November 03, 2008

ဆရာတော်ဦးစာရိန္ဒ၊ စာတစောင်နှင့် လပြည့်နေ့ည ဘုရားပွဲ


ဈေးဆိုင်တန်းအားလုံးလိုလို ကက်ဆက်သံ၊ ဓါတ်စက်သံများ အပြိုင်အဆိုင်ဖွင့်ထားကြသဖြင့် ပွဲခင်း တခုလုံး ဆူညံလျက်ရှိ၏။ ခနော်ခနဲ့တန်းလျားပေါ်တွင်ထိုင်ရသည်မှာ လဲမကျအောင်ထိန်းပြီး ထိုင်ရ၏။ သည်ကြားထဲ လယ်ကွက်ထဲတွင် ကုလားဖျဉ်းထိုး ဆိုင်ဖွင့်ထားသည်မို့ မြေကြီးခဲ၊ ရိုးပြတ်ငုတ်တိုနှင့် ပတ်ကြားအက်များကြောင့် တန်းလျားမှာ တလှုပ်လှုပ်ဖြစ်နေ၏။ ကိုယ်ကငြိမ်အောင်ထိုင် ပေသည့်ဘေးချင်း ယှဉ်ထိုင်ပြီး မုန့်ဟင်းခါးစားနေသူနှစ်ယောက်က အငြိမ်မနေကြ။ ငြုပ်သီးထထည့်၊ ဟင်းရည်ထတောင်းနှင့် ထိုင်လိုက်ထလိုက်လုပ်သည့်အခါ ကျနော့်လက်ထဲက ဇွန်းမှာ ပါးစပ်ပေါက်ဝတွင် ယိမ်းထိုးလျက်ရှိ၏။

လူတယောက် ... ကျနော့်ကြောကို ထိမှီကာရပ်လိုက်သည်။ ခေါင်းကိုမော့ပြီးကြည့်တော့ ကရင် အမျိုးသားတယောက်ကိုတွေ့ရ၏။ ခါးတွင် စောင်တထည်ပတ်လျက်၊ ပုဆိုးတိုတို၊ အင်္ကျီခတ်နွမ်းနွမ်း။
“ဟား ... ဗိုလ်ကျော်ဆန်း”
သူက ကျနော်နှင့်ခွါကာ၊ ဆိုင်တံစက်မြိတ်တွင် သွားရပ်ပြီး စောင့်နေ၏။ ကျနော်က မုန့်ဟင်းခါးဖိုး ရှင်းသည်။ တံစက်မြိတ်ဝတွင် ရပ်နေသည့် ဗိုလ်ကျော်ဆန်းဘေးတွင် ရပ်သည်။
“ခင်ဗျားတယောက်ထဲ ပွဲခင်းထဲထွက်လာတာလား၊ တယောက်ယောက်တော့ခေါ်လာမှပေါ့”
“ဘယ်မှမသွားပါဘူး၊ မုန့်ဟင်းခါးတပွဲစားပြီး လုံခြုံရေးတဲပြန်မှာပါ၊ ခေါ်လာရမှာလည်း အားနာလို့ပါ”
“ဒါဆိုရင် ဆရာတော်ဘုရားဆီ ခဏလိုက်ခဲ့ဦးဗျာ၊ ဆရာတော်ဘုရားက အရေးကြီးတဲ့ကိစ္စတခု တိုင်ပင်စရာရှိတယ်ဆိုပြီး ခင်ဗျားနဲ့ကျုပ်ကို အခေါ်ခိုင်းလိုက်လို့”
ကျနော်တို့နှစ်ယောက် ပွဲခင်းထဲက ထွက်တော့ ကော်ဟဲရွာထိပ်တွင် မှောင်နှင့်မည်းမည်းဖြစ်နေ၏။ ပွဲသွားပွဲလာလူတချို့ ကျနော်တို့ဘေးမှ ဖြတ်လျှောက်သွားကြ၏။ ဗိုလ်ကျော်ဆန်းက လက်နှိပ်ဓါတ်မီးကို အုပ်ပြီးထိုးကာ ရှေ့ကလျှောက်၏။ လက်နှိပ်ဓါတ်မီးအလင်းရောင်မှာ တလံကွာကွာလောက်အထိသာ ထိရောက်၏။
ဖါးအံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ရေးတာဝန်ခံ ဗိုလ်ကျော်ဆန်းနှင့် ကျနော် လူချင်းတွေ့ဖူးသည်မှာ သုံးရက်သာလျင် ရှိသေး၏။ ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်၊ ဖြတ်ဖြတ် လတ်လတ်၊ အသက် (၅၀) ၀န်းကျင် ကရင်လူမျိုးတဦး။ စကားကို လေလုံးကွဲရုံမျှသာ အသံနှိမ့်ပြီး ပြောတတ်သူ။
ဘုရားကျောင်းဝန်းထဲတွင် မီးစက်ဖြင့် မီးချောင်းများထွန်းထား၏။ ကျောင်းမကြီးပေါ်တွင်မူ မီးချောင်း များ မှိတ်ထားကာ၊ ရေနံဆီမီးခွက်တလုံးသာ ကြမ်းပြင်ပေါ်ချထားသည်ကို တွေ့ရ၏။ အနားကိုရောက်တော့ ကျောင်းထိုင်ဆရာတော်ဦးစာရိန္ဒနှင့် အခြားပုဂ္ဂိုလ်နှစ်ဦး ထိုင်နေသည်ကိုတွေ့ရ၏။
“ဆရာတော်ဘုရား ... တပြည့်တော်ကို အခေါ်ခိုင်းတယ်ဆိုလို့ပါဘုရား ...”
“အေး၊ ဟုတ်တယ် ဒကာကြီး၊ ကျုပ်ဆီကို ကင်းသမားက တဆင့် စာတစောင်ရောက်လာတယ်၊ အဲဒါ တိုင်ပင်ချင်လို့ အခေါ်ခိုင်းလိုက်တာ”
ဘေးတွင်ကပ်ထိုင်နေကြသည့် ရွာသားနှစ်ဦးက လူစိမ်းဖြစ်သူ ကျနော့်ကို အကဲခတ်နေကြ၏။ မိဆိုင်းတောင်ပေါ်ဘုရား (၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကျင်းပရေးကော်မီတီလူကြီးများဖြစ်မည် ဟု ယူဆမိ၏။
“အော် ... သတင်းထောက် ဒကာကြီးပါ.. ပါလာတာကိုး၊ ...အဆင်ပြေတာပေါ့၊ ကျုပ်တော့ ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာ မသိတော့ပါဘူး၊ ၀ိုင်းပြီး စဉ်းစားကြပါဦး”
ဆရာတော်ဘုရားက ကြမ်းပြင်ပေါ်က စာရွက်တရွက်ကိုယူကာ ဗိုလ်ကျော်ဆန်း လက်ထဲသို့ လွှဲပေး လိုက်၏။ ဗိုလ်ကျော်ဆန်းက မီးခွက်ကိုဆွဲယူကာ စာရွက်ကိုငုံ့ပြီး ဖတ်၏။ အတန်ကြာဖတ်ကြည့်ပြီးမှ ကျနော့် ဆီကို လွှဲပေး၏။ လက်ထဲရောက်လာသည့်စာရွက်ကိုကိုင်ကာ မီးခွက်အနားကို တိုးကပ်ပြီး ဖတ်သည်။



၂၄.၃.၉၄
တပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား

တပည့်တော်တို့လည်း ဆရာတော်ဘုရား၏ လပြည့်နေ့ည ဘုရားပွဲကို ဓါတ်ပုံများ၊ ဗွီဒီယိုများရိုက်ကူးပြီး မှတ်တမ်းတင်ချင်ပါသည်ဘုရား။ အရှင်ဘုရားအနေနှင့် တပည့်တော်တို့ကို လာခွင့်ပြုမည်ဆိုလျှင် ကင်းသမား နှင့်အတူ ဘိတ်စာလေးတစောင်ရေးပြီး ပို့ပေးလိုက်ပါရန် လျှောက်ထားပါသည်ဘုရား။

(တပ်ခွဲမှူး)
ခလရ (၄၂) ရွှေအုပ်ကျေးရွာစခန်း

လက်ထဲက စာရွက်ကို ငုံ့ဖတ်နေရင်းက တအံ့တသြငိုင်နေမိသည်။ ကျနော့်ထံက စကားကို နားစွင့်နေကြသည့် ၀ိုင်းထိုင်သူများကိုပင် မေ့သွားရ၏။ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မီတီ ဥက္ကဌ ဆရာတော်ဦးစာရိန္ဒထံ နအဖစစ်တပ်က ရေးပို့သည့်စာဖြစ်၏။
“ပဒိုကိုလေးဆီကိုကော အခေါ်ခိုင်းထားပြီးပြီလားဘုရာ့”
“ခေါ်တော့ ခေါ်ခိုင်းထားတာပဲ ဒကာကြီး၊ အခုပဲ ရှစ်နာရိထိုးတော့မယ်၊ ပဒိုကိုလေးက ချက်ချင်း ထလိုက်လာရင်တောင် တနာရီလောက်ကြာဦးမယ်၊ ပွဲက ကိုးနာရီမှာထွက်မယ်လို့ပြောတယ်၊ အကျိုးအကြောင်းစာပြန်ရင်လည်း ညဥ့်နက်မှ စာပြန်လို့မဖြစ်ဘူးမို့လား၊ ပဒိုကိုလေး မလာခင် ကျုပ်တို့ဖာသာ ကျုပ်တို့ စဉ်းစားထားဖို့လိုတာပေါ့”
နယ်ခံပုဂ္ဂိုလ်များထက် ကျနော့်အဖို့ ပိုပြီး စဉ်းစားရခက်၏။ ကျနော်က ခဏတဖြုတ်ရောက်လာသည့် အာဂန္တုဧည့်သည်။ ဘာတခုမျှ အကျွမ်းတ၀င်သိရှိထားသူမဟုတ်။ တချိန်တည်းမှာပင် ဆရာတော်ဘုရား၊ ဗိုလ်ကျော်ဆန်းနှင့်တကွ တာဝန်ရှိသူများအဖို့လည်း စဉ်းစားဆုံးဖြတ်ရခက်ခဲလိမ့်မည်ဆိုသည်ကို ကျနော်သိ၏။
“ဆုံးဖြတ်ရခက်တာတော့ အမှန်ပဲ ဒကာကြီးရ”
ဝိုင်းထိုင်နေသူအားလုံး ငြိမ်ချက်သားကောင်းနေကြ၏။ အတွေးကိုယ်စီနှင့်အလုပ်ရှုပ်နေကြရ၏။
“သူတို့ပြောသလို ဖိတ်လိုက်ရင်ကော တကယ်လာပါ့မလား၊ တပည့်တော်တို့ဖက်က ဒီပွဲကို နောက်က အမာခံထားပြီး ကျင်းပတယ်ဆိုတာသိလို့ ဆရာတော်ဘုရားကို ကလိတာများလားမှ မသိတာ၊ စာထဲမှာ သူတို့လည်းပဲ ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ချင်ပါတယ်ဆိုတာက၊ တောင်ပေါ်ဘုရားမှာ မနေ့တုန်းက ဗဟိုက အဖွဲ့တွေ တချိန်လုံး ဗွီဒီယိုရိုက်ပြီး မှတ်တမ်းတင်နေတာ သူတို့သိလို့ ဒီလိုလှမ်းပြီး ကတောက်တာလဲ ဖြစ်နိုင်တယ်ဘုရာ့”
ဗိုလ်ကျော်ဆန်း၏စကားအပေါ် မည်သူမျှရုတ်တရက် သဘောထားမပေးနိုင်ကြ။ ကျနော်ကလည်း မ၀ံ့မရဲဝင်ပြီး အကြံပြုဖို့စဉ်းစားမိ၏။
“ဖိတ်စာပို့ကြည့်ရင် ကောင်းမလား၊ ပွဲခင်းထဲကို ဘယ်သူမှ လက်နက်ကိုင်ပြီး၊ ယူနီဖောင်းဝတ်ပြီး မလာရဆိုပြီး ဆရာတော်အမိန့်ထုတ်တာဆိုတော့၊ ဒီကောင်တွေ လက်နက်မပါပဲတော့ လာရဲမှာ မဟုတ်ဘူး ဖုရား၊ လက်နက်ကိုင်ပြီးလာလို့ကလည်းမရဆိုတော့ ဒီကောင်တွေလာရဲမယ်မထင်ဘူးဘုရာ့”
“ဒါလည်း မဖြစ်သေးဘူး ဒကာကြီးရဲ့၊ သူတို့က လက်နက်ကိုင်ပြီးပဲလာလာ၊ လက်နက်မပါပဲနဲ့ပဲ လာလာ၊ ပွဲခင်းထဲ သူတို့လာပြီဆိုတာ သိတာနဲ့တပြိုင်နက် ပွဲလည်းပျက်မှာပဲ၊ အကုန်ထွက်ပြေးကြမှာပဲ၊ အခုပဲ ကြည့်လေ သူတို့က တညနေလုံး လက်နက်ကြီးထုပြီး အသံပေးနေတာ ဒကာကြီးလည်း အကြားပဲဟာ”
“ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ ... တခုခုတော့ အကြောင်းပြန်ရမယ်နဲ့တူတယ်”
“အဲဒါပြောတာပေါ့၊ ဘယ်လိုအကြောင်းပြန်ရမလဲဆိုတာ ဆုံးဖြတ်ရခက်လို့ပေါ့”
“အကြောင်းမပြန်ပဲ ဒီအတိုင်းနေလိုက်ပြန်ရင်လည်း ပွဲပြီးရင် ဆရာတော်ဘုရားကိုများ သူတို့က ပြဿနာရှာလာနိုင်မလား”
“ဒါလည်း အတတ်မပြောနိုင်ဘူး သတင်းထောက်ကြီးရဲ့၊ ပြီးတော့ ဒီလိုစာလာပို့တာက အစ သတင်းမပေါက်ကြားရအောင် ပိတ်ထားရတယ်၊ တော်ကြာပွဲပျက်သွားမယ်မို့လား”
ကျနော်က မီးခွက်ဘေးတွင်ချထားသည့်စာရွက်ကိုယူကာ နောက်တကြိမ်ထပ်ပြီး ဖတ်ကြည့်မိပြန် သည်။ စာ၏အောက်ခြေ၌ တပ်ခွဲမှူး၏အမည်မပါသော်လည်း လက်မှတ်ထိုးထားသည်ကိုတွေ့ရ၏။ ထိပ်တွင် တပ်ခွဲရုံးတံဆိပ်ရိုက်ထားသည်ကို တွေ့ရ၏။
“တပည့်တော်က မသိလို့၊ စိုးရိမ်လို့မေးတာပါဘုရား၊ တကယ်လို့ ဆရာတော်ဘုရားက ဖိတ်စာမပို့ပဲ ထားရင် ဒီကောင်တွေ ပွဲခင်းထဲများ လက်နက်ကြီးနဲ့ ထုချင်ထုမလားမသိဘူးဘုရာ့”
“အေး ... ဒါလည်း ပြောလို့တော့မရဘူးပေါ့ ဒကာကြီးရာ၊ ဒကာကြီးတောင် မနက်က ပွဲလာတဲ့ ရွာသားတယောက်နဲ့စကားပြောရသေးတယ်မို့လား၊ ဟို ... လက်မှာ လက်နက်ကြီး ကျည်ဆံရှပ်ထိထားလို့ ပတ်တီးစီးတဲ့ ဒကာလေ”
ဟုတ်တော့လည်း ဟုတ်၏။ မနက်ပိုင်းက ကော်ဟဲရွာသို့ ပွဲကြည့်ရန်ထွက်လာကြသည့် ကျောင်းရွာက ရွာသားတအုပ်ကို နအဖစစ်တပ်က လမ်းမှဖြတ်တားပြီး စစ်ဆေးတားဆီးဖို့ကြိုးစားခဲ့၏။ ကြောက်လန့်ကာ ထွက်ပြေးသည့်ရွာသားများကို လက်နက်ကြီးနှင့် လှမ်းပစ်၏။ လက်မောင်းတွင် ဒဏ်ရာရခဲ့သည့် ရွာသားတဦး ကို ကျနော်သွားတွေ့ခဲ့၏။ သတင်းယူခဲ့ရ၏။ ဒဏ်ရာမှာ သွေးမတိတ်သေး။ ကမ္မမေါင်းဆေးရုံသို့ သွားပြသင့်ကြောင်း ကျနော်က အကြံပြုတော့လည်း သည်လို ဒဏ်ရာမျိုးနှင့် မြို့ကဆေးရုံတွင် သွားမပြရဲဟုဆို၏။ ရွာထဲက အရပ်ဆရာ နှင့်ပင် ကြိတ်ပြီးဆေးကုနေလေသည်။
စကားဝိုင်းဖွဲ့ထိုင်နေစဉ် ခြေသံကြားလို့လှည့်ကြည့်တော့ ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးနှင့် ရွာသားနှစ်ဦး ရောက်လာသည်ကိုတွေ့ရ၏။
အချိန်အတန်ကြာဆက်ပြီး အကြိတ်အနယ် တိုင်ပင်ဆွေးနွေးကြပြန်သည်။ နောက်ဆုံး၌ နအဖ စစ်တပ်ထံ မည်သို့မျှ အကြောင်းမပြန်ပဲ သည်အတိုင်းပွဲကို ကျင်းပသွားရန်ဆုံးဖြတ်ခဲ့ကြ၏။ သို့သော် ရွာနှင့် ခတ်လှမ်းလှမ်းအထိ ပုန်းကင်းများ တိုးချဲ့ချထားကြရန် စီစဉ်ခဲ့ကြရ၏။ အစစအရာရာ သတိနှင့် ပြင်ဆင်ထားကြဖို့ လုံခြုံရေး ကင်းသမားများကို မသိမသာ နှိုးဆော်ကြရ၏။
ညဥ့် (၂) နာရီထိုးသည်အထိ မည်သည့်ထူးခြားမှုမျှ မရှိသေး။ လက်နက်ကြီးပစ်သံများကိုမူ နာရီဝက် တကြိမ်မျှ ကြားနေကြရ၏။ ဆိုင်းသံတိတ်ချိန်နှင့် လက်နက်ကြီးပစ်သံ ကြုံကြိုက်သွားပါက ပွဲကြည့်ပရိဿဒ်များမှာ အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်ကြရ၏။ ခေါင်းတဆန့်ဆန့်နှင့် လည်ပြန်တကြည့်ကြည့် ဖြစ်ကြရ၏။ ပြီးတော့ ဆိုင်းသံများပြန်လည်ဆူညံလာသည့်အခါ ပွဲစင်ဖက်သို့ မျက်နှာပြန်လှည့်ပြီး ပျက်လုံးများကို တဝေါဝေါနှင့် သဘောကျနေကြပြန်၏။
မနက်မိုးလင်းလို့ ပွဲခင်းထဲတွင် လူစုကွဲသောအခါကြမှ ကျနော်သည်လည်း လူအုပ်နှင့်ရောကာ ဘုန်းတော်ကြီး ကျောင်းဖက်သို့ထွက်ခဲ့ရ၏။ ကျောင်းမကြီးအောက်က ကုတင်တလုံးရှိရာသို့ အိပ်မှုံစုံမွှားနှင့် လျှောက်လာခဲ့၏။ ကုတင်ပေါ်တွင် အဖိုးအိုတယောက်ဟု ယူဆရသည့် လူတယောက်၊ ပုဆိုးခြုံကာ အိပ်ပျော် နေသည်ကို တွေ့ရ၏။ မိုးလင်းပြီဖြစ်သဖြင့် စိတ်ချယုံကြည်ရပြီဟု ပိုင်းဖြတ်ကာ အိပ်ပျော်နေသူ၏ ဘေးတွင်ပင် ၀င်ပြီး လှဲအိပ်လိုက်၏။
“ခင်ဗျား ... အခုမှ ပြန်လာတာလား”
မပီမသ နှုတ်ဆက်သံကြားလို့ ခေါင်းထောင်ပြီး ထကြည့်မိသည်။ ကျနော့်ဘေးတွင် ပုဆိုးခြုံပြီး အိပ်နေသည့် “ဗိုလ်ကျော်ဆန်း” ကို မမျှော်လင့်ပဲ တွေ့လိုက်ရ၏။ စကားပြန်ပြောမည်ဟု ရည်ရွယ်စဉ် ဗိုလ်ကျော်ဆန်းကို ကြည့်တော့ သူက မျက်လုံးများပိတ်ကာ ဟောက်သံပေးပြီး ပြန်လည်အိပ်ပျော်နေ လေတော့သည်။ ။

ငြိမ်းဝေ

(ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက မောင်သစ်ဦးကလောင်အမည်နဲ့ မဇ္ဈိမမှာရေးခဲ့တဲ့ ခရီးသွားဆောင်းပါးဖြစ်ပါတယ်။)

No comments:

Post a Comment