March 29, 2011

အရှိန် မသေနိုင်သေးဘူး...

      ဝဲမှယာ..နေနွယ်၊ကိုဈာန်၊နှင်းခါးမိုး၊ငြိမ်းဝေ၊ပန်းချီကိုထွဋ်အောင်၊ကိုအောင်၊(ပျက်ကွက်-အိုးဝေမျိုး)
                                     ဘလော့ဂါ မဆုမွန် ကဗျာရွတ်ဆိုနေတာပါ...

မနေ့က ဆရာနှင်းခါးမိုးအိမ်မှာ ထိုင်နေတုန်း ဂျာနယ်တစေါင်မှာ ဆရာ သစ္စာနီရဲ့ ကမ္ဘာ့ကဗျာနေ့နဲ့ပါတ်သက်တဲ့ ဆောင်းပါးတပုဒ် ဖတ်ရပါတယ်။
ပြည်တွင်းမှာ ကမ္ဘာ့ကဗျာနေ့အခမ်းအနားလုပ်တဲ့အခါ အမြင်မတူညီကြတာလေးတွေ ရှိခဲ့တာ ရှိနေတာကို ထည့်ရေးတာတွေ့ရတော့ ကျနော် ပြုံးမိတယ်။ ဒါမျိုးက ဘယ်နေရာမှာမဆို ရှိနေမှာပဲလေ။ ပြည်တွင်းမှရယ်လို့ မဟုတ်ပါဘူး ပြည်ပမှာလည်း ရှိနေ ကြုံနေမှာပါပဲ။ ဒီလို ရှိနေတာကိုက သဘာဝကျတဲ့ကိစ္စပါ။ အလှတရား တခုလို့တောင်မှ ပြောလို့ ရမလားပဲ။

ကျနော်တို့ ဆီမှာ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားလုပ်တဲ့အခါ ကဗျာရွတ်တာဟာ အနိမ့်ဆုံး လူတစု အပျော်ကျူးတာဖြစ်တယ်ဆိုတဲ့အမြင်က အစ အမြင့်ဆုံး ကမ္ဘာ့ငြိမ်းချမ်းရေး အဓမ္မတရား ကျဆုံးရေး ချစ်ခင်လေးနက်ရေး ဆိုတဲ့ စိတ်ဓါတ်ကို အင်အားလောင်းဖြည့်တဲ့အလုပ်ဖြစ်တယ်ဆိုတဲ့ အမြင်အထိ အမြင်အမျိုးမျိုး ရှိခဲ့ပါတယ်။

ကျနော်တို့ တတွေက အမြင်အမျိုးမျိုးကို လက်ခံကြိုဆိုခဲ့ပါတယ်။ ငါနဲ့ မတူလို့ မဖြစ်နိုင်ဘူးဆိုတာထက် အထက်က အမြင့်ဆုံးအမြင်အတွက်အကျိုးရှိတဲ့ အမြင်ဖြစ်မယ်ဆိုရင် ဘယ်သူမဆို ဘယ်အမြင်မဆို လက်ခံကြမယ်ဆိုတဲ့ အခြေခံစိတ်ထားနဲ့ ကျနော် တို့ လုပ်ခဲ့ကြတာပါ။
ဒီအခြေခံစိတ်ထား အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီနေ့ က ဒေါက်တာလွဏ်းဆွေတို့ ကဗျာဆရာ ကမာပုလဲတို့ က ဒီသဘောတရားကို အခြေခံတဲ့ သူတို့ အမြင်တွေကို ပြောသွားခြင်းအားဖြင့် ကျနော်တို့ ပျော်ရွှင်ကြည်နူးစရာ အခမ်းအနား နိဂုံးချုပ်နိုင်ခဲ့ပါတယ်။

အခမ်းအနားလေးပြီးသွားတော့လည်းပဲ ကျနော်တို့ဟာ အခမ်းအနားကပေးတဲ့ အချိုဓါတ် အကြည်ဓါတ်ကို ဆက်ပြီး အရသာ ခံနေခဲ့ကြပါသေးတယ်။ ရှိတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဒါတွေက ကျနော်တို့ မျက်ကွယ်မပြုနိုင်လောက်အောင် ကြီးမားတဲ့ ကိစ္စတွေမှ မဟုတ်တာပဲ။ ကျနော်တို့  အချိုဓါတ် အကြည်ဓါတ် တကယ်အခြေခံမယ်ဆိုရင် ကျနော်တို့နဲ့ အမြင်မတူသူတွေအပေါ်မှာလည်း အလေးအနက်ထား အသိအမှတ်ပြု ပိုပြီး ကိုယ်ချင်းစာမိတဲ့အထိ စဉ်းစားလာနိုင်တာ အမှန်ပါပဲ။ 

မတူကွဲပြားခြားနားခြင်းဟာ သဘာဝကျပါတယ်။ တူနိုင်စရာလည်း မရှိပါဘူး။ တူလည်း မတူပါဘူး။ ဒီနေရာမှာ ကျနော် မမှတ်မိတော့တဲ့ အမေရိကန်သမ္မတဟောင်းတယောက် ပြောဖူးတဲ့စကား ရှိပါတယ်။ အားလုံး တသွေးတသံထဲ ဖြစ်တာ ကောင်းပါတယ်တဲ့။ ဒါပေမယ့် တသွေးတသံထဲ မဖြစ်နိုင်ဘူးဆိုရင်တော့ မတူကွဲပြားစွာ ရှိနေတာဟာ သဘာဝ အကျဆုံးပါပဲတဲ့။ 

ကျနော်ကတော့ ကမ္ဘာ့ကဗျာနေ့အခမ်းအနားမှာ အားလုံးကို ချစ်ခင်တဲ့စိတ်နဲ့ လွတ်လပ်ငြိမ်းချမ်းမှုရနံ့ကို အခိုက်အတန့်အားဖြင့် ရှူရှိုက်ကြည့်နိုင်ခဲ့ပါတယ်။

အခု အဲဒီကဗျာရွတ်ပွဲလေး ပြီးသွားတာ တပါတ်ကျော်ပါပြီ။ ကျနော်တို့ အရှိန်မပြေနိုင်သေးဘူး။  ဒါကြောင့်မို့ ၂၈ ရက်နေ့ က ဖိုးထူးလဘက်ရည်ဆိုင်မှာ ဆုံခဲ့ကြတဲ့ ကဗျာရွတ်ပွဲအတွက် ခုံ မ တာကအစ ဆောင်းပေါက်ထမ်းတာအဆုံး လုပ်အားပေးခဲ့ကြသူတွေ ဆုံမိတုန်း ရိုက်ထားခဲ့တဲ့ ဓါတ်ပုံနဲ့ ကဗျာရွတ်ပွဲနေ့က ကဗျာရွတ်သွားတဲ့ ဘလော့ဂါ မဆုမွန်ရဲ့ ဓါတ်ပုံကို တင်ပေးလိုက်ပါတယ်။

အားလုံး ပျော်ရွှင် ချစ်ခင်တဲ့စိတ်နဲ့ လွတ်မြောက်နေနိုင်ကြပါစေ

ငြိမ်းဝေ

March 22, 2011

ကမ္ဘာကြီး ငြိမ်းချမ်း စိမ်းလန်းဖို့ ကျနော်တို့ ကဗျာရွတ်ခဲ့ကြတယ်


မတ်လ ၂၁ ရက်နေ့ကပါ။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကဗျာရေးသူတွေ ကဗျာချစ်သူတွေ စုပြီး ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရွတ်ပွဲလေး ထုံထောင်းရပ်ကွက်ထဲက ရဲဘော်ဗိုလ်ကျောက်ရဲ့ နောင်ရိုးလဘက်ရည်ဆိုင် မှာ  ကျင်းပနိုင်ခဲ့ပါတယ်။

မဲဆောက်မြို့မှာ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသား ကဗျာချစ်သူတွေ ကဗျာရေးသူတွေက ဒီနှစ်မှာတော့ ကဗျာရွတ်ပွဲအပြင် ကဗျာပြပွဲဆိုပြီး ပြည်တွင်းပြည်ပ မြန်မာကဗျာနဲ့ နိုင်ငံတကာကဗျာ အပါအဝင် ကဗျာ ၂၇ ပုဒ်ကို မဲဆောက်မြို့ရဲ့ လူအစည်ကားဆုံး ဖိုးထူးလဘက်ရည်ဆိုင်ကြီးရဲ့ နံရံမှာ ချိပ်ဆွဲပြသထားခဲ့နိုင်ခဲ့ကြပါတယ်။ 

ဒါဟာ မဲဆောက်မြို့မှာ ကမ္ဘာ့ကဗျာနေ့ အခမ်းအနား ပြုလုပ်နိုင်တာ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ကဗျာရွတ်ပွဲကို လူဦးရေ ၁၀၀ နီးပါးတက်ရောက်ပြီး တက်ရောက်သူတွေထဲက ကဗျာချစ်သူ ၂၀ ကျော် ကဗျာရွတ်ခဲ့ကြပါတယ်။
                          ကဗျာဆရာ နေနွယ် 
                          ကဗျာဆရာ မောင်မောင်ငြိမ်းအေး( ကာတွန်း နေမျိုးအေး )
          ဝိုင်းစုထိုင်ကြတဲ့(ဝဲမှယာ) နေနွယ်၊ ကိုထော်ကြီး၊ နှင်းခါးမိုး၊ ပန်းချီ ထွတ်အောင်၊ ငြိမ်းဝေ

ပြည်တွင်းက ကဗျာဆရာတွေရဲ့ကဗျာတွေ၊ ဒီဘက်က ကျဆုံးခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေးသမား ကဗျာဆရာတွေဖြစ်ကြတဲ့ တိုက်မောင်း၊ ပွင့်သစ်(ကရိန်ကန်)၊ ထက်မိုး၊ ငြိမ်းလူ တို့ရဲ့ကဗျာတွေအပြင် တက်ရောက်လာတဲ့ ကဗျာဆရာတချို့က ကိုယ်တိုင်ရေးကဗျာတွေကို တက်ရောက် ရွတ်ဆိုကြပါတယ်။

အခမ်းအနားတက်ရောက်လာသူ ကဗျာချစ်သူတချို့က ကဗျာတစ်ပုဒ်မက သုံးလေးပုဒ်အထိ ရွတ်ဆိုသွားကြတာကိုလည်း တွေ့ရပါတယ်။

နေ့လည် ၂ နာရီမှာ စခဲ့တဲ့ ကဗျာရွတ်ပွဲလေးဟာ ၄ နာရီတိတိအချိန် ရပ်နားလိုက်ပါတယ်။

မဲဆောက်မြို့လေးရဲ့ လွမ်းမောဆွတ်ပျံ့ဖွယ် နေ့တနေ့ပါပဲ။

ဒီကဗျာရွတ်ပွဲလေးရဲ့ ရနံ့ကို ကူးယူခံစားနိုင်ဖို့ ဓါတ်ပုံတချို့ တင်ပေးလိုက်ပါတယ်။

March 20, 2011

ကမ္ဘာ့ကဗျာနေ့

         ကမ္ဘာ့ကဗျာနေ့ ကဗျာပြပွဲနဲ့ ကဗျာရွတ်ဆိုပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပပြုလုပ်ဖို့ ရှိပါတယ်။
မနေ့က မဲဆောက်မြို့ရဲ့ လူအစည်ကားဆုံးနဲ့ အကြီးဆုံး ဖြစ်တဲ့ ဖိုးထူး လဘက်ရည်ဆိုင်မှာ ကဗျာပြပွဲကို ပြင်ဆင်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်မှာ ကဗျာပြပွဲ ဖွင့်လှစ်မှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ ထုံထောင်းရပ်ကွက်ထဲက နောင်ရိုး လဘက်ရည်ဆိုင်မှာ ကဗျာရွတ်ပွဲ ပြုလုပ်မှာပါ။ ကဗျာချစ်သူများ မုဒိတာပွါးနိုင်ဖို့ သတင်းပေးလိုက်တာပါခင်ဗျား။



                          ကဗျာပြပွဲပြင်ဆင်နေစဉ် ရောက်လာတဲ့ ဆရာနှင်းခါးမိုးနဲ့ ကိုဇန်
           ကဗျာပြပွဲ ပြင်ဆင်နေစဉ် ရောက်လာတဲ့ ဒေါက်တာလွဏ်းဆွေ၊ ဆရာ ဂါမဏိနဲ့ အဖွဲ့
                        

March 05, 2011

အမှိုက်ပုံ


                                                                      ဂဏာပျော်တဲ့ စာသင်ကျောင်း
                                                         အမှိုက်ပုံ
                                                            (ဃ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆယ်နှစ်ကျော်ကာလအတွင်း မြန်မာစာသင်ကျောင်းတွေ အသွင်အမျိုးမျိုးနဲ့ မိုးရာသီမှာ မှိုတွေပေါက်သလို ပေါ်ပေါက်လာကြရာမှာ ‘ ကောင်းကင်ပြာစာသင်ကျောင်း ´ ကလေးလည်း တခုအပါအဝင် ဖြစ်ပါသည်။

သို့ပေမယ့် ဒီစာသင်ကျောင်းကလေးကတော့ တကယ့်ကို အမှိုက်ထဲက ရွှေ ဖြစ်သည်။ 

မဲဆောက်မြို့ထဲကနေ မိနစ်နှစ်ဆယ်ကျော် နာရီဝက်ခန့် ဆိုင်ကယ်စီးသွားရင်ရောက်တဲ့ မြို့ပြင်ဘက် အမှိုက်ပုံကြီးတပုံရဲ့ဘေးမှာ အဲဒီအမှိုက်ပုံကြီးကိုပဲ အမာခံထားပြီး ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေး ဖြစ်သည်။ အမှိုက်ပုံကြီးက အမှိုက်ဟူသမျှ ရွေးချယ်ကောက်ယူပြီး ဘဝအသီးသီး ထူထောင်ရပ်တည်နေကြတဲ့ မိသားစုတွေရဲ့ သားသမီးတွေကို စာသင်ပေးနိုင်ဖို့ ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေးဖြစ်သည်။ နံမည်က ကောင်းကင်ပြာ...။ ( အများအားဖြင့်တော့ ဒီစာသင်ကျောင်းကလေးကို အမှိုက်ပုံကျောင်းလို့ပဲ ခေါ်ဝေါ်နေကြတာများပါသည်။)

ကျနော် ရောက်သွားတဲ့အချိန်မှာ တကယ့်ကို အပြာရောင်နောက်ခံ ကောင်းကင်တခုရဲ့အောက် နေရောင်တံလျပ်တွေ တဖြတ်ဖြတ်ပြေးနေတဲ့ မြင်ကွင်းထဲမှာ အဲဒီ စာသင်ကျောင်းကလေးကို ဘွားကနဲ ကျနော် တွေ့လိုက်ရတာပါ။ ဒါနဲ့ပဲ စာသင်ကျောင်းကလေးကို စတင်တွေ့လိုက်ရတဲ့ နေရာမှာပဲ ဆိုင်ကယ်ခဏရပ်ပြီး ကျနော် ဓါတ်ပုံရိုက်ခဲ့ရ၏။ ပင်ညောင်ညိုအောက်က ကောင်းကင်ပြာ စာသင်ကျောင်းကလေးပေါ့..။

ဒီကျောင်းကလေးကို မရောက်လာခင်ကတည်းက ကျောင်းကလေးအကြောင်း တစွန်းတစ သိထားတဲ့အခံက ရှိနေတာမို့ ကျနော့်မှာ စာသင်ကျောင်းကလေးကို မြင်ရတယ်ဆိုလျင်ပဲ စိတ်လှုပ်ရှားသွားရ၏။ ကျနော် ငယ်ငယ်က ကျောင်းဆရာရောဂါ တော်တော်သည်းထန်ခဲ့ဖူးသည်ကိုလည်း တွေးမိလာရပြန်သည်။ ကျောင်းဆရာ ဘဝ အမျိုးမျိုးကိုလည်း ဖြတ်သန်းခဲ့ဖူး၏။ အစိုးရခန့် မူလတန်းပြကျောင်းဆရာ။ ရွာက စပါးနဲ့  ငှါးသင်တဲ့ကျောင်းဆရာ၊ ကျောင်းသားမိဘတွေ စုပေးတဲ့ ငွေနဲ့ သင်တဲ့ကျောင်းဆရာ၊ တွဲဘက်ကျောင်းဆရာ ၊ စေတနာ ညကျောင်းဆရာ၊ ရပ်ကွက်ထဲက ကျောင်းမနေနိုင်တဲ့ ခလေးတွေအတွက် အခမဲ့ ဖွင့်ထားတဲ့ ညကျောင်းက ကျောင်းဆရာ..။ တကယ့်ကို ကျောင်းဆရာဘဝကို ခုံမင်ပျော်ပါးခဲ့ဖူးသည်။ သည်တုန်းက အသက် ၂၀ ကျော်။ ကျနော် စိတ်ကူးရှိသမျှ ကျနော် မက်ခဲ့တဲ့ အိပ်မက်ဟူသမျှ လက်တွေ့ အကောင်အထည်ဖေါ်ခဲ့သည့်အရွယ်။ ကျနော်သည်လည်းပဲ အိပ်မက်တွေ ရဲရဲ မက်ခဲ့ဖူးသည်ပေါ့။
စာသင်ကျောင်းဝန်းထဲ ဝင်သွားရင်ပဲ ကျနော့် စိတ်တွေ ပြန်လည် နုပျိုလာခဲ့ရပါသည်။ ခလေးတွေ အော်ဟစ်ပြေးလွှားနေကြစဉ် ခလေးတွေ စာအံနေကြစဉ် ခလေးတွေ တယောက်နဲ့ တယောက် တွန်းထိုးကြည်ဆယ်နေကြစဉ် ကျနော့်စိတ်တွေလည်း အတိတ်နှင့် ပစ္စုပန်ကြား ကူးချည်သန်းချည် ဖြစ်နေခဲ့သည်။

တူမလေး မြတ်နိုဗယ်လ်သန်းက ကျနော့်ကို ကျောင်းအုပ်ကြီးနှင့် မိတ်ဆက်ပေးသည်။ ကျောင်းအုပ်ကြီးက နေလောင်ထားတဲ့ အသားအရေ၊ အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်။ အရပ်မြင့်မြင့်။ စကားကို အပိုအလိုမပြော။ မေးတခွန်း ဖြေတခွန်း။ မျက်နှာသွင်ပြင်က ခတ်အေးအေး။

သူ့ကျောင်းကလေးမှာ မွေးစားသလို ခေါ်ထားရတဲ့ကျောင်းသား၊ မိဘများနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ကျောင်းသားများအကြောင်း ပြောပြနေစဉ် သူ့မျက်လုံးများထဲက အဓိပါယ်ကို ကျနော် ကောင်းကောင်း ဖတ်ကြားလို့ ရနေသည်။ သူ့ စကားသံက မပွင့်တပွင့်။ ရှင်းပြသလိုလည်းမဟုတ်၊ ငြီးတွားသလိုလည်းမဟုတ်၊ သောက စွက်သည့် မျက်နှာထားနှင့်။ ကျောင်းကလေးကိုတလှည့် ကျောင်းသားလေးတွေဆီတလှည့် ကျနော့်ဘက်ကိုတလှည့် လှည့်ကြည့်လှည့်ကြည့်လုပ်ရင်းမှ ကျနော့် ကို ရှင်းပြနေသည်။ 

ကျနော်က ကျောင်းအုပ်ကြီး၏ ရုံးခန်းကလေးထဲတွင် ထိုင်ကာ ကျောင်းအုပ်ကြီးနှင့် မိနစ် ၂၀ ခန့် စကားပြောသည်။ ရုံးခန်းကလေးထဲတွင် ရေးလက်စ ဆွဲလက်စ မြေပုံတွေ၊ ရေးလက်စ သင်ခန်းစာအထောက်အကူပြု စာတမ်းတွေ၊ ပုံတွေ၊ ပြီးတော့ ကွန်ပျူတာ တလုံး။ 

စာသင်ကျောင်းကလေး စတင်ဖွင့်လှစ်ဖို့ ကြိုးစားခဲ့စဉ်က အတွေ့အကြုံတွေကို ကျနော် နားထောင်သည်။ စတင်ဖွင့်လှစ်စဉ်က အခုဖွင့်ထားသည့် နေရာနှင့် အတန်ငယ်ဝေးသည့်နေရာတွင် ကျောင်းဖွင့်ခဲ့ရသည်။ အမိုးသာရှိပြီး အကာမရှိ။ ဂိုဒေါင်ဟောင်းတခုကို ငှါးဖွင့်ခဲ့သည်။ကျောင်းဖွင့်စက ကျောင်းသား ၄၇ ယောက်။ လုပ်အားပေးဆရာ ၃ ယောက်။ အခုတော့ ဆရာ ဆရာမများကို လစာပေးနိုင်ပြီ။ ဆရာ ဆရာမ ၁၀ ယောက်။ ကျောင်းအိပ်အကျောင်းစား ၃၀ ကျော်။ စုစုပေါင်း ကျောင်းသား ၁၂၀ ကျော်။ အမှိုက်ပုံမိသားစုဝင်များသာမက အနီးအနားတောင်ယာ လူငှါးလုပ်ကိုင်သူ မြန်မာနိုင်ငံသား မိသားစု သားသမီးများကိုပါ စာသင်ပေးနေပြီ။ 

၂၀၀၆ခု၊ မေလ အတွင်းတုန်းကတော့ ယခင်အမှိုက်ပုံအဟောင်းဘေးတွင် ဖွင့်လှစ်ခဲ့ရာက အခုတော့ အလှူရှင်တွေ ကျောင်းသားမိဘတွေရဲ့ အကူအညီနဲ့ အမှိုက်ပုံအဟောင်းနှင့် အတန်ငယ်ဝေးသည့် ကတ္တရာလမ်းဘေးသို့ ၂၀၁၀ ခုနှစ်တွင် ရွှေ့ပြောင်းခဲ့သည်။
အခုတော့ အမှိုက်ပုံကြီးဆီက ရတဲ့ အနံ့ဆိုးများနှင့် အနည်းငယ်ဝေးရာမှာ နေရာပြောင်းခဲ့သဖြင့် ကျောင်းသားများရဲ့ ကျန်းမာရေးသည်လည်း သိသိသာသာ တိုးတက်လာခဲ့ရပါသည်ဟု ဆရာကြီးက ရှင်းပြသည်။
ကျနော်က ဧည့်သည်တယောက် ရောက်လာသဖြင့် ကျောင်းအုပ်ကြီးရုံးခန်းထဲမှ ပြန်ထွက်လာကာ ကျောင်းရှေ့ကို ထွက်ခဲ့သည်။ ကျောင်းရှေ့ နေရိပ်အစပ်တွင် ရပ်သည်။ ကျောင်းဝန်းကျင်ကို ကြည့်သည်။ တောရိပ်တောင်ရိပ်နှင့် နီးသဖြင့် ကျနော့်စိတ်သည်လည်း စိမ်းလန်းလာနေသည်။

ရုတ်တရက်ဆိုသလို စူးစူးဝါးဝါး ကျောင်းသားတစ်ယောက်ငိုသံကြားလို့ အသံကြားရာဘက် လှည့်ကြည့်တော့ ရပ်ထားသည့် ကျနော့်ဆိုင်ကယ်ဘေးတွင် ခလေးတစ်ယောက် မြေကြီးပေါ်မှ လူးလဲထရပ်ရင်း ငိုနေသည်။ ဆိုင်ကယ်ပေါ်မှာက ခလေး ၂ ယောက်။ သူတို့က ဘာမှမဖြစ်သလို ဆိုင်ကယ်ကို မြင်းလုပ်ပြီး စီးနေကြသည်။ ကျနော်က ငိုနေသည့် ကျောင်းသားလေးအနား ကပ်သွားတော့ တခြား ခတ်ကြီးကြီးကျောင်းသားတစ်ယောက်က လာပြီး ဆွဲခေါ်သွားခဲ့၏။ 

ဒီလိုအဖြစ်အပျက်ကိုမြင်တော့ ကျနော့်ရဲ့ ကျောင်းဆရာဘဝ ကျနော့်ကျောင်းသားလေးတွေကိုလည်း ပြန်လည်မြင်ယောင်လာမိသည်။
ထိုစဉ်က ကျနော့် စာသင်ကျောင်းရှိရာ ရွာကလေး၏ ချောင်းတဖက်ခြမ်းတွင် သစ်ထုတ်လုပ်ရေးမှ ကားကြီးများ ရောက်လာနေသည်ကြားသဖြင့် ကျောင်းသားများနှင့်ကျနော် ချောင်းတဖက်ကို ကူးလာခဲ့သည်။ ထိုနှစ်က သစ်ထုတ်လုပ်ရေးကားများ ကျနော်စာသင်ရာရွာကလေးဆီ ပထမဦးဆုံးအကြိမ် ရောက်လာခဲ့သည့် နှစ်ဖြစ်သည်။ နွေရာသီသုံး လှည်းလမ်းကို အနည်းငယ်ပြင်ကာ သစ်ထုတ်လုပ်ရေးကားများ ပဲခူးချောင်းဖျားသို့ စတင်တက်လာနိုင်ခဲ့သည့် နှစ် ဖြစ်သည်။ ကျနော်တို့တတွေ ရပ်ထားသည့်ကားကြီးများကို တွေ့တော့ တချိန်လုံး ဆူညံနေခဲ့သည့် ကျောင်းသားများမှာ စကားမပြောပဲ အားလုံး တိတ်ဆိတ်သွားသည်ကို ကျနော် သတိပြုမိလိုက်သည်။

ကားဆရာများနှင့်ကျနော် လမ်းဘေးသစ်ပင်ရိပ်အောက်တွင် စကားပြောနေစဉ် ကျနော့်ကျောင်းသားများက သစ်တင်ကားကြီးများကို ဂူအောင်းလူသားများက ဒိုင်နိုဆောကြီးများကို ဝိုင်းကြည့်နေကြသလို ခတ်လှမ်းလှမ်းမှ ဝိုင်းစုပြီး ကြည့်နေကြသည်။

သတိရလို့ လှမ်းကြည့်တော့ ကားကြီးတစင်းပေါ်တွင် ကျနော့်ကျောင်းသားများ အုပ်စုဖွဲ့ပြီး တက်ဆော့နေကြသည်ကို တွေ့ရသည်။ ကားဆရာက ကျနော့်ကို ခွင့်ပြုထားလိုက်ဖို့ ပြောသဖြင့် ကျနော်သည်လည်း ကားဆရာနှင့် စကားဆက်ပြောနေခဲ့သည်။

ရုတ်တရက်ဆိုသလို ကားဟွန်းသံကြီး ထွက်ပေါ်လာနေသည်။ ဟွန်းသံက ရပ်မသွား။ ကားပေါ်မှ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ကမန်းကတန်း ခုန်ချထွက်ပြေးနေကြသည်။ ကားဆရာနှင့်ကျနော် ကားရှေ့ခန်းဘေးရောက်တော့ ကားမောင်းသူ့ထိုင်ခုံတွင် ကျောင်းသားတစ်ယောက် အရုပ်ကြီးလို တောင့်တောင့်ကြီးထိုင်နေသည်ကို တွေ့ရသည်။ သူ့ လက်က စတီယာတိုင်ပေါ်ဖိလျက်။ စတီယာရင်တိုင် အဝိုင်းအလည်က ဟွန်းခလုပ်ပေါ်လက်တင်ထားသည်ကို မရုပ်သိမ်းပဲ အတင်းဖိထားသလိုဖြစ်နေ၏။ ကားဟွန်းသံက မရပ်တော့။ ကားဆရာက ထိုင်လျက်မေ့နေသော ကျနော့်ကျောင်းသားလေးကို အောက်သို့ ပွေ့ချပေးသည်။ သူ မေ့ပြီးတပ်ထားခဲ့သည့် ကားသော့ကို ဖြုတ်သည်။ မြည်နေသည့် ကားဟွန်းသံသည်လည်း ရပ်သွားသည်။ မေ့နေသည့်ကျောင်းသားလေးမှာ ချက်ချင်းဆိုသလို သတိပြန်လည်လာခဲ့၏။ ပြီးတော့ ကျနော့်လက်ထဲမှ ရုန်းထကာ ထွက်ပြေးဖို့ပင် လုပ်နေသေး၏။
အခုတော့ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ။ ကျနော်မက်ခဲ့တဲ့ အိပ်မက်မျိုးကို ကောင်းကင်ပြာကျောင်း ကျောင်းအုပ်ဆရာကြီးသည်လည်း ဆက်ပြီး မက်နေလေဦးလား။ ကျနော် သိချင်နေခဲ့၏။
                                          အိပ်မက်တွေ ရဲရဲ မက်နိုင်ပါစေ ခလေးရေ
နေရောင်အောက်က ကစားကွင်းမှာ နေရောင်တံလျပ်တွေ လှိုင်းထပြီး ပြေးနေသည်။ ကျနော်က ကစားကွင်းရဲ့တဖက်ထိပ် ကျောင်းဝန်းအစပ်က ညောင်ပင်ကြီးအောက် လျှောက်လာခဲ့သည်။ ကျောင်းဘက်ကိုပြန်ကြည့်တော့ ရောင်စုံအရုပ်တွေရေးထားသည့် စာသင်ကျောင်းကလေးကို တွေ့နေရသည်။ ကျောင်းသားတွေဆူညံပွက်လောရိုက်နေသံနှင့်ဝေးသွားသဖြင့် ကျနော့်စိတ်ကအတိတ်ကို ပြန်ပြေး သွားနေ ပြန်သည်။ ကျနော်ငယ်စဉ် မူလတန်းပြ ဆွဲခန့်ကျောင်းဆရာ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပုံကို အလိုလို သွားတွေးနေမိပြန်သည်။

၁၉၇၃ ခုနှစ်ခန့် ကဖြစ်သည်။ ဖခင်ဖြစ်သူက တောင်ငူအကျဉ်းထောင်အတွင်း ရှိနေစဉ် မိသားစု စားဝတ်နေရေးအရ ကျနော် အလုပ်လုပ်ဖို့ ဆုံးဖြတ်ရသည့်အခါ မူလတန်းပြ ဆွဲခန့် ဆရာ ဝင်လျှောက်ခဲ့သည်။ မဖြစ်မနေ အလုပ်လုပ်ရမည် ရှိသောအခါ ကျောင်းဆရာစိတ် ရူးသွပ်နေသူ ကျနော့်အဖို့  ကျောင်းဆရာလုပ်ခွင့်ကြုံသောအခါ ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သည်။ ပဲခူးမြို့ အမှတ် ၂ အထက်တန်းကျောင်းကြီးတွင် ကျောင်းဆရာ စာမေးပွဲ ဝင်ဖြေသည်။ အောင်စာရင်းထွက်တော့ ကျနော်က အဆင့် ၇ ဖြစ်သည်။ ကျောင်းဆရာ ၂၀၀ ကျော် ခန့်ခဲ့သည့် နှစ်ဖြစ်သည်။ မိမိတာဝန်ကျရာ စာသင်ကျောင်းများကို အောင်မှတ်အဆင့်အတိုင်း မိမိကိုယ်တိုင်ရွေးရသည်။

ထိုနေ့က အမှတ် ၂ စာသင်ကျောင်းနောက်ဖေးက စည်းဝေးခန်းမဆောင်ကြီးထဲတွင် စာမေးပွဲအောင် ဆရာ ဆရာမ ၂၀၀ ကျော်။ ခမ်းမကြီးထဲတွင် ဆူညံလျက်ရှိသည်။ ကျနော့်ဘေးနားက ဆရာ ဆရာမလေးတချို့ပြောနေသောစကားက ကျနော့်နားထဲ တန်းတန်းမတ်မတ် ဝင်လာသည်။ သူတို့က ကိုယ်ရွေးရမည့် နေရာလပ်ရှိသည့် စာသင်ကျောင်းများကို အသေအချာ စဉ်းစားပြီးမှ ရွေးသင့်ကြောင်း အထူးသဖြင့် ထန်းတောကြီးရွာနှင့် ဇောင်းတူရွာက စာသင်ကျောင်းများကိုတော့ ယောင်လို့ မှ မရွေးကြဖို့အကြောင်း အချင်းချင်း သတိပေးနေကြသည်။ 

ကျောင်းဆရာများ ကျောင်းနေရာ တယောက်ချင်းစီထပြီး မရွေးခင် ပါတီယူနစ်ဥက္ကဌ ဗိုလ်ကြီးချစ်တင်က အမှာစကားပြောသည်။ စာမေးပွဲတွင် အဆင့်နေရာ အလိုက် အစဉ်အတိုင်း ကိုယ်ကြိုက်ရာနေရာ ရွေးကြဖို့ ရှင်းပြသည်။

ကျနော် က အဆင့် ၇ ဖြစ်သည်မို့ အစေါဆုံးရွေးခွင့်ရသည်။ ကျနော့်နောက်တွင် လူ ၂၀၀ ကျော် ရှိနေသည်။ လစ်လပ်သည့် နေရာကလည်း ၂၀၀ ကျော် ရှိနေသေးသည်။ ပဲခူးမြို့ပေါ် နေရာလပ်ရှိသည့်နေရာများကို တခဏမျှ ကြည့်မိသေးသည်။ ပြီးတော့မှ ကျနော်က ထိုင်ရာမှ ထကာ နေရာလပ်များရေးထားသည့် ကျောက်သင်ပုန်းကြီးပေါ်က နေရာတနေရာကို အော်ပြီးပြောလိုက်သည်။ လူတွေ ဝေါကနဲ ဆူဆူညံညံအောင် ရယ်မောလိုက်ကြသဖြင့် ကျနော်သည်ပင် ကြောင်စီစီဖြစ်သွားရ၏။ 

ပါတီယူနစ်ဥက္ကဌ ဗိုလ်ကြီးချစ်တင်က ကျနော့်ကို နေရာမှားပြီးရွေးသည်ဟု ထင်ဟန်တူပါသည်။ နောက်တကြိမ် စိတ်တိုင်းကျနေရာ ပြန်စဉ်းစားပြီးရွေးဖို့ပြောသည်။ ကျနော်က ပထမ ပြောထားသည့် ကျောင်းနံမည်ကိုပဲ ထပ်ပြီး အတည်ပြုလိုက်သည်။ လူတွေက ကျနော့်ကို သနားစရာလူတစ်ယောက်လို ဝိုင်းကြည့်နေကြသည်ဟု ခံစားလိုက်ရသည်။

အိမ်ရောက်တော့ မိခင်ဖြစ်သူက ကျနော့်ကို ကြိုသည်။ ကျောင်းဆရာ အလုပ်ရခဲ့ပြီဖြစ်သဖြင့် မိခင်က ဝမ်းသာနေသည်။ ကျနော့်ဆီက အပေါ်အကျီ၊ လက်ထဲက စာအုပ်များကို ယူသည်။ အိမ်ရှေ့စားပွဲဘေးတွင် သားအမိ ၂ ယောက် ထိုင်ကြသည်။ ကျနော်က မိခင်ကို ဘယ်လိုပြောရမည် မသိဖြစ်နေသေးသည်။ မပြောလို့လည်း မဖြစ်သဖြင့် ပြောပြရသည်။ ကျနော် ရွေးချယ်ခဲ့သည့် ကျောင်းမှာ ထန်းတောကြီးရွာ အလယ်တန်းကျောင်း ဖြစ်သည်ဟု...။

မိခင်က ရုတ်တရက် ကျနော့်ကို ငေးပြီးကြည့်သည်။ ပြီးတော့ မျက်ရည်များ စီးကျလာနေသည်။
ကျနော်က ထန်းတောကြီး ရွာဆိုသည်မှာ ဝန်ထမ်းများ အပြစ်ရှိသည့်အခါ ပို့သည့် ကျေးတော ငှက်တော ပဲခူးချောင်းဖျားက အင်မတန်ခေါင်သည့်နေရာဖြစ်သည်ကို ကျနော် သိသည့်အကြောင်း၊ ပထမအချက် ကျနော်က အခုလို မဖွံ့ဖြိုးသေးသည့်ဒေသကို တမင်သွားချင်လို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအချက် အဲဒီဒေသက ကျောင်းဆရာများကို ရွာသားတွေက ချစ်ကြခင်ကြကြောင်း စားစရိတ်ပင် မကုန်ကြောင်း ဟိုရောက်ရင် စားစရိတ်လည်းသက်သာ ကျနော်လည်း သုံးစရာဖြုန်းစရာ မရှိသဖြင့် မိခင်ဆီကို လစာအပြည့်နီးပါး ပြန်ပို့နိုင်မည်ကိုတွေးပြီး ထန်းတောကြီးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြနေခဲ့မိသည်။

မျက်ရည်တစမ်းစမ်းနှင့် အိပ်ခန်းတွင်း ဝင်သွားသောမိခင်ရဲ့မြင်ကွင်းကို အခုထက်ထိ ကျနော် မမေ့နိုင်သေး။ 

အကယ်၍ ကျနော်က တာဝန်ကျရာ ထန်းတောကြီးရွာကို သွားပြီး စာသင်ရမည် ဆိုလျင် မိခင်ဖြစ်သူမှာ အိမ်တွင် တစ်ဦးတည်း အထီးကျန်ဖြစ်ကာ ကျန်ရစ်နေခဲ့မည်ကို ကျနော် မသိမဟုတ်။ သိသည်။ သို့ သော် ကျနော်က ကျနော့်အိပ်မက်ကို ရဲရဲသာ မက်ခဲ့မိသည်။ 

အခုလို ကောင်းကင်ပြာစာသင်ကျောင်းကလေးရှေ့တွင် ရပ်ကာ၊ တောရိပ်တောင်ရိပ်များကို ငေးကာ ငယ်စဉ်က အိမ်မက်တခု ရဲရဲမက်ခဲ့မိသည့် ကျနော့်၏ လူငယ်ဘဝကိုတွေးကာ ကျနော့် နှလုံးသားများ ရုတ်တရက် စိမ်းလန်းသွားရ၏။

ငြိမ်းဝေ
အမှိုက်ပုံ အပိုင်း ကို ဆက်လက်ဖတ်ရှုပါရန်....
(အောက်မှာဖေါ်ပြထားတဲ့ဓါတ်ပုံ ၂ ပုံကတော့ တူမလေး မြတ်နိုဗယ်လ်သန်း ကျေးဇူးပြုထားတာပါ။)