October 11, 2010

ရသစာပေ ပြန်လည်ခေါင်းမေါ့လာစေရေး နဲ့ ရွှေ ၆၄


                                                        (က)
လူတစ်ယောက် အသက်ပျောက်ကာနီးအချိန်။ အဲဒီအချိန်ကလေးကိုလည်း သူက ကောင်းကောင်းသိနေတဲ့အချိန်။ သူအကြားချင် အမြင်ချင်ဆုံးအသံတွေ ရုပ်တွေကို ကြားခွင့် မြင်ခွင့် ရလိုက်နိုင်ရဲ့လား။ သူပြောချင် မှာချင်တဲ့စကားတွေ ပြောခဲ့ မှာခဲ့နိုင်ရဲ့လား။ အဲဒီအခွင့်အရေးတွေအားလုံး ဆုံးရှုံးပြီးမှ ဘဝကို နိဂုံးချုပ်ရမယ် ဆိုရင်ကော...။ စိတ်ဝင်စားဖို့ ရင်ခုန်ဖို့ ကောင်းတဲ့ ကိစ္စပါ။
ဒီလိုတွေးတဲ့အခါ ရွှေ ၆၄ (ရွှေ အမြုတေ ဝတ္ထုတို ၆၄ ပုဒ် စုစည်းမှု) စာအုပ်ထဲက “လူပန့် ငယ်” ရဲ့ “နှလုံးလှဆရာမ”  ဝတ္တုတိုလေးရဲ့ နောက်ဆုံးအခန်းကို  ပြန်တွေးနေမိပါတယ်။
စေတနာ ကျောင်းဆရာမလေးတစ်ယောက်ပါ။ ရောဂါကျွမ်းနေတဲ့ ဆရာမလေးပါ။ “မာ” ဆိုတဲ့ နောက်ဆုံးစာလုံးလေးဟာ ကျောင်းဆရာမလေး နောက်ဆုံးကြားလိုက်ရမယ်ထင်တဲ့ အသံတစ်ခုပါ။ ကြားလိုက်မယ်ထင်ပါရဲ့။ အို...ကြားခွင့် ရလိုက်ပါစေ...။ ကျနော်ဆုတောင်းနေမိတယ်။
လွန်ခဲ့တဲ့ ရက်တွေအတွင်းတုန်းကတော့ ၈၈ အရေးအခင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျဆုံးသွားရတဲ့  “မဝင်းမော်ဦး” ရဲ့ နောက်ဆုံးစကားတစ်ခွန်းကို အခု ၂၂ နှစ်ကြာပြီးမှ ကျနော် ကြားခွင့်ရခဲ့တယ်။ ဒါကျတော့ အသက်ဝိဥာဉ်ရှိနေစဉ်ရဲ့ နောက်ဆုံးမိနစ်များမှာ သေဆုံးကာနီး လူတစ်ယောက်ရဲ့ နောက်ဆုံး စကား..ပေါ့။ သူကတော့ သူပြောချင် မှာချင်တဲ့စကားကို ပြောခဲ့နိုင်တယ်လေ...။
သူ့ မိခင်က ဘီဘီစီနဲ့ အင်တာဗျူးတဲ့အခါ အခုထက်ထိ ဝင်းမော်ဦးလေးကို   နာမည်ထည့်ပြီး အမျှမဝေသေးပါဘူးတဲ့..။ ဝင်းမော်ဦးက “ဒီမိုကရေစီရမှ အမျှဝေပါ” လို့ မှာခဲ့တယ်တဲ့။ ဘာသာတရားကိုင်းရှိုင်းတဲ့ မိခင်တစ်ယောက်အဖို့  ဒီအဖြစ်ဟာ ဘယ်လောက်အထိ ထိခိုက်နာကျင်နေခဲ့မလဲ။
ပြီးတော့ ကျနော် ချစ်ခင် စွဲမက်နေခဲ့ဖူးတဲ့ကဗျာဆရာ။ စပိန်ကဗျာဆရာ “လော်ရ်ကာ” ရဲ့ နောက်ဆုံးစကားပါ။ “ငါသေရင် လသာဆောင်ကို ဖွင့်ထားပါလေ...” တဲ့။ ဘယ့်လောက် ရိုမန်တိက ဆန်လွန်းလိုက်ပါသလဲ။
အခုလည်း လူပန့် ငယ်ရဲ့ နှလုံးလှ ဆရာမ ဆိုတဲ့ ဝတ္ထုတိုထဲက စေတနာရှင် ကျောင်းဆရာမလေးတစ်ဦးရဲ့ နောက်ဆုံး တောင့်တခြင်းအသံ..။ “မာမီရေ...” ဆိုတဲ့ သူစာသင်ပေးခဲ့ဖူးတဲ့ ကျောင်းသားလေးတွေရဲ့ ခေါ်သံ။ သူ ကြားလိုက်နိုင်ပါရဲ့လား။ ကျနော်ကတော့ ဆုတောင်းမိတယ်။ သူ ကောင်းကောင်း ကြားလိုက်နိုင်ပါစေပေါ့...။

သေဆုံးကာနီးလူတွေရဲ့ အမှာစကား။ သေဆုံးကာနီးလူတွေရဲ့ နောက်ဆုံးစကားအပေါ် ကျန်ရစ်သူတွေရဲ့ ခံစားနားလည်ပေးမှု..။ 

(ခ)
“ခက်မာ” ရဲ့ “ည ပိုင်ရှင်” ကို ဖတ်တော့ အက်ဆေးဆန်တဲ့ ဝတ္ထုတိုလေးလို ခံစားရတယ်။
ကျနော်တို့ နိုင်ငံက စာရေးဆရာမများဖြစ်ကြတဲ့ အဲဒီခက်မာတို့  အမျိုးသမီးတသိုက်  တယောက်ခေါင်းတယောက်နင်း ပေါက်ဖွါးကြီးပြင်း ချီတက်လာကြတဲ့ တ္ထိယဝါဒ ရင်ခုန်သံတွေကို သတိရလိုက်မိတယ်။ ကြည်အေးမှ အစချီ ခက်မာတို့ အဆုံးပေါ့။ ဒါပေမယ့် “ညပိုင်ရှင်” ဆိုတဲ့ ဒီဝတ္ထုလေးမှာတော့ အဲဒါတွေ ကင်းပပါတယ်။ လူသားဝါဒလို့ ဆိုနိုင်မလား။ လူ့ သဘာဝလို့ ပြောနိုင်မလား။  ဒါပေမယ့် “ညကြီးမင်းကြီး ထပြီးထိုင်နေ အိပ်ယာတွေလည်း မွကြေတွန့်လိပ်” လို့ ဆိုတဲ့ ကြည်အေးရဲ့ “တစ္ဆေ ”ကဗျာရဲ့အရိပ်က မိုးနေလေသလား။ သေငယ်ဇောမျောနေသူ မိခင်အိုနဲ့  ရင်ခုန်ဗျာများနေသူ မိန်းခလေးတစ်ဦးရဲ့ မဆုံးနိုင်တဲ့ညတစ်ည။ ခက်မာ ကလည်း “ညပိုင်ရှင်” လို့ ပဲ ဝတ္ထုနာမည် ပေးထားလေရဲ့။
ကျနော်တို့တတွေ “ည” ဆိုတဲ့ ကာလတစ်ခုကို အချိန်အားဖြင့် အဓိပါယ်အားဖြင့် လိုသလို ဆွဲယူလို့ မရနိုင်တော့ဘူးလား။ ည ဟာ နေ့ ရဲ့ ရှေ့တော်ပြေးလေပြေလေညှင်းကလေးကော မဖြစ်နိုင်ဘူးလား။ ည ဟာ အနှုတ်လက္ခဏာ မဟုတ်ပဲ အပေါင်းလက္ခဏာရဲ့ မိခင် အဖြစ် ကျနော်တို့ ပြောင်းယူလို့ မရနိုင်တော့ဘူးလား။
ခက်မာ ရဲ့ “ညပိုင်ရှင်” ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြည်အေးရဲ့ တစ္ဆေ ကဗျာထဲက မိန်းခလေးတစ်ဦးရဲ့ စိတ်လှုပ်ရှားနေပုံမျိုးကို ပုံတူမျိုးပွါးထားသလိုများ ဖြစ်မနေပေဘူးလား။
ဒါပေမယ့် ခက်မာက ညပိုင်ရှင်မိန်းကလေးရဲ့ စိတ်လှုပ်ရှားမှုကို အချိန်ကာလ ပတ်ဝန်းကျင်အခင်းအကျင်းတွေနဲ့ ပါ ပေါင်းစပ်အုံကျင်းဖွဲ့ပြီး အားယူရေးဖွဲ့ထားတာ ကြိုးစားထားတာကတော့ သိသာပါတယ်။ စာဖတ်သူက သိသိကြီးနဲ့ပဲ စာရေးသူဆွဲခေါ်ရာ လိုက်မှန်းမသိ လိုက်လာရင်း နိဂုံးချုပ်တဲ့အထိ ပါပဲ။

(ဂ)
“ရတနာပုံ ရိုမန်းတစ်” တဲ့။
ရေးတဲ့သူက ရတနာပုံအကြောင်း အက်ဆေးတွေနဲ့  လူသိထင်ရှားပိုဖြစ်လာတဲ့ ဆရာ “ဆူးငှက်” ပါ။
ဇာတ်လမ်းအရတော့ ကျနော် ရင်မခုန်နိုင်ပါဘူး။ ကားသမားလေးတစ်ယောက်။ မျက်နှာများပြီး အခြေအနေအရ ချူစားမြှူစားတဲ့ အမျိုးသမီးကြီးနဲ့ တွေ့။ ကားသမားလေးကလည်း ဘာလိုလို။ အမျိုးသမီးကြီးကလည်း ဘာလိုလို။ နောက်ဆုံးတော့ ကားသမားလေးကလည်း သူ ထည်လည်း ချစ်ခဲ့သူတွေထဲက နောက်ဆုံးကောင်မလေးဆီ ပြန်သွား။ အမျိုးသမီးကြီးကလည်း ကောင်လေးထက် ပိုပြီး ပေးနိုင်ကမ်းနိုင်သူဆီ ပိုပြီး မျက်နှာသာပေး။
ဒီဇာတ်လမ်းနဲ့  ဒီ ဇာတ်ကောင်တွေရဲ့ အချစ်ဇာတ်လမ်းကို “ရတနာပုံအချစ်” တဲ့။ ကျနော် သဘောမတူပါဘူး။ ဒီလို ပေါ့ပျက်ပျက် အချစ်ဒဿနမျိုးက ရတနာပုံရဲ့ တကယ့် ရိုမန်းတစ်လား။ မေးစရာဖြစ်ပါတယ်။ အကြောင်းအရာအရကော အတတ်ပညာအရပါ အရင် ဆရာဆူးငှက်ကို မမီတဲ့ အခု ဆူးငှက် ကိုတွေ့တော့ ကျနော် စိတ်မကောင်းဖြစ်ရတယ်။ ဆရာ ဆူးငှက် ဝမ်းစာများ ပါးလျားခဲ့ပြီလား။ ပိုဆိုးတာက ရတနာပုံရဲ့ တကယ့် ရိုမန်းတစ်ကို နှစ်ပေါင်းများစွာ သိမ်းထုပ်ထားနိုင်ခဲ့တဲ့ သူက ဒီဝတ္ထုတစ်ပုဒ်ထဲနဲ့  ရတနာပုံရဲ့ မဟာ ရိုမန်းတစ်ကို သေးသိမ်စေတော့မှာလား။ ကျနော် သဘောမတူနိုင်ခဲ့ပါဘူး။

(ဃ)
“မဦး” ရဲ့ “ဘာလိုသေးလဲ အမေရယ်” ဝတ္ထုကတော့ သမရိုးကျ ဘဝသရုပ်ဖေါ်ပါ။
ဒါပေမယ့် တကယ် ပီပြင်တဲ့ ဘဝသရုပ်ဖေါ်ပါ။ စေတနာမပါရင် ဝတ္ထုတစ်ပုဒ်လုံး လွှင့်ပစ်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဖတဆိုး ဆယ်နှစ်သားအရွယ် လူငယ်လေးတစ်ယောက်။ မိခင် မွေးလူနာကို ဆေးရုံကိုလိုက်ပို့ ။ မိခင်ကို ပြုစုစေါင့်ရှောက်။ အကိုတွေ အမတွေက တနယ်တကျေးကို ပျံသန်းသွားကြတဲ့ ငှက်တွေ။ သားအမိနှစ်ယောက်ထဲ။ ရေခဲပုံးလွယ်ပြီး မိခင်ကို လုပ်ကိုင်ကျွေးနေသူ…။
ကျနော်တို့ လူ့ အဖွဲ့အစည်းမှာ သည့်ထက် ဘဝနာကြသူတွေ သည့်ထက် ဘဝကျိုးပျက်ကြသူတွေ ဒုနဲ့ဒေးပါ။
မဦးက ကံဆိုးရှာသူ ဘဝမွဲကျံလွန်းသူ သားအမိနှစ်ယောက်ရဲ့ အခြေအနေကို သူတို့ထက် ပိုပြီး ပြည့်စုံကြတဲ့ တခြားမိသားစုတွေနဲ့ ယှဉ်ပြီး ရေးဖွဲ့ပြတော့ စာဖတ်သူ ပိုပြီး နားလည် ခံစားစေနိုင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျနော့်စိတ်ထဲ စာရေးတဲ့အခါ ဒါဟာဖြင့် မိန်းကလေးစာရေးဆရာ ဒါဟာဖြင့် ယောက်ျားလေး စာရေးဆရာ ဒါဟာဖြင့် အသက် ၅၀ အရွယ်စာရေးဆရာဆိုပြီး စာဖတ်သူက အလွယ်တကူ ခန့် မှန်းရလောက်အောင်ဖြစ်နေတဲ့ စာမူတွေဆိုရင် ဝတ္ထုရဲ့ အလေးချိန်ကို ပေါ့စေတယ်လို့ ထင်မိပါတယ်။
စေတနာပါပေမယ့် ဘဝသရုပ်ဖေါ်ရေးရင် လေးနက်ရပါမယ်။ စေတနာနဲ့ လေးနက်တည်ငြိမ်မှုကို ပေါင်းနိုင်မှ အောင်မြင်တဲ့ ဘဝသရုပ်ဖေါ်ဝတ္ထုဖြစ်နိုင်ပါတယ်။ အင်မတန်လေးနက်တဲ့ ဘဝသရုပ်ဖေါ်ကို ရေးရင် သနားစရာဖြစ်အောင်  စကားလုံးတွေ နှိုင်းယှဉ်ချိန်ထိုးပြမှုတွေကို တမင်ဖန်တီးယူလို့မရပါဘူး။ သိသာစေပါတယ်။ ဇာတ်နာအောင် တမင်ရေးလို့မရနိုင်ပါဘူး။ ကျနော်ကတော့ သည့်ထက်ပိုပြီး ထိရောက်တဲ့စကားလုံးသုံးစွဲမှု သည့်ထက်ပိုပြီး နှိုင်းယှဉ်ချိန်ထိုးပြမှုတွေနဲ့  ဒီဇာတ်လမ်းကို အားယူစေချင်ပါတယ်။

(င)
ဘဝသရုပ်ဖေါ်ဝတ္ထုဆိုတာ ဆင်းရဲနိမ့်ကျတာကို ရေးမှ ဘဝသရုပ်ဖေါ်ဖြစ်တာ မဟုတ်ပါဘူး။ ဘဝသရုပ်ဖေါ်ဆိုတာ အောက်ခြေလူတန်းစားတွေရဲ့ စုတ်ပြတ်နုံချာလှတဲ့ ဘဝတွေကို ရေးမှ မဟုတ်ပါဘူး။ ဆင်းရဲချမ်းသာမရွေး ဘယ်သူ့ဘဝအကြောင်းပဲရေးရေး ဘဝသရုပ်ဖေါ်ပါပဲ။
အခုလည်း ဆိပ်ခံဘောတံတားတစ်ခုပေါ်က မျက်မမြင်သူတောင်းစားကြီးတစ်ဦးအကြောင်း ရေးထားတဲ့ ဝတ္ထုကို ကျနော်ဖတ်ရပြန်ပြီ။ ထုံးစံအတိုင်း မိသားစု သိုက်မြုံလေး အကြောင်းအမျိုးမျိုးနဲ့ ပြိုကွဲပျက်စီးပြီး မျက်မမြင်ဘဝရောက် တောင်းစားရတဲ့အဖိုးအိုတစ်ယောက်၊ အိမ်ဖေါ်ဘဝနဲ့  ဘဝပျက်လို့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတဲ့ မိန်းခလေးနဲ့ တွေ့။ မျက်မမြင်တောင်းစားရတဲ့ သက်ကြီးရွယ်အိုလူတစ်ယောက်က ဘဝကို အရှုံးမပေးပဲ ဖြစ်သလို ရုန်းကန်ရင်ဆိုင်နေတာကို ဘဝပျက်လာတဲ့မိန်းကလေးက တွေ့။ နောင်တရ။ ကိုယ့်ကိုယ်ကို သတ်မသေတော့ဘဲ ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ ဆုံးဖြတ်။
ကျနော်တို့ငယ်စဉ်က ထွက်ပေါက်မမှန်တဲ့ အနုပညာ၊ ထွက်ပေါက်မပေးနိုင်တဲ့အနုပညာဆိုတာကို ယုံကြည်ခဲ့မိပါတယ်။ ဖေါက်ပြန်တဲ့အနုပညာပေါ့။ အနုပညာဟာ ပြည်သူ့ အတွက်ဖြစ်ရမယ်ပေါ့။ ဆိုရှယ်လစ် ဘဝသရုပ်မှန် အနုပညာပေါ့။
အခုလည်း “မောင်ထွေးဦး(ရန်ကုန်တက္ကသိုလ်)”က “ဇီဝိတဒါန” ဆိုတဲ့ သူ့ ဝတ္ထုထဲမှာ အဲသလိုရည်ရွယ်ချက်နဲ့ ရေးတာ သိသာလွန်းတယ်။ စေတနာကို လေးစားမိပေမယ့် စပြီးရေးပါပြီဆိုကတည်းက အဲဒီလို ရည်ရွယ်ချက်နဲ့ ရေးလာနေတာပဲဆိုတာ တော်ရုံတန်ရုံ စာဖတ်သူကအစ အလွယ်တကူ သိနိုင်တဲ့ ဝတ္ထုဖြစ်နေတယ်။
ကျနော်တို့ဟာ စေတနာနဲ့  စာရေးကြသူတွေကို လေးနက်ကြရမှာပါ။ ဒါပေမယ့် စေတနာရှိတိုင်းလည်း အနုပညာဖန်တီးမှုဟာ အောင်မြင်နိုင်ပါ့မလား။ တခါတလေ စေတနာလွန်ကဲ လွှမ်းမိုးလို့ တနည်းအားဖြင့် လုပ်ယူထားတဲ့စေတနာမျိုးမို့ စာဖတ်သူကို ခံစားမှုပေါ့စေတာမျိုး ရှိသလို အကြောင်းအရာက လွှမ်းမိုးလို့ တနည်းအားဖြင့် အတတ်ပညာ ချို့တည့်လို့  ထိရောက်သင့်သလောက် မထိရောက် မအောင်မြင်တဲ့ အနုပညာဆိုတာကို သတိပြုသင့်တယ်လို့  ကျနော် ထင်မိတယ်။
ဆရာ မောင်ထွေးဦး(ရန်ကုန်တက္ကသိုလ်)ရဲ့ ဇီဝိတဒါန ဝတ္ထုဟာ ကျနော်တို့ရင်ထဲ ခံစားမှုနဲ့ သဘောတရား အံမဝင်ဖြစ်ရတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်နေသလားပဲ။ ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ ဖြစ်စေချင်တယ်လေ။ ဖန်ပြာခွက်နဲ့ ရွှံ့ရေ ဒါမှမဟုတ် ကျောက်စက်ရေနဲ့ အုံးမှုတ်ခွက် မဖြစ်စေချင်ပါဘူး။

(စ)
“ခင်ခင်ထူး” ရဲ့ “ခရီးဖေါ်” ဝတ္ထုတိုလေးကို ကျနော် နှစ်သက်မိတယ်။
ဇာတ်လမ်းကတော့ သူလိုငါလိုဇာတ်လမ်းပါပဲ။ အကြောင်းအမျိုးမျိုးနဲ့ ပြိုကွဲပျက်စီးလာနေတဲ့ မိသားစုတစ်ခု။ သားသမီးတွေက တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်တွေခွဲသွားကြ။ နောက်ဆုံးမှာ တဲကလေးတစ်လုံး အဖိုးအိုအဖွားအိုလင်မယားတစ်စုံ။ ဒီကြားထဲ အဖွါးအိုက သေဆုံးသွား။ လောကကြီးထဲ  အဖိုးအိုတစ်ယောက်တည်း အထီးကျန်ဖြစ်။
ကျနော် အထက်က ပြောခဲ့ပါတယ်။ ဒီဇာတ်လမ်းနဲ့ ဆင်တူရိုးမှား ဇာတ်လမ်းတွေ ဒီစာအုပ်ထဲမှာ တပုံတပင်ကြီး။ ဒါကြောင့်မို့  သမရိုးကျ ဇာတ်လမ်း။ ဒါပေမယ့် ဒီဝတ္ထုရဲ့ အားသာချက်က ဇာတ်လမ်းနောက်ခံပေါ်မှာ ဇာတ်ကောင်စရိုက် လူ့ စရိုက်တွေကို ပီပီပြင်ပြင် ရေးနိုင်တဲ့အချက်က ဒီဝတ္ထုကို ဒီစာအုပ်ထဲမှာ သိသိသာသာ ထင်းထင်းပြက်ပြက် ဖြစ်နေစေတာပဲ။
ဇာတ်ကောင်စရိုက်ကို ပီပြင်အောင်ရေးပြီး သူပြောချင်တဲ့ လူ့သဘာဝသဘောကို ရောက်အောင် ထင်အောင် မြင်အောင် ခင်ခင်ထူး ရေးနိုင်ခဲ့ပါတယ်။

(ဆ)
ရွှေ ၆၄ ( ရွှေအမြုတေ ဝတ္ထုတို ၆၄ ပုဒ် စုစည်းမှု ) စာအုပ်မှာ စာရေးဆရာ ၆၄ ယောက်ရဲ့ ဝတ္ထုတို ၆၄ ပုဒ်ကို စုစည်းဖေါ်ပြပါတယ်။
ရွှေ ၆၄ ( ရွှေအမြုတေ ဝတ္ထုတို ၆၄ ပုဒ် စုစည်းမှု ) စာအုပ်ရဲ့ အဖွင့်မှာ ဒီစာအုပ်ကို စီစဉ်ထုတ်ဝေသူဖြစ်တဲ့ ဆရာ “ဝင်းငြိမ်း” က “ပျောက်ကွယ်လုမတတ် တိမ်ကောလာနေတဲ့ ရသစာပေကို ပြန်လည်တွန်းတင်တဲ့အနေနဲ့ စီစဉ်ထုတ်ဝေတာပါ” လို့  အမှာစာရေးပါတယ်။
စာအုပ်ဆိုင်မှာ ဒီစာအုပ်ကို လှပ်ကြည့်စဉ်က ဆရာဝင်းငြိမ်းရဲ့ အဲဒီအမှာစာကို ဖတ်ပြိး ကျနော် ဒီစာအုပ်ကို ဝယ်ခဲ့ ဖတ်ခဲ့တာပါ။ ရသစာပေ ခမ်းခြောက်မှုအပေါ် မခံမရပ်နိုင်အောင် ခံစားရတဲ့ စိတ်အခံနဲ့  အားတက်သရော ကျနော် ဖတ်ခဲ့တာပါ။
ဒါပေမယ့် ကျနော် အားမရခဲ့ပါဘူး။ ကျနော့် ရင်ထဲ အချိန်ကြာကြာ စွဲထင်ကျန်နေရစ်လောက်အောင် ကောင်းမွန်တဲ့ ဝတ္ထုတို တပုဒ်တလေမှ မပါရှိခဲ့ဘူးလို့ပဲ ကျနော် ခံစားရပါတယ်။ ကျနော် စိတ်ပူသွားရတယ်လေ။
အကြောင်းအမျိုးမျိုးကြောင့် ရသစာပေ တနေ့ တခြား ခမ်းခြောက်ရတဲ့အဖြစ်ကို ကျနော်တို့ လက်မခံလို့ မရပါဘူး။ ဒါက အရှိတရားပါ။ ဒါပေမယ့် ရသစာပေကျဆုံးရမလိုဖြစ်နေတာဟာ ဆရာဝင်းငြိမ်း ပြောသလို သတင်းခေတ်ကြီး ဖြစ်လာတာ တစ်ခုထဲကြောင့် ဆိုတာထက် ရသစာပေဖန်တီးမှုက အကြောဆိုင်း ဆီသည်မလက်သုပ် စာပေဖန်တီးမှုအဆင့်က မတက်လာနိုင်လို့ ကျဆုံးရမလိုဖြစ်တယ်ဆိုတဲ့ အချက်ကလည်း တစ်ချက်အပါအဝင် မဖြစ်နိုင်ဘူးလား။
ရသစာပေဟာ စာပေလောကမှာ လုံးဝချုပ်ငြိမ်းတော့မယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော်တို့ ငြင်းပယ်ရပါလိမ့်မယ်။ ဒါ့အပြင် ရသစာပေ တကျော့ခေါင်းထောင်လာနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာလည်း ကျနော်တို့ လေးနက်နေမိတယ်လေ။
ကျနော့်ရင်ထဲဖြစ်ပေါ်လာတဲ့ ဆန္ဒအမှန်ကို  ပြောရမယ်ဆိုရင် ဒီစာအုပ်ထဲမှာ ကျနော့်ရင်ကို ထိထိရောက်ရောက် လှုပ်ခတ်ဆွဲဆောင်နိုင်တဲ့ ဝတ္ထုတိုက (၁၀) ပုဒ်လောက်ပဲ ပါရှိပါတယ်။ ကျန်ဝတ္ထုတိုအားလုံး ကျနော် အားမရနိုင်ခဲ့ပါဘူး။ ဒါတောင်မှ ဒီ(၁၀)ပုဒ်လောက်ထဲက ရဲရဲဝံ့ဝံ့ ထပ်ပြီး ဆန်ကာတင်ရင် (၅) ပုဒ်တင်းတင်းပင် ကျန်ကောင်းကျန်နိုင်ပါ့မလား။ ကျနော် ခံစားရပါတယ်။
ကျနော်တို့က ရသစာပေကို ချစ်တဲ့ပရိဿဒ်ပါ။ ရသစာပေ ကျဆုံးတော့မယ်ဆိုတဲ့အသံကို ကြားနိုင်စွမ်းမရှိလောက်အောင် ခံပြင်းနေကြရသူတွေပါ။ ဒီလို အခံက ပြင်းထန်နေလွန်းနေလို့ပဲ ဒီဝတ္ထုတိုစုစာအုပ်ထဲက ဝတ္ထုတွေကို ဆန္ဒစွဲနဲ့  အကဲခတ်မှု တင်းခဲ့လေသလား။
ရသစာပေကို ကျနော်တို့ ပြန်လည်စိုက်ထူရပါလိမ့်မယ်။ ရသစာပေဟာ လူ့ဘဝနဲ့ အနီးစပ်ဆုံးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ရသစာပေရဲ့ ရွှေခေတ်ကို ကျနော်တို့ ပြန်လည် ထူထောင်ရပါလိမ့်မယ်။ ဒါပေမယ့် ရသစာပေ မီးကျိုးမောင်းပျက်တွေနဲ့တော့ ရသစာပေကို ကယ်တင်လို့ မရနိုင်ပါဘူး။ တကယ်ရသမြောက် အားကောင်းမောင်းသန် ရသစာပေသည်သာ ရသစာပေခေတ်ကို ပြန်လည်ထူထောင်လို့ ရနိုင်မှာပါ။ အထူးသဖြင့် သာခွေယိုင်ဖြစ်နေတဲ့ ရသစာပေကို ကျားကန်ဖို့ ကယ်တင်ဖို့ ကြိုးစားတဲ့အခါ သာခွေယိုင်ဖြစ်နေတဲ့ ရသစာပေနဲ့များ ကျားကန်မိမယ်ဆိုရင်တော့ ရသစာပေဟာ ပြန်လည်ခေါင်းမထောင်နိုင်တဲ့အပြင် စာဖတ်သူတွေနဲ့ ဝေးသထက်ဝေးသွားနိုင်မလား။ စာဖတ်သူကို မစည်းရုံးနိုင်တဲ့စာပေဟာ ကျဆုံးရမှာပါ။ သာခွေယိုင်ရသဝတ္ထုတွေက သာခွေယိုင်ဖြစ်နေတဲ့ ရသစာပေကို  ယိုင်သထက်ယိုင်အောင်များ တွန်းပို့ လိုက်သလို ဖြစ်စေနိုင်မလား။ အကြောက်အကန် စဉ်းစားငြင်းခုန်ရမယ့် ကိစ္စပါ။
ကျနော်တို့ ရွှေ ၆၄ ရဲ့ အားထုတ်မှု၊ စေတနာထက်သန်မှုကို အသိအမှတ်မပြုမဟုတ်၊ ပြုပါတယ်။ လေးနက်မှုမရှိမဟုတ်။ ရှိပါတယ်။ ဒါပေမယ့် သာမာန်သူလိုငါလို ရသစာပေဖန်တီးမှုတွေနဲ့တော့ဖြင့် ကျနော်တို့ရဲ့ ရသစာပေ ရွှေခေတ်ဟာ ပြန်လည်ထွန်းကားလာမှာ မဟုတ်လို့ သည့်ထက်တော့ ထက်မြက်အားကောင်းတဲ့ ခေတ်မီသစ်လွင်တဲ့ ရသဝတ္ထုများနဲ့ သာ ရသစာပေကို ပြန်လည် ထူကြမတ်ကြဖို့ လိုအပ်တယ်လို့ပဲ စဉ်းစားမိပါတယ်။     ။

ငြိမ်းဝေ
( ဧရာဝတီ အင်တာနက်ဝက်ဘ်ဆိုဒ်အတွက် မောင်သစ်ဦး ကလောင်အမည်နဲ့ ပေးပို့ တဲ့ စာမူဖြစ်ပါတယ်ခင်ဗျား)

စာအုပ်အမည်။     ။ ရွှေ ၆၄ (ရွှေ အမြုတေ ဝတ္ထုတို ၆၄ ပုဒ် စုစည်းမှု)
ထုတ်ဝေသူ။      ။ ဦးကျော်ဇင်( ကံ့ကော်ဝတ်ရည် စာပေ)
ထုတ်ဝေ ခုနှစ်။    ။ မေလ၊ ၂၀၁၀။ ပထမအကြိမ်
အုပ်ရေ။    ။ ၅၀၀
တန်ဘိုး။    ။ ၆၀၀၀ ကျပ်

No comments:

Post a Comment