August 30, 2009

သုညတွေပဲကြွင်းတဲ့မြို့ ကလေး


အစွန်အဖျားကျတဲ့ မြို့ ကလေးတမြို့ ရဲ့
အစွန်အဖျားပေါ်မှာ
ငါ
ထိုင်နေမိတယ်။

ငါ့ခေါင်းပေါ်က
အလျားလိုက်ခုတ်မောင်းသွားတဲ့ ̔ခေါ်သံ̓ တွေထဲမှာ
ငါ့ ခေါ်သံ
ငါကိုယ်တိုင်ပြန်ပြီးမကြားနိုင်အောင်
ကြားနေရတယ်။

ငါ့ဘေးက
ဒရွတ်တိုက်ဆွဲသွားတဲ့̔ ရင်ခုန်သံ ̔ံတွေထဲမှာ
ငါ့ ̒ရင်ခုန်သံ̓
ငါကိုယ်တိုင်ပြန်ပြီး မခံစားနိုင်အောင်
ခံစားနေရတယ်။

ချစ်ခြင်းမေတ္တာက
ငါ့ကို
မီးနဲ့ ဆေးကြော
အမုန်းတရားက
ငါ့ကို
ငယ်ပေါင်းကြီးဖေါ်လို ပေါင်းဖေါ်
ဟောဒီမြို့ ကလေးလေ
ငုဝါတွေ လှိုင်လှိုင်ပွင့်တာက လွဲရင်ပေါ့။

မြို့ ကလေး
မင်းက ငါ့ဆီက ခွန်အားကို
လက်ကါးနှုန်းနဲ့ လုယူနေတဲ့အချိန်
ငါကတော့
မင်းရဲ့အရိပ်ကို လက်လီနှုန်းနဲ့ ဆွတ်ချူခဲ့ရတယ်။

မြို့ ကလေး
မင်းဟာ
ငါ့အတွက် ခြေတု လက်တု။

မြို့ ကလေး
မင်းဟာ
ငါ့အတွက်
ဝှက်ဖဲ၊ အံဆွဲ၊ ကဲလား..။

ဒါပေမယ့်လည်း
မင်းရဲ့ အမဲလိုက်ခွေးတကောင်ဟာလည်း
ငါပါပဲ။

သေချာပြီ
ငါဟာ
မိုးမရွာတဲ့ဘက်မှာ ထီးဖွင့်ဆောင်းပြီး
နေပူတဲ့ဘက်မှာ စေါင်ထူထူခြုံမိတဲ့အဖြစ်။

တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ငါကိုယ်တိုင် ရွာပြန်ပို့ မိတာ
အခါခါ။
တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ရွာကနေ ငါကိုယ်တိုင်
ပြန်ခေါ်လာခဲ့ရတာ
အခါခါ။

မြို့ကလေး
မင်းရဲ့နောက်ဖေးလမ်းကြားတွေထဲမှာ
တိတိကျကျ ဖြန်းသန်းပြီး
ဆင်ကိုစမ်းတဲ့ ပုဏားတချို့ နဲ့ လည်း
လ္ဘက်ရည်ဆိုင် ထိုင်ခဲ့ဖူးပြီ။

အကျအပေါက်များတဲ့သူတွေထဲမှာ
အကျအရှုံးများတဲ့သူလည်း ဖြစ်ခဲ့ဖူးပြီ။

လရောင်တွေ
နေရောင်တွေ
ရေသောက်ဆင်းလုနိုးနဲ့ 
မျှော်ကိုးရင်း အိမ်မက်တွေ မြိုချခဲ့ဖူးပြီ။

ရေတိမ် မနစ်တနစ်မှာ
တိမ်တွေကိုလည်း
ကြိုးပစ်လို့ ဖမ်းခဲ့ဖူးပြီ။

ဒီလိုနဲ့ ပဲ
ငါက
အနာဂါတ်ကို ကော်ပတ်နဲ့ ပါးနေတုန်း
မြို့ကလေးက
ငါ့ကို ကျားလျာနဲ့ စားခဲ့ပြီ။

မြို့ကလေးက
ငါ့အပေါ် အုပ်ချလိုက်တဲ့ပိုက်ကွန်
ငါ့ပါးစပ်ထဲ ထိုးသွင်းလိုက်တဲ့ငါးမျှားချိပ်
ဒါ အဆိပ်ဆိုပဲ
အဲဒီအဆိပ်တွေလောက် အမူးခိုင်တာ
ဘယ်အရက်မှ မရှိဘူး။

မြို့ ကလေးရေ
တို့ အဖြစ်က
မူတည်ကိန်း ဘယ်လောက်ပဲရင်းရင်း
သုညတွေပဲ ကြွင်းခဲ့ပြီလား။

မြို့ကလေး
မင်းရဲ့
ညှော်နံ့ တွေထည့်ပြီးချိပ်ထားတဲ့̒ဒရစ်ပိုက်̓ ကို
ငါ့လက်ပေါ်က ဖယ်လိုက်ပါတော့။ ။

မှတ်ချက်။ ။ ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ရဲ့  အဓိပ္ပါယ် ဟာ ̒ အစွန်အဖျားကျတဲ့ မြို့̓ လို့ ဆိုပါတယ်။
သရုပ်ဖေါ်ပန်းချီပုံက ဆရာ ထိန်လင်း ရဲ့ လက်ရာဖြစ်ပါတယ်။

ငြိမ်းဝေ



August 28, 2009

ချစ်စရာ့ ဟိုက္ကူကဗျာ

ဟိုက္ကူကဗျာကို ချစ်စရာဆိုတဲ့စကားလုံးလောက်နဲ့ ဖေါ်ပြရင်အဓိပ္ပါယ်မပြည့်စုံဘူးဆိုတာ ကျနော်သိပါတယ်။ဟိုက္ကူကဗျာရဲ့အ၀န်းအ၀ိုင်းဟာ အင်မတန်ကျယ်ဝန်းပါတယ်။ဒါပေမယ့် ဟိုက္ကူကဗျာတွေက ကျနော့်ကိုဘယ်ကဗျာနဲ့ မှမတူအောင် စိတ်လက်ပေါ့ပါးစေတာအမှန်ပါပဲ။ပြီးတော့ ကဗျာရဲ့ဖွဲ့ စည်းပုံကလည်း သိတဲ့အတိုင်းနည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့သဘောဆိုတော့ ကျနော်က ချစ်စရာဆိုတဲ့စကားလုံးကိုပဲသုံးလိုက်မိတယ်။

သူ့ ရဲ့မူရင်းဂျပန်ကဗျာမှာက ပါဒသုံးကြောင်း၊စာလုံးရေ(၁၇)လုံး(၅-၇-၅)ပုံစံနဲ့ ဖွဲ့ စည်းစပ်ဆိုရတာဖြစ်ပေမယ့် မြန်မာဘာသာပြန်ဆိုတဲ့အခါ (၅-၇-၅)ပုံစံဝင်အောင်ကျနော်ကတော့ အတင်းလုပ်ယူတာကိုမနှစ်သက်ပါဘူး။ကိုယ်ကလည်းဝေါဟာရအားနည်းတာလည်းဖြစ်နိုင်ပါ တယ်။ဒါကြောင့်မို့  စကားလုံးအကန့် အသတ်မရှိယူလိုက်ပါတယ်။ကာရန်ကြတော့ မူရင်းဂျပန်
ဟိုက္ကူကဗျာမှာကတည်းက ကာရန်မဲ့ကဗျာဖြစ်တာမို့ မြန်မာဘာသာပြန်မှာကြတော့ ကာရန်ကိုဂရုမစိုက်တော့ပါဘူး။တခါတလေ ကါရန်ငြိတဲ့အခါငြိ မငြိတဲ့အခါမငြိပေါ့။

ဂျပန် ဟိုက္ကူကဗျာတွေဟာ ဈင်ဗု ဒ< ဘာသာကိုအခြေခံတဲ့ကိစ္စ၊အဓိပ္ပါယ်ကျယ်ဝန်းလှတဲ့ကိစ္စက တကယ့်ကိုကမ္ဘာကျော်စေပါတယ်။တခြားဆွေးနွေးပြောဆိုရမယ့်အချက်တွေလည်းရှိပါသေးတယ်။ဒီလိုပြောလို့  ကျနော်က ဂျပန် ဟိုက္ကူကဗျာကျွမ်းကျင်သူလို့ မထင်လိုက်ပါနဲ့ ။ကျနော်ကဟိုက္ကူကဗျာချစ်သူသက်သက်ပါ။ ဒီကနေ့ လည်း ဟိုက္ကူကဗျာ (၂)ပုဒ် လက်ဆောင်ပါးလိုက်ပါတယ်..။

အရာအားလုံး
ငါ... ငြင်သာစွာ ထိတွေ့ ခဲ့
အလိုလေးလေး
ဆူးတချောင်း စူးလိုက်သလိုပါပဲလား...။

EVERYTHING I TOUCH
WITH TENDERNESS
ALAS
PRICKS LIKE A BRAMBLE.

Issa

အို ဟေမန
္တ ငှက်တွေတိမ်တွေတောင်မှ
အိုစာလို့ သွားပြီပ။

AUTUMN –EVEN
BIRDS AND CLOUDS
LOOK OLD.

Basho

ငြိမ်းဝေ

August 26, 2009

ဟိုက္ကူကဗျာချစ်စရာ


ကျနော် တခါတလေ စိတ်ကျဉ်းကြပ်တဲ့အခါ ဂျပန်ဟိုက္ကူကဗျာတွေကို ဖတ်တတ်ပါတယ်။
ဒီကနေ့ တော့ချစ်မိတ်ဆွေများစိတ်အပမ်းဖြေနိုင်အောင်ဂျပန်ဟိုက္ကူကဗျာ(၂)ပုဒ်လက်ဆောင်ပေးလိုက်ပါတယ်။


ထလော့ လိပ်ပြာကလေး
အချိန်တွေ နှောင်းကုန်ပေါ့
မင်းနဲ့ ငါ အတူတကွ
ခရီးမိုင်များစွာ သွားရဦးမယ်ပ။

WAKE, BUTTERFLY-
IT'S LATE, WE'VE MILES
TO GO TOGETHER.
Basho


မျက်လုံးလေးတွေရေ
မင်း အရာအားလုံးကို မြင်ခဲ့ပြီးပြီပဲ
ပြန်လာခဲ့တော့
အဖြူရောင် ဂနမာပန်းတွေဆီ
ပြန်လာခဲ့တော့။

EYES, YOU HAVE SEEN ALL...
COME BACK NOW,
COME BACK TO THE WHITE
CHRYSANTHEMUM!
Eisho

ချစ်မိတ်ဆွေများ လွတ်လပ်ချမ်းမြေ့နိုင်ကြပါစေ..။

ငြိမ်းဝေ


August 21, 2009

စကားဝိုင်း ယဉ်ကျေးမှုသစ် ( သို့ မဟုတ် ) ၀န်ရိုးတခုပြောင်းလဲခြင်း

(က)
၁၉၉၃-ခု၊ …မယ်စာရင်းရန်းမှ သောလဲထရွာခရီး။ ထိုင်းနို်င်ငံ ။

“ ကိုခင်မောင်ဝင်း ” (ယခု - ဒု - ညွှန်မှူး၊ ဒီမိုကရက်တစ် မြန်မာ့အသံ )ပေးဖတ်ထားသည့် “ စာတမ်း ” ကို ကျနော် ဖတ်ကြည့်သည်။ စာရွက်များကို လက်ကကိုင်ထားရင်းက၊ ခန္ဓာကိုယ်ကို ကားဖင်ထိုင်ခုံပေါ်တွင် အလိုက်သင့် ယိမ်းခါထိန်းမတ် ရင်းက၊ စာလုံးများကို ဖတ်နိုင်အောင်ကြိုးစားနေရ၏။ သို့ သော် စာတွေကိုကောင်းစွာဖတ်လို့ မရ။ ကားက စမ်းချောင်းတခုထဲကိုပင် ကြိမ်ဖန်များစွာ ဖြတ်ကျော်နေခဲ့၏။ ကားဘီးများမှာ ချိုင့်များ၊ ခဲများကို တကျွီကျွီ တဂျောင်းဂျောင်းနှင့် ကြိတ်နင်းသွားနေခဲ့၏။ “ ကိုခင်မောင်ဝင်း ”ဆီက လိုလိုလားလားလှမ်းတောင်းပြီး ကားစီးရင်း ဖတ်ကြည့်မည်ဟု စိတ်ကူးခဲ့သမျှ ကျနော့်မှာ လက်လျှော့ရ မလိုဖြစ်လာရ၏။ အမှန်စင်စစ်၊ လမ်းကြမ်းပေါ် ကားစီးလိုက်ပါရင်း စာဖတ်လို့ မရနို်င်ခဲ့သည်ထက်၊ တချို့ စာမျက်နှာများ၊ တချို့  စာပိုဒ်များမှာ ကျနော် လုံးဝနားမလည်သော စာကြောင်းများ ဖြစ်နေ၏။ အင်္ဂလိပ်စာ အားနည်းလှသောကျနော့်မှာ အင်္ဂလိပ်လို ရေးထားသော “ ကိုခင်မောင်ဝင်း ” ၏စာတန်းကို လုံးစေ့ပတ်စေ့ ဘယ်လိုမျှ နားမလည်နိုင်ခဲ့။ လမ်းကြမ်းသဖြင့် စာဖတ်လို့ မရနိုင် ရသည့်အထဲ၊ စာတွေကလည်း ခက်ခဲလွန်းသောအခါ ကျနော့်မှာ “ ကိုခင်မောင်ဝင်း ” ၏စာတန်းကို အမြည်းသဘောသာ တို့ ထိ နိုင်ခဲ့လေသည်။

“ ကိုခင်မောင်ဝင်း ” ရေးခဲ့သောစာတမ်းမှာ “ သုညမဟုတ် ဂိမ်း ” ( Non - Zero – Sum Game ) ကို မိတ်ဆက်ထားခြင်း ဖြစ်သည်ဟုသာ ကျနော်နားလည်နို်င်ခဲ့လေသည်။


(ခ)
ကမ္ဘာ့ခေါင်းဆောင်များ အချင်းချင်းတွေ့ ဆုံစကားပြောကြသည့် အကြောင်းများကို ကျနော်ငယ်စဉ်ကတည်းက သဘော ကျခဲ့ဖူးပါသည်။ အထူးသဖြင့် အယူဝါဒချင်း ဆန့် ကျင်ဖက်ဖြစ်သူများဟု ကမ္ဘာက အသိအမှတ်ပြုထားသူများအချင်းချင်း တွေ့  ဆုံကြ၊ စကားပြောကြသည့် သတင်းများကိုကြားရစဉ်က၊ သူတို့ ဘယ်လိုများ စကားပြောကြပါလိမ့်၊ တယောက်၏ “ ဘာသာဗေဒ ” ကို နောက်တယေါက်က သဘောပေါက်နိုင်ပါ့မလား။ သူတို့ တတွေ စကားစစ်ထိုးနေကြမလား။ သူတို့ တတွေ စကားတွေနှိုက်ကြ မလား။ သူတို့ တတွေ သံတမန်ရေး ယဉ်ကျေးမှုအောက်ကနေပြီး သူ့ ဖက်ကိုယ့်ဖက် အကဲခတ်နေကြမလား။ တချိန်လုံးလိုလို ကျနော်စဉ်းစားနေခဲ့မိသည်။

၁၉၆၂-ခုနှစ်အတွင်းတုန်းက ဖြစ်သည်။ “ ကာရစ်ဘီယံပင်လယ်ကွေ ”့တွင် ရုရှတို့ က ဆမ်ဒုးံကျည် စခန်းလာချပြီးနောက်၊ ရုရှ နှင့် အမေရိကန်တို့  စကားပြောကြရ၏။ အမေရိကန်သမ္မတ “ ကနေဒ ” နှင့် ဆိုဗီယက်ရုရှသမ္မတ “ ခရူးရှော့ ” တို့  စကားပြော ကြ၏။ တယ်လီဖုံးထဲမှ တဆင့်ပြောကြခြင်းသာ ဖြစ်သည်။ သူတို့ နှစ်ဦး အခုလိုစကားမပြောခင်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့  ချုပ်ကြီးရဲ့  အတွင်းရေးမှူးချုပ် “ ဦးသန့် ” သည်၊ နှစ်ဖက်သဘောထား၊ နှစ်ဖက်စကားများကို တဖက်နှင့်တဖက် နားလည်လွယ် စေရန် ကြားဝင်ဆောင်ရွက်ပေးခဲ့၏။ ထိုစဉ်က “ ဦးသန့် ” ၏ “ အမေရိကန် နှင့် ဆိုဗီယက် ” စကားပြောနိုင်ရေး ကြိုးပမ်းသည့် နည်းနာမှာ၊ ထိပ်တိုက်ရင်ဆိုင်ရေးကို အခြေမခံ။ တွေ့ ဆုံအဖြေရှာရေးကိုသာ အခြေခံ၏။ “ တတိယဘာသာ စကားအသစ်” ကို အသုံးပြု၏။ ထို့ ကြောင့် ဆိုဗီယက်တို့ က ဒုံးကျည်စခန်းများကို ရုပ်သိမ်းသွားပြီး အမေရိကန်တို့ က ကျူးဘားကို ပိတ်ဆို့ ထားမှု ရုပ်သိမ်းပေး ခဲ့၏။ ထိုစဉ်က ဦးသန့် သည် “ သုညမဟုတ်ဂိမ်း ” သီဝရီကို လက်တွေ့ အသုံးချခွင့် ကြုံခဲ့သည့်သဘောဟု ယူဆရမလို ရှိ၏။ သို့  သော် ထိုစဉ်ကမူ ကမ္ဘာကြီးပေါ်တွင် “ သုညမဟုတ်ဂိမ်း ” “ သီဝရီ ” မှာ “ သီဝရီ ” တခု၊ ( သို့ မဟုတ် ) “ ပြဿနာဖြေရှင်းရေး နည်းလမ်းတခု ” အဖြစ် တွင်ကျယ်ခြင်း အလျဉ်းမရှိသေး။

(ဂ)
“ ရာဇ၀င်တွင်မယ့် စကားဝိုင်းများ ” စာအုပ်တွင်၊ ကျနော်သည် “ မော်စီတုံး ” နှင့် “ နစ်ဆင် ” ပါဝင်သည့် စကားဝိုင်းများ ကို နှစ်သက်၏။ စာအုပ်၏နောက်ပိုင်း အရှေ့ အလယ်ပိုင်း ပြဿနာဖြေရှင်းရေး စကားဝိုင်းများကိုမူ ကျနော်သိတ်ပြီး ဘ၀င်မခိုက် လှပါ။ “ မော်စီတုံး ” နှင့် “ နစ်ဆင် ” တို့ ပါဝင်သည့် “ စကားဝိုင်း ” များမှာ “ ဒဿန ” အပေါ် အခြေခံသည့် “ စကားဝိုင်း ” များ ဖြစ်နေခဲ့၏။ သည်ကြားထဲကမှ “ နယ်ရုပ်များ ” ၊ “ ကွင်း ” များကို ကျနော်တို့  ဒေါင့်ဖြတ်သဘောတွေ့ လိုက်ရခြင်းသာ ဖြစ်သည်။

“ ခင်ဗျားတို့ နိုင်ငံရေးမှာ ကျနော်က လက်ဝဲကို မကြိုက်ဘူးဗျ၊ လက်ယါကို ပိုကြိုက်တယ် ”

သည်စကားမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဥက္ကဌကြီး “ မော် ” က အမေရိကန်သမ္မတကြီး “ နစ်ဆင် ” ကို ပြော လိုက်သောစကားဖြစ်၏။ ကွန်မြူနစ်တယောက်က လက်ယါပါတီတခုကို ကြိုက်သည်ဟု အခုလိုပြောလိုက်သည်မှာ မူအရမဟုတ်ပဲ၊ “ ဒဿန ”ကို အခြေခံခြင်းမဟုတ်ပဲ “ အကျိုးစီးပွား ”ကို အခြေခံပြီးမှ ပြောသည့်စကားဖြစ်၏။ ထိုစဉ်က အမေရိကန်လက်ဝဲများက တရုတ်နှင့် မသင့်မြတ်လှသည့် ဆိုဗီယက်တို့ ဖက်သို့  ယိမ်းနေသောကြောင့် ဖြစ်၏။ ထိုအခါ အကျိုးစီးပွားအရ၊ “ လက်ယါ ” သည်ပင် တရုတ်လက်ဝဲကွန်မြူနစ်တို့ အဖို့  “ မဟာမိတ် ” ဖြစ်လာရ၏။ “ ဟီးဂဲလ် ”၏ “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူဟူ၍ မရှိပဲ၊ ထာဝရအကျိုးစီးပွားသာ ရှိသည် ” ဟူစကားမှာ မှတ်သားဖွယ် ကောင်းလေသည်။

“ မော် ” နှင့် “ နစ်ဆင် ” တို့  ပါဝင်သော “ စကားဝိုင်း ” များမှာ၊ အကျိုးစီးပွားနှင့် ယှဉ်သောစကားဝိုင်းများ ဖြစ်၏။ နှစ်ဖက် စလုံး အကျိုးရှိမည့် “ ဘုံအကျိုးစီးပွား ” ကို ရအောင် ရှာယူရင်း၊ သီးခြားအကျိုးစီးပွားများကို အကာအကွယ်ပေးဖို့  ကြိုးစားခဲ့ကြ၏။ အပေးအယူရှိ၏။ အလျှော့အတင်းရှိ၏။ အသေမဟုတ်။

“ စကားဝိုင်း ” တခု စတော့မည်ဆိုလျင် “ အဓိက ပြဿနာတွေက စရမလား၊ သာမည ပြဿနာတွေက စရမလား၊ ဒါမှ မဟုတ် အဓိက ပြဿနာအပေါ် အခြေခံပြီးမှ သာမညပြဿနာကို စဉ်းစားကြမလား၊ ဒါမှမဟုတ် နှစ်ဖက်စလုံး အကျိုးမရှိသည်ကို တွေ့ အောင်ရှာ၊ နှစ်ဖက်စလုံး အကျိုးရှိမည့်နေရာအထိ ရှေ့ တိုးလုပ်ကြမလား၊ “ စကားဝိုင်း ” လုပ်ရင် နှစ်ဖက်စလုံးမရှုံးဘူး၊ နှစ်ဖက်စလုံး မနိုင်ဘူးဆိုတာ တကယ်ပဲလား---။ “ ရာဇ၀င်တွင်ရစ်မယ့် စကားဝိုင်းများ ” စာအုပ်က ကျနော့်ခေါင်းထဲကို ကြွက်တကောင် ထည့်ပေးလိုက်လေသည်။

(ဃ)
ယနေ့ တွင်မတော့ “ စကားဝိုင်းယဉ်ကျေးမှု ” သည်၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်၏ ၀န်ရိုးသစ် ဖြစ်လာခဲ့ပြီလော ဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီ။ “ စကားဝိုင်းယဉ်ကျေးမှုသစ် ” ဟူသော စကားသည်ပင် ရှိလာခဲ့ပြီ။

ကျနော်တို့ သည် “ စကားဝိုင်းယဉ်ကျေးမှု ” ဒီရေလှိုင်းကိုစီးကာ၊ ၂၁-ရာစုအတွင်း ၀င်လာခဲ့ကြပြီ။ ယင်းဒီရေလှိုင်း ပေါ်တွင် တချို့ မှာ လှိုင်းမူးလျက်။ တချို့  လှိုင်းထိပ်တွင်ရပ်လျက်။ တချို့ လှိုင်းနှင့် ဝေးရာ။ တချို့ လှိုင်းအောက်-----။

မည်သို့ ပင်ဖြစ်စေ “ စကားဝိုင်းယဉ်ကျေးမှုသစ် ” က၊ ကျနော်တို့ ကို ဖိတ်ခေါ်လျက်ရှိသည်ဟုတော့ အခိုင်အမာ ယုံကြည် နေမိ၏။



August 16, 2009

ပန်းခင်းလမ်း


ဆ၇ာမလေး ပန်ဒို၇ာကိုအားကျလို့ ဒီဓါတ်ပုံလေးကို ပို့စ်အသစ်တင်လိုက်ပါတယ်။တခါတုန်းက ပန်းရိုင်းပွင့်တွေကို ဓါတ်ပုံလို်က်ရိုက်ရင်းက မမျှေုာ်လင့်ပဲဒီသဘာဝဓါတ်ပုံလေးကို ရခဲ့တာပါ။လမ်းကလေးပေါ်မှာပန်းတွေအလိုလိုပေါက်လာတဲ့နောက် လူတွေကဒီလမ်းကလေးကို သည်အတိုင်းပဲထားလိုက်ပါတော့တယ်...။


တောင်းပန်စကား

ဒီကနေ့ ပို့အသစ်တင်ရင်းက စာတွေဓါတ်ပုံတွေပျောက်ကုန်ပါတယ်။နောက်ထပ်တင်လိုက်ပါတယ်။

August 13, 2009

အရိုင်းပန်း


တခါတုန်းက
လမ်းဘေးမှာ အလေ့ကျပေါက်တဲ့
ပန်းရိုင်းပန်းတွေကို
ကျနော် ဓါတ်ပုံရိုက်ခဲ့ဖူးပါတယ်။
ဒီအထဲက ပုံတစ်ပုံကို
ဝေမျှခံစားကြည့်စေလိုပါတယ်။


ငြိမ်းဝေ



August 07, 2009

နွေဦး အဘယ့်ကြောင့် နောက်ကျနေပါလိမ့်


(က)

ကျနော်တို့ ရဲ့ 
ငတ်မွတ်ခြင်း
အစေါ်ကားခံရခြင်း
အနှိမ်ခံရခြင်းများအတွက်
အိမ်အပြင်ဖက်ကိုထွက်ခဲ့ကြ...။
(၈.၈.၈၈)

လေထဲမှာ
လွင့်ပျံဖြာထွက်လာတဲ့ ဓါတ်စက်သံဟာ
အိပ်မေါကျနေတဲ့ ကမ္ဘာကြီးကို
ရိုက်ပုတ်ပြီးနှိုးလိုက်တယ်။

မသိနားမလည်မှုနဲ့ 
ကြောက်ရွံ့ ခြင်းအဖုံဖုံကို သံပုံးတီးလွှတ်ကြ။

လူနဲ့ လူချင်း
လှပစွာ ကျွန်ုဇာတ်သွင်းထားတဲ့
စနစ်ဟောင်းရဲ့ မကောင်းဆိုးဝါးမှုကို
မောင်းထုပြီး စစ်ကြေညာကြ။
( မိမိကိုယ်ပေါ်တွင်သစ်တပင်စိုက်ပျိုးခြင်း...ကဗျာမှ )



စစ်တောင်းမြစ်ဆိပ် ကုန်းထိပ်တွင် ခြေစုံရပ်ရင်းက သူ့ စိတ်တွေအပြင်းအထန်လှုပ်ရှားနေသည်။ အတန်ကြာအောင်မလှုပ်မရှက်ရပ်နေရင်း ကမ်းပါးအောက်က စက်လှေနှစ်စီးကို ငုံ့ ကြည့်နေမိသည်။ ကမ်းစပ်တွင်မူ လူတ ယောက်မျှမတွေ့ ရ။
ကုန်းပေါ်က ဈေးဆိုင်တန်းဆီ ပြန်လျှောက်လာခဲ့သည်။စက်လှေသမား ̔“ကိုကျော်ဝင်း” ကိုလိုက်ရှာသည် ။ဈေးဆိုင်များကိုကျော်လာသည်အထိ “ကိုကျော်ဝင်း” ကိုမတွေ့ ။ ဈေးဆိုင်တန်းလမ်းမပေါ်တွင် လူသူကြဲပါးနေ သည်ကို သူသတိပြုမိသည်။

“ဟော...ခင်ဗျားက ဒီိရောက်နေတာကိုးဗျ၊ ကျုပ်က လှေဆိပ်မှာကော၊ ဈေးဆိုင်တန်းမှာကောလိုက်ရှာနေ တာ”

စက်လှေသမား “ကိုကျော်ဝင်း” က သူ့  ကို အပြုံးတ၀က်နှင့်နှုတ်ဆက်သည်။ တစုံတရာ စူးစမ်းလို စိတ်မျက်လုံးများကို “ ကိုကျော်ဝင်း ” ၏မျက်နှာပေါ်၌ အထင်အရှားတွေ့ ရ၏။ သူက ပြောမည့်စကားကို ချီတုံချတုံစဉ်းစားနေရပြန်သည်။ “ကိုကျော်ဝင်း” သည် ရေအိုးစဉ်ကျေးရွာအုပ်စု၏ “ ကောင်းစီစာရေး” ဖြစ်သည်။ သူ့ ဦးလေးမှာ “ ပါတီစိပ်မှူး ” ဖြစ်သည်။ သူပြောပြသမျှကို လက်ခံသဘောတူရန်မှာ ဆယ်လေးတလေး မျှသာရှိသည်။ သို့ သော် သူ့ မှာ တခြားရွေးချယ်စရာနည်းလမ်းမရှိ။ ရေအိုးစဉ်ကျေးရွာ တစ်အုပ်စုလုံးတွင် စက်လှေ ( ၃ )စီးရှိသည့်အနက်၊ သည်ကနေ့ တော့ “ကိုကျော်ဝင်း” ၏စက်လှေတစီးတည်းသာထွက်သည်ကို သူစုံစမ်းသိရှိထားပြီးဖြစ်သည်။ ထို့ ကြောင့် “ ကိုကျော်ဝင်း ” ကို အကူအညီတောင်းယုံမျှအပ တခြားနည်းလမ်း သူ့ တွင်မရှိ။

“ ကဲ၊ ပြော...ဆရာလေး၊ ဘာကိစ္စရှိလို့  လဲ၊ ရွာပြန်လိုက်မလို့ လား”
“အေးဗျ၊ ခင်ဗျားစက်လှေနဲ့ ပဲလိုက်ရမှာပဲ၊ လာဗျာ၊ ကမ်းနားဖက်ခဏလျောက်ရအောင်၊ ကျနော် ခင်ဗျား ဆီက အကူအညီတောင်းစရာရှိလို့ ပါ”

ကျနော်တို့ နှစ်ဦး မြင်းလှည်းဆိပ်အနီးမှ ခွာလာခဲ့ကြ၏။မြစ်ဆိပ်ကမ်းနားမဆင်းခင်မှာပင် “ ကိုကျော်ဝင်း ” ကို သူဖွင့်ပြောပြလိုက်သည်။ ဒီကနေ့ ကစပြီး စစ်တောင်းမြစ်ဘေး ကမ်းနားရွာ ( ၁၀ ) ရွာ၏ဆနပြပွဲကိုစတင်တော့မှာ ဖြစ်ကြောင်း၊ ဒီကနေ့ တနေ့ လည်လုံး စစ်တောင်းမြစ်ထဲ အစုန်အဆန်သွားကာ၊ “ ဓါတ်စက်လော်စပီင်္ကာ ” ဖြင့်စည်းရုံးလှုံ့ ဆော်မှာဖြစ်ကြောင်း။ သည်လို လုပ်နိုင်ဖို့ အတွက် “ ကိုကျော်ဝင်း ” ၏စက်လှေကို ငှါးရမ်းလိုကြောင်း...။

တဖြေးဖြေးချင်းရှင်းပြနေသည့် သူ့ စကားများကို “ကိုကျော်ဝင်း” က ခေါင်းငိုက်စိုက်ချကာနားထောင်၏။ သူ့ စကားဆုံးသည်အထိ စကားဖြတ်မပြောပဲနားထောင်၏။ တစုံတရာ ထူးခြားသည့် အမူအယါမပြပဲ၊ ပြောသမျှစကားကိုသာ ခေါင်းငုံ့ ပြီးနားထောင်နေသည့် “ကိုကျော်ဝင်း” ကို သူစိုးရိမ်သွားရသည်။

“ ဘယ်လိုလည်း ကိုကျောင်ဝင်း၊ ဒီကနေ့ တော့ စက်လှေအနည်းဆုံး နှစ်ခေါက်တော့ကျော့ရမှာပေါ့ဗျာ၊
ကျသင့်တဲ့ ပိုက်ဆံကျနော်ပေးပါ့မယ်၊ဘယ်လို လည်း၊ ဖြစ်နိုင်မလား”
“ဖြစ်ပါတယ်ဆရာလေး၊ ဘာလို့ မဖြစ်နိုင်ရမလဲ၊ ပိုက်ဆံလည်းပေးဖို့မလိုပါဘူး”

မျှော်လင့်ချက်ရာခိုင်နှုန်းနည်းပါးနေသည်ြ့ကားက “ ကိုကျော်ဝင်း ” ၏အဖြေစကားကိုကြားတော့ သူ့ ခြေလှမ်းများမှာ တန့် ကနဲရပ်သွားရ၏။

“ဆရာလေးတို့ က ဘယ်နှစ်ယောက်လဲ၊ ကျနော့်မှာ ခရီးသည် နှစ်ယောက်ရထားသေးတယ်၊ ဆရာလေး တို့  လူများမယ်ဆိုရင် ကျနော်ရထားတဲ့ခရီင်္းသည်ကို တခြားစက်လှေ လွှဲပေးလိုက်မယ်”
“မလိုပါဘူး၊ ကျနော်တယောက်တည်းပါ၊ ခရီးသည်တွေလိုက်မယ်ဆိုရင် ခေါ်ခဲ့ပေါ့”
“မြို့ ကဟောမယ့်၊ပြောမယ့်သူ ...တယောက်လောက်တောင်ခေါ်မလာဘူးလားဆရာလေး”
“သူ့ တို့ လည်း တယောက်မှမအားကြဘူးဗျ၊ ရပါတယ်၊ ကျနော်ပြောတတ်ပါတယ်၊ ခင်ဗျား လိုက်မယ်ဆိုရင် အခုပဲထွက်ကြရအောင်ဗျာ၊ အခုပဲ ( ၉ )နာရီထိုးနေပြီ”
“ဒါနဲ့ ၊ဓါတ်စက်ငှါးပြီးပြီလားဆရာလေး၊ ကျွဲပွဲက ငှါးလာတာလား၊ကျနော်တို့ နှစ်ယောက် သွားထမ်းကြမယ်”
“မြို ဆိုးမှာပဲ ငှါးလိုက်တာပါ၊ ကျွဲပွဲမှာ ဓါတ်စက်တွေအားလုံး အသိမ်းခံထားရတယ်၊ ငှါးလို့ မရခဲ့ ဘူး၊ လာဗျာ...ဟိုမှာ၊ မနှင်းကြည်မုန့် ဟင်းခါးဆိုင်ရှေ့ မှာ ဓါတ်စက်သေတ္တာနှစ်လုံး ကျနော်ချထားတယ်”

မနှင်းကြည်မုန့်ဟင်းခါးဆိုင်ရှေ့ ရောက်တော့ ဓါတ်စက်သေတ္တာနှစ်လုံးကို သူ့နှင့် “ ကိုကျော်ဝင်း ” တို့ တခုစီ မကြထမ်းကြ၏။

“ ဟင် ဓါတ်စက်ဆရာကော ဆရာလေး”
“ ဓါတ်စက်ဆရာက ဓါတ်စက်ပဲ ငှါးလိုက်တယ်၊ လူတော့မလိုက်ရဲဘူးတဲ့ဗျ၊ ရပါတယ်၊ ကျနော်ဖွင့်တတ်ပါတယ်”

“ ကိုကျော်ဝင်း” နှင့်ကျနော်၊ ဓါတ်စက်သေတ္တာများကို စက်လှေပေါ်တင်ကြ၏။ ကိုကျော်ဝင်း ကကုန်း ပေါ်ခဏဟုဆိုကာ ပြန်တက်သွား၏။ ခဏကြာတော့ပြန်ဆင်းလာခဲ့သည်။

“ ကဲ...ဆရာလေးရေ...ကျနော်တို့ နှစ်ယောက်ပဲသွားတော့မယ်၊ ခရီးသည်တွေက မလိုက်ရဲလို့ ခေါ်လို့ မရဘူးဗျ၊ ဒါလည်းကောင်းပါတယ်”

သူက “ ကိုကျော်ဝင်းကို ” ကိုကျေးဇူးတင်သည့်အပြုံးနှင့်ခေါင်းညှိမ့် ပြလိုက်သည်။ ကိုကျော်ဝင်း က စက် လှေနှိုးသည့်ကြိုးကိုဆွဲတော့ သူက ဓါတ်စက်သေတ္တာများကို ဖွင့်ကာပြင်ဆင်၏။ သူ့ ခေါင်းထဲ၌ ပြောမည့်ဆိုမည့် စကားများကို အစီစဉ် တကျနေရာချနေရပြန်သည်။ စက်လှေက မြို့ ဆိုးရွာအောက် ရောက်လာခဲ့သည်။ သရက်တော ရွာထိပ်ကိုကပ်လာသည်။

“ ခတ်ဖြေးဖြေးလေးပဲ မောင်းပေးပါလား ကိုကျော်ဝင်း၊ အစုန်ဆိုတော့ ဒီအတိုင်းထိမ်းပြီးပဲ မျှောကြည့်ပါလား”

သူက အသံချဲ့ စက် “ ဟွန်း ” ကိုသရက်တောရွာဖက်လှည့်ပြီး ထောင်ထားလိုက်၏။

“ လေးစားအပ်တဲ့ သရက်တောရွာ တောင်သူလယ်သမားအပေါင်းတို့ ခင်ဗျား၊ လေးစားအပ်တဲ့...သရက်တောရွာ အဖိနှိပ်ခံ တောင်သူလယ်သမားရဲဘော်အပေါင်းတို့ ခင်ဗျား၊ ဒီကနေ့ ဒီအချိန်ကစပြီး စစ်တောင်းမြစ်ကမ်း နှစ်ဖက်မှာရှိတဲ့ ကျေးရွာတွေအားလုံးဟာ ( ၂၆ )နှစ်တာ ကျနော်တို့ ကြောပေါ် ဖိနင်းထားတဲ့ မဆလတပါတီ အာဏာရှင်စနစ်ကို တွန်းလှန်ချလိုက်ကြပြီဖြစ်ပါတယ်၊ ဒီကနေ့ ကစပြီး ( ၂၆ )နှစ်တာကာလ တလျှောက်လုံး နည်းမျိုးစုံ ဖိနှိပ်သွေးစုပ်ခံခဲ့ကြရတဲ့၊ မတရား ချုပ်ချယ်ခံခဲ့ကြရတဲ့ တောင်သူလယ်သမားအားလုံး၊ လွတ်မြောက် သွားပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်ကစပြီး သက်ဆိုင်ရာကျေးရွာ အသီးသီးမှာရှိတဲ့ ပါတီ၊ ကောင်စီများရဲ့  အမိန့် သြဇာအာဏာကို သပိတ်ကော်မီတီမှ သိမ်းယူလိုက်ကြပြီဖြစ်ပါတယ်၊ မတရားဖိနှိပ်ချုပ်ချယ်အုပ်ချုပ်လာခဲ့တဲ့ ပါတီကောင်စီ များရဲ့ အမိန့် သြဇာများကိုလည်း ဒီကနေ့ ကစပြီး လိုက်နာဖို့ မလို့ တော့ပါဘူး...”


ဓါတ်စက်သံက သရက်တောရွာထိပ်ကို ကျော်ပြီး ရွာနောက်ဖေးလယ်ကွင်းများဆီ အထိပြေးဝင်သွားနေ ၏။ သူက ဓါတ်စက်ထဲက တဆင့်ကြားရသည့် သူ့ အသံကို ဂရုတစိုက်နားထောင်ရင်းက ပြောလက်စကားကို ဆက်ပြောသည်။

“ အခုလို သပိတ်ကော်မီတီရဲ့ ကြေညာချက်ကိုထောက်ခံကြတယ်ဆိုရင် ဒီကနေ့ ည ( ၈ )နာရီတိတိ အချိန်မှာ၊ ၂၆ နှစ်တာ ကျနော်တို့ အပေါ်ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ တပါတီအာဏာရှင် စနစ်ဆိုးကို မောင်းထုတ်တဲ့ အနေနဲ့ ၊ အိမ်တိုင်းအိမ်တိုင်း၊ ကျေးရွာတိုင်းကျေရွာတိုင်းက သံပုံးတီးပြီး သဘောထားပေးကြပါရန် လေးစားစွာ နှိုးဆော်ဘိတ်ခေါ်အပ်ပါတယ် ခင်ဗျား”

စက်လှေက သရက်တောရွာ လည်မရှိတရှိသို့ ရောက်သောအခါ မြစ်ကမ်းပါးထိပ်သို့  ရွာသားတချို့ ထွက်ကြည့်ကြ၏။ သရက်တောရွာအောက်ပိုင်းကို ရောက်တော့ကမ်းပါးပေါ်တွင် လူတွေနေရာမလပ်တန်းစီင်္ပြီး ရပ်နေကြသည်ကိုတွေ့ ရတော့၏။
လူတချို့ က တစုံတရာအော်ဟစ်ကာ၊ လက်သီးလက်မောင်းတန်းကာ ကျနော်တို့ ကိုတုန့် ပြန်နှုတ်ဆက် လိုက်ကြ၏။ “ကိုကျော်ဝင်း” ကစစ်တောင်းမြစ် ဒီဖက်ကမ်း ကျိန်တောမြောင် ရွာဖက်ဆီကို စက်လှေဦးလှည့် လိုက်၏။

( ခ )
ကျိန်တောမြောင်ရွာဖက်ဆီ စက်လှေဦးလှည့်နေစဉ့် ဓါတ်စက်ဖြင့် လိုက်လံနှိုး ဆော်ရမည့် အလုပ်ကို ပြန်လည်စဉ်းစားနေမိသေးသည်။ စစ်တောင်းမြစ်၏ အနောက်ဖက်ကမ်း ရေအိုးစဉ်ကျေးရွာ အုပ်စုတွင် ကျေးရွာ ( ၅ )ရွာရှိ၏။ သူက ယင်းကျေးရွာ အုပ်စုဝင် သောင်ပုရွာ တွင်ကျောင်းဆရာလုပ်၏။ ရေအိုး စဉ်ကျေးရွာအုပ်စုမှာ အုတ်တွင်းမြို့ နယ်အတွင်းတွင်ရှိပြီး၊အနောက်ဖက်ကမ်းနား အတိုင်းဆင်းလျင် ဖြူးမြို့ နယ် နှင့်သွားပြီးထိစပ်၏။ သူကဖြူးမြို့ နယ်အစပ်ကျေးရွာ( ၂ ) ရွာအထိ ဆင်းမည်ဟုဆုံးဖြတ်သည်။ တခါ...ဒီဖက်ကမ်း စစ်တောင်းမြစ် အရှေ့ ဖက်ကမ်းတွင် ကျိန်တောမြောင်ကျေးရွာအုပ်စုရှိ၏။ ကျေးရွာ ( ၆ )ရွာ ကမ်းနားအတိုင်းတန်းစီ ပြီးရှိ၏။ဤကျေးရွာအုပ်စုမှာထန်းတပင်မြို့ နယ်အတွင်းက ကျေးရွာများဖြစ်၏။ သူက စစ်တောင်းမြစ်ဟိုဖက်ကမ်း သည်ဖက်ကမ်း၊ မျက်နှာချင်းဆိုင်ကျေးရွာအုပ်စုဝင်ရွာ( ၁၀ )ရွာကျော်ကို လိုက်လံနှိုးဆော်ရန်ဆုံးဖြတ်ထားခဲ့၏။

“ ဆရာလေး၊ ကျိန်တောမြောင်ရွာထိပ်တော့ သိပ်ကပ်လို့ မကောင်းဘူးနဲ့ တူတယ်၊ ရွာထိပ်မှာ စစ်တပ် ဂိတ်ရှိတယ်ဆရာလေး”

ကြိုတင်တွက်ဆပြီး သိထားပြီးသည့်တိုင် “ ကိုကျော်ဝင်း ” ၏စကားကိုကြားတော့ သူ့ ရင်ထဲတွင်စိုးရိမ် သွားရ၏။ သို့ သော်သူက ဓါတ်စက်ဟွန်းကို ရွာထိပ်ဆီလှည့်ပြီးတည့်လိုက်၏။

“ ကျိန်တောမြောင်ကျေးရွာ...တောင်သူလယ်သမား ရဲဘော်အပေါင်းတို ...့”

သူ၏ပြောလက်စ စကားမှာတ၀က်တပျက်နှင့် ရပ်သွားရ၏။ ကျည်ဖူးတခု ရွှီကနဲမြည်ကာ စက်လှေပေါ် မှကျော်သွား၏။ သေနတ်သံတချက်ကို ဆက်တိုက်ကြားလိုက်ရ၏။

“ ဟာ...ဆရာလေး၊ ပစ်နေပြီဆရာလေး၊ နောက်ပြန်ဆုပ်မှဖြစ်မယ်”

“ စက်ရှိန်သပ်ပြီး အသာလေးမျှောသာမျှောချထားဗျာ၊ ဒီကောင်တွေကျုပ်တို့ ကိုတကယ် ပစ်ချင်ရင် အပေါ်ကျော်ပြီး ဘယ်ပစ်ပါ့မလဲ၊ တည့်တည့်ပစ်မှာပေါ့၊ ကိစ္စမရှိပါဘူး၊ စက်ရှိန်တော့သပ်ထားလိုက်”

သူက ဓါတ်စက်စကားပြောခွက်ကို ပါးစပ်ပေါက်ဝတွင်ပြန်ကပ်လိုက်သည်။ သူ့ ရင်ပြင်တခုလုံးနေရာလပ် မရှိအောင်သွေးများဆူပွက်လာရ၏။ ဓါတ်စက်ဟွန်းကိုလည်း သေနတ်သံတွေပေါ်လာရာ စစ်တပ်ဂိတ် တည့်တည့် ဆီလှည့်ထားလိုက်၏။

“ ချစ်ခင်လေးစားအပ်တဲ့ ပြည်သူချစ်သော ပြည့်သူ့ သားကောင်းတပ်မတော်သားရဲဘော် အပေါင်းတို့ ခင်ဗျား...ချစ်ခင်လေးစားအပ်တဲ့ ပြည်သူ့ တပ်မတောသား ရဲဘော်များခင်ဗျား...ဒီကနေ့  ဒီအချိန်မှာ မြန်မာတနိုင်ငံလုံးက တောင်သူလယ်သမားအားလုံး၊ အလုပ်သမားအားလုံး၊ ကျောင်းသားကျောင်သူအားလုံး၊ ရုံးဝန်တမ်းအားလုံးဟာ မိမိတို့ ရဲ့  ဆန္ဒကိုလွတ်လပ်ရဲရင့်စွာ ထုတ်ဖေါ်ပြသနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုပြသရတဲ့ ကိစ္စဟာ ပြည်သူထဲကပေါက်ဖွားလာကြရတဲ့ ပြည့်သူ့ တပ်မတော်သားများ ရဲ့ မိသားစုများအပါအ၀င် လူထုကြီးတရပ်လုံး ဘ၀လွတ်မြောက်ဖို့ အတွက် ဆန္ဒထုတ်ဖေါ်ကြတာဖြစ်ပါတယ်။ တပ်မတော်သားရဲဘော်တို့ ဟာ တမိသားစုအတွင်းက မိသားစုဝင် ညီအစ်ကိုမောင်နှမများဖြစ်ကြပါတယ်။ ဒီကနေ့ အခုလို ကျနော်တို့ တတွေ ဆန္ဒထုတ်ဖေါ်ကြတာဟာ တပ်မတော်ကြီးတခုလုံးကို ဆန့် ကျင်ကန့် ကွက်ကြတဲ့ သဘော မဟုတ်ပါဘူး၊ တပ်မတော်ကြီးကို ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အာဏာတည်မြဲဖို့ အတွက် ခုတုံးလုပ်အုပ်ချုပ်နေကြ တဲ့၊ ပြည်သူလူထုကို အလုပ်အကျွေးပြုရမယ့်၊ ကာကွယ်မှုပြုကြရမယ့်တပ်မတော်ကို၊ မိမိအာဏာတည်မြဲရေးနဲ့ ဖိနှိပ်သွေးစုပ်အုပ်ချုပ်ဖို့ အတွက် ခုတုံးလုပ်အသုံးချနေကြတဲ့ အာဏာရှင်လူတစုကိုသာဦးတည်ပြီး ဆန့် ကျင်ကန့် ကွက်နေကြတာဖြစ်ပါတယ်....”

စက်လှေက ရေစီးကိုကန့် လန့် ခံကာ၊ စက်ရှိန်ကိုသပ်ကာ မြစ်ကြောင်းအတိုင်းဆင်းချလာခဲ့၏။ စစ်တပ်ဂိတ်ဆီက မည်သည့်အသံမျှထပ်ပြီး မကြားရတော့။ နောက်ကြောဖက် သရက်တောရွာဆီက လူသံများ ကြားရသဖြင့်လှည့်ကြည့်ရပြန်သည်။ သရက်တော တရွာလုံးကမ်းလုံးညွှတ်မျှ လူတွေတန်းစီပြီးရပ်နေကြ၏။

ရုတ်တရက် ကြွေးကြော်အော်ဟစ်သံများ အနီးကပ်ပြီးကြားရပြန်သည်။ သူက ကျိန်တောမြောင်ရွာ ကမ်းပါးပေါ်မေါ့ပြီးကြည့်ရပြန်သည်။ ကမ်းပါးပေါ်တွင် လူတွေသူ့ ထက်ငါတွန်းထိုးရင်း စက်လှေနှင့်ယှဉ်ကာ ကုန်းပေါ်မှပြေးလိုက်လာနေကြ၏။ လူ့ တချို့ ကနေရာတွင်ပင်ရပ်ကာ ခလေးတွဲလွဲ၊ ခွေးတွဲလွဲနှင့် အော်ဟစ်ကခုန် နေကြ၏။

လူတချို့ ကမ်းပါးအောက်သို့ ပြေးဆင်းလာကြသည်။ ကျနော်တို့ စက်လှေကို လက်ပြပြီးတားကြ၏။ သူက စက်လှေကိုကပ်ပေးခိုင်းလိုက်၏။ စက်လှေပေါ်သို့ ကျိန်တောမြောင်ရွာသား ( ၁၀ ) ဦးခန့် တက်ကြ၏။ အားလုံးလိုလိုမှာ သူစာသင်ပေးခဲ့ဖူးသည့် ကျောင်းသားဟောင်းများ ဖြစ်နေသည်ကိုတွေ့ ရ၏။ သူ့ မျက်လုံးအိမ်များ ထဲ၌ မျက်ရည်များရုတ်တရက်သိုင်းဖွဲ့ လာခဲ့ရ၏။ ကျိန်တောမြောင်ရွာ ဆိပ်ကမ်းမှ စက်လှေခွါသည်နှင့်တပြိုင်နက် ကြွေးကြော်သံများ ကမ်းပါးထိပ်မှထွက်ပေါ်လာလေသည်။

“ ပါတီ၊ ကောင်စီစနစ်ဆိုး...အလိုမရှိ၊ အလိုမရှိ ”
“ တပါတီ အာဏာရှင်စနစ် ကျဆုံးပါစေ...ကျဆုံးပါစေ ”
“ အရေးတော်ပုံ...ေ
ာင်ရမည် ”

( ဂ )

လယ်သမားတွေက
“ တာဝန်ကြေစပါး ” “ တာဝန်ကြေစပါး ” ဆိုတဲ့
ခါးသီးတဲ့အတိတ်ဇာတ်ကို
မြေမြှုပ်သဂြိုလ်ဖို့ တောင်းဆိုကြတယ်။

အလုပ်သမားတွေက
“ လုပ်အားပေးစနစ် ”ဆိုတဲ့
ခေတ်သစ်ကျေးကျွန် “ ဗျူရိုကရေစီ ” ကို
“ ဒီမိုကရေစီ ” နဲ့ ဖြိုချကြတယ်။

အကြိမ်ကြိမ်စိမ်ခေါ်
အလီလီတိုက်ပွဲဝင်ခဲ့ကြတဲ့
စာသင်ခန်းထဲက ကျောင်းသားတွေက
“ ကမ္ဘာမကျေဘူး ” သီချင်းဆိုကြတယ်။

သမဂမြေကျောင်းတော်က
တဖြောင်းဖြာင်းရိုက်ခတ်လိုက်တဲ့
“ ခွပ်ဒေါင်း ” ရဲ့ တောင်ပံခတ်သံဟာ
ကမ္ဘာတလွှားမှာရှိတဲ့
“ အာဏာရှင် ”ဟူသမျထံ ရာဇသံပေးလိုက်တယ်။
( မိမိကိုယ်ပေါ်တွင် သစ်တပင်စိုက်ပျိုးခြင်း...ကဗျာမှ)

“ ခင်ဗျားတို့ လည်းကြားတဲ့လူကြားကြမှာပဲ၊ တောင်ငူ၊ အုတ်တွင်း၊ ကျွဲပွဲ၊ ဖြူး၊ ညောင်းခြေထောက်...မြို့ တွေအကုန်လုံး ဒီကနေ့ ဆန္ဒပြကြတယ်၊ ဒီင်္ကနေ့ ကတော့ တတိုင်းတပြည်လုံး တညီတညွှတ်ထဲ ဆန္ဒပြဖို့ နှိုး ဆော်ထားတယ်၊ ကျနော်မနက်က ကျွဲပွဲမှာရှိတယ်၊ ဟိုမှာ တမြို့ လုံးလမ်းပေါ်ထွက်ပြီးဆန္ဒပြနေပြီ၊ ကျနော်တို့ နေ ရာက မြို့ နဲ့ ဝေးတာမှန်တယ်၊ လုံခြုံရေးအတွက် စိတ်ပူရတာမှန်တယ်၊ ဒါပေမယ့် ဒီကနေ့ တော့ ဆန္ဒမပြလို့ ကို မဖြစ်ဘူး၊ ဒါကြောင့်မို့ တိုင်ပင်သင့်တဲ့သူတချို့ နဲ့ တိုင်ပင်ပြီး ကျနော်အခုလို့လိုက်ပြီး နှိုးဆော်တာပဲ၊ အရေးအကြီင်္း ဆုံးက ည ( ဂ )နာရီမှာ အိမ်ပေါက်စေ့သံပုံးတီးကြ၊ မနက်ဖြန်မနက်ကြရင် သောင်တန်းရွာကိုချီတက်ကြ၊ ဒီကြားထဲ ဘာတခုမှ စိတ်လိုက်မာန်ပါမလုပ်ကြနဲ့ ၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် စည်းကမ်းရှိရှိသာ နေကြ လုပ်ကြပါ၊ အထူးသဖြင့် ရပ်ရွာလုံခြုံရေးကို တိုင်ပင်ညှိနှိုင်းပြီး အသိရှိရှိ တာဝန်ယူကြပါ... အခုတော့လုံခြုံရေး အရ လူစုခွဲကြပါ၊ မဖြစ်မနေလုပ်ရမယ့် အလုပ်တချို့ လုပ်ဖို့ အတွက် ပြောဆိုထားတဲ့ လူတချို့ ပဲဒီမှာနေခဲ့ကြပါ..”


တညနေခင်းလုံး “ သူ့  ” မှာအလုပ်တွေနှင့်ပိနေခဲ့သည်။ အထူးသဖြင့်မနက်ဖြန်မနက် “ သပိတ်စခန်း ” ဖွင့်နိုင်ရေးအတွက် ကျေးရွာအသီးသီးမှ၊ ရောက်လာသည့် တက်ကြွလှုပ်ရှားသူများနှင့်တိုင်ပင်ရသည်။ လုံခြုံရေးအတွက် ပြည်သူ့ စစ်အဖွဲ့ များ စစ်တပ်ဂိတ်များကို မျက်ခြေမပြတ်စေါင့်ကြည့်ဖို့  တာဝန်ခွဲကြရသည်။ ကျေးရွာပါတီ၊ ကောင်စီလူကြီးများ အခြေအနေကို အကဲခတ်ကြရသည်။

“ မဒေ၀ီ ” က သူ နှင့်ဧည့်သည်များအတွက် ရေးနွေးကြမ်းအိုး၊ တအိုးပြီးတအိုးလာချပေးနေခဲ့၏။ ဆန္ဒပြပွဲ ကိစ္စများနှင့်အလုပ်ရှုပ်နေခဲ့သဖြင့် “ မဒေ၀ီ ” နှင့်လူမမယ်သားသုံးယောက်ကို သူမေ့နေခဲ့သည်။ အိမ်ရှေ့ ပိန္နဲပင် အောက်တွင် ဖျားများခင်းကာ လူတွေဝိုင်းစုဖွဲ့ ထိုင်နေစဉ် “ သူ ”က ဆန္ဒပြပွဲအတွက် သူ့ အစ်ီစဉ်များကို တတ်အားသ ရွေ့ ရှင်းပြ၏။ လွန်ခဲ့သော ( ၃ )ရက်ကတည်းက သူကိုယ်တိုင် သွားရောက်လေ့လာထားခဲ့သည့် တောင်ငူမြို့ ၊ အုတ်တွင်းမြို့ ၊ဖြူးမြို့  ဆန္ဒပြပွဲအတွေ့ အကြုံများကို ပြန်လည်ဖေါက်သယ်ချရ၏။ တညနေ ခင်းလုံးအလုပ်ရှုပ်နေ ရင်းက သတိရလို့ အိမ်ဲဖက်ကိုလှမ်းကြည့်တော့ “ မဒေ၀ီ ” နှင့်လူမမယ်သား ( ၃ ) ယောက်၊ အိမ်ပေါက်ဝတွင် တန်းစီပြီးထိုင်နေသည်ကို သူ တွေ့ ရသည်။ ထိုအခါကြမှ သူ့ မှာ ရင်ထဲ၌ စူးစူးနင့်နင့် ခံစားလိုက်ရသည်။

ဓါတ်စက်တလုံးကို စက်လှေတစီးပေါ်တင်ကာ စစ်တောင်းမြစ်အတွင်း အစုန်အဆန်သွားနေခဲ့စဉ်က အိမ်တွင်ကျန်ရစ်သည့် မဒေ၀ီ တို့ မိသားစုကိုသူမေ့နေခဲ့သည်။ စက်လှေပေါ်ကဆင်းပြီး အိမ်ကိုပြန်ရောက်တော့ လည်းအိမ်ရှေ့တွင်ရောက်နှင့်နေသော လူအုပ်နှင့်ပြောဆိုညှိနှိုင်းရင်း အလုပ်ရှုပ်နေခဲ့သဖြင့် “ မဒေ၀ီ ”ကိုသူမေ့နေ ခဲ့၏။ လူအုပ်အတွင်း မကြာခဏ ရေနွေးကြမ်းအိုးလာချပေးနေသည့် မဒေ၀ီကိုသူသတိမမူမိ။ သတိရလို့ အိမ်ဆီကို လှမ်းကြည့်မှငြိမ်ချက်သားကောင်းစွာ လူချင်းပူးကပ်ပြီးထိုင်နေကြသည့် မဒေ၀ီ တို့ သားအမိတစုကို သူတွေ့ ရခြင်းဖြစ်သည်။

“ ဒီလိုလုပ်တာ ကောင်းပါတယ်၊ ကျမသဘောတူတယ်၊ ထောက်ခံတယ်၊ ဒီကိစ္စက အရင်ကတည်းက ကျမထောက်ခံခဲ့တာပဲ၊ သဘောတူရမှာပေါ့၊ ဒါက လုပ်ကိုလုပ်ရမယ့်အလုပ်၊ ဒါပေမယ့် ကျမတို့ မှာစွန့် လွှတ်ရ တာတွေများပြီ၊ ဒီင်္သားလေးသုံးယောက်ကိုတော့ ကျမထပ်ပြီးမစွန့် လွှတ်နိုင်ဘူး၊ မောင်က မောင်လုပ်သင့်လုပ်ထိုက်တာလုပ်ပါ၊ ကျမကတော့ သားလေးသုံးယောက်ဘေးမှာ ရှိနေရလိမ့်မယ်၊ မောင့်ကိုကျမနားလည် သလို ကျမကိုလည်း မောင်ကနားလည်ပေးရလိမ့်မယ်”

မဒေ၀ီ ရဲ့ မျက်လုံးတွေထဲက အဓိပ္ပ္ပာယ်များကို သူ ကောင်းစွာဖတ်ရှုလိုက်နိုင်သည်။ ထိုအခါကြမှ သူ က စက်လှေတစင်းပေါ်ကတဆင့် စစ်တောင်းမြစ်ကမ်းတလျှောက် ဆန္ဒပြကြဖို့ စည်းရုံးလှုံ့ ဆော်နေစဉ်အချိန်...“ မဒေ၀ီ ” ကဈေးတောင်းတလုံးခေါင်းပေါ်ရွက်ကာ ရွာစဉ်လျှောက်ပြီး ဈေးရောင်းထွက်နေ ခဲ့မည်ကို သူတွေးမိလာရသည်။

“ အခုလို ဒီအလုပ်တွေ လုပ်နေတယ်ဆိုတာကလည်း သူတို့ လေးတွေအတွက်ပါပဲ၊ အခုဆိုရင် မိုးကုန်တော့မယ် မိုးကုန်ရင် ဆောင်းရောက်လာအုန်းမယ် ဆောင်းကုန်ရင်တော့ မောင်တို့ မျှော်မှန်းတဲ့ နွေဦးဆိုတာ အသေအချာ ရောက်လာပါလိမ့်မယ်...”

သူ့ ရင်ထဲက စကားများကိုလည်း မဒေ၀ီ တယောက် ကောင်းစွာ ဖတ်ရှုနိုင်လိမ့်မည်ဟု သူ အခိုင်အမာ နားလည်ထားလိုက်၏။

“ ကဲ...ဒ်ါဆိုရင်...ကျနော်တို့ အားလုံး လူစုခွဲကြရအောင်၊ ညကြမှ ဒီမှာခဏပြန်လာပြီးစုကြတာပေါ့၊ အားလုံးသတိဝီရိယနဲ့နေကြလုပ်ကြတာပေါ့ဗျာ ”

ရွာသားတွေ လူစုကွဲတော့ နေ၀င်စပြုပြီဖြစ်သည်။ မဒေ၀ီက စားရေးစာပွဲခုံလည်းဟုတ်၊ ထမင်းစားခုံလည်းဖြစ်သည့် သစ်သားစာပွဲခုံကလေးကိုချကာ ထမင်းဝိုင်းပြင်သည်။ သူက စာအုပ်စာတန်းများကိုအိမ်ခေါင်းရင်းဖက်တွင်သွားပြီ်းချထားလိုက်သည်။ မဒေ၀ီကို ကူညီပြီးထမင်းဝိုင်းပြင်သည်။

အိမ်ပေါက်ဝတွင်ထိုင်ကာ ငြိမ်ချက်သားကောင်းနေကြသည့် သားသုံးယောက်ကို တချက်ငဲ့ကြည့်ရင်းက သူစဉ်းစားသည်။ အငယ်ဆုံးသားက( ဂ )နှစ်၊ အကြီးဆုံးသားကမှ (၁၁ )နှစ်၊ ဖခင်ဖြစ်သူဘာတွေလုပ်နေသည်၊ ရွာတွင် ဘာတွေဖြစ်နေသည်ကို ခရေစေ့တွင်းကျနားလည်နိုင်ကြမည့်အရွယ်မဟုတ်ကြ။လူကြီးတွေ၏အရိပ်အကဲ ကိုကြည့်ကာ တစုံတရာထိတ်လန့် စိုးရိမ်နေကြပုံကိုတွေ့ တော့ သူ့ မှာစိတ်မကောင်းဖြစ်ရ၏။

သူတို့ မိသားစု ထမင်းဝိုင်းထိုင်နေစဉ်...နေရောင်ခြည်များမှာ သောင်ပုရွာ ပေါ်မှ အလျှင်အမြန်ဆုပ်ခွါ သွားနေလေသည်။

( ဃ )
သားအမိသားအဖ ( ၅ )ယောက်...။ အိမ်ပေါက်ဝတွင်ထိုင်နေကြသည်။ သူကော မဒေ၀ီပါ စကားသိတ်ပြီး မပြောဖြစ်ကြ။ ကလေးတွေသည်ပင် လူကြီးများ၏အရိပ်အကဲကို ကြည့်ကာငြိမ်ချက်သားကောင်းနေကြ၏။ သူတို့ မိသားစုတွင်သာမဟုတ် သောင်ပုရွာတရွာလုံးပင် ထူးထူးခြားခြား ငြိမ်ချက်သားကောင်းနေသလားဟု သူထင်မိ သည်။

“ နေ့ လည်ကတည်းက၊ ဟိုဖက်ကမ်း ဒီဖက်ကမ်း စစ်တပ်ဂိတ်ကစစ်သားတွေ တယောက်မှမတွေ့ ရတော့ ဘူးတဲ့၊ တပ်တွေပြန်ရုပ်သွားပြီ်တဲ့ ”
“ သောင်တန်းရွာ ပြည်သူ့ စစ်ခေါင်းဆောင် ကိုတင်အုံးက၊ သူတို့ ကိုင်တဲ့သေနတ်တွေအားလုံး မနက်ကြ ရင် သပိတ်စခန်းမှာ လာအပ်မယ်လို့ ပြောတယ်ဆိုပဲ ”
“သရက်တောရွာ ပြည်သူ့ စစ်အဖွဲဝင်တွေကတော့ သေနတ်တွေမအပ်ဘူးတဲ့၊ စစ်တပ်ကလာသိမ်းမှပြန် အပ်မယ်လို့ ပြောနေကြတယ် ”
“ လူကြီးတွေ ပြာယာခတ်နေကြတယ်၊ တချို့ သူတို့ မိသားစုတွေလုံခြုံရေးအတွက်စိတ်ပူနေကြတယ်၊ ငိုတဲ့မိန်းမတွေငိုကြတယ်တဲ့၊ ညတွင်းချင်းများမြို့ ပေါ်ထွက်ပြေးကြမလားမသိဘူး ”
“ ကျနော်တို့ လည်းလုံခြုံရေးအတွက် ဒီင်္ညကစပြီး စီစဉ်သင့်တယ်၊ မြို့ နဲ့ လည်းဝေး စစ်တပ်ဂိတ်တွေ ကလည်းမရှိတော့ဘူးဆိုတော့ မသမာတဲ့သူတွေ ပေါ်လာနိုင်တယ် ”
“ ဒီိလိုလုပ်ပါ၊ ဒီကနေ့ ညရှစ်နာရီကျော်ပြီးတဲ့အခါ အခြေအနေကြည့်ပြီး စီစဉ်ကြတာပေါ့၊ လောလော ဆယ်မတော့ ည ရှစ်နာရီအဖြေကိုပဲ ကျနော်တို့  စေါင့်ကြည့်ရအုန်းမယ်ထင်တယ် ”

ထမင်းစာပွဲခုံလေးပ်ါက လက်ပတ်နာရီကို “ သူ ” ငုံ့ ပြီးကြည့်သည်။ ရေနံဆီမီးခွက်မီးရောင်က နာရီဒိုင် ခွက်ကိုကောင်းစွာ မမြင်ရ၊ အသေအချာငုံ့ ကြည့်မှ ရှစ်နာရီထိုးကာနီး ပြီဆိုသည်ကို “ သူ ” တွေ့ ရသည်။

“ မဒေ၀ီ ” က “ သူ့  ” ကိုလှည့်မကြည်ပဲ အကဲခတ်ဟန်တူသည်။ သားသုံးယောက်အနက်အငယ်ဆုံး သားက သူ့ ရင်ခွင်ထဲတိုးဝှေ့ ပြီးဝင်ထိုင်၏။ လရောင်လိုလို၊ ကြယ်ရောင်လိုလို အလင်းရောင် မှိန်ပြပြက အိမ့်ရှေ့ ပိန္နဲ ပင်ပေါ်ရောက်နေသည်။ သူ့ စိတ်ထဲ ရှစ် နာရီထိုးကာနီးပြီဖြစ်သဖြင့် ဒန်အိုးဖုံးတခုကိုသွားယူလာကာ တုတ်ချောင်းနှင့်ရိုက်ပြီးအသံပြုရန် ဆုံးဖြတ်လိုက်၏။ တိတ်ဆိတ်ငြိမ်သက်လွန်းသည့် လောကကြီးကို သူတယောက်ထဲ၏ ဒန်အိုးဖုံးခေါက်သံက ထိုးဖေါက်သွားနိုင်ပါမည်လား။ သူ ... မသိမသာ..တုန်လှုပ်နေမိသည်။

ထိုစဉ်မှာပင်...ခန့် မှန်းရခက်သည့်တနေရာမှ မိုးချိမ်းသံများကိုကြားလိုက်ရ၏။ စိတ်လှုပ်းရှားစွာ အသေ အချာနားစိုက်ထောင်တော့ သံပုံးတီးသံများကို မည်သည့်ဖက်ကမှန်းမသိ အသေအချာကြားလိုက်ရ၏။ ရုတ်တရက်ဆိုသလို အိမ်နားနီးချင်းအိမ်များဆီက သံပုံးတီးသံများ ထွက်ပေါ်လာခဲ့သည်။ “ မဒေ၀ီ ” ကသူ့ လက် ထဲမှ ဒန်းအိုးကိုရုတ်တရက် ဆွဲယူကာ တုတ်တချောင်းနှင့် အဆက်မပြတ်ရိုက်တော့၏။ သူက အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ အိမ်ရှေ့ ပိန္နဲပင်ဘေးတွင် ထွက်ပြီးရပ်လိုက်သည်။
သံပုံးတီးသံများမှာ တရွာလုံးကိုကိုင်လှုပ်လျက်ရှိ၏။ လူတချို့ က တဝေးဝေး တဟေးဟေးနှင့်လိုက်အော်နေ ကြသည်ဟု သူထင်သည်။ သံပုံးတီးသံများမှာ ရေးလှိုင်းများလို ဆင့်ကဲဆင့်ကဲ နီးလာနေရင်းမှ တဖြေးဖြေး ဝေးသွားကြတော့၏။ ။

ငြိမ်းဝေ