှိတဲ့အလုပ်ကို ပြည်ပမှာ စတင်လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လုပ်လို့ရတဲ့နေရာကစပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်ပမှာစတင်လုပ်ကိုင်လို့ ရရှိနိုင်တဲ့ အခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ၊ ခေတ်ပေါ်ကဗျာကိုလည်း ဖြည့်စွက်ပြဌါန်းသင့်ကြောင်းတင်ပြချင်ပါ တယ်။
ဒါကြောင့်မို့ ခေတ်ပေါ်ကဗျာတချို့ကို ပညာရှင်များ စုစည်းရွေးချယ်ပြီး ဖြည့်စွက် ပြဌါန်းသင့် ကြောင်း တင်ပြချင်ပါတယ်။ တက်ရောက်နာကြားသူများ ပိုမိုသိရှိစဉ်းစားနိုင်ဖို့အတွက် ခေတ်ပေါ်ကဗျာတပုဒ် ကို ကျွန်တော်ရွေးချယ်တင်ပြလိုက်ပါတယ်။ ၀န်ခံရမှာတစ်စုတော့ ရှိပါတယ်။ ဒီကဗျာဟာ ခေတ်ပေါ်ကဗျာအားလုံးကို ကိုယ်စားပြုတဲ့ ကဗျာဆိုပြီးတော့ရွေးချယ်တင်ပြလိုက်တာတော့မဟုတ်ပါဘူး။ အချိန်တိုအတွင်း လက်လှမ်းမှီရာ ကျွန်တော်နှစ်သက်တဲ့ ခေတ်ပေါ်ကဗျာတပုဒ်ကိုသာ မိတ်ဆက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
နောက်ထပ်ပြီးဝန်ခံရမှာရှိပါသေးတယ်။ အဲဒါကတော့ ဒီစာတမ်းဟာ၊ စာတမ်းတခုရဲ့အင်္ဂါရပ်များ နဲ့ကိုက်ညီခြင်းမရှိသေးတဲ့ စာတမ်းမမည်တဲ့ စာတမ်းတခုသာဖြစ်တဲ့အကြောင်း ၀န်ခံချင်ပါတယ်။ အချိန်တို အတွင်း လက်လှမ်းမှီသမျှ ပညာရှင်တချို့နဲ့တိုင်ပင်ခြင်း၊ လက်လှမ်းမှီသမျှစာအုပ်စာတမ်းများနှင့်သာ ကိုက်ညှိခြင်းပြုလုပ်ခဲ့ရတဲ့အတွက်၊ လစ်ဟာချွတ်ယွင်းချက်များရိုလျှင် ပညာရှင်များ အနေနဲ့ ထောက်ပြ၊ ဝေ ဖန်၊ ဖြည့်စွက်တည့်မတ်ပေးပါကြရန် တောင်းပန်အပ်ပါတယ်။
အခု မုံရွာသား ကဗျာဆရာကြီး ဆရာအံ့မောင်ရဲ့ " ကျုပ် ပြတင်းပေါက်" ဆိုတဲ့ ခေတ်ပေါ် ကဗျာတစ်ပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကျုပ် ပြတင်းပေါက်

ကျုပ် ပြတင်းပေါက်မှာ
ခန်းဆီး စိမ်းစိမ်း ရှိတယ်
သစ်ကိုင်း သစ်ခက် သစ်ရွက်တွေ
သစ်ပင်တွေ ရွက်ကြွေတော့
ခန်းဆီး အပြာရောင် တပ်လိုက်တယ်။

ကောင်းကင်ကြီးလေ
ညကျတော့
ခန်းဆီး အနက်ရောင်
မှောင်နေတာကိုး
ပြတင်း ခန်းဆီးမှာ
နေမင်းဝါ၀ါလည်း ရှိတယ်
ရွှေရောင် ကြယ်ပွင့်ကလေးတွေလည်း ရှိတယ်
တခါတလေ လမင်းဝိုင်းဝိုင်း
လမင်းတစ်ခြမ်း လမင်းလှေကလေး
ပြတင်း ခန်းဆီးမှာ
တခါ တခါ
တိမ်ဇာပွင့်တွေ ဆင်ထားတယ်
နီနီ ဇာပွင့်
ရွှေ ရွှေ ဇာပွင့်
ခရမ်းရောင် ဇာပွင့်
ချော့ကလက် ဇာပွင့်
အဆင် ဒီဇိုင်းက
လိပ်ပြာတစ်ရာ ရှုံး
ပါတိတ် ပန်းချီဆရာ ငို။

ပြတင်းခန်းဆီးမှာ
ဟင်္သာပုံလည်း ရှိတဲ့အခါ ရှိ
ဒေါင်းပုံလည်း ရှိတဲ့အခါ ရှိ
ခြင်္သေ့ပုံလည်း ရှိတဲ့အခါ ရှိ
ခွေးပုံလည်း ရှိတဲ့အခါ ရှိ
ဆင်ပုံလည်း ရှိတဲ့အခါ ရှိ
နဂါးပုံလည်း ရှိတဲ့အခါ ရှိ
ငါးပုံလည်း ရှိတဲ့အခါ ရှိ
စုတ်ချက် ကြမ်းကြမ်းရဲရဲ ဆွဲတာလည်း ရှိတဲ့အခါ ရှိ
မီးတောင် ချော်ရည်စီးပုံ ရှုံး
မော်ဒန် ပန်းချီဆရာ ငို။

ကျုပ် ပြတင်းပေါက်က
လေ အေးအေးကလေးလည်း ခုန်ပေါက်ဝင်လာတယ်
နေ နွေးနွေးလည်း ထွေးပိုက်ပေးတယ်
တခါတလေ
ကျုပ် ပြတင်းမှာ
နှင်း ခန်းဆီးကလေး တပ်တယ်
တခါတလေ
ပုလဲလုံး ခန်းဆီး။

မိုးမင်းကြီး ရွာတော့
ကျုပ် ပြတင်းက
အလင်းရောင်လည်း သောက်လို့
အမှောင်လည်း ထန်းရည်ခါးလို ဖောက်လို့ရ
ဒီပြတင်းက
သီချင်းသံတွေလည်း ၀င်လာတတ်တယ်
ရန်ဖြစ်သံ ဆူသံ ဆဲသံတွေလည်း
ဘီးလူးဆိုင်းနဲ့ ရောက်လာတတ်တယ်
ငှက်တေးလည်း နားဆင်ရတယ်
ထော်လာဂျီလည်း တ၀ုတ်ဝုတ် ဟောင်တတ်တယ်။

ဘာလိုသေးသလဲ
ကျုပ် ပြတင်းကလေးဆီက
အကုန်ရ
လောက ဇီဝ သုခ ဒုက္ခ
အလင်း အမှောင်။

အလှဆိုတာ
မျိုးကွဲတွေ စုံတာ
ရသဆိုတာ
မျိုးကွဲတွေ စုံတာ
မျိုးကွဲတွေ စုံမှ
အလှ
မျိုးကွဲတွေ စုံမှ
ရသ
မျိုးကွဲတွေ စုံမှ
ဇီဝ
မျိုးကွဲတွေ စုံမှ
လောက
မျိုးကွဲတွေ အစုံ
ကျုပ် ပြတင်းပေါက်ကလေးက
ပေးနေတယ်
မျိုးကွဲစုံတာ
ကြောက်စရာ မဟုတ်ပါဘူးနော်။ ။

အံ့မောင်
အာလုံးကိုကျေးဇူးတင်ပါတယ်။

ကိုးကား။ ။ (၁) န၀မတန်းမြန်မာကဗျာလက်ရွေးစင် (၂၀၀၁၊ ၂၀၀၂)
။ (၂) ဒဿမတန်းမြန်မာကဗျာလက်ရွေးစင်(၂၀၀၇၊၂၀၀၈)
။ (၃)ဦးဖေမောင်တင်ရဲ့"မြန်မာစာပေသမိုင်း"
။ (၄) စာပေဗိမာန်ထုတ်" မြန်မာကဗျာစာတမ်းများ" (ပ+ဒု)
(အချိန်ယူပြီး ပြုစုခဲ့ရတဲ့ စာတမ်း မဟုတ်တဲ့အတွက် စာတမ်းတခုရဲ့အင်္ဂါရပ်များနဲ့ မကိုက်ညီတဲ့ စာတမ်းဖြစ်တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။)

February 04, 2009

သင်းကွဲငှက်တစ်ကောင်းရဲ့ ဖြောင့်ချက်

ကျနော့် ဘလော့မှာ ပို့စ်အသစ်မတင်နိုင်ခဲ့တာ (၃)လထဲရောက်လာပြီ။ ဘာ့ကြောင့် ကျနော် တာဝန် မကျေနိုင်ခဲ့သလဲ။

(၁) ကျနော် ဘလော့မလုပ်ခင်ကတည်းက တခြားပုံမှန်ထုတ်ဝေတဲ့ ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ စာရေး ခဲ့တာကြာပါပြီ။ ကျနော့်မှာ အများအတွက်၊ တိုင်းပြည်အတွက်ပဲဆိုတဲ့စိတ်နဲ့ ဒီဖက်ကထွက်သမျှပလက် ဖောင်းဟူသမျှမှာ စာမူခမရပဲရေးခဲ့ရတာ ၁၉၉၅-ခုနှစ်ကစပြီး ၂၀၀၄-ခုနှစ်အထိ။ ဒီနောက်ပိုင်းကြတော့ ပလက်ဖောင်းတချို့ကလည်း စာမူခပေးရမယ်ဆိုတာနားလည်လာကြတာလဲပါ၊ ကျနော်ကလည်း စာရေးတဲ့ အလုပ်ကလွဲပြီး တခြားဘာမှမလုပ်တတ်ဆိုတော့ စာရေးရင် စာမူခရရမယ်ဆိုတဲ့ မူနဲ့ ကျနော်ရပ်တည်ခဲ့မိ တယ်။
ကျနော်ဘလော့လုပ်တော့ ရှင်းရှင်းပြောရရင် ကိုယ့်ဆီမှာ ကိုယ်ရေးကိုယ်တာဆန်တဲ့စာမူ၊ တနည်းအားဖြင့် ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ ဖော်ပြလို့ မရနိုင်တဲ့စာမူကြမှ ဘလော့မှာတင်ပြီး၊ ကျန်တဲ့စာမူတွေ စာမူခရတဲ့ပလက်ဖောင်းတွေဆီတင်ခဲ့တယ်။ ကျနော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ စိတ်မလုံဘူး။ ဒါကြောင့် စိတ်ဖြေလို့ရအောင် ကျနော့်ဘလော့မှာ `ပြန်လည်တူးဖော်ခြင်း´ ဆိုတာလုပ်ပြီး `ဆားချက်´ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့်ဆားကမငံဘူး။ စိတ်မသက်မသာဖြစ်မှုက ပိုပြီးဆိုးလာခဲ့တယ်။ ဒါဟာ ပိုက်ဆံမရတဲ့ ဘလော့ပေါ်၊ ပိုက်ဆံရတဲ့ ၀က်ဆိုဒ် လောက်တန်ဘိုးမထားဘူးလားပေါ့။ အခုတော့ ကျနော်ကိုယ့်ကိုယ်ကို မညာချင်တော့ဘူး။

(၂) ကျနော့်ကို ဆရာလေး ယောဟန်အောင်က ဘလော့လုပ်ဖို့တိုက်တွန်းတာကြာပြီ။ ကျနော် မလုပ်ဖြစ်ခဲ့ဘူး။
ရှင်းရှင်းပြောရရင် ကျနော်က ကွန်ပျူတာနဲ့ရေစက်မရှိပါဘူး။ ကျနော် ၁၉၉၅-ခုနှစ်က ဥရောပမှာ နေ ခွင့်ရတော့ ကွန်ပျူတာတစ်လုံး စိတ်တိုင်းကျသုံးခွင့်ရတယ်။ ကျနော်ကိုင်ပြီး မကြည့်မိဘူး။ လက်နဲ့ပဲစာရေး တယ်။
ဒါပေမယ့် ကွန်ပျူတာက ကျနော့်ကို စိတ်နာမသွားဘူး။ ကွန်ပျူတာက ကျနော့်ကို အမြဲမလှမ်းမ ကမ်းကလိုက်လာနေခဲ့တယ်။ ကျနော်သတိမထားမိဘူး။ အခုတော့ ကွန်ပျူတာဟာ ကျနော့်ဘ၀ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတခုဖြစ်လာခဲ့တယ်။ ဒါပေမယ့်...။
၂၀၀၀ခုနှစ်ကစပြီး ကျနော်၊စာကြည့်တိုက်မှူးလုပ်ပါတယ်။ စာရင်းဇယားနဲ့ အစီရင်ခံစာတွေ ရုံးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ၊ ရုံးအကူများက လုပ်ပေးခဲ့တယ်။ ကျနော်နဲ့ကွန်ပျူတာနီးလျက်နဲ့ခွါပြီး ကျနော်နေတယ်။ ၂၀၀၆ခုနှစ်ရောက်လာတယ်။ ရုံးအကူများ(၂)ယောက်ပြောင်းသွားတယ်။ ကျနော်နဲ့ကွန်ပျူတာက တစ်တောင် အကွာက မပြောင်းလဲဘူး။ ဆက်ဆံရေးလည်းမပြောင်းလဲဘူး။
၂၀၀၆ - နှစ်ထဲ စာကြည့်တိုက်မှာ အကူဝန်ထမ်းမထားနိုင်တော့ ကျနော့်တူမလေးကို ခေါ်ရ တယ်။ သူကကျောင်းပြီးပြီလေ။ သူရောက်လာပြီး ကွန်ပျူတာကိစ္စတွေဆက်လုပ်တယ်။ အဲဒါပြီးခဲ့တဲ့(၂)လ ကျော်အထိ။ တူမလေးကို သူ့ဘ၀နောင်ရေးအတွက် အခြားတနေရာကို ကျနော်ပို့ခဲ့ရတယ်။ သူမရှိလည်း တခြားတယောက်ယောက်နဲ့ခရီးသွားမယပေါ့်။ ဒီလိုနဲ့ ကျနော့်ဘလော့ဟာ ရပ်သွားခဲ့ရတာပဲ။
ကျနော်က ကွန်ပျူတာနဲ့ ပါသက်ပြီး အချက်(၃)ချက်ပဲသိတယ်။
(က) ဖွင့်တတ်တယ်။
(ခ) ကိုယ့် E- Mail ကိုဖွင့်ဖတ်တတ်တယ်။
(ဂ) ပိတ်တတ်တယ်။
ဒိအချက်သုံးချက်ကလွဲပြီး ကျနော်ဘာတခုမှ ပိုမသိဘူး။ စာလုံးဝမရိုက်တတ်ဘူး။ ခင်ဗျားတို့ယုံ ကြည်ပေးကြပါ။ အဲဒါ... တကယ်။
(၃) ကျနော်ဟာ ခင်ဗျားတို့အားလုံးရဲ့အလည်ကို သူများခြေထောက်နဲ့ ၀င်လာတဲ့ မိတ်ဆွေတ ယောက်ပါပဲ။ တကယ်တော့ သင်းကွဲငှက်တကောင်ဖြစ်တယ်ဆိုတာ အခုမှပဲသိရတယ်။ ဒါကြောင့်မို့ အားလုံး ကို ကျနော် မလေးမစားမလုပ်ချင်ဘူး။ ခင်ဗျားတို့အားလုံးကို ကျနော် ချစ်တယ်။ ဒါကြောင့်မို့ ကျနော့် ဘလော့ကို ကျနော် ခဏရပ်ထားရပါလိမ့်မယ်။ ကျနော်အလုပ်တွေပိနေပေမယ့် သင်စရာရှိတာသင် ယူရပါလိမ့်ဦးမယ်။ (၃)လ ကျနော့် လလော့ကို ထပ်ပြီးနားခွင့်ပြုပါ။ ပြီးတော့ စာမူတခုရေးပြီးတိုင်း တခြားဝက်ဆိုဒ်မဂ္ဂဇင်းမှာ တင်ပြီးမှ ကိုယ့်ဘလော့မှာ တင်နေရတဲကိစ္စကိုလည်း တခြားနည်းလမ်းတခု ကျနော်စဉ်းစားရပါဦးမယ်။
ဧပြီလကုန်ရင်တော့ ဘလော့မိတ်ဆွေတွေဆီ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။

အားလုံးကို ချစ်ခင်လေးနက်စွာဖြင့်
ငြိမ်းဝေ


January 29, 2009

သစ်ပင်တပင်အောက်က ခြုံပုတ်ကလေးရဲ့ သီချင်းဆိုသံ

(က)
မနှစ်တုန်းက မဲပလိရွာကိုသွားတော့ အခုသွားနေတဲ့လမ်းက သွားခဲ့တာမဟုတ်ပါဘူး။ သံလွင်မြစ်ဘေး မယ်ညောခီး တောင်ခြေကတဆင့်၊ မယ်ညောခီးတောင်ကြီးကို ခါးလည်ကကျော်ပြီးမှ မဲပလိရွာဆီသွားခဲ့တာပါ။ ဒီိတခါမှာတော့ သံလွင်မြစ် အတိုင်း စုန်ဆင်းချလာပြီး၊ ဘောသရောဆိပ်ကမ်းမှတဆင့်၊ ဟီးထိုးထတောင်ကြားထဲကို ကျနော်တို့ ဝင်လာခဲ့ကြတာပါ။ ဟီးထိုးထ တောင်ကြားထဲမှာ တနာရီကျော်ကျော်လောက်၊ ရေခါးလည်မရှိတရှိ၊ ဒူးဆစ်မရှိတရှိ၊ ကျေက်တုံးတွေ၊ ဆူးပင်တွေ၊ ဗွက်တွေထဲမှာ အလဲလဲအပြိုပြိုလာခဲ့ကြပြီးမှ၊ တောင်ကြားတဖက်ထိပ်ကို ရောက်လာခဲ့ကြတာပါ။




“ ဟီးထိုးထတောင်ကြားထဲက ထွက်တော့မယ် ” လို့  “ ဗိုလ်သိန်းစိုး ” ကပြောတော့ ကျနော့်မှာအမောပြေသွားသလို ခံစားလိုက်ရပါတယ်။တနာရီကျော်ကျော်လောက်၊ ရွံ့ တွေ ဗွက်တွေ ရေတွေထဲမှာ ခဲရာခဲဆစ်လာခဲ့ရတဲ့လမ်းကြောင်းကို ပြန်မတွေး ချင်လောက်အောင် ပင်ပမ်းနေခဲ့မိပါတယ်။ ဒီကြားထဲ လူသွားလမ်းမှ ဟုတ်ရဲ့ လားလို့ တောင်မှ ထင်မိပါသေးတယ်။ “ ဗိုလ်သိန်းစိုး ” အပြောကတော့ ဒီလမ်းဟာ နွေမှာဆိုရင် ဒီလိုရေတွေ ဗွက်တွေမရှိဘူးလို့ ပြောတာပါပဲ။ မိုးမကုန်သေးလို့  အခုလို လမ်းဆိုးနေတာပါလို့  ဆိုပါတယ်။ တခါတလေများ မှောင်ခိုနွားအုပ်နဲ့တွေ့ လို့  လမ်းဘေးကိုကပ်ပြီး လမ်းဖယ်ပေးရတဲ့အခါ လမ်းဘေးက ဆူးပင်တွေ သစ်ပင်တွေကြားမှာ ဖြစ်သလိုပေပြီး ရပ်နေခဲ့ရပါသေးတယ်။ ဒီတော့မှ အခုကျနော်တို့ သွားနေတဲ့ လမ်းဟာ “ နွားမှောင်ခိုလမ်းကြောင်း ” တခုဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။
နေရောင်ခြည်တွေ ရုတ်တရက် လင်းလင်းချင်းချင်းဖြစ်လာလို့  ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်တော့ ကျနော်တို့  လူအုပ်ဟာ တကယ့်ကို ဟီးထိုးထတောင်ကြားထိပ်ကို ရောက်လာခဲ့ကြပြီပဲ။ နောက်ထပ် ငါးမိနစ်လောက်ဆိုရင် တောင်ကြားထဲက လုံးဝလွတ်ပြီလို့ သိရပါတယ်။ တောင်ကြားထဲကထွက်ပြီး နောက်ထပ် နှစ်နာရီလောက်လျှောက်ရင် “ မဲပလိရွာ ” ကို ကျနော်တို့  ရောက်တော့မယ်။ ဒီခရီးမှာတော့ မြေပြန့် သက်သက် သွားကြရမှာပါ။
တောင်ကြားထဲက ထွက်လာတော့ မနက် (၁၁)နာရီထိုးကာနီးပြီ။ တောင်ကြားထဲက အထွက်၊ မြေကွက်လပ်တချို့  အကျော်မှာ ကျနော်တို့ လူအုပ် ခဏတဖြုတ်နားဖို့  ရပ်လိုက်ကြပါတယ်။ မြက်ခင်းကွက်လပ်တခုထိပ်၊ လူသွားလမ်းကလေးဘေး က သစ်ပင်တပင်အောက်မှာ ကျနော်တို့ လူအုပ် အထုပ်အပိုးကိုယ်စီချပြီး နားကြပါတယ်။ ကျနော်က သစ်ပင်အောက်က ခြုံပုတ် ကလေးတခုဘေးမှာ၊ ကြောပိုးအိပ်ကိုပစ်ချပြီး ခြေပစ်လက်ပစ် နားပစ်လိုက်ပါတယ်။ ကြောပိုးအိပ်ကို ခေါင်းအုံးပြီး မြက်ခင်းပေါ် အိပ်ချလိုက်ပါတယ်။ ကွင်းထဲကဖြတ်လာတဲ့လေဟာ ခရီးပမ်းလာတဲ့ ကျနော်တို့ ကို တကယ့်ကိုအမောပြေစေတာ အမှန်ပါပဲ။
ခေတ္တခဏ တုံးလုံးလှဲနေရင်း နားထဲမှာ လေချွန်သံတချက်ကြားရလို့  လေထဲမှာအာရုံစိုက်ပြီး နားစွင့်တဲ့အခါ လေချွန်သံ ပျောက်သွားပါတယ်။ ခတ်ဝေးဝေးတနေရာက ခရာမှုတ်သံလိုလို၊ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကြားလာရပြန်ပါတယ်။ သေသေချာချာ ခေါင်း ထောင်ပြီး နားစိုက်ကြည့်တဲ့အခါ ကျနော့်ခေါင်းရင်းက ခြုံပုတ်ကလေးကိုကြည့်ပြီး ကျနော်မှာ အလိုလိုပြုံးမိသွားပါတော့တယ်။ လက်စ သပ်တော့ သီချင်းဆိုသံသဲ့သဲ့ကို အဲဒီ ခြုံပုတ်ကလေးဆီက ကျနော်ကြားခဲ့ရတာပဲ။


(ခ)
မဲပလိရွာမှာ ကျနော်ရောက်နေတာ နှစ်ရက်ရှိပြီ။ မဲပလိကျေးနယ်ဥက္ကဌကြီး “ စေါချောအို့ အိုး ” နဲ့ လည်းတွေ့ ပြီးပြီ။ မဲပလိရွာမှာပဲ ခဏတဖြုတ်နေရင်း “ မာနယ်ပလော ” က ပြန်ဆင်းလာကြမယ့် တပ်မဟာ (၁)၊ တပ်မဟာမှူးတို့ အဖွဲ့ ကို ကျနော် စောင့်ရပါဦးမယ်။ မဲပလိရွာကြတော့ “ ဗိုလ်သိန်းစိုး ” နဲ့ အဖွဲ့ ဟာ၊ ကျနော့်ကို မဲပလိရွာမှာပဲ ထားခဲ့ပြီး “ ကျုံစိန်ရွာ ” ဆီ ခရီးဆက် ကြပါတယ်။ “ ဗိုလ်သိန်းစိုး ” က ၊ ဖြစ်နိုင်ရင် ကျုံစိန်ရွာအထိလိုက်ဖို့ ပြောပေမယ့်၊ ကျနော်ကတော့ မူလအစီစဉ်အတိုင်း တပ်မဟာ မှူး “ ဗိုလ်မှူးချုပ်ကျော်လင်း ” နဲ့ တွေ့ ဖို့ အတွက်၊ မဲပလိရွာမှာပဲ ချန်နေရစ်ခဲ့ပါတယ်။ ကျနော်ရဲ့  တပ်မဟာ (၁)ခရီးစဉ်ဟာ တပ်မဟာမှူးနဲ့ တွေ့ ပြီးတဲ့ အခါကြမှပဲ ခရီးစဉ်ရေးဆွဲရမှာ ဖြစ်တာမို့ ၊ တော်လှန်ရေးဌါနချုပ် “ မာနယ်ပလော ” က ပြန်ဆင်းလာ မယ့် တပ်မဟာမှူးတို့ အဖွဲ့ ကို မဲပလိရွာကနေပြီးတော့ စေါင့်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မဲပလိရွာဟာ တပ်မဟာ (၁)ကိုသွားတဲ့ လမ်းဟူသမျှရဲ့  “ လမ်းဆုံရွာ ” လည်း ဖြစ်ပါတယ်။
မဲပလိရွာမှာ နှစ်ရက်သုံးရက်ကြာတဲ့အထိ မယ်မယ်ရရ ဘာအလုပ်မှမရှိပဲ ကျနော့်မှာအချိန်ဖြုန်းခဲ့ရပါတယ်။ ခေတ္တခဏ တည်းခိုနေတဲ့ ရွာငှါးကျောင်းဆရာလေး ကိုမင်းနိုင်တို့ အိမ်၊ မဲပလိရွာ ဘုန်းတော်ကြီးကျောင်း၊ ခေါက်တုံ့ ခေါက်ပြန် သွားရင်း တပ်မဟာမှူးတို့ အဖွဲ့ ကို စေါင့်နေခဲ့ပါတယ်။

ဘာအလုပ်ကိစ္စမှမရှိပဲ မဲပလိရွာမှာ အချိန်ဖြုန်းနေခဲ့ရတယ်ဆိုပေမယ့် လူကသာ အနားယူလို့ ရပြီး၊ စိတ်ကတော့ အနားယူ လို့ မရခဲ့ပါဘူး။ ထမင်းစားလည်း ဒီစိတ်၊ အိပ်ယါဝင်တော့လည်း ဒီစိတ်။ တခါတလေ မဲပလိဘုန်းတော်ကြီးကျောင်းဝန်းကြီးထဲက တန်းလျားတခုမှာ အကြာကြီးထိုင်ပြီး စိတ်အလုပ်ကိုလုပ်ခဲ့ရပါတယ်။ ကျနော်တွေးချင်တဲ့အရာကို အစကနေ စနစ်တကျ ပြန်စဉ်းစား တာမျိုး၊ ခါးလည်ကကဖြတ်ပြီး စဉ်းစားတာမျိုး၊ တခါ အဆုံးကနေ အစကို ပြန်သွားတဲ့နည်းနဲ့  စဉ်းစားတာမျိုး၊ အမျိုးမျိုး စဉ်းစားခဲ့ရ ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတခုတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီတိုက်ဆိုင်မှုဟာ ကျနော့်ကို ဘာပြုလို့ များ အခုလောက်အထိ၊ စိတ် အလုပ်လုပ်ရအောင် တွန်းပို့ နိုင်ခဲ့ပါလိမ့်။
ဟီးထိုးထတောင်ကြားထဲက အထွက်၊ သစ်ပင်တပင်အောက်မှာ ကျနော်တို့ ခရီးသည်အုပ်စု အနားယူခဲ့ကြတာကို ကျနော် ပြန်တွေးမိပါတယ်။ အဲဒီမှာ တပင်တည်းသော သစ်ပင်တပင်ရဲ့ အောက်မှာ၊ ခြုံပုတ်ကလေးတခုကို ကျနော်တွေ့ ခဲ့ရတယ်။ ခြုံပုတ် ကလေးဆီက လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကျနော်ကြားခဲ့ရတယ်။ တကယ့်ကို အဲဒီသီချင်းဆိုသံ လေချွန်သံကို ခြုံပုတ် ကလေးဆီက ကျနော်နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာပါ။ ဒါနဲ့ ပဲ မဲပလိရွာရောက်လာခဲ့တယ်။ မဲပလိရွာမှာ နှစ်ရက်သုံးရက် ကျနော် နေခဲ့တယ်။ အဲဒီအခါ၊ ခြုံပုတ်ကလေးဆီက ကြားခဲ့ရတဲ့ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို အသံတွေကို ကျနော်အချိန်တိုင်း လိုလို ပြန်ပြီးကြားနေခဲ့ရတယ် ဆိုပါတော့။ ဒါနဲ့ ပဲ “ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး ” ကို ကျနော်စိတ်ဝင်စားသွားရတယ်။ ဘာ့ကြောင့် ခြုံပုတ်ကလေးက သီချင်းဆို၊ လေချွန်နေရတာလဲ။ ကွင်းစပ်က သစ်ပင်တပင်။ အဲဒီသစ်ပင်တပင်အောက်က ခြုံပုတ် ကလေးတခု။ ပြီးတော့ သီချင်းသံသဲ့သဲ့။ ကျနော့်မှာ အတွေးတွေ ရှည်ချင်တိုင်း ရှည်ရတော့တာပေါ့။

(ဂ)
မနှစ်တုန်းက၊ အခုလို စက်တင်ဘာလထဲမှာ မဲပလိရွာကို ကျနော်ရောက်လာခဲ့ဖူးပါတယ်။ မဲပလိကျေးနယ်အတွင်းက ကရင်လူမျိုးစုတွေရဲ့  ကျေးရွာအားလုံးကို ခရီးလှည့်လည်ရင်း သတင်းအချက်အလက်တွေ စုဆေါင်းခဲ့ပါတယ်။ ဒီတုန်းက ကျေးနယ်ဥက္ကဌကြီး “ စေါချောအို့ အိုး ” ဟာ၊ ကျနော်နဲ့ အတူ တရွာပြီးတရွာလှည့်ပြီး လိုက်ပါကူညီခဲ့ပါတယ်။ ကျနော်ရခဲ့တဲ့ သတင်းတွေကလည်း အစုံပါပဲ။ အထူးသဖြင့်တော့ န၀တစစ်တပ်တွေရဲ့  လူ့ အခွင့်အရေးချိုးဖေါက်မှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ စီးပွားရေးအမြတ်ထုတ်မှုသတင်းတွေက ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ အဲဒီကျေးနယ်မှာ (၃)လအတွင်း ရွာသား (၂၀)ဟာ၊ န၀တ စစ်တပ်ရဲ့ တဖက်သတ်စွပ်စွဲ ဖမ်းဆီင်္းသတ်ဖြတ်ခံခဲ့ကြရပါတယ်။ ကျန်ရစ်သူ မုဆိုးမတွေ၊ သားသမီးတွေ၊ မိဘတွေဟာ ကျနော့်ဆီ ကို ရောက်လာခဲ့ကြပြီး သူတို့ ရဲ့ ဘ၀ဆိုးတွေကို ရင်ဖွင့်ပြောပြခဲ့ကြပါတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ အပစ်ခံရ၊ ပေါ်တာကြေး၊ ကင်းကြေး၊ ဆက်ကြေး အမျိုးမျိုးပေးကြရ။ နှစ်စဉ်နှစ်တိုင်း ရွာတွေရွေ့ ကြရ။ စပါးကျီတွေ မီးရှို့ ၊ ရွာမီးရှို့ ခံကြရ။ လက်နဲ့  ရေးမှတ်လို့  မကုန်နိုင်လောက်အောင်ပဲ၊ သတင်းမျိုးစုံ ကျနော်ရခဲ့ပါတယ်။

တနေ့ မှာတော့ ကျနော်ရှိနေတဲ့ မဲပလိရွာထဲ သတင်းတခုရောက်လာခဲ့ပြီး၊ ရွာသားတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးကြ လွှားကြ ဖြစ်ကုန်ကြပါတယ်။ ကျနော်လည်းပဲ အိမ်ရှင်မိသားစုနဲ့ အတူ ဘုန်းတော်ကြီးကျောင်းဝန်းကိုဖြတ်ပြီး တောစပ်ကို ပြေးခဲ့ရပါတယ်။ ရွာနဲ့ မလှမ်းမကမ်းမှာ န၀တစစ်သားတွေ ရောက်လာနေပြီဆိုတဲ့ သတင်းကြောင့် အခုလို ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ကြ တာပါ။ တောစပ်မှာ အခြေအနေစောင့်ကြည့်နေတုန်း ရွာတဖက်ထိပ်က သေနတ်သံတွေကြားရ၊ မီးခိုးတွေ အူထွက်လာတာတွေ့ ရ ပါတယ်။ နေစေါင်းလာတော့ ကျနော်တို့ လည်း ရွာထဲကိုပြန်ဝင်လာခဲ့ကြပါတယ်။ ရွာထဲရောက်တော့ ရွာထိပ်က တဲတလုံးကို န၀တ စစ်တပ်က မီးဝင်ရှို့ ပြီး၊ တဲပေါ်မှာ ဖျားလို့ အိပ်နေတဲ့ အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ ပစ်သတ်သွားတဲ့သတင်းကြားရပါတယ်။ ဒါနဲ့  ပဲ န၀တစစ်တပ်တွေ မရှိတော့လို့ ၊ ပြဿနာဖြစ်တဲ့ ရွာထိပ်ကို ကျနော်ရောက်လာခဲ့ပါတယ်။ ရွာထိပ်မှာ မီးလောင်ပြာကျနေတဲ့ အိမ်ကွက်လပ်တခုကို တွေ့ ရပါတယ်။ အိမ်ကွက်လပ်ရဲ့ အစပ်မှာ သစ်ပင်တပင်ရှိပြီး၊ အဲဒီသစ်ပင်ရဲ့ ဘေးမှာ စောင်ကို ခေါင်းမြီးခြုံ ပြီး မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ အမျိုးသမီးကြီးတဦးကို ကျနော်တွေ့ ရပါတယ်။ သူ့ အနားမှာ ဘယ်ရွာသားမှလည်း မတွေ့  ရ ပါဘူး။ အနားကို ကျနော်ကပ်သွားတော့ အဲဒီသစ်ပင်အောက်မှာ ထိုင်နေတဲ့အမျိုးသမီးကြီးဆီက စိတ်ဂယောင်ခြောက်ချားဖြစ်ပြီး၊ လွမ်းလွမ်းဆွေးဆွေး ဆိုငြီးနေတဲ့ သီချင်းသံသဲ့သဲ့ကို မမျှော်လင့်ပဲ ကျနော်ကြားလိုက်ရပါတယ်။

(ဃ)
ဟီးထိုးထတောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်၊ ခြုံပုတ်ကလေးဆီက သီချင်းဆိုသံလိုလို၊ လေချွန်သံလိုလိုကို ကျနော်ပြန်တွေးမိတယ်။ ဒီအဖြစ်အပျက်နဲ့ တထပ်တည်းကျတဲ့ ကဗျာတိုလေးတပုဒ်ရှိပါတယ်။ ဒီကဗျာကို ဘယ်သူရေးခဲ့တာလဲ ဆိုတာတော့ မသိနိုင်ပါဘူး။ အမေရိကန်ဌါနေတိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေးဖြစ်ပါတယ်။ သူတို့ လူမျိုးစုတွေ တယောက်ကနေတယောက် နှုတ်နဲ့ လတ်ဆင့်ကမ်းယူလာကြတဲ့ ကဗျာတိုလေးဖြစ်ပါတယ်။

သစ်ပင်တပင်အောက်မှာ
ခြုံပုတ်ကလေးတခု
ထိုင်ရင်းနဲ့ သီချင်းဆိုနေ---။

မဲပလိရွာမှာ၊ မာနယ်ပလောက ပြန်လာကြမယ့် တပ်မဟာမှူးနဲ့ အဖွဲ့ ကိုစေါင့်ရင်း အချိန်ဖြုန်းတဲ့အခါ၊ ဟီးထိုးထ တောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်က၊ ခြုံပုတ်ကလေးကို အပြန်ပြန်လှန်လှန် တွေးနေခဲ့မိပါတယ်။
ကွင်းစပ်တနေရာဖြစ်တဲ့အတွက်၊ ကွင်းထဲက လေဟာ ပါတ်ဝန်းကျင်ဆီ တိုးဝှေ့ တိုက်ခတ်နေမယ်။ သစ်ပင်ကလည်း တပင်တည်း။ အဲဒီသစ်ပင်အောက်မှာကလည်း ခြုံပုတ်ကလေးတခုထဲ။ ကွင်းတခု၊ သစ်ပင်တပင်၊ ခြုံပုတ်တပုတ်။ ဧကလက္ခဏါတွေ ချည်းပါပဲ။ အဖေါ်မဲ့မှု၊ သီးခြားဖြစ်မှု၊ တိတ်ဆိတ်မှု၊ အထီးကျန်မှု၊ ပြီးတော့ ကွင်းထဲကဖြတ်လာတဲ့လေက၊ ခြုံပုတ်ကလေးကို အသါအယါတိုးဝှေ့ တဲ့အခါ၊ ခြုံပုတ်ကလေးဆီက လေကတော့ထိုးပြီး ထူးခြားတဲ့အသံတချို့ ထွက်ပေါ်လာကြမယ်။ ဒီအသံလေး တွေဟာ လူတယောက် လေချွန်တဲ့အသံလိုလို၊ လွမ်းလွမ်းဆွေးဆွေးသီချင်းဆိုနေတဲ့ အသံလိုလို ဖြစ်နေမယ်။
ဒီလို ဖြည့်တွေး၊ ဖြန့် တွေး၊ ဆက်စပ်ပြီးတွေးတဲ့အခါ၊ ကွင်းတခုအစပ်က သစ်ပင်တပင်အောက်မှာရှိတဲ့ ခြုံပုတ်ကလေးဟာ လူပုဂ္ဂိုလ်တဦးတယေါက်အဖြစ် ကျနော့်စိတ်ထဲ ထူးဆန်းစွာပုံဖော်လာမိပါတယ်။ ဟုတ်တယ်။ ဒါဟာ လူတယောက်ပဲ။ ခြုံပုတ် ကလေးဆီက ကြားရတဲ့အသံတွေဟာ လူတယောက်ရဲ့  နားကျည်းဆွေးမြေ့စွာ သီကြွေးလိုက်တဲ့သီချင်းသံပဲ။

ဒီတုန်းက မဲပလိဘုန်းကြီးကျောင်းဝန်းအတွင်းက၊ ခရေပင်ကြီးအောက်မှာ ကျနော်တယောက်ထဲရပ်နေခဲ့ပါတယ်။ ကျနော့်နားထဲမှာ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး သီချင်းဆိုနေတဲ့အသံကို ကြားနေမိပါတယ်။ ပြီးတော့ အမေရိကန် ဌါနေတိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေးကို စဉ်းစားနေမိပါတယ်။ ပြီးတော့ မီးလောင်ပြာကျနေတဲ့ မြေကွက်လပ်ဘေး၊ သစ်ပင်တပင် အောက်မှာ စေါင်ကိုခေါင်းမြီးခြုံပြီး ၊ စိတ်ဖေါက်ပြန်ရူးသွပ်သွားတဲ့ ကရင်အမျိုးသမီးကြီးတဦးကိုလည်း တွေးမိပါတယ်။ အဲဒီအချိန် အဲဒီအခိုက်မှာပဲ ဒီမြင်ကွင်း၊ ဒီအဖြစ်အပျက်၊ ဒီသီချင်းသံတွေဟာ တကယ့်ကို အဆက်အစပ်ရှိရှိ ဖြစ်တည်ခဲ့တာပဲ ဆိုတာလည်း ထူးဆန်းစွာ ကျနော်သဘောပေါက်လိုက်မိပါတယ်။ ။

ငြိမ်းဝေ

December 20, 2008

တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း


(က)

ရွာထဲမှာ ရန်သူမရှိတော့ဘူးထင်ရဲ့။ သေချာတိကျမသိရလို့ ရွာစပ်ကို ကပ်သွားတဲ့အချိန်အထိ သူက သတိလက်မလွှတ်။ ရွာဘေးက လယ်ကွက်တွေကို မကျော်ခင် ရွာခြေဆီကို စောင့်ကြည့်သည်။ ရွာထဲက အသံကို နားစွင့်သည်။ အသံတွေ တိတ်ဆိတ်လွန်းနေသည်။ ကွင်းထဲက ဖြတ်လာတဲ့လေက သူ့နားရွက်ဘေးနားက သစ်ရွက်ကို တိုးတိုက်ပြီး လေကတော့ထိုးကာ တရွှီရွှီအသံကို ကြားနေရ၏။ သူက နားကို ပိုပြီးစွင့်သည်။ မျက်စေ့ကို ပိုပြီး ဖွင့်သည်။



ရွာ့ဟိုဖက်ထိပ်တွင် ရန်သူ့တပ်ခွဲစခန်းရှိခဲ့၏။ ညက ရန်သူ့စခန်းကို ပြောက်ကျားတပ်က ၀ိုင်းတော့ ရန်သူက ရွာထဲသို့ဝင်ပြီးခံသည်။ ပြောက်ကျားရဲဘော်များက ရွာကို ထိမည်စိုးသဖြင့် သေနတ်သံပေးပြီး ခြောက်သည်။ ရန်သူ့စခန်းနှင့် လယ်တကွက်ခြားအထိ ပြေးကပ်ကာ လက်ပစ်ဗုံးနှင့်ထုသည်။ စခန်းကုန်ပေါ်က သေနတ်သံခြောက်တိခြောက်ချက်သာ ပြန်ကြားရသည်။ အင်နှင့်အားနှင့် ခုခံခြင်းမပြု။ ထိုအခါ ရန်သူက ရွာထဲတွင် ၀င်ခိုပြီး ရွာကို ဒိုင်းအဖြစ်လုပ်နေသည်ကို အားလုံးသဘောပေါက်၏။ ထို့ကြောင့် မိုးလင်းကာနီးအထိ ရွာကို ပစေါက်သဏ္ဍာန် ခတ်ကြဲကြဲဝိုင်းထားလိုက်၏။ ရန်သူ့တပ်ကို ထွက်ပေါက်တခုပေး ပြီး ၀ိုင်းထားလိုက်ကြ၏။
နေရာင်ခြည်မြင်ရသောအခါ သူနှင့် အခြား ရဲဘော် (၅)ဦး ရွာထဲသို့ ရှေ့မှဝင်ရန် တာဝန်ယူလိုက် သည်။ ပြောက်ကျားတချို့က ရန်သူ့တပ်ခွဲကုန်းကို ၀င်သိမ်းလိုက်ကြ၏။ သူက စခန်းကုန်းသိမ်းအဖွဲ့နှင့် လိုက်ချင်သော်လည်း အဖွဲ့ခေါင်းဆောင်က ရွာထဲဝင်ရန်သာ တာဝန်ပေး၏။ ထို့ကြောင့် ယ္ခုအခါ သူနှင့် ပြောက်ကျားရဲဘော် (၅) ဦး ၊ ရွာနှင့် လယ်တကွက်အကွာ ရိုးထဲတွင် ငြိမ်သက်စွာ နေရာ ယူထားလိုက်ကြ၏။
ရွာထဲက ကြက်တွန်သံများ တိတ်ဆိတ်သွားခဲ့ကြပြီ။ ရွာ့မလှမ်းမကမ်း တောအုပ်တောတန်းဆီက ကြက်တွန်သံများပင် တိတ်ဆိတ်သွားခဲ့ပြီ။ တဆက်တည်း ဆိုသလို အိပ်တန်းဆင်းငှက်မြည်သံများပါး သွားခဲ့ပြီ။ နေရာခန့်မှန်းရခက်သည့် ရွာထဲတနေရာက ခွေးဟောင်သံကြားရ၏။ တခြားမည်သည့်အသံမျှ မကြားရ။
သူနှင့်ရင်ဘောင်တန်းပြီး ၀ပ်နေသည့်ရဲဘော်များကို လက်ဖြင့် အချက်ပြလိုက်သည်။ ရွာထဲသို့ ၀င်ရန် လယ်ကွက်ကို ဖြတ်ကျော်ပြီး ပြေးကပ်သည်။ ရွာစည်းရိုးအတွင်းအထိ တဟုန်ထိုးပြေးဝင်သည်။ စည်းရိုးနှင့်ကပ်လျက် အိမ်နှစ်လုံးကြားတွင် နေရာယူသည်။ တပြိုင်နက်တည်းဆိုသလို သူနှင့်ယှဉ်လျက် ခြေသံများကြားရသည်။ သူက ကျန်ရဲဘော်များကို လက်နှင့် အချက်ပြကာတားသည်။ သူတဦးတည်း ရွာလည်လမ်းပေါ်တက်နှင့်မည့်အကြောင်း အချက်ပြသည်။ ထို့နောက် ရွာလည်လမ်းဘေးကို ပြေးကပ်သည်။ ရွာထဲတွင် လူသူမရှိသလောက် တိတ်ဆိတ်လွန်းနေသဖြင့် သူက ရောက်ရာနေရာတွင်ပင် သေနတ်ကို အသင့်ကိုင်ပြီးရပ်သည်။ ရွာလည်လမ်းပေါ်တက်သည်။ မျက်စေ့လျင်လျင် နားတစွင့်စွင့်နှင့် ရှေ့ကိုဆက်ပြီး လျှောက်သည်။ ခြေလှမ်းနှစ်ဆယ်မျှလှမ်းပြီးမှ နောက်ကရဲဘော်များကို ပြန်ငဲ့ကြည့်သည်။ ထိုစဉ်မှာပင် သူ့ညာခြေဖ၀ါးအောက်က အရာကို သတိပြုမိတော့သည်။ သူက ခြေထောက်ပြန်မကြွပဲ သည်အတိုင်း ရပ်သည်။ သူ့ကိုလှမ်းမော့ကြည့်နေကြသူမျာကို မြေကြီးနဲ့ကပ်ပြီး ၀ပ်နေရန် အချက်ပြသည်။ သူ့ခြေဖ၀ါး အောက်ကို လက်ညှိုးထိုးပြီး မိုင်းဗုံးနင်းမိထားကြောင်း အချက်ပြသည်။ ထိုစဉ်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ လူတယောက် ဖုံလုံးနှင့်အတူ လက်ခုပ်တဖောင်ခန့်အထိ မြောက်တက်ပါသွားပြီးမှ ပြန်ကျသည်။ ခွေးဟောင်သံများ၊ လူသံများ ဆူညံသွား၏။ သေနတ်သံများကိုမူ မကြားရ။ ရဲဘော်တချို့ သူ့ဘေးသို့ေဲရာက်လာကြသည်။ ရွာသားတချို့ သူ့အနားကို ရောက်လာကြသည်။ သူက မျက်လုံးများကို မှိတ်ကာ သေနတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ထို့နောက် သူ့ဘေးတွင် အမှောင်ထုကြီး ရုတ်တရက် လွှမ်းမိုးသွားလေသည်။


(ခ)

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း..။

“အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း” ။

“ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ” ။

မျက်လုံးများကို ဖွင့်ကြည့်သည်။ စူးရှတင်းမာသည့် အလင်းရောင်များက သူ့ဥဏှောက်အထိ တိုးဝင် လာသလို နာကျင်သွားရ၏။ မျက်လုံးများကို ပြန်ပိတ်သည်။ သူ့ခန္ဓာကိုယ်တနေရာမှ လေများ ခန္ဓာကိုယ် အတွင်း တိုးဝင်လာနေသလို ခံစားရ၏။ လက်ကို မကြည့်သည်။ ခြေထောက်ကို ဆကြည့်သည်။ သူသည် လေထဲ၌ မျောပါနေသလိုဖြစ်နေ၏။
နားထဲတွင် ကြားရသမျှအသံများကို စစ်ထုတ်နေရသည်။ မည်သည့်အသံမျှ အဓိပ္ပါယ် မသဲကွဲ။ မည်သည့်အသံမျှ အဆုံးအထိ ဖမ်းဆုပ်လို့မရ။ သူ ဘယ်ရောက်နေသလဲ။ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်နေတာလဲ ....။ ဘာတခုမျှ မသဲကွဲ။
ခန္ဓာကိုယ်အတွင်းက အင်အားဟူသမျှ ကျစ်သထက်ကျစ်အောင် စုစည်းကာ၊ အတွေးအာရုံကို မြှင့် သည်။ ထိုအခါ သူ့ဘေးတွင် လူတချို့ ၀ိုင်းအုံပြီး ရှိနေသည်ကို သတိပြုမိလာရသည်။ မည်သူမျှ စကား မပြောကြ။ သူ့ကို ငုံ့ကြည့်နေကြသည်။
“ကျနော့် ... မိန်းမကို ပြောလိုက်ပါ၊ မတတ်သာတဲ့အဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင် ကျနော် ခွင့်ပြုတယ်”
လူတချို့ထံမှ ငြီးငြူစုတ်သပ်သံများကို ကြားရသလိုရှိသည်။ သူတို့ ငိုနေကြတာများလား။ သူ့အဖြစ် က မျက်ရည်ကျရလောက်အောင် တန်ဘိုးကြီးနေလို့လား။ လူတယောက် ...။ သေနတ်တလက်နှင့် ...။ တော်လှန်ရေးသမား ...။ ပြောက်ကျားရဲဘော်။ တိုက်ပွဲဝင်။ ဒဏ်ရာရသေဆုံး...။ သူ့အဖြစ်မျိုး... သူတယောက်တည်းသာ ကြုံရသည့် ထူးခြား သီးသန့်ဆန်သည့် ဘ၀တခုပေလား။ သူဒီလို မယုံကြည်ပါ။ သူသည် အညတြလူတယောက်။ လူထဲက လူတယောက်။ သူသည် လူတယောက်လို မွေး၊ လူတယောက်လို ကြီးပြင်းကာ၊ လူတယောက်လို ပြုမူသွားလာခဲ့။ လူတယောက်လို နိဂုံးချုပ်ခြင်းသဘောမျှသာ။ ထို့ကြောင့် သူသည် ...။

“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း”။
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ”။

ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကို သူကြားလိုက်ရ၏။ မိခင်ဖြစ်သူ၏ ကြည်မြလေးနက်လှသည့် ဘုရား ရှိခိုးဆုတောင်းသံကိုလည်း ကြားရ၏။ ဖခင်ဖြစ်သူ၏ ခြေသံ၊ မိခင်ဖြစ်သူ၏ ဆုတောင်းသံများမှာ သူနှင့် နီးလာလိုက်၊ ဝေးသွားလိုက်။ ထိုအခါ သူ့ခန္ဓာကိုယ်မှာ မည်သည့် ဝေဒနာဒုက္ခမျှ မခံစားရ။ လေထဲတွင် ပေါ့ပါးစွာ မျောပါလျက်။ သို့မဟုတ် ရပ်တန့်လျက်။

“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ” ။

ထူးခြားလှသည့် တူရိယာသံကို သူကြားရသည်။ ထောင်သောင်းမကသော သူရဲကောင်းတို့၏ အော်သံဟစ်သံများကို သူကြားရသည်။ စစ်သည်ရဲမက်များ၏ လှံများ ဓါးများ ... ဒိုင်း၊ ကာ၊ လွှားတို့နှင့် ရိုက်ခတ်သံကို သူကြားရသည်။ တိုက်စည်တိုက်မောင်းများ တပြိုင်နက် တီးခတ်လိုက်သည့် မိုးချိမ်းသံကြီးကို သူကြားရသည်။ မြေပြင်လွှာသည် ပြင်းစွာတုန်ခါလျက်။ မိုးသက်မုန်တိုင်းများ ကျလျက်။
ဘယ်ရောက်ကုန်ကြပြီလဲ။ သူနှင့်အတူ တောအုပ်ကို ဖြတ်လာခဲ့ကြသည့် သူ့ရဲမက်များ ဘယ်ပျောက်ကုန်ကြပြီလဲ။ သူက အဘယ့်ကြောင့် ကွင်းစပ်တခုတွင် ရပ်နေခဲ့သည်လည်း။ ရဲမက်တို့၏ ခြေသံများကို သူမကြားရတော့။ ရဲမက်တို့၏ အော်ဟစ်သံမျာကို သူမကြားရတော့။ တိုက်စည် တိုက်မောင်း သံများမှာ ရုတ်ချည်းပျောက်ကွယ်၏။ သူသည် ရဲမက်တို့၏နောက်တွင် တဦးတည်း ကျန်ရစ်ခဲ့ပြီကို သတိပြုမိ သောအချိန်၌ နေရာင်ခြည်များလည်း အားအင်ဆုတ်ရုပ်လာခဲ့ပြီဖြစ်သည်။ သူ လက်ကိုလှုပ်သည်။ ခြေထောက်များကို လှုပ်သည်။ မည်သည့်အရာမျှ လှုပ်ရှားလို့ မရတော့။ သူ့ခန္ဓာကိုယ်တွင် ခြေလက်အင်္ဂါများ မရှိတော့။ ထိုအခါ သူ့နှုတ်ခမ်းမှ တစုံတရာစကားတခွန်းကို အပီသဆုံး ပြောထွက်နိုင်အောင် ကြိုးစားရတော့သည်။ သူသည် အဘယ့်ကြောင့် ရဲမက်တို့နှင့်အတူ လိုက်ပါမသွားခဲ့ သနည်း။ သူသည် အဘယ့်ကြောင့် တော်လှန်ရေးခရီး အဆုံးအထိ မချီတက်နိုင်ပဲ ရပ်နေခဲ့ရသနည်း။ သူသည် သူရဲဘောကြောင်သူလော။ အခွင့်အရေးသမားလော။ မဟုတ် ...။ လုံးဝမဟုတ်။ ထို့ကြောင့် သူ့မှာ ရှိသမျှ ခွန်အားဟူသမျှကို တစက်မကျန်အောင်ညှစ်ထုတ်ကာ စကားတချို့ကို အပီသဆုံး ပြောလိုက်၏။

“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း” ။

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍
အးနာခဲ့ကြောင်း ပြောပါလေ” ။


(ဂ)

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။ ။


ငြိမ်းဝေ

(စာဆိုကြီး ဆရာကြီး မင်းသုဝဏ် ရဲ့ မွေးနေ့ရာပြည့်အကြို အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး။)


စကောထဲကဆီးသီးများနှင့် ပလိုင်းထဲကပျဉ်းမပန်းပွင့်များ


(က)
ကဗျာဆရာမ “ ခိုင်မာကျော်ဇော ” ရဲ့ ၊ ဒုတိယကဗျာစာအုပ်ကလေး ကျနော့်လက်ထဲရောက်လာတော့ မေ့မေ့ပျောက် ပျောက် တမင်တကာလုပ်ထားခဲ့သည့်အချက်ကို ကျနော်သွားတွေးမိသည်။ ကျနော် စိတ်မကောင်း … ။ ကြေကွဲရပြန်၏။



၂၀၀၅ - ခုနှစ်ထဲကဖြစ်သည်။ ကဗျာဆရာမ “ ခိုင်မာကျော်ဇော ”၏ ပထမဆုံး ထုတ်ဝေသည့်ကဗျာစာအုပ် မျက်နှာဖုံးပုံကို ရေးဆွဲပေး ခွင့်ပြုရန် ကျနော်တောင်းဆိုခဲ့ဖူး၏။ သူကလည်း လိုလိုလားလားလက်ခံ၏။ ကတိပေးထားသည့်ရက် ကျော်လွန်သည့် အချိန်အထိ ကျနော့်ဖက်က တာဝန်မကြေသေး။ တနေ့  … ၊ ကဗျာဆရာမ “ ခိုင်မာကျော်ဇော ” သည်၊ သူငယ်ချင်းအဖေါ် မိန်းကလေးတဦးနှင့်အတူ၊ ကျနော့်ထံ အမေါတကော ရောက်လာ၏။ သူ့ လက်ထဲတွင် “ ပျဉ်းမပွင့်ခိုင် ” တခု ပါလာခဲ့၏။ သူ့ ကဗျာ စာအုပ်အမည်က “ ဖုန်းဆိုးမြေမှ ပျဉ်းမပြာ ” ဖြစ်၏။ ကျနော့်၏ အခက်အခဲကို ရိပ်စားမိဟန်တူ၏။ သူကိုယ်တိုင် “ ပျဉ်းမပွင့် ” ကို မရမကရှာဖွေကါ ကျနော့်ထံ လာပေးသွားခဲ့၏။ သို့ နှင့်တိုင် ကျနော့်ဖက်က ရုတ်တရက် တာဝန်မကြေနိုင်ခဲ့။ ဆယ်ရက်ခန့် ကျော်မှပင် ကျနော် မဆွဲတတ်ဆွဲတတ်နှင့် ဆွဲထားသည့် ပန်းချီမမည်သော ပန်းချီကားတချပ်ကို သူကိုယ်တိုင်လာယူသွားခဲ့၏။ ကဗျာစာအုပ် ထွက်လာသောအခါ ပန်းချီင်္အတတ်ပညာ နကန်းတလုံးမျှ နားမလည်မကျွမ်းကျင်ပါပဲ၊ မျက်နှာဖုံးပန်းချီရေးဆွဲဖို့  ခွင့်တောင်းခဲ့မိ သည့် ကိုယ့်ကိုယ်ကို ဒေါသဖြစ်လို့ မဆုံးတော့ … ။ ကျနော့် ပယေါဂကြောင့် မလှမပဖြစ်သွားရသည့် သူ့ ကဗျာစာအုပ် မျက်နှာဖုံး အတွက် ကြေကွဲလို့ မဆုံးတော့။ အခုလို ကိုယ်နှင့်ဆိုင်သည် မဆိုင်သည်၊ တန်သည် မတန်သည် မချင့်ချိန်ပဲ ၀င်ရောက်စွက်ဖက်မိ သည့် ကိုယ့်ကိုယ်ကိုလည်း နောင်တရလို့ မဆုံးတော့ ။
ယ္ခုအခါ “ ခိုင်မာကျော်ဇော ” ၏ ဒုတိယကဗျာစာအုပ် “ ပလိုင်းအိမ် ” ကို ကျနော်တွေ့ ရတော့ ကျနော့်မှာ စိတ်လှုပ်ရှား တုန်လှုပ်လာရပြန်သည်။ သို့ သော် လွန်ခဲ့ပြီးသော ကိစ္စအတွက် ကျနော့်မှာ မည်သို့ မျှ မတတ်နိုင်တော့။ နောင်တွင် သည်လို အမှားမျိုး မလုပ်မိစေရန်သါ ဆုံးဖြတ်ရတော့၏။ သူ၏ ဒုတိယကဗျာစာအုပ် “ ပလိုင်းအိမ် ” ကိုသါ ဖတ်ရှု ခံစားဖို့ ဆုံးဖြတ်ရတော့၏။

(ခ)
“ ခိုင်မာကျော်ဇော ” ၏ “ ပလိုင်းအိမ် ” ကဗျာစာအုပ်တွင် ကဗျာ(၇)ပုဒ်ပါရှိ၏။ ကဗျာအားလုံးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖေါ်ပြထား၏။ သည်အထဲတွင် သူ၏ နာမည်ကျော် “ ခြေရာပျောက် ” ကဗျာကို ကျနော်ထပ်ပြီးတွေ့ ရ၏။ သည်စာအုပ်ထဲမှ ကဗျာများမှာ၊ ပုံနှိပ်ဖေါ်ပြထားပြီးသောကဗျာများဖြစ်၏။ သူက ပုံနှိပ်ဖေါ်ပြခံထားရပြီးသည့် ကဗျာများထဲမှ လူ့ အခွင့်အရေးနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ယူဆသည့်ကဗျာများကို ရွေးချယ်ပြီး၊ ယ္ခုလို တစုတစည်းတည်း ထုတ်ဝေ ခြင်း ဖြစ်သည်ဟု ဆိုလေသည်။
ကဗျာ (၇)ပုဒ်ထဲက “ ပလိုင်းအိမ် ” ၊ “ ခြေရာပျောက် ” ကဗျာနှင့် “ မိစ္ဆာမျက်လှည့် ” ကဗျာသုံးပုဒ်မှာ ထူးခြား၏။ ကဗျာဖြစ်သွားသောကဗျာများဟု ကျနော်ထင်၏။ ကျနော့်နှလုံးသားကို ဒက်ထိတိုးဝင် ထိခတ်နိုင်သော ကဗျာများဟု ကျနော်ယူဆ၏။ ကျနော်တို့ နှင့် ခေတ်ပြိုင် လူထု၏ရင်ခုန်သံ တစိပ်တပိုင်းကို “ ပလိုင်းအိမ် ” ကဗျာစာအုပ်ထဲမှ တဆင့် အတိုင်းသားကြားနေရ၏။ “ ပလိုင်းအိမ် ” ကဗျာစာအုပ်ကို ဖတ်ရှုရင်း ကျနော့်နားထဲ၌ ငိုရှိုက်သံ၊ သေနတ်သံများ၊ စစ်ဖိနပ် သံများကို ကျနော်ကြားနေရ၏။

ဖိုးမူတို့  ဘယ်လောက်ကြာကြာပြေးနေရဦးမှာလဲ။
ထမင်းချည်းသက်သက် ခုနှစ်ရက်
မှိုတလှည့် မျှစ်တလှည့် ရှစ်ရက်
ဝဥနဲ့  ကြွေးဥတွေလည်း သုံးလေးရက်
အခုတော့ ငှက်ပျောသီးနဲ့  ငှက်ပျောပင်
ဒီအပင်တွေကုန်သွားရင်
ဖိုးမူတို့  ဘယ်လိုအသက်ရှင်မလဲ။
( ပလိုင်းအိမ်ကဗျာမှ … )

လွန်ခဲ့သေါ (၁၀)နှစ်ကျော်က၊ ဖါးအံမြို့ နယ်အတွင်း ကျနော်ခရီးသွားခဲ့သည်။ မယ်ညောစီးတောင်နှင့် မနီးမဝေး … ။ ယွန်းစလင်းချောင်းဘေးက ကရင်ရွာကလေးများ၊ တနှစ်တခါ ရွာပြောင်း ရွာရွှေ့ ကြရ၏။ ရွာသားများ ချောကြီး၊ ချောလေး လိုက်ကြရ၏။ ကင်းစေါင့်ကြရ၏။ လုပ်အားပေးကြရ၏။ ထို့ ကြောင့် တောင်ယါစူးထိုးစိုက်ပျိုးချိန်မရကြ။ သို့ မဟုတ် တောင်ယါစပါး မရိတ်နိုင်ကြ။ ဥယျာဉ်တွေဆီ မသွားနိုင်ကြ။ တောင်ယါများ ပျက်ဆီး၊ ဥယျဉ်များ ပျက်ဆီး … ။ ယွန်းစလင်းချောင်း ၊ ဒုံသမိချောင်း တလျှောက်၊ ကျုံစိန်ကြိုးဝိုင်းကြီးအတွင်း လူတကိုယ်စာ အိပ်ယါငယ်များ … ။ သစ်ခက်၊ မြက်ခြောက်ခင်းထားသည့် ပုန်းခိုကျင်း ရွှေ့ ပြောင်းအိပ်ယါငယ်များ ။ သည်လို တနှစ် …. နှစ်နှစ်။ နှစ်ပေါင်းများစွာ … ။ သည်လိုအခြေအနေမျိုးတွင် ကရင်တိုင်းရင်းသား ညီအစ်ကိုများ ဘယ်လိုအသက်ရှင်နေထိုင်နိုင်ကြပါတော့မလဲ … ။ ကျနော် မတွေးဝံ့ခဲ့ ။

သင်တိုင်းဖြူစ သွေးပွက်ပွက်ထ
လဲကျနေတဲ့ပလိုင်းဘေး မှိုပွင့်တွေဖွေးလို့ 
ရာဘါဖိနပ်တဖက် ချောင်းစပ်မှာ မှောက်လျက်
မိုးမခ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ပြီ။
( မိစ္ဆာမျက်လှည့်ကဗျာမှ )

နအဖစစ်သား (၃)ဦး၏ အဓမ္မပြုကျင့်ခံခဲ့ရသည့် ဖလံတောင်ရွာသူ “ မရေသူ ” အကြောင်း ကျနော်စာရေးခဲ့ဖူးသည်။ ထိုစဉ်က ကျနော်ခေတ္တပုန်းခိုနေရာတောစပ်သို့  “ မရေသူ ” နှင့် သူ၏ခင်ပွန်းတို့ ၊ ကျနော့်ဆီရောက်လာကြ၏။ “ မရေသူ ” က၊ ငရဲ ကျခဲ့ရသည့်အဖြစ်ကို ခရေစေ့တွင်းကျပြောပြခဲ့၏။ “ ခင်ပွန်း ” ဖြစ်သူက မြန်မာလို ဘာသါပြန်ပေး၏။ သတင်းမှတ်တမ်းရေး နေသည့် ကျနော့်လက်များ တုန်ရင်နေခဲ့သည်။

တခါတခါလည်း ပြည့်ပြည့်၀၀
တခါတခါလည်း မပြည့်မဝ
ဒါပေမယ့်
အမြဲတမ်း ရှင်းသန့် တဲ့ လရောင်တွေ … ။
( သူပုန်လေးတယေါက်အကြောင်းကဗျာမှ … )

ခဲတံတချောင်း၊ စားပွဲတလုံး၊ ကားတစင်း၊ အင်္ကျီတထည်ကို ပုဂ္ဂလိပိုင်လုပ်၍ ရပါသည်။ ထို့ အပြင် ရွှေတဆယ်သား၊ ငါးပိ တပိဿာ၊ စက်င်္ဘီးတစီး၊ ရာဇပလ္လင်တခု …၊ ထိုနည်းတူစွာပင်။ သို့ သော်လည်း “ လရောင်များကိုမူ လူသားအားလုံး မျှဝေခံစားပိုင် ခွင့် ရှိသည် ” ဟု ဂျပန် ဟိုက္ကူကဗျာဆရာ “ ရှိကကု ” ကရေးခဲ့ပြောခဲ့ဖူး၏။ “ ပလိုင်းအိမ် ” ကဗျာစာအုပ်ထဲက သူပုန်လေး တယောက်အဖို့ တော့ လရောင်ဝေစု တခုမျှရခဲ့ဟန် မတူပါ။

(ဃ)
“ ခိုင်မာကျော်ဇော ” က၊ “ ပလိုင်းအိမ် ” ကဗျာစာအုပ်တွင်၊ လူ့ အခွင့်အရေးချိုးဖေါက်ခံကြရသည့် ကရင်တိုင်းရင်းသား များ ( သို့ မဟုတ် ) ပလိုင်းအိမ်ထဲက ပျဉ်းမပွင့်များအကြောင်းကို ကဗျာဖွဲ့ ခဲ့သည်။ အမှန်စင်စစ် လူ့ အခွင့်အရေးအချိုးဖေါက်ခံကြ ရသည့် သူများမှာ မြန်မာတပြည်လုံးမှ လူအားလုံးပင်ဖြစ်သည်။ လူထုကြီးတရပ်လုံးခံစားနေကြရခြင်းဖြစ်သည်။ မြန်မာလူထု တရပ်လုံး ဆေါက်တည်ရာမရဖြစ်နေကြရ၏။ ထို့ ကြောင့် ကျနော်က သည်ဆေါင်းပါးကို အခုလို ခေါင်းစဉ်တပ်ခဲ့မိခြင်း ဖြစ်သည်။

“ စကောထဲက ဆီးသီးများနှင့် ပလိုင်းအိမ်ထဲက ပျဉ်းမပွင့်များ ” ဟူ၍ ဖြစ်ပါသည်။ ။

မောင်ဖူးတင့်

(၂၀၀၆ - ခုနှစ်အတွင်းတုန်းက ခေတ်ပြိုင်အွန်လိုင်းမှာတင်ခဲ့တဲ့စာမူဖြစ်ပါတယ်။)

December 07, 2008

မိမိကိုယ်ပေါ်တွင် သစ်တပင် စိုက်ပျိုးခြင်း

စကားနိဒါန်း

၁၉၉၁ခုနှစ်ထဲမှာ ကျနော်ဟာ တောင်ငူခရိုင် တောင်ပေါ်ဒေသကို လျို့ဝှက်ခရီး ထွက်ခဲ့ဖူးပါတယ်။ မကဒတ လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) က ၊ ၂၁၀ တပ်ရင်းမှုး ဗိုလ်မှူးလေးဆန်းလင်း (ကျဆုံး) ဆီ သွားပြီး တွေ့ဆုံခဲ့တာပါ။ တောင်ပေါ်ဒေသ တော်လှန်ရေးရဲဘော်တွေဆီက ဗဟုသုတ တချို့ သင်ယူလေ့လာဖို့ ခရီးထွက်ခဲ့တာပါ။ မြေပြန့်ကို ပြန်ရောက်တဲ့အခါ ဒီကဗျာကို ကျနော် ရေးခဲ့ပါတယ်။ ဘယ်မှာမှ မဖော်ပြရသေးတဲ့ ကဗျာရှည်တပုဒ်ပါပဲ။
ကဗျာချစ်သူများ ဝေမျှခံစားကြည့်ဖို့ပါ ...။


မိမိကိုယ်ပေါ်တွင် သစ်တပင် စိုက်ပျိုးခြင်း

(က)

ရှိခဲ့ဖူးသည်
ခံစားမှု သန္ဓေတစနဲ့
ဘ၀ကို အစတည်
ယုံကြည်ခဲ့သည် ဆိုပါစို့။

ရှိခဲ့ဖူးသည်
အဖြူရောင်ကိုချစ်တယ်
အနက်ရောင်ကို မုန်းတယ်
အဲဒီလို ဒွံတရသနဲ့
ဘ၀ကို တည်ဖွဲ့ ခိုင်ကြည်ခဲ့ပြီ ဆိုပါစို့။

စိတ်ဖြူတဲ့ အလှ
မိတ္တူမဲ့ဘ၀ ခြေချဖို့ ကြိုးစား
ငါ့ သက်ရှိထင်ရှား
အထင်ကရ ကာလများ
ငါ့ ပန်းချီကားများ ... ... ...။

(ခ)

ငါဟာ
ဗမာပြည် ဗဟိုချက်မ
အပူဆုံး နှလုံးသားရှိရာ
မိုးခေါင်ရေရှား ဒေသမှာ
မွေးဖွားခဲ့သူ။

“အစာလင့်” တဲ့ စလင်းမြို့လေး
ငါချစ်တဲ့
ခြောက်သွေ့ရပ်ဝန်းထဲက မြို့ကလေးတမြို့
အဲဒီ မြို့ကလေးထဲက ချိုင့်ခွက်တွေပေါတဲ့ လမ်းတခု
အဲဒီလမ်းဘေး ဆေးရုံတခုရှေ့က အိမ်တအိမ် ...။

“၀က်သည်းကန်” နဲ့ “ကန်ချောင်”
မြို့စွန်က “ရုပ်စုံကျောင်း”
“သူကောင်းတိုက်” နဲ့ “ကယ်ပါရွာ”
အမေမြင့် ရုပ်ရှင်ရုံနဲ့
ပြူစောထီးဗိုလ် ဦးစရဲ့အလောင်း။

မြင်းခွါသံများ
ပေါက်ကွဲ ဆဲဆိုသံများ
မြို့ရိုးဘေးက သွေးကွက်များ
သစ်ပင်တပင်ရဲ့ ပင်စည်ပေါ်က လူ့ဥဏှောက်များ
ရောင်စုံသူပုန်များ ...။

စုတ်ချက်တချို့ဟာ
ငါ့ဘ၀ ပိတ်ဖျဉ်ပေါ်မှာ
ခတ်ကြမ်းကြမ်း တို့ထိသွားကြတယ်။

သနပ်ခါးနံ့
သီးသီးနံ့ ဆီးသီးနံ့
ကြာစွယ်ယိုနဲ့ ကတွတ်ယို
မုန့်ပြစ်သလက်နဲ့ ပုန်းရည်ကြီးတို့ကို
ငါ စွဲမက်ခဲ့တယ်။

ငါဟာ
ရွှေဘရဲ့ တောပုန်းကြီးစံဖဲရုပ်ရှင်ကား
ကြော်ငြာလှည်းရဲ့ နောက်မြီးဖျားမှာ
ပြေးလွှားလိုက်ပါရင်း
ကြီးပြင်းခဲ့တယ်။

“ကယ်ပါရွာ” က ဦးလေးဖြူနဲ့
ထမင်းအတူစားမိလို့
ကစားဖော်တချို့ရဲ့ ၀ိုင်းပယ်မှုကို ခံခဲ့ရတယ်။

သူ့ကောင်းတိုက်ဝန်းကြီးထဲက
“ဦးထွန်းမြင့်အောင်” ဆိုတဲ့ လူကြီးတယောက်ရှေ့မှာ
ဒူးထောက်ရှိခိုးပြီး
ရိုးရာစည်းမျဉ်းနဲ့ ကြီးပြင်းခဲ့တယ်။

“သင်ရိုးလေးရပ်”
မွန်းကြပ်တဲ့ လမ်းရိုးဟောင်း
“ထုံးစံကျောင်း” မှာ ငါ စာသင်ခဲ့တယ်။

အလှအပ ပြင်ဆင်ခြင်း
အ၀တ်အစား သစ်လွင်ခြင်းဟာ
ကံကြမ္မာကို အာခံနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။

ငါ့ဘ၀ရဲ့ အစဟာ
ပုဒ်ဖြတ်နဲ့ ပုဒ်ဆက်များ
ကွက်လပ်နဲ့ ကွင်းစ ကွင်းပိတ်များ
ပြီးတော့ အောက်ခြေမှတ်စုများ
စုဖွဲ့ထားတဲ့ သနားစရာ့ အက်ဆေးတပုဒ်လိုပါပဲ။

(ဂ)

(ငါ့နေ့ရက်တွေဟာ
တရက်နဲ့တရက်
သဘာဝကိုးကွယ်မှုနဲ့
ရစ်နှောင်လို့သာ ရှိစေချင်တော့။
ဝီလျံဝေါ့စ်ဝဒ် ရဲ့ “တမ်းတခြင်း” မှ )

ပြဒါးကွာစ
မှန်တချက်ကို မြင်ရသလို
ပတ်ဝန်းကျင်ကို ငါကြည့်တယ်။

နေရောင်
လရောင်
ကြယ်ရောင်
ပန်းပွင့် လိပ်ပြာ စမ်းချောင်း
ကျောင်းသင်္ခန်းနဲ့ တောအုပ်
ဘုတ်အီသံ
ခွေးအအူသံ
တစ်တီတူး မြည်သံ ...။

တမြို့လုံးကို တုန်လှုပ်သွားစေတဲ့
ဧရာဝတီ ရက်မှန်သင်္ဘောကြီးရဲ့
ဥသြမှုတ်သံကို ငါဘယ်တော့မှ မမေ့ဘူး။

“မမင်းပူး” မှ မင်းဘူးမြို့ရဲ့
လိပ်တောင်ပေါ်က
ကျော်ကြည့်တဲ့အခါ
“နဂါးပွက်တောင်” ပန်းချီကား
အပြာရောင် လိမ်းကျံထား
ပီကာဆို ဖျားလောက်ရဲ့။

ရိုးစင်းလွန်းတဲ့
ငါ့ရဲ့ အတ္တနောမတိ စိတ်ဆန္ဒတွေဟာ
သဘာဝရဲ့ လျို့ဝှက်ချက်တွေမှာ
ဘာသာပြန်ခဲ့တယ်။

လူတွေရဲ့ ယဉ်ကျေးမှုစည်းကမ်းကို
တက္ကဗေဒနည်းလမ်းနဲ့
ခွဲခြမ်း ချဉ်းကပ်ခဲ့တယ်။

ငါ့ဦးခေါင်းထဲက ကဗျာတွေဟာ
အစာရှာထွက်ခြင်း
သီချင်းဆိုခြင်း
ငိုခြင်း ရယ်ခြင်းများနဲ့အတူ
အချိန်မှန်မှန် အိမ်ပြန်လာလေ့ရှိခဲ့တယ်။

လူတယောက်ရဲ့ ဘ၀ထဲမှာ
စာအုပ်တွေ
စည်းကမ်းတွေ
ရုပ်တုနဲ့ ကြေးစည်သံတွေ
နှင်းဆီပွင့်တွေ အမိန့်တွေ
စမ်းရေနဲ့ ကြိုးကြာငှက်တွေ
ပက်ကျိလို နှေးကွေးပြီး
ပိုးဟပ်လို နံဟောင်တဲ့ စွမ်းဆောင်ချက်တွေ။

ဒီကြားထဲက
မပြည့်ဝတဲ့ ဆန္ဒတချို့က
မျှစ်စို့တွေလို ထိုးထောင်
စိတ်ကူးတချို့က
ရွက်သစ်တွေလို ထွက်ပြူ
ပရိဒေ၀တချို့ကတော့
မြက်သီးတွေလို တွယ်ကပ်ငြိပါ။

ဒီလိုနဲ့ပဲ
အချိန်ကာလတချို့ဟာ
သစ်ခေါက်တွေလို ကွာကျသွားကြတယ်။

(ဃ)

(သေနက်ကို ကျည်အပြည့်ထည့်လာသူများ
ရက်စက်စွာ ပစ်သတ်ရန်
အမိန့်တော်ကို ဦးထိပ်ရွက်လာသူများသည်
သီချင်းဆိုလျက်ရှိသော
လူအုပ်ကိုသာ တွေ့ရှိရသည်...။
ပက်ဘလို နယ်ရူဒါရဲ့ “ပန်းခြံတွင်း၌ ကျဆုံးသူများ” မှ )

“ကျနော်တို့ရဲ့
ငတ်မွတ်ခြင်း
အစော်ကားခံရခြင်း
အနှိမ်ခံရခြင်းများအတွက်
အိမ်အပြင်ဘက်ကို ထွက်ခဲ့ကြ။
၈-၈-၈၈

လေထဲမှာ လွှင့်ပျံဖြာထွက်လာတဲ့ ဓါတ်စက်သံဟာ
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
ရိုက်ပုတ်ပြီး နှိုးလိုက်တယ်။

မသိနားမလည်မှုနဲ့
ကြောက်ရွံ့ခြင်း အဖုံဖုံကို သံပုံးတီးလွှတ်ကြ။

လူနဲ့လူချင်း
လှပစွာ ကျွန်ဇာတ်သွင်းထားတဲ့
စနစ်ဟောင်းရဲ့ မကောင်းဆိုးဝါးမှုကို
မောင်းထုပြီး စစ်ကြေညာကြ။

ဒါဟာ
ဗမာပြည်ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ဒီမိုကရေစီဗဟိုချက်မဟာ
ဗမာပြည်ဖြစ်တယ်။

လူသားရဲ့
လွတ်လပ်မှု သမိုင်းဆက်ထုံးမှာ
ဘယ်တုန်းကမှ မကြုံဘူးတဲ့
ထူးကဲတဲ့ အကန့်ငယ်တခုဖြစ်တယ်။

လယ်သမားတွေက
`တာဝန်ကျေစပါး ... တာဝန်ကျေစပါး´ ဆိုတဲ့
ခါးသီးတဲ့ အတိတ်ဇာတ်ကို
မြေမြှုပ်သင်္ဂြိုလ်ဖို့ တောင်းဆိုကြတယ်။

အလုပ်သမားတွေက
`လုပ်အားပေးစနစ်´ ဆိုတဲ့
ခေတ်သစ် ကျေးကျွန် ဗြူရိုကရေစီကို
ဒီမိုကရေစီနဲ့ ဖြိုချကြတယ်။

အကြိမ်ကြိမ်စိမ်ခေါ်
အလီလီတိုက်ပွဲဝင်ခဲ့ကြတဲ့
စာသင်ခန်းထဲက ကျောင်းသားတွေက
ကမ္ဘာမကြေဘူးသီချင်း ဆိုကြတယ်။

သမဂ္ဂမြေကျောင်းတော်က
တဖြောင်းဖြောင်း ရိုက်ခတ်လိုက်တဲ့
ခွပ်ဒေါင်းရဲ့ တောင်ပံခတ်သံဟာ
အာဏာရှင်ဟူသမျှထံ
ရာဇသံ ပေးလိုက်တယ်။

သူတို့
သေနက်ပြောင်းဝတွေမှာ
ပန်းပွင့်တွေ ထိုးစိုက်ပြီး
လှံစွပ်ဖျားတွေမှာ ရင်ကော့ရပ်ပြီး
အကျဉ်းထောင်နဲ့ သွေးအိုင်များရှိရာ
ရဲဝံ့စွာ တိုးသွားခဲ့တယ်။

ဒီအဖြစ်အပျက်တွေဟာ
အေးစက်တဲ့ ငါ့နှလုံးသားကျောက်တုံးဗုံကို
အစွမ်းကုန် တီးခတ်လိုက်ကြတယ်။

စောင်ခြုံထဲ မြွေတွေ့သလို
ငါ့ခြေငါ့လက်တွေဟာ
အသေလိုလည်း ဖြစ်သွားရတယ်။
ငါ့အတွေး ငါ့အမြင်တွေဟာ
ပွဲခင်းထဲ ခဲကျသလို
ဖရိုဖရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ကြရတယ်။

ငါဟာ
ဘုရားသခင်ဖန်ဆင်းတဲ့
နောက်ဆုံးလူသားအဖြစ်
နောက်ကျကျန်ရစ်ခဲ့ပါကလား။

ကမ္ဘာ့တိုးတက်မှုလမ်းကြောင်းမှာ
ဖုံတထောင်းထောင်းနဲ့ နောက်ကျကျန်ရစ်ခဲ့သူ
“လူမျိုးများ” ရဲ့စာရင်းမှာ
ငါတို့ အသွင်းခံခဲ့ရပါကလား။

၁၉၆၂
ဇူလိုင်လရဲ့
ဒုတိယ အာဇာနည်များဟာ
ဗမာပြည် အလှည့်အပြောင်းကို
ကောင်းကောင်းကြီး တပ်လှန့်ခဲ့တာ
ငါမသိခဲ့ဘူး။

“အလုပ်သမား” “လယ်သမား”
အခြေံလူတန်းစား ဝေါဟာရတွေနဲ့
ရောမွှေကျိုချက် “ဟင်းတခွက်” ရဲ့ ဘေးမှာ
လူတွေ လူတွေ လူတွေ
ယင်ကောင်တွေလို သေခဲ့ရပါလား။

အနီရောင် မုန်တိုင်း
အစိမ်းရောင် ရေလှိုင်းများ
ကြာပွတ်သံများ ...
လွှတ်တော်
ပါတီညီလာခံနဲ့ စုံစမ်းစစ်ဆေးမှုများ
ပြိုလဲသွားသော ဆိုင်းပုဒ်များ
ထိုးကျွေးလိုက်သော နယ်ရုပ်များ
ပွဲတော်အုပ်ချကျွေးခြင်းများ
အပေးအယူ အလျှော့အတင်းနဲ့ ဈေးဆစ်မှုများ
ကတိက၀တ်များ ....။

အရှင်သခင်သစ်ဆိုသူတွေဟာ
ကျွန်သစ်တွေ မွေးဘို့ ကြိုးစားရင်းက
အလှပဆုံး လိမ်ညာမှု
“ပြည်ထောင်စု မပြိုကွဲရေး ” ဟစ်ကြွေးလာကြပြန်တယ်။

“နိုင်ငံတော် ကိုးကွယ်ရေး” မောင်းထုပြီး
လူစုဘို့ ကြိုးစားကြတယ်။
ယခုတဖန်
“ဗမာမဆန်ဘူး” ဆိုတဲ့ လက်နက်နဲ့
စွဲချက်တွေ တင်ကြပြန်တယ်။

အကြိမ်တထောင်မြောက်
မုသာဝါဒ သတင်းစာရှင်းလင်းခြင်းနဲ့
အတင်းအဖျင်းပွဲ ပြုလုပ်ကြတယ်။

ငါ့ဘ၀ရဲ့
ထမ်းပိုးတန်းခံစားမှုများဟာ
ငါ့ခြေ ငါ့လက် ငါ့မျက်လုံး
ငါ့သွေး ငါ့သား ငါ့နှလုံးသာ
အားလုံးကို မန်းမှုတ်
တမုဟုတ်ချင်း “အသက်သစ်” သွင်းပေးခဲ့ကြတယ်။


သခင်တပိုင်း ကျွန်တပိုင်းအဖြစ်နဲ့
ငါ့ရဲ့ တပိုင်းဒေသ
နလန်ထခဲ့ပြီ။

ငါ့ဥဏှောက်ထဲက
ကဗျာတချို့ဟာ
သူပုန်ထကုန်ကြပြီ။

ငါ့ကို ချန်ထားပြီး
“တားမြစ်ထားတဲ့ မြို့တော်ထဲ”
ရဲရဲဝင်ဘို့ ကြိုးစားခဲ့ပြီ ...။

(င)

ရွှေရောင်ပြိုးပြက်တဲ့
သောင်ပြင်ထက်မှာ ငါရပ်ခဲ့တယ်။

မိန်းမပျိုတအုပ်
ဟန်မလုပ်ဘဲ ရယ်မောသံလို
နုပျိုလတ်ဆတ်လှတဲ့ ရေကျသံကို
ငါကြားရတယ်။

အဖွားအိုတဦးရဲ့ ငြီးငြူသံလို
ပျောက်တချက် ထင်တချက်
ဆုတ်တချက် တက်တချက်
ပြေးလွှားလာတတ်တဲ့
လေးတိုးသံများကို ငါနားစွင့်တယ်။

ကမ္ဘားယံတလျှောက်
ကွေ့ကောက်ကောက် ဖောက်ထားတဲ့
လူသွားလမ်းကလေးကို ငါချစ်တယ်။

တောင်ထိပ်မှာ
မြူတွေ ထုသိပ်စီးမျောနေတာ
ငါချစ်တယ်။

ပေါက္ခရ နေရောင်အောက်မှာ
ခြေရာဖျောက်နိုင်စွမ်းတဲ့
လွမ်းစရာ့ရွာငယ်များကို ငါချစ်တယ်။

ကျည်တောက်ထိုးဟင်း
ဘိစပ်ရွက်ဟင်းနဲ့
တောင်ယာထမင်းကို ငါချစ်တယ်။

ဆန်ဖွပ်မောင်းထောင်းရင်း သီချင်းဆိုကြတယ်။
သူရဲကောင်းပုံပြင်များ
သွေးချောင်းစီးတိုက်ပွဲများ
ကြေကွဲစရာကောင်းတဲ့ ချစ်ဇာတ်လမ်းများ
ထိတ်လန့်ဘွယ် စွန့်စားခန်းများ
မေတ္တာ အချစ် ငြိမ်းချမ်းမှုနဲ့ သရောခိုင်းကာလများ
ဝိုင်းပါယ်ခံရမှု
မုန်းတီးမှု
တူးမီးသေနတ်
လက်ကောက်ခြေကျဉ်း
ခေါင်ရေ
သင်တိုင်း
တောဝက်ခေါင်းချဉ် ...။

သူတို့ရဲ့ဘ၀ဟာ
ရိုးရာသင်္ချာတပုဒ်ပမာ
အဖြေထုတ်ဘို့ လွယ်ကူလှတယ်။

သူတို့မှာ
နှစ်ပေါင်းရှည်ကြာ
ထုထောင်း စုဆောင်းထားတဲ့
ယဉ်ကျေးမှုကောင်းတွေရှိတယ်။

တောရနံ့ တောင်ရနံ့
တောင်ယာစပါးခင်းပေါ် ဖြတ်ကျော်လာတဲ့လေ
အေးစက်တဲ့ တောင်ကျရေ
ဥယျာဉ်ခြံမြေ
ရွှေထွက်တဲ့ချောင်း ...။

တောင်ပေါ်လူမျိုးစုဆိုတာ
ဗမာပြည်ရဲ့ ခြေလက်အင်္ဂါ။

သူတို့ဟာ
ငါတို့လိုသွား ငါတို့လိုစားကြတယ်.
ငါတို့လို
ချစ်ကြ မုန်းကြ စာဖွဲ့ကြ
တေးဂီတကို မြတ်နိုးကြ
ကကြ ခုန်ကြ။

ငါတို့မှာရှိတဲ့ အရာဟူသမျှ
သူတို့မှာလည်း ရှိကြတယ်။

မြေပြန့်က တိုက်ခတ်လာတဲ့ မုန်တိုင်းကို
ငါတို့လိုဘဲ မုန်းကြတယ်။
မိုးပေါ်က ကျလာတဲ့ ရေစက်များကို
ငါတို့လိုဘဲ နှစ်သက်ကြတယ်။

သူတို့မှာ “ဘ၀” ရှိတယ်။
သူတို့မှာ “ကဗျာ” ရှိတယ်။

ကမ္ဘာကြီးပေါ်မှာ
“ကဗျာ” ရှိတဲ့ လူမျိုးတိုင်း
“သမိုင်း” ရှိကြတယ်။

သူတို့နဲ့အတူ
တောင်ခိုးမြူငွေ့ ဖက်ပွေ့အိပ်စက်
အိပ်မက်သစ်များ မြင်မက်ခဲ့တယ်။

ဖျာတချပ်သာသာ
တောင်ထိပ်တနေရာမှာ ငါရပ်လိုက်တယ်။

ကောက်ကြောင်းများ ပျော့ပျောင်းသော်ငြား
ထုထည်ကြီးမားလှတဲ့ ရိုးမတောင်တံတိုင်းဟာ
အပြာရောင် ရေလှိုင်းကြီးတွေလို
ငါ့ကို ၀န်းရံကခုန်ကြတယ်။

ဒီနေရာမှာရပ်လျက်
နေထွက်ခြင်းကို စောင့်ကြည့်ခွင့်ရခဲ့ပါပြီ။
လရောင်ကို စောင်ခြုံခွင့် ကြုံခဲ့ပါပြီ။
(၁၉၉၁ ခု၊ ဒီဇင်ဘာလအတွင်း
မကဒတ နှင့် တောင်ပေါ်ခရီး)



(စ)

(ကျနော်တို့ဟာ
လှပစွာ ရူးသွပ်ကြသူများဖြစ်တယ်။)
(မကဒတ နှင့် တွေ့ဆုံဆွေးနွေးမှု မှတ်စုများမှ)

ဒီကိုရောက်ဘို့ရာ
ပါလာတဲ့ လက်စွပ်နဲ့နာရီ
လာဘ်ထိုးပြီးမှ ခရီးဆက်ခဲ့ရတယ်။

ရန်သူ့အလောင်းဘေး
သေနတ်ကို တက်ကောက်ပြီး
ကျနော်တို့ တပ်ရင်းကို အင်အားဖြည့်တင်းခဲ့ရတယ်။

စောထစခန်းမှာ
ကမ္ဘာမကြေဘူး သီချင်းတွေကြား
ငှက်ဖျားရောဂါအောက်
တယောက်ပြီး တယောက်
ကြက်ပျောက် ငှက်ပျောက်
ဒါပေမယ့် ကျနော်တို့ ဒူးမထောက်ခဲ့ဘူး။

သမိုင်းတခုရဲ့ အလှည့်အပြောင်းမှာ
သဘာဝရဲ့ အထုအထောင်းကိုလည်း
ခေါင်းမစောင်းဘဲ တင်းခံခဲ့ကြတယ်။

မုဒုံ ပခုက္ကူ မကွေး
တောင်ငူ မြစ်ကြီးနား မြိတ် တောင်ကြီး
ညောင်လေးပင် ပုသိမ်
တောင်ပေါ် မြေပြန့် ဗမာပြည်အနှံ့ ...။

“ကျနော်တို့ဟာ
ဒုတိယပင်လုံစိတ်ဓါတ်နဲ့
မြင့်မြတ်တဲ့ ဗမာပြည်ကို ထူထောင်ကြမယ်”။

“ကျနော်တို့ဟာ
ဗမာပြည်လူ့ဘောင်ရဲ့
အကျဉ်းထောင်နံရံကို ကျော်ပြီးကြည့်
သံမဏိတခေတ် ထူထောင်ဘို့ကြိုးစား
ကျောင်းသားများဖြစ်တယ်”။
(မကဒတ နှင့် တွေ့ဆုံမှု မှတ်စုများမှ)

သူတို့ဟာ
သနပ်ခါးပင်ဘေးမှာ စာထိုင်ဖတ်ခဲ့ကြတယ်။
မချစ်စုသရက်ပင်အောက်မှာ စာကျက်ခဲ့ကြတယ်။
ရော်ဘာခြံတွေထဲမှာ လမ်းလျှောက်ခဲ့ကြတယ်။
အောင်ဆန်းကွင်းထဲမှာ ဘောလုံးကစားခဲ့ကြတယ်။
မော်လမြိုင် မုဒုံသွား ကားလမ်းပေါ်မှာ ဂစ်တာတီးခဲ့တယ်။
ဧရာဝတီကမ်းနဖူးမှာ
နေရူးနဲ့ အောင်ဆန်းအကြောင်း ဆွေးနွေးခဲ့တယ်။

စာသင်ခန်းများ
မိဘနဲ့ချစ်သူများ
လ္ဘက်ရည်ဆိုင် ရုပ်ရှင်ရုံ ပွဲဈေးတန်း
စာအုပ် ဘောလုံးနဲ့ ဆုတံဆိပ်များ
ပုဂ္ဂိုလ်ရေး အာမခံချက်များ ...။

သစ်ကိုင်းခြောက်တခုထက်က
ငှက်ငယ်များ ထပျံသွားကြတယ်။

လှပဆန်းသစ်
ပျိုမြစ်တောက်ပြောင်
ဘောင်မကြစ်ရသေးတဲ့
ရာဇာဝင်တခေတ် ပိတ်ကားပေါ်က
စိတ်ထင်ချက် နမိတ်ပုံများ ....။

“အီဗရာဟင်လင်ကွန်း” ဟာ
လမ်းဘေးမီးတိုင်အောက်မှာ
တယောက်ထဲ စာထိုင်ဖတ်နေတယ်။

အာဏာရှင်ဟစ်တလာဟာ
စင်္ကြာတံဆိပ်တပ် စစ်သားတွေကြားက
ကားစီးရင်း ချီတက်လာနေတယ်။

ဘတ်စတီးထောင်ကြီးထဲက လူတွေဟာ
ကျည်ဆံတွေကို လက်နဲ့ကာဘို့ ကြိုးစားနေကြတယ်။

မဟတ္တမဂန္ဓီရဲ့ ဦးခေါင်းဘေး
ဖုံတထောင်းထောင်းကြားက
မြင်းခွါသံတဖြောင်းဖြောင်း ထွက်ပေါ်လာတယ်။

အီတလီပြည် လူထုကြီးဟာ
မူဆိုလိုနီကို ကြိုးစင်တင်ဘို့ ပြင်ဆင်နေကြတယ်။

“အိုဒက်ဆာ” လှေကားပေါ်က
ထီး၊ ဘိနပ်၊ ဦးထုပ်နဲ့ သွေးအိုင်များ။

တီယံမင်ရင်ပြင်ပေါ်က ရွက်ဖျင်တဲငယ်များ။
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းများ။
ခွပ်ဒေါင်း
တူတံဇင်
ပုခက်လွှဲသောလက်နှင့် ချိုးငှက်များ ...။

(ဆ)

(ကျုပ်သိတယ်
ကျုပ်တို့ ၀ိဥာဉ်ရဲ့
ရွှေတွင်းတွေကိုသာမြင်ရရင်
နေမှောင်သွားတယ်။
မာယာကော့စကီးရဲ့ “ဘောင်းဘီဝတ်မိုးတိမ်” မှ)


ငါ့ဘေးမှာ
အစိမ်းရောင် တောင်တံတိုင်းတွေ ရှိတယ်။

ငါ့ရှေ့မှာ
အနီရောင် နှလုံးသားတွေရှိတယ်။

ငါ့ရင်ထဲမှာတော့
ပြည်သူတွေရဲ့ ဒုက္ခနဲ့ သစ္စာပန်းပွင့်များ ...။

ပန်းပွင့်တွေကို ဖူးပွင့်စေသူ
ပန်းတွေကို မွှေးမြစေသူအဖြစ်နဲ့
သူတို့ကို ငါချစ်ခဲ့တယ်။

တော်လှန်မှု သမုဒ္ဒရာသောင်ခုံမှာ
ယုန်သူငယ်ခြေထောက်နဲ့
လမ်းလျှောက်ရဲကြတဲ့
အဲဒီကလေးငယ်တွေကို ငါချစ်တယ်။


“ကမ္ဘာမကြေဘူး” သီချင်းကို
နံနက်ခင်းမှာ နေ့လည်ခင်းမှာ နေညခင်းမှာ
ငါကြားခဲ့ရ
အိပ်မက်ထဲမှာ သူတို့နဲ့အတူတကွ
နာကြည်းကြေကွဲစွာ ဆိုခဲ့ရ။

ရေပြန်သောက် မြက်ခြောက်စား
သားရေခါးပါတ် ရေလုံပြုတ်ကိုဝါး
အဲဒီ သူရဲကောင်းများဟာ
ဆဌမ ဟင်နရီဘုရင်ပြဇာတ်ထဲက
“ဘယ်ဘုရင်နဲ့ သခင်လက်အောက်
သင်သေမလဲ နေမလဲ” ဆိုတဲ့
ဗန်ဆိုနီယံရဲ့ အမေးစကား
ရဲဝံ့ပြတ်သားစွာ ဖြေကြားလိုက်ကြပြီ။

သူတို့ဟာ
ပြည်သူတွေရဲ့ ရှေ့မှောက်မှာ
သစ္စာရေသောက်ခဲ့ပြီ။

ရွှန်းမြတဲ့ ညရဲ့ တန်ဆောင်
လရောင်ရဲ့ အောက်မှာ
လူသားရဲ့ ဇာတိပုည ဂုဏ်မာနကို
ဖွင့်ဆိုပြခဲ့ကြပြီ။

ပဒေသရာဇ်ကို အသေချစ်တဲ့
“အုတ်လှငယ် လက်သစ်” တွေနဲ့
စစ်ကြေညာခဲ့ကြပြီ။

အရှင်သခင်အတွက်
မျက်စေ့ကန်း တစ္ဆေမကြောက်
ဖောက်ပြန်ရေး စက်ရုပ်များနဲ့
စည်းခြားခဲ့ပြီ။

အာဏာရှင် စစ်ဘုရင်များကို
နှစ်တထောင်အာမခံမယ့်အကြောင်း
ကြေညာမောင်းခတ်ခဲ့ပြီ။

ဆေးချယ်ရန် ငြင်းပယ်ခြင်းခံခဲ့ရသော
အကြမ်းပုဂံလုံးများဟာ
ဗမာပြည်ရဲ့ အနာဂါတ်ဖြစ်လာခဲ့ပြီ။

သူတို့ဟာ
အနာဂါတ်ကို မြတ်နိုးမှုစိတ်ကူးနဲ့
လှပစွာ ရူးသွပ်ကြသူများသာဖြစ်တယ်။

(မွန်မြတ်တဲ့စိတ်ဆိုတာ ရူးသွပ်တဲ့စိတ်နဲ့
ကင်းကွာလို့ရတာ မဟုတ်ဘူး။
အရစ္စတိုတယ်)

(ဇ)

(တံတားကို ဖြတ်ကျော်ခဲ့ပြီးမှ
တမ်းတတတ်တဲ့ရင်ဟာ
တခွင်လုံး မိုးသားတွေပြည့်လို့ ...
ဖော်ဝေး)

နေရစ်ပေဦးတော့
တားမြစ်ပိတ်ပင်ထားတဲ့ မြို့တော်ရေ ...။

သင့်ရဲ့
တော်လှန်မှုမုဒ်ဦးမှာ
ငါ နှုတ်ဆက်ထွက်ခွါလာခဲ့ပါပြီ။

သင့်ရဲ့နှလုံးသား
သင့်ရဲ့ ခွန်အား
သင့်ရဲ့ မေတ္တာတရား
ငါ ... မှတ်သား ခံစားဖူးခဲ့ပြီ။

သင်တို့ရဲ့ ကြီးမြတ်တဲ့ စွန့်လွှတ်မှုတွေမှာ
ပြည်သူတွေစာနာကြမှာ သေချာတယ်။

သင်တို့ရဲ့
ကိုယ်တိုင်ရေး ရာဇ၀င်သစ်ကို
ပြည်သူတွေချစ်လာကြမှာ သေချာတယ်။

သင်တို့ရဲ့ရနံ့
သင်တို့ရဲ့ နှလုံးခုန်သံ
သင်တို့ရဲ့ ရယ်သံ၊ တောက်ခေါက်သံ
ဆွေးနွေးငြင်းခုန်သံ သီချင်းဆိုသံတွေဟာ
ဗမာပြည်အရပ်ရပ်က
“လုပ်အားပေး” ဆိုတဲ့ ချွေးတပ်စခန်းတွေဆီ
လယ်တောနဲ့ စက်ရုံဆီ
အကျဉ်းထောင် ကြိုးစင်နဲ့ တရားရုံးများဆီ
ဗိုလ်ချုပ်ရွာနဲ့ ကိုကိုးကျွန်းဆီင်္
အမြဲမပြတ် စောင့်ကြပ်ကြည့် ရှုခံနေရတဲ့
စာသင်ခန်းတွေဆီ
ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီးဆီ
ကစ်ပလင်းရဲ့ မန္တလေးမြို့ဆီင်္
တက္ကသိုလ် ရိပ်သာလမ်းထဲက
ဒီမိုကရေစီ နန်းတော်ငယ်ဆီ
ပင်လယ်ထဲက ဒဂုံမြို့သစ်ဆီ
လူသားစက်ရုပ်များ ထုတ်လုပ်တဲ့
စစ်သင်တန်းစခန်းတွေဆီ
အရာရှိအိမ်မှာ
ခလေးထိန်း၊ အ၀တ်လျှော်
ထမင်းချက်၊ ကြမ်းတိုက်ကြရတဲ့
သင်တို့ရဲ့ မိခင်နဲ့ ညီမငယ်တွေဆီ
နို့ဆီတဗူး
သကြားတဆယ်သား
ဆန်နဲ့လဲစားနေကြရတဲ့ စစ်တန်းလျားတွေဆီ
အိမ်တံခါးပေါက် ခေါက်လာမယ့်အသံကို
ရင်တဖိုဖိုစောင့်နေကြရတဲ့
လွှတ်တော်ကိုယ်စားလှယ်များရဲ့ သားမယားတွေဆီ။
အခြေအတင် ငြင်းခုန်ဆွေးနွေးနေကြတဲ့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီခန်းမဆီ
အမြန် ... ချီလာလော့
အမြန်ဆုံး ... ချီလာကြတော့။

ငြိမ်းဝေ
၁၉၉၁၊ ဒီဇင်ဘာလ