April 03, 2008

မုန်တိုင်းကြို လေပြေညှင်း

(က)
လွန်ခဲ့တဲ့ ၂၀၀၅ - ခုနှစ်၊ ထိုင်းနိုင်ငံ “ ဇင်းမယ်မြို့ ” မှာ ပြုလုပ်တဲ့၊ မြန်မာ့သတင်းသမားများ ညီလာခံ ( BMC ) မှာ၊ မြန်မာ နိုင်ငံရဲ့  ၀ါရင့်သတင်းစာ ဆရာကြီးတဦးက မြန်မာကဗျာဆရာများနဲ့ ပါတ်သက်ပြီး၊ သူ့ ရဲ့ ပုဂ္ဂလ သဘောထားအမြင်ကို ပွင့်ပွင့် လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။
“ ၁၉၈၈ - ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံမှာ မြန်မာကဗျာဆရာတွေ တယောက်မှ မပါခဲ့ဘူး၊ သည့်နောက် ပိုင်း ဒီမိုကရေစီကြိုးပမ်းနေကြတဲ့ အလုပ်တွေမှာလည်း ကဗျာဆရာတွေ မပါပါဘူး ” လို့ …ပြောခဲ့ပါတယ်။



ကိုယ့်သဘောထား၊ ကိုယ့်အမြင်ကို အခုလို ပွင့်ပွင့်လင်းလင်းပြောခဲ့တာနဲ့ ပါတ်သက်ပြီး ပုဂ္ဂလ အခွင့်အရေးတခုဖြစ်တာမို့  ကျနော့်အနေနဲ့ ကတော့ ကန့် ကွက်ရန်အကြောင်းမရှိပါဘူး။ ဒါကတော့ ဘယ်သူမဆို မိမိရဲ့ အယူအဆကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမယ်ဆိုတဲ့ “ လူသားတိုင်းရဲ့ မူလအခွင့်အရေး ” ကိစ္စ ဖြစ်တာမို့ ၊ ဒီလိုပြောဆိုလာတာကိုတောင်မှ ကျနော်တို့ အဖို့  “ မူ ” အားဖြင့် ကြိုဆိုကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုပြောဆို လာတဲ့ သဘောထားအမြင်ပေါ်မှာလည်း၊ ကျနော်တို့  အနေနဲ့  ကျနော်တို့ ရဲ့  တုံ့ ပြန်အမြင်၊ တုံ့ ပြန်သဘောထားကို တင်ပြသင့်တယ်၊ တင်ပြခွင့် ရှိတယ်လို့ လည်း မြင်မိပါတယ်။ အတိုချုပ်ပြီး ပြောရရင်တော့ “ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ၊ သည့်နောက်ပိုင်း ဒီမိုကရေစီ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာကဗျာဆရာတွေ တယောက်မှ မပါဘူး ” ဆိုတဲ့ အမြင်ဟာ မှားပါတယ်။ မြန်မာကဗျာဆရာတွေဟာ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အင်တိုက်အားတိုက် ပါခဲ့ကြပါတယ်။ သည့်နောက်ပိုင်း ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာလည်း ပါဝင်လျက်ရှိ နေကြပါတယ်။ ဒါကို နောင်အလျဉ်းသင့်တဲ့အခါ ထပ်ပြီး သက်သေသာဓကများနဲ့  ကျနော် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ အခု - ဒီဆောင်းပါးမှာတော့ “ မြန်မာကဗျာဆရာတွေဟာ ရှစ်လေးလုံးအရေးတော် ပုံနဲ့  သည့်နောက်ပိုင်း ဒီမိုကရေစီရေးကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့၊ ပါဝင်နေရုံတင် မကပါဘူး။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မဖြစ်ပွားမှီကတည်းက၊ အဲဒီအရေးတော်ပုံ မုန်တိုင်း ကြီး ဖြစ်ပွားလာစေဖို့ အတွက်၊ အစပျိုးတဲ့ လေပြေညှင်းများအဖြစ်နဲ့  ပါဝင်ပါတ်သက်ခဲ့ကြတယ် ” ဆိုတဲ့ အချက်ကို ကျနော် ဆွေးနွေးမှာဖြစ်ပါတယ်။

(ခ)
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ မုန်တိုင်းကြီးဟာ၊ ရုတ်တရက် ချက်ချင်းထပြီး ပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ အဲဒီ အရေးတော်ပုံကြီး ဖြစ်လာဖို့  အကြောင်းအချက်တွေ၊ တွန်းအားတွေ၊ စုစည်းမှုတွေ ရှိခဲ့လုပ်ခဲ့ကြရပါတယ်။ ဒီလို တွန်းအား တွေ၊ စုစည်းမှုတွေထဲမှာ မြန်မာကဗျာဆရာတွေဟာ၊ တခန်းတကဏ္ဍက ပါဝင်ခဲ့တာ တွေ့ ရပါတယ်။ သက်သေပြနိုင်ဖို့ အတွက် စစ်တမ်းကောက်ယူ ရမယ်ဆိုရင် မုန်တိုင်းကြို မြန်မာကဗျာတွေ ရာထောင်ချီပြီးတောင်မှ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့ မှာတော့ ကျနော်က ကဗျာနှစ်ပုဒ်ကိုပဲ ရွေးထုတ်ပြီး သက်သေပြမှာ ဖြစ်ပါတယ်။

ဆိုနေကျသီချင်း

(၁)
လျှောက်နေကျ လမ်းတခုပါပဲ
ဆန်းလဲ မဆန်းကျယ်လှ
နှုတ်တက်ရ တေးတစ်ပုဒ်သာပ။

(၂)
စက်ရုံတံခါးဖွင့်ဖို့  သူတို့ လိုပဲ ငါလာခဲ့
မြို့ တော်ရဲ့  သည်မှာဘက်ကိုလေ
ထမင်းဘူးလေးကို ပိုက်လို့ 
နေလုံးက အိပ်မှုန်စုံမွှား
အရှေ့ ဖျားမှာ တွားတက်စ။
အမှိုက်သိမ်းသမားရဲ့ 
တွန်းလှည်းသံ တဂျိမ်းဂျိမ်းမှာ
မြို့ တော်လမ်းမကြီးဟာ အညောင်းဆန့် ရင်း
ခေတ်ပေါ်သီချင်းနဲ့  ခင်းကျင်းပြီးစ
ခွေးခြေလှလှ လက်ဖက်ရည်ဆိုင်က
မနက်ခင်း စားသောက်စရာတွေက
အငွေ့ ထောင်းထောင်း ထလို့ ။
ဘတ်စ်ကားမှတ်တိုင် မှီရပ်
ပါးစပ်ဟဟ သမ်းဝေ
အိပ်တန်းကြောင် ငှက်ကလေးရေ
မင်း အိမ်ပြန်တော့မယ်လား
ငါတော့ အလုပ်သွားမကွယ့်
စက်ဆီ ညစ်ထေးနဲ့ 
အေးစက်စက် သံထည်ကြီးတွေရဲ့ အောက်မှာ
ငါ့ကြွက်သားတွေ ညောင်းညာခိုက်
မင်း အိပ်ဖြစ်အောင် အိပ်လိုက်ဦး။

မင်းနဲ့ ငါ မပါတဲ့
မြို့ တော်ရဲ့  နေ့ လယ်ခင်းဟာ
သူ့ ဘာသာသူ စီးဆင်း
ဆိုနေကျ သီချင်းနဲ့ 
တို့ ကိုတွေးမယ့်သူလဲ ကင်းရဲ့ မဟုတ်လား။

(၃)
အလုပ်ဆင်း ဥသြသံက
ငါ့ကို ပြန်ခွင့်ပြုတဲ့အခါ
မသေချာမှုတွေ အပြည့်အဖောင်း
လွယ်အိတ်ဟောင်းလေး ထည့်ပိုး
မနေ့ ကလိုမျိုးရဲ့  ညနေချိန်
ငါ အိမ်ပြန်ခဲ့တယ်။

ရှေ့ မှာ မာကျူရီမြို့ တော်ည ယိမ်းညှို့ ညှို့ က လို့ 
အို ပလက်ဖောင်းကြီး လှလှပပ
မြို့ တော်ရဲ့ ညခင်းမှာ
ရာဘာဖိနပ်ပါးတစ်ရံ ဖြတ်သန်းမှု
ခိုးလိုးခုလု ဖြစ်ခဲ့က ခွင့်လွှတ်ပ။
ဆေးရောင်ခြယ်တိုက်မြင့် မျက်နှာစာများ
တန်ဖိုးကြီး အိပ်ဇောမှိုင်းငွေ့ များ
အချက်ကျ နာရီ စုတ်ထိုးသံများ
တုတ္ခိုင္ပါးလ် အသားစမ်ား
ဘူးဆို့  ဆိုဒါမြှုပ် စီးကရက်ပြာတောင့်များ
ငါ့အား ပွတ်ရှမိစဉ်မှာ
ရေဆာခံတွင်း ခြောက်ကပ်မှုကြီးထွား
လေနဲ့ ထုထားတဲ့ လွယ်အိတ်
တစ်ရိပ်ရိပ် ပေါ့ရွှတ်ဆဲ
ဒူးများခွေညွှတ် လဲချင်ပေါ့။
ဟိုမှာဘက်
မြို့ တော်ရဲ့  ဆင်ခြေဖုံးမှာ
ငါ့အတွက် ဖျာတစ်ချပ်ရှိတယ်
ပြီး - အမေပြင်ထားမယ့် ညစာရှိမယ်။

မိုးများတောင်ချုပ်ခဲ့
အို - လွယ်အိတ်ကလေး
ကျေးဇူးပြုပြီး ငါ့ကိုလွယ်သွားပါ့
မောလျလျ ခန္ဓာအိမ်ကို
ညထဲမှာ စိမ်လိုလှပေါ့။ ။

ဒီကဗျာဟာ၊ ၁၉၈၇ - ခုနှစ်၊ ဧပြီလထုတ် “ မိုးဝေ စာပေမဂ္ဂဇင်း ” မှာ၊ ဖေါ်ပြခံခဲ့ရတဲ့ ကဗျာဆရာ “ နွေလယ်နေ ” ရဲ့  ကဗျာဖြစ်ပါတယ်။ လူထုဘ၀ သရုပ်ဖေါ်ကဗျာပါ။ ဒီလိုအခြေအနေတွေကို ဖတ်ရတဲ့အခါ ဘ၀တူလူထုကို ခံစားမှုတွေ ပိုမိုမြင့်မားစုစည်းမိလာ စေနိုင်တဲ့ ကဗျာတပုဒ်ဖြစ်ခဲ့ပါတယ်။

မြပုခက်တင်

ဆေးရုံအသွား ကြားကားနှစ်ကျပ်
ဆူမဆောင့်ဖို့  ညစောင့်ကနှစ်ကျပ်
ရပ်မနေနိုင် ကုလားထိုင်ငှားက နှစ်ကျပ်
ဘာလေးမွေးမွေး သတင်းမေးက နှစ်ကျပ်
မွေးလူနာဆီ ကော်ဖီပို့ က နှစ်ကျပ်
ခေါင်းကိုက်လျှင် အနာဂျက်ဆင် နှစ်ကျပ်
နှစ်ကျပ်တန် ကမ္ဘာကြီးထဲကို
သမီးလေး ရောက်လာတယ်။
ဆရာဝန် (ရေး) ပေးတဲ့စာ
ဝယ်မပေးလျှင် ရှက်စရာ
(ဧည့်သည်လာလည်း)
လူနာအတွက် လက်ဆောင်မပါ ရှက်စရာ
ရှက်စရာလောကကြီးမှာ
သမီး မျက်နှာငယ်
အဖေ ရှက်ပါတယ်။

လက်တိုဂျင် နှစ်ရာ
ဂရိုက်မစ်ချာ လေးဆယ်
အနှီးနှစ်ထည် သုံးဆယ့်ငါး
သမီး မကြားစေနဲ့ ။
“ ထမင်းရည်နဲ့ သကြား ကလေးအားဖြစ်တယ် ”
( ဒေါက်တာတင်ဦး)
“သူငယ်နာတို့ ပတ်ဆေး ကလေးတိုင်းတည့်တယ် ”
(ဒေါက်တာစိန်တင်)
ပုဆိုးဟောင်း နှစ်ထည်ဖျက်
အနှီးအတွက် လေးထည်ရမယ်။
ပိုင်အိုလက်အစား သနပ်ခါးမှုန့် သုံးမယ်။
လေလာလျှင် ရွက်
လေမလာလျှင် တက်
တက်ကျိုးလျှင် လက်ထိုးလှော်
ပျော်သလိုနေ ကလေးရေ။
အဖေတစ်လှည့်ထမ်း အမေတစ်လှည့်ထမ်း
အဖေတစ်လမ်း အမေတစ်လမ်း
မေးစမ်းရှာဖွေ တို့ သားအဖတစ်တွေ
နတ်ရေကန် မရောက်မချင်း။
ဖိုးလမင်းရေ
ထမင်း (ဖြူဖြူ) တစ်ဆုပ်
ရေ (သန့် သန့် )တစ်မှုတ်ပေးပါ
ဝါ ၀ါ ၀ါ။

ဒီကဗျာကတော့ ၁၉၈၇ - ခု၊ ဇွန်လထုတ် “ မိုးဝေ စာပေမဂ္ဂဇင်း ”မှာ ဖေါ်ပြခဲ့တဲ့ “ မင်းစိုးရ ” ရဲ့ ကဗျာပါ။ ဘ၀တွေ ကျိုးကြေ စုတ်ပြတ်နေတဲ့ ဘ၀ သရုပ်ဖေါ်ကဗျာတပုဒ်ပါပဲ။ ဒီကဗျာနှစ်ပုဒ်ထဲမှာ ကျနော်တို့ ဟာ မျက်မှောက်ခေတ် လူထုရဲ့ ဘ၀ အခြေအနေတွေကို တွေ့ ကြရပါတယ်။ ဒီလိုကဗျာမျိုးကို ဖတ်ကြရတဲ့အခါ ကိုယ့်ဘ၀ဟာလည်း ကဗျာထဲမှာပါတဲ့ ဇာတ်ကောင် တွေရဲ့ ဘ၀နဲ့ ထပ်တူကျနေတဲ့အတွက် ကြွေကွဲခြင်း၊ ဒေါသဖြစ်ခြင်းတွေ ဖြစ်ကြရပါတယ်။ ငါတို့ တတွေဘာ့ကြောင့် အခုလို ဘ၀တွေကျိုးကြေကြရတာလဲ။ ဒီဘ၀က လွတ်မြောက်အောင် ငါတို့ ဘယ်လို လမ်းစရှာကြမလဲ…ဆိုတဲ့ ခံစားမှုတွေ အတွေးတွေကို ဒီကဗျာတွေက နှိုးဆွပေးခဲ့ကြပါတယ်။ ဒီလိုနဲ့  လူထုရဲ့ အထွေထွေ အကြပ်အတည်းတွေကို စုစည်းပေးသလိုဖြစ်ပြီး လူထုရဲ့  ခံစားချက်ကို နှိုးဆွပေးသလိုဖြစ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆို အုံ့ ကြွမှုကြီးအတွက် တွန်းအားပေးတဲ့အချက် ဖြစ်ခဲ့ပါတယ်။
နိုင်ငံတနိုင်ငံမှာ၊ ကဗျာဆရာတွေဟာ၊ အဲဒီနိုင်ငံလူထုရဲ့  စိတ်ဝိဥာဉ်ကို ပြုပြင်ထုဆစ်ကြသူများ ဖြစ်တယ်လို့  “ ချက် ” ကဗျာဆရာတွေက ပြောလေ့ပြောထ ရှိကြပါတယ်။ အခု ကျနော်တင်ပြခဲ့တဲ့ ကဗျာနှစ်ပုဒ်ဟာ၊ ကျနော်တို့ လူအဖွဲ့ အစည်း ဘယ်လို ဖြစ်နေတယ်၊ ဒီအခြေအနေတွေဟာ ကျေနပ်ဖွယ်ရှိတယ်၊ မရှိဘူး၊ ဒီလိုဘ၀မျိုးက ရုန်းထွက်ဖို့ ၊ ဘ၀သစ်ထူထောင်ဖို့  လမ်းဖွင့် စဉ်းစားလာရအောင်၊ စာဖတ်သူတွေကို ခံစားမှုတွေ စုစည်းပေးတဲ့ ကဗျာအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် “ ခေတ်ပြောင်း၊ ဘ၀ပြောင်းဖို့ အတွက် ပေါက်ကွဲ ပွင့်အံလာတော့မယ့် မုန်တိုင်းကြီးတခုရဲ့  ရှေ့ ပြေးနိမိတ် လေပြေညှင်းများ ” ပဲ ဖြစ်ပါတယ်။
ဒီလို “ လေပြေညှင်း ” တွေဟာ၊ မုန်တိုင်းတခုရဲ့ ရှေ့ မှာ အမှန်တကယ်ပဲ ရှိခဲ့ပါတယ်။ ဒီတော့ကာ…၊ မြန်မာကဗျာဆရာ တွေဟာ မုန်တိုင်းတခုဖြစ်လာဖို့  အစပျိုးတဲ့ လေပြေညှင်းလို့ ခေါ်တဲ့ ကဗျာတွေ ရေးခဲ့ကြတာ ဘယ်သူငြင်းနိုင်မလဲ။ ဒါကြောင့်မို့  ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မုန်တိုင်းကြီး ဖြစ်ပွားလာဖို့  မြန်မာကဗျာဆရာတွေဟာ မုန်တိုင်းကြို လေပြေညှင်းအဖြစ်နဲ့  တာဝန်ကြေခဲ့ကြတယ်လို့ ပဲ ကျနော်ပြောချင်ပါတယ်။

No comments:

Post a Comment