July 29, 2009

ထွက်ပေါက်တခုရဲ့ လားရာကိုရှာဖွေခြင်း သို့ မဟုတ် တောင်ပြုန်းပွဲယဉ်ကျေးမှု


(က)

မသီတာတို့ တိုက်ခန်းကိုမရောက်ခင် ဓါတ်ရထားမှတ်တိုင်တတိုင်အကွာတွင် တရားရုံးချုပ်အဆောက်အဦးတခုရှိ၏။ ထိုနေ့ က တရားရုံးရှေ့ တွင် လူ (၅၀)ခန့် စုရုန်းနေကြ၏။ ဓါတ်ရထားက တရားရုံးရှေ့ တွင်ရပ်လိုက်သည်။ ကျနော်ထိုင်နေရာဖက် ခြမ်းမှာ တရားရုံးကို ရှင်းရှင်းလင်းလင်းမြင်ရသည့်ဖက်ဖြစ်၏။ တရားရုံးရှေ့ တွင်ရှိသည့်လူအုပ်မှာ ပျော်ရွင်နေကြပုံရ၏။ ၀တ်ကောင်း စားလှများကိုယ်စီဝတ်ထားကြ၏။ (အမှန်အားဖြင့်ဆိုလျင် အော်စလိုမြို့ လူထုမှာ ၀တ်ကောင်းစားလှများကို ၀တ်ဆင်သွားလာလေ့ မရှိကြပါ။ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ပြီး အမျိုးသမီးများမှာလည်း သစ်လွင်သည့်အ၀တ်အစားများဝတ်ကာ၊ ချယ်ကာသကာ သွားလေ့မရှိလှပါ။ အများစုမှာ သာမာန်အ၀တ်အစားများဖြင့်သာ သွားလေ့ရှိ၏ ) ကျနော်က တရားရုံးရှေ့ ကလူအုပ်ကို အနည်းငယ် စိတ်ဝင်စားသွားရလေသည်။


“ ဦးငြိမ်း ၊ အဲဒါ မင်္ဂလာဆောင်လေ၊ ရုံးမှာလာပြီးလက်မှတ်ထိုးကြတာ ”
“ အော်…အေး၊ ဟုတ်မယ် ”
“ ဒီမင်္ဂလာဆေါင်က ထူးတယ်ဦးငြိမ်းရ၊ ယောင်္ကျားချင်းမင်္ဂလာဆောင်ကြတာလေ ”
“ ဘာ ”

ပထမတုန်းက ဘယ်လိုမှသိတ်ပြီးစိတ်ထဲတွင် မ၀င်စားခဲ့မိပေမယ့် ဒုတိယစကားကိုကြားတော့ ကျနော့်ကြောမှာ အလိုလို ဆန့် သွားရ၏။

“ ဟုတ်တယ်လေ၊ ယောင်္ကျားချင်းမင်္ဂလာဆောင်ကြတာ ”
“ ဟုတ်ရဲ့ လား မသီတာရယ် ”
“ အော်…ဟုတ်ပါတယ်ဆို၊ နော်ဝေးနိုင်ငံမှာ မနှစ်ကနဲ့တူတယ်၊ လိင်တူချင်းအချစ်တော်ထားခွင့်၊ လက်ထပ်ခွင့်ကို ဥကဒေပြဌါန်းပြီးခွင့်ပြုခဲ့တာ၊ အဲဒီ မင်္ဂလာဆောင်ကို သီတာ့အသိတယောက်လည်း သွားတက်တယ်လေ၊ သီတာတောင် ဒီဗွီဘီအတွက် သတင်းသွားယူမလား စဉ်းစားသေးတယ်၊ အလုပ်မအားတာနဲ့  ”

တရားရုံးရှေ့ ကလူအုပ်ကို ကမန်းကတန်း ကျနော်လိုက်ကြည့်သည်။ ထိုစဉ်…ဓါတ်ရထားက ထွက်ခွါလာခဲ့၏။ ကျနော့် မြင်ကွင်းထဲ မင်္ဂလာဆောင်ကြသူ သတို့ သား၊ သတို့ သမီးစုံတွဲကို မြင်ရလိုမြင်ရငြား လိုက်ကြည့်မိသေး၏။
ကျနော် အံ့သြသွားရသည်။ ငေးငိုင်သွားရသည်။ လျှော့ဖြစ်သွားရသည်။

(ခ)

၁၉၈၄-ခုနှစ်လောက်ဖြစ်သည်။ ကျနော်နှင့်ကိုတင်ဦး ( မာန်သစ်စာပေ၊ ဖြူး ) တို့  အင်းစိန်လမ်းဆုံတွင် “ ရိုးမအရှေ့ ” ကား ကို စေါင့်စီးကြ၏။ ညကတည်းက ကားလက်မှတ်ကြိုဖြတ်ထားပြီး၊ မနက် ( ၄း ၃၀ ) အင်းစိန်လမ်းဆုံမှ ကားစေါင့်စီး ကြခြင်းဖြစ်သည်။
( ၄း ၃၀ )တွင် “ရိုးမအရှေ့ ” ကားကို မီးရောင်တ၀င်းဝင်းနှင့် လှမ်းတွေ့ ရသဖြင့် ကျနော်တို့ နှစ်ယောက် လက်ပြပြီး တားကြ၏။ “ ရိုးမအရှေ့ ” ကားက ကျနော်တို့ ကိုကျော်ကာ ၀ါးတရိုက်နှစ်ရိုက်အကွာတွင် လမ်းဘေးသို့ ထိုးရပ်လေသည်။ ကျနော်နှင့်ကိုတင်ဦးတို့  ကားရှိရာပြေးသွားကြ၏။ ကျနော်က ကားရှေ့ အပေါက်ကတက်ပြီး ကိုတင်ဦးက ကားနောက်တံခါးမှ တက်လေသည်။ ကျနော်တို့ နှစ်ဦး အမေါတကောနှင့်ကားခြေနင်းပေါ်ရောက်ရောက်ချင်း ကားတံခါးများအလိုအလျောက် ပြန်ပိတ် သွားကြ၏။ ကားတစင်းလုံး မီးများအပြည့်ဖွင့်ထားသဖြင့် ခရီးသည်အားလုံးကို အထင်အရှားပင်တွေ့ ရ၏။ ခရီးသည်အားလုံး ကလည်း ခေါင်းကိုယ်စီဆန့် ကာ ကျနော်တို့ ကိုလှမ်းကြည့်နေလေသည်။

“ ဟိုက် ”

ကျနော်တို့ နှစ်ယောက်စလုံး ပါးစပ်ကပြိုင်တူလိုလို ဘာတွေ အသံထွက်လိုက်မှန်းပင်မသိ။ ထိုင်နေသည့်ခရီးသည်များကို ကျော်ကာ တယောက်နှင့်တယောက်မျက်လုံးချင်းစကားပြောလိုက်ကြ၏။ ကားမှားပြီးတော့ တားစီးမိသည်အထင်နှင့် အောက်ကို ပြန်ဆင်းဖို့  ဟန်ပြင်ပြန်တော့ ကားကအရှိန်ပြင်းနေပြီ။ တခါးတွေပိတ်ထားပြီ။ ကားဆရာကိုကြည့်တော့ ကားဆရာက ကားမောင်း ရင်း ပြုံးလျက်။

“ လာပါ၊ ကိုယ့်နေရာကို လာထိုင်ကြပါ ”
“ နေ…နေ…နေပါစေ၊ ဒီလိုပဲလိုက်လို့ ရပါတယ် ”
“ မဟုတ်ဘူးလေ၊ ဖြူးအထိ စီးကြမှာမို့ လား၊ နွဲ့ တို့ က ကားတစီးလုံးငှါးလာကြတာလေ၊ ရှင်တို့ နှစ်ယောက်ပဲ တခြားလူ ဖြစ်နေတာ၊ ရှင်တို့ က ဒီကားကိုကြိုပြီး လက်မှတ်ဖြတ်ထားတာ၊ လာပါ…လာထိုင်ကြပါ။ မကြောက်ပါနဲ့ …ဟင်း…ဟင်း၊ ကိုက်မစားပါဘူး ရှင်တို့ ရယ်…ဟင်း…ဟင်း…ဟင်း ”

ကားတစင်းလုံးရယ်သံများလွှမ်းမိုးသွားခဲ့၏။ ကျနော်တို့ နှစ်ယောက်မှာ ကြံရာမရဖြစ်နေကြ။ ပြေးပေါက်ကို မသိမသာ ရှာနေကြစဲ။

“ ကဲ၊ ဒီလိုလုပ် ကိုယ်တော်တို့ က ဟောဒီကားဆရာဘေးကခုံမှာ အတူတူလာထိုင်ကြ။ ကျမတို့ က ရှင်တို့ နေရာမှာပြောင်း ထိုင်မယ်၊ ကဲ…ဒါဆိုရင် အဆင်ပြေသွားမှာပါ ဟင်း…ဟင်း…ဟင်း ”

ကျနော်တို့  နေရာချင်းလဲထိုင်လိုက်ကြသည်။ ကားဆရာကမူ အပြုံးကို မရုပ်သိမ်းသေး။ ကျနော်နှင့်ကိုတင်ဦး နာရီဝက် နီးပါးမျှ စကားမပြောနိုင်ကြ။ ဘေးဘီကိုမကြည့်ရဲကြ။ ကားတစင်းလုံး စကားပြောသံ၊ သီချင်းသံများလွှမ်းမိုးလျက်။

“ ကားဆရာရေ…ပဲခူးကြရင် စားစရာဆင်းဝယ်မယ်၊ ကားဆရာအတွက်တော့ ကျမတာဝန်ယူတယ်၊ ဟို…နှစ်ယောက် အတွက်တော့ ဘယ်သူတာဝန်ယူမှာလဲဟေ့ ”
“ ကိုယ်ယူမယ်…ကျမယူမယ် ၊ အိုင် ယူမယ် ”

ကားပေါ်တွင် ရယ်သံများထွက်ပေါ်လာရပြန်သည်။ ကျနော်နှင့်ကိုတင်ဦးမှာ ပေါက်သည့်နဖူးမထူးတော့ပြီဟု တွေးကာ၊ သည်အတိုင်းငြိမ်ပြီး ပေခံနေကြရ၏။ ထိုနေ့ က ကံအားလျော်စွာ လမ်းတွင် သားရေစာဖိုး၊ ထမင်းဖိုး၊ မကုန်ခဲ့ကြပါ။ ကားပေါ်တွင် အတူပါလာသည့် “ မိန်းမလျှာ ” များက သူ့ ထက်ငါဝယ်ကျွေးသွားကြသဖြင့် ကျနော်တို့ နှစ်ဦးစလုံး တွက်ခြေကိုက်ခဲ့ကြ၏။ မိန်းမလျာများမှာ “ တော်ပြုန်းပွဲ ” သို့ ချီတက်ကြမည့် နတ်ကတော်များအဖွဲ့ ဖြစ်လေသည်။

ဖြူးမြို့ ကားဂိတ်တွင် ကျနော်နှင့်ကိုတင်ဦး၊ ကားပေါ်ကဆင်းသောအခါ နတ်ကတော်မိန်းမလျာများက အော်ဟစ်လက်ပြ နှုတ်ဆက်ရင်း ခရီးဆက်ကြလေသည်။

(ဂ)

နုနုရည် အင်းဝ၏ “ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ ” ၀တ္ထုကိုဖတ်တော့ မိမိဘ၀ ထဲက “ မိန်းမလျှာ ” များနှင့်ပါတ်သက်သည့် အတွေ့ အကြုံတချို့ ကို ပြန်တွေးမိသည်။ တဦးတည် ပြုံးမိ၏။
ယခုတော့ “ မိန်းမလျှာ ” နှင့် ပတ်သက်သည့် မိမိ၏အယူအဆမှာ ယခင်ကလို့ မဟုတ်တော့ပါ။ မိန်းမလျှာအပေါ် လူတွေထားရှိသည့် သဘောထားတချို့ မှာ ပြောင်းလဲစပြုပြီဟုထင်ရ၏။ “ မိန်းမလျှာ ” များသည် လူ့ အခွင့်အရေးနယ်ပယ်၌ တထောင့်တနေရာဝင်ယူလာခဲ့ကြပြီလောဟု တွေးမိသည်။

“ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ ” ၀တ္ထုမှာ “ တောင်ပြုန်းပွဲတော် ” နောက်ခံနှင့် နတ်ကတော်မိန်းမလျှာများ၏ဘ၀ကို အသေးစိပ်ရေးထားခြင်း ဖြစ်သည်။ ၀တ္ထုတပုဒ်ဖြစ်စေရန်အတွက်ကိုမူ နတ်ကတော်မိန်းမလျှာ “ ဒေစီဂျိန်း ” ၊ဒေစီဂျိန်း၏လင်ယောင်္ကျား “ မင်းမင်း ” နှင့် မင်းမင်း၏ချစ်သူ သူတောင်းစားမလေး “ ပန်းညို ” တို့ သုံးပွင့်ဆိုင် မေတ္တာဘွဲ့ ကို ဖွဲ့ စည်းတည်ဆောက်ထား၏။ အမှန်အားဖြင့် ၀တ္တုတပုဒ်လုံး အသားပေးဖေါ်ပြသည်မှာ “ တောင်ပြုန်းပွဲ ” ယဉ်ကျေးမှုကို စနစ်တကျ၊ အဆင့်လိုက်အသေးစိပ်ရေးထားခြင်းသာဖြစ်သည်။ မျက်မှောက်ခေတ်မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း နက်ရှိုင်းစွာတည်ရှိနေသည့် နတ်ကိုးကွယ်ပသခြင်း ယဉ်ကျေးမှုကို အပြည့်အစုံသတင်းအချက်အလက်ပေးခြင်းသာဖြစ်၏။ နှစ်စဉ် ၀ါခေါင်လဆန်း (၈)ရက်နေ့ မှ ၀ါခေါင်လဆန်း (၁၅)ရက်အထိ၊ ကျင်းပပြုလုပ်သည့် တော်ပြုန်းပွဲယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင် ရောက်ရှိနွှဲပျော်နေရသလို ဆွဲဆေါင်မှုအားကောင်းလှသည့် ၀တ္တုဖြစ်၏။

သည်ဝတ္တုထဲမှ ကျနော်နှို်က်ယူရရှိသည့်အချက်တချို့ ရှိပါသည်။ တောင်ပြုန်းပွဲဘာ့ကြောင့် တနှစ်ထက်တနှစ် ပို၍ပို၍ စည်ကားသိုက်မြိုက်လာနေရသနည်း။ တောင်ပြုန်းပွဲ စည်ကားသထက်စည်ကားလာစေရန် မည်သည့်အကြောင်းအရာများက တွန်းပို့ နေသနည်း။ ၀ါခေါင်လဆန်း (၁၃)ရက်နေ့ တွင်ပြုလုပ်သည့် “ ယုန်ထိုး ” ပွဲအကြောင်းရေးထားသည့် စာမျက်နှာများမှာ စိတ်ဝင်စားစရာ…။ “ ဒီနယ် မြေဟာ မင်းနှစ်ပါးက ဖန်းဆင်းပေးထားတဲ့စိတ်လွတ်လပ်မှုနယ်မြေ ” ဟု ဆို၏။ “ လူတွေရဲ့ စိတ်ကလေးတွေဟာ သနားစရာ ကောင်းလောက်အောင် သိပ်ကို မွန်းကြပ်ပိတ်လှောင်ခံထားရတာ။ ကဲ…အဲဒီစိတ်ကလေးတွေကို လွှတ်ပေးလိုက်ကြစမ်း ” …။ ပညာတတ် နတ်မင်းသားလေး မိန်းမလျှာသင်းသင်းကြိုင်ရဲ့ စကား ။

လူတွေ တောင်ပြုန်းပွဲတွင် စိတ်လွတ်ကိုယ်လွတ် အပျော်ကျူးကြသည့်သတင်းမှာ မည်သူမဆိုကြားဖူးပြီးဖြစ်သည့် သတင်း ပင်ဖြစ်သည်။
ဝတ္တုတပုဒ်လုံးမှာ၊ အတိုချုပ်ပြီးလွယ်လွယ်နဲ့ ပြောလို့ ရသည့် ဇာတ်လမ်းဖြစ်၏။ သက်ကြီးရွယ်အို နတ်ကတော်မိန်းမလျှာ “ ဒေစီဂျိန်း ” သည် ငယ်ရွယ်နုပျိုသူ “ မင်းမင်း ” ဆိုသည့်ဆင်းရဲသားလူငယ်တဦးနှင့် လင်မယါးအဖြစ်နေထိုင်ခဲ့ရင်းက “ မင်းမင်း ” က သူနှင့်ရွယ်တူ သူတောင်းစားမလေး “ ပန်းညို ” နှင့် ချစ်ကြိုက်မိသွား၏။ နောက်ဆုံးတွင် “ မင်းမင်း ” မှာ နတ်ကတော်မိန်းမလျှာ “ ဒေစီဂျိန်း ” ၏ ရင်ခွင်တွင်သာ မူးမေ့လဲလျောင်းရင်း ၀တ္တုကိုနိဂုံးချုပ်ထားလေသည်။

လူတို့ ၏ မွန်းကြပ်ပိတ်လှောင်နေသောစိတ်ကို ထွက်ပေါက်ပေးပို့ ရန်ကိစ္စမှာ အမှန်တကယ် လိုအပ်ပါသည်။ “ တောင်ပြုန်းပွဲ ” သည် လူတချို့ အတွက် စိတ်ထွက်ပေါက်ပေးရာ အပေါက်တပေါက်ဖြစ်သည်ဟု ဆို၏။ ဗမာတပြည်လုံးကလူတွေ တနှစ်တခါ တောင်ပြုန်းပွဲတက်ကာ စိတ်ထွက်ပေါက်ပေးကြ၏။ ထွက်ပေါက်ရှာကြ၏။

ကျနော်တို့ သည် မွန်းကြပ်ပိတ်လှောင်နေသောစိတ်ကို ထွက်ပေါက်ပေးရန် မုချလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့  သော်…ယင်း ထွက်ပေါက်မှာ ယါယီထွက်ပေါက်၊ ဘေးထွက်ပေါက်၊ ထွက်ပေါက်အမှားဖြစ်လျှင်မူ မကောင်း။

မည်သို့ ပင်ဖြစ်စေ…၊ ၀တ္တုတပုဒ်ကိုဖတ်ကာ၊ စိတ်ထွက်ပေါက်ပေးခြင်းကိစ္စ အလိုလိုဆက်စပ်တွေးမိလာအောင် ဖြစ်စေသည့်စာရေးဆရာ နုနုရည်အင်းဝ၏ စာပေဒါနကိုမူ ကျေးဇူးတင်ရမည်ပင်ဖြစ်သည်။ သာဓုခေါ်ရမည်ဖြစ်သည်။

( ပန်းချီ သရုပ်ဖော်ပုံမှာ ပန်းချီထိန်လင်းရဲ့ လက်ရာ ဖြစ်ပါတယ်ခင်ဗျား )

July 27, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ


(က)

၁၉၇၀ - ခုနှစ်တ၀ိုက်တုန်းကဖြစ်သည်။ကျနော်တို့ ငယ်စဉ်အသက်(၂၀) ၀န်းကျင်အရွယ်စာအုပ် စာတမ်းများ ကိုအရုးအမူးဖတ်ကာစအချိန်။ ကမ္ဘာ့ ခေါင်းဆောင်များ၏ အထုပတ္တိများကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာခဲ့ကြဖူး၏။ အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဖက်ကနိုင်ငံ့အရေးကို ဆောင် ရွက်ရင်း တဖက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခှုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိနိယက ပဏစ်နေရုး...စသည်တို့ ဖြစ်ကြ၏။ ဟိုချီမင်းနှင့်မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရုးကမု စကားပြေများကိုရေး၏။



ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း သည်နိုင်ငံရေးကိစ္စများကို တဖက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက၊ ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အထုပ္ပတ္တိတချို့ ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀မှာကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့ “ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့ ရဲ့ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။ ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော်တို့ ငြိတွယ်ခဲ့ကြ၏။ သို့  သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေးတည်းထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏စာပေလက်ရာများ ကို စိတ်အားထက်သန်သလောက် ပြည့်ဝအောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ - ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေအနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆနတခု မှာမမျှော်လင့်ပဲပြည့်ဝလာခဲ့ရ၏။ ယင်းနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ထွက်ရှိ လာသောကြောင့်ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများကို ယ္ခုလိုတလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့်စုဆောင်းကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ဖြစ်၏။ ( တက္ကသိုလ်များသမိုင်းသုတေသနဌါနအ ကြီးတန်းသုတေသနမှူး)

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်တွင် တက္ကသိုလ်များသမိုင်းသုတေသန ဌါန၊ ညွန်ကြားရေးမှူး ‘ ဒေါ်နီိနီမြင့် ’ ကဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ ‘ မြဟန် ’ ကရေး၏။ ဤစာအုပ်တွင် “ ဗိုလ်ချုပ်အောင်ဆန်း၏စာရေးဝါသနာ ” ၊ “ ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာ ” ဆောင်းပါး( ၃ ) ပုဒ်မှာမူ ရေးသူအမည်မပါရှိပဲ ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သို့ သော်ဤဆောင်းပါး( ၃ )ပုဒ်တွင်ပါရှိသည့် အတွင်းစာသားတချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစု စည်းသူ ဆရာ‘ မြဟန် ’ ကိုယ်တိုင်ပင်ဖြစ်မည်ဟုပင်ယူဆရ၏။သို့ သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါးများမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ်၊ စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။

( ခ )
“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “ အယူအဆရေးရာကိစ္စများ”ကိုတွေ့ ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ...၊ဘ၀လမ်းညွန်အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့်  ပြန့် ပါဝင်၏။ ဥပမာ “ ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသားသည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့် ၏ “ဂန္တလောက” မဂဇင်းတွင် ရေးသည့် “ Fron my School Window ” ဆောင်းပါး အပေါ်ပြန်လည်ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့် ကိစ္စမှာ လွတ်လပ်မှုမရှိခြင်းကိုပြဆိုခြင်းမဟုတ်ပဲ၊ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓါတ်တို့ ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။ နောက်ထပ်ဥပမာတ ခုမှာ ...၊ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤ ဆောင်းပါးမှာ ၁၉၃၅ ခုနှစ်ဧပြီလထုတ်၊ ဂန္တလောက မဂဇင်းတွင်ပါဝင်သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။ ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသားဓလေ့ထုံးစံအယူအဆများအပေါ် လူငယ် များမည်ကဲ့သို့  ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့်ဆောင်းပါးဖြစ်သည်။ စိတ်ဝင် စားဖွယ်ကောင်းလှသည့်အချက်မှာ ဤ ဆောင်းပါးY “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာအယူအ ဆကိုအလေးအနက်ထားတင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ ” ၏အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ၊လက်ခံ ကျင့်သုံးသင့်ကြောင်းထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာအ တိုင်းအဆအတိမ်အနက်ကိုခန့် မှန်းလို့ ရသည့် နောက်ထပ်ဥပမာရှိပါသေးသည်။ ဥပမာ “ကျောင်းသားဝတ္တရား ” ဆောင်းပါးဖြစ်၏။ ဤ ဆောင်းပါး၏အနှစ်သာရမှာ ( ၂ ) ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး နောက်ထပ်( ၁ ) ချက်မှာကျောင်းသား များထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ အထမ အချက် ( ၁ )အ ရ၊ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာY “ ပညာစစ် ” ဆိုသည်မှာ ပညာသင်ကြားရေးလွတ် လပ်ခွင့် ( Academic Freedom ) ရှိမှသာစစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။ နောက်ထပ်( ၁) အချက်မှာ၊ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင် ရုံမျှနှင့်တာဝန်ကျေပွန်သည်မဟုတ်။ လောကရေး၊ ဓမ္မရေးနှင့်ပြသနာအရပ်ရပ်တို့ ကိုစိစစ်ဝေ ဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင်ဆည်းပူးကြရမည် “ဟူသည့်အလုပ်လမ်းညွှန်အယူ အဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင်” ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက၊ လောက ရေးကိုပါလေ့လာပါဝင်ဆင်ခြင်လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့်အယူအဆပင်ဖြစ် သည်။ အမှန်စင်စစ်...ဗိုလ်ချုပ်အောင်ဆန်းသည် “ကျောင်းးသားများ....နိုင်ငံရေးနှင့်မသက် ဆိုင်၊ ပညာရေးသက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့်ဆောင်းပါးဖြစ်၏။


အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “ နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးတွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ ရ၏။ ပထမအချက်မှာ “ နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံးပင်ဖြစ်၏ ” ဟုဗိုလ်ချုပ်ကယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့ နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ်အထွေးများကြားညပ်နေသည့်အခါ “ နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ကုသိုလ် တပဲ ငရဲတပိဿာအလုပ်ဖြစ်သည် ” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့် ကွက်၏။“ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့်ပင်မတရာကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။
ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “ စာပေရေးရာအယူ အဆ ” ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့ သော်ထိုဆောင်းပါးကို မည်သည့်နေရာဌါနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ေ ဆာင်းပါ၏ ခေါင်းစဉ်အမည် ကိုလည်း ကောင်းမှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။ ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့် ‘ အိုးဝေမဂဇင်း ’Y ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြခဲ့ပေးခဲ့သဖြင့်သာလူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆမှာ “ မိမိရေးလိုက်သည့်စာပေသည် အမြဲတန်းရှင်သန်နေရမည်၊ အဖျက်သဘောမပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲအရာတစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့ လောကတိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊စာဖတ်ပရိသတ် အားလုံးအား တစ်နေ့ ထက်တစ်နေ့  တိုးတက်ကြီးပွားစေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့ မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာအပိုင်း ဥပမာတချို့ ပင်ဖြစ်သည်။


( * )
“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏် အတွေးအခေါ်အယူအဆပိုင်းအခြေနေကိုကျနော်တို့ လေ့လာလို့ ရနိုင်၏။ ထ့ိုပြင် ဗိုလ်ချုပ်အောင်ဆန်း၏စာရေးနည်းအတတ်ပညာအခြေနေကိုလည်း လေ့လာ လို့ ရနိုင်၏။ တနည်းအားဖြင့်ဆိုလျင်အကြောင်းအရာနှင့်အတတ်ပညာနှစ်ခုစလုံးလေ့လာခွင့်ရနိုင်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ထဲမှ၊ ဗိုလ်ချုပ်၏အယူအဆရေးရာပိုင်းကို ကျနော် အထက်တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤ နေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့လာကြည့်မိသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ထဲတွင်ပါရှိသည့် “ဗိုလ်ချုပ်အောင်းဆန်း၏ကိုယ်ရေးအထု ပ္ပတ္တိ ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းကသူ့ အထုပ္ပတ္တိကိုသူကိုယ်တိုင်ပြန်းရေးခဲ့သည့် အထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်ရေးအထုပ္ပတ္တိဆောင်းပါးအစမှာ... ဗိုလ်ချုပ်အောင်ဆန်းကသူမွေးဖွာခဲ့ သည့် နတ်မောံမြို့ ( ဗိုလ်ချုပ်အောင်ဆန်း၏စာလုံးပေါင်းသတ်ပုံအတိုင်းရေးပါသည်) အိမ်ကြီးတအိမ်၏နောက် ဘေး အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်းကဆန်းသည်။ ပထမဦးစွာနတ်မောံမြို့ ၏ဖွဲ့ စည်း ပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့ နောက်ဘူတာ၏၀ဲယာပတ်လည်မှ မြေပဲခင်းနှမ်းခင်းများဆီ ရောက်၏။ထိုမှတဖန်တောရကမ္မဌါန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း (သို့ ) နကျားထူးရွာစု၊ ထို့ နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့ နာက်လောကဓါတ်မြန်မာအထက်တန်းကျောင်း၊ ထို့ နောက်ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့ အုပ်ရိုး အစရှိသည်တို့ ကိုတဆင့်ပြီးတဆင့်ရေးသွားခဲ့၏။ နောက်ဆုံးတွင်မြို့ ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထိုအိမ်ကြီး၏နောက်ဘေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူများကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့  ရှေ့ မှဖြတ်ရ၏။ နောက်ဆုံး စာပိုဒ်ဆုံးကာနီးကြမှ အိမ်ကြီးတအိမ်၏နောက်ဘေးအခန်းငယ်ဆီရောက်လာလေ သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောံမြို့ ကလေးကို မျက်စေ့ထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ့ မှာ သဘာဝပတ်ဝန်းကျင်အနေ အနေ အထားကို ဖေါ်ပြသောရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့ အနွဲ့ တချို့ ကိုလည်းထင်းထင်းပြက်ပြက် တွေ့ ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာY တခြား ဇာတ်ကောင်တဦးနှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဖက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ့ှဖေါ်ပြခြင်းဖြင့်သူ၏စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ငယ်စဉ်ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။
“ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျွန်တော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ်လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျွန်တော်က ကြမ်း၏ ။ သူသည် အစားအသောံ အနေထိုင်မှစ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောံနေသည့်အခါ အစာမြေကြီးပေါ်သို့  ကျသွားလျှင် သူသည် မစားတော့၊ ကျွန်တော်ကဖုတ်ဘတ်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျွန်တော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျွန်တော်ကား ထူ၏ အေး၏ ။ ” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ’Y ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ ရ၏ ။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါ်က်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်။ ” ဟူသောစာကြောင်းဖြစ်၏ ။

“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေး ကောင်း၊အ ရေးကောင်သူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။

( ဃ )
“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောက်ရွက်ခဲ့ကြသည့်ပုဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဘိုးထား၏။ သို့ သော်ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည် ။
ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူအတော်များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ “့ အနိုင်မခံ ” ကဗျာဖြစ်၏။ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာဖြစ်သည်ဟုကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်းဘာသာပြန်ဆို ရသူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ်သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေ သည်ကိုလည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ် “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ထဲတွင် ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်းဖန်တီးသူမဟုတ်ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့ တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ချန်းထားခဲ့သည်လောကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အယူအဆနှင့်စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ ထိ နိုင်သည့်အတွက်ကြေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့ သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှ ထွက်ကာ စာရေးဆရာတဦးအနေ နှင့်ဘ၀နိဂုံးချုပ်ချင်သည့် စိတ်ဆနပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆနကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ်ပြောဆိုခဲ့သူဖြစ်၏။ သို့ သော် ဗိုလ်ချုပ်အောင်ဆန်း၏ကြီးမာလေးနက်လှသည့်ဤပုဂ္ဂ လိက စိတ်ဆနုမှာမူ မပြည့်ဝနိုင်ခဲ့ရှာပါ။ ၁၉၄၇ - ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူအသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့ ၏လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများမှာအရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့်နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင်ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ ကို ကြိုးစားဖန်တီးခဲ့ရရှာ သည့် ဗိုလ်ချုပ်အောင်ဆန်းအားကျနော်လေးစားမိသည်။ ထို့ အပြင်ဘ၀ကိုစာရေးသူတဦး၏ဘ၀နှင့်သာနိဂုံးချုပ် ဖို့ ရန် စိတ်အားထတ်သန်ခဲ့သူ အမျိုးသာခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေနက်မိပေ၏။
ငြိမ်းဝေ

July 17, 2009

မွှေးရီ ပွင့်နီ ဝေဒနာ

၁။

“မာနယ်ပလော” သို့ ရောက်လာခဲ့သည်မှာ (၆)လခန့် ရှိပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးခန်း၏ နောက်ဖက် အမိုးစွန်းကလေးအောက်တွင် အခန်းဖွဲ့နေထိုင်ခဲ့သည်မှာ (၃)လ ရှိပြီ။ မယ်တုက္ခီစမ်းချောင်း ရေစီးသံကို နှစ်ဆယ့်လေးနာရီမပြတ် ကျနော်ကြားနေခဲ့ရ၏။ တခါတရံ စမ်းရေစီးသံများကို နာရီအတော်ကြာ နားစိုက်ထောင်ခဲ့ ဖူး၏။ ကျနော့်မှာ မယ်တုက္ခီစမ်းချောင်း၏ အင်္လကာဆန်သောရေစီးသံများကို နားထောင်၍ပင် မတင်းတိမ်နိုင်ခဲ့။


ဌာနချုပ်ရုံး၏ မြောက်ဖက်က သစ်ပင်ချုံပင်များ၊ ငှက်ပျောပင်ရိုင်းများကို ခုတ်ထွင်ရှင်းလင်းရင်း မယ်တုက္ခီစမ်းချောင်းဆီက ရေစီးသံကို ကျနော်ကြားနေရသည်။ သောင်ရင်းမြစ်ထဲစီးဝင်ပေါင်းစပ်ရန် ကွေ့တကွေ့အလိုတွင်ဖြစ်သဖြင့် စမ်းချောင်းမှာ ၀ါးတထောက်မျှ နိမ့်ဆင်းနေလျှက်၊ ကျောက်တုံးကျောက်ခက်များနှင့် ပြည့်နေလေသည်။ ထို့ကြောင့် ရေစီးသံမှာ ပိုပြီး အသံ ကျယ်လောင်နေခဲ့၏။
ဌာနချုပ်ရုံးသို့ ရောက်ရှိလာကတည်းက ဆန်အိတ်ထမ်း၊ သန့်ရှင်းရေးလုပ်၊ ထမင်းချက်၊ ထင်းပေါက်သည့်အလုပ်များကို ကျေနပ်နှစ်သိမ့်စွာ ကျနော်လုပ်ခွင့်ရခဲ့၏။ ထိုအလုပ်များမှာ ကျနော့်စိတ်ကို ပိုမိုကျိုးနွံပျပ်ဝပ်စေကာ၊ တန်ဘိုးရှိသော ဘ၀ အတွေ့အကြုံများကို ရရှိစေခဲ့၏။ မယ်တုက္ခီစမ်းချောင်းရေစီးသံများသည် ကျနော့်ဘ၀ အလှည့်အပြောင်းတခု၏ ၀ါကျများကို ပုဒ်ဖြတ်ပေးခဲ့ကြ၏။

တနေ့ … ၊ စားဖိုဆောင်ဘေး မယ်တုက္ခီစမ်းချောင်းထဲက ကျောက်တုံးတခုပေါ်တွင် ကျနော်ထိုင်နေခဲ့သည်။ ရေစီးသံ များကို နားထောင်ရင်း စမ်းချောင်း၏အထက်အောက်နှင့် ဘေးနှစ်ဖက်ကို ကြည့်ရှုမှတ်သားနေမိ၏။ စမ်းချောင်း၏တဖက်တွင် မြင့်မြင့်မတ်မတ်ရှိနေသည့် ရဟန်းပျိုသမဂ္ဂကုန်းတော်ကို မော့ကြည့်သည်။ ကုန်းတော်၏အောက်ဖက် သစ်ရိပ်ဝါးရိပ်များ ကြားတွင် ကရင်တပ်မှူး ဗိုလ်ကြာယုံ၏အိမ်ကို လှမ်းမြင်နေရသည်။ ကောင်းကင်ကို မော့ကြည့်တော့ မိုးပြာရောင်ပိတ်ဖျဉ်ပေါ်တွင် ၀ါဂွမ်းဆိုင်များ အဆုပ်လိုက်ဖူးပွင့်နေကြသည်ကို တွေ့လိုက်ရ၏။ အထက်ဖက် ၀ါးနှစ်ရိုက်သာသာ အကွာတွင် မယ်တုက္ခီ စမ်းချောင်း၏ အမြီးသည် ခေါင်းလောင်းငယ်များ စုပြုံတီးခတ်ကာ တောအုပ် တောတန်းထဲ တိုးဝင်သွားနေ၏။ ထိုစဉ်မှာပင် ရေစီးသံများနှင့်ရောကာ ထူးခြားသည့် အသံ တခုကို ကျနော်ကြားလိုက်ရလေသည်။

ကျနော့်ခန္ဓာကိုယ်မှာ အလိုလိုထရပ် လိုက်မိသားဖြစ်သွား၏။ ခေါင်းကိုဆန့်ကာ ရေစီးသံနှင့်ရောထွေးပြီး ကြားလိုက်ရသည့် အသံကို စစ်ပြီးနားထောင်သည်။ မာကျောသည့် သံသတ္တုတခုနှင့် မြေကြီးထိတွေ့လိုက်သည့်အသံကို တချက်နှစ်ချက်မျှ ကျနော်ကြားလိုက်ရ၏။ ကျောက်တုံးတခုမှတခု ခုန်ကူးကာ အထက်ဖက်ကို ကျနော်ရောက်လာခဲ့သည်။ ချောင်းကွေ့နားကို ရောက်တော့ မြေကြီးကို ပေါက်တူးနှင့်ပေါက်သည့်အသံကို ပီပြင်စွာကြားလာရ၏။ သို့သော် ချောင်းကွေ့ထဲသို့ ၀င်မည်ပြုစဉ် မှာပင် ပေါက်တူးသံများ ရပ်သွား၏။ ကျနော်က ချောင်းကွေ့ထဲမှထွက်ကာ ကျောက်တုံးတခုပေါ်တွင် တက်ရပ်လိုက်သည်။ ကျနော်နှင့် ၀ါးတရိုက်အကွာတွင် လူတယောက် ပေါက်တူးတလက်ကိုင်ကာ ရပ်နေလေသည်။ သူသည် ချောင်းဘေး မြေကွက်လပ်ပေါ်တွင် ခြေနှစ်ဖက်ကို အနည်းငယ်ခွဲကာ ခတ်မတ်မတ် ရပ်နေ၏။ ကျနော့်ကို ကျောပေးထားသဖြင့် သူ့နောက် မလှမ်းမကမ်းတွင် ရောက်နေသည့် ကျနော့်ကို သူမမြင်။ ပေါက်တူးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ရပ်နေပုံမှာ တစုံတရာ အန္တရာယ်ကျရောက်လာလျှင် ခုခံကာကွယ်ရန် အဆင်သင့်ပြင်ပြီး ရပ်နေသည့်ပုံစံမျိုးဖြစ်၏။ မြေကွက်လပ်ပေါ် သူရပ်နေပုံမှာ တသက်လုံး ဘယ်တော့မှ ရွှေ့လို့မရတော့သည့် ရပ်နေပုံမျိုး။
နေရောင်ခြည်မှာ သူ့ခန္ဓာကိုယ်ပေါ်၊ သူ့လက်ထဲက ပေါက်တူးပေါ်၊ ဆွလက်စ မြေကြီးခဲများပေါ်၊ သစ်ပင်တောတန်း ကလေးပေါ် ငွေစများ တဖွဲဖွဲကြဲချသလို တလက်လက် ဖြစ်နေ၏။ လေပြေတချက်တိုက်ခတ်လာစဉ် လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော် ကတည်းက ကျနော့်ရင်ထဲတွင် တိတ်ဆိတ်စွာ သိမ်းဆည်းထားခဲ့မိသည့် ၀တ္ထုတိုလေးတပုဒ်ကို သတိရလာခဲ့သည်။ စာရေးသူက သူ၏ “အလှဆည်းဆာ” ဟု အမည်ပေးထားသည့် ယင်း ၀တ္ထုတိုလေးထဲတွင် ဖခင်က သားထံရေးသည့် စာ တစောင်အဖြစ် ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ထိုဝတ္ထုလေးထဲက စာသားတချို့မှာ ကျနော့်နှလုံးသားပေါ် ဖ၀ါးပြည့်ချနင်းပြီး လျှောက်လာ နေကြလေပြီ။

ငါတို့ဟာ စစ်ကြေညာလိုက်ပြီးပြီ။ ငါတို့ဟာ နီးကပ်လာပြီဖြစ်တဲ့ သူတို့ကို စိုက်ကြည့်နေတယ်။
သူတို့ကလည်း ပြန်ကြည့်ပြီး လျှောက်လာနေပြီ။ သူတို့ဖိနပ်သံတွေ နီးကပ်လာနေပြီ။ သူတို့ဖိနပ်ကြီးတွေဟာ ဖုန်ထဲနစ် မြုပ်သွားလိုက်၊ ဖုန်ထဲမှာ ပြန်ပေါ်လာနေလိုက်နဲ့။
တလှမ်းချင်း တလှမ်းချင်း စက္ကန့်ချင်း နီးကပ်လာနေပြီ။
ငါတို့ဟာ ကျောက်သားရုပ်တုတွေ၊ သံမဏိရုပ်လုံးတွေလို ငြိမ်နေကြတယ်။
မုန်တိုင်းကျတော့မယ်။ ငါတို့ ငြိမ်နေကြတယ်။
ငါတို့ငြိမ်နေကြတယ်။ မုန်တိုင်းကျတော့မယ်။
သူတို့ အနားရောက်လာနေပြီ။ ငါတို့ ငြိမ်နေကြတယ်။
ငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ။

အခုလည်း သူဟာ ရုတ်တရက် ကျရောက်လာတော့မယ့် မုန်တိုင်းတခုရဲ့ အနံ့ကိုရလို့ ခုခံတိုက်ခိုက်ဖို့ရာ အဆင်သင့် ရပ်နေတဲ့ပုံမျိုးနဲ့ ရပ်နေသလားပဲ။ ပြီးတော့ အဲဒီဝတ္ထုလေးထဲမှာပဲ ကံအားလျော်စွာ တိုက်ပွဲတခုကို ရှောင်နိုင်ခဲ့ပြီးတဲ့အခါ သူရေး လိုက်တဲ့ စာကြောင်းကလေးတကြောင်း … ။

ခဏအတွင်းမှာပဲ အနောက်ဖက် ပေါက်ပင်တော ခင်တန်းကြောဖက်က ဆည်းဆာဟာ တောက်ပလာတယ်သားရယ် … တဲ့။

ကျနော့်နှလုံးသားတွေ တုန်တုန်ရင်ရင် ဖြစ်လာနေတဲ့အခိုက်မှာ ကျနော့်ခြေထောက်တွေဟာ စမ်းချောင်းရဲ့အောက်ဖက်ကို ပြန်ဆုတ်လာခဲ့၏။ သူ့ကို နှုတ်မဆက် အသံမပေးဘဲ ပြန်လည်နောက်ဆုတ်လာသည့်တိုင် သူ့ပုံပန်းသဏ္ဍန်က ကျနော့် မျက်စေ့ထဲက ပျောက်မသွား။

မူလထိုင်နေခဲ့ရာ ကျောက်တုံးပေါ် ရောက်သည်အထိ ပေါက်တူးသံများကို မကြားရတော့။ သူသည် သူနှင့်မလှမ်းမကမ်း ကမ်းပါးယံထိပ်ပေါ်က သူ၏ တဲအိမ်ကလေးဆီ ပြန်တက်သွားပြီလား။ ဒါမှမဟုတ် နေပူထဲတွင် သည်အတိုင်း ရပ်နေခဲ့သည်လား ဆိုသည်ကိုမူ ကျနော်မသိ။

၂။

ရဟန်းပျိုသမဂ္ဂကုန်းတော်ထိပ်က သူ၏ ကျောင်းသင်္ခမ်းလေးကို ကျောပေးကာ မြေလှေကားထစ်များအတိုင်း ဆင်းလာ သည့် အချိန်တိုင်း သူ့အတွက် ကျနော့်မှာ ကြေကွဲနေမိသည်။ သူ့ကို ကျနော် အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သမျှ သဲထဲ ရေသွန် ဖြစ်ရတော့မည်လားဟုတွေးလျှင် ကျနော့်မှာ ရင်တုန်ပန်းတုန်ဖြစ်ကာ လှမ်းနေသည့်ခြေလှမ်းများပင် အလိုလိုရပ်တန့် သွားရ၏။ ယခုအချိန်၌ သူ၏ကျန်းမာရေးအနေအထားမှာ သိသိသာသာဆိုးရွားနေပြီဟု ကျနော်သိလာရသည်။ မနေ့တုန်းက ကျနော့်ထံ လူကြုံနှင့် သူရေးပေးလိုက်သည့် စာတစောင်ကို ဖတ်ခဲ့ရ၏။ ဒီကနေ့ သူနှင့် စကားစမြည်ပြောခဲ့သည်။ သူ့ကို နှုတ်ဆက်ပြီး တောင်ကုန်းပေါ်ကဆင်းတော့ ကျနော့်ထံ လူကြုံနှင့်ရေးပေးလိုက်သည့် သူ့စာရွက်ကလေးကို ထုတ်ကြည့်မိသည်။ ကျနော့်မှာ အဆုံးအထိ မဖတ်နိုင်တော့။

ပထမအဆင့်အနေနှင့် သူ့ကို ရဟန်းဝတ်မှ လူဝတ်လည်းဖို့ တိုက်တွန်းရမည်။ ထို့နောက် အကူအညီပေးနိုင်သူတို့၏ အကူအညီနှင့် ဇင်းမယ် (သို့မဟုတ်) မဲဆောက်သို့ပို့ကာ ဆေးကုသစေမည်။ ဒေါ်ဂျုံကလည်း ကျနော်၏ အကြံပြုမှုကို လက်ခံ သည်။ သဘောပေါက်သည်။ သို့သော် ကိုတိုက်အောင်က လက်မခံ။ သူ့ကို ကျန်းမာရေးမကောင်းဖြစ်နေသည်ဟု ပြောလျှင်ပင် ကိုတိုက်အောင်က ရှူးရှူးရှဲုရှဲုဖြစ်ကာ လက်မခံ။ သူချစ်ခင်လေးစား ကြည်ညိုရသူ “သူ့” ကို သိက္ခာချသည်ဟုပင် စွပ်စွဲပြောဆိုလာ ခဲ့၏။ သည်ကြားထဲ သူကလည်း အဓိဌာန်မပြည့်သေးဟုဆိုကာ လူဝတ်လည်းရန် ငြင်းဆန်လျက်ရှိ၏။ ဆေးကုသမှုခံယူရန်ကိုမူ စကားပင် ဟလို့မရ။ ထိုရက်များအတွင်း သူသည် ရက်ပေါင်းများစွာ မအိပ်ပဲနေခဲ့သည်ဟု ကြားလာရသည်။ သူ့ထံ မကြာခဏ သွားရောက်တွေ့ဆုံနေခဲ့သဖြင့် တနေ့တခြား ပိန်ချုံးကျလာနေသည့် သူ၏အခြေအနေကိုကြည့်ကာ ကျနော့်မှာ စိတ်မကောင်း ဖြစ်ခဲ့ရ၏။ တခါတရံ ကျောင်းသင်္ခမ်းလေးရှေ့ သွားရပ်လိုက်သည့် ကျနော့်ကို သူက လက်ခံစကားမပြောပဲ နေလေသည်။

ရဟန်းဝတ်မှ လူဝတ်လဲလိုက်ပြီး နောက်ပိုင်း သူသည် ဧည့်သည်များကို ခြွင်းချက်နှင့်သာ လက်ခံစကားပြောတော့၏။ ငှက်ဖျားတက် ခြင်း မရှိတော့သဖြင့် သူ့ခန္ဒာကိုယ်မှာ ကျန်းမာရေးကောင်းသလို ရှိသော်လည်း သူ့မနောမှာမူ မတည်ငြိမ်ချင်တော့။
သည်လိုနှင့် သူ့ကို လေးစားချစ်ခင်ကြသည့် ပုဂ္ဂိုလ်တချို့က အမျိုးမျိုးချော့မော့ဖြောင့်ဖျသဖြင့် သူသည် ကိုမိုးသီးဇွန်တို့ထံ (လော်ကွားလူ)ံ သို့ သွားနေခဲ့၏။ သူစိတ်ချမ်းသာသလို နေခွင့်ပြုပြီးမှ သူ့ကို ဆေးကုသပေးရန် ရည်ရွယ်ပြီးမှ ခေါ်ထားခြင်းဖြစ်သည်။ တလခန့်အကြာတွင် လော်ကွားလူမှ မာနယ်ပလောသို့ ပြန်ရောက်လာခဲ့ပြန်သည်။ သူ့ကျန်းမာရေး အခြေအနေမှာ ပို၍သာ ဆိုးရွားလာနေခဲ့ပြီ။ သူသည် ကိုတိုက်အောင် အပါအ၀င် သူ့ဇနီးဒေါ်ဂျုံနှင့် သူ၏သား မောင်ဆန်း မှလွဲ၍ မည်သူနှင့်မျှ လက်ခံစကား ပြောဆိုခြင်းမရှိတော့။ တခါတရံ နေ့ရောညပါ အစာရေစာမစားပဲ ထိုင်နေခဲ့၏။ တခါတရံ သူ့တဲကလေးဘေး၊ မယ်တုက္ခီစမ်းချောင်းအစပ်တွင် ပေါက်တူးတလက် နှင့် ငြုပ်ပင်၊ ပဲပင်ကလေးများစိုက်နေ၊ ပေါင်းသင်နေသည်ကို တွေ့ကြရသည်။

ကျနော်သည် သူ့ထံ သူနှင့်တွေ့ဆုံစကားပြောခွင့်ပြုရန် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် သူကမူ လက်ခံတွေ့ဆုံခြင်းမပြုခဲ့။ ထိုအချိန်ကမူ သူ့ဘ၀သူ့အခြေအနေများသည် မကြာမီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟုတော့ ကျနော် မ၀ံ့မရဲ မျှော်လင့်နေခဲ့မိလေသည်။

၃။

၁၉၉၅ …၊ ဇန်န၀ါရီလ …၊ ၂၀-ရက်၊

“ဖွေးဘောလူ” ရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သည့် “ဗိုလ်ချုပ်ကြီး စောဘိုမြ” ၏ မွေးနေ့ပွဲမှအပြန် သူ့ထံကျနော် ၀င်တွေ့ဘို့ကြိုးစားသည်။ သူ့အိမ်ရှေ့တွင် သားဖြစ်သူ “မောင်ဆန်း” ကို တဦးတည်းသာ တွေ့ခဲ့ရ၏။ ဒေါ်ဂျုံက “ပလောင်ကုန်း” ဘက်သို့ သွားနေသည်ဟု သိရ၏။ “ကိုတိုက်အောင်” က ရလလဖ နယ်မြေသို့ ထွက်သွားသည်မှာ တလကျော်ရှိခဲ့ပြီ။ (၃)နှစ်မျှ အတူနေခဲ့သူ ကဗျာဆရာ ကိုတိုက်အောင် မရှိတော့သဖြင့် သူ့အဖို့ လက်ကတုံးတောင်ဝှေးတခု ပြုတ်ကျသွားသလိုဖြစ်ရ၏။
သူ့အိမ်ပေါ် ကျနော်အတက်တွက် သူက စကားမပြောချင်ဘူးဟုဆိုကာ အိမ်ခန်းထဲသို့ ၀င်သွားလေသည်။ သူ့ကျောပြင်ကိုသာ ကြည့်ကာ အိမ်ပေါ်မှဆင်းခဲ့ရ၏။

တဲပေါ်က အဆင်းတွင် လက်နက်ကြီးပစ်ခတ်သံများကို ကြားရလေသည်။ “နော်တ” နှင့် “ထွီးပါးဝီးကျိုး” နှစ်နေရာစလုံးဆီက ကြားလိုက်ရခြင်းဖြစ်၏။ ခြံရှေ့ကိုရောက်တော့ တို့ကရင်အချင်းချင်း သေနတ်မပေါက်ချင်ဘူးဟုဆိုကာ “နော်တ” ခံစစ်ဒေသမှ ပြန်ဆင်းလာကြသည့် KNU စစ်သားတချို့ကို တွေ့ရလေသည်။

၎။

၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၂-ရက်၊ တနင်္ဂနွေနေ့။
ပဒိုမန်းရှာထံသွားကာ “ပဟေလူရွာ” တွင် အိမ်တလုံး ငှားရမ်းပေးပါရန် အကူအညီတောင်းခဲ့ရ၏။ ဒီမိုကရက်တစ် မြန်မာ့အသံ “ရွှေဗဟိုစည်” စတူဒီယိုကို ပဟေလူရွာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့၏။

ပဒိုမန်းရှာအိမ်မှအပြန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးရှေ့မှဖြတ်ကာ သူ့အိမ်ကလေးရှေ့ တွင် ကျနော်ရပ်သည်။ သူ့ကို ၀င်တွေ့ဖို့ စဉ်းစားနေမိသေးသည်။ သို့သော် သူသည် သူမတွေ့ချင်သည့်သူများကို ခြံဝန်းထဲသို့ပင် ၀င်ခွင့် မပြုတော့ဟု ကျနော်ကြားထားရ၏။ ၀င်လာလျှင်လည်း ရန်မူသည်အထိ ဖြစ်လာလေသည်။
အိမ်ကလေးဆီက မည်သည့်အသံမျှ မကြားရ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ကျနော်က စိတ်ကိုဖြေကာ သူ့အိမ်ရှေ့က ဆက်လျှောက်လာခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်” လမ်းကလေးထဲသို့ တိုးဝင်တိုက်ခတ်လာနေသည့် လေနုအေးမှာမူ ကျနော့်ရင်ကို မအေးမြစေနိုင်ခဲ့တော့။

၅။

၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၃-ရက်၊ တနင်္လာနေ့ … ။

သည်ကနေ့မနက် ခတ်စောစောအိပ်ရာထသည်နှင့်တပြိုင်နက် လက်နက်ကြီး ပစ်သံများကို ယခင်နေ့ထက်ပိုပြီး အနီးကပ်ကြားနေ ခဲ့၏။ လက်နက်ကြီးပစ်သံများမှာ ပိုပြီးစိပ်လာလေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးဖက်သို့သွားကာ သတင်းစုံစမ်းရန်ထွက်လာစဉ် မီးစက်ကမ်းပါး အကွေ့တွင် ကိုသက်စိုးလွင်နှင့် ကိုတင့်ဆွေကို တွေ့၏။ သူတို့နှစ်ဦးစလုံး မျက်စေ့မျက်နှာ ပျက်လျက်ရှိ၏။

“အခြေအနေမကောင်းတော့ဘူး၊ ချက်ချင်း အထုပ်အပိုးပြင်ပြီး ထိုင်းဖက်ကမ်းကို ကူးဖို့ KNU က လာပြောတယ်။ အဲဒါ ဦးခွန်မားရ် ကိုဘန်းနဲ့ ခင်ဗျားဆီကို လာပြောတာ”

ချက်ချင်းဆိုသလို စတူဒီယိုသို့ပြန်ကာ ရဲဘော်တချို့နှင့်အတူ အသံဖမ်းစက်များနှင့် ပစ္စည်းပစ္စယများကို ထုပ်ပိုးပြင်ဆင်ရ၏။ ကံအားလျော်စွာ လှည်းတစီးငှားလို့ရသဖြင့် သောင်ရင်းမြစ်ကမ်းသို့ ပစ္စည်းအားလုံး ရောက်သွားခဲ့၏။ နေ့လည် (၂)နာရီခန့်တွင် ပဒိုမန်းရှာ ၏ ဇနီးအနော ( နမ့်ကျင်ရွှေ) ၏ ကူညီစီစဉ်ပေးချက်အရ သောင်ရင်းမြစ်အထက်ဖက် ကွေ့နှစ်ကွေ့အလွန် ထိုင်းနိုင်ငံဖက်ကမ်း တောင်ခြေသို့ လှေကြုံနှင့် ကူးလာခဲ့ကြ၏။ ကျန်ရစ်သည့် ပစ္စည်းတချို့ကိုသယ်ရန်နှင့် ထိုင်းနိုင်ငံ အတွင်းဖက်သို့ ဆက်လက်ထွက်ခွာရန် ပဒိုမန်းရှာထံ တင်ပြမည်ဟုဆိုကာ ကရင်ရဲဘော်လေး “ကွယ်သာထူး” နှင့် “မိုးကျော်” (ABSDF) တို့က မာနယ်ပလောဖက် ပြန်ကူးသွား ကြ၏။

ညနေမိုးချုပ်မှပင် ထင်းခြောက်တချို့ကောက်ယူကာ သောင်ရင်းမြစ်ရေနှင့် ဆန်ဆေးပြီး ထမင်းချက်၏။ မြစ်ဘေး တောင်ခြေအစပ် တွင် ပစ္စည်းများကို ဖြစ်သလိုစုပုံထားရှိကာ ဖျာတချပ်ကို အမိုးလုပ်ပြီး အိပ်ရာထိုင်ခင်း ပြင်လိုက်၏။ အနော (နမ့်ကျင်ရွှေ) က ခူးပေးလိုက် သည့် ပဲလင်းမြွေသီးကို ချက်စားရန်စီစဉ်၏။ နေ၀င်ရီတရောအချိန် ဘောနော်လေးတောင်ကြီးကိုကျော်ပြီး ရောက်လာသည့် လက်နက်ကြီးပစ်သံများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေ၏။ လူသံကြားလို့ အထက်ဖက်ကိုလှည့်ကြည့်တော့ ချိုင်းထောက်တချောင်းကို ထောက်ကာ၊ ခြေထောက်တဖက်မရှိသည့် လူတယောက်၊ ကလေးတယောက်နှင့်အတူ လမ်းလျှောက်လာနေသည်ကိုတွေ့ရ၏။ သူတို့နှစ်ဦးစလုံး နွမ်းလျသောခြေလှမ်းများလှမ်းကာ အောက်ဖက်တောစပ်သို့ ၀င်ရောက်သွားခဲ့ကြ၏။ သူတို့ဘယ်ဆီ ထွက်ခွါသွားကြသည် ကိုမူ ကျနော်မသိ။

မှောင်သွားသည့်အခါ လှေတစင်း ကပ်လာသည်ကို လရောင်မှုန်ပြပြအောက်တွင် မြင်ရ၏။ ရန်သူမိတ်ဆွေခွဲခြားရန် ခက်သဖြင့် ကျနော့်မှာ ထိတ်လန့်သွားရ၏။ လှေပေါ်က လူတယောက်ဆင်းလာ၏။ ထိုသူက ကျနော်တယောက်တည်း စိတ်မချသဖြင့် အနော (နမ့်ကျင်ရွှေ) က အဖော်အဖြစ်အိပ်ရန် လွှတ်လိုက်သူဖြစ်ကြောင်း ကရင်သံဝဲ၀ဲနှင့်ပြောမှ ကျနော့်မှာ စိတ်အေးသွားရလေသည်။ အနောကိုလည်း ကျေးဇူးတင်လို့မဆုံးတော့။

လရောင်မှုန်ပြပြအောက်တွင် ကျနော်နှင့်ကရင်ရဲဘော်လေးတို့ ထမင်းစားကြသည်။ လက်နက်ကြီးပစ်သံများမှာ ညဥ့်နက်မှပင် ပိုပြီး နီးကပ်လာနေသည်ဟု ထင်ရ၏။ ထိုအခါကျမှပင် “နိုင်ဝင်းဆွေ” အတွက် စိတ်ပူလာရပြန်သည်။ သူ၏အခြေအနေမှာ ထိုင်းနိုင်ငံဖက်ကမ်းသို့ အလွယ်တကူလိုက်ပါလာနိုင်သည့်အခြေအနေမျိုး မဟုတ်သဖြင့်လည်း ကျနော့်မှာ ကြေကွဲတုန်လှုပ်နေမိ၏။


၆။

“ပဟေလူ” ရွာကို ရောက်ရန်၊ ကျနော့်နောက်ဖက်က တောင်ကြောကို ကျော်ရဦးမည်ဟု သိရ၏။ မနက်မိုးလင်းကတည်းက “ကွယ်သာထူး” နှင့် “မိုးကျော်” တို့ကို ကျနော်မျှော်နေမိသည်။ မိုးလင်းသည်နှင့်တပြိုင်နက် ညက ကျနော်နှင့်အဖော်လာအိပ်ပေးသည့် ကရင် လူငယ်လေးက၊ မာနယ်ပလောဖက်ကမ်းသို့ လှေဖြင့် ပြန်ကူးသွားခဲ့၏။ မနက် (၁၀)နာရီအထိ “ကွယ်သာထူး” တို့ ရောက်မလာသေး။
လက်နက်ကြီးပစ်သံများမှာ နေထွက်ကာစက ခေတ္တခဏရပ်သွားသလိုရှိရာက၊ နေမြင့်လာတော့ အသံပိုစိပ်လာသည်ဟု ထင်ရ၏။ ဝေးရာက နီးလာသည်ဟု ထင်လာရ၏။ မနေ့တုန်းက “နော်တ” ၊ “ထွီးပါးဝီးကျိုး” ၊ “ဆင်ဖြူတောင်” ဖက်ဆီကသာ ကြားခဲ့ရသည့် လက်နက်ကြီးပစ်သံများမှာ ယခုအခါ သောင်ရင်းမြစ်အထက်ဖက်ဆီကပါ ကြားလာရ၏။

ကျနော်က ညနေကတည်းက ၊ DVB ပစ္စည်းများကို မြစ်ဆိပ်နှင့် မလှမ်းမကမ်း၊ မိုးမခပင်အုပ်များကြား ဆွဲသွင်းထားခဲ့၏။ မြစ်ထဲတွင် စက်လှေများ၊ လက်လှေများ လူးလာခေါက်တုန့် အလျှင်အမြန် သွားနေကြ၏။ စက်လှေများပေါ်တွင် ပစ္စည်းအပြည့်၊ လူ့အပြည့်။
ဒီကနေ့မနက်ကြတော့ မိမိစိတ်ကပဲ ထင်လို့လားတော့မသိ။ တခါတရံ လက်နက်ကြီးပစ်သံများကြားတွင် လက်နက်ငယ်ပစ်ခတ်သံ များကိုပင် ကြားလာရသည်ဟု ထင်မိ၏။ ခြုံစပ်တွင် တယောက်တည်းထိုင်နေရသည်မှာ လုံခြုံမှုမရှိဟု စိတ်ပူနေစဉ်၊ ကမ်းစပ်သို့ လှေတစင်း ဆိုက်လာခဲ့၏။ စက်လှေပေါ်က လူနှစ်ယောက်ခုန်ဆင်းလိုက်၏။

“ကိုငြိမ်း ၊ စက်လှေလာပြီ၊ ဒီတောင်ကြောကို ကျော်ပြီး ပစ္စည်းတွေဘယ်လိုမှသယ်နိုင်မှာမဟုတ်ဖူး၊ စက်လှေပေါ်ပစ္စည်းတွေ ပြန်တင် ပြီး၊ ပဟေလူရွာကို အောက်ဖက်က ချောင်းထဲကတဆင့်သယ်မယ်”

သူတို့ကို ကျနော် အထွေအထူးမေးမြန်းမနေတော့ပဲ စက်လှေပေါ်ပစ္စည်းတွေဝိုင်းတင်၏။ မာနယ်ပလောကို ဖြတ်ကာ “ပဟေလူ” ချောင်းထိပ်သို့ ရောက်လာကြ၏။ သောင်ရင်းမြစ်ထဲမှတဆင့် “မာနယ်ပလော” ကို မော့ကြည့်ခဲ့ရသည်မှာ ရင်ထဲ၌ ကြေကွဲနေမိ၏။ သောင်ရင်းမြစ်ထဲသို့စီးဝင်ရာ “ပဟေလူ” ချောင်းထဲသို့ ကွေ့ဝင်လာစဉ် စက်လှေများ၊ လက်လှေများ ချောင်းလုံးပြည့် လှုပ်ရှားနေသည်ကို ဘွားကနဲ တွေ့လိုက်ရ၏။ ကမ်းပေါ်တွင်၊ လှေများပေါ်တွင် လူတွေ၊ အထုပ်အပိုးကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြ၏။ “ပဟေလူ” ရွာခြေ တွင် စက်လှေပေါ်က ပစ္စည်းများကိုချတော့ ညနေ (၄)နာရီခန့်ရှိပြီ။ သောင်စပ်နှင့်ရေစပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ ရဲဘော်များ သုံးယောက်တွဲ၊ ငါးယောက်တတွဲ ၀ိုင်းစုထိုင်နေကြသည်ကိုတွေ့ရ၏။ တချို့က သောင်ပြင်ပေါ်တွင်ပင် တုံးလုံး ပက်လက်အိပ်နေကြ၏။ ပစ္စည်းများချပြီးသောအခါ ညနေစာချက်စားရန် ပြင်ဆင်ရပြန်လေသည်။

ညကြတော့ သောင်ပြင်ပေါ်တွင်ပင် ဖျာများ၊ ပလပ်စတစ်များခင်းကာ အိပ်လိုက်ကြ၏။ ပစ္စည်းများ သယ်ပိုးရွှေ့ပြောင်းခဲ့ရသဖြင့် ကျနော့်တကိုယ်လုံး ကိုက်ခဲနာကျင်လျက်ရှိ၏။ သည်နေရာရောက်တော့ မရေမတွက်နိုင်လောက်အောင် မြင်နေရသည့် စစ်ပြေးဒုက္ခသည်များ ကို တွေ့ရသဖြင့် ပူပန်စိတ်လျော့သွားရ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက၊ လက်နက်ကြီးပစ်သံများမှာမူ ပိုမိုနီးကပ်လာနေလေ သည်။

၇။

“ဖွေးပေါလူ” ရွာ ကမ်းစပ်တွင်၊ ပစ္စည်းများ စုပုံထားရှိပြီးသည့်အခါ ရွာထဲသို့ ဦးစွာပထမ သွားနှင့်ပြီးမှ နေရာထိုင်ခင်းစီစဉ်ရန် ဆုံးဖြတ်၏။ ပစ္စည်းများကို “ကွယ်သာထူး” တို့နှင့် ထားနှင့်ကာ ကုန်းပေါ်သို့တက်လာခဲ့၏။ လမ်းတွင် မျက်နှာသိတချို့ကို လူအုပ်ကြားထဲ၌ တွေ့ခဲ့ရ၏။ လူတိုင်း အထုပ်အပိုးကိုယ်စီ။ တကိုယ်လုံး ဖုံအလိမ်းလိမ်းဖြင့် … ။ စကားကိုပင် သွက်လက်ကျယ်လောင်စွာ မပြောနိုင်၊ နှုတ် မဆက်နိုင်ကြတော့။ လူတိုင်း၏ မျက်နှာများပေါ်က သောကလက်ရေးများကို ကျနော် ကောင်းစွာဖက်ရှုနိုင်ခဲ့၏။ ပတ်ဝန်းကျင်တခွင်လုံး၊ မိုး ကောင်းကင်တခုလုံး အုံ့မှိုင်းပြာနှမ်းနေသည်လောဟုပင် ထင်မိ၏။

“ပဟေလူ” ရွာနှင့် မျက်စေါင်းထိုးတဖက်ကမ်း၊ “ဖွေးပေါလူ” ရွာမှာ၊ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ နေထိုင်သည့်ရွာဟု သိရ၏။ “မာနယ်ပလော” နှင့် လက်နက်ကြီးတကမ်းစာတွင် ရှိသော်လည်း ထိုင်းနိုင်ငံဖက်ကမ်း၊ ထိုင်းနိုင်ငံနယ်မြေဖြစ်သဖြင့် နအဖစစ်တပ်များ၏ ရန်ကိုသိပ်ပြီး မစိုးရိမ်ရ။ သို့သော် ထိုင်းနယ်ခြားစောင့်တပ်များ၊ ညကတည်းက ရောက်လာနေသည်ဟု ကြားခဲ့ရသဖြင့် စိတ်ပူနေမိသေး၏။ နယ်မြေ အနေအထားမှာ လူသွားလမ်းမှအပ မည်သည့်ဆက်သွယ်ရေးလမ်းမျှ မရှိသည့်နေရာဖြစ်သဖြင့် ထိုင်း နယ်ခြားစောင့်တပ်များ အလုံးအရင်းနှင့်တော့ ရောက်မလာနိုင်ကောင်းရဲ့ဟု စိတ်ကိုဖော့ပြီး တွေးထားရ၏။ အခြေအနေပေးပါက “ဖွေးပေါလူ” ရွာတွင် တရက်နှစ်ရက်တန်သည် နားကာ ၊ သောလဲထရွာ၊ မယ်စာရင်းရန်းမြို့အထိ ဖောက်ထွက်နိုင်ရန် နည်းလမ်းရှာမည်ဟု တွေးထား၏။
“ဖွေးပေါလူ” ရွာ ကမ်းပါးပေါ်အတက်တွင် အလွန်နီးကပ်သောတနေရာမှ၊ လက်နက်ကြီးပေါက်ကွဲသံထွက်ပေါ်လာသဖြင့် လူတွေ အားလုံး နေရာတွင်ပင် ၀ပ်ကာနေရာယူလိုက်ကြ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက ပေါက်ကွဲခြင်းဖြစ်ကြောင်း ချက်ချင်းသိကာ ခရီးဆက်ကြရ၏။ လူအုပ်ကြားထဲတွင် လမ်းလျှောက်လာရင်း အသိမိတ်ဆွေများကို ကျနော်ရှာနေမိသည်။ တွေ့လျှင် သူတို့နှင့် ညှိနှိုင်းတိုင်ပင်ကာ နေရာထိုင်ခင်းကိစ္စ စီစဉ်မည်ဟုတွေး၏။ ထိုစဉ်မှာပင် လူအုပ်ထဲ၌ အမျိုးသမီးတဦးကို မမျှော်လင့်ပဲ ကျနော်တွေ့လိုက်ရလေ သည်။

ခေါင်းပေါ်တွင် လင်ဗန်းတချပ်ကိုရွက်ထားသည့် အမျိုးသမီးတဦး။ လင်ဗန်းပေါ်တွင်မူ ဟင်းသီးဟင်းရွက်လိုလို၊ အကြော်လိုလို အရာဝတ္ထုများကို မျက်နှာသုပ်ပုဝါ အစုပ်တထည်နှင့် အုပ်ထား၏။ လူအုပ်ကိုကျော်ပြီး ကြည့်ရသဖြင့်၊အမျိုးသမီး၏မျက်နှာကို သဲကွဲစွာ ကျနော် မမြင်ရ။ ကျနော့်ရှေ့က လူတချို့ကို အလျင်အမြန်ကျော်တက်ကာ၊ ကျနော်တွေ့လိုက်ရသည့် အမျိုးသမီးဆီလှမ်းလာခဲ့သည်။ သို့သော် လူအုပ်ထဲတွင် ထိုအမျိုးသမီးကို ကျနော် မတွေ့ရတော့။ လူတချို့မှာ အုပ်စုလိုက်ခွဲကာ ရွာထဲသို့ဝင်သွားနေကြ၏။ အချိန် တော်တော်ကြာသည်အထိ ထိုအမျိုးသမီးကို ကျနော်ရှာနေမိသည်။ သို့သော် လုံးဝမတွေ့လိုက်ရတော့။

“ဒေါ်ဂျုံကတော့ ဆရာနိုင်ဝင်းဆွေနဲ့ အတူတူမရှိတော့ဘူးဗျ၊ ဆရာကလည်း ဒေါ်ဂျုံတို့ခေါ်ရာ မလိုက်တော့ဘူးတဲ့၊ ဒေါ်ဂျုံတို့ သားအမိလည်း ဆရာနိုင်ဝင်းဆွေကိုထားပြီး ဒီဖက်ကမ်းကိုကူးလာကြတာ၊ ဒေါ်ဂျုံကတော့ အကြော်ရောင်းပြီး စားစရိတ်၊ ခရီးစရိတ်ရှာနေရ တယ်လို့ ပြောတာပဲ ကိုငြိမ်း၊ ဒါပေမယ့် ပဒိုမန်းရှာကတော့ ဆရာ့ကို ရအောင်ခေါ်လာရမှာပဲလို့တော့ ပြောတယ်လို့ ကျနော်ကြားခဲ့ရတယ်”

ကျနော် … အသက်ရှူမ၀နိုင်အောင် ကြေကွဲနေမိသည်။ ဆရာ “နိုင်ဝင်းဆွေ” တယောက် ရန်သူသိမ်းပိုက်တော့မည့် “မာနယ်ပလော” က၊ အိမ်ကလေးတလုံးထဲ၊ တယောက်တည်း ရှိနေခဲ့ပြီလား … ။ ကျန်နေရစ်ခဲ့ပြီလား။ သူ့ကို ဘယ်သူမှ ကယ်ထုတ် မလာနိုင်ကြတော့ဘူးလား။
“ဖွေးပေါလူ” ရွာ ကမ်းပါး၊ လူသွားလမ်းဘေး၊ ဖုန်ထုကြီးအောက်တွင် ကျနော်တယောက်တည်း ထိုင်နေစဉ် “ပဟေလူ” ရွာကအထွက်၊ လမ်းတွင် ရဲဘော် ကိုစိုးဝင်းညိုပြောခဲ့သည့် ဆရာနိုင်ဝင်းဆွေမိသားစု၏ သတင်းကို ကျနော့်နားထဲ၌ ကြားနေခဲ့လေသည်။

၈။

၉၉၅-ခု … ဖေဖော်ဝါရီလ … ၆-ရက်၊ တနင်္လာနေ့၊ ထိုင်းနိုင်ငံနယ်စပ်၊ ဖွေးပေါလူရွာ။

သူ့ကို ဘုရားစင်အောက်တွင် တယောက်တည်း တင်ပလ္လင်ခွေထိုင်ကာ တရားအာရုံပြုနေသည်ကို ကျနော်တွေ့ရသည်။ ထို့ကြောင့် အနှောက်အယှက်မပြုဘဲ နောက်ဖေးခန်းသို့ ကျနော်ဝင်လာခဲ့သည်။ မီးဖိုချောင်ထဲတွင် ရဲဘော်ဆယ်ယောက်ခန့် ထမင်းစားနေ သည်ကို တွေ့ရ၏။ ဗိုလ်မှူးချစ်မောင် (ရလလဖ အတွင်းရေးမှူး)နှင့် တွေ့ရန် အိမ်ရှေ့ဖက်သို့ ပြန်ထွက်ခဲ့သည်။ ဗိုလ်မှူးချစ်မောင်နှင့်တွေ့ကာ သူ၏ ကျန်းမာရေးအခြေအနေကိုမေးသည်။ ဗိုလ်မှူးချစ်မောင်မှာ ကျနော့်ကို လက်ခံစကားပြောဘို့ပင် အချိန်မရရှာပါ။ သူ့ကျန်းမာရေး အခြေအနေမကောင်းသည့် အကြောင်းကိုသာ ပြောပြနိုင်၏။ သူ့ကို ပဒိုမန်းရှာ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံဖက်ကမ်းအထိ ခေါ်လာနိုင်ခဲ့သည် ကိုပင် ကံကောင်းသည်ဟု ဆိုရပါမည်။ ဗိုလ်မှူးချစ်မောင်တို့အဖွဲ့သည်လည်း သည်ကနေ့ ညနေမှာပင် တပ်မဟာ (၆)နယ်မြေသို့ ဆုတ်ခွါ တော့မည်ဖြစ်ကြောင်း သိရ၏။ သူ့အတွက် ဘယ်လိုအစီအစဉ်ရှိသလဲဟုမေးတော့ ဗိုလ်မှူးချစ်မောင်မှာ ရေရာတိကျစွာ ဖြေနိုင်ခြင်းမရှိ။
ဧည့်ခန်းထဲသို့ဝင်ကာ သူ့ရှေ့တွင် ကျနော်ထိုင်ချလိုက်သည်။ လက်ထဲတွင်ပါလာသည့် ကင်မရာနှင့် သူ့ကိုချိန်လိုက်သည်။ ထိုအခါ ကြမှပင် သူသည် ရုတ်တရက် ကျနော့်ကို ခုန်အုပ်တော့မလို ထရပ်လိုက်၏။ မျှော်လင့်မထားသဖြင့် ကျနော့်မှာ လက်ထဲက ကင်မရာကို အယောင်ယောင်အမှားမှားနှင့် ဘေးသို့ချထားလိုက်ရ၏။ သူသည် ဘုရားစင်အောက်တွင် ပြန်ထိုင်ကာ မျက်လုံးစုံမှိတ်လျက် ငြိမ်သက်သွားလေသည်။

ထိုနေ့ညက ဗိုလ်မှူးချစ်မောင်တို့အဖွဲ့ လုံခြုံရာနေရာသို့ ဆက်လက်ထွက်ခွါသွားကြကြောင်း သိရ၏။ သူကမူ မည်သူနှင့်မျှစကား မပြော။ ထမင်းမစား။ ဘုရားစင်အောက်မှာပင် တဦးတည်း တရားထိုင်နေခဲ့လေသည်။

၉။

၂၀၀၅-ခု …၊ ဧပြီလ၊ ၁၈-ရက်၊ တနင်္လာနေ့။

စာအုပ်စင်ပေါ်က စာအုပ်(၈)အုပ်ကို ရွေးပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ သူ၏ရင်သွေးများဖြစ်သည့် “မဟူရာမေတ္တာ” ၊ “မသိန်းရှင်ဆီပို့ပေးပါ” ၊ “နွေတည” ၊ “ည အသင်္ချေ” ၊ “မြစပယ်ရုံ” ၊ “အချစ်ည” ၊ “ဘ၀စာမျက်နှာများ” နှင့် “ရေဆန်လမ်း” စာအုပ်များကို တအုပ်ချင်းကိုင်တွယ်ကြည့်ရှုရင်း “သူ့” ကို သတိရနေသည်။ သူကွယ်လွန်ခဲ့သည်မှာ (၁၀)နှစ် တင်းတင်းပြည့်ခဲ့ပြီ။ သူ့ကို လေးစားချစ်ခင်သူ တစုက သူကွယ်လွန်ခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကဗျာစာအုပ်ထုတ်ဝေခဲ့၏။ “ရေဆန်လမ်းသို့အပြန်” ဟု အမည်ပေးခဲ့၏။ ယင်း စာအုပ်တွင် သူကွယ်လွန်သည့်နေ့ကို အတိအကျဖော်ပြသည်ကို တွေ့ရသည်။ ( ၂၄-၂-၁၉၉၅)

ကျနော့်အသိထဲတွင်မူ သူကွယ်လွန်သည့် “လ” နှင့် “ခုနှစ်” ကိုသာ အတိအကျသိရှိနိုင်ပြီး နေ့ရက်ကိုမူ မည်သူမျှအတိအကျ မသိရှိနိုင်ဟု ယူဆနေမိသည်။ အမှန်တကယ်အားဖြင့် “ဖွေးပေါလူ” ရွာတွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် စစ်ပြေးဒုက္ခသည်များ၊ စစ်ရှုံးရဲဘော် များထဲ၌ သူ့ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ဟု သိသူ တယောက်မျှမရှိ။ ထိုင်းနိုင်ငံနယ်စပ် တောအုပ်များ၏အလယ်တွင် စိတ်ဝေဒနာခံစားနေရသူ “သူ့” ကို နားလည်ခွင့်လွှတ်ကာ ကူညီဖေးမပေးနိုင်မည့်သူ တဦးမျှမရှိနိုင်။ နအဖတပ်များ၏ လက်နက်ကြီး တကမ်းစာအကွာ ထိုင်းနယ်ခြားစောင့်တပ်များ ခြေချင်းလိမ်ရှိနေပြီး တော်လှန်ရေးရဲဘော်များ ၀ါးအစည်းပြေသလို လက်နက်မဲ့ ဥဒဟို ထွက်ပြေးတိမ်းရှောင်နေကြရသည့် ခေတ်ပျက်ကာလတခုတွင် သူ့ကို လူဆိုးလူကောင်း ခွဲခြားဆက်ဆံရန်မှာလည်း သူ့ကျန်းမာရေး အခြေအနေက အကူအညီမရနိုင်တော့။

ကျနော့်အတွေးထဲတွင် ၁၉၁၇-ခုနှစ်၊ အောက်တိုဘာတော်လှန်ရေးအပြီး၊ အာဏာရှင်စက်ကွင်းမိလျက် ဆိုက်ဗေးရီယားမဲဇာတော တွင် မထင်မရှားသေဆုံးသွားရသည့် ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ကို တွေးနေမိသည်။ ကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” မည်သည့်နေ့က မည်သည့်နေရာတွင် မည်သည့်အတွက် သေဆုံးခဲ့ရသည်ကို ယခုအထိ မည်သူမျှအတိအကျ ပြောမပြနိုင်ခဲ့။
“နိုင်ဝင်းဆွေ” သည်ကော … ။

မုန်တိုင်းတခုအောက်တွင် ကြွေရွက်တချို့လွင့်ပါ ပျောက်ကွယ်ရသည်မှာ ဘာမျှတော့မဆန်း။ သို့သော် ဤသစ်ရွက်တရွက် ကြွေလွင့်သွားရပုံမှာ တကယ့်ကို ဂန္တ၀င်မြောက် ရောမန္တိက ဆန်လွန်းလှချေ၏။ ။

(ဒီဝတ္ထုလေးကတော့ ဆရာနိုင်ဝင်းဆွေနှင့်ကျနော် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ အချိန်ကို မှတ်တမ်းတင်တဲ့ သဘောပါပဲ။ ဆရာနိုင်ဝင်းဆွေ အပေါ်မှာ စိတ်ဝင်စားကြသူတွေ သူ့ဝတ္ထုတွေကို နှစ်သက်ကြသူတွေအတွက် ဒီဝတ္ထုတိုလေးက တစုံတရာ မှတ်တမ်းမှတ်ရာ တခုအဖြစ် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။)



July 11, 2009

စာမျက်နှာနှစ်ခုကို ဖတ်ရှုမိခြင်း


( က )
နှလုံးသားကို အေးခဲသွားစေတဲ့ သည်အဖျား
နောက်ဆုံးပါးလိုက်တဲ့ လက်ဆောင်လို
ခုထိ ငါမှတ်မိနေသေးရဲ့ ။
နေ့ ခင်းနဲ့ တူတဲ့ သည်ည
ပြီးတော့ ပြာပုံတွေကြားထဲက
ကြေကွဲနေတဲ့ အရိပ်တခု
အခုထိ ငါမှတ်မိနေသေးရဲ့ ။
မီးလောင်နေတဲ့ အနံ့ ဟာ
စိတ်မချမ်းမြေ့ မှုလို
စူးဝါးကြမ်းရှ နေရဲ့ ။
သည်အနံ့ ဟာ ဘယ်တော့မှ ငါ့ကိုမခွါ
ကျေးရွာတွေရဲ့ ပြာမှုံများလို
တိုက်ဖွိုက်ရောဂါ ကယောင်ကတမ်း
ဝေဒနာရဲ့ 
အနီရောင်နဲ့ အနက်ရောင် ကောက်လှိုင်းစည်းများလို့
သူစိမ်းဆန်တဲ့ တိတ်ဆိတ်မှုသစ်ထဲက
သေဆုံးသွားတဲ့ လ၀န်းရဲ့ အစိပ်အပိုင်းလို
သည်အနံ့ ဟာ ငါနဲ့ အတူရှိနေရဲ့ ။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )


၁၉၅၄ - ခု ၊ နွေဦး၊ စလင်းမြို့ ....။
အိပ်ပျော်ရာက လန့် နိုးလာခဲ့သည်။ မျက်စေ့ကျိန်းမတတ် အလင်းရောင်များကို တွေ့ လိုက်ရသည်။ မလှမ်း မကမ်းက ခြေသံများကိုကြားရသည်။ ပူနွေးနူးညံ့ သည့်လက်တဖတက်ကို ဆုပ်ကိုင်မိသည်။ လူတစ်ယောက်ရဲ့  လက်တဖက်က သူ့ ခေါင်းပေါ် အသာအယာတင်လျက်။
“သား၊ အိပ်နေလေ၊ အမေရှိတယ်၊ အသာလေးအိပ်နေ”
ခေါင်းကိုမေါ့ပြီးကြည့်သည်။ ခြံစည်းရိုးအပြင်ဖက်၊ ခြံဝန်းဘေးက လမ်းခင်းလိပ်သဲကျောက်တုံးများ နှင့်မြင်းခွါများပွတ်တိုက်မိသံကြားရသည်။ ခရာတုတ်သံကြားရသည်။ မြင်းခွါသံများမှာဝေးကွာသွားနေ၏။ အလှမ်းဝေးလွန်းသည့်တနေရာမှ လူသံများကိုကြားရသည်။ ဗျောက်အိုးဖေါက်သံများမှာ တမြို့ လုံးကိုလွမ်း မိုးလျက်။ မီးရောင်များမှာ ရုတ်တရက်ဝင်းလက်လင်းဖြာပြီးမှ တဖြေးဖြေး အမှောင်ကျသွာ၏။
ဆေးရုံကြီးဖက်က အော်ဟစ်ပြောဆိုသံများကြားရသည်။ တံခါးများရိုက်ချိုးဖျက်ဆီးနေသည့် အသံများကိုကြားရသည်။ ခြေသံများမှာ နီးလာလိုက်ဝေးသွားလိုက်ဖြစ်နေ၏။ ခေါင်းပေါ်တင်ထားသည့် မိခင်၏လက်ကသူ့နဖူးကိုအသာဖိသည်။သူက မျာက်လုံးများကို မှိတ်ကာ ဗျောက်အိုးဖေါက်သံများကို နားထောင်သည်။ ဗျောက်အိုးများက တခါတရံ တချက်ချင်း။ တခါတရံအတွဲလိုက်။ တခါတရံ နားကွဲလုမတတ် ပေါက်ကွဲမြည်ဟီးလျက်။
မိခင်၏ကိုယ်နံ့ ကြောင့်သူ့ မှာသတ္တိများပြည့်လာရ၏။ နေ့ ခင်းကြောင်တောင်ပမာ အလင်းရောင်များ လင်းဖြာလိုက်သည့် ညကိုသူကြောက်သည်။ မိုးခြိမ်းသံများလို ဗျောက်အိုးဖေါက်သံများကို သူကြောက်သည်။ အမှောင်ထုအောက်က ခြေသံများကိုသူကြောက်သည်။ သို့ နှင့်သူသည် မိခင်၏လက်ကိုဆုပ်ကိုင်ရင်း....၊မိခင် ၏ခန္ခာကိုယ်နှင့်တိုးဝင်ပူးကပ်ရင်း ပြန်လည်အိပ်ပျော်သွားရ၏။

အိပ်ပျော်ရာကနိုးတော့ သူ့ ခန္ခာကိုယ်မှာအိပ်ယာထဲတွင်လဲလျောင်းလျက်။ သူက ကမန်းကတန်း အိမ်ရှေ့ကိုထွက်သည်။ မိခင်ကိုရှာသည်။ အိမ်ရှေ့ခန်းတွင် လူတချို့ ထိုင်နေကြသည်။ မိခင်ကို ကုလားထိုင် တစ်လုံးတွင်ထိုင်လျက်တွေ့ ရ၏။ အမဖြစ်သူ့ကမိခင်၏ဘေးတွင် တံပျက်စီးတချောင်းကိုင်ရင်းရပ်လျက်။ ညီလေးက ဖခင်၏ရင်ခွင်ထဲတွင်ထိုင်လျက်။
“ဆရာကြီး၊ ဆေးရုံက ဆရာဝန်ကြီးက ခဏာလာပါအုန်းတဲ့”
ထိုင်နေသူအားလုံးထိုင်ရာက ထရပ်လိုက်ကြသည်၊ ပြတင်းပေါက်က်တဆင့် အောက်ကိုငုံကြည်ကြ သည်။ ဖခင်က ညီလေးကို မိခင်ထံလွှဲကာ အိပ်ပေါ်ကဆင်းသည်။ ဆေးရုံကြီးဆီ ခတ်သုတ်သုတ် လျောက်သွားနေ၏။
ရေကပြင်တွင် မျက်နှာသစ်ရင်းလူကြီးတွေပြောဆိုနေကြသည့် စကားများကို သူ့ နားထဲ၌ ထပ်ပြန် တလဲလဲကြားနေရ၏။
“သစ်ပင်တွေမှာ လူ့ ဦးဏှောက်တွေကပ်နေတာ။ အဲဒီသစ်ပင်မှာ လူတယောက်ယောက်က ကပ်ပြီင်္း ရပ်နေတုန်း ခေါင်းကိုသေနတ်မှန်သွားလို့ ဖြစ်မှာပေါ့၊ပြီးတော့ သစ်ပင်ခြေရင်းမှာသွေးအိုင်ကြီးရှိနေတာပဲဟာ”
“ရဲစခန်းထဲမှာ သွေးအိုင်တွေနဲ့ ဒရွတ်တိုက်ဆွဲသွားတဲ့စွပ်ကြောင်းတွေလည်းရှိနေသေးတယ်”
“ရောက်စုံသူပူန်တွေက ညနေကတည်းက လှည်းတွေနဲ့မသိမသာမြို့ ထဲရောက်နေတာဆိုပဲ။ က္ကုသိနာရုံဘုရားဝင်းထဲမှာ စခန်းချသွားကြတာ၊ မြင်းတွေစီးပြီးတမြို့ လုံး မကြောက်ကြဖို့ ၊ အိမ်အပြင်ဖက် မထွက်ကြဖို့ လိုက်အော်ကြသေးတယ်၊ သူတို့ ချင်း လူချင်းမှားပြီးပစ်ကြ ခတ်ကြသေးတယ်တဲ့”
“ဆေးရုံတံခါးတွေကို ရိုက်ချိုးဖွင့်ပြီး ဆေးတွေအကုန်ယူသွားတယ်တဲ့၊ နယ်ပိုင်ကြီးအိမ်ဖက်၊ မြို့ ရိုး ဟောင်းပေါ်ကို သူတို့ က စစ်ဖိနပ်တွေနဲ့ တက်ကြတာပဲ၊ စစ်တပ်နဲ့ ပုလိပ်တန်းလျားကို အဲဒီပေါ်ကနေပြီး အမြောက်နဲ့ ထုတာတဲ့၊ ဘာရမှလဲ၊ မြို့ ရိုးကုန်းထိပ်မှာ နတ်စင်ကရှိနေတယ်လေ၊ မြင်းဖြူရှင်က မြင်းဖြူစီးပြီးတမြို့ လုံးပတ်ပြီး စောင့်ရှောက်ခဲ့လို. သူပုန်တွေ သူ့ အလောင်း သူဆွဲပြီးပြန်ဆုပ်သွားရတာ”
မျက်နှာသစ်ပြီး အိမ်ပေါ်ကဆင်းတော့ ဆေးရုံကြီးရှေ့ တွင် လူတွေအုပ်လိုက်ရောက်နေသည်ကို တွေ့ ရ၏။ အိမ်ရှေ့ ကားလမ်းမဘေး ညောင်ပင်ကြီးအောက်တွင်ရပ်ကာ ဆေးရုံးကြီးအပေါက်ဝ့ကို လှမ်းကြည့်နေ မိသည်။
ဘာ့ကြောင့်ရယ်မသိ.....။ သူ့ ရင်ထဲ ၌ထိတ်လန့် ကြောက်ရွံ့ ခြင်းနှင့်အဖြေမထွက်သည့် မေးခွန်းများသာ လုံးထွေးရစ်ပတ်လျက်ရှိလေသည်။

( ၂ )
သည်မှာကော
သစ်ရွက်တွေကြားထဲမှာ ပျောက်ကွယ်နေတဲ့
အိမ်တွေထဲမှာကော
ဘ၀ဆိုတာ တကယ်ရှိရဲ့ လား။
ကောင်းကင်က တိတ်ဆိတ်
ပြာမှုန်တွေက တိတ်ဆိတ်
ပစ်သတ်ခံရသူတွေရဲ့ ကြက်လျှာစွန်းဦးထုပ်တွေက တိတ်ဆိတ်
အချိန်ကို တိုင်းထွာနေတဲ့
လေးနက်တဲ့ နာရီသော့သီးလို တင်းမာတဲ့
ကြိုးကွင်းတပ် အသတ်ခံရသူသာလျင်
မမောမပမ်း လှုပ်ယမ်းနေတယ်။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )

သူနှင့်သူ့ သူငယ်ချင်း‘ချမ်းမြေ့ ’ တို့ စစ်တပ်ဂိတ်ရှေ့ ကိုရောက်တော့ လမ်းပေါ်တွင် လူတစ်ယောက် မျှ မရှိပဲဖြစ်နေသည်။ သူတို့ နှစ်ယောက်စစ်တပ်ဂိတ်ရှေ့ မှခတ်ဖြေးဖြေးလျှောက်လာကြ၏။ ဂိတ်ဝအစေါင့် တဲကလေးထဲတွင် စစ်သားတစ်ယောက် သေနတ်လွယ်ရင်းရပ်နေသည်ကိုတွေ့ ရသည်။ စစ်သားလုပ်သူက သူတို့ နှစ်ယောက်ကို လှမ်းကြည့်သည်။ ထို့ နောက်တဖက်သို့ မျက်နှာလွှဲသွား၏။
အသက်ဆယ်နှစ်ပင်ပြည့်ဟန်မရှိသည့် သူနှင့် ‘ချမ်းမြေ့ ’ ကိုစစ်သားကြီးက အရေးမစိုက်သည့်ဟန် နှင့် ဆေးလိပ်ပင် မီးညှိပြီးသောက်နေ၏။

သူက ဂိတ်ဝနှင့်မလှမ်းမကမ်း ခြံဝန်းဘေးမှကပ်ပြီးလျောက်သည်။ သူတို့ နှင့်ငါးကိုက်မျှအကွာတွင် တမာပင်တစ်ပင်ရှိ၏။ တမာကိုင်း တစ်ကိုင်းကလမ်းဖက်ကိုတိုးထွက်နေ၏။ ထိုသစ်ကိုင်းတွင် လူတစ်ဦး၏ ဦးခေါင်းပြတ်တခုဆွဲချိပ်လျက်။ ရှည်လျားသည့်ဆံပင်ကို ကြိုးတစ်ချောင်းနှင့်ဆွဲချီကာ သစ်ကိုင်းတွင် ချိပ်ထားခြင်းဖြစ်၏။
သူက သစ်ပင်ခြေရင်းအထိ တိုးကာချိပ်ထားသည့် ဦခေါင်းကို အနီးကပ်ပြီးကြည့်ချင်နေသည်။ သို့ သော် သူငယ်ချင်းဖြစ်သူ “ချမ်းမြေ့ ” ကသူ့ လက်ကိုဆွဲထား၏။ သို့ နှင့်တိုင်သူက သစ်ပင်ရှိရာတိုးသည်။ ချိပ်ထား သည့် လူဦးခေါင်းးကို အသေအချာမေါ့ကြည့်သည်။
သစ်ကိုင်းတွင်ချိပ်ထားသည့် ဦးခေါင်းမှာ မျက်လုံးများပင်မရှိတော့။ မျက်နှာပြင်တခုလုံး သွေးများ၊ရွံ့ များပေကျံလျက်။ လည်တိုင်မှာ အူလိုလို၊ အရေပြားလိုအသားမျှင် တချို့ တွဲကျလျက်။ သွေးစများကိုတွေ့  ရသည်။ ညိုမဲလျှက်ရှိသော မျက်နှာတစ်ခြမ်းကိုရွံ့ များ၊ရေများစိုလူးနေသည့်ဆံပင်များက ဖုံးအုပ်လျက်။
ထိုနေ့ က ကျောင်းတွင်ဆရာ၊ ဆရာမများအချင်းချင်းစကားပြောနေကြသည်။ သူက စာသင်ခန်းထဲ မ၀င်သေးပဲ ဆရာမနှစ်ဦး ဘေးတွင်ကပ်ပြီးရပ်သည်။ လွယ်အိတ်ကို မသိမသာ ပြင်ပြီးဆွဲသည်။ ဆရာမ တချို့ မှာ မျက်စေ့မျက်နှာ ပျက်နေကြ၏။
“ကျမကျောင်းကိုလာတော့ တကယ်ဟုတ်တယ်တော့၊ စစ်တပ်ရှေ့ မှာ ခေါင်းပြတ်ကြီးတကယ်ချိပ်ပြီး ပြထားတာ၊ ဘယ်သူကြည့်ကြည့် ကြည့်လို့ ရအောင် တမင်ဆွဲချိပ်ပြီး ပြထားတာတဲ့၊ အဲဒါ သူပုန်ဗိုလ်ရဲ့  အလောင်းကိုသူ့ မိန်းမကိုပြတော့ သူ့ မိန်းမက စစ်သားတွေကို ရန်တွေ့ လိုက်တာဆူနေတာပဲတဲ့။ သူပုန်ဗိုလ်ရဲ့ မိန်းမက စစ်သားတွေကို ပခုံးချင်းအတင်းလိုက်တိုက်ပြီး ရန်တွေ့ တာတဲ့”
သူနှင့်သူ့ သူငယ်ချင်း“ချမ်းမြေ့”တို့ ၊ စစ်တပ်ဂိတ်ရှေ့ ကပြန်လာတော့ အိမ်ပေါက်ဝတွင် ဖခင်ကတုတ် တချောင်းကိုင်ပြီးရပ်စောင့်နေသည်ကိုတွေ့ ရ၏။ “ချမ်မြေ့ ” က တုတ်ကိုင်ထားသည့် မိမိ၏ ဖခင်ကို မြင်က တည်းကသူနှင့်အတူလိုက်မလာခဲ့တော့။ သူက အိမ်ရှေ့ ရေမြောင်းပေါ်က တံတားလေးပေါ်တက်သည်။ ဖခင်၏တုတ်က သူ့ ခြေထောက်ပေါ်ရောက်လာ၏။ သူကလှမ်းထားသည့်ခြေထောက်ကိုရုပ်သည်။နာကျင်မှု ကို အံကြိတ်ပြီးခံ၏။ နောက်တဖန်ခြေထောက်တဖက်ကို တံတားပေါ်တင်သည်။ နောက်ထပ်ပြီးတုတ်တချက် သူ့ ခြေဖမိုးပေါ်ကျလာ၏။
“မင်း...တော်တော်ခေါင်းမာတဲ့ကောင်၊ နောက်ကိုဒါမျိုးထပ်လုပ်ရင်သည့်ထက် နာအောင်အဖေ ရိုက် မယ်၊ ခင်ရေ...ဟောဒီမှာ မင်သားလူစွမ်းကောင်းကြီးပြန်လာပြီကွ”
နောက်ထပ်( ၂ )ရက်ရှိသောအခါ သူသည်‘ စိန်စီနီမာ ’ ရုပ်ရှင်ရုံကြီး ဖက်သို့ ထွက်လာခဲ့၏။ အိမ်မှ မိနစ် ( ၂၀ )ခန့် ခြေလျင်လျောက်လျင်ရောက်သည့်ရုပ်ရှင်ရုံကြီးဖက်ကိုထွက်ခဲ့၏။ ရုပ်ရှင်ရုံကြီးနှင့် မလှမ်းမကမ်း တွင်မြို့ ပတ်လမ်းရှိ၏။ မြို့ ပတ်လမ်းပေါ်မှကြည့်လျင် လယ်ကွက်များကို ကျော်ကာ ရွာကလေးတရွာကို လှမ်း မြင်နေရ၏။ လယ်ကွင်းကြီးက တကွင်းလုံး စိမ်းစိမ်းစိုလျက်။
“သူပုန်ဗိုလ်နဲ့ သူ့ မိန်းမကို အဲဒီလယ်ကွင်းထဲမှာ စစ်တပ်ကဖမ်းမိလိုက်တာတဲ့၊ သူ့ မိန်းမက အဲဒီရွာ ကဆိုလားပဲ၊ စစ်တပ်ကသတင်းရလို့ ကြိုစောင့်နေတာ၊ နှစ်ယောက်စလုံး ခံပြီးပစ်သေးတယ်တဲ့၊ မိန်းမကို တော့ရွာနားကြမှမိတာ၊ သူပုန်ဗိုလ်ကတော့ လယ်ကွင်းထဲမှာပဲ သေနတ်မှန်ပြီးသေသွားတာ”
အတန်းပိုင် ဆရာမ၏ စကားများကိုသူမှတ်မိနေသည်။ စစ်တပ်ဂိတ်ရှေ့ က၊ တမာပင်တွင်ချိပ် ဆွဲထားသည့် သူပုန်ဗိုလ်၏ခေါင်းပြတ်ကြီးကို မေ့ လိုမရ။ နောင်အခါ မကြာခဏ ဆိုသလို စိန်စီနီမာ ရုပ်ရှင် ရုံကြီးဖက်ကို သူသွားခဲ့၏။ မြို့ ပတ်လမ်းပေါ်ကတဆင့် လယ်ကွင်းစိမ်းစိမ်းကြီးကို ရပ်ပြီးကြည့်သည်။လယ် ကွက်များ၏ဟိုမှာဖက်တွင်ရွာကလေးကိုမြင်ရ၏။ ရွာကလေးမှာ တောအုပ်ထဲတွင် ကိုယ်တပိုင်း မြုပ်၍နေ လေသည်။

( ဂ )

၁၉၉၃ -ခု... မတ်လ။ မာနယ်ပလော......။

ငါ့ခေတ်က ဆူညံတဲ့ခေတ်
လူတွေလျင်မြန်စွာ ချုပ်ငြိမ်းသွားကြ
စစ်ပွဲမှာ ငြိမ်သက်တိတ်ဆိတ်နေတာဟာ ကြောက်စရာကောင်းသလို
နွေဦးဟာ ငြိမ်သက်ပြီး ကြောက်ဖွယ်ကောင်းရဲ့ ။
ပြီးတော့တိုက်ပွဲ
ပြီးတော့ မီးလောင်းထားတဲ့အိမ်တလုံးအနီး
စက်သနတ်သမားတယောက် လဲကျလို့ 
ငါ့စိတ်ကို လှုပ်ရှားစေတဲ့အရာဟာ
လုယူခံထားရတဲ့ ငါ့ရဲ့ ပျိုရွယ်တဲ့ဘ၀ပေလား။
( မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘ၀ ...စာအုပ်မှ )

စာအုပ်ထဲက စာရွက်တစ်ရွက်ကို လှပ်လိုက်သည်။ နှစ်ပေါင်း( ၃၀ )ကုန်လွန်သွားသည်မှာ လျင်မြန်လွန်းလှသည်။ ဘ၀ဆိုသည်မှာ စာရွက်တစ်ရွက်လှပ်လိုက်သလိုသာဖြစ်သည်။ ဤသို့ ဆိုလျင် သူ့ ဘ၀၏ ရှေ့ ပိုင်းနှင့်နောက်ပိုင်းမှာ စာရွက်တစ်ရွက်၏် ရှေ့ မျက်နှာစာနှင့်နောက်မျက်နှာစာဖြစ်မည်။ ဘာမျှမထူးခြား။ ဘာမျှမကြာလိုက်။ ဘာမျှမကျန်ရစ်။
သူကစာမျက်နှာတဖက်တွင်ရှိသည့် အကြောင်းအရာများကို မေ့ထားလိုက်ချင်သည်။ ”အပြုခံဝအဒ“ ကိုသူဆန့့်ကျင်သည်။ မိမိသည်သာ ဘ၀၏ကတ္တား။ သို့ သော်နှစ် ( ၄၀ )ကျော်ခဲ့ပြီ။ နှစ်ကာလများ လျင်မြန် စွာကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်ကြကာမှ “အပြုခံဝါဒ” ကို ဆန့် ကျင်ရန်သူဆုံးဖြတ်ခဲ့သည်။ စာမျက်နှာသစ် ကို ကိုယ်တိုင်ရေးရမည်ဟုဆုံးဖြတ်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့သည်၏နောက်၌ သူ့ လက်ထဲတွင် ကင်မရာတစ် လုံး၊ မှတ်စုစာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း ရောက်လာခဲ့၏။ ဘော်နောလေး တောင်၏ခြေရင်းတွင် တဲထိုး ပြီးနေ၏။ မယ်တုက္ခီစမ်းချောင်းတွင်ရေချိုး၏။ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်ထဲတွင် ကဗျာရွတ်၏။ သောင်ရင်းမြစ်ကမ်းတွင်ထိုင်ကာ “ယုံတော်မူတမ်းချင်း” ကဗျာကိုရေး၏။
တခါတရံ သူသည်ရက်ပေါင်း( ၆၀ )ကျော်ခရီးထွက်တတ်၏။ သံလွင်မြစ်အတိုင်း စုန်ဆင်း၏။ မယ်ညောခီးတောင်ကိုကျော်၏။ ဘောသရောဆိပ်ကိုဖြတ်၏။ ဟီးထိုးထတောင်ကြားထဲကိုဝင်၏။ ယွန်းစလင်း ချောင်း၊ ဒုံသမိချောင်းများအတိုင်း အစုန်အဆန်ခရီးနှင်၏။
သူသည် မိဆိုင်းကျောက်တောင်ကြီး၏ထိပ်တွင်ရပ်ကာ စစ်တောင်းမြစ်ကြီးရှိရာ မှန်ဆပြီးကြည့်ခဲ့ ဖူး၏။ တိမ်တချို့ မှာ သူ့ ဆီသို့ ပြေးဝင်လာကြကာ အော်ဟစ်သံများပေးသွားကြ၏။သူ့ နားထဲ၌ဖလံတောင်ရွာ သူ “မရေသူ” ၏ငိုရျှိက်သံကိုကြားရသည်။ ”မဒေ၀ီ“၏“ဒီကချစ်တာသိရဲ့ သားနဲ့ သူမို့ ခွဲသွားရက်တယ်...” သီချင်းသံကိုကြားရသည်။ ဓါးလိုထက်ရှလှသည့် ကျောက်တောင်ကြီးပေါ်ဖိနပ်မပါ ဗလာခြေထောက်နှင့် အတက်အဆင်းလုပ်နေသည့်” ဦးကသေးဖိုး“ ၏ခြေထောက်များကို တွေးနေမိသည်။ ခန္စာကိုယ်ကို ထုပ်တန်း တွင်ဇောက်ထိုးဆွဲကာ ပါးကိုကြေစည်အထုခံရသည့် ကျုံစိန်ရွာက ရဟန်းတပါးကို မြင်ယောင်သည်။ တလိုင်း ကရင်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဘုရားစေတီခြေရင်းက မြေပုံမို့ မို့ ကိုမှန်းဆပြီးကြည့်သည်။

တောင်ခြေအောက်က
ကျွဲခလောက်သံထဲမှာ
စပယ်နံ့ ကို ငါရှူတယ်။
ဖြူညစ်ညစ် နှင်းထုအောက်
အပြာနုနုကို ထွင်းဖေါက်ကာ
သံလွင်မြစ်ကို ခြေရာကောက်နေမိတယ်။
ကမ္ဘာ့ တဖက်ခြမ်း
မီးတောင်နှုတ်ခမ်းက
ပန်းထွက်လာတဲ့ မီးလျံတွေထဲမှာ
‘ ဗေါ်ဒလယ်’ ရဲ့ မိစ္ဆာပန်းများကို မြင်လိုက်ရ...။
‹ ပဉ္စလက်တောင်တန်း ကဗျာမှာ...›

ဤစာမျက်နှာတစ်ဖက်၌ သူသည်“ စလင်းမြို့ ကလေး” ၏မြို့ ပတ်လမ်းပေါ်တွင်ရပ်ရင်း လယ်ကွင်း စိမ်းစိမ်းကြီးကိုလည်းမြင်နေရပြန်သည်။ တောအုပ်တစ်ခုအတွင်း ကိုယ်တပိုင်းမြှုပ်ထားသည့် ရွာကလေးတစ် ရွာကိုတွေ့ ရပြန်သည်။ မကြာခဏဆိုသလိုကြားရတတ်သည့် ’ နော်တ ‘ နှင့် ‘ ဆင်ဖြူတောင် ’ ဖက်ဆီက လက်နက်ကြီးပစ်သံများနှင့်အတူမြင်းခွာသံများကိုကြားလိုက်ရ၏။ တရံမလပ်ကြားနေရသည့်မယ်တုက္ခီစမ်း ချောင်းရေစီးသံ ထဲတွင်ကျောက်ဖြာရွာစာသင်ကျောင်းဆီက ” အသံအက်သွားသည့် ကျောင်းတက် ခေါင်းလောင်းထိုးသံ“ ကိုလည်းကြားလာရသည်။

အို...
အစိမ်းရောင် ကော်ဇောများပေါ်က
လှိုင်းတံပိုးလို ထကြွလာကြမယ့်
ကျွန်ုပ်တို့ ရဲ့ အိုးအိမ် မြေယာနဲ့ မြစ်ချောင်းများ
မွေးဖွားလာခြင်းအသစ်နဲ့ 
စစ်ပွဲတွေငြိမ်းချမ်းပြီး
စိမ်းလန်းတဲ့ ဘ၀ဆိုတာ
လက်ဖ၀ါးပေါ်က ‘ ကဗျာ ’ တဲ့...။
‹ ဥရောပမဲဇာကဗျာမှ...›

မိဆိုင်းကျောက်တောင်ကြီးပေါ်က လှမ်းမြင်ရသည့်မြင်ကွင်းမှာ သူ့ ရင်ကို ပွန်းပဲ့သွားစေ၏။ ’လေးကေတောင်‘ ကြီးက လက်သီးဆုပ်ကြီးထောင်ထားသလို ဖြစ်နေ၏။ “ ကားမဲတောင်” ကြီးမှာအပြာရောင် နောက်ခံတွင်အိပ်မောကျလျက်။
ဘ၀၏နှစ်ပေါင်း ( ၄၀ )။ အိပ်မွေ့ ချခံထားရသည့် လူတစ်ယောက်လို လမ်းလျောက်လာခဲ့ရသည့် နှစ်ကာလများ။ စာရွက်တစ်ရွက်၏စာမျက်နှာတဖက်။ စာမျက်နှာတစ်ဖက်မှာ ၀ါကျင့် ရင့်ရော်နေသည့်တိုင် တချို့ သော အကြောင်းအရာများက ဒီင်္မှာဖက် စာမျက်နှာအထိပါလာခဲ့ကြ၏။ ဒီမှာဖက်စာမျက်နှာပေါ်တွင် ရောယှက်နေကြ၏။ သူကလည်း ထိုအကြောင်းအရာများ မှေးမှိန်သွားမည်ကိုမလိုလား။ ဘ၀၏စာမျက်နှာ သစ်တွင်စာမျက်နှာဟောင်းမှအကြောင်းအရာတချို့ စွန်းထေးနေစေခြင်းဖြင့် အပြုခံဘ၀၏ ဒဏ်ရာဒဏ် ချက်များကို ကုစားဖို့ လိုအပ်ကြောင်း သူ သတိပြုမိပေလိမ့်မည်။
တနေ့ တွင်သူသည်” ဒေါ်အောင်ဆန်းစုကြည်လမ်း“ ကလေးထဲ၌ တစ်ဦးတည်းလမ်းလျှေက်လာ ရင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်( လွတ်မြောက်နယ်မြေ ) ဌါနချုပ်ရုံးရှေ့ တွင်ခြေစုံရပ်၏။ ဌါနချုပ်ရုံးဝန်း အတွင်းက လွင့်ပျံလာသည့်“ တေးသံရှင်မွန်းအောင်” ရဲ့  “ ငြိမ်းချမ်းရေးတိုက်ပွဲ ” သီချင်းသံမှာ သူ့ နှလုံးသား ဆီင်္တိုးဝင်နာကျင်စေလိုက်၏။
နှစ်ပေါင်း ( ၄၀ )ကျော်ခဲ့ပြီ။ စာရွက်တစ်ရွက်ကိုလှပ်လိုက်၏။ ဘာမျှမကြာလိုက်ဟုခံစားရ၏။ ဘ၀ဆိုသည်မှာ စာရွက်တစ်ရွက်၏ စာမျက်နှာ နှစ်ဖက်မျှသာဖြစ်သည်။
ဒီင်္မှာဖက် စာမျက်နှာပေါ်တွင် တစုံတရာရေးခြစ်ရန်ဟန်ပြင်နေသည့် သူ့ လက်များမှာ တုန်ရင်လျက်ရှိ လေသည်။ ။

ငြိမ်းဝေ




July 03, 2009

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ


ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေ့လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလ အမျိုးမျိုးကိုအခြေခံထားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။



(က) ၁၉၀၀ ပြည့်နှစ်လွန် အမျိုးသားရေးစိတ်ဓါတ်နိုးကြားစကာလ
(ခ) ၁၉၂၀ ခုနှစ် ၀န်းကျင် အမျိုးသားရေးစိတ်ဓါတ်များ အနိုးကြားဆုံးကာလ
(ဂ) ၁၉၄၀ - ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ
(ဃ) ၁၉၄၈ ခုနှစ်အလွန် လွတ်လပ်စ ငြိမ်းချမ်းရေး၊ဒီမိုကရေး ကြိုးပမ်းမှုကာလ

ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ ခေတ်ကာလအသီးသီးနဲ့ တနည်းမဟုတ်တနည်း ပါဝင်ပါတ်သက်နေမှာပြဲဖစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာလည်း ကဗျာ ဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာတဦးဖြစ်တာမို့ အထက်ကကျနော်တင်ပြခဲ့တဲ့ ခေတ်ကာလ(၄)ခုအတွင်း မလွဲမသွေ ပါဝင်ပါတ်သက်ခဲ့ရပါတယ်။ ဒါဆိုရင် အဲဒီခေတ်ကာလ(၄)ခုအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လိုရပ်တည်ခဲ့သလဲ။ ဘယ်လိုပါဝင်ပါတ်သက်ခဲ့သလဲ။

(က) ၁၉၀၀ ပြည့်နှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓါတ် နိုးကြားစကာလ

၁၉၀၀ ပြည့်ဝန်းကျင်ကာလဆိုတာ ကျနော်တို့နိုင်ငံ။ အင်္ဂလိပ်နယ်ချဲ့လက်အောက် တနိုင်ငံလုံးအပြီးအ ပိုင်ရောက်ရှိခဲ့ရတဲ့ ၁၈၈၅ - ခုနှစ်ကစပြီးတွက်ရင် ကျွန်သက်(၁၅)နှစ်ကြာကာလဖြစ်ပါတယ်။ ကျွန်ဘ၀ကိုစပြီး ရောက်တဲ့အချိန်ကစလို့ မြန်မာတမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို (၁၀)နှစ်တာကာလအတွင်း အင်္ဂလိပ်နယ်ချဲ့ တွေဟာ ဗိုလ်ချုပ်သုံးဦးကွပ်ကဲတဲ့ စစ်အင်အား (၃၅၀၀၀)ကို အသုံးပြုပြီးမှ နှိမ်နင်းခဲ့ရပါတယ်။
ကျွန်ဘ၀ကိုရောက်ရှိပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ်အထိ ခုခံရေးတိုက်ပွဲတွေ အရှိန်မသေခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့အသက်ဟာ(၂၀)၀န်းကျင်ဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို အင်္ဂလိပ်တွေက အဆမ တန်အင်အားသုံးပြီး နှိပ်ကွပ်ပြီးတဲ့နောက် အမျိုးသားရေးစိတ်ဓါတ်တွေ အညွှန့်ချိုးခံရသလိုဖြစ်ပြီး နယ်ချဲ့ကို အထင်ကြီး၊ နယ်ချဲ့ကိုကြောက်ရွံ့၊ နယ်ချဲ့နဲ့ပူးပေါင်းသွားကြတဲ့ အမျိုးသားရေးစိတ်ဓါတ် ဖြူဖျော့သူများပေါ်ပေါက် လာနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအမျိုးသားရေးစိတ်ဓါတ်ဒီရေ ကျဆင်းနေတဲ့အချိန်မှာ ဆရာကြီးသခင်ကိုယ် တော်မှိုင်းက

“သတင်းလှစွာ၊ အင်းဝတည်စဉ်အခါက
ထီမထင်သကွာ ဘာကိုမျှမစိုးတဲ့အပြင်
စည်ပင်သာယာ မြန်မာတွေလဲ မညှိုးခဲ့ပေဘု
တမ်းခိုးဂုဏ်ထောင်ရောင်ခြည်နဲ့
မှောင်မသီပြောင်ကြည်လို့ထွန်းတဲ့ပြင်
တောင်ဒီမှာ အောင်စည်ရွှမ်းခဲ့တယ်
နန်းသိုက်ကွာဝေးကာမှ၊ လွမ်းလိုက်ပါသေး ... ” ဆိုတဲ့ မိဘုရားရှင်ဘို့မယ်ဘွဲ့ကဗျာကို ရေးပါတယ်။ ဒါဟာ အမျိုးသားရေးစိတ်ဓါတ်နိုးကြားဖို့အတွက် အဲဒီအချိန်က ရှေ့ဆုံးကရပ်တည်ထားတဲ့ သူရိယသတင်းစာ ကြီးမှာရေးခဲ့တာပါ။
ဒီနေရာမှာ တဖက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့လွတ်လပ်တဲ့လူမျိုးအဖြစ်ရပ်တည်ခဲ့တဲ့ ‘ဇာတိပုည’ ကို ဖော်ထုတ်အမွှန်းတင်သလို၊ အခြားတဖက်ကလည်း အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်အစိုးရက ဖိတခါခြောက်တလှည့်၊ မြှောက်တခါ ပင့်တလှည့်လုပ်ထားလို့ မြန်မာတချို့က နယ့်ချဲ့ကိုအထင်ကြီးပြီး နယ် ချဲ့ယဉ်ကျေးမှုကို လက်ခံပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အထင်အမြင်သေးလာကြပါတယ်။ မြန်မာနာမည် အခေါ်အဝေါ်တွေရဲ့ရှေ့က ဦးတို့၊ ကိုတို့၊ မောင်တို့ကိုဖြုတ်ပြီး မစ္စတာတွေရှေ့ကတပ်ပြီး မှည့်ကြ၊ ခေါ်ကြပါတယ်။ မင်းပွဲစိုးပွဲ၊ အခမ်းအနားတွေမှာ တောင်ရှည်ပုဆိုးကိုချွတ်ပြီး ဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စီးကြပါတယ်။ ဒီလိုအမျိုးသားယဉ်ကျေးမှုမှေးမှိန်ဘို့ဖြစ်လာတဲ့အခါ ဆရာကြီးက ချဉ်ပေါင်ရွက်သယ်မောင်မှိုင်းဝတ္ထုထဲက အင်မတန်ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ဇာတ်ကောင်‘မောင်မှိုင်း’ရဲ့နာမည်ကိုယူပြီး အဲဒီမောင်မှိုင်းရဲ့ရှေ့က မစ္စတာတပ်ပြီး ‘မစ္စတာမောင်မှိုင်း’ ကလောင်အမည်နဲ့ ‘ဗိုလ်ဋီကာ’ဆောင်းပါးတွေကို ဒလစပ်ရေးပါတော့တယ်။ ဒီအခါကြတော့ မှ မစ္စတာတပ်ပြီး ရင်ကော့၊ ခြေဖျားထောက်လမ်းလျှောက်ကြတဲ့ အမျိုးသားရေးစိတ်ဓါတ်ချွတ်ခြုံကျ မြန်မာတချို့ဟာ သတိသံဝေဂနဲ့ အရှက်ရစေခဲ့ပါတယ်။
ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိပုညကိုဖေါ်ထုတ်ပြီး ဇာတိပုညမှေးမှိန်မှုကို သတိ ပေးပြီး အမျိုးသားရေးစိတ်ဓါတ်မြှင့်တင်ဘို့ကြိုးစားခဲ့သလို မြန်မာတမျိုးသားလုံး ဆင်းရဲမွဲတေသထက်မွဲတေ လာရတဲ့အဖြစ်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်သွေးစုတ်မှုသာဖြစ်တယ်ဆိုတဲ့အတွေးကို ခြေရာခံနိုင်ဘို့ အခုလိုကဗျာမျိုးကိုလည်း ရေးခဲ့ပါတယ်။

“မွဲဘို့ရာကံကြမ္မာနှင့်
ဖန်လာပုံ ကုသိုလ်ကလည်းမကောင်းချင်တော့
အထက်ဟိုအညာမှာလေ
ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု
အညာမြေ ဌါနေဟောင်းဆီက
အကြွေး(တရာ)ကို၊ ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့
‘အမယ်မင်း’ မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့်
ခေါင်းတခါခါနှင့်ဆပ်လှစွာသော
လှလှ စွေ့စွေ့ရယ်နှင့်၊ ၀၀ပြည့်ပြည့် နပြာတရှဉ်းကိုလ
ကျောင်းတကာကိုသာအပ်လိုက်ပေရော့
ရသရွေ့ဘာဘာညာ ညာရယ်လို့မငြင်းလေနဲ့
‘မလေးရယ်’ ရောင်းကာသာဆပ်လိုက်ပေတော့၊ ရွာရှေ့ယာတခင
” ဆိုပြီး “အညာ မင်္ဂလာဆောင်ဘွဲ့ လေးချိုးကြီး” ကဗျာမှာ တစစ ဆင်းရဲမွဲတေလာနေတဲ့ မြန်မာတောင်သူလယ်သမားတွေရဲ့ဘ၀ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

(ခ) ၁၉၂၀ ခုနှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓါတ် အနိုးကြားဆုံးကာလ

၁၉၂၀ ခုနှစ်ဝန်းကျင်ဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက်အားဖြင့် အသက်(၄၀)ကျော် ကာလဖြစ်ပါတယ်။ ဒီကာလမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း ပင်လယ်ရေလှိုင်းတွေလို တခုပြီးတခု မြင့်သထက်မြင့်လာနေတာတွေ့ကြရပါတယ်။ လယ်သမားဆိုရင်လည်း လယ်သမားမို့၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားမို့၊ ကျောင်းသားဆိုရင်လည်း ကျောင်းသားအလျောက်၊ လူတန်းစား အလွှာအသီးသီးဟာ တချိန်က တသီးတကန့်စီလှုပ်ရှားနေခဲ့ကြရာက တပ်ပေါင်းစုပုံသဏ္ဍန်အဆင့်အထိ အမျိုးသားရေးတိုက်ပွဲ ပုံသဏ္ဍန်ဟာ တိကျမှန်ကန်အားကောင်းလာခဲ့ပါတယ်။
ဒီလို အမျိုးသားရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ထန်ပြင်းလာနေတဲ့အခါ အမျိုးသားရေး တိုက်ပွဲ နည်းနာကိစ္စမှာလည်း အငြင်းပွားစရာတွေ၊ အမြင်ရှုပ်ထွေးနိုင်စရာတွေကို ကြုံကြရပါတယ်။ ဥပမာအနေ နဲ့ပြောရရင် ဟိုတချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ဂုဏ်ရောင်ပြောင်စွာနေလာနိုင်ခဲ့ကြတယ်ဆိုတဲ့ခေတ်ကို ဖော် ထုတ်ပြောဆိုတဲ့အခါ အမျိုးသားလွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု အခိုင်အမာရှိမှုကိုပဲ မီးမောင်းထိုးသင့်ပြီး ပဒေသရာဇ်စနစ်ကို ပြန်လည်လက်ယပ်မခေါ်မိဘို့၊ နိုင်ငံရေးအမြင်ကြည်လင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို လူအတော်များများက မသိကြပါဘူး။ နယ်ချဲ့ကိုဆန့်ကျင်တဲ့အခါ အခုလို ခေတ်မှီမှန်ကန်တဲ့ ခံယူချက်မထားနိုင်ခဲ့ကြပါဘူး။ ဒီနေရာမှာတော့ ဆရာကြီးဟာ မှားယွင်းတဲ့မျိုးချစ်စိတ်ဓါတ်နဲ့ မှန်ကန်တဲ့ မျိုးချစ် စိတ်ဓါတ်ကို ခွဲခြားနိုင်ခဲ့ပါတယ်။ အမျိုးသားရေး ကျိုးပမ်းဆောင်ရွက်သူတွေထဲမှာ အဲဒီအယူအဆနဲ့ပါတ်သက်ပြီး အငြင်းပွားလာရင် ဆရာကြီးက “မှန်ကန်တဲ့ အမျိုးသားရေးသမား”တွေဖက်က ရပ်တည်ပါတယ်။
ဒီနေရာမှာ ဟိုခေတ်ဟိုအခါနေနဲ့ လွယ်မယောင်နဲ့ခက်တဲ့ပြဿနာတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတို့၊ အင်္ဂလိပ်အစိုးရလက်အောက်မှာပဲ၊ အိန္ဒိယနဲ့တွဲပြီးနေမလား၊ ခွဲပြီးနေမလားဆိုတဲ့ တွဲရေး၊ ခွဲ ရေးပြဿနာ၊ တခါ ကုလားဗမာအဓိကရုဏ်းပြဿနာတွေဟာ အမျိုးသားရေးကြိုးပမ်းမှုလှေကားထစ်အဆင့်တိုင်း အဆင့်တိုင်းမှာ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ နိုင်ငံရေးအကြပ်အတည်းများဖြစ်ပါတယ်။ ဒီအဖြစ်အပျက်၊ ဒီနိုင်ငံရေး အကြပ်အတည်း၊ ဒီနည်းနာကိစ္စတွေဟာ တကယ်တော့ အဲဒီခေတ်က စာပေသမားတွေကို စိန်ခေါ်ခဲ့တဲ့ ကိစ္စတွေ ပဲဖြစ်ပါတယ်။ ဒီတုန်းက အဲဒီအမျိုးသားရေးကျိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲလှေကားထစ်တချို့မှာ အမျိုး သားရေးဝါဒီဆိုတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံရေးအမြင်မွဲကျံတဲ့အတွက် လှေကားထစ်ဆုံးတဲ့အထိ တက်မလာနိုင်ပဲ လမ်းခုလတ်မှာတင် ဘေးထွက်ကျန်ရစ်ခဲ့ကြရပါတယ်။



ဒီတုန်းက ဆရာကြီးက အခုလိုကဗျာမျိုးရေးပြီး သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြတာတွေ့ရပါတယ်။

“သို့လော သို့လော၊ သဘောနှစ်ဖြာ
မြို့ရောတောပါ မကွဲတဲ့အပြင်
ပေါင်းအသင်း တညီတညာ
ကသောင်းကနင်း ဖီလာလဲ မခွဲကြပေဘု
ဘ၀င်စောဖြူသဒ္ဓါ တမောက်မောက်ကဲချိန်မို့
ရှင်ရောလူပါ သောက် သောက်လဲပါရော ... ” ဆိုတဲ့ ကဗျာမျိုးကိုရေးပါတယ်။ ဒီကဗျာဟာ ဦးဘဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ ဘိလပ်ကို သွားပြီး အရေးဆိုနေတဲ့အချိန်မှာ နောက်ပိုင်းက ကျန်နေရစ်ခဲ့ကြတဲ့ ‘၀ိုင်၊ အမ်၊ ဘီ၊ အေ’လူကြီးပိုင်းတချို့က အဲဒီ ပုဂ္ဂိုလ်(၃) ဦးကို ကန့်ကွက်ပြီး ဘုရင်ခံက ရေးဆွဲတင်ပြတဲ့“မြန်မာပြည် အနာဂါတ်အုပ်ချုပ်ရေး”ဆိုတာကိုပဲ ထောက်ခံကြောင်းကြေညာတဲ့အခါ ‘ဘေ၊ ပု၊ ရှိန်’ သုံးဦးရဲ့နောက် လူထုတရပ်လုံး နှလုံးမကွဲ၊ သဘောနှစ်ခုမရှိ တဲ့အကြောင်း နှိုးဆော်တဲ့ ကဗျာကိုရေးခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ အားလုံးသိရှိကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ပထမ၊ ဒုတိယ၊ သပိတ်တွေ၊ အမျိုးသားကျောင်းတွေပေါ်ပေါက်လာခဲ့တာတွေ၊ ဆရာတော်ဦးဥတ္တမရဲ့နိုင်ငံရေးကျိုးပမ်းမှု၊ ဂျီ၊ စီ၊ ဘီ၊ အေ အဖွဲ့ကြီးရဲ့ အကွဲအပြဲကိစ္စ၊ ဒိနောက်ပိုင်း ဆရာစံအရေးတော်ပုံ၊ ဗိုလ်စံဖဲအရေးတော်ပုံ၊ ၉၁ - ဌာနအုပ်ချုပ်ရေးကိစ္စ၊ ကုလားဗမာအဓိကရုဏ်းး၊ သခင်ဂိုဏ်းကြီးပြိုကွဲခြင်း ... အစရှိတဲ့သမိုင်းရေးပြဿနာတွေ အတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဘယ်လို ရှုမြင်ခဲ့တယ်၊ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကို ကဗျာတပိုဒ်ချင်းစီ အနည်းငယ်မျှ ကျနော်တင်ပြချင်ပါ တယ်။

“အော် ... တချို့တွေကဖြင့် အမြို့မြို့ကြွကြွပြီး
ငို့ဘ ပလီဥာဏ်ဖြင့်
ဝစီကံ အလိမ်အညာစကားတွေနှင့်
အတည်အမှန်ကိုလိမ်ကာ ထားတဲ့ပြင်
အသား ပြာတာတာနှင့်
ကုလားမြန်မာခွဲလျင်ဖြင့်
မနည်းပေါင် တကဲ့ တန်ခိုးတွေက မိုးနှင့်ကမ္ဘာတေမျှ ပေပ
ကိုးဆယ့်တစ်ဌါနကိုလ၊ မြန်မာရလျင် မရှည်ကြာဘု
တပြည်တရွာ မျက်နှာငယ်နှင့်ပြောင်းလာတဲ့
ကလီကမာ အနက်ထည်တွေဂျောင်းရမယ့်အပြင်
အပေါင်ဆုံးနယ်မြေမှာ အချောင်ဆုံးနယ်မြေကောင်းတွေတဲ့
သြော် ၀တိန်နီးအောင်ပ၊ အရှိန်ကြီးပေတဲ့ သိမ်ကြီးဈေး ‘စူရတီဘဇာ’ ကိုတောင်
ပုသိမ်မနီးမဝေး လူစည်ရာသို့ပြောင်း တဲ့ပြီး
အတွေးမသာယာတဲ့ ရသေ့တကာမွေ့စရာ ကောင်းပါတဲ့
သြော် ... ထမင်း၀၀ကျွေးမဲ့ဘုရင်ကိုတောင် မင်းကမွေးတဲ့ အင်းခွေးက အင်္ဂလန်မောင်းမည်သို့
ကပြောင်းကပြန် အရှုပ်ညဏ်သမားတွေရဲ့
ကြောင်းမတန် မဟုတ်မှန်စကားတွေနှင့်
မတရားတချို့ မတော်လေတယ်နော်ကွယ်
နားတဖြို့ဖြို့၊ ခါးသမို့သာပ ကြားလို့မလျော် ... ”

ဒါကတော့ ၁၉၂၉ ခုနှစ်မှာဖြစ်လာတဲ့ ဟိုတုန်းက အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့ အိန္ဒိယနဲ့တွဲမလား၊ ခွဲမလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါ၊ ကျွန်အချင်းချင်း ကြောချင်းကပ်ပြီး အမျိုးသားရေးတိုက်ပွဲဝင်တဲ့နည်းဟာ မှန်ကန်တယ်ဆိုတဲ့ တွဲရေးအတွက် နှိုးဆော်တဲ့အစုနဲ့၊ အိန္ဒိယနဲ့ခွဲပြီးနေသင့်တယ်ဆိုတဲ့ အစုရယ်လို့ (၂)စု ကွဲတဲ့အခါ အင်္ဂလိပ်အစိုးရရဲ့ သွေးခွဲရေးဥာဏ်နီဥာဏ်နက်ကို အမျိုးသားရေးခေါင်းဆောင် တချို့က အမှန်အ တိုင်းမမြင်နိုင်ခဲ့ကြပါဘူး။ ခွဲရေးသမား (၂၁) ဦးကတဖက်၊ တွဲရေးသမား ဦးစိုးသိမ်း၊ ဦးချစ်လှိုင်တို့ အစုကတဖက် ဖြစ်လာပါတယ်။ လူထုကလည်း ဘယ်ဖက်ကိုလိုက်ရမှန်းမသိအောင်ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာလည်း ခွဲရေးဖက်ကထောက်ခံတဲ့သတင်းစာနဲ့ တွဲရေးဖက်ကထောက်ခံတဲ့သတင်းရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီးက တွဲရေးဖက်ကထောက်ခံပြီး ရပ်တည်ခဲ့ပါတယ်။ ကိုလိုနီဘ၀လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ကိုလိုနီနိုင်ငံအချင်းချင်း ညီညွတ်လာနေတဲ့အခြေအနေကို အင်္ဂလိပ်အစိုးရက ညီညွတ်ရေးပြိုကွဲအောင် ဖန်တီးလိုက်တဲ့ပြဿနာဖြစ်တယ်ဆိုတာကို နားလည်ပါတယ်၊ ဆရာကြီးကနိုင်ငံရေးအမြင်မကြည်လင်နိုင်ခဲ့ကြတဲ့ ခွဲရေးသမား(၂၁)ဦးနဲ့ ပါတ်သက်ပြီး အခုလိုကဗျာဖွဲ့ပြီး ထိုးနှက်ရှုံ့ချလိုက်ပါတယ်။

“အစာမြင်လျင်။ ဗမာမခင်မူ၍
သာသနာပလ္လင်နှင့် ဝေးတဲ့အောင်
(အမယ်မင်း)ကျွေးမဟဲ့ အနှူးတွင်ဖြင့်
ခွေးအဖွဲ့ထူးရယ်လို့၊ နဘေးလှည့်လှည့်ပြီး
ပြေးသနဲ့၊ကျွေးမကွဲ့ မြူးတတ်တဲ့ ၀န်မင်းရယ်
ခွေးနှစ်ဆယ့်တဦး ...” ဆိုပြီးရေးခဲ့ပါတယ်။

ဆရာကြီးရေးဖွဲ့ရှုံ့ချခဲ့တဲ့ အဲဒီခွဲရေးသမား(၂၁)ဦးဟာလည်း အင်္ဂလိပ်ကပေးတဲ့ လစာငါးထောင်ကို ယူခဲ့ကြတာမို့ အမျိုးသားရေးသစ္စာဖောက်များအဖြစ်နဲ့ နာမည်ပျက်ခဲ့ကြပါတယ်။
တခါ ... ၊တက္ကသိုလ်ကျောင်းသားများက ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေးတိုက်ပွဲခေါ်သံကို ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေပြီး ဟစ်ကြွေးလိုက်တဲ့အခါမှာလည်း

“အော် ... ဝေးခရီးကပေမဲ့
အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့
ဆရာလည်းကွာ၊ ပထမအရင် ကနဦးဆီက
မြန်မာ့တခွင်မှာ၊ သမတ ရှင်ဘုရင် မလူးခင်ပ
‘ထ’ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
‘ထီ’မထင်ကျောင်းတော်သားတွေရဲ့
အမည်စဉ်မှာ ခေါင်းအပေါ်ဖျားမှာလ
မင်းရှို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့” လို့၊ ရဲတင်းသံ အကျယ်လောင်ဆုံးနဲ့ ပြန်ထူးခဲ့ ပါတယ်။
တခါ ...၊ လယ်သမားသူပုန်ကြီး ဂဠုန်ဆရာစံရဲ့ ပုန်ကန်မှုကြီးပေါ်ပေါက်လာတဲ့အခါကြပြန်တော့လည်း “ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ...”ဆိုပြီး အတိအလင်းထောက်ခံအားပေးခဲ့ပါတယ်။
ဒီလိုကျောင်းသားထုတိုက်ပွဲ၊ လယ်သမားထုတိုက်ပွဲတွေဟာ ရန်/ငါ စည်းခြားဘို့ လွယ်ကူတဲ့ပြဿနာဖြစ်ပါတယ်။ ဒီနေရာမှာ ရန်/ငါ ခွဲခြားဘို့ခက်တဲ့နိုင်ငံရေးပြဿနာတွေ ဖြစ်ပွား လာတဲ့အခါမျိုးမှာ တနည်းအားဖြင့် နိုင်ငံရေးနည်းနာအရ အမှန်အမှားခွဲခြားဘို့ရန်ခက်ခဲတဲ့ ပြဿနာမျိုးတွေမှာ ဆရာကြီးရဲ့ ရပ်တည်ချက်တွေဟာ ဘယ်တော့မှ မမှားခဲ့တာ၊ မတွေဝေခဲ့တာ၊ မှုန်ဝါးခဲ့တာရယ်လို့ မရှိခဲ့တဲ့အချက်ဖြစ်ပါတယ်။ ဥပမာ တခုပြောရရင် ‘ကုလားဗမာ အဓိကရုဏ်း’ပြဿနာမျိုးဖြစ်ပါတယ်။ ကုလားတွေဟာမြန်မာတမျိုးသားလုံးရဲ့ရန်သူလား။ ရန်သူအစစ်ဟာ ဘယ်သူလဲ။ ဒီလိုခွဲခြားစမ်းစစ်တဲ့အခါ ကုလားလူမျိုးတွေဟာ မြန်မာတွေရဲ့ ရန်သူမဟုတ်ဘူး၊ အင်္ဂလိပ်နယ်ချဲ့ အစိုးရသည်သာ ရန်သူအစစ်ဖြစ်တယ်။ ကုလား ဗမာအထိကရုဏ်းတွေဖြစ်လာရတာကိုက နယ်ချဲ့အစိုးရရဲ့ သွေးခွဲအုပ် ချုပ်မှုစနစ်ကြောင့်သာ ဖြစ်တယ် ကုလားလည်းကျွန်၊ ဗမာလည်းကျွန်ပဲ ကျွန်အချင်းချင်းလက်တွဲပြီး ဘုံရန်သူ အင်္ဂလိပ်နယ်ချဲ့အစိုးရကိုသာ ဦးတည်တိုက်ကြရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီတုန်းက အဲဒီခေတ်၊ အဲဒီနိုင်ငံရေး ရေချိန်အရ ပြောရရင် အခုလို အမှန်အတိုင်းမြင်ဖို့ရာ ခက်ခဲလှတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ အမျိုးသားရေးဝါဒီတချို့ဆိုရင် ကုလားဆန့်ကျင်ရေးတရားတောင်မှ ဟောခဲ့ကြပါသေးတယ်။ ဒီလိုအင်မတန် သိမ်မွေ့မြင့်မားလှတဲ့ နိုင်ငံရေးပြဿနာမျိုးမှာတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “သြော် ... အခွန်တိုး စာရင်းတွေနှင့်၊ ၀န်ထမ်းပိုးမကင်းနိုင်တဲ့၊ အလွန်ဆိုးခြင်း ပမာမှာလေ၊ ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့ သလား၊ နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊ အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊ အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊ စစ် ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာ”ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုံ့ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။

(ဂ) ၁၉၄၀ ခုနှစ်လွန်ဝန်းကျင် လွတ်လပ်ရေဿးကိးပမ်းမှုများကာလ

ဒီကာလအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စိတ်နှလုံးကို အဆွဲဆောင်နိုင်ဆုံးအဖြစ်အပျက် (၂)ခုရှိပါတယ်။ တခုက ဖဆပလအဖွဲ့ချုပ်ကြီးက ခေါင်းဆောင်ပြီး အထွေထွေသပိတ်ကြီးဆင်နွှဲလာတဲ့အဖြစ်အ ပျက်နဲ့ နောက်တခုကတော့ အမျိုးသားခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
အထွေထွေသပိတ်ကြီးပေါ်ပေါက်လာတဲ့အခါ ဟိုအရင် ဗဟန်းကောလိပ်သပိတ်တိုက်ပွဲတွေကို ပြန်လည်အောင်မေ့ပြီး စိတ်အားတက်ကြွစေတဲ့ ‘လွတ်လပ်ရေးအတိတ်သပိတ်ဘွဲ့ မဟာကဗျာလေးချိုးကြီး’ထဲမှာ ဆရာကြီး က အခုလိုထည့်သွင်းရေးစပ်ပါတယ်။

“မြန်မာတခွင်၊ သပိတ်အမှောက်ပေါချိန်မို့၊ ဆရာသခင် အရိပ်နမိတ် တဆိတ်ဟောလိုက်မကွဲ့၊ မြှောက် သနဲ့ ခြောက်သနဲ့၊ ရာဇာဂုဏ်းကို မြောက်တဲ့ ကြောက်တဲ့ အာရုံမခေါ်ကြလေနဲ့၊ (အမယ်မင်း)အဟောဒိဋ္ဌ လောဂျိတ်ပြသလိုပ၊ စောစိတ်က အောင်ပစေ အောင်ပစေ ညွှန်းညွှန်းပြီးတော့ (သြော်)တောသပိတ် ဒကာမ တွေနဲ့၊ ရောကြိတ်လိုက် ရောကြိတ်လိုက်ဟလို့၊သြဒိဿအောင်သပြေ ညောင်ရေသွန်း ... ”ဆိုပြီး ရေးပါတယ်။
ဒီနေရာမှာ ကြားညှပ်ပြီးပြောစရာရှိတာက အထွေထွေသပိတ်ကြီးကိုကြောက်ပြီး ဘုရင်ခံ ‘ဆာဒေါ်မန် စမစ်’က ၀မ်းကိုက်လို့ဆိုတဲ့အကြောင်းပြပြီး အင်္ဂလန်ကို ပြန်ပြေးတဲ့အခါ ဆရာကြီးက အင်္ဂလန်သို့ဘုရင်ခံပြန်ပို့ တဲ့ မေတ္တာစာလေးချိုးကိုရေးပါတယ်။ ဒီကဗျာထဲမှာ ဆရာကြီးက လူမျိုးခြားအစိုးရပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးအချင်း ချင်းအစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရမဆို မတရားဖိနှိပ်သွေးစုပ်အုပ်ချုပ်ရင် လူထုက ဆန့်ကျင်ကြမှာသာဖြစ်ကြောင်း ရေးပါတယ်။ ဒီအချက်ဟာ ဆရာကြီးတို့ခေတ်၊ ဆရာကြီးတို့ဖြတ်သန်းနေကြရတဲ့ကာလမှာ ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်ဘယ်လောက်အထိ မြင့်မားကြည်လင်တယ်ဆိုတဲ့အချက်ကို အဖြေထုတ်ပေးတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးက အခုလိုဖွဲ့ပါတယ်။

“မြန်ပေါ်ဇမ္ဗူ လူတမျိုးဟာက
လူမျိုးခြား အရှင်သခင်မဆိုထားနှင့်တော့၊
ကိုယ့်အမျိုးသား ဘုရင်ကိုတောင် မမှီခိုသာမှဖြင့်
မကြည်ညို မသဒ္ဒါ ရက်ရက်စက်စက် ဆဲတဲ့ပြီး
သည်လိုအခါမှာ အသက်နဲ့လဲမဟဲ့လို့
ဝက်ဝက်ကွဲအောင် ဆူကြပူကြတဲ့အပြင်
လူအ လူန တက်တက်ရိုးတွေမို့
(အမယ်မင်း)အိုးတိုး အတနဲ့
အမျိုးမျိုး ဂွကျ ဂွကျပြီး
နသိုးထပိုး ကသကဲ့သို့ ရိုးရိုးရွရွ မရွှင် မပြုံးမှု၍
(သြော်)တန်ခိုးတပြပြ သူခိုးဓါးပြကဲ့သို့သော
အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်း”

ဆရာကြီးရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ နောက်ထပ်အဖြစ်အပျက်တခုကတော့၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ အများသိကြတဲ့အတိုင်း ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အခါ ဆရာကြီးက ကဗျာတပုဒ်ရေးပြီး ကြေကွဲခဲ့ပါတယ်။ ဒီကဗျာတပုဒ်ဟာဖြင့် ဆရာကြီးဘယ်လောက်အထိ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်ဆိုတာ အလွန် ပေါ်လွင်စေတဲ့ကဗျာပါ။

“သြော် ... အဆောင်ဆောင်နန်းတွေ ကြငှါန်းတွေနှင့်နှော
အခေါင်မမြန်းခင်က အောင်စာတမ်းချိုဏ္ဍစေဘိုဏ္ဍ
အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်
သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံ ပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင် ... ”ဆိုပြီးရေးပါတယ်။

(ဃ) ၁၉၄၈ ခုနှစ်လွန် လွတ်လပ်စ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ

၁၉၄၈ ခုနှစ် လွတ်လပ်ပြီးနောက်၊ ၁၉၅၀ ခုနှစ်တ၀ိုက်မှာ အမျိုးသားသွေးကွဲမှုကြီးဖြစ်လာခဲ့ပါတယ်။ အမျိုးသားစည်းလုံးရေးပြိုကွဲမှုကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ တိုင်းရင်းညီအစ်ကိုအချင်းချင်း၊ ကိုယ့်လူမျိုးအချင်း ချင်း၊ သွေးစွန်းတဲ့အထိ သွေးကွဲလာခဲ့ပါတယ်။ ဒီလိုအမျိုးသားညီညွတ်ရေးပြိုကွဲပြီး သွေးစွန်းတဲ့အထိ ပဋိပက္ခှတွေ ဖြစ်လာတဲ့အခါ ဆရာကြီးက ဒီပြဿနာတွေကို နိုင်ငံရေးနည်း၊ တနည်းအားဖြင့် အကြမ်းမဖက်တဲ့နည်းနဲ့သာ ဖြေရှင်းဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာရအစိုးရတာဝန်ရှိသူတွေဟာ ဆရာကြီးရဲ့စကားကို လစ်လျူရှု ခဲ့ကြပါတယ်။ အပြုတ်တိုက်ရေးလမ်းစဉ်ဟာမှားပြီး အကြမ်းမဖက် ဆွေးနွေးညှိနိုင်းရေးလမ်းစဉ်က မှန်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ သင်ပုန်းချေတဲ့နည်းနဲ့ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က မကျင့်သုံးနိုင်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်းထတောက်ပါတော့တယ်။ ဒါကြောင့်မို့ ဆရာကြီးက နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကြီးကိုဖွဲ့ပြီး ရန်ကုန်မြို့လုံးကျွတ်ငြိမ်းချမ်းရေးလူထုဆန္ဒပြပွဲကြီးလုပ်ပါတယ်။ လူထုပရိဿဒ်(၂၀၀၀)ကျော်ပါဝင်ပြီး၊ သံဃာထု (၃၀၀၀)ပါဝင်တဲ့ သံဃာထုအစည်းအဝေးကြီးဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ပန်ကြားလွှာတွေထုတ်ပါတယ်။ ဒီကိစ္စကို ထိရောက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ၀န်ကြီးချုပ်ဦးနုက အတွေ့မခံခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ “သူမသာ ကိုမနာ နည်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ကြပါ၊ တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ သြ၀ါဒ”ဟာ တမျိုးသားလုံးရဲ့နှလုံးသားမှာ စွဲမက်သွားစေခဲ့ပါတယ်။
ဒါပေမယ့်လည်း တတိုင်းပြည်လုံး ပြည်တွင်းစစ်မီး တားမရဆီးမရ။ ငြိမ်းမရ သတ်မရဖြစ်လာတဲ့အခါ ဆရာကြီးခမျာ သောကဖိစီးပြီး အခုလိုကဗျာမျိုးကိုဖွဲ့ပါတယ်။

ဒဂုံမြို့က အလွန်အကျွံ ချီးကြတဲ့
ချွန်လည်း ချွန်သတည်းဆိုတဲ့ ထိုတကဲ့ဝန်ကြီးခမျာတွေကို
အလွန်လည်း ဆရာသနားမိတဲ့အပြင်
အများတပည့် ကိုယ့်အမျိုးဘာသာတွေမှာ ခိုကိုးရာမဲ့ချိန်မို့
တလှဲ့တဖုံမျိုးသာပ ဘိုးဘိုးခေါ်‘ဆရာအောင်’နှင့်
မြန်မာဘောင် ကနက်ဘမရာသနဆီသို့
လာမယောင်‘စင်္ကြာ’တမိပါတော့
လောကတခွင်မှာနော်ကွယ်
ဟောမရ ပြောမရတွေကြောင့် သောက ပူပင် ”ဆိုပြီး ပူဆွေးမြည်တမ်းခဲ့ပါတယ်။

အဲဒီ လွတ်လပ်စခေတ်ဦးမှာပဲ အာဏာရအစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ‘အင်္လကာ ကျော်စွာဘွဲ့’အပ်နှင်းပါတယ်။ နိုင်ငံတော်အထောက်အပံ့ဆိုတာမျိုးတွေပေးပါတယ်။ ဒီအခါကြတော့ လူတချို့က ဆရာကြီးကို အစိုးရက ချီးမြှောက်သလိုလိုနဲ့ စည်းရုံးသိမ်းသွင်းတာခံနေရပြီလို့ဝေဖန်ကြပါတယ်။ ဆရာကြီးက တော့ ဟောသလိုကဗျာမျိုးရေးပြီး သူ့ရပ်တည်ချက်ကဘယ်လိုဆိုတာ နိုင်ငံသိအောင်ကြေညာလိုက်ပါတယ်။

“သြော် ... အနှီသည့် အတွက်ကယ်ကြောင့်
ဆီထည့်သည့် ခွက်လိုပေါ့
ပီတိပွက်ပွက်ပြီဲး ပြည်ကြီးဘက်မှာ အတော်ပေါတဲ့ပြင်
ဘော်ကြော့ဘက်မှာ တသက်လည်း ချစ်မကွာ ချစ်မကွာနဲ့ မေတ္တာရောက်လေတော့
တချက်တည်း ပစ်ပစ်ခါခါ သစ္စာဖောက်မယ်လို့
သခင် - အထင်မရောက်ကြလေနဲ့
မကြောက်မညှာာ မှန်ရာလုပ်သူမို့
အနုတ်စုတ် ဂုတ်စုတ်၊ အမြှောက်စိန် ဖေါက်ချိန်လို့ ခွဲသလိုပေါ့
တသုပ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလဲ
သြော် - အသင်းတို့ အပင်းတို့ သတင်းတို့နဲ့ အဆက်မကွာအောင်ဟာ
မင်းတို့ဘက်မှာသာ ကြဲမဲ့ နွှဲမဲ့ပြင် ...”

ဒါကတော့ ဆရာကြီးက သူဟာ လူထုဖက်သာရပ်မယ့်လူဖြစ်တယ်လို့ အတိအလင်းကြေညာတဲ့ ကဗျာပါပဲ။

၁၉၅၂ ခုနှစ်အလွန်မှာ ကိုရီးယားစစ်ပွဲဟာ၊ ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါတယ်။ ပြည်တွင်း စစ်မီးက မငြိမ်းသတ်နိုင်တဲ့ကြားက ကမ္ဘာ့စစ်မီးထတောက်တော့မယ့် အန္တရာယ်ကိုလည်း မြင်ရတော့ ဆရာကြီး အဖို့ အင်မတန်သောကရောက်ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို အသက် (၇၀) ကျော်ကာမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းးပြီး အလုပ်လုပ်ရရှာပါတယ်။
၁၉၅၂ ခု၊ တရုပ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံပေါင်း (၃၇)နိုင်ငံကိုယ်စားလှယ်များနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရးညီလာခံကြီးကို ဆရာကြီးတက်ရောက်ပြီး ကမ္ဘာ့စစ်မီးထတောက်မယ့်အရေးကို ၀ိုင်းဝန်းဖြေရှင်း ကြဘို့ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကြီးကိုလည်း တက် ရောက်ခဲ့ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆရာကြီးထားရှိတဲ့၊ ဆရာကြီးလက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး နည်းနာဆိုတာ၊ မူအားဖြင့် လူထုနည်းနဲ့ဖြေရှင်းဆောင်ရွက်တဲ့နည်းဖြစ်ပါတယ်။ လူထုညီညွတ်ရင် စစ်မီးတွေကို နိုင်အောင်ညှိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ စစ်မီးတွေ၊ ပြည်တွင်းစစ်မီးတွေကို မွှေးတဲ့တရားခံဟာ၊ နယ်ချဲ့ သမားတွေနဲ့ ဖေါက်ပြန်မှားယွင်းတဲ့ အစိုးရတွေသာဖြစ်တယ်ဆိုတဲ့ စစ်ကိုဖန်တီးတဲ့ စစ်ရဲ့တရားခံကိုလည်း ရှင်းရှင်းပြတ်ပြတ်ပဲမြင်ပါတယ်။ တခါစစ်မီးတွေကို အပြီးအပြတ်ညှိမ်းသတ်နိုင်တဲ့နည်းဟာ အပြုတ်တိုက်ရေးနည်း မဟုတ်ပဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့နည်းသာ မှန်တယ်ဆိုတဲ့နည်းကို ဆရာကြီးကယုံကြည်ပါတယ်။
တခါ ... ၊နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ လူတန်းးစားအမြင်ကြည်လင်ဖို့လည်းလိုအပ်ပါတယ်။ ဆရာကြီးဟာ အလုပ်သမား၊ လယ်သမား လူတမ်းစား(၂)ရပ်ရဲ့အရေးပါပုံကို လက်ခံသူဖြစ်ပါတယ်။ ဒါဟာ ဟိုခေတ် ဟိုအခါ သမိုင်းရေးအခြေအနေမှာ အမှန်ကန်ဆုံးနဲ့ အတိုးတက်ဆုံးအမြင်ဖြစ်ပါတယ်။ ဒီလိုအယူအဆကို ဆရာကြီးရဲ့ ကဗျာတပုဒ်မှာ အခုလိုတွေ့ရပါတယ်။

“သြော် ... ဇမ္ဓူတခွင်တွင်ဖြင့်
လူအသွင် အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့
တူချင်လည်းတူကြ၊ မတူချင်လဲ နေကြပေါ့နော်
ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့
တူတံဇင် ဓမ္မ ကထိကမှိုင်းရယ်လို့
ကမ္ဘာ့အထိကရ နှစ်ပိုင်းတွင်ဖြင့်
စစ်ကိုင်းအောင် ကမ္ဘားယံတခွင်
(အိုကွယ်)ကဗ္ဘာ့က၀ိဓစ မှိုင်းရယ်လို့
သမိုင်းအောင်လံတင် ...”ဆိုပြီး ရေးတာတွေ့ရပါတယ်။

ဒီကဗျာပိုဒ်ထဲက အောက်ပါစာသားတွေကို ဂရုတစိုက်ထားပြီး ဖတ်ကြည့်ပါ။

“လူအသွင် အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့
တူချင်လည်းတူကြ၊မတူချင်လဲ နေကြပေါ့နော် ...”

ဒီကဗျာစာသားတွေဟာ ဒီကနေ့ လက်ခံကျင့်သုံးလာကြတဲ့ ‘ဗဟုဝါဒ’ကို ဆရာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)၀န်းကျင်ကတည်းက လက်ခံယုံကြည်ကျင့်သုံးခဲ့တယ်ဆိုတဲ့အချက်ကို အံ့သြဘွယ်တွေ့နိုင်မှာဖြစ်ပါတယ်။ ဂိုဏ်းဂနကိစ္စ၊ ပုဂ္ဂလကိစ္စ၊ အယူဝါဒကိစ္စ၊ လူမျိုးကိစ္စ၊ ဘာသာကိစ္စတွေမှာ ဆရာကြီးရဲ့အမြင်ဟာ “မတူတာတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး”ဆိုတဲ့ ‘ဗဟုဝါဒ’ကို ဆရာကြီးလက်ခံယုံကြည်ခဲ့တယ်ဆိုတာ သိတာထင်ရှားစေနိုင်တဲ့ကဗျာစာသားများဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်ဘာ့ကြောင့်တင်ပြခဲ့ရသလဲ။
ကျနော်တို့ စာပေသမားတွေအနေနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ နိုင်ငံရေးပြဿ နာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ရပ်တည်ဖြေရှင်းသင့်သလဲဆိုတဲ့ အဖြေကိုရဘို့အတွက် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်တင်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆီက ကျနော်တို့အတုယူ သင့်တဲ့အကြောင်း တင်ပြခဲ့တာပဲဖြစ်ပါတယ်။
အမှန်အားဖြင့်ဝန်ခံရမယ်ဆိုရင် ဆရာကြီးရဲ့နိုင်ငံရေးရပ်တည်ချက်ကို ကျနော်တင်ပြခဲ့တာ ပြီးပြည့်စုံခြင်း မရှိဘူးဆိုတာ ၀န်ခံရမှာဖြစ်ပေမယ့် ကျနော်လက်လှမ်းမီသလောက် အခုလိုတင်ပြခြင်းဖြင့်ပဲ စာပေရဲဘော်များ အတွက် တစုံတရာအကျိုးရှိစေမယ့် တင်ပြချက်ဖြစ်နိုင်ကောင်းရဲလို့ ကျနော်ယုံကြည်မိပါတယ်။

ငြိမ်းဝေ




ညှိနှိုင်းကိုးကားသည့်စာအုပ်များ

(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်
(၂) သခင်ကိုယ်တော်မှိုင်း လက်ရွေးစဉ်လေးချိုးတရာ (မောင်တင်ရွှေ)
(၃) ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်းး)
(၄) စာပေအင်အား (အထက်ဗမာနိုင်ငံစာရေးဆရာအသင်း)
(၅) ခွေးဋီကာ (သခင်ကိုယ်တော်မှိုင်း)
(၆) မြန်မာကဗျာစာတမ်းများ(စာပေဗိမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ်)
(၇) သခင်ကိုယ်တော်မှိုင်း(မောင်တင်ရွှေ)
(၈) မှာတော်ပုံ နှင့် စစ်ကိုင်းပြန်မှာတော်ပုံ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)