April 07, 2013

ရေချိုးမပြန်ချင်တော့တာကို တွေးမိတဲ့ မနက်ခင်း



ဘယ်ဘက်ကိုလှည့်ကြည့်ရင်းက
ညာဘက်က ရန်သူကခေါင်းပြူပြီး ငါ့ကို လှမ်းကြည့်လိုက်တယ်
နေမပွင့်တဲ့မနက်ခင်းဟာ အံကြိတ်ထားသလိုပဲ
အလစ်အငိုက်ကိုခြောင်းနေကြတဲ့ ပိတောက်ပွင့်တွေရဲ့ အသက်ရှူသံကို ငါ ကြားနေရတယ်
ငါ့စိတ်နဲ့ဝိုင်းပတ်ပိတ်ဆို့မှုထဲမှာ တစ်ပေါက်တော့ ဖွင့်ထားရမယ်လေ
အကာအကွယ်ဆိုတာ ကျည်ကွယ်မျက်ကွယ်လောက်နဲ့ ဘယ်လိုလုပ်ပြီး လုံလောက်မှာလည်းဗျာ
ကျနော်တို့မှာရန်သူမရှိပေမယ့် မိတ်ဆွေ ရှားသထက်ရှားသွားတာကို ခင်ဗျား မငြင်းနဲ့
ကျနော်တို့မှာသုံးလေးမှတ်တိုင်လောက်နဲ့တော့ ခေတ်မကောင်းနိုင်ဘူးဆိုတာ ခင်ဗျားလည်း သိသိကြီးနဲ့ ရေးရက်တယ်
လေးလွှာကဆင်းလိုက်ကတည်းက သတ်ကွင်းတွေ ကျော့ကွင်းတွေထဲ ငါ ဝင်ကလိုက်တာ
၃၄ မထသ အထူးကားဂိတ်ရောက်တဲ့အထိပဲ
ဘယ်လိုပဲဖြစ်ဖြစ်
ဒီကနေ့တော့ စိုးမိုးကုန်းအောက်ခြေမှာလောက်နဲ့တော့ ကျနော်
ရေချိုးမပြန်နိုင်တော့ဘူး မောင်ဖီလာ။   ။

ငြိမ်းဝေ
မနက် ၁၁ နာရီဆယ့်ငါးမိနစ်။ ၆ ရက် လေးလပိုင်း ၂၀၁၃ ခု။
ပုလဲကွန်ဒို၊ရန်ကုန်

April 03, 2013

မြို့ကလေးရဲ့ နံနက်ခင်း

ဒီကနေ့မနက်
အိပ်ယာက ထတော့
မြို့ကလေးက ခါးကို ဆန့်လိုက်တယ်
လမ်းမကြီးပေါ်ကို ဈေးဆိုင်လေးတွေ ဖြုတ်ကနဲဖြုတ်ကနဲ ပြုတ်ကျလာတယ်။
ပဲပြုပ် တို့ဟူး မုန့်ဟင်းခါး အကြော်စုံ
ကျနော့်လမ်းထဲဖြတ်ပြီး ပျံသန်းကြတယ်။
မြှုံးဖေါ်တဲ့လူတစ်ယောက်က
မြှုံးအလွတ်တစ်ခုကို မှောက်ပြီးခေါက်ပြီး သူ့ကလးတွေကို ခါချလိုက်တယ်။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ပုံပြင်တစ်ပုဒ်ဟာ
ဒီကနေ့မနက်မှာ
ဒဏ်ရာမကျက်တကျက်နဲ့ ကားဆိပ်လမ်းဆုံမှာ ငိုင်ပြီးရပ်နေရဆဲပဲလား။
မဆိုစလောက်ကလေးပဲဖြစ်ဖြစ်
ရှေ့ကို ရဲရဲသာ တိုးချလိုက်စမ်းပါ မနက်ခင်း
မင်းနဲ့ငါအတူတကွ
ခရီးမိုင်များစွာသွားရဦးမယ်ပ။


ငြိမ်းဝေ
(ကျနော် ချစ်သော ကျွဲပွဲမြို့ကလေးသို့…)