August 09, 2011

ကျနော်သိတယ် တနေ့တာ နှစ်သုံးဆယ်ထောင်ချောက်

တနေ့တာမှ တကယ့်ကို တနေ့တာထဲဆိုတာတောင်
နှစ်ပေါင်းသုံးဆယ်ဆိုပါမှ တရောင်ထဲ
ကျနော် အဲဒီတီးလုံး ဖတ်ကြည့်လိုက်မိတော့
ကျနော့်နားရွက်တွေတောင် ပျော့ခွေသွားမတတ် ထောင်မတ်လို့သွားရတယ်
တယောက်က နောက်တယောက်ရဲ့ဖနောင့်ကိုလှီး ဖိနပ်စီးပေးနေတာ 
အဲဒီအသံကျနော် ကြားနေရသေးတယ်ဗျာ
တကယ်ပါ နှစ်သုံးဆယ်ကျော်
ခင်ဗျား စဉ်းစားကြည့်လေ ကျနော့်ရုပ်ရှင်က အဖြူအမဲလား ရောင်စုံလား
ရှိသေးတယ်လေ အသံမမြင်ရဘူး ရုပ်မကြားရဘူး
ဒီကနေ့ တနေ့ထဲနော်
ကိုသိန်းနိုင်၊ နေနွယ်၊ မောက္ခ၊ လဘက်ရည်တခွက်နဲ့တွေ့တယ်
အမည်မဖေါ်လိုသူတွေနဲ့လည်း တွေ့တယ်
အမြန်ရိုက်ချက်နဲ့ ပြန်ကြည့်တာတောင် လူသုံးဆယ်ကျော်တယ်
ဘာဖြစ်လို့ ခင်ဗျားက တယောက်ထဲ `တစ်´ ဖဲကိုချည်း ထပ်နေ ဖတ်နေ ပွတ်နေရတာလဲ
ကျနော်သတိမထားမိတာက မဟုတ်ဘူး သတိထားမိပေမယ့် အရာမရောက်ဘူးထင်လို့
ကားတွေ ဆိုင်ကယ်တွေ
ကျနော့်ခြံ အပြင်ဘက် တောအုပ်ထဲက ဘုတ်အီသံတွေ တကယ်ကြားနေရတယ်ဗျာ
(တကယ်ပါ ကျနော့်အိမ်လာလည်သွားတဲ့
ခင်အောင်အေး သိပါတယ်။ အဲဒီ ဘုတ်တွေ တအီအီ အီနေတာ)
မာယာကော်စကီးက ခင်ဗျား ကိုယ့်ကိုယ်ကို ကဗျာဆရာပါဆိုပြီး ငုံးလို တကြော်ကြော်အော်တာကို မုန်းတယ်
ကျနော်က ဘုတ်လိုအီတာကို အီတယ်
မြို့လယ်ခေါင်ကြီးထဲ
ကျနော် တောမှောက်နေခဲ့တာ ယောင်လည်ယောင်လည်
ကျနော့် ခြံအပြင်ဘက်က ပြောင်းခင်း မြက်တော
စာကလေးတကောင် မြက်ရိုင်းပင် လေအဝှေ့ကို စီးနေတာ ကြည့်ကောင်း
ဟုတ်မှာပါ
ကျနော်က ကိုယ့်ကိုယ်ကိုဝိုက်ပြီး စည်းတား အကျယ်ကြီးမှ ပင်လယ်
ကျနော်တို့ ရေတစက်ကို ပင်လယ်လိုကြည့်ကြရမယ်
ခင်ဗျားလက်ထဲက ထမင်းလုံးက `ဆိုးရပ်စ်´လက်ထဲက ပေါင်မုန့်နဲ့ ဆက်စပ်နေတယ်လို့ ပြောပါအုန်း
နီရိုးရဲ့တံယောသံက မော်ဒန်လွန်နေပြီ
အဲဒီ သူရည်သွေးတီးလုံးနဲ့ ကျနော် မိုးသောက်ခဲ့ပြီးပြီ
ခက်တာက မူဆိုလိုနီက တဂိုးလက်ကို ဆုပ်ကိုင်နှုတ်ဆက်ဖူးတာပဲ
အက်စရာပေါင်းက မူဆိုလိုနီကို ပစ်ပြီးထောက်ခံဖူးတာပဲ
ခက်တာက အဲဒီ အငုံ့စိတ် ပုန်းခိုနေတဲ့စိတ်ကို ကျနော်တို့ မြင်တတ်ခဲ့ရမှာဗျ
ကျနော်လည်း နှုတ်တိုက်ချပေးကြည့်တာ
ခုထက်ထိကို ကဗျာဖြစ်ဖို့နေနေသာသာ ကဗျာတောင် မဆန်တတ်သေးဘူး
`ငြိမ်းဝေ´က ငြိမ်းဝေ မဆန်နိုင်တာ အခံရအခက်ဆုံးပဲ
မိုးရေစက်တွေ တလုံးနှစ်လုံး ဝုန်းကနဲ အုန်းကနဲ
ဂျိုးကနဲ ဂျွတ်ကနဲ တယောက်တလေ ဖြိုးကနဲ ဖျောက်ကနဲ
ငံခဲ့ဖူးပါတယ်
ကျနော်
အဲဒီ ငံပြပြ မိုးရေ မချိုးချင်တော့လို့ မိုးရေကို ဆွဲဖြဲပြီး ထွက်ရပ်လိုက်ပြီ
(ခေါရပ်စ်)
ပြန်နားထောင်ကြည့်တယ် နှစ်ပေါင်း သုံးဆယ်နော်
ကျနော်နဲ့ ပေသုံးဆယ်အကွာမှာ ကြားနေရတယ်
ကျနော့်ကို လက်ယပ်ခေါ်နေတယ် ခြိမ်းခြောက်နေတယ် ချောက်ထဲ ပြန်ဆွဲချဖို့ လုပ်နေတယ်
ကျနော့်နားရွက်တွေ ထောင်မတ်
(ကျနော်လည်းပဲ ခေတ်တခုကို ချစ်မှုပြုချင်တာပေါ့ဗျာ)
ကျနော် နောက်ပြန်ဆုတ်ထားပြီနော်
(မောင်ပြည့်မင်း သင်ပေးလိုက်တဲ့ နောက်ဂျွမ်းနဲ့)
လွတ်အောင် ခုန်တော့မယ် ဇေယျာလင်း။    ။

ငြိမ်းဝေ
၂၀၁၁ ၀၈ ၀၉ ည ၁၂ နာရီ

August 07, 2011

နွေဦး အဘယ့်ကြောင့် နောက်ကျနေပါလိမ့်

(က)

ကျနော်တို့ရဲ့
ငတ်မွတ်ခြင်း
အစေါ်ကားခံရခြင်း
အနှိမ်ခံရခြင်းများအတွက်
အိမ်အပြင်ဖက်ကိုထွက်ခဲ့ကြ...
(..၈၈)

လေထဲမှာ
လွင့်ပျံဖြာထွက်လာတဲ့ ဓါတ်စက်သံဟာ
အိပ်မေါကျနေတဲ့ ကမ္ဘာကြီးကို
ရိုက်ပုတ်ပြီးနှိုးလိုက်တယ်။

မသိနားမလည်မှုနဲ
ကြောက်ရွံ့ခြင်းအဖုံဖုံကို သံပုံးတီးလွှတ်ကြ။

လူနဲ့ လူချင်း
လှပစွာ ကျွန်ဇာတ်သွင်းထားတဲ့
စနစ်ဟောင်းရဲ့ မကောင်းဆိုးဝါးမှုကို
မောင်းထုပြီး စစ်ကြေညာကြ။
( မိမိကိုယ်ပေါ်တွင်သစ်တပင်စိုက်ပျိုးခြင်း...ကဗျာမှ )



စစ်တောင်းမြစ်ဆိပ် ကုန်းထိပ်တွင် ခြေစုံရပ်ရင်းက သူ့ စိတ်တွေအပြင်းအထန်လှုပ်ရှားနေသည်။ အတန်ကြာအောင်မလှုပ်မရှက်ရပ်နေရင်း ကမ်းပါးအောက်က စက်လှေနှစ်စီးကို ငုံ့ ကြည့်နေမိသည်။ ကမ်းစပ်တွင်မူ လူတ ယောက်မျှမတွေ့ ရ။

August 01, 2011

သူတို့ အချုပ်ခန်း

                           အော်စလိုမြို့မှာ မြန်မာအရေးဆန္ဒပြတဲ့နေ့က လုံခြုံရေးတာဝန်ယူတဲ့ မြင်းစီးရဲနှစ်ဦး
တခါတရံမှာ ထူးထူးခြားခြားရှိတဲ့ အတွေ့အကြုံတချို့ဆိုရင် ကျနော့်စိတ်ထဲ အချိန်တိုတိုနဲ့ လျော့ပါးမှေးမှိန်သွားလေ့မရှိပါဘူး။ ဒါကတော့ ကျနော်ရယ်လို့ ဟုတ်မယ်မထင်ပါဘူး။ လူ အတော်တော်များများ ဒီအတိုင်းပဲ ရှိပါလိမ့်မယ်။
          အခုတလော နော်ဝေးနိုင်ငံက လူ (၈၀) နီးပါးကို သေနတ်နဲ့ပစ်သတ်တဲ့ လူတစ်ယောက်အကြောင်း ကမ္ဘာ့သတင်းစာတိုင်းလိုလိုမှာ နေ့တိုင်းဖတ်နေရတဲ့အခါ ဟိုး လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်အတွင်းတုန်းက ကျနော်နဲ့အတူ မြန်မာလူမျိုး(၄)ယောက် နော်ဝေးနိုင်ငံမှာ ခိုလှုံခွင့်တောင်းခဲ့တဲ့အဖြစ်အပျက်ကလေးကိုလည်း တဆက်တစပ်တည်း သွားပြီးသတိရနေမိပါတယ်။ ဒီကြားထဲ မောက္ခပညာရေးမဂ္ဂဇင်း အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ‘လူ့ အကြင်နာတရား အရှိဆုံး နော်ဝေးအကျဉ်းထောင်´ ဆိုတဲ့ခေါင်းစဉ်နဲ့ နော်ဝေးနိုင်ငံရဲ့ အကျဉ်းထောင်စံနစ် ဓါတ်ပုံဆောင်းပါးကို တွေ့ရတဲ့အခါ အဲဒီ ၁၉၉၇ ခုနှစ်တုန်းက ကျနော်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပိုပြီး သတိရနေစေတော့တာပေါ့။