December 20, 2008

တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း


(က)

ရွာထဲမှာ ရန်သူမရှိတော့ဘူးထင်ရဲ့။ သေချာတိကျမသိရလို့ ရွာစပ်ကို ကပ်သွားတဲ့အချိန်အထိ သူက သတိလက်မလွှတ်။ ရွာဘေးက လယ်ကွက်တွေကို မကျော်ခင် ရွာခြေဆီကို စောင့်ကြည့်သည်။ ရွာထဲက အသံကို နားစွင့်သည်။ အသံတွေ တိတ်ဆိတ်လွန်းနေသည်။ ကွင်းထဲက ဖြတ်လာတဲ့လေက သူ့နားရွက်ဘေးနားက သစ်ရွက်ကို တိုးတိုက်ပြီး လေကတော့ထိုးကာ တရွှီရွှီအသံကို ကြားနေရ၏။ သူက နားကို ပိုပြီးစွင့်သည်။ မျက်စေ့ကို ပိုပြီး ဖွင့်သည်။



ရွာ့ဟိုဖက်ထိပ်တွင် ရန်သူ့တပ်ခွဲစခန်းရှိခဲ့၏။ ညက ရန်သူ့စခန်းကို ပြောက်ကျားတပ်က ၀ိုင်းတော့ ရန်သူက ရွာထဲသို့ဝင်ပြီးခံသည်။ ပြောက်ကျားရဲဘော်များက ရွာကို ထိမည်စိုးသဖြင့် သေနတ်သံပေးပြီး ခြောက်သည်။ ရန်သူ့စခန်းနှင့် လယ်တကွက်ခြားအထိ ပြေးကပ်ကာ လက်ပစ်ဗုံးနှင့်ထုသည်။ စခန်းကုန်ပေါ်က သေနတ်သံခြောက်တိခြောက်ချက်သာ ပြန်ကြားရသည်။ အင်နှင့်အားနှင့် ခုခံခြင်းမပြု။ ထိုအခါ ရန်သူက ရွာထဲတွင် ၀င်ခိုပြီး ရွာကို ဒိုင်းအဖြစ်လုပ်နေသည်ကို အားလုံးသဘောပေါက်၏။ ထို့ကြောင့် မိုးလင်းကာနီးအထိ ရွာကို ပစေါက်သဏ္ဍာန် ခတ်ကြဲကြဲဝိုင်းထားလိုက်၏။ ရန်သူ့တပ်ကို ထွက်ပေါက်တခုပေး ပြီး ၀ိုင်းထားလိုက်ကြ၏။
နေရာင်ခြည်မြင်ရသောအခါ သူနှင့် အခြား ရဲဘော် (၅)ဦး ရွာထဲသို့ ရှေ့မှဝင်ရန် တာဝန်ယူလိုက် သည်။ ပြောက်ကျားတချို့က ရန်သူ့တပ်ခွဲကုန်းကို ၀င်သိမ်းလိုက်ကြ၏။ သူက စခန်းကုန်းသိမ်းအဖွဲ့နှင့် လိုက်ချင်သော်လည်း အဖွဲ့ခေါင်းဆောင်က ရွာထဲဝင်ရန်သာ တာဝန်ပေး၏။ ထို့ကြောင့် ယ္ခုအခါ သူနှင့် ပြောက်ကျားရဲဘော် (၅) ဦး ၊ ရွာနှင့် လယ်တကွက်အကွာ ရိုးထဲတွင် ငြိမ်သက်စွာ နေရာ ယူထားလိုက်ကြ၏။
ရွာထဲက ကြက်တွန်သံများ တိတ်ဆိတ်သွားခဲ့ကြပြီ။ ရွာ့မလှမ်းမကမ်း တောအုပ်တောတန်းဆီက ကြက်တွန်သံများပင် တိတ်ဆိတ်သွားခဲ့ပြီ။ တဆက်တည်း ဆိုသလို အိပ်တန်းဆင်းငှက်မြည်သံများပါး သွားခဲ့ပြီ။ နေရာခန့်မှန်းရခက်သည့် ရွာထဲတနေရာက ခွေးဟောင်သံကြားရ၏။ တခြားမည်သည့်အသံမျှ မကြားရ။
သူနှင့်ရင်ဘောင်တန်းပြီး ၀ပ်နေသည့်ရဲဘော်များကို လက်ဖြင့် အချက်ပြလိုက်သည်။ ရွာထဲသို့ ၀င်ရန် လယ်ကွက်ကို ဖြတ်ကျော်ပြီး ပြေးကပ်သည်။ ရွာစည်းရိုးအတွင်းအထိ တဟုန်ထိုးပြေးဝင်သည်။ စည်းရိုးနှင့်ကပ်လျက် အိမ်နှစ်လုံးကြားတွင် နေရာယူသည်။ တပြိုင်နက်တည်းဆိုသလို သူနှင့်ယှဉ်လျက် ခြေသံများကြားရသည်။ သူက ကျန်ရဲဘော်များကို လက်နှင့် အချက်ပြကာတားသည်။ သူတဦးတည်း ရွာလည်လမ်းပေါ်တက်နှင့်မည့်အကြောင်း အချက်ပြသည်။ ထို့နောက် ရွာလည်လမ်းဘေးကို ပြေးကပ်သည်။ ရွာထဲတွင် လူသူမရှိသလောက် တိတ်ဆိတ်လွန်းနေသဖြင့် သူက ရောက်ရာနေရာတွင်ပင် သေနတ်ကို အသင့်ကိုင်ပြီးရပ်သည်။ ရွာလည်လမ်းပေါ်တက်သည်။ မျက်စေ့လျင်လျင် နားတစွင့်စွင့်နှင့် ရှေ့ကိုဆက်ပြီး လျှောက်သည်။ ခြေလှမ်းနှစ်ဆယ်မျှလှမ်းပြီးမှ နောက်ကရဲဘော်များကို ပြန်ငဲ့ကြည့်သည်။ ထိုစဉ်မှာပင် သူ့ညာခြေဖ၀ါးအောက်က အရာကို သတိပြုမိတော့သည်။ သူက ခြေထောက်ပြန်မကြွပဲ သည်အတိုင်း ရပ်သည်။ သူ့ကိုလှမ်းမော့ကြည့်နေကြသူမျာကို မြေကြီးနဲ့ကပ်ပြီး ၀ပ်နေရန် အချက်ပြသည်။ သူ့ခြေဖ၀ါး အောက်ကို လက်ညှိုးထိုးပြီး မိုင်းဗုံးနင်းမိထားကြောင်း အချက်ပြသည်။ ထိုစဉ်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ လူတယောက် ဖုံလုံးနှင့်အတူ လက်ခုပ်တဖောင်ခန့်အထိ မြောက်တက်ပါသွားပြီးမှ ပြန်ကျသည်။ ခွေးဟောင်သံများ၊ လူသံများ ဆူညံသွား၏။ သေနတ်သံများကိုမူ မကြားရ။ ရဲဘော်တချို့ သူ့ဘေးသို့ေဲရာက်လာကြသည်။ ရွာသားတချို့ သူ့အနားကို ရောက်လာကြသည်။ သူက မျက်လုံးများကို မှိတ်ကာ သေနတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ထို့နောက် သူ့ဘေးတွင် အမှောင်ထုကြီး ရုတ်တရက် လွှမ်းမိုးသွားလေသည်။


(ခ)

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း..။

“အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း” ။

“ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ” ။

မျက်လုံးများကို ဖွင့်ကြည့်သည်။ စူးရှတင်းမာသည့် အလင်းရောင်များက သူ့ဥဏှောက်အထိ တိုးဝင် လာသလို နာကျင်သွားရ၏။ မျက်လုံးများကို ပြန်ပိတ်သည်။ သူ့ခန္ဓာကိုယ်တနေရာမှ လေများ ခန္ဓာကိုယ် အတွင်း တိုးဝင်လာနေသလို ခံစားရ၏။ လက်ကို မကြည့်သည်။ ခြေထောက်ကို ဆကြည့်သည်။ သူသည် လေထဲ၌ မျောပါနေသလိုဖြစ်နေ၏။
နားထဲတွင် ကြားရသမျှအသံများကို စစ်ထုတ်နေရသည်။ မည်သည့်အသံမျှ အဓိပ္ပါယ် မသဲကွဲ။ မည်သည့်အသံမျှ အဆုံးအထိ ဖမ်းဆုပ်လို့မရ။ သူ ဘယ်ရောက်နေသလဲ။ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်နေတာလဲ ....။ ဘာတခုမျှ မသဲကွဲ။
ခန္ဓာကိုယ်အတွင်းက အင်အားဟူသမျှ ကျစ်သထက်ကျစ်အောင် စုစည်းကာ၊ အတွေးအာရုံကို မြှင့် သည်။ ထိုအခါ သူ့ဘေးတွင် လူတချို့ ၀ိုင်းအုံပြီး ရှိနေသည်ကို သတိပြုမိလာရသည်။ မည်သူမျှ စကား မပြောကြ။ သူ့ကို ငုံ့ကြည့်နေကြသည်။
“ကျနော့် ... မိန်းမကို ပြောလိုက်ပါ၊ မတတ်သာတဲ့အဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင် ကျနော် ခွင့်ပြုတယ်”
လူတချို့ထံမှ ငြီးငြူစုတ်သပ်သံများကို ကြားရသလိုရှိသည်။ သူတို့ ငိုနေကြတာများလား။ သူ့အဖြစ် က မျက်ရည်ကျရလောက်အောင် တန်ဘိုးကြီးနေလို့လား။ လူတယောက် ...။ သေနတ်တလက်နှင့် ...။ တော်လှန်ရေးသမား ...။ ပြောက်ကျားရဲဘော်။ တိုက်ပွဲဝင်။ ဒဏ်ရာရသေဆုံး...။ သူ့အဖြစ်မျိုး... သူတယောက်တည်းသာ ကြုံရသည့် ထူးခြား သီးသန့်ဆန်သည့် ဘ၀တခုပေလား။ သူဒီလို မယုံကြည်ပါ။ သူသည် အညတြလူတယောက်။ လူထဲက လူတယောက်။ သူသည် လူတယောက်လို မွေး၊ လူတယောက်လို ကြီးပြင်းကာ၊ လူတယောက်လို ပြုမူသွားလာခဲ့။ လူတယောက်လို နိဂုံးချုပ်ခြင်းသဘောမျှသာ။ ထို့ကြောင့် သူသည် ...။

“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း”။
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ”။

ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကို သူကြားလိုက်ရ၏။ မိခင်ဖြစ်သူ၏ ကြည်မြလေးနက်လှသည့် ဘုရား ရှိခိုးဆုတောင်းသံကိုလည်း ကြားရ၏။ ဖခင်ဖြစ်သူ၏ ခြေသံ၊ မိခင်ဖြစ်သူ၏ ဆုတောင်းသံများမှာ သူနှင့် နီးလာလိုက်၊ ဝေးသွားလိုက်။ ထိုအခါ သူ့ခန္ဓာကိုယ်မှာ မည်သည့် ဝေဒနာဒုက္ခမျှ မခံစားရ။ လေထဲတွင် ပေါ့ပါးစွာ မျောပါလျက်။ သို့မဟုတ် ရပ်တန့်လျက်။

“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ” ။

ထူးခြားလှသည့် တူရိယာသံကို သူကြားရသည်။ ထောင်သောင်းမကသော သူရဲကောင်းတို့၏ အော်သံဟစ်သံများကို သူကြားရသည်။ စစ်သည်ရဲမက်များ၏ လှံများ ဓါးများ ... ဒိုင်း၊ ကာ၊ လွှားတို့နှင့် ရိုက်ခတ်သံကို သူကြားရသည်။ တိုက်စည်တိုက်မောင်းများ တပြိုင်နက် တီးခတ်လိုက်သည့် မိုးချိမ်းသံကြီးကို သူကြားရသည်။ မြေပြင်လွှာသည် ပြင်းစွာတုန်ခါလျက်။ မိုးသက်မုန်တိုင်းများ ကျလျက်။
ဘယ်ရောက်ကုန်ကြပြီလဲ။ သူနှင့်အတူ တောအုပ်ကို ဖြတ်လာခဲ့ကြသည့် သူ့ရဲမက်များ ဘယ်ပျောက်ကုန်ကြပြီလဲ။ သူက အဘယ့်ကြောင့် ကွင်းစပ်တခုတွင် ရပ်နေခဲ့သည်လည်း။ ရဲမက်တို့၏ ခြေသံများကို သူမကြားရတော့။ ရဲမက်တို့၏ အော်ဟစ်သံမျာကို သူမကြားရတော့။ တိုက်စည် တိုက်မောင်း သံများမှာ ရုတ်ချည်းပျောက်ကွယ်၏။ သူသည် ရဲမက်တို့၏နောက်တွင် တဦးတည်း ကျန်ရစ်ခဲ့ပြီကို သတိပြုမိ သောအချိန်၌ နေရာင်ခြည်များလည်း အားအင်ဆုတ်ရုပ်လာခဲ့ပြီဖြစ်သည်။ သူ လက်ကိုလှုပ်သည်။ ခြေထောက်များကို လှုပ်သည်။ မည်သည့်အရာမျှ လှုပ်ရှားလို့ မရတော့။ သူ့ခန္ဓာကိုယ်တွင် ခြေလက်အင်္ဂါများ မရှိတော့။ ထိုအခါ သူ့နှုတ်ခမ်းမှ တစုံတရာစကားတခွန်းကို အပီသဆုံး ပြောထွက်နိုင်အောင် ကြိုးစားရတော့သည်။ သူသည် အဘယ့်ကြောင့် ရဲမက်တို့နှင့်အတူ လိုက်ပါမသွားခဲ့ သနည်း။ သူသည် အဘယ့်ကြောင့် တော်လှန်ရေးခရီး အဆုံးအထိ မချီတက်နိုင်ပဲ ရပ်နေခဲ့ရသနည်း။ သူသည် သူရဲဘောကြောင်သူလော။ အခွင့်အရေးသမားလော။ မဟုတ် ...။ လုံးဝမဟုတ်။ ထို့ကြောင့် သူ့မှာ ရှိသမျှ ခွန်အားဟူသမျှကို တစက်မကျန်အောင်ညှစ်ထုတ်ကာ စကားတချို့ကို အပီသဆုံး ပြောလိုက်၏။

“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း” ။

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍
အးနာခဲ့ကြောင်း ပြောပါလေ” ။


(ဂ)

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။ ။


ငြိမ်းဝေ

(စာဆိုကြီး ဆရာကြီး မင်းသုဝဏ် ရဲ့ မွေးနေ့ရာပြည့်အကြို အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး။)


စကောထဲကဆီးသီးများနှင့် ပလိုင်းထဲကပျဉ်းမပန်းပွင့်များ


(က)
ကဗျာဆရာမ “ ခိုင်မာကျော်ဇော ” ရဲ့ ၊ ဒုတိယကဗျာစာအုပ်ကလေး ကျနော့်လက်ထဲရောက်လာတော့ မေ့မေ့ပျောက် ပျောက် တမင်တကာလုပ်ထားခဲ့သည့်အချက်ကို ကျနော်သွားတွေးမိသည်။ ကျနော် စိတ်မကောင်း … ။ ကြေကွဲရပြန်၏။



၂၀၀၅ - ခုနှစ်ထဲကဖြစ်သည်။ ကဗျာဆရာမ “ ခိုင်မာကျော်ဇော ”၏ ပထမဆုံး ထုတ်ဝေသည့်ကဗျာစာအုပ် မျက်နှာဖုံးပုံကို ရေးဆွဲပေး ခွင့်ပြုရန် ကျနော်တောင်းဆိုခဲ့ဖူး၏။ သူကလည်း လိုလိုလားလားလက်ခံ၏။ ကတိပေးထားသည့်ရက် ကျော်လွန်သည့် အချိန်အထိ ကျနော့်ဖက်က တာဝန်မကြေသေး။ တနေ့  … ၊ ကဗျာဆရာမ “ ခိုင်မာကျော်ဇော ” သည်၊ သူငယ်ချင်းအဖေါ် မိန်းကလေးတဦးနှင့်အတူ၊ ကျနော့်ထံ အမေါတကော ရောက်လာ၏။ သူ့ လက်ထဲတွင် “ ပျဉ်းမပွင့်ခိုင် ” တခု ပါလာခဲ့၏။ သူ့ ကဗျာ စာအုပ်အမည်က “ ဖုန်းဆိုးမြေမှ ပျဉ်းမပြာ ” ဖြစ်၏။ ကျနော့်၏ အခက်အခဲကို ရိပ်စားမိဟန်တူ၏။ သူကိုယ်တိုင် “ ပျဉ်းမပွင့် ” ကို မရမကရှာဖွေကါ ကျနော့်ထံ လာပေးသွားခဲ့၏။ သို့ နှင့်တိုင် ကျနော့်ဖက်က ရုတ်တရက် တာဝန်မကြေနိုင်ခဲ့။ ဆယ်ရက်ခန့် ကျော်မှပင် ကျနော် မဆွဲတတ်ဆွဲတတ်နှင့် ဆွဲထားသည့် ပန်းချီမမည်သော ပန်းချီကားတချပ်ကို သူကိုယ်တိုင်လာယူသွားခဲ့၏။ ကဗျာစာအုပ် ထွက်လာသောအခါ ပန်းချီင်္အတတ်ပညာ နကန်းတလုံးမျှ နားမလည်မကျွမ်းကျင်ပါပဲ၊ မျက်နှာဖုံးပန်းချီရေးဆွဲဖို့  ခွင့်တောင်းခဲ့မိ သည့် ကိုယ့်ကိုယ်ကို ဒေါသဖြစ်လို့ မဆုံးတော့ … ။ ကျနော့် ပယေါဂကြောင့် မလှမပဖြစ်သွားရသည့် သူ့ ကဗျာစာအုပ် မျက်နှာဖုံး အတွက် ကြေကွဲလို့ မဆုံးတော့။ အခုလို ကိုယ်နှင့်ဆိုင်သည် မဆိုင်သည်၊ တန်သည် မတန်သည် မချင့်ချိန်ပဲ ၀င်ရောက်စွက်ဖက်မိ သည့် ကိုယ့်ကိုယ်ကိုလည်း နောင်တရလို့ မဆုံးတော့ ။
ယ္ခုအခါ “ ခိုင်မာကျော်ဇော ” ၏ ဒုတိယကဗျာစာအုပ် “ ပလိုင်းအိမ် ” ကို ကျနော်တွေ့ ရတော့ ကျနော့်မှာ စိတ်လှုပ်ရှား တုန်လှုပ်လာရပြန်သည်။ သို့ သော် လွန်ခဲ့ပြီးသော ကိစ္စအတွက် ကျနော့်မှာ မည်သို့ မျှ မတတ်နိုင်တော့။ နောင်တွင် သည်လို အမှားမျိုး မလုပ်မိစေရန်သါ ဆုံးဖြတ်ရတော့၏။ သူ၏ ဒုတိယကဗျာစာအုပ် “ ပလိုင်းအိမ် ” ကိုသါ ဖတ်ရှု ခံစားဖို့ ဆုံးဖြတ်ရတော့၏။

(ခ)
“ ခိုင်မာကျော်ဇော ” ၏ “ ပလိုင်းအိမ် ” ကဗျာစာအုပ်တွင် ကဗျာ(၇)ပုဒ်ပါရှိ၏။ ကဗျာအားလုံးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖေါ်ပြထား၏။ သည်အထဲတွင် သူ၏ နာမည်ကျော် “ ခြေရာပျောက် ” ကဗျာကို ကျနော်ထပ်ပြီးတွေ့ ရ၏။ သည်စာအုပ်ထဲမှ ကဗျာများမှာ၊ ပုံနှိပ်ဖေါ်ပြထားပြီးသောကဗျာများဖြစ်၏။ သူက ပုံနှိပ်ဖေါ်ပြခံထားရပြီးသည့် ကဗျာများထဲမှ လူ့ အခွင့်အရေးနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ယူဆသည့်ကဗျာများကို ရွေးချယ်ပြီး၊ ယ္ခုလို တစုတစည်းတည်း ထုတ်ဝေ ခြင်း ဖြစ်သည်ဟု ဆိုလေသည်။
ကဗျာ (၇)ပုဒ်ထဲက “ ပလိုင်းအိမ် ” ၊ “ ခြေရာပျောက် ” ကဗျာနှင့် “ မိစ္ဆာမျက်လှည့် ” ကဗျာသုံးပုဒ်မှာ ထူးခြား၏။ ကဗျာဖြစ်သွားသောကဗျာများဟု ကျနော်ထင်၏။ ကျနော့်နှလုံးသားကို ဒက်ထိတိုးဝင် ထိခတ်နိုင်သော ကဗျာများဟု ကျနော်ယူဆ၏။ ကျနော်တို့ နှင့် ခေတ်ပြိုင် လူထု၏ရင်ခုန်သံ တစိပ်တပိုင်းကို “ ပလိုင်းအိမ် ” ကဗျာစာအုပ်ထဲမှ တဆင့် အတိုင်းသားကြားနေရ၏။ “ ပလိုင်းအိမ် ” ကဗျာစာအုပ်ကို ဖတ်ရှုရင်း ကျနော့်နားထဲ၌ ငိုရှိုက်သံ၊ သေနတ်သံများ၊ စစ်ဖိနပ် သံများကို ကျနော်ကြားနေရ၏။

ဖိုးမူတို့  ဘယ်လောက်ကြာကြာပြေးနေရဦးမှာလဲ။
ထမင်းချည်းသက်သက် ခုနှစ်ရက်
မှိုတလှည့် မျှစ်တလှည့် ရှစ်ရက်
ဝဥနဲ့  ကြွေးဥတွေလည်း သုံးလေးရက်
အခုတော့ ငှက်ပျောသီးနဲ့  ငှက်ပျောပင်
ဒီအပင်တွေကုန်သွားရင်
ဖိုးမူတို့  ဘယ်လိုအသက်ရှင်မလဲ။
( ပလိုင်းအိမ်ကဗျာမှ … )

လွန်ခဲ့သေါ (၁၀)နှစ်ကျော်က၊ ဖါးအံမြို့ နယ်အတွင်း ကျနော်ခရီးသွားခဲ့သည်။ မယ်ညောစီးတောင်နှင့် မနီးမဝေး … ။ ယွန်းစလင်းချောင်းဘေးက ကရင်ရွာကလေးများ၊ တနှစ်တခါ ရွာပြောင်း ရွာရွှေ့ ကြရ၏။ ရွာသားများ ချောကြီး၊ ချောလေး လိုက်ကြရ၏။ ကင်းစေါင့်ကြရ၏။ လုပ်အားပေးကြရ၏။ ထို့ ကြောင့် တောင်ယါစူးထိုးစိုက်ပျိုးချိန်မရကြ။ သို့ မဟုတ် တောင်ယါစပါး မရိတ်နိုင်ကြ။ ဥယျာဉ်တွေဆီ မသွားနိုင်ကြ။ တောင်ယါများ ပျက်ဆီး၊ ဥယျဉ်များ ပျက်ဆီး … ။ ယွန်းစလင်းချောင်း ၊ ဒုံသမိချောင်း တလျှောက်၊ ကျုံစိန်ကြိုးဝိုင်းကြီးအတွင်း လူတကိုယ်စာ အိပ်ယါငယ်များ … ။ သစ်ခက်၊ မြက်ခြောက်ခင်းထားသည့် ပုန်းခိုကျင်း ရွှေ့ ပြောင်းအိပ်ယါငယ်များ ။ သည်လို တနှစ် …. နှစ်နှစ်။ နှစ်ပေါင်းများစွာ … ။ သည်လိုအခြေအနေမျိုးတွင် ကရင်တိုင်းရင်းသား ညီအစ်ကိုများ ဘယ်လိုအသက်ရှင်နေထိုင်နိုင်ကြပါတော့မလဲ … ။ ကျနော် မတွေးဝံ့ခဲ့ ။

သင်တိုင်းဖြူစ သွေးပွက်ပွက်ထ
လဲကျနေတဲ့ပလိုင်းဘေး မှိုပွင့်တွေဖွေးလို့ 
ရာဘါဖိနပ်တဖက် ချောင်းစပ်မှာ မှောက်လျက်
မိုးမခ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ပြီ။
( မိစ္ဆာမျက်လှည့်ကဗျာမှ )

နအဖစစ်သား (၃)ဦး၏ အဓမ္မပြုကျင့်ခံခဲ့ရသည့် ဖလံတောင်ရွာသူ “ မရေသူ ” အကြောင်း ကျနော်စာရေးခဲ့ဖူးသည်။ ထိုစဉ်က ကျနော်ခေတ္တပုန်းခိုနေရာတောစပ်သို့  “ မရေသူ ” နှင့် သူ၏ခင်ပွန်းတို့ ၊ ကျနော့်ဆီရောက်လာကြ၏။ “ မရေသူ ” က၊ ငရဲ ကျခဲ့ရသည့်အဖြစ်ကို ခရေစေ့တွင်းကျပြောပြခဲ့၏။ “ ခင်ပွန်း ” ဖြစ်သူက မြန်မာလို ဘာသါပြန်ပေး၏။ သတင်းမှတ်တမ်းရေး နေသည့် ကျနော့်လက်များ တုန်ရင်နေခဲ့သည်။

တခါတခါလည်း ပြည့်ပြည့်၀၀
တခါတခါလည်း မပြည့်မဝ
ဒါပေမယ့်
အမြဲတမ်း ရှင်းသန့် တဲ့ လရောင်တွေ … ။
( သူပုန်လေးတယေါက်အကြောင်းကဗျာမှ … )

ခဲတံတချောင်း၊ စားပွဲတလုံး၊ ကားတစင်း၊ အင်္ကျီတထည်ကို ပုဂ္ဂလိပိုင်လုပ်၍ ရပါသည်။ ထို့ အပြင် ရွှေတဆယ်သား၊ ငါးပိ တပိဿာ၊ စက်င်္ဘီးတစီး၊ ရာဇပလ္လင်တခု …၊ ထိုနည်းတူစွာပင်။ သို့ သော်လည်း “ လရောင်များကိုမူ လူသားအားလုံး မျှဝေခံစားပိုင် ခွင့် ရှိသည် ” ဟု ဂျပန် ဟိုက္ကူကဗျာဆရာ “ ရှိကကု ” ကရေးခဲ့ပြောခဲ့ဖူး၏။ “ ပလိုင်းအိမ် ” ကဗျာစာအုပ်ထဲက သူပုန်လေး တယောက်အဖို့ တော့ လရောင်ဝေစု တခုမျှရခဲ့ဟန် မတူပါ။

(ဃ)
“ ခိုင်မာကျော်ဇော ” က၊ “ ပလိုင်းအိမ် ” ကဗျာစာအုပ်တွင်၊ လူ့ အခွင့်အရေးချိုးဖေါက်ခံကြရသည့် ကရင်တိုင်းရင်းသား များ ( သို့ မဟုတ် ) ပလိုင်းအိမ်ထဲက ပျဉ်းမပွင့်များအကြောင်းကို ကဗျာဖွဲ့ ခဲ့သည်။ အမှန်စင်စစ် လူ့ အခွင့်အရေးအချိုးဖေါက်ခံကြ ရသည့် သူများမှာ မြန်မာတပြည်လုံးမှ လူအားလုံးပင်ဖြစ်သည်။ လူထုကြီးတရပ်လုံးခံစားနေကြရခြင်းဖြစ်သည်။ မြန်မာလူထု တရပ်လုံး ဆေါက်တည်ရာမရဖြစ်နေကြရ၏။ ထို့ ကြောင့် ကျနော်က သည်ဆေါင်းပါးကို အခုလို ခေါင်းစဉ်တပ်ခဲ့မိခြင်း ဖြစ်သည်။

“ စကောထဲက ဆီးသီးများနှင့် ပလိုင်းအိမ်ထဲက ပျဉ်းမပွင့်များ ” ဟူ၍ ဖြစ်ပါသည်။ ။

မောင်ဖူးတင့်

(၂၀၀၆ - ခုနှစ်အတွင်းတုန်းက ခေတ်ပြိုင်အွန်လိုင်းမှာတင်ခဲ့တဲ့စာမူဖြစ်ပါတယ်။)

December 07, 2008

မိမိကိုယ်ပေါ်တွင် သစ်တပင် စိုက်ပျိုးခြင်း

စကားနိဒါန်း

၁၉၉၁ခုနှစ်ထဲမှာ ကျနော်ဟာ တောင်ငူခရိုင် တောင်ပေါ်ဒေသကို လျို့ဝှက်ခရီး ထွက်ခဲ့ဖူးပါတယ်။ မကဒတ လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) က ၊ ၂၁၀ တပ်ရင်းမှုး ဗိုလ်မှူးလေးဆန်းလင်း (ကျဆုံး) ဆီ သွားပြီး တွေ့ဆုံခဲ့တာပါ။ တောင်ပေါ်ဒေသ တော်လှန်ရေးရဲဘော်တွေဆီက ဗဟုသုတ တချို့ သင်ယူလေ့လာဖို့ ခရီးထွက်ခဲ့တာပါ။ မြေပြန့်ကို ပြန်ရောက်တဲ့အခါ ဒီကဗျာကို ကျနော် ရေးခဲ့ပါတယ်။ ဘယ်မှာမှ မဖော်ပြရသေးတဲ့ ကဗျာရှည်တပုဒ်ပါပဲ။
ကဗျာချစ်သူများ ဝေမျှခံစားကြည့်ဖို့ပါ ...။


မိမိကိုယ်ပေါ်တွင် သစ်တပင် စိုက်ပျိုးခြင်း

(က)

ရှိခဲ့ဖူးသည်
ခံစားမှု သန္ဓေတစနဲ့
ဘ၀ကို အစတည်
ယုံကြည်ခဲ့သည် ဆိုပါစို့။

ရှိခဲ့ဖူးသည်
အဖြူရောင်ကိုချစ်တယ်
အနက်ရောင်ကို မုန်းတယ်
အဲဒီလို ဒွံတရသနဲ့
ဘ၀ကို တည်ဖွဲ့ ခိုင်ကြည်ခဲ့ပြီ ဆိုပါစို့။

စိတ်ဖြူတဲ့ အလှ
မိတ္တူမဲ့ဘ၀ ခြေချဖို့ ကြိုးစား
ငါ့ သက်ရှိထင်ရှား
အထင်ကရ ကာလများ
ငါ့ ပန်းချီကားများ ... ... ...။

(ခ)

ငါဟာ
ဗမာပြည် ဗဟိုချက်မ
အပူဆုံး နှလုံးသားရှိရာ
မိုးခေါင်ရေရှား ဒေသမှာ
မွေးဖွားခဲ့သူ။

“အစာလင့်” တဲ့ စလင်းမြို့လေး
ငါချစ်တဲ့
ခြောက်သွေ့ရပ်ဝန်းထဲက မြို့ကလေးတမြို့
အဲဒီ မြို့ကလေးထဲက ချိုင့်ခွက်တွေပေါတဲ့ လမ်းတခု
အဲဒီလမ်းဘေး ဆေးရုံတခုရှေ့က အိမ်တအိမ် ...။

“၀က်သည်းကန်” နဲ့ “ကန်ချောင်”
မြို့စွန်က “ရုပ်စုံကျောင်း”
“သူကောင်းတိုက်” နဲ့ “ကယ်ပါရွာ”
အမေမြင့် ရုပ်ရှင်ရုံနဲ့
ပြူစောထီးဗိုလ် ဦးစရဲ့အလောင်း။

မြင်းခွါသံများ
ပေါက်ကွဲ ဆဲဆိုသံများ
မြို့ရိုးဘေးက သွေးကွက်များ
သစ်ပင်တပင်ရဲ့ ပင်စည်ပေါ်က လူ့ဥဏှောက်များ
ရောင်စုံသူပုန်များ ...။

စုတ်ချက်တချို့ဟာ
ငါ့ဘ၀ ပိတ်ဖျဉ်ပေါ်မှာ
ခတ်ကြမ်းကြမ်း တို့ထိသွားကြတယ်။

သနပ်ခါးနံ့
သီးသီးနံ့ ဆီးသီးနံ့
ကြာစွယ်ယိုနဲ့ ကတွတ်ယို
မုန့်ပြစ်သလက်နဲ့ ပုန်းရည်ကြီးတို့ကို
ငါ စွဲမက်ခဲ့တယ်။

ငါဟာ
ရွှေဘရဲ့ တောပုန်းကြီးစံဖဲရုပ်ရှင်ကား
ကြော်ငြာလှည်းရဲ့ နောက်မြီးဖျားမှာ
ပြေးလွှားလိုက်ပါရင်း
ကြီးပြင်းခဲ့တယ်။

“ကယ်ပါရွာ” က ဦးလေးဖြူနဲ့
ထမင်းအတူစားမိလို့
ကစားဖော်တချို့ရဲ့ ၀ိုင်းပယ်မှုကို ခံခဲ့ရတယ်။

သူ့ကောင်းတိုက်ဝန်းကြီးထဲက
“ဦးထွန်းမြင့်အောင်” ဆိုတဲ့ လူကြီးတယောက်ရှေ့မှာ
ဒူးထောက်ရှိခိုးပြီး
ရိုးရာစည်းမျဉ်းနဲ့ ကြီးပြင်းခဲ့တယ်။

“သင်ရိုးလေးရပ်”
မွန်းကြပ်တဲ့ လမ်းရိုးဟောင်း
“ထုံးစံကျောင်း” မှာ ငါ စာသင်ခဲ့တယ်။

အလှအပ ပြင်ဆင်ခြင်း
အ၀တ်အစား သစ်လွင်ခြင်းဟာ
ကံကြမ္မာကို အာခံနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။

ငါ့ဘ၀ရဲ့ အစဟာ
ပုဒ်ဖြတ်နဲ့ ပုဒ်ဆက်များ
ကွက်လပ်နဲ့ ကွင်းစ ကွင်းပိတ်များ
ပြီးတော့ အောက်ခြေမှတ်စုများ
စုဖွဲ့ထားတဲ့ သနားစရာ့ အက်ဆေးတပုဒ်လိုပါပဲ။

(ဂ)

(ငါ့နေ့ရက်တွေဟာ
တရက်နဲ့တရက်
သဘာဝကိုးကွယ်မှုနဲ့
ရစ်နှောင်လို့သာ ရှိစေချင်တော့။
ဝီလျံဝေါ့စ်ဝဒ် ရဲ့ “တမ်းတခြင်း” မှ )

ပြဒါးကွာစ
မှန်တချက်ကို မြင်ရသလို
ပတ်ဝန်းကျင်ကို ငါကြည့်တယ်။

နေရောင်
လရောင်
ကြယ်ရောင်
ပန်းပွင့် လိပ်ပြာ စမ်းချောင်း
ကျောင်းသင်္ခန်းနဲ့ တောအုပ်
ဘုတ်အီသံ
ခွေးအအူသံ
တစ်တီတူး မြည်သံ ...။

တမြို့လုံးကို တုန်လှုပ်သွားစေတဲ့
ဧရာဝတီ ရက်မှန်သင်္ဘောကြီးရဲ့
ဥသြမှုတ်သံကို ငါဘယ်တော့မှ မမေ့ဘူး။

“မမင်းပူး” မှ မင်းဘူးမြို့ရဲ့
လိပ်တောင်ပေါ်က
ကျော်ကြည့်တဲ့အခါ
“နဂါးပွက်တောင်” ပန်းချီကား
အပြာရောင် လိမ်းကျံထား
ပီကာဆို ဖျားလောက်ရဲ့။

ရိုးစင်းလွန်းတဲ့
ငါ့ရဲ့ အတ္တနောမတိ စိတ်ဆန္ဒတွေဟာ
သဘာဝရဲ့ လျို့ဝှက်ချက်တွေမှာ
ဘာသာပြန်ခဲ့တယ်။

လူတွေရဲ့ ယဉ်ကျေးမှုစည်းကမ်းကို
တက္ကဗေဒနည်းလမ်းနဲ့
ခွဲခြမ်း ချဉ်းကပ်ခဲ့တယ်။

ငါ့ဦးခေါင်းထဲက ကဗျာတွေဟာ
အစာရှာထွက်ခြင်း
သီချင်းဆိုခြင်း
ငိုခြင်း ရယ်ခြင်းများနဲ့အတူ
အချိန်မှန်မှန် အိမ်ပြန်လာလေ့ရှိခဲ့တယ်။

လူတယောက်ရဲ့ ဘ၀ထဲမှာ
စာအုပ်တွေ
စည်းကမ်းတွေ
ရုပ်တုနဲ့ ကြေးစည်သံတွေ
နှင်းဆီပွင့်တွေ အမိန့်တွေ
စမ်းရေနဲ့ ကြိုးကြာငှက်တွေ
ပက်ကျိလို နှေးကွေးပြီး
ပိုးဟပ်လို နံဟောင်တဲ့ စွမ်းဆောင်ချက်တွေ။

ဒီကြားထဲက
မပြည့်ဝတဲ့ ဆန္ဒတချို့က
မျှစ်စို့တွေလို ထိုးထောင်
စိတ်ကူးတချို့က
ရွက်သစ်တွေလို ထွက်ပြူ
ပရိဒေ၀တချို့ကတော့
မြက်သီးတွေလို တွယ်ကပ်ငြိပါ။

ဒီလိုနဲ့ပဲ
အချိန်ကာလတချို့ဟာ
သစ်ခေါက်တွေလို ကွာကျသွားကြတယ်။

(ဃ)

(သေနက်ကို ကျည်အပြည့်ထည့်လာသူများ
ရက်စက်စွာ ပစ်သတ်ရန်
အမိန့်တော်ကို ဦးထိပ်ရွက်လာသူများသည်
သီချင်းဆိုလျက်ရှိသော
လူအုပ်ကိုသာ တွေ့ရှိရသည်...။
ပက်ဘလို နယ်ရူဒါရဲ့ “ပန်းခြံတွင်း၌ ကျဆုံးသူများ” မှ )

“ကျနော်တို့ရဲ့
ငတ်မွတ်ခြင်း
အစော်ကားခံရခြင်း
အနှိမ်ခံရခြင်းများအတွက်
အိမ်အပြင်ဘက်ကို ထွက်ခဲ့ကြ။
၈-၈-၈၈

လေထဲမှာ လွှင့်ပျံဖြာထွက်လာတဲ့ ဓါတ်စက်သံဟာ
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
ရိုက်ပုတ်ပြီး နှိုးလိုက်တယ်။

မသိနားမလည်မှုနဲ့
ကြောက်ရွံ့ခြင်း အဖုံဖုံကို သံပုံးတီးလွှတ်ကြ။

လူနဲ့လူချင်း
လှပစွာ ကျွန်ဇာတ်သွင်းထားတဲ့
စနစ်ဟောင်းရဲ့ မကောင်းဆိုးဝါးမှုကို
မောင်းထုပြီး စစ်ကြေညာကြ။

ဒါဟာ
ဗမာပြည်ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ဒီမိုကရေစီဗဟိုချက်မဟာ
ဗမာပြည်ဖြစ်တယ်။

လူသားရဲ့
လွတ်လပ်မှု သမိုင်းဆက်ထုံးမှာ
ဘယ်တုန်းကမှ မကြုံဘူးတဲ့
ထူးကဲတဲ့ အကန့်ငယ်တခုဖြစ်တယ်။

လယ်သမားတွေက
`တာဝန်ကျေစပါး ... တာဝန်ကျေစပါး´ ဆိုတဲ့
ခါးသီးတဲ့ အတိတ်ဇာတ်ကို
မြေမြှုပ်သင်္ဂြိုလ်ဖို့ တောင်းဆိုကြတယ်။

အလုပ်သမားတွေက
`လုပ်အားပေးစနစ်´ ဆိုတဲ့
ခေတ်သစ် ကျေးကျွန် ဗြူရိုကရေစီကို
ဒီမိုကရေစီနဲ့ ဖြိုချကြတယ်။

အကြိမ်ကြိမ်စိမ်ခေါ်
အလီလီတိုက်ပွဲဝင်ခဲ့ကြတဲ့
စာသင်ခန်းထဲက ကျောင်းသားတွေက
ကမ္ဘာမကြေဘူးသီချင်း ဆိုကြတယ်။

သမဂ္ဂမြေကျောင်းတော်က
တဖြောင်းဖြောင်း ရိုက်ခတ်လိုက်တဲ့
ခွပ်ဒေါင်းရဲ့ တောင်ပံခတ်သံဟာ
အာဏာရှင်ဟူသမျှထံ
ရာဇသံ ပေးလိုက်တယ်။

သူတို့
သေနက်ပြောင်းဝတွေမှာ
ပန်းပွင့်တွေ ထိုးစိုက်ပြီး
လှံစွပ်ဖျားတွေမှာ ရင်ကော့ရပ်ပြီး
အကျဉ်းထောင်နဲ့ သွေးအိုင်များရှိရာ
ရဲဝံ့စွာ တိုးသွားခဲ့တယ်။

ဒီအဖြစ်အပျက်တွေဟာ
အေးစက်တဲ့ ငါ့နှလုံးသားကျောက်တုံးဗုံကို
အစွမ်းကုန် တီးခတ်လိုက်ကြတယ်။

စောင်ခြုံထဲ မြွေတွေ့သလို
ငါ့ခြေငါ့လက်တွေဟာ
အသေလိုလည်း ဖြစ်သွားရတယ်။
ငါ့အတွေး ငါ့အမြင်တွေဟာ
ပွဲခင်းထဲ ခဲကျသလို
ဖရိုဖရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ကြရတယ်။

ငါဟာ
ဘုရားသခင်ဖန်ဆင်းတဲ့
နောက်ဆုံးလူသားအဖြစ်
နောက်ကျကျန်ရစ်ခဲ့ပါကလား။

ကမ္ဘာ့တိုးတက်မှုလမ်းကြောင်းမှာ
ဖုံတထောင်းထောင်းနဲ့ နောက်ကျကျန်ရစ်ခဲ့သူ
“လူမျိုးများ” ရဲ့စာရင်းမှာ
ငါတို့ အသွင်းခံခဲ့ရပါကလား။

၁၉၆၂
ဇူလိုင်လရဲ့
ဒုတိယ အာဇာနည်များဟာ
ဗမာပြည် အလှည့်အပြောင်းကို
ကောင်းကောင်းကြီး တပ်လှန့်ခဲ့တာ
ငါမသိခဲ့ဘူး။

“အလုပ်သမား” “လယ်သမား”
အခြေံလူတန်းစား ဝေါဟာရတွေနဲ့
ရောမွှေကျိုချက် “ဟင်းတခွက်” ရဲ့ ဘေးမှာ
လူတွေ လူတွေ လူတွေ
ယင်ကောင်တွေလို သေခဲ့ရပါလား။

အနီရောင် မုန်တိုင်း
အစိမ်းရောင် ရေလှိုင်းများ
ကြာပွတ်သံများ ...
လွှတ်တော်
ပါတီညီလာခံနဲ့ စုံစမ်းစစ်ဆေးမှုများ
ပြိုလဲသွားသော ဆိုင်းပုဒ်များ
ထိုးကျွေးလိုက်သော နယ်ရုပ်များ
ပွဲတော်အုပ်ချကျွေးခြင်းများ
အပေးအယူ အလျှော့အတင်းနဲ့ ဈေးဆစ်မှုများ
ကတိက၀တ်များ ....။

အရှင်သခင်သစ်ဆိုသူတွေဟာ
ကျွန်သစ်တွေ မွေးဘို့ ကြိုးစားရင်းက
အလှပဆုံး လိမ်ညာမှု
“ပြည်ထောင်စု မပြိုကွဲရေး ” ဟစ်ကြွေးလာကြပြန်တယ်။

“နိုင်ငံတော် ကိုးကွယ်ရေး” မောင်းထုပြီး
လူစုဘို့ ကြိုးစားကြတယ်။
ယခုတဖန်
“ဗမာမဆန်ဘူး” ဆိုတဲ့ လက်နက်နဲ့
စွဲချက်တွေ တင်ကြပြန်တယ်။

အကြိမ်တထောင်မြောက်
မုသာဝါဒ သတင်းစာရှင်းလင်းခြင်းနဲ့
အတင်းအဖျင်းပွဲ ပြုလုပ်ကြတယ်။

ငါ့ဘ၀ရဲ့
ထမ်းပိုးတန်းခံစားမှုများဟာ
ငါ့ခြေ ငါ့လက် ငါ့မျက်လုံး
ငါ့သွေး ငါ့သား ငါ့နှလုံးသာ
အားလုံးကို မန်းမှုတ်
တမုဟုတ်ချင်း “အသက်သစ်” သွင်းပေးခဲ့ကြတယ်။


သခင်တပိုင်း ကျွန်တပိုင်းအဖြစ်နဲ့
ငါ့ရဲ့ တပိုင်းဒေသ
နလန်ထခဲ့ပြီ။

ငါ့ဥဏှောက်ထဲက
ကဗျာတချို့ဟာ
သူပုန်ထကုန်ကြပြီ။

ငါ့ကို ချန်ထားပြီး
“တားမြစ်ထားတဲ့ မြို့တော်ထဲ”
ရဲရဲဝင်ဘို့ ကြိုးစားခဲ့ပြီ ...။

(င)

ရွှေရောင်ပြိုးပြက်တဲ့
သောင်ပြင်ထက်မှာ ငါရပ်ခဲ့တယ်။

မိန်းမပျိုတအုပ်
ဟန်မလုပ်ဘဲ ရယ်မောသံလို
နုပျိုလတ်ဆတ်လှတဲ့ ရေကျသံကို
ငါကြားရတယ်။

အဖွားအိုတဦးရဲ့ ငြီးငြူသံလို
ပျောက်တချက် ထင်တချက်
ဆုတ်တချက် တက်တချက်
ပြေးလွှားလာတတ်တဲ့
လေးတိုးသံများကို ငါနားစွင့်တယ်။

ကမ္ဘားယံတလျှောက်
ကွေ့ကောက်ကောက် ဖောက်ထားတဲ့
လူသွားလမ်းကလေးကို ငါချစ်တယ်။

တောင်ထိပ်မှာ
မြူတွေ ထုသိပ်စီးမျောနေတာ
ငါချစ်တယ်။

ပေါက္ခရ နေရောင်အောက်မှာ
ခြေရာဖျောက်နိုင်စွမ်းတဲ့
လွမ်းစရာ့ရွာငယ်များကို ငါချစ်တယ်။

ကျည်တောက်ထိုးဟင်း
ဘိစပ်ရွက်ဟင်းနဲ့
တောင်ယာထမင်းကို ငါချစ်တယ်။

ဆန်ဖွပ်မောင်းထောင်းရင်း သီချင်းဆိုကြတယ်။
သူရဲကောင်းပုံပြင်များ
သွေးချောင်းစီးတိုက်ပွဲများ
ကြေကွဲစရာကောင်းတဲ့ ချစ်ဇာတ်လမ်းများ
ထိတ်လန့်ဘွယ် စွန့်စားခန်းများ
မေတ္တာ အချစ် ငြိမ်းချမ်းမှုနဲ့ သရောခိုင်းကာလများ
ဝိုင်းပါယ်ခံရမှု
မုန်းတီးမှု
တူးမီးသေနတ်
လက်ကောက်ခြေကျဉ်း
ခေါင်ရေ
သင်တိုင်း
တောဝက်ခေါင်းချဉ် ...။

သူတို့ရဲ့ဘ၀ဟာ
ရိုးရာသင်္ချာတပုဒ်ပမာ
အဖြေထုတ်ဘို့ လွယ်ကူလှတယ်။

သူတို့မှာ
နှစ်ပေါင်းရှည်ကြာ
ထုထောင်း စုဆောင်းထားတဲ့
ယဉ်ကျေးမှုကောင်းတွေရှိတယ်။

တောရနံ့ တောင်ရနံ့
တောင်ယာစပါးခင်းပေါ် ဖြတ်ကျော်လာတဲ့လေ
အေးစက်တဲ့ တောင်ကျရေ
ဥယျာဉ်ခြံမြေ
ရွှေထွက်တဲ့ချောင်း ...။

တောင်ပေါ်လူမျိုးစုဆိုတာ
ဗမာပြည်ရဲ့ ခြေလက်အင်္ဂါ။

သူတို့ဟာ
ငါတို့လိုသွား ငါတို့လိုစားကြတယ်.
ငါတို့လို
ချစ်ကြ မုန်းကြ စာဖွဲ့ကြ
တေးဂီတကို မြတ်နိုးကြ
ကကြ ခုန်ကြ။

ငါတို့မှာရှိတဲ့ အရာဟူသမျှ
သူတို့မှာလည်း ရှိကြတယ်။

မြေပြန့်က တိုက်ခတ်လာတဲ့ မုန်တိုင်းကို
ငါတို့လိုဘဲ မုန်းကြတယ်။
မိုးပေါ်က ကျလာတဲ့ ရေစက်များကို
ငါတို့လိုဘဲ နှစ်သက်ကြတယ်။

သူတို့မှာ “ဘ၀” ရှိတယ်။
သူတို့မှာ “ကဗျာ” ရှိတယ်။

ကမ္ဘာကြီးပေါ်မှာ
“ကဗျာ” ရှိတဲ့ လူမျိုးတိုင်း
“သမိုင်း” ရှိကြတယ်။

သူတို့နဲ့အတူ
တောင်ခိုးမြူငွေ့ ဖက်ပွေ့အိပ်စက်
အိပ်မက်သစ်များ မြင်မက်ခဲ့တယ်။

ဖျာတချပ်သာသာ
တောင်ထိပ်တနေရာမှာ ငါရပ်လိုက်တယ်။

ကောက်ကြောင်းများ ပျော့ပျောင်းသော်ငြား
ထုထည်ကြီးမားလှတဲ့ ရိုးမတောင်တံတိုင်းဟာ
အပြာရောင် ရေလှိုင်းကြီးတွေလို
ငါ့ကို ၀န်းရံကခုန်ကြတယ်။

ဒီနေရာမှာရပ်လျက်
နေထွက်ခြင်းကို စောင့်ကြည့်ခွင့်ရခဲ့ပါပြီ။
လရောင်ကို စောင်ခြုံခွင့် ကြုံခဲ့ပါပြီ။
(၁၉၉၁ ခု၊ ဒီဇင်ဘာလအတွင်း
မကဒတ နှင့် တောင်ပေါ်ခရီး)



(စ)

(ကျနော်တို့ဟာ
လှပစွာ ရူးသွပ်ကြသူများဖြစ်တယ်။)
(မကဒတ နှင့် တွေ့ဆုံဆွေးနွေးမှု မှတ်စုများမှ)

ဒီကိုရောက်ဘို့ရာ
ပါလာတဲ့ လက်စွပ်နဲ့နာရီ
လာဘ်ထိုးပြီးမှ ခရီးဆက်ခဲ့ရတယ်။

ရန်သူ့အလောင်းဘေး
သေနတ်ကို တက်ကောက်ပြီး
ကျနော်တို့ တပ်ရင်းကို အင်အားဖြည့်တင်းခဲ့ရတယ်။

စောထစခန်းမှာ
ကမ္ဘာမကြေဘူး သီချင်းတွေကြား
ငှက်ဖျားရောဂါအောက်
တယောက်ပြီး တယောက်
ကြက်ပျောက် ငှက်ပျောက်
ဒါပေမယ့် ကျနော်တို့ ဒူးမထောက်ခဲ့ဘူး။

သမိုင်းတခုရဲ့ အလှည့်အပြောင်းမှာ
သဘာဝရဲ့ အထုအထောင်းကိုလည်း
ခေါင်းမစောင်းဘဲ တင်းခံခဲ့ကြတယ်။

မုဒုံ ပခုက္ကူ မကွေး
တောင်ငူ မြစ်ကြီးနား မြိတ် တောင်ကြီး
ညောင်လေးပင် ပုသိမ်
တောင်ပေါ် မြေပြန့် ဗမာပြည်အနှံ့ ...။

“ကျနော်တို့ဟာ
ဒုတိယပင်လုံစိတ်ဓါတ်နဲ့
မြင့်မြတ်တဲ့ ဗမာပြည်ကို ထူထောင်ကြမယ်”။

“ကျနော်တို့ဟာ
ဗမာပြည်လူ့ဘောင်ရဲ့
အကျဉ်းထောင်နံရံကို ကျော်ပြီးကြည့်
သံမဏိတခေတ် ထူထောင်ဘို့ကြိုးစား
ကျောင်းသားများဖြစ်တယ်”။
(မကဒတ နှင့် တွေ့ဆုံမှု မှတ်စုများမှ)

သူတို့ဟာ
သနပ်ခါးပင်ဘေးမှာ စာထိုင်ဖတ်ခဲ့ကြတယ်။
မချစ်စုသရက်ပင်အောက်မှာ စာကျက်ခဲ့ကြတယ်။
ရော်ဘာခြံတွေထဲမှာ လမ်းလျှောက်ခဲ့ကြတယ်။
အောင်ဆန်းကွင်းထဲမှာ ဘောလုံးကစားခဲ့ကြတယ်။
မော်လမြိုင် မုဒုံသွား ကားလမ်းပေါ်မှာ ဂစ်တာတီးခဲ့တယ်။
ဧရာဝတီကမ်းနဖူးမှာ
နေရူးနဲ့ အောင်ဆန်းအကြောင်း ဆွေးနွေးခဲ့တယ်။

စာသင်ခန်းများ
မိဘနဲ့ချစ်သူများ
လ္ဘက်ရည်ဆိုင် ရုပ်ရှင်ရုံ ပွဲဈေးတန်း
စာအုပ် ဘောလုံးနဲ့ ဆုတံဆိပ်များ
ပုဂ္ဂိုလ်ရေး အာမခံချက်များ ...။

သစ်ကိုင်းခြောက်တခုထက်က
ငှက်ငယ်များ ထပျံသွားကြတယ်။

လှပဆန်းသစ်
ပျိုမြစ်တောက်ပြောင်
ဘောင်မကြစ်ရသေးတဲ့
ရာဇာဝင်တခေတ် ပိတ်ကားပေါ်က
စိတ်ထင်ချက် နမိတ်ပုံများ ....။

“အီဗရာဟင်လင်ကွန်း” ဟာ
လမ်းဘေးမီးတိုင်အောက်မှာ
တယောက်ထဲ စာထိုင်ဖတ်နေတယ်။

အာဏာရှင်ဟစ်တလာဟာ
စင်္ကြာတံဆိပ်တပ် စစ်သားတွေကြားက
ကားစီးရင်း ချီတက်လာနေတယ်။

ဘတ်စတီးထောင်ကြီးထဲက လူတွေဟာ
ကျည်ဆံတွေကို လက်နဲ့ကာဘို့ ကြိုးစားနေကြတယ်။

မဟတ္တမဂန္ဓီရဲ့ ဦးခေါင်းဘေး
ဖုံတထောင်းထောင်းကြားက
မြင်းခွါသံတဖြောင်းဖြောင်း ထွက်ပေါ်လာတယ်။

အီတလီပြည် လူထုကြီးဟာ
မူဆိုလိုနီကို ကြိုးစင်တင်ဘို့ ပြင်ဆင်နေကြတယ်။

“အိုဒက်ဆာ” လှေကားပေါ်က
ထီး၊ ဘိနပ်၊ ဦးထုပ်နဲ့ သွေးအိုင်များ။

တီယံမင်ရင်ပြင်ပေါ်က ရွက်ဖျင်တဲငယ်များ။
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းများ။
ခွပ်ဒေါင်း
တူတံဇင်
ပုခက်လွှဲသောလက်နှင့် ချိုးငှက်များ ...။

(ဆ)

(ကျုပ်သိတယ်
ကျုပ်တို့ ၀ိဥာဉ်ရဲ့
ရွှေတွင်းတွေကိုသာမြင်ရရင်
နေမှောင်သွားတယ်။
မာယာကော့စကီးရဲ့ “ဘောင်းဘီဝတ်မိုးတိမ်” မှ)


ငါ့ဘေးမှာ
အစိမ်းရောင် တောင်တံတိုင်းတွေ ရှိတယ်။

ငါ့ရှေ့မှာ
အနီရောင် နှလုံးသားတွေရှိတယ်။

ငါ့ရင်ထဲမှာတော့
ပြည်သူတွေရဲ့ ဒုက္ခနဲ့ သစ္စာပန်းပွင့်များ ...။

ပန်းပွင့်တွေကို ဖူးပွင့်စေသူ
ပန်းတွေကို မွှေးမြစေသူအဖြစ်နဲ့
သူတို့ကို ငါချစ်ခဲ့တယ်။

တော်လှန်မှု သမုဒ္ဒရာသောင်ခုံမှာ
ယုန်သူငယ်ခြေထောက်နဲ့
လမ်းလျှောက်ရဲကြတဲ့
အဲဒီကလေးငယ်တွေကို ငါချစ်တယ်။


“ကမ္ဘာမကြေဘူး” သီချင်းကို
နံနက်ခင်းမှာ နေ့လည်ခင်းမှာ နေညခင်းမှာ
ငါကြားခဲ့ရ
အိပ်မက်ထဲမှာ သူတို့နဲ့အတူတကွ
နာကြည်းကြေကွဲစွာ ဆိုခဲ့ရ။

ရေပြန်သောက် မြက်ခြောက်စား
သားရေခါးပါတ် ရေလုံပြုတ်ကိုဝါး
အဲဒီ သူရဲကောင်းများဟာ
ဆဌမ ဟင်နရီဘုရင်ပြဇာတ်ထဲက
“ဘယ်ဘုရင်နဲ့ သခင်လက်အောက်
သင်သေမလဲ နေမလဲ” ဆိုတဲ့
ဗန်ဆိုနီယံရဲ့ အမေးစကား
ရဲဝံ့ပြတ်သားစွာ ဖြေကြားလိုက်ကြပြီ။

သူတို့ဟာ
ပြည်သူတွေရဲ့ ရှေ့မှောက်မှာ
သစ္စာရေသောက်ခဲ့ပြီ။

ရွှန်းမြတဲ့ ညရဲ့ တန်ဆောင်
လရောင်ရဲ့ အောက်မှာ
လူသားရဲ့ ဇာတိပုည ဂုဏ်မာနကို
ဖွင့်ဆိုပြခဲ့ကြပြီ။

ပဒေသရာဇ်ကို အသေချစ်တဲ့
“အုတ်လှငယ် လက်သစ်” တွေနဲ့
စစ်ကြေညာခဲ့ကြပြီ။

အရှင်သခင်အတွက်
မျက်စေ့ကန်း တစ္ဆေမကြောက်
ဖောက်ပြန်ရေး စက်ရုပ်များနဲ့
စည်းခြားခဲ့ပြီ။

အာဏာရှင် စစ်ဘုရင်များကို
နှစ်တထောင်အာမခံမယ့်အကြောင်း
ကြေညာမောင်းခတ်ခဲ့ပြီ။

ဆေးချယ်ရန် ငြင်းပယ်ခြင်းခံခဲ့ရသော
အကြမ်းပုဂံလုံးများဟာ
ဗမာပြည်ရဲ့ အနာဂါတ်ဖြစ်လာခဲ့ပြီ။

သူတို့ဟာ
အနာဂါတ်ကို မြတ်နိုးမှုစိတ်ကူးနဲ့
လှပစွာ ရူးသွပ်ကြသူများသာဖြစ်တယ်။

(မွန်မြတ်တဲ့စိတ်ဆိုတာ ရူးသွပ်တဲ့စိတ်နဲ့
ကင်းကွာလို့ရတာ မဟုတ်ဘူး။
အရစ္စတိုတယ်)

(ဇ)

(တံတားကို ဖြတ်ကျော်ခဲ့ပြီးမှ
တမ်းတတတ်တဲ့ရင်ဟာ
တခွင်လုံး မိုးသားတွေပြည့်လို့ ...
ဖော်ဝေး)

နေရစ်ပေဦးတော့
တားမြစ်ပိတ်ပင်ထားတဲ့ မြို့တော်ရေ ...။

သင့်ရဲ့
တော်လှန်မှုမုဒ်ဦးမှာ
ငါ နှုတ်ဆက်ထွက်ခွါလာခဲ့ပါပြီ။

သင့်ရဲ့နှလုံးသား
သင့်ရဲ့ ခွန်အား
သင့်ရဲ့ မေတ္တာတရား
ငါ ... မှတ်သား ခံစားဖူးခဲ့ပြီ။

သင်တို့ရဲ့ ကြီးမြတ်တဲ့ စွန့်လွှတ်မှုတွေမှာ
ပြည်သူတွေစာနာကြမှာ သေချာတယ်။

သင်တို့ရဲ့
ကိုယ်တိုင်ရေး ရာဇ၀င်သစ်ကို
ပြည်သူတွေချစ်လာကြမှာ သေချာတယ်။

သင်တို့ရဲ့ရနံ့
သင်တို့ရဲ့ နှလုံးခုန်သံ
သင်တို့ရဲ့ ရယ်သံ၊ တောက်ခေါက်သံ
ဆွေးနွေးငြင်းခုန်သံ သီချင်းဆိုသံတွေဟာ
ဗမာပြည်အရပ်ရပ်က
“လုပ်အားပေး” ဆိုတဲ့ ချွေးတပ်စခန်းတွေဆီ
လယ်တောနဲ့ စက်ရုံဆီ
အကျဉ်းထောင် ကြိုးစင်နဲ့ တရားရုံးများဆီ
ဗိုလ်ချုပ်ရွာနဲ့ ကိုကိုးကျွန်းဆီင်္
အမြဲမပြတ် စောင့်ကြပ်ကြည့် ရှုခံနေရတဲ့
စာသင်ခန်းတွေဆီ
ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီးဆီ
ကစ်ပလင်းရဲ့ မန္တလေးမြို့ဆီင်္
တက္ကသိုလ် ရိပ်သာလမ်းထဲက
ဒီမိုကရေစီ နန်းတော်ငယ်ဆီ
ပင်လယ်ထဲက ဒဂုံမြို့သစ်ဆီ
လူသားစက်ရုပ်များ ထုတ်လုပ်တဲ့
စစ်သင်တန်းစခန်းတွေဆီ
အရာရှိအိမ်မှာ
ခလေးထိန်း၊ အ၀တ်လျှော်
ထမင်းချက်၊ ကြမ်းတိုက်ကြရတဲ့
သင်တို့ရဲ့ မိခင်နဲ့ ညီမငယ်တွေဆီ
နို့ဆီတဗူး
သကြားတဆယ်သား
ဆန်နဲ့လဲစားနေကြရတဲ့ စစ်တန်းလျားတွေဆီ
အိမ်တံခါးပေါက် ခေါက်လာမယ့်အသံကို
ရင်တဖိုဖိုစောင့်နေကြရတဲ့
လွှတ်တော်ကိုယ်စားလှယ်များရဲ့ သားမယားတွေဆီ။
အခြေအတင် ငြင်းခုန်ဆွေးနွေးနေကြတဲ့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီခန်းမဆီ
အမြန် ... ချီလာလော့
အမြန်ဆုံး ... ချီလာကြတော့။

ငြိမ်းဝေ
၁၉၉၁၊ ဒီဇင်ဘာလ