June 10, 2008

သစ်ရွက်တရွက် ကဗျာဆရာသုံးဦးနဲ့ ကျွန်တော်


ရာဇဂုဏ် မောက်ရုံတင်မက၊ ရာဇမာန် ယစ်မူးလှတဲ့ “မင်းနရပတိစည်သူ” ကို ကဗျာဆရာကြီး “အနန္တ သူရိယ” က မင်းစည်းစိမ်ဆိုတာကလည်း တကယ်တော့ “ရေပွက်ပမာ” ပါပဲ ဆိုပြီး ကဗျာတပုဒ်ရေး၊ သူ့အသက်ကို စတေးခံပြီးမှ ဆုံးမဖို့ ကြိုးစားခဲ့ဖူးတယ်။
ကျနော်တို့ရဲ့ မျက်မှောက်ခေတ်၊ ခေတ်ပြိုင်ကာလတခုမှာ (၂) ရက်ထဲနဲ့ လူ့အသက်ပေါင်း (၁) သိန်း ကျော်ကို စတေးပြီး သဘာဝတရားကြီးက လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတာ အထင်ရှားဆုံးသက်သေပြပြီး ဆုံးမလိုက်သော်ငြားလည်း ဘယ်လိုမှ တရားမရနိုင်ရှာတဲ့ လူတစုရဲ့အဖြစ်ကိုတွေးပြီး ကျနော် ဒီဆောင်းပါးကို တင်ဆက်လိုက်တာပါ။ ကျေးဇူးတင်ပါတယ် ... ။



၁။

ဘုရားရှိခိုးကျောင်းရှေ့ လမ်းထောင့်ကိုချိုးဝင်လိုက်တော့ ကျွန်တော့်ခြေလှမ်းများမှာ တုန့်ဆိုင်းဆိုင်းဖြစ် သွားရ၏။ ခြေလှမ်းတလှမ်းနှစ်လှမ်းမျှလှမ်းပြီးမှ နေရာတွင်ပင် ရပ်နေလိုက်သည်။ ကျွန်တော့်ရှေ့ ကိုက် (၂၀) မျှ အကွာတွင် ပိတ်ကားတခုလုံး အ၀ါရောင်ဆေးများ ကြဲပက်ထားသည့် ပန်းချီကားကြီးတချပ်ကို ထောင်လျက်သား လှမ်းမြင်နေရ၏။
ပန်းချီကားကြီးရှေ့ကိုရောက်အောင် ကျွန်တော်တိုးသွားသည်။ ပန်းချီကားကြီးကို လက်နှင့်ထိကြည့် သည်။ မော့ကြည့်သည်။ ကျွန်တော့်ကိုယ်ပေါ်တွင် အ၀ါရောင်ဆေးစက်များ စွန်းပေနေသည်ကို တွေ့လိုက်ရ၏။ ကျွန်တော့်လက်ချောင်းများသည်လည်း ဆေးဝါများလိမ်းကျံလျက်။ ကျွန်တော်သည်ပင်လျင် ပန်းချီကားကြီးထဲက လူတယောက်ဖြစ်သွားနေသည်ကို သတိပြုမိလိုက်၏။ ကျွန်တော်ပျော်သွားရလေသည်။
အမှန်စင်စစ် ကျွန်တော်ပြောခဲ့သည့် ပန်းချီကားကြီးဆိုသည်မှာ သဘာဝပန်းချီဆရာက အ၀ါရောင် ဆေးချယ်ပေးထားသဖြင့် မြင်ကွင်းတခုလုံး ၀ါရွှေလျက်ရှိသည့် သစ်ပင်တန်းတခုပင်ဖြစ်သည်။ တကယ့်ပန်းချီကား တချပ်တော့မဟုတ်။ သို့သော် သစ်ရွက်ဟူသမျှ တရွက်မကျန် ၀ါဝါထိန်လျက်ရှိသည့် သစ်ပင်တန်းကလေးမှာ ပန်းချီကားတချပ်ထောင်ထားသလို ဖြစ်နေခဲ့၏။ ပြီးတော့ သစ်ရွက်တွေရင့်ရော်ဝါရွှေနေကြပုံက တကယ့်ကို မှင်တက်မိစရာ။
ဒီလို ၀ါဝါ၀င်းဝင်းရှိနေပုံက “အ၀ါရောင်ဟူသမျှ ဒီနေရာမှာ ရပ်တန့်သွားကြ” လို့ ဆိုရလောက်အောင် အစွမ်းကုန်ဝါသည့် အ၀ါရောင်မျိုး။ ဒီသစ်ရွက်တွေဝါရင့်နေပုံမျိုးက ဘယ်တော့မှအ၀ါရောင်လျော့မယ်လို့ မထင် ရတဲ့ဝါပုံမျိုး။ ဒီတသက်မှာသည့်ထက်ပိုပြီး မ၀ါနိုင်တော့တဲ့ ၀ါပုံမျိုး။ ဆရာပေါ်ဦးသက် ပြောဖူးတဲ့စကားလို သူ့ထက်ဝါတဲ့ သစ်ရွက်တွေတောင် သူ့လောက်မ၀ါနိုင်တော့ဘူးလို့ ပြောယူရမယ့် ၀ါပုံမျိုး။ အ၀ါရောင်ကမ်းကုန်၊ အ၀ါရောင်အောလပုံဖြစ်နေတဲ့ သည်လိုမြင်ကွင်းမျိုးကို ကျွန်တော့်တသက် မတွေ့ခဲ့ဖူးဘူး။ အခုတော့ အဲဒီ အ၀ါရောင်လိမ်းကျံထားသည့် သစ်ပင်တန်းကလေးအောက်မှာ ကျွန်တော်ရောက်နေခဲ့ပြီ။ သစ်ပင်အောက်က ဖြတ်လျှောက်သွားနေသူတွေအပေါ်၊ ကျွန်တော့်အပေါ် အ၀ါရောင်ဆေးစက်များ ကူးစက်ထင်ဟပ်နေခဲ့၏။ ထိုအ၀ါရောင်သစ်ရွက်များအပေါ် နေရောင်ခြည်က တစောင်းထိုးကျနေခြင်းဖြင့် အ၀ါရောင်ပန်းချီကားကြီးမှာ ကြီးကျယ်ခမ်းနားနေတော့သည်။ ထိုအခိုက်မှာပင် ကျွန်တော့်အဖို့ သည်အ၀ါရောင်ပန်းချီကားကြီးကို တသက်လုံး သွားလေရာ သယ်ဆောင်သွားနေတော့မည်ကို သိလာခဲ့၏။
မိမိနေထိုင်ရာတိုက်ခန်းသို့ပြန်ရောက်ပြီး အိပ်ခန်းကလေးထဲဝင်လာတော့ အ၀ါရောင်ပန်းချီကားကြီးကို နံရံတွင်ချိပ်ဆွဲပြီး အိပ်ရာပေါ်ကတဆင့် တစိမ့်စိမ့်ကြည့်ရပြန်သည်။ ထိုအခါ ကျွန်တော့်အိပ်ခန်းကလေးတခုလုံး အ၀ါရောင်ဆေးစက်များ ပျံ့နှံ့စွဲထင်ကုန်ပြန်တော့သည်။ ကျွန်တော်က မိမိ၏ဘ၀ဖြတ်သန်းမှုများထဲက တွေ့ဖူး မြင်ဖူးသည့် အ၀ါရောင်ပန်းချီကားတချပ်နှင့် ဒီကနေ့တွေ့ခဲ့သည့် အ၀ါရောင်ပန်းချီကားကို နှိုင်းယှဉ်ပြီး စဉ်းစား သည်။ ကျွန်တော်အိမ်ထောင်ကျရာ မြို့ကလေးဖြစ်သည့် ဇေယျဝတီမြို့ သကြားစက်ဝန်းကြီးထဲက တလမ်းလုံး ပိတောက်ပန်းတွေ ၀ါထိန်လာတာမျိုး ကျွန်တော်တွေ့ဖူးသည်။ သို့သော် ပိတောက်ပန်းတွေ အစုလိုက်အခဲလိုက် ပွင့်ပုံမျိုးက နော်ဝေနိုင်ငံ အော်စလိုမြို့က လမ်းဘေးတောတန်းလေးတခုလုံး သစ်ရွက်တွေ ၀ါရွှေနေတာမျိုးနှင့် တကယ့်ကို မတူ။
နံရံပေါ်က စိတ်ကူးနှင့်ချိပ်ဆွဲထားသည့် အ၀ါရောင်သစ်ပင်တောတန်းကလေးကို ထိုင်ကြည့်ရင်းက ယင်းအ၀ါရောင်ပန်းချီကားပေါ်ကအလှကို ကျွန်တော်တွေ့လာရသည်။ နေရောင်တွေကန့်လန့်ဖြတ်တိုးဝင်လာ နေစဉ် သစ်ရွက်များမှာ အ၀ါရောင်တောက်ပကာ လှချင်တိုင်းလှနေခြင်းကို ကျွန်တော်သတိပြုမိလာခဲ့သည်။ ဘ၀မှာ သည်လိုတောက်ပ၀ါရွှေသည့်အလှမျိုး ကျွန်တော်တမ်းတခဲ့ဖူးသည်။ သည်လို ထိန်ထိန်ဝါနေသည့် အလှ ပိုင်ရှင်မျိုးရဲ့ အရှိန်အ၀ါမျိုးကို ကျွန်တော်ရှာခဲ့သည်။ ကျွန်တော်စုံမက်ခဲ့သည့် လှပမှုမျိုးကို လက်ညှိုးထိုးပြစရာ ဥပမာတခုအဖြစ် ယင်းအ၀ါရောင်တောတန်းကလေးကို ကျွန်တော်စွဲလန်းလာနေစဉ် ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာတပုဒ်ကို ဖြတ်ခနဲ သတိရလိုက်၏။

ကြွေကျလုစဲစဲ
မနာလိုချင်စရာကောင်းလောက်အောင်
လှလိုက်တဲ့ သစ်ရွက်တွေ ... ။

ရှိကိ
၂။

အော်စလိုမြို့မှာ ကျွန်တော်အနှစ်သက်ဆုံးရာသီဥတုက “နွေ” မဟုတ်ပါ။ အာရှတိုက်သားတဦးအဖို့ ဥရောပရဲ့ “နွေ” ကို ယေဘုယျအားဖြင့် နှစ်သက်ကြမှာများပေမယ့် ကျွန်တော်ကတော့ “နွေ” ကို ပယ်ပြီး “ဆောင်းဦး” ရာသီကို အနှစ်သက်ဆုံးဖြစ်ခဲ့၏။ အံ့သြဖို့ကောင်းသည်မှာ ကျွန်တော်တို့ဆီက နွေဝင်သည်နှင့် တပြိုင်နက် သစ်ရွက်တွေကြွေကြသလို အော်စလိုမှာက ဆောင်းဝင်တဲ့အချိန်မှ သစ်ရွက်တွေကြွေကြရလေသည်။ ကျွန်တော်တို့ဆီမှာ နွေဝင်လို့ သစ်ရွက်တွေဝါရွှေခြောက်သွေ့ရသလို သူတို့ဆီမှာက ဆောင်းဝင်လာမှ သစ်ရွက် ဟူသမျှ ရင့်ဝါခြောက်သွေ့ကြရသည်။
သို့ပေမယ့် သူတို့ဆီက ဆောင်းဦးပေါက်သစ်ရွက်တွေ ၀ါရင့်လာပုံမျိုးက တကယ့်ကို တုန်လှုပ်စရာ ကောင်းလောက်အောင် လှပလွန်းပါသည်။ ကျွန်တော်တို့ဆီက သစ်ရွက်တွေဝါပုံမျိုးက ရှင်ဥတ္တမကျော်ရဲ့ တောလားထဲက “သစ်ရွက်ရော်ရီ၊ ဣန္ဒီနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့ ... ” ဆိုတဲ့အတိုင်း အ၀ါရောင်တ၀က်ဝါပုံမျိုး။ အ၀ါရောင်လျော့လျော့ ၀ါပုံမျိုး။ မ၀ံ့မရဲ ၀ါပုံမျိုး။ အော်စလိုမြို့ပေါ်က သစ်ရွက်တွေ ၀ါပုံက တကယ့်ကို ရဲရဲရိုင်းရိုင်း ၀ါပစ်လိုက်တာမျိုး။
ကျွန်တော်က ဘ၀ကို အလှနဲ့တွဲချည်ထားချင်တဲ့သူ။ ဒါပေမယ့် ကျွန်တော်လိုချင်တဲ့အလှက ခေါင်းမြီး ခြုံထားတဲ့အလှမဟုတ်ဘူး။ ရွက်ပုန်းသီးအလှမဟုတ်ဘူး။ တကယ့်ကို လွတ်လပ်ပွင့်လင်းရဲတင်းတဲ့ အလှမျိုး။ သည်လိုရင်ခုန်ပုံနရီမျိုးအခံရှိတဲ့ ကျွန်တော့်အဖို့ အော်စလိုမြို့က အ၀ါရောင်တောတန်းလေးကိုတွေ့တော့ ဘ၀တခုရဲ့ လိုအပ်ချက်တခုကို ဆုပ်ဆုပ်ကိုင်ကိုင်ရှိလိုက်သလိုဖြစ်သွားရ၏။ ကျွန်တော်က အလှထဲက အလှဆုံး ကိုမှ ရွေးချယ်တပ်မက်ချင်သူ။ ယင်းအလှမျိုး ပိုင်ဆိုင်ဖူးသူဆိုတဲ့ ဂုဏ်ကို လိုချင်သူ။
ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာကို တွေးမိတော့ “ရှိကိ” နဲ့ ကျွန်တော် မတူခြားနားတဲ့ အယူအဆဖြစ်နေပြန်ပါရော ... ။ သစ်ရွက်တွေဝါချင်တိုင်းဝါ၊ အစွမ်းကုန်ဝါ၀င်းလှပနေတဲ့ “အဆုံးစွန်သောအလှ” ကို မြင်ပုံချင်းကြတော့ သူနှင့်ကျွန်တော် အတူတူပင်ဖြစ်သည်။ အ၀ါရောင်ပန်းချီကားထဲက အ၀ါရောင်သစ်ရွက်တွေရဲ့ အလှမျိုးကို လိုချင်တပ်မက်တာတော့ သူ မငြင်းပေမယ့် အဲဒီအ၀ါရောင်ပန်းချီကား ကြီးရဲ့ နောက်ကွယ်က ပုန်းခိုနေတဲ့ လူတိုင်းမမြင်နိုင်တဲ့ “သဘာဝဓမ္မအလှ” ကို သူက မြင်လိုက်တယ်လေ။ ကျွန်တော်က ပန်းချီကားကြီးကို ဟိုနေရာမချရဲ၊ ဒီနေရာမချရဲနဲ့ တပွေ့ပိုက်ပိုက် သွားလေရာ သယ်ဆောင်နေတဲ့ အခိုက်မှာ “ရှိကိ” က “ဗဟိဒ္ဓ” ရဲ့ နောက်က “အဇ္ဈတ္ထ” အထိ တက်လှမ်းပြီး တကယ့် “အစစ်အမှန်အလှ” ကို မြင်အောင်ကြည့်နိုင်ခဲ့တာလား။ အဲဒီဆာတိုရီဉာဏ်ကို သူက သူ့ကဗျာထဲမှာ “ကြွေကျလုစဲစဲ” ဆိုတဲ့ စကားစုနဲ့ ဖော်ပြလိုက်တာပဲ။ ကျွန်တော်ကတော့ “မနာလိုချင်စရာ ကောင်းလောက်အောင်၊ လှလိုက်တဲ့သစ်ရွက်တွေ” ဆိုတဲ့ နေရာမှာ ရပ်တန့်သွားတဲ့အချိန် “ရှိကိ” က သစ်ရွက်တရွက်ရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်း နိယာမ အထိ လက်တဆုံးနှိုက်ယူလိုက်တာကလား။ ဒီလိုတွေးမိလာတဲ့ တချိန်ထဲမှာပဲ နောက်ထပ် ဟိုက္ကူကဗျာတပုဒ်ကို ကျွန်တော်သတိရလာပြန်၏။

ဘယ်သစ်ရွက် အရင်ကြွေလိုက်မလဲဆိုတာ
ဘယ်သူမှ မသိဘူး
လေညှင်းကလေးရေ
မင်းကော ကြိုပြီးသိသလားကွဲ့။

ဆိုစီဆိုင်

၃။

“ရှိကိ” က သစ်ရွက်တရွက်ရဲ့ အလှနောက်က တကယ့်အစစ်အမှန်အလှ “အနိစ္စဓမ္မ” ကို နှိုက်ယူခံစား ပြလိုက်တာ ကျွန်တော်တွေ့ခဲ့ရပါပြီ။ “ကြွေကာနီးအလှ” ဆန်းကြယ်မှုနောက်က “အနိစ္စဓမ္မ” ကို “ရှိကိ” ပြောပြလို့ သိလာတာတော့ မှန်ပါပြီ။ ဒါပေမယ့် အဲဒီ အနိစ္စဓမ္မကို တွေ့ပုံမြင်ပုံက ကျွန်တော်နဲ့မဆိုင်တဲ့ ကျွန်တော်နဲ့ မပတ်သက်တဲ့ အနိစ္စဓမ္မလို့် မြင်နေမိပြန်ရော။ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်မျက်မှောက်မှာ အနိစ္စကို မျက်မှောက်ပြုသွားကြတဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ သတင်းကိုကြားရင် အဲဒီအနိစ္စတရားဆိုတာ ဘုံသဘော၊ ဓမ္မဒိဋ္ဌ သဘောဆိုတာ ကျွန်တော်မသိဘူးလေ။ ဘယ်လောက်အထိ သတိမမူ ဂူမမြင်ဖြစ်နေရသလဲဆိုတော့ ကိုယ့်ဘ၀ ဆိုတာ အနိစ္စနဲ့မဆိုင်တဲ့ အမတသဘောသက်ဝင်တဲ့ သီးခြားကိစ္စတခုအဖြစ်ယူဆပြီး ကျွန်တော်လုပ်သမျှ၊ ကျွန်တော်တွေးသမျှ “နိစ္စ” ဆိုတဲ့ အခြေခံပေါ်မှာပဲ ရှိခဲ့တာ။ “ဆိုစီဆိုင်” က “ဘယ်သူအရင်ကြွေလိုက်မလဲဆိုတာ ဘယ်သူမှမသိဘူး” ဆိုပြီး ရေးလိုက်တော့မှ ကျွန်တော်က တခြားနေရာတွေမှာ လိုက်လုပ်နေတဲ့ဖိုးကပ်စ်ကို ကျွန်တော့် ကိုယ်ပေါ်မှာရွေ့ပြီးချထားကြည့်မိလေတော့၏။ ဒီတော့မှပဲ ကိုယ့်ကိုယ်ကို “မုံညှင်းစေ့” ပိုင်ဆိုင်ထား သူလို့ထင်နေတဲ့ ကျွန်တော့်မှာ တုန်လှုပ်သွားရ၏။ သည့်နောက်တော့ ကျွန်တော့်ရှေ့မှာ ရုတ်တရက်သစ်ရွက် တရွက် ကြွေကျသွားတာမြင်တိုင်း နောက်ထပ် ဟိုက္ကူကဗျာဆရာ “ရန်ဆက်ဆု” ရဲ့ ကဗျာတပုဒ်ကို တွေးပြီး ကျွန်တော့်ရဲ့ နွေဦးအကြိမ် (၅၀) ကျော်လာခဲ့တဲ့ ကာလရှည်အမှားတခုအတွက် နောင်တရမိ၏။

သစ်ရွက်တရွက် ကြွေကျလာနေတယ်
အလိုလေး
နောက်တရွက်
ပြီးတော့ နောက်တရွက်
ကြွေကျ ကြွေကျလို့်လာနေလျက် ... ။

ရန်ဆက်ဆု

၎။

“ရှိကိ” ၊ “ဆိုစီဆိုင်” နှင့် “ရန်ဆက်ဆု” တို့က ကဗျာဆရာတွေ ဖြစ်ကြ၏။ ပါရမီရင့်သန်သူများဖြစ်ကြ၏။ ကျွန်တော်ကမူ ပါရမီနုံနဲ့သူတဦးမျှသာဖြစ်၏။ ထို့ကြောင့် ကျွန်တော်က သစ်ရွက်တို့၏အလှကိုသာတွေ့ပြီး သူတို့ကမူ သစ်ရွက်တို့၏အလှကိုသာမက ယင်းသစ်ရွက်တို့၏ ဘ၀ကိုပါ တွေ့နိုင်ကြခြင်းဖြစ်လေသည်။

ဧရာဝတီ အင်တာနက်ဝက်ဘ်ဆိုဒ်မဂ္ဂဇင်း (၂၀၀၆)

No comments:

Post a Comment