February 10, 2009

အခြေခံပညာအထက်တန်း သင်ရိုးညွန်းတမ်းဆိုင်ရာ မြန်မာကဗျာလက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း



စာတမ်းပြုစု/ ဖတ်ကြားတင်သွင်းသူ။ ။ ငြိမ်းဝေ
စာတမ်းတင်သွင်းသည့်အခမ်းအနား။ ။ ပညာရေးနှီးနှောဖလှယ်ပွဲ
စာတမ်းတင်သွင်းသည့် အချိန် ။ ။ နံနက်ပိုင်း
စာတမ်းတင်သွင်းသည့် နေ့ ။ ။၅.၁.၂၀၀၉
စာတမ်းတင်သွင်းသည့် နေရာ ။ ။ ထိုင်းမြန်မာနယ်စပ်တနေရာ



လေးစားအပ်တဲ့ဘာသာရပ်အသီးသီးဆိုင်ရာပညာရှင်များ ဆရာ- ဆရာမများ ခင်ဗျား
ကျွန်တော်တင်သွင်းမယ့် " အခြေခံပညာအထက်တန်းသင်ရိုးညွှန်းတမ်းဆိုင်ရာ မြန်မာကဗျာ လက်ရွေးစင် ပြဌါန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း" စာတမ်းကို အပိုင်း( ၃ ) ပိုင်းခွဲပြီး တင်သွင်းမှာဖြစ်ပါ တယ်။

အပိုင်း(၁) ပြဌါန်းထားရှိသည့် ကဗျာများရဲ့ နောက်ခံကာလ ပမာဏအပေါ် စမ်းစစ်ခြင်း
အခြေခံပညာအထက်တန်းအတွက် ပြဌါန်းထားရှိတဲ့ မြန်မာကဗျာ လက်ရွေးစင်စာအုပ်ရဲ့ ကဗျာတွေ
ကို လေ့လာတဲ့အခါ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကို ရွေးချယ်ပြဌါန်း ထား တာတွေ့ရပါတယ်။ အတိအကျပြောရရင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးခေတ်ဦးဆိုတဲ့ ခေတ်(၈)ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေထဲကမှ ရွေးချယ်ပြဌါန်း ထားတာတွေ့ရပါတယ်။ န၀မတန်း နဲ့ ဒဿမတန်း ပြဌါန်းချက်စာအုပ်တွေရဲ့ အဖွင့်ကဗျာ(၂) ပုဒ်ဟာ ပုဂံခေတ်ဦးမှာ ပေါ်ထွန်းခဲ့တဲ့ကဗျာတွေဖြစ်ပါတယ်။ ပြဌါန်းချက်စာအုပ်တွေရဲ့ နောက်ဆုံးမှာ ဖေါ်ပြတဲ့ ကဗျာတွေကတော့ လွတ်လပ်ရေး ခေတ်ဦးမှာ ပေါ်ပေါက်တဲ့ ကဗျာ တွေဖြစ်ပါတယ်။
ပုဂံခေတ်ဦးမှာ ပေါ်ပေါက်ခဲ့တဲ့ " မြကန်ဘွဲ့ကဗျာ" နဲ့ ၊ " ရွှေနှင့်ယိုးမှားပန်းစကား" ကဗျာ(၂) ပုဒ် ဟာ ခရစ်သက္ကရာစ် (၁၀၀၀) ကျော်ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာများဖြစ်ပြီး ၊ နောက်ဆုံးရွေးချယ်ဖေါ်ပြ တဲ့ " ဘ၀နှင့်အလှ" ကဗျာကတော့ လွတ်လပ်ရေးခေတ်ဦှးမှာ ပေါ်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ဒီလိုရွေးချယ် ပြဌါန်းထားတာကိုကြည့်ရင်၊ အခြေခံပညာအထက်တန်းမှာ ပြဌါန်းထားရှိတဲ့ မြန်မာကဗျာများ နောက်ခံကာလ ပမာဏဟာ နှစ်ပေါင်း (၉၀၀) ကျော်ဝန်းကျင် ရှိတာတွေ့ရပါတယ်။ ဒီလို ရှည်လျားလှတဲ့ အချိန်ကာလအတွင်း မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကလည်း အကြောင်းအရာမျိုးစုံ၊ ပုံသဏ္ဍာန် မျိုးစုံရှိပါတယ်။ ဒီလို အတိုင်းအ တာ ပမာဏကြီးမားများမြောင်လှတဲ့ကဗျာတွေကို ကျောင်းသားတွေသင်ကြားတဲ့အခါ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်သွားနိုင်ဖို့ရာ လုံလောက်တဲ့ သင်ကြားချိန်မရှိနိုင်ဘူးလို့ ယူဆမိပါတယ်။ ကျောင်းသားတွေဟာ နှစ်ပေါင်း(၉၀၀)မှာ ပေါ်ထွန်းခဲ့တဲ့ ကဗျာတွေအပေါ် တို့ရုံထိရုံသာ သင်ကြားလက်ခံနိုင်မယ့် သဘောရှိပါတယ်။ တခါ...သင်ကြားပို့ချသူဆရာ၊ဆရာမများ ဖက်ကကြည့်ရင်လည်း ဘယ်ဆရာ၊ဆရာမ မဆို၊ ဒီလောက် ရှည်လျားများမြောင်လှတဲ့ ကာလပမာဏနဲ့ ကဗျာအမျိုးမျိုးအပေါ် စေ့စေ့ငုငု လေ့လာထားရှိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိပြဌါန်းထားရှိတဲ့ ကဗျာတွေ အတွက် သင်ကြားမှုအထောက်အကူပြု နိဒါန်းစာနဲ့ ခက်ဆစ်အဖွင့်လောက်နဲ့လည်း ဆရာတွေ အဖို့ မလုံလောက်ပါဘူး။ ဒီတော့ကာ အဓိကထား ရွေးချယ်သင့်တဲ့ခေတ်တခုခု အပေါ်မူတည်ပြီး အဲဒီခေတ်မှာပေါ်တဲ့ ကဗျာများကိုသာ ရွေးချယ်သတ်မှတ် ပြဌါန်းခြင်းက၊ သင်ကြားသူဆရာဆရာမနဲ့ သင်ယူသူကျောင်းသားများ ပိုမိုအကျိုးရှိထိရောက်နိုင် လိမ့်မယ်လို့ ယူဆပါတယ်။


အပိုင်း(၂)ပြဌါန်းထားရှိသည့် ကဗျာလက်ရွေးစင်စာအုပ် အမှာစာအပေါ်စမ်းစစ်ခြင်း
လက်ရှိအခြေခံပညာအထက်တန်း၊ မြန်မာကဗျာလက်ရွေးစင်စာအုပ် အမှာစာမှာ " ကဗျာရဲ့ အဓိပ္ပါယ်ဖွင့ိဆိုချက်" ပါရှိပါတယ်။ ဒီဖွင့်ဆိုချက်ဟာ လက်ရှိမြန်မာကဗျာနယ်ပယ်မှာ ပေါ်ထွန်းနေတဲ့ ၊ ကဗျာ အမျိုးအစားအပေါ် အခြေခံပြီးပြောရရင် အငြင်းပွားစရာအချက်ဖြစ်ပါတယ်။ အမှာစာပါ ဖွင့်ဆိုချက်က "ကဗျာဆိုသည်မှာ ခံစားမှုရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆိုသီကုံးရသောစာဖြစ်သည်" လို့ဆိုပါတယ်။ ဒါပေမယ့် ကဗျာဝါသနာရှင်မည်သူမဆို အလွယ်တကူသိရှိနိုင်တဲ့ အချက်က၊ ဒီကနေ့ ဘယ် မဂ္ဂဇင်းမှာပဲကြည့်ကြည့်၊ ဘယ်ကဗျာစာအုပ်မှာပဲကြည့်ကြည့် ဘယ်ကဗျာမဆို ကာရန်စည်းကမ်းနဲ့ညီ အောင်ဖွဲ့တဲ့ကဗျာ တပုဒ်မှမရှိတော့တာတွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရရင် ကာရန်စည်းကမ်းဆိုတာကို ဒီကနေ့ ကဗျာတွေက စွန့်လွှတ်လိုက်ပြီဖြစ်ပါတယ်။ သည့်ထက်ပိုပြီးတိုးပြီး ပြောရရင် ကာရန်မပါတဲ့ ကဗျာအမျိုးအစားခေတ်ကို ရောက်နေပြီလို့တောင်မှပြောနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ၊ စာသင်သားကျောင်းသားတယောက်က၊ မဂ္ဂဇင်းတွေမှာပါနေတဲ့ ဒီကနေ့ကဗျာတွေကို ပြဌါန်းချက်မှာပါတဲ့ ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့အတွက်၊ ဆရာတွေကို စေါဒကတက်တယ်ဆိုရင်၊ ပြဌါန်းချက်ပါအမှာစာအပေါ်မှာသာ ရပ်တည်ဖြေရှင်းရမယ့် ဆရာ၊ဆရာမများအတွက် အခက်အခဲရှိနိုင်တာကိုတွေ့ရပါတယ်။

အပိုင်း(၃) ခေတ်ပေါ်ကဗျာကို ထည့်သွင်းပြဌါန်းသင့်ကြောင်းအကြံပြုချက်
မြန်မာနိုင်ငံမှာ ခေတ်ပေါ်ကဗျာပေါ်ပေါက်လာခဲ့တာ၊နှစ်ပေါင်း(၃၀)၀န်းကျင်ရှိပြီလို့ ယူ ဆနိုင်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ အခြေအနေအောက်မှာ ပညာရှင်များ သုတေသနပြုခွင့်ရမယ်ဆိုရင် ခေတ်ပေါ်ကဗျာဟာ (၁၉၇၀) ခုနှစ် တ၀ိုက်မှာ စတင်သနွေတည်ခဲ့တယ်လို့ သတ်မှတ် ယုဆရပါလိမ့်မယ်။
ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာ နောက်ခံဟာ ၊ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့အကြောင်း အရာ နောက်ခံထက် ပိုပြီးကျယ်ပါတယ်။ အတတ်ပညာပိုင်းလို့ခေါ်တဲ့ ပုံသဏ္ဍာန် ပိုင်းမှာလည်း ပိုပြီးရှုပ်ထွေး သိမ်မွေ့ပါတယ်။ ဒါကတော့ ရှေ့ကလူရဲ့ ပခုံးပေါ်တက်ပြီးကြည့်ခွင့်ရလို့ ပိုပြီးဝေးတဲ့ မိုးကုတ်စက်ဝိုင်းကို လှမ်းမြင်ရတဲ့သဘောဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် ခေတ်ပေါ်ကဗျာရဲ့ အဓိက အင်္ဂါရပ်တွေထဲမှာ "ခေတ်ပြိုင်လူထုရဲ့ရင်ခုန်သံ" ကိုဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့ လက္ခဏာကတော့ သူ့အရင်က ပေါ်ခဲ့တဲ့ကဗျာတွေရဲ့ အင်္ဂါရပ်ထက်ပိုပြီး ထူးခြားတဲ့အချက်ဖြစ်ပါတယ်။ အားလုံးသိရှိတော်မူကြတဲ့အတိုင်း ဒီကနေ့ မြန်မာလူထုရဲ့ ရင်ခုန်သံကို နားထောင်ကြည့်ရင်၊ နားထောင်ကြည့်တတ်မယ်ဆိုရင် မွန်းကြပ်ပိတ်လှောင်ထားမှုတွေကို မခံမရပ်နိုင်လို့ ဖြစ်ရတဲ့ ရင်ခုန်သံပဲ ဆိုတာ အသေအချာပါပဲ။ ဒီကနေ့ ခေတ်လူထုရဲ့ ရင်ခုန်သံကို ခေတ်ပေါ်ကဗျာတွေထဲကလွဲပြီး ဘယ်ခေတ်ရဲ့ကဗျာတွေထဲမှာမှ ရှာလို့မတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီကနေ့ခေတ် လူငယ်တွေကို၊ သူတို့ပခုံးပေါ်မှာရှိတဲ့ ခေတ်ရဲ့တာဝန် တာထမ်းတွေကို ကျေပွန်အောင်ထမ်းရွက်သွားနိုင်ဖို့ဆိုရင် ခေတ်ပေါ်ကဗျာ တချို့ဟာ၊ အထောက်အကူ
ဖြစ်စေလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။
ကျွန်တော်အထက်မှာတင်ပြခဲ့တာရှိပါတယ်၊ ခေတ်ပေါ်ကဗျာဆိုတာ ခေတ်ပြိုင်လူထုရဲ့ ရင်ခုန်သံကို ဖေါ်ကျူးတာဖြစ်တယ်ဆိုတဲ့စကားဟာ မှန်ပါတယ်၊ ဒီကနေ့ခေတ်လူထုရဲ့ရင်ခုန်သံကို ဟိုတနေ့က ကဗျာပုံ သဏ္ဌန်နဲ့ ဖေါ်ပြရင် လူကြီးတယောက်ကို ကလေးအင်္ဂျာိဝတ်ပေးသလိုဖြစ်တာမို့ ဒီကနေ့လူထု(၀ါ) လူကြီးတယောက်ရဲ့ ခန္ခာကိုယ်နဲ့ကိုက်ညီလိုက်ဖက်မယ့် ခေတ်ပေါ်ကဗျာပုံသဏ္ဌန်သစ်ကို ဖန်တီးလာခဲ့ကြရပါ တယ်။ တာရန်စည်းကမ်းကို စွန့်လွှတ်လိုက်ခြင်းဆိုတဲ့ အတတ်ပညာသစ်တခုဟာ ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။

ခတ်ပေါ်ကဗျာရဲ့အကြောင်းအရာနောက်ခံဟာယ္ခင်အခါတုန်းကရှိခဲ့တဲ့ ကဗျာတွေရဲ့အကြောင်းအ ရာနောက်ခံထက်ပိုပြီး ကျယ်ပါတယ်။အရောင်စုံပါတယ်။အနုစိပ်ပါတယ်။ ညွှတ်ပြောင်းပြီး ပြုလွယ်ပြောင်း လွယ်ပါတယ်။တနည်းအားဖြင့်ပြောရရင်လူ့အဖွဲ့အစည်းတခုရဲ့ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဌာန်နဲ့လိုက်ဖက်ညီဖို့ ကြိုး စားလာတဲ့သဘောပါပဲ။
လူ့အဖွဲ့အစည်းတခုမှာ၊ လူမျိုး၊ဘာသာ၊ယဉ်ကျေးမူဓလေ့ထုံးစံ၊ အသားအရောင်၊ နေရာဒေသ မတူ ကြတဲ့လူအုပ်စုများ စုပေါင်းဖွဲ့စည်း ထားတာဖြစ်တဲ့အတွက်၊ ခေတ်ပေါ်ကဗျာဟာလည်း မတူကွဲပြားခြားနား ခြင်းဟာ အလှတရားအဖြစ်လက်ခံ လာခဲ့တဲ့သဘောပါပဲ။ လူ့ဘ၀ရဲ့ရောင်စုံပွဲတော်ဆိုတာ ခေတ်ပေါ်ကဗျာထဲ
မှာရှိ ပါတယ်။ မတူကွဲပြားခြားနားသူချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ ယဉ်ကျေးမူဗဟုဝါဒ ဟာ ခေတ်ပေါ် ကဗျာရဲ့မောင်းနှင်ရေးအားဖြစ်လာခဲ့ပါတယ်။ ပဲ့ကိုင်လမ်းညွှန်သဘောတရားဖြစ်လာခဲ့ပါတယ်။
မတူကွဲပြားခြားနားမှုကို အသိအမှတ်မပြု၊အပြန်အလှန်လေးစားခြင်းမရှိ၊တသွေးတရောင်တမျိုး တစားထဲ အတင်းအဓမ္မသွတ်သွင်းဖို့ကြိုးစားတဲ့“ဧက၀ါဒ” ဟာ ဒီကနေ့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အ စည်းအပေါ်ဖိနင်းထားဆဲဖြစ်ပါတယ်။ ဒီဝါဒဟာ ပုဂ္ဂလဓိဌါန်သဘောဖြစ်တာမို့ လူ့အဖွဲ့အစည်း တခုအတွက် အလွန်အန္တရယ်ကြီးတဲ့ ၀ါဒဆိုးတခုဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို “ဧက၀ါဒ” အောက်က ဆွဲထုတ်နိုင်ဖို့ဆိုရင် ဗဟုဝါဒ ပညာရေးကို တည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။ ဗဟုဝါဒ ပညာရေးနဲ့ကြီးပြင်းလာတဲ့လူငယ်တွေဟာ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ဧက၀ါဒ လက်အောက်ပြန်ရောက် မသွားရအောင် အာမခံပါလိမ့်မယ်။ ဗဟုရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂတခုဟာ ဧကရာစ်စနစ်နဲ့ဖွဲ့စည်းတဲ့ လူ့သမဂ္ဂထက်သာတယ်ဆိုတာကို လက်ခံလာကြပါလိမ့်မယ်။
လက်ရှိကျွန်တော်တို့ တမျိုးသားလုံးရင်ဆိုင်ဖြေရှင်းနေကြရတဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး ဒီမိုကရေစီပညာပေးရေးလုပ်ငန်းတွေဟာ အခုအချိန်မှာတော့ ပြည်တွင်းမှာ လုပ်ခွင့်မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တမျိုးသားလုံး အာဏာရှင်စနစ် လက်အောက်မှာ နေခဲ့ထိုင်ခဲ့ရတာတော့ နှစ်ပေါင်း(၅၀)နီးပါး ရှိလာနေပါပြီ။ ဆယ်စုနှစ်တစ်ခု ထက်ဝက်ကျိုးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းမှာလုပ်နိုင်စွမ်း မရှိတဲ့အလုပ်ကို ပြည်ပမှာ စတင်လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လုပ်လို့ရတဲ့နေရာကစပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်ပမှာစတင်လုပ်ကိုင်လို့ ရရှိနိုင်တဲ့ အခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ၊ ခေတ်ပေါ်ကဗျာကိုလည်း ဖြည့်စွက်ပြဌါန်းသင့်ကြောင်းတင်ပြချင်ပါ တယ်။
ဒါကြောင့်မို့ ခေတ်ပေါ်ကဗျာတချို့ကို ပညာရှင်များ စုစည်းရွေးချယ်ပြီး ဖြည့်စွက် ပြဌါန်းသင့် ကြောင်း တင်ပြချင်ပါတယ်။ တက်ရောက်နာကြားသူများ ပိုမိုသိရှိစဉ်းစားနိုင်ဖို့အတွက် ခေတ်ပေါ်ကဗျာတပုဒ် ကို ကျွန်တော်ရွေးချယ်တင်ပြလိုက်ပါတယ်။ ၀န်ခံရမှာတစ်စုတော့ ရှိပါတယ်။ ဒီကဗျာဟာ ခေတ်ပေါ်ကဗျာအားလုံးကို ကိုယ်စားပြုတဲ့ ကဗျာဆိုပြီးတော့ရွေးချယ်တင်ပြလိုက်တာတော့မဟုတ်ပါဘူး။ အချိန်တိုအတွင်း လက်လှမ်းမှီရာ ကျွန်တော်နှစ်သက်တဲ့ ခေတ်ပေါ်ကဗျာတပုဒ်ကိုသာ မိတ်ဆက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
နောက်ထပ်ပြီးဝန်ခံရမှာရှိပါသေးတယ်။ အဲဒါကတော့ ဒီစာတမ်းဟာ၊ စာတမ်းတခုရဲ့အင်္ဂါရပ်များ နဲ့ကိုက်ညီခြင်းမရှိသေးတဲ့ စာတမ်းမမည်တဲ့ စာတမ်းတခုသာဖြစ်တဲ့အကြောင်း ၀န်ခံချင်ပါတယ်။ အချိန်တို အတွင်း လက်လှမ်းမှီသမျှ ပညာရှင်တချို့နဲ့တိုင်ပင်ခြင်း၊ လက်လှမ်းမှီသမျှစာအုပ်စာတမ်းများနှင့်သာ ကိုက်ညှိခြင်းပြုလုပ်ခဲ့ရတဲ့အတွက်၊ လစ်ဟာချွတ်ယွင်းချက်များရိုလျှင် ပညာရှင်များ အနေနဲ့ ထောက်ပြ၊ ဝေ ဖန်၊ ဖြည့်စွက်တည့်မတ်ပေးပါကြရန် တောင်းပန်အပ်ပါတယ်။
အခု မုံရွာသား ကဗျာဆရာကြီး ဆရာအံ့မောင်ရဲ့ " ကျုပ် ပြတင်းပေါက်" ဆိုတဲ့ ခေတ်ပေါ် ကဗျာတစ်ပုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကျုပ် ပြတင်းပေါက်

ကျုပ် ပြတင်းပေါက်မှာ
ခန်းဆီး စိမ်းစိမ်း ရှိတယ်
သစ်ကိုင်း သစ်ခက် သစ်ရွက်တွေ
သစ်ပင်တွေ ရွက်ကြွေတော့
ခန်းဆီး အပြာရောင် တပ်လိုက်တယ်။

ကောင်းကင်ကြီးလေ
ညကျတော့
ခန်းဆီး အနက်ရောင်
မှောင်နေတာကိုး
ပြတင်း ခန်းဆီးမှာ
နေမင်းဝါ၀ါလည်း ရှိတယ်
ရွှေရောင် ကြယ်ပွင့်ကလေးတွေလည်း ရှိတယ်
တခါတလေ လမင်းဝိုင်းဝိုင်း
လမင်းတစ်ခြမ်း လမင်းလှေကလေး
ပြတင်း ခန်းဆီးမှာ
တခါ တခါ
တိမ်ဇာပွင့်တွေ ဆင်ထားတယ်
နီနီ ဇာပွင့်
ရွှေ ရွှေ ဇာပွင့်
ခရမ်းရောင် ဇာပွင့်
ချော့ကလက် ဇာပွင့်
အဆင် ဒီဇိုင်းက
လိပ်ပြာတစ်ရာ ရှုံး
ပါတိတ် ပန်းချီဆရာ ငို။

ပြတင်းခန်းဆီးမှာ
ဟင်္သာပုံလည်း ရှိတဲ့အခါ ရှိ
ဒေါင်းပုံလည်း ရှိတဲ့အခါ ရှိ
ခြင်္သေ့ပုံလည်း ရှိတဲ့အခါ ရှိ
ခွေးပုံလည်း ရှိတဲ့အခါ ရှိ
ဆင်ပုံလည်း ရှိတဲ့အခါ ရှိ
နဂါးပုံလည်း ရှိတဲ့အခါ ရှိ
ငါးပုံလည်း ရှိတဲ့အခါ ရှိ
စုတ်ချက် ကြမ်းကြမ်းရဲရဲ ဆွဲတာလည်း ရှိတဲ့အခါ ရှိ
မီးတောင် ချော်ရည်စီးပုံ ရှုံး
မော်ဒန် ပန်းချီဆရာ ငို။

ကျုပ် ပြတင်းပေါက်က
လေ အေးအေးကလေးလည်း ခုန်ပေါက်ဝင်လာတယ်
နေ နွေးနွေးလည်း ထွေးပိုက်ပေးတယ်
တခါတလေ
ကျုပ် ပြတင်းမှာ
နှင်း ခန်းဆီးကလေး တပ်တယ်
တခါတလေ
ပုလဲလုံး ခန်းဆီး။

မိုးမင်းကြီး ရွာတော့
ကျုပ် ပြတင်းက
အလင်းရောင်လည်း သောက်လို့
အမှောင်လည်း ထန်းရည်ခါးလို ဖောက်လို့ရ
ဒီပြတင်းက
သီချင်းသံတွေလည်း ၀င်လာတတ်တယ်
ရန်ဖြစ်သံ ဆူသံ ဆဲသံတွေလည်း
ဘီးလူးဆိုင်းနဲ့ ရောက်လာတတ်တယ်
ငှက်တေးလည်း နားဆင်ရတယ်
ထော်လာဂျီလည်း တ၀ုတ်ဝုတ် ဟောင်တတ်တယ်။

ဘာလိုသေးသလဲ
ကျုပ် ပြတင်းကလေးဆီက
အကုန်ရ
လောက ဇီဝ သုခ ဒုက္ခ
အလင်း အမှောင်။

အလှဆိုတာ
မျိုးကွဲတွေ စုံတာ
ရသဆိုတာ
မျိုးကွဲတွေ စုံတာ
မျိုးကွဲတွေ စုံမှ
အလှ
မျိုးကွဲတွေ စုံမှ
ရသ
မျိုးကွဲတွေ စုံမှ
ဇီဝ
မျိုးကွဲတွေ စုံမှ
လောက
မျိုးကွဲတွေ အစုံ
ကျုပ် ပြတင်းပေါက်ကလေးက
ပေးနေတယ်
မျိုးကွဲစုံတာ
ကြောက်စရာ မဟုတ်ပါဘူးနော်။ ။

အံ့မောင်
အာလုံးကိုကျေးဇူးတင်ပါတယ်။

ကိုးကား။ ။ (၁) န၀မတန်းမြန်မာကဗျာလက်ရွေးစင် (၂၀၀၁၊ ၂၀၀၂)
။ (၂) ဒဿမတန်းမြန်မာကဗျာလက်ရွေးစင်(၂၀၀၇၊၂၀၀၈)
။ (၃)ဦးဖေမောင်တင်ရဲ့"မြန်မာစာပေသမိုင်း"
။ (၄) စာပေဗိမာန်ထုတ်" မြန်မာကဗျာစာတမ်းများ" (ပ+ဒု)
(အချိန်ယူပြီး ပြုစုခဲ့ရတဲ့ စာတမ်း မဟုတ်တဲ့အတွက် စာတမ်းတခုရဲ့အင်္ဂါရပ်များနဲ့ မကိုက်ညီတဲ့ စာတမ်းဖြစ်တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။)

4 comments:

  1. အစ်ကို့ စာတမ်းကို ကျွန်တော်ထောက်ခံတယ်ဗျ။ ထောက်ခံမဲ တစ်မဲပေးလိုက်ပါတယ်။ :-)

    ReplyDelete
  2. ကိုငြိမ်းစာတမ်းကို ကျနော်လည်း ထောက်ခံသွားပါကြောင်း...

    အံ့မောင် ကဗျာကို ဖတ်ဖူးတယ်... ကြာပြီ အတော်ကြိုက်တာ... ခုတခါပြန်ဖတ်ရတော့လည်း ကြိုက်တုန်းပဲ... ကျေးဇူး ကိုငြိမ်းရေ့...

    ReplyDelete
  3. ခေတ်ပေါ်ကဗျာ ကိုပါပြဌာန်းသင့်တယ်ဆိုတဲ့ ဒီ စာတမ်းပါအချက်များကလက်ခံစရာပါ။

    ခေတ်ပေါ်ကဗျာတွေဟာ ခေတ်ကိုသိမှခေတ်နဲ့ မီမယ်ကိုး။ ခေတ်ကိုမှန်အောင် ဘယ်လောက် သရုပ်ဖော်နိုင်သလဲဆို တာကတော့ စနစ်တစ်ခုရဲ့ ထိန်းချုပ်ကန့် သတ်မှုတွေနဲ့ လဲဆိုင်နေသေးတာမို့  မြန်မာ့မော်ဒန်နဲ့ ခေတ်ပေါ်ကဗျာတိုင်းခေတ်စနစ်ကိုပီပြင်အောင်ဖော်ပြခွင့်မရခဲ့သေးတာအားလုံးလက်ခံထားပါတယ်။
    ကျောင်းသုံးဖတ်စာ မှာ ပြဌာန်းဖို့ အတွက် ခေတ်တစ်ခေတ်ရဲ့ မွန်းကျပ်မှု၊မြို့ ပြလူနေမှုစနစ်စီးမျောနေရမှုဒါတွေက နိုင်ငံရေးနဲ့ ပတ်သတ်နိုင်တယ်ဆိုပြီး ပယ်ခံရမှာပါပဲ။ နိုင်ငံရေးအသွေး အရောင်မပါတဲ့ကဗျာမိျုးတွေ၊ရေမြေ၊ကျေးလက်ရှုခင်းစိတ်ကူးရှုခင်း သက်သက်ကဗျာမျိုးတွေပဲခေတ်ပေါ်ကဗျာထဲပြဌာန်းဖို့ ဖြစ်နိုင်မယ်ထင်တာပါပဲ။

    ခုနကလို ဆရာအံ့မောင်ရဲ့ ခေတ်ပေါ်ကဗျာမျိုးလေးကျ
    တော့ ကိုယ်တိုင်အထက်တန်းကျောင်းသားဖြစ်ခွင့်ရရင် ပြန်တောင်လေ့လာသင်ယူချင်စိတ်ပေါက်မိတယ်။ အင်မတန်ကောင်းတဲ့ရွေးချယ်မှုဥပမာလေးပဲ။

    နောက်တစ်ခုက ကာရန်ပါမပါဆိုတာထက်၊ အထက်တန်းရောတက္ကသိုလ်အဆင့်မှာပါ ကဗျာကို သတ်မှတ်ထားတဲ့ပုံသေဘောင်ထဲကနေ အနက်ဖွင့်ခိုင်းမှု
    ကမှားယွင်းနေတယ်ထင်တာပဲ။
    ဥပမာဆရာတင်မိုး ရဲ့ ဆေးလိပ်လဲတို နေလဲညိုပြီကဗျာကို သင်ရိုးမှာ ပုံသေကဗျာဖွင့်ဆိုချက်တစ်ခုပြဌာန်းလိုက်မယ်ဆိုသွားပြီ။ ကျောင်းသားရဲ့ ပင်ကိုယ်အသိဥာဏ်ပွင့်လင်းမှုကိုပိတ်ပင်လိုက်သလိုပဲဖြစ်သွားမယ်။

    ကဗျာဆိုတာ လွတ်လပ်စွာခံစားခွင့်ရှိတဲ့အတွက်၊ ပြဌာန်းစာအုပ်က ဥပမာအနေနဲ့ ကဗျာဖွင့်ဆိုချက်ကိုသင်ရိုးမှာ ပေးထားပြီး။ ကျောင်းသားကိုယ်တိုင်ဘယ်လို ခံစား၊သုံးသပ်ရှုမြင်သလဲဆိုတာနဲ့ ဆွေးနွေးခိုင်းမယ်ဆိုရင် မြန်မာစာဆိုတာ စာအုပ်ထဲမှာသက်သက်ထက် လက်တွေ့ အသုံးချလူမှုဗေဒအပြင်၊ကျောင်းသားတွေရဲ့ critical thinking ကိုပါမြင့်တင်ပေးနိုင်လိမ့်မယ်။

    လွန်ခဲ့တဲ့နှစ်ပေါင်း၉၀၀ကျော်က ကဗျာတွေကိုဆရာ၊ဆရာမတွေ ကအဲဒိခေတ်ရှုခင်းအသေးစိတ်သိဖို့ ဆိုတာမလွယ်တာအမှန်ပဲ။ဒါပေမယ့်  အိုဟောင်းလွန်းလို့ ဖြုတ်သင့်လားဆိုတော့မဖြုတ်သင့်ဘူး။ ဒါယဉ်ကျေးမှုအမွေအနှစ်ကိုး။ ဒါ အဲဒိနှစ်ပေါင်းထောင်ချီကထဲက ခိုင်မာနေခဲ့တဲ့မြန်မာစာပေ ကိုချစ်မြတ်နိုးတတ်အောင်၊ သင်ကြားပေးတာပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း၉၀၀ ရဲ့ ခေတ်ပြိုင်အကြမ်းဖျင်းသိဖို့ အတွက်ကတော့ပညာရေးတက္ကသိုလ်မှာ အထက်တန်းပြဆရာတွေကို လေ့ကျင်သင်ကြားပေးနေတဲ့သင်ရိုးတွေကအစပြန်မွမ်းမံလိုက်ရင်ဖြစ်နိုင်ပါတယ်။
    ကျွန်တော်တို့ ကိုယ်တိုင်မြကန်သာ၊တောင်ကျချောင်းလေး ဆိုတဲ့ကဗျာလေးကိုမပြစ်နိုင်ဘူး။ မောင်ချောနွယ် ကို မက်မက်စက်စက် ကြိုက်နေသလို၊ အထက်တန်းဖတ်စာ စာအုပ်ထဲက ထန်းတက်သမားကဗျာလေးကိုလဲဒီနေ့ ထိချစ်ဆဲ အမှတ်ရစမြဲပဲ။

    အထက်တန်းအဆင့်မှာတော့ ကာလတွေပိုင်းခြားပြီး ပြဌာန်းပေးလိုက်ရင်ပိုကောင်းပါတယ်။ အစပျိုးမိတ်ဆက်သဘောလောက် ပေါ့။

    ခေတ်ပေါ်ကဗျာစီးဆင်းမှုအထိဆိုတာကတော့ အထက်တန်းပညာရေးအဆင့်ထိလွန်သွားပြီ။တက္ကသိုလ်တွေ မှာတော့တွေ့ ခပ်စောစစောထဲက တရားဝင်လေ့လာနိုင်ကြ တွေ နိုင်ပါတယ်။(မြန်မာစာအထူးပြုဘာသာမှာပါ)။

    တွေးကြည့်၊ဆွေးနွေးကြည့်တာပါ။

    ReplyDelete
  4. အဲသလို ပန်းပေါင်းစုံပွင့်နိုင်တဲ့၊ အတွေးအမြင်တွေ ဖလှယ်နိုင်တဲ့ အခွင့်အရေးမျိုးတွေ များများရရင် ကောင်းမယ်ဗျာ။
    အခုစာတမ်းကို ဖတ်ရတာ ၀မ်းသာပါတယ်။
    ဒါမျိုးတွေလည်း မမြင်ရတာ ကြာပါပြီဗျို့။

    ReplyDelete