
( က )
နှလုံးသားကို အေးခဲသွားစေတဲ့ သည်အဖျား
နောက်ဆုံးပါးလိုက်တဲ့ လက်ဆောင်လို
ခုထိ ငါမှတ်မိနေသေးရဲ့ ။
နေ့ ခင်းနဲ့ တူတဲ့ သည်ည
ပြီးတော့ ပြာပုံတွေကြားထဲက
ကြေကွဲနေတဲ့ အရိပ်တခု
အခုထိ ငါမှတ်မိနေသေးရဲ့ ။
မီးလောင်နေတဲ့ အနံ့ ဟာ
စိတ်မချမ်းမြေ့ မှုလို
စူးဝါးကြမ်းရှ နေရဲ့ ။
သည်အနံ့ ဟာ ဘယ်တော့မှ ငါ့ကိုမခွါ
ကျေးရွာတွေရဲ့ ပြာမှုံများလို
တိုက်ဖွိုက်ရောဂါ ကယောင်ကတမ်း
ဝေဒနာရဲ့ 
အနီရောင်နဲ့ အနက်ရောင် ကောက်လှိုင်းစည်းများလို့
သူစိမ်းဆန်တဲ့ တိတ်ဆိတ်မှုသစ်ထဲက
သေဆုံးသွားတဲ့ လ၀န်းရဲ့ အစိပ်အပိုင်းလို
သည်အနံ့ ဟာ ငါနဲ့ အတူရှိနေရဲ့ ။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )
၁၉၅၄ - ခု ၊ နွေဦး၊ စလင်းမြို့ ....။
အိပ်ပျော်ရာက လန့် နိုးလာခဲ့သည်။ မျက်စေ့ကျိန်းမတတ် အလင်းရောင်များကို တွေ့ လိုက်ရသည်။ မလှမ်း မကမ်းက ခြေသံများကိုကြားရသည်။ ပူနွေးနူးညံ့ သည့်လက်တဖတက်ကို ဆုပ်ကိုင်မိသည်။ လူတစ်ယောက်ရဲ့  လက်တဖက်က သူ့ ခေါင်းပေါ် အသာအယာတင်လျက်။
“သား၊ အိပ်နေလေ၊ အမေရှိတယ်၊ အသာလေးအိပ်နေ”
ခေါင်းကိုမေါ့ပြီးကြည့်သည်။ ခြံစည်းရိုးအပြင်ဖက်၊ ခြံဝန်းဘေးက လမ်းခင်းလိပ်သဲကျောက်တုံးများ နှင့်မြင်းခွါများပွတ်တိုက်မိသံကြားရသည်။ ခရာတုတ်သံကြားရသည်။ မြင်းခွါသံများမှာဝေးကွာသွားနေ၏။ အလှမ်းဝေးလွန်းသည့်တနေရာမှ လူသံများကိုကြားရသည်။ ဗျောက်အိုးဖေါက်သံများမှာ တမြို့ လုံးကိုလွမ်း မိုးလျက်။ မီးရောင်များမှာ ရုတ်တရက်ဝင်းလက်လင်းဖြာပြီးမှ တဖြေးဖြေး အမှောင်ကျသွာ၏။
ဆေးရုံကြီးဖက်က အော်ဟစ်ပြောဆိုသံများကြားရသည်။ တံခါးများရိုက်ချိုးဖျက်ဆီးနေသည့် အသံများကိုကြားရသည်။ ခြေသံများမှာ နီးလာလိုက်ဝေးသွားလိုက်ဖြစ်နေ၏။ ခေါင်းပေါ်တင်ထားသည့် မိခင်၏လက်ကသူ့နဖူးကိုအသာဖိသည်။သူက မျာက်လုံးများကို မှိတ်ကာ ဗျောက်အိုးဖေါက်သံများကို နားထောင်သည်။ ဗျောက်အိုးများက တခါတရံ တချက်ချင်း။ တခါတရံအတွဲလိုက်။ တခါတရံ နားကွဲလုမတတ် ပေါက်ကွဲမြည်ဟီးလျက်။
မိခင်၏ကိုယ်နံ့ ကြောင့်သူ့ မှာသတ္တိများပြည့်လာရ၏။ နေ့ ခင်းကြောင်တောင်ပမာ အလင်းရောင်များ လင်းဖြာလိုက်သည့် ညကိုသူကြောက်သည်။ မိုးခြိမ်းသံများလို ဗျောက်အိုးဖေါက်သံများကို သူကြောက်သည်။ အမှောင်ထုအောက်က ခြေသံများကိုသူကြောက်သည်။ သို့ နှင့်သူသည် မိခင်၏လက်ကိုဆုပ်ကိုင်ရင်း....၊မိခင် ၏ခန္ခာကိုယ်နှင့်တိုးဝင်ပူးကပ်ရင်း ပြန်လည်အိပ်ပျော်သွားရ၏။
အိပ်ပျော်ရာကနိုးတော့ သူ့ ခန္ခာကိုယ်မှာအိပ်ယာထဲတွင်လဲလျောင်းလျက်။ သူက ကမန်းကတန်း အိမ်ရှေ့ကိုထွက်သည်။ မိခင်ကိုရှာသည်။ အိမ်ရှေ့ခန်းတွင် လူတချို့ ထိုင်နေကြသည်။ မိခင်ကို ကုလားထိုင် တစ်လုံးတွင်ထိုင်လျက်တွေ့ ရ၏။ အမဖြစ်သူ့ကမိခင်၏ဘေးတွင် တံပျက်စီးတချောင်းကိုင်ရင်းရပ်လျက်။ ညီလေးက ဖခင်၏ရင်ခွင်ထဲတွင်ထိုင်လျက်။
“ဆရာကြီး၊ ဆေးရုံက ဆရာဝန်ကြီးက ခဏာလာပါအုန်းတဲ့”
ထိုင်နေသူအားလုံးထိုင်ရာက ထရပ်လိုက်ကြသည်၊ ပြတင်းပေါက်က်တဆင့် အောက်ကိုငုံကြည်ကြ သည်။ ဖခင်က ညီလေးကို မိခင်ထံလွှဲကာ အိပ်ပေါ်ကဆင်းသည်။ ဆေးရုံကြီးဆီ ခတ်သုတ်သုတ် လျောက်သွားနေ၏။
ရေကပြင်တွင် မျက်နှာသစ်ရင်းလူကြီးတွေပြောဆိုနေကြသည့် စကားများကို သူ့ နားထဲ၌ ထပ်ပြန် တလဲလဲကြားနေရ၏။
“သစ်ပင်တွေမှာ လူ့ ဦးဏှောက်တွေကပ်နေတာ။ အဲဒီသစ်ပင်မှာ လူတယောက်ယောက်က ကပ်ပြီင်္း ရပ်နေတုန်း ခေါင်းကိုသေနတ်မှန်သွားလို့ ဖြစ်မှာပေါ့၊ပြီးတော့ သစ်ပင်ခြေရင်းမှာသွေးအိုင်ကြီးရှိနေတာပဲဟာ”
“ရဲစခန်းထဲမှာ သွေးအိုင်တွေနဲ့ ဒရွတ်တိုက်ဆွဲသွားတဲ့စွပ်ကြောင်းတွေလည်းရှိနေသေးတယ်”
“ရောက်စုံသူပူန်တွေက ညနေကတည်းက လှည်းတွေနဲ့မသိမသာမြို့ ထဲရောက်နေတာဆိုပဲ။ က္ကုသိနာရုံဘုရားဝင်းထဲမှာ စခန်းချသွားကြတာ၊ မြင်းတွေစီးပြီးတမြို့ လုံး မကြောက်ကြဖို့ ၊ အိမ်အပြင်ဖက် မထွက်ကြဖို့ လိုက်အော်ကြသေးတယ်၊ သူတို့ ချင်း လူချင်းမှားပြီးပစ်ကြ ခတ်ကြသေးတယ်တဲ့”
“ဆေးရုံတံခါးတွေကို ရိုက်ချိုးဖွင့်ပြီး ဆေးတွေအကုန်ယူသွားတယ်တဲ့၊ နယ်ပိုင်ကြီးအိမ်ဖက်၊ မြို့ ရိုး ဟောင်းပေါ်ကို သူတို့ က စစ်ဖိနပ်တွေနဲ့ တက်ကြတာပဲ၊ စစ်တပ်နဲ့ ပုလိပ်တန်းလျားကို အဲဒီပေါ်ကနေပြီး အမြောက်နဲ့ ထုတာတဲ့၊ ဘာရမှလဲ၊ မြို့ ရိုးကုန်းထိပ်မှာ နတ်စင်ကရှိနေတယ်လေ၊ မြင်းဖြူရှင်က မြင်းဖြူစီးပြီးတမြို့ လုံးပတ်ပြီး စောင့်ရှောက်ခဲ့လို. သူပုန်တွေ သူ့ အလောင်း သူဆွဲပြီးပြန်ဆုပ်သွားရတာ”
မျက်နှာသစ်ပြီး အိမ်ပေါ်ကဆင်းတော့ ဆေးရုံကြီးရှေ့ တွင် လူတွေအုပ်လိုက်ရောက်နေသည်ကို တွေ့ ရ၏။ အိမ်ရှေ့ ကားလမ်းမဘေး ညောင်ပင်ကြီးအောက်တွင်ရပ်ကာ ဆေးရုံးကြီးအပေါက်ဝ့ကို လှမ်းကြည့်နေ မိသည်။
ဘာ့ကြောင့်ရယ်မသိ.....။ သူ့ ရင်ထဲ ၌ထိတ်လန့် ကြောက်ရွံ့ ခြင်းနှင့်အဖြေမထွက်သည့် မေးခွန်းများသာ လုံးထွေးရစ်ပတ်လျက်ရှိလေသည်။
( ၂ )
သည်မှာကော
သစ်ရွက်တွေကြားထဲမှာ ပျောက်ကွယ်နေတဲ့
အိမ်တွေထဲမှာကော
ဘ၀ဆိုတာ တကယ်ရှိရဲ့ လား။
ကောင်းကင်က တိတ်ဆိတ်
ပြာမှုန်တွေက တိတ်ဆိတ်
ပစ်သတ်ခံရသူတွေရဲ့ ကြက်လျှာစွန်းဦးထုပ်တွေက တိတ်ဆိတ်
အချိန်ကို တိုင်းထွာနေတဲ့
လေးနက်တဲ့ နာရီသော့သီးလို တင်းမာတဲ့
ကြိုးကွင်းတပ် အသတ်ခံရသူသာလျင်
မမောမပမ်း လှုပ်ယမ်းနေတယ်။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )
သူနှင့်သူ့ သူငယ်ချင်း‘ချမ်းမြေ့ ’ တို့ စစ်တပ်ဂိတ်ရှေ့ ကိုရောက်တော့ လမ်းပေါ်တွင် လူတစ်ယောက် မျှ မရှိပဲဖြစ်နေသည်။ သူတို့ နှစ်ယောက်စစ်တပ်ဂိတ်ရှေ့ မှခတ်ဖြေးဖြေးလျှောက်လာကြ၏။ ဂိတ်ဝအစေါင့် တဲကလေးထဲတွင် စစ်သားတစ်ယောက် သေနတ်လွယ်ရင်းရပ်နေသည်ကိုတွေ့ ရသည်။ စစ်သားလုပ်သူက သူတို့ နှစ်ယောက်ကို လှမ်းကြည့်သည်။ ထို့ နောက်တဖက်သို့ မျက်နှာလွှဲသွား၏။
အသက်ဆယ်နှစ်ပင်ပြည့်ဟန်မရှိသည့် သူနှင့် ‘ချမ်းမြေ့ ’ ကိုစစ်သားကြီးက အရေးမစိုက်သည့်ဟန် နှင့် ဆေးလိပ်ပင် မီးညှိပြီးသောက်နေ၏။
သူက ဂိတ်ဝနှင့်မလှမ်းမကမ်း ခြံဝန်းဘေးမှကပ်ပြီးလျောက်သည်။ သူတို့ နှင့်ငါးကိုက်မျှအကွာတွင် တမာပင်တစ်ပင်ရှိ၏။ တမာကိုင်း တစ်ကိုင်းကလမ်းဖက်ကိုတိုးထွက်နေ၏။ ထိုသစ်ကိုင်းတွင် လူတစ်ဦး၏ ဦးခေါင်းပြတ်တခုဆွဲချိပ်လျက်။ ရှည်လျားသည့်ဆံပင်ကို ကြိုးတစ်ချောင်းနှင့်ဆွဲချီကာ သစ်ကိုင်းတွင် ချိပ်ထားခြင်းဖြစ်၏။
သူက သစ်ပင်ခြေရင်းအထိ တိုးကာချိပ်ထားသည့် ဦခေါင်းကို အနီးကပ်ပြီးကြည့်ချင်နေသည်။ သို့ သော် သူငယ်ချင်းဖြစ်သူ “ချမ်းမြေ့ ” ကသူ့ လက်ကိုဆွဲထား၏။ သို့ နှင့်တိုင်သူက သစ်ပင်ရှိရာတိုးသည်။ ချိပ်ထား သည့် လူဦးခေါင်းးကို အသေအချာမေါ့ကြည့်သည်။
သစ်ကိုင်းတွင်ချိပ်ထားသည့် ဦးခေါင်းမှာ မျက်လုံးများပင်မရှိတော့။ မျက်နှာပြင်တခုလုံး သွေးများ၊ရွံ့ များပေကျံလျက်။ လည်တိုင်မှာ အူလိုလို၊ အရေပြားလိုအသားမျှင် တချို့ တွဲကျလျက်။ သွေးစများကိုတွေ့  ရသည်။ ညိုမဲလျှက်ရှိသော မျက်နှာတစ်ခြမ်းကိုရွံ့ များ၊ရေများစိုလူးနေသည့်ဆံပင်များက ဖုံးအုပ်လျက်။
ထိုနေ့ က ကျောင်းတွင်ဆရာ၊ ဆရာမများအချင်းချင်းစကားပြောနေကြသည်။ သူက စာသင်ခန်းထဲ မ၀င်သေးပဲ ဆရာမနှစ်ဦး ဘေးတွင်ကပ်ပြီးရပ်သည်။ လွယ်အိတ်ကို မသိမသာ ပြင်ပြီးဆွဲသည်။ ဆရာမ တချို့ မှာ မျက်စေ့မျက်နှာ ပျက်နေကြ၏။
“ကျမကျောင်းကိုလာတော့ တကယ်ဟုတ်တယ်တော့၊ စစ်တပ်ရှေ့ မှာ ခေါင်းပြတ်ကြီးတကယ်ချိပ်ပြီး ပြထားတာ၊ ဘယ်သူကြည့်ကြည့် ကြည့်လို့ ရအောင် တမင်ဆွဲချိပ်ပြီး ပြထားတာတဲ့၊ အဲဒါ သူပုန်ဗိုလ်ရဲ့  အလောင်းကိုသူ့ မိန်းမကိုပြတော့ သူ့ မိန်းမက စစ်သားတွေကို ရန်တွေ့ လိုက်တာဆူနေတာပဲတဲ့။ သူပုန်ဗိုလ်ရဲ့ မိန်းမက စစ်သားတွေကို ပခုံးချင်းအတင်းလိုက်တိုက်ပြီး ရန်တွေ့ တာတဲ့”
သူနှင့်သူ့ သူငယ်ချင်း“ချမ်းမြေ့”တို့ ၊ စစ်တပ်ဂိတ်ရှေ့ ကပြန်လာတော့ အိမ်ပေါက်ဝတွင် ဖခင်ကတုတ် တချောင်းကိုင်ပြီးရပ်စောင့်နေသည်ကိုတွေ့ ရ၏။ “ချမ်မြေ့ ” က တုတ်ကိုင်ထားသည့် မိမိ၏ ဖခင်ကို မြင်က တည်းကသူနှင့်အတူလိုက်မလာခဲ့တော့။ သူက အိမ်ရှေ့ ရေမြောင်းပေါ်က တံတားလေးပေါ်တက်သည်။ ဖခင်၏တုတ်က သူ့ ခြေထောက်ပေါ်ရောက်လာ၏။ သူကလှမ်းထားသည့်ခြေထောက်ကိုရုပ်သည်။နာကျင်မှု ကို အံကြိတ်ပြီးခံ၏။ နောက်တဖန်ခြေထောက်တဖက်ကို တံတားပေါ်တင်သည်။ နောက်ထပ်ပြီးတုတ်တချက် သူ့ ခြေဖမိုးပေါ်ကျလာ၏။
“မင်း...တော်တော်ခေါင်းမာတဲ့ကောင်၊ နောက်ကိုဒါမျိုးထပ်လုပ်ရင်သည့်ထက် နာအောင်အဖေ ရိုက် မယ်၊ ခင်ရေ...ဟောဒီမှာ မင်သားလူစွမ်းကောင်းကြီးပြန်လာပြီကွ”
နောက်ထပ်( ၂ )ရက်ရှိသောအခါ သူသည်‘ စိန်စီနီမာ ’ ရုပ်ရှင်ရုံကြီး ဖက်သို့ ထွက်လာခဲ့၏။ အိမ်မှ မိနစ် ( ၂၀ )ခန့် ခြေလျင်လျောက်လျင်ရောက်သည့်ရုပ်ရှင်ရုံကြီးဖက်ကိုထွက်ခဲ့၏။ ရုပ်ရှင်ရုံကြီးနှင့် မလှမ်းမကမ်း တွင်မြို့ ပတ်လမ်းရှိ၏။ မြို့ ပတ်လမ်းပေါ်မှကြည့်လျင် လယ်ကွက်များကို ကျော်ကာ ရွာကလေးတရွာကို လှမ်း မြင်နေရ၏။ လယ်ကွင်းကြီးက တကွင်းလုံး စိမ်းစိမ်းစိုလျက်။
“သူပုန်ဗိုလ်နဲ့ သူ့ မိန်းမကို အဲဒီလယ်ကွင်းထဲမှာ စစ်တပ်ကဖမ်းမိလိုက်တာတဲ့၊ သူ့ မိန်းမက အဲဒီရွာ ကဆိုလားပဲ၊ စစ်တပ်ကသတင်းရလို့ ကြိုစောင့်နေတာ၊ နှစ်ယောက်စလုံး ခံပြီးပစ်သေးတယ်တဲ့၊ မိန်းမကို တော့ရွာနားကြမှမိတာ၊ သူပုန်ဗိုလ်ကတော့ လယ်ကွင်းထဲမှာပဲ သေနတ်မှန်ပြီးသေသွားတာ”
အတန်းပိုင် ဆရာမ၏ စကားများကိုသူမှတ်မိနေသည်။ စစ်တပ်ဂိတ်ရှေ့ က၊ တမာပင်တွင်ချိပ် ဆွဲထားသည့် သူပုန်ဗိုလ်၏ခေါင်းပြတ်ကြီးကို မေ့ လိုမရ။ နောင်အခါ မကြာခဏ ဆိုသလို စိန်စီနီမာ ရုပ်ရှင် ရုံကြီးဖက်ကို သူသွားခဲ့၏။ မြို့ ပတ်လမ်းပေါ်ကတဆင့် လယ်ကွင်းစိမ်းစိမ်းကြီးကို ရပ်ပြီးကြည့်သည်။လယ် ကွက်များ၏ဟိုမှာဖက်တွင်ရွာကလေးကိုမြင်ရ၏။ ရွာကလေးမှာ တောအုပ်ထဲတွင် ကိုယ်တပိုင်း မြုပ်၍နေ လေသည်။
( ဂ )
၁၉၉၃ -ခု... မတ်လ။ မာနယ်ပလော......။
ငါ့ခေတ်က ဆူညံတဲ့ခေတ်
လူတွေလျင်မြန်စွာ ချုပ်ငြိမ်းသွားကြ
စစ်ပွဲမှာ ငြိမ်သက်တိတ်ဆိတ်နေတာဟာ ကြောက်စရာကောင်းသလို
နွေဦးဟာ ငြိမ်သက်ပြီး ကြောက်ဖွယ်ကောင်းရဲ့ ။
ပြီးတော့တိုက်ပွဲ
ပြီးတော့ မီးလောင်းထားတဲ့အိမ်တလုံးအနီး
စက်သနတ်သမားတယောက် လဲကျလို့ 
ငါ့စိတ်ကို လှုပ်ရှားစေတဲ့အရာဟာ
လုယူခံထားရတဲ့ ငါ့ရဲ့ ပျိုရွယ်တဲ့ဘ၀ပေလား။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )
စာအုပ်ထဲက စာရွက်တစ်ရွက်ကို လှပ်လိုက်သည်။ နှစ်ပေါင်း( ၃၀ )ကုန်လွန်သွားသည်မှာ လျင်မြန်လွန်းလှသည်။ ဘ၀ဆိုသည်မှာ စာရွက်တစ်ရွက်လှပ်လိုက်သလိုသာဖြစ်သည်။ ဤသို့ ဆိုလျင် သူ့ ဘ၀၏ ရှေ့ ပိုင်းနှင့်နောက်ပိုင်းမှာ စာရွက်တစ်ရွက်၏် ရှေ့ မျက်နှာစာနှင့်နောက်မျက်နှာစာဖြစ်မည်။ ဘာမျှမထူးခြား။ ဘာမျှမကြာလိုက်။ ဘာမျှမကျန်ရစ်။
သူကစာမျက်နှာတဖက်တွင်ရှိသည့် အကြောင်းအရာများကို မေ့ထားလိုက်ချင်သည်။ ”အပြုခံဝအဒ“ ကိုသူဆန့့်ကျင်သည်။ မိမိသည်သာ ဘ၀၏ကတ္တား။ သို့ သော်နှစ် ( ၄၀ )ကျော်ခဲ့ပြီ။ နှစ်ကာလများ လျင်မြန် စွာကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်ကြကာမှ “အပြုခံဝါဒ” ကို ဆန့် ကျင်ရန်သူဆုံးဖြတ်ခဲ့သည်။ စာမျက်နှာသစ် ကို ကိုယ်တိုင်ရေးရမည်ဟုဆုံးဖြတ်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့သည်၏နောက်၌ သူ့ လက်ထဲတွင် ကင်မရာတစ် လုံး၊ မှတ်စုစာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း ရောက်လာခဲ့၏။ ဘော်နောလေး တောင်၏ခြေရင်းတွင် တဲထိုး ပြီးနေ၏။ မယ်တုက္ခီစမ်းချောင်းတွင်ရေချိုး၏။ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်ထဲတွင် ကဗျာရွတ်၏။ သောင်ရင်းမြစ်ကမ်းတွင်ထိုင်ကာ “ယုံတော်မူတမ်းချင်း” ကဗျာကိုရေး၏။
တခါတရံ သူသည်ရက်ပေါင်း( ၆၀ )ကျော်ခရီးထွက်တတ်၏။ သံလွင်မြစ်အတိုင်း စုန်ဆင်း၏။ မယ်ညောခီးတောင်ကိုကျော်၏။ ဘောသရောဆိပ်ကိုဖြတ်၏။ ဟီးထိုးထတောင်ကြားထဲကိုဝင်၏။ ယွန်းစလင်း ချောင်း၊ ဒုံသမိချောင်းများအတိုင်း အစုန်အဆန်ခရီးနှင်၏။
သူသည် မိဆိုင်းကျောက်တောင်ကြီး၏ထိပ်တွင်ရပ်ကာ စစ်တောင်းမြစ်ကြီးရှိရာ မှန်ဆပြီးကြည့်ခဲ့ ဖူး၏။ တိမ်တချို့ မှာ သူ့ ဆီသို့ ပြေးဝင်လာကြကာ အော်ဟစ်သံများပေးသွားကြ၏။သူ့ နားထဲ၌ဖလံတောင်ရွာ သူ “မရေသူ” ၏ငိုရျှိက်သံကိုကြားရသည်။ ”မဒေ၀ီ“၏“ဒီကချစ်တာသိရဲ့ သားနဲ့ သူမို့ ခွဲသွားရက်တယ်...” သီချင်းသံကိုကြားရသည်။ ဓါးလိုထက်ရှလှသည့် ကျောက်တောင်ကြီးပေါ်ဖိနပ်မပါ ဗလာခြေထောက်နှင့် အတက်အဆင်းလုပ်နေသည့်” ဦးကသေးဖိုး“ ၏ခြေထောက်များကို တွေးနေမိသည်။ ခန္စာကိုယ်ကို ထုပ်တန်း တွင်ဇောက်ထိုးဆွဲကာ ပါးကိုကြေစည်အထုခံရသည့် ကျုံစိန်ရွာက ရဟန်းတပါးကို မြင်ယောင်သည်။ တလိုင်း ကရင်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဘုရားစေတီခြေရင်းက မြေပုံမို့ မို့ ကိုမှန်းဆပြီးကြည့်သည်။
တောင်ခြေအောက်က
ကျွဲခလောက်သံထဲမှာ
စပယ်နံ့ ကို ငါရှူတယ်။
ဖြူညစ်ညစ် နှင်းထုအောက်
အပြာနုနုကို ထွင်းဖေါက်ကာ
သံလွင်မြစ်ကို ခြေရာကောက်နေမိတယ်။
ကမ္ဘာ့ တဖက်ခြမ်း
မီးတောင်နှုတ်ခမ်းက
ပန်းထွက်လာတဲ့ မီးလျံတွေထဲမှာ
‘ ဗေါ်ဒလယ်’ ရဲ့ မိစ္ဆာပန်းများကို မြင်လိုက်ရ...။
‹ ပဉ္စလက်တောင်တန်း ကဗျာမှာ...›
ဤစာမျက်နှာတစ်ဖက်၌ သူသည်“ စလင်းမြို့ ကလေး” ၏မြို့ ပတ်လမ်းပေါ်တွင်ရပ်ရင်း လယ်ကွင်း စိမ်းစိမ်းကြီးကိုလည်းမြင်နေရပြန်သည်။ တောအုပ်တစ်ခုအတွင်း ကိုယ်တပိုင်းမြှုပ်ထားသည့် ရွာကလေးတစ် ရွာကိုတွေ့ ရပြန်သည်။ မကြာခဏဆိုသလိုကြားရတတ်သည့် ’ နော်တ ‘ နှင့် ‘ ဆင်ဖြူတောင် ’ ဖက်ဆီက လက်နက်ကြီးပစ်သံများနှင့်အတူမြင်းခွာသံများကိုကြားလိုက်ရ၏။ တရံမလပ်ကြားနေရသည့်မယ်တုက္ခီစမ်း ချောင်းရေစီးသံ ထဲတွင်ကျောက်ဖြာရွာစာသင်ကျောင်းဆီက ” အသံအက်သွားသည့် ကျောင်းတက် ခေါင်းလောင်းထိုးသံ“ ကိုလည်းကြားလာရသည်။
အို...
အစိမ်းရောင် ကော်ဇောများပေါ်က
လှိုင်းတံပိုးလို ထကြွလာကြမယ့်
ကျွန်ုပ်တို့ ရဲ့ အိုးအိမ် မြေယာနဲ့ မြစ်ချောင်းများ
မွေးဖွားလာခြင်းအသစ်နဲ့ 
စစ်ပွဲတွေငြိမ်းချမ်းပြီး
စိမ်းလန်းတဲ့ ဘ၀ဆိုတာ
လက်ဖ၀ါးပေါ်က ‘ ကဗျာ ’ တဲ့...။
‹ ဥရောပမဲဇာကဗျာမှ...›
မိဆိုင်းကျောက်တောင်ကြီးပေါ်က လှမ်းမြင်ရသည့်မြင်ကွင်းမှာ သူ့ ရင်ကို ပွန်းပဲ့သွားစေ၏။ ’လေးကေတောင်‘ ကြီးက လက်သီးဆုပ်ကြီးထောင်ထားသလို ဖြစ်နေ၏။ “ ကားမဲတောင်” ကြီးမှာအပြာရောင် နောက်ခံတွင်အိပ်မောကျလျက်။
ဘ၀၏နှစ်ပေါင်း ( ၄၀ )။ အိပ်မွေ့ ချခံထားရသည့် လူတစ်ယောက်လို လမ်းလျောက်လာခဲ့ရသည့် နှစ်ကာလများ။ စာရွက်တစ်ရွက်၏စာမျက်နှာတဖက်။ စာမျက်နှာတစ်ဖက်မှာ ၀ါကျင့် ရင့်ရော်နေသည့်တိုင် တချို့ သော အကြောင်းအရာများက ဒီင်္မှာဖက် စာမျက်နှာအထိပါလာခဲ့ကြ၏။ ဒီမှာဖက်စာမျက်နှာပေါ်တွင် ရောယှက်နေကြ၏။ သူကလည်း ထိုအကြောင်းအရာများ မှေးမှိန်သွားမည်ကိုမလိုလား။ ဘ၀၏စာမျက်နှာ သစ်တွင်စာမျက်နှာဟောင်းမှအကြောင်းအရာတချို့ စွန်းထေးနေစေခြင်းဖြင့် အပြုခံဘ၀၏ ဒဏ်ရာဒဏ် ချက်များကို ကုစားဖို့ လိုအပ်ကြောင်း သူ သတိပြုမိပေလိမ့်မည်။
တနေ့ တွင်သူသည်” ဒေါ်အောင်ဆန်းစုကြည်လမ်း“ ကလေးထဲ၌ တစ်ဦးတည်းလမ်းလျှေက်လာ ရင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်( လွတ်မြောက်နယ်မြေ ) ဌါနချုပ်ရုံးရှေ့ တွင်ခြေစုံရပ်၏။ ဌါနချုပ်ရုံးဝန်း အတွင်းက လွင့်ပျံလာသည့်“ တေးသံရှင်မွန်းအောင်” ရဲ့  “ ငြိမ်းချမ်းရေးတိုက်ပွဲ ” သီချင်းသံမှာ သူ့ နှလုံးသား ဆီင်္တိုးဝင်နာကျင်စေလိုက်၏။
နှစ်ပေါင်း ( ၄၀ )ကျော်ခဲ့ပြီ။ စာရွက်တစ်ရွက်ကိုလှပ်လိုက်၏။ ဘာမျှမကြာလိုက်ဟုခံစားရ၏။ ဘ၀ဆိုသည်မှာ စာရွက်တစ်ရွက်၏ စာမျက်နှာ နှစ်ဖက်မျှသာဖြစ်သည်။
ဒီင်္မှာဖက် စာမျက်နှာပေါ်တွင် တစုံတရာရေးခြစ်ရန်ဟန်ပြင်နေသည့် သူ့ လက်များမှာ တုန်ရင်လျက်ရှိ လေသည်။ ။
ငြိမ်းဝေ
July 11, 2009
စာမျက်နှာနှစ်ခုကို ဖတ်ရှုမိခြင်း
July 3, 2009
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေ့လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလ အမျိုးမျိုးကိုအခြေခံထားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။
(က) ၁၉၀၀ ပြည့်နှစ်လွန် အမျိုးသားရေးစိတ်ဓါတ်နိုးကြားစကာလ
(ခ) ၁၉၂၀ ခုနှစ် ၀န်းကျင် အမျိုးသားရေးစိတ်ဓါတ်များ အနိုးကြားဆုံးကာလ
(ဂ) ၁၉၄၀ - ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ
(ဃ) ၁၉၄၈ ခုနှစ်အလွန် လွတ်လပ်စ ငြိမ်းချမ်းရေး၊ဒီမိုကရေး ကြိုးပမ်းမှုကာလ
ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ ခေတ်ကာလအသီးသီးနဲ့ တနည်းမဟုတ်တနည်း ပါဝင်ပါတ်သက်နေမှာပြဲဖစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာလည်း ကဗျာ ဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာတဦးဖြစ်တာမို့ အထက်ကကျနော်တင်ပြခဲ့တဲ့ ခေတ်ကာလ(၄)ခုအတွင်း မလွဲမသွေ ပါဝင်ပါတ်သက်ခဲ့ရပါတယ်။ ဒါဆိုရင် အဲဒီခေတ်ကာလ(၄)ခုအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လိုရပ်တည်ခဲ့သလဲ။ ဘယ်လိုပါဝင်ပါတ်သက်ခဲ့သလဲ။
(က) ၁၉၀၀ ပြည့်နှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓါတ် နိုးကြားစကာလ
၁၉၀၀ ပြည့်ဝန်းကျင်ကာလဆိုတာ ကျနော်တို့နိုင်ငံ။ အင်္ဂလိပ်နယ်ချဲ့လက်အောက် တနိုင်ငံလုံးအပြီးအ ပိုင်ရောက်ရှိခဲ့ရတဲ့ ၁၈၈၅ - ခုနှစ်ကစပြီးတွက်ရင် ကျွန်သက်(၁၅)နှစ်ကြာကာလဖြစ်ပါတယ်။ ကျွန်ဘ၀ကိုစပြီး ရောက်တဲ့အချိန်ကစလို့ မြန်မာတမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို (၁၀)နှစ်တာကာလအတွင်း အင်္ဂလိပ်နယ်ချဲ့ တွေဟာ ဗိုလ်ချုပ်သုံးဦးကွပ်ကဲတဲ့ စစ်အင်အား (၃၅၀၀၀)ကို အသုံးပြုပြီးမှ နှိမ်နင်းခဲ့ရပါတယ်။
ကျွန်ဘ၀ကိုရောက်ရှိပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ်အထိ ခုခံရေးတိုက်ပွဲတွေ အရှိန်မသေခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့အသက်ဟာ(၂၀)၀န်းကျင်ဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို အင်္ဂလိပ်တွေက အဆမ တန်အင်အားသုံးပြီး နှိပ်ကွပ်ပြီးတဲ့နောက် အမျိုးသားရေးစိတ်ဓါတ်တွေ အညွှန့်ချိုးခံရသလိုဖြစ်ပြီး နယ်ချဲ့ကို အထင်ကြီး၊ နယ်ချဲ့ကိုကြောက်ရွံ့၊ နယ်ချဲ့နဲ့ပူးပေါင်းသွားကြတဲ့ အမျိုးသားရေးစိတ်ဓါတ် ဖြူဖျော့သူများပေါ်ပေါက် လာနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအမျိုးသားရေးစိတ်ဓါတ်ဒီရေ ကျဆင်းနေတဲ့အချိန်မှာ ဆရာကြီးသခင်ကိုယ် တော်မှိုင်းက
“သတင်းလှစွာ၊ အင်းဝတည်စဉ်အခါက
ထီမထင်သကွာ ဘာကိုမျှမစိုးတဲ့အပြင်
စည်ပင်သာယာ မြန်မာတွေလဲ မညှိုးခဲ့ပေဘု
တမ်းခိုးဂုဏ်ထောင်ရောင်ခြည်နဲ့
မှောင်မသီပြောင်ကြည်လို့ထွန်းတဲ့ပြင်
တောင်ဒီမှာ အောင်စည်ရွှမ်းခဲ့တယ်
နန်းသိုက်ကွာဝေးကာမှ၊ လွမ်းလိုက်ပါသေး ... ” ဆိုတဲ့ မိဘုရားရှင်ဘို့မယ်ဘွဲ့ကဗျာကို ရေးပါတယ်။ ဒါဟာ အမျိုးသားရေးစိတ်ဓါတ်နိုးကြားဖို့အတွက် အဲဒီအချိန်က ရှေ့ဆုံးကရပ်တည်ထားတဲ့ သူရိယသတင်းစာ ကြီးမှာရေးခဲ့တာပါ။
ဒီနေရာမှာ တဖက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့လွတ်လပ်တဲ့လူမျိုးအဖြစ်ရပ်တည်ခဲ့တဲ့ ‘ဇာတိပုည’ ကို ဖော်ထုတ်အမွှန်းတင်သလို၊ အခြားတဖက်ကလည်း အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်အစိုးရက ဖိတခါခြောက်တလှည့်၊ မြှောက်တခါ ပင့်တလှည့်လုပ်ထားလို့ မြန်မာတချို့က နယ့်ချဲ့ကိုအထင်ကြီးပြီး နယ် ချဲ့ယဉ်ကျေးမှုကို လက်ခံပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အထင်အမြင်သေးလာကြပါတယ်။ မြန်မာနာမည် အခေါ်အဝေါ်တွေရဲ့ရှေ့က ဦးတို့၊ ကိုတို့၊ မောင်တို့ကိုဖြုတ်ပြီး မစ္စတာတွေရှေ့ကတပ်ပြီး မှည့်ကြ၊ ခေါ်ကြပါတယ်။ မင်းပွဲစိုးပွဲ၊ အခမ်းအနားတွေမှာ တောင်ရှည်ပုဆိုးကိုချွတ်ပြီး ဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စီးကြပါတယ်။ ဒီလိုအမျိုးသားယဉ်ကျေးမှုမှေးမှိန်ဘို့ဖြစ်လာတဲ့အခါ ဆရာကြီးက ချဉ်ပေါင်ရွက်သယ်မောင်မှိုင်းဝတ္ထုထဲက အင်မတန်ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ဇာတ်ကောင်‘မောင်မှိုင်း’ရဲ့နာမည်ကိုယူပြီး အဲဒီမောင်မှိုင်းရဲ့ရှေ့က မစ္စတာတပ်ပြီး ‘မစ္စတာမောင်မှိုင်း’ ကလောင်အမည်နဲ့ ‘ဗိုလ်ဋီကာ’ဆောင်းပါးတွေကို ဒလစပ်ရေးပါတော့တယ်။ ဒီအခါကြတော့ မှ မစ္စတာတပ်ပြီး ရင်ကော့၊ ခြေဖျားထောက်လမ်းလျှောက်ကြတဲ့ အမျိုးသားရေးစိတ်ဓါတ်ချွတ်ခြုံကျ မြန်မာတချို့ဟာ သတိသံဝေဂနဲ့ အရှက်ရစေခဲ့ပါတယ်။
ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိပုညကိုဖေါ်ထုတ်ပြီး ဇာတိပုညမှေးမှိန်မှုကို သတိ ပေးပြီး အမျိုးသားရေးစိတ်ဓါတ်မြှင့်တင်ဘို့ကြိုးစားခဲ့သလို မြန်မာတမျိုးသားလုံး ဆင်းရဲမွဲတေသထက်မွဲတေ လာရတဲ့အဖြစ်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်သွေးစုတ်မှုသာဖြစ်တယ်ဆိုတဲ့အတွေးကို ခြေရာခံနိုင်ဘို့ အခုလိုကဗျာမျိုးကိုလည်း ရေးခဲ့ပါတယ်။
း“မွဲဘို့ရာကံကြမ္မာနှင့်
ဖန်လာပုံ ကုသိုလ်ကလည်းမကောင်းချင်တော့
အထက်ဟိုအညာမှာလေ
ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု
အညာမြေ ဌါနေဟောင်းဆီက
အကြွေး(တရာ)ကို၊ ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့
‘အမယ်မင်း’ မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့်
ခေါင်းတခါခါနှင့်ဆပ်လှစွာသော
လှလှ စွေ့စွေ့ရယ်နှင့်၊ ၀၀ပြည့်ပြည့် နပြာတရှဉ်းကိုလ
ကျောင်းတကာကိုသာအပ်လိုက်ပေရော့
ရသရွေ့ဘာဘာညာ ညာရယ်လို့မငြင်းလေနဲ့
‘မလေးရယ်’ ရောင်းကာသာဆပ်လိုက်ပေတော့၊ ရွာရှေ့ယာတခင်” ဆိုပြီး “အညာ မင်္ဂလာဆောင်ဘွဲ့ လေးချိုးကြီး” ကဗျာမှာ တစစ ဆင်းရဲမွဲတေလာနေတဲ့ မြန်မာတောင်သူလယ်သမားတွေရဲ့ဘ၀ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
(ခ) ၁၉၂၀ ခုနှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓါတ် အနိုးကြားဆုံးကာလ
၁၉၂၀ ခုနှစ်ဝန်းကျင်ဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက်အားဖြင့် အသက်(၄၀)ကျော် ကာလဖြစ်ပါတယ်။ ဒီကာလမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း ပင်လယ်ရေလှိုင်းတွေလို တခုပြီးတခု မြင့်သထက်မြင့်လာနေတာတွေ့ကြရပါတယ်။ လယ်သမားဆိုရင်လည်း လယ်သမားမို့၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားမို့၊ ကျောင်းသားဆိုရင်လည်း ကျောင်းသားအလျောက်၊ လူတန်းစား အလွှာအသီးသီးဟာ တချိန်က တသီးတကန့်စီလှုပ်ရှားနေခဲ့ကြရာက တပ်ပေါင်းစုပုံသဏ္ဍန်အဆင့်အထိ အမျိုးသားရေးတိုက်ပွဲ ပုံသဏ္ဍန်ဟာ တိကျမှန်ကန်အားကောင်းလာခဲ့ပါတယ်။
ဒီလို အမျိုးသားရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ထန်ပြင်းလာနေတဲ့အခါ အမျိုးသားရေး တိုက်ပွဲ နည်းနာကိစ္စမှာလည်း အငြင်းပွားစရာတွေ၊ အမြင်ရှုပ်ထွေးနိုင်စရာတွေကို ကြုံကြရပါတယ်။ ဥပမာအနေ နဲ့ပြောရရင် ဟိုတချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ဂုဏ်ရောင်ပြောင်စွာနေလာနိုင်ခဲ့ကြတယ်ဆိုတဲ့ခေတ်ကို ဖော် ထုတ်ပြောဆိုတဲ့အခါ အမျိုးသားလွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု အခိုင်အမာရှိမှုကိုပဲ မီးမောင်းထိုးသင့်ပြီး ပဒေသရာဇ်စနစ်ကို ပြန်လည်လက်ယပ်မခေါ်မိဘို့၊ နိုင်ငံရေးအမြင်ကြည်လင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို လူအတော်များများက မသိကြပါဘူး။ နယ်ချဲ့ကိုဆန့်ကျင်တဲ့အခါ အခုလို ခေတ်မှီမှန်ကန်တဲ့ ခံယူချက်မထားနိုင်ခဲ့ကြပါဘူး။ ဒီနေရာမှာတော့ ဆရာကြီးဟာ မှားယွင်းတဲ့မျိုးချစ်စိတ်ဓါတ်နဲ့ မှန်ကန်တဲ့ မျိုးချစ် စိတ်ဓါတ်ကို ခွဲခြားနိုင်ခဲ့ပါတယ်။ အမျိုးသားရေး ကျိုးပမ်းဆောင်ရွက်သူတွေထဲမှာ အဲဒီအယူအဆနဲ့ပါတ်သက်ပြီး အငြင်းပွားလာရင် ဆရာကြီးက “မှန်ကန်တဲ့ အမျိုးသားရေးသမား”တွေဖက်က ရပ်တည်ပါတယ်။
ဒီနေရာမှာ ဟိုခေတ်ဟိုအခါနေနဲ့ လွယ်မယောင်နဲ့ခက်တဲ့ပြဿနာတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတို့၊ အင်္ဂလိပ်အစိုးရလက်အောက်မှာပဲ၊ အိန္ဒိယနဲ့တွဲပြီးနေမလား၊ ခွဲပြီးနေမလားဆိုတဲ့ တွဲရေး၊ ခွဲ ရေးပြဿနာ၊ တခါ ကုလားဗမာအဓိကရုဏ်းပြဿနာတွေဟာ အမျိုးသားရေးကြိုးပမ်းမှုလှေကားထစ်အဆင့်တိုင်း အဆင့်တိုင်းမှာ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ နိုင်ငံရေးအကြပ်အတည်းများဖြစ်ပါတယ်။ ဒီအဖြစ်အပျက်၊ ဒီနိုင်ငံရေး အကြပ်အတည်း၊ ဒီနည်းနာကိစ္စတွေဟာ တကယ်တော့ အဲဒီခေတ်က စာပေသမားတွေကို စိန်ခေါ်ခဲ့တဲ့ ကိစ္စတွေ ပဲဖြစ်ပါတယ်။ ဒီတုန်းက အဲဒီအမျိုးသားရေးကျိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲလှေကားထစ်တချို့မှာ အမျိုး သားရေးဝါဒီဆိုတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံရေးအမြင်မွဲကျံတဲ့အတွက် လှေကားထစ်ဆုံးတဲ့အထိ တက်မလာနိုင်ပဲ လမ်းခုလတ်မှာတင် ဘေးထွက်ကျန်ရစ်ခဲ့ကြရပါတယ်။
ဒီတုန်းက ဆရာကြီးက အခုလိုကဗျာမျိုးရေးပြီး သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြတာတွေ့ရပါတယ်။
“သို့လော သို့လော၊ သဘောနှစ်ဖြာ
မြို့ရောတောပါ မကွဲတဲ့အပြင်
ပေါင်းအသင်း တညီတညာ
ကသောင်းကနင်း ဖီလာလဲ မခွဲကြပေဘု
ဘ၀င်စောဖြူသဒ္ဓါ တမောက်မောက်ကဲချိန်မို့
ရှင်ရောလူပါ သောက် သောက်လဲပါရော ... ” ဆိုတဲ့ ကဗျာမျိုးကိုရေးပါတယ်။ ဒီကဗျာဟာ ဦးဘဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ ဘိလပ်ကို သွားပြီး အရေးဆိုနေတဲ့အချိန်မှာ နောက်ပိုင်းက ကျန်နေရစ်ခဲ့ကြတဲ့ ‘၀ိုင်၊ အမ်၊ ဘီ၊ အေ’လူကြီးပိုင်းတချို့က အဲဒီ ပုဂ္ဂိုလ်(၃) ဦးကို ကန့်ကွက်ပြီး ဘုရင်ခံက ရေးဆွဲတင်ပြတဲ့“မြန်မာပြည် အနာဂါတ်အုပ်ချုပ်ရေး”ဆိုတာကိုပဲ ထောက်ခံကြောင်းကြေညာတဲ့အခါ ‘ဘေ၊ ပု၊ ရှိန်’ သုံးဦးရဲ့နောက် လူထုတရပ်လုံး နှလုံးမကွဲ၊ သဘောနှစ်ခုမရှိ တဲ့အကြောင်း နှိုးဆော်တဲ့ ကဗျာကိုရေးခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ အားလုံးသိရှိကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ပထမ၊ ဒုတိယ၊ သပိတ်တွေ၊ အမျိုးသားကျောင်းတွေပေါ်ပေါက်လာခဲ့တာတွေ၊ ဆရာတော်ဦးဥတ္တမရဲ့နိုင်ငံရေးကျိုးပမ်းမှု၊ ဂျီ၊ စီ၊ ဘီ၊ အေ အဖွဲ့ကြီးရဲ့ အကွဲအပြဲကိစ္စ၊ ဒိနောက်ပိုင်း ဆရာစံအရေးတော်ပုံ၊ ဗိုလ်စံဖဲအရေးတော်ပုံ၊ ၉၁ - ဌာနအုပ်ချုပ်ရေးကိစ္စ၊ ကုလားဗမာအဓိကရုဏ်းး၊ သခင်ဂိုဏ်းကြီးပြိုကွဲခြင်း ... အစရှိတဲ့သမိုင်းရေးပြဿနာတွေ အတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဘယ်လို ရှုမြင်ခဲ့တယ်၊ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကို ကဗျာတပိုဒ်ချင်းစီ အနည်းငယ်မျှ ကျနော်တင်ပြချင်ပါ တယ်။
“အော် ... တချို့တွေကဖြင့် အမြို့မြို့ကြွကြွပြီး
ငို့ဘ ပလီဥာဏ်ဖြင့်
ဝစီကံ အလိမ်အညာစကားတွေနှင့်
အတည်အမှန်ကိုလိမ်ကာ ထားတဲ့ပြင်
အသား ပြာတာတာနှင့်
ကုလားမြန်မာခွဲလျင်ဖြင့်
မနည်းပေါင် တကဲ့ တန်ခိုးတွေက မိုးနှင့်ကမ္ဘာတေမျှ ပေပ
ကိုးဆယ့်တစ်ဌါနကိုလ၊ မြန်မာရလျင် မရှည်ကြာဘု
တပြည်တရွာ မျက်နှာငယ်နှင့်ပြောင်းလာတဲ့
ကလီကမာ အနက်ထည်တွေဂျောင်းရမယ့်အပြင်
အပေါင်ဆုံးနယ်မြေမှာ အချောင်ဆုံးနယ်မြေကောင်းတွေတဲ့
သြော် ၀တိန်နီးအောင်ပ၊ အရှိန်ကြီးပေတဲ့ သိမ်ကြီးဈေး ‘စူရတီဘဇာ’ ကိုတောင်
ပုသိမ်မနီးမဝေး လူစည်ရာသို့ပြောင်း တဲ့ပြီး
အတွေးမသာယာတဲ့ ရသေ့တကာမွေ့စရာ ကောင်းပါတဲ့
သြော် ... ထမင်း၀၀ကျွေးမဲ့ဘုရင်ကိုတောင် မင်းကမွေးတဲ့ အင်းခွေးက အင်္ဂလန်မောင်းမည်သို့
ကပြောင်းကပြန် အရှုပ်ညဏ်သမားတွေရဲ့
ကြောင်းမတန် မဟုတ်မှန်စကားတွေနှင့်
မတရားတချို့ မတော်လေတယ်နော်ကွယ်
နားတဖြို့ဖြို့၊ ခါးသမို့သာပ ကြားလို့မလျော် ... ”
ဒါကတော့ ၁၉၂၉ ခုနှစ်မှာဖြစ်လာတဲ့ ဟိုတုန်းက အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့ အိန္ဒိယနဲ့တွဲမလား၊ ခွဲမလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါ၊ ကျွန်အချင်းချင်း ကြောချင်းကပ်ပြီး အမျိုးသားရေးတိုက်ပွဲဝင်တဲ့နည်းဟာ မှန်ကန်တယ်ဆိုတဲ့ တွဲရေးအတွက် နှိုးဆော်တဲ့အစုနဲ့၊ အိန္ဒိယနဲ့ခွဲပြီးနေသင့်တယ်ဆိုတဲ့ အစုရယ်လို့ (၂)စု ကွဲတဲ့အခါ အင်္ဂလိပ်အစိုးရရဲ့ သွေးခွဲရေးဥာဏ်နီဥာဏ်နက်ကို အမျိုးသားရေးခေါင်းဆောင် တချို့က အမှန်အ တိုင်းမမြင်နိုင်ခဲ့ကြပါဘူး။ ခွဲရေးသမား (၂၁) ဦးကတဖက်၊ တွဲရေးသမား ဦးစိုးသိမ်း၊ ဦးချစ်လှိုင်တို့ အစုကတဖက် ဖြစ်လာပါတယ်။ လူထုကလည်း ဘယ်ဖက်ကိုလိုက်ရမှန်းမသိအောင်ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာလည်း ခွဲရေးဖက်ကထောက်ခံတဲ့သတင်းစာနဲ့ တွဲရေးဖက်ကထောက်ခံတဲ့သတင်းရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီးက တွဲရေးဖက်ကထောက်ခံပြီး ရပ်တည်ခဲ့ပါတယ်။ ကိုလိုနီဘ၀လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ကိုလိုနီနိုင်ငံအချင်းချင်း ညီညွတ်လာနေတဲ့အခြေအနေကို အင်္ဂလိပ်အစိုးရက ညီညွတ်ရေးပြိုကွဲအောင် ဖန်တီးလိုက်တဲ့ပြဿနာဖြစ်တယ်ဆိုတာကို နားလည်ပါတယ်၊ ဆရာကြီးကနိုင်ငံရေးအမြင်မကြည်လင်နိုင်ခဲ့ကြတဲ့ ခွဲရေးသမား(၂၁)ဦးနဲ့ ပါတ်သက်ပြီး အခုလိုကဗျာဖွဲ့ပြီး ထိုးနှက်ရှုံ့ချလိုက်ပါတယ်။
“အစာမြင်လျင်။ ဗမာမခင်မူ၍
သာသနာပလ္လင်နှင့် ဝေးတဲ့အောင်
(အမယ်မင်း)ကျွေးမဟဲ့ အနှူးတွင်ဖြင့်
ခွေးအဖွဲ့ထူးရယ်လို့၊ နဘေးလှည့်လှည့်ပြီး
ပြေးသနဲ့၊ကျွေးမကွဲ့ မြူးတတ်တဲ့ ၀န်မင်းရယ်
ခွေးနှစ်ဆယ့်တဦး ...” ဆိုပြီးရေးခဲ့ပါတယ်။
ဆရာကြီးရေးဖွဲ့ရှုံ့ချခဲ့တဲ့ အဲဒီခွဲရေးသမား(၂၁)ဦးဟာလည်း အင်္ဂလိပ်ကပေးတဲ့ လစာငါးထောင်ကို ယူခဲ့ကြတာမို့ အမျိုးသားရေးသစ္စာဖောက်များအဖြစ်နဲ့ နာမည်ပျက်ခဲ့ကြပါတယ်။
တခါ ... ၊တက္ကသိုလ်ကျောင်းသားများက ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေးတိုက်ပွဲခေါ်သံကို ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေပြီး ဟစ်ကြွေးလိုက်တဲ့အခါမှာလည်း
“အော် ... ဝေးခရီးကပေမဲ့
အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့
ဆရာလည်းကွာ၊ ပထမအရင် ကနဦးဆီက
မြန်မာ့တခွင်မှာ၊ သမတ ရှင်ဘုရင် မလူးခင်ပ
‘ထ’ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
‘ထီ’မထင်ကျောင်းတော်သားတွေရဲ့
အမည်စဉ်မှာ ခေါင်းအပေါ်ဖျားမှာလ
မင်းရှို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့” လို့၊ ရဲတင်းသံ အကျယ်လောင်ဆုံးနဲ့ ပြန်ထူးခဲ့ ပါတယ်။
တခါ ...၊ လယ်သမားသူပုန်ကြီး ဂဠုန်ဆရာစံရဲ့ ပုန်ကန်မှုကြီးပေါ်ပေါက်လာတဲ့အခါကြပြန်တော့လည်း “ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ...”ဆိုပြီး အတိအလင်းထောက်ခံအားပေးခဲ့ပါတယ်။
ဒီလိုကျောင်းသားထုတိုက်ပွဲ၊ လယ်သမားထုတိုက်ပွဲတွေဟာ ရန်/ငါ စည်းခြားဘို့ လွယ်ကူတဲ့ပြဿနာဖြစ်ပါတယ်။ ဒီနေရာမှာ ရန်/ငါ ခွဲခြားဘို့ခက်တဲ့နိုင်ငံရေးပြဿနာတွေ ဖြစ်ပွား လာတဲ့အခါမျိုးမှာ တနည်းအားဖြင့် နိုင်ငံရေးနည်းနာအရ အမှန်အမှားခွဲခြားဘို့ရန်ခက်ခဲတဲ့ ပြဿနာမျိုးတွေမှာ ဆရာကြီးရဲ့ ရပ်တည်ချက်တွေဟာ ဘယ်တော့မှ မမှားခဲ့တာ၊ မတွေဝေခဲ့တာ၊ မှုန်ဝါးခဲ့တာရယ်လို့ မရှိခဲ့တဲ့အချက်ဖြစ်ပါတယ်။ ဥပမာ တခုပြောရရင် ‘ကုလားဗမာ အဓိကရုဏ်း’ပြဿနာမျိုးဖြစ်ပါတယ်။ ကုလားတွေဟာမြန်မာတမျိုးသားလုံးရဲ့ရန်သူလား။ ရန်သူအစစ်ဟာ ဘယ်သူလဲ။ ဒီလိုခွဲခြားစမ်းစစ်တဲ့အခါ ကုလားလူမျိုးတွေဟာ မြန်မာတွေရဲ့ ရန်သူမဟုတ်ဘူး၊ အင်္ဂလိပ်နယ်ချဲ့ အစိုးရသည်သာ ရန်သူအစစ်ဖြစ်တယ်။ ကုလား ဗမာအထိကရုဏ်းတွေဖြစ်လာရတာကိုက နယ်ချဲ့အစိုးရရဲ့ သွေးခွဲအုပ် ချုပ်မှုစနစ်ကြောင့်သာ ဖြစ်တယ် ကုလားလည်းကျွန်၊ ဗမာလည်းကျွန်ပဲ ကျွန်အချင်းချင်းလက်တွဲပြီး ဘုံရန်သူ အင်္ဂလိပ်နယ်ချဲ့အစိုးရကိုသာ ဦးတည်တိုက်ကြရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီတုန်းက အဲဒီခေတ်၊ အဲဒီနိုင်ငံရေး ရေချိန်အရ ပြောရရင် အခုလို အမှန်အတိုင်းမြင်ဖို့ရာ ခက်ခဲလှတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ အမျိုးသားရေးဝါဒီတချို့ဆိုရင် ကုလားဆန့်ကျင်ရေးတရားတောင်မှ ဟောခဲ့ကြပါသေးတယ်။ ဒီလိုအင်မတန် သိမ်မွေ့မြင့်မားလှတဲ့ နိုင်ငံရေးပြဿနာမျိုးမှာတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “သြော် ... အခွန်တိုး စာရင်းတွေနှင့်၊ ၀န်ထမ်းပိုးမကင်းနိုင်တဲ့၊ အလွန်ဆိုးခြင်း ပမာမှာလေ၊ ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့ သလား၊ နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊ အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊ အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊ စစ် ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာ”ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုံ့ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။
(ဂ) ၁၉၄၀ ခုနှစ်လွန်ဝန်းကျင် လွတ်လပ်ရေဿးကိးပမ်းမှုများကာလ
ဒီကာလအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စိတ်နှလုံးကို အဆွဲဆောင်နိုင်ဆုံးအဖြစ်အပျက် (၂)ခုရှိပါတယ်။ တခုက ဖဆပလအဖွဲ့ချုပ်ကြီးက ခေါင်းဆောင်ပြီး အထွေထွေသပိတ်ကြီးဆင်နွှဲလာတဲ့အဖြစ်အ ပျက်နဲ့ နောက်တခုကတော့ အမျိုးသားခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
အထွေထွေသပိတ်ကြီးပေါ်ပေါက်လာတဲ့အခါ ဟိုအရင် ဗဟန်းကောလိပ်သပိတ်တိုက်ပွဲတွေကို ပြန်လည်အောင်မေ့ပြီး စိတ်အားတက်ကြွစေတဲ့ ‘လွတ်လပ်ရေးအတိတ်သပိတ်ဘွဲ့ မဟာကဗျာလေးချိုးကြီး’ထဲမှာ ဆရာကြီး က အခုလိုထည့်သွင်းရေးစပ်ပါတယ်။
“မြန်မာတခွင်၊ သပိတ်အမှောက်ပေါချိန်မို့၊ ဆရာသခင် အရိပ်နမိတ် တဆိတ်ဟောလိုက်မကွဲ့၊ မြှောက် သနဲ့ ခြောက်သနဲ့၊ ရာဇာဂုဏ်းကို မြောက်တဲ့ ကြောက်တဲ့ အာရုံမခေါ်ကြလေနဲ့၊ (အမယ်မင်း)အဟောဒိဋ္ဌ လောဂျိတ်ပြသလိုပ၊ စောစိတ်က အောင်ပစေ အောင်ပစေ ညွှန်းညွှန်းပြီးတော့ (သြော်)တောသပိတ် ဒကာမ တွေနဲ့၊ ရောကြိတ်လိုက် ရောကြိတ်လိုက်ဟလို့၊သြဒိဿအောင်သပြေ ညောင်ရေသွန်း ... ”ဆိုပြီး ရေးပါတယ်။
ဒီနေရာမှာ ကြားညှပ်ပြီးပြောစရာရှိတာက အထွေထွေသပိတ်ကြီးကိုကြောက်ပြီး ဘုရင်ခံ ‘ဆာဒေါ်မန် စမစ်’က ၀မ်းကိုက်လို့ဆိုတဲ့အကြောင်းပြပြီး အင်္ဂလန်ကို ပြန်ပြေးတဲ့အခါ ဆရာကြီးက အင်္ဂလန်သို့ဘုရင်ခံပြန်ပို့ တဲ့ မေတ္တာစာလေးချိုးကိုရေးပါတယ်။ ဒီကဗျာထဲမှာ ဆရာကြီးက လူမျိုးခြားအစိုးရပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးအချင်း ချင်းအစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရမဆို မတရားဖိနှိပ်သွေးစုပ်အုပ်ချုပ်ရင် လူထုက ဆန့်ကျင်ကြမှာသာဖြစ်ကြောင်း ရေးပါတယ်။ ဒီအချက်ဟာ ဆရာကြီးတို့ခေတ်၊ ဆရာကြီးတို့ဖြတ်သန်းနေကြရတဲ့ကာလမှာ ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်ဘယ်လောက်အထိ မြင့်မားကြည်လင်တယ်ဆိုတဲ့အချက်ကို အဖြေထုတ်ပေးတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးက အခုလိုဖွဲ့ပါတယ်။
“မြန်ပေါ်ဇမ္ဗူ လူတမျိုးဟာက
လူမျိုးခြား အရှင်သခင်မဆိုထားနှင့်တော့၊
ကိုယ့်အမျိုးသား ဘုရင်ကိုတောင် မမှီခိုသာမှဖြင့်
မကြည်ညို မသဒ္ဒါ ရက်ရက်စက်စက် ဆဲတဲ့ပြီး
သည်လိုအခါမှာ အသက်နဲ့လဲမဟဲ့လို့
ဝက်ဝက်ကွဲအောင် ဆူကြပူကြတဲ့အပြင်
လူအ လူန တက်တက်ရိုးတွေမို့
(အမယ်မင်း)အိုးတိုး အတနဲ့
အမျိုးမျိုး ဂွကျ ဂွကျပြီး
နသိုးထပိုး ကသကဲ့သို့ ရိုးရိုးရွရွ မရွှင် မပြုံးမှု၍
(သြော်)တန်ခိုးတပြပြ သူခိုးဓါးပြကဲ့သို့သော
အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်း”
ဆရာကြီးရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ နောက်ထပ်အဖြစ်အပျက်တခုကတော့၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ အများသိကြတဲ့အတိုင်း ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အခါ ဆရာကြီးက ကဗျာတပုဒ်ရေးပြီး ကြေကွဲခဲ့ပါတယ်။ ဒီကဗျာတပုဒ်ဟာဖြင့် ဆရာကြီးဘယ်လောက်အထိ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်ဆိုတာ အလွန် ပေါ်လွင်စေတဲ့ကဗျာပါ။
“သြော် ... အဆောင်ဆောင်နန်းတွေ ကြငှါန်းတွေနှင့်နှော
အခေါင်မမြန်းခင်က အောင်စာတမ်းချိုဏ္ဍစေဘိုဏ္ဍ
အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်
သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံ ပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင် ... ”ဆိုပြီးရေးပါတယ်။
(ဃ) ၁၉၄၈ ခုနှစ်လွန် လွတ်လပ်စ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ
၁၉၄၈ ခုနှစ် လွတ်လပ်ပြီးနောက်၊ ၁၉၅၀ ခုနှစ်တ၀ိုက်မှာ အမျိုးသားသွေးကွဲမှုကြီးဖြစ်လာခဲ့ပါတယ်။ အမျိုးသားစည်းလုံးရေးပြိုကွဲမှုကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ တိုင်းရင်းညီအစ်ကိုအချင်းချင်း၊ ကိုယ့်လူမျိုးအချင်း ချင်း၊ သွေးစွန်းတဲ့အထိ သွေးကွဲလာခဲ့ပါတယ်။ ဒီလိုအမျိုးသားညီညွတ်ရေးပြိုကွဲပြီး သွေးစွန်းတဲ့အထိ ပဋိပက္ခှတွေ ဖြစ်လာတဲ့အခါ ဆရာကြီးက ဒီပြဿနာတွေကို နိုင်ငံရေးနည်း၊ တနည်းအားဖြင့် အကြမ်းမဖက်တဲ့နည်းနဲ့သာ ဖြေရှင်းဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာရအစိုးရတာဝန်ရှိသူတွေဟာ ဆရာကြီးရဲ့စကားကို လစ်လျူရှု ခဲ့ကြပါတယ်။ အပြုတ်တိုက်ရေးလမ်းစဉ်ဟာမှားပြီး အကြမ်းမဖက် ဆွေးနွေးညှိနိုင်းရေးလမ်းစဉ်က မှန်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ သင်ပုန်းချေတဲ့နည်းနဲ့ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က မကျင့်သုံးနိုင်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်းထတောက်ပါတော့တယ်။ ဒါကြောင့်မို့ ဆရာကြီးက နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကြီးကိုဖွဲ့ပြီး ရန်ကုန်မြို့လုံးကျွတ်ငြိမ်းချမ်းရေးလူထုဆန္ဒပြပွဲကြီးလုပ်ပါတယ်။ လူထုပရိဿဒ်(၂၀၀၀)ကျော်ပါဝင်ပြီး၊ သံဃာထု (၃၀၀၀)ပါဝင်တဲ့ သံဃာထုအစည်းအဝေးကြီးဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ပန်ကြားလွှာတွေထုတ်ပါတယ်။ ဒီကိစ္စကို ထိရောက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ၀န်ကြီးချုပ်ဦးနုက အတွေ့မခံခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ “သူမသာ ကိုမနာ နည်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ကြပါ၊ တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ သြ၀ါဒ”ဟာ တမျိုးသားလုံးရဲ့နှလုံးသားမှာ စွဲမက်သွားစေခဲ့ပါတယ်။
ဒါပေမယ့်လည်း တတိုင်းပြည်လုံး ပြည်တွင်းစစ်မီး တားမရဆီးမရ။ ငြိမ်းမရ သတ်မရဖြစ်လာတဲ့အခါ ဆရာကြီးခမျာ သောကဖိစီးပြီး အခုလိုကဗျာမျိုးကိုဖွဲ့ပါတယ်။
“ဒဂုံမြို့က အလွန်အကျွံ ချီးကြတဲ့
ချွန်လည်း ချွန်သတည်းဆိုတဲ့ ထိုတကဲ့ဝန်ကြီးခမျာတွေကို
အလွန်လည်း ဆရာသနားမိတဲ့အပြင်
အများတပည့် ကိုယ့်အမျိုးဘာသာတွေမှာ ခိုကိုးရာမဲ့ချိန်မို့
တလှဲ့တဖုံမျိုးသာပ ဘိုးဘိုးခေါ်‘ဆရာအောင်’နှင့်
မြန်မာဘောင် ကနက်ဘမရာသနဆီသို့
လာမယောင်‘စင်္ကြာ’တမိပါတော့
လောကတခွင်မှာနော်ကွယ်
ဟောမရ ပြောမရတွေကြောင့် သောက ပူပင် ”ဆိုပြီး ပူဆွေးမြည်တမ်းခဲ့ပါတယ်။
အဲဒီ လွတ်လပ်စခေတ်ဦးမှာပဲ အာဏာရအစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ‘အင်္လကာ ကျော်စွာဘွဲ့’အပ်နှင်းပါတယ်။ နိုင်ငံတော်အထောက်အပံ့ဆိုတာမျိုးတွေပေးပါတယ်။ ဒီအခါကြတော့ လူတချို့က ဆရာကြီးကို အစိုးရက ချီးမြှောက်သလိုလိုနဲ့ စည်းရုံးသိမ်းသွင်းတာခံနေရပြီလို့ဝေဖန်ကြပါတယ်။ ဆရာကြီးက တော့ ဟောသလိုကဗျာမျိုးရေးပြီး သူ့ရပ်တည်ချက်ကဘယ်လိုဆိုတာ နိုင်ငံသိအောင်ကြေညာလိုက်ပါတယ်။
“သြော် ... အနှီသည့် အတွက်ကယ်ကြောင့်
ဆီထည့်သည့် ခွက်လိုပေါ့
ပီတိပွက်ပွက်ပြီဲး ပြည်ကြီးဘက်မှာ အတော်ပေါတဲ့ပြင်
ဘော်ကြော့ဘက်မှာ တသက်လည်း ချစ်မကွာ ချစ်မကွာနဲ့ မေတ္တာရောက်လေတော့
တချက်တည်း ပစ်ပစ်ခါခါ သစ္စာဖောက်မယ်လို့
သခင် - အထင်မရောက်ကြလေနဲ့
မကြောက်မညှာာ မှန်ရာလုပ်သူမို့
အနုတ်စုတ် ဂုတ်စုတ်၊ အမြှောက်စိန် ဖေါက်ချိန်လို့ ခွဲသလိုပေါ့
တသုပ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလဲ
သြော် - အသင်းတို့ အပင်းတို့ သတင်းတို့နဲ့ အဆက်မကွာအောင်ဟာ
မင်းတို့ဘက်မှာသာ ကြဲမဲ့ နွှဲမဲ့ပြင် ...”
ဒါကတော့ ဆရာကြီးက သူဟာ လူထုဖက်သာရပ်မယ့်လူဖြစ်တယ်လို့ အတိအလင်းကြေညာတဲ့ ကဗျာပါပဲ။
၁၉၅၂ ခုနှစ်အလွန်မှာ ကိုရီးယားစစ်ပွဲဟာ၊ ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါတယ်။ ပြည်တွင်း စစ်မီးက မငြိမ်းသတ်နိုင်တဲ့ကြားက ကမ္ဘာ့စစ်မီးထတောက်တော့မယ့် အန္တရာယ်ကိုလည်း မြင်ရတော့ ဆရာကြီး အဖို့ အင်မတန်သောကရောက်ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို အသက် (၇၀) ကျော်ကာမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းးပြီး အလုပ်လုပ်ရရှာပါတယ်။
၁၉၅၂ ခု၊ တရုပ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံပေါင်း (၃၇)နိုင်ငံကိုယ်စားလှယ်များနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရးညီလာခံကြီးကို ဆရာကြီးတက်ရောက်ပြီး ကမ္ဘာ့စစ်မီးထတောက်မယ့်အရေးကို ၀ိုင်းဝန်းဖြေရှင်း ကြဘို့ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကြီးကိုလည်း တက် ရောက်ခဲ့ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆရာကြီးထားရှိတဲ့၊ ဆရာကြီးလက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး နည်းနာဆိုတာ၊ မူအားဖြင့် လူထုနည်းနဲ့ဖြေရှင်းဆောင်ရွက်တဲ့နည်းဖြစ်ပါတယ်။ လူထုညီညွတ်ရင် စစ်မီးတွေကို နိုင်အောင်ညှိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ စစ်မီးတွေ၊ ပြည်တွင်းစစ်မီးတွေကို မွှေးတဲ့တရားခံဟာ၊ နယ်ချဲ့ သမားတွေနဲ့ ဖေါက်ပြန်မှားယွင်းတဲ့ အစိုးရတွေသာဖြစ်တယ်ဆိုတဲ့ စစ်ကိုဖန်တီးတဲ့ စစ်ရဲ့တရားခံကိုလည်း ရှင်းရှင်းပြတ်ပြတ်ပဲမြင်ပါတယ်။ တခါစစ်မီးတွေကို အပြီးအပြတ်ညှိမ်းသတ်နိုင်တဲ့နည်းဟာ အပြုတ်တိုက်ရေးနည်း မဟုတ်ပဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့နည်းသာ မှန်တယ်ဆိုတဲ့နည်းကို ဆရာကြီးကယုံကြည်ပါတယ်။
တခါ ... ၊နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ လူတန်းးစားအမြင်ကြည်လင်ဖို့လည်းလိုအပ်ပါတယ်။ ဆရာကြီးဟာ အလုပ်သမား၊ လယ်သမား လူတမ်းစား(၂)ရပ်ရဲ့အရေးပါပုံကို လက်ခံသူဖြစ်ပါတယ်။ ဒါဟာ ဟိုခေတ် ဟိုအခါ သမိုင်းရေးအခြေအနေမှာ အမှန်ကန်ဆုံးနဲ့ အတိုးတက်ဆုံးအမြင်ဖြစ်ပါတယ်။ ဒီလိုအယူအဆကို ဆရာကြီးရဲ့ ကဗျာတပုဒ်မှာ အခုလိုတွေ့ရပါတယ်။
“သြော် ... ဇမ္ဓူတခွင်တွင်ဖြင့်
လူအသွင် အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့
တူချင်လည်းတူကြ၊ မတူချင်လဲ နေကြပေါ့နော်
ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့
တူတံဇင် ဓမ္မ ကထိကမှိုင်းရယ်လို့
ကမ္ဘာ့အထိကရ နှစ်ပိုင်းတွင်ဖြင့်
စစ်ကိုင်းအောင် ကမ္ဘားယံတခွင်
(အိုကွယ်)ကဗ္ဘာ့က၀ိဓစ မှိုင်းရယ်လို့
သမိုင်းအောင်လံတင် ...”ဆိုပြီး ရေးတာတွေ့ရပါတယ်။
ဒီကဗျာပိုဒ်ထဲက အောက်ပါစာသားတွေကို ဂရုတစိုက်ထားပြီး ဖတ်ကြည့်ပါ။
“လူအသွင် အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့
တူချင်လည်းတူကြ၊မတူချင်လဲ နေကြပေါ့နော် ...”
ဒီကဗျာစာသားတွေဟာ ဒီကနေ့ လက်ခံကျင့်သုံးလာကြတဲ့ ‘ဗဟုဝါဒ’ကို ဆရာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)၀န်းကျင်ကတည်းက လက်ခံယုံကြည်ကျင့်သုံးခဲ့တယ်ဆိုတဲ့အချက်ကို အံ့သြဘွယ်တွေ့နိုင်မှာဖြစ်ပါတယ်။ ဂိုဏ်းဂနကိစ္စ၊ ပုဂ္ဂလကိစ္စ၊ အယူဝါဒကိစ္စ၊ လူမျိုးကိစ္စ၊ ဘာသာကိစ္စတွေမှာ ဆရာကြီးရဲ့အမြင်ဟာ “မတူတာတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး”ဆိုတဲ့ ‘ဗဟုဝါဒ’ကို ဆရာကြီးလက်ခံယုံကြည်ခဲ့တယ်ဆိုတာ သိတာထင်ရှားစေနိုင်တဲ့ကဗျာစာသားများဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်ဘာ့ကြောင့်တင်ပြခဲ့ရသလဲ။
ကျနော်တို့ စာပေသမားတွေအနေနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ နိုင်ငံရေးပြဿ နာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ရပ်တည်ဖြေရှင်းသင့်သလဲဆိုတဲ့ အဖြေကိုရဘို့အတွက် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်တင်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆီက ကျနော်တို့အတုယူ သင့်တဲ့အကြောင်း တင်ပြခဲ့တာပဲဖြစ်ပါတယ်။
အမှန်အားဖြင့်ဝန်ခံရမယ်ဆိုရင် ဆရာကြီးရဲ့နိုင်ငံရေးရပ်တည်ချက်ကို ကျနော်တင်ပြခဲ့တာ ပြီးပြည့်စုံခြင်း မရှိဘူးဆိုတာ ၀န်ခံရမှာဖြစ်ပေမယ့် ကျနော်လက်လှမ်းမီသလောက် အခုလိုတင်ပြခြင်းဖြင့်ပဲ စာပေရဲဘော်များ အတွက် တစုံတရာအကျိုးရှိစေမယ့် တင်ပြချက်ဖြစ်နိုင်ကောင်းရဲလို့ ကျနော်ယုံကြည်မိပါတယ်။
ငြိမ်းဝေ
ညှိနှိုင်းကိုးကားသည့်စာအုပ်များ
(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်
(၂) သခင်ကိုယ်တော်မှိုင်း လက်ရွေးစဉ်လေးချိုးတရာ (မောင်တင်ရွှေ)
(၃) ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်းး)
(၄) စာပေအင်အား (အထက်ဗမာနိုင်ငံစာရေးဆရာအသင်း)
(၅) ခွေးဋီကာ (သခင်ကိုယ်တော်မှိုင်း)
(၆) မြန်မာကဗျာစာတမ်းများ(စာပေဗိမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ်)
(၇) သခင်ကိုယ်တော်မှိုင်း(မောင်တင်ရွှေ)
(၈) မှာတော်ပုံ နှင့် စစ်ကိုင်းပြန်မှာတော်ပုံ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)
June 19, 2009
ဒဂုန်တာရာ နှင့် လွတ်ငြိမ်းခွင့် ပြဿနာ

(က)
မျက်မှောက်ခေတ် မြန်မာစာပေနယ်ပယ်တွင် ကဗျာဆရာကြီး ‘ ဒဂုန်တာရာ ’ သည် အငြင်းအပွားရဆုံး ပုဂ္ဂိုလ်တဦးဖြစ်၏။ သူသည် အတတ်ပညာရေးရာအပိုင်းနှင့် အကြောင်းအရာရေးရာအပိုင်း နှစ်ခုစလုံးတွင် ထူးခြားသစ်လွင်မြင့်မားသည့် တီထွင်မှု၊ ခံယူမှု ရှိသူဖြစ်၏။ အထူးသဖြင့် အဘိဓမ္မာရေးရာအပိုင်းတွင် အပြင်းအထန် ဝေဖန်ငြင်းခုန်ခြင်း ခံရသူဖြစ်၏။ သူ၏ ငြိမ်းချမ်းရေးဆိုင် ရာ အယူအဆ၊ အနုပညာရေးဆိုင်ရာ အယူအဆများမှာ လေးနက်ခက်ခဲလှ၏။ ဥပမာ…၊ “ ကျနော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ ” အယူအဆ၊ ‘ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ ရသည် ’ ဟူသော အပြောအဆို အယူအဆများမှာ မြန်မာစာပေနယ်ပယ်တွင် ပွက်လောညံအောင် ငြင်းခုန်ကြရသည့် အယူအဆများဖြစ်၏။ အနူပညာရေးရာပိုင်းတွင် “ အတတ်ပညာ မဲ့လျှင်မဲ့ပစေ၊ အဘိဓမ္မာ မမဲ့စေနဲ့  ” ဟူသောစကားနှင့် ‘ မုဆိုးစိုင်သင်”အယူအဆများမှာ စာပေလောကအတွင်း သတိမပြုပဲမနေနိုင်လောက်အောင် အငြင်းပွားခဲ့ကြရသည့် အယူအဆများဖြစ်၏။ သူသည်ကား…မြန်မာစာပေသမားများထဲ၌ ‘ ဗဟုဝါဒ ’ ကို အစေါဆုံးပြောဆိုသူ၊ ခံယူ သူလည်း ဖြစ်လေသည်။
ငယ်စဉ်က ကျနော်သည်၊ ကဗျာဆရာကြီး ‘ ဒဂုန်တာရာ ’ ၏ စကားလုံးရွေးချယ်မှု ဆန်းသစ်ခြင်းအပေါ် အာရုံညွှတ်ခဲ့၏။ ဥပမာ “ ၀စ်လစ်စလစ်လမ်းမကြီး ‘ ‘ ပန်းနုရောင်အို ” အစရှိသော စကားလုံးများဖြစ်၏။ “ အနူပညာ ” ဟူသောစကားလုံး သည်ပင် လျှင် ဆရာကြီးဒဂုန်တာရာက စတင်တီထွင်အသုံးပြုခဲ့သောစကားလုံးအဖြစ် ပြောသံဆိုသံကြားရသောအခါ ကျနော့်နားရွက်များမှာ ပိုမို ပြန့် ကားသွားရ၏။
သည့်နောက်ပိုင်း၊ အသက်အရွယ်ရလာသောအခါမူ၊ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာဆန်သော စကားများကိုပိုပြီး အာရုံ ကိုင်းညွှတ်လာခဲ့၏။ အထူးသဖြင့် သူ၏ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ ပြီးတော့ ဗဟုဝါဒ..ကို ပိုပြီးစိတ်ဝင်စားခဲ့မိလေသည်။
(ခ)
ကဗျာဆရာကြီး ‘ ဒဂုန်တာရာ ’ သည် အလှဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီ ဖြစ်၏။ သည်အကြောင်းကိုပြောလျှင် စာတစေါင်ပေတဖွဲ့  ရေးပြီးပြောမှသာလျှင် ပြည့်စုံနိုင်မည်ဖြစ်သည်။ ကျနော်၏ဆေါင်းပါးမှာ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာအယူအဆကို ခြုံမိငုံမိအောင်ဖေါ်ပြနိုင်မည် မဟုတ်သည်ကို ကျနော်သိပါသည်။ သိုသော့်…မခြုံငုံမိသည့်တိုင်၊ အထောက်အကူတခုအဖြစ် ယူဆလို့ ရနိုင်သည့် ‘ ကဗျာတပုဒ် ’ ကို ကျနော် တင်ပြချင်ပါသည်။ ယင်းကဗျာမှာ ၁၉၈၇-ခု စက်တင်ဘာလထုတ် ‘ မြတ်လေးမဂ္ဂဇင်း ’ တွင်
ဖေါ်ပြခဲ့သည့် ကဗျာဖြစ်၏။ ဆရာကြီး ဒဂုန်တာရာသည် ထိုကဗျာကို “လွတ်ငြိမ်းခွင့် ” ဟု ခေါင်းစဉ်တပ်လေသည်။
လွတ်ငြိမ်းခွင့်
ပြင်သစ်ပြည်က
လီယွန်တရားရုံး၊ ဆုံးဖြတ်ရန်မှာ
ဘော်လီဘီယာမှ၊ ဖမ်းကာပို့ လာ
ဘာဘီဆိုသူ၊ နာဇီဖက်ဆစ်
လျှို့ ဝှက်ပုလိပ်၊ ပါးကွက်သားတည့်
သူ့ အား စစ်ဆေးရန် ရုံးချိန်းသောနေ့ ။
အမှုမှာမူ
လူသားတို့ အား၊ မတရားသက်သက်
ရက်စက်ကြမ်းကြုတ်၊ နှိပ်စက် ညှဉ်းပန်း
ဖမ်းဆီးသက်ဖြတ်၊ ဓာတ်ငွေ့ အဆိပ်ခန်း
ထောက်လှမ်းပို့ ပေး၊ အနှစ် လေးဆယ်ကျော်
စစ်အတွင်းက အမှုဖိုင်တွဲ။
သူ့ လက်ချက်ကြောင့်
နှိပ်စက်ခံရ၊ ရှင်ပြန်ထသူ
အမျိုးသမီးအို၊ ချိုင်းထောက်ကြီးနှင့်
တံတွေးထွေးပြီး၊ မလေးမဖင့်
နင်မှ နင်ပဲ၊ တိုင်းထွာဆဲရေး
ပြင်သစ်တော်လှန်ရေးသမား၊ သတင်းပေးသူ
ဖမ်းပေးသူလည်း၊ နင်မှ နင်အစစ်ပဲ
မျက်မြင်သက်သေ၊ ထွက်ဆိုလေရာ
ဘာဘီခမျာ၊ အသာခေါင်းခါ
ဘာမှမသိ၊ ငြင်းကွယ်ဘိငြား
တရားရုံးက၊ စီရင်ချက်ချ
တစ်သက်ထောင်ဒဏ် ကျခံစေသတဲ့။
ငါတစ်မူကား
ငြိမ်းချမ်းရေးသမားမို့ ၊ သူ့ အားခွင့်လွှတ်
လွတ်ငြိမ်းခွင့် ပေးလိုက်ချင်သည်။
ခွင့်လွှတ်ခြင်းသည်
လက်စားချေခြင်းထက်၊ ထက်မြက်လက်နက်
ခက်ခဲပေမင့်၊ မြင့်မြတ်စိတ်ထား
သဘောထားကြီးလိုက်ပါ။ ။
(ဂ)
“လွတ်ငြိမ်းခွင့် ” ကဗျာကို၊ ဆရာကြီး ‘ ဒဂုန်တာရာ ’ သည် ၁၉၈၇-ခုနှစ်တွင် ရေးခဲ့ခြင်းဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမပေါ်ပေါက်မှီ(၁၁)လ အလိုတွင်ဖြစ်သည်။ ထို့ ကြောင့် “လွတ်ငြိမ်းခွင့် ” ကဗျာမှာ၊ မြန်မာ့နိုင်ငံရေးအကြပ်အတည်း အခက်အခဲကို ကြိုမြင်သည့်အတွက် ရေးဖွဲ့ ဖေါ်ပြခဲ့ခြင်း ဖြစ်သည်လော ဟူ၍ပင် ယူဆရပေသည်။ အမျိုးသားသွေးကွဲမှုကြီး အထွဋ္ဋ် အထိပ်သို့ ရောက်ရှိနေသည့်အချိန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစများကို ရှာဖွေနေကြရသည့် ယခုလိုအချိန် အခါမျိုး တွင်“လွတ်ငြိမ်းခွင့် ” ကဗျာမှာ၊ အဘိဓမ္မာရေးအရ လွန်စွာအရေးပါလှသည့် ကဗျာဖြစ်သည်ဟု ကျနော်ယူဆမိသည်။
“လွတ်ငြိမ်းခွင့် ” ဆိုသည်မှာ ၊ အတိုင်းအတာ တခုတော့ရှိသင့်သည်၊ သို့ မှသာလျှင် နောင်တွင် နောက်ထပ်အပြစ်ကျူးလွန် သူများ ပေါ်ပေါက်မလာစေရန် ကာကွယ်ရာရောက်သည်ဟုဆိုကာ ဆရာကြီး ‘ ဒဂုန်တာရာ ’ ၏ “လွတ်ငြိမ်းခွင့် ” ကိုလက်တွေ့  မကျသည့် စိတ်ကူးယဉ် အယူအဆတခုအဖြစ် ဝေဖန်သူတချို့ က အပြင်းအထန်ဝေဖန်ကန့်ကွက်ကြ၏။ “ လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည် ” ဟူသော အမြင်ရှိသူတို့ ကလည်း၊ ဆရာကြီးဒဂုန်တာရာ၏ “လွတ်ငြိမ်းခွင့် ” ကဗျာကို အလျှော့ ပေးရေးဝါဒ၊ အညံ့ခံရေးဝါဒ ဖြစ်သည်ဟုဝေဖန်ကြ၏။ တချို့ ကဆိုလျှင် “ ထာဝရ ကျွန်ခံရေး ” အဘိဓမ္မာတခုအဖြစ်ပင်လျှင် တင်စား ပြောဆိုကြလေသည်။
၁၉၅၇-ခုနှစ်အတွင်းတုန်းကဖြစ်သည်။ “ဟန်ဂေရီ ” နိုင်ငံအတွင်းသို့  ဆိုဗီယက်ရုရှတင့်ကားများ ၀င်ရောက်လာခဲ့ပြီး၊ ဟန်ဂေရီနိုင်ငံပြည်တွင်းရေးကို ၀င်ရောက်ဖြေရှင်းသောအခါ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၊ အမှုဆောင်အဖွဲ့ ၌ ဆိုဗီ ယက်တို့ ၏ စစ်ရေးဆောင်ရွက်ချက်ကို ထောက်ခံခြင်း သို့ မဟုတ် ကန့် ကွက်ရန်ကိစ္စ စည်းဝေးတိုင်ပင်ခဲ့ကြဖူး၏။ ထိုစဉ်က ယင်းအမှုဆောင်အဖွဲ့ တွင် လက်ဝဲအယူအဆကို တိမ်းညွှတ်သည့်ပုဂ္ဂိုလ်များက အများစုပါဝင်၏။ ဆရာကြီး ‘ ဒဂုန်တာရာ ’ သည် “ဟန်ဂေရီ ” ပြည်အတွင်း စစ်ရေးအရ ၀င်ရောက်စွက်ဖက်သည့် ဆိုဗီယက်တို့ ကို ကန့် ကွက်ရမည်ဖြစ်ကြောင်း အဆိုပြုခဲ့၏။ သို့ သော် ယင်းအယူအဆကို ထောက်ခံမည့်သူ တဦးမျှပင်မရှိခဲ့။ အမှုဆောင်တဖွဲ့ လုံးက ဆရာကြီး ‘ ဒဂုန်တာရာ ’ ၏ အဆိုကို မထောက်ခံနိုင်ခဲ့ကြ။ ဤအဖြစ်အပျက်ကိုကြည့်လျှင် မြန်မာစာပေသမိုင်း၌ “ အမျိုးသားတို့ ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌါန်းခွင့်နှင့် အချုပ်ချာအာဏာပိုင်ဆိုင်ခွင့် ” ဆိုင်ရာသဘောတရားအမြင်တွင်၊ ဆရာကြီး ‘ ဒဂုန်တာရာ ’သည် အများ တကာထက် စေါစွာ၊ မှန်စွာ၊ တည့်မတ်စွာ သိမြင်လက်ခံနိုင်ခဲ့သူဟု ဆိုရပါမည်။
ယခုလည်း “လွတ်ငြိမ်းခွင့် ” ကဗျာတွင်၊ လူသားတို့ ၏ ရန်သူဖြစ်ခဲ့သူ၊ လူသားတို့ အား သေတွင်းသို့ ပို့ ခဲ့သူ၊ စစ်ရာဇ၀တ် ကောင်တဦးအား၊ ဆရာကြီး ‘ ဒဂုန်တာရာ ’ က“လွတ်ငြိမ်းခွင့် ” ပေးသင့်သည်ဟု ဆိုခဲ့ပြန်ပါပြီ။
ကဗျာ ဆရာကြီး ‘ ဒဂုန်တာရာ ’သည်ကား၊ မျက်မှောက်ခေတ် မြန်မာစာပေသမိုင်း၌ အငြင်းပွား အခံရဆုံး ကဗျာဆရာကြီး တဦးဖြစ်သည်ဆိုသည့် အဆိုအပေါ် “လွတ်ငြိမ်းခွင့် ” ကဗျာသည်၊ အထောက်အကူဖြစ်စေသည့် အချက်တချက်ဖြစ်လာခဲ့သည်ဟု ကျနော် ယူဆမိပေသည်။
ငြိမ်းဝေ
June 16, 2009
သတင်းများက၀တ္ထုဖြစ် ၀တ္ထုများကသတင်းဖြစ်
(က)
တစ်ခါတစ်ရံ ဆက်သွယ်ရေးနည်းပညာရပ်များ ပေါက်ကွဲဖြစ်ထွန်းမှုအကြောင်း မိတ်ဆွေတချို့နှင့် စကားစပ်မိသည်။ ထိုအခါ ကမ္ဘာ့ရွာရောက်သည်အထိ စကားခရီးဆက်မိကြ၏။ သမိုင်းနိဂုံးချုပ်ပြီလောဟု ပြောဆိုလာခဲ့သည်မှာပင် နှစ်(၂၀)နီးပါးကြာခဲ့ပြီ။ ထိုအခါကြပြန်တော့လည်း လမ်းဆုံးလျင်ရွာတွေ့မည်ဟူ သော မြန်မာစကားပုံကို မဆီမဆိုင်တွေးမိကာပြုံးမိသေးသည်။
မည်သိုပင်ဖြစ်စေ ... ကမ္ဘကြီးမှာ ရွာကြီးတစ်ရွာအသွင်ဆောင်လာသည်ကိုတော့ လူအများလက်ခံ လာကြရ၏။ သို့သော်ဤကိစ္စသည်ပင် ချွင်းချက်များရှိနေသည်။ သတင်းအချက်အလက်၊ ဆက်သွယ်ရေး ကိစ္စများတွင်သာ ရွာကြီးတစ်ရွာအဖြစ် ရည်ညွှန်းပြောဆိုလို့ရကောင်းသော်ငြားလည်း အမျိုးသားရေး၊ ဘာသာ ရေး၊ ယဉ်ကျေးမှူကိစ္စရပ်များမှာမူ(၂၀)ရာစုထက်ပင် ပိုမိုထင်းပြက်လာနေသလောဟု ယူဆရဟန် ရှိ၏။ ကမ္ဘာ့ရွာပြုမှူကြောင့် မိမိတို့၏အမျိုးသား၊ ဘာသာ၊ သာသနာကို ပိုမိုကြစ်လစ်အောင်ဆုပ်ကိုင်နိုင်ရေး ကြိုးပမ်းမှုများမှာ(၂၀)ရာစုထက်ပင် ပိုပြီးပြင်းထန်လာနေပလားဟု သံသယဖြစ်မိသည်။
သည်လိုအခြေအနေများအောက်၌ သတင်းအချက်များကို သည်အတိုင်းမထုပ်မပိုးပဲ တင်ပို့လို့မဖြစ် နိုင်တော့။ အထူးသဖြင့် ပုံနှိပ်သတင်းတင်ပို့မှုလုပ်ငန်းများမှာ အသံဖြင့်သော်လည်းကောင်း၊ အင်တာနက်ဖြင့် သော်လည်းကောင်း သတင်းပို့မှူလုပ်ငန်းလောက် မမြန်ဆန်နိုင်၊ မကျယ်ပြန့်နိုင်တော့။ ထိုအခါ ယင်းပုံနှိပ်သ တင်းဖော်ပြမှုနယ်ပယ်တွင် သတင်းအချက်အလက်များကို လူတွေသီးခံပြီး စောင့်ဖတ်ချင်စိတ်ဖြစ်အောင် သတင်းပို့မှုပုံသဏ္ဍာန်သစ်ကို တီထွင်လာကြရ၏။ သတင်းကိုသတင်းသက်သက်အနေနှင့် မတင်ပို့တော့ပဲ ရသနှော သည့်သတင်းပို့မှုစနစ်ကို သုံးစွဲလာကြရ၏။ ထိုအခါ သတင်းနည်းပညာနယ်ပယ်၌ သတင်းတင်ပြမှု နည်းပညာသစ်ဟူ၍ပေါ်ပေါက်လာရ၏။
သတင်းတင်ပြမှုနည်းပညာသစ်ကို ရသနှင့်တွဲဖက်အသုံးပြုသောအခါ ဆောင်းပါး၊ ၀တ္ထုအစရှိသည့် စာပေပုံသဏ္ဍာန်နှင့် ဒွေးရောယှက်တင်ဖြစ်လာနိုင်၏။ ဖြစ်လာသည်လည်းရှိ၏။ ဤအမြင်၊် ဤအယူအဆ အတွက် ကျနော့်မှာ သက်သေပြစရာ မြန်မာဝတ္ထုတပုဒ်ရှိပါသည်။ ယင်းဝတ္ထုမှာ `ခင်ခင်ထူး´၏`၀တ်လဲ တော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်´၀တ္ထုဖြစ်လေသည်။
(ခ)
သည်ဝတ္ထုတွင် အဓိကဇာတ်ကောင်များမှာ`ဖြုံဘူး´ရွာသူ`ခင်နှောင်း´၊ တရွာတည်းသူ`မဖူးငုံ´၊ ခင်နှောင်း၏အစ်ကို`ချစ်ခင်´၊ ခင်နှောင်းနှင့်ချစ်ကြိုက်သူ ထန်းတောရွာသား`ကျီးညို´၊ တိရစ္ဆာန်ဆေးကု ဆရာဝန်လေး`ကိုသိန်းဒန်´တို့ဖြစ်ကြ၏။ ၀တ္ထု၏အစပိုင်းတွင် ခင်နှောင်းတို့မောင်နှမနှစ်ယောက်၏ စရိုက်ကို စာမျက်နှာအတော်များများအထိဖွဲ့ပြီးမှ ကျန်ဇာတ်ကောင်များကို တဖြေးဖြေးစရိုက်ပေါ်အောင်ဖွဲ့သွား၏။ `ခင် နှောင်း´နှင့်`ကျီးညို´တို့၏ ကိုကြီးကျော်နတ်ပွဲတွင်ဆုံခဲ့သည့်ဇာတ်လမ်းကို `ခင်နှောင်း´တို့အိမ်၌`ကျီးညို´ တစ်ယောက် စာရင်းငှါးဝင်လုပ်သည့်နည်းဖြင့် ဇာတ်လမ်းကိုဆက်လို့ရသွား၏။ ခင်းနှောင်းမိခင်က`ကြီးညို´ နှင့်သဘောမတူ၊ တနေရာစီခွဲထားလိုက်၏။`ခင်နှောင်း´ရွာကိုပြန်လာခွင့်ရတော့ `ကျီးညို´က စာရင်းငှါးအ လုပ်မှထွက်ခါ၊ ထန်းတောထဲတွင် ဆင်းဆင်းရဲရဲနှင့်ခေါင်းချသွားနှင့်ပြီ။ `ခင်နှောင်း´အဖို့ချစ်သူနှင့် ပေါင်းဖက် ခွင့်မရနိုင်တော့။ ၀တ္ထု၏နိဂုံးမှာ ယူကျုံးမရဖွယ်ဖြင့်အဆုံးသတ်၏။
`၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်´၀တ္ထုမှာ ဇာတ်လမ်းအဓိကထားသည့်ဝတ္ထုမဟုတ် ပါ။ သာမာန်မျှသာဖြစ်၏။ မည်သည့်လှည့်ကွက်၊ မြှူပ်ကွက်၊ ဆင်ကွက်၊ တင်ကွက်မျှမပါ။ သို့နှင့်တိုင်`ခင်ခင်ထူး´ သည် မည်သည့်အတွက်ကြောင့် ဤသာမာန်ဇာတ်လမ်းတပုဒ်ကို ၀တ္ထုတပုဒ်အဖြစ်ဖန်တီးလာခဲ့သနည်း။ ဤ ဆီသည်မလက်သုပ်လိုဖြစ်နေသည့်`တွေ့၊ ချစ်၊ ကွဲ´ဇာတ်လမ်းမျိုးကို`ခင်ခင်ထူး´ဘာ့ကြောင့်ရေးခဲ့သနည်း။ ဘာကြောင့်ဇာတ်လမ်းသစ်တခုခုကို မရွေးချယ်ခဲ့သနည်း။
ဝတ္ထု၏အဖွင့်စာမျက်နှာမှစကာ၊ ၀တ္ထု၏သုံးချိုးနှစ်ချိုးကျော်သည်အထိ ကိုကြီးကျော်နတ်ပွဲနှင့် ပါတ် သက်သည့် အချက်အလက်များမှာ လိုအပ်လျင်လိုအပ်သလို အဓိကထားပြီးရေး၏။ ဥပမာ စာမျက်နှာ (၂၃) မှစတင်ကာ၊ ကိုကြီးကျော်နတ်ပွဲထုံးစံ၊ နတ်ပွဲ ပွဲစဉ်၊ နတ်ပွဲအတွေဲ့အကြုံအသေးစိတ်ကို စာမျက်နှာ(၂၈)အထိ လည်းကောင်း၊ တဖန်စာမျက်နှာ(၉၀)မှ(၉၉)အထိ နတ်ပွဲခင်းကျင်းပုံ နတ်ပွဲလာပရိတ်သာဒ်က နတ်ပူဇော်ပုံ များကိုလည်းကောင်း ကိုကြီးကျော်နတ်ပွဲသို့လာရောက်ရောင်းချကြသည့် ဈေးဆိုင်များ၊ ပစ္စည်းများကို ဖော်ပြ ရာ၌ ဇာတ်လမ်းဖြစ်စဉ်နှင့်ရောမွှေသမကာ စာမျက်နှာ(၁၀၂)မှ(၁၂၀)အထိလည်းကောင်း။ ဥပမာ `ကျောက် မြောင်းနွယ်ငြိမ်းဘက်မှစဥ့်ထည်များ၊ မြင်းခြံနယ်ဘက်မှ တောင်သာအိုး၊ မိတ္ထီလာအိုးမြေထည်များ၊ ဧရာဝတီ မြစ်ရိုးဆီက စစ်ကိုင်းအိုး၊ မြောင်နယ်ထဲက နဘက်အိုး၊ ဆီမီးခုံနယ်က ရန္တပိုအိုး၊ ကတောအိုးများ၊ ချင်းတွင်းအ နောက်ဘက်ကမ်း ပခန်းနယ်မှာ အိုးဆိုင်များ´ စာ(၁၁၄)။ ကိုကြီးကျော်နတ်သမိုင်းအသေးစိတ်အချက်အ လက်များကို(၁၃၄)မှစာ(၁၄၀)အထိ။ တဖန်ယုတ်စွအဆုံး ဧရာဝတီ မြစ်နှင့်ချင်းတွင်းမြစ်ကြားတွင်ရှိသည့် `ကျွန်းဆယ့်နှစ်ရွာ´ဒေသနေကျေးလက်လူထု၏ မည်သည့် စားဝတ်နေ ရေးပင်ဖြစ်ပစေ နတ်ကိုးကွယ် ယုံကြည်မှူနှင့်မကင်းနိုင်သည်ကို မီးမောင်းထိုးပြ၏။ နတ်ကိုးကွယ်ယုံကြည်မှူအောက်က ကျေးလက်လူထု၏ ဘ၀ရှင်သန်ရေး၊ ယဉ်ကျေးမှူစရိုက်ကိုဖေါ်ပြ၏။ ဥပမာ `ကိုကြီးကျော်နှစ်သက်သော ဆေးပင်များကို ရာတ ခင်း ဆေးသုံးပင် စတိထည့်စိုက်ကြမြဲသာ။ မြေပဲစိုက်စိုက်၊ ပဲစိုက်စိုက်၊ ငရုတ်စိုက်စိုက်၊ နေကြာစိုက်စိုက် ဆေး သုံးပင်ထည့်စိုက်ခြင်းအားဖြင့် အလေးအမြတ်ပြုကြသည်။(စာ-၄၅) ဤသို့ဖြင့် `၀တ်လဲတော်ရွှေပုဆိုး တန်း ထိုးလို့ကြိုမယ်´ ၀တ္ထုမှာ သတင်းအချက်အလက်များ ပြည့်နှက်ကြွယ်ဝလွန်းသလောက်၊ ၀တ္ထုဇာတ်လမ်းအရ မူ စာတပိုဒ်မျှချုံ့ပြီး ပြန်ရေးပြလို့ရလောက်အောင်တို၏။ ရှင်း၏။
ဤ၀တ္ထုတွင် စာရေးသူက ဇာတ်လမ်းကိုအဓိကမထားခဲ့ပါ။ သတင်းအချက်အလက်များကိုသိစေလို သည့် ရည်ရွယ်ချက်ကိုသာ အဓိကထားခဲ့သည်မှာ သိသာလွန်းလှသည်။ ထို့ကြောင့်ပင်ဖြစ်မည်။`ခင်ခင်ထူး´ သည် ဇာတ်လမ်းကို ဦးစားမပေးပဲ၊ သတင်းအချက်အလက်များကိုသာ အဓိကထားခဲ့လေသည်။
(ဂ)
`၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်´၀တ္ထုမှာ ဇာတ်လမ်းအဓိကအားပြုသည့်ဝတ္ထုမဟုတ် ပါ။ သတင်းအချက်အလက် အားပြုဝတ္ထုဖြစ်၏။`ခင်ခင်ထူး´သည် အဘယ့်ကြောင့် သတင်းအချက်အလက် များကို ၀တ္ထုပုံသဏ္ဍာန်ဖြင့်ဖော်ပြဖိုကြိုးစားခဲ့သနည်း။
ကျနော်အထက်ကဆိုခဲ့၏။ တခါတရံ သတင်းအချက်အလက်ကို သတင်းသက်သက် အနေနှင့် တင်ပြသည်ထက် ရသနှင့်ထုပ်ပိုးပြီးမှ တင်ပြသည့်`သတင်းပို့မှူပုံသဏ္ဍာန်သစ်´နှင့်ဖော်ပြခြင်းဖြင့် ပိုမိုထိ ရောက်သည်ဟုယူဆခဲ့ဟန်တူပါသည်၊။ ဤသို့ဖြင့် ဤ၀တ္ထုမှာ သတင်းအချက်အလက်ကို အဓိကအခြေခံ သည့်ဝတ္ထု တပုဒ်ဖြစ်လာခဲ့ရ၏။
ယ္ခုအခါ ကျနော်တို့သည် သတင်းနှင့်ဝတ္ထု၊ ၀တ္ထုနှင့်ကဗျာ၊ ကဗျာနှင့်စကားပြေ ဒွေးရောယှက်တင် ဖြစ်လွန်းသည့်ခေတ်တခေတ်ကိုဖြတ်သန်းနေကြရ၏။ ယင်းဘာသာရပ်များတခုနှင့်တခု၏ကြားတွင်ရှိနေ၊ ကာ နေသည့် ကန့်လန့်ကာစမှာ ပါးလျားသည်ထက် ပါးလျားလာနေ၏။
သို့သော် အထူးသတိပြုရမည့်အချက်တော့ ရှိပါသည်။ သတင်းများသည် ၀တ္ထုချောက်ထဲ မဆင်းမိဖို့ နှင့် ၀တ္ထုများသည်လည်း သတင်းချောက်ထဲဆင်းမသွားမိဖို့တော့အရေးကြီးးသည်ဟုယူဆမိပေသည်။
June 15, 2009
သေနတ်သံတွေတိတ်သွားတဲ့အထိ ကကြ

(က)
“ဟေ့လူ ... ခင်ဗျား ဟိုသတင်းကြားပြီမို့လား”
ကျနော်က မဝေခွဲတတ်သည့်မျက်နှာနှင့် ကိုမောင်မောင်မြင့် (ယ္ခု- မြန်မာသတင်းသမဂ္ဂ) ကို မော့ကြည့်သည်။ ကိုမောင်မောင်မြင့်က အပစ်တင်သောမျက်လုံးများနှင့် ကျနော့်ကိုကြည့်သည်။
“ခင်ဗျား တကယ်မသိဘူး”
“ဘာသတင်းလည်းဗျ၊ ကျနော် တကယ်မသိသေးလို့ပါ”
“ကင်ဆာရိုဝီ၀ါ သတင်းလေဗျာ”
“ဘာလဲ၊ လွှတ်လိုက်ပြီတဲ့လား”
“ဟာ ... ဘယ်ကလာ လွှတ်ရမှာလဲဗျ၊ မနေ့ကပဲ ကြိုးပေးပြီး သတ်ပစ်လိုက်ပြီ၊ ခင်ဗျားကြားပြီးပြီလို့ ထင်နေတာ”
“ဘာ ...၊ သတ်ပစ်လိုက်ပြီ”
“ဟုတ်တယ် ကိုငြိမ်းရေ ... သတ်တာမှ ... ကိုးယောက်စလုံးကို သတ်ပစ်လိုက်တာ၊ အခု ဥရောပ တတိုက်လုံး ဆူနေတာပဲ”
ချက်ချင်းဆိုသလို ထိုင်ရာက ထလာလိုက်သည်။ “ကင်ဆာရိုဝီ၀ါ” နှင့် ပါတ်သက်သည့်သတင်းများ ကို သတင်းဖိုင်တွဲများတွင် ပြန်ရှာရ၏။
“ကိုမောင်မောင်မြင့်ရေ ...၊ လုပ်ပါဦးဗျာ ရသဘောက် သူ့သတင်းတွေစုပြီး ကျနော့်ကို ကူညီပါအုန်း၊ ကျနော် ဒီတပါတ် သူ့အကြောင်း အသံလွှင့်မယ်”
ညနေပိုင်းရောက်တော့ “ကိုမောင်မောင်မြင့်” ဆီက ဖက်စ်တချို့ဝင်လာ၏။ နိုင်ဂျီးရီးယား စာရေး ဆရာ၊ ရုပ်မြင်သံကြားထုတ်လုပ်သူ၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းသမား “ကင်ဆာရိုဝီ၀ါ” နှင့် ပါတ်သက်သည့် သတင်းများဖြစ်၏။
လာမည့် သောကြာနေ့ “တော်လှန်ရေးကဗျာမိတ်ဆက်” ကဏ္ဍတွင် နိုင်ဂျီးရီးယားစစ်အစိုးရက ကြိုးပေးကွပ်မျက်လိုက်သည့် “ကင်ဆာရိုဝီ၀ါ” အကြောင်း ကျနော်အသံလွှင့်ရပါလိမ့်မည်။
(ခ)
ီ“ကင်ဆာရိုဝီ၀ါ” အကြောင်း အသံလွှင့်ဖို့စီစဉ်သောအခါ ကျနော့်မှာ စိတ်လှုပ်ရှားတက်ကြွနေခဲ့၏။ နိုင်ဂျီးရီးယား မျက်မှောက်သမိုင်းနှင့် ကျနော်တို့နိုင်ငံ မျက်မှောက်သမိုင်းမှာလည်း ဆင်တူလွန်းနေသဖြင့် ကျနော့်အဖို့ ပိုပြီး စိတ်ဝင်တစားဖြစ်မိ၏။ နိုင်ဂျီးရီးယားနိုင်ငံမှာ ကိုလိုနီဘ၀ဘ၀မှ လွတ်မြောက်လာပြီး ၁၉၉၅ -ခုနှစ်အထိ (သူ့အကြောင်းကို အသံလွှင့်ရန် စီစဉ်ချိန်က ဖြစ်ပါသည်) နှစ်ပေါင်း (၃၆) နှစ်အတွင်း၊ စစ်တပ်က ဓါးမိုးအုပ်ချုပ်ထားသည့်ကာလမှာ (၂၇) နှစ်ဖြစ်ပြီး အရပ်သားအစိုးရက (၉) နှစ်သာ အုပ်ချုပ်ခွင့်ရခဲ့၏။ ကျနော်တို့နိုင်ငံတွင်လည်း ၁၉၄၈ -ခု၊ လွတ်လပ်ပါပြီဆိုကတည်းက ထိုအချိန် (၁၉၉၅) ခုနှစ်အထိ အရပ်သားအစိုးရက (၁၂) နှစ်သာ အုပ်ချုပ်ခွင့်ရခဲ့ပြီး စစ်တပ်စစ်အာဏာရှင်အစိုးရများက အသွင်အမျိုးမျိုးနှင့် အုပ်ချုပ်လာခဲ့သည်မှာ (၃၆) နှစ် ရှိ၏။ ထို့ပြင် ထိုစဉ်က လက်ရှိနိုင်ဂျီးရီးယား စစ်အစိုးရဆိုတာကလည်း ၁၉၉၃- ခု၊ ဇွန်လတွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ဖျက်သိမ်းပြီး၊ နိုင်ချေရှိနေခဲ့သည့် လူထုခေါင်းဆောင် “မိုရှုအဘီအိုလာ” ကို ထောင်ထဲထည့်၊ မျက်နှာပြောင်တိုက်အုပ်ချုပ် နေသည့် အစိုးရ ဖြစ်၏။ ထို့ကြောင့် ၁၉၉၀-ခု၊ မေလ ရွေးကောက်ပွဲရလဒ်ကို လစ်လျူရှုပြီး တိုင်းပြည်ကိုအဓမ္မအုပ်ချုပ်ထား သည့် မြန်မာစစ်အာဏာရှင်များနှင့် မခြားနား။ မျက်မှောက်သမိုင်းချင်း ဆင်တူလွန်းသည့်နိုင်ငံနှစ်ခု ...။
“ကင်ဆာရိုဝီ၀ါ” သည် စာရေးဆရာ၊ ရုပ်မြင်သံကြားထုတ်လုပ်သူအဖြစ် ပထမပိုင်းတွင် ထင်ရှား၏။ အထူးသဖြင့် အပိုင်းပေါင်း (၁၅၀) ကျော်ရှိသည့် သူ၏ ရုပ်မြင်သံကြားအစီစဉ် “ဘာစီနှင့်ကုမ္ပဏီ” ဟု အမည် ပေးထားသည့် အစီစဉ်မှာ လူကြိုက်များ၏။ ယင်းအစီစဉ်ကို အာဏာရှင်စစ်အစိုးရက ဖျက်သိမ်းပစ်ခဲ့၏။ နောက်ပိုင်းတွင် “အိုဂိုနီ” လူမျိုးစုဝင် တဦးဖြစ်သူ “ကင်ဆာရိုဝီ၀ါ” သည် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးအဖြစ် ထင်ရှားလာပြန်၏။ အထူးသဖြင့် ၁၉၅၀-ခုနှစ် ၀န်းကျင်ကတည်းက အိုဂိုနီ လူမျိုးစုဝင်များနေထိုင်သည့် ဒေသတွင် “ရှဲ- ဒတ်ခ်ျ” ရေနံကုမ္ပဏီနှင့် စစ်အစိုးရဖက်စပ်ကုမ္ပဏီက ရေနံများ ရှာဖွေတူးဖော်ရာ၊ အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းမျာစွာရရှိခဲ့ကြသော်လည်း ဒေသခံ အိုဂိုနီ လူမျိုးစုတို့မှာ ဆင်းရသထက် ဆင်းရဲလာခဲ့ရ၏။ “ကင်ဆာရိုဝီ၀ါ” သည် အိုဂိုနီလူမျိုးစုဒေသတွင် ရေနံကုမ္ပဏီ များ စည်းမဲ့ကမ်းမဲ့ စီးပွားရှာမှုကြောင့်၊ ရေထုနှင့် လေထုပျက်ဆီးရခြင်းအပေါ် ကန့်ကွက်ခဲ့၏။ လူတသောင်း ကျော်နှင့် စတင်ဖွဲ့စည်းသည့် “အိုဂိုနီပြည်သူများအသက်ရှင်ရပ်တည်ရေးလှုပ်ရှားမှုအဖွဲ့ ” တွင် ဥက္ကဌ ဖြစ် လာခဲ့၏။ အကြမ်းမဖက်လမ်းလျှောက်ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့၏။ ထို့ကြောင့် အကြိမ်ကြိမ်အဖမ်းခဲ့ရ၏။ ၁၉၉၄-ခု၊ မေလ (၂၂) ရက်နေ့တွင် “ကင်ဆာရိုဝီ၀ါ” နှင့် အိုဂိုနီလူမျိုးစုခေါင်းဆောင် (၈)ဦးကို ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” ခေါင်းဆောင်သည့် စစ်အစိုးရက ဖမ်းဆီးလိုက်၏။ အိုဂိုနီလူမျိုးစုဝင် (၄) ဦး အသတ်ခံရမှု တွင် ပါဝင်ပါတ်သက်သည်ဟု စွပ်စွဲခဲ့၏။ သို့သော် ရုံးထုတ်စစ်ဆေးခြင်းမပြုပဲ (၁၈) လကြာ အဓမ္မချုပ်နှောင် ထားခဲ့ပြီးမှ ၁၉၉၅-ခု၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဥရောပတိုက် နိုင်ငံတိုင်းလိုလို ကန့်ကွက်နေ သည့်ကြားက “ပို့ထ် ဟားကုတ်အကျဉ်းထောင်” တွင်း၌ “ကင်ဆာရို ၀ီဝါ” နှင့် အိုဂိုနီလူမျိုးစုခေါင်းဆောင်း (၈)ဦးကို ကြိုးပေးကွပ်မျက်ခဲ့လေသည်။
“ကင်ဆာရိုဝီ၀ါ” ၏ ဘ၀နိဂုံးပိုင်းများက တုန်လှုပ်စရာ ကောင်းလှ၏။ အသတ်မခံရခင်အချိန် ... ဇနီးနှင့်တွေ့ခွင့်တောင်း၏။ မရခဲ့။ အသက် (၉၁) နှစ်ရှိပြီဖြစ်သည့် ဖခင်ဖြစ်သူထံ၊ သူ၏ဆေးတံအိုးလေး ပို့ပေးဖို့ တောင်းဆိုပြန်တော့လည်း စစ်အစိုးရက ပယ်ချခဲ့၏။ ထို့ပြင် သူနှင့်အတူ အဖမ်းခံကြရသည့် အိုဂိုနီ လူမျိုးစုဝင် (၈) ဦး၊ တဦးချင်းစီ ကြိုးပေးခံရသည့် မြင်ကွင်းကို “ကင်ဆာရိုဝီ၀ါ” အား အတင်းအဓမ္မ ကြည့်ရှု စေခဲ့၏။ သူ့ကို ကြိုးစင်ပေါ်က ဒေါက်ဖြုတ်ချလိုက်တော့ မိနစ်အတန်ကြာ မသေမရှင်ဖြစ်ကာ ရုန်းကန်လှုပ်ရှား နေခဲ့ရသည်ဟုဆို၏။
နိုင်ဂျီးရီးယားစစ်အစိုးရသည် စာရေးဆရာ “ကင်ဆာရိုဝီ၀ါ” ကို သတ်ဖြတ်ပြီးခဲ့သည့်တိုင် နောက်ကြောမလုံနိုင်ခဲ့ပါ။ အိုဂိုနီခရိုင်အတွင်းတွင်ရှိသည့် စာသင်ကျောင်းအားလုံးမှ ဆရာ ဆရာမများကို တနေရာတည်းမှာ စုဝေးစေပြီး “ကင်ဆာရိုဝီ၀ါ” အကြောင်း ကျောင်းသားထုအတွင်း မဟောရ၊ မပြောရဟု တားမြစ်ပိတ်ပင်ခဲ့ရ၏။ နိုင်ဂျီးရီုးယာားသတင်းစာဟူသမျှ “ကင်ဆာရိုဝီ၀ါ” ၏ သတင်းကို ဖော်ပြခွင့် မရခဲ့ကြ။ “ကင်ဆာရိုဝီ၀ါ” ကွပ်မျက်ခံရသည့်သတင်းမှာ တကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။
(ဂ)
“ကင်ဆာရိုဝီ၀ါ” အကြောင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ တဆင့် ကျနော် အသံလွှင့်ခဲ့၏။ (၁၉၉၅)။ ယင်း အသံလွှင့်အစီစဉ်၏ နောက်ခံနိုင်ဂျီးရီးယား သီချင်းတိတ်ခွေကို အော်စလိုမြို့ ဗဟိုစာကြည့်တိုက်ကြးမှတဆင့် ငှါးရမ်းကူးယူပြီးမှ အသံလွှင့်ခဲ့ရ၏။
အသံလွှင့်အစီစဉ် နောက်ဆုံးစာပိုဒ်များတွင် “အိုဂိုနီလူမျိုးစုနေ့” အတွက် “ကင်ဆာရိုဝီ၀ါ” ကိုယ်တိုင်ရေးခဲ့သည့် ကြွေးကြော်သံစာတန်းကို ကျနော်ထည့်ပြီးဖတ်ခဲ့၏။ “ကကြ ... ဒေါသတွေ ပျော်ရွှင်မှု တွေနဲ့ ကကြ၊ သေနတ်သံတွေ တိတ်သွားတဲ့အထိ ကကြ ... ကကြ ... ကကြ ... ” ဟု “ကင်ဆာရိုဝီ၀ါ” က ရေးခဲ့၏။
အသံလွှင့်အစီစဉ်၏ နိဂုံးပိုဒ်တွင်မူ ညီဖြစ်သူထံ “ကင်ဆာရိုဝီ၀ါ” ရေးခဲ့သည့်စာပိုဒ်ကို ကျနော် ဖတ်၏။ ကျနော့်လက်များ တုန်ရင်နေခဲ့ရလေသည်။
“ဘုရားသခင်ကတော့ ငါ့ရဲ့အသက်ဝိဥာဉ်ကို ယူသွားမှာပဲ၊ ဒါပေမယ့် ရုန်းကန်တိုက်ပွဲဝင်မှုတွေ ကတော့ ဆက်ဖြစ်နေလိမ့်ဦးမယ်”
ငြိမ်းဝေ
June 13, 2009
နှင်းခဲပျော်ချိန်
(၁)
ပြတင်းပေါက် ခန်းဆီးစကိုဖယ်လိုက်ရင် အပြင်ဖက်မှာ နှင်းတွေ ကျကောင်းကျနေလိမ့်မယ်။ မနေ့တုန်းက အအေးဓာတ် ပိုသလိုရှိခဲ့လို့ ဒီကနေ့မနက်မှာတော့ နှင်းတွေ စတင်ပြီး ကျလာနိုင်ကောင်းရဲ့။ နှင်းတွေကျလာနေတာကို မြင်ရရင် ...။
ဟိုး ... လွန်ခဲ့တဲ့ ၁၀ နှစ်က နှင်းတွေကျနေတဲ့အချိန်၊ အမိုးမပါတဲ့ ရထားတွဲတခုပေါ်မှာ `မင်ဒယ်လ်စတန်း´ သေဆုံးသွား ခဲ့တယ်။ ရထားတွဲပေါ်မှာ ပက်လက်လှန်လဲလျောင်းရင်း ကောင်းကင်ကြီးရဲ့ လွတ်လပ်ကျယ်ပြန့်ခြင်း အရသာကိုခံစားရင်း လူ့လောကကြီးကို စွန့်ခွာသွားရတာကျေနပ်တယ်လို့များ`မင်ဒယ်လ်စတန်း´ ယူဆခဲ့လေမလား။ ဒီတုန်းက ဆိုက်ဗေးရီးယား မြောက်ပိုင်း နှင်းတွေတဖွဲဖွဲကျနေတဲ့အောက်က အသက်ငင်နေတဲ့ ဘူတာရုံလေးတခုရဲ့အလွန် ၀က်သစ်ချတောအစပ်မှာ `မင်ဒယ်လ်စတန်း´ သေဆုံးသွားခဲ့တာ။ နှင်းတွေ အရူးအမူးကျနေခဲ့တဲ့ အချိန်ပေါ့။
ငါတို့
နေမင်းကို မြှုပ်နှံခဲ့ကြရာ
`ပီတာစဘတ်´ မှာ
တဖန်ပြန်လည်ဆုံတွေ့ကြစို့ ...။
၁၉၂၀ နိုဝင်ဘာလ ၂၀ ရက်နေ့စွဲနဲ့ ရေးခဲ့တဲ့ `မင်ဒယ်လ်စတန်း´ရဲ့ ကဗျာတပုဒ်ထဲမှာ သူ့ဇနီးကို ရည်ရွယ်ပြီးရေးခဲ့တဲ့ ကဗျာစာသားလား၊ ဒါမှမဟုတ် သူတို့ ၄ ယောက်စလုံးကိုပဲရည်ရွယ်ပြီးရေးခဲ့တာလား၊ ဒါမှမဟုတ် အခြားတယောက်ယောက် ကိုများ ရည်ရွယ်ခဲ့လေသလား။ ဘယ်လိုပဲ ရည်ညွှန်းသည်ဖြစ်စေ အခုတော့ သူတို့ ၄ ယောက်စလုံးအဖို့ `ပီတာစဘတ်´မှာ ပြန်လည်ဆုံတွေ့ကြဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့လေ။
အခုဆိုရင် `ပက်စတာညက်´လည်း လူ့ဘ၀ကြီးကို စွန့်ခွာသွားခဲ့ပြီ။ နှင်းတွေ တဖွဲဖွဲကျနေတဲ့အချိန်။ ရက်ပေါင်းများစွာ အခန်းအောင်းနေခဲ့တဲ့ `ပက်စတာညက်´ကို ၀ံပုလွေတွေက နေရောညပါ ချောင်းမြောင်း စောင့်ကြည့်နေကြတဲ့အချိန်။ အင်မတန်တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်ကလေးတလုံးထဲမှာ `ပက်စတာညက်´ သေဆုံးသွားခဲ့တာ။ `စိတ်ညစ်ညူး ရှုပ်ထွေးစရာကောင်းတဲ့ အချိန်တွေ နိဂုံးချုပ်ဖို့ကောင်းပြီကွာ´လို့ `ပက်စတာညက်´ ပြောခဲ့ဖူးတယ်။ သူကတော့ `ငါ ... နှင်းတွေကို ချစ်တယ်ကွာ´တဲ့။ `နှင်းတွေကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိတယ်မို့လား၊ ငါရဲ့ ဒေါက်တာဇီးဗားဂိုး ၀တ္ထုထဲမှာ နှင်းတွေကျနေတဲ့အချိန် ကဗျာတွေ ထိုင်ရေးနေတဲ့ လူတယောက်အကြောင်း ထည့်ရေးခဲ့တာ မင်းသိတယ် မို့လား´ဆိုတဲ့ သူ့စကားတွေကို နားထဲမှာ ကြားနေရတယ်။ ဒီလိုဆိုတော့လည်း `ပက်စတာညက်´အတွက် စိတ်ဖြေကြည့်လို့ ရနိုင်ပါတယ်။ သူ့အဖို့ နှင်းတွေ ဖွဲဖွဲဆုပ်ဆုပ်ကျနေတဲ့အချိန် လူ့ဘ၀ကြီးကို စွန့်ခွာခွင့်ရခဲ့တယ်လေ။
`စဗက်ထရေဗာ´ကလည်း ဒီလိုပါပဲ။ သတင်းဆိုးကြီးကြားလို့ သူ့ဆီကို ကမန်းကတန်းထွက်လာတော့ လမ်းမှာ နှင်းတွေ တဝေါဝေါကျလာနေလို့ လမ်းတွေတောင်မှ ပိတ်ဆို့ကုန်ကြရတာပဲ။ သူ့အိမ်တံခါးကို တာဝန်ရှိသူတွေက အတင်းရိုက်ချိုးပြီးမှ ဖွင့်ခဲ့ကြရတာလို့ ဆိုတယ်။ `စဗက်ထရေဗာ´က သူ့လည်တိုင်မှာ ကြိုးတချောင်းစွပ်ပြီး လူ့ဘ၀ကို ကျောခိုင်းသွားခဲ့တာ။ သူ့ရဲ့ လူ့ဘ၀နေ့ရက်များထဲက မဲမှောင်တဲ့လမ်းမကြီးတွေကို သူတို့အားလုံးကို ပြောပြလို့ အားလုံးကပဲ ခံစားကွဲကြေခဲ့ကြရ တာပဲ။ အခုလောက်အထိတော့ မဖြစ်တန်ရာကောင်းပါဘူးဆိုပြီး သူ့ကို ၀ိုင်းဝန်းအားပေးနှစ်သိမ့်ခဲ့ကြရတာပေါ့။ သူကတော့ `မင်ဒယ်လ်စတန်း´တို့၊ `ပက်စတာညက်´တို့လို ယောက်ျားသားမဟုတ်လေတော့ ဘ၀ရဲ့ အနက်ရောင်ကတ္တီပါကားလိပ် တွေကို ခွန်နဲ့အားနဲ့ မတွန်းဖယ်နိုင်ခဲ့ဟန် တူပါရဲ့။ မရဏတရားရဲ့ လက်ယပ်ခေါ်တဲ့အချိန်ထိ စောင့်မနေတော့ပဲ သူကိုယ်တိုင်က မရဏတရားဆီ ခုန်ကူးသွားခဲ့တာ။ ဒီတုန်းကလည်း နှင်းတွေ … နှင်းတွေ …။ နှင်းတွေဟာ တကယ့်ကို ထူးထူးခြားခြား တပိုးတနင့်ကျနေခဲ့တဲ့ အချိန်မှာပေါ့။
သူတို့ လေးယောက်အပေါ်မှာ ကဗျာနဲ့ပတ်သက်ပြီး သြဇာအညောင်းဆုံးပုဂ္ဂိုလ် …။ `ဂူမီလက်´။ `ဂူမီလက်´ရဲ့ ခန္ဓာကိုယ် ထဲက စင်ကျလာတဲ့သွေးတွေဟာ နှင်းပြင်ပေါ်မှာ ရဲရဲနီသွားစေခဲ့တယ်။ တန်းစီရပ်နေတဲ့ အလုပ်သမား သင်္ဘောသား၊
ရုံးဝန်ထမ်း ၄၆ ဦးရဲ့ သွေးတွေဟာ နှင်းပြင်ပေါ်မှာ စီးမျောကုန်ကြတယ်။ သေနတ်သံတွေ စဲသွားတဲ့အချိန်၊ ယမ်းခိုးတွေ တဖြည်းဖြည်းလွင့်ပြယ်သွားတဲ့အခါ `ဂူမီလက်´ရဲ့ ခန္ဓာကိုယ်ဟာ တခြား သက်မဲ့ခန္ဓာကိုယ်များနဲ့အတူ လက်တွန်းလှည်း ပေါ်ကို ရောက်နေခဲ့ပြီ။ အကျဉ်းသားတချို့ဟာ နှင်းတွေ ဖွားဖွားရားရား ကျနေတဲ့အောက်မှာ လူသေအလောင်းတွေ တင်ထားတဲ့ လက်တွန်းလှည်းတွေ တွန်းရင်း နှင်းတွေထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ကြတယ်။
အရာအားလုံး
မနေ့ကအတိုင်းပါပဲ
ပရမ်းပတာကျနေတဲ့နှင်းတွေက
ထမင်းစားခန်း ပြတင်းပေါက်တွေကို
ရိုက်ပုတ်ထုနှက်နေလေရဲ့ …။
ခန်းဆီးစကို အသာအယာဖယ်လိုက်တော့ နှင်းတွေဟာ တကယ်ပဲ တံခါးအပြင်ဖက်မှာ တဖွဲဖွဲကျလာနေတာကို တွေ့လိုက်ရတယ်။ နှင်းတွေကျလာနေမလားဆိုပြီး စိုးရွံ့ထိတ်လန့်နေခဲ့တဲ့ သူ့စိတ်ဟာ ခန်းဆီးစကိုဖယ်ပြီး အပြင်ကိုကြည့်တော့ တကယ်ပဲ နှင်းတွေကျနေတာကိုတွေ့ပြီး ထူးထူးခြားခြား စိတ်တွေပြောင်းလဲသွားရပြန်တယ်။ သူချစ်တဲ့၊ သူလေးစားတဲ့၊ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ကဗျာဆရာလေးဦးစလုံးဟာ နှင်းတွေကို ချစ်ခဲ့ကြတာပဲ။ နှင်းတွေထဲမှာပဲ လဲလျောင်းသွားနိုင်ခဲ့ကြတာပဲ။ ဒီလိုတွေးမိတဲ့အခါ `အက်ခ်မာတော်ဗာ´အနေနဲ့ နှင်းတွေကို ရဲရဲရင့်ရင့် စိုက်ကြည့်နိုင်လာခဲ့ပါတယ်။ နှင်းတွေထဲမှာ ထာဝရအိပ်စက်သွားကြတဲ့ ဆိုဗီယက်ယူနီယံကြီးရဲ့ ကဗျာဆရာ လေးဦးအကြောင်းကိုတွေးပြီး နှင်းတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့လိုအပ်တယ်ဆိုတာကို သတိထားမိလာနိုင်ခဲ့တယ်။ နှင်းတွေဆိုတာလေ …၊ အခန်းရဲ့ အပြင်ဖက်မှာ တဖွဲ့တနွဲ့သွန်ကျနေလိုက်တာ တနေ့လုံး တညလုံး။
(၂)
ဒါပေမယ့်
တနင်္ဂနွေနေ့တနေ့ရဲ့
မီးခိုးရောင်နေ့လည်ခင်း
နီဗာရဲ့ ပင်လယ်တံခါးဝမှာရှိတဲ့
ခပ်မြင့်မြင့် ခပ်မွဲမွဲအိမ်တလုံးထဲက
စကားဝိုင်းတခုကို
ငါ … သတိရနေမိတယ် …။
ကဗျာဆရာ `အလက်ဇန္ဒားဘလော့´နဲ့ စကားဝိုင်းဖွဲ့ထိုင်ခဲ့တဲ့ နေ့လည်ခင်းတခုကို သူသတိရတယ်။ ဒီတုန်းက `အလက်ဇန္ဒားဘလော့´ က `ကြောက်မက်ဖွယ်နှစ်ကာလများ´ဆိုတဲ့စကားကို ဘာပြုလို့များ ပြောခဲ့တာပါလိမ့်။ လူတွေ အလွန်မတန် စိတ်ဓာတ်တက်ကြွလွန်းနေတဲ့အချိန် …၊ ဒီလိုအချိန်မျိုးကိုများ ဘာပြုလို့ `ဘလော့´က ဒီလိုညွှန်းဆိုခဲ့ပါလိမ့်။ ၁၉၁၇ ခုနှစ်မတိုင်ခင် ၀န်းကျင်ကာလမှာ ပဒေသရာဇ်စနစ်ရဲ့ ပြိုလဲအက်ကွဲသံကို လူတွေက ကောင်းချီးပေးနေကြတဲ့အချိန် …၊ ဘာကြောင့်များ `ဘလော့´က ဒီလိုပြောခဲ့တာပါလိမ့်။ ဟိုတုန်းက အမြဲတမ်း ဒီလိုပဲ ဖြေမရတဲ့ ပုစ္ဆာတချို့ဟာ အခုတော့ သူ့အဖို့ နားလည်သလိုလိုရှိလာခဲ့ပြီ။
သူ့ရဲ့ ပထမဦးဆုံးကဗျာစာအုပ် `ညနေဆည်းဆာ´ထွက်ရှိတုန်းက ပါတီအာဘော်သတင်းစာကြီးရဲ့ ဆောင်းပါးရှင်တဦးက `ဒီကဗျာစာအုပ်ဟာ ဓနရှင်အတွေးအခေါ်မစင်တဲ့ ကဗျာစာအုပ်´ဖြစ်တယ်လို့ ဝေဖန်ခဲ့တာကို ပြန်ပြီးတွေးမိတယ်။ နောက် ၂ နှစ်အကြာမှာ `နှင်းဆီပွင့်များ´ကဗျာစာအုပ် ထပ်ပြီးထုတ်တယ်။ `ငှက်ဖြူအုပ်´ ကဗျာစာအုပ်ကိုတော့ ၁၉၁၇ ခုနှစ်မှာ …။ ၁၉၂၁ ခုနှစ် `ဆေးဖက်ဝင်သစ်ပင်´ကဗျာစာအုပ် ထုတ်ပြီးကတည်းက `အက်ခ်မာတော်ဗာ´ရဲ့နာမည်ဟာ ဆိုဗီယက်ကမ္ဘာ မှာ မကောင်းဆိုးဝါးတကောင်လို ကျော်ကြားစပြုပါပြီ။ ၁၉၄၆ သြဂုတ်လထဲမှာ ပါတီအာဘော် `ပရာဗဒါ´ သတင်းစာကြီးမှာ ဆိုရင် `အက်ခ်မာတော်ဗာ´ ကို ပုဂ္ဂိုလ်ရေးအရပါ ဦးတည်တိုက်ခိုက်ရေးသားတဲ့ဆောင်းပါးတွေ အဆက်မပြတ် ပါရှိနေခဲ့ပါတယ်။
`ပရာဗဒါ´ သတင်းစာမှာပါရှိတဲ့ ဆောင်းပါးတွေဟာ ကဗျာစာအုပ်ကို ဝေဖန်တာနဲ့မတူဘဲ ကဗျာဆရာရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပဲ ဖိပြီးရေးခဲ့တာပါ။ ဒီတုန်းက ဒီဆောင်းပါးတွေဟာ ဆောင်းပါးရှင်တဦးရဲ့ `ကလောင်နာမည်´ကို အသုံးပြုပြီး ရေးခဲ့တာမှန်ပေမယ့် ပုဂ္ဂိုလ်တဦးတယောက်ထဲက ဒိုင်ခံရေးခဲ့တဲ့ ဆောင်းပါးတွေ မဟုတ်ဘူးဆိုတာ `အက်ခ်မာတော်ဗာ´ သိပါတယ်။ ပါတီရဲ့ ၀ါဒဖြန့်ချိရေး ဒါမှမဟုတ် ကေ-ဂျီ-ဘီရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနကလူတချို့ တလှည့်စီရေးခဲ့ကြတဲ့ ဆောင်းပါးတွေဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါတွေဟာ အထက်ဆုံးကကျလာတဲ့ သဘောထားအပေါ် မူတည်တယ်ဆိုတာ အစပထမတော့ မသိခဲ့ပါဘူး။
၁၉၂၅ ခုနှစ်ထဲမှာ သူ့ကို ရက်အကန့်အသတ်မရှိ ကဗျာရေးသားပုံနှိပ်ဖော်ပြခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၄၆ ခုရဲ့ နံနက်ခင်းတခုမှာ သူ့ဆီကို စာတိုက်ကတဆင့် စာတစောင်ရောက်လာခဲ့ပြန်ပါတယ်။ စာအိတ်ကိုဖောက်ပြီး မဖတ်ခင် ကတည်းက `အက်ခ်မာတော်ဗာ´ရဲ့ စိတ်ထဲမှာ တုန်လှုပ်ချောက်ချားနေခဲ့ပါပြီ။ စာအိတ်ပေါ်မှာ `ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ´ရဲ့ တံဆိပ်ကို သူတွေ့ရပါတယ်။
သီတင်းတပတ်လုံးလုံး
ဘယ်သူတဦးတယောက်နဲ့မှ
ငါ စကားမပြောခဲ့။
ပင်လယ်ကမ်းစပ်က
ကျောက်တုံးတတုံးပေါ်မှာပဲ
ငါထိုင်ခဲ့။
`အက်ခ်မာတော်ဗာ´ ရက်တော်တော်များများထိ ဘယ်သူနဲ့မှ စကားမပြောဖြစ်တော့ပါဘူး။ သူ့ကို `ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ´ရဲ့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်တဲ့စာကို သူဖတ်ခဲ့ပြီးတဲ့နောက် ရက်ပေါင်းများစွာ သူဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။ သတင်းထောက်တချို့၊ နိုင်ငံခြားသားတချို့၊ သူ့အပေါ် စာနာသူတချို့က သူ့ကို စကားပြောဖို့၊ နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ ဘယ်သူ့ကိုမှ လက်ခံစကား မပြောခဲ့ပါဘူး။ သူ့အသိတရားထဲမှာက သူ့ကို အားပေးနှစ်သိမ့်နိုင်တဲ့ လူပုဂ္ဂိုလ်ဆိုတာ ဒီကမ္ဘာပေါ်မှာ လေးဦးထဲပဲရှိတာပဲ။ အဲဒီ ပုဂ္ဂိုလ်လေးဦးက အခုဆိုရင် လူ့ဘ၀ကို စွန့်ခွာသွားခဲ့ကြပြီ။
သေနတ်ချင်းယှဉ်ပစ်ရတဲ့ပွဲ မဟုတ်လေပဲ
လူသတ်ကွင်းတခုမဟုတ်လေပဲ
စစ်မြေပြင်မဟုတ်လေပဲ
တောခြောက်ကုန်းတခုရဲ့ လမ်းကလေးပေါ်မှာ …။
ထုတ်ဝေခဲ့ပြီးသမျှ ကဗျာစာအုပ်အားလုံးအတွက် သူ့မှာတာဝန်ရှိတယ်ဆိုတာ သူသိပါတယ်။ သူ့နှလုံးသားကို ပုံတူကူးတဲ့ ကဗျာစာအုပ်တွေချည်းပါပဲ။ ဒီကဗျာစာအုပ်တွေဟာ လူတွေကို အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် မှာတော့ သူတာဝန်မယူနိုင်ပါဘူး။ ဒါဟာဖြင့် တစုံတရာလွဲချော်နေခြင်းသာ ဖြစ်တယ်ဆိုတဲ့ အသိကို လူတွေအားလုံး သိအောင် သူဘယ်လိုလုပ်ရပါ့။ ဝေခွဲလို့မရနိုင်တဲ့အဖြစ်က အခုဆိုရင် သူဟာ ကျင်းနဖူးထိပ်မှာ ရပ်မိတဲ့ လူတယောက်လို ဖြစ်ခဲ့ပြီဆိုတဲ့ အခြေအနေကို သူဘာပြုလို့ မကာကွယ်နိုင်ခဲ့တာလဲဆိုတဲ့ မဖြစ်ပါပဲ။
သူ့ကို `ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ´ရဲ့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်တဲ့စာကို ဖတ်ရတဲ့အချိန် မော်စကိုမှာ နှင်းတွေအရူးအမူးကျခဲ့ပါတယ်။
(၃)
ငါဟာ
ရိုးသားစွာ
အသိဉာဏ်ကြွယ်ဝစွာ နေထိုင်နိုင်ဖို့
ကောင်းကင်ကြီးကိုကြည့်ဖို့
ဘုရားသခင်ထံ ဆုတောင်းဖို့
ငါ့ကိုငါ သင်ကြားခဲ့တယ်။
ဘ၀တခုကို တည်ဆောက်တဲ့အခါ ဖြူစင်ရိုးသားခြင်း၊ အသိဉာဏ်ပညာကြွယ်ဝခြင်းအပြင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုဆိုတဲ့ အင်္ဂါရပ်တွေနဲ့လည်း ပြည့်ဝစေချင်ပေမယ့် ဘာပြုလို့များ လွတ်လပ်မှုတွေ ပါးလျားခဲ့ရပါလိမ့်။ ငြိမ်းချမ်းမှုတွေ မှေးမှိန်ခဲ့ရ ပါလိမ့်။ သူ့အနေနဲ့ `အိုစစ်မင်ဒယ်လ်စတန်း´ကို လေးစားတာဟာ အမှားလား။ `စဗက်ထရေဗာ´ကို ချစ်ခင်မိတာ အမှားလား။ `ပက်စတာညက်´ကို ရဲဘော်ရဲဘက်လို သဘောထားမိတာ အမှားလား။ `နီကိုလက်´ကို လက်ထပ်ခဲ့မိ တာကော အမှားလား။ သူတို့ဟာ လူသားတွေကို ဆိုဗီယက် ယူနီယံကြီးထက် ပိုပြီးချစ်ပြခဲ့ကြသူတွေ။ သူတို့အားလုံး မသေဆုံးခင်ကဆိုရင် သူတို့နဲ့အတူ သူလည်းပဲ ကမ္ဘာကြီးကို ချစ်ခဲ့တာပဲ။ လူတွေကို ချစ်ခဲ့တာပဲ။ တိုင်းပြည် နိုင်ငံတွေ၊ ဥပဒေသတွေ၊ ထုံးတမ်းစဉ်လာတွေ၊ အသားအရောင်တွေ၊ ဘာသာစကားတွေထက်ပိုပြိး လူတွေကို ချစ်မိတာဟာ အမှားတခု ကျူးလွန်ခြင်းဖြစ်တယ်လို့ ပြောလာခဲ့ရင် …။ သူတို့ လေးဦးနဲ့အတူ သူလည်းပဲ အတိအလင်း ကန့်ကွက်နေမိမှာပဲ။
အခုတော့ သူယုံကြည်သလို၊ သူမြင်သလို ပြောမိဆိုမိတဲ့အတွက် ပေးထားရတဲ့ အရင်းအနှီးကတော့ ကြီးလှပါတယ်။
ငါမငိုတော့ဘူးလို့
ငါ မင်းကို
ကတိပေးပါတယ်
ဒါပေမယ့်
ငါ့နှလုံးသားကတော့
ကျောက်တုံးတခုအဖြစ် ပြောင်းသွားလေရဲ့ …။
`ကျောက်တုံးတခု´ကို ရင်ထဲမှာထည့်ပြီး `အက်ခ်မာတော်ဗာ´ လမ်းလျှောက်နေမိပါတယ်။ ဒီအချိန်မှာတော့
ဒီ `ကျောက်တုံးတခု´ကိုပဲ ဖက်တွယ်ထားရမလားပဲ။
ဒီတုန်းက `အက်ခ်မာတော်ဗာ´ဟာ နှစ်ပေါင်းများစွာ အကျဉ်းခံဘ၀နဲ့နေခဲ့ရတဲ့ သားဖြစ်သူအတွက် ရတက်မအေးနိုင် ဖြစ်နေတဲ့အချိန်။ တခါ သားတဦးကလည်း အမဲလိုက်ရင်းက မမျှော်လင့်ဘဲ သေဆုံးသွားရတဲ့အချိန်။ တိုက်တိုက်ဆိုင်ဆိုင် နှင်းတွေ ထန်ထန်ပြင်းပြင်း ကျနေတဲ့အချိန်မှာ သားကလေးတယောက် သေဆုံးသွားခဲ့ရတာ။
အရပ်ရှည်မျောမျောမိန်းမ
မင်းရဲ့ ဂျစ်ပစီကလေးငယ် ဘယ်မှာလဲ
မင်းရဲ့ သားဦးလေး ဘယ်မှာလဲ
သူ့သတင်းက ဘယ်လိုလဲ၊ မင်း ဘာတွေမှတ်မိလဲ
မိခင်တဦးရဲ့ ကံကြမ္မာဆိုတာ
ပျော်ရွှင်မှုရဲ့ နှိပ်စက်ခန်းတခု …။
မင်းသိပါတယ်
သူ့ကို အမဲလိုက်ရာက သူတို့တွေ့လာခဲ့ကြတာ
သူ့အလောင်းကို
ဝက်သစ်ချပင်ရဲ့အနီးမှာ သူတို့သွားတွေ့ခဲ့ကြတာ …။
ငါ
ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ငှက်ကလေးကို
သစ်ပင်အိုကြီးအနီးက
ရေတွင်းဝိုင်းကြီးရဲ့ဘေးမှာ မြှုပ်နှံခဲ့ပြီ။
နောင်နှစ်ပေါင်းများစွာကြာသည့်တိုင် သူကိုယ်တိုင်မြှုပ်နှံခဲ့ရတဲ့ သူ့ရင်သွေးကလေးကို သူ့မှာမေ့ပျောက်လို့ မရနိုင်ခဲ့။ တခါ နှစ်ပေါင်း ၁၅ နှစ်တိုင်တိုင် (၁၉၂၅-၁၉၄၀) မြေမြှုပ်ခံထားခဲ့ရတဲ့ သူ့ကဗျာတွေကိုလည်း သူမမေ့နိုင်။
ဆိုဗီယက်ယူနီယံကြီးရဲ့ ကျောကုန်းပေါ်မှာတော့ နှင်းတွေအဆမတန် ကျပြီးရင်း ကျလာနေခဲ့ပါတယ်။
(၄)
၁၉၅၀ ခုရဲ့ နှစ်ဦးကစပြီး ခေါင်းဆောင်ကြီး `စတာလင်´ကို လက်ရှိဆိုဗီယက်ယူနီယံခေါင်းဆောင်တချို့က ဝေဖန်ပြစ်တင် လာခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉၅၆ ခုနှစ် အကြိမ်နှစ်ဆယ်မြောက် ပါတီညီလာခံပြီးတဲ့နောက်မှာ ၀န်ကြီးချုပ်`ခရူးရှော့´က `စတာလင်´ကို အပြင်းအထန် ဝေဖန်တိုက်ခိုက်လာခဲ့ပါတယ်။ ခေါင်းဆောင်ကြီး`စတာလင်´ကို ဝေဖန်ပြစ်တင်တဲ့အသံတွေ ဆူညံလာတဲ့အခါ ဆိုဗီယက်ယူနီယံတခုလုံး အိပ်ပျော်ရာက လန့်နိုးသလို ဖြစ်သွားရတာပေါ့။ ဆိုဗီယက်ယူနီယံ ထီးရိပ် အောက်က တိုင်းနိုင်ငံတချို့ဆိုရင် ပိုပြီး ချောက်ချောက်ချားချား ဖြစ်ကုန်ကြရတာပေါ့။ ဒီအခါမှာတော့ နှစ်ပေါင်းများစွာ ကျောက်တုံးတခုကို ရင်ထဲမှာထည့်ပြီး လမ်းလျှောက်လာနေတဲ့ `အက်ခ်မာတော်ဗာ´ဟာ ကျောက်တုံးရဲ့ အချက်ပေးသံကို စတင်ပြီး ကြားလိုက်ပါတယ်
။
နွေဦးနဲ့ဟေမန္တတွေ ဖြတ်ကျော်သွားခဲ့ကြ
ဒါပေမယ့်လည်း
တခါတရံမှာ ငါဟာ
တခုသောနွေဦးကိုပဲ သတိတရဖြစ်နေခဲ့မိ …။
သူ့ရင်ထဲကကျောက်တုံးက သူ့ကို တခုသောနွေဦးမှာပွင့်တဲ့ ပန်းတွေအကြောင်း ပြောပြနေပါပေါ့လား။ ဟေမန္တရဲ့ ဖိစီးမှု အောက်မှာ ပန်းတွေကြွေခဲ့၊ သစ်ပင်တွေသေခဲ့ရပေမယ့် `နွေဦး´ ရောက်လာပြီဆိုရင်တော့ သစ်ပင်တွေ ပြန်ရှင်လာ တတ်တာ၊ ပန်းတွေပြန်ပြီးပွင့်လာတတ်တာကို မေ့မပစ်လိုက်ဖို့ ကျောက်တုံးကပဲ သတိပေးလာခဲ့တာ။
ငါ … ကြိုးကြာငှက်ကို မေးကြည့်တယ်
ငါ အသက်ရှင်လျက်
နှစ်ပေါင်းဘယ်လောက် နေရဦးမလဲဆိုတာ။
ထင်းရှူးးပင်တွေရဲ့ အဖျားတွေဟာ ယိမ်းထိုးလျက်ရှိကြ
အ၀ါရောင် ရိုးတံတွေက မြင်ခင်းတွေဆီကို အိကျနေကြ
လန်းဆန်းတဲ့ တောလမ်းကလေးထဲမှာတော့ ဘာသံမျှမကြားကြရ
ငါ … အိမ်ကို ပြန်လာနေပြီ
ပူလောင်တဲ့ ငါ့နဖူးပြင်ကို
အေးမြတဲ့လေက အသာအယာပွတ်တိုက်လျက်။
သတင်းထောက်တွေ၊ မိတ်ဆွေတွေ၊ အိမ်အထိဝန်းရံပြီး လိုက်ပို့မယ့်သူတွေကို သူက ထပ်ကာတလဲလဲ တောင်းပန်စကား ပြောပြီးမှ သူ့အိမ်ကို သူတယောက်ထဲပဲ ပြန်လာခဲ့တာ။ လမ်းမှာ ကားမစီးဘဲ တယောက်ထဲ လမ်းလျှောက်ပြီးမှ ပြန်လာခဲ့တာ။
ပြီးခဲ့တဲ့ တနာရီခန့်ကဆိုရင် `ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ´ရဲ့ စည်းဝေးခန်းမဆောင်ကြီးထဲမှာ သူ့ကို ၀ိုင်းဝန်း ဂုဏ်ပြုပြီး တီးလိုက်တဲ့ လက်ခုပ်သံတွေဟာ ခန်းမကြီးတခုလုံး ပွင့်ထွက်မတတ်ဆူညံနေခဲ့တာပဲ။
တကယ်တော့ ဒီလိုအချိန်မျိုးမှာ သူ့ချစ်သူကဗျာဆရာ `ဂူမီလက်´၊ သူ့ရဲဘော်ကဗျာဆရာတွေဖြစ်ကြတဲ့ `အိုစစ်မင်ဒယ်လ် စတန်း´၊ `စဗက်ထရေဗာ´၊ `ပက်စတာညက်´တို့ဟာ သူ့ဘေးမှာ ၀ိုင်းထိုင်ပြီး နေသင့်တဲ့အချိန်မျိုးပါ။ အဲဒီ လေးဦးထဲက တယောက်ယောက်ကသာ သူထိုင်ခွင့်ရတဲ့ `ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂဥက္ကဌ´ ကုလားထိုင်မှာ ထိုင်ခွင့်ရှိ တာပါ။ အခုတော့ သူတို့တတွေကိုယ်စား ဒီကုလားထိုင်ပေါ်မှာ ထိုင်ခွင့်ရတာပဲဆိုတဲ့ စိတ်နဲ့ပဲ လက်ခုပ်သံတွေကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ရပါတယ်။
အခုတော့ `နွေဦး´က ရောက်လာခဲ့ပြီ။ သစ်ပင်တွေလည်း ပေါက်လာခဲ့ပြီ။ ပန်းတွေလည်း တဖန်ပြန်လည် ပွင့်ဖူးလာနေ ကြပြီ။ တချိန်တုန်းက နှင်းထုကြီးရဲ့အောက်မှာ ဘ၀တွေ ကျေကျေနပ်နပ် ယုံယုံကြည်ကြည် မြှုပ်နှံသွားခဲ့ကြတဲ့ ကဗျာဆရာ တွေရဲ့ ခန္ဓာကိုယ်ပေါ်က နှင်းတွေလည်း အရည်ပျော်စပြုပါပြီ။
အခုတော့လည်း
သေဆုံးသွားကြပြီးသူတွေနဲ့
ပြည်ပရောက်သူတွေတောင်မှ
ငါ့ အိမ်ကလေးထဲကို လာရောက်ကြဖို့ သဘောတူခဲ့ကြပါပြီ။
ကလေးကို လက်တွဲဆွဲခေါ်ဦးဆောင်ပြီး ငါ့ဆီကို လာနေလျက်
ငါ …
သူ့ကို
အချိန်အကြာကြီး မတွေ့မမြင်ခဲ့ရပြီပဲ …။ ။
ငြိမ်းဝေ
ြ
ကိုးကား။ ။ The Eyesight of Wasps (Psip Mandelshtam)
Selected Poems (Osip mandelshtam)
Selected Poems (Anna Akhmatova)
Women Poets
Selected Poems (Marina Tsvetayeva)
June 9, 2009
အတောင်တူငှက်တို့ ရဲ့ တောင်ပံခတ်သံများ
(က)
၁၉၉၂ ခု၊ မေလ........။
ခန့် မှန်းရခက်သည့်တနေရာဆီက တစ်တီတူးမြည်သံကြားရသည်။ ကျနော်တို့ နှစ်ယောက်ပြော လက်စ စကားကို ရပ်ထားလိုက်ကြ၏။ ပတ်ဝန်းကျင်ကို နားစွင့်ကြရပြန်သည်။ ကျနော်တို့ နှင့် ဆယ်ကိုက်မျှအကွာတွင် စစ်တောင်းမြစ်သည် တည်ငြိမ်အေးဆေးစွာ စီးဆင်းလျက်ရှိ၏။ အမှောင်ထုကြီးအတွင်းမှ ရေစီးသံသဲ့သဲ့ကို ကြားရသလိုရှိ၏။ ငါးပွက်သံကိုပင် ကြားလိုက်ရ၏။ ထို့  နောက် ပတ်ဝန်းကျင်တခွင်လုံး အမှောင်ထုကြီးအောက်၌ နစ်မြုပ်ပျောက်ကွယ် တိတ်ဆိတ်လျက်ရှိ လေသည်။
'' ဦးခင်မောင်ဝင်းကိုရုံးထုတ်ရင် လိုင်းကားကို ချောဆွဲပြီးမှ ခေါ်လာတဲ့ကိစ္စ၊ ရဲသားတ ယောက်နဲ့  ဒုလုံခြုံရေးမှူးတစ်ယောက်ပဲ ပါလာတယ်ဆိုတဲ့ကိစ္စက သေချာပါတယ်နော်ဆရာလေး ''
'' သေချာတယ်၊ တောင်ငူရဲစခန်းမှာ ကျနော့်အသိရဲတစ်ယောက်ကို မသိမသာမေးကြည့် တော့လည်း ဒီအတိုင်းပဲပြောတယ်၊ ရဲကတယောက်ထဲမဟုတ်ဘူး၊ တခါတလေ နှစ်ယောက် လောက်လိုက်တယ်၊ ဒုလုံခြုံရေးမှူးနဲ့ ဆိုရင်သုံးယောက်ပေါ့၊ ရုံးထုတ်တဲ့နေ့ က ဦးခင်မောင်ဝင်းကို မေးကြည့်တော့လည်း ဒီအတိုင်းပဲပြောတယ်၊ ဒီအတွက်တော့သေချာပါတယ် ကိုဆန်းလင်း ''
'' ဒါဆိုရင် ကျနော်တို့ ဖက်ကလူ ခြောက်ယောက်လောက်ပါမှ ဖြစ်မယ်ထင်တယ် ဆရာလေးအနေနဲ့  လူဘယ်နှစ်ယောက်လောက်စဉ်းစားထားသလဲ ''
'' ကျနော့်ဆီကတော့ ကျနော်ပါနဲ့ မှ သုံးယောက်ပဲရမယ်၊ တယောက်က ကားကောင်း ကောင်းမောင်းတတ်တယ်၊ ကားဆရာကို လိုရမယ်ရဖယ်ခိုင်းပြီး ကိုယ်တိုင်မောင်းသင့်ရင်မောင်းရ မယ်ထင်တယ်၊ ဒီတော့ရဲနှစ်ယောက်၊ ဒုလုံခြုံရေးမှူးနဲ့ ကားဆရာကို ထိန်းဖို့ ဆိုရင် စုစုပေါင်း ခြောက်ယောက်ရှိမှဖြစ်မယ် ''
'' ဒါဆိုရင် ကျနော့်ဖက်က သုံးယောက်ပေါ့၊ အတိုနှစ်လက်ယူခဲ့မယ်၊ ကျန်တဲ့သူတွေက ဓါးမြှောင်တွေပဲ ယူခဲ့ပေါ့၊ ပါးစပ်တွေ၊ မျက်စေ့တွေ ပိတ်စည်းထားဖို့ ကြိုးနဲ့ ပိတ်စတွေလည်း လုံလုံ လောက်လောက်ယူခဲ့ရမယ်၊ သေနတ်ကို မဖြစ်နိုင်လွန်းမှပဲ အသုံးပြုမယ် ''
'' ဟုတ်တယ်၊ သေနတ်ကိုတော့ မသုံးတာအကောင်းဆုံးပဲ၊ သေနတ်သံပေးလို့ ဘယ်နည်း နဲ့ မှ မဖြစ်ဘူး၊ ပထမကျနော်တို့ သုံးယောက်က တောင်ငူက ထွက်ထွက်ချင်း ခပေါင်းတံတားထိပ် ကနေပြီးကားတားစီးမယ်၊ ကိုဆန်းလင်းတို့ က ဟိုဖက်တံထားထိပ်အဆင်းကစောင့်၊ အခြေအနေ မပေးရင် ကျနော်တို့ ကဘာအချက်မှမပြပဲ ငြိမ်ပြီးနေမယ်၊ ခင်ဗျားတို့ အထဲက တယောက်ပဲ တက် လိုက်ခဲ့ပေါ့၊ ရှေ့ မှာတွေ့ တဲ့ ရွာတန်းရှည်မှာ ကျနော်တို့ အားလုံးပြန်ဆင်းနေခဲ့မယ်၊ အခြေအနေပေး လို့ ကျနော်တို့ ကအချက်ပြရင် ခင်ဗျားတို့ အားလုံး ကားပေါ်တက်ပြီး၊ စီစဉ်ထားတဲ့အတိုင်းလုပ်ကြ တာပေါ့ ''
'' ကားကို ခပေါင်းလမ်းဆုံအထိပြန်မောင်းပြီးမှ ထန်းတပင်ဖက်ကို မောင်းရမှာပေါ့နော်''
'' ဟုတ်တယ်ကိုဆန်းလင်း၊ ထန်းတပင်အထိကျနော်တို့ မသွားဘူး၊ လမ်းမှာ လမ်းခွဲတခုရှိ တယ်၊ အဲဒီကားလမ်းခွဲက စစ်တောင်းမြစ်နဲ့ အရမ်းနီးတဲ့အထိ ကပ်သွားတဲ့နေရာရှိတယ်။ ခြေလျင် စမ်းလျောက်ရင် တမိနစ်လောက်နဲ့ စစ်တောင်းမြစ်ကမ်းရောက်တယ်၊ ကိုဆန်းလင်းတို့ အဖွဲ့ က အဲဒီကမ်းပါးဟိုဖက်ကမ်းထိပ်ကစောင့်ပေါ့၊ ဟိုဖက်မှာတော့ လှည်းလမ်းရှိတယ်မို့ လား၊ ထန်းတပင် ကို ကွင်းပြီး တောင်ခြေအထိ ကိုဆန်လင်းတို့ တာဝန်ပေါ့ ''
'' ကားဆရာနဲ့  ရဲတွေကြတော့ ဒီအတိုင်းကြိုးတုတ်ပြီး ထားခဲ့ကြမလား ''
'' ဟုတ်တယ်၊ လမ်းဘေးမှာ တောရှိတယ်၊ တောစပ်အထိမောင်းဝင်ပြီး သူတို့ ကိုထားခဲ့ရ မှာပဲ''
'' ဒါဆိုရင် ကားကိုခပေါင်းတံတားအထိပြန်မောင်းတာရယ်၊ စစ်တောင်းမြစ်ဟိုဖက်ကမ်း အထိကူးတာရယ်၊ စုစုပေါင်းအချိန်ဘယ်လောက်ယူရင်ရမလဲ ''
'' ကျနော်တို့ လေ့ကျင့်ခန့် မှန်းကြည့်တာတော့ နာရီဝက်ပဲ၊ အားလုံးအဆင်ချောရင် နာရီဝက်ထက်ကို မပိုဘူး၊ စစ်တောင်းမြစ်ကလည်း အဲဒီနေရာမှာ ကိုဆန်းလင်းသိတဲ့အတိုင်းကျဉ်း ကျဉ်းကလေးဗျ ''
'' တကယ်လို့ ဒီကြားထဲ ခရီးသည်တွေပါလာရင်ကောဆရာလေး ''
'' အများအားဖြင့်တော့ ခရီးသည်က ခပေါင်းတံတားအလွန်ကြမှပဲ ကားတားစီးတာများ တယ်၊ ကျနော်တို့ စောင့်စီးတဲ့နေရာက ခရီးသည်အင်မတန်ပါးတဲ့နေရာတွေပဲ၊ ဒါကြောင့်မို့ မသကာ ခရီးသည်ပါလာလို့ အဆင်မပြေဘူးထင်ရင်၊ ခင်ဗျားတို့ ကို ကျနော်တို့ အချက်မပြဘူး၊ အချက်မပြ လို့  ခင်ဗျားတို့ ထဲက တယောက်ပဲတက်စီးရင်လည်း သူ့ ဆီမှာ သေနတ်ပါမလာစေနဲ့ ပေါ့''
'' ဒါဆိုရင်ဒီကြားထဲမှာ ဆရာလေးတို့ ဖက်က ပြင်ဆင်စရာရှိတာ၊ လေ့ကျင့်စရာရှိတာ လုပ်ထားကြတော့ပေါ့၊ ကျနော်တို့ ဖက်ကလည်း အားလုံးပြင်ဆင်ထားမယ်၊ ဒီတခါဦးခင်မောင်ဝင်း ကို ရုံးထုတ်ရင် ဆရာလေးဖွင့်ပြောလိုက်၊ သူသဘောတူရင် နောက်တပါတ်ရုံးထုတ်တဲ့နေ့ ၊ လုပ်ငန်းစကြတာပေါ့''
'' ကဲကိုဆန်းလင်းတို့ လည်း တောင်ခြေအထိပြန်သွားရဦးမယ်၊ ဒီလောက်ဆိုရင်ပြည့်စုံပြီ၊ ကိုဆန်းလင်းတို့ ပြန်ကြတော့၊ ဒီတခါတနင်္လာနေ့ ရုံးထုတ်ရင် ဦးခင်မောင်ဝင်းကိုဖွင့်ပြောမယ်၊ ပြီးတော့ ကိုဆန်းလင်းနဲ့ ကျနော်ထပ်တွေ့ မယ်၊ အဲဒီကြမှ အသေးစိပ်ထပ်ပြီး စဉ်းစားကြတာပေါ့ ''
'' ဟုတ်ကဲ့ဆရာလေး၊ အရေးတော်ပုံအောင်ပါစေ ''
ကိုဆန်းလင်းက လေသံတိုးတိုးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည့်တိုင် ကျနော့်ရင်ထဲ၌ နှုတ်ဆက်သံများ ပဲ့တင်ထပ်သွားခဲ့ရ၏။ စိတ်လှုပ်ရှားနေခဲ့သဖြင့် ကျနော့်လက်များမှာ တုန်ရင် လျက်ရှိ၏။
ကျနော်တို့ နှင့် မလှမ်းမကမ်းသောင်ပြင်ပေါ်က လူရိပ်တချို့ ကျနော်တို့ နှင့်နီးကပ်လာခဲ့ သည်။ ကိုဆန်းလင်းနှင့်ကျနော်တို့ နှစ်ဦး ဆွေးနွေးတိုင်ပင်နေစဉ် ကျနော်တို့ အတွက် ကင်းစောင့်ပေးနေခဲ့ကြသည့် လူငယ်(၆)ယောက်ဖြစ်ကြ၏။ အမှောင်ထုကြီးအောက်တွင် ကိုဆန်း လင်းတို့ လူသိုက် စစ်တောင်းမြစ်တဖက်ကမ်းသို့  လှေတစင်းဖြင့်ကူးကြ၏။
ကျနော်နှင့်သောင်ပုရွာသားလူငယ်နှစ်ယောက်၊ သောင်ပြင်ပေါ်လမ်းလျောာက်လာစဉ် `ကို ဆန်းလင်း ´ နှင့် ပြောဆိုဆွေးနွေးခဲ့သည့်အချက်များကို ကျနော်ပြန်တွေးနေမိသည်။
အုတ်တွင်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ '' ဦးခင်မောင်ဝင်း'' ကို တော်လှန်ရေးနယ်မြေသို့ ခေါ်ဆောင်ပို့ ဆောင်ပေးကြရန် ကျနော်နှင့် ''ကိုဆန်လင်းတ'' တို့ တိုင်ပင်ညှိနှိုင်းခဲ့ကြ ၏။
`ဦးခင်မောင်ဝင်း´ မှာ အုတ်တွင်းမြို့ ၊ အမှတ် (၂) မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်၏။ ဦးခင်မောင်ဝင်းကို အစိုးရက ချဲအမှုဖြင့် အမှုဆင်မတရားဖမ်းဆီးကာ၊ ရုံး တင် တရားစွဲဆိုထား၏။ တောင်ငူထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ဦးခင်မောင်ဝင်းကို အုတ်တွင်းမြို့ တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက်ရှိ၏။ ရုံးထုတ်သည့်နေ့ ဆိုလျင် ဦးခင်မောင်ဝင်း ကို မည်သူမဆို ခဏတဖြုတ်တွေ့ ဆုံစကားပြောခွင့်ရ၏။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ ဦးခင်မောင်ဝင်းက သဘောတူပါက တော်လှန်ရေးနယ်မြေ၊ ဌာနချုပ်၊ အမျိုးသားညွှန့် ပေါင်း အစိုးရ အဖွဲ့ ရှိရာသို့ ခေါ်ဆောင်ပို့ ပေးကြရန်၊ ကိုဆန်းလင်းနှင့်ကျနော်သဘောတူခဲ့ကြ၏။ အစီအစဉ်များ ရေးဆွဲခဲ့ကြ၏။
သောင်ပြင်ပေါ်တွင် လမ်းလျှောက်လာနေစဉ်၊ ကျောင်းသားတပ်မတော်မှ အမှတ် (၂၁၀) တပ်ရင်းမှူး၊ တပ်မှူးကလေး '' ကိုဆန်းလင်း '' ကိုကျနော်တွေးနေမိသည်။ ကိုဆန်းလင်းနှင့် ကျနော်က ၁၉၈၈၊ သြဂုတ်လ၊ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်းသိကျွမ်းခဲ့ကြ၏။ သူက တောင်ငူမြို့ ရွှေဆံတော်ဘုရားကုန်းတော်ပေါ်တွင် အခြေစိုက်သည့် သပိတ်ကော်မတီဝင်ဖြစ်၏။ ကျနော်ကအုတ်တွင်းမြို့ နယ၊် သောင်ပုရွာသပိတ်ခေါင်းဆောင်ဖြစ်၏။ အရေးတော်ပုံကာလအတွင်း စစ်တောင်းမြစ်အရှေ့ ဖက်ကမ်း၊ အနောက်ဖက်ကမ်း၊ ကျေးရွာ(၁၁) ရွာ၏ သပိတ်စခန်းတွင် ဟောပြောပွဲပြုလုပ်သောအခါ ကိုဆန်းလင်းနှင့်လူငယ်တချို့ ကို ကျနော်ကတကူးတကဖိတ်ကြားပြီး တရားဟောစေခဲ့၏။ ထိုစဉ်ကတည်းက ကိုဆန်းလင်းနှင့်ကျနော်အလုပ်အတူတွဲပြီးလုပ်ခဲ့၏။ စက်တင်ဘာလအတွင်း စစ်တပ်ကအာဏာသိမ်းသောအခါ ကိုဆန်းလင်းတယောက် လက်နက် ကိုင်တော်လှန်ရေးဖက်သို့ ကူးပြောင်းသွားခဲ့၏။ ၁၉၉၁ ခု၊ နိုဝင်ဘာလအတွင်း ကိုဆန်းလင်းနှင့် ကျနော် ပြန်လည်အဆက်အသွယ်ရသောအခါ ကိုဆန်းလင်းမှာ ကျောင်းသားတပ်မတော်၏ တပ်မှူးတဦးဖြစ်လာခဲ့၏။ သူက အုတ်တွင်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင်ပါဝင် အလုပ်လုပ်နေသည့် ကျောင်းဆရာဟောင်း ကျနော့်ကို လှို့ ဝှက်ပြီး ဆက်သွယ်လာခဲ့၏။
အမှောင်ထုကြီးအောက်တွင် လမ်းလျှောက်လာနေစဉ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်း သောင်ပုရွာအထိ စွန့် စားထိုးဖေါက်ရောက်ရှိလာကာ ကျနော်နှင့်တွေ့ ဆုံခဲ့သည့် တပ်မှူးကလေး ''ကိုဆန်းလင်း '' ကို ကျနော်လေးစားမိသည်။ သူသည်ငယ်ရွယ်သူ ပညာတတ်လူငယ်တဦးဖြစ်၏။
ကျနော်တို့ လူသိုက်၊ သောင်ပုရွာကမ်းပါးပေါ်ရောက်တော့ အမှောင်ထုကြီးအောက်တွင်ပင် တိတ်ဆိတ်စွာ လူစုခွဲလိုက်ကြ၏။
(ခ)
၁၉၉၃ ခု၊ အောက်တိုဘာလ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ) ဌါနချုပ်ရုံး၊ မာနယ်ပလော။
''ဒီတုန်းက ဦးခင်မောင်ဝင်းကို ခေါ်လာနိုင်ပြီး အမျိုးသားညွှန့် ပေါင်းအစိုးရအဖွဲ့ နဲ့  ဆက် သွယ်မိသွားရင် သူ့ သမိုင်းက တမျိုးပြောင်းသွားမယ် ထင်တယ်ဗျာဆရာလေးရ''
မပြုံးတပြုံးမျက်နှာနှင့်ကျနော့်ကိုကြည့်ရင်း မေးလာသည့်ကိုဆန်းလင်းကို ကျနော်ကလည်း ခတ်ပြုံးပြုံးပင်ပြန်ကြည့်မိသည်။
'' အဲဒါတော့ ခင်ဗျားလဲသိတဲ့အတိုင်းပဲပေါ့ဗျာ''
ကျနော်တို့ နှစ်ယောက်အတွေးကိုယ်စီဖြင့် အသံတိတ်သွားကြပြန်သည်။ မယ်တုက္ခီ စမ်းချောင်းထဲက ရေစီးသံမှာအသံပိုပြီး ကျယ်လာသည်ဟုထင်ရ၏။ ရဟန်းပျိုသမဂ္ဂကုန်းတော်ပေါ် ဆီက ကြေးစည်ထုသံကြားရသည်။ ရုံးရှေ့ မြေကွက်လပ်ဆီက ရဲဘော်တချို့ စကားပြောသံကိုကြား ရသည်။
'' အေးဗျာအခုတော့ သူ့ ခဗျာ ထောင်ထဲမှာ နေနေရတော့တာပေါ့ ''
'' ကိုဆန်းလင်းနဲ့ ကျနော်တွေ့ ပြီး နောက်တပါတ်ရုံးထုတ်တဲ့ရက်ကို ကျနော်စောင့်နေတာ၊ ဦးခင်မောင်ဝင်းရဲ့  မိသားစုတောင်မှ ဦးခင်မောင်ဝင်းကို စနေနေ့ ကြီး ရုံးထုတ်ပြီးထောင်ဆယ်နှစ် စီရင်ချက်ချတာနောက်ရက်တွေကြမှ သိရတာဗျ၊ အရင်တုန်းကတော့ ရုံးထုတ်မယ့်ရက်ကို ကြိုပြီး သိတယ်၊ အခုဟာက ဘာမှကြိုမပြောပဲ စနေနေ့ ရုံးပိတ်ရက်မှာ ရုံးထုတ်ပြီး စီရင်ချက်ချလိုက်တာ ''
ထမင်းစားရုံဖက်က ၀ါးဆစ်ဗူးခေါက်သံကြားရ၏။ ကိုဆန်းလင်းနှင့်ထိုင်ပြီး စကားပြောနေ စဉ် ဧည့်သည်စာရင်းပေးရန်ကျနော်တွေးမိ၏။ စားဖိုမှူးကိုသောင်းလှိုင်ထံ ကိုဆန်းလင်းအတွက် စာရင်းပေးရဦးမည်ဖြစ်သည်။
'' ကျနော်ထမင်းမစားတော့ပါဘူးဗျာ၊ ပြီးတော့မှ ဆရာလေးနဲ့ ကျနော်ထူးရာစိုး လ္ဘက်ရည်ဆိုင်သွားကြတာပေါ့၊ ကျနော်မနေ့ ကတည်းက ငှက်ဖျားတက်နေတာ၊ ထမင်းစားလို့  မရသေးဘူးဗျ''
နားထင်နားရင်းများ ချိုင့်ဝင်နေသည့် ကိုဆန်းလင်း၏မျက်နှာကို ကျနော်သတိပြုမိသွား သည်။ ကျနော့်ထက် (၁၀)နှစ်ကျော်မျှငယ်ရွယ်သူဖြစ်သည့်တိုင် ပင်ပမ်းဆင်းရဲလှသည့်ဒဏ်ကို ခံခဲ့ ရသဖြင့် သူခမျာ ပိန်လှီနွမ်းလျလွန်းနေသည်။
'' ဆရာလေးလဲ အဲဒီကိစ္စပြီးကတည်းက ဒီဖက်ကိုလာဖို့ စဉ်းစားခဲ့တာနော်''
'' ဟုတ်တယ်ဦးခင်မောင်ဝင်းကိစ္စလုပ်ဖြစ်ရင်တော့ အဲဒီကတည်းက တခါထဲထွက်ဖို့ ပဲ၊ ဦးခင်မောင်ဝင်းကိစ္စမအောင်မြင်တော့ အခြေအနေအရတလလောက်ဆက်နေရသေးတယ်၊ ဦးခင်မောင် ၀င်းက စိတ်ဓါတ်မာတယ်ဗျ၊ ဒီကိစ္စ သူ့ ကိုဖွင့်ပြောဖြစ်ခဲ့ရင် သူလည်းသဘောတူမှာသေချာတယ်၊ အေးဗျာ ကံကြမ္မာကလည်း ကိုယ့်ဖက်မှာမရှိခဲ့ဘူးလေ''
ကျနော်နှင့်ကိုဆန်းလင်းတို့ စီစဉ်ကြသည့် '' ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင် မောင်ဝင်း၊ လွတ်မြောက်နယ်မြေသို့ ပို့ ဆောင်ရေးစီမံချက် '' မှာ အကောင်အထည်ဖော်ခွင့်မရခဲ့ပါ။ ၁၉၉၁ ခု၊ ဧပြီလအတွင်း ကျနော်နှင့်ကိုဆန်းလင်းတို့ သောင်ပုရွာသောင်ခုံပေါ်တွင်တွေ့ ဆုံခဲ့ကြပြီး နောက်တပါတ် စနေနေ့ တွင် `ဦးခင်မောင်ဝင်း´ကို ရုတ်တရက်မည်သူကိုမျှအသိမပေးပဲ ရုံးထုတ်ခဲ့ ကြ၏။ အုတ်တွင်းမြို့ တရားရုံးက `ဦးခင်မောင်ဝင်း´ကိုထောင်ဆယ်နှစ်ချမှတ်ကြောင်း ကြေငြာ၏။ ထို့ုနောက်တောင်ငူထောင်သို့ ပြန်လည်ပို့ ဆောင်လိုက်၏။ `ဦးခင်မောင်ဝင်း´ကို လှို့ ဝှက်ရုံးထုတ် ကာ၊လျှပ်တပျက်အတွင်း စီရင်ချက်ချပြီး တောင်ငူထောင်တွင်း သွင်းလိုက်ကြသည့် သဘောပင်ဖြစ် နေ၏။ ထိုကြောင့် ကျနော်တို့ ၏ စီမံကိန်းမှာ အကောင်အထည်ဖော်ခွင့်မရခဲ့တော့ပါ။
'' ဆရာလေးကောဘယ်လိုလဲ ငှက်ဖျား ဖျားပြီးပြီမို့ လား ''
'' ဟုတ်တယ်၊ ဖျားပြီးပြီ၊ ရောက်ပြီးတလကျော်မှဖျားတာဗျ၊ ဆေးရုံတောင်တက်လိုက်ရ သေးတယ်၊ အခုတော့ အဆင်ပြေပါတယ်၊ အာတီစနိတ် ရှိတယ်လေဗျာ''
'' အဲဒီဆေးက ဈေးကြီးတယ်၊ ကျနော်တို့ ကဘယ်ဆောင်ထားနိုင်မှာလဲ၊ တကဒ်ကို ဘတ်ငါးဆယ်၊ ရဲဘော်တွေအဖို့ တော့ ကွီနင်းပေါ့ဆရာလေးရာ''
'' ကျနော်လည်းတခါဖျားရင် တကဒ်ကုန်အောင်မစားဘူး၊ တ၀က်ပဲစားတယ်၊ သက်သာရင် ရပ်ထားပြီး နောက်တခါဖျားမှသောက်တယ်၊ ဒီမှာတော့ ရန်သူပြီးရင် ဒုတိယအကြီးဆုံးရန်သူဟာ ငှက်ဖျားပဲပေါ့နော် ''
ကိုဆန်းလင်းနှင့်ကျနော်ရုံးချုပ်ရှေ့ ကွက်လပ်ဖက်ထွက်ခဲ့ကြသည်။ ကိုဆန်းလင်းက ပြောက်ကျား စစ်ဘောင်းဘီအဟောင်းကိုဝတ်ဆင်ထား၏။ သံလွင်မြစ်ကမ်းတွင် တပ်စွဲထားသည့် (၂၁၀) တပ်ရင်းမှတဆင့် ကျနော့်ထံ အလည်လာသူကိုဆန်းလင်းကို ကျနော့်မှာ ဧည့်ဝတ်မကျေပွန် နိုင်ဟုခံစားရသည်။
'' ဒေါ်အောင်ဆန်းစုကြည်လမ်း'' ကလေးထိပ်တွင် ကျနော်တို့ နှစ်ယောက်မတိုင်ပင်ရပဲ ပြိုင်တူရပ်လိုက်ကြ၏။ ဘောနော်လေးတောင်ထိပ်ကိုလှမ်းမြင်နေရသည်။ ရဟန်းပျိုသမဂ္ဂကုန်း တော်နှင့် ကုန်းအောက်ကစာာရေးဆရာ`နိုင်ဝင်းဆွေ´၏ တဲကလေးကိုလှမ်းတွေ့ ရသည်။ ကျနော် တို့ သည် `ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းပုဒ်ကလေးအောက်တွင် ရပ်နေမိကြ၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)၊ ဗဟိုဌာနချုပ်ရုံးရှေ့ မှတဆင့် တောင်စောင်းအတိုင်း တိုက်ခတ်လာနေသည့် လေနုအေးသည်` ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းပုဒ်အောက်တွင် ရပ်နေကြသည့် ကျနော်တို့ နှစ်ဦးအတွက်မူ မအေးမြနိုင်ခဲ့ပါ။
(ဂ)
၂၀၀၉.... ခု၊ မေလ(၃၀) ရက်။
'' ဒါဆိုရင်၊ ဦးခင်မောင်ဝင်းက ထောင်ကလွတ်ပြီပေါ့နော်....ဘဘ ''
တူမလေး `ဇင်လဲ့ခင်´ ကို စကားပြန်မပြောခင် ခေတ္တခဏမျှကျနော်ငြိမ်ပြီး စဉ်းစားနေမိသေးသည်။
'' ဦးခင်မောင်ဝင်းက ထောင်ထဲမှာ ဆယ်နှစ်နဲ့ ဆယ်ငါးရက်နေခဲ့ရတယ်၊ ၂၀၀၂ ခုနှစ်ထဲမှာ ထောင်ကလွတ်တယ် .... ဒါပေမယ့်''
'' ဒါပေမယ့်ဘာဖြစ်လဲ ဘဘ ''
'' ထောင်ကလွတ်ပြီးအပြင်မှာ (၂) နှစ်ပဲနေခဲ့ရတယ်၊ တရားမ၀င်အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အခုထောင်ထဲပြန်ရောက်နေတယ်၊ ဒီတခါတော့ထောင် ( ၁၅) နှစ်ချလိုက်ကြတယ်၊ သူ ..... အခုထောင်ထဲမှာ ''
'' အို ........ဖြစ်မှဖြစ်ရလေဘဘရယ် ''
စာကြည့်တိုက်ထဲတွင် စာအုပ်ငှားသူမရှိသဖြင့် တိတိဆိတ်လျက်ရှိသည်။ ကျနော့်စာမူများကို ကွန်ဖြူတာဖြင့် စာရိုက်ပေးနေသည့်တူမလေး `ဇင်လဲ့ခင်´မှာ မည်သည့်စကားမျှဆက်မပြောတော့ ပဲ တိတ်ဆိတ်သွားခဲ့၏။ သူထံက ကွန်ပျူတာရိုက်သံတဂျောက်ဂျောက်ကြားနေရသည်။
'' အော် ......... ပြီးတော့ တပ်ရင်းမှူးကိုဆန်းလင်းဆိုတာရော၊ သူအခုဘယ်မှာလဲဘဘ၊ ကျောင်းသားတပ်မတော်ထဲမှာကောရှိသေးရဲ့လား၊ ဘဘနဲ့ ကော အဆက်အသွယ်ရှိရဲ့ လား''
'' မာနယ်ပလောမကျခင်တုန်းကတော့ ကိုဆန်းလင်းနဲ့ ဘဘအဆက်အသွယ်ရှိပါတယ်၊ မာနယ်ပလောကျပြီးတော့ သူနဲ့ ဘဘအဆက်အသွယ်ပြတ်သွားတယ်၊ နောက်တော့မှသူ့ သတင်း ကိုကြားခဲ့ရတာ''
'' ဘယ်လို ........ဘာသတင်းလဲဘဘ၊ ကိုဆန်းလင်းက ဘာဖြစ်သွားလို့ လဲ''
'' သူ့ ကို ရှေ့ တန်းက ရွာတရွာမှာ ရန်သူက အရှင်ဖမ်းဆီးမိသွားတယ်တဲ့၊ သူက သူ့ မှာပါ လာတဲ့သေနတ်နဲ့ ခုခံပြီး ဖောက်ထွက်ရင် လွတ်နိုင်ပေမယ့် အိမ်ရှင်တွေက သူ့ ကိုတောင်းပန် တော့ အိမ်ရှင်တွေရဲ့ အသက်ကိုငဲ့ပြီး ဒီအတိုင်းအဖမ်းခံသွားခဲ့တာတဲ့''
'' အို....... ဖြစ်မှဖြစ်ရလေ ဘဘရယ် ....... ဒါဖြင့်ကိုဆန်းလင်းလည်းထောင်ထဲမှာပဲလား ''
'' မဟုတ်ဘူးသမီး၊ ကိုဆန်းလင်းအဖမ်းခံရပြီး ပြည်တွင်းမှာရှိတဲ့ မိဘတွေကော ဒီဖက်ကတာဝန်ရှိတဲ့သူတွေကော သူသတင်းကိုစုံစမ်းခဲ့ကြတယ်၊ သူ့ သတင်းကတော်တော်နဲ့ စုံ စမ်းလို့ မရဘူးကွ၊ တချို့ ကလည်းကိုဆန်းလင်းတယောက် အနှိပ်စက်ခံရလို့ စိတ်ဖောက်ပြန်သွားပြီ၊ တောင်ငူက လမ်းဘေးမှာတွေ့ ခဲ့ရတယ်ဆိုတဲ့သတင်းလည်းကြားလိုက်ရသေးတယ်၊ အခုတော့ သူကျဆုံးသွားတာ သေချာပြီလို့ ပြောနိုင်လောက်ပါပြီ ''
'' ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲဘဘရယ်
'' သူ့ ကို စစ်တပ်က ဖမ်းမိသွားတာမှန်တယ်၊ ဒါပေမယ့် ရုံးတင်ပြီးတရားစွဲထောင်ချတာမျိုးမလုပ်ပဲ ချောကြီးထဲထည့်လိုက်တယ်၊ အဲဒါတောင်ပေါ်ရှေ့ တန်းတနေရာမှာပဲ အစာငတ်၊ ရေငတ်ထားပြီး နှိပ်စက်လို့  နောက်ဆုံးမှာ တောထဲတောင်ထဲမှာပဲသေသွားရပြီလို့ ကြားရတာပဲ၊ သူ့ မိဘတွေက လည်းဒီအတိုင်းပဲစုံစမ်းသိခဲ့ရတယ်တဲ့လေ''
တူမလေး `ဇင်လဲ့ခင်´ ဆီက မည်သည့်အသံမျှမကြားရ။ ကျနော်ကလည်း ကိုဆန်းလင်းအကြောင်းကို ဆက်ပြီးပြောမပြနိုင်တော့။
စာကြည့်တိုက်ထဲတွင် တူမလေး `ဇင်လဲ့ခင်´၏ကွန်ဖြူတာရိုက်သံကြားနေရ၏။ ကျနော်က စာကြည့်တိုက်ရှေ့ တွင်ထွက်ပြီးရပ်သည်။ သစ်ခွပန်းခြံဘေးတွင်ရပ်ပြီး မွန်းကြပ်လျက်ရှိသည့်ရင်ကို ပေါ့စေရန် လေကိုအားယူပြီး ရှုရှိက်နေမိ၏။ ခေါင်းကိုအထက်ဖက်သို့ မော့ကာ သက်ပြင်းတချက် ချမိသည်။
အပြာရောင်ကောင်းကင်ထဲတွင် အဖြူရောင်ငှက်တအုပ်၊ အရှေ့ ဖက်သို့ ဦးတည်ပြီး ပျံသန်း သွားနေကြသည်ကို ကျနော်ငေးကြည့်နေမိ၏။ ။
ငြိမ်းဝေ
ကျန်နေခဲ့တဲ့လမ်းပေါ်မှာ မိုးတွေရွာနေတယ်
(က)
တံတားကိုဖြတ်ကျော်ခဲ့ပြီးကာမှ
တမ်းတတတ်တဲ့ရင်ဟာ
တခွင်လုံး မိုးသားတွေပြည့်လို့ ......။
(ဖော်ဝေးရဲ. နံနက်ခင်း ချောက်ကမ်းပါး... ကဗျာမှ)
၁၉၉၂-ခု၊ ဇွန်လ(၂၀)ရက်...။
တောငှက်ပျောရွက်ကို အမိုးအကာလုပ်ထားသည့်တဲကလေးပေါ်တွင် ကျနော်တယောက်တည်းရှိ နေသည်။ ကြောအောက်တွင် ပုဆိုးတစ်ထည်ကိုခင်းပြီးလဲလျောင်းလျက်။ လွယ်အိပ်ကိုခေါင်းခုလုပ်၏။ ကြော အောက်မှ မညီမညာဝါးကြမ်းခင်းမှာ ခိုးလိုးခုလုဖြစ်နေ၏။ တုံးလုံး လှဲလိုက်စဉ်က အနေရ ထိုင်ရသက်တောင့် သက်သာမရှိသည့်စိတ်မှာ လရောင်များကိုမြင်တော့ ယူပစ်လိုက်သလိုပျောက်သွားရ၏။ တဲအမိုးတောငှက် ပျောရွက်အဖျားပေါ်တွင် လရောင်များလိမ်းကျံလျက်.....။
လရောင်များကိုမြင်တော့ စိတ်မောလူမောဖြစ်နေခြင်းမှာ လျော့ကျသွားနေ၏။ ယုတ်စွအဆုံး တဆစ် ဆစ်ကိုက်ခဲနာကျင်နေသောခန္ခာကိုယ်သည်ပင် တဖြေးဖြေးပြေလျော့သက်သာသွားရ၏။ ကွဲပျက်လျက်ရှိ သည့်ငှက်ပျောရွက် လက် ကြားများမှတဆင့် လရောင်များသည် ကျနော့်ခန္ခာကိုယ်ပေါ် ပဆစ်အိမ်ဖွဲ့ နေကြပေပြီ။
ရှေ.ဆက်ရမည့်ခရီးမှာ မှူန်ဝါးလျက်ရှိနေသည်။ ကျောင်းသားတပ်မတော်မှ တပ်ရင်း(၂၁၀)၊ တပ်ရင်း မှူး `ကိုဆန်းလင်း´ကို ရုတ်တရက်မတွေ့နိုင်တော့သည်မှာသေချာ၏။ ထို့ပြင်`ကိုဆန်းလင်း´ဆီ စက်ဖြင့်အ ကြောင်းကြားဖို့ဆိုသည်မှာပင် လွယ်ကူဟန်မတူ။ တပ်မဟာ(၂) KNLA တပ်ခွဲမှူး`ဗိုလ်ကျော့မေ´က ကတိ ပေးထားသည့်တိုင်`ကိုဆန်းလင်း´နှင့် လူချင်းတွေ့နိုင်ဖို့မှာမလွယ်ကူမှန်း ကျနော်သိလာရ၏။
`တပ်မဟာမှူးဆီကို ကျနော်စက်နဲ့အခုပဲအကြောင်းကြားပြီးပါပြီ၊ တပ်မဟာမှူးက စီစဉ်ပေးပါ့မယ်လို့ ပြောပါတယ်၊ တပ်မဟာမှူးဆီက အကြောင်းကြားတာနဲ့တပြိုင်နက် ဆရာတို့ ခရီးထွက်ရမယ်ထင်တယ်၊ ဒီကြားထဲ ဒီမှာပဲ နားနားနေနေ ခဏနေပေါ့ နေရထိုင်ရ စားရသောက်ရတာတော့ နည်းနည်းအားနည်းမယ် ထင်တယ်´
`ဗိုလ်ကျော့မေ´နှင့်ကျနော် သည်စခန်းကိုရောက်ရောက်ချင်းပြောခဲ့ကြသည့်စကား။ ရွာမှထွက်လာ စဉ်တုန်းက စဉ်းစားထားခဲ့သည်များမှာ အဆင်မပြေချင်တော့။ တိတ်ပုရွာကိုရောက်တော့`ကိုဆန်းလင်း´မှာ နောက်တန်းသို့ပြန်သွားသည်မှာ (၃)လခန့်ရှိပြီဟုဆို၏။ တိတ်ပုရွာသူကြီးက KNLA မှ`ဗိုလ်ကျော့မေ´ နှင့်တွေ့ပေးမည်ဆို၏။ ကျနော် ခေါင်းငြိမ့်လိုက်ရ၏။ ကျနော်နှင့်အတူလိုက်ပါလာသည့် တရွာတည်း သား`မောင်ကြိုင်´မှာ`ကိုဆန်းလင်း´နှင့် လူချင်း တွေ့ဆုံဖို့မလွယ်ကူမှန်းသိကတည်းကမျက်စေ့မျက်နှာ ပျက်နေခဲ့၏။
`ဆရာလေး....ကိုဆန်းလင်းနဲ့မတွေ့ပဲဖြစ်ပါ့မလား၊ ဗိုလ်ကျော့မေနဲ့ ဆရာလေးကလည်းလူချင်း တွေ့ဖူးခဲ့ တာမဟုတ်တော့ ကျနော်တို့ကို ကူညီပါ့မလား´
`ဒါကတော့ ပြောကြည့်ရမှာပေါ့ကွာ ကိုဆန်းလင်းကလည်း ငါ့ဆီကိုအကြောင်းကြားဖို့၊ ငါကလည်း သူ့ဆီကိုကြိုပြောထားဖို့က လွယ်တာမှမဟုတ်တာပဲကွာ၊ ဒီရောက်လာမှတော့ အဆင်ပြေသလိုဆက်လုပ်ရမှာ ပဲ´
တိတ်ပုရွာသူကြီးအိမ်ကို ကရင်စစ်သားလေးတယောက် သေနတ်လွယ်ပြီး ရောက်လာတော့`မောင် ကြိုင်´ကို သူကြီးအိမ်တွင်ထားရစ်ခဲ့ကာ`ဗိုလ်ကျော့မေ´ရှိရာသို့ကျနော်လိုက်ခဲ့ရ၏။
တဲတလုံးပေါ်တွင် လူသုံးယောက်ကကြမ်းပြင်ပေါ်တွင်ထိုင်လျက်။ လူတယောက်က စစ်ပခက်တလုံး ပေါ်တွင်အိပ်လျက်။ တဲပေါ်ကို ကျနော်တက်တော့ ပခက်ထဲမှလူက ပခက်ပေါ်မှဆင်းပြီး ကျနော့်ကို ကြိုဆို နှူတ်ဆက်၏။`ဗိုလ်ကျော့မေ´၏ ကြိုဆိုနှူတ်ဆက်စကားနှင့့်် လေသံကိုကြားရလျင်ကျနော့်မှ စိုးရိမ်စိတ်များ ကင်းစင်ပပျောက်သလိုဖြစ်ရ၏။
`လာပါဆရာလေး....၊ ဆရာလေးတို့ကို ကျနော်လာတွေ့မလို့ပါပဲ၊ ဒီမှာတခြားရွာကဧည့်သည်တွေ ရောက်လာတာနဲ့ ရဲဘော်တယောက်ကို အခေါ်ခိုင်းလိုက်ရတာပါ။ ထိုင်ပါ... ဆရာလေး...´
`ကျနော်... ဆရာလေးကို လူချင်းမတွေ့ဖူးပေမယ့် နာမည်ကိုကောင်းကောင်းသိပါတယ်၊ ကိုဆန်း လင်းက ဆရာလေးအကြောင်း ခဏခဏပြောပြထားတာပါ၊ ကိုဆန်းလင်းကတော့ နောက်တန်းကို ရုတ်တရက် ပြန်သွားရတယ်ဆရာလေး၊ အခု... ဆရာလေးတို့အလည်လာတာလား၊ ဒါမှမဟုတ် ကိုဆန်းလင်း နဲ့တွေ့မှရမယ့်ကိစ္စလား၊ ကျနော် ဘာအကူအညီပေးရမလဲ၊ ပြောပါ´
ကျနော်က ရွာတွင်တွဲဖက် အ.လ.ကကျောင်းဆရာဖြစ်ပြီး၊`ဗိုလ်ကျော့မေ´က ကျနော့်ကို´ကိုဆန်း လင်း´ခေါ်သလို`ဆရာလေး´ဟုပင် ခေါ်ဝေါ်ပြောဆိုသည်ကိုကြားရတော့ ကျနော့်မှာ အားရှိသွားရ၏။ စိုးရိမ် စိတ်မှာ အနည်းငယ်လျော့ရ၏။
ကျနော်က`မာနယ်ပလော´သို့အပြီးအပိုင်ထွက်ခွါလာခြင်းဖြစ်ကြောင်း`ကိုဆန်းလင်း´နှင့်အမြန်ဆုံး ဆက်သွယ်ချင်ကြောင်းရှင်းပြရ၏။ ရှင်းပြနေရင်းက`ဗိုလ်ကျော့မေ´၏မျက်လုံးများကိုလည်း အဓိပ္ပါယ် ဖော်ရ၏။ အကဲခတ်နေခဲ့ရ၏။
အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်။ ယဉ်ကျေးပျူငှာလွန်းသည့် ကရင်တော်လှန်ရေးစစ်ဗိုလ်တစ်ဦး။ သူ သည် အရပ်သားအ၀တ်အစား ညှိုးညှိုးနွမ်းနွမ်းကို ပင်ဝတ်ဆင်ထား၏၊ ဆံပင်များမှာရက်ပေါင်းကြာမြင့်စွာ မဖြီးမသင်ပဲထားခဲ့ဟန်တူ၏။ တခေါင်းလုံး မညီမညာတောထလျက်ရှိ၏။
`ဒါဆိုရင် ဒီလိုလုပ်ပါဆရာလေး၊ ဆရာလေးတို့နှစ်ယောက်၊ ဒီကနေ့ပဲကျနော့်စခန်းကိုလိုက်ခဲ့ပါ။ စခန်းရောက်ရင် တပ်မဟာမှူးဆီစက်နဲ့အကြောင်းကြားပေးပါ့မယ်၊ ကိုဆန်းလင်းဆီကိုရော ပေါ့၊ ပြီးတော့မှ တိုင်ပင်ပြီးဆက်လုပ်ကြတာပေါ့´
သည်လိုနှင့်ပင် ကျနော်နှင့် မောင်ကြိုင်တို့နှစ်ယောက် ဗိုလ်ကျော့မေတို့တပ်ဖွဲနှင့်အတူ အမည်မသိ တောတွင်း စခန်းတခုသို့လိုက်လာခဲ့ကြရ၏။ သည်စခန်းကို ဘယ်လိုခေါ်သလဲ။ ဗိုလ်ကျော့မေရဲ့တပ်ခွဲအမှတ်၊ မမေးသင့်ဘူးထင်သဖြင့် မမေးပဲနေလိုက်၏။
တညနေခရီးလမ်းလျှောက်လာပြီးနောက် ဗိုလ်ကျော့မေ၏တပ်ခွဲစခန်းချရာနေရာသို့ ချဉ်းကပ်လာခဲ့ ကြသည်။ တောင်စောင်းတခု၏ထိပ်တွင် တောငှက်ပျောရွက်အမိုးအကာလုပ်ထားသည့် ယာယီတဲကလေးတစ် လုံးစနှစ်လုံးစကိုတွေ့ရ၏။ တမနက်ခင်းလုံးမိုးတဖွဲဖွဲရွာချထားသဖြင့် တောတွင်းစခန်းကလေးမှာ မိုးရေများ ဖြင့်စိုရွှဲလျက်ရှိနေ၏။
ရောက်ရောက်ချင်းပင် ကျနော်နှင့်မောင်ကြိုင်အတွက် နေရာထိုင်ခင်းစီစဉ်ပေး၏။ ကျနော်က`ဗိုလ် ကျော့မေ´၏တဲနှင့်အနီးဆုံးတဲ(ကျနော့်အတွက် မူလပိုင်ရှင်ကရင်စစ်သားလေးနှစ်ယောက်က နေရာဖယ်ပေး ခဲ့ရသည်ဟုနောက်မှသိရ၏)တွင်နေရမည်ဖြစ်ပြီး`မောင်ကြိုင်´ကမူ ရဲဘော်များစုဝေးတဲထိုးထားရာနေရာတွင် ရဲဘော်များနှင့်အတူ လိုက်နေရမည်ဆို၏။ ကျနော်က`မောင်ကြိုင်´၏ အားငယ်သိမ်ငယ်နေသည့်မျက်နှာ ကြည့်ကာ၊ မောင်ကြိုင်နှင့်ပင်အတူတူလိုက်နေရန်ပြောကြည့်သေး၏။ ဗိုလ်ကျော့မေက လက်မခံပါ။ သူနှင့် ကျနော်အလွယ်တကူစကားပြောလို့ရနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်းနှင့် မောင်ကြိုင်အတွက် မစိုးရိမ်ရန်ပွင့်ပွင့် လင်းလင်းပဲရှင်းပြခဲ့၏။
မောင်ကြိုင်သည် သေနတ်လွယ်ထားသည့်ကရင်စစ်သားလေး၏နောက်မှ ခေါင်းငုံ့ပြီးလိုက်ပါသွားခဲ့ ရ၏။ ခြေလှမ်းနှစ်လှမ်းသုံးလှမ်းသွားပြီးမှ ကျနော့်ကိုခေါင်းတချက်ငဲ့ပြီးကြည့်၏။ ကျနော်က ပြုံးပြအားပေးနှစ်သိမ့် လိုက်ရ၏။
မိုးချုပ်ကာနီးတော့`ဗိုလ်ကျော့မေ´က ကျနော့တဲပေါ်လာထိုင်ကာ နာရီဝက်ခန့်စကားပြော လေသည်။ ညစာဟင်းမကောင်းသည့်အတွက် စိတ်မကောင်းကြောင်း၊ ဇရပ်ကြီး၊ ကင်ပွန်းခြုံရွာများ တွင် နအဖစစ်တပ်များပိုပြီးအင်အားတိုးချဲ.ချထားလာနေကြောင်း၊ ကျောင်းသားတပ်မတော်က`ကိုဆန်းလင်း´ မှာတပ်ရင်းမှူးတစ်ဦးဖြစ်ပြီး၊သူကမူတပ်ခွဲမှူးအဆင့်သာရှိပါကြောင်း၊ တော်လှန်ရေးဌါနချုပ် `မာနယ်ပလော´ကို သူမရောက်ဖူး သေးသည့်အကြောင်း၊ `မာနယ်ပလော´ မှာ စိတ်ဝင်စားဖို့ကောင်းကြောင်း၊ ရန်သူ့တပ်က ဒဏ်ရာရစစ်ဗိုလ်တဦးကို ဖမ်းမိစဉ်၊´သူ့ကိုမသေခင် မာနယ်ပလောကို ရောက်အောင်ဖို့ပေးစေချင်´တယ် ဟုပြောပြီး သေဆုံးသွားခဲ့ဖူးကြောင်း... လေအေးအေး... အသံတိုးတိုးနှင့် သူချည်းပဲစကားတွေပြောသွားခဲ့၏။ ကျနော်တို့ကိုလည်း `မာနယ်ပလော´ကို သွားမည်ဆို၍ ဂုဏ်ယူပါကြောင်း ပြော၏။ ပြီးတော့ ခရီးပမ်းလာသဖြင့် ကျနော့်ကို နှောက်ယှက်သလိုမဖြစ်စေရန်ဟုဆိုကာ ညဉ့်နက် အောင်မနေပဲ သူ့တဲဆီပြန်သွားခဲ့၏။
တဲပေါ်တွင် ကျနော်တယောက်တည်းရှိသည့်အခါ အထီးကျန်ခြင်း ဧကဒုက္ခမှာ ရုတ်တရက်ကျနော် ဆီဝင်ပူးလိုက်၏။ အထူးသဖြင့် ရှေ့ဆက်ရမည့်လမ်းက မထင်မရှားဝိုးတ၀ါးဖြစ်နေသည့်အခါ ဧကဒုက္ခမှာ ကျနော့်ကို ပိုပြီးကိုင်လှုပ်လိုက်၏။
နောက်တပါတ်ခန့်ကြာသောအခါ ကျနော့်မိတ်ဆွေထဲမှရသည့် ကျနော် ရေးပေးထားခဲ့သည့် စာတ စောင်ကို ဖတ်ကာ `မဒေ၀ီ´သည် ငိုကျွေးကောင်းငိုကျွေးနေလေမလား။ ဒါမှမဟုတ် အကျိုးအကြောင်း ဝေ ကွဲမသိတတ်နိုင်သေးသည့် လူမမယ်သား(၃) ယောက်၏ရှေ့တွင် ကြွေပြုန်းတော့မည့် နှလုံးသားကို ဟန်ဆောင်အပြုံးဖြင့် ဖုံးကွယ်ကာ ကျနော့်စာကိုဖတ်နေလေမလား။ ငယ်ရွယ်နူနယ်လွန်းသည့် လူမမယ်သား (၃)ယောက်ကို ကျနော်တို့၏ အပူမီးများ မဟပ်မိစေရန် `မဒေ၀ီ´ဘယ်လိုများ ပြင်ဆင်ထားလေမလဲ။
တဲပေါက်၀၀ါးကြမ်းခင်းတွင် ထုံးစံအတိုင်း ခြေထောက်နှစ်ဖက်တွဲလောင်းချကာ၊ သူအင်မတန် နှစ်သက်သည့် သီချင်းတပုဒ်ကို အသံမထွက်ပဲဆိုငြီးသည့်`မဒေ၀ီ´ကို ကျနော်မြင်နေရသည်။ သီချင်းသံများ မှာ စစ်တောင်းမြစ်ကိုကျော်ကာ၊ ဇရပ်ကြီး၊ ခင်ပွန်းခြုံ၊လှည်းလမ်းကူးရွာကလေးများ ကိုကျော်ကာ တောင်ခြေ တောစပ်သို့ရောက်လာကြ၏။ မကြာမှီ တိတ်ပုရွာကလေးဆီရောက်လာတော့မည်။ ထို့နောက် ကျနော်ခေတ္တတည်းခို လဲလျောင်းလျက်ရှိရာ ငှက်ပျောရွက် တဲကလေးဆီရောက်လာပေတော့မည်။
သတိရလို့ ကိုယ့်ခန္ဓာကိုယ်ပေါ် ကိုယ်ပြန်ကြည့်တော့ လရောင်များ ဘယ်ဆီခြေထောက်ပေါက်ကုန် ကြပြီမသိ။ ဟိုး... ခတ်ဝေးဝေးမှ မိုးခြိမ်းသံသဲ့သဲ့ကို ကြားရသည်၊ တိမ်မဲများ ရုတ်တရက်ကျနော်တို့ အပေါ်ဖြက်ကျော်သွားကြ၏။ မဲမှောင်တိတ်ဆိတ်လျက်ရှိသော တောအုပ်အတွင်းက အမျိုးအမည်မသိနိုင် သည့် တိရဆ္ဆန်တချို့ အော်မြည်သံကိုကြားရသည်။
ကျနော် ခန့်မှန်းကြည့်သည်။ ကျန်နေရစ်ခဲ့သည့် ကျနော့် မိသားစုကတော့ ကျနော့်ကို စွန့်လွှတ် နိုင်ဖို့ရာ သောကနှင့်မျက်ရည်များ ကိုရင်းကာ အချိန်မည်မျှကြာ အောင်ကုစားယူကြရမည်နည်း။ ကျနော်မ သိနိုင်ပါ။
သေချာသည်ကတော့ နောက်တွင်ကျန်နေရစ်ခဲ့သည့် ကျနော် လျှောက်လှမ်းလာခဲ့ရာလမ်းပေါ်တွင် မူ မိုးတွေရွာနေသည်ကို ကျနော်အလိုလိုသိနေ၏။ ။
(မေလအတွင်းတုန်းက မဇ္ဈိမမှာ တင်ခဲ့တဲ့ စာမူဖြစ်ပါတယ်)
ငြိမ်းဝေ
May 10, 2009
ကဗျာနဲ့ပြန်မြင်ရတဲ့ အို မြတ်သောမိခင် (၁၉၇၀)
(က)
ကမ္ဘာကျော် တိုက်တန်းနစ်လို
သက္ကရာဇ်သင်္ဘောကြီး မှောက်စဉ်ကပေါ့
သွားချင်တဲ့ ကမ်းဦးကဝေး
လောကဓံရဲ့ ပြက်ရယ်သံကြား
မာယာရေဆန် ဆင်ဖိုနီတီးခတ်
ဖြတ်သန်းခြင်းအနုပညာ
မြန်မာကဗျာနှင်းဆီတွေ
မီးအဏ္ဏ၀ါဗွေကို အနမ်းနဲ့
အလွမ်းရာဇ၀င်ကြီး တမြေ့မြေ့ငေးအောင်
ချစ်မေတ္တာနဲ့ လွှမ်းလို့
၁၉၇၀ မှာ တဖွဲဖွဲလှမ်းခဲ့ကြတယ်။
(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)
ခနော်ခနဲ့ သံဇကာကွက်တံတားလေးမှာ ရင်ဘောင်တန်းပြီး ထိုင်နေကြသည့် လူလေးယောက်၏ အလေးချိန်ကို မချိမဆန့်တောင့်ခံထားရ၏။ ကျနော်တို့က တံတားအောက်တွင် ခြေတွဲလောင်းချကာ တန်းစီ ပြီး ထိုင်၏။ ကျနော်တို့နောက်တွင် ပင်လုံးကျွတ်ပွင့်နေသည့် ပိတောက်ပင်ကြီးရှိ၏။ ပိတောက်ပန်းများမှာ ကျနော်တို့၏ ခေါင်းပေါ်တွင်ဝေလျက်။ ပိတောက်ပွင့်တချို့မှာ မြေပေါ်တွင်ကြွေလျက်။
အိမ်ရှေ့လမ်းမ၏ အမြင့်နှင့်အညီ ထိုးထားသည့် သံဇကာကွက်တံတားလေးက ကျနော့်အိမ် သို့မဟုတ် တဲကလေး၏ ၀င်ပေါက်ထိပ်တွင် ဦးတိုက်ပြီးရပ်၏။ ရင်ဆို့ မရှိတရှိ အမြင့် သံဇကာကွက်တံတား လေး၏ အောက်တွင် ရေခမ်းခြောက်နေသည့် ပတ်ကြားအက်မြေပြင်ရှိ၏။ ကျနော့်အိမ်ခြံဝန်းကလေးမှာ မိုးတွင်းတွင် ရေမြုပ်ပြီး နွေတွင် ရေများခမ်းခြောက်သွား၏။ အိမ်မမည်သော တဲသာသာ ကျနော်နေထိုင်ရာ အိမ်ဂေဟာသို့ ကဗျာဆရာသုံးဦး လာလည်ကြ၏။ ကဗျာဆရာမ အေးအေးသန်း၊ ကဗျာဆရာ အောင်ဇင်မင်း၊ ကဗျာဆရာ ကိုခါး (ကွမ်းခြံကုန်း) တို့ ဖြစ်ကြ၏။ ၁၉၇၃ - ခု၊ ဗိုလ်မျိုးမြင့်ရပ်ကွက်၊ ပဲခူး။
“ကိုငြိမ်းတို့ထုတ်တဲ့ ဆီးပွင့်ကဗျာစာအုပ်က လက်ကျန်မရှိတော့ဘူးလား”
“ရှိတော့ ရှိပါသေးတယ်၊ ဆယ်အုပ်လောက်တော့ ရှိပါသေးတယ်၊ ဘာဖြစ်လို့လည်း ခင်ဗျားမှာ မရှိလို့လား”
“ဟုတ်တယ်၊ သူမျာကိုငှါးလိုက်တာ ပျောက်သွားတယ်၊ ဆီးပွင့်ပြီးရင် နောက်ထပ်ထုတ်ဖို့ ရှိသေးလား”
“ရှိတယ်၊ ဒီရေ... လို့ အမည်ပေးထားတယ်”
ထိုနေ့က သူတို့နှင့်ကျနော် လက်ရေးဖြင့် ဖယောင်းပုံနှိပ်ကဗျာစာအုပ်ကလေးများအကြောင်း စကား ပြောဖြစ်ခဲ့၏။ ကျနော်တို့ ပဲခူးက ကဗျာရေးသူများ စုစည်းထုတ်ဝေသည့် နိုင်ငံတကာ ကဗျာဘာသာပြန် စာအုပ်များ၊ ပျဉ်းမနားက “တောင်ညိုခင်တန်း” ၊ ရန်ကုန်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” ၊ “မတ်လအရိပ်” ၊ “မိုးရိပ်လေရိပ်” ကဗျာစာအုပ်များအကြောင်း တနေကုန်စကားဝိုင်းဖွဲ့ခဲ့ကြ၏။ မိုးဝေမဂ္ဂဇင်း စာမျက်နှာပေါ်က အတတ်ပညာကိစ္စ၊ ပျံနှံ့ရေးနဲ့ မြှင့်တင်ရေးကိစ္စ၊ ရဲရဲတွေး ရဲရဲရေးကြ။ ကျနော်တို့ ငြင်းခုန်ခဲ့ကြ၏။
ပိတောက်ပွင့်များမှာ ကျနော်တို့ခေါင်းပေါ်တွင် ဝေလျက် ...။ မြေပြင်ပေါ်တွင် ကြွေလျက် ...။ လွန်ခဲ့သော နှစ် (၃၀)။
(ခ)
လွမ်းလျကြေရီ သက္ကရာဇ်ဆီ
ရင်အုံပေါ် ကြွေခရောင်အို
နေညိုချိန် ကျောက်တောင်လှိုင်းရိုက်ခွဲ
ကဗျာမုန်တိုင်းထဲက
ဇာတ်ကောင်ကြီးရေ
“ခေတ်ကိုလှန်ပြောင်း ခရီးကြောင်းဟာ
စောင်းသံလိုတော့ မချိုဘူးအကြည်တော်” တဲ့
သင် ဆွတ်ဆွတ်ကြေကြေ
၁၉၇၁ - ခုနှစ်လေ။
()
“ ဒါ ... မုံရွာအောင်ရှင်ပဲ”
ကိုစန်းမောင်ရဲ့ နောက်ကရပ်နေတဲ့ သူ့ကို ကျနော်ကြည့်သည်။ အရပ် မနိမ့်မမြင့်။ အသား မဖြူမညို။ ခန္ဓာကိုယ်ပါးပါး။ ပါးပေါ်က မှဲ့တလုံး။ ၁၉၇၀ ...။ ပဲခူး။
“အရင်က ... ပဲခူးကို လာဖူးသေးလား”
“မလာဖူးသေးဘူးဗျ၊ ခုမှ ခင်ဗျားတို့ရှိလို့ လာလည်တာပါ”
ကိုစန်းမောင်၊ ကျနော်၊ မုံရွာအောင်ရှင်တို့ (ယ္ခု- စစ်အစိုးရ အကျဉ်းထောင်တွင်း) “နွေဦးသစ်မှာ ပေါ်တဲ့ ပွင့်သစ်” လက်ရေးဖယောင်းပုံနှိပ်ကဗျာစာအုပ်အကြောင်း စကားပြောကြသည်။ ယင်းစာအုပ်ကလေး ကို မုံရွာအောင်ရှင်က ကညစ်တံဖြင့် ကိုယ်တိုင်ရေးခဲ့၏။ ဗမာပြည် တနံတလျားက ကဗျာဆရာလူငယ်များ။ သည်စာအုပ်မှာ “စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ ပထမဆုံး စိုက်ထူသည့်မှတ်တိုင်။ စာအုပ်၏အမည်ကို ဆရာ ဒဂုံတာရာက အမည်ရွေးပေးခဲ့။ ဒီတုန်းက “စာပေဆည်းဆာ” ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ရဲ့ တောင်ဥက္ကလာပ နှင်းဆီခြံကလေးထဲတွင် မွေးဖွားခဲ့ကြ။ မိုးဝေမဂ္ဂဇင်းခြံထွက် ကဗျာရေးသူလူငယ် (၄၀) ကျော်။ ထိုစဉ်က ကျနော်တို့ရဲ့ လက်ခမောင်းခတ်သံများ တဖြောင်းဖြောင်းညံ။ သူရဲကောင်းများ တဦးပြီးတဦး ရှေ့ထွက်ရပ်ကြ။ တချို့ကြွေ၊ တချို့ဝေ၊ တချို့တွေ ...။
(ဂ)
“ရန်ကုန်က နေနဲ့
ပျဉ်းမနားက နေဟာ
ပူတာချင်း အတူတူပါ” တဲ့
စိမ်းမြညိုပုဒ်
တောအုပ်ကြီးထဲမှာ
မောင်သင်းခိုင်က
“အာဖရိက ဗုံသံ” ကို
လိုက်လို့ရှာ ...။
(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)
“ငြိမ်းဝေရေ ...ဗိုလ်ကြီးရောက်နေတယ်၊ မြင်းဖြူကိုသာချီတက်ခဲ့”
မြင်းဖြူလ္ဖက်ရည်ဆိုင်ကိုရောက်တော့ ၀ိုင်းထဲမှာ လူစုံနေပြီ။ မင်းခိုင်ဦး၊ ကိုခါး (ပဲခူး)၊ စိုးမိုးတင်
(ခရေ)၊ ကိုစန်းမောင် ...ပြီးတော့ ဗိုလ်ကြီး။ (ဗိုလ်ကြီးဆိုသူမှာ ကျနော်တို့ မိုးဝေမဂ္ဂဇင်းကဗျာ ရေးသူအားလုံးက ခေါ်ဝေါ်သုံးစွဲသည့် ကဗျာဆရာ မောင်သင်းခိုင်၏ အမည်ဖြစ်၏။)
“ခင်ဗျားက နိုင်ငံတကာကဗျာတွေချည်းပဲ အာရုံမထားနဲ့ဗျ၊ ဘာသာပြန်ရင် ဈာန်ပွန်းတတ်တယ်၊ အတတ်ပညာအားနည်းပြီး ခင်ဗျားကဗျာတွေ ကြမ်းနေတတ်တယ်”
ဂျင်းဘောင်းဘီပွပွ။ အက်ႌဘိုသီဘတ္သီပြပြ။ အပြောရဲရဲ၊ အဟောရဲရဲ။အယူရဲရဲ။ သူနှင့်အတူ သူ့အားဝန်းရံလိုက်ပါလာသူ လူငယ် (၄) ဦး ...။ မောင်သင်းခိုင် (ပျဉ်းမနား) မှာ ကျနော်တို့ဝိုင်းတွင် ဦးဆောင်ပြီး စကားပြော၏။ ကျနော့်အပေါ် သူ့မှတ်ချက်ကို ကျနော် သဘောမတူ။ သို့သော် ကိစ္စမရှိ။ ကျနော်တို့က ထိုစဉ်ကတည်းက ရင်အခံချဲ့ပြီးသား။ လမ်းကြောင်းတခုပေါ်က ဗဟုရသ ရောင်စုံများ။ အနာဂတ်ကို ဘာသာပြန်ဖို့ ကြိုးစားကြသည့် အတောင်တူငှက်များ။ ကိစ္စမရှိ။
ထိုစဉ်က ကျနော်တို့စကားဝိုင်းတွင် “မှိုင်း” မှသည် “လှိုင်းပြာ” အထိ၊ “ဇော်ဂျီ” မှသည် ဇော် (ပျဉ်းမနား) အထိ၊ ကဗျာ ဆိုင်းသံ ညံခဲ့ကြ၏။ ကဗျာသိုင်းကို ကခဲ့ကြ၏။ ကဗျာမီးပေါက် ဖေါက်ခဲ့ကြ၏။ တချို့ လှေဦးမှာ ထိုင်။ တချို့ လှေမြီးမှာထိုင်။ တချို့လှေပေါ်ကခုန်ချ။ တချို့ လှေပေါ်တက်။ လှိုင်းထန် ရေဆန်ခရီး။
ကျနော်တို့ရဲ့ ၁၉၇၀။
(ဃ)
ဆရာဒဂုန်တာရာက အခုလို မှတ်ချက်ရေးခဲ့ဖူးသည်။ “၁၉၃၀-၌ ကား လယ်သမား သူပုန်ကို မဟာမှိုင်းက ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ဟု အလေးပြုလိုက်သည်။ မဟာမှိုင်းက ပြည်သူ့ဖက်မှရပ်ကာ နယ်ချဲ့သမားအားတိုက်သူကို ကျောက်တိုင်စိုက်ပေးခဲ့သည်။ ယင်းကျောက်တိုင်းကား ခေတ်ပေါ်ကဗျာ၏မှတ်တိုင်ပင်”... ဟုရေးခဲ့သည်။ ၃၀.၁၁.၆၉ ... နေ့စွဲဖြင့်။
(တော်လှန်ကဗျာ စာအုပ်အမှာစာမှ)
သည်လိုနှင့် မောင်ချောနွယ်ကလည်း ခေတ်ပေါ်ကဗျာရဲ့ မြစ်ဖျားကို မန်းမှုတ်အသက်သွင်း...။
“ကဲ ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်တုံးလား၊ မုန်တိုင်းလားပဲ
တအားတိုက်စမ်း ၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာ ကြွေအောင်
မွချွေစမ်းပါ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းပဲ”။
(မောင်ချောနွယ်ရဲ့ ကြွေဒါကိုက ပွင့်ခြင်းပဲ ကဗျာမှ)
သည်လိုနှင့် မြင်းခြံ၊ မုံရွာ၊ တောင်ကုတ်၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ ရန်ကုန် မြန်မာပြည်တနံတလျား... ကျနော်တို့တတွေ ကဗျာတွေနှင့်လိမ်းကျံပစ်လိုက်ကြ။
“သူရဲကောင်းကား သေဆုံးသွားချေပြီ
သို့သော်
ရဲဘော် ဘန်ထရွိုင်း တုနှိုင်းမရှိ
သင်၏စိတ်ထား၊ မြတ်တရားကို
ဒို့ကား ပွေ့ဖက်ပါသတည်း
ဒို့ကား လေးစားပါသတည်း”။
(မောင်သင်းခိုင်ရဲ့... ဗီယက်နမ်မျိုးချစ်သူရဲကောင်း... ကဗျာမှ)
သူတို့ဟာ
ချစ်သူ
မိဘ
ဘဝ
အတ္တ
စွန့်လွှတ်မှုအလုံးစုံ
ယုံကြည်ချက်မီးလျံတွင်း ခုန်ဆင်းကာ
မဟာလူသားများအဖြစ်
လောကကို ချစ်ခဲ့ကြတယ်။
( ဖေါ်ဝေးရဲ့... ပန်းများကိုနမ်းရှိုက်ခြင်း... ကဗျာမှ)
ကျနော်တို့တတွေငြင်းခုန်ခဲ့ကြ။ တင်းခံခဲ့ကြ။ လက်နက်အား၊ ကျည်အား အပြည့်နှင့် စစ်မျက်နှာ ရှေ့တန်းဆီ ချီတက်သွားခဲ့ကြ။ လောကတခွင်လုံး မီးခိုးမှိုင်းတွေဖုံးလျက်။ ပေါက်ကွဲဆူညံလျက်။ ဘယ်သူတွေ သွေးပျက်ခဲ့ကြသလဲ။ ဘယ်သူတွေဘေးထွက်ခဲ့ကြသလဲ။ တချို့က သွေးနဲ့ရင်းပြီးလမ်းခင်း။ တချို့ကချွေးနဲ့ရင်းပြီးလမ်းရှင်း။ တချို့သံခင်းတမန်ခင်း။ တချို့ ပဲခူးရိုးမတောင်ခြေရင်း။ ကျနော်တို့အားလုံး လမ်းမဆုံးခင်ရွာတွေ့နိုင်လိမ့်မယ်လို့မည်သူမျှမမျှော်လင့်။ ကျနော်တို့ရဲ့တမ်းတငတ်မွတ်ခြင်းများက မိုးကုတ်စက်ဝိုင်းအထိ။ ခြေလှမ်းများက အနာဂတ်ဆီ။
(င)
နှစ်ပေါင်း(၄၀)။ ၁၉၇၀ ခုမှအစချီ... ၂၀၀၉။ မြန်မာကဗျာ ရေစီးကြောင်း။ ခေတ်ပေါ်ကဗျာများရဲ့ လက်ခမောင်းခတ်သံများ ဆူညံမြည်ဟိန်းသထက် မြည်နေဆဲ။ မျိုးဆက်သစ်များကား လမ်းအသွယ်သွယ်ကို ဆက်လက်စူးစမ်း၊ ရင်းနီး၊ ဖေါက်လုပ်နေကြ။ တချို့အလံကိုင်။ တချို့အလံလက်ဆင့်ကမ်း။ တချို့အလံမြှင့်တင်။ “မိုးဝေ စာပေမဂ္ဂဇင်း”စင်မြင့်ပေါ်က မြန်မာကဗျာဇာတ်ဝင်ခန်းများ...။ ဇာတ်ကောင်များ...။ တကယ့်ကို လွမ်းမကုန်တဲ့ လမ်းဆုံလမ်းမပေါ်က “မိုးဝေ” ပါပဲ။ ၁၉၇၀ ... သက္ကရာဇ်သင်္ဘောကြီးမှောက်ခဲ့စဉ်က “မိုးဝေ” ပါပဲ။
ကျနော်တို့သည် ရာဇ၀င်ကို မရေးလို့မဖြစ်။ ရာဇ၀င်ကို မချစ်လို့မဖြစ်။ ရာဇ၀င်ကို မသစ်လို့မဖြစ်။ ကျနော်တို့သည်ကား ရာဇ၀င်ကိုလည်း ရေးဖို့ကြိုးစားခဲ့၏။ ရာဇ၀င်ကလည်း ကျနော်တို့ကို ရေးခဲ့၏။ သို့ဖြင့်... ကျနော်တို့သည် ရာဇ၀င်ကို ချစ်မက်နေဆဲ...။ ရာဇ၀င်ကလည်း ကျနော်တို့ကို စိမ်ခေါ်နေဆဲ...။ ။
ငြိမ်းဝေ
(မတ်လ ၂၁ ရက်၊ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အဖြစ်ဂုဏ်ပြုဆောင်ပါး)
ကိုးကား ။ ။(၁) ဖေါ်ဝေးရဲ့“ဖေါ်ဝေးငှက်များပျံသန်းချိန်” ကဗျာစာအုပ်
(၂) `တော်လှန်ကဗျာ´စာအုပ်
(၃) ကိုခါး(ကွမ်းခြံကုန်း)ရဲ့ `မန္တလေးကို ရွှေမြင်းလှည်းနဲ့လည်´ ကဗျာစာအုပ်