September 05, 2010

ဥရောပ မဲဇာ


၁၉၉၂ ခုနှစ် ကျနော် တော်လှန်ရေးဘက်ကို ကူးပြောင်းရောက်ရှိပြီးနောက်ပိုင်း အခုအချိန်အထိ ကဗျာရှည် (၄) ပုဒ် ရေးခဲ့ပါတယ်။ အခုဖေါ်ပြမယ့်ကဗျာဟာ ဒီကာလအတွင်း ဒုတိယမြောက်ရေးတဲ့ကဗျာပါ။ ၁၉၉၅ နဲ့ ၁၉၉၈ ခုနှစ်အတွင်း နော်ဝေးနိုင်ငံမှာ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း တွေ့ ကြုံခဲ့ရတဲ့အတွေ့ အကြုံတွေအပေါ်အခြေခံပြီး ကျနော့်ရင်ခုန်သံများကို ကျနော်ကိုယ်တိုင် ပြန်ပြီးနားထောင်နိုင်အောင် ရေးခဲ့တဲ့ကဗျာပါပဲ။ကျနော့်ဘလော့မှာ တင်ခဲ့ပြီးပေမယ့် ကျနော်ကိုယ်တိုင်က ပြန်လည်ခံစားချင်လို့ ဒီကနေ့ ပြန်တင်လိုက်တာပါ။

 ဥရောပ မဲဇာ
(က)
နားထဲမှာ
မြွေတွန်သံတွေကြားနေရဆဲ
မမက်ဘူးတဲ့ အိပ်မက်တခုနဲ့
မထုဘူးတဲ့ ရုပ်ထုတခုယူကာ
(ဥရောပဆန်ဆန်)
ပခုံးတွန့် ဖိနပ်တချက်ရှပ်ပြီး
သတ္ထုငှက် ကျောကုန်းပေါ်က
ကျွန်ုပ် ဆင်းချလိုက်
အို ...
မေပယ်လ်ရွက်တွေ ဘယ်မှာလဲ
ဗယ်ရီသီးအပြာ ဘယ်မှာလဲ
“အက်ဗက်မွန့်ခ်” 1 ရဲ့ “အော်သံ” ဘယ်မှာလဲ။

ဟိုမှာ
ဝန်ရိုးစွန်းပေါ်က နေရောင်တွေ
အဖြူရောင်ညထဲက ရွှေရောင်တွေ
လေတချွန်ချွန် ကုတ်အင်္ကျီတမမနဲ့
ကျွန်ုပ်ဆီကို လာနေသလား
“ဟဲလို
နေကောင်းပါစ
ဥရောပကျေးလက်သမီးပျိုတို့”
ကျူရိုးဖောင်ဖွဲ့
(ကမ္ဘာသစ်ရဲ့ နိဒါန်း)
နှစ်တထောင်ကို ခြေတလှမ်းနဲ့လှမ်းခဲ့သူတို့
သုဝဏ္ဏသာမလက်သစ် ရွှေသမင်ချစ်သူတို့
နဖူးမှာ အရိုးခေါင်းပုဝါပါတ်
ရွက်သင်္ဘောဦးမှာရပ်ရင်း
ပင်လယ်ဘွဲ့ သီချင်းဆို
အို “ဗိုက်ကင်း” တို့
ခင်ဗျားတို့ထံ
ကဗျာဆရာလာနေပြီ
“ဟန်းနရစ် ၀ါဂီလန်း” 2 ကို အလေးပြုဘို့
“နော်ဒေးဂရစ်” 3 ကို ဦးညွှတ်ဘို့
ကျွန်ုပ်လာခဲ့ပြီ၊
သည်မှာ
လရောင်တွေ ကောက်သစ်ခူးနိုင်မလား
ရေတွင်းချိုချို တူးနိုင်မလား
သံလွင်သီးတွေ ဖူးပြီလား
ဇင်ယော်တောင်ပံခတ်
နေရောင်တံစက်မြိတ်အောက်က ကျွန်းဟူသမျှ
လွမ်းပါတ်ပျံသန်း
သင်တို့ထံလာခဲ့ပေါ့
သည်မှာ
နှင်းဖုံးတဲ့မီးတောင်တွေ ရှိသေးရဲ့လား
ဘောစနီးယား
ဟာဇီဂိုဗီးနားက ယူလာတဲ့နှင်းဆီ
ကိုင်းကူးပြီးပြီလား
ကျွန်ုပ်အား
သင်တို့ရဲ့ “တိုက်ပွဲဝင်ဖခင်” နဲ့
တွေ့ခွင့်ပြုပ
“ဗစ်ကို ဟန်းစတင်း” 4 ဂုဏ်ပြုပွဲ
တက်ခွင့်ပြုပ
“အ၀ါရောင်နှစ်တစ်ရာ” ရှာခွင့်ပြုပ
(၁၈၃၀)
ဥရောပလွတ်မြောက်တဲ့ဒေသကို
(၁၉၉၅)
“အာရှလွတ်မြောက်ဒေသ” က တဆင့်
ကျွန်ုပ်ရောက်လာခဲ့။

သင့်အတွက် လရောင်ပိတ်စနဲ့ထုပ်ထားတဲ့
ပခြုပ်တခုယူလာ
အဲဒီ ပခြုပ်ထဲ
“ကိုယ့်ကိုယ်ကို ဗုံတလုံးလို့ယူဆထားတဲ့
ဗုံမဟုတ်တဲ့ ဗုံတလုံးရဲ့ ဗုံသံတွေ” ထည့်လာ
“သံလွင်ငှက်” မှသည် “သံလွင်ခက်” ဆီသို့
လွတ်မြောက်ရေးစကားဝှက်တွေပါလာ
ကျွန်ုပ်ရဲ့ အိပ်မက်ထဲ
တ၀ုန်းဝုန်း ထပျံနေကြတဲ့
ဥဒေါင်းငှက်တွေထည့်လာ
(ပြီးတော့)
ကဗျာဆရာ တိုက်မောင်းရဲ့ “ရိုကျိုးမှု” တွေ ထည့်လာ
ဝံပုလွေလာဆင်ရဲ့ လေချဉ်တက်သံ ချန်မထားခဲ့မိ
အမှန်တကယ်တော့
သင်တို့ရဲ့ ခေတ်သစ်ရိုးသားရှင်းလင်းမှုဆီ
ကျွုန်ုပ်တို့ရဲ့ ခေတ်နှောင်းပွေလီရှုပ်ထွေးမှုတွေနဲ့
ကျွန်ုပ်လာခဲ့တာပ။

(ခ)
သည်လိုနဲ့
နေခ မြခ
ကြိုးကြွတောက်ပ
မြထက်ဝင်းလက်
လထက် ရွှန်းပြက်ဝေ
(နေရောင်အောက်က)
တောင်ပေါ်ပင်လယ်ရေလက်ကြားတွေ
ဟိုမှာ
တစတစ နယ်ချဲ့လာနေတဲ့ နှင်းတောင်တွေ
တဖြေးဖြေး ကျုံ့ဝင်သွားနေလျက်
နှင်းဆီနက်ရောင် ငှက်တွေ
တလှုပ်လှုပ်နဲ့ မြုပ်ဝင်ပါးလျား
ဖျားနာနေတဲ့ တိမ်တိုက်တွေ
ဂျုံခင်း၊ အာလူးခင်း၊ မြက်ခင်း
သရီးဒိုင်မေးရှင်း ကွင်းတွေ
ဒေါင်လိုက်
အလျားလိုက်
ကျွန်ုပ်နောက်က လိုက်လာ
ကျွန်ုပ်ရှေ့က ရောက်လာ
ကျွန်ုပ်နဲ့ ဝေးကွာ
ကျွန်ုပ်နဲ့ နီးလာ
ကျွန်ုပ်ကျောထက်မှာ
ကျွန်ုပ် ရင်ဘတ်ပေါ်မှာ
တခါက
နှစ်ဆယ့်တစ်ရာစုရဲ့ ကဗျာမြင်းလှည်းထက်
အိပ်စက်ခွင့်ကြုံ
သုံးမိုင်ပတ်လည်ရေအိုင်ပေါ်
(မ၀ံ့မရဲ)
နင်းခွင့်ကြုံ
အဖြူရောင် ညတဖက်
အနက်ရောင် နေ့တ၀က်
ပဉ္စလက်ဆန်လှတဲ့
ဂမ္ဘီရဘ၀ ၀ကန္တအလှလေလား၊
ဗဟိုဘူတာရုံရှေ့က
“အော်စလို” ရဲ့ ငှက်ငယ်များကတော့
အဟာရခမ်းခြောက်
သဘာဝ လမ်းပျောက်လို့
ကမ်းမှောက်ရတဲ့ ငှက်တွေပေါ့၊
“ဗီဂီလန်း” 5 ပန်းခြံထဲက
ဒေါသထွက်နေတဲ့ ခလေးရေ
(၁၉၂၆)
အခု- အနှစ်၊ ၇၀ ကျော်
မင့်ဒေါသတွေ မပြေနိုင်သေးဘူးလား
လည်ချောင်းသံ အတုံးအတစ်နဲ့
ဘယ်သူဟစ်လိုက်တဲ့ “အော်သံ” လည်း
နှင်းတောင်နံရံတွေ ပြိုကျ
အလင်းအမှောင်တွေ မြိုချ
ဒီလိုနဲ့
ဥရောပကျေးရွာဝါဒလည်း သစ်ခဲ့ပေါ့။

တခါတခါတော့လည်း
“တဂိုး” ရဲ့ “ကောင်းကင်ကုတ်ခြစ်တဲ့လက်တွေ” မှန်းဆ
“ဇော်ဝင်းထွဋ်” ရဲ့ “ထစ်ချုန်းမိုး” ကို တမ်းတ
ချယ်ရီတောင်တန်းပေါ်က
ပျော်ကျလာတဲ့လရောင်ကို အငမ်းမရ
“ကြည်အေး” ရဲ့
“ညကြီး မင်းကြီး ထပြီးထိုင်နေ” ကို မှန်းဆ
လွတ်လပ်တဲ့နေရာင်ကို လွမ်းသ။

ကျွန်ုပ်အဖို့ရာ
အပြာမှိုင်းမှိုင်း သင်တိုင်းစိမ်းစိမ်း
တံတိုင်းတခုရဲ့ ဟိုမှာဖက်
ဟိုးအဝေးကြီးထက် ဝေးတဲ့
အနံ့တွေတဖြေးဖြေး ပါးသွားနေတဲ့နေရာ
အရောင်တွေတဖြေးဖြေး ၀ါးသွားနေတဲ့နေရာ
အဲဒီနေရာမှာ
ကမ္ဘာသစ်တည်ဆောက်
ဘ၀ချင်းမတူတဲ့တိုင်းပြည်ကို မျက်မှောက်ပြုလိမ့်နိုး
မျှော်ကိုးခဲ့မိ။

အို ...
အစိမ်းရောင် ကော်ဇောများပေါ်က
လှိုင်တံပိုးလို ထကြွလာကြမယ့်
ကျွန်ုပ်တို့ရဲ့
အိုးအိမ် မြေယာနဲ့ မြစ်ချောင်းများ
မွေးဖွားလာခြင်းအသစ်နဲ့
စစ်ပွဲတွေ ငြိမ်းချမ်းပြီး
စိမ်းလန်းတဲ့ ဘ၀ဆိုတာ
လက်ဖ၀ါးပေါ်က “ကဗျာ” တဲ့။

ရက်ပေါင်း (၅၀၀) ကျော်
“စိန့် အိုလပ်စ်ပလစ်စ်” လမ်းကြားထဲ
ငှက်လွှတ်ပွဲတော်လေ
တချို့ အတောင်စုံစ
တချို့ အတောင်ချ
တချို့ အတောင်ကျ
တချို့ လှောင်မရတဲ့ ငှက်တွေလား
ကျွန်ုပ်နေ့တိုင်း
ကြိုးဖြေပြီးလွှတ်ခဲ့ရ
အဲဒီနေရာ
တချို့အတွက် ဆည်းဆာ
တချို့အတွက် နည်းနာ
တချို့အတွက် သည်းချာ
ကျွန်ုပ်အတွက်တော့ “မဲဇာ” ဖြစ်ခဲ့ ၊
နေရောင် ဖြုန်းဖြုန်းဖျဖျ
လရောင် တုံးတုံးအအ
မည်သို့ပင်ရှိစေ
နှင်းတွေကိုတော့ ကျွန်ုပ် ချစ်မရနိုင်ခဲ့ပါဘူး
ရာဇဒဏ်သင့်
“မင်းလက်ဝဲ သုန္တရ” က
“ရောင်ဝါမထွန်း ချမ်းရှာလွန်း” တဲ့၊
ဘ၀ဒဏ်သင့်
ကျွန်ုပ်အဖို့တော့
“ရောင်ဝါမပွင့်၊ ချမ်းပုံဆင့်” ခဲ့။

(ဂ)
အို မိတ်ဆွေ “ဗိုက်ကင်း” ကြီးရဲ့
ကျွန်ုပ်က အာရှအပျိုစင်ပါ
“ဟောဒေါ့” နဲ့ “ဟမ်ဘာဂါ” ကို
ဘီယာတခွက်နဲ့ မလဲနိုင်သူပါ
ယဉ်ကျေးမှုထောင်ချောက်
ဝါးထောက်ပြီး မခုန်နိုင်ခဲ့သူပါ
ရာသီဥတုအကြောင်း အပ်ကြောင်းမထပ်နိုင်သူပါ
“ကာရိုဟန်” လမ်းမကြီးပေါ်က
ပီးရူးဂီတ
စကော့တလန် ပုလွေသံ
လက်တင်အမေရိက ဗုံသံ
စကန်ဒီနေးဗီးယား နေခြည်
စတော်ဗယ်ရီ အရိုင်း
ဗယ်ရီသီး အပြာ
ဒါတွေကိုပဲ စွဲလန်းမိသူပါ။

အို “ဆန်ဗစ်ကာ” 6 ရေ
သင်နဲ့ကျွန်ုပ်
နှလုံးသားကို နှလုံးသားချင်း
ဘ၀ကို ဘ၀ချင်း
ချစ်ခြင်းကို ချစ်ချင်း
ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း
ဘာတာစံနစ်ကို အခြေခံ
ဝါဏိစ္စအဘိဓါန်တခုပြုစုခဲ့
ဒီလိုနဲ့
သင့်လက်ခုပ်ထဲ ဒဏ်ရာရနေတဲ့မြစ်တွေ
သင့်မျက်လုံးအိမ်ထဲ ကဗျာရွတ်တဲ့လေညှင်းတွေ
သင့်ဆံပင်တွေထဲ
အိပ်စက်ရင်း ထယောင်လိုက်တဲ့
ဆိုက်ပရပ်စ်ပင်ကြီးရဲ့ စကားသံတွေ
သင့်နှလုံးအိမ်ထဲ နကမ္ပတိစိတ်ဓါတ်တွေ
သင့်ခွန်အားထဲ ကတ္တီပါလက်အိပ်စွပ်ထားတဲ့ သံလက်သီးတွေ
သင့်အနာဂါတ်ထဲ စင်္ကြာဝဠာမြို့ပြတွေ
သင့်ရင်ခုန်သံထဲ အနုသုခုမ စက်ခလုပ်ခုံတွေ
မကုန်မခမ်း တထမ်းတနင့်
ငါ့ရင်တွင်း ငါ့မြင်ကွင်း
ချဉ်းနင်းဝင်ရောက် ချောင်းပေါက်ခဲ့ကြ။

ကျွန်ုပ်အဖို့တော့
သင့်ကွင်းပြင်တွေထဲ
သေဆုံးခဲ့ပြီး ဥယျာဉ်တွေ ပစ်ချ
သင့်ရေခဲပြင်ပေါ်
ခမ်းခြောက်ခဲ့ပြီး စမ်းချောင်းတွေ ပစ်ချ
သင့်ကမ်းခြေတွေပေါ်
နေထိုင်ခြင်း
ခတ်ညံ့ညံ့ခိုးဝှက်မှုတွေ ပစ်ချ
သင့်တောအုပ်တွေပေါ်
ဗဟုဝါဒအရေခြုံ မုသာဝါဒမြေမှုန်တွေ ပစ်ချ
သင့်ကျောက်ဆောင်တွေပေါ်
အာရုံမြင်လရောင်တွေ ပစ်ချ
သင့်လမ်းကြားတွေပေါ်
“ဆိတ်ဖလူးရနံ့” တွေ ပစ်ချ ပစ်ချနဲ့
ပစ်ချလို့ကို မ၀နိုင်ခဲ့ဘူး၊
“ဆပ်စ်” ဟော်တယ်ကြီးက
မက်ထရိုပိုလီ မြို့ပြနိမိတ်ပုံများလား
“အော်စလို” ရဲ့ ညနေခင်း
အပြာရောင် လေညှင်း
ကမ်းနားလမ်း မြင်ကွင်းတွေကလည်း
“ဒေါက်တာအောင်ခင်” ရဲ့
ဥရောပကျေးလက်ရင်ခုန်ခြင်းပေါ့။

“ဂျက်ကော့ဆန်” 7 ရေ
ဈေးဆိုင်တန်းတွေနဲ့ လမ်းဟူသမျှ
ဟောဒီနေရာမှာ ရပ်တန့်သွားကြ
ဒီဖက်က နို့နှစ်ရောင် ပင်လယ်ပြင်ရဲ့ ဟိုမှာဖက်ထဲ
တစ္ဆေအရိပ်တွေ ထိုးကျ
ကျွန်ုပ်
ပင်လယ်ကမ်းစမ်မှာရပ်
နှင်းပြင်ကြီးပေါ် မျှော်ကြည့်နေခဲ့သလား
အဲဒီ ကမ်းနားလမ်းမြင်ကွင်းတွေက
ကျွန်ုပ်ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း
တအိအိပြိုကျလာတဲ့ နှင်းတွေက
ကျွန်ုပ်ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း၊
တဖွဲ့ဖွဲ့ တနွဲ့နွဲ့
နှင်းရည်မြစ်တစင်းက
ကျွန်ုပ်ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း၊
“ဧဧသန်း” ရဲ့
“ထွက်ပြေးလို့မရတဲ့ လယ်ကွင်းပြင်အဖို့
မိုးမလွတ်ခဲ့ဘူး” ဆိုတဲ့ စာသား
နှင်းတွေ နှင်းတွေ နှင်းတွေနဲ့အစားထိုး
အထီးကျန်ခြင်းတာရိုး ကျိုးလုလု
အဲဒီ နှင်းတွေလေ
နေရောင်တွေ စိုရွှဲအောင် ကျလာ
ရင်ခုန်သံတွေ ပြိုကွဲအောင် ကျလာ
ကားသံတွေ ခေါင်းမပြူရဲအောင် ကျလာ
သစ်ပင်တွေ အသက်ရှူမရအောင် ကျလာ
ကျောက်ရုပ်တွေ ကြေမွအောင် ကျလာ
လရောင်တွေ အငွေ့ပျံအောင် ကျလာ
လမ်းမတွေ ကွေ့လန်အောင် ကျလာ
ခြေသံတွေ ခြောက်ခြားအောင် ကျလာ
စိတ်ဓါတ်တွေ မှောက်မှားအောင် ကျလာ
ကျပြီးရင်း ကျလာ ...။

နောက်ဆုံးမတော့
“ဂေါ်ဂင်” ရဲ့
တော်ဝင်အလင်းရောင်တွေသိမ်းထုပ်
“အက်ဗတ်မွန့်ခ်” ရဲ့ “အော်သံ” တွေ သိမ်းထုပ်
ကျွန်ုပ်အိပ်စက်ခဲ့ရာ အိမ်ရှေ့က
ဆွံ့အနေတဲ့
သစ်ပင်တန်းကလေးကို သိမ်းထုပ်
“နော်ဒေးဂရစ်” ရဲ့ “စမ်းချောင်းထဲက ကျောက်တုံးတွေ” 8 ကို သိမ်းထုပ်
နှလုံးသားထောင့်တနေရာက
ခွေကျနေတဲ့ လရောင် အကြွင်းအကျန်လေးကို သိမ်းထုပ်
နှစ်ငါးထောင်
စိန ယဉ်ကျေးမှုပြတိုက်ထဲက
ကဗျာဆရာ “မော်” ရဲ့ အရိုးပြာကြဲ
မြစ်ဝါမြစ် သဲမှုန်တွေသိမ်းထုပ်
သိမ်းထုပ် ... သိမ်းထုပ်ပြီး
(မဒေ၀ီရဲ့)
ကျွန်ုပ်အဖို့တော့
ခင်ညွန့်ရီရဲ့ “နွေမျက်ရည်လက်ကျန်” နဲ့
အိမ်အပြန်မခက်ချေပါဘူး
သက်သေတွေ တပုံတပင်
မျက်ရည်တွေ ပုံပြင်မဟုတ်ခဲ့လေတော့
ယုံချင်လျက်လေနဲ့
ထုံကျင်ခက်ပွေတဲ့ ဥရောပရက်တွေလား
ထားခဲ့ပြီ။ ။

အောက်ခြေမှတ်စုများ
၁။ အက်ဗတ်မွန့်ခ် - နော်ဝေးပန်းချီင်္ဆရာ
၂။ ဟန်းနရစ်ဝါဂီလန်း - နော်ဝေး အမျိုးသားစာဆိုကြီး
၃။ နော်ဒေးဂရစ် - နော်ဝေး မျိုးချစ်ကဗျာဆရာ
၎။ ဗစ်ဂိုဟန်းစတင်း - နာဇီဂျာမန်များရဲ့ ပစ်သတ်ခြင်းခံရသူ (၁၉၉၄) နော်ဝေးအမျိုးသား
၅။ ဗီဂီလန်း - နော်ဝေး ပန်းပုဆရာ
၆။ ဆန်ဗစ်ကာ - နော်ဝေးနိုင်ငံ၊ မြို့တော် အော်စလိုနှင့် မနီးမဝေးတွင်ရှိသည့် မြို့ငယ်ကလေး
၇။ ဂျက်ကော့ဆန် - နော်ဝေး ကဗျာဆရာ
၈။ “စမ်းချောင်းထဲက ကျောက်တုံးများ” - ၁၉၂၅ တွင် ထုတ်ဝေခဲ့သော နော်ဒေးဂရစ်ရဲ့ ကဗျာစာအုပ်အမည်။

ငြိမ်းဝေ
၈၊၄၊၉၉
ပန်းဝေေ၀ ကဖီး

No comments:

Post a Comment