August 31, 2008

နယ်စပ်ကိုဖြတ်ကျော်၍ ...


၁။

“ဆရာကြီးကို သမီးကျေးဇူးတင်တယ်”
သူကပြောပြောဆိုဆို စမ်းချောင်းတဖက်သို့ ပြန်ကူးသွားခဲ့၏။ သူ့ကျောပြင်ကို ကြည့်ကာ ကျနော့်မှာ ကြည်နူးနေ မိသည်။ သူက ရောက်ရှိလာတော့မည် သူ့ဘ၀ အနာဂါတ်ကာလပန်းတိုင်ကို ပြောပြသွားခဲ့သဖြင့် သူ့အတွက် ကျနော် ကြည်နူးရခြင်းဖြစ်သည်။ မယ်ပေါထဒုက္ခသည် ရွာကလေးမှပြန်လာပြီး မိမိနေထိုင်ရာ အခန်းကလေးထဲ ပြန်ရောက်လာခဲ့သည့်တိုင် သူ့ကို ကျနော်သတိရနေသည်။ သူက ပြည်တွင်းတွင် ကျစ်နေရစ်ခဲ့သည့် ကျနော်၏ အငယ်ဆုံးသားနှင့်မှ သက်တူရွယ်တူ ကရင်မိန်းကလေးတဦး။ နာမည်က “နော်ဖောဂေ” ။ မြန်မာလို “လှပတဲ့ပန်း” ။


“သမီးနောက် (၂) လဆိုရင် ၀မ်းဆွဲဆရာမသင်တန်းတက်ရတော့မယ် ဆရာကြီး၊ ဒီကြားထဲ ဒီရွာက မူလတန်း ကျောင်းမှာ စာသင်ပေးဖို့လည်း ပြောထားတယ်၊ သမီး အရင်ကတည်းက ဒီကိုလာခဲ့ရရင်ကောင်းမှာ၊ ရွာမှာ အမေရှိနေလို့ ထားခဲ့လို့ကလည်းမဖြစ်၊ လာလည်းမလာရဲလို့ (၃) နှစ်လောက် အချိန်တွေ ပုတ်ကုန်တယ်။ ခုတော့ သမီးရည်မှန်းချက်တွေ ပြည့်တော့မှာပါ၊ အဲဒါ ဆရာကြီးနဲ့ အကိုကြီးရဲ့ ကျေးဇူးကြောင်ပေါ့”
“နော်ဖောဂေ” ပြောခဲ့သည့် စကားများကိုတွေးရင်း ၀ါးစားပွဲလေးပေါ်က စာအုပ်စာတမ်းများကြားတွင် ညပ်နေသည့်မှတ်စုစာအုပ်ဆီ ကျနော့်မျက်လုံးများ ရောက်သွားရ၏။
မှတ်စုစာအုပ်ကလေးကိုယူပြီး အခန်းအပြင်ဖက် လူသွားလမ်းကလေးဘေးက ခုံတန်းတွင် ကျနော်ထိုင်သည်။ ကျနော့် အပေါ်မိုးအုပ်ထားသည့် ၀ါးရုံပင်ကိုင်းများဆီက လေတိုးသံကြားနေရ၏။ (၂၄) နာရီ မပြတ်ကြားနေ ရသည့် မယ်တုက္ခီစမ်းချောင်းရေစီးသံများက ပိုမိုကျယ်လောင်လာနေသည်ဟု ထင်ရ၏။

၂။

“ကျနော်တို့နဲ့လိုက်မယ်ဆိုတဲ့လူက ဘယ်နှစ်ယောက်လောက်ရှိလို့လဲ ဗိုလ်သိန်းစိုး”
ကွင်းထဲက နေပူတံလျပ်ကို မျက်မှောင်ကြုတ်ကြည့်ရင်းက ကျနော်တို့နှင့်အတူ “မာနယ်ပလော” သို့ လိုက်ပါကြ မည့် လူအုပ်ကို တွေးနေမိသည်။
“ဆယ့်နှစ်ယောက်ရှိတယ် ကိုငြိမ်းဝေ၊ လူကြီး (၈) ယောက်၊ ကလေး (၄) ယောက်”
“ဘယ့်နှယ်လဲ၊ ခင်ဗျားဘယ်လိုစဉ်းစားထားသလဲ၊ ကျနော်ကတော့ ခေါ်သွားချင်တာပေါ့၊ လမ်းမှာတွေ့မယ့် ကြုံမယ့် အခက်အခဲ ခင်ဗျားအဓိကပဲ၊ ခင်ဗျားက ဖြစ်တယ်ဆိုရင် ကျနော်သဘောတူပါတယ်”
ဗိုလ်သိန်းစိုးက သူလည်းခေါ်သွားချင်ကြောင်းရှင်းပြ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဒုံသမိချောင်းဘေးမှ မာနယ်ပလော သို့ ရောက်အောင် လမ်းတွင် (၅) ညမျှ အိပ်ရမည့်ခရီးဖြစ်သော်လည်း၊ လုံခြုံရေး နှင့် ရိက္ခာအခက်အခဲကြောင့် (၈) ညမျှ အနည်းဆုံး အိပ်ရမည်ဟု ဗိုလ်သိန်းစိုးက ရှင်းပြလေသည်။ အကြီးမားဆုံးအခက်အခဲမှာ ယွန်းစလင်း ချောင်း ကျော်ပြီးသည့်အထိ၊ မကြာခဏရှောင်ကွင်းပုန်းအောင်းကြရမည့် န၀တစစ်တပ်စစ်ကြောင်းများ၏ ရန်ပင် ဖြစ်သည်။ သို့သော် ဗိုလ်သိန်းစိုးကို ကျနော်ယုံသည်။ သူ့မှာ သည်ခရီးသည်လမ်းကို (၁၀) နှစ်တာမျှ အခေါက် ပေါင်းမရေမတွက်နိုင်အောင် သွားလာခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ဖြစ်၏။
ခရီးစပြီး ထွက်သည့်နေ့က ခရီးသည်လူအုပ်ထဲတွင် “နော်ဖောဂေ” ကို ကျနော် သတိမထားမိ။ ရဲဘော်လေး “ဟွေ့စာ” က သူ့သေနတ်ကို တစုံတယောက်အား ခဏယူလာပေးဖို့ ပြောလိုက်စဉ် “ငါ သေနတ်မကိုင်ချင်ဘူး” ဟု ဗမာလိုပီပီသသပြောသံကြားလို့ လှည့်ကြည့်မှ အသက် (၁၇) နှစ် အရွယ် မိန်းကလေးတဦးကို ကျနော် စတင် သတိပြုမိခြင်းဖြစ်သည်။ ထို့နောက် လမ်းခရီးတလျောက်လုံး သူက ကျနော်နှင့်ခရီးသည်များအကြား ဆက်သွယ် ရေး တာဝန်ခံဖြစ်လာခဲ့၏။ ခရီးသည် လူအုပ်ထဲတွင် ဗမာလို ရည်လည်စွာ ပြောနိုင်သူဆို၍ သူတဦးသာပါ၏။
“သမီးက ကမ္မမောင်းမှာ ခုနစ်တန်းအထိ ကျောင်းနေခဲ့ဖူးပါတယ်။ အဖေဆုံးမှ ကျောင်းထွက်လိုက်တာပါ။ ဒါကြောင့်မို့ သမီးက ဗမာစကားပြောတတ်တာ၊ ကျုံစိန်တရွာလုံး ကရင်လိုပဲ ပြောတယ် ဆရာကြီးရဲ့”
“နော်ဖောဂေ” က ဘာပြုလို့ သေနတ်ကို ကိုင်မပေးချင်ရတာလဲဆိုသည်ကိုမူ ကျနော်မသိ။ သူ့ဖခင်မှာ န၀တစစ်တပ်က သတ်ဖြတ်ခဲ့သဖြင့် သေနတ်ကို မုန်းတီးနေသလားဟု ကျနော်တွေးသည်။ သို့သော် မဲပလိချောင်း၏ အနောက်ဖက်၊ ကော့ကရိတ် ဖာပွန်ကားလမ်းဟောင်းကို ဖြတ်ကူးဖို့ ကြိုးစားကြတော့ “နော်ဖောဂေ” သည် ကင်းသမားအဖြစ် ရှေ့တိုးပြီး တာဝန်ယူခဲ့၏။ သို့သော် သေနတ်ကိုတော့ သူမကိုင်တွယ်ခဲ့ ချေ။ နော်ဖောဂေက သည်လိုပြောခဲ့၏။
“သမီး မာနယ်ပလောရောက်ရင် သူနာပြုဆရာမလုပ်မယ်၊ ဒါမှမဟုတ် ကျောင်းဆရာမလုပ်မယ်၊ အခြေအနေပေးရင် ရွာပြန်လာပြီး အဲဒီအလုပ်တွေပဲ ဆက်ပြီးလုပ်မယ်၊ အကိုကြီးကို ပြောထားပြီးပြီ၊ ဟိုကြရင် သူနာပြုသင်တန်း၊ ဆရာမသင်တန်းတက်နိုင်အောင်လုပ်ပေးဖို့”

၃။

တောစပ်ကိုပြန်ရောက်ကတည်းက သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကရင်လိုစကားအနည်းငယ်ပြောပြီးနောက် ဗိုလ်သိန်းစိုးက သစ်ပင်ခြေရင်းတွင် တဦးတည်းငြိမ်ချက်သားကောင်းစွာ ထိုင်နေ၏။ ကျုံစိန်ရွာဘက်သို့ သတင်း စုံစမ်းရန်သွားပြီးမှ ပြန်ရောက်တော့ ဘာသတင်းမှမထူးခြားသလို ငြိမ်နေသဖြင့် ကျနော်က သူ့ကိုစကားမဟ တော့ဘဲ နေစောင်းသည်အထိ မလှမ်းမကမ်းတနေရာတွင် ထိုင်နေခဲ့ရ၏။
တောအုပ်ထဲက နေရောင်ခြည်များမှာ လက်နှင့်ဆွဲဆုပ်ပြီး ရုပ်သိမ်းလိုက်သလို လျှင်မြန်စွာ ပျောက်ကွယ်သွားနေ လေသည်။ နေရောင်များ နောက်ဆုတ်တော့၊ လရောင်မှာ ရှေ့သို့တိုးလာခဲ့၏။ ကျနော်က တဖြေးဖြေးငြိမ်သက် တိတ်ဆိတ်သွားနေသည့် ငှက်သံများကို နားစွင့်ထားမိသည်။ တတောတတောင်လုံး ဆူညံနေခဲ့သည့် ငှက်သံများ မှာ နေရောင်နှင့်အတူ ချုပ်ငြိမ်းသွားခဲ့၏။ ကျုံစိန်ရွာဖက်မှကြားနေရသည့် ဓါတ်စက်သံသည်ပင် လေသင့်လို့ပဲလားမသိ၊ ပိုပြီး အသံကျယ်စွာ ကြားနေရ၏။
သည်တခေါက် တပ်မဟာ (၁) နယ်မြေ၊ ဖားအံမြို့နယ်ခရီးမှာ ပင်ပမ်းလှ၏။ ယခု တခေါက်မှာ (၃) ခေါက်မြောက် ခရီး ဖြစ်သည်။ ဗိုလ်သိန်းစိုး၏အကူအညီကို ကျနော့်မှာ လက်မလွှတ်နိုင်သေး။ သူ့ရဲဘော်လေး (၂) ယောက်မှာ လည်း သုံးခေါက်မြောက်ခရီးအထိ ကျနော်တို့နှင့် အတူတူပါနေခဲ့၏။
ညဥ့်နက်သည်အထိ ထမင်းမစား၊ စကားမပြောဘဲ ငြိမ်ကုတ်နေခဲ့သည့် ဗိုလ်သိန်းစိုးရှိရာ ကျနော်ထလာခဲ့သည်။ သူ့ဘေးတွင် ကျနော်ရပ်လိုက်သည်။ ပြီးခဲ့သည့်နာရီဝက်ခန့်က သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကျနော်စကားပြော ခဲ့သည်။ ဗိုလ်သိန်းစိုး၏ ထူးခြားသည့်အနေအထိုင်အပေါ် စိတ်ထဲတွင် သံသယရှိလာသဖြင့် ရဲဘော်လေးများထံ စုံစမ်းမိခြင်းဖြစ်သည်။ ရဲဘော်လေးနှစ်ယောက်ပြောပြခဲ့သည့်စကားကြောင့် ကျနော့်မှာ တုန်လှုပ်သွားရ၏။ ခဏ နေတော့ ဗိုလ်သိန်းစိုးရှိရာ ထလာခဲ့ရသည်။
“ကိုငြိမ်းဝေ၊ ကျနော့်အတွက် ဘာမှစိတ်မပူနဲ့၊ ဒီကနေ့ညတော့ ကျနော်တယောက်ထဲ စကားမပြောဘဲ အိပ်တော့ မယ်ဗျာ၊ ကျနော့်ကို ခွင့်လွှတ်ပါ၊ ကျနော် တကယ်ဝမ်းနည်းရလွန်းလို့ပါ”
“ဗိုလ်သိန်းစိုး” နှင့် မလှမ်းမကမ်း ၀ါးရုံပင်ခြေရင်းတွင် အိပ်ရာဝင်ရန် ကျနော် ဆုံးဖြတ်လိုက်သည်။ “ဗိုလ်သိန်းစိုး” ဆီက သက်ပြင်းချသံများ မကြာခဏ ကြားရသလို ရှိ၏။ ၀ါးရုံပင်ခြေရင်းတွင် ပက်လက်လှန်လဲလျောင်းရင်းက ကရင်ရဲဘော်လေး (၂) ဦး ပြောခဲ့သည့်စကားကို ကျနော် ပြန်စဉ်းစားသည်။
“ဗိုလ်သိန်းစိုး မိန်းမရဲ့ညီမ၊ ဆရာကြီးနဲ့လည်းသိတဲ့ ကောင်မလေး “ဖောဂေ” လေ၊ မနေ့ကပဲ ဖျားပြီး သေတာတဲ့၊ ဓါတ်စက်ဖွင့်တာ အဲဒီက ဖွင့်တာ၊ ဗိုလ်သိန်းစိုး အရမ်းစိတ်ဆင်းရဲနေတယ် ဆရာကြီး”

၎။

ဂွါတီမာလာနိုင်ငံ၊ ကွီချီ အင်ဒီယန်းလူမျိုးစုဝင် “ရီဂိုဘာထရာ မင်ချူးရာ” က ၊ ဂျပန်နိုင်ငံရောက်သည့်အခိုက်၊ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာကို ကိုယ်တိုင်ရေးစပ်၊ ကိုယ်တိုင်ရွတ်ဆိုပြီး ဂျပန်မိတ်ဆွေတွေကို မိတ်ဆက်၏။ သူသည် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသမီးဖြစ်သည်။ ကျနော့်အထင် ခံစားမှု အထွက်အဖျားအထိ မြင့်တက် နေစဉ်အခိုက်၊ သူ ဘယ်လိုခံစားနေရသည်ကိုဖော်ပြရန်၊ ကိုယ်စားပြုကိရိယာတခုကို ရှာဖွေသည့်အခါ “ကဗျာ” ကို သူတွေ့သွားဟန်တူပါသည်။ သူ့ကဗျာထဲက ကဗျာပိုဒ်များက ကျနော့်ကို အကြီးအကျယ်ရိုက်ခတ်လိုက်သဖြင့် ကျနော့်မှာ တသက်လုံး ဘယ်တော့မှမမေ့နိုင်သည့် ၀မ်းနည်းကြေကွဲမှု ဒဏ်ရာတခု တိုးပွားလာခဲ့ရ၏။

မိုးဦးကျ နေ့တနေ့ပေမယ့်
ကြယ်တွေလတွေစုံတဲ့ ညတညရဲ့ အရုဏ်ဦးမှာ
မွေးရပ်မြေက ခွါခဲ့ရတယ်။
မွေးရပ်မြေကို မစွန့်ခွါမီ
ယာခင်းထဲက အစို့အညှောက်ထွက်စပြုနေတဲ့
အပင်ကလေးတွေ
ပွင့်ဖို့အတွက် ငုံအာနေတဲ့ အပင်လေးတွေကို
ကြေကွဲစွာ နှုတ်ဆက်မိပါတယ်။
ပြန်လာနိုင်တဲ့ တနေ့ကြရင်
ရွာက ကလေးတွေအတွက် ပြောင်းတွေကို
ပိုစိုက်ရဦးမယ်။
ပျားရည်အိုးတွေကိုလည်း သစ်ပင်တွေမှာ
အများကြီးချိတ်ဆွဲရဦးမယ်။
အသတ်ခံရမှာကြောက်လို့ ထွက်ပြေးနေတဲ့
ရွာသားတွေနဲ့အတူ
ရွာကို ပြန်လာခဲ့ဦးမယ်။

“မင်ချူးရာ” ရဲ့ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာထဲက ကဗျာစာပိုဒ်တွေကိုဖတ်ပြီး ဖားအံမြို့နယ် ကျုံစိန်ရွာက ကရင်တိုင်းရင်းသူလေး “နော်ဖောဂေ” ကို ကျနော်ပိုပြီး သတိရနေမိ၏။ ၁၉၉၃-ခုနှစ်၊ ဖားအံမြို့နယ်ကို ခရီးထွက် တော့ န၀တစစ်တပ်၏ ရန်ကိုကြောက်သဖြင့် ရွာတွင် မနေရဲတော့သည့်အတွက် “နော်ဖောဂေ” နှင့် ကျုံစိန်ရွာ သား (၁၂) ဦးသည် ကျနော်တို့နှင့်အတူ မာနယ်ပလောကို လိုက်ပါလာခဲ့ကြ၏။ သူတို့ကို ထိုင်းနိုင်ငံထဲက “မယ်ပေါထ” ဒုက္ခသည်စခန်းသို့ ပို့ပေးခဲ့ရ၏။ တတိယအကြိမ် ဖားအံမြို့နယ်ဆီ ကျနော်ခရီးထွက်တော့ “နော်ဖောဂေ” က ကျနော်တို့ထက်စောစွာ ကျုံစိန်ရွာသို့ လူကြုံနှင့် ပြန်သွားနှင့်၏။ မိခင်နေမကောင်းသည့် သတင်းကြောင့် စွန့်စားပြီးသွားခဲ့ခြင်းဖြစ်သည်။
“နော်ဖောဂေ” သွားနှင့်ပြီး (၁) လမျှ အကြာတွင် ကျနော်နှင့် ဗိုလ်သိန်းစိုးတို့ ကျုံစိန်ရွာဘေးသို့ရောက်လာခဲ့ကြ၏။ ကျုံစိန်ရွာအနီးတွင် ကျနော်တို့ လူသိုက်ခဏနားနေစဉ် ရွာဖက်က ဓါတ်စက်သံကြားရ၏။ ဗိုလ်သိန်းစိုးက သတင်း မေးရန်ထွက်သွား၏။ ပြန်လာတော့ စကားမပြောနိုင်လောက်အောင် စိတ်သောကရောက်နေလေသည်။ သူ၏ညီမ အရင်းတမျှ ခင်တွယ်ရသော “နော်ဖောဂေ” သေဆုံးသွားခဲ့ပြီ။

နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ရတဲ့
မိုးသည်းသည်း တမနက်
ကျမရဲ့ ပူပင်ရိပ်ကို သတိထားမိတဲ့ ငှက်ကလေးတွေက
ဆိုနေတဲ့တေးကို ရပ်ပစ်လိုက်ကြတယ်။
တရွာလုံးကတော့ အသတ်ခံရတဲ့
မိသားစု ဆွေမျိုးများအတွက်
ပူဆွေးစိတ်နဲ့ အသံတွေ မထွက်နိုင်လောက်အောင်
တိတ်ဆိတ်နေကြရဲ့
ဒါပေမယ့်
တချိန်ချိန်မှာတော့ မွေးရပ်မြေဟာ
ပြန်လည်စည်ကားလာမှာပါ ... ...။

ဂွါတီမာလာနိုင်ငံ၊ ကွီချီတိုင်းရင်းသူလေး “မင်ချူးရာ” ကတော့ သူ့ရွာနဲ့ သူ့တိုင်းပြည်အတွက် အလုပ်တွေ အများကြီး လုပ်ပေးနိုင်ခဲ့သည်။
ကျုံစိန်ရွာသူလေး “နော်ဖောဂေ” အဖို့မူ သူမ၏ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဟု ယူဆရပါမည်။


ငြိမ်းဝေ



ကိုးကား
(၁) ခေတ်ပြိုင်ဂျာနယ် အမှတ် ၂၀၊၁၉၂၁-ခု
(၂) စပယ်ဖြူ မဂ္ဂဇင်း ၂၀၀၂-အောက်တိုဘာလ

ဧရာဝတီအင်တာနက် ၀က်ဘ်ဆိုဒ်မဂ္ဂဇင်းတွင် ၂၀၀၅ခု အတွင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။


August 27, 2008

အမျိုးသားရေး သခွပ်၊ အမျိုးသားရေး နှင်းဆီ


၁။
အိမ်ရှေ့ခန်းသို့လှမ်းနေသည့် ကျနော့်ခြေလှမ်းများမှာ တံခါးဘေးတွင်တုန့်ကနဲရပ်သွားရ၏။ အိမ်ရှေ့ခန်းက စကားပြောသံများကို အတိုင်းသားကြားနေရ၏။ ကျနော့်အဖေနှင့်အမေတို့သည် ကျနော်နှင့်ပါတ်သက်သည့်စကားကို ကျနော်ကြားနိုင်သည်အထင်နှင့် တမင်ကြားအောင်ပြောနေကြသည်ဟုပင် တွေးမိသည်။
“အေးပါ အကိုနားလည်ပါတယ်ကွာ၊ ဒါကြောင့်မို့ မင်းကိုမေးနေတာပေါ့၊ အကိုမေးတာသာ မင်းဖြေစမ်းပါ”



“အော် ... အကိုရယ်၊ လူတယောက်ကို တနေကုန်ထိုင်ကြည့်နေလို့ကောရမလား အကိုရဲ့ ပြီးတော့ အကိုလည်း ညတုန်းက သားကို ရေလည်အောင်ရှင်းပြပြီးပြီဆို၊ သားကလည်း ဒီလောက်တော့ မမိုက်ပါဘူးအကိုရယ်”
“သားကို အကိုနားလည်ပါတယ်၊ ဒါပေမယ့် ဒါမျိုးက စိတ်မထိန်းနိုင်ရင်ခက်တယ်ကွ၊ အခုပဲ အော်တဲ့ဟစ်တဲ့အသံတွေကြားနေရတယ်မို့လား၊ တော်ကြာ အကိုမရှိတုန်း၊ သားက ဒါတွေကြားပြီး စိတ်မထိန်းနိုင်လို့သွားပြီး ပြဿနာရှာရင် အားလုံးဒုက္ခရောက်ကုန်မယ်၊ွ။အဲဒါ ... သားကို မင်း နိုင် အောင်ထိန်းနိုင်ပါ့မလားလို့ အကိုမေးနေတာပေါ့၊ ဒီနေ့လိုနေ့မျိုးမှာ ရုံးမတက်လို့ကလည်း မဖြစ်ဘူးလေကွာ”
“ညွန့်” ရုပ်ရှင်ရုံဖက်ဆီက အော်ဟစ်ကြွေးကြော်သံများ ကြားနေရ၏။ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ(ထိုစဉ်က ပီကင်းဆန့်ကျင့်ရေးဟုပြောခဲ့ကြ၏) ဆီက အော်ဟစ်ဆူညံသံများကို သွန်းဘုရားလမ်းထဲမှ အတိုင်းသားကြားနေရ၏။ ကျနော်က ‘ကိုစန်းမောင်’ ၊ ‘ကိုဦး’ နှင့် ‘ကိုခါး’ တို့ကို တွေးနေမိသည်။ သူတို့တတွေ ဘယ်ဆီရောက်နေကြပြီလဲ။ ဘာတွေများလုပ်နေကြပြီလဲဟုတွေးနေမိပြန်သည်။
“ကိုင်း၊ ဒီလိုလုပ်မယ်၊ ရုံးကို အကိုခဏပဲသွားမယ်၊ ရုံးမှာစီစဉ်စရာရှိတာစီစဉ်ပြီး အိမ်ပြန်လာခဲ့မယ်၊ သားကိုတော့ မင်းလည်းထိန်းနိုင်မှာမဟုတ်ဘူး၊ သားကို သူ့အခန်းထဲမှာပဲ တံခါးပိတ် သော့ခတ်ပြီးထားခဲ့မယ်၊ သားက ဘာမှမလုပ်ပါဘူးလို့ ကတိပေးလည်း၊ အကိုကတော့ စိတ်မချဘူး”
ညက အဖေနှင့်ကျနော် ငြင်းခုန်ခဲ့ရသည်များကို ပြန်ပြီးတွေးမိသည်။ တရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ လက်ရှိအစိုးရက သူ၏ အကြပ်အတည်းများကို လူထုအာရုံပြောင်းအောင်တမင်ဖန်တီးသည့် လူမျိုးရေးပဋိပက္ခသာဖြစ်ကြောင်း ကျနော်၏အယူအဆကို အဖေကမကန့်ကွက်။ သို့သော် ယင်းတရုတ် ဆန့်ကျင်ရေးဆန္ဒပြပွဲကို မပျက်ပျက်အောင်ဖျက်ရမည်ဟု ပြောခဲ့သည့်စကားကိုမူ အဖေက အပြင်းအထန် ဆန့်ကျင်၏။ သည်နည်းမှာ မှားယွင်းသည့်ဖြေရှင်းနည်းဖြစ်ပြီး ကိုယ်သာလျှင်ဒုက္ခဖြစ်မှာသေချာကြောင်း အဖေကရှင်းပြ၏။ သားအဖနှစ်ဦး အချိန်အတန်ကြာငြင်းခုန်ခဲ့ကြပြီးမှ အဖေ၏သဘောထားကို ကျနော်လက်ခံခဲ့ရခြင်းဖြစ်သည်။ တရုပ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ကျနော့်အနေနှင့် မည်သို့မျှ မနှောက်ယှက်ပါဘူးဟူသည့်ကတိကို ကျနော်ပေးခဲ့ရ၏။ သို့နှင့်တိုင် ... အဖေသည်ကျနော့်ကို စိတ်မချ။ ထို့ကြောင့် မနက်မိုးလင်းလို့ ရုံးမသွားမှီအချိန် အမေနှင့်အချီအချစကားပြောဆိုပြီးနောက် ကျနော့်ကို အိမ်ခန်းအတွင်းသို့ဝင်စေ၏။ အပြင်ဖက်မှတံခါးကို သော့ခတ်ပြီးမှ အဖေရုံးသွား၏။ ထိုနေ့မနက်က အဖေရုံးမှအိမ်သို့ပြန်မလာမှီ တနာရီနီးပါးမျှကြာအောင် ကျနော့်မှာ အခန်းတွင့်းအောင်းနေခဲ့ရ၏။
“ညွန့်”ရုပ်ရှင်ရုံရှေ့မှ အော်သံဟစ်သံ ကြွေးကြော်သံများကိုမူ အခန်းတွင်းမှပင် ကျနော်ကြား နေရလေသည်။

၂၊
“စစ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်များကို စွန့်လှူရုံမျှနှင့်လုံလောက်မည်မဟုတ်”...ဤစာကြောင်းလေးမှာ၊ ၁၉၄၅ ခုနှစ်အတွင်းတုန်းက ဆော်လမွန်ကျွန်းစုတိုက်ပွဲတွင် ကျဆုံး သွားခဲ့သည့် ဂျပန်စစ်သားလေး “ဂိုရို ဖူနာကာတာ”ရေးခဲ့သည့် မိတ်ဆွေဖြစ်သူ‘အိုကန်ဒါ’ထံပေးစာ ထဲမှ စာကြောင်းတကြောင်းဖြစ်သည်။ “ဖူကူနာကာ”မှာ ၀ါဆေဒါတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး ၁၉၄၁ ခုနှစ်တွင် စစ်တပ်ထဲသို့ဝင်ခဲ့ရသည့် လူငယ်တဦးဖြစ်သည်။

“ပြုံးနေသော မေမေ့မျက်နှာကိုနမ်းလျက်
ကြေက်ရွံ့ခြင်းမရှိ
ဝမ်းနည်းခြင်းမရှိ
ကြိုးစင်ပေါ်သို့ ကျနော်တက်ပါမည်။
မနက်ဖြန်ဆိုလျှင်
တရွေ့ရွေ့ပြောင်းနေသော
နံနက်ခင်း၏ နေရောင်ခြည်တန်းပေါ်တွင်
ကျနော် စီးနင်းလိုက်ပါသွားပါမည်
ဤအခါတွင်
လေလည်းမရှိ၊ မိုးလည်းမရှိတော့ချေတကား ...။”

ဤကဗျာတိုလေးမှာ ဂျပန်စစ်သားလေး‘ဟီစာအို ကီမူရာ’ရေးခဲ့သည့် မိဘများထံပေးစာထဲမှ ကဗျာတိုလေးဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုတက္ကသိုလ်၊ နိုင်ငံရေးဘောဂဗေဒ ကျောင်းသားဖြစ်ခဲ့၏။ အသက် ၂၈ နှစ်၊ ၁၉၄၆ ခု၊ မေလ-၂၃ ရက်နေ့တွင် စင်ကာပူမြို့ ချန်ဂီအကျဉ်းထောင်ထဲတွင် စစ်ရာဇ၀တ်ကောင်အဖြစ် ကြိုးပေးခံခဲ့ရ၏။ သူသည် ကွပ်မျက်မခံရခင်နာရီဝက်အလို အချိန်တွင် ဤစာကိုရေး ခဲ့ခြင်းဖြစ်လေသည်။

“မိုးရာသီရောက်တော့မယ်၊ ပုရစ်အော်သံ၊ တောတောင်တွေက သစ်ရွက်ကြွေသံတွေက ကျနော်သေရတာကို သတိပေးနေပါလိမ့်မယ်”

သည်စာကြောင်းလေးမှာ ၁၉၄၅ ခု၊ သြဂုတ်လ-၆ ရက် ‘ဟီရိုးရှီးမား’မြို့ပေါ် အမေရိကန်တို့ ကျဲချသောအနုမြူဗုံးဒဏ်ကြောင့်
့်သေရအံ့ဆဲဆဲအချိန်တွင် ရေးခဲ့သည့် ဂျပန်စစ်သားလေး ‘မီနိုရှူ ဆူဇူကီ’၏ စာထဲမှ စာကြောင်းလေးဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုတက္ကသိုလ် ဥပဒေတန်းကျောင်းသား တဦးဖြစ်၏။

“မျက်နှာသုပ်ပုဝါကို လက်တွင်ကိုင်ရင်း ကွင်းပြင်အစပ်နား၌ရပ်ကာ၊ ပုရစ်အော်သံ၊ ဖားအော်သံတွေကိုနားထောင်နေမိသည်။ ငယ်စဉ်ဘ၀ကို ပြန်လည်သတိရလာသည်။ လရောင်အောက်တွင် ရွန်းမြနေသောကြာပွင့်နှင့်တူသည့် ဤဘ၀မှာ အဘယ်မျှစိတ်ပျက်ဘွယ် ကောင်းလှသနည်း”

ဤစာသားမှာ အသက် ၂၃ နှစ်အရွယ် ဂျပန်စစ်သားလေး‘ယာဇူအို အီချီဂျီမာ’ နောက်ဆုံး ရေးခဲ့သည့် နေ့စဉ်မှတ်တမ်းထဲမှ စာသားများဖြစ်သည်။ သူသည် တိုကျိုမြို့ ၀ါဆေဒါတက္ကသိုလ်ကျောင်းသားဘ၀မှစစ်ထဲသို့ဝင်ခဲ့ပြီး အိုကီနာဝါကျွန်း အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် အသေခံလေယာဉ် နှင့်အတူ ကျဆုံးခဲ့သူဖြစ်၏။

“ရက်စက်ကြမ်းကြုတ်မှုသည် ကမ္ဘာပေါ်ထွန်းစက စ၍ ပြုပြင်၍မရသော လူ့သဘာဝ၏ အရင်းအမြစ်တခုဖြစ်လာခဲ့၏။ ဤစစ်ပွဲအတွင်း တရားမျှတမှုဆိုသည့်ကိစ္စ လုံးဝမရှိ။ လူမျိုးအချင်းချင်း မုန်းတီးမှုပေါက်ကွဲခြင်းသာရှိ၏။ ဤလူမျိုးတို့သည် တဦးနှင့်တဦးဆန့်ကျင်ကာ အားလုံးပျောက်ကွယ် သွားကြချိန်အထိ တဖက်နှင့်တဖက် စစ်ပွဲတွေဆင်နွှဲနေကြပေလိမ့်မည်”

ဤစာပိုဒ်မှာ အသေခံလေယာဉ်နှင့်အတူ အိုကီနာဝါကမ်းလွန်ပင်လယ်ပြင့် ကျဆုံးခဲ့သူ ဂျပန် စစ်သားလေး ‘နိုဘူ ဟာစီဂါဝါ’ရေးခဲ့သည့် နေ့စဉ်မှတ်တမ်းစာအုပ်မှ စာပိုဒ်တပိုဒ်ဖြစ်၏။ သူသည် စစ်ထဲမ၀င်ခင်က မီအီဂျီကောလိပ်ကျောင်းသားတဦးဖြစ်လေသည်။

“ဂျပန်ဟာ ထာဝစဉ်တည်မြဲချင်တယ်ဆိုရင် လစ်ဘရယ်ဖြစ်တဲ့အုပ်ချုပ်မှုတရပ်ကျင့်သုံးရမယ်လို့ ကျနော်အမြဲတမ်းတွေးခဲ့မိတယ်။ အခုတော့ တကယ့်အာဏာာရှင်စနစ်ဆီကိုသွားနေတဲ့ ဒီအချိန်မှာ ဒီစကားမျိုးပြောရင် ရီစရာသက်သက်ဖြစ်နေတော့မပေါ့”

ဒါကတော့ ၁၉၄၅ ခု၊ အိုကီနာဝါရှိ၊ ကာတေနာကမ်းပေါ်သို့ တက်လာသည့် အမေရိကန်တပ် များနှင့်ရင်ဆိုင်တိုက်ခိုက်ရင်း ကျဆုံးရသည့် ဂျပန်စစ်သားလေး‘ရီယိုဂျီ ယူအီဘာရာ’ ၏ မှတ်စုစာအုပ်ထဲမှ စာသားတချို့ဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုမြို့၊ ကီအီအိုတက္ကသိုလ်ကျောင်းသား တဦးဖြစ်၏။

“အာဏာရှင်နိုင်ငံတွေဟာ အဆုံးတနေ့မှာ ကျဆုံးရမှာပါပဲ၊ သူတို့ရဲ့ထွန်းပြောင်မှုဟာ ခဏပါပဲ၊ ဒါကိုဝန်ရိုးတန်းနိုင်ငံတွေက စစ်ကြီးအတွင်းမှာ သာဓကပြခဲ့ပြီ၊ ဖက်ဆစ်အီတလီဘာဖြစ် လာသလဲ၊ ၀ိုင်းဝန်းထိုးနှက်တာခံနေရတဲ့ နာဇီဂျာမဏီရော လယ်လိုဖြစ်ကုန်သလဲ၊ ဒီအာဏာရှင်နိုင်ငံတွေဟာ မခိုင်တဲ့အုတ်မြစ်ပေါ်ဆောက်ထားတဲ့ အိမ်နဲ့မတူဘူးလား ...”

“ခါမီခါဇေလေသူရဲတွေဟာ စက်ရုပ်တွေပါလို့ သူငယ်ချင်းတယောက်က ပြောခဲ့ဖူးတယ်၊ အခု ... ဒီစကားကို ကျနော်ယုံစပြုပြီ။ ကျနော်ဟာ စက်ခလုပ်နှိပ်ရာကို လိုက်လုပ်နေရတဲ့ စက်ရုပ်ပါပဲ၊ ကျနော့်မှာခံစားမှုလဲမရှိဘူး၊ ကျနော့်စိတ်နဲ့ကိုယ်ကိုလဲ မပိုင်ဘူး။ ကျနော့်ဆင်ခြင်တုံတရားကိုလဲ အသုံးပြုဘို့ ပိတ်ပင်ထားခြင်းခံနေရပါတယ်”

သည်စာပိုဒ်များမှာ သေဆုံးမယ့်နေ့အထိရေးခဲ့သည့် ဂျပန်စစ်သားလေး‘ယိုရှီ မီယာဂီ’၏ မှတ်စုစာအုပ်ထဲမှ စာပိုဒ်များဖြစ်၏။ သူသည် ၁၉၄၅ ခု၊ မေလ ၁၉ ရက် အိုကီနာဝါကမ်းလွန်တွင် အမေရိကန်စစ်သင်္ဘောပေါ် အသေခံထိုးစိုက်ချလိုက်သည့် လေယဉ်နှင့်အတူ ကျဆုံးခဲ့၏။ သူသည် စစ်ထဲမ၀င်ခင်က ကီအီအိုတက္ကသိုလ်ကျောင်းသားတဦးဖြစ်လေသည်။

၃။
“သူတို့တတွေနေ၀င်ချိန်” စာအုပ်ထဲက တချို့သောစာပိုဒ်များနှင့် ပထမဖတ်ရှုစဉ်က မျဉ်းသားထားသည့်စာပိုဒ်များကို နောက်ထပ်တကြိမ်ပြန်ဖတ်နေမိသည်။ တည်းဖြတ်သူ၏ “စကားချီင်္း” တွင်ပါရှိသည့် “ကျနော့်စိတ်ဆန္ဒအလျောက် အသေခံခြင်းမဟုတ်ပါ၊ ၀မ်းနည်းမှုမရှိပဲ သေရသည်လည်း မဟုတ်ပါ” ဟူသည့် ဂျပန်စစ်သားလေး၊ အသေခံလေသူရဲ‘အာကီယိုအော့စုဘာ’၏ သေတန်းစာကိုဖတ်ကာ ကျနော့်မှာသက်ပြင်းချမိလေသည်။
သည်စာအုပ်မှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အာရှအရှေ့ဖျားဒေသ တရုပ်ပြည်၏ တော တောင်များအတွင်း၊ ပစိဖိတ်ကျွန်းစုများပေါ်နှင့် မြန်မာပြည်၏ တောကြီးမျက်မည်းထဲ၌ စစ်တိုက်ရင်း အကြောင်းအမျိးမျိုးနှင့် ကျဆုံးခဲ့ကြရသည့် ဂျပန်ကျောင်းသားလူငယ်(၃၂)ယောက်တို့၏ မသေခင်ရေးခဲ့ကြသည့် သေတမ်းစာများ၊ မှတ်စုများ၊ နေ့စဉ်မှတ်တမ်းများကို စုစည်းထုတ်ဝေသည့် စာအုပ်ဖြစ်၏။ ဂျပန်ဘာသာမှ ဘာသာပြန် တည်းဖြတ်ထုတ်ဝေသူမှာ ‘ဂျင်းလာတဂေး’ဖြစ်ပြီး မြန်မာဘာသာပြန်ဆိုသူမှာ ‘မောင်နေ၀င်း’ ဖြစ်လေသည်။
သည်စာအုပ်ကို ဖတ်ရှုနေချိန်တွင် ကျနော်သည် အသက် (၂၀)ကျော်အရွယ်၊ ပဲခူးမြို့တွင်နေထိုင်စဉ် “တရုပ်မြန်မာအဓိကရုဏ်း” အပေါ်မူတည်ကာ၊ ဖခင်နှင့်ကျနော် အခြေအတင်ပြောခဲ့ဆိုခဲ့ရသည်များကို လတ်လတ်ဆတ်ဆတ်ပြန်လည် သတိရနေခဲ့မိ၏။ ကျနော်တို့မြန်မာနိုင်ငံ လူမျိုးခြားအင်္ဂလိပ်လက်အောက်က မလွတ်မြောက်ခင်အချိန်၊ ‘ကုလားဗမာအဓိကရုဏ်း’ ဖြစ်ပွားခဲ့ခြင်းကိုလည်း ပြန်လည်စဉ်းစားနေခဲ့မိ၏။ ထိုအခါ ကျနော့်မှာ မေးခွန်းတချို့ကို အလိုလိုမေးမိလျက်သားဖြစ်လာရလေသည်။
ကမ္ဘာပေါ်၌ လူမျိုးရေးပဋိပက္ခများအဘယ့်ကြောင့် ဖြစ်ပွားလာရသနည်း။ လူမျိုးရေးပဋိပက္ခများကို မည်သူတွေကဖန်တီးပြီး မည်သူတွေက အားပေးအားမြှောက်လုပ်လေ့ရှိသနည်း။ ကျနော့်မှာ ဤမေးခွန်းများကို မေးလည်းမေး၊ ဖြေလည်းဖြေလုပ်နေခဲ့မိ၏။
အမှန်စင်စစ် ဂျပန်တို့၏ ‘ဖက်ဆစ်ဝါဒ’မှာ လူမျိုးရေးအမြင်ကျဉ်းသည့် အမျိုးသားရေးဝါဒမှ ပေါက်ဖွားလာခြင်းဖြစ်၏။ ဂျပန်တို့၏ ‘ဖက်ဆစ်ဝါဒ’ကို ဂျပန်အုပ်စိုးသူများက ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူတို့ကပင် အားပေးအားမြှောက်လုပ်ခဲ့ကြ၏။ ကြွေကွဲဖို့ကောင်းသည်မှာ ဂျပန်တမျိုးသားလုံး ယင်း ‘ဖက်ဆစ်ဝါဒ’ နွံအတွင်း ခုန်ဆင်းခဲ့ကြရသည့်အဖြစ်ပင်ဖြစ်သည်။

၎။
ယခုအခါ ဤကမ္ဘာပေါ်၌ လူမျိုးရေးပဋိပက္ခ၊ လူမျိုးရေးအာဃာတနှင့်လူမျိုးရေးမျိုးဖြုတ်သတ်ဖြတ်မှု များမှာ နေရာအနှံ့တွင် ကြားနေကြရ၏။
ကျနော်တို့သည် သခွပ်ပွင့်ချိန်ရောက်တိုင်း၊ သခွပ်ပွင့်သည်ကိုတွေ့တိုင်း ‘သိကြား’ နှင့်‘အသူရာ’တို့ မကြေမချမ်းနိုင်စစ်ခင်းကြသည့် “အာဃာတစစ်ပွဲ”ကို မည်သည့်နည်းနှင့် အဆုံးသတ်နိုင်ကြမည်နည်း။ သို့မဟုတ် လူမျိုးတမျိုးနှင့်တမျိုးမထိခိုက်စေသည့် လူမျိုးများအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် “နှင်းဆီထုံသောခေတ်” ကို မည်ကဲ့သို့ထူထောင်ကြမည်နည်း။
လတ်တလောအချိန်၌ ကျနော်တို့၏ ပါတ်ဝန်းကျင်တွင် သခွပ်ပန်းများလှိုင်လှိုင်ပွင့်နေ ကြသည်ကိုသာတွေ့နေရသည်မဟုတ်ပါလော။ ။


မောင်ဖူးတင့်

(၂၀၀၆-ခုနှစ်အတွင်းတုန်းက ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးသည့် ဆောင်းပါးဖြစ်ပါတယ်။)

August 23, 2008

ကျနော်နဲ့ မျောက်ကလေး (၁၃) ကောင်


(က)
သြဂုတ်လ လဆန်းပိုင်းတုန်းက အင်္ဂလိပ်ဘာသာပြန် ဂျပန် ဟိုက္ကူကဗျာလေးတပုဒ်ကို မြန်မာဘာသာ ပြန်ဖို့ ကြိုးစားရာမှာ မအောင်မြင်လို့၊ တခြားချစ်မိတ်ဆွေတွေကို ၀ိုင်းကူပြီး ဘာသာပြန်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဘာသာပြန်ကဗျာ (၁၁) ပုဒ်ရခဲ့ပါတယ်။
ကျနော့်အခက်အခဲကို ၀ိုင်းကူပြီး ဖြေရှင်းပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေတွေကို ပြန်လည်နွေးထွေးတဲ့ အနေနဲ့ ... ပြီးတော့ ဘာပြုလို့ ကျနော်ဟာ ဒီကဗျာလေးကို ကိုယ့်ဖာသာကိုယ် စိတ်တိုင်းကျအောင် ဘာသာမပြန်နိုင်ခဲ့တာလဲဆိုတာ ရှင်းပြတဲ့အနေနဲ့ ဒီဆောင်းပါးကို ကျနော်ရေးလိုက်ပါတယ်။



Winter downpour _
even the monkey
needs a raincoat.

Basho
Transleted by Lucian Stryk

နှင်းတွေပြိုဆင်းကျ
မျောက်တကောင်အဖို့ရာပင်
မိုးကာလိုအပ်လှ
ဗသျှိုး

ဒါကတော့ ကျနော်ဘာသာပြန်ကြည့်ထားတဲ့ ကဗျာပါ။ ကဗျာလေးကို ဘာသာပြန်ပြီးတဲ့အခါ၊ ငါဘာသာပြန်ထားတာ၊ ကဗျာဆရာပေးချင်တဲ့ Massage ကို ခြုံမိငုံမိရဲ့လားဆိုတဲ့အတွေး တွေးမိလို့ အဲဒီ ကဗျာလေးကို အကြိမ်ကြိမ်ပြန်ဖတ်ရပြန်ပါတယ်။ ပြီးတော့ ကဗျာဈာန်သမ္မာပါတ် ၀င်စားကြည့်တယ်ပေါ့ဗျာ။ ဒီတော့ စိတ်ထဲမှာ သံသယနည်းနည်းရှိလာတာနဲ့ အဲဒီသံသယမှန်များမှန်နေမလားဆိုပြီး၊ ဥရောပတိုက်သား မိတ်ဆွေတယောက်ဆီမှာ ဒီကဗျာလေးကို ပြကြည့်ပါတယ်။ မိတ်ဆွေက ကဗျာလေးကို ဖတ်ပြီးပြုံးပါတယ်။ သူ ကြိုက်တယ်ပေါ့။ ဒါနဲ့ ... ကျနော်က အဲဒီကဗျာလေးရဲ့အောက်က အခုလိုစာကြောင်းတကြောင်းကို ကွင်းစ ကွင်းပိတ်နဲ့ ထပ်ဖြည့်ပြီးပြလိုက်ပါတယ်။

Winter downpour_
even the monkey
needs a raincoat.
(also me)

ဥရောပတိုက်သားမိတ်ဆွေက ကျနော် ထပ်ဖြည့်လိုက်တဲ့ စာကြောင်းလေးကိုလည်း ဖတ်ပြီးရော၊ အသံထွက်ပြီးကို ရယ်ပါတော့တယ်။ ဟား .... ဒါဆိုရင် ဟုတ်ပြီပေါ့လို့ ကျနော်သိလိုက်ပြီ။ ကျနော့်စိတ်ထဲမှာရှိတဲ့ သံသယက မှန်သွားပြီ။ ဒီကဗျာလေးက သရုပ်ဖော်သက်သက်ကဗျာမဟုတ်ဘူး။ ဟာသနှောထားတဲ့ ဘ၀ရုပ်ဖော် ဟိုက္ကူကဗျာလေးတပုဒ် ...။ တချိန်ထဲမှာလည်း ... ကျနော့်ခေါင်းထဲမှာ အတွေးတချို့ လင်းလက်ရောက်ရှိလာခဲ့ပြီး ငါ ... ဒီကဗျာကို ဒီလိုပုံစံနဲ့တော့ ဘာသာပြန်လို့မဖြစ်သေးဘူး၊ သည့်ထက်ခြုံမိငုံမိတဲ့ ကဗျာဖြစ်အောင်လုပ်မှ ဖြစ်တော့မယ် ... ဒါဆိုရင် ဒီကဗျာလေးကို အချိန်ယူပြီး ဖတ်ရမယ်၊ စဉ်းစားရမယ်ပေါ့။
ဒီလိုအချိန်မှာပဲ .. ဂျာမာန်ကဗျာဆရာ “ဂွန်တာဂရပ်စ်” ရဲ့ ကဗျာခေါင်းစဉ်တခုကို ကျနော်သွားပြီး စဉ်းစားမိပြန်ပါတယ်။ သူရေးတဲ့ ကဗျာရဲ့ခေါင်းစဉ်က “ငါ့ရဲ့ ဆယ့်တချောင်းမြောက် လက်ချောင်းကလေး” တဲ့။ ချက်ချင်းဆိုသလိုပဲ ကျနော်ဟာ ကဗျာဈာန်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ...၊ ရှင်ကြီးဗသျှိုးရဲ့ မြင်ကွင်းထဲက ဖျောက်ထားတဲ့ ဆယ့်တချောင်းမြောက်လက်ချောင်းကလေးရဲ့ ညွှန်ပြရာဆီ လိုက်ကြည့်ရတော့တာပေါ့။ ဒီအခါမှာ ရှင်ကြီးဗသျှိုးက သူပြောချင်၊ ပေးချင်တဲ့အကြောင်းအရာကို ကိုယ်စားပြုတဲ့ သင်္ကေတ (၃) ခု၊ ဒီကဗျာထဲမှာ ထည့်ရေးထားတာ ... ကျနော်တွေ့ရတော့တယ်။ အဲဒါတွေကတော့ “နှင်းထုကြီး၊ မျောက်တကောင်၊ မိုးကာ” ... တို့ပါပဲ။ ဒီသင်္ကေတသုံးခုက ဘာကိုကိုယ်စားပြုတဲ့ သင်္ကေတတွေဖြစ်မလဲ။ ကျနော်က အခုလို ဖွင့်ဆိုကြည့် မိတယ်”

ထုနှင့် ထည်နှင့် ပြိုဆင်းကျလာနေတဲ့ နှင်း = အင်မတန်ကြီးမားတဲ့ ဖိစီးမှုပယောဂ
မျောက် = စိတ်
မိုးကာ = ထွက်ပေါက်၊ မီခိုရာ၊ အကာအကွယ်

ဒီသင်္ကေတ (၃) ခု အနက်က၊ ကျနော် စိတ်အ၀င်စားဆုံး သင်္ကေတကတော့ “မျောက်” ပါပဲ။ ရှင်ကြီး ဗသျှိုး ဒီကဗျာထဲမှာ အဓိကဇာတ်ကောင်အဖြစ် ယူထားတာ အဲဒီ “မျောက်” ပဲ။ ဒါဖြင့်ရင် “မျောက်” အစား ...တခြား သတ္တ၀ါတခုခုကို ထည့်ပြီးရေးရင်ကော ...။ ကျနော့် ဖာသာ ကျနော် “လူ” ကို ထည့်ကြည့်တယ်။ မဖြစ် ဘူးဗျ။ ကဗျာရဲ့ ဟဒယရွှင်ဆေးက ပျောက်သွားတယ်။ ပြီးတော့ တိုက်ရိုက်ပြတဲ့ သဘောဖြစ်သွားတယ်။ သင်္ကေတ မဆန်တော့ဘူး။ ဒါနဲ့ပဲ အဲဒီနေရာမှာ တခြားသတ္တ၀ါတချို့ ... ခြင်္သေ့။ ခွေး။ သစ်တောက်ငှက်။ ဒါလည်း မဖြစ်နိုင်ဘူး။ ကဗျာဆရာပြောချင်တဲ့ အကြောင်းအရာကို ကိုယ်စားမပြုနိုင်ကြဘူး။ ဒီနေရာမှာ “မျောက်” က လွဲပြီး ဘယ်သင်္ကေတမှကို ယူလို့ မရနိုင်ဘူး။ ဒါဆိုရင် “မျောက်” ကို ထပ်ပြီး သရုပ်ခွဲကြည့်ရဦးမယ်ပေါ့။
အားလုံးသိကြတဲ့အတိုင်း “မျောက်” ဆိုတာက သတ္တ၀ါထဲမှာ ဘယ်တော့မှ အငြိမ်မနေတတ်တဲ့ သတ္တ၀ါ မျိုး။ အမြဲတမ်း သူက Active ဖြစ်နေတဲ့ အမျိုးအစား။ ပြီးတော့ ရှင်ကြီးဗသျှိုးက ဗုဒ္ဓ၀ါဒီ၊ ရဟန်းတပါး။ ဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမထဲက လူ့စိတ်ကို မျောက်နဲ့နှိုင်းထားတဲ့ သြ၀ါဒတွေကို သူ သတိထားမိနိုင်တယ်။ ဒီတော့ လူ့စိတ် လူ့မနောကို ကိုယ်စားပြုတဲ့ သင်္ကေတကို ရွေးတဲ့အခါ “မျောက်” ကို ယူပြီး ရေးဖို့ သူဆုံးဖြတ်လိုက်တယ်။ တကယ်လို့သာ ရှင်ကြီးဗသျှိုး ဒီလိုရွေးခဲ့တယ်ဆိုတာမှန်ရင် ဒါဟာ အင်မတန်တိကျအံဝင်တဲ့ “သင်္ကေတ” ဖြစ်ရ တော့မှာပေါ့။ ဒီလိုရွေးချယ်လိုက်တဲ့အတွက် ဒီကဗျာထဲက နှင်းထုကြီးရဲ့ အအေးဒဏ် သို့မဟုတ် ဖိစီးမှုပယောဂ ကို ပိုပြီး ဂုဏ်မြောက်သွားစေလိုက်တယ်။ ဒီလောက်တောင်မှ တရှပ်ရှပ်ဖြေးပြီး၊ တစက်ကလေးမှ အငြိမ်မနေတတ်တဲ့ နွေ မိုး ဆောင်းရာသီ အားလုံးကို အံတုဖက်ပြိုင်ပြီး အမြဲတန်းတက်ကြွလှုပ်ရှားနေတတ်တဲ့ မျောက်ကို၊ မိုးကာနဲ့ ခြုံပေးရလောက်အောင် အေးတဲ့၊ သဲတဲ့ မိုးနှင်းထုက သာမာန်နှင်းထု၊ သာမာန်အေးခဲမှု မဟုတ်တော့ဘူးပေါ့။ “မျောက်” ကတောင် အရှုံးပေးရလောက်အောင်အေးတဲ့ အအေးဓါတ်က ဘယ်လောက်ကြီးသလဲဆိုတာ တွေးကြည့်မိတယ်။ တနည်းအားဖြင့် စိတ်ကို ထိုင်ကျသွားရလောက်အောင်၊ ကူပါကယ်ပါ၊ တစာစာ အော်ယူရလောက်အောင် (၀ါ) အကာအကွယ်နဲ့ အကူအညီမရှိရင် မဖြစ်နိုင်လောက်အောင် ဖိစီးလာနေတဲ့ ပယောဂ၊ ဖိဆီးမှု ....။
အံ့သြဖို့ကောင်းတာကတော့ ရှင်ကြိးဗသျှိုးက အဲဒီအကြောင်းအရာကို အဲဒီပြကွက်ကို ရိုးရိုးသရုပ်ဖော် ပြကွက်နဲ့ မပြပဲ ... ဟဒယရွှင်ဆေးချယ်ပြီးမှ ပြလိုက်တဲ့ပြကွက်။ လူတချို့ လောကဓံကြိုး ရှစ်ချောင်း၊ တချောင်းထဲဖြစ်အောင်ကျစ်ပြီး အရိုက်ခံရပေမယ့် ခတ်ပြုံးပြုံး ခတ်ပေါ့ပေါ့ပါးပါးနဲ့ တောင့်ခံထားနိုင်တဲ့သရုပ်ကို ဖော်ပြလိုက်တဲ့ ပြကွက်။ နှင်းမိုးကြီးပြိုကျနေတဲ့အောက်မှာ သစ်ရွက်ခတ်ကြီးကြီးတရွက်၊ ဒါမှမဟုတ် ဖက်ရွက် တခုခုကို ခေါင်းပေါ်တင်ပြီး ငြိမ်ကုတ်နေတဲ့ကြားက ခတ်ပြုံးပြုံးလုပ်နေတဲ့ မျောက်ကလေးတကောင်ကို ကျနော် မြင်လာရတော့တယ်။ (ဒီနေရာမှာ အင်္ဂလိပ်ဘာသာပြန်သူက raincoat လို့ ရေးလို့သာ ကျနော်တို့က မိုးကာဆိုပြီး ဘာသာပြန်ခဲ့ကြတာ။ မိုးကာဆိုလို့ .. ခုခေတ် ပလပ်စတစ်မိုးကာအင်္ကျီကြီး မျက်စေ့ထဲ မြင်လို့ မဖြစ်ဘူး။)
ကဲ ... ဒါဆိုရင် ကျနော် ထင်ရာမြင်ရာ စွတ်ပြီးပြောလိုက်တဲ့ ကျနော့်အတွေးကို ခြုံမိငုံမိဖို့ဆို၇င် ကျနော် အခု ဘာသာပြန်ထားတဲ့ ကဗျာမျိုးနဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလို့ ကျနော် ယူဆမိခဲ့တယ်။ ဒါနဲ့ပဲ ကိုယ်ဘာသာပြန်ထားတာကို အသာသျှိုထားပြီး ကဗျာချစ်တဲ့ မိတ်ဆွေတွေဆီ ၀ိုင်းကူဘာသာပြန်ကြဖို့ ဖိတ်ခေါ် ကြည့်ခဲ့တာပါ။ ကဗျာချစ်သူတချို့ကလည်း “မင်းဒုက္ခနဲ့မင်း ရှိပါစေကွယ်” ဆိုပြီး ကွင်းမရှောင်ကြပဲ ကျနော့်ကို ကူညီခဲ့ကြလို့ အခုတော့ အင်္ဂလိပ်ဘာသာပြန်တဲ့ အထဲက မျောက်တကောင်၊ ကျနော် ဘာသာပြန်တဲ့ အထဲက မြောက်တကောင်နဲ့ ၀ိုင်းကူဘာသာပြန်ကြတဲ့အထဲက မျောက် (၁၁) ကောင် စုစုပေါင်း မျောက်ကလေး (၁၃) ကောင် ...။ နှင်းထုကြီးအောက်မှာ အအေးဒဏ်ကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေကြရလေရဲ့ ...။

(ခ)
ကဗျာဖတ်ရင် “ဈာန်” ကို မလွဲမသွေအကူအညီယူရပါလိမ့်မယ်။ “ဈာန်” ဆိုတာက ပါရမီနဲ့ မဆိုင်ဘူး။ ပြီးတော့ သင်ယူလို့မရဘူး။ “ဈာန်” က ပင့်ယူရတာ၊ ကျင့်ယူရတာမျိုး ...။ ဒါကြောင့်မို့ ကဗျာဆရာက ကဗျာဆရာ့ ဒုလ္လဘကို တန်ဘိုးထားသလို ကျနော်ကလည်း ကဗျာခံစားသူ့ ဒုလ္လဘကို ကျေနပ်တယ်။
ကျနော် ယုံကြည်မိတာ တခုက တခါတလေမှာ ကဗျာဖတ်သူက ကဗျာရေးသူထက်တောင်မှ ပိုပြီးဝေး၊ ပိုပြီး မြင့်၊ ပိုပြီးနက်တဲ့ နယ်မြေသစ်တွေဆီကို ဈာန်နဲ့ရောက်အောင် သွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ချစ်မိတ်ဆွေများ ဒီဆောင်းပါးကိုဖတ်ပြီး တကယ်ခိုင်မာလုံခြုံတဲ့ “မိုးကာ” တခု ကိုယ်စီရှိနိုင်ကြပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်။


(ကိုအောင်သာငယ်၊ (ကို) ညိမ်းညို၊ မဂျစ်တူး၊ ဒေါ်ပန်၊ ကိုဝေလင်း၊ ကိုသင့်ကာ၊ ကောင်းကင်ကို၊ တေးမွန် ၊(ကို) နေသစ်၊ သစ်နတ်ဆူး ... တို့ ၀ိုင်းကူပြီး ဘာသာပြန်ပေးခဲ့ကြလို့ ကျေးဇူး)

ငြိမ်းဝေ


August 21, 2008

ယွန်းစလင်းချောင်း၊ မာနယ်ပလော၊အော်စလိုနှင့် ဟိုက္ကူကဗျာထဲက လရောင်များ


၁။

ဟိုက္ကူကဗျာနဲ့ကျနော် မိတ်ဆွေဖွဲ့ခဲ့မိတာ နည်းနည်းတော့ကြာပါပြီ။
ကဗျာဆရာအောင်ဇင်မင်းက ဟိုက္ကူကဗျာတချို့ကို အရက်မူးမူးနဲ့ရွတ်ပြ။ ဒီတုန်းက ကျနော်က ကဗျာတွေကို သွေးတိုးစမ်းပြီးရေးကာစ။ ၁၉၇၃ ခုနှစ်ဝန်းကျင် ... ပဲခူး။ သည့်နောက်ပိုင်း ဟိုက္ကူကဗျာနဲ့ကျနော် ထုံ့ပိုင်းထုံ့ပိုင်းသာ တွေ့ဆုံနိုင်ခဲ့။



မှတ်မှတ်ရရ ... ၁၉၉၃ ခု၊ ဒီဇင်ဘာလအတွင်း တော်လှန်ရေးတာဝန်နဲ့ ရှေ့တန်းကိုခရီးထွက်ရင်း ဂျပန်အမျိုးသားနှစ် ယောက်နဲ့တွေ့တော့မှ ဟိုက္ကူကဗျာကို ကျနော်ပိုပြီး စိတ်ဝင်စားခဲ့၊ ပိုပြီးခုံမင်စုံမက် လာခဲ့တာပါ။ ဒီတုန်းက တွေ့ဦးစမှာ သူတို့နှစ်ယောက်စလုံး ကျနော်နဲ့ခတ်စိမ်းစိမ်းလို့ထင်ရပါတယ်။ သူတို့ကလည်း သူတို့အစီအစဉ်နဲ့သူတို့ လျှို့ဝှက်ခရီးသွားကြတာပါ။ ကျနော်က ကြုံတောင့်ကြုံခဲ ဂျပန်လူမျိုးတွေနဲ့ တွေ့တုန်း ဟိုက္ကူကဗျာတွေအကြောင်းမေးချင်တာ ဘယ်လိုမှမျိုသိပ်မထားနိုင်တဲ့အဆုံး စကားနည်းနည်း ဟကြည့်လိုက်တော့မှ သူတို့နှစ်ယောက်စလုံး ဟိုက္ကူကဗျာတွေအကြောင်း ပြောလည်းပြော၊ ရွတ်လည်းရွတ်ပြ။ အထူးသဖြင့် သူတို့က လရောင်တွေနဲ့ပါတ်သက်တဲ့ ဟိုက္ကူကဗျာတွေကိုပဲ ရွေးပြီးရွတ်ပြခဲ့ကြလို့ ကျနော့်မှာ ကျေးဇူးတင်လို့ မဆုံးနိုင်ခဲ့ပါဘူး။ ဟိုက္ကူကဗျာမှာ ကာရန်မပါတဲ့အကြောင်း၊ ရာသီပြစကားလုံးပါလေ့ ပါထရှိတဲ့အကြောင်း သိခွင့်ရတာလည်း အဲဒီအခါကြမှပါ။ ယွန်းစလင်းချောင်းကမ်း တဲတလုံးဘေးက ကောက်ရိုး ပုံကြီးပေါ်မှာ လရောင်ကိုမော့ကြည့်ရင်း ဟိုက္ကူကဗျာတွေအကြောင်း သူတို့နှစ်ဦးပြောပြသမျှ နားထောင်ခဲ့ရတဲ့ ညတည ... ကျနော် ဘယ်လိုမှ မမေ့နိုင်ဘူး။
တခါ ...၊ ၁၉၉၅ ခု၊ တော်လှန်ရးဌာနချုပ် မာနယ်ပလောကျအပြီး ဥရောပမဲဇာမှာ သောင်တင်နေတဲ့အချိန်၊ ဟိုက္ကူကဗျာတွေနဲ့ဝေးရပြီအောက်မေ့တာ မိတ်ဆွေနော်ဝေအမျိုးသမီးတဦးဆီက ခရစ်စမတ်လက်ဆောင်အဖြစ် ဟိုက္ကူကဗျာစာအုပ် ကလေးတအုပ်ရလိုက်တော့ ဟိုက္ကူကဗျာတွေ ခြေတံ တော်တော်ရှည်ပါလားဆိုပြီး အံ့သြရပါတယ်။ ဒီကြားထဲ နော်ဝေ မြန်မာ ကောင်စီဥက္ကဌမစ္စတာကူလွိုင်း (ကွယ်လွန်)ရဲ့ မြေအောက်ခန်းကိုယ်ပိုင်စာကြည့်တိုက်ကို ချစ်ရဲဘော်ကြီးဒေါင်းညို (ကိုမောင် မောင်မြင့်)နဲ့အတူ ၀င်ကြည့်ခွင့်ကြုံတော့လည်း ဟိုက္ကူကဗျာစာအုပ်တချို့တွေ့ရပြန်ရော။ တခါ နော်ဝေကြက်ခြေနီ စခန်းတခုမှာ (၃)လခန့်သွားနေရတုန်း နော်ဝေပန်းချီဆရာမတဦးနဲ့ စကားလက်ဆုံကျတော့လည်း ဟိုက္ကူကဗျာတွေအကြောင်း ပြောသွားတာ ကြားခဲ့ရပြန်ပါတယ်။ အော်စလိုမြို့က စာကြည့်တိုက်တွေမှာလည်း ဟိုက္ကူကဗျာစာအုပ်တွေကို နော့်ခ်ျလို၊ အင်္ဂလိပ်လို တော်တော်များများတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ ထိုင်းမြန်မာနယ်စပ်ကိုပြန်ဖို့ (၅)ရက်ခန့်အလို ပီရူးအမျိုးသား မိတ်ဆွေတဦးက ကျနော်ကဗျာဝါသနာ ပါမှန်းသိလို့ သူ့မှာရှိတဲ့ ဟိုက္ကူကဗျာတချို့ကို မိတ္တူကူးပြီးပေးလိုက်ပြန်ပါသေးတယ်။ ကျနော် ဆိုလိုချင်တာကတော့ ဟိုက္ကူကဗျာဟာ သူ့နိုင်ငံနယ်နိမိတ်ကို ကျော်ပြီး ကမ္ဘာ့အနှံ့ခရီးဆန့်ခဲ့ပြီဆိုတဲ့သဘောကို ပြောချင်တာပါ။
ဒီလိုနဲ့ပဲ အခုဆိုရင် ဟိုက္ကူကဗျာနဲ့ကျနော်ဟာ မိတ်ဆွေအဆင့်ကကျော်ခဲ့ရပြီဆိုပါတော့။

၂။

ဂျပန်ကဗျာမှာက အဓိကအားဖြင့် ကဗျာပုံသဏ္ဍာန်လမ်းကြောင်း သုံးမျိုးသုံးစားရှိတာတွေ့ရပါတယ်။ ရှေးအကျဆုံးက ‘တန်းခ’(Tanka) ဒါမှမဟုတ်‘၀ခ’(Waka)လို့ခေါ်တဲ့ ကဗျာပါ။ စာကြောင်းရေ ငါးကြောင်း(၅-၇-၅-၇-၇)စာလုံးရေ(၃၁)လုံးနဲ့ ဖွဲ့ရတဲ့ကဗျာ။ ဒီကဗျာစပ်နည်းကို ၈-ရာစုဦးပိုင်းမှာ စတင်အသုံးပြုခဲ့ပါတယ်။ ၁၇-ရာစုအထိ အင်အားကောင်းခဲ့ပြီး အခု လက်ရှိ ကာလအထိလည်း စပ်ဆိုနေကြဆဲပါ။
၁၇-ရာစု၊ ‘တိုကူဂါဝါ’ခေတ်မှာ ဟိုက္ကူကဗျာစပ်နည်း ထွန်းကားလာပါတယ်။ ပထမ ‘ရမ်းဂ’(renga)လို့ ခေါ်တဲ့‘တန်းခ’ ထက် ပိုပြီးတိုတဲ့ ကဗျာစပ်နည်းပေါ်လာပါတယ်။ ဒီကဗျာက စာကြောင်းရေ(၂)ကြောင်း ဒါမှမဟုတ်(၃)ကြောင်းပဲရေးရပါတယ်။ ဒါပေမယ့် သူက တပုဒ်တည်းနဲ့မပြီးဘူး။ အဲဒီ(၂)ကြောင်းတပုဒ် ဒါမှမဟုတ်(၃)ကြောင်းတပုဒ်ကဗျာတွေကို ပုဒ်ရေကြိုက်သလောက် ဆက်ပြီးရေးလို့ရတဲ့ ကဗျာပါ။ အခံအအုပ် သဘောပြောရင်လည်း ရတဲ့နည်းပါ။ အများအားဖြင့် တယောက်က ရှေ့ကတပုဒ်စပ်ရင်၊ နောက်တယောက်က နောက် တပုဒ်ဆက်ပြီး၊ ဖြည့်ပြီးစပ်။ နောက်တယောက် ဒါမှမဟုတ် ပထမတပုဒ်စပ်ခဲ့သူက တခါထပ်ပြီး ဆက်ပြီးစပ်။ ဒီလိုနဲ့ တပုဒ်ပြီးတပုဒ် ဆက်ပြီးစပ်ရင်းက အရှည်ကြီးစပ်လို့ရတဲ့နည်းပေါ့။ ကျနော်တို့မြန်မာ ကဗျာမှာရှိတဲ့ အဖြည့်ခံရတုကို သတိရမိပါတယ်။ အညာကျေးလက်တချို့က အတိုင်အဖောက်နဲ့အချီအချ လက်တန်းစပ်ဆိုကြတဲ့ ကဗျာမျိုးလိုပေါ့။ ဒီ ‘ရမ်းဂ’ကဗျာကိုအခြေခံပြီးမှ (၃)ကြောင်း(၅-၇-၅)စာလုံးရေ (၁၇)လုံးနဲ့ဖွဲ့ရတဲ့ ဟိုက္ကူကဗျာရေးနည်း ဆင့်ပွားပေါ်ပေါက်လာတယ် လို့ဆိုပါတယ်။
နောက်တနည်းကတော့ လွတ်လပ်ကာရန်စနစ်နဲ့ဖွဲ့တဲ့ ခေတ်ပေါ်ကဗျာနည်းပါ။ ဒါက ၁၉-ရာစုအလယ်‘မေဂျီခေတ်’မှာ ဥရောပနဲ့ ဆက်စပ်ယှက်နွယ်ပြီးမှ ရလာတဲ့နည်းပေါ့။ ဒီတော့ ‘တန်းခ’။ ‘ဟိုက္ကူ’နဲ့‘ခေတ်ပေါ်ကဗျာ’ဆိုပြီး ဂျပန်ကဗျာပုံသဏ္ဍာန် လမ်းကြောင်း(၃)ခု။ ဒါကို အခုထက်ထိ ဂျပန်ကဗျာ ဆရာတွေ လက်မလွှတ်ကြသေးပါဘူး။ ဒီနည်း(၃)ခုစလုံးနဲ့ဖွဲ့ကြ၊ စပ်ကြတဲ့ ကဗျာစပ်နည်းဟာ ဂျပန်ကဗျာ ရေးစီးကြောင်းရဲ့ အဓိကပုံသဏ္ဍာန်ပဲဆိုပါတော့။

၃။

ကျနော်အခု ...၊ ဟိုက္ကူကဗျာတချို့ကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ ဂျပန်ဘာသာက တိုက်ရိုက်ဘာသာပြန်ရတာ မဟုတ်ပါဘူး။ အင်္ဂလိပ်လိုကတဆင့် ဘာသာပြန်ရတာပါ။ ဝေမျှခံစားကြည့်စေချင်လွန်းလို့သာ ဆောင်ရွက်လိုက်ရပေမယ့် အားလုံးသိကြတဲ့အတိုင်း မူရင်းရသကိုတော့ ဘယ်မှာအပြည့်အ၀ရနိုင်ပါ့မလဲ။ ဘာသာပြန်နေရင်းက ငါရေးနေတာ မူရင်းအဓိပ္ပါယ်နဲ့ နီးမှနီးသေးရဲ့လားဆိုတဲ့ သံသယစိတ်တွေဝင် ၀င်လာလွန်းလို့ရပ်ထားခဲ့ရတာလဲ ခဏခဏပါ။ တခါတလေ အင်္ဂလိပ်လိုရေးထားတဲ့ ကဗျာတချို့က ကျနော်ဘာသာပြန်ထားတဲ့ကဗျာထက်ပိုပြီး ခံစားလို့ရနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။ မှီအောင် ဘာသာမပြန်နိုင်တဲ့သဘောပေါ့။ ဘာသာဗေဒတံတိုင်းကို လွတ်အောင်မကျော်နိုင်တဲ့ ကျနော့် ချွတ်ယွင်းချက် အဖြစ် ၀န်ခံရမှာပါ။
ဒီနေရာမှာ (၅-၇-၅) ဆိုတဲ့ ဂျပန်ဟိုက္ကူကဗျာပုံစံကို မရရအောင် ဘာသာပြန်မှ မှန်တယ်လို့ ကျနော် မယူဆပါဘူး။ ဘာသာပြန်တဲ့အခါ မူရင်းကဗျာရဲ့ အဓိပ္ပါယ်နဲ့ ကိုယ်ညီဘို့ပဲ လိုပါတယ်။ (၅-၇-၅) ပုံစံထဲ အတင်းရိုက်သွင်းခြင်းအားဖြင့် အဓိပ္ပါယ် တိမ်းစောင်းနိုင်ပါတယ်။ အဓိပ္ပါယ်လည်း မတိမ်းစောင်းဘူး၊(၅-၇-၅) ပုံစံ လည်း ၀င်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါတောင်မှ မြန်မာစာက ၀ဏ္ဏ တလုံးချင်းစီက အဓိပ္ပါယ်ရှိနေလို့ (၅-၇-၅) ၀င်အောင် လုပ်လို့ ရတယ်လို့ ယူဆရတာပါ။ တချို့ဘာသာစကားတွေက ၀ဏ္ဏတခုချင်းစီမှာ အဓိပ္ပါယ် ရှိချင်မှရှိတာဆိုတော့ (၅-၇-၅) ပုံစံဝင်ဖို့ မလွယ်တော့ဘူးပေါ့။ ဒါကြောင့်မို့ ဂျပန်ဟိုက္ကူကဗျာတွေကို မြန်မာ ဘာသာပြန်တဲ့အခါ အဓိပ္ပါယ်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ (၅-၇-၅) ပုံစံကို အဓိက မထားခဲ့ပါဘူး။
တကယ်တော့ ဟိုက္ကူကဗျာတွေဟာ “တို၊ ကျဉ်း၊ လိုရင်း၊ သန့်ရှင်း”ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ကဗျာတွေပါ။ ကဗျာတွေ တိုသလောက်၊ ကျဉ်းသလောက်၊ ရှင်းသလောက်၊ ဂယက်အနက်တွေကြတော့ တွေးရင်းတွေးရင်း တွေးနိုင်သလောက် အဝေးဆုံးအထိ ရောက်သွားနိုင်တာပါ။ ဒီနေရာမှာဂယက်အနက်၊ သွယ်ဝိုက်အနက်တွေရှိနေတယ်ဆိုပေမယ့်၊ တနည်းအားဖြင့် ၀င်္ကန္တနည်းကို အသုံးပြုတယ်ဆိုပေမယ့် ဂမ္ဘီရဆန်တဲ့အထိတော့မရှိပါဘူး။ ဒါကြောင့်မို့ သန့်ရှင်းတဲ့ဂုဏ်၊ ရိုးဂုဏ်အပြည့်ရှိတယ်လို့ ဆိုကြတာ ပေါ့။
အခုလို မျက်မှောက်ခေတ် ရာဇ၀င်ရေးကာလမျိုးမှာ ဟိုက္ကူကဗျာတွေဟာ တကယ်ကော လိုအပ်ရဲ့လားဆိုတဲ့ မေးခွန်းကို မိတ်ဆွေတချို့က ထောက်ပြတာလဲရှိပါတယ်။ ကျနော့်အဖို့တော့ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး’ ပဲ။ ဒီခေါင်းစဉ် ဒီပေတံနဲ့ ဒီအကန့် တကန့်အတွင်းမှာ “လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ သန့်ရှင်းစင်ကြယ်မှု၊ တည်ကြည်မှုနဲ့ မေတ္တာတရား”ကို အခြေခံ တဲ့ ဟိုက္ကူကဗျာတွေဟာ ကျနော်တို့အတွက် အသုံးမတည့်စရာအကြောင်းမရှိဘူးလို့ပဲ အခိုင်အမာယုံကြည်မိပါတယ်။
‘ဆေးရှိယာမာဂူချိ’ရဲ့ ‘ကောင်းကင်ထဲက ပျောက်နေတဲ့စွန်ကြိုးတချောင်း’ကိုတော့ မြင်အောင်ကြည့်ကြ ပါစို့လို့ ကျနော် အကြံပြုလိုက်ပါရစေ။ ။

ထလော့ လိပ်ပြာကလေး
အချိန်တွေ နှောင်းကုန်ပေါ့
မင်နဲ့ငါ အတူတကွ
ခရီးမိုင်များစွာ သွားရဦးမယ်ပ။

ဗသျှိုး


ငါ့မျက်လုံးတွေဟာ
ဟိုး ...အဝေးကပင်လယ်ဆီ
တဖြေးဖြေး ပျံသန်းဝေးကွာသွားနေတဲ့
ငှက်တကောင်ကို လိုက်ကြည့်ရင်းက
ကျွန်းကလေးတခုကို
ဘွားကနဲ သွားတွေ့လိုက်ရတယ်။

ဗသျှိုး


ထိန်ထိန်သာနေတဲ့ လရောင်အောက်
ရေကန်အိုလေးကို
ငါလှည့်ပါတ်လျှောက်နေခဲ့
အလိုလေး ...
ရောင်နီတောင် သန်းလာနေပြီပဲ။

ဗသျှိုး


ကြိုးကြာငှက်မြည်သံကြား
ဝါးတောကလေး
ချက်ချင်းဆိုသလို လရောင်လင်းထိန်သွား ...၊

ဗသျှိုး


အို - ဟေမန္တ
ငှက်တွေ တိမ်တွေတောင်မှ
အိုစာလို့ သွားပြီပ။

ဗသျှိုး

မိတ်ဆွေများဟာလည်း
ခွဲခွာကြရစမြဲ
ဘဲငန်းရိုင်းများသည်လည်း
တိမ်တွေထဲ
တဖြေးဖြေးတိုးဝင် ပျောက်ကွယ်သွားစမြဲ။

ဗသျှိုး



အရာအားလုံး
ငါ
စွဲမက်စွာ ထိတွေ့ခဲ့
အလိုလေးလေး ...
ဆူးတချောင်း စူးလိုက်သလိုပါပဲလား။

အိဆ


အင်းဆက်ပိုးမွှားလေးတွေရဲ့စကား
လူတွေပြောတဲ့စကား
မတူတဲ့နား ခွဲခြားပီးကြား။

ရှိကိ


ကြိုးကြာငှက်ကလေးရေ
ငိုချင်ရင်
လမင်းကြီးဆီကိုသာ
တိုင်တည်ပြီး ငိုလိုက်ပေတော့
ငါ့ဖက်ကိုလှည့် မငိုနဲ့
ငါ - မင်းဘ၀ပုံပြင်ကို ကြားခဲ့ပြီးပြီကွဲ့။

ဆိုးဆေကိ


မိုးဦးကျပြီ
ဟိုမှာ
ဝေသာလီ ဗျိုင်းတကောင်
မိုးရေစိုရွှဲ တကောင်ထဲ ...။

က၀ဟိဂရှိ



သစ္စာမရှိတဲ့ချစ်သူ
စွန့်ခွာသွားခဲ့
အဲဒီဆောင်းရဲ့ နှင်းထုထဲ
ဘယ်လောက်အထိ ချမ်းအေးမလဲ

ဂျဂုရှိ


ငါ့အိမ်ကလေး
မီးလောင်ပြာကျပြီးမှပဲ
ပိုမိုသာယာတဲ့ လရောင်ရှုခင်း
ငါ ပိုင်ဆိုင်ခြင်းရှိတော့တာပ။

မဆဟိဒဲ

စွန်ကြိုးတချောင်း
ကောင်းကင်ထဲမှာ
မမြင်ရသော်ငြား
လက်ချောင်းပေါ်မှာ မြင်ရသား။

ဆေးရှိရမဂုချိ


ကိုးကား။ ။ 1. ANTHOLOGY OF MODERN JAPANESE POTERY
2. HAIKU (The Poetry of Zen)
3. HARVEST OF HAIKU


(၂၀၀၅-ခု၊ နှစ်ဦးပိုင်း ... ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် “မောင်ဖူးတင့်” အမည်နဲ့ ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါတယ်။)
ငြိမ်းဝေ

August 19, 2008

The River


နော်ဝေနိုင်ငံ၊ အော်စလိုမြို့က “မော်ဒန်အနုပညာပြတိုက်” တခုမှာ တွေ့ခဲ့ဖူးတဲ့ ရုပ်ထုတခုပါ။ အလျား ပေ (၄၀) ခန့်၊ အနံ ပေ (၃၀) ခန့်၊ အခန်းလွတ်တခုထဲမှာ လူတယောက်မှောက်ခုံအိပ်နေတဲ့ ရုပ်ထုပါ။ အခန်းကြမ်းပြင်ရဲ့ အလယ်ခေါင်မှာ အနားညီစတုဂံပုံသဏ္ဍာန် လက်တ၀ါးခန့်မြင့်တဲ့ ကြမ်းပြင်တခုရှိပြီး အဲဒီကြမ်းပြင်ပေါ်မှာပဲ ရုပ်ထုကို တင်ထားတာပါ။ လက်နှစ်ဖက်နဲ့ ဒူးနှစ်ဖက်က ကြမ်းပြင်နဲ့ ထောက်ထားလို့ ခန္ဓာကိုယ်ကတော့ ကြမ်းပြင်နဲ့ သုံးလက်မလောက် ကွာနေပါတယ်။ ကြောပြင်ပေါ်မှာ ဖြူပြာရောင်မီးချောင်းလေးတချောင်း ကကြီးပုံသဏ္ဍာန်တင်ပြီး ထွန်းထားပါတယ်။ ခြေထောက်နှစ်ဖက်ထိပ်က မီးကြိုးတချောင်းစီ ထွက်လာပြီး ခေါင်းရင်းဖက်က ကြမ်းပြင်ကို စိုက်ထားတဲ့ ကကြီးပုံသဏ္ဍာန် မီးချောင်းလေးဆီ သွယ်ထားပါတယ်။ အခန်းထဲမှာ တခြား ဘာတခုမှ ချိပ်ထားဆွဲထားတာ မရှိပါဘူး။ အခန်းကြီးတခုလုံး အဲဒီရုပ်ထုတခုပဲ ရှိပါတယ်။ ခြေရင်းဘက် ကြမ်းပြင်ပေါ်မှာတော့ သုံးမြှောက်တုံး သစ်သားတုံးလေးတတုံး ချထားပြီး ရုပ်ထုရဲ့အမည်ကို ရေးထားပါတယ်။ အခန်းထဲမှာ ကင်မရာကို မီးဖွင့်ပြီး မရိုက်ရဘူးလို့ တားမြစ်ထားတဲ့အတွက် ရှိတဲ့အလင်းရောင်နဲ့ပဲ ဓါတ်ပုံရိုက်ခဲ့ရပါတယ်။ ရုပ်ထုရဲ့အမည်က “The River” တဲ့။ မော်ဒန်အနုပညာ စိတ်ဝင်စားသူများအတွက် ခံစားမှု မျှဝေကြည့်လိုက်တာပါ။


August 15, 2008

ဘာသာပြန်လို့ မလွယ်တဲ့ ကဗျာ


ဒီတခါတော့ ဘယ်လိုမှ မြန်မာလိုမီအောင် ဘာသာမပြန်နိုင်လို့ အင်္ဂလိပ်ဘာသာပြန် ဟိုက္ကူကိုပဲ တင်လိုက်ပါတယ်။
ကျနော့်ကို အကူအညီပေးတဲ့အနေနဲ့ ဒီဟိုက္ကူကဗျာလေးကို ၀ိုင်းကူပြီး ဘာသာပြန်ပေးကြပါလား။
ကျနော့်မှာတော့ ဘယ်လိုမှမီအောင် ဘာသာမပြန်နိုင်ခဲ့ဘူး။

Winter downpour _
even the monkey
needs a raincoat.


Translated by Lucian Stryk

(ဒေါ်ဂျစ်တူးလေးတောင်းဆိုတာကို
ကျနော် အလေးအနက်ထားပြီး သဘောတူတဲ့အနေနဲ့
နောက်ပိုင်းမှာ ဟိုက္ကူကဗျာတွေကို တင်တဲ့အခါ
“ဟိုက္ကူကဗျာ မိတ်ဆက်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ
ဖော်ပြသွားပါ့မယ်။
သဘောတူတယ်မို့လား တူမလေးဂျစ်တူး ... ဟုတ်။

August 14, 2008

ကျွန်းတောထဲက ငှက်ကလေးတကောင်


၁၉၉၉- ခုနှစ်တုန်းကပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရားမ၀င်လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆင်ရေးကြီးလုပ်ပြီး ဖမ်းပါတယ်။ တမြို့လုံးပါတ်ပြီး စစ်သားတွေ၊ နယ်ခြားစောင့် တပ်တွေ၊ ရဲတွေ၊ ပြည်သူ့စစ်တွေက ကားတွေတန်းစီပြီး ညှပ်ပူးညှပ်ပိတ်လုပ်ပြီး ဖမ်းတာပါ။ မြို့ပေါ်မှာလည်း ရဟတ်ယာဉ်တစင်းက ၀ဲနေပါသေးတယ်။ ဒီတုန်းက အခုလို တရားဝင်အလုပ်သမား လက်မှတ်တွေလည်း ထုတ်မပေးသေးတဲ့အချိန်ဆိုတော့ ကျနော်တို့ ဗမာတွေဆိုတာ ကြက်တွေ ငှက်တွေကို ခြင်းထဲကောက်ထည့်သလို အစုအပြုံလိုက် အဖမ်းခံကြရ၊ ပြန်ပို့ခံကြရတာပါ။ တမြို့လုံးမှာရှိတဲ့၊စက်ရုံတွေမှာရှိတဲ့ ဗမာတွေအားလုံး မြို့ပြင်ဘက် ကွင်းတွေ တောတွေထဲ ရောက်ကုန်ကြပါတယ်။ လူတွေ လမ်းတွေပေါ်မှာ စုပြုံပြီး အဖမ်းခံရတဲ့မြင်ကွင်း၊ သောင်ရင်းမြစ်ထဲ တယောက်လက်တယောက်ဆွဲပြီး ရင်ဆို့လောက်ရေမှာ လူတထောင်လောက် သက်စွန့်ဆံဖျား ဖြတ်ကူးကြရတဲ့မြင်ကွင်းဟာ တကယ့်ကို ကြေကွဲစရာ၊ ရင်နာစရာပါ။ တမြို့လုံးလည်း အိမ်တွေ တခါးတွေပိတ် ... တိတ်ဆိတ်သွားလိုက်တာ။ မဲဆောက်မြို့ဆိုတာ ဗမာတွေအများဆုံး လာနေတဲ့မြို့။ မြို့ခံထက်တောင် ဗမာက ပိုများတဲ့မြို့။

ဒီတုန်းက ကျနော်လည်း နေစရာ ခိုစရာမရှိအောင်ဖြစ်ခဲ့ပါတယ်။ နေရာသုံး နေရာလောက် ပြောင်းနေပေမယ့် မလုံခြုံပါဘူး။ တခါတလေများ ခြုံတွေတောတွေထဲ ဆင်းအိပ်ရတဲ့အထိ မလုံခြုံ ခဲ့ပါဘူး။ ဒါနဲ့ပဲ မြို့စွန်က ဥယျာဉ်ကြီးတခုထဲမှာ တဲထိုးပြီးသွားနေရပါတယ်။ မြို့စွန်လည်းဖြစ်ပြန်၊ လူနေကလည်း ကြဲတော့ အဲဒီဖက်ကို ထိုင်းရဲတွေ လာခဲပါတယ်။ ကျနော်ကတော့ တလစာ ရိက္ခာဝယ်ပြီး အဲဒီမြို့စွန်၊ ဥယျာဉ်ကြီးထဲက တဲကလေးမှာ ပုန်းခိုကျင်း လုပ်ခဲ့ရပါတယ်။
တနေ့ ... နေ့လည်ထမင်းစားပြီးတဲ့အချိန် ကျနော်စိုက်ထားတဲ့ ပဲတိုင်တောင်ခင်း၊ ငြုပ်ခင်း၊ ရုန်းပဒီသီး ခင်းဘေးမှာ လမ်းလျှောက်နေတုန်း ငှက်အော်သံတခုကို သတိမထားဘဲ မနေနိုင်လောက်အောင်ကိုပဲ ကြားနေခဲ့ရ ပါတယ်။ ငှက်ကလေးတကောင်ဟာ ကျနော့်တဲဘေးက ချောင်းကလေးတခုရဲ့ တဖက်မှာရှိတဲ့ ကျွန်းခင်းကြီးထဲမှာ အချိန်အကြာကြီး အော်နေခဲ့ပါတယ်။
ငှက်အော်သံက ထူးခြားတော့ ကျနော့်စိတ်နဲ့ကျနော့်နားက သူ့ဆီကိုပဲ ရောက်နေခဲ့ပါတယ်။ ငှက်ကလေး ဟာ ကျနော့်တဲနား၊ ကျွန်းတောအစပ်အထိ ရောက်လာလိုက်၊ ကျွန်းတောကြီးထဲ ၀င်သွားလိုက်နဲ့၊ ဟိုးဖက် ကျွန်းတောအစပ်တွေဆီ ရောက်သွားလိုက်နဲ့။ သူအော်တဲ့ အသံကလည်း ကျနော်နဲ့နီးလာလိုက်၊ ဝေးသွားလိုက်၊ ပြန်နီးလာလိုက်နဲ့။
ဒီလို အဆက်မပြတ်အော်နေတော့ ဒီငှက်ကလေး ဘာပြုလို့များလဲပေါ့။ သူ့ကြင်ဖော်ငှက်ကလေး ပျောက်သွားလို့ လိုက်ရှာနေတာများလား၊ သူ့အသိုက်ကို တခြားငှက်တွေ မြွေတွေကများ ဖျက်ဆီးလို့ အော်နေတာများလား ... ။ အမျိုးမျိုးတွေးလိုက် ... သူ့အသံကို နားထောင်လိုက်ပေါ့။ အချိန်တော်တော် ကြာအောင် အော်ပြီးတော့မှ ငှက်ကလေးအော်တဲ့အသံ တိတ်သွားပါတယ်။ အဆက်မပြက် အော်နေတဲ့ ငှက်အော်သံ တိတ်သွားတော့မှပဲ ကျနော်လည်း အမောပြေသလိုဖြစ်ရပါတယ်။ ကာယကံရှင် ငှက်ကလေး ကတော့ ဘယ်လိုနေမလဲမသိဘူး။ ကျနော်ကတော့ သက်ပြင်းချပြီးကို အမောဖြေရပါတော့တယ်။
ဒီလိုနဲ့ ... နောက်တနေ့ ဒီလိုအချိန်ကြတော့လည်း မနေ့တုန်းက အော်ခဲ့တဲ့ငှက်ကလေးရဲ့အော်သံကို မမျှော်လင့်ပဲ ကြားလာရပြန်ပါတယ်။ ဒီလိုပဲ ငှက်ကလေးဟာ အချိန်တော်တော်ကြာတဲ့အထိ နေရာအနှံ့သွားပြီး အော်ဟစ်လိုက် နားလိုက်လုပ်နေပါတယ်။ ကျနော်ကလည်း ငှက်ကလေးရဲ့အော်သံဗေဒကို ခွဲခြမ်းစိပ်ဖြာရင်း အလုပ်တွေရှုပ်ရတော့ပြန်တာပေါ့။ ဒီငှက်ကလေးက ဘာပြုလို့ နှစ်ရက်ဆက်ပြီး အော်နေရတာလဲ။ ညတုန်းက သူဘယ်မှာ သွားအိပ်ခဲ့သလဲ။ သူ့အသိုက်လေးကောရှိမှ ရှိသေးရဲ့လား။ သူ့ရဲ့ပျောက်သွားတယ်လို့ ထင်ရတဲ့ သူ့ကြင်ဖော်ငှက်ကလေးနဲ့ အခုထက်ထိ မတွေ့သေးဘူးလား။ တွေ့တယ်ဆိုရင်လည်း ဒီကနေ့ကြမှ ဘာပြုလို့ ထပ်ပြီး လိုက်အော်နေရတာလဲ ...။ ကျနော့်အတွေးထဲမှာ ဆိုင်တာကော၊ မဆိုင်တာကော ဆီလျော်တာကော၊ မဆီလျော်တာကော ကျနော်တွေးနိုင်သလောက်တွေးပြီး ငှက်ကလေးဋီကာဖွင့်တော့တာပါပဲ။
ဒီလိုနဲ့ နောက်တနေ့ ... ။
ဒီလိုနဲ့ နောက်တနေ့ ...
(၅) ရက်မြောက်တဲ့နေ့မှာတော့ အချိန်မှန်မှန်ကြားခဲ့ရတဲ့ ငှက်ကလေးတကောင်ရဲ့အသံကို ကျနော် မကြားရတော့ပါဘူး။ ညနေပိုင်းရောက်တဲ့အထိ၊ ညပိုင်းရောက်တဲ့အထိ၊ အိပ်ယာဝင်တဲ့အထိ သူ့အသံလေးကို ကြားရဦးမလားဆိုတဲ့ စိတ်နဲ့ တချိန်လုံး နားစွင့်နေခဲ့မိတယ်။
ညအိပ်တော့လည်း အိပ်မက်ထဲမှာ “ငှက်မြည်သံ” ကို ကြားလို့ လန့်နိုးလာခဲ့ရတယ်။ အိပ်ယာထဲက လူးလဲထပြီး၊ တဲအပြင်ဖက်ထွက်ရပ်ရင်း ချောင်းကလေးတဖက်က ကျွန်းတောကြီးဆီ နားစွင့်ထားမိသေးတယ်။
(၄) ရက်လောက် ဆက်တိုက်ကြားခဲ့ရတဲ့ ငှက်ကလေးရဲ့အော်သံကို အဲဒီနေ့ကစပြီး ကျနော်ထပ်ပြီး မကြားရတော့ပါဘူး။ ဘာကြောင့်ရယ်တော့မသိ။ ဒီကနေ့အထိ အဲဒီငှက်ကလေးအကြောင်းတွေးမိတိုင်း အလိုလို ကြေကွဲနေမိတာ အမှန်ပါပဲ။ ဘာကြောင့်မှန်း တကယ်ကိုမသိပေမယ့် ကျနော် ...............။
ဒီလိုနဲ့ အဲဒီငှက်ကလေးကို စွဲပြီး ဂျပန်ဟိုက္ကူကဗျာလေးတပုဒ်ကို စာရွက်ပေါ်မှာရေး ပလပ်စတစ်လောင်းပြီး၊ ကျနော်သွားလေရာ ပိုက်ဆံအိပ်ကလေးထဲမှာ ဆောင်ထားခဲ့တာ အခုဆိုရင် (၉) နှစ် တင်းတင်း ပြည့်ပါပြီ။

ဘီလုံးငှက်ကလေးတကောင်
တချိန်လုံး တနေ့လုံး
နေ့စဉ်ရက်ဆက် သီချင်းဆို
လုံလောက်သွားတယ်ရယ်ကို မရှိဘူး

ဗသျှိုး
(၁၆၄၄-၁၆၉၄)

ငြိမ်းဝေ


August 13, 2008

နုပျိုခြင်းဟာ လာဘ်တပါးတဲ့လား


(၁)

ဘလော့လောကထဲကို ၀င်တဲ့အခါ ဘယ်လောကနဲ့မှ မတူတဲ့ ဖြေရှင်းရခက်တဲ့ကိစ္စတချို့ ကျနော်ကြုံရတယ်။ အဲဒါကတော့ ကိုယ်ဆက်ဆံရတဲ့လူ၊ ကိုယ်ဆက်ဆံရမယ့်လူ၊ ပြီးတော့ ကိုယ့်ကိုယ်ဆက်ဆံမိတ်ဖွဲ့လာတဲ့၊ လာမယ့်လူ အဲဒီလူတွေရဲ့ အသက်အရွယ်အပိုင်းအခြားကို ခန့်မှန်းရတဲ့ကိစ္စပါ။ အများအားဖြင့်တော့ ခန့်မှန်းရ သိပ်မခက်ပါဘူး။ သူတို့ရေးတဲ့စာ၊ ကျနော်သိတဲ့လူနဲ့ တခြားလူတယောက်ယောက်နဲ့ဆက်ဆံရေး၊ ဒါတွေကို ချိပ်ဆက်စဉ်းစားရင် သိပ်ပြီး မကွာလှတဲ့ ခန့်မှန်းခြေကို ရပါတယ်။ ကျနော်ကြုံတဲ့ အခက်အခဲက သူများကို အကဲခတ်ဖို့ခက်တဲ့ အခက်အခဲမဟုတ်ပါဘူး။ သူများတကာက ကိုယ့်ကို အသက်အရွယ်အတွက်အချက်မှားပြီး ဆက်ဆံလာတဲ့အခါ၊ မမျှော်လင့်ပဲ အထင်အမြင်လွဲမှုလေးတွေ၊ ဖွင့်ပြောဖို့မသင့်တဲ့ ထင်မြင်ချက်တွေ ကြုံတွေ့ရ တတ်တဲ့ အခက်အခဲပါပဲ။



ဒီလို အခက်အခဲတွေက တဖက်လူရဲ့ အကဲခတ်ချက်၊ လွဲချော်သွားတာနဲ့ သက်ဆိုင်သလို ကျနော့်ရဲ့ အပြုအမူ အပြောအဆိုတချို့နဲ့လည်း ဆိုင်တယ်လို့ ကျနော်ခံယူပါတယ်။ ကျနော်က လူတွေကို အရမ်းခင်တတ်တယ်။ (စာပေသမားတွေကို ပြောတာပါ။) ပြီးတော့ သင့်၏မသင့်၏ သိပ်ပြီးမချင့်ချိန်တတ်ဘူး၊ စတတ်နောက်တတ်တယ်။ ဒါကြောင့်မို့ ခဏ.ခဏ ပြဿနာကြုံရတယ်။ ကြုံပြီးရင်လည်း ကျနော့်မှာ တခါတလေ ဖြေရှင်းရ၊ တခါတလေ ကိုယ့်ကိုယ်ကို ဒေါသဖြစ်ရ ...။
အခုလို လူချင်းလုံးဝမတွေ့ဘူးပဲ စိတ်မှန်းနဲ့ ဆက်ဆံရတဲ့ ဘလော့လောကထဲကိုဝင်တော့ အဲဒီပြဿနာဟာ ကျနော့်ကို တော်တော်လေး ဒုက္ခပေးပါတော့တယ်။

(၂)

၁၉၉၂-ခု၊ ဇွန်လထဲမှာ ကျနော် “မာနယ်ပလော တောမှော်ရုံတက္ကသိုလ်” ကို ရောက်တော့ အသက် (၄၅) နှစ် ရှိပါပြီ။ နောင်အခါ စဉ်းစားကြည့်တော့ အဲဒီ အချိန်တုန်းက ကျနော် လုပ်နိုင်ကိုင်နိုင်ခဲ့တဲ့ကိစ္စတွေက တကယ့်ကို အံ့ဘနန်းပဲ။ ၁၉၉၂-ခုနှစ်ကတည်းက တနှစ်တခါ၊ တခါသွားရင် အနည်းဆုံးတလ၊ ကိုယ့်သဘောနဲ့ကိုယ် (ဘယ် သူကမှ တာဝန်ပေးလို့မဟုတ်ဘူး) ရှေ့တန်းကို ဆင်းခဲ့တာတွေ၊ ကျနော်ထင်တယ် အဲဒီတုန်းကများ ရွာထဲမှာ ၀င်ပြီးအိပ်တာ မရှိသလောက်ပဲ။ သစ်ပင်အောက်မှာ အိပ်ခဲ့တာ။ တောင်တွေကျော် နေ့စဉ်ရက်ဆက်ခရီးသွား ...၊ ဒီလိုအလုပ်ကို ကျနော်ကလုပ်တော့၊ အစကတော့ ဘယ်သူမှမအံ့သြပေမယ့် ကျနော့်အသက်အရွယ်ကို ပြောပြလိုက်ရင်တော့ အားလုံးက လက်ဖျားခါသွားကြတာချည်းပါပဲ။ ပြီးတော့ ကျနော့်ထက် အသက်အရွယ် ငယ်တဲ့သူ တချို့တောင် ကျနော့်လောက် အပင်ပမ်းမခံနိုင်ကြတာကိုတွေ့တော့ ကျနော့်ကို ပိုပြီး အံ့သြကုန်ကြ တာပေါ့။
ပြီးတော့ ကျနော်က တွေးတဲ့ခေါ်တဲ့အခါမှာလည်း လူငယ်တွေနဲ့၊ လူငယ်တွေဖက်က အမြဲပါလေ့ရှိတယ်။ သူတို့နဲ့ ဆက်ဆံရင်လည်း ကိုယ့်အသက်အရွယ်ကို ဘေးချိပ်ပြီး မေ့ပြီး တကယ့်ကို ရွယ်တူတွေလိုဆက်ဆံတတ်တယ်။ အလုပ်တွေ လုပ်တော့လည်း သူတို့နဲ့အတူ ၊ ဒီကြားထဲ စာကလေး ပေကလေးကလည်း ရေးဆိုတော့ ဟိုတုန်းက အသက် (၂၀) နီးပါးငယ်တဲ့ လူငယ်တွေအားလုံးက ကျနော့်ကို “ကိုငြိမ်း” ဆိုတဲ့ အခေါ်အဝေါ်နဲ့ပဲ ဆက်ဆံခဲ့ကြ တယ်။ အဲဒါ အဲဒီအချိန်တ၀ိုက်ကတည်းက ဆက်ဆံခဲ့ကြရတဲ့ လူငယ်တွေအားလုံး သိကြပါတယ်။ (တချို့ ... ဘလော့လောကထဲမှာရှိပါတယ်။) ဒီတုန်းကတော့ ပြေးဟ၊ လွှားဟ၊ ပျော်ဟ ပါးဟနဲ့ နေခဲ့နိုင်တဲ့ဘ၀ဆိုတော့ ပြဿနာရယ်လို့ သိပ်ပြီး မရှိခဲ့ပါဘူး။ ဒါပေမယ့်အသံလွှင့်ဌာနတခုမှာစပြီး အလုပ်လုပ်ခွင့်ရတော့ ပြဿနာက စတော့ တာပါပဲ။

(၃)

တခါတုန်းက တယ်လီဖုန်းထဲကတဆင့် အသံလွှင့်ဌာနတခုက မိန်းခလေးတဦးနဲ့ စကားပြောရတယ်။ အလုပ် သဘောအရလည်း ခဏခဏ ဆက်ဆံရတယ်။ ကျနော့်အကျင့်က ကိုယ့်ထက် အသက်ဘယ်လောက်ပဲငယ်ငယ် တစုံတရာအတိုင်းအတာအထိ ခင်မင်ရင်းနှီးမှု၊ နားလည်မှုမရသေးခင်အချိန်အထိ “ကျနော်” ဆိုတဲ့ အသုံးအနှုန်း ကိုပဲ သုံးတတ်၊ သုံးချင်တယ်။ ကျနော်က တယ်လီဖုန်းထဲကတဆင့် စကားပြောတဲ့အခါ အဲဒီမိန်းခလေးရဲ့ အသက်အရွယ်ကို ခန့်မှန်းမိပေမယ့် သူက မခန့်မှန်းနိုင်ရှာဘူး။ သူက သူနဲ့ရွယ်တူသာသာလို့ပဲ ယူဆပြီး ခေါ်ဝေါ် ဆက်ဆံခဲ့တယ်။ တနေ့ကြတော့ ကျနော်နေတဲ့ မြို့က စာအုပ်ဆိုင်ထဲမှာ မိန်းခလေးတဦးက စာအုပ်တွေ ၀င်ရွေးနေတာနဲ့ ကြုံရပါတယ်။ ကျနော်က ဆိုင်ရှင်နဲ့ရင်းနှီးတဲ့သူဆိုတော့ နောက်ဖေးခန်းထဲဝင်ပြီး “မျက်နှာစိမ်း” မိန်းခလေးကို စူးစမ်းကြည့်ပါတယ်။ ဆိုင်ရှင်ကလည်း အဲဒီမိန်းခလေးကို နာမည်တပ်ပြီးခေါ်ပြောနေတာမို့ ဖုန်းထဲမှာ ကျနော်နဲ့ခေါ်ပြော ဆက်ဆံခဲ့ရတဲ့ မိန်းခလေးဆိုတာ အတတ်သိရတော့တာပေါ့။ ဒီတုန်းက ကျနော့်မှာ အပြင်ထွက်ပြီး နှုတ်ဆက်စကားပြောဖို့ အဲဒီမိန်းခလေးကို အားနာနေခဲ့မိပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကို ဒေါသဖြစ်ခဲ့ရတယ်။ ဒီလိုအဖြစ်အပျက် တွေက ခဏ.ခဏ ကြုံခဲ့ရတယ်။
ဘလော့လောကထဲကိုဝင်တော့ ဟိုးတချိန်တုန်းကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ ရဲဘော်တချို့ကလည်း “ကိုငြိမ်း” ဆိုတဲ့ ဝေါဟာရကို သုံးပြီး ဆက်ဆံ၊ ကိုယ်ရေးတဲ့စာတွေကလည်း လူငယ်တွေနဲ့ င်ါလား၊ ငါလား (အဲလေ ... နင်လား ငါလား) ဆိုတော့ မမျှော်လင့်တဲ့ အသက်အရွယ်ခန့်မှန်းမှုတလွဲတွေ ကြုံရပြန်ရော။ ဒီကြားထဲက နဂိုရ် ကတည်းက ခတ်ပျော်ပျော်၊ ခတ်နောက်နောက်နေတတ်တဲ့အကျင့်ကပါနေတော့ အခုမှသိရပြီး ကိုယ့်ထက် အများကြီးငယ်တဲ့ မိတ်ဆွေ ဘလော့ဂါတချို့ကို စာရေးပြီးနောက်မိပြောင်မိလို့၊ ကိုယ်ရေးတဲ့စာ ကိုယ်ပြန်ဖတ်ပြီး ဖြုတ်ချလို့ရတာဖြုတ်ချ၊ ဖြုတ်ချလို့မရတာကြတော့ အိပ်မပျော်နိုင်လောက်အောင် စိတ်ဆင်းရဲ ...။
အခုတော့ ... အဲဒီပြဿနာကို ကျနော်ရပ်လိုက်ချင်ပြီ။ ကျနော်က အရပ်ကလည်း ပု၊ နေ့စဉ်အားကစားလေ့ကျင့် တဲ့ အလုပ်ကလည်းလုပ်၊ ကိုယ့်ကိုယ်ကို ဘယ်တော့မှ လူငယ်တွေထက် နောက်မကျစေနဲ့ဆိုတဲ့စိတ်ကလည်း လက်မလွှတ်နိုင်ဆိုတော့ အသံနဲ့ရုပ် နှစ်ခုစလုံးက လူငယ်တွေနဲ့ နင်လားငါလားဆိုတော့ “ခင်မင်းဇော်” တို့လို ဘလော့လမ်းသူရဲမလေးတွေအဖို့ အမြင်မတော်၊ မျက်စေ့နောက်တောက်တောက်ဖြစ်ကုန်ကြရဟန်တူပါရဲ့။ ဒါကြောင့်မို့ ဒီကိစ္စဒီလောက်နဲ့ပဲ ကျနော်ဖြတ်ပါတော့မယ်။ ဒီစာကို နိဂုံးမချုပ်ခင် “ခင်မင်းဇော်” တို့ နိုင်းနိုင်းစနေ တို့ကို ( “နိုင်းနိုင်းစနေ”ဆိုတာက ကျနော်နဲ့ တခါမှ စာရေးပြီး မရင်းနှီးရသေးပေမယ့် သူရေးတဲ့စာတွေဖတ်ပြီး သားသမီးတယောက်လို ခင်မင်ရင်းနှီးလို့ အခုလိုထည့်ပြောလိုက်တာပါ။) အကြံတခုပေးချင်ပါတယ်။

၁။ ဘလော့လောကထဲမှာ သက်ကြီးပူဇော်ပွဲလေးတခု လုပ်ကြရရင် မကောင်းဘူးလား
၂။ လုပ်ချင်တဲ့ ဆန္ဒရှိကြရင် ကျနော့်ကို အမြန်ဆုံးဆက်သွယ်ညှိနှိုင်းကြဘို့ ကျနော် အကြံပြုလိုက်ပါရစေ ... ။

“နုပျိုခြင်း” ဟာ လာဘ်တပါးဆိုပေမယ် ကျနော့်မှာတော့ တခါတခါ အတော့်ကို စိတ်ပျက်ဖို့ကောင်းတဲ့ “စုတ်တပါး” ဖြစ်နေတာ ဒီစာကိုရေးပြီး စိတ်ဖြေလိုက်ရပါပြီ။
ဘလော့ဂါ တူ တူမငယ်များ အချင်းချင်းသည့်ထက်ပိုပြီး ခင်မင်ရင်းနှီးပြီး လောကကြီးကို သည့်ထက်ပိုပြီး အလှဆင်နိုင်ကြပါစေ ...။

“ဦးငြိမ်းဝေ” နဲ့ မတူတဲ့ “နုပျိုခြင်း” လာဘ်ကိုပဲ ရနိုင်ကြပါစေ ...။

August 12, 2008

ကဗျာရွတ်ဆိုခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးသို့


တခါတရံ မဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကိုဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့်အလေ့အကျင့်အနည်းအကျဉ်း ရှိလာခဲ့သူမိမိအဖို့ အလိုလိုတက်ကြွရွှင်လန်းနေမိသည်။ မဂ္ဂဇင်းထဲတွင်ပါသည့် ကဗျာရွတ်ပွဲသတင်းများကို ဖတ်ကာစိတ်ကူးနှင့်မြင်ကြည့်သည်။ စိတ်နားနှင့် ထောင်ကြည့်သည်။ ကဗျာရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအယာများကို စိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့်ကဗျာများထဲ၌ မိမိကျက်မှတ်မိပြီးကဗျာပါဝင်ပါက ကိုယ်တိုင်ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာတပိုင်းတစကို ပါးစပ်က အလိုလိုရွတ်ဆိုမိလျက်သားဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင်ရွတ်ဆိုသူများ၏ ရင်ခုန်မှုအရှိန်အဟုန်များမှာ မီးတောက်တခုက တခြားမီးတောက်တခုဆီ ယိမ်းထိုးကူးယှက်သွားသလို မိမိထံ ထိယှက် ပူးဝင်လိုက်ကြခြင်းဖြစ်ဟန်တူလေသည်။

အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်းအလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့် စတင်ဆောင်ရွက် လိုက်ခြင်းတော့မဟုတ်ချေ။ ၁၉၉၃ ခု။ မာနယ်ပလောတွင်ကျင်းပသည့် စာဆိုတော်နေ့အခမ်းအနားတွင် ရှုဒေါင့်ဂျာနယ်အယ်ဒီတာဟောင်း (ဦး)၀င်းခက်က “မနက်ဖြန်ကြရင် ဒီကဗျာကို ရွတ်ပေးစမ်း”ဟု ဆိုခြင်းဖြင့် မိမိမှာ ကဗျာရေးသူအဖြစ်မှ ကဗျာရွတ်သူအဖြစ်သို့ ဖြတ်ကနဲကူးပြောင်းရောက်ရှိသွားခဲ့ရ၏။ ရွတ်ဆိုရမည့်ကဗျာက ဆရာ မောင်သော်က၏ “မီးခြစ်တစ်ဆံ”ကဗျာဖြစ်သည်။ စကားပြောခွက်ရှေ့ကိုရောက်သည်အထိ မည်သည့်အသံအနေအထားနှင့် ရွတ်ဆိုရမည်ဆိုသည်ကို ရွေးချယ်မဆုံးဖြတ်နိုင်သေး။ ကံအားလျော်စွာကဗျာအကြောင်းအရာကို ရုတ်တရက်တွေးမိကာ လက်သီးကိုဆုပ်၊ အသံကိုမြှင့်ပြီး အော်ဟစ်လိုက်မိသည်။ “အနှစ်နှစ်ဆယ်တဲ့လားဟေ့ ...”ဆိုပြီးအော်ဟစ် လိုက်သည့်မိမိ၏အသံမှာ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်အတွင်း ပဲ့တင် ထပ်မျှဟိန်းသွား၏။ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တခုလုံး သွေးများပူလောင်ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလိုရွတ်ဆိုမိလျက် သားဖြစ်သွား၏။ မိမိ၏ ခံစားမှုအရှိန်အဟုန်များ လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ် လက်ခုပ်သံများထွက်ပေါ်လာခဲ့၏။ ဆက်လက်ရွတ်ဆိုရန် ကဗျာစာသားမရှိတော့သည့်တိုင်၊ ကဗျာရွတ်ဆိုသံရပ်ဆိုင်းသွား သည့်တိုင်၊ ဖြန့်ထွက်ဝေးကွာသွားနေသည့် စိတ်အလျင်များကို မိမိမှာပြန်လည်ရုပ် သိမ်းလို့မရနိုင်သေး။ မိမိ၏ စိတ်အလျင်မှာ ရှေ့တွင်ထိုင်နေသည့် လူအုပ်၏နှလုံးသားကို ဒိုးယိုပေါက် ထွင်းဖောက်သွားခဲ့၏။ မိမိ၏စိတ်အလျင်များကို ပြန်လည်ရုပ်သိမ်းထိန်းချုပ်လာနီုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်များနှင့် မှုန်ဝါးနေလေတော့သည်။
၁၉၉၄ ခုနှစ်တွင် အသံလွှင့်ဌာနတခုတွင် ပုံမှန်အစီအစဉ်တခုကို အသံလွှင့်ခွင့်ရ၏။ ယင်းအစီအစဉ်ကို “တော်လှန်ရေးကဗျာမိတ်ဆက်”ဟု ခေါင်းစဉ်တပ်ကာ တပါတ်လျှင်တကြိမ်အသံလွှင့်၏။ ထိုအခါ တပါတ်လျှင်တကြိမ် ကဗျာရွတ်ဆိုရသည့်သဘောဖြစ်လာ၏။ ၁၉၉၃ ခုနှစ်“မီးခြစ်တဆံ” ကဗျာကိုရွတ်ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများစိတ်ဝင်စားအောင်ရွတ်ဆိုနိုင်ခဲ့သည့်အတွေ့အကြုံအရ၊ အသံလွှင့်ဘို့ရွေး ချယ်ထားသည့်ကဗျာများကို အဓိပ္ပါယ်နားလည်သည်ထက်နားလည်ရန် အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပါယ်နားလည်လျှင် ကဗျာဖတ်သည့်အခါ ပိုမိုအဆင်ပြေသည်ကို သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့်ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆိုရာတွင် အလုပ် တ၀က်ပြီးသလိုဖြစ်ရ၏။
အသံလွှင့်ရန် ကဗျာများကိုရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့်ကဗျာများကိုဖတ်လျှင် ရွတ်ဆိုရ ပိုမိုအဆင်ပြေသည်ဟုထင်၏။ ထို့ကြောင့် ကာရန်ပါသည့်ကဗျာများကိုသာ ဦးစားပေးပြီးရှာဖွေရွတ်ဆို၏။ သို့သော် ရွေးချယ်ထားသည့် အသံလွှင့်အစီအစဉ်ခေါင်းစဉ်က “တော်လှန်ရေးကဗျာမိတ်ဆက်”ဟုပေးထားသဖြင့် နိုင်ငံရေးနောက်ခံရှိပြီး ကာရန်နှင့်ရေးဖွဲ့ထားသည့်ကဗျာများမှာ ရှာရဖွေရခက်ခဲလာခဲ့၏။ ထိုစဉ်က မိမိမှာ မာနယ်ပလောတော်လှန်ရေးဌာနချုပ်တွင် နေထိုင်သူဖြစ်သဖြင့်လည်း ပြည်တွင်းမှကဗျာပါသည့် စာအုပ်များကို ဆက်သွယ်ရယူရန်မှာ အခက်အခဲရှိ၏။ အခြေအနေကတောင်းဆိုသဖြင့် ကာရန်မပါပဲရေးဖွဲ့သည့်ကဗျာများ၊ လွတ်လပ်ကာရန်စနစ်ဖြင့်ရေးဖွဲ့သည်ကဗျာများဖက်သို့ အလိုလိုဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့်ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန် လိုအပ်ကြောင်း ထူးထူးခြားခြား သတိပြုမိလာရလေသည်။
ကာရန်မပါသည့်ကဗျာများကိုရွတ်ဆိုသည့်အခါ အသံအနိမ့်အမြင့်နှင့် အသံစီးဆင်းပုံ၏ ၀ိသေသကို ထိတွေ့ခွင့်ရ၏။ အသံအနိမ့်အမြင့်နှင့် အကွာအဝေး မတြာများမှာ ပုံမှန်၊ ပုံသေမရှိသဖြင့် ကဗျာရွတ်ဆိုနေစဉ် အသက်ရှူနှုန်းမှာလည်း ပုံမှန်ပုံသေထားပြီး အသက်ရှူလို့မရနိုင်တော့။ ကာရန်နှင့်ရေးဖွဲ့သည့်ကဗျာများမှာမူ ကာရန်အမျိုးအစားအပေါ်မူတည်ပြီး အသက်ရှူမှုအပြင်း၊ အပေါ့ကွာခြားသည်မှလွဲ၍ အသက်ရှူချိန်၊ ရှူနှုန်း တခုနှင့်တခု သိပ်ပြီးကွာဟမှု မရှိလှ။ မသိသာလှ။ ကာရန်ပါသည့်ကဗျာများမှာ နရီကိုချိန်တွယ်ထားသလောက်ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကိုရွတ်ဆိုလျှင် သီချင်းတပုဒ်ကို လူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက်လွယ်ကူ၏။ ကာရန်မဲ့ကဗျာများ၏ အသံတည်ဆောက်ပုံမှာမူပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူထူးခြားသစ်လွင်နေလေသည်။
အသံလွှင့်ဌာနမှတဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ကို သတိရတတ်၏။ သူက အသံလွှင့် ဌာနမှတဆင့်ကဗျာတွေအများကြီး ရွတ်ဆိုသွားခဲ့သူဖြစ်သည်။ ထို့ပြင် အမေရိကန်ကဗျာဆရာများဖြစ်ကြသည့် ‘ရောဘတ်ဖရော့ခ်’နှင့်‘မာယာ အင်ဂျီလို’တို့ကိုလည်း စိတ်ထဲ၌စွဲနေ၏။ သူတို့နှစ်ဦးက အမေရိကန်သမ္မတနှစ်ဦး၏ သမတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက်ကဗျာ ရွတ်ဆိုဖို့ ဘိတ်ကြားခြင်းခံခဲ့ကြရသူများဖြစ်၏။ သူတို့တတွေ ဘယ်လိုကဗျာရွတ်သည်ကို မတွေ့မမြင်ဘူးသော်လည်း ကဗျာရွတ်သူများဖြစ်သည်ဟူသည့် အသိတခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့မဆုံးချင်တော့။
လူမျိုးနှင့်ချီပြီး ကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့်အလေ့အကျင့်ရှိသူများမှာ ရုရှားလူမျိုးများဖြစ်သည်ဟုကြားဖူး၏။ ကဗျာဆရာ‘မာယာကော်စကီး’နှင့်‘ယက်ဖ်တူရှင်ကို’တို့၏ ကဗျာရွတ်ပွဲများကို ရုရှလူမျိုး ထောင်သောင်းချီပြီး တက်ရောက်နားထောင်တတ်ကြ၏။ ကဗျာဆရာ‘မာယာကော်စကီး’လူပုံအလယ်တွင်ကဗျာရွတ်နေပုံသတင်းဓါတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့၏ကဗျာရွတ်သံများကိုမူ မကြားဘူးသေး။ ၁၉၉၈ ခုနှစ်လည်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့အပြန် ရုရှနိုင်ငံ၊ မော်စကိုလေဆိပ်တွင် လေယာဉ်ပြောင်းစီးရန် (၅)နာရီမျှ ထိုင်စောင့်ခဲ့စဉ်က လေဆိပ်ထဲတွင်ရှိသည့် တိတ်ခွေနှင့်စီဒီခွေအရောင်းဆိုင်များတွင် ‘မာယာကော်စကီး’နှင့် ‘ယက်ဖ်တူရှင်ကို’ကဗျာရွတ်ထားသည့် အသံသွင်းတိတ်ခွေများကို တွေ့လိုတွေ့ငြားလိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့မေးလို့မရခဲ့။
မိမိနိုင်ငံတွင်လည်း ကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြားကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော်ကဗျာဆရာများနှင့် ကဗျာချစ်သူအနည်း ငယ်မျှသာစုဝေးကြပြီး တယောက်တလှည့် ကဗျာရွတ်ဆိုကြခြင်းသာဖြစ်သည်။ အများပြည်သူတက်ရောက်နားထောင်နိုင်သည့် အခွင့်အလမ်းနှင့် အလေ့အထကိုမူ ယခုအထိ မဖန်တီးနိုင်သေး။
ကဗျာရွတ်ဆိုခြင်းအလုပ်ကို ခုံမင်မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင် ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့အပါအ၀င်၊ တခြားစာပေနှင့်နိုင်ငံရေးဆိုင်ရာ အခမ်းအနားများတွင် ကဗျာတက်ရောက်ရွတ်ဆိုခွင့်ရရန် အခမ်းအနားဦး စီးကျင်းပသူများထံ ချဉ်းကပ်တောင်းဆိုမိ၏။ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှစတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ပါရှိသည့် အခမ်းအနားများတွင် ကဗျာရွတ်ဆိုခွင့်ရလာခဲ့၏။ တချို့အခမ်းအနားများတွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ပဲ ကဗျာတက်ရောက်ရွတ်ဆိုပေးပါရန် ဘိတ်ကြားခြင်းကို လက်ခံရရှိလာခဲ့၏။ ယခုအခါ အသံလွှင့်ဌာနအပါအ၀င် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့သည့် ကဗျာပုဒ်ရေ (၄၆၀)ကျော်ရှိခဲ့ပြီ။ ကဗျာရွတ်ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးမှာ တွေးမိတိုင်း ပီတိဖြစ်ဖွယ်ကောင်းလှ၏။ ကဗျာရွတ်ဆိုခြင်းနှင့်ပါတ်သက်ပြီး ရုရှကဗျာ ဆရာကျော်“ယက်ဖ်တူရှင်ကို”ပြောဖူးသည့်စကားမှာ မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ်တာနားထောင်ပြီးသူတိုင်း နားထောင်သူအဖြစ်မှ ကဗျာဖတ်သူအဖြစ်သို့ မလွဲမသွေရောက်ရှိလာလိမ့်မယ်”ဟူ၍ ပြောဖူးလေသည်။
ယခုနှစ် ဒုတိယလ၊ လဆန်းပိုင်းတွင် RFAမှတဆင့် “လက်တဖက်ကိုမြဲနေအောင်ကိုင်ထား”ကဗျာကို ကျနော်ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့်ကြာ သောအခါ တယ်လီဖုံးမြည်သံကြားလို့ ကောက်ကိုင်လိုက်စဉ် “လက်တဖက်က တယ်လီဖုံးကို မြဲနေအောင်ကိုင်ထား”ဟု တဖက်မှကြားလိုက်ရ၏။ တအံ့တသြဖြစ်နေစဉ် “အောင်ခင်လေဗျာ”ဟူသောအသံကိုပါကြားရ၏။ ကျနော့်မှာ မဖေါ်ပြနိုင်လောက်အောင် ၀မ်းသာရ၏။ (၇)နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် ‘ဒေါက်တာအောင်ခင်’၏ အသံကို တယ်လီဖုံးထဲမှကြားလိုက်ရ၍ဖြစ်၏။ သူက RFA မှာ ကျနော်ရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ‘လက်တဖက်ကမြဲနေအောင်ကိုင်ထား’ကဗျာကိုရည်ညွှန်းပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်းဆိုသလိုပင် ‘ဒေါက်တာအောင်ခင်’လို ကဗျာနှင့်ဝေးနေသူအဖြစ် မိမိဖက်မှ ယူဆထားသူတဦးထံမှ ‘အဲဒီကဗျာက ကာရန်မပါဘူးဗျ၊ ခင်ဗျားမိုလို့ နားထောင်ကောင်း တာနဲ့တူတယ်၊ တခြားလူဆိုရင် ပျက်သွားမှာ’ဟု အားပေးစကားကြားလိုက်ရ၏။ ယခုအခါ ‘ဒေါက်တာအောင်ခင်’သည် ကဗျာနှင့်နီးလာနေပြီလောဟု ပီတိဖြစ်မိသည်။
ကဗျာရွတ်သည့်အခါ ကဗျာရွတ်သံကို နားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့် ကဗျာနားထောင်သူ နှစ်ဦးစလုံး စရဏကိုထိန်းကာ လေ့ကျင့်သလိုဖြစ်သွားရ၏။ ပရဟိတ္တကို ထိတွေ့ရ၏။ ဗျာပါဒကို စားသုံးမိသွား၏။ ၀ိမုတ္တိကိုတခဏမျှရ၏။ ငြိမ်းချမ်းရေး၏ အခြေခံယဉ်ကျေးမှုရေး အုတ်မြစ်တခုချလိုက်သလိုဖြစ်ရ၏။ ထို့ကြောင့် မုဆိုးရာသီ ကုန်ဆုံးပြီး လေးသံမြှားသံများ ထာဝရရပ်စဲကာ၊ တကမ္ဘာလုံး အနှံ့ ကဗျာရွတ်ပွဲများ ကျင်းပနိုင်လျှင်ကောင်းပေစွဟု တောင်းတမိတော့၏။


ငြိမ်းဝေ

(ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် ဒီဆောင်းပါးကို “မောင်ဖူးတင့်” ကလောင်အမည်နှင့် ၂၀၀၅၊ မတ်လ -၂၁ ရက် ကမ္ဘာ့ကဗျာနေ့အတွက် ရေးခဲ့သည့်ဆောင်းပါးဖြစ်ပါသည်။)

August 11, 2008

ဘုရားသခင်ချီးမြှင့်တဲ့လူတိုင်းအတွက် ဖားတကောင်


၁။
ဂျပန်ဟိုက္ကူကဗျာဆရာကြီး “ဗသျှိုး” ရဲ့ အထင်ရှားဆုံးကဗျာတပုဒ်ကို ဒီကနေ့ ကျနော် မိတ်ဆက်ပေးပါ့မယ်။ (တချို့လည်း ဖတ်ဖူးနေလောက်ရောပေါ့)
“ဗသျှိုး” မှာ အထင်ရှားဆုံးစကားပြေတခုနဲ့ အထင်ရှားဆုံးကဗျာတပုဒ်ရှိပါတယ်။ အထင်ရှားဆုံးစကားပြေကတော့ “မြောက်ဖက်အရပ်ဆီသွားတဲ့ လမ်းကျဉ်းကလေး” ဆိုတဲ့ ခရီးသွားမှတ်တမ်းပါ။ အထင်ရှားဆုံးကဗျာကတော့ ဒီကနေ့ ကျနော်တင်တဲ့ ကဗျာပါ။
“ဗသျှိုး” ရဲ့ အဲဒီ ဟိုက္ကူကဗျာကို မိတ်ဆက်ပေးဖို့လုပ်တော့ ကျနော် ပထမဆုံးရင်ဆိုင်ရတဲ့ပြဿနာကတော့ “ဘာသာပြန်မူကွဲ” ကိစ္စပါ။ ဒီကဗျာက လူမျိုးပေါင်းစုံက ဘာသာပေါင်းစုံနဲ့ ထုတ်ဝေကြပြီး ဖြစ်ပေမယ့် အင်္ဂလိပ် ဘာသာပြန်မူလိုတော့ မူကွဲတွေများမယ်လို့ ကျနော်မထင်ဘူး။ ဒီကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုသူတွေ များတော့ ဘာသာပြန်မူကွဲတွေ များတော့တာပေါ့။ ဒီတော့ကာ ဘယ်အင်္ဂလိပ်ဘာသာပြန်မူကို ယူပြီးမှ မြန်မာ ဘာသာပြန်ရမလဲဆိုတာ ကျနော့်အဖို့ မဟာအခက်အခဲကြီးပေါ့။ ဒါနဲ့ပဲ မြန်မာဘာသာပြန်အမှန်ဆုံးဖြစ်အောင် အချိန်တော်တော်ယူခဲ့ရပါတယ်။ ဂျပန်လိုရေးထားတဲ့ကဗျာကို ဂျပန်မိတ်ဆွေတချို့ကို တွေ့တိုင်း ပြကြည့်ရ မေးကြည့်ရတော့တာပေါ့။ ဒါလည်း သိပ်ပြီးအဆင်မပြေပါဘူး။ ကျနော်နဲ့တွေ့တဲ့ သိတဲ့ ဂျပန်တွေကလည်း အဲဒီ ကဗျာလေးကို သိပေမယ့် သိပ်ပြီး ကျနော် ကျေနပ်အောင် ရှင်းမပြနိုင်ကြပါဘူး။ ဒီလိုနဲ့ ကိုယ့်မှာရှိတဲ့ အင်္ဂလိပ် ဘာသာပြန်မူကွဲတချို့ရယ်၊ ကိုယ်ဖတ်ထား သိထားတာရယ်၊ မေးမြန်းလို့ရတဲ့ အချက်အလက်တွေကို စုပြီး အဓိကအကြောင်းအရာမလွတ်တဲ့ မြန်မာဘာသာပြန်ကဗျာတပုဒ်လုပ်ရတော့တာပေါ့။ ဟောဒီမှာ ကျနော့်ဆီမှာ ရှိတဲ့ အင်္ဂလိပ်ဘာသာပြန်မူကွဲတချို့ ... ။


old pond
leap - splash
a frog

(ဒါက lucien Stryk ဘာသာပြန်ထားတာပါ။)

An old silent pond ...
into the pond
a frog jumps,
splash! silence again

(ဒါက Peter Beilenson နဲ့ Harry Behn တို့ ဘာသာပြန်ထားတာ။)

old pond
a frog jumps in
the sound of water

(ဒါက Stephen Addiss ဘာသာပြန်တာ။)

မြန်မာစာရေးဆရာကြီး မောင်သာနိုးကတော့ အခုလိုပဲ မြန်မာမှုပြုထားတာ တွေ့ရပါတယ်။

ဟောင်းမြင်း ရေအိုင်ထဲ
ဖားက ခုန်လို့ဆင်းလိုက်တယ်
ရေရဲ့အသံပ

ဆရာမောင်သာနိုးက ဟိုက္ကူကဗျာဖွဲ့စည်းပုံ ၅.၇.၅ ကို ရအောင်ယူပြီး ဘာသာပြန်ထားတာပါ။ ဒီကဗျာကို ဆရာကြီး မင်းသုဝဏ်လည်း ဘာသာပြန်တယ်လို့ ကြားရပါတယ်။ အခုထက်ထိ ကျနော် ဖတ်ခွင့်မကြုံသေးလို့ ၀မ်းနည်းမိတယ်။ အခု ... ကျနော် မြန်မာမှုပြုထားတဲ့ ကဗျာလေး ... ။

ရေကန်အိုအတွင်း
ဖားတကောင် ခုန်ဆင်းလို့သွား
ပလုံမြည်သံကြား ...

(ချရေးပြီးမှ ပြန်ဖတ်ကြည့်တော့ ၅.၇.၅. ပုံစံထဲ ကွက်တိဝင်နေတာတွေ့ရလို့ ကျနော့်မှာ ပြောမပြနိုင်လောက် အောင် ၀မ်းသာသွားရပါတယ်။)

၂။
ဟိုက္ကူကဗျာကိုဖတ်ရင် ဒီကနေ့ ပြောနေဆိုနေကြတဲ့ ကဗျာအနုပဋိကိစ္စနဲ့ ဆင်တူတာကိုလည်း တွေ့ရပါတယ်။
ခေတ်ပေါ်ကဗျာနဲ့ပါတ်သက်ပြီး ငြင်းကြခုန်ကြတဲ့ အထဲမှာ၊ ခေတ်ပေါ်ကဗျာတပုဒ်ကို နားလည်ခံစားတတ်ဖို့ ဆိုရင် ကဗျာဖတ်သူကလည်း ကဗျာရေးသူရဲ့အလုပ်ကို တ၀က်ဝင်လုပ်ရလိမ့်မယ်ဆိုတဲ့ စကားရှိပါတယ်။ ကဗျာဖတ်သူဖက်က အင်မတန်ခံစားမှုခွန်အားမြှင့်ထားဖို့လိုပါတယ်။ ဟိုက္ကူကဗျာကြတော့ ခေတ်ပေါ်ကဗျာ ထက်တောင်မှ ပိုမလားပဲ။ သူ့ကြတော့ ကဗျာဖတ်သူဖက်က ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ အတွေးကို မြှင့်ပြီး ဖတ်ဖို့လိုမယ်ထင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကဗျာဆရာက ကဗျာကပေးတဲ့ ရသကို ဗဟုဝုဒ်သဘော ပေးခဲ့တာဖြစ်သလို၊ သူပေးတဲ့ သူဖော်ပြတဲ့ ပြချက်ပြကွက်အပေါ်မှာလည်း သူကိုယ်တိုင်က ဘယ်လိုအရိပ်အယောင်မျှ သဘောထား မပြတော့ပဲ၊ ကဗျာဖတ်သူအတွက် လုံးလုံးကြီးချန်ထားခဲ့တဲ့သဘော ဖြစ်နေလို့ပါပဲ။
ဟိုက္ကူကဗျာတပုဒ်ကိုဖတ်ရင် ပထမဦးဆုံးတွေ့ရမယ့်အချက်က ကာလနဲ့ဒေသတခုခုကို တွေ့ရမယ်။ ပြီးတော့ ပြချက်တခု၊ မြင်ကွင်းတခု၊ ဒါက ကဗျာဖတ်သူကို အဖုံးတ၀က်လှပ်ပြလိုက်တဲ့ သဘောပဲ။ ဒါတောင်မှ ကဗျာဆရာက ကြာကြာမပြဘူး။ လျှပ်တပျက်သဘောပဲ။ တချက်ထဲပဲ။ အဖုံးကို ပြန်ပိတ်လိုက်တာပဲ။ ကဗျာဖတ်သူက သူမြင်လိုက်ရတဲ့၊ သူကြားလိုက်ရတဲ့၊ သူထိတွေ့လိုက်ရတဲ့ ကာလ၊ ဒေသ၊ ပြချက်အပေါ် မူတည်ပြီး တွေးလေရော့ပဲ။ တွေးလေ ... တွေးတတ်လေ၊ တွေးနိုင်လေ ... ရင်ခုန်ပေရော့ပဲ။
ဟိုက္ကူကဗျာဆိုတာ ခံစားမှုအများကြီးရှိရာကို နည်းပေါင်းစုံသုံးပြီး ရောက်အောင်သွားနိုင်အောင်၊ အဲဒီသွားနိုင်တဲ့ လမ်းဟူသမျှ သမ္ဘာရနည်းနဲ့ ကျစ်နေအောင်စုစည်းထားတဲ့ အနုပညာပစ္စည်းတခုပါပဲ။ ဥပမာတခုပြောရရင် ကျနော်က “ရေကန်အို” ကို ကျနော့်ဘ၀လို့ ယူဆမယ်၊ “ဖားကလေးတကောင်” က ကျနော့်ဘ၀ကို လာရောက် လှုပ်ခတ်လိုက်တဲ့ ပယေါဂ တခုခုဆိုပါစို့။ ဒီတော့ ရေပွက်သံကြားရမယ်၊ ဂယက်ထမယ်၊ ဒါတွေက ပယေါဂကြောင့် ကျနော့်ဘ၀အနေအထား တစုံတရာလှုပ်ရှားယိမ်းခါသွားတဲ့သဘော ...။ ဒီလို ယူဆရင် ဘယ်လို ပယေါဂလည်း ဘယ်လိုဂယက်တွေလည်း ဆက်တွေးလို့ရပါတယ်။ ဖြန့်ကျက်ပြီး စဉ်းစားလို့်ရပါတယ်။
ရေကန်ထဲ ဖားတကောင်ခုန်ဆင်းတဲ့ ဒီကဗျာလေးအကြောင်း ဋီကာဖွင့်ကြတာတွေကတော့ အများကြီးရှိပါတယ်။ ကျနော်ကတော့ လိုက်ဖတ်ကြည့်ပြီး ယူတော့ကိုယ့်ဘ၀နဲ့ပဲ ကိုက်ညှိပြီးယူပါတယ်။ ဆိုပါတော့ မနေ့တနေ့ကပဲ မဲဆောက်မြို့ဈေးထဲမှာ ဈေးလာဝယ်တဲ့ သူတွေထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သိကျွမ်းခဲ့ဖူးတဲ့ အသိတယောက်နဲ့ တွေ့လိုက်လို့ ကျနော့်မှာ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရတယ်။ ဒါဟာ ကျနော့်ရေကန်ထဲ ဖားတကောင်ခုန်ချလို့ဖြစ်သွားတဲ့ ဂယက်ပဲပေါ့။


နိဂုံးချုပ်ရရင် ဟိုက္ကူကဗျာဆိုတာ အရိပ်ကိုပဲ ပြတာပါ။ အကောင်အထည်ကို စာဖတ်သူက တူးယူပေတော့ပေါ့။ ပြီးတော့ သူက လျပ်တပျက်တကွက်ပဲပြတဲ့သဘော။ စာဖတ်သူက အချိန်မီမိအောင်သာ ဖမ်းဆုပ်ပေတော့ပေါ့။ ပြီးတော့ ဟိုက္ကူကဗျာထဲမှာပါတဲ့ ရာသီပြစကားလုံး၊ ပြကွက်တခုဆိုတဲ့သူရဲ့ အခြေခံအင်္ဂါရပ်ကို ရှာကြည့်ရတာ လည်း ပျော်စရာပါ။
ကျနော်ကတော့ ဟိုက္ကူကဗျာတွေကိုဖတ်ရရင် ကိုယ့်ကိုယ်ကို ဖြူစင်အောင် လျှော်ဖွတ်နေမိသလိုလည်း ခံစားရတယ်။ သွက်လက်ပေါ့ပါးရတယ်။ ရိုးဂုဏ်နဲ့အကြည်ဓါတ်ကို ခပ်ယူသောက်သုံးခွင့်ရတယ်။ သန္တိသုခအနားကို ရောက်တယ်လို့ယူဆတယ်။ လူတွေကို ပိုပြီး ချစ်ဖို့၊ သဘာဝပါတ်ဝန်းကျင်ကို ပိုပြီးချစ်ဖို့၊ ကမ္ဘာကြီးကို ပိုပြီးချစ်ဖို့၊ ချစ်ဖို့ဆိုတာ တုတ်နှောင်တဲ့အချစ်မျိုး မဟုတ်ဘူးနော် ...။ ပေးဆပ်ခြင်းဆိုတဲ့ အချစ်၊ မေတ္တာမျိုး။ ဒါကြောင့်မို့ ဟိုက္ကူကဗျာတွေကို ကျနော် သွားလေရာ သယ်ပိုးနေခဲ့မိတာ ဖြစ်မယ်ထင်ပါရဲ့။
ဒီစာကိုရေးနေတဲ့ တချိန်ထဲမှာပဲ ဆရာလေးကိုပေါတို့၊ ဆရာမလေး နိုင်းနိုင်းစနေတို့ စလုံးအကြောင်း ပြောကြဆိုကြတာ ဖတ်ခဲ့ရတာတွေ ဒီကနေ့မှ ဖတ်ရတဲ့ ဆရာလေးညိမ်းညိုရဲ့ ကဗျာတွေဟာ ကျနော့်အတွက် လတ်တလော ဘုရားသခင်က လက်ဆောင်ပေးလိုက်တဲ့ “ဖားကလေး” တွေပေါ့ဗျာ။ သူတို့ကို ကျေးဇူးတင်မိ ပါတယ်။ သူတို့လည်းပဲ “ဖားတကောင်” ကိုယ်စီရပြီးရင် သူတို့ဘ၀ ရေကန်မျက်နှာပြင်လေးတွေ ပြန်လည် ငြိမ်သက်တည်ငြိမ်နိုင်ကြပါစေလို့ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။


ငြိမ်းဝေ

August 10, 2008

ဗသျှိုးနဲ့ သူ့ရဲ့ ဟိုက္ကူကဗျာတပုဒ်


ဟိုက္ကူကဗျာတွေကို တင်မယ်လုပ်တော့ ကဗျာချစ်တဲ့မိတ်ဆွေတယောက်က “ဗသျှိုး” ရဲ့ ကဗျာတွေကို မတင်ဘူးလားလို့မေးပါတယ်။ ကျနော်က “ဘယ်မတင်ပဲ နေပါ့မလဲဗျာ” လို့ ဖြေလိုက်ပါတယ်။ ကျနော့်မိတ်ဆွေ ပြောတာမှန်ပါတယ်။ မြန်မာစာပေအကြောင်းပြောရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်း မပါရင် ဘယ်ပြီးမလဲဗျာ။ ဒီလိုပါပဲ ဂျပန်ကဗျာအကြောင်းပြောရင် ဟိုက္ကူကဗျာဘုရင်ကြီး “ဗသျှိုး” ကို ဘယ်ချန်ထားလို့ ဖြစ်မှာလဲ။
တခြား ဟိုက္ကူကဗျာဆရာတွေနဲ့ မတူလို့ “ဗသျှိုး” အကြောင်းတော့ နည်းနည်းပြောကြည့်ချင်ပါသေးတယ်။ “ဗသျှိုး” က ဟိုက္ကူကဗျာရဲ့ ရေသောက်မြစ်ပါပဲ။ ဟိုက္ကူကဗျာတွေဟာ ၁၆-ရာစုမှာ စပြီးပေါ်တာ။ သူရေးတဲ့ ဟိုက္ကူကဗျာတွေဟာ ဟိုက္ကူကဗျာခေတ်ကို ထူထောင်သလိုဖြစ်ပြီး အဲဒီ ဟိုက္ကူကဗျာ ခေတ်ဟာ အခုထက်ထိ အသက်ရှင်နေတုန်း။ ဂျပန်ကဗျာဆရာတွေကိုင်ဆွဲတဲ့ ကဗျာအမျိုးအစား (၃)မျိုး (ယေဘုယျကိုပြောတာပါ။) ထဲမှာ ဟိုက္ကူကဗျာက တနည်းအပါအ၀င် ... ခုထက်ထိ ရေးကြဖွဲ့ကြ ကိုင်စွဲထားကြတုန်း။ နှစ်ပေါင်း (၃၀၀) ကျော် ရှည်ကြာတဲ့ ဟိုက္ကူကဗျာလမ်းကြောင်းကြီးကို “ဗသျှိုး” က ဖောက်ခဲ့တဲ့သဘောပေါ့။
ဗသျှိုးဟာ ၁၆၄၄-ခုနှစ်မှာမွေးတယ်။ “တိုကျို” မြို့နားက “ယူအီနို” ဆိုတဲ့အရပ်မှာ မွေးတာ၊ ဖအေက “ဆာမူရိုင်း”။ “ဗသျှိုး” လည်း (၁၀) နှစ်သားလောက်အထိ ဆာမူရိုင်းလေးပေါ့။ အသက် (၂၀) ၀န်းကျင်မှာ ဟိုက္ကူကဗျာတွေးရေးပြီး နာမည်ကြီးနေပြီ။ “ဗသျှိုး” ဆိုတာ ဂျပန်လို “ငှက်ပျောပင်” ပါ။ “ဗသျှိုး” ဟာ သူ့ကလောင်အမည် “ငှက်ပျောပင်” လို့ ယူသလို သူ့နောက်ပိုင်းဘ၀တခုလုံးလည်း ငှက်ပျောဖက်မိုးတဲ့ တဲနဲ့ပဲ တသက်လုံးနေသွားခဲ့တာ။ သူ့ဘ၀ နှောင်းပိုင်းတခုလုံး ခရီးသွားမှသွား။ ခရီးသွားရင်း ကဗျာတွေရေး။ သူ့ရဲ့စာပေသြစာကလည်း ကြီးမှကြီး။ ဂျပန်စာပေလောကမှာ “ဘယ်ဂျပန်ကဗျာဆရာမဆို ဗသျှိုးမှာပဲ အစပြုပြီး ဗသျှိုးမှာပဲ နိဂုံးချုပ်တယ်” ဆိုတဲ့ စကား ပြောယူရတဲ့အထိ ... ။သူဟာ အသက် (၅၀) မှာ ဆုံးပါတယ်။
သူက စကားပြေလည်း ရေးပါတယ်။ သူ့ရဲ့စကားပြေနဲ့ကဗျာတွေရောထားတဲ့ “အဝေးရပ်ဆီသွားတဲ့ လမ်းကျဉ်းကလေး” ခရီးသွားမှတ်တမ်းဟာ သူ့စကားပြေထဲမှာ အထင်ရှားဆုံး။ (ဒီမှတ်တမ်းကို ဆရာ မောင်သာနိုးက အစအဆုံးဘာသာပြန်ပြီး စာအုပ်ထုတ်ပြီးပါပြီ။) ပြီးတော့ သူ့ရဲ့အကျော်ကြားဆုံးကဗျာတပုဒ် ရှိသေးတယ်။ ရေကန်တခုနဲ့ ဖားတကောင်အကြောင်းရေးတဲ့ကဗျာ။ ဒီကဗျာကို တင်ချင်ပေမယ့် ဒီကဗျာက ပြောစရာ ဆိုစရာ စကားနည်းနည်းရှိပြန်လို့ ဒီကနေ့ မတင်သေးပါဘူး။ နောက်နေ့တွေကြမှ ... ။

ဒီနေ့တော့ “ဗသျှိုး” ရဲ့ တခြား ဟိုက္ကူကဗျာတပုဒ်တင်လိုက်ပါတယ်။


ကိုင်းမသစ်ကိုင်းခြောက်တခုပေါ်မှာ
ကျီးကန်းတကောင်
အထီးတည်းနားနေ
ဆောင်းဦး ...။

ဗသျှိုး

August 09, 2008

ဟိုက္ကူကဗျာရဲ့ အနံနဲ့အလျား


ဂျပန်ဟိုက္ကူကဗျာဟာ ပုံသဏ္ဍာန်မှာရော အကြောင်းအရာမှာပါ သတ်မှတ်ချက်တွေရှိပါတယ်။ ပုံသဏ္ဍာန်အရဆိုရင် ၀ဏ္ဏ (စကားလုံး) အရေအတွက် (၁၇) လုံးပဲ ရှိရပါမယ်။ စာစီတဲ့ အခါကြတော့ ပါဒ (စာကြောင်းရေ) သုံးကြောင်းစီရပါတယ်။ ၅.၇.၅ ပုံသဏ္ဍန်ပေါ့်။ ကာရန်တော့ မပါပါဘူး။
အကြောင်းအရာကတော့ ယေဘုယျအားဖြင့် သဘာဝအလှပါရပါမယ်။ ဒါမှမဟုတ် ရာသီပြစကားလုံး ပါရမယ်။ ဒါမှမဟုတ် တမဟုတ်ချင်း မျက်စေ့နဲ့မြင်တဲ့အရာရဲ့ နောက်ကွယ်က ဒဿနကို လျပ်တပျက်အတွင်း အမိအရဖမ်းချုပ်တဲ့ အကြောင်းအရာဖြစ်ရမယ်။ ဒါကြောင့်မို့ “ဈင်” ဗုဒ္ဓဘာသာ ဒဿနကို အခြေခံတဲ့ အကြောင်းအရာက ဟိုက္ကူရဲ့ ပင်မဒဿနလို့ ဆိုကြတာပါ။
အခုတော့ ဟိုက္ကူကဗျာဂိုဏ်းတွေ ဂျပန်မှာတွင်မက ဥရောပမှာပါ တော်တော်များများရှိနေကြပါပြီ။ ထောင်သောင်းချီတဲ့ ဟိုက္ကူကဗျာ အထိမ်းအမှတ်ပွဲတွေ၊ ပြိင်ပွဲတွေ ကျင်းပခဲ့ကြပြီးပါပြီ။ ဒါကတော့ ဟိုက္ကူကဗျာနဲ့ပါတ်သက်ပြီး မလွဲမသွေ သိထိုက်တဲ့ကိစ္စတချို့ပါ။ (မသိသေးသူများအတွက်သာ ဟိုက္ကူကဗျာတွေကို ပိုပြီး ခံစားလို့ရအောင် ဆရာလုပ်ခြင်းပါခင်ဗျား ...)
ကျနော်ကတော့ ဟိုက္ကူကဗျာတွေကို မြန်မာမှုပြုတဲ့အခါ ၅.၇.၅ ပုံသဏ္ဍန်နဲ့ ထပ်တူကျအောင် မကြိုးစားပါဘူး။ ကြိုးစားလို့လည်း မဖြစ်ပါဘူး။ ကြိုးစားရင်လည်း သူ့ရဲ့ “အနက်” ကို ချို့ယွင်းသွားစေမှာပါ။ ဒါကြောင့်မို့ ကျနော်ကြိုက်သလိုပဲ မြန်မာမှုပြုလိုက်ပါတယ်။ ကာရန်ပါတဲ့အခါပါ၊ မပါတဲ့အခါ မပါပေါ့။ “အနက်” ကိုပဲ အဓိကထားပြီး ဖမ်းဖို့ကြိုးစားထားပါတယ်။
ချစ်စရာ နောက်ထပ်ဟိုက္ကူကဗျာတပုဒ် မြည်းကြည့်ကြပါဦး ... ။


ဆီးပွင့်တွေ
ဆီးပင်တွေမှာ
အခုလို ဝေဆာအောင်ပွင့်တဲ့အချိန်မျိုးမှာများ
ငါသေရမယ်ဆိုရင်
ဝမ်းနည်းလို့ကို ဆုံးမှာမဟုတ်တော့ဘူး။

ရွေစန်

August 08, 2008

ဟိုက္ကူကဗျာ ချစ်စရာ


ကျနော်
အခါအားလျော်စွာ
ဂျပန် ဟိုက္ကူကဗျာတွေကို ဖတ်ပါတယ်
ဂျပန်လို မတတ်တော့ အင်္ဂလိပ်လို ဘာသာပြန်ထားတာကိုပဲ
ခြောက်တိခြောက်ချက် အင်္ဂလိပ်စာ အခံလေးနဲ့ ကြိုးစားပြီး ဖတ်ပါတယ်
ဂျပန်ဟိုက္ကူကဗျာတွေကို ကြိုက်လွန်းလို့
(၂) နှစ်လောက်အထိ သွားလေရာ ဟိုက္ကူကဗျာတွေကို ယူသွားလေ့ရှိခဲ့တယ်
ဟိုက္ကူကဗျာ (၆၀) ကို မြန်မာဘာသာပြန်ပြီး
ချစ်စရာ့ ဟိုက္ကူကဗျာဆိုတဲ့ မိတ္တူကူး ကဗျာစာအုပ်လေးတအုပ် ထုတ်ခဲ့ဖူးတယ်
ဟိုက္ကူကဗျာတွေအပေါ် ခံစားရှုမြင်တဲ့ ဆောင်းပါးတချို့ ရေးခဲ့ဖူးတယ်
ခက်တာက ...
ဒီဘက်မှာရှိတဲ့ စာစောင်တွေ မဂ္ဂဇင်းတွေမှာ
ဟိုက္ကူကဗျာတွေကို ဖော်ပြမပေးချင်ကြဘူး
သူတို့စိတ်ထဲမှာ ဟိုက္ကူကဗျာတွေဟာ
နိုင်ငံရေး မပါဘူး၊ နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ထင်ကြလို့နဲ့တူပါတယ်
အခုတော့ အဆင်ပြေပြီပေါ့
ကျနော့်မှာ ကိုယ်ပိုင်စင်ကလေးတခု ရှိနေပြီ
ဟိုက္ကူကဗျာတွေ မကြာခဏဆိုသလို ကျနော် တင်ပါတော့မယ်
ဒီကနေ့တော့ ဟောဒီ ဟိုက္ကူကဗျာတပုဒ်ကို ဖော်ပြပေးလိုက်ပါတယ် ...။

မျက်လုံးလေးတွေရေ
အားလုံးကို မင်း ... မြင်ခဲ့ တွေ့ခဲ့ပြီးပြီပဲ
ပြန်လာခဲ့တော့
အဖြူရောင် ဂန္ဓမာပန်းတွေဆီ
ပြန်လာခဲ့တော့ ...။

EYES, YOU HAVE SEEN ALL ...
COME BACK NOW
COME BACK TO THE WHITE CHRYSANTHEMUN!

ISSHO
(TRANSLATED BY PETER BEILENSON AND HARRY BEHN)

မှတ်ချက်။ ။ နောက်ပိုင်းမှာ ဟိုက္ကူကဗျာတွေကို တင်ဆက်တဲ့အခါ အင်္ဂလိပ်ဘာသာပြန်နဲ့တွဲပြီး တခါတလေမှပဲ ဖော်ပြပါ့မယ်။ ဘာပြုလို့လည်းဆိုတော့ မြန်မာဘာသာပြန်ထားတာကို ယုံကြည်လို့ပါ။ တခါတလေကြတော့လည်း အခုလိုပဲ အင်္ဂလိပ်ဘာသာပြန်နဲ့ ပူးတွဲပြီး ဖော်ပြပါ့မယ်။ ဒါကတော့ အင်္ဂလိပ်ဘာသာပြန်က ကျနော် မြန်မာဘာသာပြန်ထားတာထက် ပိုပြီး ကောင်းတယ်လို့ ယူဆလို့ပါ။
အော် ... ပြောဖို့မေးသွားတယ်။ တခါတလေ အင်္ဂလိပ်ဘာသာပြန်နဲ့ ကျနော် မြန်မာဘာသာပြန်ထားတာကို ဘာပြုလို့ ပူးတွဲပြီး မဖော်ပြချင်ရတာလဲဆိုတော့ ... ဟဲဟဲ ... ကျနော့်ရဲ့ဘာသာပြန်တလွဲကြီးကို စာဖတ်သူတွေသိမှာစိုးလို့ ...
စာဖတ်သူများ ဟိုက္ကူကဗျာတွေနဲ့ ငြိမ်းချမ်းနိုင်ကြပါစေ။ ကျေးဇူး


ငြိမ်းဝေ

August 07, 2008

ဥရောပမဲဇာ


နိဒါန်းစကားလေးပြောပါရစေလား ...

၂၀၀၄-ခုနှစ်တုန်းကပါ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထုတ်ဝေတဲ့ “ရေစီးသံ” ဂျာနယ်မှာ “ဥရောပမဲဇာ” ခရီးသွား အခန်းဆက်ဆောင်းပါးတွေကို ကျနော်ရေးခဲ့ပါတယ်။ ရေစီးသံဂျာနယ်ထွက်စက (၁၅) ရက် တကြိမ် ထုတ်ဝေတာပါ။ နောက်ပိုင်းကြတော့ တလတကြိမ်၊ ဒိနောက်ပိုင်းကြတော့ နှစ်လ သုံးလနေမှ တကြိမ်။ ကျနော်က နှစ်လသုံးလမှ တကြိမ်ထုတ်တဲ့ အချိန်အထိ အခန်းဆက်ရေးခဲ့ပါတယ်။ ရေးတော့လည်း စာဖတ်သူတွေ မပျင်းရိရအောင် “ဥရောပမဲဇာ” ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ခေါင်းစည်းငယ်လေးတွေ ဖွဲ့ပြီးရေးပါတယ်။ ဥပမာ ... “ဥရောပမဲဇာ” ရဲ့ခေါင်းစဉ်ကြီးအောက်မှာ “နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာဒွန်မောင်းလေဆိပ်သို့” ဆိုတဲ့ ခေါင်းစဉ်ငယ်ရဲ့အောက်မှာ နံပါတ်စဉ် (၁) (၂) (၃) ... အစ ရှိသဖြင့် ရေးခဲ့ပါတယ်။ ဒီလို ရေးလာလိုက်တာဟာ (၂) နှစ်ကျော် ကြာခဲ့ပါတယ်။
အခု ... ကျနော့်ကိုယ်ပိုင် “ဘလော့” လေးမှာ “ဥရောပမဲဇာ” အခန်းဆက်ဆောင်းပါးတွေကို တင်ပြဖို့ စဉ်းစားတော့၊ ကျနော့်ဆောင်းပါးတွေဟာ ရှေ့နောက်အစီစဉ်အတိုင်း မဖော်ပြပဲ၊ အဆင်ပြေသလို စိတ်ပါသလို ကြုံသလို တင်ပြရင်လည်း ဖတ်လို့ရတာပဲဆိုပြီး အကြံပေးတဲ့သူကလည်း ပေးလို့ “ဥရောပမဲဇာ” ခရီးသွား ဆောင်းပါးတွေကို အဆင်ပြေသလိုပဲ တင်ဆက်သွားမှာဖြစ်ပါတယ်။
ဒီအခါ ကျနော်တင်တဲ့ ပို့စ်ကတော့ ဥရောပမဲဇာ ခရီးသွားဆောင်းပါးတွေထဲက ရထားတစင်းနဲ့ ရွာလည် ခဲ့ဖူးတဲ့အကြောင်း ရေးထားတာပါ။ ဒေါ်တန်ခူးရဲ့ ရထားစီးအတွေ့အကြုံဆောင်းပါးကိုဖတ်ပြီး ကိုယ့်ဆောင်းပါးက ချာတူးလန်ဆောင်းပါးဆိုတာ နှိုင်းယှဉ်ချက်အရ သိပေမယ့် နည်းနည်းတော့ကြွားချင်သေးလို့ မျက်စေ့မှိတ်ပြီး ပို့စ် တင်လိုက်ရပါတယ်။


ပီရူးဂီတ၊ စကော့တလန် ပုလွေသံ အာဖရိက ဗုံသံနှင့် ယဉ်ကျေးမှု ထောင်ချောက်ငယ်များ (၆)

အို ... မိတ်ဆွေဗိုက်ကင်းကြီးရဲ့
ကျွန်ုပ်ကအာရှအပျိုစင်ပါ
“ဟော့ဒေါ့” နဲ့ “ဟမ်ဘာဂါ” ကို
ဘီယာတခွက်နဲ့ မလဲနိုင်သူပါ
ယဉ်ကျေးမှုထောင်ချောက်
ဝါးထောက်ပြီး မခုန်နိုင်ခဲ့သူပါ
ကာရိုဟန် လမ်းမကြီးပေါ်က
ပီရူးဂီတ၊ စကော့တလန် ပုလွေသံ
အာဖရိက ဗုံသံ
စကန်ဒီနေဗီးယားနေခြည်
စတော်ဗယ်ရီအရိုင်း
ဗယ်ရီသီးအပြာ
ဒါတွေကို စွဲမက်ခဲ့သူပါ ... ... ။

“ဥရောပမဲဇာ” ကဗျာရှည်မှ ...


“ကိုငြိမ်းဝေက နော်ဝေးရောက်ခါမှပဲ၊ ကမ္ဘာကြီးလုံးတယ်ဆိုတာ လက်တွေ့သိသွားတာဗျ”
ကိုမောင်မောင်မြင့်၏ စကားကို ကျနော်နှင့် တအိမ်တည်းနေသူ ကိုမွန်းအောင်(တေးသံရှင်မွန်းအောင်)က အပြုံးနှင့် ထောက်ခံ သည်။ ကျော်ကျော်နှင့် ထွန်းထွန်းတို့က ကျနော့်ကို ပြိုင်တူကြည့်ပြီး ပြုံးကြ၏။ တခြား ဒီဗွီဘီအဖွဲ့သားများကမူ နားမလည်သလို ၀ိုင်းကြည့်ကြလေသည်။
“ဘာဖြစ်လို့လဲဟင်”
မိုးမိုးထွန်း၏ အမေးကို ကိုမောင်မောင်မြင့်(ယခု မြန်မာသတင်းသမဂ္ဂ)က ပြန်မဖြေသေးဘဲ ပြုံးနေ၏။ ကျနော်အဖို့ သည်အတိုင်း ငြိမ်နေလို့ မဖြစ်တော့။ ကျနော်ကိုယ်တိုင် ၀င်မရှင်းလျှင် လူတွေပိုပြီးစိတ်ဝင်စားကာ အကျနာတော့မည်ကို သိသဖြင့် ကျနော်ကိုယ်တိုင် အကျိုးအကြောင်း ၀င်ရှင်းပြဖို့ ဆုံးဖြတ်လိုက်ရ၏။
ယမန်နေ့ညနေက ကိုမောင်မောင်မြင့်တို့အိမ်ကို ကျနော်သွားခဲ့သည်။ မသွားခင် ကိုမောင်မောင်မြင့်ထံ ကျနော် ဖုန်းဆက်၏။ နောင်လာမည့် တနင်္ဂနွေနေ့တွင် “ဘော့စ်” မြို့၌ ပြုလုပ်မည့် တက္ကသိုလ်ဝင်ကျောင်းများနှင့် တွေ့ဆုံပွဲတွင် ကျနော့်အနေနှင့် မိတ်ဆက်စကားပြောဖို့ ရှိနေ၏။ သို့သော် ကျနော်က စီကာပတ်ကုံး မပြောတတ်။ အင်္ဂလိပ်လို ချရေးပြီးဖတ်ပြဖို့ စဉ်းစားပြန် တော့လည်း ကျနော်က အင်္ဂလိပ်စာကို ဖတ်ကျင့်သာရှိပြီး ရေးကျင့်မရှိ။ ထို့ကြောင့် ကျနော်ပြောသမျှ အင်္ဂလိပ်လို ပြန်ရေးပေးဖို့ ကိုမောင်မောင်မြင့်ထံ အကူအညီတောင်းခဲ့၏။ ကိုမောင်မောင်မြင့်က သတောတူသဖြင့် သူ့ထံ ကျနော်သွားဖို့ ဆုံးဖြတ်ခဲ့လေသည်။
ကျနော့်အဖို့ ကိုမောင်မောင်မြင့်တို့အိမ်ကို ယခင်က နှစ်ကြိမ်မျှ ရောက်ဖူးပြီးဖြစ်သည်။ ထိုစဉ်ကမူ လမ်းသိသည့် အဖော်၏ဦးဆောင်မှုဖြင့် သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျနော်၏ အားနည်းချက်အတိုင်း လမ်းခရီး၏ထူးခြားချက်နှင့် အလှအပများကိုသာ ဂရုတစိုက်ကြည့်တတ်ပြီး ဘူတာအမည်များ၊ လမ်းခရီးတွင် ဖြတ်သည့် ဘူတာများကို ဂရုမစိုက်ခဲ့မိ။ အထူးသဖြင့် ကိုမောင်မောင်မြင့်တို့အိမ် သွားသည့်ခရီးမှာ အထူးတလည် မှတ်သားပြီး အဆင့်ဆင့်သွားဖို့မလိုဘဲ စတင် တက်စီးသည့် မြေအောက်ဘူတာမှတဆင့် ယင်းမီးရထားလိုင်း အဆုံးအထိ စီးသွားရသည့် ခရီးဖြစ်သဖြင့် မှတ်ရလွယ်၏။ ထို့ကြောင့် ယခုတကြိမ် တယောက်တည်းသွားဖို့ စီစဉ်သောအခါ ကျနော့်မှာ အခက်အခဲ ကြီးကြီးမားမားမရှိဟု ယူဆခဲ့ပါသည်။
ပထမ ... ကျနော်တို့အိမ်နှင့် အနီးဆုံး ဘတ်စ်ကားဂိတ်မှ အမှတ် (၃၇) ကားကိုစီးကာ ကိုအေးချမ်းနိုင် တို့ အိမ်ရှေ့တွင် ဆင်း၏။ တခါ မြေအောက်ဘူတာရုံကလေးထဲသို့ ဆင်း၏။ ပြီးမှ အမှတ် (၂) မြေအောက်ရထား ပေါ် ကျနော် ရောက်လာခဲ့သည်။ လမ်းတွင် ဘူတာရုံ ဘယ်နှစ်ခုမျှ ဖြတ်လာခဲ့ရသည်ကို ကျနော် စိတ်မ၀င်စား။ ရထားလမ်းဆုံးတွင် သူများနည်းတူ ရထားပေါ်ကဆင်း မြေပေါ်တက်ခဲ့၏။ မြေပေါ်က ရထားလက်မှတ်ရောင်း သည့် အခန်းရှေ့မှ ဖြတ်ကာ အပြင်ဘက် ထွက်လိုက်သည့်အခါ ကျနော့်ခြေလှမ်းများ ဘယ်လိုဆက်လက်လှမ်းရ မည်ကို မသိအောင် ဖြစ်တော့၏။ ထိုအခါကျမှ ကျနော် ရထားမှားပြီး စီးခဲ့သည်ကို သိလိုက်ရတော့သည်။
ကိုမောင်မောင်မြင့်တို့အိမ်မှာ ဘူတာထဲက ထွက်၊ လက်ဝဲဘက်လမ်းကို သွား၊ တံတားတခုကိုကျော်၊ တောင်ကုန်းပေါ်က ဆင်းလျှင် (၅) မိနစ်အတွင်း အိမ်ရှေ့သို့ ရောက်နိုင်သည်။ ယခုတော့ ရှေ့တည့်တည့်သို့သာ သွားသည့် လမ်းတခုတည်းသာ ကျနော့်ရှေ့မှာ ရှိနေ၏။ ကျနော် ရထားမှားပြီး စီးခဲ့ပြီ။
မြေအောက်ဘူတာရုံထဲ ပြန်ဆင်းခဲ့ရပြန်သည်။ ထွက်ခါနီး စက်နှိုးထားသည့် ရထားပေါ် တက်ခဲ့၏။ ကျနော် တက်ခဲ့သည့်ဘူတာအထိ ပြန်စီးရန် စဉ်းစားသည်။ ဘူတာတခု၊ နှစ်ခု၊ သုံးခုကျော်လာခဲ့ပြီ။ ကျနော့်မျက်လုံးများ ပြူးကျယ်လာရ၏။ ဖြတ်လာခဲ့ရသမျှ ဘူတာရုံများ၏ အခင်းအကျင်း၊ အခြယ်အသမှာ တခုနှင့် တခု ဆင်တူးယိုးမှား ဖြစ်နေကြ၏။ ပိုဆိုးသည်မှာ ဘူတာရုံနာမည်များမှာ နော်ဝေးဘာသာနှင့်သာ ရေးထား၏။ ထို့ကြောင့် နိဂိုကတည်းက ဘယ်ဘူတာက စတင်စီးသည်၊ လမ်းတွင် ဘူတာဘယ်နှစ်ခုဖြတ်ရသည် ဆိုသည်ကို မှတ်သားမထားခဲ့သည့် ကျနော့်အဖို့ ကံဆိုးမိုးမှောင်ကျရလေတော့၏။ ဟုတ်နိုးနိုး တွေ့နိုးနိုးနှင့်ဘူတာ အတော်များများကို ကျော်လာခဲ့၏။ နောက်ဆုံးတွင် တစုံတခုဆုံးဖြတ်ကာ ရောက်သည့်ဘူတာတခုတွင် ကျနော်ဆင်းလိုက်၏။ တွေ့လို တွေ့ငြား ဇဝေဇ၀ါစိတ်နှင့်ပင် ဆန့်ကျင်ဘက်ရထားပေါ် ကျနော် ပြန်ပါလာခဲ့ပြန်သည်။
ဘူတာ (၃) ခုမျှ ကျော်မိသောအခါ၊ အင်္ဂလိပ်လို ဆိုင်းဘုတ်တခုကို မမျှော်လင့်ပဲ ကျနော် တွေ့လိုက်ရ၏။ သို့သော ကျနော်စီးလာသည့် ရထားက ထွက်လာခဲ့ပြီဖြစ်သဖြင့် ရှေ့ဘူတာတွင် ပြန်ဆင်းကာ၊ ယင်း ဆိုင်းဘုတ်ရှိသည့်ဘူတာသို့ ပြန်စီးရပြန်၏။ ဆိုးဘုတ်ကလေးမှာ “အက်ဗက် မွန့်ခ်” ပြတိုက်သို့ ဟူ၍ ရေးထား၏။ ကျနော် ၀မ်းသာသွားရသည်။ ကျနော့်ကို ကယ်တင်သွားခဲ့သော မဏိမေခလာဆိုင်းဘုတ်ကလေး။ ထိုဘူတာတွင် ဆင်းကာ မြေပေါ်တက်ပြီး “အက်ဗက် မွန့်ခ် ပန်းချီပြတိုက်” ရှေ့ ကျနော် လျှောက်လာခဲ့သည်။ ကိုယ့်ကိုကိုယ် ကျေနပ်သွားရသည်။ ဘာမျှ အခက်အခဲမရှိတော့။ ဒီပြတိုက်ကို ကျနော်တယောက်တည်း သုံးကြိမ်မျှရောက်ခဲ့ဖူး ပြီး ဖြစ်သည်။ ထို့ကြောင့် ကျနော့်အိမ်ကိုတော့ ကျနော်ကောင်းကောင်းကားစီးပြီး ပြန်လို့ရနိုင်သည်။ နာရီကိုကြည့်တော့ ည (၇)နာရီ ရှိနေပြီ။ အိမ်က စထွက်တုန်းက ညနေ (၄) နာရီခွဲ။
အိမ်ကိုပြန်ရောက်တော့ အိမ်သားအားလုံး ကျနော့်ကို စိုးရိမ်တကြီး ၀ိုင်းမေးကြ၏။ ကိုမောင်မောင်မြင့်တို့ အိမ်နှင့် ကျနော့်အိမ်က အိမ်သားများမှာ ဖုန်း တဂွမ်ဂွမ် ဆက်ကာ ကျနော့်အတွက် စိတ်ပူနေကြသည်ဟု သိရ၏။ ကျနော်က အကျိုးအကြောင်းရှင်းပြလိုက်သည်။ ပြီးတော့မှ ကိုမောင်မောင်မြင့်ထံ ဖုန်းဆက်သည်။ ကိုမောင်မောင် မြင့်က လမ်းခရီးကို အသေအချာ ရှင်းပြ၏။ စိတ်မကျေမချမ်းနှင့်ပင် ကိုမောင်မောင်မြင့်တို့အိမ်ကို ဒုတိယအကြိမ် ကျနော် ချီတက်ရပြန်သည်။ ကိုမောင်မောင်မြင့်တို့အိမ်ခန်း တံခါး လူခေါ်ခေါင်းလောင်းခလုတ်ကို နှိပ်သောအခါ ည (၉)နာရီ ရှိချေတော့၏။ ကိုမောင်မောင်မြင့်၊ ဒေါ်ပေါက်နှင့် ကလေး (၂) ယောက်က အပေါက်ဝတွင် အပြုံးကိုယ်စီနှင့် ဆီးကြို ကြလေသည်။
ယမန်နေ့က အတွေ့အကြုံကို နိဂုံးချုပ်သောအခါ ဒီဗွီဘီအဖွဲ့ဝင်အားလုံးက မောင်မောင်မြင့်ပြောခဲ့သော စကားကို သဘောပေါက်လက်ခံသွားကြ၏။ ကမ္ဘာကြီးလုံးသိအကြောင်း ကျနော်၏ လက်တွေ့စမ်းသပ်မှုကို ၀ိုင်းဝန်း အသိအမှတ်ပြုကြ၏။ နဂိုကတည်းက ခပ်ပျော်ပျော်နေတတ်သူ ကိုမောင်မောင်မြင့်အဖို့မူ ကျနော့်အပေါ် အကြောင်းတိုက်ဆိုင်တိုင်း နောက်ပြောင်စရာ အချက်ကောင်းတချက် လက်ဝယ်ပိုင်ပိုင်ရရှိလိုက်သည့်ဟန်ဖြင့် အကျေနပ်ကြီး ကျေနပ်နေတော့၏။

ငြိမ်းဝေ


August 05, 2008

ဥရောပမဲဇာ


၁၉၉၅-ခု ဇွန်လကစပြီး ၁၉၉၇-ခု အောက်တိုဘာလအထိ ကျနော် ... နော်ဝေးနိုင်ငံမှာ နေထိုင်ခဲ့ရပါတယ်။ နော်ဝေးနိုင်ငံနဲ့ ပါတ်သက်ရင် ... ကမ္ဘာ့မြောက်ဝန်ရိုးစွန်းနဲ့ အနီးဆုံး တိုင်းပြည်တခုဖြစ်တဲ့ ကိစ္စ၊ “အော်သံ” ပန်းချီကားကြီးကို ပိုင်ဆိုင်ထားတဲ့ကိစ္စ၊ “အကယ်၍သာ ကျမဟာ နိုင်ငံပြင်ပကို လွတ်လပ်စွာ ထွက်ခွင့်ရပြီဆိုရင် ကျမ ပထမဦးဆုံးသွားဖို့ ရွေးချယ်ထားတဲ့ နိုင်ငံကတော့ နော်ဝေးနိုင်ငံပါပဲ” လို့ ပြောရတဲ့အထိ ဒေါ်အောင်ဆန်း စုကြည် အလေးအနက်ထားတဲ့နိုင်ငံ ... အဲဒီနိုင်ငံမှာ ကျနော် တော်လှန်ရေးတာဝန်နဲ့ (၂) နှစ် ကျော် နေခဲ့ရဖူး ပါတယ်။
“ဥရောပမဲဇာ” ကဗျာရှည်ဟာ အဲဒီ နော်ဝေးနိုင်ငံမှာ နေထိုင်ခဲ့စဉ်က ကျနော့်ရဲ့ ရင်ခုန်သံများကို စုစည်းဖော်ပြဖို့ ကြိုးစားတဲ့ ကဗျာတပုဒ်ပါပဲ။ အိန္ဒိယနိုင်ငံမှာ အခြေစိုက်ပြီး ပန်းချီဆရာ “စစ်ငြိမ်းအေး” တို့ ရဲဘော်တစု စုစည်းထုတ်ဝေတဲ့ “ပန်းစကား” စာစောင်မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ၂၀၀၃-ခု နိုဝင်ဘာလထဲမှာ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အခု ... ဘလော့ဂါမိတ်ဆွေများအတွက် ပြန်လည်တူးဖော် တင်ဆက်လိုက်ပါတယ်။


(က)
နားထဲမှာ
မြွေတွန်သံတွေကြားနေရဆဲ
မမက်ဘူးတဲ့ အိပ်မက်တခုနဲ့
မထုဘူးတဲ့ ရုပ်ထုတခုယူကာ
(ဥရောပဆန်ဆန်)
ပခုံးတွန့် ဖိနပ်တချက်ရှပ်ပြီး
သတ္ထုငှက် ကျောကုန်းပေါ်က
ကျွန်ုပ် ဆင်းချလိုက်
အို ...
မေပယ်လ်ရွက်တွေ ဘယ်မှာလဲ
ဗယ်ရီသီးအပြာ ဘယ်မှာလဲ
“အက်ဗက်မွန့်ခ်” 1 ရဲ့ “အော်သံ” ဘယ်မှာလဲ။

ဟိုမှာ
ဝန်ရိုးစွန်းပေါ်က နေရောင်တွေ
အဖြူရောင်ညထဲက ရွှေရောင်တွေ
လေတချွန်ချွန် ကုတ်အင်္ကျီတမမနဲ့
ကျွန်ုပ်ဆီကို လာနေသလား၊
“ဟဲလို
နေကောင်းပါစ
ဥရောပကျေးလက်သမီးပျိုတို့”
ကျူရိုးဖောင်ဖွဲ့
(ကမ္ဘာသစ်ရဲ့ နိဒါန်း)
နှစ်တထောင်ကို ခြေတလှမ်းနဲ့လှမ်းခဲ့သူတို့
သုဝဏ္ဏသာမလက်သစ် ရွှေသမင်ချစ်သူတို့
နဖူးမှာ အရိုးခေါင်းပုဝါပါတ်
ရွက်သင်္ဘောဦးမှာရပ်ရင်း
ပင်လယ်ဘွဲ့ သီချင်းဆို
အို “ဗိုက်ကင်း” တို့
ခင်ဗျားတို့ထံ
ကဗျာဆရာလာနေပြီ
“ဟန်းနရစ် ၀ါဂီလန်း” 2 ကို အလေးပြုဘို့
“နော်ဒေးဂရစ်” 3 ကို ဦးညွှတ်ဘို့
ကျွန်ုပ်လာခဲ့ပြီ၊
သည်မှာ
လရောင်တွေ ကောက်သစ်ခူးနိုင်မလား
ရေတွင်းချိုချို တူးနိုင်မလား
သံလွင်သီးတွေ ဖူးပြီလား
ဇင်ယော်တောင်ပံခတ်
နေရောင်တံစက်မြိတ်အောက်က ကျွန်းဟူသမျှ
လွမ်းပါတ်ပျံသန်း
သင်တို့ထံလာခဲ့ပေါ့
သည်မှာ
နှင်းဖုံးတဲ့မီးတောင်တွေ ရှိသေးရဲ့လား
ဘောစနီးယား
ဟာဇီဂိုဗီးနားက ယူလာတဲ့နှင်းဆီ
ကိုင်းကူးပြီးပြီလား
ကျွန်ုပ်အား
သင်တို့ရဲ့ “တိုက်ပွဲဝင်ဖခင်” နဲ့
တွေ့ခွင့်ပြုက
“ဗစ်ကို ဟန်းစတင်း” 4 ဂုဏ်ပြုပွဲ
တက်ခွင့်ပြုပ
“အ၀ါရောင်နှစ်တစ်ရာ” ရှာခွင့်ပြုပ
(၁၈၃၀)
ဥရောပလွတ်မြောက်တဲ့ဒေသကို
(၁၉၉၅)
“အာရှလွတ်မြောက်ဒေသ” က တဆင့်
ကျွန်ုပ်ရောက်လာခဲ့။

သင့်အတွက် လရောင်ပိတ်စနဲ့ထုပ်ထားတဲ့
ပခြုပ်တခုယူလာ
အဲဒီ ပခြုပ်ထဲ
“ကိုယ့်ကိုယ်ကို ဗုံတလုံးလို့ယူဆထားတဲ့
ဗုံမဟုတ်တဲ့ ဗုံတလုံးရဲ့ ဗုံသံတွေ” ထည့်လာ
“သံလွင်ငှက်” မှသည် “သံလွင်ခက်” ဆီသို့
လွတ်မြောက်ရေးစကားဝှက်တွေပါလာ
ကျွန်ုပ်ရဲ့ အိပ်မက်ထဲ
တ၀ုန်းဝုန်းထပျံနေကြတဲ့
ဥဒေါင်းငှက်တွေထည့်လာ
(ပြီးတော့)
ကဗျာဆရာ တိုက်မောင်းရဲ့ “ရိုကျိုးမှု” တွေ ထည့်လာ
ဝံပုလွေလာဆင်ရဲ့ လေချဉ်တက်သံ ချန်မထားခဲ့မိ
အမှန်တကယ်တော့
သင်တို့ရဲ့ ခေတ်သစ်ရိုးသားရှင်းလင်းမှုဆီ
ခေတ်နှောင်းပွေလီရှုပ်ထွေးမှုတွေနဲ့
ကျွန်ုပ်လာခဲ့တာပ။

(ခ)
သည်လိုနဲ့
နေခ မြခ
ကြိုးကြွတောက်ပ
မြထက်ဝင်းလက်
လထက် ရွှန်းပြက်ဝေ
(နေရောင်အောက်က)
တောင်ပေါ်ပင်လယ်ရေလက်ကြားတွေ
ဟိုမှာ
တစတစ နယ်ချဲ့လာနေတဲ့ နှင်းတောင်တွေ
တဖြေးဖြေး ကျုံ့ဝင်သွားနေလျက်
နှင်းဆီနက်ရောင် ငှက်တွေ
တလှုပ်လှုပ်နဲ့ မြုပ်ဝင်ပါးလျား
ဖျားနာနေတဲ့ တိမ်တိုက်တွေ
ဂျုံခင်း၊ အာလူးခင်း၊ မြက်ခင်း
သရီးဒိုင်မေးရှင်း ကွင်းတွေ
ဒေါင်လိုက်
အလျားလိုက်
ကျွန်ုပ်နောက်က လိုက်လာ
ကျွန်ုပ်ရှေ့က ရောက်လာ
ကျွန်ုပ်နဲ့ ဝေးကွာ
ကျွန်ုပ်နဲ့ နီးလာ
ကျွန်ုပ်ကျောထက်မှာ
ကျွန်ုပ် ရင်ဘတ်ပေါ်မှာ
တခါက
နှစ်ဆယ့်တစ်ရာစုရဲ့ ကဗျာမြင်းလှည်းထက်
အိပ်စက်ခွင့်ကြုံ
သုံးမိုင်ပတ်လည်ရေအိုင်ပေါ်
(မ၀ံ့မရဲ)
နင်းခွင့်ကြုံ
အဖြူရောင် ညတဖက်
အနက်ရောင် နေ့တ၀က်
ပဉ္စလက်ဆန်လှတဲ့
ဂမ္ဘီရဘ၀ ၀ကန္တအလှလေလား၊
ဗဟိုဘူတာရုံရှေ့က
“အော်စလို” ရဲ့ ငှက်ငယ်များကတော့
အဟာရခမ်းခြောက်
သဘာဝ လမ်းပျောက်လို့
ကမ်းမှောက်ရတဲ့ ငှက်တွေပေါ့၊
“ဗီဂီလန်း” 5 ပန်းခြံထဲက
ဒေါသထွက်နေတဲ့ ခလေးရေ
(၁၉၂၆)
အခု- အနှစ်၊ ၇၀ ကျော်
မင့်ဒေါသတွေ မပြေနိုင်သေးဘူးလား
လည်ချောင်းသံ အတုံးအတစ်နဲ့
ဘယ်သူဟစ်လိုက်တဲ့ “အော်သံ” လည်း
နှင်းတောင်နံရံတွေ ပြိုကျ
အလင်းအမှောင်တွေ မြိုချ
ဒီလိုနဲ့
ဥရောပကျေးရွာဝါဒလည်း သစ်ခဲ့ပေါ့။

တခါတခါတော့လည်း
“တဂိုး” ရဲ့ “ကောင်းကင်ကုတ်ခြစ်တဲ့လက်တွေ” မှန်းဆ
“ဇော်ဝင်းထွဋ်” ရဲ့ “ထစ်ချုန်းမိုး” ကို တမ်းတ
ချယ်ရီတောင်တန်းပေါ်က
ပျော်ကျလာတဲ့လရောင်ကို အငမ်းမရ
“ကြည်အေး” ရဲ့
“ညကြီး မင်းကြီး ထပြီးထိုင်နေ” ကို မှန်းဆ
လွတ်လပ်တဲ့နေရာင်ကို လွမ်းသ။

ကျွန်ုပ်အဖို့ရာ
အပြာမှိုင်းမှိုင်း သင်တိုင်းစိမ်းစိမ်း
တံတိုင်းတခုရဲ့ ဟိုမှာဖက်
ဟိုးအဝေးကြီးထက် ဝေးတဲ့
အနံ့တွေတဖြေးဖြေး ပါးသွားနေတဲ့နေရာ
အရောင်တွေတဖြေးဖြေး ၀ါးသွားနေတဲ့နေရာ
အဲဒီနေရာမှာ
ကမ္ဘာသစ်တည်ဆောက်
ဘ၀ချင်းမတူတဲ့တိုင်းပြည်ကို မျက်မှောက်ပြုလိမ့်နိုး
မျှော်ကိုးခဲ့မိ။

အို ...
အစိမ်းရောင် ကော်ဇောများပေါ်က
လှိုင်တံပိုးလို ထကြွလာကြမယ့်
ကျွန်ုပ်တို့ရဲ့
အိုးအိမ် မြေယာနဲ့ မြစ်ချောင်းများ
မွေးဖွားလာခြင်းအသစ်နဲ့
စစ်ပွဲတွေ ငြိမ်းချမ်းပြီး
စိမ်းလန်းတဲ့ ဘ၀ဆိုတာ
လက်ဖ၀ါးပေါ်က “ကဗျာ” တဲ့၊
ရက်ပေါင်း (၅၀၀) ကျော်
“စိန့် အိုလပ်စ်ပလစ်စ်” လမ်းကြားထဲ
ငှက်လွှတ်ပွဲတော်လေ
တချို့ အတောင်စုံစ
တချို့ အတောင်ချ
တချို့ အတောင်ကျ
တချို့ လှောင်မရတဲ့ ငှက်တွေလား
ကျွန်ုပ်နေ့တိုင်း
ကြိုးဖြေပြီးလွှတ်ခဲ့ရ
အဲဒီနေရာ
တချို့အတွက် ဆည်းဆာ
တချို့အတွက် နည်းနာ
တချို့အတွက် သည်းချာ
ကျွန်ုပ်အတွက်တော့ “မဲဇာ” ဖြစ်ခဲ့ ၊
နေရောင် ဖြုန်းဖြုန်းဖျဖျ
လရောင် တုံးတုံးအအ
မည်သို့ပင်ရှိစေ
နှင်းတွေကိုတော့ ကျွန်ုပ် ချစ်မရနိုင်ခဲ့ပါဘူး
ရာဇဒဏ်သင့်
“မင်းလက်ဝဲ သုန္တရ” က
“ရောင်ဝါမထွန်း ချမ်းရှာလွန်း” တဲ့၊
ဘ၀ဒဏ်သင့်
ကျွန်ုပ်အဖို့တော့
“ရောင်ဝါမပွင့်၊ ချမ်းပုံဆင့်” ခဲ့။

(ဂ)
အို မိတ်ဆွေ “ဗိုက်ကင်း” ကြီးရဲ့
ကျွန်ုပ်က အာရှအပျိုစင်ပါ
“ဟောဒေါ့” နဲ့ “ဟမ်ဘာဂါ” ကို
ဘီယာတခွက်နဲ့ မလဲနိုင်သူပါ
ယဉ်ကျေးမှုထောင်ချောက်
ဝါးထောက်ပြီး မခုန်နိုင်ခဲ့သူပါ
ရာသီဥတုအကြောင်း အပ်ကြောင်းမထပ်နိုင်သူပါ
“ကာရိုဟန်” လမ်းမကြီးပေါ်က
ပီးရူးဂီတ
စကော့တလန် ပုလွေသံ
လက်တင်အမေရိက ဗုံသံ
စကန်ဒီနေးဗီးယား နေခြည်
စတော်ဗယ်ရီ အရိုင်း
ဗယ်ရီသီး အပြာ
ဒါတွေကိုပဲ စွဲလန်းမိသူပါ။

အို “ဆန်ဗစ်ကာ” 6 ရေ
သင်နဲ့ကျွန်ုပ်
နှလုံးသားကို နှလုံးသားချင်း
ဘ၀ကို ဘ၀ချင်း
ချစ်ခြင်းကို ချစ်ချင်း
ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း
ဘာတာစံနစ်ကို အခြေခံ
ဝါဏိစ္စအဘိဓါန်တခုပြုစုခဲ့
ဒီလိုနဲ့
သင့်လက်ခုပ်ထဲ ဒဏ်ရာရနေတဲ့မြစ်တွေ
သင့်မျက်လုံးအိမ်ထဲ ကဗျာရွတ်တဲ့လေညှင်းတွေ
သင့်ဆံပင်တွေထဲ
အိပ်စက်ရင်းထယောင်လိုက်တဲ့
ဆိုက်ပရပ်စ်ပင်ကြီးရဲ့ စကားသံတွေ
သင့်နှလုံးအိမ်ထဲ နကမ္ပတိစိတ်ဓါတ်တွေ
သင့်ခွန်အားထဲ ကတ္တီပါလက်အိပ်စွပ်ထားတဲ့ သံလက်သီးတွေ
သင့်အနာဂါတ်ထဲ စင်္ကြာဝဠာမြို့ပြတွေ
သင့်ရင်ခုန်သံထဲ အနုသုခုမ စက်ခလုပ်ခုံတွေ
မကုန်မခမ်း တထမ်းတနင့်
ငါ့ရင်တွင်း ငါ့မြင်ကွင်း
ချဉ်းနင်းဝင်ရောက် ချောင်းပေါက်ခဲ့ကြ။

ကျွန်ုပ်အဖို့တော့
သင့်ကွင်းပြင်တွေထဲ
သေဆုံးခဲ့ပြီး ဥယျာဉ်တွေ ပစ်ချ
သင့်ရေခဲပြင်ပေါ်
ခမ်းခြောက်ခဲ့ပြီး စမ်းချောင်းတွေ ပစ်ချ
သင့်ကမ်းခြေတွေပေါ်
နေထိုင်ခြင်း
ခတ်ညံ့ညံ့ခိုးဝှက်မှုတွေ ပစ်ချ
သင့်တောအုပ်တွေပေါ်
ဗဟုဝါဒအရေခြုံ မုသာဝါဒမြေမှုန်တွေ ပစ်ချ
သင့်ကျောက်ဆောင်တွေပေါ်
အာရုံမြင်လရောင်တွေ ပစ်ချ
သင့်လမ်းကြားတွေပေါ်
“ဆိတ်ဖလူးရနံ့” တွေ ပစ်ချ ပစ်ချနဲ့
ပစ်ချလို့ကို မ၀နိုင်ခဲ့ဘူး၊
“ဆပ်စ်” ဟော်တယ်ကြီးက
မက်ထရိုပိုလီ မြို့ပြနိမိတ်ပုံများလား
“အော်စလို” ရဲ့ ညနေခင်း
အပြာရောင် လေညှင်း
ကမ်းနားလမ်း မြင်ကွင်းတွေကလည်း
“ဒေါက်တာအောင်ခင်” ရဲ့
ဥရောပကျေးလက်ရင်ခုန်ခြင်းပေါ့။

“ဂျက်ကော့ဆန်” 7 ရေ
ဈေးဆိုင်တန်းတွေနဲ့ လမ်းဟူသမျှ
ဟောဒီနေရာမှာ ရပ်တန့်သွားကြ
ဒီဖက်က နို့နှစ်ရောင် ပင်လယ်ပြင်ရဲ့ ဟိုမှာဖက်ထဲ
တစ္ဆေအရိပ်တွေ ထိုးကျ
ကျွန်ုပ်
ပင်လယ်ကမ်းစမ်မှာရပ်
နှင်းပြင်ကြီးပေါ် မျှော်ကြည့်နေခဲ့သလား
အဲဒီ ကမ်းနားလမ်းမြင်ကွင်းတွေက
ကျွန်ုပ်ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း
တအိအိပြိုကျလာတဲ့ နှင်းတွေက
ကျွန်ုပ်ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း၊
တဖွဲ့ဖွဲ့ တနွဲ့နွဲ့
နှင်းရည်မြစ်တစင်းက
ကျွန်ုပ်ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း၊
“ဧဧသန်း” ရဲ့
“ထွက်ပြေးလို့မရတဲ့ လယ်ကွင်းပြင်အဖို့
မိုးမလွတ်ခဲ့ဘူး” ဆိုတဲ့ စာသား
နှင်းတွေ နှင်းတွေ နှင်းတွေနဲ့အစားထိုး
အထီးကျန်ခြင်းတာရိုး ကျိုးလုလု
အဲဒီ နှင်းတွေလေ
နေရောင်တွေ စိုရွှဲအောင် ကျလာ
ရင်ခုန်သံတွေ ပြိုကွဲအောင် ကျလာ
ကားသံတွေ ခေါင်းမပြူရဲအောင် ကျလာ
သစ်ပင်တွေ အသက်ရှူမရအောင် ကျလာ
ကျောက်ရုပ်တွေ ကြေမွအောင် ကျလာ
လရောင်တွေ အငွေ့ပျံအောင် ကျလာ
လမ်းမတွေ ကွေ့လန်အောင် ကျလာ
ခြေသံတွေ ခြောက်ခြားအောင် ကျလာ
စိတ်ဓါတ်တွေ မှောက်မှားအောင် ကျလာ
ကျပြီးရင်း ကျလာ ...။

နောက်ဆုံးမတော့
“ဂေါ်ဂင်” ရဲ့
တော်ဝင်အလင်းရောင်တွေသိမ်းထုပ်
“အက်ဗတ်မွန့်ခ်” ရဲ့ “အော်သံ” တွေ သိမ်းထုပ်
ကျွန်ုပ်အိပ်စက်ခဲ့ရာ အိမ်ရှေ့က
ဆွံ့အနေတဲ့
သစ်ပင်တန်းကလေးကို သိမ်းထုပ်
“နော်ဒေးဂရစ်” ရဲ့ “စမ်းချောင်းထဲက ကျောက်တုံးတွေ” 8 ကို သိမ်းထုပ်
နှလုံးသားထောင့်တနေရာက
ခွေကျနေတဲ့ လရောင် အကြွင်းအကျန်လေးကို သိမ်းထုပ်
နှစ်ငါးထောင်
စိန ယဉ်ကျေးမှုပြတိုက်ထဲက
ကဗျာဆရာ “မော်” ရဲ့ အရိုးပြာကြဲ
မြစ်ဝါမြစ် သဲမှုန်တွေသိမ်းထုပ်
သိမ်းထုပ် ... သိမ်းထုပ်ပြီး
(မဒေ၀ီရဲ့)
ကျွန်ုပ်အဖို့တော့
ခင်ညွန့်ရီရဲ့ “နွေမျက်ရည်လက်ကျန်” နဲ့
အိမ်အပြန်မခက်ချေပါဘူး
သက်သေတွေ တပုံတပင်
မျက်ရည်တွေ ပုံပြင်မဟုတ်ခဲ့လေတော့
ယုံချင်လျက်လေနဲ့
ထုံကျင်ခက်ပွေတဲ့ ဥရောပရက်တွေလား
ထားခဲ့ပြီ။ ။

အောက်ခြေမှတ်စုများ
၁။ အက်ဗတ်မွန့်ခ် - နော်ဝေးပန်းချီင်္ဆရာ
၂။ ဟန်းနရစ်ဝါဂီလန်း - နော်ဝေး အမျိုးသားစာဆိုကြီး
၃။ နော်ဒေးဂရစ် - နော်ဝေး မျိုးချစ်ကဗျာဆရာ
၎။ ဗစ်ဂိုဟန်းစတင်း - နာဇီဂျာမန်များရဲ့ ပစ်သတ်ခြင်းခံရသူ (၁၉၉၄) နော်ဝေးအမျိုးသား
၅။ ဗီဂီလန်း - နော်ဝေး ပန်းပုဆရာ
၆။ ဆန်ဗစ်ကာ - နော်ဝေးနိုင်ငံ၊ မြို့တော် အော်စလိုနှင့် မနီးမဝေးတွင်ရှိသည့် မြို့ငယ်ကလေး
၇။ ဂျက်ကော့ဆန် - နော်ဝေး ကဗျာဆရာ
၈။ “စမ်းချောင်းထဲက ကျောက်တုံးများ” - ၁၉၂၅ တွင် ထုတ်ဝေခဲ့သော နော်ဒေးဂရစ်ရဲ့ ကဗျာစာအုပ်အမည်။

ငြိမ်းဝေ
၈၊၄၊၉၉
ပန်းဝေေ၀ ကဖီး

August 04, 2008

မဟာရှစ်လေးလုံးဘွဲ့


မဟာရှစ်လေးလုံးဘွဲ့

နေကို ဖမ်းချုပ်
ရိုက်ပုတ်
မြေမှာ မြှုပ်

လကို လှမ်းဆုပ်
မန်းမှုတ်
ချိုးငှက်ကိုယ်စီလုပ်။ ။

ငြိမ်းဝေ
၈၊၈၊၉၄


August 03, 2008

ကျနော်တို့ရဲ့ အနှစ် နှစ်ဆယ်


(က)

“ငြိမ်းဝေ ရှိလားဟေ့ ငြိမ်းဝေ”
“အေး ... ရှိတယ် ဟေ့၊ ဘာကိစ္စလည်းကွ”
“ဟိုမှာ နင့်သူငယ်ချင်းလို့ပြောတယ်၊ အရက်မူးပြီး ငိုနေတယ်၊ အဲဒါလာခေါ်”



လုံခြုံရေးကင်းသမား ကရင်ရဲဘော်လေး၏နောက်မှ ကျနော်လိုက်လာခဲ့သည်။ ကျနော်နေထိုင်သည့် DVB စတူဒီယိုရှေ့ လုံခြုံရေးကင်းတဲဆီလျှောက်လာကြ၏။ မှောင်နှင့်မဲမဲတွင် ကြယ်ရိပ် ဖြိုးဖျောက်ကို အားပြုကာ ကင်းတဲဆီ ရောက်လာခဲ့၏။
“ကိုငြိမ်းလာပြီလား၊ အောင်မယ်လေး ကိုငြိမ်းရယ်၊ ကျနော် ခင်ဗျားကို စောင့်နေတာဗျ ဟီး...ဟီး...ဟီး”
“ဟ ... ဘယ်လိုဖြစ်တာလဲ ကိုသောင်းလှိုင်ရ၊ အချိန်မတော်ကြီး၊ ဒါ ခင်ဗျား မယ်ပေါထက ပြန်လာတာ မို့လား၊ ကြည့်စမ်း မှောင်နေပြီ”
“အေးပါကွာ၊ ကိုငြိမ်းရာ၊ ကျုပ် ခင်ဗျားကို ပြောစရာရှိလို့ လာတွေ့တာပါ”
“ဘာပြောစရာရှိရမှာလဲ၊ ခင်ဗျား ကလီကမာတွေလုပ်မနေနဲ့၊ အရက်မူးလာရင်အချုပ်ထဲဝင်ရမှာပဲ၊ ခင်ဗျား မူးပြီး ရုံးမပြန်တတ်တော့လို့ ကျုပ်ကို ခေါ်ခိုင်းတာမို့လား ... ဟင်း”
ကျနော်က ကိုသောင်းလှိုင်၏ ခေါင်းနားတွင်ကပ်ကာ စကားတိုးတိုးပြောပြီး ကြိမ်းမောင်းလိုက်မိ၏။
“မဟုတ်ရပါဘူးဗျာ၊ ကိုငြိမ်းကြီးကလည်း၊ ကျုပ် ... ကျုပ်... ခင်ဗျားကို ပြောပြချင်လွန်းလို့၊ ခံစားရလွန်းလို့၊ ခင်ဗျားက စာရေးဆရာ ကဗျာဆရာမို့လား ... ဟီးဟီး”
“ဟာ လုပ်မနေနဲ့၊ လာ ကျုပ်ပြန်လိုက်မို့မယ်၊ ရဲဘော်တို့ ဒါ ငါ့သူငယ်ချင်း ဟုတ်တယ်၊ နောက်တခါဆိုရင် မမူးစေရပါဘူး ...၊ လာဗျာ ပြန်ကြမယ်”
“မ မဟုတ်သေးဘူးကိုငြိမ်း၊ ကျုပ် ... ကျုပ်ပြောတာ ခဏလေးဖြစ်ဖြစ်တော့ သည်းခံပြီး နားထောင်ဗျာ၊ ခဏ ... ဆိုမှ၊ ခဏလေး”
“ကဲ ဒါဖြင့် မြန်မြန်ပြော၊ ခင်ဗျားကြီးပြောပြီးတာနဲ့ ရုံးပြန်ရမယ်နော်”
“ဒီလိုရှိတယ် ကိုငြိမ်းရ ... ”
“ဟာဗျာ၊ ပြောမှာသာပြော၊ စကားချီးတွေ၊ စကားဦးတွေ သန်းမနေတော့နဲ့၊ ညဥ့်နက်နေပြီ”
“အေးပါဗျာ၊ ဒီလိုရှိတယ် ကိုငြိမ်းရ ...၊ ခင် .. ခင်ဗျား မာနယ်ပလောကို ရောက်လာတာ ဘယ်လောက် ရှိပြီလဲ”
“တနှစ်ကျော်ပြီ၊ ဟာဗျာ ကိုသောင်းလှိုင်ကြီင်္းကလဲ၊ ပြောစရာရှိတာပဲ ပြောလေဗျာ၊ ဘာလို့ ကျုပ်ကို ဒါတွေ မေးနေတာလဲ”
“ဒါ - ဒါက ဒီလိုပါဗျာ၊ ကျုပ်... ကျုပ်ကိုလေ၊ ရဲဘော်တွေက ပြောတယ်ဗျ၊ ခြောက်လ ... တဲ့။ ခြောက်လ ဆိုရင် ကျုပ်တို့ အောင်ပွဲရမှာပါ၊ ပြန်လာရမှာပါတဲ့၊ အဲ ... အဲဒါ .. အခုတော့ ခြောက်...ခြောက်နှစ်ရှိပြီလေဗျာ၊ ကျုပ် ... ကျုပ်မိန်းမနဲ့ ခလေးကို လွမ်းလှပြီဗျ၊ ဟီး ... ဟီး ... ဟီး”
ကျနော်တို့ ရုံးက၊ စာဖိုးမှူးရဲဘော်ကြီး ကိုသောင်းလှိုင် ... အရက်မူးးနေသည့်အတွက် ထိုညက ရုံးကိုတွဲပြီး ပြန်လိုက်ပို့ခဲ့၏။ နောက်တနေ့ မနက် ရုံးဖက်ကို ကျနော်ရောက်တော့ ကိုသောင်းလှိုင်ကြီးက ကျနော့်ကို အတွေ့မခံပဲ ပုန်းနေခဲ့လေသည်။



(ခ)

“မာနယ်ပလော” တွင် ကျင်းပသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနား။ ရှုဒေါင့်အယ်ဒီတာ (ဦး) ၀င်းခက်က စင်မြင့်ပေါ်တက်ပြီး စကားပြော၏။ ၁၉၉၁-ခု။ သူက လာမယ့် (၂) နှစ်အတွင်း ဒီမိုကရေစီက မုချအောင်ပွဲရမည်။ ကျနော်တို့အားလုံး အိမ်ပြန်ကြရတော့မည်ဟု လက်သီးလက်မောင်းတန်းကာ ကြွေးကြော် လေသည်။ နောင် (၂) နှစ် ကျော်သည်အထိ မည်သို့မျှမထူးခြား။ စစ်အစိုးရက နည်းနည်းမှမလှုပ်။ (ပြုတ်ဖို့ နေနေသာ) ဒီတော့ ဘဘ ဦးဝင်းခက်ကို ရဲဘော်လေးတွေက လူစုစုရှိသည့်နေရာတိုင်းတွင် “အဘ ဘယ်လိုလည်း (၂) နှစ် ကျော်ပြီလေ အဘ၊ ကျနော် အခုထက်ထိ မပြန်ရသေးဘူးလား” ပေါ့။ ဒီတော့ ဆရာ ဦးဝင်းခက်က အခုလို ပြန်ပြီး အဖြေပေးလိုက်၏။
“ငါက - မင်းတို့ အားကိုးနဲ့ ပြောခဲ့တာကွ” ဟူ၏။

(ဂ)

မဲဆောက်မှာ ကဗျာဆရာ “အောင်ဝေး” ရဲ့ “ခရမ်းပြာမြင်းရိုင်း” ကဗျာစာအုပ်ထုတ်တော့ “တနှစ်အတွင်း အာဏာသိမ်းပိုက်ရေး” ဆိုတဲ့ ကဗျာစာကြောင်းလေးကို ကျနော် ဖတ်မိသည်။ လာပဲ လာချည်သေးရဲ့လို့လည်း တွေးမိသည်။ သို့သော် ကျနော် နားလည်ပေးရပါမည်။ သူက ဒီဖက်ကို ရောက်စ။ လူတွေကလည်း “အောင်ဝေး” မှ အောင်ဝေး ။ “အောင်ဝေး” ကလည်း တော်လှန်ရေးမှ တော်လှန်ရေး။ ဒီတော့ “တနှစ်အတွင်း အာဏသိမ်း ပိုက်ရေး” ပေါ့။ ဒါမှ အခြေအနေနဲ့ ခံစားချက်နဲ့ ဟာမိုနီ ဖြစ်တော့မပေါ့။ အခုတော့ ဆရာ “အောင်ဝေး” ပြည်ပကို ထွက်ခွါလာတာ (၁) နှစ် ပြည့်တော့မည်။ စစ်အစိုးရကတော့ တုတ်တုတ်မျှမလှုပ်။

(ဃ)

“မာနယ်ပလော” ကို ကျနော်ရောက်စက၊ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်ကြီးထဲတွင် “စာဆို တော်နေ့ အခမ်းအနား” နှင့် ကြုံရသည်။ လွတ်မြောက်တဲ့ဒေသမှာ ကျင်းပတဲ့ ထူးခြားတဲ့ လက္ခဏတွေဆောင်တဲ့ ဒီစာဆိုတော်နေ့ အခမ်းအနားမှာ ဆရာ “မောင်သော်က” ရဲ့ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ကဗျာကို ကျနော် ရွတ်ဆိုခွင့်ရသည်။ ကျနော့်ဘ၀အသက်တာတွင် ပထမဦးဆုံးသော ကဗျာရွတ်သည့်အတွ့အကြုံဖြစ်သည်။ ကဗျာ၏ ပထမပါဒကို ခံစားချက်အပြည့်နှင့် အော်ဟစ်ပြီးရွတ်ဆိုလိုက်သည့် ကျနော့်အသံတွင် ခန်းမဆောင် တခုလုံး ဟိန်းထွက်သွားခဲ့၏။ လူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏။ ဓါတ်ပုံရိုက်သည့် မီးရောင်တွေ ပြိုးပြိုးပျက်ပျက် ဖြစ်ကုန်၏။ ထိုစဉ်က ကျနော် ပထမဆုံးရွတ်ဆိုလိုက်သည့် ကဗျာစာကြောင်းမှာ “အနှစ် နှစ်ဆယ်တဲ့လားဟေ့” ဖြစ်လေသည်။

(င)

၃ရက်၊ သြဂုတ်လ၊ ၂၀၀၈ခု ...။
လက်ကိုင်ဖုန်းတွင် misscall (၃) ကြိမ် ရှိနေသည်ကိုတွေ့လို့ ခလုပ်နှိပ်ပြီး ပြန်ခေါ်တော့ တဖက်က အမျိုးသားတယောက်က ပြန်ထူး၏။
“ဟဲလို ... အခုနက ကျနော့်ကို ခေါ်ထားသလားလို့”
“အော် ... ဟုတ်တယ် ဟုတ်တယ် ကိုငြိမ်း၊ ကျနော် ... အကူအညီတခုလိုချင်လို့”
“ပြောပါ ကိုရာဇာ”
“ခင်ဗျား RFA မှာ မောင်သော်ကရဲ့ “အနှစ် နှစ်ဆယ်တဲ့လားဟေ့” ကဗျာ ရွတ်ခဲ့ဖူးတယ်နော်”
“ဟုတ်ပါတယ်”
“အဲဒီကဗျာ ကျနော် အရေးတကြီးလိုလို့ ကျနော့်ဆီကို အီးမေးလ်နဲ့ပို့ပေးပါလား”
“အော် ... ဒါလား၊ ရပါတယ်။ ကျနော် ပို့လိုက်မယ်၊ စိတ်ချ”

DVB သတင်းထောက် ကိုထက်ရာဇာထံ “အနှစ် နှစ်ဆယ်တဲ့လားဟေ့” အစချီသည့် ဆရာ မောင်သော်က၏ ကဗျာကို အီးမေးလ်နှင့် ပို့နေသော ကျနော့်လက်များ သိသိသာသာကြီးကို တုန်ရင်လျက်ရှိ လေသည်။


(တနှစ်လာလည်း လွမ်း၊ တနှစ်လာလည်း ကြေကွဲ၊ တနှစ်လာလည်း အံကြိတ်၊ တနှစ်လာလည်း လက်သီးဆုပ်နဲ့၊ ဒီနှစ်တော့ ကျနော့်နှလုံးသားတွေ အသားမာတက်နေလို့ ခတ်ပျော်ပျော်ပဲ ဒီလိုစာမျိုး ရေးလိုက်ရပါတယ်။ နားလည် ခွင့်လွှတ်ကြပါကုန်...)

ငြိမ်းဝေ