April 03, 2008

မန်မရီ ရေအိုင်ထက်က တွန့် လိမ်နေသော တိမ်တိုက်များ

(က)

ပိုလန်ကဗျာဆရာ “ ရှက်စ်လောမီလော့ဇ် ” ကွယ်လွန်ခဲ့တာ အခုဆိုရင် (၂)နှစ်ကျော် ရှိခဲ့ပါပြီ ။ ၂၀၀၄ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့ မှာ သူကွယ်လွန်ခဲ့တာပါ။
ကဗျာဆရာ “ ရှက်စ်လောမီလော့ဇ် ” ရဲ့ ဘ၀ဟာ၊ သူနဲ့ ခေတ်ပြိုင် အရှေ့ ဥရောပအိမ်နီးချင်းနိုင်ငံတချို့ က ကဗျာ ဆရာတွေလိုပဲ နိုင်ငံရပ်ခြားမှာ ခိုလှုံခွင့်တောင်းရတဲ့အဖြစ်၊ ကဗျာတွေ ပုံနှိပ်ခွင့် ပိတ်ပင်ခံရတဲ့အဖြစ်တွေနဲ့  ရင်ဆိုင်ဖြတ်သန်းရတာ ပါပဲ။ ဒါဟာ ကဗျာဆရာတဦးအနေနဲ့ သူရဲ့ ခေတ်ပြိုင် သမိုင်းရေးအနေအထားအပေါ် တာဝန်ကျေခြင်း မကျေခြင်းဆိုတဲ့ ပေတံနဲ့  တိုင်းတဲ့အခါ၊ တာဝန်ကျေသွားကြတဲ့ ကဗျာဆရာတိုင်း ဒီလိုခံစားနာကျင်ကြရတာချည်းပါပဲ။ ဘာပြုလို့ လည်းဆိုတော့ သူနဲ့ ခေတ် ပြိုင် လူထူရဲ့ ဘ၀ဟာလည်း ခံစားနာကျင်မှုတွေနဲ့  ပြည့်နှက်နေခဲ့လို့ ပဲပေါ့။



ပိုလန်နိုင်ငံရဲ့  ခေတ်သစ်သမိုင်းမှာ ဟောင်းနွမ်းဆွေးမြေ့ တဲ့စနစ်ဟောင်းကနေပြီး၊ သစ်လွင်တဲ့ စနစ်တခုဆီကူးပြောင်းရာ မှာ ကူးပြောင်းပုံကူးပြောင်းနည်းက အင်မတန် သိမ်မွေ့ လေးနက်ပါတယ်။ “ ကတ္တီပါတော်လှန်ရေးနည်း ” ပါပဲ။ ဒါနဲ့ ပါတ်သက်ပြီး ပိုလန်အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ “ လက်စ်ဝယ်လ်ဆါ ” ပြောတဲ့စကားတခွန်းက ပိုလန်ခေတ်ပြောင်းတော်လှန်ရေးရဲ့  ဥပဓိရုပ်ကို ပုံဖေါ်သလိုပါပဲ။ သူက “ ငြိမ်းချမ်းစွာ ခေတ်ပြောင်းဖို့ ကြိုးစားတဲ့နည်းဟာ အချိန်ကြာကြာ ယူကောင်းယူရပါလိမ့်မယ်၊ ဒါပေမယ့် ဒီနည်းက အောင်မြင်မှုကိုပိုပြီး ရနိုင်တယ် ” လို့ ပြောခဲ့တာပါ။ သူက ပရပ်မြို့ လယ်ခေါင်လမ်းတွေပေါ်က ဆန္ဒပြကြွေး ကြော်နေကြတဲ့ ပိုလန်လူထုကို ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခြင်းဟာ “ အဓမ္မ ” ကို မနိုင်စရာအကြောင်း မရှိဘူးလို့ အားပေးလိုက် တဲ့ သဘောပါပဲ။ “ လက်စ်ဝယ်လ်ဆာ ” ဟာ၊ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသူ၊ ၁၉၈၃-ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခံခဲ့ရ သူပါ။
ပိုလန်ကဗျာဆရာ “ ရှက်စ်လောမီလော့ဇ် ” လည်းပဲ၊ ၁၉၈၁-ခုနှစ်တုန်းက စာပေနိုဗယ်ဆုချီးမြှုင့်ခံခဲ့ရပါတယ်။ သူက“ လက်စ်ဝယ်လ်ဆာ ” ထက် (၃)နှစ်စေါပြီး နိုဗယ်ဆုရခဲ့သူပါ။ ပိုလန်လူမျိုးထဲက နိုဗယ်ဆုရသူနှစ်ဦးအထိ ရှိလာခဲ့ပြီပေါ့။ အဲသလောက်အထိ ပိုလန်ပြည်ရဲ့ မျက်မှေက်ခေတ်သမိုင်းဟာ အထင်ကရဖြစ်ခဲ့ရပါတယ်။
“ ရှက်စ်လောမီလော့ဇ် ” ဟာ၊ ဖခင် “ ၀ါရိုနီကာ ” နဲ့  မိခင် “ အလဇန္ဒါမီလော့ ” တို့ က ၁၉၁၁-ခုနှစ်၊ ဇွန်လ (၃၀)မှာ မွေးခဲ့ ပါတယ်။ လစ်သူနီးယါးနိုင်ငံမှာ မွေးပါတယ်။ ဒီတုန်းက လစ်သူနီးယါး ဟာ၊ ရုရှရဲ့ လက်အောက်ခံနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်ကြီးပြီးတော့ ဖခင်ဖြစ်သူ “ ၀ါရိုနီကာ ” ဟာ၊ စစ်ထဲ ဆွဲသွင်းခြင်းခံရပြီး၊ ရှေ့ တန်းမှာ တံတားတွေဆောက်ရပါတယ်။ မိသားစုတခုလုံး ၁၉၁၈-ခုနှစ်အထိ “လစ်သူနီးယါး ” နိုင်ငံထဲပြန်မသွားတော့ပဲ၊ နောင်အခါကြတော့ ပိုလန်နိုင်ငံရဲ့ အစိပ်အပိုင်းတခု ဖြစ်လာမယ့် “ ၀ီနို ” လို့ ခေါ်တဲ့ဒေသမှာ၊ အခြေချကြပါတယ်။ နောင်ကြတော့ ဒီနေရာကို “ ဗီလ်နာ ” လို့ ခေါ်လာကြပါတယ်။
“ ရှက်စ်လောမီလော့ဇ် ” ဟာ၊ ၁၉၂၉-ခုနှစ်မှာ အထက်တန်းအောင်ပါတယ်။ နောက်တနှစ် ၁၉၃၀-ခုနှစ်မှာ၊ သူ့ ရဲ့ ကဗျာ တချို့ ၊ တက္ကသိုလ်မဂ္ဂဇင်းတခုမှာစတင်ပုံနှိပ်ဖေါ်ပြခြင်း ခံရပါတယ်။ ၁၉၃၁-ခုနှစ်မှာ၊ “ ဇာဂါရီ ” လို့ ခေါ်တဲ့ စာပေအုပ်စုလေးတခုကို ဦးဆေါင်ထုထေါင်ခဲ့ပါသေးတယ်။ ၁၉၃၃-ခုနှစ်ကြတော့ သူ့ ရဲ့ ကဗျာပေါင်းချုပ်စာအုပ်ကို ထုတ်ဝေပါတယ်။ ၁၉၃၃-ခုနှစ်မှာ၊ ဥပဒေ ဘွဲ့ ရပါတယ်။
၁၉၃၆-ခုနှစ်ကြတော့ “ ၀ီလ်နို ” အသံလွှင့်ဌာနမှာ၊ အသံလွှင့်အစီစဉ်တွေ ၀င်ရေးပါတယ်။ နောင်မှာ ပိုလန်ပြည်မြို့ တော် “ ၀ါဆော ” မှာရှိတဲ့ အသံလွှင့်ဌာနမှာ အလုပ်ဝင်လုပ်ပါတယ်။ ၀ါဆောမှာ နေထိုင်ရင်း ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြေအောက်ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ဒီတုန်းက “ ၀ါဆော ” ဟာ၊ နာဇီတွေ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ အချိန်ပါ။
စစ်ကြီးပြီးတော့ ပိုလန်ကွန်မြူနစ်အစိုးရက သူ့ ကို ပိုလန်ရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံတမန်အဖြစ်ခန့် အပ်လို့  အမေရိကန်ပြည်ထောင်စု “ နယူးယေါ့ ” နဲ့  “ ၀ါရှင်တန် ” မှာ “ ကောင်စစ်ဝန် ” အဖြစ်နေထိုင်ခဲ့ပါတယ်။ ၁၉၅၈-ခုနှစ်မှာတော့ ပိုလန် တပါတီအာဏာရှင် အစိုးရ၀န်ထမ်းဘ၀ကို စွန့် ခွါပြီး ပြင်သစ်ပြည်ကိုသွားပါတယ်။ ပါရီမြို့ မှာ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းလိုက် ပါတယ်။အဲဒီအချိန်ကစလို့ သူ့ ကဗျာတွေဟာ ပိုလန်မှာ ပိတ်ပင်ခံရပါတော့တယ်။အဲဒီအချိန်ကစလို့  ဆယ်စုနှစ်တခုကြာ“ ပါရီ ” မှာနေရင်း လွတ်လပ်တဲ့စာရေးဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၁၉၅၃-ခုနှစ်မှာ “ ထွက် ပေါက်မဲ့စိတ်ဝိဥာဉ် ” ကဗျာစာအုပ်ကို ထုတ်ဝေပါတယ်။ ၁၉၆၈-ခုနှစ်ကြတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ ပြီး ကာလီဖိုးနီ်းယါး ပြည်နယ်၊ ဘာကလေတက္ကသိုလ်မှာ၊ ပိုလန်စာပေကထိကအဖြစ် အလုပ်ဝင်လုပ်ပါတယ်။ နောက်ပိုင်းကြတော့ သူဟာ၊ ဆလာဗစ်ဘာသာနဲ့ စာပေဌါန၊ ပါမောက္ခဖြစ်လာ ခဲ့ပြီး၊ ၁၉၈၁-ခုနှစ်အထိ အဲဒီမှာပဲနေထိုင်ခဲ့ ပါတယ်။
“ ရှက်စ်လောမီလော့ဇ် ” ဟာ၊ စာပေနိုဗယ်ဆုအပြင်၊ တခြားစာပေဆုတွေလည်း ရခဲ့ပါတယ်။ ပိုလန် “ ပန် ” အဖွဲ့ က ချီးမြှုင့်တဲ့ ကဗျာဘာသာပြန်စာပေဆု၊ “ နက်စတက် အပြည်ပြည်ဆိုင်ရာစာပေဆု ” များကိုလည်း ရခဲ့ပါတယ်။ သူဟာ သူ့ ကဗျာတွေ အားလုံးကို ပိုလန်ဘာသာနဲ့ ပဲရေးခဲ့တာပါ။ ဒါပေမယ့်လည်း ၁၉၈၀-ခု၊ နိုဗယ်ဆုရပြီးတဲ့အချိန်အထိ၊ ပိုလန်ပြည်မှာတော့ ပုံနှိပ်ဖေါ်ပြ ခွင့် မရခဲ့ရှာပါဘူး။
“ ရှက်စ်လောမီလော့ဇ် ” ဟာ၊ တခြားပိုလန်ကဗျာဆရာ တော်တော်များများရဲ့ ကဗျာတွေကို အင်္ဂလိပ်လိုပြန်ဆိုခဲ့သလို၊ အင်္ဂလိပ်ကဗျာတော်တော်များများကိုလည်း ပိုလန်ဘာသာပြန်ဆိုခဲ့ပါတယ်။
ကဗျာဆရာ “ ရှက်စ်လောမီလော့ဇ် ” အကြောင်းစဉ်းစားတဲ့အခါ အပြောင်းအလဲတွေ မွန်းကြပ်မှုတွေပြည့်နေတဲ့ သူ့ ဘ၀ကို အထင်အရှားတွေ့ ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ပိုလန်ပြည်သူတွေရဲ့ အမျိုးသားလွတ်မြောက်ရေး ၊ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီရေးကြိုးပမ်းမှုကာလ နာကျင်ခံစားရမှုတွေဟာ၊ “ ရှက်စ်လောမီလော့ဇ် ” ကို အပြင်းအထန်ရိုက်ခတ်ခဲ့ပါတယ်။အထူးသဖြင့် သူဟာ အသက် (၇၀)နီးပါးရှိခါမှပဲ၊ သူ့ ကဗျာတွေကို ပိုလန်နိုင်ငံမှာ ပုံနှိပ်ဖေါ်ပြခွင့်ရခဲ့ရှာတာပါ။ ကဗျာဆရာတဦးအနေနဲ့  ဘယ်လောက်အထိ စိတ်ထိခိုက်ခဲ့ရမလဲဆိုတာ တွေးကြည့်လို့ ရမှာပါ။
ပိုလန်ပြည်ဟာ တောင်ပေါ်ရေအိုင်တွေအများကြီးရှိတဲ့ တိုင်းပြည်တခုအနေနဲ့  ကမ္ဘာမှာထင်ရှားပါတယ်။ အထူးသဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း (၃၈၆) မိုင်ကျယ်တဲ့ “ မန်မရီ ” ရေအိုင်ကြီးဟာ အင်မတန် ကျော်ကြားလှတယ်။ ကျနော်ကတော့ ကဗျာ ဆရာ “ ရှက်စ်လောမီလော့ဇ် ” ကို၊ “ မန်မရီ ” ရေအိုင်ထက်က တွန့်လိမ်နေတဲ့တိမ်တိုက်တခုအဖြစ် တင်စားပြောဆိုရင်း သူ့ ကဗျာ တပုဒ်ကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

“ လီဘာလွိုက်စ် ”

အို..အဖ ဘုရားသခင်
“ လီဘာလွိုက်စ် ” အပေါ် သနားကြင်နာမှု ပေးတော်မူပါဘုရား ။
ကြည့်စမ်းပါအုန်း
ဟောဒီ သစ်အယ်ပင်တွေအောက်မှာ
မီးခိုးတွေနဲ့ အဆိပ်သင့်နေလေရဲ့ ။
မူးယစ်နေသူ၊ ချိနဲ့ နေသူအတွက်
ခဏတာ ပျော်ရွှင်မှုတခု ပေးအပ်တော်မူပါ
အို…အဖဘုရားသခင်
“ လီဘာလွိုက်စ် ” အပေါ် သနားကြင်နာမှု ပေးတော်မူပါဘုရား ။

သူတို့ 
တနေ့ လုံးပဲ ဆဲရေးတိုင်းထွာကြ၊ ခိုးဝှက်ကြ
အခုတော့ သူတို့ ဟာ
ကတုတ်ကျင်းတွေထဲ လဲလျောင်းကြ
သူတို့ ရဲ့ ဒဏ်ရာတွေကို လျှာနဲ့ ယက်ကြ
အမှောင်ထုက
ပါရီမြို့ ပေါ် ထူသထက်ထူထပ်စွာ ကျလာတဲ့အခါ
သူတို့ ရဲ့ သူခိုးလက်တွေထဲ မျက်နှာတွေကို ၀ှက်ထားကြ
အို…အဖဘုရားသခင်
“ လီဘာလွိုက်စ် ” အပေါ် သနားကြင်နာမှု ပေးတော်မူပါဘုရား ။

သူတို့ ဟာ နေ့ စဉ်နေ့ တိုင်းဆိုသလို
သင့်ရဲ့ အမိန့် ပေးမှုနောက်က လိုက်လာခဲ့ကြ
ဂျုံခင်းတွေကို ရိတ်သိမ်းခဲ့ကြ
ကမ္ဘာမြေကြီးထဲက ကျောက်မီးသွေးတွေ တူးခဲ့ကြ။
တခါတရံ သူတို့ ကိုယ်သူတို့ 
ညီအစ်ကိုတော်တွေရဲ့ သွေးတွေထဲ ရွှဲနစ်နေခဲ့ကြ
ဂျီးဆပ်နဲ့ မယ်တော်မေရီရဲ့ နာမည်တွေကို တမ်းတမြည်းကြွေးကြ။

သူတို့ ရဲ့ 
ကြွက်ကြွက်ညံနေတဲ့ စိတ်လွတ်ကိုယ်လွတ် ဆူညံမှုတွေဟာ
တည်းခိုခန်းတွေထဲက လျှံထွက်လာကြ။
ဒါဟာဖြင့် သင်ရဲ့ ချီးမွန်းဂုဏ်ပြုမှုထဲက
သူတို့ ရဲ့ တေးသံ။
မိုင်းကွင်းတွေထဲမှာ
ရေခဲပြင်ထဲမှာ
မီးကွင်းထဲမှာ
ရွှံ့ နွံတွေထဲမှာ
ပင်လယ်သေတွေထဲမှာ
သူတို့ တတွေ သေကြေပျက်စီးခဲ့ကြရ။

ဒါဟာဖြင့်
သူတို့ ကိုယ်တိုင် သူတို့ အပေါ် သင့်ကို မ တင်ခဲ့ကြ
သူတို့ လက်တွေက သင့်မျက်နှာကို ထုဆစ်ခဲ့ကြ
သင့်ရဲ့  ရဟန်းတော်မြတ်တွေအပေါ်
အရေးတယူ ဂရုတစိုက်ပြုကြ
သူတို့ ကို
ပျော်ရွှင်မှု စားပွဲနဲ့ အိပ်ယါကို
ပေးသနားတော်မူပါဘုရား။

သူတို့ ကို
မကောင်းမှု ဒုစရိုက်ဖျားနာခြင်း အမည်းစက်ထဲက
ယူဆောင်တော်မူပါဘုရား။
သူတို့ ကို လွတ်လပ်ခွင့်ပေးပါဘုရား။
“ ဆိုဒန် ” အတွင်းဆီ ဦးဆောင်တော်မူပါဘုရား။
သူတို့ ရဲ့ အိုးအိမ်တွေကို ပန်းကုံးများ ဆင်သခွင့်ပြုပါဘုရား။
ပိုမိုလင်းပစွာ
ဘယ်လိုနေထိုင်၊ သေဆုံးရမယ်ဆိုတာ
သူတို့ ကို သင်ယူခွင့်ပြုပါဘုရား။

အမှောင်ထု
တိတ်ဆိတ်မှု
ဟိုး..အဝေးတနေရာက တံတားတခုရဲ့ တေးငြီးသံ
လေပြေညှင်းက
“ ကိန်း ” ရဲ့ သစ်ပင်တွေကြား ဖြတ်သန်းတိုက်ခတ်ကြ
ဟင်းလင်းပြင်ဖြစ်နေတဲ့ ကမ္ဘာမြေပေါ်မှာ
လူသားမျိုးနွယ်အပေါ်မှာ
“ လီဘာလွိုက်စ် ” အပေါ်မှာ ကြင်နာမှုကင်းမဲ့စွ၊ ကြင်နာမှုကင်းမဲ့စွ။ ။

ကိုးကား။ ။ The Collected Poems ( Czeslaw Milosz )
Poland ( Land of Freedom Fighters )

No comments:

Post a Comment