November 28, 2011

ဥရောပ မဲဇာ


ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၂)

တက္ကစီကားပေါ် တက်ကတည်းက ကောင်းကင်တခုလုံး အုန့်မှိုင်းကာ သဲသဲမဲမဲ မိုးရွာချလိုက်သည်။ ကျနော်တို့နှစ်ယောက် မိုးရွာထဲတွင်ပင် မော်ချစ်ကားဂိတ်ကြီးသို့ ရောက်လာခဲ့ကြ၏။
ကားပေါ်က ဆင်းတော့ မိုးရေမစိုစေရန် ကိုစိုးမင်းက ကျနော့်ကိုပဲ ထီးကို ဆောင်းစေသည်။ လက်ဆွဲအိပ်ကြီးနှင့် ကို့ယိုကားယားဖြင့်ပင် ကားဂိတ် အမိုးအောက် ရောက်လာခဲ့ရ၏။ ကိုစိုးမင်းမှာ တကိုယ်လုံး မိုးရေ စိုရွှဲနေသည့်ကြားမှပင် လက်ဆွဲအိပ်ကြီးကို ဝိုင်းကူပြီး ဆွဲပေးရသေး၏။

ကားဂိတ်ကို ရောက်တော့ ည ၉ နာရီ ရှိနေပြီ။ ကားထွက်မှာက ၁၁ နာရီ။ ထို့ကြောင့် ကိုစိုးမင်းကို အိမ်ပြန်ဖို့ရန် ပြောရသည်။ အစပထမတော့ ကိုစိုးမင်းက ကျနော့်တစ်ယောက်ထဲ ကားဆိပ်မှာ ထားခဲ့ရမှာ အားနာနေသေးသည်။ ကျနော်က မရမက တိုက်တွန်းမှ အိမ်ပြန်သည်။ တကိုယ်လုံး မိုးရေစိုရွှဲနေသည့်ကြားမှ ကျနော့်ကို ကြောပေးထွက်ခွါသွားသည့် ကိုစိုးမင်းကိုကြည့်ကာ ကျနော် စိတ်မကောင်း ဖြစ်မိသည်။
ကိုစိုးမင်းနှင့် ကျနော် တော်လှန်ရေးဌါနချုပ် မာနယ်ပလောတွင် အတူတူ နေခဲ့ကြဖူးသည်။ ဒီမိုကရက်တစ် မြန်မာ့အသံ( DVB ) ၊ ရွှေဗဟိုစည် စတူဒီယိုတွင် အလုပ်အတူတူ လုပ်ခဲ့ကြသည်။ သူသည် ထိုစဉ်က စတူဒီယိုတာဝန်ခံ ကိုစိုးဟန်နှင့် ခင်မင်ရင်းနီးသူ ဖြစ်သည်။ ကျနော်နှင့်အတူ တပ်မဟာ(၁)နယ်မြေ ဖါးအံမြို့နယ်အတွင်း ခရီးထွက်ခဲ့ကြဖူးသည်။ NLD-LA အဖွဲ့ဝင် ရဲဘော်တစ်ဦး ဖြစ်သည်။

သူသည် မာနယ်ပလော ကျဆုံးပြီးနောက် ဘန်ကောက်ကို ရောက်လာခဲ့သည်။ ဘန်ကောက်တွင် သုံးလေးလ နေခဲ့ပြီးသူဖြစ်သဖြင့်၊ မသွားတတ် မလာတတ်သေးသူ ကျနော့်ကို လိုက်ပါပို့ဆောင် ကူညီခဲ့ခြင်းဖြစ်သည်။ ကျနော်ကလည်း ဥရောပခရီးစဉ်ကို လုံခြုံရေးအရ သူတစ်ယောက်တည်းကိုသာ နေ့ရက် အတိအကျ ပြောပြပြီး လာအိုကားဂိတ်အဆင်း လိုက်ပါပို့ဆောင် ကူညီပါရန် အကူအညီတောင်းခဲ့သည်။ သူကလည်း လိုလိုလားလားပင် လိုက်ပါကူညီပေးခဲ့၏။

မိုးရေထဲ ကျနော့်ကို ကြောပေးကာ ခတ်သုပ်သုပ် လျှောက်သွားနေသော ကိုစိုးမင်းကိုကြည့်ကာ ကျနော် စိတ်မကောင်း ဖြစ်ရသည်။သူသည် စက်ရုံတရုံမှ အလုပ်ပြုတ်လာခဲ့သူ မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ပြုလိုက်သည်မှာ တပါတ်ပင် မပြည့်သေး။ သူ့မှာ စားဝတ်နေရေး အခက်အခဲနှင့် ကြုံနေရပြီကို ကျနော် ရိပ်စားမိခဲ့သည်။ (ယခုအခါ ကိုစိုးမင်းသည် အမေရိကတွင် ခိုလှုံနေထိုင်ခဲ့ပြီ ဖြစ်သည်။)

မာနယ်ပလော ကျအပြီး အကြောင်းအမျိုးမျိုးကြောင့် ဘန်ကောက်တွင် လာရောက် သောင်တင်နေကြသည့် တော်လှန်ရေးရဲဘော်များထဲတွင် ကိုစိုးမင်းလည်း ပါဝင်လာခဲ့သည်။ ထိုစဉ်က မုန်တိုင်းကြောင့် လွင့်စင်လာကြသည့် သစ်ရွက်များလို တော်လှန်ရေးရဲဘော်တချို့ ဘန်ကောက်မြို့ထဲ ဝဲလှည့် နေခဲ့ကြရ၏။ တချို့ လေထဲမှာ…။ တချို့ ဘယ်ဆီရောက်လို့ ဘာတွေဖြစ်ကုန်ပြီ မသိ။ ကံမကုန်ကြသေးဘူးဆိုရင်တော့ ကျနော်တို့တတွေ ပြန်ဆုံကြသေးတာပေါ့ ဟု ကိုစိုးမင်းကို စိတ်ထဲမှ ပြောနေမိသည်။

သည်တခါ လာအိုခရီးမှာ အရင်တခေါက်တုန်းကလို မဟုတ်တော့ပါ။ ပိုက်ဆံပိုပေးပြီး စီးရသည့်ကား ဖြစ်သဖြင့် ထိုင်ရပြုရသည်မှာ ချောင်ချိသည်။ ကျွေးသော အစားအသောက်ကလည်း ကောင်းသည်။ ကားတစ်စင်းလုံး သန့်ပြန့် မွှေးကြိုင်လျက်။

တနေရာအရောက်တွင် လက်မှတ်ဖြတ်ပိုင်းကလေးများကို ဘတ်စ်ကား ဧည့်ကြိုမိန်းကလေးက ခရီးသည် တစ်ဦးချင်းစီ လိုက်ဝေသည်။ တချို့က မယူ။ အများစုကမူ ယူထားလိုက်ကြ၏။ ကျနော်ကမူ ထိုင်းလိုရေးထားသည်မို့ ဘာမျှမသိသည့်တိုင် ယူတော့ ထားလိုက်သည်။

ဧည့်ကြိုမိန်းကလေးက အရပ်အမောင်း မမြင့်တမြင့်။ အသားဖြူဖြူ။ ဒူးဆစ်အောက် စကဒ်ကို ချပ်ချပ်ယပ်ယပ်ဝတ်ပြီး ကိုယ်ကိုနွဲ့ကာ လမ်းလျှောက်သည်။ သူက ရုပ်ကလည်းချော မျက်နှာထားကလည်း ချိုသဖြင့် ကျနော် နှစ်သက်ခဲ့ဖူးသော `ဂျပန်ပြည်မှာ ခုနှစ်ညတာ´ ဂျပန်ရုပ်ရှင်ကားထဲက ဘတ်စ်ကား ဧည့်ကြို မိန်းကလေးကို မြင်ယောင်လာမိသည်။ ထို ဇာတ်ကားမှာ အလွမ်းဖြင့် ဇာတ်သိမ်းထားသော ဇာတ်ကားဖြစ်သည်။
နံနက် ဝေလီဝေလင်း အချိန်တွင်မူ ကျနော် ချစ်သော မြို့ကလေးထဲ ဘတ်စ်ကားကြီး ဝင်လာခဲ့သည်။ သည်မြို့ကလေးကို အရင်တခေါက် ဗီဇာရက် တိုးဖို့လာခဲ့စဉ်က ယခုလိုပဲ ဖြတ်သန်းခဲ့ဖူးသည်။ တညလုံး မိုးရွာထားခဲ့ဟန်တူပါသည် လမ်းတွေမှာ မီးရောင်အောက်တွင် သန့်ပြန့်ပြောင်လက်လျက် ရှိနေသည်။ မြို့ကလေးထဲ ဘတ်စ်ကားကြီး ချိုးကွေ့ပြီး ဝင်လာပုံ ကိုယ်က ကဗျာဆန်လွန်းသည်ဟု ခံစားနေမိသည်။ ကျနော့်အခြေအနေက မိသားစုနှင့် ဝေးသထက် ဝေးရာ ကျနော် ချစ်မက်သော ရဲဘော်များနှင့် ဝေးသထက် ဝေးသည့်နေရာ ဥရောပသို့ တစ်ယောက်တည်း ခရီးထွက်လာခဲ့သူ ဖြစ်သဖြင့် စိတ်ထဲတွင် အလွမ်းဓါတ်က အိုင်ထွန်းလျက် ရှိနေခဲ့သည်။ သည်ကြားထဲ လွမ်းမောဘွယ် ထိုင်းသီချင်း တပုဒ်ကလည်း ဖွင့်ပေးထားသဖြင့် ကျနော့်မှာ ပိုပြီး ခံစား လွမ်းမောနေမိသည်။ အဝါရောင် လမ်းဘေးမီးတိုင် မီးရောင်များ အောက်တွင် ဘတ်စ်ကားကြီးသည် အိပ်မက်တစ်ခုထဲကလို ညင်သာစွာ ချိုးကွေ့ပြီး ဝင်လာနေခဲ့၏။ရေများ ပြောင်လက်ရွှန်းစိုနေသည့် လမ်းမကြီး၊ အိပ်မောကျ တိတ်ဆိတ်လျက်ရှိသော အိမ်များ။ မြို့ကလေးရဲ့ နံမည်က  ဥဒွန်းဌါနီ ဖြစ်၏။ လာအိုနှင့် ကပ်လျက် ထိုင်း နယ်စပ် မြို့ကလေး ဖြစ်လေသည်။

မြို့စွန်သို့ အရောက်တွင် ထိုင်း လာအို ချစ်ကြည်ရေးတံတားကြီးနှင့် တံတားနှင့် မလှမ်းမကမ်းတွင် ဟော်တယ်ကြီး တစ်ခု တွေ့ရသည်။ ဘတ်စ်ကားက တံတားကြီးနှင့် ခတ်လှမ်းလှမ်း တနေရာတွင် သွားပြီး ရပ်လိုက်သည်။ ခရီးသည်များ ကားပေါ်ကဆင်းပြီး လမ်းဘေး အဆောက်အဦးတခုတွင် ကားလက်မှတ်များ ဖြတ်ကြရသည်။ ကျနော်က ဘန်ကောက်မှာကတည်းက ခရီးသွားအေဂျင်စီနှင့် ဆက်သွယ်ထားပြီး ဖြစ်သဖြင့် ပိုက်ဆံ ထပ်ပေးဖို့မလိုပဲ လက်မှတ်ဖြတ်လိုက်သည်။ ခရီးသည်များကို သက်ဆိုင်ရာအေဂျင်စီ ကိုယ်စားလှယ်များက စီစဉ်ပေးသည့် ဘတ်စ်ကားများဆီ ကားပြောင်းစီးဖို့ ဆော်သြနေကြသည်။ ခရီးသည်များ ကားပြောင်းစီးကာ တံတားထိပ်ကို ရောက်လာခဲ့ကြသည်။

ခရီးသည်များအားလုံး တံတားထိပ်က လူဝင်မှု ကြီးကြပ်ရေးဂိတ်တွင် ကားပေါ်ကဆင်းပြီး တန်းစီကြရပြန်သည်။ ကျနော်တို့ ဝင်ပြီး တန်းစီနေသော ဂိတ်ဝ တန်းစီနေသူ အများစုမှာ အိန္ဒိယနွယ်ဖွားများက  အများစု ဖြစ်နေသည်ကို သတိထားမိသည်။ သို့သော် ထိုအများစုသည်ပင် မြန်မာပတ်စ်ပို့စာအုပ်များ ကိုင်ဆောင်ထားကြသည်ဟု ကျနော် ထင်သည်။ ကျနော်တို့နှင့် ရင်ဘောင်တန်း တနေရာတွင် နောက်ထပ် ဂိတ်တခု ရှိနေသေးသည်။ ထို ဂိတ်တွင် ဥရောပ တိုက်သားတချို့ တန်းစီနေသည်ကို တွေ့ရသည်။ ကျနော်တို့အထဲက  လူတချို့က သူတို့ဘက်သွားပြီး တန်းဝင်စီဖို့လုပ်တော့ လူဝင်မှု ကြီးကြပ်ရေး လူတစ်ယောက်က လက်ဟန်ခြေဟန်နှင့် တားပြီး နဂို ကျနော်တို့ဘက်တွင်ပင် ပြန်တန်းစီဖို့ ပြောနေလေသည်။
ဂိတ်ဝတွင် တံဆိပ်တုံး ထုပြီးနောက် ဝန်းခြံကြီးထဲ ဝင်လာပြီးကာမှ အဆောက်အဦးတခုထဲ ဝင်ကြရပြန်သည်။ ကျနော်က သူများနည်းတူ လူဝင်မှုကြီးကြပ်ရေးပုဂိုလ်တစ်ယောက်ရှေ့က စားပွဲပေါ် ဘတ်ငွေ ၂၀၀ တင်ပေးလိုက်သည်။ ဘာ့ကြောင့် အခုလို ပေးရသည်ကို ကျနော် မသိ။ မေးမြန်းကြည့်ဖို့ရာကလည်း ကိုယ်နှင့် အတူ ဝင်လာကြသူ အားလုံးက စားပွဲပေါ် ဘတ်ငွေ ၂၀၀ တင်ပေးလိုက်ကြသည်ကိုကြည့်ပြီး မမေးပဲ နေလိုက်ရသည်။ နောင်မှ သိရသည်မှာ အခုလို ဘတ်ငွေ ၂၀၀ ပေးရသည်မှာ အာရှတိုက်သားများ တန်းစီနေသည့် ဂိတ်တွင်သာ ဖြစ်ပြီး ဥရောပတိုက်သားများကမူ တပြားတချပ်မှ မပေးကြရဟု သိလာရ၏။ ထို့ကြောင့် စိတ်ထဲတွင် ကသိကအောက်နှင့်ပင် ဘတ်စ်ကားဆီ ပြန်လာခဲ့ရသည်။

ဘတ်စ်ကားပေါ် ရောက်တော့ ဆာလောင်လျက် ရှိနေပြီ။ ဥဒွန်းဌါနီ မြို့ကလေး မရောက်ခင် လမ်းပေါ်တွင် ဘေးချင်းယှဉ် ကပ်ထိုင်နေသည့် ခရီးသည် တစ်ဦးက ခင်ဗျား ဘာပြုလို့ ကားခဏနားတဲ့နေရာမှာ ဆန်ပြုပ် ဝင်မသောက်ခဲ့တာလဲ အရမ်းကောင်းတဲ့ ဆန်ပြုပ်ဗျ ကြက်သားကလည်း အများကြီး ထည့်ပေးတာ ဟု ပြောတော့ ကျနော်က ပိုက်ဆံကုန်ပါတယ်ဗျာ ကားပေါ်မှာလည်း ကျွေးတာပဲဟာ ဟု ပြန်ပြောခဲ့မိ၏။ သူက ကျနော့်ကို နားမလည်နိုင်သလို တချက်ကြည့်ကာ ဆန်ပြုပ်က ပိုက်ဆံမပေးရဘူးလေဗျာ ကားပေါ်မှာ ခင်ဗျား လက်မှတ်ကလေး ယူထားလိုက်တာ တွေ့တော့ ခင်ဗျားလည်း ဆန်ပြုပ်သောက်မယ်ထင်လို့ ကျနော်တောင် ဆိုင်ထဲမှာ လိုက်ကြည့်နေသေးတယ် ဟု ပြောလာ၏။ ထိုအခါကျမှ ဘုမသိ ဘမသိနှင့် ယူထားလိုက်မိသည့် လက်မှတ်ကလေးမှာ ဆန်ပြုပ် စားလို့ရသည့် တုံကင်လက်မှတ်ကလေးဖြစ်သည်ကို တွေးမိကာ ကျနော့်မှာ ပိုပြီး ဆာလောင်လာရတော့၏။

ယခု လာအိုဘက်ကမ်း ကူးတော့မည် ရှိသောအခါ ကျနော့်မှာ ဗိုက်ထဲတွင် တဂျုပ်ဂျုပ်မြည်လောက်အောင် ဆာလောင် လာခဲ့သည်။ သို့သော် မည်သို့မျှ မတတ်နိုင်တော့ပါ။ ကားပေါ်တွင် လူပြည့်ပြီဖြစ်သဖြင့် ကားမှာ တံတားပေါ် တက်လာခဲ့ပြီ ဖြစ်သည်။ တံတားပေါ်တွင် ကားဖြတ်မောင်းလာနေစဉ် ကျနော်သည် မဲခေါင်မြစ်ကြီးကို တွေ့လိုက်ရသဖြင့် ဆာလောင်နေသည့် စိတ်သည်ပင် မေ့သွားရတော့၏။

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်….။



November 27, 2011

ဥရောပ မဲဇာ


ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၁)

ဘီးတပ် လက်ဆွဲသေတ္တာကြီးကို စေ့ဆွဲ၍ ပိတ်လိုက်သည်။ ကြမ်းပြင်ပေါ်တွင်မူ ထည့်သို ယူဆောင်စရာပစ္စည်း မယ်မယ်ရရ မကျန်ရှိတော့ပါ။

လက်ဆွဲသေတ္တာငယ် ( ဘန်ကောက် NCGUB ရုံးတွင် မိမိနှင့်အတူ ခေတ္တ လာရောက်နေထိုင်သွားကြသည့် NLD-LA ရဲဘော်လေးများရဲ့ အခေါ်အဝေါ်အရ ချေးပုံး ) ထဲတွင်မူ ကျော်စိုးမိုး (ယခု အော်စတေးလျ)က စွန့်ကြဲထားသည့် စပို့ရှပ် တပါတ်နွမ်းတစ်ထည်၊ ဘောင်းဘီရှည် တစ်ထည်၊ တရုပ် ငှက်ဖျားပျောက်ဆေး အာတီစနိတ်ကဒ် ၃ ကဒ်၊ လျက်ဆားတစ်ပုလင်း၊ နှာရှူဘူး၊ နိုင်ဝင်းဆွေ ရဲ့ ` နွေတည´ ဝတ္ထု စာအုပ်နှင့် ဂျပန် ဟိုက္ကုကဗျာစာအုပ်ကို ထည့်လိုက်သည်။ အပေါ်ဆုံး နေရာလွတ်တွင်မူ ဘန်ကောက် ABSDF နိုင်ငံခြားရေးရုံးက အော်စလိုတွင် ရှိနေသည့် ဒီမိုကရက်တစ်မြန်မာ့အသံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံးအတွက် လူကြုံပါးလိုက်သော ဂျင်းဘောင်းဘီ အကောင်းစား အသစ်တစ်ထည်ကို ဖြည့်လိုက်သော အခါ သေတ္တာကလေးမှာ နေရာလပ်မရှိ ပြည့်သွားတော့၏။ 

ထိုင်းမှ အထွက် လာအိုနယ်စပ်တွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် လက်ဆွဲသေတ္တာငယ်ကလေးကို ဖွင့်ပြရသည့်အခါ အပေါ်ဆုံးက တင်ထားသည့် ယင်း ဂျင်းဘောင်းဘီ အသစ်တစ်ထည်မှာ လူရိုသေရှင်ရိုသေဖြစ်ဖွယ် ပစ္စည်းတစ်ခုအဖြစ် ခန့်ထည်နေတော့မည်ကို တွေးကာ မိမိဖါသာ မိမိ ပြုံးလိုက်မိသေးသည်။

ဒီကြားထဲ လက်ဆွဲသေတ္တာငယ်၏ လှို့ဝှက် အဖွင့်အပိတ်နံပါတ်များကို အလွတ်ကျက်မှတ်ရခြင်း နှင့် လက်တွေ့လေ့ကျင့်ရသည်မှာလည်း တဒုက္ခ။ ( ယင်း လက်ဆွဲသေတ္တာငယ်သည်ကား ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အေးက မနေ့တနေ့ကမှ ပေးကမ်းစွန့်ကြဲထားသော သေတ္တာငယ်ပင် ဖြစ်သည်။ )
ဘီးတပ် လက်ဆွဲအိပ်ကြီးကို ကျနော် အလေးအနက်ထားသည်။ တော်လှန်ရေး ဌါနချုပ် မာနယ်ပလောကို ရောက်စကတည်းက အမြဲတမ်းလိုလို ရေးမှတ်ထားခဲ့သည့် မှတ်စုစာအုပ်များ၊ စုဆောင်းးထားခဲ့သည့် စာရွက်စာတမ်းများ၊ ကဗျာစာအုပ်များမှာ ကျနော့်အတွက် အသက်တမျှ အရေးကြီးသည်။ ထို့ကြောင့် လာအို လေဆိပ် လက်ဆွဲသေတ္တာကြီးများ ချိန်တွယ် စစ်ဆေးသည့်နေရာမှစတင်ကာ ကျနော်နှင့် ကျနော့် လက်ဆွဲသေတ္တာကြီး တနေရာစီခွဲပြီး ခရီးအဆင့်ဆင့် ကူးပြောင်းသွားရတော့မည်ကို သိထားသဖြင့် စိတ်တထင့်ထင့် ရှိနေခဲ့ရ၏။ စိတ်မချနိုင် ဖြစ်နေခဲ့သည်။ ကျနော် ကိုင်ဆောင်ထားသည့် ပတ်စ်ပို့အနေအထားနှင့် ဒွန်မောင်းလေဆိပ် လတ်တလော အနေအထားများအရ ကျနော်၏ ဥရောပခရီးကို ဒွန်မောင်းလေဆိပ်မှ မစတင်ပဲ လာအိုမှတဆင့် ဒွန်မောင်းသို့ပြန်ဝင်ပြီးမှ ဥရောပကို ခရီးထွက်ရမည် ဖြစ်လာသောအခါ ကျနော့်မှာ လက်ဆွဲအိပ်ကြီးအပေါ် ပိုပြီး စိတ်မချနိုင် ဖြစ်နေခဲ့သည်။ သို့သော် လေယာဉ်လက်မှတ်များ ဝယ်ပြီးခဲ့ပြီမို့ ဆရာ ဗန်းမော်တင်အောင် ပြောသလို ပြောရလျင် ကျနော်ကကော ဘာများတတ်နိုင်ပါဦးမည်နည်း ဟူ၍သာ ဆိုရချေတော့မည်။

ယခုတော့ ဒွန်မောင်းလေဆိပ် လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ထဲ ကျနော် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ။  လက်ဆွဲသေတ္တာကြီးကမူ ဘယ်ဆီရောက်လို့ ဘယ်ခရီးအထိ ပေါက်နေပြီမသိ။

ည ( ၁၁ ) နာရီခွဲပြီ။ လေဆိပ်ဝန်ထမ်း ၂၀ ခန့်ကို ဝိုင်းပတ်ထားသည့် ခုံတန်းအဝိုင်းကြီးဆီ လျှောက်လာလိုက်သည်။ လွန်ခဲ့သည့် ၂ နာရီလောက်က မိမိနှင့် စကားအနည်းငယ် ပြောဆိုမေးမြန်းထားခဲ့သည့် လေဆိပ်ဝန်ထမ်း မိန်းကလေး၏ ရှေ့တွင် ကျနော် သွားရပ်လိုက်သည်။ လေယာဉ်လက်မှတ်ကို ပြလိုက်သည်။ ဝန်ထမ်းမိန်းကလေးက ကျနော့်မျက်နှာကို အကဲခတ်သလို တချက်ကြည့်သည်။ မလှမ်းမကမ်းတွင် စကားပြောစက်ကိုင်ကာ ရပ်နေသော သူ့ထက် တာဝန်ပိုရှိသူဟု ယူဆရသည့် ပုဂိုလ်ထံ လျှောက်သွားသည်။ သူတို့နှစ်ဦး ကျနော့် လေယာဉ်လက်မှတ်များကို ကိုင်ကာ စကားပြောကြသည်။ ချက်ချင်းဆိုသလို တခြားဝန်ထမ်း သုံးလေးဦးက သူတို့ဘေးတွင် လာရပ်ကာ စကားပြောကြသည်။ ကျနော့်ဘက်ကို အကဲခတ်ကြသည်။ အခြေအနေက ကျနော့် နှလုံးခုန်နှုန်းကို မောင်းတင်လိုက်သလို ဖြစ်လာခဲ့၏။

ဝန်ထမ်းမိန်းကလေးနှင့် စကားပြောစက်ကိုင်ထားသူအမျိုးသားက ကျနော့်ထံ လျှောက်လာနေကြသည်။ တခုခုတော့ မှားနေပြီဟု ကျနော် ယူဆသည်။ ဘာ ဆက်လုပ်ရမည်ကို ကျနော် စဉ်းစားလို့မရ။ ထို့ကြောင့် ဟန်ကိုယ့်ဖို့သဘော ခန္ဒာကိုယ်ကို ခတ်မတ်မတ်ထားပြီး ရပ်စေါင့်နေရသည်။ အနားကို ရောက်လာကာမှ ဘာပြဿနာများ ရှိလို့လည်းဟု မေးလိုက်မိသည်။ 

ဝန်ထမ်းမိန်းကလေးက ကျနော့် ပတ်စ်ပို့စာအုပ်ကို တောင်းကြည့်ပြန်သည်။ ကျနော်က အသာတကြည်ပင် သူ့လက်ထဲ ပတ်စ်ပို့ စ် စာအုပ် ကမ်းပေးလိုက်သည်။ အမှန်စင်စစ် သူတို့က ကျနော့် ပတ်စ်ပို့စ်စာအုပ်ကို တောင်းကြည့်ပိုင်ခွင့်မရှိ ဆိုသည်ကို ကျနော်သိသည်။ သူတို့က လေကြောင်းလိုင်းက ဝန်ထမ်းများသာဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးက မဟုတ်။ သို့သော် ကျနော်က အသာတကြည်ပင် ပေးလိုက်သည်။
သူ့ဘေးက ရပ်နေသော စကားပြောစက်ကိုင်ထားသူက ကျနော့်ပတ်စ်ပို့ စ် စာအုပ်ကိုကိုင်ကာ တနေရာကို ဖုံးဆက်နေသည်။ ပြီးတော့ သူတို့နှစ်ဦး ထိုင်းလို အပြန်အလှန် ပြောနေကြပြန်သည်။ ထိုင်းစကား တလုံးမျှမတတ်သဖြင့် သူတို့ ဘာတွေပြောနေကြသည်ကို ကျနော် မသိ။

ဝန်ထမ်းမိန်းကလေးက ကျနော့်ကို ဒွန်မောင်းက ထွက်ရင် ရရဲ့သားနဲ့ ဘာပြုလို့ လာအိုကတဆင့် ဒွန်မောင်းကို ပြန်ဝင်ပြီးမှ ဥရောပကို ခရီးထွက်ရတာလဲဟု တည့်တိုးပင် မေးလာခဲ့၏။ သည်လိုဖြစ်လာနိုင်သည်ကို အရင်ကတည်းက တွက်ထားပြီး ဖြစ်သဖြင့် ကျနော်က ကြိုတင်လေ့ကျင့် ကျက်မှတ်ပြင်ဆင်ထားပြီး ဖြစ်သော စကားလုံးများကို ရွတ်ဆိုပြလိုက်သည်။ လာအိုတွင် သူငယ်ချင်းတစ်ယောက် ရှိနေကြောင်း၊ သူ့ထံမှ ယူစရာရှိတာယူကာ သူနှင့် တစ်ရက် နှစ်ရက် အတူနေချင်ကြောင်း၊ ပြီးတော့မှ ဒွန်မောင်းကို ပြန်ဝင်ကာ ဥရောပကို ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အကျအပေါက်မရှိ ပြောချလိုက်သည်။ သူတို့နှစ်ယောက်စလုံး ကျနော့်စကားများကို ရာနှုန်းပြည့် ယုံကြည်ကြပုံတော့ မရပါ။ သို့သော် ဘယ်လိုက ဘယ်လို ဖြစ်သွားသည်မသိ။ တာဝန်ပိုရှိသူဟု ယူဆရသူ စကားပြောစက်ကိုင်ထားသည့် အမျိုးသားက ကျနော့်ကို(Boarding Pass) ထုတ်ပေးဖို့ ပြောလာပါတော့သည်။ ချက်ချင်းဆိုသလို ဝန်ထမ်းမိန်းကလေးက ပျာပျာသလဲဖြစ်သွားကာ ကျနော့်ကို(Boarding Pass) ထုတ်ပေးပါတော့သည်။ တဆက်တည်းဆိုသလို ပတ်စ်ပို့စ် စာအုပ်ပြန်ပေးရင်းက မမျှော်လင့်ပဲ ကြန့်ကြာသွားရတာကို ခွင့်လွှတ်ဖို့ တောင်းပန်နေပြန်တော့သည်။

ဝန်ထမ်းမိန်းကလေးက ဂိတ်နံပါတ် ၃၂ ကိုသွားဖို့ ကျနော့်ကို ပြော၏။ ကျနော်က မသဲကွဲသဖြင့် ပြန်ပြောဖို့တောင်းပန်တော့ သူက စာရွက်အလွတ်တစ်ရွက်ပေါ်တွင် ကျနော် သွားရမည့် ဂိတ်နံပါတ် ၃၂ ကို ဆွဲပြရင်း စိတ်ရှည်လက်ရှည် ရှင်းပြ၏။ ကျနော်က သူ့ကို စကားဖြေးဖြေးပြောဖို့ တောင်းပန်ရပြန်သည်။ သူက ကျနော့်ကို ကြည့်ကာ သနားသွားဟန်တူပါသည်။ အသေအချာ စူးစိုက်နားထောင်နေသော ကျနော့်ကို ကြည့်သည်။ ပြီးတော့ ကျနော့် အခြေအနေမှန်ကို တစုံတရာ တွေးမိကောင်း တွေးမိသွားဟန် တူပါသည်။ သူ့ကို ကြောပေးထွက်ခွါသွားတော့မည့် ကျနော့်ကို စကားတခွန်း ပြောဖြစ်အောင် ပြောလိုက်သေး၏။ ဂိတ်နံပါတ် ၃၂ ရဲ့ မျက်စေါင်းထိုးမှာ လူဝင်မှု ကြီးကြပ်ရေးအပေါက် ရှိတယ်၊ အဲဒီအပေါက်ကို လှည့်မကြည့်ပဲ ဂိတ်နံပါတ် ၃၂ ကိုပဲ တည့်တည့်သွားနော်…ဟု လှမ်းပြောလိုက်သေး၏။

လမ်းလျှောက်လာနေရင်းက ရင်တုန်ပန်းတုန် အဖြစ်ကို စဉ်းစားလာနေမိသည်။ အစ ပထမ သူတို့ ကျနော့်ကို မသင်္ကာဖြစ်ကြသည်မှာ သေချာသည်။ ကျနော့် ပတ်စ်ပို့စ်က ခတ်ရွဲရွဲ..။ ပြီးတော့ ကျနော်က အင်္ဂလိပ်စကားကို သေသေချာချာ ရေရေလည်လည် မပြောတတ်။ သူတို့ပြောသည့် အင်္ဂလိပ် အသံထွက်ကိုလည်း ကျနော် နားမယဉ်။ ထို့ကြောင့် အခြေအနေမှာ ပိုဆိုးသွားဟန် ရှိခဲ့သည်။

သို့သော် ကျနော့် ပုံက တကယ့် တောကြိုအုံကြားက ဝတ်ကောင်းစားလှ မထော်မနှမ်း ထိုးထိုးထောင်ထောင် ဝတ်လာသည့် တောသူကြီးသား ပုံမျိုး။ မအူမလည် အ တိ အ တ ပုံမျိုး.။ ဒီကြားထဲ သူတို့ကို အကြောက်လွန်ကာ မျက်စေ့သူငယ် နားသူငယ် အနေအထား။ 

သည်လို အသွင်အပြင်ကပင် ကျနော့်ကို ကယ်တင်လိုက်သည်လား မပြောတတ်ပါ။ သူတို့က ကျနော့်လို မအူမလည် လူတစ်ယောက်နှင့် စကားကြာရှည် မပြောချင်ကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဥရောပရောက်ကာမှ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျနော့်ကို မနှောက်ယှက်ကြတော့ပဲ သည်အတိုင်း လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ကြဟန်တူပါသည်။

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်….။

November 26, 2011

နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့ (၄)

                                                    ဥရောပ မဲဇာ
                            နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်း လေဆိပ်သို့ (၄)


ဝါးတရိုက်ခန့် အမြင့်ရှိသည့် မှန်ကာကြီး၏ဘေးတွင် ကျနော် ထိုင်နေခဲ့သည်။ အပြင်ဘက် လေဆိပ်ကွင်းထဲက ဆိုက်ကပ်ထားသည့် လေယာဉ်တချို့နှင့် ကုန်ပစ္စည်းသယ်သည့် ကားငယ်ကလေးများကို ကျနော် တွေ့ရသည်။ အသံလုံ ခန်းမကြီးဖြစ်သဖြင့် အပြင်ဘက် လေဆိပ်ထဲက လေယာဉ်များ အဆင်းအတက်လုပ်သည့်အသံနှင့် အ ခြားအသံများကို ကျနော် မကြားရ။ ခန်းမထဲ လူသွားလမ်းဘေး မှန်ကာကြီးအောက်က ခုံတန်းကလေးပေါ်တွင် ကျနော် တစ်ယောက်တည်း။
ဘေးတွင်ချထားသည့် ရေပုလင်းလေးကို ကြည့်ကာ အတွေးအမျှင်တန်းရပြန်သည်။
ယခုအခါ ကျနော့် ပိုက်ဆံအိပ်ထဲ၌ ဘတ်ငွေ ၁၅၀ ရှိနေသေး၏။ တခြား နိုင်ငံခြားငွေ အမျိုးအစားဆို၍ ကျနော့် အိပ်ထဲ၌ တပြားတချပ်မျှ မရှိ။ အမေရိကန်ဒေါ်လာ ပိုက်ဆံဆိုလျင် ယခုထက်ထိ မြင်တောင် မမြင်ဘူးသေး။ ကျနော့် ခရီးစဉ်အားလုံး လေယာဉ်ခအားလုံး အတွက် ဘန်ကောက်မှာကတည်းက ပေးချေထားပြီးဖြစ်ခဲ့သည်။ လာအိုနိုင်ငံရောက်သည်အထိ ထိုင်းဘတ်ငွေဖြင့်သာ သွားလာနေထိုင်ခဲ့၏။ လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တွင် သုံးရက်ခန့် နေထိုင်စဉ် ထိုင်းဘတ်ငွေကိုသာ သုံးစွဲလို့ အဆင်ပြေခဲ့၏။ ဗီယက်ကျန်းလေဆိပ်တွင် လေယာဉ်ပေါ်တက်သောအခါ ကျနော့်အိပ်ခပ်ထဲ၌ ထိုင်းဘတ်ငွေ ၁၈၀ ရှိနေသေး၏။
လာအိုမှတဆင့် ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ရောက်သောအခါ ကျနော် ဗိုက်ဆာလာခဲ့သည်။ လက်ထဲတွင် ဘတ်ငွေ ၁၈၀ ရှိနေသေးသဖြင့် တခုခု ဝယ်စားပြီး ဗိုက်ဖြည့်ထားရလျင် ကောင်းမည်ဟု စဉ်းစားသည်။ လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ထဲက အခွန်လွတ် ဈေးဆိုင်များတွင် ဈေးချိုနိုင်သည်ဟုလည်း တွေးသည်။ ထို့ကြောင့် နီးရာ ဆိုင်တွင် ပထမဦးစွာ ရေတပုလင်း ဝယ်လိုက်သည်။ ကျနော်က ဘတ် ၅၀ တန်တစ်ရွက်ပေးလိုက်သည်။ ဆိုင်ရှင်ကောင်မလေးက ဘေးလူနှင့် စကားပြောရင်း ကျနော့်ကို ဘတ် ၂၀ ပြန်အမ်းလိုက်သည်။ ကျနော်က နောက်ထပ် ကျန်ငွေထပ်ပြီး အမ်းလိမ့်မည်ထင်ပြီး နေရာတွင်ပင် ရပ်နေသည်။ ဆိုင်ရှင်ကောင်မလေးက ဘေးလူနှင့်သာ စကားဆက်ပြောနေသည်။ ကျနော့်ကို တချက်မျှလှည့်ကြည့်သော်လည်း သူက ပြုံးရုံသာ ပြုံးပြပြီး တဖက်ကို ပြန်လှည့်သွားသည်။ ကျနော်က ဘာဆက်လုပ်ရမှန်းမသိအောင် တွေဝေနေမိသေးသည်။ 
ဘန်ကောက်မြို့ထဲတွင် ဘတ် ၁၀ သာ ပေးရနိုင်သည့် ရေတပုလင်းကို ဆိုင်ရှင်က ဘတ် ၃၀ ယူထားလိုက်ပြီ။ တခုခု မှားနေပြီလားလို့လည်း ကျနော် တွေးသည်။ သို့သော် ကျနော် စေါဒက မတက်ရဲ။ တကယ်ပဲ လေဆိပ်ထဲက ဈေးဆိုင်များတွင် သည်လိုပဲ ဈေးကြီးတတ်သည် မတတ်သည်ကိုလည်း တပ်အပ်သေချာ ကျနော်မသိ။ ကျနော် အသာလေး နောက်ကို ဆုတ်လာခဲ့သည်။ ခုန်တန်းလေးပေါ် နွမ်းချိစွာ ထိုင်သည်။ ဗိုက်ဆာသည့်တိုင် ကျနော့်တွင် ကျန်ရှိနေသေးသော ပိုက်ဆံနှင့် ကိုယ်မှာစားသည့်ပိုက်ဆံ မလောက်ငသည် ရှိခဲ့သော်…၊ ကျနော် တံတွေးကိုသာ မြိုချနေမိသည်။ နောက်ထပ်ပြီး ဘာကိုမျှ ဝယ်ပြီး မစားရဲတော့။ ထိုအခါကျမှ ကဗျာဆရာ မောင်လွမ်းဏီနှင့် ပန်းချီဆရာလေး ကိုဟန်ကို သတိရပြန်သည်။
ဘန်ကောက်မှတဆင့် လာအိုသို့မလာရောက်မီ တစ်ရက်အလိုက ကဗျာဆရာမောင်လွမ်းဏီက ဥရောပကို ခရီးထွက်မည့်သူဖြစ်သဖြင့် သူ့အား ဘီယာဖြင့် ဧည့်ခံနှုတ်ဆက်ဖို့ တောင်းဆိုခဲ့၏။ထိုစဉ်က ကျနော့်တွင် ဘတ်ငွေ ၁၀၀၀ ဝန်းကျင် ရှိနေသည်။ ကျနော့်တွင် လက်ကျန်ပိုက်ဆံ နည်းနေပြီဖြစ်သဖြင့် ဘီယာ မတိုက်နိုင်တော့သည့်အကြောင်း မောင်လွမ်းဏီကို ကျနော် တောင်းပန်၏။ သို့သော် မောင်လွမ်းဏီက လက်မခံပါ။ ဥရောပကို ခရီးထွက်မည့်သူ တစ်ဦးတွင် ခရီးစရိတ်ငွေ လုံလုံလောက်လောက် ရှိကို ရှိရမည်ဟု ယူဆပြီး ကျနော့်ကို မဖြစ်မနေ ဘီယာတိုက်ဖို့ တောင်းဆို၏။ နောက်ဆုံးတွင် မိမိအနေနှင့်ကလည်း ခင်မင်းရင်းနီးသူများကို ကျွေးမွေးပြုစုချင်သည့် ဆန္ဒကလည်း ရှိနေပြန်သဖြင့် မောင်လွမ်းဏီနှင့် ကိုမောင်ဟန်ကို ဘီယာ ဝယ်ပြီးတိုက်၏။ ဘတ်ငွေ ၅၀၀ နီးပါး ကုန်သွား၏။  
သူတို့နှင့်လမ်းခွဲပြီး ကျနော် တည်းခိုနေသည့် အိမ်ကိုပြန်ရောက်တော့ ကျနော့်လက်ထဲတွင် ဘတ်ငွေ ၄၀၀ ကျော်သာ ကျန်ရှိတော့သည်။ လာအိုခရီးစရိတ်နှင့်နော်ဝေးအထိ လေယာဉ်ခများကိုမူ ပေးချေထားပြီး ဖြစ်သဖြင့်  ထိုစရိတ်များအတွက် ကျနော့်မှာ ပူပန်စရာမလို။ ထို့ကြောင့် ထိုငွေလက်ကျန်နှင့်ပင် လာအိုသို့  ကျနော် ခရီးထွက်ခဲ့သည်။ လာအိုတွင် သုံးရက်မျှ နေထိုင်စဉ် စားစရိတ် နေစရိတ်များမှာ ပေးချေထားပြီးဖြစ်သဖြင့် အခြား အသေးသုံးစရိတ်အနည်းငယ်မျှသာ ကျနော် လိုအပ်ခဲ့၏။ သည်လိုနှင့်  ဗီယက်ကျန်းလေဆိပ်တွင် လေယာဉ်ပေါ် တက်သောအခါ ကျနော့်လက်ထဲ၌ ဘတ်ငွေ ၁၈၀ သာ ကျန်ရှိတော့သည်။
ယခု ဗိုက်ဆာသဖြင့် ရေတပုလင်း ဝယ်လိုက်တော့ လက်ကျန်ငွေမှာ ဘတ် ၁၅၀ သာ ရှိတော့သည်။ ယုံချင်ယုံ မယုံချင်နေ ကျနော်ဆိုသော အနှီ ဥရောပခရီးသည်ကား နော်ဝေးနိုင်ငံသို့ ယင်း ဘတ်ငွေ ၁၅၀ ဖြင့် ချီတက်တော့မည် ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပေသည်။
သည်လို စဉ်းစားသည့်အခါ တဆက်တည်းဆိုသလို မာနယ်ပလောတွင် ရှိနေခဲ့စဉ်က ကျနော်တို့တတွေ အသုံးအစွဲ ချိုးခြံချွေတာခဲ့ကြပုံလေးကို သွားပြီး တွေးမိပြန်သည်။
ထိုစဉ်က ဒီမိုကရက်တစ်မြန်မာ့အသံ မာနယ်ပလော စတူဒီယိုတွင် ကျနော်တို့တတွေ တာဝန်ထမ်းဆောင်စဉ်က ဖြစ်သည်။ စတူဒီယို တာဝန်ခံမှာ ကိုစိုးဟန်( ရွှေအိမ်စည်) ဖြစ်သည်။ ကျနော် အပါအဝင် စတူဒီယိုတွင် အလုပ်လုပ်နေသူ ရဲဘော် ခြောက်ယောက်ရှိသည်။ ကျနော်က သတင်းထောက်တာဝန်ယူရသည်။ တစ်နေ့ ကျနော်က ထိုင်းဘက်ကမ်း သော်လည်းထ ဈေးကွက်ရွာမှ အပြန် ကျောင်းသားတပ်မတော်က ဖွင့်ထားသော ဈေးဆိုင်မှ လစဉ်ထုတ် မဂဇင်းတချို့ဝယ်လာခဲ့၏။ ထိုစဉ်က မာနယ်ပလော နယ်မြေအဖို့ ပြည်တွင်းမှ ထုတ်ဝေသည့်စာအုပ်များ အလွယ်တကူ ရရှိဝယ်ယူနိုင်သည့် အခြေအနေမျိုး ဒေသမျိုး မဟုတ်ပါ။ ထို့ကြောင့် ကျနော်က မဂဇင်းစာအုပ် ၂၅၀ ဘိုးအထိ ဝယ်ယူလာနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူစွာ စခန်းသို့ ပြန်လာခဲ့သည်။
စခန်းသို့ရောက်သောအခါ မဂဇင်းစာအုပ်များကို ကြမ်းပြင်တွင်ချပြီး စာရင်းရှင်း၏။ ထိုအခါ ရဲဘော်များ အားလုံးလိုလိုက ကျနော့်ကို ဝိုင်းပြီး ဝေဖန် အပစ်တင်ကြတော့၏။ ကျနော်သည် တော်လှန်ရေးပိုက်ဆံကို မလိုအပ်ပဲ ဖြုန်းတီးပစ်သူဖြစ်သည်အထိ ရဲဘော်ကိုစိုးမင်း(ယခု အမေရိကား)က ဝေဖန် ပြစ်တင်၏။ ကျနော့်မှာ မည်သို့မျှ မတုန့်ပြန်နိုင်ခဲ့ပါ။ ရဲဘော်တွေ ပြောသမျှ လက်တွေ့မှာ ကျနော် မငြင်းနိုင်သည့် အခြေအနေများကလည်း အထင်အရှားရှိနေသဖြင့် ခေါင်းငုံ့၍သာ ငြိမ်နေခဲ့ရ၏။
ထိုစဉ်က ကျနော်တို့အားလုံး ဒီမိုကရက်တစ် မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်နေကြသည်မှာ လစာ တပြားတချပ်မျှ ရကြသည်မဟုတ်ပါ။ လစာပေးနိုင်အောင်လည်း စတူဒီယိုအတွက် ရသည့်ငွေက လုံလောက်ခြင်းမရှိပါ။ ပြီးတော့ ကျနော်တို့ကိုယ်တိုင်ကလည်း ယင်းအလုပ်မှာ တော်လှန်ရေးတာဝန်ဖြစ်သဖြင့် လစာယူရမည့် အလုပ်တစ်ခုအနေနှင့်လည်း မစဉ်းစားခဲ့ကြပါ။ ထိုစဉ်က ရဲဘော်တစ်ယောက် တစ်လလျှင် သုခိတာ ဆေးလိပ် ၅၀ စီး တစ်စီးစီသာ ယူခဲ့ ရခဲ့ကြ၏။ သို့နှင့်တိုင် ယင်း သုခိတာ ခွဲတမ်းသည်ပင် လစဉ် ပုံမှန် ရတတ်သည် မဟုတ်ပါ။ သည်လို မရသည့်လများဆိုလျင်လည်း မည်သူကမျှ စေါဒက တက်ခဲ့ကြသည် မရှိပါ။ သည်လိုအခြေအနေမျိုးတွင် ကျနော်က ဘတ်ငွေ ၂၅၀ ဘိုး စာအုပ်များ ဝယ်လာခဲ့သည်မှာ မိုက်မဲရာ ကျကောင်းကျနေမလားဆိုသည့် အတွေးဖြင့် ကျနော့်မှာ စိတ်ကို ဖြေခဲ့ရ၏။
ယခုအခါ တော်လှန်ရေးတာဝန်ဖြင့်ပင် ဥရောပကို ကျနော် ခရီးထွက်လာခဲ့ပြီ ဖြစ်သည်။ နော်ဝေးနိုင်ငံတွင် အခြေစိုက်ထားသည့် ဒီမိုကရက်တစ်မြန်မာ့အသံတွင် အသံလွှင့်သမားအဖြစ် တာဝန်ထမ်းဆောင်ရန် ခရီးထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ထဲတွင် လေယာဉ်ထိုင်စေါင့်နေပြီ ဖြစ်သည်။ ယင်းအချိန်တွင် ကျနော့်လက်ထဲ ဘတ်ငွေ ၁၅၀ သာ ကျန်ရှိနေသေးသည့် အဖြစ်ကို သိတ်ပြီး မခံစားမိ မစိုးရိမ် ခဲ့မိပါ။ တချိန်တည်းမျာပင် ငါသည်ကား တော်လှန်ရေး ရဲဘော်တစ်ဦးသာဖြစ်သည်ဟူသည့် အသိကိုလည်း တွေးနေမိသောကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်…..