June 27, 2008

ဒေါ် “တန်ခူး” နှင့် “နှင်းခါးမိုး” သို့ ... ကျေးဇူး

(က)

ညတုန်းက “နှင်းခါးမိုး” (ကိုဝေလင်း) ရဲ့ “စိတ်ကူးတေးသီ” ဆီ ချီတက်ခဲ့တယ်။ အဲဒီမှာ “တန်ခူး” က ကိုဝေလင်းကို ကျေးဇူးတင်တဲ့စာ စီဘောက်မှာ ရေးထားတာတွေ့ပြီး “တန်ခူး” ဆီကိုလည်း ခြေဦးလှည့်မိပြန်ရော ...။ ဒီမှာတင် “တန်ခူး” ရဲ့ “သားနှင့်ထူးဆန်းသော မြန်မာဝေါဟာရများ” ကို ကျနော် ဖတ်ရတော့တာပဲ။ ဒါနဲ့ပဲ တန်ခူးလေနဲ့ရောပြီး ကျနော်လည်း ဒီစာကိုရေးမိတာပါ။



“တန်ခူး” လိုပဲ၊ ကျနော့်မှာလည်း သားလေးတယောက်ရှိပါတယ်။ “တန်ခူး” ရဲ့ သားလေးက မြန်မာစာ ဝေါဟာရအသစ် တီထွင်ရာမှာတော်သလို ကျနော့်သားကြတော့ အတွေးအခေါ်မှာတော်တယ်လို့ ကြွားရမလားပဲ။ ကျနော့်သားဆိုတာက “သားလတ်” ကို ပြောတာပါ။ သားသုံးယောက်ရှိတဲ့အနက် ဒုတိယမြောက်မွေးတဲ့သားပါ။ သားလေးသားလတ်ရဲ့နာမည်က “မောင်ဖေအားမာန်” လို့ ခေါ်ပါတယ်။ ဖြူးမြို့အနီးက “လူငယ့်အားမာန် လယ်ယာသမ၀ါယမအသင်း” မှာ နေထိုင်ရင်း မွေးလို့ “ဖေအားမာန်” လို့ ပေးခဲ့တာပါ။
ကျနော်တို့မိသားစု ရွာမှာပဲ အနေများကြပါတယ်။ မြို့တက်အလုပ်လုပ် ... ။ အဆင်မပြေရင် ရွာပြန်နေ ... ၊ ဒီိလိုနဲ့ အဆင်မပြေတာများတော့ ရွာပြန်နေတာများရတော့တာပေါ့။ (သားလတ်အကြောင်း ကြွားမယ်လို့ ပြောပြီး လေရှည်ရန်ကောလို့ မထင်ကြဘူးလား။) ကျနော်က တသက်လုံး အစိုးရကျောင်းဆရာ၊ ရွာငှါး ကျောင်းဆရာ၊ တွဲဘက်ကျောင်းဆရာ၊ စေတနာဆရာဆိုတဲ့ ဆရာအလုပ်တွေပဲ လုပ်ခဲ့တော့ အဆင်မပြေလို့ ရွာပြန်ကပ်တဲ့ ကျောင်းဆရာကို ရွာက ပကာတိုင်နဲ့ တဲလေးတလုံးဆောက်ပေးလို့ အဲဒီမှာ ကျနော်တို့မိသားစု (၅) ယောက် နေကြရတာပေါ့။
တနေ့ ... ကျနော်တို့မိသားစု ထမင်းစားကြတဲ့အခါ သားလတ်က သူ့ပန်းကန်သူဆွဲပြီး တဲပေါက်ဝမှာ သွားထိုင်စားပါတယ်။ ထမင်းသာစားနေပေမယ့် မျက်လုံးကတော့ တဲရှေ့က မြက်ခင်းထဲကိုပဲ ငေးနေပါတယ်။ မအေလုပ်တဲ့ “မဒေ၀ီ” က ထမင်းစားရင်းငေးနေရပါ့မလားဆိုပြီး လှမ်းပြောမယ်အလုပ်မှာ ကျနော်က “မဒေ၀ီ” ကို မပြောဖို့ လက်ဟန်ခြေဟန်နဲ့တားထားလိုက်ပါတယ်။ သားလတ် “ဖေအားမာန်” က မြက်ခင်းထဲမှာ မြက်စားနေတဲ့ “နွား” ကို စူးစူးစိုက်စိုက်ကြည့်နေတာပဲ။ ပြီးတော့ သူဘာတွေတွေးနေတာလဲ။
“သား ... ၊ ထမင်းစားလေကွာ၊ ကျောင်းပြန်တက်ရဦးမယ်မို့လား”
ထမင်းဝိုင်းသိမ်းတဲ့အထိ အပေါက်ဝမှာ ထမင်းဝါးရင်းငေးနေတဲ့ သားလတ်ကို ကျနော်ကလှမ်းပြီး သတိပေးရပြီဆိုပါတော့။
“မေမေရေ ... သားတခုမေးမယ်”
မဒေ၀ီက ကျနော့်ကိုကြည့်၊ ကျေန်ာက မဒေ၀ီကိုကြည့်ပေါ့။ သားလတ်ရဲ့လေသံက အသက်(၂၀) အရွယ် လေသံမျိုး။ အချီကြီးနဲ့ ...။ ဒီတုန်းက သူက (၅) နှစ်ပဲရှိသေးတာ။
“ဘာလဲသား၊ ဘာမေးမလို့လဲ”
“ဟိုမှာ မြက်စားနေတဲ့ နွားက၊ သားတို့လို ထမင်းမစားပဲ၊ ဘာပြုလို့များ မြက်တွေချည်းပဲ စားနေကြတာ လဲဟင်”
“မဒေ၀ီ” ဆီက ဖြေသံ မကြားရဘူး။ ကျနော်လည်း ဘာပြောရမှန်းမသိဘူး။
သားလတ် “ဖေအားမာန်” ဆိုတဲ့ ခလေးက အဲသလို အတွေးမျိုးတွေးတတ်တဲ့သား။




(ခ)

နောက်ထပ် အဖြစ်အပျက်တခုထပ်ပြီး ပြောချင်သေးတယ်။ ဒါလည်းပဲ ထမင်းဝိုင်းမှာပဲ ဖြစ်ခဲ့တာပါ။ တနေ့ ... ကျနော်တို့မိသားစုဝိုင်းထိုင်ပြီး စားကြပါတယ်။ မိသားစုဝင်အားလုံး ထမင်းငုံ့စားနေတုန်း သားလတ် ဖေအားမာန်က ထမင်းကို ဖြောင့်အောင်မစားဘူး။ ခေါင်းငုံပြီး မစားဘူး။ ကျနော်တို့မျက်လုံးတွေကို လိုက်ကြည့် လိုက်၊ မျက်နှာက စပ်ဖြဲဖြဲလုပ်လိုက်၊ ထမင်းစားလိုက်ပေါ့။ ကြာလာတော့ ထုံးစံအတိုင်း “မဒေ၀ီ” က စိတ်မရှည် တော့ဘူးလေ။ ဒီကလေး ထမင်းဖြောင့်အောင်မစားပဲ ဘာတွေလုပ်နေသလဲပေါ့။
“သား ... ထမင်းစားလေ၊ ဘာဖြစ်နေတာလဲ၊ ဘာတွေသဘောကျနေတာလဲ”
သားလတ်က ဘာမှပြန်မပြောဘူး။ ထမင်းလုပ် နှစ်လုပ်သုံးလုပ်ဆက်စား ...၊ ပြီးတော့ခေါင်းကို ရုတ်တရက်ပြန်မော့၊ ကျနော်တို့အားလုံးရဲ့ မျက်နှာတွေကိုလိုက်ကြည့်။
“ဟဲ့ ... သား၊ ဘာဖြစ်နေတာလဲကွာ၊ ထမင်းစားလေ၊ ဟိုမှာ သူများတွေ ထမင်းစားပြီးတော့မယ်၊ ကျောင်းပြန်တက်ရဦးမယ်၊ စားစမ်းကွယ်”
ဒါကတော့ ကျနော်က ကြားဝင်ပြီးပြောလိုက်တာ။ ဒီတော့မှ သားလတ်က ထမင်းကို လည်ချောင်းထဲ အသာအယာမျှောလိုက်ရင်း ကျနော်တို့အားလုံးရဲ့မျက်နှာတွေကို လက်ညှိုးနဲ့လိုက်ထိုးပြီးမှ ပြောချလိုက်တဲ့ စကား။
“ဟဲ ... ဟဲ ... ဖေဖေတို့အားလုံး ပါးစပ်တွေနဲ့ချည်းပဲနော် ...” တဲ့။
စာဖတ်သူများ ဒါဆိုရင် ကျနော့်သားလတ် “မောင်ဖေအားမာန်” ရဲ့ အတွေးအခေါ်ဘယ်လိုရှိသလဲ ဆိုတာ ခန့်မှန်းနိုင်လောက်ရောပေါ့နော ... ။ သားလတ်တို့များ ဖေါက်ပြီးတွေး၊ ဖြန့်ပြီးတွေးတတ်ပုံများ ပြောပါတယ် ... ဟဲ ... ဟဲ ...။
ဒီစာလေးရေးဖြစ်အောင် နှိုးဆော်ပေးသလိုဖြစ်ခဲ့လို့ ဒေါ် “တန်ခူး” ကို ကျေးဇူးတင်တဲ့အကြောင်း မပြောရင် ကျနော့်ဆောင်းပါးလေး ဘယ်ခန့်ငြားနိုင်ပါတော့မလဲ။ ဒါကြောင့်မို့ ဒေါ် “တန်ခူး” ... ရေ ၊ “ကျေးဇူး” ။
တခါ ... သူနှစ်သက်တဲ့ တခြားသူတွေရဲ့စာမူတွေကို ကျန် မဖတ်ရသေးတဲ့ပုဂ္ဂိုလ်တွေ ချိပ်ဆက်မိပြီး ဖတ်ခွင့်ရအောင် ဖန်တီးပေးတဲ့ ဆရာနှင်းခါးမိုး (ကိုဝေလင်း) ကိုလည်း ကျေးဇူးစကားမပါးရင် ကျနော့်ဆောင်းပါး ဘယ်လိုလုပ်ပြီး အင်္ဂါပြည့်စုံနိုင်ပါတော့မလဲ ... ။ ဒါကြောင့်မို့ ဆရာ “နှင်းခါးမိုး” ရေ ... ကျေးဇူး ။

ငိမ်းဝေ

2 comments:

  1. ကိုငြိမ်းဝေရေ.. ကျနော့်အစား ဂူးဂလ် ဘလော့ဂါကို ကျေးဇူးတင်ပါဗျာ။ ဇွန်လ ၅ ရက်နေ့က အသစ်ထွက်လာတဲ့ favorite Blog List ကို စမ်းကြည့်ထားတာပါ။ ရသစာပေ ဖွံဖြိုးရေးအတွက် ခင်ဗျားရဲ့ ရည်စူးကြိုးစားမှုတွေကို အမြဲအားပေးနေပါတယ်။ အောင်မြင်ပါစေဗျာ။

    ReplyDelete
  2. ကိုငြိမ်းဝေရေ…ရောက်ဖြစ်ပါတယ်…ခြေရာတွေမချန်ခဲ့လို့ ပါ… မောင်ဖေအားမာန်တဲ့လား…နာမည်လေးက အင်အားရှိလိုက်တာ…အရွယ်နဲ့ မလိုက်အောင် ဖြန့် ကျက်တွေးတတ်တာ အံ့သြစရာ…အဖေနဲ့ တူတာလား…မမဒေ၀ီနဲ့ တူတာလား….

    ReplyDelete