August 09, 2012

ကျွန်တော်တို့မှာ ရန်သူမရှိ မိတ်ဆွေသာရှိ



(က)
လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ဖြစ်သည်။
ခင်မင်လေးစားရသော မိတ်ဆွေကဗျာဆရာတစ်ဦးက ဆရာဒဂုန်တာရာရဲ့ ‘ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရတယ်’ ဆိုတဲ့စကားကို ဂျာနယ်တစ်စေါင်မှတဆင့် တုန့်ပြန်ဝေဖန်သည်ကို ကျနော် ဖတ်ခဲ့ရဖူးသည်။ သူက ရန်ဘက်အရ လုံးလုံးကြီးဆန့်ကျင်နေသော ဆန့်ကျင်ဘက် အနေအထားကို ပေါင်းစပ်လို့မရကြောင်း ရူပဗေဒနည်းအရ သက်သေပြသည်။ အကျိုးစီးပွါးချင်း ဆန့်ကျင်ဘက်ဖြစ်နေသည့် မတူသော လူတန်းစားနှစ်ရပ်ကို ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်လို့မရဘူးဟု ယခင်ဂန္ထဝင်ပေတံဖြင့် တိုင်းတာပြကာ သက်သေပြသည်။ သူက ရန်ငါ ရပ်တည်ချက်ဖြင့် အခြေခံကာ ဆရာဒဂုန်တာရာကို စိတ်ကူးယဉ်သူဟူသော ကောက်ချက်ဖြင့် တုန့်ပြန်သည်။

ကျနော်က သူ့ဆောင်းပါးကို ဖတ်ပြီးကတည်းက ကျနော့်အမြင်ကို ပြန်လည်တင်ပြချင်ခဲ့သည်။ သူက အင်မတန်ရင်းနီးသူလည်းဖြစ် ပြောလို့ဆိုလို့လည်း သီးခံမည့်သူဖြစ်သဖြင့် ကျနော်က သူ့ ထင်မြင်ချက်ကို ပြန်လည်ထင်မြင်ချက်ပေးသည့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့သည်။ သို့သော် ကျနော့်ဆောင်းပါးကို ဘယ်ဂျာနယ်မှာမှ ဖေါ်ပြလို့ မရနိုင်သေးသည့် အချိန်ကာလဒေသ ဖြစ်နေသဖြင့် ကျနော့်မှာ လူသိထင်ရှား ဖေါ်ပြဖို့ အခွင့်မသာခဲ့။ သို့သော် သူနှင့်လူချင်းတွေ့သည့်အခါမတော့ သူ့အမြင်သူ့ဆောင်းပါးအပေါ် ကျနော့်ခံစားချက်ကို အရိပ်အမွက်မျှလောက်တော့ ပြောပြခဲ့သည်။
ယခုတော့ သူလည်း ဗဟုအဖွဲ့တစ်ခုတွင် ခေါင်းဆောင်ခေါင်းရွက်ပြုသူ၊ ပြည်တွင်းသို့ အကြိမ်ကြိမ်ဝင်ရောက်ကာ ရန်သူကို မိတ်ဆွေဖြစ်အောင် အစွမ်းကုန်ကြိုးစားနေသူ ဖြစ်လာခဲ့သည်။
မှန်ပါသည်။ အရာရာ ပြောင်းလဲနေသောခေတ်။ ပြောင်းလဲသည်ကို အသိရှိရှိ မြင်နိုင် အသုံးချနိုင် စမ်းသပ်နိုင်သောခေတ်။ တန်ဘိုးများ ဝန်ရိုးများ ပြောင်းလဲခဲ့သည် မဟုတ်ပါလော။ သို့သော် တချို့အပြောင်း အလဲများကား ထင်သာမြင်သာဖို့ရာ ခက်ခဲသည်။ အမီလိုက်ဖို့ရန် ခက်သည်။ အင်မတန်သိမ်မွေ့နက်နဲသော ‘ယဉ်ကျေးမှုဖြစ်စဉ်အသစ်’ တစ်ခု ဖြစ်သည်။ ထို့ကြောင့် ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရသော နိုင်ငံရေးကို ယခင် ဂန္ထဝင်ပေတံများဖြင့် တိုင်းတာကြည့်ပါက ကောက်ချက်အမှားကိုသာ ရပေလိမ့်မည်။  အကျိုးစီးပွါးချင်း ဆန့်ကျင်ဘက်လူတန်းစားနှစ်ရပ် ပေါင်းစပ်ဖို့ ကြိုးစားသည်ဆိုယုံမျှလောက်နှင့်လည်း လုံလောက်သည့် ကောက်ချက်ကို ရနိုင်လိမ့်မည် မဟုတ်ချေ။
ကျနော်ကတော့ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရသည့် သည် ယဉ်ကျေးမှုဖြစ်စဉ်ကြီးထဲ ကိုယ်တိုင်ပါဝင်ဖို့ စိတ်ဝင်စားခဲ့သည်မှာ ကြာပါပြီ။
(ခ)
ယခုနှစ် ဧပြီလဆန်းတွင် ကျနော် ပြည်တော်ပြန်လာခဲ့သည်။
နှစ်ပေါင်း နှစ်ဆယ်မျှ ပြည်ပတွင် နေထိုင်ရင်း ကိုယ်တတ်သမျှ ကိုယ်စွမ်းသမျှ အလုပ်လုပ်ခဲ့သည်။ ပြည်ပကို ထွက်ခွါသွားစဉ်က ကျနော့်တွင် အိမ်မက်တွေ တပုံတပင်။ အခု အိမ်ပြန်လာပြန်တော့လည်း ကျနော့်အိပ်မက်တွေက ကျနော့် အိပ်ကပ်ထဲ တချွင်ချွင်။
ပြည်တွင်းကို ပြန်ဝင်မည်ဟု စဉ်းစားစဉ်က ပြန်ရောက်လျင် ဘာကစပြီး ဘယ်လိုလုပ်ရမလည်းဟူသော မေးခွန်းများကို ကျနော် ကိုယ့်ကိုယ်ကို တမေးထဲ မေးနေခဲ့ရသည်။ ထုံးစံအတိုင်း တိုင်းပြည်အတွက် အများအတွက် အလုပ်လုပ်ရန်မပြောနှင့် ကိုယ့်မိသားစုအတွင်းမှာပင် ကိုယ့်မှာ အသိမိတ်ဆွေသာသာ အခြေအနေမျိုး ပြန်ရောက်နေသည်။ ကိုယ့်အခြေအနေ ကိုယ့်ဝမ်းစာ ကိုယ့်အတွေးအခေါ် ကိုယ့်အပြုအမူများက ကမ္ဘာသစ်တစ်ခုအတွက် အံမဝင်နိုင်အောင် ဖြစ်နေသေးသည်။ သည်ကမ္ဘာပေါ်တွင် ဘုရားသခင်ဖန်ဆင်းသည့် နောက်ဆုံးလူသားတစ်ဦးလို အရာရာ နောက်ကျနေခဲ့သည်။ အံမဝင် ခွင်မကျ ဖြစ်နေသည်။ ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့မပြောနှင့် ဘာတွေဖြစ်လို့ ဘယ်လိုအခြေအနေ ဖြစ်နေသလဲဆိုသည်ကိုပင် တီးခေါက်ဖို့ရာ ခက်ခဲသည်။ သည်လိုနှင့် ကျနော့်ဘဝ လေ့လာရေးသင်တန်းကျောင်းကို တောနင်းတောင်နင်းနှင့် တက်ရောက်သင်ကြားနေခဲ့ရပြန်သည်။ သည်လိုနှင့် သုံးလကျော် ကြာလာခဲ့သည်။
ထို အချိန်သုံးလအတွင်း ကျနော့်အိပ်ကပ်ထဲက အိပ်မက်များကလည်း မည်သည့်အသံမျှမပေးပဲ တိတ်ဆိတ်နေခဲ့ကြသည်။
ဇူလိုင်လဆန်းပိုင်းတွင် ကျနော် ပြည်ပမှာနေစဉ်က စုဆောင်းယူဆောင်လာခဲ့သော စာအုပ် (၁၅၀၀) ဝန်းကျင်ကို စာကြည့်တိုက်ကလေးလုပ်ဖို့ စိတ်ကူးသည်။ နေရာအခက်အခ၊ဲ အဆောက်အဦးအခက်အခဲ၊ လူ အရင်းအမြစ် အခက်အခဲ။ မတတ်သာသည့်အဆုံး ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကူအညီတောင်းသည်။ အဖွဲ့ချုပ်တာဝန်ရှိသူများကလည်း အလွယ်တကူပင် ခွင့်ပြုသည်။ အာဇာနည်နေ့တွင် စာကြည့်တိုက်မမည်သော စာဖတ်ခန်း ဖွင့်ပွဲလေးလုပ်မည်။ စာဖတ်ခန်း၏ အမည်ကို ‘ဗဟုရသပန်းခင်းစာဖတ်ခန်း’ဟု အမည်ပေးမည်။ စာစီစာကုံးပြိုင်ပွဲလေးလုပ်ကာ အဲဒီနေ့မှာ ဆုပေးမည်။ အဖွဲ့ချုပ်ရုံးသည်ပင် စာဖတ်ခန်း။ အဖွဲ့ချုပ်ရုံးမှာပင် အခမ်းအနားလုပ်မည်။
စာဖတ်ခန်းဖွင့်ပွဲလုပ်မယ့်နေ့မတိုင်ခင် ဖိတ်ကြားရမည့်သူများစာရင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိ ပုဂိုလ်များကိုလည်း ဖိတ်ကြားရန် ကျနော် အကြံပြုသည်။ သည်စာဖတ်ခန်းဖွင့်ပွဲကိစ္စမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးလုပ်ငန်း ပါတီလုပ်ငန်းသက်သက် မဟုတ်။ လူထုလူတန်းစားလုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုလည်း ဖိတ်သင့်သည်။ ဖိတ်လည်း ဖိတ်ခဲ့ကြသည်။
ထိုနေ့က အခမ်းအနား စတင်ကာနီးသည့်အချိန်တွင် ခန်းမထဲက လူတချို့ လှုပ်လှုပ်ရွရွ ဖြစ်သွားသဖြင့် ကျနော်က အပေါက်ဝကို လှမ်းကြည့်တော့ အပေါက်ဝတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်(အုတ်တွင်းမဲဆန္ဒနယ် ၂ )ကို တွေ့ရသည်။ ကျနော် ရင်အခုန်မြန်သွားရသည်။
ထိုအခိုက်အတန့်တွင် ကျနော့်ခေါင်းထဲ အတွေးတစ်ခု ဝင်လာခဲ့၏။
ကျနော်တို့လူစု ရန်သူကို မိတ်ဆွေဖြစ်အောင် အစပျိုးနိုင်ခဲ့သလားပဲ။ သည်လိုပဲ ကျနော် ခံစားရသည်။ ကျနော့်လက်တွေ့ဘဝက ကျနော့်အသိညာဏ်ကို ရီနေဆန်းဖြစ်စေလိုက်သည်။ ကျနော် စကား ပြောခွင့်ရသည့်အခါ ဘာ့ကြောင့် ‘ဗဟုရသပန်းခင်း’ ဆိုပြီး စာဖတ်ခန်းနာမည် ပေးခဲ့ရသည်ကို ရှင်းပြသည်။ အကျနော်တို့က ဧကရာစ်ဝါဒကို ဆန့်ကျင်သည်။ ဗဟုရာစ်ဝါဒကို နှစ်သက်သည်။ ကျနော်တို့ စမ်းသပ်ခဲ့ကြပြီးပြီ။ ဧကဝါဒ ဆန့်ကျင်ရင်းဆန့်ကျင်ရင်းက ကျနော်တို့ကိုယ်တိုင် ဧကဝါဒခြောက်ထဲ ကျခဲ့ဖူးကြသည်။ တဖက်လွန်အမှားများကို တဖက်လွန်အမှားနှင့် ဖုံးဖိထားခဲ့ကြသလားပဲ။ ကျနော်တို့က အမှားတွေကို အမှားတွေနဲ့ပဲ တိုက်ခဲ့ကြသလားပဲ။
မတူကွဲပြားခြားနားခြင်းသည် သဘာဝကျသည်။ မတူကွဲပြားခြားနားခြင်းသည် အလှတပါးဖြစ်သည်။ ဒါကို မြင်အောင် ကြည့်တတ်ဖို့လိုသည်ဟု ကျနော်ထင်သည်။ ထို့ကြောင့် ဗဟုဝါဒကို သဘောကျသဖြင့် ‘ဗဟုရသပန်းခင်းစာဖတ်ခန်း’ နာမည်ကို ယူခဲ့ကြခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ‘ဗဟု’ ကို အခြေခံသဖြင့် အပြန်အလှန်အသိအမှတ်ပြု လေးစားကာ  ‘တူတာတွေတွဲလုပ်၊ မတူတာတွေ ခွဲလုပ်ကြဖို့’ အတွက် အခြေခံကောင်းတစ်ခုကို မလွဲမသွေ ရနိုင်မည်ဖြစ်သည်။ တိုင်းပြည်နှင့်လူထုကောင်းစားရေး အခြေခံပေါ်တွင် ကျနော်တို့ လက်တွဲပြီး ရပ်ကြည့်ကြမည်။ လက်တွေ့ကျကျစဉ်းစားလျင် ဥပမာအားဖြင့် ကျနော်တို့ ကျွဲပွဲမြို့ကလေးရဲ့ ဗွက်ထူနေတဲ့လမ်းကို ဆရာဦးဝင်းမြင့်တို့နှင့်အတူ လက်တွဲပြီး ပြင်ချင်သည်။ တခြားနယ်ပယ် တခြားဒေသကို ကျနော် မပြောလို။ ကျနော်တို့ ကျွဲပွဲမြို့ကလေးမှာတော့ ‘နှင်းခဲပျော်ချိန်’ စပြီ။ ဒေါ်အောင်ဆန်းစုကြည်က ‘သူ့ရင်ကို ထောက်ထားတဲ့ အမုန်းဓါးကို နှလုံးသားနဲ့ ကွေးအောင်ကြိုးစားနေပြ’ီ။ ကျနော်တို့အားလုံး လှပစွာ ရန်ဖြစ်ကြပါစို့၊ ယဉ်ကျေးစွာ ငြင်းခုန်ရင်း အလုပ်လုပ်ကြပါစို့။ ကျနော် သည်လိုပဲ တိုတိုနှင့် လိုရင်းကို အစီရင်ခံကာ နိဂုံးချုပ်လိုက်သည်။ ဦးဝင်းမြင့်က ထပြီး လက်ဆွဲနှုတ်ဆက်သည်။ လူတွေအားလုံး ဝမ်းသာသည်။ လက်ခုပ်တီးကြသည်။
အခမ်းအနားပြီးတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က သဘာပတိကို ခွင့်တောင်းပြီး စကားနည်းနည်း ပြောသည်။ သူက ကျနော် တင်ပြလိုက်သည့် ‘တိုင်းပြည်အတွက် တူတာတွေ တွဲလုပ် မတူတာတွေခွဲ’ လုပ်ဆိုသည့်စကားကို လက်ခံကြောင်း သူ့အနေနှင့် သည်အခမ်းအနားကို တက်ရောက်စကားပြောသဖြင့် နောက်ပိုင်းက သူ့ရဲဘော်တချို့ သူ့အပေါ် သဘောထားအမြင် မှန်အောင်မကြည့်နိုင်ပဲ လွဲမှားစွာ မြင်ကောင်းမြင်မှာဖြစ်သည့်တိုင် သူကတော့ အခုလိုလုပ်ငန်းမျိုး အခုလို လက်တွဲဆောင်ရွက်မှုမျိုးကို ထောက်ခံကြောင်း အလေးအနက်ထားကြောင်း အားတက်ဝမ်းမြောက်ကြောင်း ရှည်ရှည်ဝေးဝေးပင် ရှင်းပြသည်။( အမှန်စင်စစ် ဦးဝင်းမြင့်ကို ဖိတ်စာပို့စဉ်က ကျနော်တို့လုပ်သည့်ပွဲကို သူ့အနေနှင့် လာကောင်းမှလာလိမ့်မည်ဟုတော့ ကျနော်တို့ ထည့်သွင်းစဉ်းစားခဲံ့ကြသည်။ တခါ အခမ်းအနားတက်လာပြန်တော့လည်း အစီစဉ်ထဲ ထည့်ပြီး စကားပြောပေးဖို့ ပန်ကြားရလျင် သင့်တော်ပါ့မလား သူကကော ပြောဖို့အခြေအနေ ပေးပါ့မလား..။ ကျနော်တို့ သည်လိုပဲစဉ်းစားပြီး စကားပြောအစီစဉ်ထဲတွင် ဦးဝင်းမြင့်ကို ထည့်မထားခဲ့ရ။ သို့သော်လည်း အခမ်အနားပြီးသောအခါ ဦးဝင်းမြင့်ကပင် ထိုင်ရာမှ ထရပ်ကာ စကားပြောခွင့်တောင်းခဲ့ခြင်းအတွက် သူ့ကို ကျနော်တို့ လေးစားသွားရသည်။)
ဦးဝင်းမြင့်ရဲ့နိဂုံးချုပ်စကားထဲတွင် ‘အထက်က လူကြီးတွေက တူတာတွေတွဲလုပ် မတူတာတွေ ခွဲလုပ်ဖို့ ပြောဆိုလုပ်ကိုင်နေကြစဉ် ကျနော်တို့က ဘာပြုလို့ တွေဝေနေကြမလည်း’ ဟုမေးခွန်းထုတ်ကာ သူ့စကားကိုနိဂုံးချုပ်လိုက်သည်။ လက်ခုပ်သံများ တော်တော်နှင့်မစဲတော့။
ထိုအချိန် အခိုက်အတန့်တွင် ကျနော့်အိပ်ကပ်ထဲက ကြားလိုက်ရသည့် ကျနော့်အိပ်မက်များရဲ့ တချွင်ချွင်မြည်သံက ကျနော့်နှလုံးသားကို ကြည်နူးအားတက်စေလိုက်သည်။
(ဂ)
ဆရာဒဂုန်တာရာက ‘နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေးဖြစ်သည်’ တဲ့။ ဒါကတော့ ယဉ်ကျေးမှုသစ်ရဲ့ အခြေခံအုပ်မြစ်ပဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ‘နိုင်ငံရေးယဉ်ကျေးမှုသစ် လုပ်ငန်းစဉ်’ သည်သာ အမှန်ကန်ဆုံး ပြုပြင်ပြောင်းလဲရေးနည်းနာဖြစ်သည်ဟု ပြောခဲ့သည်။ မေတ္တာကို အခြေခံဖို့ တနည်းအားဖြင့် ရန်သူကို မှန်ကန်သိမ်မွေ့မြင့်မားသည့်စိတ်နှင့် မြင်တတ် ချစ်တတ် ချဉ်းကပ်တတ်ဖို့… သည်လို သဘောထားအခြေခံသည့်စကားများကို ပြောလာခဲ့သည်မှာ ကြာပါပြီ။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်သည် ယင်း နိုင်ငံရေးယဉ်ကျေးမှုသစ်လုပ်ငန်းစဉ်ကို လွှတ်တော်အတွင်းအထိ ယူလာခဲ့ပြီ။ ကျွန်မဒီကိုလာတာ ရန်ဖြစ်ဖို့လာတာ မဟုတ်ဘူး၊ အလုပ်အတူတွဲလုပ်ဖို့လာတာ ဟူသောစကားက လွှတ်တော်တွင်းက လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ နှလုံးသားကို နွေးထွေးအေးမြ လန်းဆန်းစေလိုက်သည်။
မည်သို့ပင်ဖြစ်စေ တခြားလူ့အဖွဲ့အစည်းတချို့တွင်လည်း သည်လို ပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာပင် ခဏတဖြုတ်ရပ်တန့်သွားမှုများ မရှိမဟုတ် ရှိခဲ့သည်။ အဆုံးစွန်ဆုံးဆိုရလျင် နောက်ထပ်ပြီး သွေးမြေကျရသည့် အထစ်အငေါ့မျိုးအထိ ရှိတတ်သည်။ သို့သော် တွေ့ဆုံဆွေးနွေးအဖြေရှာရေးမူကို အတိမ်းအစေါင်းမခံခဲ့ကြ။ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ဘေးချမထားခဲ့ကြပဲ မြဲသထက်မြဲအောင် ဆုပ်ကိုင်ထားခဲ့ကြသည်။ဥပမာ… အရှေ့အလည်ပိုင်းက ပြုပြင်ပြောင်းလဲရေး ဖြတ်သန်းခဲ့ကြသည့် နိုင်ငံများ။
အခုတော့ဒေါ်အောင်ဆန်းစုကြည်က တစ်ခု သို့မဟုတ် တစ်ခုပဲ ကျန်အောင်လုပ်ရမည်ဟူသော ဧကဝါဒဂန္ထဝင်ပေတံ ဟောင်းကို လွှင့်ပစ်လိုက်သည်။ နှစ်ခုစလုံး တစုံတရာအခြေခံပေါ်တွင် ပျော်ဝင်ပွါးစည်းကာ တည်ငြိမ်မှု အေးချမ်းမှုနှင့် ကောင်းကင်သစ်တစ်ခု ဖန်တီးရန် တောင်းဆိုလိုက်သည်။
မှန်ပါသည်။ ကျနော်တို့ လှပစွာ ငြင်းခုန်ကြပါစို့။ ကျနော်တို့ ..ယဉ်ကျေးစွာ ရန်ဖြစ်ရင်းနဲ့ ကျနော်တို့ရဲ့ အနာဂတ်ကို ကျနော်တို့ကိုယ်တိုင် တည်ဆောက်ကြပါစို့။   
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၎၊ ၈၊ ၂၀၁၂

1 comment:

  1. မင်္ဂလာပါ ကိုငြိမ်းဝေ။ ဒီ blog ဖက် မရောက်တာ ကြာလို့ ကြည့်မိတဲ့အခါ မြန်မာပြည်ပြန်ရောက်နေမှန်း သိရတယ်။ အတွေး တွေကို ဖတ်ရတဲ့ အခါ အင်မတန် ၀မ်းသာပါတယ်။ ဆက်တည်ဆောက်ကြပါစို့။

    ReplyDelete