June 27, 2008

ဒေါ် “တန်ခူး” နှင့် “နှင်းခါးမိုး” သို့ ... ကျေးဇူး

(က)

ညတုန်းက “နှင်းခါးမိုး” (ကိုဝေလင်း) ရဲ့ “စိတ်ကူးတေးသီ” ဆီ ချီတက်ခဲ့တယ်။ အဲဒီမှာ “တန်ခူး” က ကိုဝေလင်းကို ကျေးဇူးတင်တဲ့စာ စီဘောက်မှာ ရေးထားတာတွေ့ပြီး “တန်ခူး” ဆီကိုလည်း ခြေဦးလှည့်မိပြန်ရော ...။ ဒီမှာတင် “တန်ခူး” ရဲ့ “သားနှင့်ထူးဆန်းသော မြန်မာဝေါဟာရများ” ကို ကျနော် ဖတ်ရတော့တာပဲ။ ဒါနဲ့ပဲ တန်ခူးလေနဲ့ရောပြီး ကျနော်လည်း ဒီစာကိုရေးမိတာပါ။



“တန်ခူး” လိုပဲ၊ ကျနော့်မှာလည်း သားလေးတယောက်ရှိပါတယ်။ “တန်ခူး” ရဲ့ သားလေးက မြန်မာစာ ဝေါဟာရအသစ် တီထွင်ရာမှာတော်သလို ကျနော့်သားကြတော့ အတွေးအခေါ်မှာတော်တယ်လို့ ကြွားရမလားပဲ။ ကျနော့်သားဆိုတာက “သားလတ်” ကို ပြောတာပါ။ သားသုံးယောက်ရှိတဲ့အနက် ဒုတိယမြောက်မွေးတဲ့သားပါ။ သားလေးသားလတ်ရဲ့နာမည်က “မောင်ဖေအားမာန်” လို့ ခေါ်ပါတယ်။ ဖြူးမြို့အနီးက “လူငယ့်အားမာန် လယ်ယာသမ၀ါယမအသင်း” မှာ နေထိုင်ရင်း မွေးလို့ “ဖေအားမာန်” လို့ ပေးခဲ့တာပါ။
ကျနော်တို့မိသားစု ရွာမှာပဲ အနေများကြပါတယ်။ မြို့တက်အလုပ်လုပ် ... ။ အဆင်မပြေရင် ရွာပြန်နေ ... ၊ ဒီိလိုနဲ့ အဆင်မပြေတာများတော့ ရွာပြန်နေတာများရတော့တာပေါ့။ (သားလတ်အကြောင်း ကြွားမယ်လို့ ပြောပြီး လေရှည်ရန်ကောလို့ မထင်ကြဘူးလား။) ကျနော်က တသက်လုံး အစိုးရကျောင်းဆရာ၊ ရွာငှါး ကျောင်းဆရာ၊ တွဲဘက်ကျောင်းဆရာ၊ စေတနာဆရာဆိုတဲ့ ဆရာအလုပ်တွေပဲ လုပ်ခဲ့တော့ အဆင်မပြေလို့ ရွာပြန်ကပ်တဲ့ ကျောင်းဆရာကို ရွာက ပကာတိုင်နဲ့ တဲလေးတလုံးဆောက်ပေးလို့ အဲဒီမှာ ကျနော်တို့မိသားစု (၅) ယောက် နေကြရတာပေါ့။
တနေ့ ... ကျနော်တို့မိသားစု ထမင်းစားကြတဲ့အခါ သားလတ်က သူ့ပန်းကန်သူဆွဲပြီး တဲပေါက်ဝမှာ သွားထိုင်စားပါတယ်။ ထမင်းသာစားနေပေမယ့် မျက်လုံးကတော့ တဲရှေ့က မြက်ခင်းထဲကိုပဲ ငေးနေပါတယ်။ မအေလုပ်တဲ့ “မဒေ၀ီ” က ထမင်းစားရင်းငေးနေရပါ့မလားဆိုပြီး လှမ်းပြောမယ်အလုပ်မှာ ကျနော်က “မဒေ၀ီ” ကို မပြောဖို့ လက်ဟန်ခြေဟန်နဲ့တားထားလိုက်ပါတယ်။ သားလတ် “ဖေအားမာန်” က မြက်ခင်းထဲမှာ မြက်စားနေတဲ့ “နွား” ကို စူးစူးစိုက်စိုက်ကြည့်နေတာပဲ။ ပြီးတော့ သူဘာတွေတွေးနေတာလဲ။
“သား ... ၊ ထမင်းစားလေကွာ၊ ကျောင်းပြန်တက်ရဦးမယ်မို့လား”
ထမင်းဝိုင်းသိမ်းတဲ့အထိ အပေါက်ဝမှာ ထမင်းဝါးရင်းငေးနေတဲ့ သားလတ်ကို ကျနော်ကလှမ်းပြီး သတိပေးရပြီဆိုပါတော့။
“မေမေရေ ... သားတခုမေးမယ်”
မဒေ၀ီက ကျနော့်ကိုကြည့်၊ ကျေန်ာက မဒေ၀ီကိုကြည့်ပေါ့။ သားလတ်ရဲ့လေသံက အသက်(၂၀) အရွယ် လေသံမျိုး။ အချီကြီးနဲ့ ...။ ဒီတုန်းက သူက (၅) နှစ်ပဲရှိသေးတာ။
“ဘာလဲသား၊ ဘာမေးမလို့လဲ”
“ဟိုမှာ မြက်စားနေတဲ့ နွားက၊ သားတို့လို ထမင်းမစားပဲ၊ ဘာပြုလို့များ မြက်တွေချည်းပဲ စားနေကြတာ လဲဟင်”
“မဒေ၀ီ” ဆီက ဖြေသံ မကြားရဘူး။ ကျနော်လည်း ဘာပြောရမှန်းမသိဘူး။
သားလတ် “ဖေအားမာန်” ဆိုတဲ့ ခလေးက အဲသလို အတွေးမျိုးတွေးတတ်တဲ့သား။




(ခ)

နောက်ထပ် အဖြစ်အပျက်တခုထပ်ပြီး ပြောချင်သေးတယ်။ ဒါလည်းပဲ ထမင်းဝိုင်းမှာပဲ ဖြစ်ခဲ့တာပါ။ တနေ့ ... ကျနော်တို့မိသားစုဝိုင်းထိုင်ပြီး စားကြပါတယ်။ မိသားစုဝင်အားလုံး ထမင်းငုံ့စားနေတုန်း သားလတ် ဖေအားမာန်က ထမင်းကို ဖြောင့်အောင်မစားဘူး။ ခေါင်းငုံပြီး မစားဘူး။ ကျနော်တို့မျက်လုံးတွေကို လိုက်ကြည့် လိုက်၊ မျက်နှာက စပ်ဖြဲဖြဲလုပ်လိုက်၊ ထမင်းစားလိုက်ပေါ့။ ကြာလာတော့ ထုံးစံအတိုင်း “မဒေ၀ီ” က စိတ်မရှည် တော့ဘူးလေ။ ဒီကလေး ထမင်းဖြောင့်အောင်မစားပဲ ဘာတွေလုပ်နေသလဲပေါ့။
“သား ... ထမင်းစားလေ၊ ဘာဖြစ်နေတာလဲ၊ ဘာတွေသဘောကျနေတာလဲ”
သားလတ်က ဘာမှပြန်မပြောဘူး။ ထမင်းလုပ် နှစ်လုပ်သုံးလုပ်ဆက်စား ...၊ ပြီးတော့ခေါင်းကို ရုတ်တရက်ပြန်မော့၊ ကျနော်တို့အားလုံးရဲ့ မျက်နှာတွေကိုလိုက်ကြည့်။
“ဟဲ့ ... သား၊ ဘာဖြစ်နေတာလဲကွာ၊ ထမင်းစားလေ၊ ဟိုမှာ သူများတွေ ထမင်းစားပြီးတော့မယ်၊ ကျောင်းပြန်တက်ရဦးမယ်၊ စားစမ်းကွယ်”
ဒါကတော့ ကျနော်က ကြားဝင်ပြီးပြောလိုက်တာ။ ဒီတော့မှ သားလတ်က ထမင်းကို လည်ချောင်းထဲ အသာအယာမျှောလိုက်ရင်း ကျနော်တို့အားလုံးရဲ့မျက်နှာတွေကို လက်ညှိုးနဲ့လိုက်ထိုးပြီးမှ ပြောချလိုက်တဲ့ စကား။
“ဟဲ ... ဟဲ ... ဖေဖေတို့အားလုံး ပါးစပ်တွေနဲ့ချည်းပဲနော် ...” တဲ့။
စာဖတ်သူများ ဒါဆိုရင် ကျနော့်သားလတ် “မောင်ဖေအားမာန်” ရဲ့ အတွေးအခေါ်ဘယ်လိုရှိသလဲ ဆိုတာ ခန့်မှန်းနိုင်လောက်ရောပေါ့နော ... ။ သားလတ်တို့များ ဖေါက်ပြီးတွေး၊ ဖြန့်ပြီးတွေးတတ်ပုံများ ပြောပါတယ် ... ဟဲ ... ဟဲ ...။
ဒီစာလေးရေးဖြစ်အောင် နှိုးဆော်ပေးသလိုဖြစ်ခဲ့လို့ ဒေါ် “တန်ခူး” ကို ကျေးဇူးတင်တဲ့အကြောင်း မပြောရင် ကျနော့်ဆောင်းပါးလေး ဘယ်ခန့်ငြားနိုင်ပါတော့မလဲ။ ဒါကြောင့်မို့ ဒေါ် “တန်ခူး” ... ရေ ၊ “ကျေးဇူး” ။
တခါ ... သူနှစ်သက်တဲ့ တခြားသူတွေရဲ့စာမူတွေကို ကျန် မဖတ်ရသေးတဲ့ပုဂ္ဂိုလ်တွေ ချိပ်ဆက်မိပြီး ဖတ်ခွင့်ရအောင် ဖန်တီးပေးတဲ့ ဆရာနှင်းခါးမိုး (ကိုဝေလင်း) ကိုလည်း ကျေးဇူးစကားမပါးရင် ကျနော့်ဆောင်းပါး ဘယ်လိုလုပ်ပြီး အင်္ဂါပြည့်စုံနိုင်ပါတော့မလဲ ... ။ ဒါကြောင့်မို့ ဆရာ “နှင်းခါးမိုး” ရေ ... ကျေးဇူး ။

ငိမ်းဝေ

June 26, 2008

ကဗျာဆရာနှင့်သူ၏ ရသလွန်ဟင်းခွက်များ

ကျနော် ...
ဘ၀မှာ အဆင်မပြေတာတွေ
အငေါ်တူးမိတာတွေ
ခလုပ်တိုက်မိတာမျိုးတွေ ကြုံရတဲ့အခါ
ကဗျာနဲ့ပဲ ဖြေသိမ့်မိခဲ့တယ်။
၁၉၉၅ နှစ်ဦးပိုင်းတုန်းက
“မာနယ်ပလော” တော်လှန်ရေးစခန်းကြီး
ရန်သူ့လက်ထဲကျပြီး
ကျနော်တို့တတွေ ထွက်ပြေးကြရတဲ့အခါ
ကျနော်က
ဘန်ကောက်မြို့ အမျိုးသားညွှန့်ပေါင်းအစိုးရရုံးမှာ
ခေတ္တခိုနေတဲ့အခိုက်
ကဗျာတပုဒ်ရေးခဲ့ပါတယ်။
ရေးခဲ့တာကြာပြီဖြစ်ပေမယ့် ဘယ်မှာမှ မဖော်ပြရသေးတဲ့ ကဗျာပါ
ဝေမျှခံစားကြည့်နိုင်ဖို့ ... ။



အချစ်ရေ ...
(ငါဟာ)
ပင်လယ်ကို ရှာမတွေ့တဲ့မြစ်တစင်းလား
ခဏတဖြုတ်အိပ်ပျော်ခဲ့မိတာ
လှေခါးထစ်ပေါ်မှာလား
ချစ်ခြင်းများဖြင့် ခွင့်လွှတ်နော်။

ငါဟာ
မာယာတော၌ စစ်တိုက်ဖူးသူ
အလံထူကြည့် လူမိတဲ့ “ငုံး” ပါကွယ်။

သူတို့ကိုလား
ကြပ်စည်းထားတဲ့ လက်အကျိုးတချောင်းလို
ချောင်းကူးမြောင်းကျော်
အဖော်ပြုခဲ့မိ။
မျက်ရည်တစက်နဲ့ ငိုပြငိုပြတတ်တဲ့
ညိုမြဇာတ်ကိုလည်း ကြိုက်ခဲ့မိ။

အို ... လူသူတော်ကောင်းတို့
ငါ့နှလုံးသားပေါ်
တက်တက်ပြီး ခုန်ကြစမ်းပ
(ကြားလိုက်ကြရဲ့လား)
ဒါ - ငါ့ရဲ့ ရင်ခုန်သံအစစ်ပေါ့
ဒေါသဗုံသံအဖြစ်နဲ့ လောကကို သစ်စေမကွဲ့။

ရဲဘော်ကြီး “မာယာကော်စကီး” ခင်ဗျား
ကျနော်လည်း
မစင်ပိုက်နဲ့ ပုလွေမှုတ်ဘို့တော့
မကြိုးစားနိုင်ဘူးပေါ့ဗျာ။ ။

ငြိမ်းဝေ

၁၅.၆.၉၅ ၊ ဘန်ကောက်၊ NCGUB ရုံး


June 18, 2008

ဝိရောဓိ နှင်းဆီ


အစီရင်ခံခြင်း

ကျနော့်ဘလော့မှာ၊ ကဏ္ဍလေးတခု တိုးချင်ပါတယ်။
“ပြန်လည်တူးဖော် ခံစားခြင်း” ခေါင်းစဉ်ပါ။
တခါတရံ ကျနော်ဟာ ကျနော်ရေးခဲ့ပြီးတဲ့ ဖော်ပြပြီး စာမူတွေကို ပြန်ဖတ်တတ်ပါတယ်။ ဒီလိုဖတ်တဲ့အခါ ကျနော့်မှာ ထူးဆန်းတဲ့အင်အားတချို့၊ ထူးဆန်းတဲ့ အတွေးတချို့ ရလာတတ်တာ ကြုံဖူးပါတယ်။ အဲဒီအခါ မဖတ်ရသေးတဲ့ ဘလော့ချစ်သူတွေလည်း ဖတ်ရှုခံစားနိုင်ဖို့ စာမူဟောင်းတချို့ကို တင်ဆက်ခဲ့ဖူးပါတယ်။ အခုတော့ အဲသလို စာမူတွေကို “ပြန်လည်တူးဖော် ခံစားခြင်း” ခေါင်းစဉ်အောက်မှာ အခါအားလျော်စွာ တင်ဆက် သွားချင်ပါတယ်။
နယ်စပ်ရောက် စာရေးသူတွေထဲမှာ ကျနော်လေးစားချစ်ခင်ရတဲ့ ကဗျာဆရာတွေရှိပါတယ်။ ဒီအထဲက ကဗျာဆရာ “တိုက်မောင်း” နဲ့ ကဗျာဆရာ “တိုက်အောင်” တို့ နှစ်ယောက်ဟာ သက်ရှိထင်ရှားမရှိကြတော့ပါဘူး။ တဦးက ကျဆုံးရခဲ့ပြီး တဦးကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
ဒီကနေ့ ... “၀ီရောဓိ နှင်းဆီ” ခေါင်းစဉ်နဲ့ ၁၉၉၆ခုနှစ် အတွင်းတုန်းက ဒေါင်းအိုးဝေစာစောင်မှာ ဖော်ပြခဲ့တဲ့ ကဗျာဆရာ “တိုက်မောင်း” ကောက်ကြောင်း ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။



၁။

၁၉၉၄-ခု၊ ဇူလိုင်လ ... ။
“ထူးရာစိုး” လ္ဘက်ရည်ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းဆုံ၊ မာနယ်ပလော။
“ကိုငြိမ်းဝေဆိုတာ ခင်ဗျားလား”
မေးမြန်းနှုတ်ဆက်သူကို ကျနော်ကြည့်သည်။ ကောင်းဘွိုင်ဦးထုပ်၊ ပြောက်ကျားစစ်အင်္ကျီ၊ စစ်ဘောင်းဘီ၊ ရာဘာညှပ်ဖိနပ်။ အသားဖြူဖြူ၊ ပါးရိုးနားရိုး ကျကျ၊ ခန္ဓာကိုယ် ခပ်ပါးပါး။
“ဟုတ်ပါတယ်၊ ခင်ဗျားက ကိုတိုက်မောင်းလား”
သူက ကျနော်၏အမေးကို ပြန်မဖြေပဲ ကျနော့်လက်ကို ဆွဲကိုင်ဖြစ်ညှစ်ကာ စားပွဲဘေးတွင် ၀င်ထိုင် လိုက်သည်။ ကျနော်တို့နှစ်ယောက် နာရီဝက်နီးပါး စကားထိုင်ပြောကြ၏။ ပတ်ဝန်းကျင်တွင် ဘယ်သူတွေရှိနေ သည်ဖြစ်စေ သတိမထားနိုင်။ သူ့ကဗျာတချို့ကို ကျနော်ဝေဖန်တော့ သူကအပြုံးနှင့်နားထောင်။ ရုတ်တရက် ပြောလက်စ စကားကိုရပ်ပြီး သတိတချက်ဝင်တော့ သူ့လက်ထဲတွင် ပစ္စတိုသေနတ်တလက် ရောက်နေသည်ကို ကျနော် သတိပြုမိသွားရ၏။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ကာ သေနတ်ကိုချာချာလည်အောင် လှည့်ကစားရင်း ကျနော့်စကားကို နားထောင်၏။ ကျနော်က ရပ်ထားသည့်စကားကို ဆက်ပြီးမပြောနိုင်။ သူ့လက်ထဲက သေနတ် ကို ကြည့်သည်။ သူ့မျက်နှာကို ကြည့်သည်။
“ခင်ဗျားကလည်း သေနတ်ကြီးထည့်တားလိုက်စမ်းပါဗျာ၊ စကားပြောရတာ မဖြောင့်ဘူး၊ တော်ကြာ မတော်တဆ ကျည်ဆံထွက်သွားမှဖြင့်”
သူကလည်း ထိုအခါကျမှ သတိပြုမိသွား၏။ ပြီးတော့မှ သေနတ်ကို လွယ်အိတ်ထဲထည့်လိုက်၏။ သူ့မျက်နှာက ကျနော့်ကို အားနာသွားသည့်ဟန်။
“ခင်ဗျားက သေနတ်ကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တဲ့ပုံပဲ”
“ဟုတ်တယ်၊ ဖနောင့်တခြမ်း ပဲ့ပြီးမှတော့ ဘယ်မကျွမ်းကျင်ဘဲ ရှိပါ့မလဲဗျာ”
ကျနော်က သူ့ခြေထောက်ဆီ မျက်စေ့ရောက်သွားသည်။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ပြီး သေနတ်ကိုလည်အောင်လှည့်ရင်းက မတော်တဆ ကျည်ဆံထွက်ကာ သူ့ညာဖက်ခြေဖနောင့် ပဲ့ထွက်သွားခြင်း ကို ရှင်းပြရင်းရယ်နေ၏။ ကျနော်က သည်လိုသေနတ်ကိုင်ထားသည့်လက်က ဘယ်လိုလုပ်ပြီး ကဗျာတွေရေးပါလိမ့်ဟု သူငယ်နာ တက္ကဗေဒအမြင်နှင့်တွေးကာ တအံ့တသြ။
“ကျုပ်က ဒဂုန်တာရာကို သိပ်သဘောကျတာဗျ၊ ဒါပေမယ့် သူက ဂျပန်ခေတ်မှာ ရေထဲသေနတ်နှစ်ချက် ပစ်လိုက်ဖူးတာပဲရှိတယ်၊ ကျုပ်နဲ့မတူဘူး၊ ခင်ဗျားကော ...”
ကျနော်က တပ်မဟာ (၁) နယ်မြေ အတွေ့အကြုံကို ပြန်ပြောပြနေမိသည်။ ထိုစဉ်က ကျနော်သည် အတူလိုက်ပါလာသူ KNLA ရဲဘော်တချို့နှင့် လမ်းကွဲသွားခဲ့၏။ တောထဲတွင် ဆယ်မိနစ်ခန့် တဦးတည်းအဖော် ကွဲနေစဉ် ကြံရာမရသည့်အဆုံး ရဲဘော်တဦးထံက ခေတ္တ၀ိုင်းကူ ထမ်းပေးရင်းပါလာသော M-၁၆ ရိုင်ဖယ်ကို မိုးပေါ်ထောင်၊ စေ့ဖွင့်ကာ မောင်းကွင်းထဲကလက်ညှိုးကို ညှစ်လိုက်၏။ သစ်ရွက်တချို့ ကျည်ဆံဖြတ်သွားသည့် အသံနှင့်အတူ တတောလုံး သေနတ်သံတွေ ပဲ့တင်ထပ်ညံသွား၏။ ရုတ်တရက်ဆိုသလို သေနတ်ကို ခန္ဓာကိုယ် နှင့် ခပ်ဝေးဝေးတွင်ထားကာ ကျနော့်ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည့်အဖြစ်ကို ပြောပြလိုက်သည်။ ထိုအတွေ့ အကြုံသည်ကား ကျနော့်ဘ၀တွင် ပထမဆုံးနှင့်နောက်ဆုံးအကြိမ် သေနတ်ပစ်ဖူးခြင်းဖြစ်လေသည်။ ကျနော်က စကားအဆုံးတွင် ကျနော့်ကို သဘောကျစွာ ရယ်မောပြလိမ့်မည်ဟု သူ့ကို ထင်နေစဉ် သူကမူ မပြုံးမရယ်ဘဲ ခပ်တွေတွေကြည့်၏။
“အေးဗျာ ခင်ဗျား နှလုံးသားမျိုး ကြိုက်တယ်၊ ဒါပေမယ့် ကျုပ်ဘ၀ကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ လေ”
သူ့ကို ကျနော် နားလည်သည်။ သူသည်ကား စစ်ကိုမုန်းသဖြင့် စစ်တိုက်နေရသူ ကဗျာဆရာ စစ်သားတဦး။ သူနှင့် စတင်တွေ့ဖူးသည့် ထိုအတွေ့အကြုံတခုတည်းနှင့်ပင် သူ့ကို အမှန်တကယ် ကျနော် စွဲမက်ခဲ့လေသည်။

၂။

“ခင်ဗျားရေးတဲ့ ကဗျာမျိုးတွေ မရေးတတ်ဘူး”
ကျနော့်ကို သူက မဝေခွဲတတ်သလိုကြည့်သည်။ မျက်မှောက်ကြုတ်သည်။
“ ဒါ ... ခင်ဗျားပြောမှပဲလားဗျ၊ ဒီလိုပဲ တယောက်ရေးသလို ဘယ်သူက တူအောင်ရေးတတ်ကြမှာလဲ”
သူ့မျက်နှာပေါ်တွင် အပြုံးရိပ်များပေါ်လာ၏။
“မဟုတ်ဘူး၊ ကျနော်ဆိုလိုတာက ခင်ဗျားက အခက်ဆုံးအကြောင်းအရာကို ကဗျာနဲ့ ဖော်ပြတဲ့ သဘောဗျ။ ဇာတ်သဘင်မှာ ဟာသပညာက အခက်ခဲဆုံးလို့ ပြောသလိုပေါ့။ ကဗျာမှာလည်း လှောင်ပြောင်တဲ့ ကဗျာမျိုး၊ အငေါ်တူးတဲ့ ကဗျာမျိုးက သိပ်ခက်တာဗျ။ ခင်ဗျားက အဲသလို ကဗျာမျိုးတွေ တော်တော်ရေးတယ်၊ ရေးတိုင်းလည်း ထိတယ်၊ ကျုပ်ဖြင့် တပုဒ်မှမရေးဖူးဘူး”
“မဟုတ်သေးပါဘူး၊ ခင်ဗျားလည်း ‘ကဗျာဆရာနှင့်သူ၏ ရသလွန်ဟင်းခွက်များ’ ကဗျာရေးတာပဲဟာ”
ကျနော်တို့နှစ်ယောက် satire ကဗျာအကြောင်း စကားပြောကြသည်။ သူက “ဗားတော့ဗရက်” ကို စ ပြော၏။ ကျနော်က “ ယက်ဖ်တူရှင်ကို” လည်း satire ကဗျာရေးတတ်ကြောင်း ပြောပြရသည်။ မြန်မာကဗျာဆရာ ထဲမှာတော့ မောင်စွမ်းရည်၊ မင်းလူတို့မှာ satire ကဗျာ အရေးကောင်းကြောင်း ပြောပြရသည်။ သူ့ကို နားလည်ရ မခက်ခဲလှပါ။ သူသည်ကား ဗားတော့ဗရက် ခရေစီတဦး။
“ကျနော်လား၊ ‘ကျောက်သားမျက်ရည်’ လို ‘တပြည်သူ’ လို ကဗျာမျိုးလည်း ကျနော်ရေးပါတယ်”
သူ့ကို လရောင်နဲ့ နေလုံး နှစ်ခုစလုံးကို ခေါင်းအုံးအိပ်တတ်သူ အိပ်နိုင်သူဆိုတာ ကျနော်မငြင်းလိုပါ။ ဒါပေမယ့် သူ့ကဗျာအများစုက လောကကြီးကို ခါးခါးသက်သက် အငေါ်တူးချင်တဲ့သဘော။ လောကကြီးရဲ့ ကမောက်ကမ ဖောက်ပြန်ဖောက်လွဲဖြစ်မှုများအပေါ် အထူးသဖြင့် စည်းအတွင်းက ဖောက်ပြန်မှားယွင်းမှုများ အပေါ် ဒေါသပေါက်ကွဲပြီး ကဗျာထဲမှာ သူ့ရဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းက ထေ့သည့်လှောင်သည့်နည်းနာ။
“တကယ်တော့ဗျာ၊ စည်းထဲက ကိစ္စဆိုတော့ ကျုပ်အဖို့ အ,အ ဒေါသဖြစ်ပြီး အသံ မထွက်ဘဲ ဆဲရတဲ့ အလုပ်မျိုးဆိုတော့ ကျုပ်ကဗျာတချို့ နားလည်ရခက်ကုန်တော့တာပေါ့ဗျ”
သူကသည်လို ရှင်းရှင်းလင်းလင်းဖြေချသည့်တိုင် ကျနော်ကတော့ သူ့ကဗျာတွေကို နားလည်အောင် ကြိုးစားနိုင်ခဲ့၏။ သူ၏ “ကုလားထိုင်စိုက်ပျိုးရေး” ကဗျာ၊ “ဇိတံမေ၏ နိဒါန်း” ကဗျာ၊ “အိပ်မက်ကြီးကို မီးလောင်တဲ့ ည” ၊ “လားတကောင်ဖတ်ဖို့ ဖတ်စာ” ကဗျာများကို ကျနော်ဖတ်သည်။ သူ၏ အဆုံးမသတ်နိုင်ခဲ့သည့် “မိခင်၏ စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းချင်း” ကဗျာထဲက ကဗျာစာသားများကို ကျနော်ဖတ်သည်။ သူသည်ကား တကယ့်ကို ၀ိရောဓိနှင်းဆီမှ နှင်းဆီ။ ထိုအခါ သူ၏ မချိမဆန့် ရင်ခေါင်းသံပါသည့် အော်သံကြီးကို ကြားလိုက်ရ လေသည်။ တိုက်မောင်း၏ “အော်သံ” များသည် အက်ဗက်မွန့်ခ်ရဲ့ “အော်သံ” များထက် ပိုပြီး ကျယ်လောင်နေခဲ့ မလား။




၃။

“ခင်ဗျားနေကောင်းရဲ့လား”
“လူတော့ နေကောင်းပါတယ်၊ စိတ်က မကောင်းဘူးဗျ”
သူက ကာဘိုင်သေနတ်ကို ပခုံးပေါ်ထမ်းရင်း သံလွင်မြစ်သောင်စပ်ကို ဆင်းသည်။ ကျနော်က သူနှင့် ယှဉ်ကာ သောင်စပ်ပေါ် ရောက်လာ၏။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ကာ သေနတ်ကို တချက်နှစ်ချက် လှည့်ကြည့်နေ၏။ ဆကြည့်နေ၏။
“ဟုတ်တယ်ဗျာ၊ ကျုပ်ရှေ့တန်းမှာ စစ်ပူနေပေမယ့် ပြောစရာရှိလို့ပြန်လာတာ ကျုပ်ရဲဘော်တွေကို စိတ်မချဘူး။ ရန်သူက ကိုယ်ရောင်ဖျောက်သလို ရောက်လာနေတာဗျ”
ABSDF ဌာနချုပ် “ဒေါင်းဂွင်” မှာ ရန်သူ့လက်သို့ ကျသွားခဲ့ပြီဖြစ်သည်။ ကျောင်းသားတပ်မတော်၏ တပ်ရင်း တပ်ဖွဲ့တချို့ ရန်သူ့တပ်များနှင့် သူကျွံ၊ ကိုယ်ကျွံဖြစ်ကာ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေချိန် သူသည် နောက်တန်းသို့ပြန်လာခဲ့၏။ ဗဟိုကော် မတီတဦးနှင့် အယူအဆ မတူသည်ကို ဆွေးနွေးရန်ပြန်လာခြင်းဖြစ်သည် ဟု ဆို၏။
“ခင်ဗျား ဒီညနေပဲ ပြန်သွားရမှာလား”
“ဟုတ်တယ်။ ပြန်ရမယ်။ ခင်ဗျားကရော ဒီမှာ ဘာလာလုပ်တာလဲ”
ကျနော်က နအဖတပ်သားတဦး အရှင်ဖမ်းမိသည်ကို သတင်းလာယူကြောင်း ရှင်းပြရသည်။
“မာနယ်ပလောမှာကော ဘယ်လိုအခြေအနေရှိသလဲဗျ”
“အတိအကျတော့ မပြောတတ်ဘူး။ ဒါပေမယ့် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပဲ၊ ခင်ဗျား တညလောက်အိပ်ပြီးမှ ပြန်ပါလားဗျာ”
ကျနော်က သူ့ကို တညလောက်တော့ အနားယူစေချင်သည်။ သူ့ပုံပန်းမှာ ယဲ့ယဲ့မျှသာရှိတော့၏။ အိပ်ရေးပျက်ခြင်း၊ အစားဆင်းရဲခြင်း၊ မနားမနေ သွားလာလှုပ်ရှားခဲ့ရသဖြင့် သူ့အသားအရေမှာ ဖြူဖတ်ဖြူရော်၊ သူ့ခန္ဓာကိုယ်ပေါ်က စစ်ဝတ်စုံမှာ ချေးအထပ်ထပ်၊ ချွေးအလိမ်းလိမ်း။ သူက သူ့တပ်ရင်းဆီကိုသာ စိတ်ရောက် နေသည်။ စိတ်ပူနေသည်။
“ကျနော် ပြန်မှဖြစ်မယ်၊ ပြောစရာရှိတာလည်း ပြောပြီးပြီပဲဗျာ၊ တခုတော့ရှိတယ် ကိုငြိမ်းဝေ၊ ကျုပ်တော့ အခုတိုက်နေရတဲ့စစ်ပွဲမှာ ကျသွားရင်ကောင်းမယ်ထင်တယ်ဗျာ၊ တော်ကြာ ကျုပ်တို့ဘ၀တွေ ရိုင်းကုန်လိမ့်မယ်”
သူက ပြောပြောဆိုဆို ကျနော့်ကိုနှုတ်ဆက်ပြီး တောစပ်ဆီ မျက်နှာမူလိုက်သည်။ ကျနော်က စစ်ထွက်သူကဗျာဆရာ၏ နှုတ်ဆက်စကားအပေါ် စိုးရိမ်ထိတ်လန့်သွားရသည်။ စစ်ထွက်သူတဦးအဖို့ သည်လို စကားမျိုး မပြောသင့်ဘူးဟု စေတနာနှင့် တားမြစ်ကြည့်ချင်သည်။ သို့သော် သူ့စိတ်ကိုထင့်စေမည်ဟု ယူဆပြီး ဘာတခွန်းမျှ မဟနိုင်ခဲ့။ ကျနော့်ကို ကျောပေးကာ သူ့ရဲဘော်နှစ်ဦး၏နောက်မှ ကာဘိုင်သေနတ်ထမ်းပြီး လိုက်ပါသွားသည့် သူ့ကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကျနော်ရပ်ကြည့်နေခဲ့မိ၏။ သည်တကြိမ် သူ့ကို တွေ့ဆုံခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်သည်ကိုမူ ကျနော်မသိခဲ့။ တခုတော့ရှိ၏။ သူနှင့်ကျနော် ပထမဆုံး အကြိမ် တွေ့ဆုံစဉ်က သူ့လက်ထဲက သေနတ်မှာ ပစ္စတိုတလက်ဖြစ်ပြီး ယခုတကြိမ် နောက်ဆုံးတွေ့ဆုံသည့် အခါမူ သူ့လက်ထဲ၌ ကာဘိုင်သေနတ်တလက်ရှိနေခဲ့၏။
နေ၀င်ရီတရောအချိန် တောင်ခြေတောအုပ်အတွင်း ၀င်ရောက်ပျောက်ကွယ်သွားနေသည့် ကဗျာဆရာ တိုက်မောင်းကို ကျနော်ငေးနေမိသည်။ သူသည် သေနတ်နှင့် ကလောင်တံကို ဘယ်တော့မှ လက်ကမချခဲ့သူ ဖြစ်ချေ၏။



၎။

၁၉၉၅၊ ဧပြီလ - ၂၆ ရက်နေ့တွင်၊ ကဗျာဆရာတိုက်မောင်း မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့သည်။ သူ့သတင်းကို ကဗျာဆရာမ မိဆူးပွင့်ဆီကတဆင့် ကြားရခြင်းဖြစ်သည်။ အစပထမတော့ မယုံကြည်နိုင်အောင် ဖြစ်ရသည်။ နောက်တော့မှ အရှိကိုအရှိအတိုင်း ကျနော့်မှာ လက်ခံဖို့ ကြိုးစားယူရတော့၏။ သူ မရှိတော့ပြီကော ဟူသည့် အသိကို အချိန်တော်တော်ကြာသည်အထိ ကျနော့်ရင်ထဲက လက်ခံလို့မရ။ သူက သူ့အလောင်းကို မြန်မာပြည်ထဲက မြေပေါ်တွင် မြှုပ်ဖို့မှာခဲ့သည်ဟု သိရတော့ ကျနော့်နှလုံးသားများ တဆက်ဆက်တုန်ရင် ...။ ထိုစဉ်က ကျနော်သည် “ဥရောပမဲဇာ” သို့ ထွက်ခွါရန် စီစဉ်နေသည့်အချိန်။ သူ့အတွက် ကျနော့်မှာ ပိုပြီးကြေကွဲ ရတော့၏။ ကျနော်ချစ်သော ကဗျာဆရာတယောက် ကျဆုံးသွားသည့် တချိန်တည်းမှာ ကျနော်က “ဥရောပ” သို့ ထွက်ခွါဖို့ ပြင်ဆင်နေသည်မှာ မသင့်တော်။ ကိုယ့်ကိုယ်ကိုမလုံ။ လိပ်ပြာမသန့်။ ထို့ကြောင့် ကျနော့်ကို ခွင့်လွတ်ဖို့ ကျနော့်ကို နားလည်ပေးဖို့ သူ့ဝိညာဉ်ကို အကြိမ်ကြိမ်တောင်းပန်နေခဲ့မိ၏။ ၁၉၉၅ခု၊ နှစ်ဦးပိုင်း တောစပ်တနေရာ တွင် သူပြောခဲ့သည့်စကားတခွန်း။
“ကျုပ်တော့ အခုတိုက်နေရတဲ့စစ်ပွဲမှာ ကျသွားရင်ကောင်းမယ်ထင်တယ်ဗျာ။ တော်ကြာ ကျုပ်တို့ ဘ၀တွေ ရိုင်းကုန်လိမ့်မယ်” ဟု တိုက်မောင်းပြောခဲ့၏။
အခုတော့ ကဗျာဆရာတိုက်မောင်း တကယ်ပင် ကျဆုံးသွားခဲ့သည်။ သူ့ဘ၀သည် မရိုင်း။ လှပ တောက်ပြောင်လွန်းပေစွ။ ဘ၀ကို အနိုင်နှင့် ပိုင်းနိုင်ခဲ့သူ။ သေနတ်ကိုင်ထားသည့်သူ့ကို ကျနော် နားလည်သည်။ ကလောင်ကိုင်ထားသည့်သူ့ကို ကျနော် လေးစားသည်။ သူ့နှလုံးသားကို ကျနော်ချစ်သည်။ “နေသစ်တခု မွေးဖွား ဖို့ နေလုံးတူးဆွခဲ့သူများ” ကို ကျနော် နားမလည်လို့မဖြစ်။ မချစ်၍ မဖြစ်။ နားလည်ရမည်။ ချစ်ရမည်။ သို့နှင့် “တိုက်မောင်း” အတွက် ကဗျာတပုဒ် ကျနော်ရေးခဲ့၏။ ထိုကဗျာထဲက ကဗျာစာသားတချို့ ...။

ခင်ဗျားအဖို့တော့
ကျနော်တို့ခေတ်ရဲ့ “မာယာဘုံ” မှာ
ကဗျာဆရာတယောက်အဖြစ်
ထုံးတို့လို့ ထားရစ်ခဲ့သူ
ဧကရာဇ်ကို စစ်ကြေညာကြ
သူပုန်ဘ၀ရဲ့ ဂုဏ်ဟူသမျှ
ကုန်လုံကြွယ်ဝပြခဲ့သူ
ဖြူစင်ခြင်းတောင်ကုန်းမှာ
နှောင်ထုံးချေမွ
ယောင်ထုံးဖြေချ မြေကျခဲ့သူ ... ။

အို ... မြတ်သောဝိညာဉ်
(သို့မဟုတ်)
ရဲဘော် ... “တိုက်မောင်း” ရေ
“မိုးတွေညို့ရင် မျက်ရည်စို့တယ်” တဲ့
ခင်ဗျားရဲ့ မခင်သီ
ကျနော်နဲ့ မဒေ၀ီလေ
ကွဲကြေလို့ မဆုံး ။ ။

ငြိမ်းဝေ


မှတ်ချက်။
- ဗားတော့ဗရက် (ဂျာမာန်ကဗျာဆရာ)
- ယက်ဖ်တူရှင်ကို (ရုရှကဗျာဆရာ)
- အက်ဗတ်မွန့်ခ် “အော်သံ” (နော်ဝေးပန်းချီဆရာ အက်ဗတ်မွန့်ခ်ရဲ့ ‘အော်သံ’ ပန်းချီကား)

June 16, 2008

ငှက်ပျောတောတန်း လှည်းလမ်းကြောင်း နှင့် ရိုးပေါ်က လေညှင်း


(က)
ရိုးထဲတွင်ရေမရှိတော့သည့်တိုင် ကိုင်းပင်၊ ခြုံပင်များမှာ ထူထပ်လျက်ရှိနေသေး၏။ ရိုးအလယ်သို့ ရောက်သည်အထိ ၀ါးတံတားထိုးဆက်သွယ်ထားသည့် “ရေသိမ်” ကလေးမှာ အကာအရံမရှိ။ ၀ါးတံတားလေးပေါ်မှကြည့်လျင် လေးဖက်လေးတန် ၀န်းကျင်ကို ကောင်းကောင်း မြင်ရ၏။ အထူးသဖြင့် “ချောင်းချိုး”’ ရွာကလေးဆီမှ ကွေ့ဝိုက်ပြီး လာနေသည့် ကုက္ကိုပင်တန်းနှင့် ငှက်ပျောပင်တန်းကို အစအဆုံးလှမ်းမြင်နေရ၏။ ၀ါးတံတားထိပ်သည် လှည်းလမ်းဘေးတွင်မေးတင်လျက်ရှိ၏။ လှည်းလမ်းနှင့် မလှမ်းမကမ်းတွင် “ဘုန်းတော်ကြီးကျောင်း” ရှိနေလေသည်။


“ရေသိမ်”လေးနှင့်ဆက်သွယ်ထားရာ၊ ၀ါးတံတားပေါ်တွင် တဦးတည်းထိုင်နေစဉ်၊ ကုက္ကိုပင်တန်း၊ ငှက်ပျောတောတန်းကလေးဆီလှမ်းမျှော်ကြည့်မိသည်။ နောက်ထပ် နာရီဝက် (သို့ မ ဟုတ်) တနာရီခန့်ရှိလျှင် ထိုကုက္ကိုပင်တန်းနှင့်ငှက်ပျောတောတန်းကလေးအတိုင်း လမ်းလျှောက်လာနေသည့် “မဒေ၀ီ” ကိုကျနော်တွေ့ရမည်။ ထိုအခါ ကျနော့်နှလုံးသားများ ရုတ်တရက်စိမ်းစိုလန်းဆန်း လာကာ၊ လှည်းလမ်းကလေးဆီကြိုပြီးကြည့်နေမိမည်။ ငှက်ပျောတောတန်းအလွန် တောအုပ် ကလေးထိပ်၊ ခေါင်းပြူပြီးထွက်လာသည့် လှည်းလမ်းကလေးပေါ်တွင် ဈေးတောင်းခေါင်းရွက်ပြီး လျှောက်လာနေသည့် ‘မဒေ၀ီ’ ကိုကျနော်တွေ့ရမည်။ ခြေထောက်တွဲလောင်းချပြီး ထိုင်နေသည့် ကျနော့်ဆီသို့ဝါးတန်းလေးအတိုင်း သူလျှောက်လာလိမ့်မည်။ ပြီးတော့ သူသည်လည်းကျနော့်ဘေး တွင် ခြေထောက်တွဲလောင်းချထိုင်ကာ သူ့ဘ၀ တနေ့တာ အတွေ့အကြုံတချို့ကိုပြောပြနေဦးမည်။
ဝါးတံတားလေးပေါ်တွင်တဦးတည်းထိုင်နေရင်း မနေ့တနေ့က ‘မဒေ၀ီ’ နှင့်စကားလက်ဆုံ ကျခဲ့သည့် အကြောင်းကိုဖြတ်ကနဲတွေးမိတော့ ကျနော့်မှာ အလိုလိုပြုံးမိလျက်သားဖြစ်သွားရ၏။ ဒီတခါ ‘အုတ်တွင်း’ပြန် တက်ပြီး မြို့နယ်ရုံးတွင် ‘ဒေါ်အောင်ဆန်းစုကြည်’ နှင့်တွေ့ခွင့်ရသည့်အခါ ‘မဒေ၀ီ’သိချင်သည့်မေးခွန်တချို့ကို မေး ဖြစ်အောင်မေးကြည့်ဖို့ကျနော်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ဒါမှမဟုတ် ‘မဒေ၀ီ’ ကိုယ်တိုင်က ‘ဒေါ်အောင် ဆန်းစုကြည်’နှင့်တွေ့ဆုံပြီးသူသိချင်သည့်၊ သူမေးချင် သည့်မေးခွန်းကို ကိုယ်တိုင်ကိုယ်ကျ မေးခွင့်ရအောင် ကြိုးစားပြီး ဖန်တီးပေးရန် ကျနော်စဉ်းစား ထားခဲ့၏။
ကုက္ကိုပင်တန်းအောက်တွင် လူတယောက်လမ်းလျှောက်လာနေသည်ကို သစ်ပင်များကြားမှ ပျောက်လိုက်၊ ပေါ်လိုက်တွေ့နေရ၏။၊ ငှက်ပျောတောတန်းကလေးနှင့် ကုက္ကိုပင်တန်းအကူးတွင်မူ ဈေးတောင်းခေါင်းရွက်ကာလှည်းလမ်းအတိုင်း လမ်းလျှောက်လာနေသည့်‘မဒေ၀ီ’ကို ကျနော်တွေ့ရ သည်။

(ခ)
“ဘယ်လိုလဲဈေးသည်ကြီး ဆန်နီရဲ့၊ နေပူတော့မယ်လေကွာ အခုထက်ထိမထွက်သေး ဘူးလား”
“ရွာထဲ ခဏသွားလိုက်တာပါမောင်ရယ် ကိစ္စရှိလို့ ... ဟဲ ...ဟဲ...”
ကျနော်က ပြုံးပြုံးရွှင်ရွှင်ဖြစ်နေသည့် ‘မဒေ၀ီ’ ၏ မျက်နှာကိုကြည့်ကာ စိတ်ဝင်စားမိသည်။
“ဘာကိစ္စလဲ ချဲဂဏန်းသွားတောင်းတာလား”
“အိုး မဟုတ်တာမောင်ရယ်၊ ရွာထဲမှာအသုဘကူငွေလိုက်ကောက်တာပါ”
“ဘာ၊ အသုဘကူငွေ၊ ဘယ်သူ့အတွက်လဲကွ၊ ဘယ်သူဆုံးတာလဲ”
“အော်၊ ညတုန်းကမောင့်ကိုပြောပြထားတဲ့ ‘ဇရပ်ကြီး’ကအဘိုးကြီးအသုဘအတွက်ပါမောင်ရဲ့၊ ရွာထဲမှာကျမနဲ့နားလည်မှုရှိတဲ့ သူငယ်ချင်းတွေလိုက်ပြောပြီးစုတာ၊ နှစ်ရာကျော်တောင်ရတယ်မောင်”
ညတုန်းကအိပ်ရာမ၀င်ခင် ‘မဒေ၀ီ’ပြောခဲ့သည့် ‘ဇရပ်ကြီး’ရွာကအသက် ၆၀ အရွယ် လူ တယောက်၏ အသုဘကိစ္စကိုကျနော်သတိရသွား၏။ စစ်တောင်းမြစ်ဟိုဖက်ကမ်း ကားလမ်းသစ် ဖောက်လုပ်ရေး လုပ်အားလာပေးရင်းကရုတ်တရက်သေဆုံးသွားရသည့် ‘ဇရပ်ကြီး’ရွာက အဘိုးအို တဦးအကြောင်းကို ‘မဒေ၀ီ’ကကျနော့်ကို စီကာပက်ကုံးပြောပြခဲ့၏။
ရွာတွင် ကျောထောက်နောက်ခံမရှိသည့်အပြင် သူနှင့်အတူ လုပ်အားလာပေးနေကြရသည့် ဇရပ်ကြီးရွာသားများလည်း တလကိုးသီတင်းရွာနှင့်ဝေးလံသည့်နေရာတွင် လုပ်အားပေးနေကြရသဖြင့် ‘အသုဘ’ကိစ္စကိုတင့်တောင့်တင့်တယ်ဖြစ်အောင်မစီစဉ်နိုင်ကြ။ တာဘေးကခြုံပုတ်အစပ် နေပူကွင်း ကြီးထဲတွင် ၀ါးစင်ပေါ်ဖျာနှင့်လိပ်ပြီး အလောင်းစင်ပြင်ခဲ့ကြရ၏။ လုပ်အားပေးအချင်းချင်း တကျပ်တန်သည်နှစ်ကျပ်တန်သည်စုကာ၊ အနီးဆုံးရွာက ဓါတ်စက်ငှားပြီးဖွင့်ရ၏။ ‘မဒေ၀ီ’ကလုပ်အား ပေးများကို ဈေးတောင်းခေါင်းရွက် မုန့်လိုက်ရောင်းရင်းက အသုဘကိစ္စကိုတွေ့ပြီး စိတ်မကောင်းဖြစ်မိ ဟန်တူလေသည်။
“ ကဲ ဒါဆိုရင်လည်းထွက်တော့ နေပူလိမ့်မယ် ”
“ နေအုံးမောင်၊ မောင့်ကိုလည်း ကျမကပြောစရာရှိသေးလို့ ”
“ ဘာပြုတယ်”
“ မောင့်ကို ပြောစရာနည်းနည်းရှိသေးတယ်လို့ ပြောတာပါမောင်ရယ် တကတဲ မျက်လုံး မျက်ဆန်ြပြူးပြီး ဘယ်လိုဖြစ်သွားတာလဲ ”
“ အော် ၊ ဈေးရောင်းထွက်ခါနီးကြကာမှ ဘာမပြောညာမပြော စကားပြောစရာရှိတယ်ဆိုတော့၊ အံ့သြသွားလို့ပါကွာ...၊ ကဲ-ပြော ဘာပြောမလို့လဲ”
မဒေ၀ီ က တဲပေါက်ဝတွင်ပင် ခြေထောက်တဲလောင်းချထိုင်ရင်း ကျနော့်ကို ပြုံးပြီးကြည့်နေသည်။
“ မော်စီတုန်းတို့ ၊ ဟိုချီမင်းတို့က ကဗျာရေးကြတယ်နော်မောင် ...”
ကျနော်က သဲသဲကွဲကွဲကြားလိုက်သည့်တိုင် နားကိုမယုံနိုင်အောင် ဖြစ်ရသဖြင့် သူ့ကို ကြောင်ပြီး ငေးကြည့်နေမိသည်။ ရုတ်တရက် ဘာပြောရမှန်းပင်မသိ။၊
“အော် ... ဒီလိုပါမောင်ရဲ့ ၊ ဗီယက်နမ်က ဟိုချီမင်းတို့ ၊ တရုတ်ပြည်က မော်စီတုန်းတို့က ကဗျာရေးကြတယ်နော် မောင်”
“အင်း ... ဟုတ်တယ်၊ ရေးတယ်လေ၊ အဲဒါ ဘာဖြစ်လဲ၊ မင်းဘာတွေ တွေးနေတာလဲ”
“ ကျမ၊ ဒါကိုစဉ်းစားနေတာကြာပြီမောင်ရဲ့၊ ဗီယက်နမ်ခေါင်းဆောင်၊ တရုတ်ခေါင်းဆောင် တွေက ကဗျာရေးတယ်၊ ကဗျာကိုခံစားတတ်တယ်ဆိုတော့ အကယ်၍များ ကျမတို့ရဲ့ခေါင်းဆောင် ကလည်း ကဗျာရေးတတ်ရင်၊ ကဗျာကိုခံစားတတ်ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့ပေါ့၊ ကျမက ကျမတို့ရဲ့ခေါင်းဆောင်ကို ကဗျာရေးတတ်စေချင်တယ်၊ ဒါမှမဟုတ်ကဗျာတွေကို ကောင်းကောင်းခံစားတတ်စေချင်လိုက်တာ အရမ်းပဲ မောင်ရယ် တကယ်ပဲ”
မဒေ၀ီကို ကျနော် သြချယူရလောက်အောင် ဖြစ်သွားရ၏။
“ အဲဒီတော့ ”
“ အဲဒါ ...၊ နောက် နှစ်ရက်ရှိရင် မောင်အုတ်တွင်းကို သွားရမယ်မို့လား၊ ဒေါ်အောင်ဆန်း စုကြည်က မန္တလေးကအပြန် အုတ်တွင်းရုံးကို ၀င်အုံးမှာပဲမို့လား၊ အဲဒါ ဒီတခါ မောင်အုတ်တွင်း သွားရင် ကျမလိုက်ချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ချင်တယ်၊ ပြီးတော့ သူ့ကို ကဗျာရေးတတ် သလား၊ ဒါမှမဟုတ် ကဗျာဖတ်သလား၊ ကဗျာခံစားတတ်သလားဆိုတာ မေးမယ်၊ အဲဒါ ကျမတွေးနေ တာကြာပြီ၊ ကျမ ဒီကိစ္စအရမ်းသိချင်တာပဲ မောင်ရယ်၊ မောင်ဒီတခါ အုတ်တွင်းကိုသွားရင် ကျမလိုက် လို့ရမလားဟင်မောင်၊ ကျမလိုက်ချင်တယ်၊ ကျမလိုက်ပါရစေမောင်ရယ် ”
ပြောချင်တာပြောပြီး ကျနော်နှင့်ဆွေးနွေးညှိနှိုင်း ကျေနပ်ကာမှ ဈေးတောင်းခေါင်းပေါ်တင်ကာ ဈေးရောင်းထွက်သည့် မဒေ၀ီ၏ ကျောပြင်ကိုငေးကြည့်ကာ ကျနော့်မှာ သက်ပြင်းချ မိလေသည်။

(ဂ)
တောအုပ်ကလေးထဲမှလမ်းလျှောက်ပြီးထွက်လာနေသည့် ‘မဒေ၀ီ’ ကိုကျနော်ငေးကြည့် နေ ရင်းက ‘မဒေ၀ီ’ နှင့်ပြောရဆိုရမည့်စကားလုံးများကို ကြိုတင်စဉ်းစားမိသည်။ အမှန်စင်စစ်၊ မဒေ၀ီကိုယ်တိုင်၊ အုတ်တွင်းရုံးကို လိုက်လာနိုင်လျှင်ကောင်းလေစွဟူ၍လည်းတွေးမိသည်။ အခုတော့ အုတ်တွင်းရုံးကိုမလိုက်လာနိုင်ခဲ့သည့် မဒေ၀ီအဖို့ သူသိချင်သည့် မေးခွန်းများကိုဘယ်လောက်အထိ စိတ်လှုပ်ရှားစွာ သိချင်နေခဲ့မည်ကို ကျနော်ခန့်မှန်းမိသည်။ သူ့ကို ကျနော်နားလည်သည်။
ထိုနေ့ကအုတ်တွင်းမြို့ အမျိုးသားဒီမိုကရေစီရုံးကို မဒေ၀ီ မလိုက်နိုင်ခဲ့ပါ။ အငယ်ဆုံးသားဖြစ် သူက ထိုနေ့ကြကာမှ အထက်လှန်အောက်လျှောာဖြစ်ကာ ရုတ်တရက်နေမကောင်းသဖြင့် သူ့ခမျာ ကျနော်နှင့်အတူ အုတ်တွင်းရုံးကိုမလိုက်နိုင်ခဲ့ပါ။ သူသိချင်သည့် မေးခွန်းများကိုသာ ဒေါ်အောင်ဆန်း ဆုကြည်နှင့် တွေ့သည့်အခါ မေးဖြစ်အောင်မေးခဲ့ဖို့ ကျနော့်ကို အတန်တန်မှာရင်း ရွာတွင်ကျန်နေရစ် ခဲ့၏။
ရွာမှထွက်ပြီးနောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ကျွဲပွဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၀င်ရောက်လာခဲ့ကြ၏။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့မှာကျွဲပွဲကို ၀င်ရောက်ဖို့ရန်အစီစဉ်မရှိ။ ကျနော်သည်ပင်ကံကောင်ထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ လိုက်ရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့၏ မူလအစီစဉ်က အုတ်တွင်းမြို့နယ်ရုံးတွင်သာ ခေတ္တ ၀င်ရောက်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်၏။ မူလအစီအစဉ်က အုတ်တွင်းရုံးကို ညနေပိုင်းတွင်ရောက်မည်ဟု အကြောင်းကြားရာက၊ မမျှော်လင့်ဘဲ မနက်ခင်းတွင်ရောက်လာခဲ့သဖြင့်၊ ထိုစဉ်က ကျွဲပွဲရုံးတွင်ရှိနေ သည့် ကျနော်မှာ အုတ်တွင်းသို့သွားကာ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဖို့ အခွင့်မသာခဲ့။ ဒေါ်အောင် ဆန်းစုကြည်တို့အဖွဲ့ကို ကျွဲပွဲ ရုံးတွင်သာထိုင်စောင့်နေခဲ့ရ၏။
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ကျွဲပွဲရုံးတွင် (၅) မိနစ်မျှသာကားရပ်ပြီးနောက် ခရီးဆက် ကြရ၏။ စုပြုံဝိုင်းအုံလာသည့် လူထုကိုကျေနပ်အောင်ကားဘေးတွင်ရပ်ကာ စကားတခွန်းနှစ်ခွန်းမျှသာ ပြောဆိုပြီးခရီးဆက်ကြရခြင်းဖြစ်လေသည်။ တိုတောင်းလှသည့်တွေ့ဆုံပွဲကလေးထဲတွင်၊ မဒေ၀ီသိချင် သည့် မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် အားမေးခွင့်မရနိုင်ခဲ့။ ထို့ကြောင့် ကျနော့်မှာ မဒေ၀ီအတွက် စိတ်မကောင်းဖြစ်ခဲ့ရ၏။
မဒေ၀ီ သိချင်သည့်မေးခွန်းများကို မေးခွင့်မရခဲ့သည့်တိုင် သူ ကျေနပ်စေမည့်ပစ္စည်းတခုကိုမူ ကျနော်ယူလာနိုင်ခဲ့သည်ဟုဆိုရပါမည်။ ရွာသို့ပြန်လာသည့် ကျနော့်လက်ထဲတွင်၊ မဒေ၀ီနှစ်သက်မည် ထင်သည့်စာစောင်တခုပါရှိလာခဲ့၏။ ထိုစာစောင်ထဲတွင် ကဗျာတပုဒ်ပါလာခဲ့သောကြောင့်ဖြစ်သည်။ ထိုကဗျာကိုပြကာ မဒေ၀ီကိုဖြောင့် ဖျရမည်ဟုကျနော်တွေးထားခဲ့၏။
“ဟေး ... ဘာငေးနေတာလဲ၊ လူကိုမမြင်ဘူးလား”
“အော်၊ ဟုတ်သားဘဲ၊ အဝေးကြီးကတည်းကမောင်မြင်ပါတယ်ကွာ၊ အတွေးလွန်သွားလို့ပါ။”
မဒေ၀ီက တောင်းအလွတ်ကို ခါးတွင်လက်တဖက်ဖြင့်ချိတ်ကာ ၀ါးတံတားအတိုင်း လျှောက် လာ၏။
“ကဲ ပြော ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြေလိုက်သလဲ”
“အို အမောပြေအောင်ထိုင်စမ်းပါအုန်းလေ၊ ပြောတာပေါ့ကွာ၊ လာဒီမှာ ထိုင်အုန်း”
“မောင့်ကို ဟိုးအဝေးကြီးကမြင်ကတည်းက ကျမအမောပြေပြီးသား၊ ပြောမှာသာပြောစမ်းကွာ၊ ဘာလဲ မောင်နော်၊ ကျမသိချင်ပါတယ်ဆိုမှ ဈေးတင်နေတာလား”
“မဟုတ်ရပါဘူးဗျာ”
“ကဲ ဒါဖြင့်ပြောလေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်မို့လား”
“တွေ့တယ်။ အင်း ... တွေ့တော့တွေ့တယ်”
ကျနော်က ဖြစ်ကြောင်းကုန်စင်ပြောပြနေစဉ် ကျနော့်ဘေးတွင် ၀င်ထိုင်စဉ်က ရွှင်လန်းတက် ကြွနေသည့် မဒေ၀ီမှာခေါင်းငိုက်စိုက်ချကာ နားထောင်နေလေတော့သည်။
“အေးကွာ၊ ကျမအရမ်းသိချင်တယ်ဆိုကာမှ နောက်တခေါက်တွေ့မှမေးမယ်ဆိုရင် သူက ဘယ် တော့မှ နောက်တခေါက်လာမှာလဲဟင်”
“ဒါတော့ မသိဘူးပေါ့၊ မင်းသိချင်တဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကအဖြေမပေးလိုက်နိုင်ပေမယ့်၊ မင်းစိတ်ကျေနပ်လောက်အောင်အဖြေပေးမယ့် စာစောင် တခုကို မောင်ယူလာခဲ့ပါတယ်ကွာ၊ ဒီစာစောင်ထဲမှာ ဒေါ်အောင်ဆန်စုကြည်ဘာသာပြန်ထားတဲ့ ကဗျာတပုဒ်ပါတယ်၊ မူရင်းကဗျာဆရာက အင်္ဂလိပ်စာရေးဆရာ ရူးဒီးယက် ကစ်ပလင်း ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ထားတာ၊ ကဲ ... မင်းသိချင်တဲ့၊ မင်းဖြစ်စေချင်တဲ့ဆန္ဒကို အဖြေ ပေးလိုက်တဲ့သဘော ဖြစ်မယ်လို့မောင်ထင်တယ်”
ရိုးထဲသို့ခေါင်းငိုက်စိုက်ချပြီးငုံ့နေသည့် မဒေ၀ီ၏ခေါင်းမှာ±ရုတ်တရက်မော့လာကာ၊ ကျနော့် လက်ထဲမှ စာစောင်ကိုဖြတ်ကနဲဆွဲယူလိုက်၏။ စာစောင်ကို စိတ်လှုပ်ရှားစွာဖြန့်ကြည့်လေည်။
“ဒီ...ဒီလိုလုပ်ပါလားမောင်ရယ်၊ ကျ ...ကျမစိတ်လှုပ်ရှားလွန်းလို့၊ မောင်ကပဲအသံထွက်ပြီး ဖတ်ပြပါလားဟင်၊ ကျမနားထောင်မယ်၊ ဖြေး ...ဖြေးဖြေးဖတ်နော်မောင်၊ အောင်မယ်လေး၊ အံ့သြဖို့ ကောင်းလိုက်တာကျမဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူးမောင်ရယ်၊ ကြည့်စမ်းပါဦး ကဗျာခေါင်းစဉ်ကလည်း “အကယ်၍” တဲ့ မောင်ဖတ်ပြနော်၊ ရော့၊ သေသေချာချာဖတ်၊ ကျမနားထောင် မယ်”


ကျနော်က မဒေ၀ီအတွက်ကျေနပ်စွာ “အကယ်၍” ကဗျာကိုဖတ်သည်။
ရိုးထဲတွင် ကဗျာဖတ်သည့်ကျနော့်အသံမှာထင်ထင်ရှားရှားဖြစ်နေ၏။ ရွာနှင့်မလှမ်းမကမ်းတွင် ဖြစ်သဖြင့် လူသွားလူလာလည်းမရှိဖြစ်နေ၏။ ရိုးထဲသို့ ခေါင်းထိုးပြီးဝင်လာသည့်ဆောင်းလေမှာ ကဗျာရွတ်သံနောက်က ကပ်ပြီးလိုက်နေ၏။

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင် ...

ကဗျာဖတ်နေရင်းက မဒေ၀ီကို ကျနော်မသိမသာအကဲခတ်သည်။ မဒေ၀ီ၏ခန္ဒာကိုယ်မှာ ကျနော့် ခန္ဒာကိုယ်နှင့်ပိုမိုထိကပ်လာနေသည်ကို ကျနော်သတိပြုမိခဲ့သည်။

အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပမ်းနေနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် ...

ကျနော့်လက်ကို ဆုတ်ကိုင်လာသည့် မဒေ၀ီ၏လက်တဖက်မှာ ပိုမိုတင်းကျပ်လာနေသည်ဟု ထင်မိသည်။ ကျနော်က ကျန်ကဗျာပိုဒ်များကို အာရုံမြှင့်ပြီးမှ ဖတ်၏။

အကယ်၍
အောင်မြင်မှုသုခနှင့် ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် ...

ကဗျာဖတ်နေရင်းက၊ ကျနော့်မှာအသက်ရှူကြပ်သလိုဖြစ်လာရသည်။ ကဗျာစာသားများမှာ ကျနော့်နှလုံးသားအပေါ် နင်းဖိပြီးတက်လာကြ၏။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် ...

နောက်ဆုံးကဗျာပိုဒ် ကိုဆက်လက်ရွတ်ဆိုရန်၊ ကျနော်သည်အသက်ကိုပြင်းပြင်းရှူပြီး အားယူလိုက်၏။ ပြီးတော့မှ နောက်ဆုံးကဗျာပိုဒ်ကိုရွတ်သည်။ ကဗျာပိုဒ်အဆုံးတွင် မဒေ၀ီ၏ အခြေအနေကိုအကဲခတ်ရန် ခေါင်းကိုငဲ့လိုက်မိ၏။
“ဟေး ...”
“ဟ ...ဟ၊ ဘယ်လိုလုပ်လိုက်တာလဲကွာ၊ ဘာပြုလို့ တောင်းကိုပစ်ချလိုက်တာလဲ၊ ဒုက္ခပါပဲ တကတည်းမှပဲ ဒီလောက်တောင်ဖြစ်ရသလားကွာ၊ ဖြစ်မှ ဖြစ်ရပလေ ’
မဒေ၀ီက ရိုးထဲသို့ လွင့်ကျသွားနေသည့် ခေါင်းခုပုဆိုးနှင့် တောင်းအလွတ်ကိုကြည့်ကာ တဟေးဟေးနှင့် အော်နေသေး၏။
“ကျမ အရမ်းဝမ်းသာတာပဲမောင်ရယ် တကယ့်ကိုအံသြစရာပဲ၊ ဒီကဗျာကို ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်တာ၊ ဟုတ်လားမောင်၊ ကျမ၀မ်းသာလွန်းလို့ စိတ်မထိမ်းနိုင်လို့ တောင်းကိုလွှင့်ပစ်လိုက်မိတာပါ၊ အံသြစရာပဲ ... အံသြစရာပဲ ”
ရိုးထဲသို့ခုန်ချပြီးနောက် ခြုံပုတ်များပေါ်က တောင်းနှင့်ပုဆိုးကို လိုက်ကောက်ရင်းက ၀ါးတံတားပေါ်ကို ကျနော်မော့ကြည့်မိသည်။ မဒေ၀ီသည်မူ ကဗျာစာရွက်ကလေးကို ကိုင်ကာ စိတ်လွတ်လက်လွတ် အော်ဟစ်နေဆဲ ...။


ငြိမ်းဝေ

June 10, 2008

သစ်ရွက်တရွက် ကဗျာဆရာသုံးဦးနဲ့ ကျွန်တော်


ရာဇဂုဏ် မောက်ရုံတင်မက၊ ရာဇမာန် ယစ်မူးလှတဲ့ “မင်းနရပတိစည်သူ” ကို ကဗျာဆရာကြီး “အနန္တ သူရိယ” က မင်းစည်းစိမ်ဆိုတာကလည်း တကယ်တော့ “ရေပွက်ပမာ” ပါပဲ ဆိုပြီး ကဗျာတပုဒ်ရေး၊ သူ့အသက်ကို စတေးခံပြီးမှ ဆုံးမဖို့ ကြိုးစားခဲ့ဖူးတယ်။
ကျနော်တို့ရဲ့ မျက်မှောက်ခေတ်၊ ခေတ်ပြိုင်ကာလတခုမှာ (၂) ရက်ထဲနဲ့ လူ့အသက်ပေါင်း (၁) သိန်း ကျော်ကို စတေးပြီး သဘာဝတရားကြီးက လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတာ အထင်ရှားဆုံးသက်သေပြပြီး ဆုံးမလိုက်သော်ငြားလည်း ဘယ်လိုမှ တရားမရနိုင်ရှာတဲ့ လူတစုရဲ့အဖြစ်ကိုတွေးပြီး ကျနော် ဒီဆောင်းပါးကို တင်ဆက်လိုက်တာပါ။ ကျေးဇူးတင်ပါတယ် ... ။



၁။

ဘုရားရှိခိုးကျောင်းရှေ့ လမ်းထောင့်ကိုချိုးဝင်လိုက်တော့ ကျွန်တော့်ခြေလှမ်းများမှာ တုန့်ဆိုင်းဆိုင်းဖြစ် သွားရ၏။ ခြေလှမ်းတလှမ်းနှစ်လှမ်းမျှလှမ်းပြီးမှ နေရာတွင်ပင် ရပ်နေလိုက်သည်။ ကျွန်တော့်ရှေ့ ကိုက် (၂၀) မျှ အကွာတွင် ပိတ်ကားတခုလုံး အ၀ါရောင်ဆေးများ ကြဲပက်ထားသည့် ပန်းချီကားကြီးတချပ်ကို ထောင်လျက်သား လှမ်းမြင်နေရ၏။
ပန်းချီကားကြီးရှေ့ကိုရောက်အောင် ကျွန်တော်တိုးသွားသည်။ ပန်းချီကားကြီးကို လက်နှင့်ထိကြည့် သည်။ မော့ကြည့်သည်။ ကျွန်တော့်ကိုယ်ပေါ်တွင် အ၀ါရောင်ဆေးစက်များ စွန်းပေနေသည်ကို တွေ့လိုက်ရ၏။ ကျွန်တော့်လက်ချောင်းများသည်လည်း ဆေးဝါများလိမ်းကျံလျက်။ ကျွန်တော်သည်ပင်လျင် ပန်းချီကားကြီးထဲက လူတယောက်ဖြစ်သွားနေသည်ကို သတိပြုမိလိုက်၏။ ကျွန်တော်ပျော်သွားရလေသည်။
အမှန်စင်စစ် ကျွန်တော်ပြောခဲ့သည့် ပန်းချီကားကြီးဆိုသည်မှာ သဘာဝပန်းချီဆရာက အ၀ါရောင် ဆေးချယ်ပေးထားသဖြင့် မြင်ကွင်းတခုလုံး ၀ါရွှေလျက်ရှိသည့် သစ်ပင်တန်းတခုပင်ဖြစ်သည်။ တကယ့်ပန်းချီကား တချပ်တော့မဟုတ်။ သို့သော် သစ်ရွက်ဟူသမျှ တရွက်မကျန် ၀ါဝါထိန်လျက်ရှိသည့် သစ်ပင်တန်းကလေးမှာ ပန်းချီကားတချပ်ထောင်ထားသလို ဖြစ်နေခဲ့၏။ ပြီးတော့ သစ်ရွက်တွေရင့်ရော်ဝါရွှေနေကြပုံက တကယ့်ကို မှင်တက်မိစရာ။
ဒီလို ၀ါဝါ၀င်းဝင်းရှိနေပုံက “အ၀ါရောင်ဟူသမျှ ဒီနေရာမှာ ရပ်တန့်သွားကြ” လို့ ဆိုရလောက်အောင် အစွမ်းကုန်ဝါသည့် အ၀ါရောင်မျိုး။ ဒီသစ်ရွက်တွေဝါရင့်နေပုံမျိုးက ဘယ်တော့မှအ၀ါရောင်လျော့မယ်လို့ မထင် ရတဲ့ဝါပုံမျိုး။ ဒီတသက်မှာသည့်ထက်ပိုပြီး မ၀ါနိုင်တော့တဲ့ ၀ါပုံမျိုး။ ဆရာပေါ်ဦးသက် ပြောဖူးတဲ့စကားလို သူ့ထက်ဝါတဲ့ သစ်ရွက်တွေတောင် သူ့လောက်မ၀ါနိုင်တော့ဘူးလို့ ပြောယူရမယ့် ၀ါပုံမျိုး။ အ၀ါရောင်ကမ်းကုန်၊ အ၀ါရောင်အောလပုံဖြစ်နေတဲ့ သည်လိုမြင်ကွင်းမျိုးကို ကျွန်တော့်တသက် မတွေ့ခဲ့ဖူးဘူး။ အခုတော့ အဲဒီ အ၀ါရောင်လိမ်းကျံထားသည့် သစ်ပင်တန်းကလေးအောက်မှာ ကျွန်တော်ရောက်နေခဲ့ပြီ။ သစ်ပင်အောက်က ဖြတ်လျှောက်သွားနေသူတွေအပေါ်၊ ကျွန်တော့်အပေါ် အ၀ါရောင်ဆေးစက်များ ကူးစက်ထင်ဟပ်နေခဲ့၏။ ထိုအ၀ါရောင်သစ်ရွက်များအပေါ် နေရောင်ခြည်က တစောင်းထိုးကျနေခြင်းဖြင့် အ၀ါရောင်ပန်းချီကားကြီးမှာ ကြီးကျယ်ခမ်းနားနေတော့သည်။ ထိုအခိုက်မှာပင် ကျွန်တော့်အဖို့ သည်အ၀ါရောင်ပန်းချီကားကြီးကို တသက်လုံး သွားလေရာ သယ်ဆောင်သွားနေတော့မည်ကို သိလာခဲ့၏။
မိမိနေထိုင်ရာတိုက်ခန်းသို့ပြန်ရောက်ပြီး အိပ်ခန်းကလေးထဲဝင်လာတော့ အ၀ါရောင်ပန်းချီကားကြီးကို နံရံတွင်ချိပ်ဆွဲပြီး အိပ်ရာပေါ်ကတဆင့် တစိမ့်စိမ့်ကြည့်ရပြန်သည်။ ထိုအခါ ကျွန်တော့်အိပ်ခန်းကလေးတခုလုံး အ၀ါရောင်ဆေးစက်များ ပျံ့နှံ့စွဲထင်ကုန်ပြန်တော့သည်။ ကျွန်တော်က မိမိ၏ဘ၀ဖြတ်သန်းမှုများထဲက တွေ့ဖူး မြင်ဖူးသည့် အ၀ါရောင်ပန်းချီကားတချပ်နှင့် ဒီကနေ့တွေ့ခဲ့သည့် အ၀ါရောင်ပန်းချီကားကို နှိုင်းယှဉ်ပြီး စဉ်းစား သည်။ ကျွန်တော်အိမ်ထောင်ကျရာ မြို့ကလေးဖြစ်သည့် ဇေယျဝတီမြို့ သကြားစက်ဝန်းကြီးထဲက တလမ်းလုံး ပိတောက်ပန်းတွေ ၀ါထိန်လာတာမျိုး ကျွန်တော်တွေ့ဖူးသည်။ သို့သော် ပိတောက်ပန်းတွေ အစုလိုက်အခဲလိုက် ပွင့်ပုံမျိုးက နော်ဝေနိုင်ငံ အော်စလိုမြို့က လမ်းဘေးတောတန်းလေးတခုလုံး သစ်ရွက်တွေ ၀ါရွှေနေတာမျိုးနှင့် တကယ့်ကို မတူ။
နံရံပေါ်က စိတ်ကူးနှင့်ချိပ်ဆွဲထားသည့် အ၀ါရောင်သစ်ပင်တောတန်းကလေးကို ထိုင်ကြည့်ရင်းက ယင်းအ၀ါရောင်ပန်းချီကားပေါ်ကအလှကို ကျွန်တော်တွေ့လာရသည်။ နေရောင်တွေကန့်လန့်ဖြတ်တိုးဝင်လာ နေစဉ် သစ်ရွက်များမှာ အ၀ါရောင်တောက်ပကာ လှချင်တိုင်းလှနေခြင်းကို ကျွန်တော်သတိပြုမိလာခဲ့သည်။ ဘ၀မှာ သည်လိုတောက်ပ၀ါရွှေသည့်အလှမျိုး ကျွန်တော်တမ်းတခဲ့ဖူးသည်။ သည်လို ထိန်ထိန်ဝါနေသည့် အလှ ပိုင်ရှင်မျိုးရဲ့ အရှိန်အ၀ါမျိုးကို ကျွန်တော်ရှာခဲ့သည်။ ကျွန်တော်စုံမက်ခဲ့သည့် လှပမှုမျိုးကို လက်ညှိုးထိုးပြစရာ ဥပမာတခုအဖြစ် ယင်းအ၀ါရောင်တောတန်းကလေးကို ကျွန်တော်စွဲလန်းလာနေစဉ် ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာတပုဒ်ကို ဖြတ်ခနဲ သတိရလိုက်၏။

ကြွေကျလုစဲစဲ
မနာလိုချင်စရာကောင်းလောက်အောင်
လှလိုက်တဲ့ သစ်ရွက်တွေ ... ။

ရှိကိ
၂။

အော်စလိုမြို့မှာ ကျွန်တော်အနှစ်သက်ဆုံးရာသီဥတုက “နွေ” မဟုတ်ပါ။ အာရှတိုက်သားတဦးအဖို့ ဥရောပရဲ့ “နွေ” ကို ယေဘုယျအားဖြင့် နှစ်သက်ကြမှာများပေမယ့် ကျွန်တော်ကတော့ “နွေ” ကို ပယ်ပြီး “ဆောင်းဦး” ရာသီကို အနှစ်သက်ဆုံးဖြစ်ခဲ့၏။ အံ့သြဖို့ကောင်းသည်မှာ ကျွန်တော်တို့ဆီက နွေဝင်သည်နှင့် တပြိုင်နက် သစ်ရွက်တွေကြွေကြသလို အော်စလိုမှာက ဆောင်းဝင်တဲ့အချိန်မှ သစ်ရွက်တွေကြွေကြရလေသည်။ ကျွန်တော်တို့ဆီမှာ နွေဝင်လို့ သစ်ရွက်တွေဝါရွှေခြောက်သွေ့ရသလို သူတို့ဆီမှာက ဆောင်းဝင်လာမှ သစ်ရွက် ဟူသမျှ ရင့်ဝါခြောက်သွေ့ကြရသည်။
သို့ပေမယ့် သူတို့ဆီက ဆောင်းဦးပေါက်သစ်ရွက်တွေ ၀ါရင့်လာပုံမျိုးက တကယ့်ကို တုန်လှုပ်စရာ ကောင်းလောက်အောင် လှပလွန်းပါသည်။ ကျွန်တော်တို့ဆီက သစ်ရွက်တွေဝါပုံမျိုးက ရှင်ဥတ္တမကျော်ရဲ့ တောလားထဲက “သစ်ရွက်ရော်ရီ၊ ဣန္ဒီနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့ ... ” ဆိုတဲ့အတိုင်း အ၀ါရောင်တ၀က်ဝါပုံမျိုး။ အ၀ါရောင်လျော့လျော့ ၀ါပုံမျိုး။ မ၀ံ့မရဲ ၀ါပုံမျိုး။ အော်စလိုမြို့ပေါ်က သစ်ရွက်တွေ ၀ါပုံက တကယ့်ကို ရဲရဲရိုင်းရိုင်း ၀ါပစ်လိုက်တာမျိုး။
ကျွန်တော်က ဘ၀ကို အလှနဲ့တွဲချည်ထားချင်တဲ့သူ။ ဒါပေမယ့် ကျွန်တော်လိုချင်တဲ့အလှက ခေါင်းမြီး ခြုံထားတဲ့အလှမဟုတ်ဘူး။ ရွက်ပုန်းသီးအလှမဟုတ်ဘူး။ တကယ့်ကို လွတ်လပ်ပွင့်လင်းရဲတင်းတဲ့ အလှမျိုး။ သည်လိုရင်ခုန်ပုံနရီမျိုးအခံရှိတဲ့ ကျွန်တော့်အဖို့ အော်စလိုမြို့က အ၀ါရောင်တောတန်းလေးကိုတွေ့တော့ ဘ၀တခုရဲ့ လိုအပ်ချက်တခုကို ဆုပ်ဆုပ်ကိုင်ကိုင်ရှိလိုက်သလိုဖြစ်သွားရ၏။ ကျွန်တော်က အလှထဲက အလှဆုံး ကိုမှ ရွေးချယ်တပ်မက်ချင်သူ။ ယင်းအလှမျိုး ပိုင်ဆိုင်ဖူးသူဆိုတဲ့ ဂုဏ်ကို လိုချင်သူ။
ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာကို တွေးမိတော့ “ရှိကိ” နဲ့ ကျွန်တော် မတူခြားနားတဲ့ အယူအဆဖြစ်နေပြန်ပါရော ... ။ သစ်ရွက်တွေဝါချင်တိုင်းဝါ၊ အစွမ်းကုန်ဝါ၀င်းလှပနေတဲ့ “အဆုံးစွန်သောအလှ” ကို မြင်ပုံချင်းကြတော့ သူနှင့်ကျွန်တော် အတူတူပင်ဖြစ်သည်။ အ၀ါရောင်ပန်းချီကားထဲက အ၀ါရောင်သစ်ရွက်တွေရဲ့ အလှမျိုးကို လိုချင်တပ်မက်တာတော့ သူ မငြင်းပေမယ့် အဲဒီအ၀ါရောင်ပန်းချီကား ကြီးရဲ့ နောက်ကွယ်က ပုန်းခိုနေတဲ့ လူတိုင်းမမြင်နိုင်တဲ့ “သဘာဝဓမ္မအလှ” ကို သူက မြင်လိုက်တယ်လေ။ ကျွန်တော်က ပန်းချီကားကြီးကို ဟိုနေရာမချရဲ၊ ဒီနေရာမချရဲနဲ့ တပွေ့ပိုက်ပိုက် သွားလေရာ သယ်ဆောင်နေတဲ့ အခိုက်မှာ “ရှိကိ” က “ဗဟိဒ္ဓ” ရဲ့ နောက်က “အဇ္ဈတ္ထ” အထိ တက်လှမ်းပြီး တကယ့် “အစစ်အမှန်အလှ” ကို မြင်အောင်ကြည့်နိုင်ခဲ့တာလား။ အဲဒီဆာတိုရီဉာဏ်ကို သူက သူ့ကဗျာထဲမှာ “ကြွေကျလုစဲစဲ” ဆိုတဲ့ စကားစုနဲ့ ဖော်ပြလိုက်တာပဲ။ ကျွန်တော်ကတော့ “မနာလိုချင်စရာ ကောင်းလောက်အောင်၊ လှလိုက်တဲ့သစ်ရွက်တွေ” ဆိုတဲ့ နေရာမှာ ရပ်တန့်သွားတဲ့အချိန် “ရှိကိ” က သစ်ရွက်တရွက်ရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်း နိယာမ အထိ လက်တဆုံးနှိုက်ယူလိုက်တာကလား။ ဒီလိုတွေးမိလာတဲ့ တချိန်ထဲမှာပဲ နောက်ထပ် ဟိုက္ကူကဗျာတပုဒ်ကို ကျွန်တော်သတိရလာပြန်၏။

ဘယ်သစ်ရွက် အရင်ကြွေလိုက်မလဲဆိုတာ
ဘယ်သူမှ မသိဘူး
လေညှင်းကလေးရေ
မင်းကော ကြိုပြီးသိသလားကွဲ့။

ဆိုစီဆိုင်

၃။

“ရှိကိ” က သစ်ရွက်တရွက်ရဲ့ အလှနောက်က တကယ့်အစစ်အမှန်အလှ “အနိစ္စဓမ္မ” ကို နှိုက်ယူခံစား ပြလိုက်တာ ကျွန်တော်တွေ့ခဲ့ရပါပြီ။ “ကြွေကာနီးအလှ” ဆန်းကြယ်မှုနောက်က “အနိစ္စဓမ္မ” ကို “ရှိကိ” ပြောပြလို့ သိလာတာတော့ မှန်ပါပြီ။ ဒါပေမယ့် အဲဒီ အနိစ္စဓမ္မကို တွေ့ပုံမြင်ပုံက ကျွန်တော်နဲ့မဆိုင်တဲ့ ကျွန်တော်နဲ့ မပတ်သက်တဲ့ အနိစ္စဓမ္မလို့် မြင်နေမိပြန်ရော။ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်မျက်မှောက်မှာ အနိစ္စကို မျက်မှောက်ပြုသွားကြတဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ သတင်းကိုကြားရင် အဲဒီအနိစ္စတရားဆိုတာ ဘုံသဘော၊ ဓမ္မဒိဋ္ဌ သဘောဆိုတာ ကျွန်တော်မသိဘူးလေ။ ဘယ်လောက်အထိ သတိမမူ ဂူမမြင်ဖြစ်နေရသလဲဆိုတော့ ကိုယ့်ဘ၀ ဆိုတာ အနိစ္စနဲ့မဆိုင်တဲ့ အမတသဘောသက်ဝင်တဲ့ သီးခြားကိစ္စတခုအဖြစ်ယူဆပြီး ကျွန်တော်လုပ်သမျှ၊ ကျွန်တော်တွေးသမျှ “နိစ္စ” ဆိုတဲ့ အခြေခံပေါ်မှာပဲ ရှိခဲ့တာ။ “ဆိုစီဆိုင်” က “ဘယ်သူအရင်ကြွေလိုက်မလဲဆိုတာ ဘယ်သူမှမသိဘူး” ဆိုပြီး ရေးလိုက်တော့မှ ကျွန်တော်က တခြားနေရာတွေမှာ လိုက်လုပ်နေတဲ့ဖိုးကပ်စ်ကို ကျွန်တော့် ကိုယ်ပေါ်မှာရွေ့ပြီးချထားကြည့်မိလေတော့၏။ ဒီတော့မှပဲ ကိုယ့်ကိုယ်ကို “မုံညှင်းစေ့” ပိုင်ဆိုင်ထား သူလို့ထင်နေတဲ့ ကျွန်တော့်မှာ တုန်လှုပ်သွားရ၏။ သည့်နောက်တော့ ကျွန်တော့်ရှေ့မှာ ရုတ်တရက်သစ်ရွက် တရွက် ကြွေကျသွားတာမြင်တိုင်း နောက်ထပ် ဟိုက္ကူကဗျာဆရာ “ရန်ဆက်ဆု” ရဲ့ ကဗျာတပုဒ်ကို တွေးပြီး ကျွန်တော့်ရဲ့ နွေဦးအကြိမ် (၅၀) ကျော်လာခဲ့တဲ့ ကာလရှည်အမှားတခုအတွက် နောင်တရမိ၏။

သစ်ရွက်တရွက် ကြွေကျလာနေတယ်
အလိုလေး
နောက်တရွက်
ပြီးတော့ နောက်တရွက်
ကြွေကျ ကြွေကျလို့်လာနေလျက် ... ။

ရန်ဆက်ဆု

၎။

“ရှိကိ” ၊ “ဆိုစီဆိုင်” နှင့် “ရန်ဆက်ဆု” တို့က ကဗျာဆရာတွေ ဖြစ်ကြ၏။ ပါရမီရင့်သန်သူများဖြစ်ကြ၏။ ကျွန်တော်ကမူ ပါရမီနုံနဲ့သူတဦးမျှသာဖြစ်၏။ ထို့ကြောင့် ကျွန်တော်က သစ်ရွက်တို့၏အလှကိုသာတွေ့ပြီး သူတို့ကမူ သစ်ရွက်တို့၏အလှကိုသာမက ယင်းသစ်ရွက်တို့၏ ဘ၀ကိုပါ တွေ့နိုင်ကြခြင်းဖြစ်လေသည်။

ဧရာဝတီ အင်တာနက်ဝက်ဘ်ဆိုဒ်မဂ္ဂဇင်း (၂၀၀၆)