June 27, 2010

စပယ်ရနံ ၊့ ဥသြငှက်မြည်သံနှင့် နေထွက်ခြင်းကို စေါင့်ကြည့်ခြင်း


(က)
            သူ့ ကို
          အဝေးကမြင်ရတော့
          လှတယ်။
          အနားကို ရောက်တော့
          ကြောက်တယ်။
          သူ့ ကို တို့ ထိရတဲ့အခါ
          သူ့ ရေကို သောက်တဲ့အခါ
          သူ့ အငွေ့ ကို လှုံတဲ့အခါ
          လုံခြုံနွေးထွေး သွေးချင်းပေါင်းစပ်
          သူနဲ့ ငါ
          တစတစ နီးစပ်လာခဲ့။
          အခုတော့
          သူ့ လည်ပင်းမှာ ငါတွဲခိုစီး
          သီချင်းငြီးခဲ့။
          သူ့ ခေါင်းပေါ်က ပန်းတွေ
          ငါချွေခဲ့။
          သူ့ လက်ပေါ်
          ငါ အိပ်ပျော်ခဲ့
          သူ့ နဖူးထိပ်မှာ ငါရပ်နေဆဲ
          ကွင်းပြင်ထဲက တောအုပ်တွေ
          ခြုံပုတ်လေးတွေ ဖြစ်သွားပေါ့။
                             (ပဉ္စလက်တောင်တန်း ကဗျာမှ...)
          မိဆိုင်းကျောက်တောင်ကြီးရဲ့အောက်ခြေ တောစပ်တွင် ကျနော်တို့ နားနေခဲ့ကြသည်။ ဖါးအံမြို့ နယ် ကရင် အမျိုးသားအစည်းအရုံးဥက္ကဌ ပဒိုသာထူးကျော်ဆီက လွှတ်လိုက်မည့် ဆက်သားကို ကျနော်တို့ စေါင့် နေကြ ခြင်းဖြစ်သည်။

June 25, 2010

ဘဝ စာမျက်နှာများ(ဆန်းစစ်ခြင်း)


                                                           ဆန်းစစ်ခြင်း

ထိုညနေက ကျနော့်မိတ်ဆွေ ကဗျာဆရာ၏ စကားများမှာ ကျနော့်ကို ဦးတည် ရည်ညွှန်း ပြောခြင်းမဟုတ်ပါဖဲလျက် ကျနော့်ကို ပြင်းထန်စွာ ရိုက်ပုတ်နေခဲ့သည်။
“ဒီကာလဟာ လူတန်းစားနှစ်ရပ်ရဲ့စေ့စပ်မရတဲ့ တိုက်ပွဲကာလ၊ အရင်းရှင်ဖောက်ပြန်ရေး စာပေတွေ၊ အဆိပ်အတောက်စာပေတွေ၊ အညှီအဟောက် စာပေတွေ ဖုံးလွှမ်းနေတဲ့ကာလ၊ ဒီကာလမှာ ကျနော်တို့ လူတန်းစားဖက်က ရပ်တည်ပါတယ်ဆိုတဲ့ စာပေသမားတွေဟာ တကယ်တန်းရပ်တည်နေပီဆိုရင် များများ ရေးရမယ်၊ တိုက်ပွဲဝင်ရမယ်၊ ကတုတ်ကျင်းတွေတူး ရန်သူကို လက်ဦးမှုယူ”
ထိုမျှဖြင့်ပင် ကဗျာဆရာ၏ စကားများမှာ ပြတ်တောက်သွားခဲ့သည်။

June 21, 2010

ကဗျာနဲ့ပြန်မြင်ရတဲ့ အိုမြတ်သော မိခင်( ၁၉၇၀ )


(က)
ကမ္ဘာကျော် တိုက်တန်းနစ်လို
သက္ကရာဇ်သင်္ဘောကြီး မှောက်စဉ်ကပေါ့
သွားချင်တဲ့ ကမ်းဦးကဝေး
လောကဓံရဲ့ ပြက်ရယ်သံကြား
မာယာရေဆန် ဆင်ဖိုနီတီးခတ်
ဖြတ်သန်းခြင်းအနုပညာ
မြန်မာကဗျာနှင်းဆီတွေ
မီးအဏ္ဏ၀ါဗွေကို အနမ်းနဲ့
အလွမ်းရာဇ၀င်ကြီး တမြေ့မြေ့ငေးအောင်
ချစ်မေတ္တာနဲ့ လွှမ်းလို့
၁၉၇၀ မှာ တဖွဲဖွဲလှမ်းခဲ့ကြတယ်။
(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)

June 20, 2010

သုညတွေပဲ ကြွင်းတဲ့မြို့ကလေး



(၄) ရက်လောက် ကျနော် နေမကောင်းဖြစ်လိုက်ပါတယ်။ နေမကောင်းနေတဲ့ရက်တွေအတွင်းမှာ ထူးထူးခြားခြား တောင့်တနေမိတဲ့အဖြစ်က မြို့ပြင်ဘက်ထွက်ပြီး ငုဝါတွေ တန်းစီပွင့်နေတဲ့ အဝေးပြေးလမ်းမကြီးပေါ် လမ်းလျှောက်နေချင်မိခဲ့တယ်။ နေမကောင်းနေတဲ့ရက်တွေအတွင်း အဲဒီလမ်းမကြီးကို ကျနော် တမ်းတနေမိတယ်။နလန်ထတယ်ဆိုရင်ပဲ မနက်စေါစေါ အဲဒီလမ်းမကြီးပေါ် ကျနော် ရောက်လာခဲ့တော့တာပေါ့။ မနက်ခတ်စေါစေါဆိုတော့ လူသွားလူလာလည်း ရှင်းတယ်။ ကားအသွားအလာကလည်း ကျဲနေပါသေးတယ်။ ကျန်းမာရေးက သိတ်မကောင်းသေးလို့ လမ်းမကြီးပေါ် ရောက်တော့ နည်းနည်းတော့ မေါနေသေးတာပေါ့။ ဒါပေမယ့် ကျနော် ကျေနပ်တယ်။ လမ်းမကြီးဘေး လူသွားလမ်းကလေးပေါ် နာရီဝက်လောက် လမ်းလျှောက်နေမိတယ်။

ကျနော် မနက်တိုင်း မြို့ပြင်ထွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ ကြာခဲ့ပြီ။ ကြာဆို (၁၀) နှစ်ကျော်ခဲ့ပါပြီ။ နေရာ သုံးနေရာလောက် ပြောင်းခဲ့ပြီးပြီ။ အခု နောက်ဆုံး မြို့ပြင် အဝေးပြေးလမ်းမကြီး ဖေါက်ပြီးပြီးချင်း ဒီနေရာကို ကျနော် ရောက်လာတော့ အရင် ဘယ်နေရာနဲ့ မှ မတူတဲ့ ခံစားမှု၊ ကျနော် ခံစားလို့ရနေခဲ့တယ်လို့ ဆိုရပါမယ်။

ကျနော်နဲ့ အလှမ်းကွာဝေးလှတဲ့ နေရာဆီက တောင်တန်းပြာ အထပ်ထပ်ကို ရာသီဥတုအပေါ်မူတည်ပြီး အရောင်အသွေး အထူအပါး အမျိုးမျိုး၊ အနီးအဝေး အမျိုးမျိုး။  ကျနော် နေ့တိုင်း စွဲမက်နေခဲ့မိတဲ့ မြင်ကွင်းတွေပေါ့လေ။ လမ်းနှစ်ဘက်က မြေကွက်တွေဟာ အရောင်အမျိုးမျိုး ပြောင်းသွားနေတယ်။ သဘာဝမြောင်းနဲ့ လူတူးတဲ့ မြောင်းကလေးနှစ်ခုက ကျနော်နဲ့နီးလာလိုက် ဝေးသွားလိုက်။ ခတ်ဝေးဝေးမှာ တွေ့ လိုက်ရပေမယ့် ခဏနေတော့ ပျောက်သွားပြန်တယ်။ ပြီးတော့ ကျနော့်ဘေး လယ်ကွယ်တွေအစပ် ခြုံပုတ်ကလေးထဲက ခေါင်းခါပြီး ပေါ်လာပြန်တယ်လေ။ လယ်တဲလိုလို တဲကလေးတချို့က ကျနော့်ကို ခတ်ဝေးဝေးက လှမ်းကြည့်နေတယ်။ အတိုချုပ်ပြီးပြောရရင် ကျနော် ရူးသွပ်စွာ စွဲမက်နေမိပြီဆိုပါတော့လေ။ ဒီလိုအချိန်မျိုးမှာ အမှတ်မထင် ရေးခဲ့မိတဲ့ ကဗျာတပုဒ်ကိုလည်း ကျနော် ပြန်တွေးနေမိတယ်။ ဒါနဲ့ ပဲ ဒီကဗျာကိုပဲ ကျနော့်ဘလော့မှာ တင်ထားပြီးဖြစ်ပေမယ့် ကျနော်ကိုယ်တိုင်က တခုတ်တရ ပြန်ဖတ်ချင်လို့ နောက်ထပ်တကြိမ် ထပ်ပြီး တင်လိုက်ပါတယ်။


June 18, 2010

အဆိပ်ပင်


မယမုံ၏ နောက်ဆုံးဝတ္ထုတိုလေးကို ဘယ်အခါတွင်မှ မေ့ပစ်နိုင်မည်မဟုတ်။
မယမုံ၏ ဝတ္ထုများကို ကျနော် ဆယ့်သုံး လေးနှစ်သားကတည်းက တပ်မက်စွာ တွေ့ထိခဲ့ရသည်။
သူ့ဇာတ်ကောက်များသည် ဖြူဖွေးသော ပန်းပွင့်ကလေးများ တဖွေ့ဖွေ့ကြွေကာ အထပ်ထပ်ပုံနေသည့် လမ်းပေါ်တွင် ခေါင်းငိုက်စိုက်ချကာ အတွေးရေအလျဉ်၌ မျောလျက် လေးတွဲ့စွာ တလှမ်းချင်း လျှောက်သွားနေရင်း အသဲလည်း ကြွေနေသည်။

June 16, 2010

ထောင်မှူး


ကျွန်မရဲ့ ညချွေးတွေဟာ သူ့ မနက်စာပန်းကန်ကို
ဆီလူးပေးတယ်။
မူလနေရာကို တွန်းလှည်းနဲ့ တွန်းလာတာ
မပြောင်းလဲတဲ့ အပြာရောင် ဆီးနှင်းထုရဲ့
ကြော်ငြာစာရွက်တွေ။
မပြောင်းလဲတဲ့ သစ်ပင်တွေနဲ့
သချိင်္ုင်းကုန်းက ကျောက်စာတိုင်တွေ။
သူလုပ်ပေးနိုင်တာ ဒါပဲလား ဟင်၊
သော့တွဲ တချွင်ချွင်နဲ့လူ။


ကျွန်မကို မေ့ဆေးပေးပြီး အဓမ္မကျင့်ခဲ့တယ်။
ကျွန်မစိတ်ဟာ ခုနှစ်နာရီလောက် လွင့်စင်သွားပြီး
အနက်ရောင် အိတ်တလုံးထဲ ရောက်သွားတယ်။
အဲဒီမှာ ကျွန်မ သက်တောင့်သက်သာ နေလိုက်တယ်။
သနေ<သား သို့မဟုတ် ကြောင်တစ်ကောင်၊
တစ်ခုခုပျောက်ဆုံးသွားခဲ့ပြီ။
ကျွန်မရဲ့ အိပ်ဆေးတွေ
ကျွန်မရဲ့ အနီနဲ့အပြာဇက်ပလင်လေယာဉ်တွေဟာ
ကြောက်စရာ အမြင့်ကြီးကနေ
ကျွန်မကို ပစ်ချကြတယ်။
ကျွန်မရဲ့ အခွံဟာ ကွဲအက်ကြေမွသွား
ငှက်တွေရဲ့ နှုတ်သီးတွေဆီ
ကျွန်မ ပျံ့သွားတော့တယ်။


အို…လွန်ပူလေးတို့
ဟောဒီစက္ကူနေ့တွေထဲမှာ
အပေါက်တွေ ဘယ်လောက်တောင်ပြည့်နေကြပြီလဲ။
ကျွန်မကို သူ့ဆေးလိပ်မီးရဲရဲနဲ့တို့တယ်၊
ကျွန်မဟာ ပန်းရောင်လက်ဖဝါးတွေရှိတဲ့
ကျေးကျွန်မ ကပလီမလို နေပြတယ်။
သူလုပ်သမျှကို
ရယ်မောပြီး ဟန်ဆောင်နေခဲ့တယ်။
ကျွန်မဟာ ကျွန်မပဲ၊
အဲဒါ မလုံလောက်သေးဘူးလား။


အဖျားဟာ ရေလိုစီးကျ
ကျွန်မ ဆံပင်တွေ မာခဲသွားကြတဲ့အထိပဲ။
ကျွန်မနံရိုးတွေ ပေါ်လာတယ်။
ကျွန်မ ဘာစားပြီးပြီလဲ။
လိမ်ညာမှုတွေနဲ့ ပလီတဲ့ အပြုံးတွေ။
မိုးကောင်းကင်ဟာ
အဲဒီအရောင်မဟုတ်လောက်ပါဘူး
မြက်ပင်တွေဟာ ယိမ်းလှုပ်နေကြသင့်တာပဲ။


တစ်နေ့လုံးဘဲ မီးခြစ်ဆံတွေနဲ့
ဘုရားရှိခိုးကျောင်းပုံ ဆောက်နေခဲ့တယ်။
ကျွန်မစိတ်ကူးထဲကြည်နူးနေတာ
သူမဟုတ်ဘူး၊ အခြားတစ်ယောက်။
အဲသလို သူ့ကို ပုန်ကန်လို့တဲ့
ကျွန်မကို သူညှင်းပမ်းတယ်
သူ့ရဲ့ သံချပ်ကာအကျီ င်္အတုနဲ့။


သူ့ရဲ့မြင့်မားအေးစက်တဲ့
အတိတ်မေ့ရောဂါမျက်နှာဖုံးတွေနဲ့။
ကျွန်မ ဒီကို ဘယ်လိုရောက်လာခဲ့ပါလိမ့်။
ဝိုးတဝါး ရာဇဝတ်သား၊
ကျွန်မဟာ သေနည်းအမျိုးမျိုးနဲ့ သေဖူးတယ်၊
ကြိုးကွင်းစွပ်၊ အစာငတ်ခံ၊ မီးကျွမ်း
သံဆူးချိတ်မှာ တွဲလောင်းကျ။


သူ့ကို
ဟိုးအဝေးက မြုံနေတဲ့ မိုးကြိုးအဖြစ်
ကျွန်မ စိတ်ကူးကြည့်မိတယ်၊
သူ့အရိပ်အောက်မှာ ကျွန်မရဲ့ မဖြစ်စလောက်
ရှားပါးရိက္ခာ ကျွန်မစားပြီးပြီ။
သူသေသွားပါစေ
ဒါမှမဟုတ် ဟိုအဝေးကိုရောက်သွားပါစေ။


ဒါပေမဲ့ မဖြစ်နိုင်ပါဘူး
လုံးဝမဖြစ်နိုင်ပါဘူး။
အဲဒီအရာဟာ ထိန်းချုပ်လို့မရ
လွတ်လပ်နေတယ်။
ဖျားနာမှုကို မစားသောက်ရရင်
အမှောင်ထုဟာ ဘာလုပ်မလဲ
မျက်လုံးတွေကို ဓားချွန်ချွန်နဲ့
မထိုးဆွရရင်
အလင်းရောင်ဟာ ဘာလုပ်မလဲ။
ကျွန်မမရှိတော့ရင်
သူ ဘာတွေ လုပ် လုပ် လုပ်နေမလဲ။


ဆစ်လ်ဗီယာ ပလာ့သ်
(ဇေယျာလင်း ဘာသာပြန်ဆိုတဲ့ ဆစ်လ်ဗီယာ ပလာ့သ်ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ်ကဗျာ စာအုပ်မှ ကူးယူ ဖေါ်ပြ တာပါ။ သရုပ်ဖေါ်ပုံကတော့ ကမ္ဘာကျော်ပန်းချီဆရာ ဒါလီရဲ့လက်ရာဖြစ်ပါတယ်။)

June 10, 2010

စစ်ပြေးလမ်းပေါ်က ဦးတည်ရာမဲ့ ခြေလှမ်းများ


                   (၁)
                   နံနက်ခင်း
                   ပြတင်းကို ဖွင့်လျင်
                   တောင်ကိုမြင်ရမယ်
                   တောင်ထိပ်မှာ ဂန္ထဝင်ဆန်တဲ့မြူခိုးတွေ
                   တနွဲ့ နွဲ့ ခွေရစ်
                   ရိုမန်းတစ် ကဗျာ...။
                             (ဘောနော်လေးရဲ့ မူးယစ်ဝေသော စိမ်းလန်းရေးဆည်းဆာများ ကဗျာမှ...)

          ၁၉၉၅ ခု၊ ဇန္နဝါရီလ၊ ၂၃ ရက်၊ တနင်္လာနေ့ …။
ပဟေလူချောင်းထဲ စက်လှေဝင်လာတော့ ချောင်းကမ်းနှစ်ဖက်ကုန်းပေါ်က မြင်ကွင်းမှာ တကယ့်ကို စိတ်မ ချမ်းမြေ့စရာဖြစ်နေခဲ့၏။ ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရဲ့ စစ်နဲ့ ငြိမ်းချမ်းရေးစာအုပ်ထဲက စစ်ပွဲတခုပြီးစ မြင်ကွင်းကို ချက်ချင်းသတိရမိသည်။ချောင်းကမ်းနှစ်ဖက်က စစ်ပြေးလူတန်းကြီးမှာ မျက်စေ့တဆုံးရှိနေသည်။
         

June 07, 2010

စပါး ငါးကန်



(၁)
၁၉၉၁ ခု၊ မေလ…။
“ ဒိုင်း..ဒိုင်း…ဒိုင်း ”

ရွာလယ်လမ်းဆီက သေနတ်သံ သုံးချက် ဆက်တိုက်ကြားရသည်။ တရွာလုံး ခွေးဟောင်သံများ ဆူညံသွား ရ၏။ ကိုမောင်လှက တဲပေါက်ဝတွင် ရပ်လျက် နားစွင့်သည်။ နောက်ထပ်ပြီး သေနတ်သံ မကြားရ။ ခွေး ဟောင်သံများ ဆူညံနေသည့်ကြားမှ ရွာဆော် ကိုအေးရဲ့ အော်သံက သောင်ပုရွာပေါ် လွှမ်းသွား၏။

“ သောင်ပုရွာ ရွာသူရွာသားအပေါင်းတို့ခင်ဗျား.. တအိမ်တယောက် အိမ်ထောင်ဦးစီးကိုယ်တိုင် ရွာလူကြီး ဦးလှရွှေအိမ်ရှေ့ အခုချက်ချင်း လာရောက်ကြပါရန် နှိုးဆော်အပ်ပါတယ်ခင်ဗျား..” 


June 05, 2010

ဆည်းဆာရီမှ မပီမသရုပ်ပုံလွှာ

ဆက်လက် ဖေါ်ပြသွားမယ့် နိုင်ဝင်းဆွေ ရဲ့ ဝတ္ထုတို တချို့နှင့် ပတ်သက်၍….

ဒီကနေ့ကစပြီး ဆရာနိုင်ဝင်းဆွေရဲ့ ဘဝစာမျက်နှာများ ဝတ္ထုတိုစု စာအုပ်ထဲက ဝတ္ထုတချို့ ကို တပုဒ်ချင်း ဆက်လက် ဖေါ်ပြသွားဖို့  ရှိပါတယ်။
ဘာပြုလို့ ဒီ စာအုပ်ထဲမှာ ပါတဲ့ ဝတ္ထုတို (၇)ပုဒ်ထဲက ဝတ္ထုတိုတချို့ကိုပဲ ရွေးပြီးဖေါ်ပြဖို့ စဉ်းစားခဲ့တာလဲဆိုတော့ ကျနော်က အဲဒီဝတ္ထုတို အားလုံးထဲက အခု မကြာခင်ဖေါ်ပြဖို့ ရွေးချယ်ထားတဲ့ (၃) ပုဒ်ကိုပဲ နှစ်သက်လို့ ပါ။ ကျန် ဝတ္ထုတွေကိုတော့ ကျနော် မကြိုက်ပါဘူး။ ဒါကြောင့်မို့ပါ…။

ကျနော့်ဘလော့မှာ နိုင်ဝင်းဆွေ ရဲ့ နွေတည နဲ့ မသိန်းရှင်ဆီ ပို့ပေးပါ ဝတ္ထုတွေ အခန်းလိုက်တင်ပေးခဲ့စဉ်တုန်းက လူတချို့က ကျနော့်ကို နိုင်ဝင်းဆွေ ကိုးကွယ်သူဆိုတဲ့သဘောအထိ ပြောလာတာ ရှိပါတယ်။

ကျနော်ဟာ နိုင်ဝင်းဆွေ ရဲ့ နွေတည ကို အရူးအမူး နှစ်သက်တာ မှန်ပါတယ်။ ဒါပေမယ့် ကြုံတုန်းပြောရမယ်ဆိုရင် ကျနော်က ဆရာနိုင်ဝင်းဆွေ ရဲ့ ဝတ္ထုအားလုံး ကြိုက်တာမျိုးတော့မဟုတ်ပါဘူး။ နိုင်ဝင်းဆွေ လုံးချင်းစာအုပ်ထုတ်ခဲ့တာ (၁၁) အုပ်ရှိတဲ့အနက်က လေးအုပ်လောက်ပဲ ကြိုက်တာပါ။ စွဲစွဲလန်းလန်းကြိုက်တာ တစ်အုပ်ထဲပါ။ ကျန်တာတွေ ကျနော်မကြိုက်ပါဘူး။ ဒီလို မကြိုက်တဲ့အကြောင်း သူ သက်ရှိထင်ရှား ရှိစဉ်တုန်းကတည်းက သူ့ ကိုလည်း လူကိုယ်တိုင် အကြိမ်ကြိမ် ပြောပြခဲ့ဖူးပါတယ်။ ကျနော် ဆိုလိုတာက ဒီလိုပါ။ ကျနော်ဟာ နိုင်ဝင်းဆွေဝါဒီမဟုတ်ပါဘူး၊ နိုင်ဝင်းဆွေ ခရေဇီ သာဖြစ်တဲ့အကြောင်း ပြောချင်တာပါ။

ဒါတောင်မှ အခုမကြာခင်ဖေါ်ပြမယ့် ဝတ္ထုတို (၃) ပုဒ်ထဲမှာ ကျနော် အရမ်းကာရော စွဲစွဲလန်းလန်းဖြစ်ရတဲ့ စာပိုဒ်တွေပါရှိသလို မကြိုက်တဲ့ စာပိုဒ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ထားပါတော့…။

ဒီကနေ့ကစပြီး ဘဝစာမျက်နှာများ စာအုပ်ထဲက ကျနော် နှစ်သက်တဲ့ ဝတ္ထုတို(၃) ပုဒ်ကို တပုဒ်ချင်းစီ အဆင်ပြေသလို တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်း….။

ငြိမ်းဝေ

June 03, 2010

နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း


ဆရာတင်မိုး ရဲ့ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာကို ကျနော့်ဘလော့မှာ တင်ပြီး ပူဇော်ချင်တာ ကြာပါပြီ။ ဒါပေမယ့် တော်တော်နဲ့ကို မတင်ဖြစ်ခဲ့ဘူး။

ဒီနှစ်ရဲ့ နွေရက်တချို့ကို ကဗျာဆရာ (ကို) ခင်အောင်အေး နဲ့အတူ ကုန်လွန်ခဲ့ပါတယ်။ ဒီတုန်းက တနေ့မှာ ကျနော်က ကဗျာဆရာကြီး တင်မိုးရဲ့ကဗျာတွေထဲမှာ ကျနော်အကြိုက်ဆုံးက နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ဗျ လို့ ပြောလိုက်မိပါတယ်။ ဒီတော့ သူက ထိုင်ရာကထလာပြီး ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ သူ သဘောတူတယ်ပေါ့။ ပြီးတော့ သူက ကဗျာဆိုရင် ပုံသ¿ာန်ဘယ်လိုပဲ ရှိရှိ ကဗျာဖြစ်နေရင် သူ ဖတ်လို့ရတဲ့အကြောင်းလည်း ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကပါ။ ဥဒါန်းမဂ္ဂဇင်းထုတ်ဖို့ တာဝန်ရှိသူတွေ ပြင်ကြဆင်ကြတဲ့အချိန်ကပါ။ ဒီတခါထုတ်မယ့် မဂ္ဂဇင်းက ဆရာတင်မိုး အထိမ်းအမှတ် ဦးစားပေးထုတ်ကြမယ်ပေါ့။ ကျနော့်ဆီကလည်း အကြံညာဏ်တောင်းပါတယ်။ ခင်ဗျားက ကဗျာတွေ ဝင်ရွေးပေးပါဆိုလို့ ကျနော်က နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ဟာ ဆရာ့ရဲ့ မာစတာပိစ် လို့ကျနော်မြင်ကြောင်း၊ အဲဒီကဗျာ ကို မလွဲမသွေရွေးချယ်ဖေါ်ပြသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ မဂ္ဂဇင်းထွက်လာတော့ ကျနော် အကြံပြုတဲ့ အဲဒီ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာ ပါလာတာ မတွေ့ရပါဘူး။
ဒီနေရာမှာ ကျနော်နဲ့ မဂ္ဂဇင်းတာဝန်ရှိသူတွေ သဘောထား မတိုက်ဆိုင်ကြတာ သဘာဝကျပါတယ်။ ကျနော် လက်ခံရမှာပါ။ မတူကြဘူးလေ။ ကျနော်ဆိုလိုတာက ဆရာတင်မိုးအထိမ်းအမှတ်လိုစာအုပ်မျိုးမှာ ကျနော် အင်မတန်နှစ်သက်တဲ့ အဲဒီကဗျာကို မြင်ချင်ဖတ်ချင်ပေမယ့် ကျနော့်ဆန္ဒ မအောင်မြင်ခဲ့လို့ ခံစားရတဲ့အကြောင်း ပြောချင်တာပါ။

တကယ်တော့ ကျနော်လည်းပဲ ကဗျာဆရာ (ကို) ခင်အောင်အေးလိုပါပဲ။ ကဗျာဆိုရင် အနန္တသူရိယရဲ့ သူတည်းတယောက်… ချီ ကဗျာကအစ ဇေယျာလင်းရဲ့ အဲဒီတုန်းက ရပ်ရှားပြည်သူပြည်သားတွေနဲ့တွေ့ရဖို့… အစချီ တငြိမ့်ငြိမ့်ဒွန်သို့တစ်ခေါက် ကဗျာအထိ ကြိုက်ပါတယ်။(ကဗျာဖြစ်ဖို့တော့ လိုတာပေါ့လေ…)

အခုတော့ ဆရာကြီးတင်မိုးရဲ့ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာကို ကျနော့်ဘလော့မှာ တင်ပြီး ပူဇော်လိုက်ပါပြီ။
တကမ္ဘာလုံး နှင်းဆီရနံ့တွေ ထုံမွှန်းလိုက်စေချင် စမ်းပါဘိ…။