(က)
“ ကျနော့်နာမည် ရွာချစ်၊ ရွာဟိတ် မဟုတ်ဘူးနော်၊ ရွာချစ် ”
ကျနော်က “ မယ်သဲ ”ရွာသူကြီး “ ဦးရွာချစ် ”ကို အပြုံးဖြင့်ပြန်လည်နှုတ်ဆက်လိုက်ရသည်။ ခန္ဓာကိုယ်သေးကွေး ပုညက်ပြီး၊ ကွမ်းများ ပလုပ်ပလောင်းဝါးနေသည့် ဦးရွာချစ်သည် ကျနော့်ကို အကဲခတ်လျက်ရှိ၏။
“ ကျနော့်နာမည်က ရွာဟိတ်နဲ့ ဆင်တူလို့  မှားမှာစိုးလို့ ပြောတာ၊ ရွာဟိတ် မဟုတ်ဘူးနော် ရွာချစ်၊ တရွာလုံးက ချစ်လို့  ရွာချစ်လို့ ခေါ်တာ ”
ကျနော်က နောက်ပြောင်နေသည်အထင်နှင့်သူ့ ကိုကြည့်တော့ သူက တည်တည်တန့် တန့် ပင်ပြောနေသဖြင့် ပြုံးတော့ မည့် ကျနော့်မျက်နှာကိုပင် ကျနော့်မှာ အချိန်မှီရပ်တန့် ထားလိုက်ရ၏။ သူပြောနေသည့် “ ရွာဟိတ် ” ဆိုသူမှာ KNUမှ၊ ဘူးသိုမြို့  နယ်ဥက္ကဌ “ ဗိုလ်မှူး ရွာဟိတ် ” ကို ပြောနေခြင်းဖြစ်၏။
“ ဦးရွာချစ်တို့ ရွာက စီးပွားရေးအခြေအနေကောင်းရဲ့ လား၊ အိမ်ခြေကော ဘယ်လောက်ရှိသလဲဟင် ”
“ ဦးရွာချစ် ” ၏ မျက်နှာမှာ ၀င်းကနဲ တချက်ပြုံးသွား၏။
“ ဟာ၊ ဘယ်မကောင်းပဲ နေပါ့မလဲဗျာ၊ ဒီနားမှာ ကျုပ်တို့ ရွာက စီးပွားရေးအကောင်းဆုံးပဲ၊ ရွာမှာ လှည်းနှစ်စီးတောင် ရှိတယ်၊ အိမ်ခြေက ငါးဆယ်ကျော်၊ ကုန်သည်လမ်းကြောင်း ပေါ်ကျနေတော့ ဈေးဆိုင်လည်း သုံးဆိုင်တိတိရှိတယ် ”
“ ဦးရွာချစ် ” ၏ ပြောဟန်ဆိုဟန်ကိုကြည့်ကာ သူ့ ရွာအပေါ် တော်တော်လေးဂုဏ်ယူကျေနပ်နေပုံရသည်ဟု ကျနော် ထင်မိ၏။
“ ဦးရွာချစ် ” ၏ အပြောမှာ မှန်ကန်ကြောင်း ကျနော်သိလာရပါသည်။ ရွာထိပ်က သရက်ပင်ကြီးတပင်အောက်တွင်၊ ကျနော်တို့ လူသိုက်ကို ထွက်ကြိုသည့် “ ဦးရွာချစ် ” ခေါင်းဆောင်သည့်အဖွဲ့ နှင့်အတူ “ မယ်သဲ ” ရွာထဲကိုဝင်လာတော့ ဈေးဆိုင် သုံးဆိုင်ကို ရွာလယ်လမ်းပေါ်တွင် တွေ့ ရ၏။ သုံးဆိုင်စလုံး အချိုရည်ဗူး (၁၀)ဗူးခန့် ၊ မာမားထုပ်၊ ကော်ဖီမစ် အစရှိသည့် အိမ်သုံးပစ္စည်းတချို့ ကို ၀ါးလုံးတန်းတွင် ချိပ်ဆွဲထားသည့် ဈေးဆိုင်လေးများဖြစ်၏။ ဈေးဆိုင်လေးများရှေ့ ကဖြတ်လျောက်လာ ကြစဉ် ကျနော့်ကို မသိမသာအကဲခတ်ကာ၊ သူ့ ရွာအတွက် ၀င့်ကြွားဂုဏ်ယူနေဟန်ရှိသည့် “ ဦးရွာချစ် ” ကိုကြည့်ပြီး ကျနော့်မှာ သဘောကျနေခဲ့မိ၏။
မနက်ဖြန်ဆိုလျှင် “ မယ်သဲ ” ရွာတွင် အရိုးကောက်ပွဲ (အသုဘ အခမ်းအနား)ပြုလုပ်မည်ဖြစ်သည်။ ဒုံးယိမ်းနှင့် လက်ဝှေ့  ပွဲများလည်းပါမည်ဟုသိရ၏။ “ တပ်ကြပ်ကြီးဖါးတေး ” နှင့်၊ တလိုင်းကရင်ရွာသား (၂)ဦးသည်လည်း မနက်ဖြန်ဆိုလျှင် “ မယ်သဲ ” ရွာသို့  ပြန်ရောက်လာကြမည်ဖြစ်၏။ သူတို့ က နွားမှောင်ခိုပို့ သူ ကုန်သည်များကို လမ်းလိုက်ပြရင်း “ ဟင်းစား ” ရှာ သွားကြခြင်း ဖြစ်သည်။ ကျနော်နှင့်အတူ ကျန်ရစ်သည့် တလိုင်းကရင်ရွာသူကြီး “ ဦးမောင်ကို ” က၊ “ မယ်သဲ ”ရွာ အရိုးကောက်ပွဲအကြောင်း ပြောပြသဖြင့် ကျနော်သည်လည်း ဗဟုသုတအလို့ ငှါ “ မယ်သဲ ” ရွာသို့ ထွက်လာကြခြင်းဖြစ်သည်။
သည်ကနေ့ တော့ ရွာထဲတွင် ခဏလမ်းလျှောက်ကာ၊ ရွာအပြင်ဖက်သို့  ပြန်ထွက်လာခဲ့ကြ၏။ ကျနော်တို့ လူသိုက် ရွာထဲတွင်မအိပ်ပဲ ရွာနှင့်မနီးမဝေး ကုန်းမြင့်တောအုပ်ထဲတွင် အိပ်စက်ကြရန် နေရာရွေးခဲ့ကြလေသည်။
(ခ)
ကြီးမားလှသည့် ကုက္ကိုပင်ကြီးတပင်အောက်တွင် မြေကြီးကို စည်းဝိုင်းဝိုင်းကာ၊ လက်ဝှေ့ ထိုးသတ်မည့် “ ကွင်း ” အဖြစ် သတ်မှတ်ထား၏။ ဆိုင်းသမား သုံးလေးယောက်၏ဘေးတွင် ရွာသားတချို့ မှာ ဆိုင်းသမားများကို ပြာယါခတ်လောက်အောင် ဧည့်ခံပြုစုလျက်ရှိ၏။ ကံဆိုးချင်တော့ ရွာထဲသို့ ကျနော်တို့ ရောက်လာတော့ ဒုံးယိမ်းကပွဲမှာ ပြီးသွားခဲ့ပြီဖြစ်၏။ ထို့ ကြောင့် ကျနော့်မှာဒုံးယိမ်းကပွဲကို ဓါတ်ပုံနှင့်အသံ နှစ်ခုစလုံး မရလိုက်ခဲ့။
“ ဆရာကြီး ဒီမှာထိုင် ဆရာကြီး၊ ကျနော် ကင်းသမားတွေ လိုက်ကြည့်ဦးမယ် ”
“ ဦးရွာချစ် ” ပြောမှပင် လုံခြုံရေးအတွက် စိတ်ထဲမှာ အနည်းငယ်စိုးရိမ်သွားရ၏။ သည်နေရာ တ၀ိုက်သို့  နအဖစစ်တပ်များ အချိန်မရွေးရောက်လာနိုင်သည်ဟူသောအခါ အသိက ကျနော့်ကို သတိပေးလိုက်၏။
“ ဟုတ်တယ်၊ ဟုတ်တယ် ဦးရွာချစ်၊ ကင်းသမားတွေတော့ သေသေချာချာလုပ်ပါဦး၊ တော်ကြာ ”
“ ဟာ၊ စိတ်ချဆရာကြီး၊ ကျုပ်အားလုံးစီစဉ်ထားပြီးသား ဆရာကြီးသာ ဒီမှာအေးအေးထိုင်နှင့်ဦး ဟုတ်လား ”
“ ဦးရွာချစ် ” ကျနော်တို့ အနားက ခွါသွားတော့၊ ကျနော်နှင့်အတူ ရွာသား(၄)ယောက်က ဖျာတချပ်ပေါ်တွင် နေရာယူ လိုက်ကြ၏။ ဖျာစပ်တွင် ဓါတ်ဗူးတလုံး၊ ဇွန်းတပ်လျက်သကြားတစ်ပုဂံ၊ လ္ဘက်ခြောက်ဆီချေးတက် ဖန်ခွက်နှစ်လုံးချထား၏။ ခြောက်လုံးပတ်ဆိုင်းသံနှင့် မောင်းသံတဒူဒူမှာ ဆူညံလျက်ရှိလေသည်။ ကျနော်က အသံဖမ်းစက်ကလေးကို ဖျာပေါ်တွင်ချကာ အသံဖမ်းခလုတ်ကို နှိပ်ထားလိုက်၏။ ကင်မရာကို အဆင်သင့်ပြင်ထားလိုက်၏။ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေရာက ဘေးဘီကို မော့ကြည့်တော့၊ တော်လှန်ရေးဗဟိုဌါနချုပ်ကြီးမှ ရောက်လာသည့် အသံလွှင့်ဌါနသတင်းထောက်ကြီး ကျနော့်ကို ရွာသားအားလုံး နီးပါး ၀ိုင်းကြည့်နေကြသည်ကို တွေ့ လိုက်ရ၏။ ကျနော့်မှာ အိနြေ္ဒကြီးတခွဲသားနှင့် အသံဖမ်းစက်နှင့်ကင်မရာတို့ ကို ဟိုနှိပ်၊ သည်ရွေ့ ဆက်လုပ်နေခဲ့ရလေသည်။
မနက်(၁၁)နာရီတွင် လက်ဝှေ့ ပွဲ စလေသည်။ စည်းဝိုင်းအတွင်းသို့  ဒိုင်လူကြီးတဦးဝင်လာပြီးနောက်၊ ပွဲကြည့်ပရိဿဒ်ကို ကရင်လို ရှင်းပြနေ၏။ ကျနော့်ဘေးတွင်ထိုင်နေသည့် ရွာသားတဦး၏ဘာသာပြန်ချက်အရ “ ပြိုင်ပွဲစည်းကမ်းများ ” ကို ရှင်းပြ နေခြင်းဖြစ်သည်ဟု သိရ၏။ ဒိုင်လူကြီးစကားပြောနေစဉ် ခေတ္တတိတ်ဆိတ်နေခဲ့သည့်ဆိုင်းသံ၊ မေါင်းသံများမှာ၊ ဒိုင်လူကြီး၏စကား အဆုံးတွင် ကွင်းထဲသို့ အရှိန်အဟုန်နှင့် ခုန်ပြီးဝင်လာခဲ့ပြန်လေသည်။
ပထမပိုင်း၌ အသက်(၁၀)နှစ်ခန့် ကလေးငယ် သုံးလေးတွဲမျှ လက်ဝှေ့ ထိုးသတ်နေကြ၏။ အရွယ်နှင့်မလိုက်အောင် လက်ဝှေ့ ယိမ်းပြကြ၊ ထိုးသတ်နေကြသည်ကိုကြည့်ကာ ကျနော့်မှာအံ့သြလို့ မဆုံးနိုင်အောင် ဖြစ်ရ၏။ ပုဆိုးအဟောင်းနှစ်ထည် အနက် တထည်ကို ခါးတောင်းကျိုက်၊ ကျန်တထည်ကို ခါးတွင်ပတ်ကာ၊ လက်ဝှေ့ ထိုးသတ်နေကြသည့် လက်ဝှေ့ ကျော် ခလေးငယ်များမှာ နှာခေါင်းသွေးထွက်သူထွက်၊ မျက်ခုံးကွဲသူကွဲ၊ အကြိတ်အနယ်ထိုးသတ်ကြလေသည်။ တနာရီမျှကြာသောအခါ လူကြီးပိုင်းလက်ဝှေ့ ပွဲ စလေသည်။
လူကြီးလက်ဝှေ့ ပွဲမှာ၊ ရွာနီးချုပ်စပ်က လာရောက်ယှဉ်ပြိုင်ထိုးသတ်သူများနှင့် (၁၀)ပွဲကျင်းပမည်ဟု သိရ၏။ ပွဲစဉ် တခုချင်းစီအရ ဆုချီးမြှင့်မှာဖြစ်ပြီး၊ မည်သူမဆို ကွင်းလည်ထွက် စိန်ခေါ်ထိုးသတ်ကြမည်ဖြစ်၏။ လက်ဝှေ့ ပွဲ စလျင်စချင်း တရွာလုံးဆူညံပွက်လောရိုက်ကာ အားပေးလိုက်ကြ၏။ လက်ဝှေ့ သမားတဦး မူးမေ့လဲကျသွားသဖြင့် ကွင်းအပြင်ဖက်သို့ ရွေ့ ကာ၊ ပုဆိုး၊ စကောများနှင့်ယက်ခပ်ပေးကြရ၏။ အော်ဟစ်ခုန်ပေါက်ရင်း ရှေ့ တိုးလာသည့်လူအုပ်ကို တားထားသည့်စည်းအပြင်သို့  မကြာခဏ ပြန်လည်နှင်ထုတ်နေရ၏။ “ ဦးရွာချစ် ” သည် ဘယ်အချိန်က ပြန်ရောက်လာသည်မသိ၊ တုတ်တချောင်းကိုကိုင်ကာ ပွဲထိန်းဝင်လုပ်ရင်း အလုပ်ရှုပ်နေ သည်ကို တွေ့ ရလေသည်။
“ ပရော် --- ပရော် --- ပရော် -----”
ဆိုင်းသံနှင့်ငြာသံများမှာ ရုတ်တရက် မီးကိုရေနှင့်ဖျန်းလိုက်သလို တုန့် ကနဲရပ်သွား၏။ လူတိုင်းလူလူ လည်တံအသီးသီး စွင့်ကာ ပါတ်ဝန်းကျင်ကို သူ့ ထက်ငါ လိုက်ကြည့်ကြ၏။
“ ပရော် --- ပရော် --- ပရော် -----”
ဘယ်သူက ဘယ်လို ဘယ်နေရာမှ အော်လိုက်မှန်းမသိသည့်တိုင်၊ လူအုပ်ကြီးမှာ ဝေါကနဲ ဆူညံပွက်လောရိုက်ကာ အရပ်လေးမျက်နှာသို့  ပြေးထွက်လာကြ၏။ ကျနော့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ နေရာတွင်ထိုင်ပြီး ကြက်သေသေနေမိ၏။
“ ဆရာကြီး --- ဆရာကြီး --- ဆရာကြီးဟာတွေ ဒီထဲကိုထည့်၊ ဒီထဲကိုထည့် ”
သတိရလို့ လှည့်ကြည့်တော့ ကျနော့်ဘေးကထိုင်နေသည့် ရွာသားတယောက်က၊ ပုဆိုးတထည်ကို ကျနော့်ရှေ့ တွင် ဖြန့် ပေးနေသည်ကို တွေ့ လိုက်ရလေသည်။
“ ဆရာကြီး ငါ့နောက်ကလိုက်၊ ငါ့နောက်ကလိုက် ”
ပုဆိုးပုံထဲ ကင်မရာနှင့်အသံဖမ်းစက်ကို ပစ်ထည့်ပြီးသည်နှင့်တပြိုင် ပုဆိုးရှင်ရွာသားသည် ခင်းထားသည့်ပုဆိုးကို ဆွဲစုကာ သုပ်ကနဲထပြေး၏။ ကျနော် သည်လည်း သူ့ နောက်မှတဟုန်ထိုးပြေးလိုက်လာရ၏။ ရှေ့ မှပြေးနေသည့်ရွာသားသည် ကိုက်နှစ်ဆယ်ခန့် ပြေးနေရင်းမှ ရုတ်တရက် နောက်သို့ ပြန်လှည့်ပြေး၏။ ကျနော့်မှာ စဉ်းစားဝေခွဲရန်၊ မေးရန် အချိန်မရပဲ သူ့  နောက်မှသာ ပြေးပြီးလိုက်ရပြန်၏။ တရွာလုံး ဆူညံပွက်လောရိုက်ကာ၊ ဦးတည်ရာမဲ့ ပြေးနေကြသလားဟုပင် ကျနော်ထင်မိ၏။ ရွာထဲကထွက်ပြီး တောစပ်သို့ အ၀င် တောထဲတွင် ကိုယ့်အရင်ရောက်နှင့်နေသော ရွာသားများကိုတွေ့ ရ၏။ ကျနော်တို့ အားလုံး တောင်ပေါ်သို့ သာ ဦးတည်ပြီး တက်လာခဲ့ကြလေသည်။
“ ရပြီ ဆရာကြီး၊ ဒီလောက်ဆိုရင် ဒီကောင်တွေ လိုက်မလာနိုင်တော့ပါဘူး၊ စိတ်ချရပါပြီ ”
အသက်ကိုအားယူပြီး ဟောဟဲလိုက်အောင်ရှူနေရင်းက ကျနော့်မှာ၊ ခြုံဘေးတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက် မိလေသည်။ ကျနော်နှင့်အတူ ရွာသားတချို့ ဘေးတွင်ရှိနေကြ၏။ သူတို့ သည်လည်း အသက်လုပြီး ပြေးကြရသဖြင့် အသက်ရှူ သံများ ကြားရလောက်အောင် မောဟိုက်နေကြလေသည်။
“ ဘာဖြစ်တာလဲဗျ၊ ရန်သူလာလို့ လား ”
“ ဟုတ် --- ဟုတ်တယ် ဆရာကြီး ”
“ သေနတ်သံတွေ ဘာတွေတော့ မကြားရဘူးဗျ၊ ခင်ဗျားတွေ့ ခဲ့သေးလား ”
“ ဘယ်ကလာတွေ့ ရမှာလဲ ဆရာကြီးရာ၊ သူများပြေးလို့ သာပြေးလာရတာ၊ ရန်သူက ဘယ်ဖက်က ၀င်လာတယ်ဆိုတာ တောင် ကျနော်ဘယ်သိပါ့မလဲ ”
“ ဖြစ်မှဖြစ်ရလေဗျာ၊ ဒီအတိုင်းဆိုရင် ရန်သူလာတဲ့ဖက် ပြေးမိလျက်သားဖြစ်နေရင် ဒုက္ခ ”
“ ဟာ --- ဒါတော့ မဖြစ်စေရပါဘူး --- ဟဲ ---- ဟဲ ”
“ ရွာထဲမှာလျှောက်လည်နေတဲ့ ဦးရွာချစ်နဲ့  တလိုင်းကရင်ရွာသူကြီးတို့ ကော၊ ဘယ်ရောက်ကုန်ပြီလဲ ”
“ သူတို့ အတွက် ဆရာကြီးဘာမှမပူနဲ့ ၊ တော်ကြာ ဒီနေရာ သူတို့ ရောက်လာမှာ၊ ဒီနေရာက ကျနော်တို့ အားလုံး ဒီလိုပဲ စုနေကြ၊ ပုန်းနေကြနေရာ၊ ကျနော်တို့ ဒီမှာ ခဏနားရင်း စေါင့်ကြတာပေါ့ ”
တောင်အောက်ဖက်၊ ရွာဖက်ဆီ နားစွင့်ကြည့်သည်။ ဘာသံမျှ ထူးထူးထွေထွေမကြားရ။ခွေးဟောင်သံတချက်နှစ်ချက်သာ ခတ်အုပ်အုပ်ကြားလိုက်ရ၏။
“ ရွာဖက်က ဘာသံမှလည်းမကြားရပါလား၊ ရန်သူလာတာကော ဟုတ်ရဲ့ လားဗျ ”
“ မပြောတတ်ဘူးလေ၊ ဟော --- ပြောရင်းဆိုရင်း သူကြီးတို့ တောင်ရောက်လာပြီ ”
ဦးရွာချစ်၏လက်ထဲတွင် ဖိနပ်တရံကိုင်လျက်သား တွေ့ ရ၏။ ပုဆိုးကို ခါးတွင်ပတ်ထား၏။ အောက်ခံဘောင်းဘီပွပွမှာ ဒူးဆစ်ကိုကျော်ကာ ဂါဝန်ကြီးလိုဖြစ်နေလေသည်။ သူသည် ကွမ်းများအပြည့်အသိပ် ရှိနေသည့်ပါးစပ်ကို ဟ,ကာ အသက်ရှူနေ ရ၏။ ကျနော့်ကို မော့ကြည့်ကာ အပြုံးနှင့်အားပေးလေသည်။
“ သူကြီးကပြောတော့ ရွာဘေးမှာ ကြိုပြီး ကင်းတွေချထားတယ်ဆို ”
“ ဟုတ်တယ်လေ၊ ကင်းတော့ချထားတာပဲ၊ ဒါပေမယ့် ဘယ်လိုကဘယ်လို ဒီကောင်တွေဝင်လာမှန်းမှ မသိတာ ”
“ သူကြီးမြင်ခဲ့ရတယ်ပေါ့ ”
“ ဟာ - ဘယ်ကလာမြင်ရမှာလဲ၊ ကျုပ်လည်း အော်သံကြားပြီး သူများပြေးလို့ လိုက်ပြေးရတာ၊ ဆရာကြီးကော မြင်ခဲ့ရလား ”
“ ကျနော်လည်း ဘယ်လိုလုပ်ပြီးမြင်ခဲ့မှာလဲ၊ ကျနော်က နယ်ကျွမ်းတဲ့သူ မဟုတ်ဘူးလေ၊ ရန်သူကြည့်ဖို့ နေနေသာသာ၊ ကိုယ့် ရှေ့ ကပြေးတဲ့လူ ကိုယ့်အဖေါ်ကို မျက်စိထဲကပျောက်မသွားအောင် မနည်းလိုက်ကြည့်ပြီးပြေးနေရတာ၊ ဒီအတိုင်းဆို ပွဲတော့ ပျက်ပြီပေါ့နော် ”
“ ဒါလည်း မပြောတတ်သေးဘူး၊ စေါင့်ကြည့်ရဦးမှာပဲ ”
ကျနော်တို့ အားလုံး တောင်ကုန်းထိပ်တောအုပ်ထဲတွင် အမောဖြေရင်း ထိုင်နေခဲ့ကြလေသည်။
(ဂ)
“ ဟော --- ဆိုင်းသံလားလို့  ”
ကျနော်တို့ အားလုံး နားစွင့်လိုက်ကြ၏။
“ ဟုတ်တယ်၊ လက်ဝှေ့ ပွဲ ပြန်စနေပြီ ”
“ ဘာ ”
“ ဟုတ်တယ် ဆရာကြီး၊ လက်ဝှေ့ ပွဲ ပြန်စနေပြီ၊ လာ သွားကြစို့  ”
“ ဘယ် --- ဘယ်ကိုသွားမှာလဲ သူကြီးရ ”
“ လက်ဝှေ့ ပွဲကိုလေ၊ ဟိုမှာ ဆိုင်းသံပြန်ကြားနေပြီပဲဟာ၊ လာပါ၊ ဘာမှမရှိတော့ပါဘူး၊ကဲ --- သွားကြရအောင်ဟေ့ ”
“ မယ်သဲ ” ရွာသူကြီး “ ဦးရွာချစ် ” ခေါင်းဆောင်လျက်၊ ကျနော်တို့ လူအုပ် ရွာထဲသို့ ပြန်ဝင်လာခဲ့ကြသောအခါ၊ ကုက္ကိုပင်ကြီး အောက်တွင် လက်ဝှေ့ ပွဲ ပြန်စလျက်ရှိသည်ကို အမှန်တကယ်ပင် တွေ့ ရတော့၏။ ကျနော်ထိုင်ခဲ့သည့် ဖျာတချပ်မှာ မူလနေရာနှင့်ဘေးတိုက် ၀ါးတရိုက်အကွာတွင် အဆင်သင့်ခင်းလျက်၊ ဇွန်းတချောင်းတပ် သကြားတစ်ပုဂံ၊ ဓါတ်ဗူး၊ ဖန်ခွက်နှစ်လုံး တို့ မှာ သူ့ နေရာနှင့်သူ အဆင့်စေါင့်ကြိုလျက်။
“ ဒါတွေက လူတွေတက်နင်းပြီး အားလုံးဖရိုဖရဲဖြစ်ပြီး ကျန်ခဲ့ပြီ အောက်မေ့နေတာ ”
“ ဘယ် ဒီလိုဖြစ်မှာလဲ ဆရာကြီးရ၊ ဒီပစ္စည်းပိုင်ရှင်တွေက သူ့ ပစ္စည်းသူကောက်ပြီးမှ ပြေးကြတာပေါ့၊ အခုလို ဘာမှ မဖြစ်တော့လည်း သူ့ ပစ္စည်းသူ ပြန်လာပြီး ချထားကြတာပေါ့ ”
“ တကယ် ”
“ ဦးရွာချစ် ” က၊ ၀င့်ကြွားသည့်အပြုံးတချက်နှင့်သာ ကျနော့်ကိုအဖြေပေးလိုက်၏။
ကျနော့်မှာ “ မယ်သဲ ” ရွာသူကြီး ဦးရွာချစ်အပါအ၀င်၊ ရွာခံ ရွာသားများ ဧည့်သည်ရွာသားများကို တအံ့တသြထိုင်ပြီး စဉ်းစားနေမိသည်။ မြို့ ကြီးပြကြီးနှင့် ဝေးလံသည့် တောတောင်တွေအတွင်းက ကရင်တိုင်းရင်းသားသွေးချင်းများ၏ဘ၀ကို စဉ်းစားနေမိသည်။ နှစ်ပေါင်း(၅၀)ကျော် ပြည်တွင်းစစ်မီးကြီးအတွင်း၊ သူတို့ တတွေ သည်လိုအခြေအနေ၊ သည်လိုဘ၀ကြီးအတွင်း သည်လိုနေရဲ၊ ဖြတ်သန်းရဲ၊ ပျော်မွေ့ ရဲသည့်စိတ်ဓါတ်ကို ကျနော့်မှာ အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်ရ၏။ သည်လို စစ်မီးကြီးအတွင်း ကျင့်သားရလျက်ရှိသည့် ဘ၀ပေးအခြေအနေများအတွက် ကျနော့်မှာ ကြေကွဲလို့ မဆုံးနိုင်အောင် ဖြစ်ခဲ့ရ၏။
အမှန်စင်စစ်မှာ၊ ထိုနေ့ က ရွာအတွင်းသို့  နအဖစစ်တပ်များ ထိုးဖေါက်ရောက်လာခြင်းတော့ မရှိခဲ့ပါ။ ရွာသားတချို့ က လန့် ပြီး အော်ဟစ်သတိပေးရင်းက ရွာလန့် ပြီး ပွဲပျက်သွားခဲ့ခြင်းသာဖြစ်၏။ သို့ သော် “ မယ်သဲ ” ရွာသားများ သွေးပျက် သွားခဲ့ခြင်း မရှိကြပါ။ “ အရိုးကောက်ပွဲ ” ကို ဆက်ပြီး ကျင်းပခဲ့ကြ၏။
ထိုညနေပိုင်း၊ (၄း၀၀)နာရီတွင်၊ တလိုင်းကရင်ရွာတွင် တပ်စွဲထားသည့် န၀တစစ်တပ် တပ်စုတစု၊ “ ထယ်သဲရွာ ” နှင့် “ ထီးတော်ခီးရွာ ” ကြားတွင် ခိုအောင်းနေသည်ဟု လမ်းလျှောက်စကားပြောစက်မှတဆင့် သတင်းရသဖြင့်၊ ကျနော်တို့ သည် မိမိမူလ ခေတ္တခိုအောင်းနေထိုင်ရာ ဒုံသမိချောင်းဘေးသို့  ပြန်လာခဲ့ကြ၏။ ညနေ (၅)နာရီကျော်တွင် စခန်းဟောင်းကို ပြန်ရောက်ကြ၏။ မယ်သဲရွာ အရိုးကောက်ပွဲ အဖြစ်အပျက်ကို ပြောကြဆိုကြရင်း ကျနော်တို့ မှာ ငိုအားထက်ရယ်အားသန် ခဲ့ကြရ၏။
အောက်ခြေမှတ်စု
ဘူးသိုမြို့ နယ် ဆိုသည်မှာ ကရင်တော်လှန်ရေးအင်အားစုများက ခေါ်ဝေါ်သတ်မှတ်ထားသည့် ဒေသအမည်ဖြစ်သည်။ ဖါးအံ၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့ နယ်များကို စုစည်းခေါ်ဝေါ်သည့် အမည်ဖြစ်သည်။
“ ပရော် ” ဟူသောစကားမှာ ရှေးနှစ်ပေါင်းများစွာက၊ မြန်မာလူမျိုးများကို၊ ကရင်လူမျိုးများက ခေါ်ဝေါ်သည့်စကားလုံး ဖြစ်၏။ အဓိပ္ပါယ်မှာ “ မိတ်ဆွေရင်းချာ ” ဟူ၍ဖြစ်သည်။ နောင်အခါ မြန်မာအာဏာပိုင်များ၏ လက်နက်ကိုင်များက၊ ကရင်လူမျိုး မျးအပေါ် ဖိနှိပ်၊ တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်လာခဲ့ပြီး၊ အချိန်ကြာမြင့်လာသောအခါ၊ “ ပရော် ” ဟူသောစကားလုံး “ မိတ်ဆွေရင်းချာ ” မှာ “ ရန်သူစစ်တပ်၊ ဗမာစစ်တပ် ” ဟူသော အဓိပ္ပါယ်သို့ ကူးပြောင်းလာသည့် စကားလုံးဖြစ်၏။ ယခုအခါ “ ပရော် ” ဟူသော စကားလုံးကို “ ဗမာစစ်တပ်၊ ရန်သူ ” ဟူ၍ ကရင်လူမျိုးများက နားလည်ထားကြလေသည်။
No comments:
Post a Comment