February 14, 2009

ကြိုးကြာဝါတို့ ဘယ်ဆီပျံလေသည်မသိ


၁။
၁၉၇၅- ခုနှစ်၊ ပဲခူး...၊
ကိုစန်းမောင် (ယခု တရားရုံးချုပ်ရှေ့နေ၊ ပဲခူး)နှင့် ကျနော်၊ “ မောင်စီတုန်း”ရဲ့ကဗျာတချို့ကို ဘာ သာပြန်ထုတ်ဝေဖို့ ကြိုးစားခဲ့ကြဖူးတယ်။ ကဗျာအားလုံးကို ဒိုင်ခံဘာသာပြန်သူက ကိုစန်းမောင်ပါ။ ကျနော် က ကဗျာတွေ ဘာသာပြန်ဖို့ နေနေသာသာ၊ ကောင်းကောင်းတောင်မှမဖတ်တတ်ပါဘူး။ ဒါပေမယ့် သူဘာ သာပြန်ပြီးသမျှ ကဗျာတွေကို မူရင်းနဲ့တိုက်ကြည့်ပြီး သူရွှေးချယ်ထားတဲ့စကားလုံးတွေထက်ပိုပြီး ထိရောက် ကောင်းမွန်မယ်ထင်ရတဲ့စကားလုံးတွေကို ကျနော်က ရွှေးပေးရတယ်။ သူနဲ့ကျနော်တိုင်ပင်ပြီးမှ အချောသတ် တယ်။ ဒီတုန်းက စုစောင်းရရှိနိင်သလောက်“မော့်”ကဗျာ(၃၂)ပုဒ်။



ဘာသာပြန်ပြီးသမျှ၊“မော့်”ကဗျာစာမူဖိုင်ကို ကျနော်နဲ့ကိုစန်းမောင်က စိနသံရုံးကိုယူသွားကြတယ်။ သံရုံးကယဉ်ကျေးမူ တာဝန်ခံအမျိုးသမိးနဲ့ တွေ့ရတယ်။ ကျနော်တို့က “မော့်” ကဗျာဘာသာပြန်တွေကို ထုတ်ဝေချင်တဲ့အကြောင်း၊ ဖြစ်နိုင်ရင်သံရုံးက ပိုက်ဆံထုတ်ပေးဖို့၊ အင်္ဂလိပ်လိုက တဆင့် မြန်မာဘာသာပြန်ထားတဲ့ ကဗျာတွေကို မူရင်းတရုတ်ဘာသာနဲ့ ကိုက်ညှိ စီစစ်ပေးဖို့ ဆွေးနွေးကြည့်တယ်။ သူကသံတမန်ပီသပါတယ်။ ပထမအချက်...၊ သံရုံးကပိုက်ဆံထုတ်မ ပေးနိုင်တဲ့အကြောင်း၊ ဒုတိယ... ၊ တရုတ်ပြည်မှာဥက္ကဋ္ဌကြီး“မော်”ရဲ့ကဗျာတွေကို ဗဟိုကော်မတီရဲ့ခွင့် ပြုချက်ရမှသာ ထုတ်ဝေခွင့်ရှိပြီး ဥက္ကဋ္ဌကြီး“မော်”ရဲကဗျာတွေကို သူ့အနေနဲ့စီစစ်ပေးနိုင်စွမ်းမရှိကြောင်း ရှင်းပြပါတယ်။ ဒီတုန်းက သံရုံးသွားတဲ့ကိစ္စ၊ ယဉ်ကျေးမူကောင်စစ်ဝန်နဲ့တွေ့တဲ့ကိစ္စတွေ အာလုံးကို ကဗျာဆရာ “ အောင်ဇင်မင်း”က၊ လိုက်ပို့စီစဉ်ပေးခဲ့တာပါ။ ကျနော်တို့လည်း တပ်ခေါက်ပြန်ခဲ့ရပါတယ်။ သည့်နောက်ပိုင်း မှာတော့ ကျနော်တို့အားလုံး ဟိုလွင့် ဒီလွင့်...။
တခါတရံ ပဲခူးမှာကိုစန်းမောင်နဲ့ပြန်ဆုံတဲ့အခါ “မော့်” ကဗျာ ဘာသာပြန်စာမူတွေကိစ္စမေးကြည့် တယ်။ သူက ဘာသာပြန်စာမူတွေကို ကဗျာဆရာ “မုံရွာအောင်ရှင်”ဆီမှာပေးထားတဲ့အကြောင်း၊ ကိုအောင်ရှင်က ဘာသာပြန်ထားတာတွေ ၀ိုင်းကူပြီ စီစစ်တာမျိုး၊ ထုတ်ဝေသူရှာပေးတာမျိုး၊ လုပ်ပေးနေကြောင်း ပြောပြ ပါတယ်။ နောက်ပိုင်းကြတော့၊ `မော့်´ ကဗျာဘာသာပြန်စာမူတခုလုံး၊ မတော်တဆပျောက်ဆုံးသွားရကြောင် သိခဲ့ရပါတယ်။
၂။
ကျနော့်အသက်(၂၀)၀န်းကျင်က၊ “မော်စီတုန်း”ရဲ့အရိပ်အောက်မှာ အိပ်ပျော်ခဲ့ဖူးတယ်။ အထူးသ ဖြင့် သူ့ရဲ့“ပဋိပက္ခနှင့် လက်တွေ့ကျမ်း” နှစ်စောင်ကိုအာဂုံဆောင်ပြီး အပြင်မှာလက်တွေ့လုပ်ကြည့်တာမျိုးရှိ တယ်။ သူ့ရဲ့“တရုတ်ပြည်လူ့အဖွဲ့အစည်းအတွင်းက လူတန်းစားလက္ခဏာ ခွဲခြမ်းစိတ်ဖြာချက်” စာအုပ်ကို ဖတ်ပြီး ပဲခူးမြို့မှာရိုတဲ့ ကိုယ့်ပတ်ဝန်းက လူတွေကို လူတန်းစားလက္ခဏာသတ်မှတ်တာမျိုး၊“ပေါင်း၊ တွဲ၊ တိုက်” ကိစ္စတွေလုပ်တာပဲ။ ကျနော်တို့က `မော်´ပြောတဲ့ အလုပ်လမ်းညွှန်ဆိုတာကို ဘေးဖယ်ပြီး ပုံစံခွက် ထဲဝင်ထိုင်ခဲ့ကြတာ။ သည့်နောက်ပိုင်းကြတော့ ကိုယ့်ကိုကိုယ်၊ “နိုင်ငံရေးလုပ်မလား၊ စာရေးမလား” ဆိုတဲ့မေးခွန်းကို ပြန်မေးပြန်ဖြေလုပ်ပြိး “ယင်းအန်းစာပေဆွေးနွေးပွဲစာတမ်း”ကိုပဲ မဲ တင်းခဲ့တာ၊ ယဉ်ကျေးမူ တော်လှန်ရေးကာလအထိပဲဆိုပါတော့။ အဲဒီ “ကာလတိုအမှား”ပြီးတဲ့အခါကျမှ အိပ်ပျော်ရာက ကျနော်နိုး လာခဲ့တာပါ။ ကျနော့်ရဲ့ရီနေဆန်းပေါ့။
ဒီလိုဖြစ်လိုက်ပေမယ့်`မော့်´ကဗျာတချို့က ကျနော်နဲ့အတူ ပါလာခဲ့တယ်။ အထူးသဖြင့် သူ့ရဲ့ “နှင်း”ကဗျာ၊ “လီရှူယီသို့ ပြန်စာ”ကဗျာ။ ဒီကဗျာ(၂)ပုဒ်ထဲက၊ “တောင်ကုန်း၊ တောင်ကမူတွေအားလုံး၊ အဖြူရောင်ဖယောင်းဆင်ရုပ်ကလေးများနှယ်သာ” ဆိုတဲ့စာသား၊ “ကျနော့်မှာ ဂုဏ်ယူဖွယ်ပေါ်ပလာပင်ကို ဆုံးရှုံးလိုက်ရပြီး၊ ခင်ဗျားမှာကြတော့ ခင်ဗျားရဲ့မိုးမခပင်ကို ဆုံးရှုံးလိုက်ရ”ဆိုတဲ့ ကဗျာစာသားတွေကို ကျနော် ဘယ်တော့မှ မမေ့ဘူး။ ပထမစာကြောင်းက၊ မြူတွေနှင်းတွေဖုံးနေ တဲ့ အနိမ့်ပိုင်းတောင်ကုန်းတွေကို အလွန်မြင့်တဲ့တောင်ထိပ်ပေါ်ကတဆင့် ဆီးပြီးမြင်ရတဲ့မြင်ကွင်းကို ဖယောင်းဆင်လေးတွေနဲ့ တင်စား ထားတာ။ နောက်စာကြောင်းကတော့`မော်´က သူ့ဇနီးကို “ပေါ်ပလာပင်”၊ သူ့မိတ်ဆွေရဲ့ဇနီးကျတော့ “မိုးမခပင်” နဲ့တင်စားထားတာ။ ဇနီးဆုံးပါးသွားတဲ့ သူ့မိတ်ဆွေအတွက်ရေးတဲ့ ကဗျာပါ။
သူ့ကိုတော်လှန်ရေးစစ်သူကြီးလည်းဖြစ်၊ တရုတ်တွေးခေါ်ရှင်ကြီးလည်းဖြစ်လို့ ၀ိုင်ပြီးအမွှန်းတင်ကြ ရင်းက၊ သူ့ကဗျာတွေကိုလည်းလွန်လွန်ကဲကဲ၊ အကဲဖြတ်တာမျိုးရှိတတ်ပါတယ်။ ကျနော်ကတော့ သူ့ကဗျာ တွေထဲက ကဗျာဓာတ်ရှိတယ်လို့ထင်ရတဲ့ကဗျာတချို့ကိုပဲ ရင်ထဲထည့်ခဲ့မိတာ။ အခုကျနော်နှစ်သက်တဲ့ `မော့်´ကဗျာတပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကြိုးကြာဝါ

ဖြစ်ကိုးစင်းက
မြေပြန့်ကိုဖြတ်၊ ကွေ့ကာဝိုက်ကာစီးဆင်းလာ
အမှောင်ထုက
တောင်နဲ့မြောက်ကန့်လန့်ဖြတ်ပြီး
သိပ်သည်းသထက်သိပ်သည်းလာ၊
မိုးနှင်းမြူတွေအုံ့ဆိုင်း၊ မှုန်မှိုင်းေ၀၀ါး
“လိပ်”နဲ့“မြွေ”က
ဖြစ်မဟာကိုပိတ်ဆို့ထားလိုက်ကြပေါ့။
ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ
ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပ၊
ဟောဒီ မျှော်စင်တခုပဲ
မကြာခဏအလည်ရောက်လာတတ်တဲ့
ခရီးသည်တွေအတွက် ကျန်နေရစ်ခဲ့။
ငါ...
အရက်ခွက်ကိုမြှောက်
တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ
ကောင်းချီပြုလိုက်တော့
ငါ့ရင်ခုန်သံတွေ
လှိုင်းတွေလေတွေနဲ့အတူ မြင့်တက်လာနေပေါ့။

“လိပ်”နဲ့“မြွေ”ဆိုတာက၊ လိပ်တောင်နဲ့ မြွေတောင်တို့ဖြစ်ပါတယ်။ “မော့်” ကဗျာအများစုထဲမှာ၊ အောင်လံနီ၊ တပ်နီတော်၊ ရန်သူ၊ မြေရှင်၊ သေနတ်၊ အလုပ်သမား၊ လယ်သမား၊ ရဲဘော်ဆိုတဲ့စကားလုံးတွေ မပါတဲ့ကဗျာ ခပ်ရှားရှားပါ။ အဲဒီခပ်ရှားရှားထဲမှာ “ကြိုးကြာဝါ” ကဗျာကတပုဒ် အပါအ၀င်ပေါ့။ ဒီအထဲက “ကြိုးကြာဝါတို့ ပျံသန်းကြလေပြီ၊ ဘယ်ဆီပျံလေသလဲဆိုတာ ဘယ်သူများသိပါ့” ဆိုတဲ့စာသားက ကဗျာဓာတ်၊ ကဗျာမှော်အပြည့်။ တွေးယူမှရတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုတာလောက်လည်း မခက်လှပါဘူး။ တပုဒ်လုံးခြုံကြည့်ရင် “မော့်”ရဲ့ရောမန္တိကကို ထင်ထင်ရှား ရှားတွေ့ကြရမှာပါ။
ကဗျာရဲ့နောက်ဆုံးအပိုဒ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က၊ တရှတ်ကဗျာဆရာ “လီပို”ရေးခဲ့ တဲ့ “အရက်ခွက်ကိုမြှောက်ပြီး လမင်းကိုဖိတ်ခေါ်လိုက်ရဲ့”ဆိုတဲ့ရေးဖွဲ့ပုံမျိုး `မော့်´ကလည်း“အရက်ခွက်ကို မြှောက်တလိမ့်လိမ့်တက်လာနေတဲ့လှိုင်းတွေဆီ ကောင်းချီးပြုလိုက်တော့”လို့၊ ရေးတာတွေ့ရတယ် ရင်ခုန်သံနရီချင်း ကိုက်ညီ နေတဲ့ဘောပါပဲ။

“မော်”က မြင်းစီးရင်း၊ မြင်းကုန်းနှီးပေါ်မှာ ကဗျာရေးတယ်။ ကျောက်ဂူထဲက ကျောက်တုံးစားပွဲပေါ် မှာ ကဗျာရေးတယ်။ ရေးပြီးရင်လည်း ပုံနှိပ်ဖော်ပြမယ်ဆိုတာမျိုး၊ သိမ်းဆည်းထားတာမျိုး မရှိတတ်ဘူး။ ရည်ညွန်းဖွဲ့ဆိုသူကို ပေးလိုက်တာမျိုး နီးစပ်ရာပေးလိုက်တာမျိုးပဲရှိတယ်။ ရေးဖွဲ့တဲ့ ပုံသဏ္ဍာန်က တရုတ်ဂန္တ၀င်ကဗျာပုံသဏ္ဍန်ပါ။ သူ့ကဗျာတွေကိုတော်လှန်ရေးကြီးပြီးတဲ့အခါကြမှ သိမ်းဆည်းထားသူတွေဆီ က၊ ကြေညာပြီး ပြန်စုယူရတာလို့ ဆိုတယ်။ အခုအထိတော့ စုစေါင်းရမိသမျှ၊ ကဗျာပုဒ်ရေး(၄၀)ထက် မကျော်သေးပါဘူး။
သေချာတာတခုကတော့၊`မော်´ဟာ စစ်တိုက်ရင်း၊ အတွေးအခေါ်ကိစ္စတွေဖြေရှင်းရင်း စိတ်မောလူ မောရှိတဲ့အခါ သတင်းတချို့ကြာရပြီး စိတ်လက်လှုပ်ရှားရတဲ့အခါ သူ့ရင်ထဲ ဖြိုးခနဲဖျတ်ခနဲ ကဗျာဈာန်လင်း လက်တဲ့ အခိုက်မှာ ကဗျာတွေ ချရေးခဲ့တဲ့သဘောပါပဲ။ ရေးကတည်းက သူ့စိတ်၊ သူ့ခံစားချက်ကို စာရွက်ပေါ်လွှဲချ တင်ထားလိုက်တာကလွဲပြီး စာစောင် မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြဖို့အထိ ရည်ရွယ်ခဲ့ဟန် မတူပါဘူး။ ကျနော်တို့ကလည်းသူ့ကဗျာတွေကိုအကဲဖြတ်တဲ့အခါ သူ့ရဲ့ အဲဒီအနေအထားထက်ကျော်ပြီး တော့ အကဲမဖြတ်သင့်ဘူးလို့ဘဲ ယူဆမိပါတယ်။


ငြိမ်းဝေ



February 10, 2009

အခြေခံပညာအထက်တန်း သင်ရိုးညွန်းတမ်းဆိုင်ရာ မြန်မာကဗျာလက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း



စာတမ်းပြုစု/ ဖတ်ကြားတင်သွင်းသူ။ ။ ငြိမ်းဝေ
စာတမ်းတင်သွင်းသည့်အခမ်းအနား။ ။ ပညာရေးနှီးနှောဖလှယ်ပွဲ
စာတမ်းတင်သွင်းသည့် အချိန် ။ ။ နံနက်ပိုင်း
စာတမ်းတင်သွင်းသည့် နေ့ ။ ။၅.၁.၂၀၀၉
စာတမ်းတင်သွင်းသည့် နေရာ ။ ။ ထိုင်းမြန်မာနယ်စပ်တနေရာ



လေးစားအပ်တဲ့ဘာသာရပ်အသီးသီးဆိုင်ရာပညာရှင်များ ဆရာ- ဆရာမများ ခင်ဗျား
ကျွန်တော်တင်သွင်းမယ့် " အခြေခံပညာအထက်တန်းသင်ရိုးညွှန်းတမ်းဆိုင်ရာ မြန်မာကဗျာ လက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း" စာတမ်းကို အပိုင်း( ၃ ) ပိုင်းခွဲပြီး တင်သွင်းမှာဖြစ်ပါ တယ်။

အပိုင်း(၁) ပြဌါန်းထားရှိသည့် ကဗျာများရဲ့ နောက်ခံကာလ ပမာဏအပေါ် စမ်းစစ်ခြင်း
အခြေခံပညာအထက်တန်းအတွက် ပြဌါန်းထားရှိတဲ့ မြန်မာကဗျာ လက်ရွေးစင်စာအုပ်ရဲ့ ကဗျာတွေ
ကို လေ့လာတဲ့အခါ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကို ရွေးချယ်ပြဌါန်း ထား တာတွေ့ရပါတယ်။ အတိအကျပြောရရင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးခေတ်ဦးဆိုတဲ့ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေထဲကမှ ရွေးချယ်ပြဌါန်း ထားတာတွေ့ရပါတယ်။ န၀မတန်း နဲ့ ဒဿမတန်း ပြဌါန်းချက်စာအုပ်တွေရဲ့ အဖွင့်ကဗျာ(၂) ပုဒ်ဟာ ပုဂံခေတ်ဦးမှာ ပေါ်ထွန်းခဲ့တဲ့ကဗျာတွေဖြစ်ပါတယ်။ ပြဌါန်းချက်စာအုပ်တွေရဲ့ နောက်ဆုံးမှာ ဖေါ်ပြတဲ့ ကဗျာတွေကတော့ လွတ်လပ်ရေး ခေတ်ဦးမှာ ပေါ်ပေါက်တဲ့ ကဗျာ တွေဖြစ်ပါတယ်။
ပုဂံခေတ်ဦးမှာ ပေါ်ပေါက်ခဲ့တဲ့ " မြကန်ဘွဲ့ကဗျာ" နဲ့ ၊ " ရွှေနှင့်ယိုးမှားပန်းစကား" ကဗျာ(၂) ပုဒ် ဟာ ခရစ်သက္ကရာစ် (၁၀၀၀) ကျော်ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာများဖြစ်ပြီး ၊ နောက်ဆုံးရွေးချယ်ဖေါ်ပြ တဲ့ " ဘ၀နှင့်အလှ" ကဗျာကတော့ လွတ်လပ်ရေးခေတ်ဦှးမှာ ပေါ်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ဒီလိုရွေးချယ် ပြဌါန်းထားတာကိုကြည့်ရင်၊ အခြေခံပညာအထက်တန်းမှာ ပြဌါန်းထားရှိတဲ့ မြန်မာကဗျာများ နောက်ခံကာလ ပမာဏဟာ နှစ်ပေါင်း (၉၀၀) ကျော်ဝန်းကျင် ရှိတာတွေ့ရပါတယ်။ ဒီလို ရှည်လျားလှတဲ့ အချိန်ကာလအတွင်း မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကလည်း အကြောင်းအရာမျိုးစုံ၊ ပုံသဏ္ဍာန် မျိုးစုံရှိပါတယ်။ ဒီလို အတိုင်းအ တာ ပမာဏကြီးမားများမြောင်လှတဲ့ကဗျာတွေကို ကျောင်းသားတွေသင်ကြားတဲ့အခါ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်သွားနိုင်ဖို့ရာ လုံလောက်တဲ့ သင်ကြားချိန်မရှိနိုင်ဘူးလို့ ယူဆမိပါတယ်။ ကျောင်းသားတွေဟာ နှစ်ပေါင်း(၉၀၀)မှာ ပေါ်ထွန်းခဲ့တဲ့ ကဗျာတွေအပေါ် တို့ရုံထိရုံသာ သင်ကြားလက်ခံနိုင်မယ့် သဘောရှိပါတယ်။ တခါ...သင်ကြားပို့ချသူဆရာ၊ဆရာမများ ဖက်ကကြည့်ရင်လည်း ဘယ်ဆရာ၊ဆရာမ မဆို၊ ဒီလောက် ရှည်လျားများမြောင်လှတဲ့ ကာလပမာဏနဲ့ ကဗျာအမျိုးမျိုးအပေါ် စေ့စေ့ငုငု လေ့လာထားရှိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိပြဌါန်းထားရှိတဲ့ ကဗျာတွေ အတွက် သင်ကြားမှုအထောက်အကူပြု နိဒါန်းစာနဲ့ ခက်ဆစ်အဖွင့်လောက်နဲ့လည်း ဆရာတွေ အဖို့ မလုံလောက်ပါဘူး။ ဒီတော့ကာ အဓိကထား ရွေးချယ်သင့်တဲ့ခေတ်တခုခု အပေါ်မူတည်ပြီး အဲဒီခေတ်မှာပေါ်တဲ့ ကဗျာများကိုသာ ရွေးချယ်သတ်မှတ် ပြဌါန်းခြင်းက၊ သင်ကြားသူဆရာဆရာမနဲ့ သင်ယူသူကျောင်းသားများ ပိုမိုအကျိုးရှိထိရောက်နိုင် လိမ့်မယ်လို့ ယူဆပါတယ်။


အပိုင်း(၂)ပြဌါန်းထားရှိသည့် ကဗျာလက်ရွေးစင်စာအုပ် အမှာစာအပေါ်စမ်းစစ်ခြင်း
လက်ရှိအခြေခံပညာအထက်တန်း၊ မြန်မာကဗျာလက်ရွေးစင်စာအုပ် အမှာစာမှာ " ကဗျာရဲ့ အဓိပ္ပါယ်ဖွင့ိဆိုချက်" ပါရှိပါတယ်။ ဒီဖွင့်ဆိုချက်ဟာ လက်ရှိမြန်မာကဗျာနယ်ပယ်မှာ ပေါ်ထွန်းနေတဲ့ ၊ ကဗျာ အမျိုးအစားအပေါ် အခြေခံပြီးပြောရရင် အငြင်းပွားစရာအချက်ဖြစ်ပါတယ်။ အမှာစာပါ ဖွင့်ဆိုချက်က "ကဗျာဆိုသည်မှာ ခံစားမှုရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆိုသီကုံးရသောစာဖြစ်သည်" လို့ဆိုပါတယ်။ ဒါပေမယ့် ကဗျာဝါသနာရှင်မည်သူမဆို အလွယ်တကူသိရှိနိုင်တဲ့ အချက်က၊ ဒီကနေ့ ဘယ် မဂ္ဂဇင်းမှာပဲကြည့်ကြည့်၊ ဘယ်ကဗျာစာအုပ်မှာပဲကြည့်ကြည့် ဘယ်ကဗျာမဆို ကာရန်စည်းကမ်းနဲ့ညီ အောင်ဖွဲ့တဲ့ကဗျာ တပုဒ်မှမရှိတော့တာတွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရရင် ကာရန်စည်းကမ်းဆိုတာကို ဒီကနေ့ ကဗျာတွေက စွန့်လွှတ်လိုက်ပြီဖြစ်ပါတယ်။ သည့်ထက်ပိုပြီးတိုးပြီး ပြောရရင် ကာရန်မပါတဲ့ ကဗျာအမျိုးအစားခေတ်ကို ရောက်နေပြီလို့တောင်မှပြောနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ၊ စာသင်သားကျောင်းသားတယောက်က၊ မဂ္ဂဇင်းတွေမှာပါနေတဲ့ ဒီကနေ့ကဗျာတွေကို ပြဌါန်းချက်မှာပါတဲ့ ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့အတွက်၊ ဆရာတွေကို စေါဒကတက်တယ်ဆိုရင်၊ ပြဌါန်းချက်ပါအမှာစာအပေါ်မှာသာ ရပ်တည်ဖြေရှင်းရမယ့် ဆရာ၊ဆရာမများအတွက် အခက်အခဲရှိနိုင်တာကိုတွေ့ရပါတယ်။

အပိုင်း(၃) ခေတ်ပေါ်ကဗျာကို ထည့်သွင်းပြဌါန်းသင့်ကြောင်းအကြံပြုချက်
မြန်မာနိုင်ငံမှာ ခေတ်ပေါ်ကဗျာပေါ်ပေါက်လာခဲ့တာ၊နှစ်ပေါင်း(၃၀)၀န်းကျင်ရှိပြီလို့ ယူ ဆနိုင်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ အခြေအနေအောက်မှာ ပညာရှင်များ သုတေသနပြုခွင့်ရမယ်ဆိုရင် ခေတ်ပေါ်ကဗျာဟာ (၁၉၇၀) ခုနှစ် တ၀ိုက်မှာ စတင်သနွေတည်ခဲ့တယ်လို့ သတ်မှတ် ယုဆရပါလိမ့်မယ်။
ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာ နောက်ခံဟာ ၊ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့အကြောင်း အရာ နောက်ခံထက် ပိုပြီးကျယ်ပါတယ်။ အတတ်ပညာပိုင်းလို့ခေါ်တဲ့ ပုံသဏ္ဍာန် ပိုင်းမှာလည်း ပိုပြီးရှုပ်ထွေး သိမ်မွေ့ပါတယ်။ ဒါကတော့ ရှေ့ကလူရဲ့ ပခုံးပေါ်တက်ပြီးကြည့်ခွင့်ရလို့ ပိုပြီးဝေးတဲ့ မိုးကုတ်စက်ဝိုင်းကို လှမ်းမြင်ရတဲ့သဘောဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် ခေတ်ပေါ်ကဗျာရဲ့ အဓိက အင်္ဂါရပ်တွေထဲမှာ "ခေတ်ပြိုင်လူထုရဲ့ရင်ခုန်သံ" ကိုဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့ လက္ခဏာကတော့ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့ အင်္ဂါရပ်ထက်ပိုပြီး ထူးခြားတဲ့အချက်ဖြစ်ပါတယ်။ အားလုံးသိရှိတော်မူကြတဲ့အတိုင်း ဒီကနေ့ မြန်မာလူထုရဲ့ ရင်ခုန်သံကို နားထောင်ကြည့်ရင်၊ နားထောင်ကြည့်တတ်မယ်ဆိုရင် မွန်းကြပ်ပိတ်လှောင်ထားမှုတွေကို မခံမရပ်နိုင်လို့ ဖြစ်ရတဲ့ ရင်ခုန်သံပဲ ဆိုတာ အသေအချာပါပဲ။ ဒီကနေ့ ခေတ်လူထုရဲ့ ရင်ခုန်သံကို ခေတ်ပေါ်ကဗျာတွေထဲကလွဲပြီး ဘယ်ခေတ်ရဲ့ကဗျာတွေထဲမှာမှ ရှာလို့မတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီကနေ့ခေတ် လူငယ်တွေကို၊ သူတို့ပခုံးပေါ်မှာရှိတဲ့ ခေတ်ရဲ့တာဝန် တာထမ်းတွေကို ကျေပွန်အောင်ထမ်းရွက်သွားနိုင်ဖို့ဆိုရင် ခေတ်ပေါ်ကဗျာ တချို့ဟာ၊ အထောက်အကူ
ဖြစ်စေလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။
ကျွန်တော်အထက်မှာတင်ပြခဲ့တာရှိပါတယ်၊ ခေတ်ပေါ်ကဗျာဆိုတာ ခေတ်ပြိုင်လူထုရဲ့ ရင်ခုန်သံကို ဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့စကားဟာ မှန်ပါတယ်၊ ဒီကနေ့ခေတ်လူထုရဲ့ရင်ခုန်သံကို ဟိုတနေ့က ကဗျာပုံ သဏ္ဌန်နဲ့ ဖေါ်ပြရင် လူကြီးတယောက်ကို ကလေးအင်္ဂျာိဝတ်ပေးသလိုဖြစ်တာမို့ ဒီကနေ့လူထု(၀ါ) လူကြီးတယောက်ရဲ့ ခန္ခာကိုယ်နဲ့ကိုက်ညီလိုက်ဖက်မယ့် ခေတ်ပေါ်ကဗျာပုံသဏ္ဌန်သစ်ကို ဖန်တီးလာခဲ့ကြရပါ တယ်။ တာရန်စည်းကမ်းကို စွန့်လွှတ်လိုက်ခြင်းဆိုတဲ့ အတတ်ပညာသစ်တခုဟာ ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။

ခတ်ပေါ်ကဗျာရဲ့အကြောင်းအရာနောက်ခံဟာယ္ခင်အခါတုန်းကရှိခဲ့တဲ့ ကဗျာတွေရဲ့အကြောင်းအ ရာနောက်ခံထက်ပိုပြီး ကျယ်ပါတယ်။အရောင်စုံပါတယ်။အနုစိပ်ပါတယ်။ ညွှတ်ပြောင်းပြီး ပြုလွယ်ပြောင်း လွယ်ပါတယ်။တနည်းအားဖြင့်ပြောရရင်လူ့အဖွဲ့အစည်းတခုရဲ့ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဌာန်နဲ့လိုက်ဖက်ညီဖို့ ကြိုး စားလာတဲ့သဘောပါပဲ။
လူ့အဖွဲ့အစည်းတခုမှာ၊ လူမျိုး၊ဘာသာ၊ယဉ်ကျေးမူဓလေ့ထုံးစံ၊ အသားအရောင်၊ နေရာဒေသ မတူ ကြတဲ့လူအုပ်စုများ စုပေါင်းဖွဲ့စည်း ထားတာဖြစ်တဲ့အတွက်၊ ခေတ်ပေါ်ကဗျာဟာလည်း မတူကွဲပြားခြားနား ခြင်းဟာ အလှတရားအဖြစ်လက်ခံ လာခဲ့တဲ့သဘောပါပဲ။ လူ့ဘ၀ရဲ့ရောင်စုံပွဲတော်ဆိုတာ ခေတ်ပေါ်ကဗျာထဲ
မှာရှိ ပါတယ်။ မတူကွဲပြားခြားနားသူချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ ယဉ်ကျေးမူဗဟုဝါဒ ဟာ ခေတ်ပေါ် ကဗျာရဲ့မောင်းနှင်ရေးအားဖြစ်လာခဲ့ပါတယ်။ ပဲ့ကိုင်လမ်းညွှန်သဘောတရားဖြစ်လာခဲ့ပါတယ်။
မတူကွဲပြားခြားနားမှုကို အသိအမှတ်မပြု၊အပြန်အလှန်လေးစားခြင်းမရှိ၊တသွေးတရောင်တမျိုး တစားထဲ အတင်းအဓမ္မသွတ်သွင်းဖို့ကြိုးစားတဲ့“ဧက၀ါဒ” ဟာ ဒီကနေ့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အ စည်းအပေါ်ဖိနင်းထားဆဲဖြစ်ပါတယ်။ ဒီဝါဒဟာ ပုဂ္ဂလဓိဌါန်သဘောဖြစ်တာမို့ လူ့အဖွဲ့အစည်း တခုအတွက် အလွန်အန္တရယ်ကြီးတဲ့ ၀ါဒဆိုးတခုဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို “ဧက၀ါဒ” အောက်က ဆွဲထုတ်နိုင်ဖို့ဆိုရင် ဗဟုဝါဒ ပညာရေးကို တည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။ ဗဟုဝါဒ ပညာရေးနဲ့ကြီးပြင်းလာတဲ့လူငယ်တွေဟာ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ဧက၀ါဒ လက်အောက်ပြန်ရောက် မသွားရအောင် အာမခံပါလိမ့်မယ်။ ဗဟုရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂတခုဟာ ဧကရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂထက်သာတယ်ဆိုတာကို လက်ခံလာကြပါလိမ့်မယ်။
လက်ရှိကျွန်တော်တို့ တမျိုးသားလုံးရင်ဆိုင်ဖြေရှင်းနေကြရတဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး ဒီမိုကရေစီပညာပေးရေးလုပ်ငန်းတွေဟာ အခုအချိန်မှာတော့ ပြည်တွင်းမှာ လုပ်ခွင့်မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တမျိုးသားလုံး အာဏာရှင်စနစ် လက်အောက်မှာ နေခဲ့ထိုင်ခဲ့ရတာတော့ နှစ်ပေါင်း(၅၀)နီးပါး ရှိလာနေပါပြီ။ ဆယ်စုနှစ်တစ်ခု ထက်ဝက်ကျိုးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းမှာလုပ်နိုင်စွမ်း မရှိတဲ့အလုပ်ကို ပြည်ပမှာ စတင်လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လုပ်လို့ရတဲ့နေရာကစပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်ပမှာစတင်လုပ်ကိုင်လို့ ရရှိနိုင်တဲ့ အခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ၊ ခေတ်ပေါ်ကဗျာကိုလည်း ဖြည့်စွက်ပြဌါန်းသင့်ကြောင်းတင်ပြချင်ပါ တယ်။
ဒါကြောင့်မို့ ခေတ်ပေါ်ကဗျာတချို့ကို ပညာရှင်များ စုစည်းရွေးချယ်ပြီး ဖြည့်စွက် ပြဌါန်းသင့် ကြောင်း တင်ပြချင်ပါတယ်။ တက်ရောက်နာကြားသူများ ပိုမိုသိရှိစဉ်းစားနိုင်ဖို့အတွက် ခေတ်ပေါ်ကဗျာတပုဒ် ကို ကျွန်တော်ရွေးချယ်တင်ပြလိုက်ပါတယ်။ ၀န်ခံရမှာတစ်စုတော့ ရှိပါတယ်။ ဒီကဗျာဟာ ခေတ်ပေါ်ကဗျာအားလုံးကို ကိုယ်စားပြုတဲ့ ကဗျာဆိုပြီးတော့ရွေးချယ်တင်ပြလိုက်တာတော့မဟုတ်ပါဘူး။ အချိန်တိုအတွင်း လက်လှမ်းမှီရာ ကျွန်တော်နှစ်သက်တဲ့ ခေတ်ပေါ်ကဗျာတပုဒ်ကိုသာ မိတ်ဆက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
နောက်ထပ်ပြီးဝန်ခံရမှာရှိပါသေးတယ်။ အဲဒါကတော့ ဒီစာတမ်းဟာ၊ စာတမ်းတခုရဲ့အင်္ဂါရပ်များ နဲ့ကိုက်ညီခြင်းမရှိသေးတဲ့ စာတမ်းမမည်တဲ့ စာတမ်းတခုသာဖြစ်တဲ့အကြောင်း ၀န်ခံချင်ပါတယ်။ အချိန်တို အတွင်း လက်လှမ်းမှီသမျှ ပညာရှင်တချို့နဲ့တိုင်ပင်ခြင်း၊ လက်လှမ်းမှီသမျှစာအုပ်စာတမ်းများနှင့်သာ ကိုက်ညှိခြင်းပြုလုပ်ခဲ့ရတဲ့အတွက်၊ လစ်ဟာချွတ်ယွင်းချက်များရိုလျှင် ပညာရှင်များ အနေနဲ့ ထောက်ပြ၊ ဝေ ဖန်၊ ဖြည့်စွက်တည့်မတ်ပေးပါကြရန် တောင်းပန်အပ်ပါတယ်။
အခု မုံရွာသား ကဗျာဆရာကြီး ဆရာအံ့မောင်ရဲ့ " ကျုပ် ပြတင်းပေါက်" ဆိုတဲ့ ခေတ်ပေါ် ကဗျာတစ်ပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကျုပ် ပြတင်းပေါက်

ကျုပ် ပြတင်းပေါက်မှာ
ခန်းဆီး စိမ်းစိမ်း ရှိတယ်
သစ်ကိုင်း သစ်ခက် သစ်ရွက်တွေ
သစ်ပင်တွေ ရွက်ကြွေတော့
ခန်းဆီး အပြာရောင် တပ်လိုက်တယ်။

ကောင်းကင်ကြီးလေ
ညကျတော့
ခန်းဆီး အနက်ရောင်
မှောင်နေတာကိုး
ပြတင်း ခန်းဆီးမှာ
နေမင်းဝါ၀ါလည်း ရှိတယ်
ရွှေရောင် ကြယ်ပွင့်ကလေးတွေလည်း ရှိတယ်
တခါတလေ လမင်းဝိုင်းဝိုင်း
လမင်းတစ်ခြမ်း လမင်းလှေကလေး
ပြတင်း ခန်းဆီးမှာ
တခါ တခါ
တိမ်ဇာပွင့်တွေ ဆင်ထားတယ်
နီနီ ဇာပွင့်
ရွှေ ရွှေ ဇာပွင့်
ခရမ်းရောင် ဇာပွင့်
ချော့ကလက် ဇာပွင့်
အဆင် ဒီဇိုင်းက
လိပ်ပြာတစ်ရာ ရှုံး
ပါတိတ် ပန်းချီဆရာ ငို။

ပြတင်းခန်းဆီးမှာ
ဟင်္သာပုံလည်း ရှိတဲ့အခါ ရှိ
ဒေါင်းပုံလည်း ရှိတဲ့အခါ ရှိ
ခြင်္သေ့ပုံလည်း ရှိတဲ့အခါ ရှိ
ခွေးပုံလည်း ရှိတဲ့အခါ ရှိ
ဆင်ပုံလည်း ရှိတဲ့အခါ ရှိ
နဂါးပုံလည်း ရှိတဲ့အခါ ရှိ
ငါးပုံလည်း ရှိတဲ့အခါ ရှိ
စုတ်ချက် ကြမ်းကြမ်းရဲရဲ ဆွဲတာလည်း ရှိတဲ့အခါ ရှိ
မီးတောင် ချော်ရည်စီးပုံ ရှုံး
မော်ဒန် ပန်းချီဆရာ ငို။

ကျုပ် ပြတင်းပေါက်က
လေ အေးအေးကလေးလည်း ခုန်ပေါက်ဝင်လာတယ်
နေ နွေးနွေးလည်း ထွေးပိုက်ပေးတယ်
တခါတလေ
ကျုပ် ပြတင်းမှာ
နှင်း ခန်းဆီးကလေး တပ်တယ်
တခါတလေ
ပုလဲလုံး ခန်းဆီး။

မိုးမင်းကြီး ရွာတော့
ကျုပ် ပြတင်းက
အလင်းရောင်လည်း သောက်လို့
အမှောင်လည်း ထန်းရည်ခါးလို ဖောက်လို့ရ
ဒီပြတင်းက
သီချင်းသံတွေလည်း ၀င်လာတတ်တယ်
ရန်ဖြစ်သံ ဆူသံ ဆဲသံတွေလည်း
ဘီးလူးဆိုင်းနဲ့ ရောက်လာတတ်တယ်
ငှက်တေးလည်း နားဆင်ရတယ်
ထော်လာဂျီလည်း တ၀ုတ်ဝုတ် ဟောင်တတ်တယ်။

ဘာလိုသေးသလဲ
ကျုပ် ပြတင်းကလေးဆီက
အကုန်ရ
လောက ဇီဝ သုခ ဒုက္ခ
အလင်း အမှောင်။

အလှဆိုတာ
မျိုးကွဲတွေ စုံတာ
ရသဆိုတာ
မျိုးကွဲတွေ စုံတာ
မျိုးကွဲတွေ စုံမှ
အလှ
မျိုးကွဲတွေ စုံမှ
ရသ
မျိုးကွဲတွေ စုံမှ
ဇီဝ
မျိုးကွဲတွေ စုံမှ
လောက
မျိုးကွဲတွေ အစုံ
ကျုပ် ပြတင်းပေါက်ကလေးက
ပေးနေတယ်
မျိုးကွဲစုံတာ
ကြောက်စရာ မဟုတ်ပါဘူးနော်။ ။

အံ့မောင်
အာလုံးကိုကျေးဇူးတင်ပါတယ်။

ကိုးကား။ ။ (၁) န၀မတန်းမြန်မာကဗျာလက်ရွေးစင် (၂၀၀၁၊ ၂၀၀၂)
။ (၂) ဒဿမတန်းမြန်မာကဗျာလက်ရွေးစင်(၂၀၀၇၊၂၀၀၈)
။ (၃)ဦးဖေမောင်တင်ရဲ့"မြန်မာစာပေသမိုင်း"
။ (၄) စာပေဗိမာန်ထုတ်" မြန်မာကဗျာစာတမ်းများ" (ပ+ဒု)
(အချိန်ယူပြီး ပြုစုခဲ့ရတဲ့ စာတမ်း မဟုတ်တဲ့အတွက် စာတမ်းတခုရဲ့အင်္ဂါရပ်များနဲ့ မကိုက်ညီတဲ့ စာတမ်းဖြစ်တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။)

February 04, 2009

သင်းကွဲငှက်တစ်ကောင်းရဲ့ ဖြောင့်ချက်

ကျနော့် ဘလော့မှာ ပို့စ်အသစ်မတင်နိုင်ခဲ့တာ (၃)လထဲရောက်လာပြီ။ ဘာ့ကြောင့် ကျနော် တာဝန် မကျေနိုင်ခဲ့သလဲ။

(၁) ကျနော် ဘလော့မလုပ်ခင်ကတည်းက တခြားပုံမှန်ထုတ်ဝေတဲ့ ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ စာရေး ခဲ့တာကြာပါပြီ။ ကျနော့်မှာ အများအတွက်၊ တိုင်းပြည်အတွက်ပဲဆိုတဲ့စိတ်နဲ့ ဒီဖက်ကထွက်သမျှပလက် ဖောင်းဟူသမျှမှာ စာမူခမရပဲရေးခဲ့ရတာ ၁၉၉၅-ခုနှစ်ကစပြီး ၂၀၀၄-ခုနှစ်အထိ။ ဒီနောက်ပိုင်းကြတော့ ပလက်ဖောင်းတချို့ကလည်း စာမူခပေးရမယ်ဆိုတာနားလည်လာကြတာလဲပါ၊ ကျနော်ကလည်း စာရေးတဲ့ အလုပ်ကလွဲပြီး တခြားဘာမှမလုပ်တတ်ဆိုတော့ စာရေးရင် စာမူခရရမယ်ဆိုတဲ့ မူနဲ့ ကျနော်ရပ်တည်ခဲ့မိ တယ်။
ကျနော်ဘလော့လုပ်တော့ ရှင်းရှင်းပြောရရင် ကိုယ့်ဆီမှာ ကိုယ်ရေးကိုယ်တာဆန်တဲ့စာမူ၊ တနည်းအားဖြင့် ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ ဖော်ပြလို့ မရနိုင်တဲ့စာမူကြမှ ဘလော့မှာတင်ပြီး၊ ကျန်တဲ့စာမူတွေ စာမူခရတဲ့ပလက်ဖောင်းတွေဆီတင်ခဲ့တယ်။ ကျနော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ စိတ်မလုံဘူး။ ဒါကြောင့် စိတ်ဖြေလို့ရအောင် ကျနော့်ဘလော့မှာ `ပြန်လည်တူးဖော်ခြင်း´ ဆိုတာလုပ်ပြီး `ဆားချက်´ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့်ဆားကမငံဘူး။ စိတ်မသက်မသာဖြစ်မှုက ပိုပြီးဆိုးလာခဲ့တယ်။ ဒါဟာ ပိုက်ဆံမရတဲ့ ဘလော့ပေါ်၊ ပိုက်ဆံရတဲ့ ၀က်ဆိုဒ် လောက်တန်ဘိုးမထားဘူးလားပေါ့။ အခုတော့ ကျနော်ကိုယ့်ကိုယ်ကို မညာချင်တော့ဘူး။

(၂) ကျနော့်ကို ဆရာလေး ယောဟန်အောင်က ဘလော့လုပ်ဖို့တိုက်တွန်းတာကြာပြီ။ ကျနော် မလုပ်ဖြစ်ခဲ့ဘူး။
ရှင်းရှင်းပြောရရင် ကျနော်က ကွန်ပျူတာနဲ့ရေစက်မရှိပါဘူး။ ကျနော် ၁၉၉၅-ခုနှစ်က ဥရောပမှာ နေ ခွင့်ရတော့ ကွန်ပျူတာတစ်လုံး စိတ်တိုင်းကျသုံးခွင့်ရတယ်။ ကျနော်ကိုင်ပြီး မကြည့်မိဘူး။ လက်နဲ့ပဲစာရေး တယ်။
ဒါပေမယ့် ကွန်ပျူတာက ကျနော့်ကို စိတ်နာမသွားဘူး။ ကွန်ပျူတာက ကျနော့်ကို အမြဲမလှမ်းမ ကမ်းကလိုက်လာနေခဲ့တယ်။ ကျနော်သတိမထားမိဘူး။ အခုတော့ ကွန်ပျူတာဟာ ကျနော့်ဘ၀ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတခုဖြစ်လာခဲ့တယ်။ ဒါပေမယ့်...။
၂၀၀၀ခုနှစ်ကစပြီး ကျနော်၊စာကြည့်တိုက်မှူးလုပ်ပါတယ်။ စာရင်းဇယားနဲ့ အစီရင်ခံစာတွေ ရုံးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ၊ ရုံးအကူများက လုပ်ပေးခဲ့တယ်။ ကျနော်နဲ့ကွန်ပျူတာနီးလျက်နဲ့ခွါပြီး ကျနော်နေတယ်။ ၂၀၀၆ခုနှစ်ရောက်လာတယ်။ ရုံးအကူများ(၂)ယောက်ပြောင်းသွားတယ်။ ကျနော်နဲ့ကွန်ပျူတာက တစ်တောင် အကွာက မပြောင်းလဲဘူး။ ဆက်ဆံရေးလည်းမပြောင်းလဲဘူး။
၂၀၀၆ - နှစ်ထဲ စာကြည့်တိုက်မှာ အကူဝန်ထမ်းမထားနိုင်တော့ ကျနော့်တူမလေးကို ခေါ်ရ တယ်။ သူကကျောင်းပြီးပြီလေ။ သူရောက်လာပြီး ကွန်ပျူတာကိစ္စတွေဆက်လုပ်တယ်။ အဲဒါပြီးခဲ့တဲ့(၂)လ ကျော်အထိ။ တူမလေးကို သူ့ဘ၀နောင်ရေးအတွက် အခြားတနေရာကို ကျနော်ပို့ခဲ့ရတယ်။ သူမရှိလည်း တခြားတယောက်ယောက်နဲ့ခရီးသွားမယပေါ့်။ ဒီလိုနဲ့ ကျနော့်ဘလော့ဟာ ရပ်သွားခဲ့ရတာပဲ။
ကျနော်က ကွန်ပျူတာနဲ့ ပါသက်ပြီး အချက်(၃)ချက်ပဲသိတယ်။
(က) ဖွင့်တတ်တယ်။
(ခ) ကိုယ့် E- Mail ကိုဖွင့်ဖတ်တတ်တယ်။
(ဂ) ပိတ်တတ်တယ်။
ဒိအချက်သုံးချက်ကလွဲပြီး ကျနော်ဘာတခုမှ ပိုမသိဘူး။ စာလုံးဝမရိုက်တတ်ဘူး။ ခင်ဗျားတို့ယုံ ကြည်ပေးကြပါ။ အဲဒါ... တကယ်။
(၃) ကျနော်ဟာ ခင်ဗျားတို့အားလုံးရဲ့အလည်ကို သူများခြေထောက်နဲ့ ၀င်လာတဲ့ မိတ်ဆွေတ ယောက်ပါပဲ။ တကယ်တော့ သင်းကွဲငှက်တကောင်ဖြစ်တယ်ဆိုတာ အခုမှပဲသိရတယ်။ ဒါကြောင့်မို့ အားလုံး ကို ကျနော် မလေးမစားမလုပ်ချင်ဘူး။ ခင်ဗျားတို့အားလုံးကို ကျနော် ချစ်တယ်။ ဒါကြောင့်မို့ ကျနော့် ဘလော့ကို ကျနော် ခဏရပ်ထားရပါလိမ့်မယ်။ ကျနော်အလုပ်တွေပိနေပေမယ့် သင်စရာရှိတာသင် ယူရပါလိမ့်ဦးမယ်။ (၃)လ ကျနော့် လလော့ကို ထပ်ပြီးနားခွင့်ပြုပါ။ ပြီးတော့ စာမူတခုရေးပြီးတိုင်း တခြားဝက်ဆိုဒ်မဂ္ဂဇင်းမှာ တင်ပြီးမှ ကိုယ့်ဘလော့မှာ တင်နေရတဲကိစ္စကိုလည်း တခြားနည်းလမ်းတခု ကျနော်စဉ်းစားရပါဦးမယ်။
ဧပြီလကုန်ရင်တော့ ဘလော့မိတ်ဆွေတွေဆီ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။

အားလုံးကို ချစ်ခင်လေးနက်စွာဖြင့်
ငြိမ်းဝေ