January 26, 2011

မနက်ခင်း ဆွဲချ

မနက်မိုးလင်းရင် တံခါးမကြီးကို အရင်ဖွင့်တတ်တယ်
မဟုတ်ဘူး
ကျနော့် ရင်ကို အရင်ဖွင့်တတ်တယ်
ခက်တာက ကျနော်က ရင်ဖွင့်ပြီးရင် ပြန်မပိတ်တတ်ဘူးလေ
မဟုတ်ဘူး ပြန်မပိတ်ချင်ဘူး
ဒီလိုနဲ့ ဆွဲချကို ကျနော်မြင်လိုက်တာပဲ
ဆွဲချလေ...
နှင်းတွေ ဝေနေလိုက်တာ
စကားဝါပင်ပေါ်မှာ စပါယ်ရုံပေါ်မှာ ကျနော် မစိုက်ထားပေမယ့် ပွင့်နေတဲ့ စင်္ကြာပွင့်တွေပေါ်မှာ
ဆွဲချ ရောက်လာနေပြီလေ
ဆွဲချကို ကျနော် တွေ့ ချင်လို့ တံခါးမကြီးကိုဖွင့်ခဲ့တာပဲ
ကျနော် တံခါးဖွင့်လို့ လည်း ဆွဲချက ရောက်လာတာပဲ
ဆွဲချနဲ့ ကျနော် အတူတူထိုင်ရမလား
ဆွဲချနဲ့ ကျနော် အတူတူ သီချင်းနားထောင်ရမလား
ဆွဲချနဲ့ အတူ ဟိုလူရေးတဲ့ အနာဂတိကဗျာမျိုး ရေးရမလား
ဆွဲချနဲ့ အတူ ခြံအပြင်ဘက်က ကွင်းစပ်မှာ ဘုရားတိုင် ရတု စဉ်းစားရမလား
ငါ ဒီမှာရောက်နေတာ တခါမှ ခတ်ဝေးဝေးက ဘုရားစေတီကို မမြင်ခဲ့ဘူး
မဟုတ်ဘူး
မမြင်ချင်ယောင်ဆောင်ခဲ့တာ
ဆွဲချလေ
ဆွဲချဖို့ ကြိုးစားတဲ့ ဆွဲချလား
ဆွဲချဟာ ငါ့ဘဝအတွက် လိုအပ်နေပြီလား
အခု အသက် ၆၀ ကျော်ပြီ
မွေးနေ့ ဘယ်နေ့ မှန်း အတိအကျမသိ
မွေးနေ့ တခါမှ လုပ်ဖို့ မစဉ်းစားခဲ့မိ
တဖန်ပြန်လည် မွေးဖွါးခြင်းကို ငါ စိတ်မဝင်စား
မနက်ခင်းတိုင်း ညအိပ်ယာဝင်တိုင်း
ဘာသံတွေမှန်း ဘယ်ကမှန်းမသိတဲ့ အသံတွေ ငါကြားနေရ
ဒီလိုနဲ့ 
ဆွဲချနဲ့  ရက်ပေါင်း ဘယ်နှစ်ရက်
ဘယ်နှစ်နှစ်
ဆွဲချရေ
ငါတံခါးဖွင့်လိုက်ပြီ
ဆွဲချရေ
ငါလာနေပြီ
ဆွဲချကို ငါချစ်တယ်
ဆွဲချရေ
ငါ့ကို ဆွဲသာချလိုက်ပါတော့။   

ငြိမ်းဝေ
၂၀၊ ၁ ၊ ၁၁
( ကဗျာသရုပ်ဖေါ်ပုံက ပီကာဆိုရဲ့ လက်ရာပါ၊ ဂူဂဲက ရယူထားတာပါ။ )

No comments:

Post a Comment