July 31, 2008

ISOLATION






ကြွေ



25.7.08 နေ့က ဆရာမ ဒေါ်မေငြိမ်းနဲ့ ကျနော် ဇင်းမယ်မြို့က စားသောက်ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြပါတယ်။ စားရင်းသောက်ရင်းက ပုဂ္ဂိုလ်ရေးကိစ္စတချို့ကိုလည်း ပြောဖြစ်ကြပါတယ်။ သူကလည်း သူ့ “လယ်သမားကြီး” အကြောင်းပြောသလို ကျနော်ကလည်း ကျနော့် “ချစ်သူ” အကြောင်း ပြောမိတယ်။
နောက်တနေ့ နေရပ်ကိုပြန်တော့ ကားပေါ်မှာ ကျနော့်ချစ်သူအကြောင်း အတွေးမျှင်တန်းရပြန်ရော...။ ဒီကနေ့ကျတော့ ချစ်သူနဲ့ပါတ်သက်တဲ့ ဒီဝတ္ထုတိုလေးကို ပို့စ်အသစ်တင်မိပြန်တယ်။
ဒီဝတ္ထုတိုလေးဟာ၊ ၁၉၉၂-ခု ကျနော် မာနယ်ပလောကို ရောက်လာပြီးနောက်ပိုင်း ပထမဆုံးရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ “ဒေါင်းတမာန်” စာစောင်မှာ ဖော်ပြခဲ့ပါတယ်။ ပန်းချီဆရာလေး “စောငို” က သရုပ်ဖော်ပုံ ဆွဲပေးခဲ့ပါတယ်။
ဒီတုန်းက ဒီဝထ္ထုလေးကိုဖတ်ရတဲ့ ကျနော့်ချစ်ရဲဘော်တချို့က ကျနော့်ချစ်သူကို အသိအမှတ်ပြုကြ ပါတယ်။ အခုလည်း ကျနော် ၀ထ္ထုလေးအပေါ် ချစ်မိတ်ဆွေ စာဖတ်သူများက ဘယ်လိုများ ပြောလာကြဦးမလဲ ...။
မိတ်ဆွေတွေအားလုံး ဒီဝထ္ထုလေးကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူး ...။


(က)
စက်လှေသံနှင့်အတူ မပီိမသရောထွေးပြီး ကြားနေရတဲ့ ဓါတ်စက်ထဲက မောင့်အသံကို ငါ ဂရုစိုက်ပြီး နားထောင်နေမိတယ်။ နာရီပိုင်းအတွင်း ဖြစ်သွားခဲ့ရတဲ့ ကိုယ့်အဖြစ်ကိုပင် မေ့ထားလိုက်ပြီး မောင့်အသံကို စကားလုံးတလုံးမကျန် ကြားလိုက်နိုင်အောင် ကြိုးစားနေမိတယ်။ တကယ်တော့ စက်လှေသံ ဘယ်လောက်ပဲ ဆူဆူ လေတိုးသံ ဘယ်လောက်ပဲပြင်းပြင်း မောင့်အသံကို ငါ ကောင်းကောင်းမှတ်မိတာပေါ့။ ကြည့်စမ်းပါဦး ငါကလည်း မောင်စကားပြောနေတဲ့အချိန်ကျမှ အချိန်ကိုက်ပြီး ရောက်လာသလိုပါပဲလား။
စက်လှေနံရံကိုကျော်တဲ့အထိ လှဲနေရာက အသာထပြီး မျက်လုံးကိုဖွင့်ကြည့်တော့ စက်လှေဟာ သောင်တန်းရွာထိပ်ကို ရောက်နေပြီ။ သရက်တောရွာကွေ့ကို ဦးတည်နေပြီ။ မောင့်အသံကလည်း အခုမှပဲ ပိုပြီး ပြတ်ပြတ်သားသား ကြားလာနေရတယ်။
“ကျွန်တော်တို့ဟာ အနာဂါတ်ကို ပိုင်တယ်။ ကျွန်တော်တို့ဟာ သမိုင်းကို အသိရှိရှိနဲ့ ဖန်တီးနေကြတာ ဖြစ်တယ်။ ဒီလိုအခွင့်အရေးကြီး ကျွန်တော်တို့လက်ထဲရဘို့ဆိုတာ လူ့သမိုင်းမှာ ရတောင့်ရခဲ ကြုံကြိုက်မှုကြီးပါ။ ကျွန်တော်တို့ဟာ ... ”

(ခ)
“အဲဒီလို စင်ပေါ်မှာစကားပြောနေတုန်းမှာတောင်မှ မ ကို မောင် သတိရမိအောင်ရလိုက်သေးတယ်”
အခုလို မောင့်စကားကိုကြားတော့ မုန့်ကြော်နေတဲ့ ငါ့လက်တွေဟာ လမ်းတ၀က်တပျက်မှာတွင် ရပ်သွားရတယ်။ မောင့်ကို မျက်စေ့မှေးပြီး ကြည့်လိုက်တယ်။ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် ရယ်ချလိုက်မိတယ်။
မောင်စကားပြောခဲ့တဲ့ နေ့ဆိုတာ စစ်တောင်းမြစ်ဘေး ကျေးရွာတွေအားလုံး စုပေါင်းပြီးဆန္ဒပြပွဲကြီး ကျင်းပတဲ့နေ့၊ အဲဒီနေ့မှာပဲ ငါဆေးရုံတက်ခဲ့ရတယ်။ ရုတ်တရက် မူးမေ့လဲကျသွားတဲ့ ငါ့ကို အိမ်နီးနားချင်းတွေက စက်လှေပေါ်ထမ်းတင်ခဲ့ကြပြီး ကျွဲပွဲမြို့ ဆေးခန်းကို ပို့ပေးခဲ့ကြတယ်။ ဒါပေမယ့် သောင်တန်းရွာထိပ်ကို ရောက်တော့ ငါ သတိပြန်ရလာခဲ့ပြီ။ ပထမဆုံးခေါင်းထဲကိုဝင်လာတဲ့ အသိကတော့ စက်လှေသံထဲမှာရောပြီး ကြားလိုက်ရတဲ့ မောင့်ရဲ့ ဓါတ်စက်နဲ့စကားပြောသံပဲ။
“ဘာလုပ်မလို့လဲ၊ မျက်စိမှိတ်ပြီး အသာကလေး ငါ့ကိုဖေးပြီးမှီထား၊ တခြားဘာမှ တွေးမနေနဲ့၊ ကလေးတွေအတွက်လည်း မပူနဲ့၊ အားလုံးစီစဉ်ပေးထားခဲ့တယ်၊ သက်သာအောင်သာနေ”
မတင်ရီရဲ့ ခန္ဓာကိုယ်ကို လက်နဲ့အားယူပြီး ခေါင်းထောင်ဖို့ ကြိုးစားကြည့်တယ်။
“မထနဲ့လေ၊ သောင်တန်းရွာထိပ်ကိုတောင် ရောက်နေပြီ၊ မကြားဘူးဘား နင့်ယောင်္ကျားအသံ၊ လူတွေ ကတော့ အများကြီးပဲဟ၊ အလံတွေ တလူလူနဲ့”
စက်လှေထဲမှာ အသာပြန်လှဲနေယင်း နားကိုစွင့်ထားမိတယ်။ ကောင်းကင်ပြာပြာကြီး ... ။ ပြီးတော့ မောင့်ရဲ့ ဓါတ်စက်ထဲကအသံ။ ဓါတ်စက်ထဲက မောင့်အသံဟာ စစ်တောင်းမြစ်ပေါ် ဖြတ်ကျော်သွားနေခဲ့တယ်။
“မ ရဲ့ စာကိုဖတ်ရတော့ မောင်လေ နပိုလီယံပြောခဲ့တဲ့ စကားတချို့ကို ချက်ချင်းသတိရသွားတယ်။ အဲ ... ဘာတဲ့၊ မင်းကသာချစ်တယ်ဆိုတဲ့ စကားတခွန်းကို လူကြုံနဲ့မှာလိုက်စမ်းပါ။ ငါ အခုတိုက်နေတဲ့ စစ်ပွဲကြီးတခု လုံးကို ပစ်ချထားခဲ့ပြီး မင်းဆီကို ငါချက်ချင်းပြန်လာခဲ့မယ် ...” တဲ့။
နောင်အခါ အခုလိုပြောပြခဲ့တဲ့မောင်ဟာ တကယ်တမ်းကျတော့ ရွာက ကောင်လေးတွေက အကို့မိန်းမ ဆေးရုံတက်ရတာ သုံးရက်တောင်ရှိနေပြီဆိုပြီး ဆေးရုံပေါ်က ငါရေးပေးလိုက်တဲ့ စာကိုပြတော့ မောင်ဟာ ငါ့စာကိုဖတ်ကြည့်ပြီး ခေါင်းတချက်မော့ထား၊ မျက်စိကို ပိတ်ထားခဲ့သတဲ့။ ဒါပါပဲ။ ပြီးတော့ သူ့အလုပ်တွေကို ဆက်လုပ်နေခဲ့တာပါပဲ။
မောင့်ဆီကို ရေးပို့လိုက်တဲ့ စာထဲမှာ ဆန္ဒပြပွဲကိုပေးထားခဲ့ ကတိအတိုင်း ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့တာ မောင့်အနေနဲ့ နားလည်ခွင့်လွှတ်ဖို့ရေးခဲ့မိတယ်။ တကယ်တော့ ဒီဆန္ဒပြပွဲကို တက်နိုင်ဖို့ နှစ်ရက်လောက် ကတည်းက အလုပ်တွေဖိပြီးလုပ်ထားခဲ့ရတာပဲ။ အခုလို မမျှော်လင့်ပဲ လွဲသွားရတော့ မောင့်ဆီကို စာနဲ့ပဲ တောင်းပန်ရတော့တာပေါ့။

(ဂ)
“အလုပ်ထွက်တာကတော့ လွယ်ပါတယ်၊ ဒါပေမယ့် မောင်တို့ တော်တော်ရုန်းကန်ရမယ့် သဘော ရှိတယ်၊ မ ပြောတဲ့ ကိစ္စဖြစ်ပါ့မလားကွာ၊ မ က အလုပ်ကြမ်းလုပ်လို့ မရဘူး၊ ဈေးတောင်းခေါင်းပေါ်တင်ရတယ် ဆိုတာ မလွယ်ဘူး၊ ပြီးတော့ ကျန်းမာရေး ...”
ငါ့မျက်နှာကိုကြည့်ပြီး မောင်ဟာ ပြောလက်စ စကားကို ရပ်ပစ်လိုက်တယ်။ ပြီးတော့ ရုတ်တရက် မှိုင်ကျသွားတဲ့ မျက်လုံးတွေနဲ့ ငါ့ကို စိုက်ကြည့်နေတယ်။ မျက်မှန်ကိုင်းကို လက်တဖက်နဲ့ ပင့်တင်ရင်း မျက်နှာလွှဲသွားတဲ့အခါ သူ့ဆီက သက်ပြင်းချသံကို ငါ ကြားလိုက်ရတယ်။ မကြာပါဘူး သူ့သားအကြီးကိုခေါ်ပြီး နောင်ချိုအင်းစပ်ကို ကန်စွန်းရွက် ခူးဖို့ ဆင်းချသွားလေရဲ့။
ဒီတုန်းက မောင်ဟာ နှစ်ရက်လောက် ငေးငေးငိုင်ငိုင်ဖြစ်သွားခဲ့တယ်။ ငါ နားလည်ရမှာပေါ့၊ သူ့ခမြာ တော်တော်ထိသွားခဲ့တာပဲ။
မောင်အလုပ်ကထွက်ပြီး ပြန်လာတဲ့ ညနေက လူကြုံနဲ့မှာလိုက်လို့ ရောက်လာတဲ့ ဈေးတောင်းအသစ် ကို ခါးစောင်းတင်ပြီး မောင့်ကို ရွာထိပ်မှာ ငါကိုယ်တိုင် ထွက်ကြိုခဲ့တယ်လေ။ ဒီတုန်းက မောင့်မျက်လုံးတွေ ရီဝေေ၀ မှိုင်းနေလေရဲ့။

(ဃ)
သောင်တန်းရွာထိပ်က စာသင်ကျောင်းပေါ်မှာ မဲပေးမည့်သူတွေ ပြည့်ကြပ်နေတယ်။ ငါကတော့ မဲပေးပြီးပေမယ့် မောင့်ကို စောင့်နေရသေးတယ်၊ မဲလာပေးကြတဲ့ သူတွေကလည်း မောင့်ကိုပဲ မေးနေတယ်။ လူတိုင်းလိုလို ခမောက်ကိုယ်စီဆောင်းပြီး မဲပေးဖို့လာနေတဲ့ မြင်ကွင်းကို မောင်မြင်စေချင်စမ်းပါဘိ။
မောင်ဟာ ရွာနဲ့ဝေးတဲ့ အုပ်တွင်းမြို့မှာ မြို့နယ်အတွင်းက ရွေးကောက်ပွဲကိစ္စတွေအတွက် အိမ်မပြန်နိုင် တာ တလကျော်သွားခဲ့ပြီပဲ။ ဒီနေ့တော့ မဲပေးဖို့ ပြန်လာနိုင်အောင် ကြိုးစားမယ်လို့ လူကြုံနဲ့ကြားရပေမယ့် နေ ခေါင်းပေါ်တက်လာတဲ့ အထိတော့ ရောက်မလာသေးဘူးလေ။
ခေါင်းပေါ်က ခမောက်ကို လက်နဲ့ဖေးကိုင်ပြီး စာသင်ကျောင်းရှေ့က နတ်စင်ရှေ့မျက်ခင်းအစပ်မှာ သွားထိုင်နေမိတယ်။ အရှေ့ဖက်က ရှမ်းရိုးမတောင်တန်းကြီးတွေကို လှမ်းမျှော်ကြည့်နေမိတယ်။ ထိုင်နေယင်းက မောင့်အကြောင်းတွေ တွေးမိပြန်တယ်။ တခါတုန်းက မောင့်ကို ငါက ကဗျာတပုဒ် ရွတ်ပြမိတယ်။

“ကျမနဲ့မောင်
ကလေးတွေအတွက်
ဖိနပ်တရံ လို့ ယူဆရအောင် ...”

မောင်ဟာ အစတော့ ငါ့ကို တအံ့တသြနဲ့မော့ကြည့်နေတယ်။ ပြီးတော့ ခပ်တိုးတိုးရယ်တယ်။ ဒါပေမယ့် ငါ့နားထဲမှာတော့ မောင့်ရယ်သံတွေ ဆူညံမြည်ဟိန်းသွားတယ်လို့ ခံစားလိုက်ရတယ်။
“ဒါ ရယ်စရာလားမောင်”
“မဟုတ်ဘူး၊ မဟုတ်ဘူး ဒီလိုမဟုတ်ဘူး၊ မောင်ရယ်တာ ဒီလိုမဟုတ်ဘူး”
မောင့်ရဲ့ ဖြေရှင်းတဲ့ စကားသံတွေဟာ တုန်ရင်အက်ကွဲနေကြတယ်။ ငါကလည်း တခါတလေ မောင့် အပေါ်မှာ နားလည်ဖို့ မေ့တတ်တယ်။ မောင့်ကို နားလည်ရမယ်။ တစက္ကန့်လေးတောင်မှ မေ့လို့မရတဲ့ နားလည်မှု မျိုးနဲ့ သိနေရမယ်။ အထူးသဖြင့် ကဗျာ ... ။
ဒီလိုနဲ့ မောင်နဲ့အတူ ထင်းခွေကြတာ၊ မနက်အစောကြီးထပြီး မုန့်ကြိတ်ကြတာ၊ စစ်တောင်းမြစ်ကမ်းပါးလမ်းမှာ စကားတွေ ဖောင်လောက်အောင်ပြောရင်း ရွာပြန်လာကြတာ၊ တခါတလေ ဖိနပ် တရံတည်းကို သူအရင်စီးမယ်၊ ငါ အရင်စီးမယ်ဆိုပြီး သားသုံးယောက်ရန်ဖြစ်ပြီး လုစီးနေကြတော့ မောင်က မကြားချင်ယောင်ဆောင်ပြီး ငေးနေခဲ့တာ၊ တနေကုန် ရွာစဉ်လျှောက် ဈေးရောင်းရာက ပြန်လာတဲ့ ငါ့ကို ရွာထိပ် ဘုန်းကြီးကျောင်းအထွက် ရေသိမ်လေးပေါ်က ထိုင်ပြီး တယောက်တည်းစာထိုင်ဖတ်ရင်း ငါ့ကို စောင့်ကြိုနေတာ၊ ညကျတော့ ကလေးတွေအိပ်ပျော်သွားတဲ့အချိန် ငါ့က မုန့်နယ်ပြီးတဲ့အချိန် သူစာရေးနေတဲ့ ရေနံဆီမီးခွက် ဘေးမှာသွားထိုင်ရင်း သူ့ကဗျာတချို့ကို တိတ်ဆိတ်စွာဖတ်နေခဲ့တာ။
“ကဲ ...၊ စာရင်းလုပ်တော့မလား၊ ရပြီလေ၊ မောင်ရေးပေးမှာပေါ့၊ ကိုင်းပြောတော့ အဆင်သင့်ပဲ”
ငါက ကျစ်ကျစ်ပါ အောင်လိပ်ပြီး ကိုင်ထားတဲ့ စာရင်းစာရွက်ကိုထုတ်ပြီး မောင့်ကို ဖတ်ပြလိုက်တယ်။ မောင်က သူ့စာရွက်တွေကို ဘေးဖယ်ပြီး စာရင်းလိုက်ရေးဖို့ ပြင်တယ်။
“မုန့်ကြိတ်ဆုံငှားခက ငါးဆယ်၊ မနက်ဖြန်ဈေးလူကြုံမှာရမယ့်ပစ္စည်း ... အဲ ထန်းလျက်က တပိဿာ ဆိုတော့ နှစ်ဆယ့်ငါးကျယ်၊ ဆားတထုပ်က သုံးကျပ်၊ ဆီ ငါးကျပ်သားက ... ”
“နေပါအုံး မရဲ့၊ မင်းစာရင်းက ရှိတဲ့ငွေထက် ကျော်နေပြီမို့လား”
ငါက မောင့်ကို ပြုံးကြည့်ပြီးမှ “ဒါ ဆန်းသလားမောင်ရဲ့၊ ကျန်တာ အကြွေးပေါ့၊ ယူနေကြပဲဟာ၊ ရပါတယ်၊ ဒါတောင်မှ ကင်းကြေးက လေးဆယ်၊ ချောကြေးက ငါးဆယ်၊ စာသင်ကျောင်း အိမ်သာဆောက်တာ ထည့်ရမှာက တရာ့တစိပ်၊ အုတ်တွင်း စပါးငါးကန် လူကိုယ်တိုင်လိုက်တူး မပေးနိုင်လို့ လူငှါးထည့်ဖို့ ချေးထား ခဲ့တာက တစ်ရာ့ရှစ်ဆယ်၊ ပြီးတော့ ... ”
အဲဒီညက စာရင်းရေးပြီးတဲ့အခါ ငါက ကဗျာတပုဒ်ကို ရွတ်ပြမိခဲ့တယ်။ ဒါကို မောင်က တအံ့တသြနဲ့ နားထောင်ပြီး ခပ်တိုးတိုးလေး ရယ်မောခဲ့တာ၊ အစကတော့ ဒါဟာ ငါ့ကိုလှောင်တာပဲဆိုပြီး ငါက စိတ်ဆိုးခဲ့တာ။ နောက်တော့မှ မောင့်ရဲ့ရယ်သံအဆုံးက မသိမသာလေး တုန်ရင်နေတဲ့ အသံကို ဂရုပြုမိပြီး မောင့်ကို သနားသွား ခဲ့တာ ... ။
ငါ့ရဲ့အတွေးတွေဟာ လူတယောက် ငါ့ဘေးမှာ လာရပ်တော့မှ တပိုင်းတစနဲ့ ပြတ်တောက်သွားရတယ်။ မော့ကြည့်လိုက်တော့ ဖျင်နီတိုက်ပုံအင်္ကျီဝတ်ပြီး ရပ်နေတဲ့ မောင့်ကို တွေ့ရတယ်လေ၊ မောင်က ငါ့လက်ထဲက ခမောက်ကိုယူပြီး ငါ့ခေါင်းပေါ် ဆောင်းပေးလိုက်တယ်။ ငါက မောင်နဲ့ယှဉ်ပြီး ရပ်နေလိုက်တယ်။

(င)
ထာဝရ ... ။ ဟုတ်တယ် ... ။ ထာဝရ ...။
ဒီစကားလုံး သုံးလုံးရဲ့ နောက်မှာ ဘယ်လိုစကားမျိုးပဲ ဆက်ဆက်လိုချင်တာ ဖြည့်လို့ရတယ်ဆိုတော့ သိပါတယ်။ ဒါပေမယ့် ငါ့အဖို့တော့ ဖြည့်သင့်ဆက်သင့်တဲ့အရာတွေကို ဖြည့်နိုင်ရမယ့် သတ္တိတွေ ရှိနေရမယ်လို့ မောင်ပြောဖူးတာတွေးတော့ ငါ့ခေါင်းဟာ အလိုလို မော့သွားရတယ်။ ထာဝရ ...။ ထာဝရ ... ။ ထာဝရ ... ဆိုတဲ့ စကားသံတွေ စစ်တောင်းမြစ်ကြီးကို ကျော်ပြီး၊ လှိုင်းတွေလို တလိမ့်လိမ့်ဝေးသွားနေတဲ့ အရှေ့ရိုးမတောင်တန်း ကြီး တွေကို ကျော်ပြီး မောင့်ဆီကို ရောက်တဲ့အထိ အော်ဟစ် ပစ်လိုက်ချင်တယ်။
“ကဲ လုပ်တော့လေ၊ ကလေးတွေကို ဒီလောက်နောက်ဆံတင်းမနေနဲ့၊ သူတို့လည်း နေတတ်သလောက် ဖြစ်နေပြီပဲဟာ၊ ကိုယ့်ရောဂါက မပြလို့မှမရပဲ၊ ရော့ တင်လှိုင်တို့လင်မယားဆီက ချေးလာတဲ့ ပိုက်ဆံတရာ၊ ကိုင်း ထပါ၊ စက်လှေလာတော့မယ်။ ဖြည်းဖြည်းလျှောက်နော်၊ ငါ ချောင်းထဲဆင်းနှင့်မယ်”
မအေးငွေရဲ့ ကျောပြင်ကို ကြည့်ယင်းက လက်ထဲက ပိုက်ဆံတရာကို ကျစ်ကျစ်ပါအောင် ဆုပ်ညှစ်နေမိ ပြန်တယ်။ ပြီးတော့ အိမ်ပေါက်ဝ ထရံဘေးမှာ ကြုံ့ကြုံ့ကလေးထိုင်နေတဲ့ သားကြီးကို ငါ လှမ်းကြည့်လိုက်တယ်။ သားကြီးဟာ ငါ့ကို မျက်လုံးတွေ ၀ိုင်းနေအောင် မော့ကြည့်နေတယ်။
မောင့်ကိုငါ ရင်နာချင်လိုက်တာ။ မောင့်ကိုငါ မုန်းပစ်လိုက်ချင်တာ၊ ငါ့ဘ၀မှာ တခါမှ မမြင်ဖူး၊ မတွေ့ဖူး၊ မကြားဖူးသေးတဲ့ လူတယောက်အဖြစ်မျိုးနဲ့ မောင့်ကိုငါ ရှိနေစေချင်လိုက်တာ။ ဒါပေမယ့် ဆန္ဒတွေ ပြည့်ဝလာမယ့်နေ့ဟာ ငါ့ဘ၀အဖို့ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ၊ အသက်ရှင်ရပ်တည်လို့ကော ရနိုင်တော့မှာလား ...။
“မေမေ ဆေးရုံတက်နေတဲ့အချိန်မှာ ညီလေးတွေကို ဂရုစိုက်နော် ဒီကနေ့ သားကြီး ကျောင်းမတက်ရတော့ဘူးပေါ့၊ မေမေ ဆေးရုံမှာကြာရင် နှစ်ရက်သုံးရက်ပါ၊ ညကျတော့ အိမ်ရှေ့အိမ်က မင်းအဖော်တွေကိုခေါ်ပြီးအိပ်နော်၊ မေမေမှာထားပေးခဲ့မယ်။ အိုးထဲမှာ ဆန်နှစ်ရက်စာ မလောက်ရင် ဒေါ်လေး မထွေးဆီမှာ သွားတောင်း၊ ပြောထားပြီးပြီ၊ မီးဂရုစိုက်နော်၊ ငါးပိလည်း သုံးရက်စာ ရှိသေးတယ်၊ ပိုက်ဆံလည်း တဆယ် ပေးခဲ့မယ်”
သားကြီးရဲ့ အသက်ဟာ ဆယ့်တစ်နှစ်ပဲ ရှိသေးတာပဲ။ အငယ်ဆုံးက ခြောက်နှစ်။ ဒါပေမယ့် သားကြီးရဲ့ မျက်လုံးတွေထဲမှာ အရွယ်နဲ့မမျှအောင် တွေးခဲ့ခေါ်ခဲ့ရလွန်းလို့ ငါပြောတဲ့ စကားတချို့ကို နားလည်နိုင်စွမ်းရှိ နေတာ ငါ တွေ့နေရတယ်။
မေမေ့ကိုလည်း၊ မေ့မေ့ကို ယုံစမ်းပါသားရယ်၊ ဖေဖေ့အပေါ် မေမေက ယုံကြည်ထားသလို မေ့မေ့အပေါ် မှာလည်း မင်းတို့ ယုံကြည်လိုက်စမ်းပါ။ မေမေ အခု သွေးတွေ အန်နေပေမယ့် မသေစေရပါဘူး။ မေမေသေလို့ လည်း မဖြစ်သေးဘူး။ သေလည်း မသေချင်သေးဘူး။ မေမေ့အတွက် ဖေဖေဟာ ဘယ်တော့မှ မသေသလို သားတို့အတွက် မေမေဟာ ဘယ်တော့မှ မသေစေရဘူး ...
ရင်ထဲမှာပဲ ပြောနေမိတဲ့ စကားတွေပါ။ ဒါတွေကျတော့ သားကြီးနားလည်လိမ့်မယ် မဟုတ်ဘူးပေါ့။ တကယ်တော့လည်း အခုလို မီးလျံတမျှပူလောင်လှတဲ့ စကားလုံးတွေဟာ ကလေးတွေနဲ့ ဘယ်လိုမှ မသက်ဆိုင် ဘူး မဟုတ်လား။
အခုတော့ မုန့်ကြိတ်ဆုံနံဘေးမှာ၊ နောင်ချိုအင်းထဲက ထင်းခွေကြတဲ့နေရာ၊ ရွာထိပ်က ရေသိမ်ကလေး၊ စစ်တောင်းမြစ်ကမ်းနဖူးက လူသွားလမ်းကလေး ...၊ အဲဒီ နေရာလေးတွေဟာ ငါ့အဖို့တော့ တန်ဖိုးကြီးမားလှတဲ့ လွမ်းဘွဲ့နေရာလေးတွေ ဖြစ်နေရပြီပေါ့။
ကိစ္စမရှိပါဘူးလေ ...၊ ဟို အဝေးကြီးက အရှေ့ရိုးမ တောင်တန်းကြီးတွေရဲ့နောက်မှာ မောင်တယောက် ရှိနေသေးတာပဲမို့လား ...။


ငြိမ်းဝေ


July 30, 2008

တရုတ်ကဗျာနယ်ပယ်ထဲက တော်လှန်ရေး


ဟေမန္တ ... ။ ၁၉၇၈-ခု ။
ဘေဂျင်းမြို့တခုလုံး နှင်းတွေဖုံးနေလျက်။ မြို့အရှေ့ဘက် ဆင်ခြေဖုံးတနေရာ။ လူဦးရေ အနည်းငယ်သာနေထိုင်တဲ့ ရွာကလေးတရွာ။ ညစ်ပတ်နောက်ကျိနေတဲ့ ချောင်းကလေးတခုကိုကျော်ပြီး ဘေဂျင်းမြို့ နယ်နိမိတ်ထဲက သံရုံးရပ်ကွက်ဆီ လှမ်းမြင်နေရတဲ့နေရာ ... ။ ဒီရွာကလေးဟာ စိုက်ပျိုးရေး ရွာကလေးတရွာဆိုပေမယ့် တိတ်ဆိတ်မှုတော့ မရှိလှပါဘူး။ ဒါပေမယ့်လည်း မြို့တော်ကြီးရဲ့ မျက်ကွယ်ဖြစ်နေတဲ့ နေရာတနေရာသဘောတော့ ဆောင်ပါတယ်။



ပြတင်းပေါက်တွေမှာ ဟောင်းနွမ်းလှတဲ့ ခန်းဆီးပိတ်စတွေ တပ်ထားတဲ့ တဲကလေးတလုံး။ အဲဒီ တဲကလေးထဲမှာ လူငယ်ခုနှစ်ယောက်ဟာ ခနော်နီခနော်နဲ့ ဖြစ်နေတဲ့ ပုံနှိပ်စက်တလုံးကို ၀ိုင်းထိုင်နေကြပါတယ်။ အဲဒီခုနှစ်ယောက်ထဲက လူငယ်တယောက်ဟာ ကျနော်ပဲပေါ့။ သုံးရက်နဲ့သုံးညရှိတဲ့အခါ “ယနေ့” လို့ အမည်ပေး ထားတဲ့ စာစောင်တခုကို ကျနော်တို့တတွေ အောင်မြင်စွာ ထုတ်ဝေလိုက်နိုင်ကြပါတော့တယ်။ ဒါဟာဖြင့် ၁၉၄၉-ခုနှစ် ... ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက်ပိုင်း တရုတ်ပြည်မှာ ပထမဦးဆုံးအကြိမ် တရားမ၀င်ပုံနှိပ်ထုတ်ဝေလိုက်တဲ့ စာစောင်ပါပဲ။ ကျနော်တို့တတွေ မြို့တော်ကြီးထဲက စားသောက်ဆိုင် တဆိုင်ဆီ စက်ဘီးကိုယ်စီ စီးပြီး သွားခဲ့ကြပါတယ်။ အရက်ခွက်ကိုယ်စီကိုင်မြှောက်ပြီး ကျနော်တို့ရဲ့ အောင်မြင်မှု အသီးအပွင့်အတွက် တိတ်ဆိတ်စွာပဲ ဂုဏ်ပြုပွဲ ကျင်းပလိုက်ကြပါတယ်။
နောက်တနေ့ကြတော့ ကျနော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်၊ မြို့တော်ကြီးထဲ ၀င်လာကြပြီး “ယနေ့” ဂျာနယ်စာရွက်တွေကို နံရံတွေမှာ လိုက်ကပ်ကြပါတယ်။ ပုလိပ်တွေ မျက်စေ့လည်အောင်ဆိုပြီး ကျနော်တို့ စက်ဘီးနံပါတ်ပြားတွေကိုလည်း တယောက်နဲ့တယောက်လဲပြီး စီးကြရပါတယ်။ ၁၉၇၈-ခု၊ ဒီဇင်ဘာလ (၂၃) ရက် နေ့ လောက်ကြတော့ ဘေဂျင်းမြို့ထဲက အစိုးရရုံးတွေ၊ မဂ္ဂဇင်းတိုက်တွေ၊ တက္ကသိုလ်ကျောင်းဝန်းအတွင်းနဲ့ တီယံအာမင် ယင်ပြင်မှာ၊ “ယနေ့” ဂျာနယ်ကို လူတွေ ဖတ်ခွင့်ရခဲ့ကြပါပြီ။ ကျနော်တို့ဖြန့်ဝေတဲ့ “ယနေ့” ဂျာနယ် အပေါ် လူတွေက ဘယ်လိုသဘောထားနဲ့ တုန့်ပြန်ကြသလဲဆိုတာကို သိချင်တော့ နောက်ပိုင်းမှာ၊ လူစည်ကားတဲ့ နေရာတွေမှာ လူအုပ်ထဲရောပြီး၊ စာစောင်တွေ ဝေကြပါတယ်။ လူတွေဟာ အနှစ်(၃၀) အတွင်း၊ အခုလို ကဗျာ ဆောင်းပါး၊ ၀တ္ထုတွေကို တခါမှ မဖတ်ခဲ့ရ၊ မတွေ့ခဲ့ရလို့ ကျနော်တို့ မျှော်လင့်ထား တာထက် ပိုပြီး အားတက်သရော ယူကြ၊ တောင်းကြ ဖတ်ကြတာကို တွေ့ရပါတယ်။
“ယနေ့” ဂျာနယ် ဖြစ်လာဖို့အတွက် အဓိက မူလတွန်းအားကတော့ ပြီးခဲ့တဲ့ ၁၉၆၀ခုနှစ်အလွန်တုန်းက ဖြစ်ခဲ့တာလို့ပဲ ဆိုရပါလိမ့်မယ်။ မော်စီတုံးရဲ့ မဟာပစ္စည်းမဲ့ တော်လှန်ရေးကာလတုန်းကပါ။ ဆင်းရဲနဲ့ အလယ် အလတ်တန်းစားလယ်သမား လူတန်းစားရဲ့ အကူအညီနဲ့ ပညာရေးပြုပြင်ပြောင်းလဲဖို့ဆိုပြီး အထက်တန်း ကျောင်းသားတွေကို တပြည်လုံးအနှံ့ စေလွှတ်လိုက်တဲ့အချိန်။ မော်စီတုံးရဲ့အဓိက ရည်ရွယ်ချက်ကတော့ အတိုက်အခံတွေကို အသံတိတ်သွားစေဖို့၊ ပုန်ကန်ခြားနားချင်သူတွေကို ချေမှုန်းပစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ လူ့အဖွဲ့အစည်းအတွင်း၊ အမြင့်ပိုင်းကကျလာတဲ့ တပ်နီလူငယ်တွေကို တွန်းအားတခုပေးတဲ့အနေနဲ့၊ သူတို့တတွေ ... လူ့အဖွဲ့အစည်းအပေါ် တင်နေတဲ့အကြွေးကို ဆပ်နိုင်ဖို့အတွက်ဆိုပြီး မော်စီတုံးရဲ့ ဝေါဟာရ အရပြောရရင် “ပြည်သူ့ဘုံအဖွဲ့” ထဲက ကျေးလက်ဘ၀ တကယ့်လက်တွေ့နဲ့ သူတို့ရဲ့ ယူဆချက်တွေ၊ ထင်မြင်ချက်တွေ ဘယ်လောက်အထိ ကွာဟနေသလဲဆိုတာ သိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျေးလက်တွေကို ပို့လိုက်တာပါ။ ဒီတပ်နီလူငယ်တွေဟာ အမှန်တရားရှာဖို့အတွက် စာအုပ်တွေဆီ တခါပြန်လာကြရတာလဲ ရှိပါတယ်။ သူတို့စိတ်ထဲက ရှုပ်ထွေးမှားယွင်းနေတဲ့ ခံစားချက်တွေကိုလည်း ဖွင့်ဟ ရေးသားစေပါတယ်။ ဆောင်းရာသီ ရောက်တဲ့ အချိန်တိုင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေ စတဲ့ အချိန်တိုင်း၊ တချို့တပ်နီလူငယ်တွေဟာ “ဘေဂျင်း” ကို ပြန်လာပြီး စာအုပ်တွေလဲကြ၊ သာမန်လွတ်လွတ်လပ်လပ် တွေးချင် လုပ်ချင်တဲ့ အုပ်စုတွေနဲ့ တွေ့ကြ ရပါတယ်။
ဒီတုန်းက ၊ ကျနော်က အသက်နှစ်ဆယ်။ “ရှီဆီ” ရဲ့ ကဗျာတွေကို ဖတ်ရတဲ့အခါ ကျနော် ဘယ်လောက်အထိ စိတ်လှုပ်ရှားခဲ့ရတယ်ဆိုတာကို အခုထက်ထိ ကျနော် မမေ့နိုင်ဘူး။ “ရှီဆီ” ဆိုတာက စာပေ နယ်ပယ်မှာ “လက်ချောင်းကလေးများရဲ့ထိပ်” ဆိုတဲ့ နာမည်နဲ့ ထင်ရှားတဲ့ ကဗျာဆရာပါပဲ။ “ရှီဆီ” ဟာ ၁၉၆၇- ခုနှစ်မှာ စာတွေ စတင်ပြီး ရေးပါတယ်။ သူဟာ နောင် နှစ်ပေါင်း (၃၀) ကျော် အကြာမှာ ပေါ်ပေါက်လာမယ့် “ကဗျာသစ်လှုပ်ရှားမှု” ကို အုပ်မြစ်ချသူတဦးပါပဲ။ သူ့ကဗျာတွေဟာ ကျနော်တို့ကို နိုင်ငံရေးအရ ရိုက်သွင်းမှုတွေ နဲ့ ကင်းပြတ်စေခဲ့ပါတယ်။ သူ့ရဲ့ လတ်ဆတ်သစ်လွင်တဲ့ နိမိတ်ပုံတွေ၊ သူ့ကဗျာတွေရဲ့ ရွတ်ဖတ်လို့ကောင်းလှတဲ့ နရီ အနိမ့် အမြင့်တွေဟာ လူငယ်တွေကို ယစ်မူးစေတော့တာပေါ့။ လူငယ်တွေဟာ သူ့ကဗျာတွေကို လက်ရေးနဲ့ ကူးပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ခဲ့ကြပါတယ်။ နောင် နှစ်ပေါင်းများစွာကြာမှ “လက်ချောင်းကလေးများရဲ့ထိပ်” နဲ့ ကျနော် တွေ့ခွင့်ရပါတယ်။ ဒီအချိန်ကြတော့ သူဟာ စိတ်ဝေဒနာရှင်တဦးဖြစ်နေခဲ့ပါပြီ။ သူဟာ သူ့ရဲ့နောက်ဆုံး အချိန်တွေကို သူ့အိမ်နဲ့ ဆေးရုံ၊ ခေါက်တုန့် ခေါက်ပြန်ကူးရင်း ဖြတ်ကျော်ခဲ့ရပါတယ်။
အဲဒီ “လက်ချောင်းကလေးများရဲ့ထိပ်” ရဲ့ စာတွေကိုဖတ်ပြီး ကျနော်ဟာ ကဗျာရေးတဲ့အလုပ်ကို တိုးမြှင့်ပြီးလုပ်ခဲ့ပါတယ်။ ဒီတုန်းက ကျနော်က ဆောက်လုပ်ရေးအလုပ်သမားပါ။ ဘေဂျင်းမြို့နဲ့ မိုင်နှစ်ရာ လောက် ဝေးတဲ့ လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနေရာမှာ ကျနော်ဟာ တော်တော့ကို အထီးကျန်ဆန်စွာနေခဲ့ရပါတယ်။ အခုလို အထီးကျန်ဆန်တဲ့အခါ ကျနော့်စိတ်ကို ထွက်ပေါက်ပေးနိုင်ဖို့ တစုံတခုတော့ လိုအပ်လာတာပေါ့။ ဒီတုန်းက ကဗျာဆရာတယောက်အနေနဲ့ “မော်စီတုံး” ရဲ့ သြဇာတွေက ကျနော့်အပေါ် ရှိခဲ့တယ်။ မော်စီတုံးရေးတဲ့ ကဗျာပုံစံဖြစ်တဲ့ တရုတ်ရှေးဟောင်းကဗျာရေးနည်းကို ကျနော်ယူခဲ့ တယ်။ လူတိုင်းလိုလိုပဲ မော်စီတုံးရဲ့ ကဗျာတချို့ကို တုပပြီး ရေးခဲ့ကြတယ်လို့ ကျနော်ထင်တယ်။ ကျနော်လည်းပဲ ရှေးဟန်နဲ့ ကဗျာတွေရေးတာပဲ။ ဒါပေမယ့်လည်း ပိုပြီး ရှုပ်ထွေးခက်ခဲလာနေတဲ့ ခံစားချက်တွေ၊ ဘ၀အလွမ်း အမောတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခွဲခွါနေရသူရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်ဖို့ဆိုရင်တော့ ဒီပုံစံခွက် ကဗျာရေးဖွဲ့နည်းဟာ မလုံလောက်တော့ဘူးဆိုတာကို ကျနော် ချက်ချင်းသိလာခဲ့တယ်။ အဲဒီ ဆောက်လုပ်ရေး လုပ်ကွက်အတွင်း အဆောင်တခုမှာ ကျနော်ဟာ တခြားလူ ဒါဇင်ပေါင်းများစွာနဲ့ အတူနေခဲ့ပါတယ်။ သန်းခေါင် ကျော် သန်းခေါင်လွဲအချိန်ကြတော့ အိပ်ပျော်လို့ ဟောက်တဲ့ အသံအမျိုးမျိုးကို ခြံရံပြီး စားပွဲတင်မီးအိမ်တခု အောက်မှာ၊ ကျနော်ကဗျာတွေရေး၊ စာတွေ ဖတ်တော့တာပါပဲ။ ဒိနောက်ပိုင်းမှာ အပျော်တမ်း ဓါတ်ပုံရိုက်အလုပ် ကို အကြောင်းပြုပြီး၊ ၀ါဒဖြန့်ချိရေးအဖွဲ့တဖွဲ့ကို အဲဒီဆောက်လုပ်ရေးလုပ်ကွက်ထဲမှာပဲ ဖွဲ့ကြပါတယ်။ ဓါတ်ပုံ အမှောင်ခန်းတခုကိုလည်း ဖန်တီးခွင့်ရလာခဲ့ပါတယ်။ အဲဒီအခန်းထဲမှာပဲ ကျနော့်ရဲ့ ကိုယ်ပိုင်လေ့လာမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။ လ အနည်းငယ်အကြာမှာတော့ ကျနော်ဟာ ၀တ္ထုလတ်တပုဒ်ရေးပြီး ခဲ့ပြီး၊ ကဗျာအတော်များများကိုလည်း စီစစ်တည်းဖြတ်ခဲ့ပါတယ်။

ဒီတုန်းမှာပဲ ကျနော်ရဲ့သူငယ်ချင်း “ရှော်ယီဖန်” အဖမ်းခံရပါတယ်။ သူဟာ မြေအောက်စာပေလုပ်ငန်း တွေကို စုစည်းရသူဖြစ်ပါတယ်။ သူ့ရဲ့စာရွက်စာတန်းတွေကို ပုလိပ်က အသေအချာစစ်ဆေးတဲ့အခါ ကျနော့်ရဲ့ ၀တ္ထုနဲ့ ကဗျာတွေကိုလည်း တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ကျနော့်ကို မူလအလုပ်ဟောင်းဖြစ်တဲ့ အလုပ်သမား ကြီးကြပ်ရေးအလုပ်ကို ပြန်လုပ်ဖို့ အမိန့်ချလိုက်ပါတယ်။ အဲဒီအချိန်ကတည်းက ကျနော်ဟာ အချိန်မရွေး အဖမ်း ခံရနိုင်တဲ့ အခြေအနေအတွက် ကိုယ့်ကိုယ်ကို စတင်ပြီး ပြင်ဆင်ထားခဲ့ပါတယ်။ ညဥ့်နက်သန်းခေါင်အချိန်တွေမှာ ကားဘီးလိမ့်သံကြားရရင် ကျနော်က အိပ်ယာထဲက အထိတ်တလန့်နဲ့ အိပ်မရနိုင်ခဲ့ပါဘူး။ ပုလိပ်တွေဟာ ကျနော့် ကဗျာတွေကို ခေါင်းစဉ်တပ် စွပ်စွဲဖို့အတွက် အဲသလောက်အထိ နားမလည်ကြပါဘူး။ ဒါနဲ့ပဲ စာပေသုတေသန ဌာနကို အကူအညီတောင်းကြပါတယ်။ စာပေသုတေသနဌာနကလည်း သူတို့ကို ကူညီကြပါတယ်။ အဲဒီအကူ အညီကြောင့်ပဲ ကျနော်ဟာ အဖမ်းခံရမယ့်ဘေးက လွတ်ခဲ့ပါတယ်။ ကျနော့်ကဗျာတွေဟာ အနောက်တိုင်း ကဗျာတွေကို ကူးချထားတာသာ ဖြစ်တယ်ဆိုတဲ့ စာပေသုတေသနဌာနအကြံပေးတွေရဲ့ ကောက်ချက်က ကျနော့်ကို ကယ်လိုက်တာပါ။
အဲဒီအချိန် အဲဒီကာလကတော့ တနည်းအားဖြင့် စာအုပ်တွေ မြေမြှုပ်သဂြိုလ်ခံရတဲ့ ကာလပါပဲ။ စာအုပ် တွေဟာ လူတွေရဲ့မြင်ကွင်းနောက်ကွယ်မှာပဲ ရှိခဲ့ရပါတယ်။ ကျနော်တို့ဟာ ပိတ်ထားတဲ့စာကြည့်တိုက်တွေထဲ ၀င်ပြီး စာအုပ်တွေခိုးတာမျိုး၊ စာအုပ်အဟောင်းဆိုင်တွေထဲမှာ စေ့စေ့ပေါက်ပေါက် ဆန်ကာချပြီး စာအုပ်ရှာရ တာမျိုး၊ တခြား ကျနော်တို့လို စာအုပ်တွေကို တောနင်းပြီး ရှာဖွေနေကြတဲ့ သူတွေဆီက ငှါးဖတ်ရတာမျိုး ...။ ဒီင်္လိုနဲ့ ကျနော်တို့ကြားမှာ ဒီတုန်းက “ပေါရှု” ဆိုတဲ့ ဝေါဟာရစကားလုံး (လှည့်ပတ်ပြေးနေသောစာအုပ်) အသစ်တခု တိုးလာခဲ့ပါတယ်။ စာအုပ်ကောင်းတအုပ်တွေ့ဖို့ဆိုရင် သင်ဟာ နေရာအနှံ့ပြေးရပါလိမ့်မယ်။ ဇွဲလည်း ကောင်းရပါလိမ့်မယ်။ ညှိညှိနှိုင်းနှိုင်းလုပ်တတ်ရမယ်။ ကတိတည်ရမယ်။ အပြန်အလှန်အပေးအယူရှိရပါ လိမ့်မယ် ...။
လူငယ်တဦးအဖို့ အကြောင်းအရာတခုကို ဖတ်ပြီဆိုရင် သူ့ဘ၀အတွက် တစုံတခုတော့ ရကိုရရပါလိမ့် မယ်။ ပထမတော့ ကျနော်တို့ဟာ စာအစုံဖတ်ရင်းနဲ့ အခြေအတင်ငြင်းခုန်ဖို့ စိတ်အားထက်သန်ကောင်း သန်ပါလိမ့်မယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ဟာ ရွေးချယ်စီစစ်လာတတ်ကြရမှာပါ။ ကျနော်တို့ဟာ “အ၀ါ ရောင် အဖုံးဖုံးထားတဲ့စာအုပ်တွေ” အပေါ်မှာ ကျနော်တို့ရဲ့ နှလုံးသားကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီစာအုပ် တွေဟာ အတွဲပေါင်းတရာရှိတဲ့ စာပေဆိုင်ရာစာအုပ်တွေပါပဲ။ ဒီစာအုပ်တွေဟာ ဥရောပ ခေတ်ပေါ်စာပေ၊ ဆိုဗီယက်ယူနီယံနဲ့ အရှေ့ဥရောပ “နှင်းခဲပျော်ချိန်” ကာလ စာပေအကြောင်းအရာတွေကို စုစည်းတဲ့ စာအုပ်တွေပါပဲ။ တကယ်တော့ ဒီစာအုပ်တွေဟာ အဆင့်မြင့်တာဝန်ရှိသူတွေသာ ဖတ်ခွင့်ရတဲ့ ကန့်သတ်ထားတဲ့ စာအုပ်တွေပါ။ ပြီးတော့ စောင်ရေ အင်မတန်နည်းစွာ ပုံနှိပ်ထုတ်ဝေပြီး၊ တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတာပါ။
“ဘေဂျင်း” မှာ ရှိတဲ့ သာမာန်လွတ်လပ်လပ်နေချင်တွေးချင်သူတွေကြားထဲမှာတော့ လေးနက်တဲ့ အကြောင်းအရာ ရတနာသိုက်ကို လိုက်လံရှာဖွေတဲ့သူတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။ တယောက်နဲ့တယောက် စာအုပ်ချင်းလဲဖတ်၊ ငှါးဖတ်ဖို့ အချိန်ပြည့် စီစဉ်ပေးနေတဲ့ အဖွဲ့တဖွဲ့ဟာဆိုရင် တခါတရံမှာ အချင်းချင်းကြားမှာ ညှိနှိုင်းဆွေးနွေးဖို့ ရက်အနည်းငယ် ယူရတာမျိုး၊ နာရီသတ်မှတ်ချက်နဲ့တကွ၊ စာအုပ်တွေ ဖလှယ်ပြီးဖတ်ကြဖို့ အချိန်ဇယား ဆွဲတာမျိုးတွေအထိ လုပ်ကြပါတယ်။
မြေအောက်စာရေးဆရာတွေအဖို့၊ ဒီ “အ၀ါရောင်အဖုံးနဲ့စာအုပ်တွေ” ဟာ စိတ်ဓါတ်ရေးရာအရ ခိုလှုံလို့ရတဲ့ တခုတည်းသော မြင်ကွင်းအသစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီစာပေပုံသဏ္ဌန်ဟာဖြင့် တရားဝင်တည်ရှိ နေတဲ့ ဆိုရှယ်လစ်သရုပ်မှန်စာပေနဲ့ အခြေခံက အစ ကွဲပြားမှုရှိတယ်ဆိုတဲ့ နမူနာကိုတော့ ရခဲ့ကြပါတယ်။ ဒါကို အဲဒီအခါတုန်းက “ဘာသာပြန်စတိုင်” လို့ ခေါ်ခဲ့ကြပါတယ်။ အမှန်စင်စစ်တော့ တရုတ်စာရေးဆရာတွေဖြစ်ကြတဲ့ ၁၉၄၀-ခုနှစ် နောက်ပိုင်း အထင်ရှားဆုံး ကဗျာဆရာတွေ အပါအ၀င်ဖြစ်တဲ့ “မူဒန်” ၊ “ယွမ်ဂေရှား” ၊ “ချန်ဇင် ဂရောင်း” ၊ “ဇန်မင်း” နဲ့ နောက်ပိုင်းမှာ “သစ်ရွက် ကိုးရွက်စာပေအုပ်စု” အဖြစ် ထင်ရှားလာသူတွေ၊ ပြီးတော့ ၁၉၄၈-ခုနှစ် နောက်ပိုင်း ... သူတို့တတွေက ကျနော်တို့အတွက် ပေးနိုင်ခဲ့တာတွေကတော့၊ နိုင်ငံရေး အသစ်လမ်းညွှန်ချက်ရဲ့ အောက်မှာ တီထွင်စမ်းသပ်ရေးဖွဲ့ကြဖို့။ ပြီးတော့ နိုင်ငံရပ်ခြားစာပေတွေကို သုတေသန ပြုကြဖို့၊ ဘာသာပြန်ကြဖို့ တွန်းအားပေးခဲ့ကြတာတွေပါပဲ။ အဲဒီ “တရုတ်ဘာသာပြန်စတိုင်” ဟာ ကျနော်တို့ မျိုးဆက်ကို မွေးဖွားပေးလိုက်ပြီး၊ တီထွင်ဖန်တီးမှုရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို ဖော်ပြနိုင်တဲ့၊ ပို့ဆောင်ရေးယာဉ်တခုသဘောဆောင်ခဲ့ပါတယ်။ (စာပေယာဉ်တခု သဘောဆောင်ခဲ့ပါတယ်။)
၁၉၇၈-ခုနှစ် နွေဦးမှာ၊ ကွန်မြူနစ်ပါတီထိပ်ပိုင်း အာဏာလွန်ဆွဲမှုတခုအဖြစ်၊ ယာယီအားဖြင့် ယဉ်ကျေး မှု နယ်ပယ်မှာ ပြန်လည် လန်းဆန်းရေးကာလဆိုတာ ပေါ်လာခဲ့ပါတယ်။ မြေအောက်မှာပဲ ထုတ်ဝေခဲ့ရတဲ့ စာစောင်တွေ၊ ဥပမာအားဖြင့် “ယနေ့” လို စာစောင်တွေဟာ၊ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဝေလာနိုင်ကြပါတယ်။ တခြား တရားမ၀င်အနုပညာလုပ်ငန်းတွေ၊ ဓါတ်ပုံပညာနယ်ပယ်အဆုံး လွတ်လပ်ပွင့်လင်းစွာ အလုပ်လုပ်လာနိုင် ခဲ့ကြပါတယ်။ ဒီလိုဖြစ်လာတာတွေဟာ တရားဝင် ရေးသားထားတဲ့ ဟောပြောချက်တွေ၊ ရေးသားချက်တွေကို အဓိက စိန်ခေါ်တဲ့ အဖြစ်အပျက်တွေအနေနဲ့ အာဏာပိုင်တွေကြားမှာ စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့ပါတယ်။
“ယနေ့” စာစောင်မှာ၊ အထူးသဖြင့် ကဗျာတွေကို ဦးစားပေးအများဆုံးဖော်ပြပြီး၊ “မောင်စီ” ၊ “ဂူချန်” ၊ “ဒေါဒေါ” ၊ “ရှုတင်း” ၊ “ယန်လီ” ၊ “ယောင်လန်” ၊ “ဇန်ဟီ” တို့ရဲ့ စာပေတွေနဲ့ တခြား အဓိကကျတဲ့ ကဗျာဆရာ တွေရဲ့ စာပေလက်ရာတွေ၊ ကဗျာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတုန်းက ကျနော်တို့ရဲ့ ပုံနှိပ်စက်က အင်မတန်ရှေးကျတဲ့ စက်ကြီးဖြစ်ပြီး၊ ကျနော်တို့ရဲ့ အယ်ဒီတာရုံးခန်းဆိုတာကလည်း မိသားစုလက်မှုလုပ်ငန်း လုပ်တဲ့ အခန်းတခန်းထက် နည်းနည်းပဲ ကျယ်ပါတယ်။ ကျနော်တို့ဟာ (၂) နှစ် အတွင်း၊ မဂ္ဂဇင်း (၉) ခု နဲ့ စာအုပ် (၄) အုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ကြပါတယ်။
ကျနော်တို့ဟာ တခြား စာပေလှုပ်ရှားမှု တချို့ကိုလည်း စည်းရုံးလှုပ်ရှားခဲ့ကြပါသေးတယ်။ တက္ကသိုလ် ကျောင်းသားထုအတွင်းမှာ ကျနော်တို့ရဲ့ စာပေလုပ်ငန်းတွေကို လစဉ်ပုံမှန်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပါတယ်။ ၁၉၇၉-ခု၊ နွေဦးမှာတော့ ဘေဂျင်းမြို့၊ ယူယောင်တန်ပန်းခြံထဲမှာ ကဗျာရွတ်ပွဲတခုကို ကျနော်တို့ စီစဉ်ခဲ့ကြပါ တယ်။ နောင်တချိန်မှာ ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်လာမယ့် “ချန်ကွေ့” လည်း ပါဝင်ခဲ့ပါတယ်။ ဒီတုန်းက သူက “ဘေဂျင်း” ရုပ်ရှင်အကယ်ဒမီကျောင်းက ကျောင်းသားတယောက်ပဲ ရှိပါသေးတယ်။ ပုလိပ်တွေဟာ ကျနော်တို့ကို နီးနီးကပ်ကပ် စောင့်ကြည့်ကြပါတယ်။ အမှန်စင်စစ်တော့ ကျနော်တို့ရဲ့ ကဗျာရွတ်သံ စာကြောင်း တကြောင်းချင်းစီကို၊ လူတထောင်လောက်က ထိုင်ပြီး စိတ်ပါလက်ပါ နားထောင်ခဲ့ကြတဲ့ကိစ္စဟာ ပုလိပ်တွေ အတွက် ပဟေဠိတပုဒ် ဖြစ်နေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ပစေ ... ကွန်မြူနစ်ပါတီရဲ့ ဒီမိုကရေစီနဲ့တကွ အဲဒီ တိုတောင်းလှတဲ့ ခဏပန်းအခြေအနေဟာ အလျှင်အမြန် နိဂုံးချုပ်သွားခဲ့ရပါတယ်။ “တိန့်ရှောင်ပင်” ဟာ “ဝေဂျင်ရှန်း” နဲ့ တခြား ဒီမိုကရေစီလှုပ်ရှား တက်ကြွသူတွေကို ဖမ်းဆီးဖို့ ချက်ချင်းပဲ အမိန့်ပေးပါတော့တယ်။ “ယနေ့” စာစောင်ကို ၁၉၈၀-ခု၊ ဒီဇင်ဘာလထဲမှာ ပိတ်ပစ်ဖို့ အမိန့်ထုတ်ခံရတဲ့အချိန် အာဏာပိုင်တွေက ကျနော့်အပေါ် သံသယ ရှိခဲ့ကြပါတယ်။ “ယနေ့” စာစောင်နဲ့ ကျနော် ပါဝင်ပါတ်သက်ခဲ့မှုအပေါ် ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ ဖိအားပေးကြပါတယ်။ ကျနော်ဟာ “ဇင်းဒေါ” မှာ အပျော်ခရီးထွက်နေရာက ချက်ချင်းပြန်လာခဲ့ပြီး အဲသလို ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ရေး လုပ်ဖို့ဆိုတဲ့ အလုပ်ကို မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါရဲ့ အကျိုးသက် ရောက်မှုကတော့ ကျနော်ဟာ ရာထူးချထားခံရတဲ့အကျိုးပါပဲ။ တညနေခင်းမှာတော့ ကျနော့်လိုပဲ ရာထူးချထားခံရတဲ့ ကျနော့်ရဲ့သူငယ်ချင်းတယောက်က၊ ကျနော်ဟာ အဖမ်းခံရမယ့် စာရင်းထဲမှာ ပါနေတဲ့ အကြောင်း ဒီစာရင်းကို သူ့အနေနဲ့ ဌာနတွင်း လျှို့ဝှက်အစီရင်ခံစာထဲမှာ ဖတ်ခဲ့ရတဲ့အကြောင်း ပြောလာခဲ့ပါ တယ်။ ကျနော် လွတ်နိုင်ပါဦးမလား ... ။ ကျနော့်ဇနီးနဲ့ ကျနော်ဟာ ညဥ့်နက်သန်းခေါင်တိုင်သည်အထိ စကားပြောခဲ့ကြပါတယ်။ နောက်တော့ ဒီအတိုင်းပဲဆက်ပြီ နေသွားရင်း အသေအချာစောင့်ကြည့်နေဖို့ကိုပဲ ဆုံးဖြတ် လိုက်ပါတယ်။ ဒီအချိန်မှာ ရှေ့ကဖြစ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ အချိန်တော်တော်ကြာ နောက်တကြိမ် ထပ်ပြီး ဖြစ်လာခဲ့ပြန်ပါတယ်။ ဒီတခါမှာတော့ ကျနော်ဟာ နောက်တစ်ကြိမ် ကံအားလျော်စွာ အသက်ရှင် ရပ်တည်လို့ ရနိုင်ပြန်ပြီလို့ပဲ ခံစားမိပြန်ပါတယ်။
“ယနေ့” စာစောင်ကတော့၊ အပိတ်ခံလိုက်ရပါပြီ။ ဒါပေမယ့် အဲဒီစာစောင်ထဲက ကဗျာတွေကတော့ တရားဝင်ထုတ်ဝေခွင့်ရတဲ့ မဂ္ဂဇင်းတွေထဲက ယေဘုယျ ခေါင်းစဉ်တခုဖြစ်တဲ့ “မရှင်းလင်းသော ကဗျာများ” ခေါင်းစဉ်ရဲ့အောက်မှာ စတင် ထည့်သွင်းဖော်ပြနေကြပြီဖြစ်ပါတယ်။ နိုင်ငံနဲ့အ၀ှမ်း ငြင်းခုန်ဆွေးနွေးကြရတဲ့ “အဲဒီ မရှင်းလင်းတဲ့ ကဗျာတွေ” ဟာ နှစ်များစွာကြာတဲ့အထိ အပြင်းအထန် ပျံ့နှံ့ခဲ့ပါတယ်။ လူငယ် စာဖတ်သရိဿဒ် ဟာ တရားဝင်ဘာသာဗေဒနဲ့ ထိန်းချုပ်ထားတဲ့ အခြေအနေအတွင်းမှာပဲ အသက်ရှူလို့ရတဲ့ လေအသစ်ကို တွေ့သွားခဲ့ကြပါတယ်။ အဲဒီ ဆွဲဆောင် ဖမ်းစားမှုကြောင့်ပဲ လူတိုင်းလိုလိုဟာ ကဗျာရေးဖွဲ့တဲ့အလုပ်ကို စိတ်ဝင် စားလာခဲ့ကြပါတယ်။ ကဗျာကလပ်တွေနဲ့ ဆက်သွယ်ပူးပေါင်းလာခဲ့ကြပါတယ်။ ကဗျာတွေ စုပေါင်း ထုတ်ဝေကြ ပါတယ်။ ဒီလိုနဲ့ ကဗျာတွေဟာ စာမျက်နှာတခုရဲု့ ဘေးမှာရှိတဲ့ ကွက်လပ်မာဂျင်ထဲကို တွန်းပို့ခြင်း နောက်တကြိမ် ကြုံရပြန်ပါတယ်။

ဒီလိုဖြစ်ခဲ့ ကြုံခဲ့သည့်တိုင် “ယနေ့” စာစောင်ဟာ ကဗျာဆရာ မျိုးဆက်သစ်တခုရဲ့အပေါ်မှာ သူ့ကိုယ်သူ တိမ်တိုက်တခုလို ဆွဲချိပ်ထားနိုင်ခဲ့ပါတယ်။ “တတိယမျိုးဆက်” လို့ ခေါ်တဲ့ ကဗျာဆရာတွေဟာလည်း “ယနေ့ဂျာနယ် ကဗျာဆရာတွေ” နဲ့ မတူကွဲပြားခြားနားလာခဲ့ရပြန်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ သူတို့ဟာ ယဉ်ကျေးမှု တော်လှန်ရေး နောက်ကြမှ ကြီးပြင်းလာကြတဲ့ ကဗျာဆရာတွေ ဖြစ်လို့ပါပဲ။ သူတို့ဟာ ကောင်းမွန်တဲ့ ပညာရေးနဲ့ ပျော်မွေ့နေကြပါပြီ။ ဒီအထဲက ပမာဏတချို့အတွက်တော့ သူတို့ဟာ သမိုင်းရဲ့ လေးပင်တဲ့ တာဝန်တွေပိပြီး လဲကျသွားနိုင်ပါသေးတယ်။ တချို့ကတော့ ဒီကနေ့ရဲ့ အဖြစ်အပျက်အမှန်တွေကို ပိုပြီး တိုက်ရိုက်မြင်တွေ့နိုင် ကြပါတယ်။ တချို့ကတော့ အဓိကနဲ့ သာမညထဲက မိတ်ဖက် အသံတွေကို ရွေးပြီး ရေးနိုင်သားနိုင်ကြပါတယ်။ ဒီလို အရေးပါတဲ့ ကဗျာဆရာ အုပ်စုထဲမှာ “ဘေဟွာ” ၊ “ဇန်ဇောင်” ၊ “ဆီချွန်” ၊ “ဟွေယောင်ဂျန်ဂီ” ၊ “ဆောင်လင်” ၊ “ဇေယောင်မင်း” ၊ “ဟန်ဒေါင်” ၊ “ဇန်းဇန်” တို့ ပါဝင်ကြပါတယ်။ အများစုဟာ “ဇီချွန်” ပြည်နယ်က ဖြစ်ကြပါ တယ်။ အများစုဟာ ကျနော့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ ကျနော်တို့ဟာ တယောက်နဲ့ တယောက် မတူညီတဲ့ ကျွမ်းကျင်မှုတွေကို ဖလှယ်ကြဖို့ ဆိုတဲ့ အချက်ကို တွေ့လာကြပါတယ်။
တီယံအာမင်ယင်ပြင်ပေါ်မှာ သေနတ်သံတွေကြားရပြီးတဲ့ နောက်တနှစ်၊ ၁၉၉၀-ခုနှစ်မှာ တရုတ်ကဗျာဆရာအုပ်စုတစုဟာ နော်ဝေးနိုင်ငံ “အော်စလို” မြို့မှာ ဆုံကြပါတယ်။ “ယနေ့” စာစောင်ကို ပြန်လည်လန်းဆန်း အောင် လုပ်ဖို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီ အချိန်က စလို့ ပြန်ပြီး ပုံနှိပ်ထုတ်ဝေလာလိုက်တာ ဒီကနေ့အထိပါပဲ။ “ယနေ့” စာစောင် ရဲ့ နှစ်ပေါင်းနှစ်ဆယ်သမိုင်း ...၊ သူ့ရဲ့ မွေးဖွားခြင်းမှသည် သေဆုံးခြင်း၊ တခါ ... သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း ...၊ ဒါတွေဟာ ခေတ်ပြိုင် တရုတ်ကဗျာရဲ့ နိုးကြားတက်ကြွခြင်း လက္ခဏာတွေလို့ပဲ ဆိုရပါ လိမ့်မယ်။ ။



( “THE POETRY OF OUR WORLD” စာအုပ်မှ၊ တရုတ်ကဗျာဆရာ “BEI DAO” ရဲ့ “HOW THE REVOLUTION OCCURRED IN CHINESE POETRY” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။)

ငြိမ်းဝေ


July 28, 2008

နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း




၁၉၉၅-ခုနှစ်က ထင်မိသည်။
ကျနော်နှင့် အခြား စာရေးသူ (၃) ဦး တို့ ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် “စာအုပ်အတွေး၊ စာအုပ်အရေး” ကဏ္ဍကို တလှည့်စီ တာဝန်ယူပြီး ရေးကြရန် သဘောတူခဲ့ကြ၏။
ဒီကဏ္ဍအတွက် “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ဆောင်းပါးကို ကျနော် ရေးခဲ့၏။ ကဗျာဆရာကြီး “တင်မိုး” ရဲ့ ကဗျာများထဲက ကျနော် အနှစ်သက်ဆုံး ကဗျာတပုဒ်ဖြစ်တဲ့ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာကို လွမ်းသထားခြင်း ဖြစ်ပါသည်။



(၁)
သက္ကရာဇ်၂၀၀၇ခု၊ ဧပြီလ(၂၆)ရက်၊နို့ ဖိုးဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံ။
ကျနော့်ဘေးတွင် ကဗျာဆရာ (ကို)ခင်လွန်း ထိုင်နေသည်။ ကျနော်နှင့် မျက်နှာချင်းဆိုင်တန်းတွင် ကျောင်းသားတပ်မတော် (၆၀၁)တပ်ရင်းမှ ရဲဘော်များတန်းစီပြီး ထိုင်နေကြ၏။ စာသင်ခန်းတခု ထဲတွင် လူသုံးဆယ်ခန့် ဝိုင်းစုပြီး ထိုင်နေကြသည်။
“သူ့ ကို ငါးရက်လုံးလုံး တကိုယ်လုံးဓါးနဲ့မွှန်းပြီး၊ နှိပ်စက်တာ၊ သူဘာတခွန်းမှ ဖွင့်မပြောဘူး။ (၆၀၁)နဲ့ ဆက်သွယ်အလုပ်လုပ်တဲ့သူတွေ၊ (၆၀၁)ရဲ့ အခြေအနေ၊ မကဒတရဲ့  အခြေအနေ သူဘာတခွန်းမှ ဖွင့်မပြောပဲ တင်းခံထားခဲ့တာ ငါးရက်စေ့တဲ့နေ့ ကြမှသူ့ ဒဏ်ရာတွေထဲကို ကျည်ဆံတွေထဲက ယမ်းတွေထည့်သိပ်ပြီး မီးရှို့ ပြီး နှိပ်စက် ၊ စစ်ဆေးခံရင်း သူကျဆုံးသွားခဲ့တာ-------”
ကျနော့်နားထဲတွင် “မီးရှို့ ပြီးနှိပ်စက်၊ စစ်ဆေးခံရင်း သူကျဆုံးသွားခဲ့တာ----”ဟူသည့်စကားသံများ ပဲ့တင်ထပ်မျှကြားနေခဲ့ရ၏။ ကျနော့်နားစည်၏ နံရံတခုလုံး ပဲ့တင်သံများ ဟိန်းဟိန်းညံလျှက်ရှိ၏။
“ကျနော်တို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားက ကျဆုံးခဲ့ရတဲ့ ကျနော်တို့ မကဒတ
တပ်ရင်း (၆၀၁)က၊ ကျနော်တို့ ရဲ့ တပ်ရင်းမှူးလည်းဖြစ်၊ ကဗျာဆရာ ကိုတိုက်မောင်း အပါအ၀င် တခြား(၆၀၁)က ကျဆုံးခဲ့ကြရတဲ့ ရဲဘော်တွေကို သတိရဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ အခမ်းအနားပါ။ ဒီကနေ့ ဟာ ကိုတိုက်မောင်းကျဆုံးတဲ့ (၁၂)နှစ်ပြည့်မြောက်တဲ့
နေ့ ပါပဲ-----”
ကျနော့်နားထဲတွင် အမျိုးအမည် ခွဲခြားရခက်သည့် အသံများကို ကြားလာရပြန် သည်။ အခမ်းအနားအစီအစဉ်အရ လူတချို့ ထရပ်ပြီး စကားပြောသွားကြ၏။ လူတချို့ က ကဗျာတွေရွတ်ဆိုသွားကြ၏။ ကျနော့်နားထဲတွင်မူ ဘာတခုကိုမျှ သဲကွဲအောင် မကြားနိုင်ပဲ
ဖြစ်နေ၏။
အသံတချို့ မှာ ကျနော့်နားထဲ၌ မိုးချိမ်းသံများလို ကြားလာရ၏။ သေနတ်သံများ၊ သစ်ရွက်လေတိုးသံများ၊ အော်ဟစ်ပြေးလွှားသံများ။ ပြီးတော့ စမ်းချောင်းထဲက ရေစီး သံများ-----။ ပြီးတော့ ငိုရှိုက်သံများ------။
( ၂)
”“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာခေါင်းစဉ်ရဲ့ အဓိပါယ်ကို ရှင်းပြပေးနိုင် မယ်ဆိုရင် ရှင်းပြပေးစေချင်ပါတယ်------”
၁၉၈၄ခု ဇေယျဝတီမြို့ စာဆိုတော်နေ့ အခမ်းအနားတွင် ကဗျာဝါသနာရှင် လူငယ်တဦးက ကဗျာဆရာကြီး”တင်မိုး“ကို မေးခဲ့သည့် မေးခွန်းတခုပင်ဖြစ်သည်။ ထိုစဉ်က ကဗျာဆရာကြီး ”တင်မိုး”က စင်မြင့်ပေါ်ကတဆင့် အခုလို တိုတိုတုတ်တုတ်ပင် ရှုင်းပြခဲ့လေသည်။
”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ ဆိုတာ ရဲရင့်ခြင်း၊ လွတ်လပ်ခြင်း၊ စွန့် လွှတ်အ နစ်နာခံခြင်း၊ ဆန်းသစ်လန်းဆန်းခြင်းဆိုတဲ့ အယူအဆအပေါ် ယုံကြည်သက်ဝင်ပြီး အဲ့ဒီယုံ
ကြည်သက်ဝင်မှုအတိုင်း နေထိုင်ကျင့်ကြံနိုင်ကြတဲ့ သူတွေကို တင်စားထားတဲ့ အမည်ပါပဲ၊
နောင်-----(၄)နှစ်ခန့် ရှိသောအခါ “နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း“ ကဗျာ ခေါင်းစည်း ၏အဓိပါယ်ကို မေးမြန်းခဲ့သည့် ထိုလူငယ်သည် ထိုင်းမြန်မာ နယ်စပ်သို့ ရောက်လာ ခဲ့၏။မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တပ်ဖွဲ့ ဝင်တဦးဖြစ် လာခဲ့၏။
၁၉၉၂ခု၊ ဇွန်လ အတွင်း “မာနယ်ပလော” သို့ ကျနော် ရောက်ရှိ လာသည့်အခါ ဇေယျဝတီမြို့ စာဆိုတော်နေ့အခမ်းအနားတွင်“နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း” ကဗျာခေါင်းစည်း ၏ အဓိပါယ်ကို မေးမြန်းခဲ့သူ၊ ယင်းလူငယ် နှင့်မမျှော်လင့်ပဲ ပြန်လည် တွေ့ ဆုံရ၏။ ထိုစဉ်က သူနှင့်ကျနော် တနေရာစီခွဲပြီး နေကြရသဖြင့် စာကြောင်းပေကြောင်း စကားအားရအောင် ပြောခွင့်မရနိုင်ခဲ့ကြ။ သို့ သော်-----မှတ်မှတ်ရရ သူ့ ကိုကျနော်က စာအုပ်တအုပ် လက်ဆောင်ပေးခဲ့၏၊ ကဗျာဆရာ ကြီး”တင်မိုး” ၏ ”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ ကဗျာစာအုပ်ဖြစ်လေသည်။
( ၃)
ညရိပ်ခို၍
နုပျိုဆန်းတင့်၊ နှင်းဆီပွင့်မည်။

နှင်းနှင့်ဆွတ်လိမ်း၊ ည ပိန်းပိန်းမှာ
အစိမ်းရောင်ကြား ၊ ဖွံ့ ထွားထွားနှင့်
ကားကားစွင့်စွင့် ၊ ပွင့်လိမ့်နှင်းဆီ
ရဲရဲနီ။

ကျနော်က ”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ကဗျာထဲက ကဗျာတပိုင်းတစကို ပြန်တွေးနေမိသည်။

ညယံ၌ပင်၊ ပန်ဆင်လိုက
ပန်နိုင်ကြ၏
ဘ၀နှင်းဆီ ရဲရဲနီ------။

ကျနော်နှင့်မျက်နှာချင်းဆိုင် ထိုင်ရင်း အခမ်းအနား တက်ရောက်လာကြသူ တဦး
ချင်းအနေနှင့် မည်ကဲ့သို့ ခံစားနေကြရသနည်း။ သူတို့ ဘာတွေတွေးနေကြသနည်း။ သူတို့ 
ဘယ်လို ရင်ခုန် နေကြသနည်း။ ကျနော်ကမူ (၆၀၁)တပ်ရင်းက ကျဆုံးခဲ့ကြသည့် ရဲဘော်
တချို့ အကြောင်းနားထောင်ရင်း ”နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း“ ကဗျာထဲက စာသားတချို့  ကိုသာ တွေးနေမိပြန်သည်။

အမှောင်ကြား၌
ဝိုးဝါးပျံကူး ၊ ပိုးစုန်းကြူးတို့ 
စူးစူးစမ်းစမ်း ၊ မအိပ်တမ်းလျှင်
လမ်းသစ်ရှာကြ၊ တီထွင်ကြ။

ကျနော့်ဘေးတွင် ထိုင်နေသည့် ကဗျာဆရာ (ကို)ခင်လွန်းကို ကျနော်လှည့်ကြည့်
သည်။သူသည်လည်း ခေါင်းကိုမော့လျှက်၊ ဟောပြောချက်များကို နားစွင့်လျှက်။ သို့ သော်
ကျနော်သိသည်။ သူ့ နှလုံးသားထဲ၌ သူရဲကောင်းတို့ ၏ ရင်ခုန်သံများ ဟိန်းဟိန်းညံလျှက်
ရှိနေပေလိမ့်မည်။



( ၄)
စာသင်ကျောင်း ကလေးပေါ်က အဆင်းတွင် လူတယောက်က ကျနော့်ဘေးနား
သို့ လာပြီးရပ်လိုက်၏။ ကျနော်ကမော့မကြည့်ပဲနှင့် ဘေးတွင်လာရပ်သူကို ခန့် မှန်းပြီး သိ
နှင့်သည်။ ထို့ ကြောင့်ခေါင်းကို မော့မကြည့်ပဲ အသာရပ်နေလိုက်သည်။
“နှင်းဆီပွင့်ပေါ် အိပ်ပျော်သွားကြတဲ့ ရဲဘော်တွေကို ကျနော်ဘယ်တော့မှ မမေ့ပါ
ဘူးဆရာရယ်၊ ကျနော်ဘယ်ရောက်ရောက်ပေါ့ ၊ ဘယ်မှာပဲနေနေပေါ့၊ နှင်းဆီပွင့်ပေါ် အိပ်ပျော်သွားကြတဲ့ သူတွေကို ကျနော်တို့ လေးစားကြရမှာပဲပေါ့၊ ဟုတ်တယ်မို့ လား ဆရာ“
ပြောပြောဆိုဆို သူနှင့် ကျနော် လူသွားလမ်းဆုံလေးတွင် လမ်းခွဲလိုက်ကြ၏။ ကျ
နော့်ကို နှုတ်ဆက် ထွက်ခွာသွားသူ၏ ကျောပြင်ကို ကျနော် ငေးကြည့်နေမိပြန်သည်။ သူသည်ကား လွန်ခဲ့သော နှစ်ပေါင်း(၂၃)နှစ်က “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ ကဗျာခေါင်း
စဉ်၏ အဓိပါယ်ကို ကဗျာဆရာကြီးတင်မိုးအား ကိုယ်တိုင်ကိုယ်ကျ မေးခွန်းထုတ်ခဲ့သည့် လူငယ်ဖြစ်နေသည်ကို ကျနော်တွေ့ ရလေသည်။
လူသွားလမ်းဆုံဘေးတွင် ခြေလှမ်းတလှမ်းချင်းလှမ်း လာရင်းက၊ ”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း “ ကဗျာထဲက ကဗျာတပိုဒ်ကို ကျနော်ရွတ်ဆိုနေမိပြန်လေသည်။ ။




အိုဘဲ့ဘယ်---------အိုဘဲ့ မနှင်းဆီ
သင်သည် ဘယ် မှာနည်း။

အပြိုင်း အရိုင်း ၊ နှင်းဆီ ကိုင်းတို့ 
ဝိုင်းဝိုင်း လည်မျှ၊ ဆူးချွန် ထလျက်
မြနှင်းဆီတွေ ၊ သည်မှာလေ ဟု
သောင်ခြေ တလွှား ၊ ကျောင်းနား တချို့ 
မြို့ ပေါ် ရွာပေါ် ၊ တောင်ပေါ်မကျန်
ဖူးတံ စီစီ ၊ ဦးခေါင်းချီလျက်
နီလျက် ရဲလျက် ၊ တခဲနက်ပင်
လက်နှင့် ချွေလည်း၊ ချွေ၍ မနိုင်
လှိုင်၍ မဆုံး ၊ ဤတောင်ကုန်းမှာ
အားလုံး နှင်းဆီ နှင်းဆီတကား ။ ။


(ဒီဆောင်းပါးကို ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် မောင်ဖူးတင့် ကလောင်အမည်နှင့် ရေးခဲ့ပါသည်။)

July 13, 2008

ကောင်းကင်ရင်ကွဲ


(၁)

၁၉၉၄ ခု၊ မတ်လ ၁၁ ရက်။

ညောင်းညာမှုကို ဖြေလျှော့သည့်အနေနှင့် ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ ကျနော့် ခန္ဓာကိုယ်ပေါ်က လရောင်များမှာ ကစဥ့်ကလျားဖြစ်ကုန်ကြရ၏။ လရောင်တချို့မှာ ခန္ဓာကိုယ်ပေါ်မှတဆင့် ဘေးတွင်ရှိသည့် သစ်ရွက်ခြောက် များပေါ် ခုန်ချသွားကြ၏။ လရောင်တွင် လက်ကို မ ကာ နာရီကြည့်တော့ ညဥ့် (၁၁) နာရီ ထိုးကာနီးပြီ။ ကျနော့်မှာ အိပ်မပျော်နိုင်သေး။



အိပ်ယာမ၀င်ခင်က တပ်မဟာမှူး (ဗိုလ်မှူးချုပ်ကျော်လင်း) နှင့် ကျနော် စကားထိုင်ပြောသည်များကို ပြန်တွေးနေခဲ့မိသည်။ မနက်ဖြန်မနက်တွင် ကျောက်ဖြာရွာကို ခရီးထွက်ရလိမ့်မည်ဟု တပ်မဟာမှူးက ပြောခဲ့၏။ ကျနော့်နှင့်အတူ အဖော်အဖြစ် တပ်ကြပ်ကြီး ဖားတေး (ထိုစဉ်က တပ်ကြပ်ကြီးဖားတေးမှာ ဗိုလ်အဆင့်ရှိပြီဖြစ်သော်လည်း လူတိုင်းက သူ့ကို တပ်ကြပ်ကြီး ဟု ခေါ်နေကြသေး၏) ကို ထည့်ပေး လိုက်မည်ဟု စီစဉ်ပေးလေသည်။ ကျနော်က တပ်မဟာမှူး စီစဉ်ပေးသည့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ချင်သည်ဟု ပြောရန် စဉ်းစားသေး၏။ သို့သော် ပါးစပ်ကမူ ပြောမထွက်ခဲ့။

တပ်မဟာ (၁) တပ်မဟာမှူးဗိုလ်မှူးကျော်လင်း ခေတ္တစခန်းချနေသည့် ယာယီပြောက်ကျားစခန်းကို ကျနော် ရောက်လာတော့ နေ၀င်စပြုပြီဖြစ်သည်။ မိဆိုင်းကျောက်တောင်၏ ခါးလည်မရှိတရှိနေရာ ဖြစ်သဖြင့် ပြောက်ကျားစခန်းမှာ တောအုပ်ထဲ
မြုပ်ဝင်ပျောက်ကွယ်လျက်ရှိ၏။ အနားယူပြီး ထမင်းစားပြီးသည့်အခါ ကျနော်နှင့် တပ်မဟာမှူးတို့ စကားထိုင်ပြောကြ၏။ ထိုစဉ်မှာပင် တပ်မဟာမှူးက ကျနော့်ကို မနက်ဖြန် ခရီးထွက်ဖို့ ပြောလာခဲ့ခြင်းဖြစ်သည်။ ပြောက်ကျားစခန်းတွင် တညပင် မအိပ်ရသေးခင် နောက်တနေ့တွင် ခရီးထွက်ရမည်ဟု ဆိုသောအခါ ကျနော့်မှာ အံ့အားသင့်သွားရ၏။ ထို့အပြင် အခက်အခဲ တခုနှင့်လည်း ကြုံရတော့၏။

တပ်မဟာမှူး၏ ပြောက်ကျားစခန်းသို့ ကျနော် ရောက်မလာခင်ကတည်းက တပ်မဟာမှူးထံ ကြိုတင်သတင်း ပို့ထားခဲ့ပြီဖြစ် သည်။ ကော့ကရိတ်၊ ဖာပွန်၊ နွေရာသီသုံးကားလမ်းတလျှောက်တွင်၊ နအဖစစ်တပ်များက ဒေသခံကရင်ရွာသားများကို “လူသားမိုင်းရှင်းကိရိယာ”များအဖြစ် အဓမ္မသုံးနေခြင်းသတင်းကို ရယူရန် ခရီးထွက်လာခြင်းဖြစ်ကြောင်း ကြိုတင်သတင်း ပို့ထားခဲ့၏။ ယခုကဲ့သို့ တော်လှန်ရေးဌာနချုပ်ကြီးမှ အသံလွှင့်ဌာန သတင်းထောက်တဦး ရှေ့တန်းသို့ဆင်းလာမည့်ကိစ္စ ကြိုတင်ပြီးသိထားရသဖြင့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များအားလုံးမှာ ကျနော့်ကိုလှိုက်လှဲစွာကြိုဆိုခဲ့ကြ၏။ လိုအပ်သလို အစွမ်းကုန် အကူအညီပေးရန် စိတ်အားတက်ကြွလျက်ရှိကြ၏။ သို့သော် ခရီးရောက်မဆိုက် နောက်တနေ့မနက်မှာပင် ခရီး ထွက်မှဖြစ်မည်ဟု တပ်မဟာမှူးက စီစဉ်လိုက်သောအခါမူ ကျနော့်မှာ အခက်အခဲတခုနှင့် ရင်ဆိုင် ရတော့၏။ အများနည်းတူ တက်ကြွလျက်ရှိသည့် ကျနော့်စိတ်မှာ တုံ့ကနဲ တန့်သွားရ၏။

တပ်မဟာမှူး၏ ယာယီပြောက်ကျားစခန်းသို့ အလာလမ်းတွင် ကျနော်စဉ်းစားလာခဲ့သည့် အစီအစဉ်မှာ ပျက်မလိုဖြစ်သွား ရ၏။ မာနယ်ပလောဌာနချုပ်မှ ထွက်ခွာစဉ်က ကျနော့်တွင် ‘ဖလင်’တလိပ်မျှ ပါမလာခဲ့။ ယုတ်စွအဆုံး ‘ကင်မရာ’ကိုပင် မယူလာနိုင်ခဲ့။ မိမိရရှိထားသည့်သတင်းကို လက်လွတ်မခံနိုင်သဖြင့်သာ ခရီးစရိတ် ငွေဘတ် ၃၅၀ ကို တာဝန်ခံဖြစ်သူထံမှ ထုတ်ယူလျက် လူကြုံနှင့် ရှေ့တန်းသို့ ဆင်းချခဲ့ခြင်း ဖြစ်သည်။ ကင်မရာကိုမူ မဲပလိရွာက ရွာငှားကျောင်းဆရာလေး ကိုချစ်နိုင်ထံမှ အကျိုးအကြောင်းပြောပြပြီး ငှားလာခဲ့ရ၏။ မိသားစုအပျော်တမ်းရိုက် အလိုအလျောက် အနီးဝေး ချိန်ပြီး ဖြစ်သည့် ကင်မရာကလေးကို ကျနော် ငှားလာခဲ့ခြင်းဖြစ်သည်။ လိုအပ်နေသေးသည့် ဖလင်ကိုမူ တပ်မဟာမှူးနှင့် တွေ့လျှင်ပဲဖြစ်ဖြစ် နယ်မြေတာဝန်ခံတဦးဦးနှင့် တွေ့လျှင်ပဲဖြစ်ဖြစ် အကူအညီတောင်းကာ ကမ္မမောင်းသို့ လူလွှတ်ပြီး
ဝယ်ခိုင်း မည်ဟု စဉ်းစားထားခဲ့၏။ သို့နှင့် ဖလင်မပါသည့် ကင်မရာလေးကို ပိုက်ခါ ပြောက်ကျားစခန်းကို ကျနော် ရောက်လာခဲ့၏။ စခန်းသို့ ရောက်လျှင်ရောက်ချင်း ရဲဘော်လေးနှစ်ဦးက အမှတ်တရဓာတ်ပုံရိုက်ပေးဖို့ ပြောသည့်အခါ ကျနော့်မှာ ဖလင်မပါသည့် ကင်မရာကလေးကို ယုတ္တိရှိရှိကိုင်ကာ စိတ်မသက်မသာနှင့် ခလုတ်နှိပ်ပြီး ရိုက်ပေးခဲ့ရ၏။ ဓာတ်ခဲထည့်ထားသဖြင့် မီးဝင်းကနဲ လက်သွားပြီးနောက် ကျေနပ်ကြည်နူး နေကြသည့် ရဲဘော်လေးနှစ်ဦးကိုကြည့်ကာ ကျနော့်မှာ မျက်နှာမထားတတ်အောင် ဖြစ်နေသေး၏။ ခရီးရောက်မဆိုက် ဖလင်မပါသည့်ကိစ္စကို ဖွင့်မပြောပြလိုသဖြင့်သာ ရဲဘော်နှစ်ဦး စိတ်ချမ်းသာအောင် ခလုတ်နှိပ်ပေးခဲ့ရခြင်းဖြစ်သည်။ နောက်တနေ့တွင်မှ ကမ္မမောင်းသို့ လူလွှတ်ပြီး
ဖလင်ဝယ်ပြီးကာမှ ထိုရဲဘော်လေး နှစ်ယောက်ကို စိတ်ကျေနပ်အောင် ထပ်ရိုက်ပေးဖို့ စဉ်းစားထားခဲ့၏။

ထမင်းစားပြီးသည့်နောက် တပ်မဟာမှူးနှင့် စကားထိုင်ပြောနေစဉ် မနက်ဖြန်မနက် ခရီးထွက်ရမည်ဟု သိရသောအခါ ကျနော့်မှာ အခက်အခဲနှင့် ထပ်ပြီးကြုံရပြန်တော့သည်။ တပ်မဟာမှူး၏စကားများကို နားထောင်နေပေသည့် ကျနော့်စိတ်က ကမ္မမောင်းသို့ လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းရမည့်ကိစ္စကိုသာ တွေးနေမိ၏။ ကမ္မမောင်းသို့လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းပြီးနောက် ကျောက်ဖြာရွာသို့ လိုက်ပို့ရန်ပြောမည်ဟု စဉ်းစားသော်လည်း ထိုစိတ်ကူးမှာ လက်တွေ့တွင် မဖြစ်နိုင်သည်ကို ကျနော် သိလာရ၏။ ကမ္မမောင်းသို့ လူတယောက်စေလွှတ်ပြီး ဖလင်အ၀ယ်ခိုင်းကာ ကျောက်ဖြာရွာသို့ ဖလင်လိုက်ပို့လျှင် လမ်းတွင် မလွဲမသွေ တညအိပ်ရလိမ့်မည်ဆိုသည်ကို ရဲဘော်ကလေးများပြောထားသဖြင့် ကျနော် သိထားပြီးဖြစ်သည်။ ထို့ကြောင့် သဘက်ခါမနက် ကျောက်ဖြာရွာသို့ ဆင်းချလာမည့်နအဖစစ်ကားတန်းမဆင်းခင် အချိန်မှီ ဖလင်ရောက်လာ နိုင်ဖို့ဆိုသည်မှာ ဘယ်နည်းနှင့်မျှမဖြစ်နိုင်သည်ကို ကျနော် တွေးမိလာရ၏။ ဒီအခက်အခဲကြောင့် နောက်အပတ် ကားတန်းအဆင်းအတက် ကျမှ ဓာတ်ပုံသွားရိုက်မည်ဟု ဆိုကာ ခရီးထွက်မည့်ရက်ကို စဉ်းစားနေစဉ် တပ်မဟာမှူးက မနက်ဖြန်မနက်တွင် ခရီး မထွက်ဘဲ နေလို့မဖြစ်ဟု ဆက်ပြောလာခဲ့၏။

သည်တကြိမ် ကားတန်းအဆင်းမှာ သည်ရာသီ သည်နှစ်အတွက် နောက်ဆုံး ဆင်းချလာသည့် ကားတန်း ဖြစ်ဖို့များသည်ဟု ဆိုသဖြင့် ခရီးထွက်မည့်ရက်ကို ရွှေ့လို့မဖြစ်တော့ကြောင်း ကျနော် တွေးမိ၏။ ကျနော့်အခက်အခဲကိုဖွင့်ပြောပြီး ခရီးထွက်ဖို့ အစီအစဉ်ကို ဖျက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။ တော်လှန်ရေး ဗဟိုဌာနချုပ်ကြီးမှ ဆင်းချလာသည့် သတင်းထောက် တဦးတွင် ဖလင်တလိပ်မျှ ပါမလာနိုင်ခဲ့သည်ကို အမှန်အတိုင်း ဖွင့်ပြောသည့်တိုင် တပ်မဟာမှူးအဖို့ ယုံရခက်ခက် ရှိလိမ့်မည် ကို ကျနော်တွေး၏။ ထို့ပြင် လူသားမိုင်းရှင်းကိရိယာအဖြစ် အဓမ္မစေခိုင်းနေခြင်းသတင်းကို စွန့်စွန့်စားစား သွားရောက်ကာ ဓာတ်ပုံရိုက်ယူလိမ့်မည်ဟူသော သတင်းကြောင့် တက်ကြွလျှက်ရှိသည့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များ၏စိတ်ကို ကိုယ့်ချို့ယွင်းချက်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တော့။ ထို့ကြောင့် ဖလင်မပါသည့် ကင်မရာကိုပိုက်ကာ မနက်ဖြန် မနက်တွင် ကျောက်ဖြာရွာသို့ ကျနော်ခရီးထွက်ရတော့မည်။ အစီအစဉ်အတိုင်း လက်ခံမည့်အကြောင်း တပ်မဟာမှူးကို ကတိပေးလိုက်ရ၏။

မည်သို့ပင်ဖြစ်စေ … သတင်းထောက်တဦးအဖို့ ကင်မရာ (သို့မဟုတ်) ဖလင်မရှိသည့်တိုင် မျက်စေ့ဖြင့် မြင်သမျှကိုပင် သတင်းတပုဒ်ဖြစ်အောင်ရေးရင်လည်း ရတာပါပဲဟု ကိုယ့်ကိုကိုယ် အားပေးကာ တပ်မဟာမှူးရှေ့မှ ထပြန်လာခဲ့ရ၏။



(၂)

၁၉၉၄ ခု၊ မတ်လ ၁၃ရက် နံနက် ၈း၀၀ နာရီ …။

ကျနော်တို့ပုန်းအောင်းနေရာ တောင်ကမူလေး၏ခြေရင်းတွင် ကျောက်ဖြာရွာထဲက ထွက်လာသည့် ကားလမ်းကို မြင်နေရ၏။ မကြာခင် ရွာထိပ်မှ လူသံများကြားရသလိုရှိကာ လူနှစ်ဆယ်အစိတ်မျှ ရှိမည်ထင် ရသည့် လူအုပ်ကို တွေ့လာရ၏။ တံမြက်စည်းကိုယ်စီကိုင်ပြီး ကားလမ်းမပေါ် တံမြက်လှည်းရင်း လျှောက်လာ နေသည့် လူအုပ်မှာ တောင်ကမူလေး၏ ခြေရင်းသို့ ရောက်လာကြ၏။ ကျနော့်မှာ ကြေကွဲတုန်လှုပ်ဖို့ ကောင်းလှသည့် မြင်ကွင်းကို ကြည့်ကာ အသက်မရှူနိုင်အောင် ငြိမ်နေမိ၏။

“ဆရာကြီး … ဆရာကြီး၊ ရိုက်လေဗျာ”

ဘေးတွင်ကပ်ထိုင်နေသည့် တပ်ကြပ်ကြီးဖားတေး၏ သတိပေးစကားကြောင့် ကျနော့်ခန္ဓာကိုယ်မှာ ကျင်စက်နှင့် တို့လိုက် သလို တွန့်သွားရ၏။ ထိုအခါကျမှ သတိရကာ ဖလင်မပါသည့် ကင်မရာလေးကို လွယ်အိတ်ထဲမှထုတ်လျှက် ဟန်ပါပါချိန် လိုက်ရ၏။ ကျနော်တို့ရှေ့တွင် အသက်အရွယ်ကြီးရင့်သူ အဖွားအို တချို့နှင့် ကလေးငယ်တချို့သာပါသည့်လူအုပ်မှာ တံမြက်စည်း ကိုယ်စီလှည်းကာ လမ်းလျှောက်နေကြ၏။ လမ်းဘေးနှစ်ဖက်တွင်မူ ဂျီ ၃ သေနတ်အသင့်ကိုင်ကာ စောင့်ကြပ် လိုက်ပါသည့် နအဖစစ်သားတချို့ ကိုလည်း တွေ့ရ၏။ ကျနော်က မျက်စေ့မှိတ် တံတွေးမြိုချကာ ကင်မရာခလုတ်ကို တချက်ချင်း နှိပ်နေခဲ့မိ၏။ မီးပွင့်ရှေ့တွင် လက်ဖြင့် ပိတ်ကာထားသဖြင့် မီးရောင်မလက်သော်လည်း ကင်မရာမောင်း ကျသံကို အတိုင်းသားကြားနေရ၏။ ဆယ်ကြိမ် ဆယ့်ငါးကြိမ်မျှ ခလုတ်ကို နှိပ်ပြီးသောအခါ ကင်မရာလေးကို လွယ်အိတ်ထဲ သို့ ပြန်ထည့်ထားလိုက်၏။ ဘေးတွင်ပုန်းကွယ်ထိုင်နေကြသည့် တပ်ကြပ်ကြီးဖားတေးနှင့် ကျောက်ဖြာရွာသား ၂ ဦးဆီ မသိမသာလှည့်ကြည့်တော့ ကျေနပ်ဂုဏ်ယူလျှက်ရှိသည့် လူသုံးဦး၏ မျက်နှာများကို အထင်အရှားတွေ့လိုက်ရလေသည်။

(၃)

ကျောက်ဖြာရွာထဲက လူတယောက်ထွက်လာကာ ကျနော်တို့ ပုန်းအောင်းနေရာတောင်ကုန်းကို မော့ကြည့်နေ၏။ ပြီးတော့မှ တောင်ကုန်းပေါ်တက်လာလေသည်။ ထိုသူမှာ ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းဖြစ်ကြောင်း တပ်ကြပ်ကြီးဖားတေးက ပြောပြ၏။

“ဘယ်မလဲဟေ့ … ဓာတ်ပုံဆရာ၊ ဓာတ်ပုံဆရာ ဘယ်မလဲ”

ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့က ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းရှေ့တွင် သွားရပ်လိုက်၏။

“ကျနော်ပါပဲ ဦးလေး … ဘာကိစ္စရှိလို့လဲ”

“ခင်ဗျားတို့ ဒီမှာစောင့်ပြီး ဓာတ်ပုံရိုက်ရင် ကားတန်းမဆင်းခင် ကြိုပြီးလမ်းရှင်းတဲ့ ကင်းနဲ့ တည့်တည့်တိုးမှာပဲ။ အဲဒါ ပစ်လား ခတ်လားဖြစ်ရင် တရွာလုံးမီးတင်ရှို့ခံရမှာ သေချာတယ်။ ဒီလိုလုပ် ကားတန်းဆင်းတာ ဓာတ်ပုံရိုက်ချင်ရင် ကျုပ်နဲ့လိုက်ခဲ့။ ရွာထဲက ကားလမ်းဘေးအိမ်မှာ ကျုပ်ပို့ထားမယ်။ အနီးကပ်ခိုးပြီး ကြိုက်သလိုသာရိုက်စမ်း။ ဒီမှာတော့ ခင်ဗျားတို့ စောင့်ရိုက် လို့မဖြစ်ဘူး”

ကျနော်တို့အားလုံး အပ်ကျသံကြားရမတတ် ငြိမ်ချက်သားကောင်းနေခဲ့၏။ ကျနော်က တပ်ကြပ်ကြီးဖားတေးကို ကြည့်သည်။ တပ်ကြပ်ကြီးဖားတေးကလည်း ကျနော့်ကို ကြည့်နေ၏။

“ဘယ်လိုလဲ တပ်ကြပ်ကြီး”

“ဆရာကြီးသဘောပဲ၊ ကျနော်တော့ မပြောတတ်ဘူး”

ကျနော်၏အမေးကို တပ်ကြပ်ကြီးဖားတေးက မယုတ်မလွန် အကြံပေး၏။

“ရွာထဲမှာ နအဖစစ်သားတွေ ရှိမလားမသိဘူး သူကြီး”

“ဟား … ရှိတာပေါ့၊ ရွာထိပ်က တပ်ခွဲအပြင် ဒီနေ့ကားတန်းဆင်းမှာမို့ ရွာထဲက တခြားနေရာက စစ်သားတွေပါ ရောက်နေ တယ်။ ရွာသားထက်တောင် များမလားပဲ။ ဒါပေမဲ့ ဘာမှစိတ်မပူပါနဲ့။ ကျုပ်ကိုယုံရင် လိုက်သာလိုက်ခဲ့။ လမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့။ ကျုပ်ဖာသာကျုပ် ကြည့်ရှင်းမယ်။ မသကာ ခင်ဗျားကိုဖမ်းရင်လည်း မရမက လွတ်အောင် ကျုပ်လုပ်မယ်။ စိတ်ချ၊ လိုက်မယ် မလိုက်ဘူးဆိုတာသာ စဉ်းစား၊ အချိန်တော့မရဘူး၊ မြန်မြန်လုပ်ဗျ၊ အဲ … လိုက်မယ်ဆိုရင်လည်း ခင်ဗျားတယောက်တည်းပဲ လိုက်မှဖြစ်မယ်”

ရူးသွပ်မှုတခုပင် ဆိုရမလားမသိ …။ ရွာသူကြီး ဦးအောင်မောင်းနှင့်အတူ ကျောက်ဖြာရွာထဲသို့ လိုက်သွားရန် ကျနော် ဆုံးဖြတ်လိုက်၏။ အသံဖမ်းစက်နှင့် ဖလင်မပါသည့် ကင်မရာထည့်ထားသည့် လွယ်အိတ်ကို ဦးအောင်မောင်းထံပေးကာ တောင်ကုန်းပေါ်မှ ကျနော်တို့ ဆင်းချလာခဲ့ကြ၏။ ဦးအောင်မောင်းက လွယ်အိတ်ကို စောင်တထည်နှင့်ထုပ်ကာ သူ့ခါးတွင် ပတ်ထားလိုက်၏။

ကျောက်ဖြာရွာထဲသို့အ၀င် အိမ် ၅ လုံးမျှအကျော်တွင် ရှေ့မှလျှောက်လာသော နအဖစစ်သား ၃ ဦးကို တွေ့ရ၏။ ကျနော်က ဦးအောင်မောင်းနှင့် သုံးလေးလှမ်းအကွာမှလျှောက်လာခဲ့၏။ အနားသို့ရောက်တော့တပ်ကြပ်လုပ်သူက ဦးအောင်မောင်းအား နှုတ်ဆက်လေသည်။ စစ်သားသုံးယောက် ကျနော့်ဘေးက ကပ်ပြီးလျှောက်တော့ စစ်သားတဦးက ကျနော့်ကို ဖျတ်ခနဲ လှမ်းကြည့်သွားခဲ့သေး၏။ ဆင်းရဲသားရွာခံ ကရင်လူမျိုးတဦးလို ရုပ်ဖျက်ထားသော ကျနော့်မှာ ဒူးများခွေလုမတတ် တုန်လှုပ်နေခဲ့လေသည်။

(၄)

တဲပေါ်တွင် ကျနော်တဦးတည်းသာ ရှိနေ၏။ အသက် ၁၈ နှစ်ခန့်ရှိမည်ဟုထင်ရသည့် အိမ်ရှင်ကရင်မလေးက အတွင်းခန်း ထဲတွင် ကျနော့်ကို နေရာချပေးကာ တဲပေါ်က ဆင်းချသွားခဲ့၏။ ရင်ဆို့ မရှိတရှိမြင့်သည့် တဲအောက် ကျနော်ထိုင်နေရာ ကြမ်းပြင်၏အောက်တွင် တဦးတည်းထိုင်ပြီး နှီးဖြာနေလေသည်။

အိမ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း လှုပ်ရှားလျက်ရှိသည့်စိတ်ကို တည်ငြိမ်အောင် ဟိုတွေးသည်တွေး လုပ်နေခဲ့ရ၏။

မနေ့ကမနက် ယာယီပြောက်ကျားစခန်းမှ ခြေလျင်ထွက်ခွာလာခဲ့သည့် ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့မှာ ညနေ
နေ၀င်ရီတရောအချိန်ကျမှ ကျောက်ဖြာရွာထိပ်သို့ ရောက်လာနိုင်ခဲ့ကြ၏။ လမ်းတွင် ရွာနှစ်ရွာကို ဖြတ်လာခဲ့ရ၏။ ကျောက်ဖြာ ရွာထိပ်က တဲတလုံးပေါ် တက်ထိုင်လိုက်ကြသည့်အခါ နေရောင်မရှိသလောက်ပင် မှောင်နေလေပြီ။

မှေးကနဲအိပ်ပျော်ရာက လန့်နိုးလာတော့ မြန်မာလို ပီပီသသဆဲဆိုနေသည့်အသံကို မလှမ်းမကမ်းက ကြားရသဖြင့် အိပ်ယာက ကမန်းကတန်းထဖို့ ပြင်လိုက်မိ၏။

“ဗမာစစ်သားတွေပါ ဆရာကြီး … ကိစ္စမရှိပါဘူး။ ဒီလိုပါပဲ … ညတိုင်း ဒီလိုပဲ ဆဲဆိုပြီး စကားပြောကြတာပဲ၊ ဘာမှမဖြစ်ပါဘူး ဆရာကြီး”

ကျနော့်ဘေးက မီးဖိုဘေးတွင်ထိုင်နေသည့် ကရင်အဖိုးအိုက ကျနော့်ကို ရှင်းပြလိုက်ခြင်းဖြစ်သည်။ မနက်ဖြန် မနက်ခင်း ကားတန်းများဆင်းမည်ဖြစ်သဖြင့် ကျောက်ဖြာရွာထဲတွင် စစ်သားတွေ ရောက်နေ သည်ကို သတိရသွားရ၏။ ဗိုက်ထဲတွင် တကျုတ်ကျုတ်မည်အောင် ဆာလာသဖြင့် ရေသောက်ရန် ထလိုက်၏။

“ဆာရင် ဒီမှာလာပြီး စားပါလား”

မြန်မာလို ပီပီသသလှမ်းပြောနေသည့် ကရင်အဖိုးအိုကြည့်ကာ ကျနော်ပြုံးမိသည်။ သူသည်ကား ကျောက်ဖြာရွာသားများ အနက် မြန်မာလို ရေလည်စွာပြောတတ်သည့်လူ ၅ ဦးတွင် တဦးအပါအ၀င် ဖြစ်သည်ဟူသော တပ်ကြပ်ကြီးဖားတေး၏ စကားကို တွေးကာ ပြုံးမိခြင်းဖြစ်သည်။

မီးညွန့်ကျိုးနေပြီဖြစ်သည့် မီးဖိုဘေးတွင် ကျနော်ထိုင်သည်။ ပန်းကန်ဟုထင်ရသည့် အရာပေါ်က စားစရာတချို့ကို ကျနော်ယူပြီး စားကြည့်၏။ မီးကင်ထားသည့် အသားတချို့ကို ၀ါးမိသည်။ စားကောင်းကောင်းနှင့် ဆက်ပြီးစားနေမိ၏။ ဗိုက်ထဲတွင် အနည်းငယ်တည်ငြိမ်သွားသည့်အခါကျမှ အိပ်ယာဖက် ပြန်လှည့်ခဲ့ရလေသည်။

(၅)

အိပ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း တွေးမိတွေးရာတွေးနေစဉ် တဲအောက်က စကားပြောသံများကြောင့် အတွေး ရပ်သွားရ၏။ ကြမ်းကြားကတဆင့် အသံကြားရာကို ငုံ့ကြည့်တော့ အိမ်ရှင် ကရင်မလေး၏ ဘေးတွင် နအဖစစ်သားနှစ်ဦး စကားထိုင်ပြောနေသည်ကို တွေ့ရ၏။ အိမ်ရှင်ကရင်မလေးက မြန်မာစကား တလုံးစနှစ်လုံးစဖြင့် စစ်သားများကို ပြုံးရွှင်စွာ စကားပြန်ပြောနေ၏။ မလှုပ်မယှက် မသံမမြည်အောင်ထိုင်ရင်း ကျနော့်မှာ တုန်လှုပ်ခြောက်ခြားနေမိ၏။ ထိုစဉ်မှာပင် တဲပေါ်သို့ လူတစ်ယောက် တက်လာသဖြင့် စစ်သားနှစ်ယောက်လည်း ထပြန်သွားကြ၏။

“အပြင်ကိုထွက်ခဲ့ပါဆရာကြီး … ကားတန်းဆင်းလာတော့မယ်”

ကျနော်က တဲပေါ်တွင် ကျနော်တယောက်တည်း ထားပစ်ခဲ့ပြီး တဲပေါ်က ဆင်းချသွားသည့် ရွာသူကြီး ဦးအောင်မောင်း အထင်နှင့် လှမ်းကြည့်တော့ ညက ကျနော်နှင့်ထိုင်ပြီး တိုင်ပင်ဆွေးနွေးခဲ့သည့် ကျောက်ဖြာရွာသားတစ်ဦးဖြစ်နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ကျနော်က စိတ်ချလက်ချဖြစ်ကာ အိမ်ရှေ့ခန်းသို့ ထွက်ခဲ့ရ၏။

အိမ်ရှေ့ခန်းတွင် ထိုင်မည်အပြု တိုင်ဘေးတွင် ချထားသည့် ရေနွေးခရားနှင့် ရေနွေးပန်းကန်ကိုတွေ့တော့ လွန်ခဲ့သည့်ညက ကရင်အဖိုးအို ချကျွေးခဲ့သည့် ကြက်သားကင်ကို သတိရကာ ကျနော့်မှာ ရင်ထဲတွင် ပျို့တက်လာရ၏။ မီးဖိုဘေးအမှောင်ထဲ တွင် ကျနော်ကောက်ယူပြီးစားခဲ့သောကြက်ကင်များမှာ ရက်သားမျှသာရှိသေးသည့်ကြက်ပေါက်စလေးများကို ကင်ထားခြင်း ဖြစ်ကြောင်း မနက်ကျမှ တွေ့ရ သိရသောကြောင့် ဖြစ်၏။

ကျောက်ဖြာရွာသားတဦးနှင့်အတူ ထိုင်နေစဉ် မိုးခြိမ်းသံကြီးများကို အဝေးက ကြားရသလိုရှိပြီး မကြာခင် ရွာထဲသို့ နအဖ စစ်ကားများ ၀င်ချလာသည်ကို တွေ့ရတော့၏။ ဖုံတထောင်းထောင်းနှင့် မောင်းဝင်လာ နေသည့် စစ်ကားကြီးများကိုကြည့်ကာ ကျနော့်မှာ ကြောင်ပြီး ငေးနေမိပြန်သည်။

“ဆရာကြီး ရိုက်လေ … ဆရာကြီး ဓာတ်ပုံရိုက်လေကွာ”

ကျောက်ဖြာရွာသားက သတိပေးမှ လွယ်အိတ်ထဲက ကင်မရာကိုထုတ်ကာ ကိုက် ၁၀၀ ခန့်က ဖြတ်သွား နေသည့် စစ်ကား တန်းရှိရာ ချိန်လိုက်ရ၏။ ဖလင်မပါသည့် ကင်မရာတလုံး၏ ခလုတ်ကို နှိပ်ကာ ဖုံလုံးကြီးများကြားထဲက စစ်ကားများကို ကျနော် ဓာတ်ပုံရိုက်သည်။ ခလုတ်တချက်နှိပ်မိသည့်အချိန်တိုင်း ကျနော့်မျက်လုံးများမှာ ပြာဝေမူးမိုက်နေခဲ့၏။ တချီတချီ တွင်မူ မာနယ်ပလောမှ ခရီးစတင်မထွက်ခွာခင် ရက်ပိုင်းအလိုက ကျန်နေသေးသည့် ငွေတ၀က်ကို မပေးချေနိုင်သဖြင့် ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက် ရသည့် ယာရှီကာ အမျိုးအစား ကင်မရာလေးကို မျက်စေ့ထဲ ထပ်တလဲလဲ မြင်နေခဲ့မိ၏။

ကင်မရာခလုတ်ကို အကြိမ်ပေါင်းမည်မျှအထိ နှိပ်နေခဲ့သည်မသိ။ ခြေသံကြားလို့ လှည့်ကြည့်တော့ ကျနော့်ဘေးတွင် ကျောက်ဖြာရွာသူကြီးက ကျေနပ်ဂုဏ်ယူစွာ ရပ်နေသည်ကို တွေ့ရ၏။

“ကဲ … ဒီလောက်ဆိုရင် ရလောက်ပြီထင်တယ်၊ ဒီကောင်တွေ ကားတန်းကို အာရုံစိုက်နေတုန်း ကျုပ်တို့ ရွာပြင်ဖက် ထွက်ကြမှဖြစ်မယ်၊ သွားကြရအောင်”

ပြောပြောဆိုဆို ရွာသူကြီးက ကျနော့်ထံမှ လွယ်အိတ်ကို ဆွဲယူကာ တဲပေါ်က ဆင်း၏။ ကျနော်က နောက်မှ ဆင်းလိုက်လာ ခဲ့ရ၏။ တဲအောက်က အိမ်ရှင်မိန်းကလေးကိုပင် လှည့်ကြည့်ပြီး နှုတ်မဆက်ခဲ့ရတော့။

တဲပေါ်ကဆင်းပြီး ဖင်တပြန် ခေါင်းတပြန်ဆောက်ထားသည့် တဲများအကြား ဖြတ်လျှောက်နေစဉ် ကျောက်ဖြာရွာထိပ်ဆီက မိုင်းကွဲသံကြီး ကြားလိုက်ရလေသည်။ တရွာလုံး လူသံ၊ ခွေးဟောင်သံများ၊ ပြေးလွှားအော်ဟစ်သံများဖြင့် ပွက်လောရိုက် သွားရ၏။ ကျနော်နှင့် ရွာသူကြီးက မြေပေါ်တွင် ကယောင်ကတန်း ၀ပ်ချလိုက်ကြပြီး နားစွင့်အကဲခတ်ကြ၏။

“ကိုင်း … ဆရာကြီး ဒီကောင်နဲ့ပဲ ရွာပြင်ဖက် လိုက်ထွက်ပေတော့၊ ဟိုမှာ တပ်ကြပ်ကြီးဖားတေး စောင့်နေလိမ့်မယ်၊ ဒီအတိုင်းဆို ဒီကောင်တွေ ကျုပ်ကို လိုက်ရှာနေမှာ သေချာတယ်၊ ကိုင်း … သွားပေတော့”

ကျနော်တို့နောက်ကလိုက်လာသည့် ကျောက်ဖြာရွာသားက ကျနော့်ရှေ့မှခေါင်းဆောင်ပြီ တဲကြိုတဲကြားထဲသို့ဝင်လေသည်။ သူ့နောက်မှ လိုက်လာရင်းက ကျနော့်မှာ မိုင်းကွဲသဖြင့် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကိုတွေးကာ ကျောက်ဖြာရွာသားများအတွက် စိတ်ပူမိလေသည်။

(၆)

‘မဲညောခီး’တောင်ခြေက ခရီးသည်များ ခေတ္တနားရန် ထိုးထားသည့် တဲတန်းလျားကြီးမှာ အမှောင်ထုအောက်တွင် ငြိမ်သက် တိတ်ဆိတ်လျက်ရှိ၏။

တန်းလျားကြီး၏ ထိပ်တနေရာတွင် ကျနော် ညအိပ်ရန် ပြင်ဆင်ခဲ့၏။ ကျောပိုးအိတ်ကို ခေါင်းအုံးကာ ပက်လက်လှန် လဲလျောင်းရင်း အမှောင်ထုထဲကို ငေးကြည့်နေမိ၏။ တလကျော်ကြာမျှ အတူသွားအတူလာရှိခဲ့သည့် တပ်ကြပ်ကြီးဖားတေး ကို ကျနော် လွမ်းနေမိသည်။

တပ်ကြပ်ကြီးဖားတေးသည် မဲညောခီး တောင်ခြေတနေရာက ကရင်ရွာကလေး၏ထိပ်တွင် ကျနော့်ကို ရပ်ကြည့်ရင်း ကျန်နေရစ်ခဲ့၏၊ ကျနော်က ကရင်ပြောက်ကျားရဲဘော်များနှင့်အတူ မဲညောခီးတောင်ပေါ် တက်လာခဲ့၏။ တနေ့လုံးလိုလို တောင်တက် တောင်ဆင်းလမ်းများကို ကျနော် လျှောက်လာခဲ့ရ၏။ မဲညောခီးတောင်မကြီး၏ အရှေ့ဖက်တောင်ခြေ သံလွင်မြစ်ကမ်းသို့ ရောက်သောအခါ မိုးချုပ်လုမတတ် ရှိခဲ့လေပြီ။

လုံခြုံစိတ်ချရသည့် နယ်မြေသို့ ရောက်လာခဲ့ပြီဖြစ်သဖြင့် စိတ်အေးလက်အေး အနားယူအိပ်စက်ရန် စဉ်းစား ထားမိသည်။ ကရင်ပြောက်ကျားရဲဘော်လေးများ ချက်ကျွေးသည့်ထမင်းကို နှမ်းငါးပိနှင့် အ၀အလွေး စားပြီးနောက် အိပ်ယာပေါ်တွင် လှဲလိုက်၏။ မနက်ဖြန်ညနေပိုင်းလောက်တွင် မာနယ်ပလော တော်လှန်ရေး ဌာနချုပ်သို့ ကျနော် ပြန်ရောက်တော့မည် ဖြစ်သည်။

တကိုယ်လုံး ညောင်းညာကိုက်ခဲပြီး ငှက်ဖျားထသလို ဖြစ်လာသဖြင့် အက်စ်ပရင်းဆေးပြားနှစ်ပြားကို ရေနှင့်သောက်ကာ စောင်ခြုံထားလိုက်ရ၏။

အမှောင်ထုအတွင်းမှ စစ်ချီတေး သီကျွေးနေကြသည့် ခြင်ထုကြီး၏ အသံကို ကျနော် ကြားနေရ၏။ လေတချက်မတိုက် သဖြင့် တဲတန်းလျားကြီးထဲတွင် ပူနွေးအိုက်စပ်လျက်ရှိလေသည်။ ထိုစဉ်မှာပင် ကျနော့်အတွေးများမှာ ကျောက်ဖြာရွာထိပ်သို့ ရောက်သွားရ၏။ ကျနော့်မျက်လုံးထဲတွင် အဖိုးအို အဖွားအိုနျင့် ကလေးတချို့ တံမြက်စည်းကိုယ်စီလှဲကာ ကားလမ်းပေါ် လျှောက်လာနေသည်ကို မြင်လာရသည်။ လူအုပ်အပေါ်တွင် ဖုံတွေဝဲနေသည်ကို တွေ့နေရ၏။ ပြီးတော့ ကင်မရာမောင်း ခလုတ်ကျသံများကို ကြားလာရ၏။ ထိုအခါ ကျနော့်ခန္ဓာကိုယ်တခုလုံး ပျော့ခွေနွမ်းဖတ်ဖြစ်ကာ ချွေးစေးများဖြင့် ရွှဲနစ်နေ လေသည်။

ဖလင်မပါသည့် ကင်မရာဖြင့် တံမြက်စည်းလှဲနေသည့် လူအုပ်ကို ကျနော် ဓာတ်ပုံရိုက်ခဲ့မိ၏။ ထို့ကြောင့် ကျနော့်မှာ ကြေကွဲ ၀မ်းနည်းခဲ့ရ၏။ သို့သော် ... ။

အကယ်၍များ ကမ္မမောင်းသို့ လူလွှတ်ပြီးဝယ်ယူခိုင်းခဲ့သည့် ဖလင်ဖြင့် ဓာတ်ပုံရိုက်နိုင်ခဲ့လျှင်မူ မာနယ်ပလော တော်လှန်ရေး ဌာနချုပ်သို့ ရောက်သည့်အခါ ယင်းဖလင်များ ကူးဖို့ ဆေးဖို့အတွက် လိုအပ်သည့်ငွေကို ရှာရ ဖွေရဦးမည့်ဒုက္ခနှင့် ကြုံစရာ အကြောင်း မရှိတော့သည့်အချက်ကို ဖျတ်ခနဲ တွေးလိုက်မိ၏။ ထိုအခါကျမှ ကျနော့်မှာ စိတ်သက်သာရာရကာ သက်ပြင်းချမိတော့၏။ ။

(ခေတ်ပြိုင်အွန်လိုင်းတွင် မောင်သစ်ဦးကလောင်အမည်နှင့် ရေးခဲ့သည် ၀တ္ထုတိုဖြစ်ပါသည်။)

July 07, 2008

တော်လှန်ရေးမှန်သမျှ ကဗျာထဲမှာ ပထမဆုံးပေါက်ဖွားတာချည်းပဲ



ဒီကနေ့တင်တဲ့ ပို့စ်ကတော့ မနေ့တုန်းက မဇ္ဈိမအွန်လိုင်းမှာ တင်ထားခဲ့တဲ့ စာမူပါပဲ ... ။


(က)
စတာလင်
(ဆေတန် - ဆေတန်)

သူကပြောတယ်
“ငါ့ကိုယုံကြည်စမ်းပါ၊ ငါဟာ အချိန်ကာလပဲ” တဲ့။

ပြီးတော့
သူတို့က သူ့ကိုယုံကြည်လိုက်ကြတဲ့ အခါမတော့
ခလေးတွေအားလုံးကို သူက ဖျက်ဆီး ၀ါးမြိုပစ်လိုက်ပါလေရော ... ။

ဒီကဗျာကိုရေးတဲ့ ကဗျာဆရာကတော့ “ဗလာဒီမာ လိဖ်ချက်” ပါ။ ဘူလ်ဂေးရီးယား ကဗျာဆရာပါ။ သူက ၁၉၅၇-ခုနှစ်မှာ မွေးတယ်ဆိုတော့ ဆီုဗီယက်ယူနီယံရဲ့ ခေါင်းဆောင်ကြီး “စတာလင်” သေဆုံးပြီးမှရေးတဲ့ ကဗျာလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဆိုဗီယက်ကမ္ဘာမှာ “စတာလင်” ကို တို့ထိလို့မရသေးတဲ့အချိန်။ “စတာလင်” ကို အာဏာရှင်ကြီးဖြစ်တယ်ဆိုတာ ဆိုဗီယက်ကမ္ဘာမှာ ဘယ်သူမှမပြောရဲသေးတဲ့အချိန်။ “လိဖ်ချက်” က ဘူလ်ဂေးရီးယား ကဗျာဆရာဖြစ်ပေမယ့် “စတာလင်” ကို အခုလို “ဆေတန်” နဲ့ နှိုင်းပြီး ဘာ့ကြောင့်ရေးရ တာလဲဆိုတော့ “စတာလင်” ခေါင်းဆောင်တဲ့ ဆိုဗီယက်ကွန်မြူနစ်တွေဟာ အရှေ့ဥရောပနိုင်ငံတွေကို စစ်ရေး အရ၊ နိုင်ငံရေးအရ လွှမ်းမိုးထားပြီး အဲဒီတိုင်းပြည်တွေမှာ ဆိုဗီယက်ယူနီယံကို မှီခိုထောက်ခံတဲ့ ကွန်မြူနစ်အစိုးရ တွေ၊ တပါတီအာဏာရှင်အစိုးရတွေကို ကြောထောက်နောက်ခံပြုနေတဲ့အတွက် ဒီလိုဖြစ်ရတာဟာ အာဏာ ရှင်ကြီး “စတာလင်” မှာ တာဝန်အရှိဆုံးအနေနဲ့ အခုလို ဗြောင်ဖွင့်ချပြီး ကဗျာရေးခဲ့တာပါ။

ငါတို့ရဲ့ဘ၀တွေဟာ
ဒါတွေရဲ့အောက်မှာ
ကြာရှည်လေးမြင့် မနေနိုင်ကြတော့ဘူး။

သူ့ရဲ့ တုတ်ခိုင်ပူနွေးတဲ့လက်ချောင်းကြီးဆယ်ချောင်း
သူ့စကားလုံးတွေဟာ အလေးချိန်တိုင်း ကိရိယာတွေလိုပါပဲ။

ဒီကဗျာကတော့ ရဟူဒီ ကဗျာဆရာ “အိုစစ် မင်ဒယ်လ်စတန်း” ရဲ့ ကဗျာထဲက စာသားတချို့ပါ။ သူက ရုရှားနိုင်ငံသား။ ကဗျာဆရာခေါင်းစဉ်က “ရှေ့ဆောင်လမ်းပြခေါင်းဆောင်ကြီး စတာလင်” ဆိုပြီး “စတာလင်” ကို ငေါ့ပြီး လှောင်ပြီး ပေးတဲ့ ခေါင်းစဉ်။ ဒီကဗျာကို ၁၉၃၃-ခုနှစ်မှာ ရေးတာဆိုတော့ အာဏာရှင်ကြီးစတာလင် မသေ ဆုံးခင်အချိန်။ ဆိုဗီယက်ကမ္ဘာတခုလုံး ဖိန့်ဖိန့်တုန်အောင်ကြောက်နေရတဲ့ပုဂ္ဂိုလ်ကို နာမည်တပ်ပြီးမှကို ကဗျာ ရေးပြီး လှောင်ပြောင်ရှုံ့ချလိုက်တာ ... ။ ဒီလိုနဲ့ “မင်ဒယ်လ်စတန်း” လည်း အဖမ်းခံရ၊ ဆိုက်ဗေးရီးယား မဲဇာ အပို့ခံရတော့တာပဲ။
ဒါတွေကတော့ အရှေ့ဥရောပတခွင်နဲ့ ဆိုဗီယက်ကမ္ဘာမှာ ထိပ်ဆုံးက တာဝန်အရှိဆုံး အာဏာရှင်ကြီး “စတာလင်” ကို ဗြောင်နာမည်တပ်ပြီး ဆန့်ကျင်ရှုံ့ချတဲ့ကဗျာတွေပါပဲ။

အန္တိမသက်ငြိမ်

ပြီး ပြည့်စုံတဲ့ အမှောင်ထုထဲမှာ
လ မရှိ၊ အလင်းရောင် မရှိ၊ မီးတောက်မီးပွား မရှိ
ဟိုနေရာ မရှိ၊ ဒီနေရာ မရှိ
အမှောင်ထုအပေါ်က အမှောင်ထုရဲ့
ပြီး ပြည့်စုံတဲ့ဖြစ်တည်ခြင်းတခု ... ။ ။

ဒီကဗျာကတော့ ရူမေးနီးယားကဗျာဆရာမ “နီနာကော်ရှန်” ရဲ့ ကဗျာပါ။ ကျနော်တို့ဆီမှာလိုပဲ ဖောက်ပြန်မှားယွင်းတဲ့ စနစ်အောက်မှာ နေကြထိုင်ကြရတဲ့ အခြေအနေကို တင်စားတဲ့ကဗျာပါ။ သူက တပါတီ အာဏာရှင်စနစ်အောက်က သူ့ရဲ့ လူ့အဖွဲ့အစည်းအခြေအနေကို “အမှောင်ထုအောက်မှာ” လို့ ဆိုလိုက်ပါတယ်။ ရူမေးနီးယားနိုင်ငံမှာ လ မရှိ၊ အလင်းရောင် မရှိ၊ မီးတောက်မီးပွား မရှိ ... ဘူးတဲ့။

ညတညရဲ့ ပြတင်းပေါက်တခု
တွေ့ဆုံခြင်း သို့မဟုတ် ခွဲခွါခြင်းရဲ့အော်သံဟစ်သံများ
အမှန်စင်စစ်
ဒါတွေဟာ အလင်းရောင်တွေအများကြီး
အမှန်စင်စစ်
ဖယောင်းတိုင် သုံးတိုင်မျှသာပါပဲ။
ဒါပေမယ့်
ငါ့စိတ်ရဲ့ နေရာတိုင်းမှာ မငြိမ်းချမ်းနိုင်ဘူး
ငါ့အိမ်ထဲမှာလည်း ဒီလိုပဲ
ဒါတွေအားလုံး အစပြုခဲ့ပြီ ... ။

လူတွေ မငြိမ်းချမ်းနိုင်တဲ့ သောကဖိစီးနေရတဲ့အခြေအနေကို ဖော်ပြတဲ့ကဗျာပါ။ ရုရှားကဗျာဆရာမ “မာရီနာ စဗက်ထရေဗာ” ရဲ့ “အင်ဆွန်မီနီယာ” ကဗျာထဲက တပိုဒ်ပါ။ ဒီလို အခြေအနေမျိုးအောက်မှာ “မာရီနာ” ဟာ ခံနိုင်ရည်မရှိခဲ့ရှာပါဘူး။ သူဟာ အကြိမ်ကြိမ်အဖမ်းခံရပြီးတဲ့နောက် ဒုက္ခည်စခန်းတခုမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

သူ့ရဲ့ ဘယ်ဖက်လက်မောင်းကို
သူတို့ဖြတ်ပစ်လိုက်ကြတယ်။
ပြီးတော့ ... ညာဖက်လက်မောင်း။
ခြေထောက်တဖက်
ပြီးတော့ နောက်ထပ်ခြေထောက်တဖက်။
သူ့ခေါင်းကိုလည်း အသေအချာပဲ
သူ့လည်တိုင်ကိုတော့ မြေဆီမြေသြဇာအဖြစ် စိုက်ထူလိုက်ကြတယ်
အပင်ပေါက်လာဖို့အတွက်။

ခလေးတွေနဲ့
ဆိတ်တွေ သိုးးတွေ
သူ့လည်တိုင်ကို တွဲခိုစီးကာနေကြပေါ့။ ။

မျိုးဆက်တဆက်အတွက် မျိုးဆက်တခုက အရင်းအနှီးပြုရတဲ့သဘော ရေးတဲ့ကဗျာပါ။ ဒါပေမယ့် ဘယ်သူတွေကများ သူ့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ခေါင်းကိုဖြတ်ခဲ့ကြတာလဲ။ ဒီကဗျာကိုတော့ ယူဂိုဆလပ် ကဗျာဆရာ “ဂိုကို ရိုဂို” ရဲ့ “အမျိုးသားသူရဲကောင်း” ဆိုတဲ့ ကဗျာပါ။ သူကတော့ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ နောက် ယူဂိုဆလားဗီးယားမှာ ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရတဲ့ ကဗျာဆရာပါ။ သူဦးစီးထုတ်ဝေတဲ့ သတင်းစာလည်း အပိတ်ခံခဲ့ရပါတယ်။

ဘာတွေလိုအပ်ခဲ့သလဲ
ငါတို့
ဆောင်ရွက်ခဲ့ပြီးပြီ။

ကွင်းပြင်တွေ လဲလျောင်းလျက်
ငါတို့ စိုက်ပျိုးခဲ့ကြတယ်
မျိုးစေ့တွေ ကြဲချခဲ့ကြတယ်
ပြီးတော့ ငါတို့စောင့်ခဲ့ကြတယ်။

ငါတို့အမျိုးသမီးတွေက လဲလျောင်းလျက်
ပြီးတော့ ဘာတွေလိုအပ်ခဲ့သလဲ
ငါတို့ ဆောင်ရွက်ခဲ့ပြီးပြီ။
ပြီးတော့ ငါတို့စောင့်ခဲ့ကြတယ်။

နိုင်ငံခြား ကျူးကျော်သူတွေရောက်လာကြတဲ့အခါ
ဘာတွေလိုအပ်ခဲ့သလဲ
ခြံတွေ၊ အိမ်တွေကို ခြံစည်းရိုးခတ်ကြပြီးပြီ
ပုဆိန်တွေ၊ ဓါးတွေ သွေးကြပြီးပြီ။

ဒီကဗျာကတော့ ချက်ကဗျာဆရာမ “ဆီလ်ဗာ ဖစ်ရှာရိုဗာ” ရဲ့ “လိုအပ်ချက်” ဆိုတဲ့ ကဗျာပါ။ သူက ၁၉၆၃-ခုနှစ်မှာ မွေးပါတယ်။ ဒီထဲက “နိုင်ငံခြားကျူးကျော်တွေ” ဆိုတာ ဆိုဗီယက်စစ်တပ်တွေကို ပြောတာပါ။ ဆိုဗီယက်စစ်တပ်တွေက ကွန်မြူနစ်စနစ်ကို ကာကွယ်ဖို့ဆိုပြီး ချက်ကိုစလိုဗက်နိုင်ငံထဲကို ကျူးကျော်ဝင်ရောက် ခဲ့ကြပါတယ်။ ချက်ကိုစလိုဗက်ပြည်သူတွေရဲ့ ဒီမိုကရေစီအုံကြွမှုကို ဖောက်ပြန်တဲ့ ချက်ကိုစလိုဗက်အစိုးရနဲ့ ပေါင်းပြီး နှိမ်နင်းကြပါတယ်။ ဒီအဖြစ်အပျက်ကို “ဖစ်ရှာရိုဗာ” က ကဗျာရေးဖွဲ့ခဲ့တာပါ။

(ခ)

အခုအချိန်မှာတော့ ကျနော်တို့နိုင်ငံက စာပေပညာရှင်တွေရဲ့ခေါင်းပေါ်မှာ စစ်အာဏာရှင်တွေ လက်သီး ၀ဲပြနေကြပါတယ်။ တချိန်က နိုင်ငံရေးအပြောင်းအလဲတွေ အောင်မြင်အောင် မလုပ်နိုင်ခင်အချိန်တုန်းက အရှေ့ ဥရောပပြည်သူတွေရဲ့ခေါင်းပေါ် တပါတီအာဏာရှင်အစိုးရတွေက လက်သီးဝဲပြသလိုမျိုး၊ အခုလည်း စစ်အစိုးရ က ကျနော်တို့ပြည်သူတွေအပေါ် တုတ်တ၀ဲဝဲ၊ ဓါးတ၀ဲဝဲလုပ်ပြနေတဲ့အချိန်ပါ။ အခုတော့ အရှေ့ဥရောပပြည်သူ တွေက သူတို့ခေါင်းပေါ်မှာဝဲနေတဲ့လက်သီးကို ပုတ်ချလိုက်ကြပြီးပါပြီ။ အရှေ့ဥရောပပြည်သူတွေ လွတ်မြောက်သွားကြပါပြီ။ လွတ်မြောက်ရာလမ်းစ သူတို့ဘယ်မှာရှာခဲ့ကြပါသလဲ။ ကဗျာတွေထဲမှာ ရှာခဲ့ကြ တာပါ။ တော်လှန်ရေးလမ်းစကို ကဗျာတွေထဲမှာ သူတို့တွေ့ခဲ့ကြတာပါ။
အခုလည်း ကျနော်တို့နိုင်ငံက ကဗျာဆရာ “စောဝေ” ရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာနဲ့ ကဗျာဆရာ “ကြည်မောင်သန်း” ရဲ့ “ဒီပရင်္ဂ” ကဗျာတွေထဲမှာ ကျနော်တို့ပြည်သူတွေဟာ “လွတ်မြောက်ရာလမ်းစ” ကို ရှာနေ ကြပါပြီ။ တော်လှန်ရေးရဲ့အချက်ပြသံကို ကဗျာတွေထဲမှာ ရှာလို့တွေ့နေကြပါပြီ။ မကြာခင် ကျနော်တို့ခေါင်းပေါ် ၀ဲနေတဲ့ အာဏာရှင်ရဲ့ “လက်သီး” ကို ကျနော်တို့ကိုယ်တိုင် ပုတ်ချနိုင်တော့မှာပါ။
ဒီနေရာမှာ မှတ်သားဖွယ်ကောင်းတဲ့ စကားတခွန်းနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ချင်ပါတယ်။ ဒီင်္လို အခြေအနေအားလုံးကို ခြုံငုံအကျုံးဝင်တဲ့စကားတခွန်းဖြစ်ပါတယ်။ အဲဒါကတော့ ရုရှား ကဗျာဆရာကျော် “ယက်တူရှန်ကို” ပြောခဲ့ဖူးတဲ့စကားပါ။ သူက ဘယ်လိုပြောခဲ့သလဲဆိုတော့ ...၊ “တော်လှန်ရေးမှန်သမျှ ကဗျာထဲမှာ ပထမဆုံးပေါက်ဖွားတာချည်းပဲ” တဲ့ ... ။ ။


ကိုးကား။ ။ SELECTED POEMS OF MARINA TSVETAYEVA
AN ANTHOLOGY OF CONTEMPORARY ROMANIAN POETRY
SELECTED POEMS OF OSIP MANDELSTAM
CHILD OF EUROPE


ငြိမ်းဝေ


ကဗျာဆိုတာ ပြောက်ကျားလက်နက်




ဒီကနေ့တင်တဲ့ ပို့စ်ကတော့ မနေ့တုန်းက ဧရာဝတီအွန်လိုင်းမှာ တင်ထားခဲ့တဲ့ စာမူပါပဲ ... ။


(က)
၂၀၀၈-ခု အ၀င် ကာလများမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု စစ်မျက်နှာတခုရယ်လို့ ဆိုရမယ့် ကဗျာစာပေ နယ်ပယ်မှာ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပါတယ်။ ဒီပေါက်ကွဲသံတွေဟာ ကမ္ဘာ့အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းမှာ ကဗ္ဓျည်းထိုးကြရမယ့် တိုက်ပွဲသံတွေလည်း ဖြစ်ပါတယ်။ ကျနော်ဆိုလိုတာ ကတော့ ကဗျာဆရာ စောဝေရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာ ၊ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာတွေဟာ စစ်အာဏာရှင် ရဲ့ ခံကတုပ်များဖြစ်ကြတဲ့ စာပေစီစစ်ရေး မြောင်းတွေကို အပြင်းထန်ဆုံး ပစ်ခတ်ထိုးဖောက် တိုက်ခိုက် လိုက်တဲ့ တိုက်ပွဲသံတွေကို ဆိုလိုတာပါ။ ဒီအဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်လောက်က မြန်မာကဗျာနယ်ပယ်အတွင်း ဖြစ်ထွန်းခဲ့တဲ့ စာပေလှုပ်ရှားမှုတခုကို သွားပြီး သတိရမိပါတယ်။
၁၉၇၀-ခုနှစ်ဝန်းကျင်က “စာပေဆည်းဆာ” ဆိုတဲ့ စာပေလှုပ်ရှးမှုတခု ရှိခဲ့ဖူးတယ်။ မဆလ တပါတီ အာဏာရှင်အောက်မှာဖြစ်တာမို့ ထင်ထင်ပေါ်ပေါ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီ “စာပေဆည်းဆာ” ဟာ ကဗျာနဲ့ပါတ်သက်တဲ့ ဖြစ်ထွန်းမှုတချို့ကို တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အတတ်ပညာအပိုင်းမှာ ဖြစ်ပါတယ်။
“စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ အစီစဉ်ထဲမှာ ကိုယ့်အစုနဲ့ကိုယ်၊ ကိုယ့်ဒေသနဲ့ကိုယ် ကဗျာစာအုပ်တွေ ထုတ်ကြဖို့ ဆိုတဲ့ အစီစဉ်လည်းရှိခဲ့ပါတယ်။ ဒီအစီစဉ်နဲ့ပဲ ဒေသအရဆိုရင် ပျဉ်းမနားက “တောင်ညိုခင်တန်း” ၊ ပဲခူးက “ဒီရေ” နဲ့ “ဆီးပွင့်” ။ တခြားဒေသတချို့ကလည်း ကဗျာစာအုပ်တွေ ထုတ်ကောင်းထုတ်နိုင်ခဲ့ပါလိမ့်မယ်။ ကျနော် မှတ်မိသလောက် အဲဒီ ပဲခူး၊ ရန်ကုန်၊ ပျဉ်းမနား အစရှိတဲ့ ဒေသက ကဗျာဆရာတွေက ကိုယ့်ဒေသရယ်လို့ မဟုတ်ပဲ၊ တခြားဒေသက ကဗျာဆရာတွေဆီက ကဗျာတွေကိုပါတောင်းပြီး ထုတ်တော့ ကိုယ့်ဒေသက တာဝန်ယူ ထုတ်ခဲ့ကြတဲ့သဘောပါပဲ။ ဥပမာ ... ကျနော်တို့ ပဲခူးကဆိုရင် “ဆီးပွင့်” ကဗျာစာအုပ်ထုတ်တော့ ရန်ကုန်က “မုံရွာအောင်ရှင်” တို့ ပျဉ်းမနားက “မောင်သင်းခိုင်” တို့ရဲ့ ကဗျာတွေကိုတောင်းပြီး ကျနော်တို့ ကဗျာစာအုပ်မှာ ထည့်ခဲ့ကြတာပဲ။ ရာဇ၀င်တွင်ဖို့လိုအပ်တယ်လို့ ယူဆပြီးပြောရရင် ရန်ကုန်မှာထုတ်တဲ့ ကဗျာစာအုပ်တွေဟာ၊ အသိုင်းအ၀ိုင်းအားဖြင့် ကျယ်ပါတယ်။ တကယ့်တပ်ပေါင်းစုသဘောလည်း ဆောင်ပါတယ်။ ဒီတုန်းက ရန်ကုန်ကထုတ်တဲ့ ပထမဦးဆုံးနဲ့ ဒုတိယအကြိမ်ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ နာမည်တွေကို ဆရာ “ဒဂုန်တာရာ” က နာမည်ပေးခဲ့တာပါ။ လက်ရေးနဲ့ရေးတဲ့သူတွေက ပထမ “မုံရွာအောင်ရှင်” ၊ ဒုတိယ “ကိုအောင်ငြိမ်း” ။ ပထမဦး ဆုံး ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ အမည်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” တဲ့။ ဒုတိယစာအုပ်ကတော့ “မိုးရိပ် လေရိပ်” ဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ ထုတ်ဝေခွင့်ရယူပြီး တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့တာ မဟုတ်ပါဘူး။ ဖယောင်းစက္ကူပေါ်မှာ ကညစ်နဲ့ရေးပြီး ကျောက်ပုံနှိပ်လက်ရေးကဗျာစာအုပ်တွေအဖြစ် ထုတ်ဝေခဲ့ကြတာပါ။
ကျနော်ထင်ပါတယ်။ ဒီတုန်းက အဲဒီ “စာပေဆည်းဆာ” လှုပ်ရှားမှုဟာ အကြောင်းအရာ (နိုင်ငံရေး) အရ၊ အတတ်ပညာအရ မြန်မာကဗျာဖြစ်ထွန်း တိုးတက်မှုကို တွန်းတင်နိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒီ “စာပေ ဆည်းဆာ” လှုပ်ရှားမှုထဲကပဲ စာပေအယူအဆတချို့ ပေါ်ထွက်လာခဲ့တယ်လို့ ဆိုရပါမယ်။
(ခ)

၁၉၇၀-ခုနှစ်တ၀ိုက်က၊ “စာပေဆည်းဆာ” လှုပ်ရှားမှုထဲမှာ ကျနော် စိတ်ဝင်စားတဲ့ အယူအဆ် (၂) ခု ရှိခဲ့ပါတယ်။ သထမ အချက်က “ကဗျာနှင့်လူ ထပ်တူဖြစ်မှု မဖြစ်မှု” ဆိုတဲ့အယူအဆ။ နောက်တချက်ကတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆပါပဲ။ ဒီကနေ့ ဒီဆောင်းပါးမှာတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆကိုပဲ ကျနော်ပြောပါမယ်။
ပြောမယ့်သာပြောရတာပါ။ ဒီ “စာပေဆည်းဆာ” ကဗျာလှုပ်ရှားမှုလုပ်တဲ့အချိန်က ကျနော်က ကဗျာ တပုဒ်ပဲ ပုံနှိပ်ဖော်ပြခံရဖူးသေးတဲ့ တကယ့်နောက်တန်းရဲ့ နောက်တန်းက လူတယောက်ပါ။ အသက်အရွယ် အားဖြင့်လည်း (၂၀) ၀န်းကျင်ပဲ ရှိပါသေးတယ်။ နောင်တော် ကဗျာဆရာတွေဖြစ်ကြတဲ့ “အောင်ငြိမ်း” ၊ “မုံရွာ အောင်ရှင်” ၊ “မောင်သင်းခိုင်” ၊ “ဇော် (ပျဉ်းမနား)” တို့ရဲ့ နောက် ...၊ ခတ်လှမ်းလှမ်းက လူတယောက်ပါပဲ။ “စာပေဆည်းဆာ” ကိစ္စ၊ ကျနော့်မှာ ပြောခွင့်ရှိတဲ့အနေအထား၊ ပြောနိုင်လောက်တဲ့ “၀ါ” ၊ ကျနော့်မှာ မရှိပါဘူး။ အခုလို စာတတန် ပေတတန်ရေးပြီး ပြောတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကို ပြောနိုင်တဲ့ လူတယောက်လို့ ယူဆပြီး ပြောတာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် “စာပေဆည်းဆာ” ကို ကျနော်တန်ဘိုးထားတယ်။ “စာပေ ဆည်းဆာ” ဟာ ကျနော်ရဲ့ ပဲ့ကိုင်၊ “စာပေဆည်းဆာ” ဟာ ကျနော့်ရဲ့ ဖြတ်သန်းမှုတခုဖြစ်တာမို့ “စာပေ ဆည်းဆာ” ကို လွမ်းသတဲ့အနေနဲ့ ကျနော်ရေးတာပါ။
အဲဒီစာပေဆည်းဆာလှုပ်ရှားမှုထဲမှာ ကျနော်တို့ရဲ့ နောင်တော်ကြီးတွေ ပြောသံဆိုသံကြားလို့ ၀င်ပြီး နားထောင်၊ ၀င်ပြီး ဆွေးနွေးရင်းနဲ့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ စကားကို ကျနော်ကြားခဲ့ရ တာပါ။ လွဲချင်လည်း လွဲနိုင်ပါတယ်။ “ကဗျာဆိုတာ ပြောက်ကျားလက်နက်ဖြစ်တယ်” ဆိုတဲ့ စကားကို ဆရာ “မောင်သင်းခိုင်” တို့က စပြီး ပြောခဲ့တာလို့ပဲ မှတ်ယူခဲ့ဖူးပါတယ်။

(ဂ)

ဒီ ၂၀၀၈-ခုနှစ်၊ နှစ်လည်မကျော်ခင်မှာပဲ၊ မြန်မာစာပေသမိုင်းမှာ ထင်ရှားတဲ့အဖြစ်အပျက် (၂)ခု ရှိခဲ့ ပါတယ်။ နှစ်ခုစလုံး ကဗျာနဲ့ပါတ်သက်တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေပါပဲ။ ပထမအဖြစ်အပျက်ကတော့ ကဗျာ ဆရာ စောဝေရဲ့ “ ဖေဖော်ဝါရီဆယ့်လေး ” က ဗျာကိစ္စ၊ နောက်တခုကတော့ ကဗျာဆရာ “ကြည်မောင်သန်း” ရဲ့ “ဒီပရင်္ဂ” ကဗျာ ကိစ္စပါပဲ။ ဒီကဗျာ (၂)ပုဒ်ဟာ တခုနဲ့တခု ဦးတည်ချက်ချင်းတော့ တူကြပါတယ်။ ဆရာ “စောဝေ” ရဲ့ ကဗျာက အုပ်စိုးသူ စစ်အစိုးရရဲ့ ဦးဏှောက်နဲ့နှလုံးသားကို တိုက်ရိုက်ထိုးနှက်တဲ့ ကဗျာဖြစ်ပြီး၊ ဒုတိယကဗျာတပုဒ် ဆရာကြည်မောင်သန်းရဲ့ကဗျာကြတော့ စစ်အစိုးရဆန့်ကျင်ရေး တိုက်ပွဲဝင် အဖြစ်အပျက်နဲ့ တိုက်ပွဲဝင် ခေါင်းဆောင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ ကဗျာဖြစ်ပါတယ်။ ဟိုတုန်းက အသုံးပြုခဲ့တဲ့ စကားလုံး တွေ အရ ပြောရရင် ဆရာစောဝေရဲ့ ကဗျာက “ဖွင့်ချရေး” အလုပ်ကိုလုပ်ပြီး၊ ဆရာကြည်မောင်သန်းရဲ့ကဗျာ ကတော့ “အမွှန်းတင်ရေး” အလုပ်ကိုလုပ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ဒီကဗျာ (၂) ပုဒ်ကိုကြည့်ရင် ကဗျာဆရာနှစ်ယောက်စလုံးဟာ လူထုဖက်က ရပ်တည် ကြတဲ့ ကဗျာဆရာတွေဆိုတာ ရှင်းပါတယ်။ အခုလို လူထုနဲ့အုပ်စိုးသူ စစ်အစိုးရ ပဋိပက္ခဖြစ်တဲ့အခိုက်၊ ဒီကဗျာ ဆရာနှစ်ယောက်ဟာ လူထုဖက်ကရပ်ပြီး လူထုရဲ့ရန်သူ၊ ဖိနှိပ်သူ စစ်အစိုးရကို ထိုးနှက်တိုက်ခိုက်ကြတဲ့ ရာဇ၀င် တွင်တဲ့ ကဗျာဆရာတွေပါပဲ။
ဒီနေရာမှာ ကဗျာဆရာနှစ်ယောက်စလုံး ကဗျာဆရာပီပီ၊ ကဗျာလက်နက်ကိုပဲ ကိုင်ဆွဲခဲ့ကြပေမယ့် သူတို့ကိုင်ဆွဲတဲ့ကဗျာ၊ သူတို့အသုံးပြုတဲ့ကဗျာဟာ “ပြောက်ကျားလက်နက်” သဘော အသုံးပြုသွားတာ တွေ့ ကြရပါတယ်။ စစ်အစိုးရဲ့ စာပေစီစစ်ရေးအဟန့်အတားတွေကို အလစ်အငိုက် ထိုးဖောက်ဝင်ရောက်ဖြတ်သန်း နိုင်ဖို့ သူတို့ရဲ့ကဗျာတွေဟာ ကိုယ်ရောင်ဖျောက်ထားတဲ့ကဗျာ စကားလုံး၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ပါဒ၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ကဗျာပိုဒ်တွေကို အသုံးပြုခဲ့ကြပါတယ်။ မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့နေရာက မထင်မှတ်တဲ့အသွင်သဏ္ဌာန်နဲ့ စစ်အစိုးရဲ့ ခံတပ်၊ စာပေစီစစ်ရေးကို အပြင်းထန်ဆုံးဝင်ရောက်ထိုးဖောက် တိုက်ခိုက်လိုက်ကြတဲ့ သဘောပါပဲ။ ဒါဟာဖြင့် ပြောက်ကျားသေနင်္ဂဗျူဟာပါပဲ။
လူထုကြီးနဲ့ စစ်အစိုးရ အခုလို ရင်ဆိုင်ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ လူထုကြီးက လက်နက်မဲ့ဖြစ်ပါတယ်။ ဖိနှိပ်သူ စစ်အစိုးရက လက်နက်ရှိဖြစ်ပါတယ်။ လူထုကြီးက အင်အားနည်းပြီး ဖိနှိပ်သူ စစ်အစိုးရက အင်အားကြီး ပါတယ်။ စစ်ရေးသေနင်္ဂဗျူဟာမှာ အင်အားကြီးသူကို အင်အားနည်းသူက ရင်ဆိုင်တိုက်ခိုက်တဲ့အခါ “ပြောက်ကျားသေနင်္ဂဗျူဟာ” ဟာ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးဗျူဟာပါပဲ။ ပြောက်ကျားဗျူဟာမှာ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခြင်း၊ ကိုယ်ရောင်ဖျောက်ထားခြင်း၊ အသေမရပ်တည်ပဲ အမြဲလှုပ်ရှားနေခြင်း၊ ရွေ့လွယ်ပြောင်းလွယ်ဖြစ်ခြင်း၊ အစရှိတဲ့ အင်္ဂါရပ်တွေရှိပါတယ်။ လူထုကြီးဖက်က ရပ်တည်တဲ့ ကဗျာဆရာတွေ ဟာ သူတို့ရဲ့ ကဗျာလက်နက်ကို “ပြောက်ကျားလက်နက်” တခုအဖြစ် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခဲ့ကြ ပါတယ်။ ဒါကြောင့်မို့ ထိလည်း ထိရောက်ခဲ့ကြပါတယ်။ အုပ်စိုးသူဟာ အကြီးအကျယ်အထိနာခဲ့ရပါတယ်။
ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဟိုတချိန်တုန်းက “စာပေဆည်းဆာ” စာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့ ကြတဲ့ ဆရာ “မောင်သင်းခိုင်”တို့ ၊ ဆရာ “မုံရွာအောင်ရှင်” တို့ ပြောခဲ့ကြတဲ့ “ကဗျာဆိုတာ ပြောက်ကျား လက်နက်” ပဲ ဆိုတဲ့ စကားဟာ ဒီကနေ့အထိ လူထုဖက်က ရပ်တည်တဲ့ ကဗျာဆရာတွေ ကိုင်စွဲကြရမယ့် သဘောထားတခုဖြစ်တယ်လို့ပဲ ယူဆမိပါတယ်။ ။


ငြိမ်းဝေ


July 06, 2008

တိရစ္ဆာန်ရုံထိန်းရဲ့ မယား သို့ မဟုတ် သမ္မာကျမ်းလာ တားမြစ်သစ်ပင်တပင်




(က)
“မဟာပူရိသ၀ါဒ” နဲ့  “မဟာဣတ္ထိယ၀ါဒ” အကြောင်းကို ခြေခြေမြစ်မြစ်တော့ ကျနော်နားမလည်ပါဘူး။ ဒါပေမယ့် ပူရိသပဲ ဖြစ်ဖြစ်၊ ဣတ္ထိယပဲဖြစ်ဖြစ် ကိုယ့်ဘက်က တရားလွန်အခွင့်အရေးယူတဲ့ ကိစ္စဟူသမျှ ကျနော်ကတော့ မနှစ် သက်ပါဘူး။



ဝန်ခံရမှာတခုတော့ ရှိပါတယ်။ လူသားရဲ့ သမိုင်းမှာ မဟာပူရိသ၀ါဒဟာ အလွန်မတန်သက်တမ်းရှည်ကြာ ထွန်းကား နေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း မဟာဣတ္ထိယ၀ါဒ ထွန်းကားတဲ့ခေတ်လည်း ရှိခဲ့ဖူးပါတယ်။ မဟာပူရိသ ၀ါဒ ထွန်းကားတာ သက်တမ်းရှည်ကြာလွန်းတော့ မဟာပူရိသ၀ါဒရဲ့မတရားလွန်ကဲတဲ့ကိစ္စတချို့ဟာ တရားတဲ့ ကိစ္စတွေအဖြစ် အသားကျလာခဲ့ကြပြီး လူများစုကြီးကမသိစိတ်နဲ့လက်ခံလာကြရတဲ့ကိစ္စကတော့ ၀မ်းနည်းစရာပဲပေါ့။
မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာအောင် လွှမ်းမိုးနေလာနိုင်တဲ့ အချက်တွေထဲမှာ လူတွေအလုပ်တာဝန်ခွဲဝေလုပ်ကိုင် လာတဲ့ခေတ်ရဲ့ တွန်းအားတွေအများကြီး ပါနိုင်မယ်ထင်ပါတယ်။ ခန္ဓာဗေဒအရ “ ဖို ” က “ မ ” ထက်ပိုပြီး ခွန်အားရှိတဲ့ သဘောမို့  မိသားစုတစုမှာပဲဖြစ်ဖြစ်၊ လူအုပ်စုတစုမှာပဲဖြစ်ဖြစ်၊ မ ဟာ ဖို လောက် အရေးမပါ အရာ မမြောက်တဲ့သဘော သက်ဝင်လာခဲ့ပြီး မဟာဖိုဝါဒ ၊ မဟာပူရိသ၀ါဒ ဟာ အထွတ်အထိပ်ကို ရောက်လာ ခဲ့တဲ့ သဘောပါပဲ။ မြေရှင်ပဒေသရာဇ် ခေတ်မှာတော့ မဟာပူရိသ၀ါဒ ဟာ အဲဒီခေတ်ရဲ့ အခြေခံဖိုဝါဒဆိုင်ရာ မူ တခု ဖြစ်လာခဲ့ပြီး ဖို နဲ့  မ အခွင့်အရေး နှိုင်းယှဉ်မှု အရ ဖို က မ ထက် အခွင့်အရေး အဆမတန် ရယူခဲ့ပါတော့တယ်။ လူ့  သမိုင်းမှာတော့ မြေရှင်ပဒေသရာဇ် ခေတ်ဟာ မဟာပူရိသ၀ါဒ အထွန်းကားဆုံး ဖြစ်ခဲ့ပါတယ်။
(ခ)
မြန်မာ့သမိုင်းမှာ မဟာပူရိသ၀ါဒ ကို ဆန့် ကျင်ဝေဖန်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကိစ္စ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြတဲ့အခြေအနေဟာ မျက်မှောက်ကာလမှာ အကျယ်လောင်ဆုံးကြားရတဲ့သဘောရှိပါတယ်။ ဒါဟာလည်း အခြေအနေမပေးသေးတဲ့ ပြည်တွင်းမှာ မဟုတ်ဘဲ ပြည်ပရောက်မြန်မာအမျိုးသမီးအင်အားစုအတွင်းမှာ အခုလိုပြောဆို လာကြတာ ဖြစ်ပါတယ်။ ဒီလိုပြောဆိုဆွေးနွေးလာကြတာဟာ ကောင်းပါတယ်။ မနေ့ တနေ့ ကဆိုရင် စီမံလုပ်ကိုင်ခွင့်ဆိုင်ရာ အခန်းကဏ္ဍ တွေမှာ အမျိုးသမီးတွေကို ရာခိုင်နှုန်းအတိအကျသတ်မှတ်ရာထား တာဝန်ပေး သင့် မသင့်ဆိုတဲ့ အကြောင်း အရာကို ပြောဆိုဆွေးနွေးကြတာကို ကြားရပါတယ်။
ကျနော်တို့ ဟာ မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာလွန်းစွာ အပေါ်စီးရယူနိုင်ခဲ့လို့  အမျိုးသမီးတွေ အလူးအလိမ့် ခံစားရတဲ့ သမိုင်းကြောင်းကြီးအတွက် စိတ်မကောင်းဖြစ်ကြရတော့ အမှန်ပါပဲ။ ဖိနှိပ်ခံခဲ့ကြရတဲ့ အမျိုးသမီးထုကြီး အတွက် ကျနော်တို့  တတွေ စာနာ ကြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာစွာ နေရာ ယူလာခဲ့လို့  ဖိနှိပ်ခံကြရတဲ့ အမျိုးသမီးတွေက မဟာပူရိသ၀ါဒ ကို ဆန့် ကျင်ဝေဖန်ကြရာမှာ ခံစားချက်ကိုရှေ့ တန်း မတင်ဘဲ တရား အပေါ်မှာပဲ အခြေခံပြီး ပြောဆိုဆွေးနွေးသင့်တယ်လို့  ယူဆမိတယ်။
ခံစားချက်ကို အခြေခံရင် တရား ကို ပွန်းပဲ့သွားနိုင်စေတာမို့ တရားနဲ့ ကင်းကွာတဲ့တောင်းဆိုချက်တွေ၊ တရားနဲ့  ဆန့်ကျင် ဖက်ဖြစ်ကြတဲ့အမြင် တွေ ရှိလာတတ်ပါတယ်။ အစွန်းတဘက်ကိုဝေဖန်ရင်း တခြားအစွန်းတဘက် ချောက်ထဲကျသွားနိုင် ပါတယ်။ မဟာ ပူရိသ၀ါဒကိုဆန့်ကျင်ရင်း မဟာဣတ္ထိယ၀ါဒ နွံထဲဆင်းသွားနိုင်ပါတယ်။ ဒါကို ကျနော်တို့ သတိချပ်ရပါမယ်။
လူ့ သမိုင်းမှာ ပူရိသ၀ါဒ ပဲဖြစ်ဖြစ်၊ ဣတ္ထိယ၀ါဒ ပဲဖြစ်ဖြစ် ဘယ်ဝါဒ၊ ဘယ်စနစ်၊ ဘယ်သတ်မှတ်ချက် ပဲဖြစ်ဖြစ် တရား အပေါ် အခြေခံကြရပါမယ်။ တရားမျှတမှု၊ သဘာဝကျမှုတွေကို အခြေခံထား စဉ်းစားကြရပါမယ်။
(ဂ)
မဟာပူရိသ၀ါဒ ဟာ လူ့ သမိုင်းမှာ ဘယ်ဝါဒမှ လိုက်မမီနိုင်လောက်အောင်၊ ထွန်းကားလာခဲ့တာတော့ အမှန်ပါပဲ။ မဟာဖို
ဝါဒဟာ လူ့ သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံးထွန်းကားတဲ့ဝါဒ၊ ခွန်အားအကြီးဆုံးဝါဒ ဖြစ်ပါတယ်။ ယခု လက်ရှိကာလ အထိ ထွန်းကားလျက်ရှိတဲ့ဝါဒ ဖြစ်ပါတယ်။ နောင် ဘယ်လောက်ကြာကြာ ဆက်လက်ထွန်းကားနေဦးမလဲ။
မဟာပူရိသ၀ါဒ အောက်မှာ အမျိုးသမီးတွေ အလူးအလိမ့်ခံစားခဲ့ကြရပါတယ်။ ခံစားရတာကို ခံစားရတယ်လို့ မထင်မှတ်ရ လောက်အောင်ကို ပြင်းထန်ငြင်သာခဲ့ပါတယ်။ ဒီလို အပြင်းအထန်ခံစားခဲ့ရတဲ့ မှတ်တမ်းမှတ်ရာတွေ လည်း တပုံ တပင်ကြီး ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်ကဗျာဆရာမ “ ဆစ်လ်ဗီယာ ပလာသ် ” ကတော့ မဟာပူရိသ၀ါဒ ရဲ့  ဖိနှိပ်မှုဒဏ်ကို ကဗျာနဲ့ ဖေါ်ပြပြီး ကမ္ဘာအမျိုးသမီးထုရှေ့က ရှေ့ နေလိုက်ခဲ့ဖူးပါတယ်။
အမျိုးသားတွေရဲ့ အမျိုးသမီးတွေအပေါ် လစ်လျူရှု မှု၊ ဖိနှိပ်မှုတွေကို သူက ကဗျာစပ်ပြီး ဖေါ်ပြခဲ့တယ်။ ဖိနှိပ်ခံရသူ၊ လစ်လျူခံရသူ၊ အမျိုးသမီးတယောက်ရဲ့ ခံစားချက်တွေကို ကဗျာနဲ့  ဖေါ်ပြခဲ့တယ်။ သူ့ ရင်ထဲက အန်ထွက်ကျလာ တဲ့ ခံစားချက်၊ ၀န်ခံချက် ( Confessional )ဟာ တိကျလွန်း၊ စည်းလုံးလွန်း၊ ပေါ်လွင်လွန်းလို့ စာဖတ်သူတွေ အသက်ရှူမ၀ လောက်အောင်၊ ရင်တမမဖြစ်ရလောက်အောင် ခံစားချက်တွေလှိုင်းထန်ခဲ့ကြရပါတယ်။ သူ့ ကဗျာတွေ ထဲမှာ မဟာပူရိသ၀ါဒ ရဲ့  ဖိစည်းမှုကို တွန်းလှန်ဖို့ ကြိုးစားတဲ့ စိန်ခေါ်သံတွေ ဟိန်းဟိန်းညံနေခဲ့ပါတယ်။
ဆစ်လ်ဗီယာ ပလာ့သ် ရဲ့  ကဗျာထဲမှာ အသုံးပြုခဲ့တဲ့ နိမိတ်ပုံတွေဟာ အင်မတန် ကြောက်စရာ ကောင်းလောက်အောင် သစ်လွင်နေတာ၊ တိကျနေတာတွေ့ ရပါတယ်။ ဘ၀အပေါ် သူဘယ်လောက် ခံစားမှုတွေနင့်သီးနေသလဲ ဆိုရင် သူက အင်မတန်အေးမြချမ်းငြိမ်းစေတဲ့ “ လ ” ကိုတောင်မှ “ ဥသေ ” ဆိုတဲ့ နိမိတ်ပုံမျိုး သုံးတတ်ပါတယ်။ ပူရိသ နဲ့ ဣတ္ထိယ ကို အရှင် နဲ့  အသေ သဘောအထိ ရေးခဲ့ပါတယ်။ ပြင်ပမှာရှိတဲ့ ဗဟိဒ္ဓလောက၊ ဗဟိဒ္ဓဥတု၊ ဗဟိဒ္ဓ မိုးလေ၀သအခြေ အနေထက် သူ့ ခန္ဓာကိုယ်ထဲက၊ သူ့ အတွင်းနက်နက်ထဲက အဇတ္ထလောက၊ အဇတ္ထမိုးလေ၀သ ကိုပဲ ရေးဖွဲ့ ပါတယ်။
ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ ကဗျာထဲမှာ “ သေကြောင်းကြံတဲ့မိန်းမ ” “ယောင်္ကျားတွေကို အာခံတဲ့မိန်းမ” တခါ တလေမှာ သူဟာ သူ့ ကိုယ်သူ ကိုယ်ပိုင်ဘ၀စစ်စစ်ကို ပိုင်ဆိုင်သူဆိုတာမျိုး၊ ဘယ်ယောင်္ကျားကိုမှ အားကိုးဖို့ မလိုတဲ့ “ပကတိ သန့် ရှင်းတဲ့မိန်းမ” “ယောင်္ကျားအညစ်အကြေး ကင်းရှင်းတဲ့မိန်းမ”ဆိုတာမျိုးတွေရေးခဲ့ပါတယ်။ ဒီလို (Confessional)ဆန်တဲ့ ကဗျာတွေကို ရေးနေတဲ့အချိန်ဟာ ၁၉၆၀ ခုနှစ်တ၀ိုက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)၀န်းကျင်ကပါ။
ဒီလိုနဲ့  ၁၉၃၂ ခုနှစ်မှာ မွေးတဲ့ ဆစ်လ်ဗီယာ ပလာ့သ် ဟာ အသက် (၃၁)နှစ်မှာပဲ ဖခင်နဲ့ ကင်းကွာနေတဲ့ လူမမယ် သားသမီးနှစ်ယောက်ကို ထားရစ်ခဲ့ပြီး၊ မီးဖိုချောင်ထဲက၊ ဓာတ်ငွေ့ ပိုက်ကိုရှူကာ ကိုယ့်ကိုယ်ကို သတ်သေ လိုက်ပါ တယ်။ သူဟာ ၁၉၆၃ ခု ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ မှာ သေဆုံးသွားခဲ့ပါတယ်။
(ဃ)
ကျနော်ကတော့ မဟာပူရိသ၀ါဒ ကို အပြင်းအထန်ဝေဖန်ဆန့် ကျင်ပြီး မှန်ကန်တဲ့ ဣတ္ထိယ၀ါဒ ကို ထူထောင်ဖို့ ကြိုးစားတဲ့ မျက်မှောက်ခေတ်မျိုးမှာ ဖြတ်သန်းကြီးပြင်းရတဲ့အတွက် ကျနော့်အဖို့  ကျေနပ်ပါတယ်။ ဒီလိုကြိုးပမ်း ကြသူတွေကိုလည်း လေးစား၊ လေးနက်မိပါတယ်။
မဟာပူရိသ၀ါဒ က ဘယ်လောက်အထိ ဖိနှိပ်မှုပြင်းထန်သလဲဆိုတာကတော့ သက်သေပြစရာတွေ တပုံတပင်ရှိပါ လိမ့်မယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အမေရိကန်ကဗျာဆရာမ ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ အဖြစ်က အဲဒီ တပုံတပင်ကြီးထဲက တခုပါ။ ကဗျာရှုးသွပ်သူတဦးအနေနဲ့ မဟာပူရိသ၀ါဒ ရဲ့ ဖိစီးမှုပြယုဒ်ကို ကဗျာဆရာ တယောက်ရဲ့ ဘ၀နဲ့  ဖေါ်ပြခွင့်ရလို့ လည်း ကျေနပ်မိပါတယ်။
ဆစ်လ်ဗီယာ ပလာ့သ် က တင်စားပြောဆိုသွားခဲ့တဲ့ အဖြစ်ဆိုး နာကျည်းကြေကွဲဖွယ်ကောင်းတဲ့ “တိရစ္ဆာန်ရုံထိန်းရဲ့ မယား” “ သမ္မာကျမ်းလာ တားမြစ်သစ်ပင်တပင် ” ဆိုတဲ့ အမျိုးသမီး မျိုးရဲ့  ဘ၀မျိုး၊ အဖြစ်မျိုးတွေကို ကျနော်တို့  မကြားရက် မမြင်ရက်တာလည်း အမှန်ပါပဲ။
ဒီစိတ်စေတနာကိုအရင်းခံပြီး စာဖတ်သူတွေကို ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ ကဗျာတပုဒ်နဲ့ ကျနော် မိတ်ဆက်ပေးလိုက် ပါတယ်။ ဒီကဗျာထဲက သမ္မာကျမ်းလာ တားမြစ်သစ်ပင်တပင်ရဲ့  မုန်တိုင်းဆန်လှတဲ့အော်သံဟစ်သံတွေကို စာဖတ်သူများ မလွဲမသွေ ကြားကြရပါလိမ့်မယ်။

တိရစ္ဆာရုံထိန်းရဲ့မယား
လိုအပ်ရင်
ကျမ တစ်ညလုံး မအိပ်ဘဲ နေနိုင်တယ်
ငါးရှဥ့်တကောင်လို တကိုယ်လုံးအေးစက်
မျက်လွှာမရှိ။
သေနေတဲ့ ရေကန်လို
အမှောင်ဟာ ကျမကို ၀န်းရံထားတယ်။
မည်းပြာရောင်
ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မက်မန်းသီးတလုံး။
ကျမ နှလုံးသားထဲက ဘာလေမြှုပ်မှ မထွက်ဘူး။
ကျမမှာ အဆုတ်မရှိဘူး။
ကျမဟာ ရုပ်ဆိုးတယ်။
ကျမရဲ့ ဝမ်းဗိုက်ဟာ ပိုးသားခြေစွပ်ရှည်တဘက်
အဲဒီထဲမှာ ကျမ ညီမတွေရဲ့ဦးခေါင်းတွေ၊
အမြီးတွေ ပုပ်ပွနေတယ်။
ကြည့်၊ အားကောင်းတဲ့ အရည်တွေထဲမှာ
အဲဒီဦးခေါင်းတွေ၊ အမြီးတွေ
အကြွေစေ့တွေလို အရည်ပျော်နေကြတယ်။
ပင့်ကူလို မေးရိုးတွေ၊ တအောင့်လှစ်ပြတဲ့
ကျောရိုးတွေ
အင်ဂျင်နီယာရဲ့ဘလူးပရင့်(တ်) ပုံစံပေါ်က
အဖြူရောင် မျဉ်းကြောင်းတွေလိုပဲ။
အကယ်၍ ကျမ နည်းနည်းလှုပ်လိုက်မယ်ဆိုရင်
ဟောဒီ ပန်းနုရောင်နဲ့ ခရမ်းရောင်စပ် ပလတ်စတစ်
အူအိတ်ဟာ
ကလေးကစားစရာ ခလောက်လို
“ ဂျောက်ဂျက် ” မြည်လိမ့်မယ်ထင်တယ်။
မျိုသိပ်ထားတဲ့ မကျေနပ်ချက်တွေ
အချင်းချင်း တွန်းဝှေ့ တွန်းတိုက်သံတွေ
ကျွတ်ထွက်လာတဲ့ သွားတွေ သွားတွေလို။
ဒါပေမယ့် ဒီကိစ္စကို ရှင် ဘယ်သိမလဲ
ကျမရဲ့ ၀၀တုတ်တုတ် ၀က်ကြီးငဲ့၊
ကျမရဲ့ ခြင်ဆီလို အချစ်ကြီး၊
နံရံကိုပဲ မျက်နှာမူထားတဲ့ လူကြီးငဲ့။
နို့ တိုက်သတ္တ၀ါငယ် လှောင်ရုံထဲက
စိုထိုင်းထိုင်းလေသေထဲမှာ
မီးကျွမ်းထားသလို ခြေသည်းချိတ်တွေနဲ့ 
တွဲလောင်းခိုကြတဲ့
ဝံပုလွေဦးခေါင်း သစ်သီးစားလင်းနို့ တွေနဲ့ 
ရှင် ကျမကို ပိုးပန်းခဲ့တယ်။
သဲပုံထဲမှာ မှေးအိပ်နေတဲ့ သင်းခွေချပ်
ဝက်တကောင်လို ညစ်ညမ်း၊ အမွေးအမျှင်လည်းမရှိ။
ကြွက်ဖြူတွေဟာ ပင်အပ်ထိပ်ဖျားက ကောင်းကင်တမန်တွေလို
ထာဝရအထိ ပွားချင်တိုင်းပွားနေလိုက်ကြတာ
ပျင်းရိ ငြီးငွေ့ မှုသက်သက်ကြောင့်ပဲ။
ချွေးစေးရွှဲနစ် အိပ်ရာခင်းတွေထဲ လုံးထွေးရင်း
ကျမ သတိရရနေတာက
မုဆိုးပိုင်း ပိုင်းထားတဲ့ ယုန်တွေ။
ဓာတ်စာကားချပ်တွေကို ရှင်စစ်ဆေးပြီး
ကျမကို ခေါ်ထုတ်သွားတယ်
အသင်းဝင်များ ဥယျာဉ်ထဲမှာ
စပါးကြီးမြွေနဲ့  ဆော့ကစားခိုင်းတယ်။
ကျမကိုယ်ကျမ
သမ္မာကျမ်းလာ တားမြစ်သီးပင်လို
ဟန်ဆောင်လိုက်တယ်။
ရှင့်ရဲ့ သမ္မာကျမ်းစာထဲ ကျမ ၀င်ခဲ့တယ်။
ရှင့်ရဲ့  သမ္မာကျမ်းလာ အာ့(က်) သင်္ဘောပေါ် တက်ခဲ့တယ်၊
ဆံပင်တုနဲ့  ဖယောင်းနားရွက်နဲ့  အမွန်အမြတ်ထားအပ်တဲ့
ဘာဘွန်းမျောက်နဲ့ အတူ၊
မှန်ဘူးနံရံတွေကို ကုတ်ကပ်တွယ်တက်တဲ့
လက်ချောင်းရှစ်ချောင်းရှိတဲ့ လက်တဘက်လို
ဝက်ဝံမွေးရှည်ရှည် ငှက်သားစားပင့်ကူနဲ့ အတူ။
ကျမစိတ်ထဲက ထုတ်ပစ်မရတာဟာ
မီးခတ်ကျောက်လို လှောင်အိမ်တွေ
မီးပွင့်လင်းပ စေခဲ့တဲ့ ရှင် ကျမကို ပိုးပန်းခဲ့ခြင်းပဲ။
ရှင့်ရဲ့ ချိုနှစ်ချောင်းပါတဲ့ ကြံ့ဟာ
ပါးစပ်တပေါက်ကို ဖွင့်ပစ်လိုက်တယ်
ဘွတ်ဖိနပ်ခွာလို ညစ်ပေလို့ 
ဆေးရုံသုံး လက်ဆေးကြွေခွက်လို ကြီးမားလို့ 
ကျမရဲ့ သကြားခဲလေးရယူဖို့ ၊
ဒင်းရဲ့  နွံပုပ်ခံတွင်းနံ့ ဟာ
ကျမကို တတောင်ဆစ်အထိ
လက်အိတ်တွေလို စွပ်ခဲ့တယ်။
ပက်ကျိတွေဟာ ပန်းသီးနက်တွေလို
အနမ်းတပြွတ်ပြွတ်ပေးလို့ ။
ညတိုင်းပဲ အခု ကျမ
ကြာပွတ်နဲ့ ကို နင်းရိုက်တယ်
သူတို့ ရဲ့သံတိုင်တွေပေါ်ကနေ
ကြာပွတ်နဲ့  တင်းကြမ်းရိုက်ပစ်တယ်
လူဝံတွေ၊ ဇီးကွက်တွေ၊ ၀က်ဝံတွေ၊ သိုးတွေ။
ဒါတောင် ကျမ
ဘယ်တညမျှ
အိပ်ရတယ်လို့  မရှိဘူးရှင့် … ။

ကိုးကား။ ။ ဇေယျာလင်း ရဲ့ ဆစ်လ်ဗီယာ ပလာ့သ်ဘ၀၊ ဆစ်လ်ဗီယာ ပလာ့သ်ကဗျာ စာအုပ်။


July 02, 2008

အရိပ်တခုနှင့် ကခုန်ခြင်း


(၁)

ရေအိုင်ကြီးဘေးက လူသွားလမ်းကလေးပေါ်မှာ မေပယ်လ်ရွက်ကြွေတွေ ၀ါချင်တိုင်းဝါရွှေလျက်ရှိ၏။ ဆောင်းဝင်လာခဲ့ပြီ။ သစ်ရွက်တွေ ကြွေစပြုပြီ။ အထူးသဖြင့် မေပယ်လ်ရွက်ကြွေတွေဟာ လူသွားလမ်းဘေးနဲ့လမ်းပေါ်မှာ ရွှေမှုန်ရွှေစတွေ ကြဲချထားသလို ကြွေကျနေကြ၏။ လူသွားလမ်းနှင့် ကိုက် (၅၀) မျှအကွာတွင် ကားလမ်းတခုရှိ၏။ ကားလမ်းမှာ ရေအိုင် ကြီးကို ၀ိုင်းပတ်ဖောက်လုပ်ထားသည့် ကားလမ်းဖြစ်၏။ လူသွားလမ်းကလေးသည် ရေအိုင်ကြီးဘေးမှ အပန်းဖြေ လမ်းလျှောက်နိုင်ရန် ဖောက်ထားသော လမ်းကလေး ဖြစ်လေသည်။




လူသွားလမ်းကလေးပေါ်ကတဆင့် ကန်ရေပြင်ကိုလှမ်းကြည့်ရင်း သူ့ခြေလှမ်းများမှာ လေးတွဲ့နေခဲ့ကြ၏။ လွန်ခဲ့သည့်ညက သူသည် ညဥ့်နက်မှ အိပ်ရာဝင်ခဲ့၏။ သို့သော် မနက်မိုးလင်းခါနီးသည်အထိ သူ့မှာအိပ်မပျော်ခဲ့။ ရောင်နီသန်းချိန်တွင်မူ ရေအိုင်ဘေးက လူသွားလမ်းကလေးပေါ် သူရောက်လာခဲ့၏။ တနာရီနီးပါးမျှ သူလမ်းလျှောက်လာခဲ့ပြီးပြီ။ သူ့ အတွေးများမှာ တညလုံး တမနက်ခင်းလုံး သူ့ကို၊ သူ့နှလုံးသားကို နင်းချေထားခဲ့ကြ၏။ နေရောင်ခြည် တစောင်းထိုးကျနေသည့် မေပယ်လ်ပင် တပင်ဘေးတွင် သူရပ်လိုက်သည်။ မလှမ်းမကမ်းက ကန်ရေပြင်ကို လှမ်းကြည့်သည်။ ထိုအခါ ကမ္ဘာကျော် ဂျပန်ဟိုက္ကူကဗျာလေးတပုဒ်ကို သူသတိရသွား၏။ ဟိုက္ကူကဗျာဆရာကြီး “ဗသျှိုး” ရဲ့အထင်ရှားဆုံး ကဗျာတပုဒ်။

တိတ်ဆိတ်ရေကန်အိုအတွင်း
ဖားတကောင် ခုန်ဆင်း
ရေပွက်သံကြား
ပြီးတော့ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား…။

ယခုအချိန်တွင်မတော့ “ သူ့ဘ၀ရေကန်အိုအတွင်း ဖားတကောင်ခုန်ဆင်းလို့ ရေပွက်သံကြားရတဲ့အဖြစ်မျိုး” နဲ့ ကြုံနေရ သလိုပါလားလို့ သူတွေးမိသည်။ ရေပွက်သံများထဲတွင် အမျိုးအမည် ခွဲခြားရခက်သော အသံများကို ကြားရသလိုရှိ၏။ အသေအချာနားစိုက်ထောင်သောအခါ ထိုအသံများမှာ သူနှင့်ဝေးသွားကြ၏။ နားအာရုံကို ရုပ်သိမ်းလိုက်သောအခါ ထူးဆန်းသည့် အသံများက သူနှင့် နီးလာကြပြန်သည်။

ဟိုက္ကူ ကဗျာထဲက “ရေကန်အို”၊ “ဖားတကောင်” နှင့် “ရေပွက်သံ” တို့သည် နိမိတ်ပုံများဖြစ်သည်ဟု ယူဆ၏။ “ရေကန်အို” သည် “ဘ၀” ဖြစ်သည်။ “ဖားတကောင်” သည် “ပယောဂ” ဖြစ်သည်။ “ရေပွက်သံ” သည် “ဂယက်” ဖြစ်၏။ ဘ၀တည်း ဟူသော ရေကန်အိုအတွင်း ရေပွက်သံတည်းဟူသော ဂယက်ရိုက်ခတ်မှုများ ပေါ်ပေါက်လာကြရ၏။ သို့သော် ထိုရေကန် အိုမှာ တခဏအကြာတွင် ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားရသည် မဟုတ်ပါလော။ သည်လိုတွေးမိသည့်အခါ သူ့မှာ ကြေကွဲဝမ်းနည်းစိတ်ကို ဖြေလျှော့လို့ရလာ၏။

အိမ်ရှေ့ခြံဝန်းတံခါးကိုတွန်းဖွင့်ကာ ၀င်လာခဲ့သည်။ တံခါးမကြီးကိုဖွင့်သည်။ ဧည့်ခန်းထဲသို့ဝင်မည်အပြုတွင် သီချင်းသံ သဲ့သဲ့ကို သူကြားလာရ၏။ ဓာတ်ပြားနှင့်ဖွင့်နေသည့် သီချင်းသံဖြစ်သည်။ တီးလုံးသက်သက် သီချင်းသံဖြစ်သည်။ တီးလုံး သက်သက်သီချင်းသံကို ကြားရသဖြင့် ပျောက်ဆုံးနေသောခွန်အားများ သူ့ခန္ဓာကိုယ်အတွင်း စီးဝင်လာကြ၏။ ဧည့်ခန်း ထဲတွင် သူ့ချစ်သူသည် တယောက်တည်း က,နေလိမ့်မည်ကို သူသိသည်။ ဧည့်ခန်းပေါက်ဝတွင်ရပ်ကာ သူ့ချစ်သူကို ကြည့်သည်။ သူ့ချစ်သူသည် သူ့ကိုမကြည့်။ နံနက်ခင်း ကျန်းမာရေးလေ့ကျင့်ခန်းလည်းဖြစ်၊ ကကွက်တခုလည်းဖြစ်သည့် အက လေ့ကျင့်ခန်းကို စိတ်ပါလက်ပါ ကလျက်ရှိသည့် သူ့ချစ်သူ။ ပထမတော့ သူသည်လည်း သူ့ချစ်သူဆီလျှောက်သွား ကာ အတူတွဲပြီး ကဖို့စဉ်းစားမိသေးသည်။ သို့သော် သူ့ ခြေထောက်များမှာ ရွှေ့လို့မရဘဲ ဖြစ်နေ၏။ အမှန်တကယ်အားဖြင့်မူ သူသည် နှစ်ပေါင်း (၆၀) ကျော် အရိပ်တခုနှင့် ကခုန်နေခဲ့ရပြီးပြီပဲ။ ထို့ကြောင့် ဧည့်ခန်းဝတွင်ပင် တိတ်ဆိတ်စွာ ရပ်နေခဲ့ လေသည်။

(၂)

ဗုံးခိုကျင်းအပေါက်ဝတွင် မီးခိုးမှိုင်းများဖြင့် ပိတ်ဆို့လျက်ရှိ၏။ နောက်စေ့ပေါ် လက်နှစ်ဘက် နောက်ပြန်ယှက်တင်ကာ ဗုံးခိုကျင်းထဲမှ ထွက်သည်။ သူ့ရှေ့ကတန်းစီပြီး သွားနေသည့် စစ်သားများသညှ်မီးခိုးမှိုင်းများကြားတွင် မြုပ်ဝင်လျှက်ရှိ၏။ ဗုံးခိုကျင်းထိပ်တွင် ရပ်မိသောအခါ ပတ်ဝန်းကျင်ကို မသိမသာအကဲခတ်လိုက်သည်။ ထိုစဉ်အခိုက်မှာပင် ဂျာမန်လို မပီမသ အော်ပြောလိုက်သည့် အမိန့်ပေးသံကို သူကြားလိုက်ရ၏။

မီးခိုးမှိုင်းများကြားတွင် ပြိုလဲလျက်ရှိသော အရာဝတ္တုတချို့ကို တွေ့ရ၏။ မလှမ်းမကမ်းတွင် ပြိုကျပျက်ဆီးနေသော အဆောက်အဦး တခုကိုလည်း မသဲမကွဲတွေ့ရ၏။ အော်ဟစ်အမိန့်ပေးနေသည့် အသံများကိုလည်း ကြားနေရ၏။ သူသည် သူ့ရှေ့က လျှောက်နေသူများနည်းတူ တခြားဂျာမန်စစ်သုံ့ပန်း အုပ်စုတစုနှင့် သွားရောလိုက်၏။ သူတို့အနားသို့ ကားတစင်း ထိုးဆိုက်လိုက်ပြီးနောက် ကားပေါ်သို့ တယောက်ချင်းစီ တက်ကြရ၏။ ထိခိုက်ဒဏ်ရာရထားသူနှင့် ဖျားနာနေသူများကို ၀ိုင်းဝန်းဖေးမကာ ကားပေါ်တက်ကြ၏။ သူတို့စီးလာသောကားသည် စစ်ပွဲပြီးကာစ စစ်မြေပြင်တခုကိုဖြတ်ပြီး မောင်းချလာ လေသည်။ အဝေးဆီက အမြောက်သံများကြားရ၏။ လက်နက်ငယ် ပစ်ခတ်သံ တဖောက်ဖောက်ကိုလည်း ခပ်ဝေးဝေးက ကြားရ၏။ သူသည် ယခုအခါ မဟာမိတ်စစ်တပ်များ၏ ဖမ်းဆီးခံရသည့် ဂျာမန်စစ်သုံ့ပန်းတဦး ဖြစ်ခဲ့လေပြီ။

(၃)

လက်ခုပ်သံများမှာ အမြောက်သံ၊ သေနတ်သံများအဖြစ် ပြောင်းလဲသွား၏။ မီးခိုးမှိုင်းများကို သူရှုရှိုက်မိ၏။ ချွေးနံ့ဖုန်နံ့များကို သူရှုမိ၏။ ဂျာမန်လိုမပီမသ အမိန့်ပေးနေသည့် အသံများကို သူကြားလာရ၏။ ပြီးတော့ ကားတစီးဘီးလိမ့်သည့် အသံ။ ပြီးတော့…။

သူ့လက်နှစ်ဘက်ကို တစုံတယောက်က ဆုပ်ကိုင်လာသည့်အခါ သူ့မှာ အိပ်မက်တခုထဲမှ လန့်နိုးလာသလို ဖြစ်သွားရ၏။ သူ့ရှေ့တွင် လူတယောက်ရပ်နေ၏။ ထိုသူသည် သူ့လက်နှစ်ဘက်ကို ဆုပ်ကိုင်ကာ ပြုံးရွှင်စွာ သူ့ကိုကြည့်နေလေသည်။ ထိုအခါကြမှ သူသည် စင်မြင့်တခုပေါ် ရောက်နေသည်ကို ပြန်လည်သတိပြုမိသွားရ၏။ ယခုအခါ သူသည် သူ၏ မွေးရပ်မြေ ဒန်းဇစ်မြို့တွင် ရောက်နေလေသည်။ မြို့တော်ခန်းမအတွင်း ဂုဏ်ပြုပွဲအခမ်းအနားတခုတွင် ရောက်နေ၏။ သူနှင့် ပိုလန် သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” တို့နှစ်ဦး၊ “ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု” ကို လက်ခံယူကြရန် ရောက်ရှိနေ ကြခြင်း ဖြစ်၏။

ပိုလန်သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” ကို သူသည် ယခုမှလူချင်းတွေ့မြင်ဖူး၏။ ယခင်က အင်တာနက် အီးမေးလ်မှ တဆင့်သာ စကားပြောခဲ့၊ ဆက်သွယ်ခဲ့ဖူး၏။ “လက်စ်ဝယ်လ်ဆာ” သည် သူနှင့်ဘေးချင်းယှဉ်ကာ ရပ်နေလေသည်။ သူတို့နှစ်ဦး၏ဘေးတွင် ဒန်းဇစ်မြို့တော်ဝန် ရပ်နေ၏။ သုံးယောက်သား စကားပြောခွက်ရှေ့တွင် တန်းစီပြီးရပ်နေကြ၏။ စင်မြင့်၏ ရှေ့ခန်းမဆောင်ထဲတွင် လူတွေ ပြည့်ကျပ်လျက်ရှိလေသည်။

သမ္မတကြီး “ လက်စ်ဝယ်လ်ဆာ ” က စကားပြောခွက်ရှေ့တွင်ရပ်ကာ ကျေးဇူးတင်စကား ပြောလေသည်။ သူ့စကားထဲ၌ ဂျာမန်လူမျိုးဖြစ်သည့်တိုင် ဒန်းဇစ်မြို့တွင်မွေးဖွားခဲ့သူ “သူ့” အကြောင်း ထည့်ပြောခဲ့၏။ သူရေးသားထုတ်ဝေခဲ့သည့် ကဗျာ စာအုပ်များ၊ ၀တ္ထုစာအုပ်များ၊ ပြဇာတ်များအကြောင်းကိုလည်း စီကာပတ်ကုံး ပြောနေလေသည်။ “သူ့” လို ပုဂ္ဂိုလ်မျိုးကို “ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု” ချီုးမြှင့်ခွင့်ရခြင်းဖြင့် ဒန်းဇစ်မြို့သားများတွင်မက၊ ပိုလန်ပြည်သူတွေအားလုံး ဂုဏ်ယူဖွယ်ကောင်းသည့်အကြောင်း ပြော၏။ ကမ္ဘာကြီးရဲ့ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေး၊ လူ့စိတ်ရင်း စေတနာများ မြင့်မား လာစေရေးအတွက် “သူ” ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စာအုပ်စာပေများကို တန်းစီပြီး ပြောနေခဲ့၏။

သူသည် ပိုလန် သမ္မတကြီး၏စကားကို မကြားတချက်၊ ကြားတချက်။ သူ့မျက်လုံးများထဲတွင် လူထုပရိသတ်ကြီးကို မြင်တချက်၊ မမြင်တချက်ဖြစ်နေ၏။ သူ့နားထဲတွင် ဖိနပ်သံများ၊ သေနတ်ကျည် မောင်းထိုးသံများ၊ နာဇီ စကြာတံဆိပ် အလံများ၊ မီးခိုးမှိုင်းများကို အတိုင်းသား ကြားနေမြင်နေရ၏။

ညမှာ မာန်နတ်ရောက်လာပြီး
သူ့လက်နှစ်ဘက်ကို ဆန့်ထုတ်လိုက်တယ်။
ငါ့ရဲ့အရိုးပြာတွေနဲ့
သူ့သွားတွေကို တိုက်ချွတ်တယ်။
မာန်နတ်
ငါတို့
သူ့အံသွားတွေကြား
တွားတက်ပြီး ၀င်ကြရလိမ့်။

လက်ခုပ်သံများစဲတော့ သူနဲ့သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” တို့နှစ်ဦး စင်မြင့်ပေါ်က ယှဉ်တွဲပြီး ဆင်းလာကြ၏။ သတင်း ထောက်တွေ၊ ဂုဏ်ပြုချီးကျူးကြသူတွေ၊ သူတို့နှစ်ဦးရှိရာ ပြေးလာကြလေသည်။

ထို့နေ့က ပိုလန်အသံလွှင့်ဌာနမှတဆင့် သူ့ကိုဂုဏ်ပြုသောအားဖြင့် သူ့ရဲ့နာမည်ကျော် “မာန်နတ်” ကဗျာကို ရွတ်ဆို ထုတ်လွှင့်ခဲ့လေသည်။

(၄)

စာရွက်တရွက်ပေါ်တွင် လိုအပ်သည့်အချက်အလက်များ ဖြည့်ပြီးသောအခါ သူသည် တခြားလူငယ်များနည်းတူ ဆံပင်ညှပ် ဆရာ၏ရှေ့တွင် သွားထိုင်လိုက်၏။ ဆံပင်ညှပ်ဆရာက သူ့ဆံပင်များကို ခပ်ကြမ်းကြမ်းညှပ်ချလေသည်။ ဆံပင်ညှပ်နေ ရင်းက အခန်းအပြင်ဘက်က စစ်ဖိနပ်သံများကို နားစွင့်နေမိသည်။ သူ့ရင်ထဲ၌ မည်သည့်ခံစားမှုမျှမရှိ။ ဂျာမန် တမျိုးသားလုံး အမျိုးအမည်မသိရသည့် ကမ္ဘာကြီးတခုအတွင်း တိုးဝင်သွားနေကြသလို ဖြစ်နေ၏။ သူသည် ဂျာမန်လူမျိုးဖြစ်၏။ ဂျာမန် နိုင်ငံသားဖြစ်၏။ ဂျာမန်တမျိုးသားလုံး လိုက်ပါလာနေသည့် ရေစီးကြောင်းကြီးအတွင်း သူသည်လည်း မျောပါလာနေ၏။ သူ့ခြေသူ့လက်များ လှုပ်ရှားရခြင်းမရှိဘဲ သူ့အလိုလို မျောပါလာနေခြင်း ဖြစ်၏။ သူသည် စက်ရုပ်တရုပ်ဖြစ်နေခဲ့ပြီလား ဆိုသည်ကိုပင် သူ့ကိုယ်သူမသိ။

ထိုစဉ်က သူသည် စစ်ထဲဝင်ရခြင်းကို ဂုဏ်ယူရမည်လား၊ ၀မ်းသာရမည်လား သူမစဉ်းစား။ အခြား ဂျာမန်လူများစုကြီး နည်းတူ စစ်ထဲဝင်ဖို့ကိုပဲ စဉ်းစား၏။ သို့မဟုတ် အခြေအနေ အကြောင်းတရားအားလုံးက သူ့ကိုစစ်ထဲဝင်ဖို့ရန် တွန်းပို့နေ ခဲ့သလား…။ ခေါင်းဆောင်ကြီး ဟစ်တလာအပေါ် သူဘယ်လို ခံစားနားလည်ထားသည်ကိုလည်း မတွေးမိ။ ခေါင်းဆောင်ကြီး ဟစ်တလာ ဆင်နွှဲနေသည့် စစ်ကြီးအပေါ် တရားသည် မတရားသည်၊ နိုင်မည် ရှုံးမည် အစရှိသည့် အခြေခံပြဿနာများ ကိုလည်း သူမစဉ်းစား။ သူသည် ဂျာမန်လူငယ်တဦး ဖြစ်သည်။ ယခုအခါ ဂျာမန်တမျိုးသားလုံး စစ်တိုက်နေကြသည်။ သူသည် စစ်ထဲဝင်ရန်မှတပါး အခြား သူမစဉ်းစား။ ယုတ်စွအဆုံး စစ်ထဲသို့ဝင်ခဲ့ရသည့်တိုင် သည်စစ်ပွဲအတွင်း စိတ်ပါဝင် စားခြင်း၊ စိတ်အား ထက်သန်ခြင်း ရှိမရှိဆိုသည်ကိုပင် သူ့ကိုယ်သူမဝေဖန်ခဲ့။

သည်လိုနှင့် သူသည် စစ်ထဲသို့ဝင်ခဲ့၏။ ဟစ်တလာ၏ လူငယ့်လက်ရုံးတပ်ဖွဲ့တွင် ပါဝင်ခဲ့၏။ စစ်ထဲဝင်ပြီးနောက် (၆) လ အကြာတွင်မူ မဟာမိတ်တပ်ပေါင်းစု၊ အမေရိကန်တပ်များ၏လက်တွင်းသို့ စစ်သုံ့ပန်းအဖြစ် ကျရောက်ခဲ့၏။ ဒုတိယ ကမ္ဘာ စစ်ကြီးလည်း ပြီးဆုံးသွားခဲ့ပြီ။ ဂျာမန်တို့စစ်ရှုံးခဲ့ကြ၏။

(၅)

ထိုနေ့က သူ့ထံသို့ တကမ္ဘာလုံးက ကြေးနန်းစာများ၊ အင်တာနက် အီးမေးလ်မှတဆင့် စာများ၊ တယ်လီဖုန်း ဆက်သွယ်မှုများ တဖွဲဖွဲရောက်လာကြ၏။ သူ့အတွက် လူတိုင်းက ဂုဏ်ယူကြ၏။ သူ့နာမည်မှာ ဂျာမနီနယ်စပ်မျဉ်းကိုကျော်ကာ တကမ္ဘာလုံးသို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားလေသည်။

သူသည် “နိုဗဲလ်ဆု ရွေးချယ်ရေးအဖွဲ့” က ကြေညာသည့် ကြေညာချက်ကို မကြားခဲ့ရ။ သူ့ထံပေးပို့သော ကြေးနန်းစာ အရသာ သူဖတ်ခဲ့ရ၏။ ယခုအခါ သူသည် ဤကမ္ဘာပေါ်၌ အမြင့်မားဆုံး “စာပေနိုဗဲလ်ဆု”ကို ချီးမြှင့်ခံခဲ့ရပြီ။ သူသည် သည့်အတွက် ၀မ်းသာရမည်လား။ ဂုဏ်ယူဝံ့ကြွားထိုက်ရဲ့လား။

၁၉၉၉ ခုနှစ်အတွက် စာပေနိုဗဲလ်ဆု ချီးမြှင့်ခံရသူ သူ့ရဲ့ကဗျာများ၊ ၀တ္ထုများကို တကမ္ဘာလုံးတွင်ရှိသော နိုင်ငံတိုင်းလိုလိုက ဘာသာပြန်ဖော်ပြလာကြ၏။ သူ့အကြောင်းကို ကမ္ဘာကြီးက ပိုမိုသိရှိခွင့် ရလာကြ၏။ သူ့စာပေများကို သုတေသနပြုသူများ၊ စာတန်းရေးသူ၊ ဘွဲ့ယူသူများက သူ့ထံစာဖြင့် ဆက်သွယ်ကြ၏။ လူကိုယ်တိုင် တွေ့ခွင့်တောင်းကြ၏။ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တချို့ က သူ့ကိုဖိတ်ကြားကာ သူ့စာပေများအကြောင်း ဟောပြောပို့ချစေခဲ့ကြ၏။

သည်လို ကမ္ဘာ့ယဉ်ကျေးမှုနယ်၊ ပညာရေးနယ်ပယ်တခုလုံးက သူ့အပေါ် အလေးအနက်ထား ၀န်းရံကြိုဆိုနေကြသည့် အချိန်အတွင်း သူသည် အထီးကျန်ဆန်မှုကို တနေ့တခြား ပိုမိုခံစားလာရ၏။ လူအုပ်ကြားထဲတွင်နေထိုင်ရင်း အဖော်မဲ့သလို ဖြစ်လာရ၏။ သူ့ဘ၀ သူ့အတိတ် သူငယ်စဉ်က သူ့ဖြတ်သန်းမှု တစိပ်တဒေသက သူ့ကိုအရိပ်မည်းတခုလို ခြိမ်းခြောက်နေ ခဲ့၏။ လူတွေက သူ့အပေါ် ပိုမိုဂရုစိုက်လာနေကြသည့် တချိန်တည်းမှာပင် အရိပ်မည်းကြီးမှာ ပိုမိုကြီးမားလာခဲ့၏။ ရှေ့တိုး လာခဲ့၏။ သူသည် နှစ်ပေါင်းများစွာ သူ့နောက်မှလိုက်ပါလာနေသည့် အရိပ်မည်းကြီးနှင့် မည်သည့်အချိန်တွင် လမ်းခွဲနိုင်မည် ဆိုသည်ကို သူမသိ။

သူနှင့် ဘ၀ကြင်ဖော်အဖြစ် လက်တွဲခဲ့သူ “ကချေသည် ချစ်သူ” သည် သူ့အပေါ် ယခင်ကထက်ပိုပြီး ကြင်နာခဲ့၏။ တကမ္ဘာ လုံးက သူ့အပေါ်စိတ်ဝင်တစား လေးစားဂုဏ်ပြုနေကြသည့်အချိန်၌ သူ့ချစ်သူ “ကချေသည်” ဇနီး၏ရင်ခွင်သည် သူ့အတွက် အလုံခြုံဆုံး ခိုအောင်းနေထိုင်ရာ အရပ်ဖြစ်ခဲ့၏။ သူ့ချစ်သူသည် သူ့နောက်မှ တကောက်ကောက် လိုက်နေသည့် “အရိပ် မည်းကြီး” ကို သူ့အနားသို့ကပ်မလာနိုင်အောင် ထူးဆန်းသည့်စိတ်တန်ခိုးများဖြင့် ကာဆီးပေးထားသည်ဟု သူယုံကြည်၏။ ထို့ကြောင့် သူသည် သူ့ချစ်သူ “ကချေသည်” ဇနီး၏ရင်ခွင်ထဲမှတဆင့် “အရိပ်မည်းကြီး” တခုကို ချောင်းကြည့်နေခဲ့ရ လေသည်။

(၆)

လက်ထဲကစာရွက်ကို စားပွဲပေါ်ပြန်တင်ပြီးသည့်တိုင် သူ့လက်များမှာ မသိမသာ တုန်ရင်လျက်ရှိနေသေး၏။ နှစ်ပေါင်း (၆၀) ကျော် စောင့်မျှော်ခဲ့ရသည့် အဖြစ်အပျက်တခုမှာ ယခုတော့ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီုဖစ်သည်။

“ခင်ဗျားအနေနဲ့ ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ဖွဲ့မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ကိစ္စကို အတိအလင်းဝန်ခံဖို့ တောင်းဆိုချင်ပါ တယ်၊ ဒါမှမဟုတ်ရင်လည်း ခင်ဗျားရထားတဲ့ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လည် အပ်နှံစေချင်ပါတယ်။ ဒါတွေ မဆောင်ရွက်နိုင်ဘူးဆိုရင် ခင်ဗျားနဲ့အတူ တွဲပြီးရထားတဲ့ အဲဒီ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုကို ကျနော့်သဘောနဲ့ကျနော် ပြန်လည်အပ်နှံရပါလိမ့်မယ်” သူ့နားထဲတွင် ပိုလန်သမ္မတဟောင်း
“လက်စ်ဝယ်လ်ဆာ” ရဲ့ စကားသံများကို ဘေးချင်းယှဉ်ပြီးပြောနေသလို ကြားနေရ၏။ နှစ်ပေါင်း (၆၀) ကျော် ကြာအောင် မျှော်လင့်နေခဲ့ရသည့် အဖြစ်အပျက်များမှာ ယခုအခါ သူ့ရှေ့သို့ရောက်လာခဲ့ကြပြီ။ “ဂန်တာဂရပ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နိုဗဲလ်ဆုနဲ့မထိုက်တန်ပါဘူး၊ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောာင်ဆုရယ်လို့ မဟုတ်ပါဘူး၊ သူရထားတဲ့ ဘယ်ဆုမဆို သူ့သဘောနဲ့သူ အားလုံးပြန်လည်အပ်နှံသင့်ပါတယ်”ဟု ကမ္ဘာကြီးရဲ့ ထောင့်တနေရာက လှမ်းအော်ပြောနေကြသည့် အသံများ။ သူ့အဖို့တုန်လှုပ်ခြင်း အလျဉ်းမရှိပါ။ သည်လို ကြုံတွေ့ရမည့်ကိစ္စကို သူသည် နှစ်ပေါင်း (၆၀) ကျော်ကြာအောင် စောင့်နေခဲ့ပြီးပြီပဲ။ ကိုယ်မျှော်လင့်သလို ဖြစ်လာတာမို့ သူ့ အဖို့စိတ်ထိခိုက်စရာ စိုးစဉ်းမျှမရှိ။ သူသည် နှစ်ပေါင်း (၆၀) ကျော် “အရိပ်မည်းကြီး” တခုနှင့် ကခုန်ခဲ့ရပြီးပြီ။ ယခုအခါ ထို “အရိပ်မည်းကြီး” ကို အောင်မြင်စွာ ဖယ်ရှားဖို့ရာ အချိန်ကျရောက် ခဲ့ပြီ။ သူမသေခင် ယခုလို အခွင့်အရေး ကြုံရသည့် အတွက်ပင် သူကျေနပ်နေမိ၏။

ဆုံးဖြတ်ချက် အခိုင်အမာချပြီးသောအခါ၊ စားပွဲပေါ်တွင် စာတစောင် သူရေး၏။ ဒန်းဇစ်မြို့တော်ဝန်နှင့် သမ္မတဟောင်း “လက်စ်ဝယ်လ်ဆာ” တို့ထံ စာတစောင်စီ ရေး၏။ အမှန်စင်စစ် သည်စာနှစ်စောင်မှာ ယင်းပုဂ္ဂိုလ်နှစ်ဦးထံ ရေးပို့သည့်စာ ဖြစ်သည့်တိုင် ယဉ်ကျေးသော လူ့သမဂ္ဂကြီးတခုလုံးထံ ၀န်ခံတောင်းပန်သည့် စာတစောင်သာဖြစ်သည်ဟု သူသဘော ထား၏။ ကမ္ဘာကြီးသည် သူ့အားခွင့်လွှတ်နိုင်ကောင်းရဲ့လားဟု သူတောင့်တမိလေသည်။

(၇)

ဧည့်ခန်းထဲသို့ဝင်လာနေစဉ် သူ့ချစ်သူ “ကချေသည်” ဇနီးက သူ့အား အပြုံးနှင့် နှုတ်ဆက်လေသည်။ ယခုတော့ အရာ အားလုံး ရှင်းလင်းပြတ်သားသွားခဲ့ပြီ။ နှစ်ပေါင်း (၆၀) ကျော် အတူတွဲပြီး ကခုန်ခဲ့ရသည့် မချစ်မနှစ်သက်သူ မိဒွေးတော် အရိပ်မည်းကြီးနှင့် ထာဝရလမ်းခွဲနိုင်ခဲ့ပြီ။ သူ့ဘ၀ ရေကန်အိုအတွင်း ဖားတကောင်ခုန်ဆင်းလို့ ကြားလိုက်ရသည့် ရေပွက် သံများမှာလည်း ယခုအခါ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ။

သူသည် ဧည့်ခန်းဆောင် ခန်းမအလယ်တွင်ရပ်ကာ သူ့ဘ၀ သူ့အတိတ် သူ့အရိပ်များအကြောင်း ပြန်လည်တူးဆွ နေမိပြန် လေသည်။ သည်တချိန်တွင် သူ့ဘ၀ သူ့အတိတ်များထဲ၌ “အရိပ်မည်းကြီး” မရှိတော့သည်ကိုလည်း ထူးဆန်းစွာ သူသတိပြုမိလာလေ၏။ ။

စာပေနိုဗဲလ်ဆုရှင် ဂျာမန်စာရေးဆရာ၊ ကဗျာဆရာကြီး “ဂန်တာဂရပ်” ၏ ဘ၀တစိတ်တပိုင်းကို စိတ်ကူးဖြင့် ရေးဖွဲ့ ကြည့်ခြင်း ဖြစ်ပါသည်။

ကိုးကား။ ။ Gunter Grassး Selected Poems

(ဧရာဝတီအွန်လိုင်းတွင် တင်ခဲ့ပြီးတဲ့ ဆောင်းပါးဖြစ်ပါသည်။)