March 26, 2008

ဓါတ်ကြိုးတန်းပေါ်က ပျံလွှားငှက်ကလေးတကောင်

(က)
ဘဘ…ငါ့မြေးဆီကို စာမရေးဖြစ်တာ နည်းနည်းကြာသွားခဲ့ပြီ။ အလုပ်တွေမအားတဲ့ကြားက တခါတလေမှာ ငါ့မြေးဆီကို စာရေးအုန်းမှလို့  တွေးမိတာတော့အမှန်ပဲ ငါ့မြေး။ ငါ့မြေးကတော့ ဘဘဆီက စာကိုမျှော်ကောင်းမျှော်နေမလား။
ဒီတခါ ငါ့မြေးဆီကို စာရေးဖို့ စားပွဲမှာထိုင်တော့ ငါ့မြေးဆီက ရေးပို့ ခဲ့ဖူးတဲ့စာကလေးတစေါင်ကို သွားတွေးမိတယ်။ အဲဒီ စာထဲမှာ…“ ဘဘရယ် ဖြစ်နိုင်ရင် ၀တ္ထုတိုလေးတပုဒ်၊ ကဗျာလေးတပုဒ်အကြောင်း ပြောပြစမ်းပါ ”…ဆိုတဲ့ ငါ့မြေးရဲ့ လိုလိုချင်ချင် ရေးလိုက်တဲ့ စာကြောင်းလေးကို ဘဘသွားတွေးမိလို့ ပါ။ ဒါကြောင့် ဒီတခါတော့ ‘ ကဗျာလေးတပုဒ် ’ အကြောင်း ငါ့မြေးဆီကို ဘဘ စာရေးပြီး ပြောလိုက်ပါတယ်။
ငါ့မြေးရေ….။



ကဗျာလေးအကြောင်းမပြောခင် ဒီကဗျာလေးကိုဖတ်ပြီး ဘဘတယောက်ထဲ၊ ပြတင်းပေါက်မှာ သွားရပ်လိုက်၊ အိပ်ယါထဲ ၀င်လှဲလိုက်၊ လမ်းလျှောက်လိုက်နဲ့ တော်တော့်ကို “ စိတ် ” အလုပ်လုပ်ခဲ့ရတာကို ကြိုပြီးပြောချင်သေးတယ်။ ဒီကဗျာလေးဟာ ဘဘရဲ့ စိတ်ကို ဆွဲဆန့် လိုက်တယ်လေ။ ဘဘတယေါက်ထဲ ရက်အတော်များများ အတွေးတွေဖြန့် ကျက်၊ အတွေးတွေ ခုတ်ဖြတ်၊ အတွေးတွေ ဆက်စပ်လုပ်ခဲ့ရသေးတယ်။ ဒီလောက်အလုပ်ရှုပ်အောင်လုပ်ခဲ့တဲ့ ဒီကဗျာလေးအကြောင်းကို တယေါက်ထဲခံစား၊ စဉ်းစားလို့ မကျေနပ်နိုင်လို့  ဘဘနဲ့ရင်းနှီးတဲ့ စာပေမိတ်ဆွေတချို့ နဲ့ လည်း တိုင်ပင်ဆွေးနွေး၊ ပြောပြပါသေးတယ်။ ဟော…အခု ဆိုရင် ကဗျာအာရုံကိုင်းညွှတ်နေတဲ့ ငါ့မြေးကိုတောင်မှ ဒီကဗျာလေးအကြောင်း ပြောပြနေမိပြီ။ ကဲ..။ ဘဘ ကဗျာအကြောင်း ပြော တော့မယ်။ ငါ့မြေး သေသေချာချာ နားထောင်နော်။ ကဗျာရဲ့ ခေါင်းစဉ်က “ ပျံလွှားငှက်များ ” ..တဲ့။

ပျံလွှားငှက်များ

မိုးရောက်တော့
ပျံလွှားငှက်ကလေးတွေ ဘယ်ဆီရောက်ကုန်ပြီလဲ
သူတို့ တောင်ပံခတ်ပျံပုံ သူတို့ တောင်ပံဖြန့် ဝဲပုံ
အားကျမိအောက်မေ့မိပါရဲ့ 
တစ်ချိန်လုံး ပျံလိုက်ဝဲလိုက်နားလိုက်နဲ့ 
သူတို့ ဘာအစာတွေစားကြမလဲ
သူတို့ အိပ်တန်းဘယ်မှာလဲ။


ဒါကတော့ “ ပျံလွှားငှက်ကလေး ” ကဗျာရဲ့ ပထမကဗျာပိုဒ်ပေါ့ ငါ့မြေး။ ငါ့မြေးလည်း ပျံလွှားငှက်ကလေးတွေကို တွေ့ ဖူးမှာ ပါပဲ။ ဘဘအဖို့ တော့ ဒီကဗျာကိုဖတ်ပြီး၊ အမှတ်တမဲ့နေခဲ့မိတဲ့ အချိန်တွေကို နှမျောသွားမိတယ်။ အော်…“ သူကတော့ ကဗျာဆရာ ကိုး ” ဆိုတဲ့ အတွေးနဲ့  ကဗျာပိုင်ရှင်ကဗျာဆရာကို လေးစားမိတယ်။ တကယ်တော့ ဘဘလည်း ငယ်စဉ်တုန်းက အဲဒီပျံလွှားငှက် ကလေးတွေနဲ့  နှံပြည်စုတ်ငှက်ကလေးတွေကို တခြားငှက်တွေထက်ပိုပြီး စိတ်ဝင်စားခဲ့မိဖူးတယ်။ ပြီးတော့ တခြားငှက်တွေထက် ပိုပြီး သနားကြင်နာစိတ် ဖြစ်ခဲ့မိဖူးတယ်။
ငါ့မြေးလည်းသိမှာပါ။ ပျံလွှားငှက်တို့ နှံပြည်စုတ်ငှက်တို့ ဆိုတဲ့ ငှက်ကလေးတွေဟာ၊ တခြားငှက်အမျိုးအစားထက်ပိုပြီး ခန္ဓာကိုယ်သေးကွေးကြတယ်မို့ လား။ ပြီးတော့ ဘ၀ပေးအသိအရ သူတို့ မှာ တနေရာထဲမှာ အကြာကြီးငြိမ်ပြီးနေလေ့ မရှိတာရယ်၊ သနားစရာကောင်းလောက်အောင် ဗျာများနေတာရယ်ကြောင့် သူတို့ ကို ဘဘကိုယ်ချင်းစာစိတ်နဲ့  သနားမိတာပေါ့။ ဒီကြားထဲ မိုးတွေလေတွေများ ကျပြီလားဆိုရင် သူတို့ တတွေဘယ်လောက်အထိ ထိတ်လန့် တုန်လှုပ်နေကြမလဲ။ ဒါပေမယ့် ဘဘကသာ တခြားငှက်သတ္တ၀ါတွေနဲ့  နှိုင်းယှဉ်ပြီး သနားနေတာပါ။ သူတို့ ကတော့ သန်မာဖြတ်လတ်တဲ့နေရာမှာ သြချယူရမယ်။ ၀ီရိယလည်း ရှိတယ်။ သတိလည်း ရှိကြတယ်ကွဲ့ ။
ဒီကဗျာမှာ ပျံလွှားငှက်ကလေးတွေကိုကြည့်ပြီး ကဗျာဆရာက ဘဘလိုပဲ ပူပင်သောကရောက်နေတာတွေ့ ရတယ်။ မိုး ရောက်တော့မယ်တဲ့။ ပျံလွှားငှက်ကလေးတွေ ဘယ်ဆီရောက်ကုန်ပါလိမ့်တဲ့။ မှန်တာပေါ့။ သူတို့ က အကောင်သေးသေးလေးတွေ လေ။ ဒီလို ခန္ဓာကိုယ်မျိုးက မိုးဦးကျအချိန် လေထဲမိုးထဲအချိန်မရွေး လွင့်ပါသွားနိုင်တာပဲ။ တနွေလုံး မနားမနေပျံကာလွှားကာ လှုပ်ရှားနေတဲ့ ပျံလွှားငှက်ကလေးတွေ အခုတော့ဘယ်ရောက်ကုန်ပါလိမ့်။ သူတို့ ဘယ်လိုများ အစာရှာစားကြပါလိမ့်။ သူတို့ နေတဲ့ အိပ်တန်းနဲ့ အသိုက်အမြုံတွေကရော လုံလုံခြုံခြုံ ခိုင်ခိုင်ခံ့ခံ့မှ ရှိပါရဲ့ လား။ ဒုတိယကဗျာပိုဒ်ကိုဆက်ပြီး ဖတ်ကြည့်ပါဦးငါ့မြေး ။

တစ်ဆောင်းလုံး တစ်နွေလုံး
တို့ ခေါင်းပေါ်မှာ
ဆူပါမင်းဟန်ပန်ဖမ်းပျံဝဲနေတဲ့ကောင်လေးတွေ
ဓာတ်ကြိုးတန်းမှာ နားတဲ့အခါ
နေဘက်ကို အားလုံးမျက်နှာမူကြလို့ 
အဲ…မိုးအုံ့ တဲ့နေ့ ကတော့
လှည့်ချင်ရာလှည့်တော့တာပါပဲဗျာ။ ။



(ခ)
ကဗျာဆရာ ‘ မောင်အောင်ပွင့် ’ ဟာ ၊ ‘ ပျံလွှားငှက်ကလေး ’ တွေအကြောင်း ဘယ်လိုရည်ရွယ်ပြီး ဖွဲ့ ဆိုခဲ့တာလဲ။ ဘဘ လည်း အရမ်းသိချင်တယ်။ ပထမကဗျာပိုဒ်မှာ၊ ကဗျာဆရာ အထူးပြုပြီး ပြောချင်တဲ့အကြောင်းအရာ မပါသေးတာကို အသေအချာဖတ်ကြည့်ပြီးသိထားတော့ ဒုတိယကဗျာပိုဒ်လည်းဖြစ်၊ နေက်ဆုံးကဗျာပိုဒ်လည်းဖြစ်တဲ့ ဒီကဗျာပိုဒ်ကြတော့ ဘဘအဖို့ မျှော်လင့်တကြီးနဲ့ ဆက်ဖတ်ရတာပေါ့။ ဖတ်သာဖတ်ရတာပါ ငါ့မြေးရယ်…။ ကဗျာဆိုတာက တပုဒ်လုံးခြုံပြီးမှ ကဗျာဆရာပြောချင်ပေးချင်တဲ့ အကြောင်းအရာ(၀ါ)ဒဿန ကို စဉ်းစားလို့ ရတာမျိုးလည်း ရှိတတ်တယ်မို့ လား။ ဘာပဲဖြစ်ဖြစ် ဒုတိယကဗျာပိုဒ်မှာတော့ ဘဘသိချင်တဲ့အချက် ပါကောင်းပါမှာ ပဲ ဆိုတဲ့အသိနဲ့  ဆက်ပြီးဖတ်တယ်။ အမှန်ပဲငါ့မြေးရေ..။ ဒုတိယကဗျာပိုဒ်မှာတော့ ကဗျာဆရာက သူပြောချင်တဲ့အကြောင်းအရာ ကို အပြည့်အ၀ ပေးလိုက်ပြီ ငါ့မြေး ။
ဒုတိယကဗျာပိုဒ်မှာ တနွေလုံး၊ တဆောင်းတွင်းလုံး၊ မနားမနေ လှုပ်ခတ်ပျံသန်းနေတဲ့ငှက်ကလေးတွေ၊ ဓါတ်ကြိုးတန်းပေါ် မှာ နေဖက်ကို မျက်နှာမူပြီးမှနားကြတဲ့ ပျံလွှားငှက်ကလေးတွေတဲ့…။ မိုးအုံ့ တဲ့နေ့ မှာကြတော့ လှည့်ချင်ရာလှည့်ကြ တော့တာ ပဲဗျာ…. ဆိုပြီး နိဂုံးချုပ်တယ်လေ။
ဘဘမှာလေ…။ ဒီ-ဒုတိယကဗျာပိုဒ်ကို အတွေးနယ်ချဲ့ ခဲ့ရတာ တော်တော်ကြာခဲ့တယ် ငါ့မြေး။ ရေးရေးလေး အတွေးပေါက် တာနဲ့ တပြိုင်နက် အဲဒီအတွေးကြိုးစကို အဆုံးအထိပါလာအောင် တဖြေးဖြေး ဆွဲယူခဲ့ရတာ။ သေသေချာချာစဉ်းစားကြည့်စမ်း ငါ့မြေး ။ ဘဘတို့ ရဲ့ မြန်မာစကားပုံမှာ “ ဥသြတကောင်ကြောင့်နဲ့ တော့ နွေမဖြစ်နိုင်ဘူး ” ဆိုတဲ့စကား ငါ့မြေးကြားဖူးမှာပါ။ ဒီနေရာ မှာလည်း “ ပျံလွှားငှက်ကလေးတကောင်နဲ့ တော့ နွေမဖြစ်နိုင်ဘူး ” ဆိုတဲ့ သိုးဆေါင်းစကားပုံကို ဘဘသတိပြုမိတယ်။
မှန်တာပေါ့။ လူတွေရဲ့ မြင်ကွင်းမှာ၊ ကောင်းကင်မှာ ပျံလွှားငှက်ကလေးတကောင်တလေ ရောက်လာရုံနဲ့ တော့ “ နွေ ” ရောက်မလာနိုင်သေးတာ သေချာတာပေါ့။ ဒါပေမယ့် ပျံလွှားငှက်ကလေးတွေဟာ၊ ဘဘတို့ ဆီက ဥသြငှက်တွေလိုပဲ နွေဦးကြမှ မြင်ရအသံကြားရတဲ့ ငှက်မျိုး။ နွေကြိုတေးဆို၊ နွေဦးပျော် ငှက်မျိုးတွေပါ။ ဒါကြောင့်မို့ ပျံလွှားငှက်ကလေးတွေ၊ နေဖက်ကိုမျက်နှာမူ ပြီး ဓါတ်ကြိုးတန်းမှာ၊ တကောင်တလေလာနားရာက ၊ နောက်ထပ်တကောင် ၊ ပြီးတော့နောက်ထပ်တကောင်…။ ဒီလိုနဲ့ ပျံလွှားငှက် ကလေးတွေ ထောင်သောင်းချီရောက်လာခဲ့ပြီဆိုရင်တော့ နွေဦးဟာ ဘယ်လိုမှပြေးမလွတ်နိုင်ပဲ မုချကိုပဲရောက်လာခဲ့ပြီပေါ့။ ဒါကြောင်မို့  ပျံလွှားငှက်ကလေးတွေဟာ နွေဦးကိုကြိုဖို့  ဓါတ်ကြိုးတန်မှာ နားနေကြတယ်။ ဒီလိုအချိန်မှာပဲ မိုးအုံ့ တဲ့တနေ့ ကို ကြုံ ကြရပြန်တယ် ဆိုပါတော့ ငါ့မြေး ။
မိုးတွေ မဲမဲအုပ်အုပ်ညို့ လာပြီဆိုရင်၊ ပါတ်ဝန်းကျင်တခုလုံး မဲမှောင်အုံ့ ဆိုင်းပြီး နေထွက်ရာအရပ်ကို မှန်းဆလို့ မရ ဖြစ်ကုန်တော့တာပေါ့။ ပျံလွှားငှက်ကလေးတွေဟာ ဓါတ်ကြိုးတန်းပေါ်မှာ အရှေ့ ဖက်နေထွက်ရာအရပ်ဟာ ဘယ်ဖက်မှာရှိတယ် ဆိုတာ မသိနိုင်ကြတော့ဘူးပေါ့။ ဒီတော့ ဆူဆူညံညံလှုပ်လှုပ်ရွရွဖြစ်လာကြပြီး တချို့ က အရှေ့ ၊ တချို့ ကနောက်၊ တချို့ က တောင်၊ တချို့ ကမြောက်၊ ကိုယ်မှန်တယ်ထင်ရာ လှည့်မိကြတော့တာပဲပေါ.့။ နေထွက်ရာအရပ်ဟာ ဘယ်မှာလဲ…။ နွေဦး အရောက် နောက်ကြတော့မှာပဲ။
ငါ့မြေးရေ…။ ဆရာ ‘ အောင်ပွင့် ’ ရဲ့  ‘ ပျံလွှားငှက်များ ’ ကဗျာဟာ၊ ဘဘတို့ အားလုံးကို ရည်ညွန်းလိုက်တာပါ။ ကြည့်တတ် မြင်တတ်လွန်းတဲ့ ကဗျာဆရာရဲ့  ‘ ဂမ္ဘီရဥာဏ် ’ ကို ဘဘ တကယ်ပဲ အံ့သြတယ်။ မြင်တတ် ပြောတတ်လိုက်တာ ကွယ်။ ဘဘဖြင့် တုန်လှုပ်သွားရလောက်အောင်ကို ပီတိဖြစ်ရတယ်။ ဟုတ်တာပေါ့။ ဘဘတို့ ဟာ နွေဦးကိုကြိုကြရမှာပေါ့။ ဘဘ တို့ ဟာ ပျံလွှားငှက် ကလေးတွေ၊ ( ဥသြငှက်ကလေးတွေလည်း ဟုတ်တယ်နော် )။ နေထွက်ရာဖက်ကို မျက်နှာမူကြရမှာပေါ့။ တကောင်မက နှစ်ကောင် သုံးကောင်…ပြီးတော့အထောင်အသောင်း…။ အရှေ့ ဖက်ကနေလုံးကြီးကို တူးဆွကြရမှာပေါ့။ နွေဦး ကိုဖွင့်လှစ်ကြရမှာပဲပေါ့။ ဒါပေမယ့် …။ မိုးအုံ့ တဲ့အခါ၊ မိုးမှောင်ကျတဲ့အခါ၊ ( ဒါလည်း မလွဲမသွေကြုံတတ်၊ တွေ့ ရတတ်တဲ့သဘာဝ ) ဘဘတို့ ဦးတည်ထား တဲ့ဖက်ကို မှန်မှန်ကန်ကန် မျက်နှာမူနိုင်ဖို့ ၊ မူတက်ဖို့ တကယ်ကို လိုအပ်တာပေါ့။ အရေးကြီးတာက မှန်ကန်တဲ့ဖက်၊ မှန်ကန်တဲ့ လမ်းကို ကမ်းမမှေက်ဖို့ အရေးကြီးတာပေါ့။
ကဲ-ဒါပါပဲ…ငါ့မြေး ။ ဘဘကတော့ ငါ့မြေးကို ကဗျာတပုဒ်အကြောင်း စာရေးပြီးပြောခဲ့ပြီးပြီ။ ဘဘလည်း ရင်ထဲမှာ တော်တော့်ကိုကျေနပ်သွားပြီ။ ဒီတခါ ငါ့မြေးဆီ စာရေးရတာ ဘဘဖြင့် တကယ့်ကိုအားရကျေနပ်မိတယ်ငါ့မြေး ။ ငါ့မြေးတယောက် တခြားပျံလွှားငှက်ကလေးတွေနဲ့ အတူ နေထွက်ရာအရပ်ကို မှန်မှန်ကန်ကန် မျက်နှာမူပြီး နွေဦးကို ကြိုဆိုနိုင်ပါစေလို့  ဘဘ ဆုတောင်းပေးလိုက်ပါတယ်။

ဝတ္ထုကိုဝေဖန်သော ဝေဖန်ရေးဝတ္ထုများ

(၁)
၁၉၇၈-ခုနှစ် ၀န်းကျင်က မြန်မာစာပေနယ်ပယ်၌ လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး လှိုင်းဂယက်တခု ထခဲ့ဖူးသည်။ လူထုအကျိုးပြု စာပေအယူအဆကို ဦးထိပ်ထားကြသည့် ပြည်သူချစ်သောစာရေးဆရာများပင်လျှင် ထိုလက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေးလှိုင်း၏ ပြင်းထန်သောဂယက်များ အထိပါးခံခဲ့ကြရ၏။ ဥပမာ…ဗန်းမော်တင်အောင်၊ဒဂုန်တာရာ..အစရှိသ်ူတို့ ဖြစ်ကြ ၏။
“လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” ၏ အဘိဓမ္မာကြောရိုးမှာ၊ ‘လူတန်းစားတိုက်ပွဲ’ ကိုအခြေခံထားသော်လည်း၊ ထိုအဆင့်တွင် ရပ်မနေပဲ၊ ၀တ္ထုတပုဒ်တွင် ‘ဇာတ်ကောင်စံ ’ံ ရွေးချယ်ပုံ ရွေးချယ်နည်းအထိ တဆင့်တက်လာခဲ့ကြ၏။ဝတ္ထုတပုဒ်တွင် ‘ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်’ တပ်ဆင်ထားသည့် ‘ဇာတ်ကောင’် မျိုးကိုသာ ‘ဇာတ်ကောင်စံ’ အဖြစ် ရွေးချယ်ရေးသားရန် တောင်းဆိုကြလေသည်။ ထိုအခါ ပစ္စည်းမဲ့လူတန်းစားဇာတ်ကောင်များကို အခြေမခံပဲ၊ လူလတ်တန်းစားနှင့် အထက်တန်းစား လူ တန်းစားဇာတ်ကောင်များအကြောင်း ရေးဖွဲ့ သည့်ဝတ္ထုများမှာ ဖေါက်ပြန်မှားယွင်းသည့် ၀တ္ထုများအဖြစ် ‘စာပေဇလုပ်တိုက်’ ခြင်း ခံကြရလေသည်။


၁၉၇၈-ခုနှစ်ဝန်းကျင်က “လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” စာအုပ်တအုပ်ထွက်လာခဲ့ဖူး၏။ ထိုစာအုပ်မှာ စာရေးသူ တဦးတယောက်တည်းကရေးသည့် စာအုပ်မဟုဟ်ပဲ၊ စာရေးဆရာ (၁၀)ဦးခန့် က၊ တဦးချင်းအနေနှင့်လည်းကောင်း၊ နှစ်ဦးသုံးဦး တွဲ၍လည်းကောင်း၊ ဝေဖန်ရေးဆောင်းပါးများ ရေးသားထားသည့်စာအုပ်ဖြစ်၏။ ယင်း..စာအုပ်မှာ၊ “မိုးကြိုမုန်တိုင်း”စာအုပ်ဖြစ်လေ သည်။
“မိုးကြိုမုန်တိုင်း”စာအုပ်တွင်၊ ကျနော် မှတ်မှတ်ရရ ရှိသည့် ဆောင်းပါးတပုဒ်မှာ၊ ဆရာ ‘ဒဂုန်တာရာ’၏ ၀တ္ထုကိုဝေဖန်သည့် ဆောင်းပါးတပုဒ်ဖြစ်သည်။ ဆရာ ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကိုဝေဖန်သော ဆောင်းပါးဖြစ်၏။ ဆောင်းပါး၏ အဓိက ဆိုလိုရင်း မှာ …၊၁၃၀၀ပြည့်အရေးတော်ပုံ လှိုင်းတံပိုးများထကြွနေစဉ်ကာလအတွင်း ဒဂုန်တာရာသည် ‘မေ’၀တ္ထုကို ရေးသားခြင်းအားဖြင့် ထိုစဉ်အချိန်က၊ အမျိုးသားလွတ် လပ်ရေးတိုက်ပွဲဝင် မြန်မာအမျိုးသင်္မီးထုကို စေါ်ကားသလိုဖြစ်ခဲ့သည်ဟူသော ဝေဖန်ရေးဖြစ်၏။ ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုမှာ၊ ဓနရှင် ပေါက်စလူတန်းစား ‘မေ’ ဟူသော အမျိုးသမီးဇာတ်ကောင်တဦးအကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုဖြစ်၏။ “လူတန်းစား တိုက်ပွဲ အခြေခံ ၊ ပစ္စည်းမဲ့ဇာတ်ကောင်စံ ” အယူအဆကို အခြေခံထားသည့် “လက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေး” ကြိမ်လုံးမှာ၊ ဆရာ ‘ဒဂုန်တာရာ’၏ ကြောပေါ် ၌၀ဲနေခဲ့လေသည်။

(၂)
ဆရာ ‘မြသန်းတင့်’ ၏ ‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ ’စာအုပ်မှာ၊ ၀တ္ထု (၁၀)ပုဒ်ကို စုစည်းထားသည့် စာအုပ် ဖြစ်သည်။ စာအုပ်ထွက်လာသည်နှင့်တပြိုင်နက် စာပေလောကအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ရလောက်အောင် အောင်မြင်ကျော် ကြားလှသည့် စာအုပ်ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ဆရာ ‘မြသန်းတင့်’ ၏ ၀တ္ထုအတတ်ပညာ ဆန်းသစ်မှုကို စာဖတ်သူတိုင်းက ချီးမွမ်းကြ၏။
‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ ’စာအုပ်တွင်၊ စာရေးဆရာကြီး (၁၀)ဦး ရေးသားခဲ့သည့် နိုင်ငံကျော်ဝတ္ထု(၁၀)ပုဒ် အပေါ် ၊ ဆရာမြသန်းတင့်က ထပ်မံဈာန်ဝင်စား ကွန့် မြူးကာ၊ ၀တ္ထုတို (၁၀)ပုဒ် ဖြစ်အောင်ရေးသည့် ထူးခြားလေးနက်သည့် ၀တ္ထုတို စု စာအုပ်ဖြစ်လေသည်။ ဥပမာ…စာရေးဆရာ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုကြီးထဲက ‘မျိုးမြင့်ရန်နောင်’ ဆိုသည့် အဓိကဇာတ်ကောင်က၊ အသက်မသေပဲ ဆက်လက်ရှင်သန်နေသည့် လူတယောက်အဖြစ်၊ ဆရာ ‘မြသန်းတင့်’ ကိုလာရောက်တွေ့ ဆုံသည့် စိတ်ကူးပုံဖွဲ့  ၀တ္ထုဖြစ်၏။ စာရေးဆရာကြီး ‘မင်းဆွေ’သည် အဓိကဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ဆိုသူကို သူ၏‘ဓါး’ ၀တ္ထုကြီးထဲတွင် ထည့်သွင်းရေးဖွဲ့ ရာ၌ “မျက်ကန်းမျိုးချစ်၊ သို့ မဟုတ် လူထုလမ်းစဉ်နှင့်ကင်းကွာနေသည့် တကိုယ်တော်နယ်ချဲ့ ဆန့် ကျင်ရေး သမား” အဖြစ်ဖွဲ့ ဆိုခဲ့သည်ကို၊ ဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ကိုယ်တိုင်က၊ ဆရာမြသန်းတင့်ထံ အသက်ရှင်လျှက် ကိုယ်တိုင်လာရောက်ရင်ဖွင့်တင်ပြလာသည့် ဇာတ်လမ်းမျိုးအဖြစ် ဆရာမြသန်းတင့်က၊ ရေးဖွဲ့ ထားခြင်းဖြစ်လေသည်။တနည်းအား ဖြင့် ဆိုရလျှင် ဆရာမြသန်းတင့်သည် စာရေးဆရာ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုကို အတွေးအခေါ်အရ ဝေဖန်လိုရင်းရှိ၏။ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုထဲက အဓိကဇာတ်ကောင်မှာ တကိုယ်တော်နယ်ချဲ့ ဆန့် ကျင်ရေး သမား၊ မျက်ကန်းမျိုးချစ်တဦးအနေနှင့် ၀တ္ထုကိုအဆုံးသတ် ထားသည်ကို ကျေနပ်အားရနိုင်ဟန်မတူ။ ထို့ ကြောင့် ဆရာမြသန်းတင့်သည် သူဖြစ်စေလိုသော၊ သူထုဆစ်လိုသော၊ သူယုံကြည် သော၊ မျိုးချစ်ဝါဒ အယူအဆကို အဓိကဇာတ်ကောင်‘မျိုးမြင့်ရန်နောင်’ မှတဆင့် တင်ပြနိုင်ရန်ကြိုးစားရင်း….‘ဓါး’ ၀တ္ထုကို၊ စစ်မှန် သည့် မျိုးချစ်ဝါဒ အခြေခံဝတ္ထုအဆင့်အထိ ဆွဲတင်ဘို့ ကြိုးစားခဲ့ခြင်းဖြစ်လေသည်။
‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကိုလည်း၊ ဆရာမြသန်းတင့်သည် ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုနည်းတူ ဝေဖန်ဖို့ ကြိုးစားသည်ကို တွေ့  ရ၏။ ‘ဒဂုန်တာရာ’သည် ‘မေ’၀တ္ထုတွင်၊ ဓနရှင်ပေါက်စ လူလတ်တန်းစားဇာတ်ကောင် ‘မေ’ကို အဓိကဇာတ်ကောင်အဖြစ် ထားပြီး ရေး၏။‘မေ’၏လူလတ်တန်းစား အကျင့်စရိုက်ကို ဖော်ပြ၏။ နောက်ဆုံး ‘မေ’ကို ‘အကောင်းကိုရှာ၏၊ အကောင်းကား မတွေ့ ’ ဟု နိဂုံးချုပ်ရေး၏။ ဆရာ ‘မြသန်းတင့်’ သည် ‘မေ’ကို ဆရာ ဒဂုန်တာရာ နိဂုံးချုပ်သလို မချုပ်ချင်။ ‘မေ’ကို ပျက်စီးသွားသည့် လူတန်းစားဇာတ်ကောင်အဖြစ်မှ၊ တိုးတက်သော အမျိုးသမီး ဇာတ်ကောင်အနေနှင့်သာ မြင်ချင်၏။ နိဂုံးချုပ်ချင်၏။ ထို့ ကြောင့် ဆရာမြသန်းတင့်သည် ‘မေ’၀တ္ထုထဲက ‘မေ’မှ တဆင့်၊ သူပြောဆိုချင်သည့် အယူအဆကို တဆင့်ပြောခိုင်းခဲ့၏။ တနည်းအားဖြင့် ဆိုသော် ဆရာမြသန်းတင့်သည် ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို ဝေဖန်နေခြင်းသာဖြစ်သည်။

(၃)
စာပေနယ်ပယ်၌သာမဟုတ်၊ မည်သည့်နယ်ပယ်တွင်မဆို ‘ဝေဖန်ရေး’ သည် လိုအပ်ပါသည်။ ကျနော်တို့ သည် ‘ဝေဖန်ရေး’ ကို ‘မူ’ အားဖြင့်ပင်လျှင် လက်ခံကြိုဆိုကြရမည်သာဖြစ်၏။
ဆရာမြသန်းတင့်သည်၊ နိုင်ငံကျော် ၀တ္ထုကြီး (၁၀)ပုဒ်ကို ဝေဖန်၏။ သို့ သော် ဆရာမြသန်းတင့်၏ ဝေဖန်ရေးနည်းနာမှာ ယဉ်ကျေး၏။ ပရိယါယ်ကြွယ်၏။ လှပဆန်းသစ်၏။ ထို့ ကြောင့် ဝေဖန်နေသည်ကို ဝေဖန်နေသည်ဟူ၍ပင် မထင်ရလောက်အောင် အဆင့်အတန်းရှိ၏။
၁၉၇၈-ခုနှစ်ဝန်းကျင်ကလည်း ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို “မိုးကြိုမုန်တိုင်း” လက်ဝဲအလွန်အကျွံအုပ်စုက ဝေဖန်ခဲ့ကြဖူး ၏။ သို့ သော် “မိုးကြိုမုန်တိုင်း” အုပ်စုသည် မယဉ်ကျေး။ အတုံးအတစ်ဆန်၏။ တရားသေဖြစ်၏။ပုံစံခွက်ဖြစ်၏။ ယခု ဆရာမြသန်း တင့်သည်လည်း ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို ဝေဖန်၏။ သို့ သော် သည်တခါ ဆရာမြသန်းတင့်၏ ဝေဖန်ရေးမှာ ယဉ်ကျေး၏။နည်း နာဆန်းသစ်၏။ အကွက်သဘောဖြစ်၏။ ထို့ ကြောင့် “မိုးကြိုမုန်တိုင်း” အုပ်စု၏ ဝေဖန်ရေးနှင့် ဆရာမြသန်းတင့်၏‘မေ’၀တ္ထုအပေါ် ဝေဖန်ရေး နှစ်ခုမှာ မတူကြ။
ကျနော်တို့ သည် ‘ဝေဖန်ရေး’ ကို ကြိုဆိုအပ်သည့်ကိစ္စဟု အထက်တွင်ဆိုခဲ့ပြီ။ သို့ သော် ‘ဝေဖန်ရေး’ များ မှန်၏ မမှန်၏၊ ကောင်း၏ မကောင်း၏ ဆိုသည်ကိုမူ စာဖတ်သူများအဖို့  လွတ်လပ်စွာ ထပ်မံဝေဖန်စမ်းစစ်ပြီးမှသာ လက်ခံကြရမည်သာဖြစ်လေသည်။

March 18, 2008

ကားဂိတ်


ဒီနေရာကို ဘယ်သူများစိတ်တည်ငြိမ်အေးချမ်းစွာနဲ့ ရောက်လာခဲ့ဖူးသလဲ။ အဖြေကတော့ ရှင်းပါတယ်။ အင်မတန် အရေအတွက်နည်းပါးပါလိမ့်မယ်။ ဒါမှမဟုတ် တယောက်တလေမျှပင် ရောက်လာဖူးခြင်းမရှိသေးဘူးလို့ ပဲ ပြောနိုင်မယ်ထင်ပါ တယ်။ ဟုတ်တယ်--- ။ ဒီနေရာကို ဘယ်သူများ စိတ်တည်ငြိမ်အေးချမ်းစွာနဲ့  ရောက်လာနိုင်ကြမလဲ။

ဒီနေရာကို ရောက်လာလေ့ရှိကြသူတွေဟာ၊ ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်သလဲ။ ဒီနေရာမှာလည်း ငွေကြေးပြည့်စုံချမ်းသာ တဲ့သူတွေတော့ ရောက်လာနိုင်ဘို့ မရှိနိုင်ပါဘူး။ ဒါမှမဟုတ် အရေအတွက် အင်မတန်နည်းတဲ့ ငွေကြေး ပြည့်စုံသူတွေဟာ ဒီနေရာကို ရောက်လာနိုင်လိမ့်မယ်။ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူတွေဟာ သူတို့ ရဲ့ ကိုယ်ပိုင်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သာ ခရီးသွားလာကြမှာပဲ မဟုတ်ဘူးလား။ သေချာတာကတော့ ဆင်းရဲသားနဲ့ လူလတ်တန်းစားများပဲ ဒီနေရာကို ရောက်လာကြလေ့ ရှိတယ်ဆိုတဲ့ အချက်ပါပဲ။
“ ဒီနေရာ ” လို့ ညွှန်းတဲ့နေရာကတော့ “ ကားဂိတ် ” တခုကို ကျနော်ဆိုလိုတာပါ။ မှန်ပါတယ်။ “ ကားဂိတ် ” ကို ဘယ်သူ တွေ ရောက်လာလေ့ရှိသလဲ။ ရောက်လာလေ့ရှိသူများဟာလည်း စိတ်တည်ငြိမ်အေးချမ်းစွာနဲ့ ရောက်လာခဲ့ကြသလား။
ကျနော်လည်းပဲ “ ကားဂိတ် ” ကို ရောက်ဖူးတယ်။ နှစ်ပေါင်းများစွာကြာလာခဲ့ပြီမို့  “ ကားဂိတ် ” တွေကို ဘယ်နှစ်ခေါက် ရောက်ဖူးတယ်ဆိုတာ မမှတ်မိနို်င်လောက်အောင်ပါပဲ။ မှတ်မှတ်ရရပြောရရင် “ ကားဂိတ် ” ကို ကျနော် ဘာကြောင့်ရောက်ခဲ့ရ သလဲဆိုတဲ့ အဖြေကိုစဉ်းစားတဲ့အခါ ရင်ထဲမှာ ဘယ်လိုမှမေ့လိုမရနိုင်လောက်အောင် မှတ်မိနေတာတွေလည်း ရှိပါတယ်။
တခါကတော့ “ ကားဂိတ် ” ကို ကျနော်ရောက်လာခဲ့ပါတယ်။ “ ကားဂိတ် ” ကို ကျနော်ရောက်သွားတော့၊ ကားဂိတ်မှာ လူစည်နေတဲ့ ညနေရုံးဆင်း၊ ရုံးတက်အချိန်။ ကျနော်ကတော့ ကားဂိတ်မှာ ကားစေါင့်ပြီး၊ တနေရာရာကိုသွားဖို့ မဟုတ်ပါဘူး။ ဒီကနေ့ ညနေ ရောက်လာမယ်ဆိုတဲ့ “ အဖေ့ ” ကို စေါင့်ကြိုဖို့ ရောက်ခဲ့တာပါ။ “ အဖေ ” ဟာ ကျနော်တို့ မိသားစုနဲ့ ခွဲပြီး နေခဲ့ ရတာ (၂)နှစ်ကျော်ပြီလေ။ ကျနော့်စိတ်ထဲ “ အဖေ့ ” ရုပ်ပုံလွှာကို မှန်းဆကြည့်မိတယ်။ အဖေဟာ ဆံပင်တွေဖြူကုန်ပြီလား။ “ အဖေ ” ဟာ အရင်ကထက် အိုစာသွားပြီလား။ အဖေ့အရပ်ဟာ အရင်ကထက် နိမ့်သွားပြီလား။ အရင်တုန်းကလိုပဲ ရယ်ရယ် မောမောနဲ့ စကားတွေပြောတတ်သေးရဲ့ လား။ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ (၂)နှစ်ကျော်ကာလအတွင်းမှာ “ အဖေ ” ဘာတွေ တွေးနေခဲ့သလဲ။ ဒီလိုနဲ့ မရေရာ မသေချာတဲ့၊ တည်ငြိမ်မှုမရှိပဲ နေရာအနှံ့ ပြေးလွှားနေတဲ့စိတ်တွေနဲ့  ကားဂိတ်မှာ အချိန်အကြာ ကြီးရပ်နေခဲ့မိပါတယ်။ ရပ်စေါင့်ရတာကြာလို့  ကံအားလျော်စွာ လူမထိုင်ပဲ လပ်နေတဲ့ လမ်းဘေးက ခုံတန်းအစွန်းမှာသွားထိုင်လိုက် ပါတယ်။ ကျနော်ရောက်ပြီး ကား(၂)စင်း ဆိုက်လာပြီးသည့်အထိ “ အဖေ ” ကတော့ ပါမလာသေးပါဘူး။
ကားတစင်းထိုးဆိုက်တဲ့အခါ လူတွေအားလုံးလိုလို ခေါင်းတွေထောင်ပြီးလှမ်းကြည့်ကြပါတယ်။ ဒီတော့မှပဲ စိတ်ပြေလက် ပျောက်၊ ပတ်ဝန်းကျင်ကို အာရုံပြောင်းတဲ့အနေနဲ့ လိုက်ကြည့်မိပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတချို့ ရဲ့ မျက်နှာတွေကို လိုက် ဖတ်ကြည့်ပါတယ်။ သူတို့ တတွေရဲ့ ရင်ထဲက နှလုံးသားကြိုးညှိသံကို ခိုးပြီးနားထောင်ပါတယ်။ ကျနော်နဲ့ မလှမ်းမကမ်း ဘန်ဒါပင် လေးရဲ့ အောက်မှာ ပြောင်းဖူးဖုတ်သည်မိန်းခလေးကို ကျနော်တွေ့ ပါတယ်။ သူ့ ပခုံးပေါ်၊ သူ့ ဆံပင်တွေပေါ်မှာ ပြာတချို့ ကပ်နေ ပါတယ်။ အုတ်ခဲခုထားတဲ့သွပ်ပြားပေါ်၊ မီးကျီးခဲများပေါ်တန်းစီပြီး တင်ထားတဲ့ပြောင်းဖူးတွေကို မီးညှပ်နဲ့ လိုက်ပြီး ဟိုလှည့်ဒီလှည့် လုပ်၊ ယပ်တောင်နဲ့ ယပ်ခတ်ပြီး မီင်္းရှိန်မသေအောင် လုပ်ရတဲ့သူ့ မှာ အလုပ်ရှုပ်နေရှာပါတယ်။ အဲဒီအချိန်မှာပဲ ကားတစင်းဆိုက်လာ တဲ့အခါ ပြောင်းဖူးဖုတ်သယ်လေးဟာ ခေါင်းကိုမော့ပြီး ကားဆီလှမ်းမျှော်ပြီးကြည့်ပါတယ်။ ကားပေါ်ကဆင်းလာတဲ့ လူတွေထဲက တယောက်ယောက်များ သူ့ ဆီကိုတန်းပြီး လျှောက်လာလေမလား။ ကျနော်လည်းပဲ ကားပေါ်ကလူတွေထဲမှာ “ အဖေ ” များ ပါလာလေမလား မျှော်လင့်တကြီး ကြည့်ပါတယ်။ လူအုပ်ကွဲသွားတဲ့အထိ “ အဖေ့ ”ကို ကျနော်မတွေ့ ရပါဘူး။ ပြောင်းဖူး ဖုတ်သယ်လေးဆီကိုလည်း ဘယ်သူမှလျှောက်လာတာ မတွေ့ ရပါဘူး။
ဘန်ဒါပင်နဲ့ မလှမ်းမကမ်းမှာ ကွမ်းယါဆိုင်တဆိုင်ရှိပါတယ်။ ကွမ်းယါဆိုင်ဆိုပေမယ့် တခြား စုံစီနဖါမျိုးစုံ ကြပ်သိပ် နေအောင်ချိပ်တွဲပြီး ရောင်းနေတာတွေ့ ရပါတယ်။ ကွမ်းယါဆိုင်ဘေးမှာ ခုံတန်းတခုချထားပြီး၊ ခုံတန်းပေါ်မှာကျတော့၊ လူ တယောက်ဟာ လူမှန်းသူမှန်းမသိလောက်အောင် မူးပြီးအိပ်နေတာတွေ့ ရပါတယ်။ ကွမ်းယါဆိုင်ပိုင်ရှင်က ခဏ ခဏ သူ့ ကို အော်ငေါက်ပြီး နှင်ပေမယ့် သူကတော့ နေရာရွှေ့ မသွားပါဘူး။ မူးပြီး ခုံတန်းပေါ်က ခဏ-ခဏပြုတ်ကျလည်း သူကတော့ ခုံတန်းပေါ်အားယူပြီး ပြန်အိပ်နိုင်အောင် ကြိုးစားနေတာပါပဲ။ အမြင်မတော်တဲ့လူတချို့ က သူ့ ရဲ့ မလုံမလဲ ပုဆိုးစကို ဆွဲဖုံးပေး သွားကြပါတယ်။
ကားလမ်းဘေး၊ ပလက်ဖေါင်းပေါ်က “ အိပ်တန်းဆင်းငှက်ကလေးတကောင် ” ကိုလည်း ကျနော်တွေ့ ပါတယ်။ သူဟာ ကားဂိတ်မှာ တယောက် ယောက်ကိုလာကြိုတာ၊ ဒါမှမဟုတ် တနေရာရာကိုခရီးထွက်ဖို့  ကားလာစေါင့်တာ ဖြစ်မယ်မထင်ပါဘူး။ သူ့ ကို ဒီကားဂိတ်တ၀ိုက် မှာ မကြာခဏ ကျနော်တွေ့ ခဲ့ဖူးတာပဲ။ သူ့ ကို ကျနော်ကြည့်နေတာ တွေ့ သွားဟန်တူပါတယ်။ ---- ကျနော့်ကို တချက် စူးစူးဝါးဝါး စိုက်ကြည့်ပါတယ်။ ပြီးတော့ မခို့ တရို့ ပြုံးပြပါတယ်။ ပြီးတော့ ကျနော့်ဖက်ကို လုံးလုံးလျားလျား လှည့်ပြီး ရပ်လိုက်ပါတယ်။ ဒီအခါမှာတော့ ကိုယ်ရည်ရွယ်ရာ လွဲသွားမှာစိုးတဲ့အတွက် သူ့ ဖက်ကိုလှည့်ထားတဲ့ မျက်နှာကို တဖက်ကိုပြန်ပြီး လှည့်လိုက်ရ ပါတယ်။သူနဲ့ ပါတ်သက်ပြီး လုံးလုံးလျားလျား စိတ်မပါသလို၊ စိတ်မ၀င်စားသလို အနေအထားမျိုးနဲ့ လည်းနေပြလိုက်ရပါတယ်။ ခဏကြာတော့ အဲဒီအိပ်တန်းဆင်းငှက်ကလေးဟာ စိတ်ဓါတ်ကျတဲ့မျက်လုံးတွေနဲ့  တဖက်ကိုပြန် လှည့်သွားခဲ့ပါတယ်။
ကားတစင်းဆိုက်လာတဲ့အခါ၊ ကားပေါ်ကဆင်းလာတဲ့လူအုပ်ကို ကြည့်ရင်းက၊ ကျနော်နဲ့ ကျောင်းနေဖက်၊ အခုတော့ မူလတန်းပြဆရာမလုပ်နေတဲ့ ကျောင်းဆရာမ “ ဒေါ်နှင်းပွင့် ” ကို ကျနော်တွေ့ ရပါတယ်။ “ ဒေါ်နှင်းပွင့် ” ကားပေါ်ကဆင်း လာတော့ သူ့ ဆီကိုသွားပြီး နှုတ်ဆက်ဖို့ ကျနော်စဉ်းစားပါသေးတယ်။ ဒါပေမယ့် သူက ကျနော့်ရှေ့ ကိုလျှောက်လာနေတဲ့အတွက် ထိုင်နေရာကပဲ သူ့ ကိုစေါင့်နေလိုက်ပါတယ်။ “ ဒေါ်နှင်းပွင့် ” ရဲ့ လက်ထဲမှာ ချင်းတောင်းကလေးတခု ပါလာပါတယ်။ ကျနော့် ရှေ့ ကိုရောက်လာသည့်တိုင် ဒေါ်နှင်းပွင့်က ကျနော့်ကိုမမြင်ပါဘူး။ ဆယ်နှစ်ကျော်ကျော်၊ ဆင်ခြေဖုံးရပ်ကွက်ကတဆင့် မြို့ လယ် က စာသင်ကျောင်းကို ကျောင်းဆင်းကျောင်းတက် လုပ်ခဲ့ရတဲ့၊ မိသားစုစားဝတ်နေရေးကို ကျောင်းဆရာမတဖက်ကလုပ်၊ ညဈေး တန်းမှာ လမ်းဘေးဈေးသည်လုပ်ခဲ့ရတဲ့ “ ဒေါ်နှင်းပွင့် ” ကို ကျနော် နှုတ်ဆက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် နှုတ်မဆက်တော့ပဲ ဒီအတိုင်း ငြိမ်ပြီး နေလိုက်မိပါတယ်။ “ ဒေါ်နှင်းပွင့် ” ရဲ့ လက်ထဲက ခြင်းတောင်းထဲမှာ ကန်စွန်းရွက်ခတ်နွမ်းနွမ်းတစည်း၊ ငှက်ပျော်ဖူး တခြမ်းကို ကျနော်တွေ့ ရပါတယ်။ သူဟာ လမ်းဘေးမှာ အထင်အရှားကြီးထိုင်ပြီး သူ့ ကိုစိုက်ကြည့်နေတဲ့ ကျနော့်ကို လုံးဝကိုပဲ မတွေ့ ပါဘူး။ သူ့ မျက်လုံးတွေ၊ သူ့ စိတ်တွေဟာ ကားဂိတ်မှာရှိဟန် မတူပါဘူး။ သူနဲ့ အနီးကပ်ရှိနေဟန် မတူပါဘူး။
ကားဂိတ်မှာ ကျနော်ရောက်နေတာ (၂)နာရီနီးပါး ရှိလာခဲ့ပြီ။ ခရီးသည်ကားတွေလည်း အလာကြဲသွားခဲ့ပြီ။ အကျဉ်း ထောင်က လွတ်မြောက်ပြီး အိမ်ကိုပြန်လာမယ်ဆိုတဲ့ “ အဖေ ” ကတော့ ရောက်မလာခဲ့ပါဘူး။ ကားဂိတ်မှာ “ အဖေ့ ” ကို စေါင့် မျှော်ရင်းနဲ့  ကားဂိတ်တခုရဲ့ အခင်းအကျင်း၊ ကားဂိတ်မှာတွေ့ ရမြင်ရတဲ့လူတွေကို ထိုင်ကြည့်၊ ထိုင်တွေးရင်းက နေစေါင်းလာတဲ့ အခါ ကျနော်လည်း အိမ်ပြန်လာပါတယ်။ “ အဖေ ” ကတော့ ကျနော်အိမ်ပြန်တဲ့အထိ “ ကားဂိတ် ” ကို ရောက်မလာခဲ့ပါဘူး။ “ အဖေ ” နဲ့ ကျနော်တို့ မိသားစုဟာ (၂)နှစ်ကျော်ခွဲပြီး နေခဲ့ရသည့်တိုင် ကျနော့်စိတ်ထဲမှာတော့ “ အဖေ ” ဟာ အိမ်မှာပဲ ရှိနေတယ်လို့ ခံစားရပါတယ်။ လူချင်းခွဲနေကြရပေမယ့် ကျနော်တို့ မိသားစုဟာ အဖေနဲ့ စိမ်းမသွားကြပါဘူး။ တခါ --- “ ကားဂိတ် ” မှာရှိတဲ့လူတွေ၊ တွေ့ ခဲ့ရတဲ့လူတွေကိုလည်း ကျနော်ပြန်တွေးမိပါတယ်။ ပြောင်းဖူးဖုတ်သယ်မိန်းခလေး၊ အိပ်တန်းဆင်းငှက်ကလေး၊ ကျောင်းဆရာ “ ဒေါ်နှင်းပွင့် ” ၊ ခုံတန်းပေါ်က အရက်မူးသမား --- ။ သူတို့ အကြောင်းစဉ်းစား တော့လည်း အားလုံးအတွက် ကျနော်စိတ်မကောင်းခဲ့ရပါဘူး။ သူတို့ အားလုံးဟာ ကျနော့်ဘ၀နဲ့ ဘာမှ မခြားနားပါဘူး။ ဒီလို လူတွေအားလုံးရဲ့ ကြားမှာ ကျနော်တို့ တတွေ မမြင်နိုင်တဲ့ “ မေတ္တာ ” ၊ ဒါမှမဟုတ် “ သံယောဇဉ် ” ၊ ဒါမှမဟုတ် “ ကိုယ်ချင်းစာ တရား ” လို့ ဆိုနိုင်တဲ့ “ ချည်သားကြိုးမျှင် ” တချောင်းဟာ၊ ကျနော်တို့ တတွေ တယောက်နဲ့ တယောက် ဆန့် ကျင်ကွဲထွက် မသွားရအောင် ပုထီးစေ့တွေလို သီကုံးထားသလားလို့ တောင်မှ တွေးလိုက်မိပါတယ်။
အိမ်ပြန်ရောက်တော့ အိမ်တွေမီးထွန်းထားကြပါပြီ။ “ အဖေ ” ရောက်မလာတဲ့အကြောင်း “ အမေ ” နဲ့  “ ညီလေး ” ကို ပြောပြပြီး၊ အိပ်ယါဆီကိုပဲ လျှောက်လာခဲ့ပါတယ်။ စာအုပ်ပုံထဲက မှတ်စုစာအုပ်တအုပ်ကို ဆွဲယူလိုက်ပါတယ်။ စာမျက်နှာတချို့ ကို လှန်လှောပြီးမှ ကဗျာဆရာ “ စည်သူငြိမ်း ” ရဲ့  ကဗျာလေးကို ကျနော်ဖက်နေမိပါတယ်။ ကဗျာကို ဆုံးအောင်ဖတ်ပြီးတဲ့ အခါ ကျနော့်ရင်တွေ တုန်ခါလျက် ကျန်ရစ်ခဲ့ပါတယ်။

ကားဂိတ်

တိတ်ဆိတ်နေလို့  မရဘူး
မျှော်လင့်ချက်တန်းလန်း ဖွားလျားနဲ့ 
ဘဲငန်းများ အရပ်ရှည်ပြိုင်ကြ
မုန့် ဟင်းခါး၊ ကွမ်းယါ
လက်ဖက်ရည်၊ ဆေးလိပ်နဲ့ စုံစီနဖါ
ချည်သားကောင်းကောင်း သီထားလို့ သာပေါ့
ခွေးခြေပုလေးများပေါ်
သစ်ပင်များအောက်
ရင်တမမနဲ့  စိတ်တွေမွမွကြေမှာ စိုးရတယ်။

စည်သူငြိမ်း
မဟေသီ ၊ ၂၀၀၅ ၊ မတ်လ
( “ ခေတ်ပေါ် ” ကဗျာတွေကို ခံစားနားလည်ရခက်တယ်ဆိုတဲ့ တူမောင် “ ခေတ်ဦးထွန်း ” သို့ )

March 10, 2008

ဖိနပ်များ


ကျွန်တော်သည် လူ့အသုံးအဆောင်ပစ္စည်းများအနက် ဖိနပ်ကို တခြားအသုံးအဆောင်ပစ္စည်းများထက် ပိုပြီး စိတ်ဝင်စား၏။ ငယ်စဉ်က နာရီ၊ အင်္ကျီ၊ ဖောင်တိန်၊ ဦးထုပ်များကို ဖိနပ်ထက်ပိုပြီး ခုံမင်ခဲ့ဖူးသော်လည်း ကျွန်တော့်စိတ်အာရုံထဲတွင် ဖိနပ်ကသာ ပိုပြီး လွှမ်းမိုးနေတတ်၏။ ဖိနပ်ကို ပိုပြီးအလေးအနက်ထားမိ၏။ ဥပမာ ငယ်စဉ်ဘ၀ သူငယ်ချင်း မိန်းကလေး တဦးနှင့် ကစားရင်း ရန်ဖြစ်သည့်အခါ ထိုသူငယ်ချင်း မိန်းကလေးက `ဖိနပ်နဲ့ ပါးရိုက်ခံချင်လို့လား´ဟု ရန်စကားပြောသည့် အတွက် ကျွန်တော့်မှာ ဆတ်ဆတ်ခါအောင် ဒေါသထွက်ခဲ့ဖူး၏။ ကျွန်တော်က `တုတ်နှင့် ဒါမှမဟုတ် တခြားအရာဝတ္ထု တခုခုနှင့် ရိုက်ခံချင်လို့လား´ဟု မေးသည်ထက် `ဖိနပ်နှင့် အရိုက်ခံချင်လို့လား´ဟု မေးသည်ကို ပိုပြီး ခံစားနာကျင်မိ၏။

တခါတရံ အိမ်ခြံဝန်းထဲတွင် မည်သူက စွန့်ပစ်ထားခဲ့မှန်းမသိသည့် ဖိနပ်အဟောင်းများကိုတွေ့လျှင် မိဘများက ခြံဝန်း အပြင်သို့ ကမန်းကတန်းလွှင့်ပစ်တတ်၏။ အိမ်ထဲသို့ စနေနံ မ၀င်ကောင်းဟု ပြောတတ်သည့် မိခင်၏စကားကို တွေးမိသည်။ စနေနံချင်းတူပါလျက် ဦးထုပ်၊ ထီးနှင့် နာရီများထက် ဖိနပ်ကို ဘာ့ကြောင့်ပိုပြီး ထိတ်လန့် စိုးရိမ်တတ်ပါလိမ့်ဟု မေးခွန်း ထုတ်မိ၏။ လူတွေက `ဖိနပ်´ကို တခြားလူ့အသုံးအဆောင်ပစ္စည်းများနှင့် တတန်းစားတည်း သဘောမထားကြသည့်အတွက် ကျွန်တော့်မှာ `ဖိနပ်´ကို ပိုပြီး စိတ်ဝင်စားခဲ့၊ လေးနက်နေခဲ့ လေသလားမသိ။
ငယ်စဉ်ဘ၀တလျှောက်လုံး `ဖိနပ်´ကို အနှုတ်လက္ခဏာသဘောနှင့် လက်ခံလာခဲ့သည့် ကျွန်တော့်မှာ အသက် ၂၀
ဝန်းကျင်တွင် သဘောထားတချို့ပြောင်းလဲဖို့ ဖြစ်လာခဲ့၏၊ ကျွန်တော့်သဘောထားကို တစုံတရာ ပြောင်းလဲအောင် ဖန်တီးလိုက်သည့် `ဖိနပ်´မှာ အပြင်တွင် တကယ်ရှိသည့် `ဖိနပ်´တော့ မဟုတ်။ ဒိန်းမတ် ပုံပြင်ဆရာ `အင်ဒါဆင်း´၏ `ပုံပြင်လာ´ဖိနပ်တရံပင်ဖြစ်သည်။ ချစ်သူ၏ရှေ့တွင် ခြေထောက်တွေ မည်မျှပင် နာကျင်ရသည်ဖြစ်စေ တန်ခိုးရှိသည့် ဖိနပ်ကလေးကိုစီးပြီး ကခုန်ဖြေဖျော်ခွင့်ရလျှင် ကျေနပ်နေတတ်သည့် ရေသူမလေးပုံပြင်ထဲမှ `တန်ခိုးရှိ ဖိနပ်ကလေး တရံ´ကို ကျွန်တော့်မှာ အကြောင်းတိုက်ဆိုင်တိုင်း သတိရနေတတ်၏။ `ဖိနပ်´ကို အဆင့်အတန်းနိမ့်ကျသည့် အရာဝတ္ထု တခုအဖြစ်မှ တခြားတွေးတောဖွယ် အရာဝတ္ထုအဖြစ်သို့ ကူးပြောင်းလက်ခံလိုက်မိ၏။
ကျွန်တော့်စိတ်ထဲတွင် မိမိကိုယ်တိုင်က သတိမထားမိဘဲ အလိုလို နက်ရှိုင်းစွာ သိမ်းဆည်းထားမိသည့် `ပုံပြင်လာ ဖိနပ်´ ကလေးအပြင် နောက်ထပ် ဖိနပ်တရံကို တွေ့ရပြန်၏။ ယင်းဖိနပ်တရံမှာလည်း အပြင်တွင် တကယ်ရှိသည့် ဖိနပ်တရံ မဟုတ်ပြန်ပေ။ ပန်းချီကားတချပ်ထဲက `ဖိနပ်´တရံ ဖြစ်၏။ ပန်းချီကား၏ လက်ရာရှင်မှာ မည်သူမည်ဝါရယ်ဟု ခွဲခြား မမှတ်မိတော့သည့်တိုင် ပန်းချီကားထဲက `ဖိနပ်´တရံကိုမူ အကြောင်းတိုက်ဆိုင်တိုင်း မျက်စေ့ထဲ၌ ပြန်လည်မြင်နေမိ၏။ ပန်းချီကားထဲက ဖိနပ်တရံမှာ `ဒေါက်မြင့်ဖိနပ်ကလေးတရံ´ဖြစ်၏။ ဒေါက်မြင့်ဖိနပ်ကလေးတဖက်မှာ တစောင်းလဲလျက် ရှိပြီး ထိုလဲနေသည့် ဒေါက်မြင့်ဖိနပ်ပေါ်တွင် ယောက်ျားဖိနပ်တဖက်က ပိနေသည့် ပန်းချီကားပုံ ဖြစ်သည်။ ပန်းချီကား၏ အမည်မှာ `အဖေက ပန်းနာသည်၊ မောင်နှမ ခြောက်ယောက်´ဟု ပေးထား၏။ ထိုပန်ချီကားထဲက `ဒေါက်မြင့် ဖိနပ်ကလေး တရံ´ကိုကြည့်ကာ ကျွန်တော့်မှာ အတွေးအမျှင်တန်းလျက် ကြေကွဲနေခဲ့ဖူး၏။ ရက်များစွာ ကြာသည်အထိ၊ ပန်းချီကား တချပ်ထဲက ဒေါက်မြင့်ဖိနပ်ကလေးအကြောင်း လူတကာကို လိုက်ပြောလို့မဆုံးအောင် စိတ်လှုပ်ရှားနေခဲ့ဖူးလေသည်။
`ပုံပြင်လာဖိနပ်´၊ `ပန်းချီကားထဲက ဒေါက်မြင့်ဖိနပ်´တို့မှာ အပြင်တွင် တကယ်ရှိသည့် ဖိနပ်များမဟုတ်ကြပါ။ သို့ပေသည့် ကျွန်တော်က အပြင်တွင် တကယ်ရှိသကဲ့သို့ စိတ်ဝင်စား ငြိတွယ်ခဲ့ရ၏။ အပြင်တွင် တကယ်ရှိသော ဖိနပ်တရံကိုမူ အသက် ၄၀ ကျော်ကာမှ ကျွန်တော်တွေ့ရ၏။ ထိုဖိနပ်တရံမှာ ကျွန်တော့်သား သုံးယောက်စီးရန် အိမ်ရှင်မကိုယ်တိုင် ၀ယ်ပေးထားသည့် ဖိနပ်ဖြစ်သည်။ ကတ္တီပါသဲကြိုးတပ် သားရေဖိနပ် တရံဖြစ်၏။ ထိုစဉ်က ကျွန်တော်သည် ကျောင်းဆရာအလုပ်မှ ထွက်ကာ နိုင်ငံရေးနယ်ပယ်တွင် ခြေစုံပစ်ဝင်လိုက်သည့် အချိန်ဖြစ်၏။ တမိသားစုလုံး၏ စားဝတ်နေရေးကိစ္စကို အိမ်ရှင်မက ဈေးတောင်းခေါင်းရွက်ပြီး တာဝန်ယူနေရသော အချိန်ဖြစ်၏။ တနှစ်ကြီး တနှစ်ငယ် ဖြစ်ကြသည့် သားသုံးယောက်မှာ တယောက်နှင့် တယောက် မတိမ်းမယိမ်း သဘောဖြစ် သဖြင့် အိမ်ရှင်မက သားသုံးယောက် စလုံး စီးနိုင်သည့် အနေတော် ဖိနပ်တရံကို ၀ယ်၏။ ရွာထဲတွင် အလှူပွဲလမ်းရှိလျှင် သားသုံးယောက် တလှည့်စီ စီးပြီး ပွဲဝင်ရန် စည်းကမ်းချက်ချ၏။ တနေ့ သားသုံးယောက်စလုံး ကျောင်းတက်နေသည့် စာသင်ကျောင်းတွင် ဆရာပူဇော်ကန်တော့ပွဲလုပ်၏။ ထိုအခါ သားသုံးယောက်စလုံးက ဆရာပူဇော်ကန်တော့ပွဲ သွားချင်ကြ ၏။ မိဘနှစ်ပါးမသိအောင် အိမ်ထရံအကွယ်တွင် အိုးခြမ်းပဲ့မြှောက်ပြီး မဲချကြ၏။ အိမ်ရှင်မက မကြားဟန်ပြုကာ ဟင်းရွက်ခူး သွားဦးမည်ဟုဆိုပြီး အိမ်ပေါ်က ဆင်း၏။ ကျွန်တော်က မသိဟန်ဆောင်ကာ စာကိုသာ ခေါင်းငုံ့ပြီး ဖတ်နေလိုက်၏။ ထိုနေ့ညက သားသုံးယောက်စလုံး အိပ်ပျော်နေကြသည့်အခိုက် ကျွန်တော်တို့ လင်မယား နှစ်ယောက် `ဖိနပ်တရံ´ကို ထိုင်ကြည့်ကာ သေရာပါမတတ် ခံစားခဲ့ရ၏။ ထိုအချိန်မှစကာ သားသုံးယောက်ပိုင် `ဘုံဆိုင် ဖိနပ်တရံ´ကိုလည်း ကျွန်တော် မမေ့နိုင်တော့။
အသက်အရွယ်ရလာသောအခါ `ပုံပြင်လာ ဖိနပ်´၊ `ပန်းချီကားထဲက ဖိနပ်´နှင့် `သားသုံးယောက်ပိုင် ဘုံဆိုင်ဖိနပ်´ တို့အပြင် စာအုပ်ထဲတွင် ဖတ်ရ၊ တွေ့ရသော ဖိနပ်များကိုလည်း စိတ်ထဲ၌ စွဲလန်းအောက်မေ့ တတ်လာခဲ့၏။ တခါတွင်မူ ဂျာမဏီပြည်တွင် နာဇီဟစ်တလာ လက်ပါးစေများက လူတွေကို အဆိပ်ခန်းအတွင်း သွင်းကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်စဉ် သေဆုံးသူများ ချန်ရစ်ကျန်ရစ်သည့် ဖိနပ်ပုံကြီးတပုံကို စာအုပ်တအုပ်ထဲတွင် ကျနော်တွေ့ရ၏။ အဆိပ်ခန်း အတွင်း ၀င်ခဲ့ကြရသည့် ဖိနပ်ပိုင်ရှင်များအတွက် ကျွန်တော့်မှာ ကြေကွဲရ၏။ ထို့နည်းတူ ရုရှားနိုင်ငံ ဇာဘုရင့်နန်းတော်ကို
ဝိုင်းဝန်းဆန္ဒပြကြသည့် ရုရှားပြည်သူများကို နန်းတော်စောင့်တပ်သားများက သေနတ်နှင့် ပစ်ခတ်နှိမ်နင်းအပြီး အိုဒက်ဆာ လှေကားထစ်များပေါ်က လူသေအလောင်းများ၊ ဦးထုပ်များကြားထဲတွင် ဖိနပ်များဖရိုဖရဲကျန်ရစ်သည့် ဓာတ်ပုံကိုကြည့်ကာ ကျွန်တော့်မှာ တုန်လှုပ်ခြောက်ခြားရ၏။ ထို `အိုဒက်ဆာလှေကားပေါ်က ဖိနပ်များ´သည်လည်း ကျွန်တော့်အတွက် မေ့မရနိုင်သည့် ဖိနပ်များ ဖြစ်လာခဲ့၏။
ယခုအခါ မည်သည့်အချိန်တွင်ဖြစ်စေ … လမ်းဘေးတနေရာ၌ သဲကြိုးပြတ် ဖိနပ်တဖက် သို့မဟုတ် နွမ်းရိစုတ်ပြတ်နေသည့် ဖိနပ်တရံကိုဖြစ်စေ ဖိနပ်အကောင်းတရံကိုပင်ဖြစ်စေ တွေ့မိလျှင် လမ်းကိုဖြောင့်အောင်မသွားနိုင်ပဲ ထိုလမ်းဘေးက ဖိနပ်ကိုသာ လှည့်ကြည့် လှည့်ကြည့် လုပ်နေခဲ့မိ၏။ ပြီးတော့ ကျနော့်မှာ အချိန်ကြာမြင့်စွာ စိတ်လှုပ်ရှားရင်ခုန် နေမိလေတော့၏။
(ဒီအက်ဆေးကတော့ ၂၀၀၆-ခုနှစ်၊ ဇွန်လတုန်းက ဧရာဝတီအင်တာနက်မဂ္ဂဇင်းများ ရေးခဲ့တဲ့ အက်ဆေးလေးပါ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ငွေကြာယံဘုန်းတော်ကြီး ကျောင်းတိုက်ကို၊ စစ်အစိုးရစစ်တပ်တွေ စီးနင်းဝင်ရောက်တိုက်ခိုက်ပြီး၊ စစ်သားတွေ ကျောင်းတိုက်ထဲက ပြန်လည်ထွက်ခွါသွားတဲ့အခါ၊ သွေးအိုင်ထဲမှာ ဖရိုဖရဲကျန်ရစ်နေခဲ့တဲ့ သံဃာတော်များရဲ့ ဖိနပ်တွေကို တွေ့ခဲ့ရလို့၊ ဒီအက်ဆေးလေးကို ပြန်ထုတ်ကြည့်မိရင်းက ဒီကနေ့ အဲဒီ အက်ဆေးလေးကိုပဲ တင်လိုက်တာပါ။)


March 08, 2008

ကျနော်ဆက်မတွေးချင်သော ကဗျာတပုဒ်


(၁)

၁၉၇၅ခုနှစ်--------။
နေ့ လည်ခင်း ကျောင်းဆင်းချိန်တွင် ကျနော်သည် စာသင်ခန်းအတွင်းက စာသင်စားပွဲမှာပင် ထမင်းစား၏။ စာ
ဖတ်၏။ ဆရာ ဆရာမများ နားနေခန်းတွင် အချိန်ဖြုန်း ခဲ၏၊ ကျောင်းသားများ၏ ငြင်းခုန်သံ၊ အော်ဟစ်သံတို့ ၏အောက်တွင်
စာထိုင်ဖတ်နေသော ကျနော့်ကို လုပ်ဖော်ကိုင်ဖက်တချို့က သဘောမပေါက်နိုင်ကြ ။ သို့သော် ကျနော်သည် ဒီအတိုင်းနေ၊
ဒီအတိုင်းကျင့်၏။ ထိုစာသင်စားပွဲပေါ်တွင်ပင် ကဗျာတချို့ရေးစပ်ပြီး မဂ္ဂဇင်းစာမျက်နှာများပေါ်သို့ပို့နိုင်ခဲ့လေသည်။
“ဆရာ----ဟို--ဟိုမှာ၊ ဟိုမှာ--ကြွက်ကင်”
စာငုံ့ဖတ်နေရာက မော့ကြည့်တော့ ကျောင်းသားကြီးတယောက်၊ ကျနော့်ရှေ့ တွင်ထိတ်လန့် တကြား ရပ်လျှက်
ကျောင်းရှေ့ တောင်ကုန်းအောက်သို့ လက်ညှိုးထိုးလျှက်၊ တစုံတခုကို ထစ်ထစ်အအ ရှင်းပြနေလေသည်။
“ဘာဖြစ်တာလဲကွ၊ ဖြေးဖြေးပြောစမ်းပါမောင်လှအေးရာ၊ မင်းကလည်း“
”ဟို---ဟိုမှာ ကြွက်ကင်၊ ကြွက်ကင် ရေတွင်းထဲခုန်ချမလို့ တဲ့“
“ဘာ”


( ၂)

ထန်းတောကြီးရွာထိပ်---၊ ချောင်းကလေးတခုကူးလျှင်၊ တောင်ကုန်းတခု၏ ခြေရင်းသို့ရောက်၏။ တောင်ကုန်းပေါ်တွင် စာသင်ကျောင်းတခု ရှိပါသည်။
ထိုအလယ်တန်းကျောင်းသို့ ကျနော်ရောက်စက၊ ပတ်ဝန်းကျင်အသစ်၊ လူတွေအသစ်၊ ဆက်ဆံရေးအသစ်တို့နှင့် အကာအရံမရှိ ရင်ဆိုင်တိုးလိုက်ရသဖြင့် ကျနော့်မှာ ဘာတခုကိုမျှ ကျနစွာမမှတ်သားနိုင်တော့ပဲ ခံစားချက်တွေ မောက်လျှံ ကျနေခဲ့ရ၏။
နောင်အခါ-----၊စာသင်ကျောင်း နောက်ဖေးတောစပ်တွင် တစုံတရာကို လန့် ဖြန့် ကာ လွှားကနဲခုန်ရင်း တော
စပ်သို့  ၀င်ရောက်ပျောက်ကွယ်သွားတတ်လေ့ရှိသည့် ယုန်ကလေးများကို ထိုင်စောင့်ကြည့်နေတတ်လာခဲ့သည်။ ကျောင်း သားတချို့နှင့်၊ ပဲခူးချောင်းဖျားသို့ သွားကာ ၀ါးခုတ်၊ ဖေါင်ချကူ၏။ နှီးဖြာ၊ အိမ်မိုး၊ ထရံယက်ခြင်းများကို သင်ယူ၏။ ပျိုးနှူတ်၊ ထယ်ထိုးလုပ်၏။ ထန်းတောကြီးရွာသို့ ကျောင်းဆရာအဖြစ် ရောက်ရှိလာသူ ကျနော့်မှာ၊ “ဘ၀စာသင်သား“ အဖြစ်အချိန်များ
စွာယူခဲ့ရပါသည်။ ကျောင်းသားများက ကျနော့်ကို စာသင်ခန်းအတွင်း၌ ဆရာတဦးအဖြစ်ဆက်ဆံနေကြစဉ်၊ စာသင်ခန်းအ ပြင်ဖက်၌ ထိုကျောင်းသားများကိုပင်ကျနော်က မိမိ၏သင်ဆရာ၊မြင်ဆရာများအဖြစ် သဘောထားခံယူနေထိုင်ခဲ့ရ၏။
“ကြွက်ကင်“သည် ကျနော့်ဘ၀စာသင်ခန်းမှ ဆရာတစ်ဦး----။
( ၃)
“မောင်တင်လှ၊ မောင်ဆန်းတင်၊မစန်းရီ၊ ဘုတ်ဆုံ၊ ဘွတ်ကလုံ၊ကြွက်ကင်------”
ကျနော်သည် “ဘွတ်ကလုံ“နှင့်“ ကြွက်ကင်“ နာမည်များအောက်တွင်မျဉ်းသား၍မှတ်ထားလိုက်၏။ တန်းစီရပ်နေ သော ကျောင်းသားများ ကိုယ့်နေရာကိုယ် ပြန်ထိုင်ပြီးကြသောအခါ ကျနော်က မျဉ်းသားထားသည့်နာမည်များကို အော်ခေါ် လိုက်ပါသည်။
“ကြွက်ကင်နဲ့ ဘွက်ကလုံ ခဏမတ်တပ်ရပ်ကြပါဦး“
ပထမတော့ ကျောင်းသားတဦး------။ နောက်မှာမရွံ့ မရဲ နှင့် ကျောင်းသူတဦး။
“ဘယ်သူက ကြွက်ကင်လည်း ဘယ်သူက ဘွတ်ကလုံလည်း“
“ကျ------ကျနော်ကကြွက်ကင်ပါ“
“အော်---အေး---အေး၊ ဟုတ်ပြီ၊ ဆရာအကြံတခုပေးချင်တယ်။ မင်းတို့ နှစ်ယောက်ကို ဆရာနာမည်ပြောင်းခေါ်ချင် တယ်။ နာမည်လှလှလေးတွေပေါ့ကွာ။ ဘယ့်နှယ့်လည်း၊ ဒီအတန်းမှာ ဆရာစာမသင်ခင်အားလုံးနဲ့လည်း အမှတ်တရမိတ် ဆက်တဲ့သဘောပေါ့၊ ဘယ့်နှယ့်လည်း မင်းတို့ နှစ်ယောက်စလုံးနဲ့ လိုက်တဲ့ နာမည်လှလှလေးတွေ ဆရာ-----“
ပြောလက်စစကားကို လမ်းတ၀က်မှာပင် ကျနော်ရပ်ထားလိုက်ရ၏။ “မောင်ကြွက်ကင်“ မျက်နှာမကောင်း။ “ဘွတ်ကလုံ“ကခေါင်းကိုအောက်သို့ ငုံ့ လျှက် -----။
“ဘယ်နှယ့်လည်းကွ၊ မောင်ကြွက်ကင်၊ ဆရာပြောတာဘယ်လိုသဘောရသလဲ“
“ကြွက်ကင်“က မတုန်မလှုပ်။ ကျနော့်မျက်လုံးများနဲ့သူ့မျက်လုံးများစက္ကန့်ပိုင်းမျှဆုံမိနေကြ၏။“ကြွက် ကင်“ မျက်နှာ မလွှဲ။ ဘာစကားမှ မတုန့်ပြန်။
“ပြောလေကွာ၊ မင်းသဘောမကျဘူးလား“
“ကျ----ကျနော်----နာမည်မပြောင်း ချင်ဘူး ဆရာ“
သူ့စကားအဆုံးတွင်၊ သူနှင့်ကျနော် မိုင်ပေါင်းများစွာဝေး၍ ရပ်နေကြသူနှစ်ဦးအဖြစ် ခြောက်ခြားစွာခံစားလိုက်ရပါ သည်။

( ၄)

ကျနော့်ရှေ့တွင်ကျောင်းသားတဦးကို အခြားကျောင်းသားတဦးက မျက်နှာပေါ်က ဖုန်မှူန့်များကို သုတ်ပေးရင်း ရပ်နေသည်။
“ကဲ-----ဘာဖြစ်ကြတာလဲကွ၊ ရန်ဖြစ်ကြပြန်ပြီလား“
“ ဟုတ်တယ် ဆရာ သူ့ ကို ကြွက်ကင်ကထိုးလို့ ကျနော်တို့ ဝင်ဆွဲကြတာပါ“
အထိုးခံရဟန်တူသော ကျောင်းသားက ပြေကျနေသော ပုဆိုးကို ပြင်ဝတ်၏။ဘေးဘီကို မသိမသာ အကဲ ခတ်လိုက်၏။ ဘေးမှရပ်နေသော ကျောင်းသားကလည်း နောက်ကို တချက်လှည့်ကြည့်၏။ မလှမ်းမကမ်းတွင် ကြွက်ကင်က ခပ်တည်တည်ရပ်လျှက်။
ကျနော်က ကြွက်ကင်ကို ရှေ့ တိုးဖို့ ပြောကာ၊ သူ့ ကိုစေ့ စေ့ကြည့်ကာ ဘာဖြစ်လို့ ထိုးတာလဲဟု မေးလိုက်၏။
“ကျနော်နဲ့ သူနဲ့ က အမြဲတမ်းအတူတူ ကစားနေကြ ၊ ကျနော်ပြောရင်၊ ကျနော်ခေါ်ရင် သူဘယ်တော့မှမငြင်းဘူး ဆရာ၊ ဒီကနေ့ သူက ကျနော်နဲ့ မကစားချင်တော့ဘူးတဲ့။ ကျနော်က အတင်းခေါ်တာမရဘူး၊ ဒါကြောင့်မို့ ကျနော်ထိုးတာ“
ဝိုင်းကြည့်နေသော ကျာင်းသားများကိုကြွက်ကင်က မျက်လုံးတချက်ဝေ့ကြည့်ကာ ရင်ကိုမသိမသာ ကော့လိုက်
သည်။ အထိုးခံရသောကျောင်းသားနှင့်ဘေးမှ ရပ်နေသော ကျောင်းသားက ကြွက်ကင်ကို မ၀ံ့မရဲနှင့် လှမ်းကြည့်နေကြ၏။
“အေး ဒါဆိုရင်ကြွက်ကင်တို့ အသင်းကို (၅)မှတ်လျှော့“

( ၅)

“ဘယ်လိုလဲဟေ့ အသင်းလိုက်အမှတ်လျှော့ရမလား“
တခန်းလုံး မည်သို့ မျှမတုန့် ပြန်ကြ။ တယောက်မျက်နှာ တယောက်ကြည့်ကြ၏။
“တခုခုတော့၊ ဒို့ ------ဆုံးဖြတ်မှရလိမ့်မယ်“
“ကျနော်ပြောမယ်ဆရာ“
”အေး၊ ပြောပါမင်းကအသင်းခေါင်းဆောင်ပဲ ပြောမှဖြစ်မှာပေါ့ကွ ပြောပါ“
“ကြွက်ကင်ကြောင့် ကျနော်တို့ အသင်းအမှတ်လျှော့ခဲ့ရတာ များလှပြီဆရာ၊ ကျနော်တို့ ကြိုးစားနေတာတွေ အလကားပဲဖြစ်နေပြီ၊ အခုလည်း ကစားကွင်းထဲမှာ လျှောက်ဆူးတွေချ ပြီးထောင်ထားလို့ အပြစ်ပေးမယ်ဆိုရင်သူ့ကိုပဲ အပြစ်ပေးဖို့ အားလုံးက၀ိုင်းပြောနေတယ်ဆရာ“
ကြွက်ကင်ကို တခန်းလုံးက ၀ိုင်းကြည့်ကြ၏။ ကြွက်ကင်က ပြုံးခြင်း၊ရယ်ခြင်းများမရှိ၊ ခပ်တည်တည်။ သူ့မျက်လုံး
များ အရောင်တောက်နေကြ၏။
အပြစ်ပေး ကြော်ငြာဆိုင်းဘုတ်တွင် “ စည်းကမ်းအပျက်ဆုံးကျောင်းသား ၊မောင်ကြွက်ကင်“ဟုရေးချိတ်နေကြစဉ်
ရွာသားအချို့ကျောင်းရှေ့မှ ဖြတ်လျှောက်သွားရင်းက ကျနော်တို့ကို လှမ်းကြည့်သွားကြ၏။ တရက်၊ နှစ်ရက်အတွင်း “ကြွက်ကင်”၏သတင်းမှာ ရွာထဲသို့ပြန့်နှံ့ သွားလေသည်။
ကြွက်ကင်က ဟန်အမူအရာမပျက်။ ကစားမပျက်။

(၆)

“မောင်ကြွက်ကင် ခဏမတ်တပ်ရပ်ပါ“
ကြွက်ကင်က ဘေးမှကျောင်းသားများကို ခပ်တည်တည်ကြည့်ကာ ထိုင်ရာမှ ထရပ်၏။
“မင်း----ရွာထဲမှာ၊ တလမ်းလုံးအော်ဟစ်ပြီး ဆဲဆိုလာတယ်ဆို၊ မဆဲဘို့ ၀ိုင်းပြောတော့လည်း မင်းကပိုပြီးအော်ဆဲ
လာတယ်ဆို၊“
ကြွက်ကင်က အင်းမလုပ်၊ အဲမလုပ်။
“မင်းဒီလို ပြန်မဖြေပဲ ရပ်နေလို့ ဖြစ်မလားကွ ၊ ဘယ်လိုလည်း အဲဒါ ဟုတ်သလား၊ ပြောလေကွာ “
“ဟုတ်ပါတယ်ဆရာ“
“ဘာ“
ကျနော့်အသံနည်းနည်း မာသွားသဖြင့် ကြွက်ကင်သည် နောက်သို့ အနည်းငယ်ယိုင်သလိုဖြစ်သွားရ၏။ ကျနော်သည် ဒေါသကိုထိန်းရင်း သူ့ကိုစူးစိုက်၍ ကြည့်နေမိလေသည်။
“အေး၊ဒါဆိုရင် စည်းကမ်းကိုသိရဲ့သားနဲ့ မင်းကမလိုက်နာဘူးဆိုတော့ မင်းကိုဆရာ တစ်ခုပြောမယ်။ မင်းတကယ်ပဲ အဆဲဝါသနာ ပါသလား။ ဒီလောက်တောင် ဆဲချင်ဆိုချင်နေသလား။ ဒါဆိုရင် ဆရာမင်းကို မတားဘူး။ ဒီကနေ့ ညနေ ကျောင်းဆင်းရင် ကျောင်းရှေ့ က ဘောလုံးကွင်းအလယ်ခေါင်မှာ မင်းသွားရပ်ပြီး မင်းစိတ်တိုင်းကျ အားရှိသလောက် အော်ဆဲရမယ် ။တညနေလုံးရပ်ပြီး ဆဲနေချင်တယ် ဆိုရင်လည်းရတယ်။ အေး----ဒါပေမယ့် အားရအောင်ဆဲနော် ။ ဒီတခါမင်း စိတ်တိုင်းကျ ဆဲပြီးပြီဆိုရင်တော့ မင်းဘယ်တော့မှ နောက်ထပ်ဆဲလိုမရတော့ဘူးကွ။ ဟုတ်ပြီလား“
ထိုနေ့ ညနေက အတန်းသားအားလုံး ကစားကွင်းအတွင်းဆင်းလာခဲ့ကြ၏ ။ မောင်ကြွက်ကင်ကို အလယ်တွင် ထားကာ စက်ဝိုင်းသဏ္ဍန်ရပ်ကြ၏။ ကြွက်ကင်သည် ကောင်းကင်ကြီးကိုမော့ကြည့်ကာ စိတ်ရှိတိုင်းအော်ဆဲလေတော့သည်။
သူကအဆဲရပ်တိုင်း ဆက်ပြီးအားရအောင် ဆဲရေးဘို့ ကို ကျနော်ကသတိပေးနေခဲ့၏။ ကြွက်ကင်ကဆက်ပြီးဆဲ၏။ သူကတခါ အော်ပြီးဆဲရေးတိုင်း ကျောင်းသားထုက လက်ခုပ်လက်ဝါးများတီးကာ ဘေးမှ ၀ိုင်းပြီးအော်ဟစ်ကြ၏။ ကြာတော့ ကြွက်ကင်၏ ဆဲသံဆိုသံတို့မှာ ကျောင်းသားထု၏ အသံကို ကျော်မလာနိုင်တော့။
အပြစ်ပေးပွဲ ပြီးဆုံးသောအခါ ကြွက်ကင်သည် ကျနော့်ကို မျက်လုံးတချက်ဝင့်၍ ကြည့်ကာ ကျောင်းဝင်းအတွင်းမှ ခေါင်းငုံ့ ၍ ထွက်ခွာသွားခဲ့၏။
ဒီတခါတော့ ကျနော့်၏ဆုံးမအပြစ်ပေးမှုမှာ သူ့အပေါ်တစုံတရာထိရောက် အောင်မြင်စပြု ပြီဟု တွေးမိကာ ကြိတ် ၍ပီတိဖြစ်ရလေသည်။

( ၇)

ကျနော့်မှာ စားပွဲပေါ်က မြွေအသေကောင်ကို ကြည့်ကာ ဒေါသ ချုပ်တည်းနေရလေသည်။
“ကျနော်တို့ ၀ိုင်းရိုက်ထားတာပါဆရာ ၊ လူတွေကို သူလိုက်တို့ နေတုန်းက အရှင်ကြီးရှိသေးတယ် ဆရာ“
ကြွက်ကင်က ထုံးစံအတိုင်းကျောင်းသားတချို့ ၏ အလည်တွင်ရပ်လျှက်။
”ဘုရား------ ဘုရား၊ ဒီမြွေနဲ့ မင်းက တခြားလူတွေကို လိုက်တို့ နေတယ်ဆို”
”ဟုတ်ပါတယ် ဆရာ ဒါပေမယ့်မြွေက ရေမြွေပါဆရာ “
“အို၊ ဘာမြွေပဲဖြစ်ဖြစ် မင်းဒီလို လုပ်လို့ ဖြစ်မလားကွ၊ မြွေဆိုးနဲ့ စပ်ထားတဲ့မြွေဆိုရင် ပထမမင်းကိုကိုက်မယ် ဒါမှမ
ဟုတ် တယောက်ယောက်ကို ကိုက်မယ်“
ကျနော်သည် ချက်ချင်းဆိုသလိုပင် တခန်းလုံးကို အစည်းအဝေးခေါ်ကာ “ ကြွက်ကင် ”ကို အပြစ်ပေးရန် အကြံ ဥာဏ်တောင်းရတော့၏။
“မောင်ကြွက်ကင်ကို ကျောင်းသုံးရက်ထုတ်သည်“ဟု ကြေငြာလိုက်သောအခါ ကျောင်းသားတချို့၏အော်ဟစ် အားပေးလိုက်သည့်အသံတို့ မှာ တောင်ကုန်းပေါ်တွင် ဆူညံနေတော့၏။
ကျောင်းထုတ်ထားစဉ် သုံးရက်အတွင်း ကျနော်သည် ကျောင်းသားထုနှင့်တွဲကာ ကစားပွဲများ၊ အုပ်စုလိုက် ကျန်းမာရေးလေ့ကျင့်ခန်းများ၊ စုပေါင်းသီချင်းဆိုပွဲများ၊ ရွာအတွင်းသို့သွားကာ သန့်ရှင်းရေးလုပ်ငန်းများကို နေ့တိုင်းလိုလို လုပ်နေခဲ့၏။ ကျောင်းသားများ၏ သံပြိုင်သီချင်းဆိုသံတို့ မှာ ထန်းတောကြီးရွာအတွင်း အသံမစဲအောင်ဖြစ်နေခဲ့၏။
“ကြွက်ကင်”ကို မည်သည့်ကျောင်းသားမျှ စကားမပြောရ၊ မဆက်ဆံရ၊ ကြွက်ကင်ကဆက်ဆံလာလျှင်လည်း ပြန်ပြီးမဆက်ဆံရ။ စည်းကမ်းဖေါက်ဖျက်လျှင် အသင်းလိုက်ရထားသော အမှတ်များ အလျှော့ခံရမည်ဟု ဆုံးဖြတ်ခဲ့ကြ၏။
တတိယမြောက်သောနေ့ မနက်ခင်းတွင် ပျောက်ခြင်းမလှပျောက်နေခဲ့သော မောင်ကြွက်ကင်သည် ကျောင်းရှေ့ ချောင်းကူးတံတားပေါ် ရောက်လာခဲ့၏။ နေ့ လည်ခင်းတွင်ကစားကွင်းဘေးမှ ညောင်ပင်အောက်သို့ လာထိုင်၏။ ကျောင်းဆီ
သို့ တညနေလုံးထိုင်ပြီးငေးနေ၏။
နောက်တနေ့တွင် ကြွက်ကင်သည် လွယ်အိပ်အစုတ်ကလေးလွယ်ကာ ကျောင်းကိုအစောဆုံး ရောက်လာ၏။ စာသင်ချိန်အတွင်း မကြာခဏဆိုသလို ကျနော့်မျက်နှာကို ညှိုးငယ်သော မျက်နှာနှင့်ခိုး၍ကြည့်၏။ ကျနော်က မမြင်ချင် ယောင်ဆောင်ကာ အိနြေ္ဒမပျက် စာသင်နေခဲ့ရလေသည်။

( ၈)

“ကျနော်ခိုးတာ မဟုတ်ပါဘူး”
“သူခိုးထားတာဆရာ၊ အဲ့ဒီခဲတံသူ့လွယ်အိတ်ထဲက တွေ့တာ၊ ဒါပါနဲ့ ဆိုရင် ပထမတချောင်းပျောက်တာလည်း သူပဲထင်တယ်။ ကျမခဲတံပျောက်တာ နှစ်ခါရှိပြီ၊ မသင်ကာလို့ သူ့ လွယ်အိတ်ထဲမှာ ရှာကြည့်မှ အဲ့ဒီခဲတံ ပြန်တွေ့ ရတာဆရာ”
“သူပြောတာ ဟုတ်သလားမောင်ကြွက်ကင်၊ မညာနဲ့ နော်”
“ဟုတ်-----ဟုတ်တော့ဟုတ်ပါတယ်ဆရာ၊ ဒါပေမယ့်မဟုတ်ဘူးဆရာ”
တခန်းလုံး ရယ်သံများထွက်ပေါ်လာ၏။
“အို-----မင်းဟာ၊ ဟုတ်ရင်လည်းဟုတ်တယ် မဟုတ်ရင်လည်းမဟုတ်ဘူး၊ တခုခုပြောမှ ဖြစ်မှာပေါ့ကွ”
“ဟို-----ဟို----သူ့ မှာ ခဲတံငါးချောင်းတောင်ရှိပါတယ်ဆရာ၊ ကျနော့်မှာစာရေးစရာ ခဲတံမရှိလို့ တချောင်းလောက်
ငှားရေးပါလို့ တောင်းတာ ပေးမရေးဘူးဆရာ။အဲ့ဒါမနက်တုန်းက ရေးစရာမရှိလို့ ခဏယူရေးတာပါ။ ညနေကျောင်းဆင်းရင် ပြန်ပေးမှာပါ။ ဟို----ဟို အရင်တခါပျောက်တယ်ဆိုတဲ့ ခဲတံက သူ့ ဖါသာသူကျပျောက်တာပါ။ ကျနော်မယူပါဘူးဆရာ“
“အေး---ဒါဆိုရင်မင်းမှာ အပြစ်ရှိနေပြီပေါ့ ခဲတံမရှိရင် ဆရာ့ဆီမှာတောင်းပေါ့ကွာ။ သူများပစ္စည်းမသိအောင်ယူရင်
ခိုးယူတဲ့သဘောပဲ အပြစ်ရှိတာပဲကွ“
“မောင်ကြွက်ကင်“ကိုဒုတိယအကြိမ်ကျောင်းသုံးရက်ထုတ်ရန်ဆုံးဖြတ်ရပြန်သည်။ နေ့ လည်ခင်းကျောင်းဆင်းချိန်
တွင် စာသင်ခန်းအတွင်းထိုင်ကာ စာဖတ်နေစဉ် ကျောင်းသားတစ်ဦး ကျနော့်ရှေ့ သို့ လာရပ်၏။သူ့ မှာအဝေးကြီးက ပြေးလာ
ရသူလို မောနေ၏။ကျနော်က ရုတ်တရက်စကားမပြောနိုင်ပဲမောနေသော ကျောင်းသားကို မော့ကြည့်နေမိသည်။
“ဟို----ဟိုမှာ၊ ကြွက်ကင်ဆရာ၊ ကြွက်ကင်ရေတွင်းထဲခုန်ချမလို့ တဲ့”
“ဘာ”
ကျနော်နှင့်အတူကျောင်းသားတချို့တောင်ကုန်းပေါ်မှ တဟုန်ထိုးပြေးဆင်းလာနေစဉ် ရေတွင်းဘေး၌ ကျောင်းသားသုံးဦးမှာ ဆွဲလားရုန်းလားဖြစ်နေသည်ကို တွေ့ နေရ၏။ ရေတွင်းဆီသို့ ရောက်ရန် ၀ါးတရိုက်ခန့် အလိုတွင် လူတယောက်ရေတွင်းထဲသို့ ခုန်ချလိုက်သည်ကို မျက်ဝါးထင်ထင်မြင်လိုက်ကြရ၏။
ကျောင်းသားကြီးတချို့ဝါးလုံးများ၊ လှေခါးများ၊ ကြိုးများယူလာကာ ရေတွင်းထဲသို့ ချကြ၏။ သုံးယောက်ခန့်မှာ ရေတွင်းထဲသို့ 
လှေကားနှင့် ကြိုးများကိုအသုံးပြုကာ ဆင်းနေကြသည်။ ရေတွင်းထဲမှ ရေကူးနေသောအသံများကို ကြားနေရ
၏။ ကျနော်သည် ရေတွင်းဘေးတွင် ကွေ့ ပတ်ပြေးရင်း ပါးစပ်မှ ထွက်မိထွက်ရာ အော်ဟစ်အကူအညီတောင်းနေခဲ့၏။ မကြာခင်----မောင်ကြွက်ကင် ရေတွင်းဘောင်နှုတ်ခမ်းပေါ်သို့ ပြန်ရောက်လာခဲ့၏။ သူ့ တကိုယ်လုံးရေများစိုရွှဲလျှက်။ ကျနော်က သူ့ လက်များကို ဆွဲကာ ရေတွင်းဘေးမှာပင် သူနှင့်ယှဉ်၍ ရပ်၏။ ကျောင်းသားတချို့ နောက်သို့ ဆုတ်သွားကြ
လေသည်။
“ကြွက်ကင်“သည် ကျနော့်ကိုမော့မကြည့်။ကျနော်က “ကြွက်ကင်“၏တကိုယ်လုံးနေရာအနှံ့ လိုက်စမ်းကာတစုံတ
ရာထိခိုက်မှု ရှိ၊ မရှိစစ်ဆေး၏။ ပါးစပ်မှလည်း “ဖြစ်မှဖြစ်ရလေ ဖြစ်မှဖြစ်ရလေ ငါ့သားရယ်-----“ဟု တတွတ်တွတ်ရွတ်ဆိုနေမိ
၏။ ကြွက်ကင်သည် ကျနော့်လက်များကို တုန်ယင်နေသော သူ့ လက်များနှင့် ပြန်လည်ဆုပ်ကိုင်ကာ ငုံ့ ထားသောမျက်နှာကို
မော့၏၊ ကျနော့်မျက်နှာကို ကြည့်၏။ သူ့ ပါးပြင်ပေါ်တွင် မျက်ရည်နှင့် ရေများရောယှက်လျှက်-------။
“ကျနော့်ကို ကျောင်း-------ကျောင်း------မထုတ်ပါနဲ့ ဆရာရယ်“
ကျနော်သည် ရေများတကိုယ်လုံးစိုရွှဲနေသော ကြွက်ကင်၏ ခန္ဒာကိုယ်ကိုဖက်ကာ တောင်ကုန်းပေါ်မှ စာသင်
ကျောင်းလေးကို ကြည့်ကာ ကြေကွဲဆို့ နင့်နေတော့သည်။

( ၉)

လူသည်အများ၏ အသိအမှတ်ပြုခြင်းကိုခံယူချင်သူဖြစ်သည်။ အများ၏အသိအမှတ်ပြုခြင်းကို ခံယူနိုင်ရန် ကြိုးစား၏။ တချိန်တည်းမှာပင် မိမိ၏ဇာတိပုညဂုဏ်မာဏကိုဆွဲ၏။ ဖက်တွယ်၏၊ ကာကွယ်၏၊ ဤသည်တို့မှာ ချမ်းသာ ဆင်းရဲနှင့်မဆိုင်။ ပညာတတ်ခြင်း ၊မတတ်ခြင်းနှင့်မပါတ်သက်။ ကြီးသည်၊ငယ်သည်နှင့်မဆက်စပ်။
မောင်ကြွက်ကင်သည် “ကြွက်ကင်“ဟူသောအမည်နာမကိုပင် နှစ်သက်၏။
“မောင်ကြွက်ကင်“သည် ကျောင်းသားအများစုက သူ့ကိုအသိအမှတ်ပြုရန် လိုလား၏။ အသိအမှတ်ပြုရန်လည်း တလျှောက်လုံး နည်းမျိုးစုံ ကြိုးစား၏။ အသိအမှတ်မပြုသူများကို ရန်သူလို ဆက်ဆံ၏။ သူ၏ကြိုးစားချက်များအပေါ် တရားသည် ၊မတရားသည်၊ မှန်သည်၊မှားသည်ကိုမူ သူ့ မှာ သိနိုင်စွမ်းမရှိ။
ကျနော်သည် လယ်ကူလီမုဆိုးမတဦး၏သားဖြစ်သူ၊ တနည်းအားဖြင့် ကျနော့်၏စာသင်သား တဦးဖြစ်သူ “ကြွက်ကင်” ထံမှ ဘာတခုမျှမသင်ယူနိုင်ခဲ့ပါတကား။
နောင်နှစ်ဆုံး၍ ကျောင်းပိတ်ကာနီးသောအခါ ကျောင်းရံပုံငွေအတွက် စပါးရိတ်ကြရင်းက လယ်ကန်သင်းဘေး
တွင် ပိုးထိ၍လဲကျသေဆုံးသွားရသော ကြွက်ကင်၏အလောင်းကို ကျနော်ထမ်းလျှက် ဦးစိန်ကြီးမြောင်အတွင်း စိတ်ပြိုကွဲကာ
အော်ဟစ်ငိုယိုခဲ့ရပြီးနောက်ပိုင်း ကြွက်ကင်သည်ကျနော့်ကို သေရာပါမည့်သင်ခန်းစာများပေးသွားခဲ့ပါသည်။-------၁၉၇၆--ခုနှစ်။

(၁၀)

နောက်ထပ် “ကြွက်ကင်”များနှင့်တွေ့ ဆုံရန် ကျနော့်မှာ ဆန္ဒမရှိတော့ပါ ။ ။
18-6-96

ဓါတ်ပုံလက်ဆောင်


တခါတလေ လမ်းဘေးမှာ အလေ့ကျပေါက်တဲ့ ပန်းရိုင်းပွင့်တွေကို ကျနော် ဓါတ်ပုံရိုက်လေ့ရှိပါတယ် ... ။ ဒီဓါတ်ပုံလေးကိုကြည့်ပြီး တစုံတရာ ခံစားလက်ခံလို့ ရနိုင်ကောင်းပါရဲ့ ... ။

အကျယ်ချဲ့ကြည့်ရန်စာများထားရန်နေရာ.

မြေပုံသုံးချပ်

(က)
ကျနော်ငယ်စဉ်တုန်းက ပုံဆွဲဝါသနာ ပါခဲ့ဖူးပါတယ်။ ပုံတူဆွဲတဲ့နေရာမှာ ကျနော်နဲ့ဝါသနာတူချင်း ဖြစ်သည့်တိုင် ကျနော့် ကို မှီအောင်ဆွဲနိုင်တဲ့သူငယ်ချင်း မရှိပါဘူး။ ပဉ္စမတန်းကနေ အထက်တန်းရောက်တဲ့အထိ၊ ပထ၀ီဘာသာအချိန်ကြလို့  မြေပုံဆွဲကြ ရတော့မယ်ဆိုရင် ဆရာ၊ ဆရာမတွေက ကျနော့်ကိုပဲ မြေပုံဆွဲခိုင်းတတ်ပါတယ်။ ကျောက်သင်ပုန်းကြီးမှာ စာအုပ်ကိုကြည့်ပြီး ကျနော်ဆွဲထားတဲ့ မြေပုံကိုမှ အတန်းထဲက ကျောင်းသားတွေက လိုက်ဆွဲကြရပါတယ်။



ဒီလိုငယ်စဉ်က မြေပုံတွေကိုဆွဲတဲ့အခါ ကျနော့်စိတ်ထဲ ကမ္ဘာ့မြေပုံပဲဖြစ်ဖြစ်၊ မြန်မာ့မြေပုံပဲဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရင် ဘယ်လိုကွေ့ရကောက်ရမယ်၊ ဘယ်တိုက်ကြီးတွေက ဘယ်လိုပုံပန်းရှိတယ်၊ နောက်တော့ မြစ်ကြီးတွေ၊ တောင်တန်းတွေ၊ သဲကန္တာရတွေ၊ မြို့ ကြီးတွေအထိ မှတ်မိနေခဲ့ပါတယ်။ အလွတ်ရနေခဲ့ပါတယ်။ မြေပုံတွေထဲမှာ ကျနော်စိတ်အ၀င်စားဆုံးကတော့ တွင်းထွက်ရတနာများတည်ရှိ၊ ထွက်ရှိတဲ့နေရာတွေကို ဆွဲရပြုရတဲ့အခါ တော်တော့်ကို စိတ်ဝင်စားပါတယ်။ ပျော်လည်းပျော်တယ်။ ငါကြီးလာရင် အဲဒီနေရာတွေကို သွားဖြစ်အောင်သွားကြည့်မယ်ပေါ့။ ဒါပေမယ့်လည်း မြေပုံတွေရဲ့ ဆွဲဆောင်မှုနောက်ကို ကျနော် မလိုက်ဖြစ်ခဲ့ပါဘူး။ ဘယ်ရတနာတွင်းရှိတဲ့နေရာကိုမှလည်း မသွားနိုင်ခဲ့ပါဘူး။ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ ကျနော့်ဘ၀က ရတနာတွင်း ရှိတဲ့ဒေသတွေဆီ သွားခွင့်မပြုခဲ့ပါဘူး။
ကြီးလာတော့ မြေပုံတွေထဲကတဆင့်သိရတဲ့ ရတနာတွင်းတွေဆီ ခြေဦးမလှည့်နိုင်ပေမယ့် ကျနော့်အိမ်ကလေးထဲမှာ မြေပုံ တွေဝယ်ပြီး ချိပ်ပါတယ်။ အလုပ်အားတဲ့အခါ အပမ်းဖြေတဲ့အနေနဲ့  မြေပုံကားချပ်တွေကိုချပြီး ကြည့်တတ် ပါတယ်။ သားတွေသမီးတွေရလာတော့လည်း မြေပုံကားချပ်တွေနဲ့ကျနော် မကင်းကွာခဲ့ပါဘူး။ ကိုယ်တွင်မက သားသမီးတွေကိုပါ မြေပုံကားချပ်ဘေး သွားရပ်ခိုင်းပြီး မြေပုံထဲက သိသင့်သိထိုက်တယ်ထင်တဲ့ အရာတွေကို မှတ်သားစေပါတယ်။ တခါတလေ အလိုက်ကန်းဆိုးမသိတတ်လွန်းတဲ့ ကျနော့်အကျင့်ကို ဇနီးဖြစ်သူက မြည်တွန်တောက်တီးပါတယ်။ တော့်ဖာသာ မြေပုံရောဂါထရင် ထပါ၊ သားသမီးတွေကိုတော့ တော်ရုံသင့်ရုံပဲခိုင်းပါ၊ ဒီလောက်ကြီး မနှိပ်စက်ပါနဲ့…လို့ဆိုမှပဲ ကိုယ့်အရှိန်ကို ကိုယ်ပြန်ပြီး ဘရိတ်အုပ်ရတော့တာပေါ့။
အခု…အသက်(၆၀)နီးလာပြီ။ ဘ၀အကျိုးပေးမကောင်းလို့ မိသားစုနဲ့ဝေးပြီး ခွဲနေရပေမယ့် မြေပုံတွေနဲ့ ကျနော်ကတော့ ဒီကနေ့အထိ နှစ်ပါးဂဟေဆက်ထားတုန်းပါပဲ။ ကျနော်အလုပ်လုပ်တဲ့ စာကြည့်တိုက်ကလေးမှာ မြေပုံတွေချိပ်ထားခဲ့ပါတယ်။ ကျနော့်မိသားစုလေး ရှိနေတဲ့နေရာကအစ၊ အမေရိကန်စစ်တပ်တွေ ကသောင်းကနင်းဖြစ်နေတဲ့ အီရတ်နိုင်ငံ “ ဘဂ္ဂဒက်မြို့” အဆုံး ခဏခဏ လိုက်ကြည့်နေရတုန်းပါပဲ။
တနေ့ ကတော့ မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာတပုဒ်ကို အမှတ်မထင် ကျနော် ဖတ်ရပါတယ်။ ဒီကဗျာကို ဖတ်တော့ လွန်ခဲ့တဲ့ တနှစ်ကျော်က ဖတ်ခဲ့ဖူးတဲ့ နောက်ထပ်ကဗျာတပုဒ်ကိုပါ ပြန်ပြီးသတိရလိုက်ပါတယ်။ အဲဒီကဗျာကလည်း မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာပါပဲ။ အလိုလိုမှ မြေပုံရူးသွပ်သူကျနော့်မှာ ကဗျာတွေထဲက မြေပုံတွေအကြောင်းဖတ်ရ တော့ စိတ်လှုပ်ရှားပြီး၊ အဲဒီကဗျာနှစ်ပုဒ်စလုံးကို သေသေချာချာကူးမှတ်ထားလိုက်ပါတယ်။ ကဗျာတွေထဲက မြေပုံတွေကို စိတ်ကူး နဲ့ ပုံဖေါ်ကြည့်ပါတယ်။ အကြိမ်ကြိမ်ဖတ်ပြီး အထပ်ထပ်အခါ စဉ်းစားပါတယ်။
ကျနော်တွေ့ ထားတဲ့ကဗျာတွေထဲက မြေပုံတွေဟာ၊ ကျနော်ငယ်စဉ်ကတည်းက စွဲလန်းခဲ့ရတဲ့ ရတနာမြေဒေသတွေကို ညွှန်ပြတဲ့ မြေပုံတွေလိုပဲ၊ လမ်းပြမြေပုံတွေဖြစ်နေတာတွေ့ရပါတယ်။ လူတွေကို သုခနဲ့တွေ့စေမယ့်မြေပုံ၊ ဒါမှမဟုတ် ဒုက္ခနဲ့တွေ့ စေမယ့် လမ်းပြမြေပုံ…ဒီသဘောပါပဲ။ တသက်လုံး နှစ်(၅၀) လောက် မြေပုံတွေနဲ့ ယဉ်ပါးလာခဲ့တဲ့ကျနော်ဟာ ကဗျာထဲမှာတွေ့ ရတဲ့ “ မြေပုံ ” တွေကိုတွေ့ကာမှပဲ အတွေးတချို့ကွန့် မြူးလင်းလက်လာပါတယ်။





ဒီမြေပုံအတိုင်းဆိုရင်

ကမ ၻာမွာ
စစ်ပွဲနှစ်ပွဲ ပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။

“ စစ်ဖြစ်တော့မှာလား ”
သတင်းထောက်များ မေးတော့
“ ဘယ်နိုင်ငံနဲ့လဲ ”
ဂျော့ဂ်ျဒဗလျူဘုရှ် ဖြေတယ်။

ငါတို့ရဲ့ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ။

ဒီမြေပုံအတိုင်းဆိုရင်
အားလုံးသေကုန်တော့မှာပဲ။ ။

ဒါကတော့ မြန်မာကဗျာဆရာလေး “ စိုင်းဝင်းမြင့် ” ရဲ့ ကဗျာထဲက “ မြေပုံ ” ပါပဲ။ သူကတော့ ရှင်းပါတယ်။ သူ့ကဗျာ ထဲမှာ ပါတဲ့ “ လမ်းပြ ” မြေပုံဟာ လူတွေကို “ ဒုက္ခ ” တွေဆီ လမ်းညွှန်တဲ့မြေပုံဖြစ်ပါသတဲ့။


အမွှာကောင်းကင်

မျက်လုံးတွေထဲမှာ အမွှာကောင်းကင်နှစ်ခု။
တခုက ကမ္ဘာမြေရဲ့အပေါ်မှာ။
ကြယ်တွေပြည့်နှက်
ဘုရားဖူးလမ်းညွှန်မြေပုံ။
သေချာတိကျတဲ့လမ်း။

နောက်တခုက မြေကြီးအောက်မှာ။
နက်မှောင်လေးလံတဲ့ကောင်းကင်
ရတနာတွေအပြည့်
ပျောက်ဆုံးနေတဲ့ မြေပုံ
နောက်ဆုံး မျှော်လင့်မှု။

ဒီကဗျာကတော့ ချက်ကဗျာဆရာ “ ၀ပ်လ်ဒ် မာရာ ” ရဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက် (၂)နိုင်ငံ ကတ္တီပါလမ်းမခွဲခင်တုန်းက၊ ပြီးတော့ “ ကတ္တီပါတော်လှန်ရေး ” မအောင်မြင်ခင်တုန်းက ရေးတဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက်လူမျိုးတွေ မိဒွေးတော်တပါတီ အာဏာရှင်စနစ်ရဲ့ လက်အောက်က လွတ်မြောက်ဖို့ ဘယ်လိုမြေပုံမျိုးကို ရွေးကြမလဲဆိုတဲ့သဘော ရေးခဲ့တဲ့ကဗျာပါ။ စာပေစီစစ် ရေးရဲ့ မျက်စေ့ရှေ့မှောက်မှာ ခြေဖျားထောက်ပြီးလမ်းလျှောက်နိုင်အောင်၊ “ သင်္ကေတ ” အဖွဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက် လူမျိုးတွေဟာ ဘယ်လိုလမ်းပြမြေပုံမျိုးကို ရွေးချယ်ခဲ့ကြသလဲ။ ဒီလူမျိုးတွေ မြေပုံအရွေးမှန်လို့ အာဏာရှင်လမ်းကြောင်းပေါ်က၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်လာနိုင်ခဲ့ကြတယ်။
ကဗျာနှစ်ပုဒ်ထဲက “ မြေပုံသုံးချပ် ” ကိုဖတ်ရတော့ နှစ်ပေါင်းများစွာ၊ တဘ၀လုံးယှဉ်ပြီး မြေပုံတွေနဲ့ ရူးသွပ်လာခဲ့တဲ့ ကျနော်ဟာ အတွေးတချို့လင်းလက်ပြီး၊ အော်…ငါဟာဖြင့် မြေပုံတွေ မရေမတွက်နိုင်အောင်ထိုင်ကြည့်နေခဲ့ဖူးပေမယ့် “ မြေပုံတွေ ရဲ့ တကယ့်သဘောသဘာဝ ” ကို မဆုပ်ကိုင်နိုင်ခဲ့ပါလားလို့တွေးပြီး ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်ရပါတယ်။
တသက်လုံး မြေပုံတွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့ ကျနော်ဟာ၊ မြေပုံတွေရဲ့ အကွေးအရစ်၊ အမို့အမောက်၊ မြစ်နာမည် တောင်နာမည်၊ မြို့နာမည်လောက်ကိုပဲကြည့်ပြီး၊ နိုင်ငံတွေဘယ်လိုပေါ်ပေါက်လာရတယ်၊ မြစ်တွေဘာကြောင့်ကောသွားရတယ်၊ သဲကန္တာရတွေဘာကြောင့် ဖြစ်လာရတယ်ဆိုတဲ့ လက်တဆုံးနှိုက်ပြီး တွေးသင့်တဲ့အထိ ရောက်မလာနိုင်ခဲ့ပါဘူး။ လမ်းပြမြေပုံတွေ ရဲ့ အရေးပါမှုဟာ လူတွေရဲ့ ဘ၀နဲ့ ဘယ်လိုပါတ်သက်ဆက်စပ်နေတယ်ဆိုတာ မသိခဲ့ပါဘူး။
တကယ့်တော့ လမ်းပြမြေပုံတိုင်းဟာ နက်နဲတဲ့အဓိပ္ပါယ်တွေရှိနေတယ်ဆိုတာ ကျနော်တို့ မြင်အောင်ကြည့်တတ် ကြရ ပါလိမ့်မယ်။ “လမ်းပြမြေပုံ” အရွေးမမှားဖို့ အင်မတန်မှ အရေးကြီးပါတယ်။



ကိုးကား။ ။ (၁) နားနားပြီးပြော ( စိုင်းဝင်းမြင့် )
(၂) CHILD OF EUROPE
( A . NEW ANTHOLOGY OF EAST EUROPEAN POETRY )

March 05, 2008

နွေဦးတခုကျဆုံးခြင်း


(က)
တောင်ကုန်းပေါ်က အိမ်တလုံး
သိပ်မမြင့်တဲ့ တောင်ကုန်းထိပ်ပေါ်က အိမ်တလုံး
အမိုးအောက်မှာ ပြတင်းပေါက်တခု----။



ပြတင်းပေါက်တံခါးကို ဆွဲပိတ်ဖို့ လှုပ်ရှားလိုက်တဲ့ ကျမရဲ့ လက်တွေဟာ တ၀က်တပျက်မှာတင် ရပ်သွားရပါတယ်။ ဒီ လောက်လှတဲ့မြင်ကွင်းတခုကို ကျမဘာအကြောင်းကြောင့်နဲ့ မှ မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး။ လက်တဖက်က ပြတင်းပေါက်ဘောင် ပေါ်တင်ပြီး ခန္ဓာကိုယ်ကတော့ ပြတင်းပေါက်ဘေးမှာ အလိုလိုမှီပြီး ရပ်လိုက်မိပါတယ်။
အခုဆိုရင် အိပ်ခန်းတံခါးကိုတော့ အသေအချာပိတ်ထားလိုက်ပြီးပါပြီ။ ဒီတောင်ကုန်းထိပ်ပေါ်က အိမ်တလုံးထဲမှာ ကျမက လွဲပြီး ဘယ်သူမှလည်းမရှိပါဘူး။ အလုပ်ကြမ်းစခန်းထဲက အကျဉ်းသားတွေအားလုံး တောထဲသွားတဲ့သူကသွား၊ ရထားလမ်းသစ်ဆီ သွားတဲ့သူကသွား။ ကျမကတော့ ကျန်းမားရေးမကောင်းလို့ ဒီမှာတယောက်ထဲ ကျန်ရစ်နေခဲ့တာ၊ ဒီလိုအထီးကျန်အချိန်မျိုးမှာ ကျမ ဘယ်လိုခံစားပူလောင်ရတယ်ဆိုတာ ကျမကလွဲပြီး ဘယ်သူသိနိုင်မှာတဲ့တုန်း။ ပြောကြတာပဲ----။ “ပက်စတာညက်“ ကလည်းပြော တာပဲ။“အက်ခ်မာတော်ဗာ“ ကဆိုရင် ပိုပြီးပြောတာပဲ။ “စဗက်ထရေဗာရေ------နင့်ဘ၀ဟာ ငါတို့ ထင်ထားတာထက်ပိုပြီး ခက်ခဲကြမ်း တမ်းနေတယ်ဆိုတာ“ ငါတို့ သိပါတယ် ဆိုတဲ့စကားကို သူတို့ အားလုံးကျမကို ပြောခဲ့တာပဲ။
အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ ကျမတကယ့်ကို လေးလေးနက်နက် သတိရနေမိတာကတော့ ကျမရဲ့ “အချစ်ဆုံးရန်သူ“ပါ ပဲ။ သူ့ ကို ကျမသတိရတယ်ဆိုတာ သာမာန်သတိရခြင်းမျိုးမဟုတ်ပါဘူး။ အရိုးချင်းထိမိခိုက်မိလို့  နာကျင်ရတဲ့ နာကျင်မှုမျိုးထက်ပို တဲ့ သတိရခြင်းမျိုးပါ။ သူနဲ့ ပါတ်သက်ရင် သူ့ အပေါ် “ပက်စတာညက်“ က မှတ်ချက်ပြုထားတဲ့ စကားတခွန်းထဲနဲ့ တင် ကျမမှာ ၀မ်းနည်းကြေကွဲလို့ မဆုံးခဲ့ဘူး။ “ပက်စတာညက် “ကသူ့ ကို “ခွန်အားတွေ အလဟဿ ဖြုန်းတီးနေတဲ့လူတယောက်“ လို့ မှတ် ချက်ပြုခဲ့တာ။ အောင်မယ်လေးလေး----။ သူ့ ခွန်အားမျိုးလား----။ မရှိဘူး။ ဘယ်သူ့ မှာမှမရှိဘူး။ သူ့ ခွန်အားမျိုးက သူလိုပုဂ္ဂိုလ်မျိုး ရဲ့ ခန္ဓာကိုယ်နဲ့ မှ အံဝင်ခွင်ကျဖြစ်နိုင်တာ။ သူလိုလူပုဂ္ဂိုလ်မျိုးရဲ့ နှလုံးသားနဲ့ မှ ကွက်တိဖြစ်နိုင်တာ။ တခါတလေသူက လက်သီး လက်မောင်းတန်းပြီး ကဗျာရွတ်နေတုန်း နေရောင်ခြည်တွေတုန်းအသွားတာမျိုး ၊နှင်းတွေမဲမဲကြုတ်သွားတာမျိုး ကျမတွေ့ ခဲ့ရဖူး တယ်။ တကယ့်ကိုအံ့သြစရာ။ ဒီလိုလူမျိုးကိုမှ ကျမမချစ်ခင် မစွဲမက်နိုင်ဘူးဆိုရင် ကျမဟာ လူဖြစ်ရကျိုးဘယ်နပ်ပါ့မလဲ။ ဒါကြောင့် မို့ သူကကျမရဲ့ အချစ်ဆုံးပုဂ္ဂိုလ်။ ဒါပေမယ့် သူက ကျမရဲ့ “ရန်သ“ူ ။ မာယာကော်စကီး----။ ဆိုဗဲီယက်ယူနီယံ ပစ္စည်းမဲ့ အလုပ် သမားထုကြီးရဲ့  မီးရှူးတန်ဆောင်။ “ လီနင်“ ရဲ့ အားအကိုးရဆုံး ၀ါဒဖြန့် ချိရေးမှူးကြီး ။
ကဗျာဆရာ “မာယာတော်စကီး“ နဲ့ ကျမ၊ မကြာခင်မှာတွေ့ ဆုံဖို့ ရှိပါတယ်။ သူ့ ကို ကျမသွားတွေ့ မှာ ဖြစ်ပါတယ်။ ပြီး
တော့ သူ့ ဆီကို ကျမ ဘယ်လို ရောက်အောင်သွားရမယ်ဆိုတာကိုလည်းသိတယ်။ ဒီလိုတွေးမိတော့ ကျမရဲ့ စိတ်တွေဟာ လွတ် လပ်ပေါ့ပါးသွားရတယ်။ သူနဲ့တွေ့ ရင် ဘာတွေပြောကြမလဲ ။ ဘာတွေဆွေးနွေးမလဲ ။ သူကတော့ကျမကို တွေ့ ချင်မှတွေ့ ချင်ပါ့မ လား။ သူ့ ကိုကျမက “အချစ်ဆုံးရန်သူ“ လို့ သုံးနှုန်းခဲ့တာကိုရော သူဘယ်လိုသဘောထားမလဲ။
အခန်းတံခါးကို အသေအချာပိတ်လိုက်သလို ပြတင်းပေါက်ကိုလည်း အသေအချာပိတ်ဖို့  ကျမစဉ်းစားခဲ့ပေမယ့် တကယ် တမ်း ပြတင်းပေါက်ကို ပိတ်ဖို့ လုပ်တော့ ကျမလက်တွေဟာ ပြတင်းပေါက်ဘောင်ပေါ်မှာတင် ရပ်သွားရပါတယ်။ ပြတင်းပေါက်က တဆင့်မြင်နေရတဲ့ မြင်ကွင်းက ကျမလက်ကို ဟန့် တားထားလိုက်တယ်။ ဟုတ်သားပဲ။ မလှမ်းမကမ်းမှာရှိတဲ့ လူသွားလမ်းကလေး လို ပြာလဲ့လဲ့တောင်တန်းကြီးလို လွတ်လပ်ပေါ့ပါး သစ်လွင်လန်းဆတ်တဲ့စိတ်နဲ့ “မာယာကော်စကီး“ ဆီကို သွားသင့်တဲ့ အကြောင်း ဒီမြင်ကွင်းကသတိပေးလိုက်တာပဲ။ ဒါနဲ့ ပဲ ပြတင်းပေါက်တံခါးကို မပိတ်တော့ပဲ အိပ်ခန်းအလယ်ဖက်ကို ကျမလျှောက်လာခဲ့ ပါတယ်။ ပြီးတော့ ခွေးခြေခုံပုလေးပေါ်တက်ပြီင်္းရပ်လိုက်ပါတယ်။ ခေါင်းကိုမော့ကြည့်တော့ ကြိုးကွင်းတခုက ကျမကိုငုံ့ ကြည့်ပြီး ပြုံး ပြနေတာတွေ့ လိုက်ရပါတယ်။



(ခ)
သစ်ရွက်ခြောက်ပုံပေါ်
ဝေ့ကာဝဲကာ၊ နိမ့်ချီမြင့်ချီ
ကြွေကျလာနေကြတဲ့ သစ်ရွက်တွေကို
ကျမ
ကြည့်နေမိတယ်။
ပန်းချီဆရာတယောက်က
သူ့ ပန်းချီကားကို
အပြီးသတ် နောက်ဆုံးစုတ်တချက်ပက်တင်လိုက်ပြီးတဲ့အခါ
မြင်ရတဲ့ ပန်းချီကားတချပ်ပမာပါပဲ----။

ကျမဘ၀မှာအကန့် နှစ်ကန့် ရှိပါတယ်။ အပူအအေးနှစ်ကန့် ပါ။ တနည်းအားဖြင့် အမှောင်နဲ့ အလင်းနှစ်ကန့် လို့ ပြောရင် လည်းရမယ်ထင်ပါတယ်။ တကန့် က ငယ်စဉ်ဘ၀ကစပြီး “အက်ဖရွန် “နဲ့ အိမ်ထောင်ကျ၊ ပြီးတော့ “ချက်ကိုစလိုဗက်ကီးရား“ ရဲ့  နွေည များမှာ နေထိုင်ခဲ့ရတဲ့နှစ်ကာလများ။ နောက်ထပ်တကန့် ကတော့ အမိမြေရုရှကို ပြန်လာခဲ့ပြီးတဲ့နောက် “မာယာကော် စကီး“သေဆုံးတာကို ကြားရတဲ့အချိန်အထိကတကန့် ။ ဒီအကန့် နှစ်ကန့် ဟာ အကာရော၊ အနှစ်ပါမတူကြတဲ့ ကျမဘ၀ရဲ့ အကန့် နှစ်ကန့်ပါပဲ။
ရယ်စရာကောင်းတာလေးတခု ပြောကြည့်ချင်သေးတယ်။ ကျမက ကျမရဲ့ ဘ၀ကို အပူနဲ့ အအေး၊ အလင်းနဲ့ အမှောင် ဆိုပြီး အကန့် နှစ်ကန့် ရှိတယ်လို့ ယူဆထားပေမယ့် ဝေဖန်ရေးဆရာ တချို့ ကတော့ ကျမနဲ့  “ပက်စတာညက်“ ကိုရုရှနိုင်ငံရဲ့  အနက်ရှိုင်းဆုံး ရင်ခုန်သံကို ရေးဖွဲ့ ကြတဲ့ ကဗျာဆရာ နှစ်ယောက်ဆိုပြီး ညွှန်းကြတယ်ဆိုပဲ ။ ကဗျာဆရာကြီး “ဘလော့“ ပြောတဲ့ “ကြောက်မက်ဖွယ်နှစ်ကာလများ“ အတွင်း “ပက်စတာညက် “နဲ့ ကျမကရုရှနိုင်ငံရဲ “့တန်ဖိုး“ကိုကဗျာရေးဖွဲ့ မှတ်တမ်းပြုနိုင်ကြ တယ်ဆိုပဲ-----။ ဒီလိုဆိုတော့ ရယ်စရာလည်းကောင်း၊ အံ့သြစရာလည်းကောင်းမနေပေဘူးလား။
ထားပါတော့----။ ကျမဟာ မော်စကို တက္ကသိုလ်က အနုပညာပါမောက္ခတဦးရဲ့ သမီး။ စန္ဒယားဆရာမ တဦးရဲ့ သမီး။ ဒီအ ချက်နှစ်ချက်ထဲနဲ့ တင် ကျမကို ကဗျာဆရာမတဦးဖြစ်လာတာဟာ မဆန်းကြယ်လှပါဘူးလို့  ဆိုကြမှာပါ။ ဒါပေမယ့် ကျမကတော့ ဒီလိုမထင်ပါဘူး။ ရုရှနိုင်ငံကြီးရဲ့ ထူးခြားတဲ့ သမိုင်းရေးအဖြစ်အပျက်တွေက တွန်းပို့ ခဲ့လို့ သာ ကျမဟာ ကဗျာဆရာမဖြစ်လာခဲ့ တာပါ။ ကဗျာတွေရေးဖြစ်ခဲ့တာပါ။
၁၉၁၂ခု၊ ကျမအသက်(၁၇)နှစ်မှာ ၊ “ဆာဂျီအဖရွန်“ နဲ့ လက်ထပ်ခဲ့ပါတယ်။ ၁၉၁၄ခု၊ အိမ်ထောင်သက် (၂)နှစ်ရှိတဲ့ အချိန်မှာပဲ အိမ်ထောင်ကွဲခဲ့တယ်။ “ဆာဂျီ “က“ရှပ်ဖြူ “တွေနဲ့ လက်တွဲပြီး “ဇာဘုရင်“ ဖက်ကရပ်တည်ခဲ့တာရယ်၊ ကျမမပျော်ပိုက် တဲ့အရပ်မှာ နေထိုင်ရတာရယ်ကြောင့် သူနဲ့ ကျမလမ်းခွဲခဲ့ကြရတဲ့သဘောပါပဲ။ ဒီလိုဆိုတော့ “ရှပ်ဖြူ “တွေ ကိုဆန့် ကျင်ပြီး “ကွန်မြူနစ် “တွေကို ကျမထောက်ခံတဲ့သဘောမဟုတ်ပါဘူး။ ကျမဘယ်သူ့ ကိုမှ မထောက်ခံပါဘူး။ “ဇာဘုရင်“ နဲ့  “ကွန်မြူနစ် “ကို ကျမဘယ်တုန်းကမှ မထောက်ခံခဲ့ပါဘူး။ ကျမနှလုံးသားထဲမှာ အဲ့ဒီအရာနှစ်ခုဟာ အတူတူပဲလို့ တောင်မှ ယူဆနေမိခဲ့သလား ဆိုတာ ကိုလည်း မသဲကွဲလှပါဘူး။ သေချာတာကတော့ “ဆာဂျီ “က “ချက်ကိုစလိုဗက်ကီးယား“ ကို ပြည်ပြေးအဖြစ်နဲ့ ထွက်ခွာတဲ့ အခါ သူ့ နောက်ကို ကျမ မလိုက်ခဲ့ဘူး။ “မော်စကို“ ကို ကျမတယောက်ထဲ ပြန်လာခဲ့တယ်။ ကျမအထီးကျန်ဖြစ်ခဲ့ရတယ်။
“မော်စကို“ ရဲ့ “ဆောင်းဦးကာလ“ က ကျမကို တွန်းဆောင့်လိုက်သလို တုန်လှုပ်ရပြန်တယ်။ ဟိုမှာ အစိုးရ မိဘမဲ့ဂေဟာ တခုမှာ ထားခဲ့ရတဲ့ ကျမရဲ့  “သမီးငယ်“ ကမရှိတော့ဘူးတဲ့။ ပြီးခဲ့တဲ့ နှစ်၊ မော်စကိုမှာ အငတ်ဘေးကြီး ကျရောက်တဲ့အချိန် “သမီးငယ်“ ဟာအစာအဟာရပြတ်ပြီး ဆုံးခဲ့ရပြီတဲ့ ။ ဒီသတင်းကိုကြားရတော့ မော်စကိုမြို့ ရဲ့ လမ်းမတွေပေါ်မှာ နေ့ ရယ် ညရယ် လို့ ကျမသတိမထားမိပဲ ရက်ပေါင်းများစွာလမ်းလျှောက်နေခဲ့မိတယ်ဆိုပါတော့။ ဒီလိုဖြစ်တာ ၁၉၁၇ခု၊ အောက်တိုဘာတော်လှန် ရေး ဖြစ်ပြီးတဲ့နောက် (၂)နှစ်အကြာ ၁၉၁၇ ခုနှစ်မှာ ဖြစ်ခဲ့တာ။ ဒီလိုနဲ့ (၅)နှစ်ကျော်ကြာအောင် ကျမလေလွင့်ခဲ့တာပေါ့ ။ ကျမဟာ သစ်ရွက်တရွက်လို လေထဲမှာ ၀ဲနေခဲ့တာ သတိရလို့  ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတဲ့အခါတော့ “ချက်ကိုစလိုဗက်ကီးယား “နိုင်ငံ ဖက်ကို ဦးတည်တဲ့ကားတစီးပေါ်မှာ ကျမရောက်နေခဲ့တာ တွေရတော့တယ်။ သစ်ရွက်ကြွေပေါင်းများစွာ အစုလိုက်အပုံလိုက် ကြွေ ကျနေတဲ့ အဲ့ဒီ “ချက်ကိုစလိုဗက် “မှာ “ဆာဂျီ “ဆိုတဲ့ သစ်ရွက်တရွက်လည်း ရှိနေခဲ့တာပဲ မဟုတ်လားလေ။
(ဂ)
“ဆာဂျီအဖရွန် “တယောက် အသက်ထင်ရှားရှိနေဆဲဖြစ်တဲ့အကြောင်း “အီရင်ဘတ် “ကကျမကို သတင်းပေးခဲ့တာပါ။ ဒီတုန်းက “အီရင်ဘတ်“ ဟာ “ပါရီကျဆုံးခန်း“ ၀တ္ထုကြီးကိုရေးနေတဲ့အချိန် “ဆာဂျီ “နဲ့ သူနဲ့ကအဆက်သွယ်မပြတ်ခဲ့ဘူးလေ။ ဒါနဲ့ ပဲ “ဆာဂျီ“ ရှိရာ ကျမလိုက်လာခဲ့တယ်ပေါ့။

တွေ့ ဆုံဖို့ 
စီစဉ်ချိန်းဆိုထားတဲ့အချိန်ထက် နောက်ကျပြီးမှ
ကျမရောက်လာခဲ့မိတယ်။
ဒီကိုရောက်လာတော့
ကျမရဲ့ ဆံပင်တွေ မွဲခြောက်နေကြပြီ။
နွေဦးကို ကျမလှမ်းဆုတ်လိုက်မိတယ်။
ပြီးတော့
ရှင်က ကျမမျှော်လင့်ချက်တွေကို အမြင့်မားဆုံးတည်ဆောက်ထားခဲ့တာပဲ။

“ဆာဂျီ“ နဲ့ ကျမ “ပရပ် “မှာ အချိန်အကြာကြီး အတူနေခဲ့ကြတာလည်းမှန်တယ်။ ဆာဂျီ က ကျမကို နွေးထွေးမှုမပေးခဲ့တာ လည်း မှန်တယ်၊ စားဝတ်နေရေးကြပ်တည်းခဲ့တာလည်းမှန်တယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေးခဲ့ရတာလဲမှန်တယ်။ ကျမရဲ့  စာဖတ်ပရိတ်သတ်နဲ့  ကင်းကွာခဲ့တာလည်းမှန်တယ်။ တခါတရံမှာ ဘာမှစားစရာမရှိတော့ ဇောင်းထဲက“ မြင်းပိန်တကောင်“ ကို သတ် စားခဲ့ကြတာလည်းမှန်တယ်။ ဒါပေမယ့် “ချက်ကိုစလိုဗက်ကီးယား“ နိုင်ငံရဲ့ မြို့ တော် “ပရပ် “မှာနေခဲ့ထိုင်ခဲ့ရတဲ့ဘ၀ကို ကျမ အပျော်ကြီးပျော်ခဲ့ပါတယ်။ အထူးသဖြင့် “ဆာဂျီ “နဲ့ အတူ နေခွင့်ရခဲ့ တာ စာတွေအများကြီးဖတ်ခွင့် ရှိခဲ့တာ ကဗျာတွေအများကြီး ရေးနိုင်ခဲ့တာ။ ဒါကြောင့်မို့  အဲဒီ ဘ၀တကန့် အတွင်းမှာ ကျမပျော်ရွင်ခဲ့တယ်။ ကြေနပ်ခဲ့တယ်။ “နွေဦး“ တွေတခုပြီးတခု ကျမနှလုံးသားထဲ ကောက်ထည့်နိုင်ခဲ့တယ်။ ဘယ် “နွေဦး “တခုမှ လက်လွတ်ဆုံးရှုံးခံလိုက်ရတယ်လို့ ကို မရှိခဲ့ပါဘူး။

(ဃ)
မီးပုံထဲမှာ
နေတတ်ထိုင်တတ်ဖို့ 
ကျမကို
သူကသင်ကြားပေးခဲ့တယ်။
အဲဒီမီးပုံထဲကိုပဲ
ကျမကို သူကပစ်ချခဲ့တယ်။
ပြီးတော့မှ
ရေခဲပြင်လှေကားထစ်ပေါ်မှာ
ကျမကို စွန့် ပစ်ထားခဲ့တယ်။

အချစ်ရယ်
မင်းက
ကျမအတွက်
ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲဆိုတာ
ကျမသိပါတယ်။
အချစ်ရယ်
မင်းအတွက်
ကျမ ဘာတွေလုပ်ရမယ်ဆိုတာကိုလည်း ကျမသိပါတယ်။

“ပရပ် “မှာ “ဆာဂျီ “မရှိတဲ့နေ့ တွေ-------။ ကျမအဖို့  အလူးလူးအလိမ့်လိမ့်ဖြစ်ခဲ့ရပါတယ်။ “ဆာဂျီ “ဟာ “မော်စကို “ကို ကျမ မသိအောင် တိတ်တဆိတ်ပြန်သွားခဲ့တယ်။ သူဟာ ဇာဘုရင့်လူအဖြစ်က ဆိုဗီယက်ယူနီယံ သစ္စာခံတဦးအဖြစ် ပြောင်းလဲခံယူ သွားခဲ့တယ်။ “ဆာဂျီ “ဟာ ပဒေသရာဇ်ဝါဒီအဖြစ်ကနေပြီး ကွန်မြူနစ်ဝါဒီအဖြစ် ကူးပြောင်းသွားခဲ့တယ်။ “ဆာဂျီ“ မရှိတော့တဲ့ အခါကြ မှ “ဆာဂျီ “နဲ့ သူ၊ မကြာခဏ ငြင်းခဲ့ခုန်ခဲ့ရတာတွေကို ပြန်တွေးမိတော့တယ်။ ဆာဂျီ က ပဒေသရာဇ်စနစ်နဲ့  ကွန်မြူနစ်စနစ် ဟာ မတူကြဘူးတဲ့လေ။ အရောင်ရော၊ အနံ့ ပါမတူဘူးတဲ့။ ဒီတုန်းက ပဒေသရာဇ်ဝါဒီအဖြစ်ကနေပြီး ကွန်မြူနစ်ဝါဒီအဖြစ် ကူးပြောင်းတော့မယ့် “ဆာဂျီ “ကို ကျမမရိပ်မိခဲ့ဘူး။
“ဆာဂျီ“ ကကျမကို အသိမပေးပဲ “မော်စကို“ ကိုပြန်သွားခဲ့တယ်။ ဒီတော့လည်း “ဆာဂျီ“မရှိတဲ့ “ပရပ်“မှာ ကျမ မနေနိုင်တော့ပြန် ဘူး။“ ပရပ် “ရဲ့ အုတ်စီလမ်းများပေါ်မှာ ကျမတယောက်ထဲလမ်းမလျှောက်ချင်ဘူးလေ။ “ဆာဂျီ“ ကကျမကို တယောက်ထဲထားပစ်ခဲ့ပြီးနောက် တနှစ်အကြာမှာ ကျမလည်း “မော်စကို “ကိုလိုက်လာခဲ့ရပြန်တာပေါ့။
မော်စကိုကြရင် “ဆာဂျီ“ ကိုတွေ့ အောင်ရှာပြီး ကျမ-----ဘ၀တခုပြန်စရပါလိမ့်ဦးမယ်။

(င)
ကျမရဲ့ မြစ်
စီးရစ်ခွေဆဲ------။
ပြီးတော့
မင်းရဲ့ မြစ်
စီးရစ်ခွေဆဲ------။
ကျမရဲ့ မင်းရဲ့ လက်ကတော့
ဘယ်တော့မှ ချိတ်ဆက်လို့ မရ
ဒါမှမဟုတ်
ဆည်းဆာတခုက
အခြားဆည်းဆာတခုကို ဖမ်းဆုပ်ချိတ်ဆက်လို့ မရသလိုမျိုး------။

ကျမက အခုလို ပြောဆိုတုန့် ပြန်ခဲ့ဖူးတယ်။ “ကျမလား-----။ကျမကိုနိဗ္ဗာန်ဘုံနဲ့  စာရေးခြင်းအလုပ်နှစ်ခုအနက် တခုခုကိုရွေး ပါလို့ ဆိုချင်တာလား။ ဒါဆိုရင်ကျမက နိဗ္ဗာန်ဘုံကို ငြင်းတယ်“ ဆိုပြီး ချက်ချင်းဆိုသလို တုန့် ပြန်ပြောဆိုခဲ့ဖူးတာ။ အခုတော့ နိဗ္ဗာန်ဘုံလည်းဆုံးရှုံး၊ စာရေးခြင်းအလုပ်လည်း စွန့် လွှတ်ရတော့မယ်။
“ဆာဂျီ “ကိုကျမ အသဲအသန်လိုက်ရှာနေတဲ့အချိန်မှာ“ ဆာဂျီ “က လူ့ ပြည်မှာ မရှိတော့ဘူးလေ။ “ဆာဂျီ “ကို သူတို့ က မယုံ ကြည်ကြဘူးလေ။ “ဆာဂျီ “ကို သူတို့ တတွေ သတ်ပစ်လိုက်ကြပြီ။ “ဆာဂျီ “ကိုသူတို့ အဆုံးစီရင်ပြီးကြသည့်တိုင် ကျမကို သူတို့  စောင့်ကြည့်နေခဲ့ကြပါတယ်။ ကျမရဲ့ နောက်ထပ် သမီးလေးကိုလည်း ဖမ်းထားကြပါတယ်။
မော်စကို မြို့ ကြီးထဲမှာ ကျမဟာ အထီးကျန်ဖြစ်ပြန်တော့တာပေါ့ ။ လူတွေဟာ ကျမကိုတွေ့ ရင် သရဲ သဘက်တကောင် ကို ရှောင်သလို ရှောင်သွားကြတယ်။ တစိမ်းတရံစာ လူတွေကတော့ ကျမနဲ့ မလှမ်းမကမ်းမှာ ရှိနေကြတာပါပဲ။ ဒါပေမယ့် သူတို့  ဟာ စကားမပြောပဲ စောင့်ကြည့်နေကြတာပါ။ ဒီတုန်းက အဲဒီမျက်နှာစိမ်းတွေဟာ ကျမရဲ့ အရိပ်ထက်ပိုပြီး ကျမနောက်ကလိုက်နေ နိုင်ကြတယ်လို့ ယူဆမိတယ် ။ ကျမအလင်းရောင်ထဲမှာ နေတော့လည်း အဒီလူတွေက ကျမကို မြင်နိုင်ကြတယ်။ အမှောင်ထဲမှာ ၀င်ရပ်ကြည့်တော့လည်း ကျမကို သူတို့ ကောင်းကောင်းမြင်နိုင်ကြတယ်။
ဒီလိုအချိန်မျိုးမှာပဲ ကြောက်မတ်ဖွယ်သတင်းစကားတခုက ကျမဆီကို ရောက်လာခဲ့ပါတယ်။ ကျမမှာ ခွန်အားဟူသမျှ လုံးပါးပါးရတော့တာပေါ့။ “ကဗျာဆရာ မာယာကော်စကီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီ“တဲ့။ကျမရဲ့ ချစ်သူ “ဆာဂျီအဖရွန်“မရှိ တော့ဘူး။ ကျမအလေးနက်ဆုံး အချစ်ဆုံးရန်သူ မာယာကော်စကီး မရှိတော့ဘူး။

ကျမ
အမှန်တရားကို သိတယ်။
တခြား အမှန်တရားအားလုံးကိုတော့ ကျမစွန့် ပစ်လိုက်ပြီ။
ကမ္ဘာပေါ်မှာ
ဘယ်လူသားမှ
ရုန်းကန်တိုက်ပွဲဝင်ဘို့ ရာ မလိုအပ်ပါဘူး။
ကြည့်စမ်း
အဲဒီ
ညနေဆည်းဆာပေါ့
ကြည့်စမ်း
အဲဒါ ညနဲ့ အနီးကပ်ဆုံးပေါ့။
ကဗျာဆရာတွေ
ချစ်သူတွေ
ဗိုလ်ချုပ်ကြီးတွေ
သင်တို့  ဘာတွေပြောကြဆိုကြဦးမှာလဲ-------။

(စ)

၁၉၄၁ ခု၊ နွေဦး-----။ “ရယ်လာဘူခါ အလုပ်ကြမ်းစခန်း-----။“ ဆိုက်ဗေးရီးယားမဲဇာ-----။
ခွေးခြေပုလေး ပေါ်ကို ကျမတက်လိုက်ပါတယ်။ ထုတ်တန်းမှာ တွဲလောင်းချထားတဲ့ ကြိုးကွင်းကို ယူပြီး လည်တိုင်မှာ စွပ်လိုက်ပါတယ်။ ခန်းဆီးတခုရဲ့ ဟိုမှာဖက်မှာ ရှိတဲ့“ မာယာကော်စကီး“ဆီကို ကျမသွားတော့မယ်လေ။
နောက်ဆုံးအကြိမ်အဖြစ် တောအုပ်ကလေးဆီကို ပြတင်းပေါက်ကတဆင့် လှမ်းကြည့်မိပါတယ်။
တောအုပ်ကလေးထဲမှာတော့ နွေဦးတခုကျဆုံးသွားခဲ့ပြီဆိုတာ ကျမအသေအချာသိလိုက်ပါပြီ။

ကိုးကား။ ။ 1. SELECTED POEM OF MARINA TSVETAYEVA
2. SELECTED POEM ; OSIP MANDELSTAM

March 01, 2008

ဒုံသမိချောင်းပေါ်ကျော်လာတဲ့ စိန်ပြောင်းကျည်ဆံများ


(က)

ညတုန်းက တောင်ကုန်းထိပ် လေကွယ်ရာဖက်ခြုံဘေးတွင် ကျနော်တို့ အဖွဲ့ ပုန်းအောင်းအိပ်စက်ခဲ့ကြ၏။ လူချင်း ပူးကပ် ကာ အိပ်ကြသည့်တိုင် အအေးဒဏ်ကိုမူ အံမတုနိုင်ခဲ့ကြ။ ည နှစ်နာရီခန့် ကတည်းက မိုးလင်းသည်အထိ မည်သူမျှ နှစ်နှစ် ခြိုက်ခြိုက် မအိပ်နိုင်ကြ။ မနက်မိုးလင်းလို့ အိပ်ယါမှ ထသောအခါ ကျနော်တို့ အားလုံး၏ကိုယ်ပေါ်တွင် နှင်းများဖြင့် ရွှဲစိုလျက် ရှိလေသည်။

နံနက် (၈)နာရီထိုးကာနီးမှ တောင်ကုန်းပေါ်မှ ကျနော်ဆင်းလာ၏။ တောင်ကုန်းအောက်တွင်ရှိသည့် စမ်းချောင်းရှိရာ ဆင်းလာခြင်းဖြစ်သည်။ စမ်းချောင်းပေါ် အုပ်မိုးထားသည့် ရှိုထဲတွင် နေရောင်ခြည်ကောင်းစွာ မရတတ်သေး။ နှင်းများ တပေါက် ပေါက် ကျနေသည့်အသံကို အတိုင်းသားကြားနေရ၏။ စိမ့်အေးစိုထိုင်းလျက်ရှိသော ရှိုထဲတွင် ခေတ္တခဏမျှရပ်ကာ နားစွင့်ကြည့်မိ သေးသည်။ “ တောထဲ၌ မျက်စေ့သည် နားလောက်အသုံးမ၀င် ” ဟူသည့် စကားကိုလည်း တွေးမိသည်။ သို့ သော် မည်သည့် ထူးခြားသည့်အသံမျှ မကြားရ။ ညက သည်တောင်ကုန်းအောက်၊ ရှိုထဲမှ “ ချေ ” ဟောက်သံ မကြာခဏ ကြားနေခဲ့ရ၏။ “ အသံ ကျယ်သလောက် ခွါရာငယ်လွန်းသည် ” ဟူသည့် တရုပ်စကားပုံတခုကိုလည်း မှတ်မှတ်ရရ တွေးမိပြီး ပြုံးမိသေး၏။

စမ်းချောင်းဘေးတွင် “ ဗိုလ်သိန်းစိုး ” ရောက်နှင့်နေသည်။ သူသည် ကျနော့်ကိုနှိုးကာ ရှိုထဲသို့ အရင်ဆင်းသွားခဲ့၏။ ကျနော်နှင့်ရဲဘော်လေး “ ဝှေ့ စာ ” တို့ နှစ်ဦး၊ တော်တော်နှင့်အိပ်ယါက မထနိုင်သေး။ စမ်းချောင်းဘေးတွင်ရောက်သွားတော့ ဗိုလ်သိန်းစိုးက ကာဘိုင်သေနတ်ကို ဘေးကသစ်ပင်တွင်ထောင်ကာ မီးထိုင်မွှေးနေသည်ကို တွေ့ ရ၏။ ကျနော်က သူ့ ဘေးတွင် သွားရပ်ကာ စမ်းချောင်းရေနှင့် မျက်နှာသစ်ရန် စိတ်ကူးလေသည်။

“ ဖေါင်း-----ဂျိန်း၊ -----ဖေါင်း-----ဂျိန်း၊ -----ဖေါင်.း-------ဂျိန်း၊-----ဖေါင်း-----ဂျိန်း ”

ဗိုလ်သိန်းစိုးနှင့်ကျနော် ပြိုင်တူလိုပင် မတ်တပ်ရပ်လိုက်ကြသည်။ ဗိုလ်သိန်းစိုးက သေနတ်ကို ကောက်ကိုင်ကာ တောင်ကုန်းပေါ်သို့ အပြေးတက်ရင်း ပါးစပ်ကလည်း တစုံတရာပြောလိုက်၏။

“ ဒီကောင်တွေ ရွာထဲကို ၆၀ မမ ပစ်ထည့်လိုက်တာပဲဖြစ်မယ် ကိုငြိမ်း ”

ကျနော်တို့ နှစ်ယောက် တောင်ကုန်းထိပ်ပေါ်ရောက်တော့ ရဲဘော်လေး “ ဝှေ့ စာ ” သည်လည်း အဆင်သင့်ဖြစ်နေ သည်ကို တွေ့ ရ၏။ ခြုံပုတ်များကိုကျော်ကာ၊ တောင်ကုန်းအောက်ဖက် “ ကျုံစိန် ” ရွာဆီကို ကမန်းကတန်း လှမ်းကြည့်ကြရ၏။ ရွာလယ်မရှိတရှိနေရာမှ မီးခိုးများအူတက်လာသည်ကို တွေ့ လိုက်ရ၏။ လူတွေ အော်ဟစ်ပြေးလွှားသံ၊ ခွေးဟောင်သံများ ကြားနေ ရ၏။

ဗိုလ်သိန်းစိုးက ဦးဆေါင်ကာ ကျနော်တို့ သုံးယောက်၊ တောင်ကုန်းအောက်ကို အပြေးဆင်းလာခဲ့ကြ၏။ ကျနော်က အသံဖမ်းစက်ကလေးကို စေ့ဖွင့်ကာ လက်တဖက်ကဖေးပြီး လည်ပင်းတွင်ချိပ်၏။ ကျန်လက်တဖက်က “ ကင်မရာ ” ကို အဆင်သင့်ကိုင်ကာ တောင်ကုန်းအောက်ကို ပြေးဆင်းနေမိသည်။

တောင်ကုန်းအောက် လူသွားလမ်းကလေးပေါ်အရောက် ရွာထဲက ပြေးထွက်လာကြသည့် လူအုပ်နှင့် ကျနော်တို့  သုံးယောက် ၀ါးတရိုက်အကွာတွင် ဘွားကနဲသွားဆုံလိုက်ကြ၏။ ကျနော်တို့ က လူသွားလမ်းပေါ်ရပ်မိသည်နှင့်တပြိုင်နက်၊ ကျနော်တို့ ဆီပြေးလာနေသည့် လူအုပ်မှာ နေရာတွင်ပင် ရပ်သူရပ်၊ နောက်ကို ဘေးကို ပြန်ပြေးသူပြေးနှင့် ၀ရုန်းသုန်းကား ဖြစ်ကုန်ကြရ၏။

ဗိုလ်သိန်းစိုးက ကရင်လိုအော်ဟစ်ပြောဆိုရင်း လူတွေကိုလှမ်းပြီး ရှင်းပြနေလေသည်။လူတချို့ ရပ်ပြီး နားထောင်နေကြ၏။ ဖိနပ်မပါ တုတ်တချောင်းကိုထောက်ပြီး ရပ်နေသည့် အဘွားအိုတဦးက ကျနော်တို့ နှင့်အနီးဆုံးနေရာတွင်ရပ်ကာ ကျနော်တို့ ကို အကဲခက်နေ၏။ ထိုစဉ်မှာပင် ကျုံစိန်ရွာထဲက လက်နက်ငယ်ပစ်သံများ ထွက်ပေါ်လာခဲ့၏။ တောစပ်တွင်၊ ကျနော်တို့ နှင့် ရုတ်တရက် ရင်ဆိုင်တွေ့ သဖြင့် နောက်ပြန်ဆုပ်ဖို့ ကြိုးစားနေကြသည့် လူအုပ်မှာ၊ သေနတ်သံများ ထွက်ပေါ်လာသည့်အခါ ကျနော်တို့ ရှိရာသို့ ပင် ဇွတ်အတင်းတိုးဝင် ပြေးလာကြလေသည်။ ဗိုလ်သိန်းစိုးနှင့် ကျနော်တို့ လည်း တောထဲသို့  လူအုပ်နှင့်အတူ ပြေးဝင်လာခဲ့ကြလေသည်။

(ခ)

ကျုံစိန်ကြိုးဝိုင်းအတွင်း ကျနော်တို့ လူအုပ် ခေတ္တနားနေဖို့  ရပ်လိုက်ကြသောအခါ ရွာသားများအားလုံး ကျနော်တို့  ဘေးတွင် ထိုင်လိုက်ကြ၏။ ကျုံစိန်ရွာသား “ ဗိုလ်သိန်းစိုး ” ကို ရွာသားတိုင်းက သိထားကြပြီးဖြစ်သဖြင့် အားကိုးတကြီးနှင့် ၀ိုင်းထိုင် လိုက်ကြခြင်း ဖြစ်ဟန်တူလေသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ခွဲမှူးလေး “ ဗိုလ်သိန်းစိုး ” ကို ရွာသားများက တလေးတစားရှိသည်ကိုလည်း ကျနော် သတိပြုမိ၏။

ဗိုလ်သိန်းစိုးက ကရင်လို တစုံတရာပြောလိုက်သောအခါ လူလတ်ပိုင်းအရွယ် ယောင်္ကျား (၄)ယောက် ရှေ့ သို့ ထွက်လာ ကြ၏။

“ ဒီမှာ လူဘယ်နှစ်ယောက် ပါလာသလဲ၊ ဆန်တွေဘာတွေ ယူလာနိုင်တာရှိသလား၊ အဲဒါ-ဒီလူနှစ်ယောက်နဲ့ အတူ၊ ကိုငြိမ်း လိုက်ပြီးမေးကြည့်ထားပါ၊ ကျနော်နဲ့  ကျန်တဲ့နှစ်ယောက်က ရွာဖက်ခဏ ပြန်သွားပြီးကြည့်မယ်---ကဲ---ကဲ မြန်မြန်လုပ် ”

ဗိုလ်သိန်းစိုးက လူအုပ်ကို ကရင်လို အလျင်အမြန်ရှင်းပြကာ လာလမ်းအတိုင်း ပြန်ထွက်သွားလေသည်။ ကျနော်နှင့် ရွာသားနှစ်ယောက်က ရွာသားတွေကို တယောက်ချင်းလိုက်ကြည့်ပြီး စုံစမ်းရတော့၏။ ခလေး လူကြီး စုစုပေါင်း (၂၈)ယောက် အသက်(၆၀)ကျော် အဖွားအို(၂)ဦး။ အသက်(၂)နှစ်အောက်ဟု ခန့် မှန်းရသည့်ကလေး (၄)ဦး။ (၁၀)နှစ်သားအရွယ် (၃)ဦး။ ကျနော်နှင့် ရွာသားနှစ်ဦးတိုင်ပင်ကာ ရွာသားများကို စနစ်တကျနေရာချထား ပေးလိုက်ကြ၏။ ရွာသားများ၏ပြောစကားအရ၊ သည်နေရာသို့  န၀တစစ်တပ်များ မည်သည့်အခါမျှ လာလေ့မရှိဟုဆို၏။ ကျနော်သည်လည်း လုံခြုံရေးအတွက် အနည်းငယ် စိတ်အေးသွားရ၏။ မိသားစုအလိုက်၊ ၀ါးရုံပင် ခြုံပင်များဘေးတွင် နေရာယူကြပြီးနောက် ညစာအတွက် စဉ်းစားရတော့သည်။

ကျနော်က ညစာအတွက် စဉ်းစားနေစဉ် ရွာသား(၂)ဦးကမူ အပူအပင်မရှိသလို ထိုင်နေသဖြင့် ကျနော်ကပဲ စပြီး ညစာ ကိစ္စမေးရတော့၏။ ထိုအခါကြမှ ရွာသားတွေအားလုံး၊ ဒီကနေ့ ညစာ မည်သူမျှ မစားပဲ အိပ်ကြတော့မည်ဖြစ်ကြောင်း သိရတော့၏။ ခလေးတွေကကော နေနိုင်ပါ့မလားဟု ကျနော်က စေါဒက တက်မည်အပြုတွင် ခလေးတွေသည်လည်း သည်အတိုင်းနေလို့ ရကြ ပါသည်ဟု ရွာသားတယောက်က ကျနော့်ကို ရှင်းပြ၏။ ကျနော့်မှာ သက်ပြင်းကိုသာ မသိမသာ ချလိုက်မိလေသည်။

(ဂ)

ဝါးရုံပင်ဘေးတွင် သစ်ရွက်ခြောက်များခင်းကာ ကျနော့်အတွက် အိပ်ယါတခုပြင်ဆင်လိုက်၏။ နေ၀င်ရီတရော အချိန်တွင် “ ဗိုလ်သိန်းစိုး ” နှင့်အဖွဲ့  ပြန်ရောက်လာကြ၏။ သူတို့ နှင့်အတူ နောက်ထပ် ရွာသား(၁၅)ယောက်လည်း အတူပါလာကြ၏။ ဗိုလ်သိန်းစိုးဆီက ကျုံစိန်ရွာ၏ အမင်္ဂလာသတင်းကို ကျနော်ရေးမှတ်နေခဲ့မိလေသည်။

၁၉၉၃-ခု၊ ဖေဖေါ်ဝါရီလ (၁၇)ရက်၊ နံနက် (၈း၃၀)တွင် ဒုံသမိချောင်း အနောက်ဖက်ကမ်းတွင် စခန်းချနေသည့် န၀တ စစ်တပ် တပ်မ (၉၉) လက်အောက်ခံ၊ ခ.လ.ရ (၈၄)သည် မျက်နှာချင်းဆိုင် တဖက်ကမ်းတွင်ရှိသည့် “ ကျုံစိန် ” ရွာပေါ်သို့  လက်နက်ကြီး (၄)လုံး ပစ်သွင်းလိုက်၏။ ထိုနေ့ က ကျုံစိန်ရွာတွင် အရိုးကောက်ပွဲ ( အသုဘ အခမ်းအနား ) ရှိနေ၏။ လူတွေ အရိုးကောက်ပွဲအတွက် ပြင်ဆင်နေကြစဉ် လက်နက်ကြီးကျည်ဆန်များ ကျလာခဲ့ခြင်းဖြစ်၏။ လက်နက်ကြီး ကျည်ဆံထိမှန် မှုကြောင့် အဖ ဦးဖါးလိပ်၊ အမိ ဒေါ်နော့ရော်တို့ ၏သား အသက် (၃၇)နှစ်ရှိ၊ ကိုလှရွှေ ထမင်းစားနေစဉ် ရင်ညွှန့် တွင် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံး။ အဖွားအို “ ဖီးသူးမဲ ” အသက်(၇၅)နှစ် နှင့် မြေးဖြစ်သူ (၉)နှစ် သမီးလေး “ နော်ကော်ကျိုး ” တို့  ခြေထောက်နှင့်လက်များတွင် ဒဏ်ရာပြင်းထန်စွာရ။ တရွာလုံး ဆူညံပွက်လောရိုက်နေစဉ်၊ ချောင်းတဖက်ကမ်းမှ န၀တ စစ်တပ်များ ရွာဖက်ကမ်းသို့ ချက်ချင်းကူးလာ။ လက်နက်ငယ်များပစ်ကာ ရွာထဲသို့ ဝင်။ရွာထဲတွင် အသက်အရွယ်ကြီးရင့်သူများမှ အပ ကျန်သူအားလုံး တောထဲသို့ အ၀တ်တထည် ကိုယ်တခုဖြင့် ထွက်ပြေးတိမ်းရှောင်ကြရ။ ရွာသူကြီးမ (သည်နယ်တ၀ိုက်တွင် ယောင်္ကျားသူကြီး မလုပ်ရဲကြသဖြင့် မိန်းမသူကြီးများသာရှိ ) ကို စစ်တပ်ကခေါ်ပြီး နေ့ ချင်းပြီး ကျပ်ငွေ နှစ်သောင်းစုဆောင်းပေးရ မည် ဆိုသဖြင့် သည်နေ့ ည (၄)နာရီက ရွာနှင့်ဒုံသမိချောင်းကြား ယါယီတပ်စွဲထားသည့် န၀တစစ်တပ်ကို ငွေများစုဆောင်းပြီးမှ သွားပို့ ခဲ့ရ။ ရွာထဲသို့ လက်နက်ကြီးနှင့်ပစ်ရခြင်း အကြောင်းမှာ-----၊ သည်ကနေ့ မနက် (၈း၀၀)နာရီ တွင် ကျုံစိန်ရွာအနေနှင့် ၀က်သားအချိန်(၃)ပိသာကို စစ်တပ်စခန်းသို့  ပို့ ပေးရမည်ဟု အမိန့် ရထားသော်လည်း ရွာသားများမှာ ရွာတွင် အရိုးကောက်ပွဲရှိနေ၍ (၈း၀၀)နာရီကျော်သည်အထိ မပို့ ပေးနိုင်သည်ကို မကျေနပ်သဖြင့် အခုလို ရွာထဲသို့  စိန်ပြောင်း ကျည်ဆံများ ပစ်ထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရ-----။

ဝါးရုံပင်ခြေရင်းက သစ်ရွက်ခြောက်အိပ်ယါပေါ် လဲလျောင်းရင်း မည်မျှအထိ အတွေးနယ်ချဲ့ နေခဲ့မိလေသည်မသိ။ သတိရလို့  ပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ ကျနော့်ခန္ဓာကိုယ်ပေါ်တွင် နေရောင်ခြည်များ ပျောက်ကွယ်ကာ၊ လရောင် မှိန်ပြပြ ရောက်နေသည်ကို တွေ့ လိုက်ရ၏။

သစ်ရွက်ခြောက်အိပ်ယါပေါ်တွင် အသာအယါ ပြန်လည်လဲလျောင်းရင်း၊ ကျုံစိန်ကြိုးဝိုင်းကြီးအတွင်း၊ ပြေးဝင်ပုန်းခိုရင်း သစ်ပင် ခြုံပင်များအကြား၊ အိပ်စက်လဲလျောင်းနေကြမည့် တခြား ကျုံစိန်ရွာသားများအတွက် ကျနော့်မှာ စိတ်ပူနေမိလေသည်။

ဥရောပမဲဇာ

နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့ (၂)

နမ့်စွယ်ချောင်းမှာ ရေခမ်းလုနီးပါး ရှိနေသည်။ခြေမျက်စေ့သာသာ ရေကိုဖြတ်ကာ ကျနော်တို့သုံးယောက် ချောင်းတဖက်ကမ်း လယ်ကန်သင်းရိုးပေါ်တက်လာခဲ့ကြသည်။

နမ့်စွယ်ရွာအပြင်ဘက် နမ့်စွယ်ချောင်း၏တဖက်ကမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်ရေးနယ်မြေ)မှ ရဲဘော် တချို့ ခေတ္တထိုင်နေသည့်တဲကို ကျောဘက်ကုန်းမြင့်တောင်ခြေတွင် လှမ်းမြင်နေရသည်။ ကျနော်တို့သုံးယောက် ထိုတဲမှပြန်လာ ကြခြင်းဖြစ်သည်။ ရှေ့ဆုံးက ဦးမောင်မောင်အေး(ပြန်ကြားရေးဌာန၀န်ကြီး၊ အမျိုးသားညွန့် ပေါင်းအစိုးရ)၊ အလယ်က ခွန်မားရ်ကို ဘန်း(ဖယ်ခုံမြို့ နယ်၊ ပြည်သူ့ လွှတ်တော်ရေးကိုယ်စားလှယ်)ပြီးတော့ ကျနော်…….။

ချောင်းထိပ်သို့အရောက်တွင် ၀ဿန္တ၏ ရှေ့ပြေးလေကို ရှူရှိုက်ခွင့်ရလိုက်သည်။ နမ့်စွယ်ရွာကို လယ်ကွက်များ၏အစပ်တွင် လှမ်းမြင်နေရသည်။ မိုးတိမ်တချို့ နမ့်စယ်ရွာပေါ် ဖြတ်ကျော်သွားကြသည်။ ရွာထဲံမှ ကားသံ၊ခွေး ဟောင်သံနှင့် ကလေးများ အော်ဟစ်သည့်အသံကို သဲ့သဲ့မျှကြားနေရသည်။

ကန်သင်းရိုးပေါ်လျှောက်လာစဉ် မလှမ်းမကမ်းမှ ရင်ဘောင်တန်းရှိနေသည့် ရေသွင်းမြောင်းကလေးဆီက ရေစီးသံကို အတိုင်းသားကြားနေရသည်။ မျက်နှာချင်းဆိုင်က လျှောက်လာသော ပဒေါင်လုံမငယ်နှစ်ဦးကို လမ်းဖယ်ပေးကြရ၏။ သူတို့သည် နမ့်စွယ်ရွာနှင့် နာရီဝက်သာသာခရီး၊ မြန်မာနိုင်ငံနယ်စပ်နှင့် မနီးမဝေး၊ ပဒေါင်ရွာကလေးမှ ဖြစ်ကြပေမည်။ သူတို့နှစ်ဦး ကျနော်တို့ဘေးမှ ဖြတ် လျှောက်လာကြသောအခါ မျက်နှာချေနှင့် ပေါင်ဒါနံ့များ ဝေ့၀ဲပြီး ကျန်ရစ်ခဲ့လေသည်။

လယ်ကန်သင်းရိုးနှင့် မလှမ်းမကမ်း တဲတလုံးရှေ့သို့ရောက်သောအခါ ဦးမောင်မောင်အေးက လမ်းဘေးသို့ ဆင်းကာ တဲရှေ့  တွင်ရပ်လိုက်သည်။ တဲပေါ်တွင် မည်သျှူမရှိ။ ပတ်ဝန်းကျင်တွင် လူသူလေးပါး မမြင်ရ။

“ငါ မင်းကိုပြောစရာရှိတယ် ငြိမ်းဝေ၊ အရေးကြီးတဲ့ကိစ္စမို့ လို့  အိမ်မှာမပြောဘဲ ဒီမှာပဲ ပြောရလိမ့်မယ်။ လာကွာ ဒို့ ဒီမှာခဏ ထိုင်ရင်း စကားပြောရအောင်“

ဦးမောင်မောင်အေးက ပြောပြောဆိုဆို တဲရှေ့  ကပြင်တွင် ၀င်ထိုင်လိုက်သည်။ ကျနော်နှင့် ခွန်မားရ်ကိုဘန်းက ဘေးချင်း ယှဉ်လျက်တွင်ဝင်ထိုင်ကြသည်။ ကျနော်က ခေါင်းအေးအေးထားကာ ဦးမောင်မောင်အေး ဆက်ပြောမည့်စကားကို နားစွင့်နေမိသည်။

“မင်းကို အဆင့်မြင့်တာဝန်တခု ပေးစရာရှိတယ်။ မင်း “နော်ဝေး“ကိုသွားပြီး DVB မှာအလုပ်လုပ်ရမယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါ။ ဒီကိစ္စကို သိပ်ပြီးမပေါက်ကြားစေနဲ့ ၊ ငါ နောက်တခေါက် ဘန်ကောက်ကဆင်းလာရင် မင်းကို တပါတည်းခေါ်မယ်။

ဒီတလအတွင်း မင်းထွက်ရလိမ့်မယ်ထင်တယ်”

မျှော်လင့်ထားခြင်းမရှိ၊ လိုလားစိတ်ကူးခဲ့ခြင်းမရှိသဖြင့် ဦးမောင်မောင်အေး၏စကားကို ကျနော် ဘယ်လို လက်ခံတုန့်ပြန် ရမည်ကို မသိနိုင်အောင်ဖြစ်ရသည်။ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား။ ကျနော် တကယ့်ကိုမသိ။ အံ့သြသွားမိသည်တော့ရှိ သည်။

“ဒါဆိုရင်၊ ရွေဗဟိုရ်စည် စတူဒီယိုကကော……“

ဦးမောင်မောင်အေးက ကျနော့်မျက်နှာကို အကဲခတ်သလိုကြည့်ကာ ခေါင်းကို တချက်ငြိမ့်လိုက်၏။

“အေး၊ ဒါတော့ မင်းနဲ့ ငါတိုင်ပင်ပြီး လူရှာရတော့မှာပေါ့ကွာ။ တာဝန်ခံ ရှာလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ မင်း“နော် ဝေး“ကို အမြန်ဆုံးသွားဖို့ က ပိုပြီးအရေးကြီးတယ်။ ပြီးတော့ ငါစဉ်းစားထားတာက စိုးဝင်းညိုကိုခေါ်ရင် ဘယ်နှယ့်နေမလဲ“

ဦးမောင်မောင်အေးက ပြောပြသည့် ကိုစိုးဝင်းညိုကို ရွေဗဟိုရ်စည် စတူဒီယိုတာဝန်ခံအဖြစ် တာဝန်ပေးရန်ကိစ္စ၊ ကျနော့်တွင် ကန့် ကွက်ရန်မရှိ။ ကိုစိုးဝင်းညိုသည် DVB တွင် ကျနော်တို့နှင့် တချိန်လုံး လက်တွဲဆောင်ရွက်ခဲ့သူဖြစ်သည်။

အမှန်စင်စစ် ရွေဗဟိုရ်စည် စတူဒီယိုမှာ ယခုမှပင် ပြန်လည်စတင်ဖွဲ့ စည်းလှုပ်ရှားရမည့် အခြေအနေမျိုးဖြစ်သည်။ လွန်ခဲ့ သည့် နှစ်လကျော်က ကျနော်တို့ သည် ရွေဗဟိုရ်စည် စတူဒီယိုကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံတို့ ၏အောက်မှာ ထိုင်းနိုင်ငံဘက်ကမ်းသို့  သယ်ထုတ်လာခဲ့ကြရ၏။ သံလွင်မြစ်တဖက်ကမ်း ဖွေးပေါ်လူရွာနှင့် ပဟီလူရွာသို့ ရွှေ့ ခဲ့ကြရသည်။ ထို့ နောက် ပုခုံးဖြင့်ထမ်း၍တဖုံ၊ လှေဖြင့်တတန်၊ ကားဖြင့်တသွယ်၊ သော်လဲထရွာသို့ ၎င်း၊ မယ်စရီးယန်းသို့ ၎င်း၊ မယ်ဟောင်ဆောင်သို့ ၎င်း၊ နမ့်စွယ်ရွာကလေးသို့  ၎င်း၊ အဆင့်ဆင့် သယ်ပိုးထုပ်ယူခဲ့ကြရသည်။ တနေရာရောက်လျှင် အရေးကြီးသည့် ပစ္စည်းများကို ရွေးချယ်သယ်ယူကြရပြီး၊ နောက်တနေရာရောက်လျှင် ထပ်မံ၍ ပိုမိုအရေးကြီးသည့် ပစ္စည်းကိုရွေးကာ သယ်ကြယူကြရပြန်သည်။ မသယ်နိုင်၊ မပိုးနိုင်တော့ သဖြင့် စခန်းတခုတိုင်းတွင် ပစ္စည်းတချို့ ကို စွန့် ပစ်ထားခဲ့ကြရ၏။ တချို့ တောထဲမှာ၊ တချို့ လမ်းဘေးမှာ၊ တချို့ ချောင်းဘေးမှာ…။

သို့ သော် နမ့်စွယ်ရွာသို့  ရောက်သည့်အထိ ရွှေဗဟိုရ်စည်စတူဒီယိုမှာ အသံရပ်သွားခြင်းမရှိ။ သတင်းများ၊ တွေ့ ဆုံမေး မြန်းခန်းနှင့် ပုံမှန်တာဝန်ကျအသံလွှင့်အစီအစဉ်များကို မပျက်မကွက် အသံသွင်းယူကာ “နော်ဝေး“ သို့ ပို့ နိုင်ခဲ့ကြ၏။

မာနယ်ပလောမှ ထွက်ခွာလာသည်မှစကာ စခန်းတခုသို့ ရောက်သည့်အခါတိုင်း ရွှေဗဟိုရ်စည်စတူဒီယိုတွင် တာဝန်ထမ်း ဆောင်ကြသည့် ရဲဘော်များ၊ တယောကပြီးတယောက် လမ်းခွဲခဲ့ကြရ၏။ မိခင်အဖွဲ့အစည်းများသို့ ထွက်ခွါသွားကြ၏။ ထို့ ကြောင့် ရွှေဗဟိုရ်စည် စတူဒီယိုကို ပြန်လည်ဖွဲ့ စည်း နိုင်ရေး၊ ကျနော့်မှာ တချိန်လုံး ကြိုးပမ်းနေခဲ့မိ၏။

ယခုလို အရေးကိစ္စကြုံလာသောအခါ သွားတတ်လာတက်၊ သွားနိုင်လာနိုင်သည့် လူကိုရှာကာ စရိတ်ကစပေးလျှက် တော် လှန်ရေးနယ်တခုအတွင်းသို့  ရောက်နေသည့် ကိုစိုးဝင်းညိုကို အခေါ်လွှတ်ကြရလေသည်။ ကိုစိုးဝင်းညို ရောက်လာပြီး ရွှေဗဟိုရ် စည်စတူဒီယိုကို သူ့ ထံလွှဲပြောင်းပေးပြီးသောအခါကျမှသာ “နော်ဝေး“သွားရေးအတွက် ကျနော့်မှာ စိတ်ချလက်ချ ပြင်ဆင်နိုင်တော့၏။