March 03, 2009

ဝေဇယန္တာကကြိုး ဝေဇယန္တာရသ




(က)
“ ရွာထဲမှာ ရန်သူတပ်ခွဲတခွဲလောက် ရောက်နေတယ်၊ ကျနော်တို့ တောင်ပေါ်တက်ပြီး ရှောင်ရလိမ့်မယ်၊ အဆင်သင့် ပြင်ကြ ”
ဖါးအံမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး အတွင်းအရေးမှူး “ ပဒိုလာဘ ” က ပြောပြောဆိုဆို ကြောပိုးအိပ်နှင့် လွယ်အိပ်ကိုဆွဲကါ မတ်တပ်ရပ်လိုက်သည်။ ကျနော်အပါအ၀င် ကျန်ပုဂ္ဂိုလ် (၄)ဦးသည်လည်း အထုပ်အပိုးကိုယ်စီပြင်ကြရ၏။ တနာရီနီးပါးမျှသာထိုင်ပြီး အနားယူခဲ့ကြသည့်နေရာဖြစ်သည့်တိုင် ခြေရာလက်ရာများ မကျန်ရစ်နေစေရန် “ ပဒိုလာဘ ” က သတိပေး၏။ လဲလျောင်းအနားယူခဲ့သည့်နေရာတချို့ ပေါ်တွင် သစ်ရွက်ခြောက်များ တင်ထားလိုက်ကြ၏။ ဖိနပ်ခြေရာများကို ဖျက်ကြ၏။
“ ဟိုဖက်ထိပ်က ဂူထဲမှာဝင်နေရင်ကော မဖြစ်ဘူးလား ”

“ ဘယ်ဖြစ်မလဲကွ၊ အဲဒီနေရာကို ရန်သူမသိပေမယ့် ရွာသားတချို့ ကသိနိုင်တယ်၊ တောင်ပေါ်တက်မှပဲဖြစ်မယ်၊ အခု သုံးနာရီပဲရှိသေးတယ်၊ တောင်ပေါ်တက်ဖို့ အချိန်ရှိသေးတယ် ”


“ ပဒိုလာဘ ” အပါအ၀င် ကျနော်တို့ အားလုံး လူ (၅)ယေါက်။ ကျနော်က “ ကျောက်ဂူထဲဝင်ပုန်းရင်ကော မဖြစ်ဘူးလား ” ဟု အကြံပြုခဲ့သည့် “ ပဒိုလာဘ ” ၏ ဇနီးသည်ကို မသိမသါအကဲခတ်မိသည်။ ခန္ဓာကိုယ်သေးသေးပါးပါး။ လှုပ်ရှားပုံက ခွန်အား မရှိသည့်ပုံ။
“ ကိုငြိမ်းဝေ တောင်ပေါ်တက်မယ်၊ ဖိနပ်တော့ ဂရုစိုက်နော်၊ ကျွတ်မကျစေနဲ့ ၊ မတော်တဆ ကျွတ်ကျရင်လည်း ဆင်းကောက်လို့ ဘယ်နည်းနဲ့ မှ မဖြစ်ဘူး၊ ဖိနပ်မပါပဲနဲ့ လည်း တောင်ပေါ်တက်လို့  ရမှာမဟုတ်ဘူး၊ ဂရုစိုက် ”
ကျနော့်စိတ်ထဲ “ ပဒိုလာဘ ” ကို အပစ်တင်နေမိသည်။ သူ့ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ဖွဲ့ စည်းပုံနှင့်စာလျင် ကျနော်ကပိုပြီး ကြံ့ခိုင်ဖြတ်လတ်၏။ သတိပေးခြင်းပေးလျှင် သူ့ ဇနီးကိုသာ သတိပေးသင့်သည်ဟုတွေးကာ မချိပြုံးပြုံးမိလေသည်။
ကျနော်တို့ (၅)ယောက်၊ တောင်ပေါ်ကို စတက်တော့ စိတ်ထဲတွင် မတင်မကျဖြစ်ရပြန်သည်။ “ အော် ဒါတော့ တောင်ပေါ် စတက်ကာစမို့ ထင်ပါရဲ့  ” ဟု ဖြေတွေး တွေးမိ၏။ သို့ သော် ဆယ်မိနစ်ခန့် ရှိသည်အထိ တောင်ပေါ်တက်သည့်လမ်းကြောင်းပုံစံ က မပြောင်း။ အပေါ်ကို မော့ကြည့်ပြန်တော့လည်း တက်လာခဲ့ရာလမ်းကြောင်းနှင့် ဘာမျှမထူးသည့်အနေအထား။
ကျနော်တို့ တောင်ပေါ်စတက်တော့၊ ကျနော့်စိတ်ထဲ မြေကြီးပေါ် သည်အတိုင်းလမ်းလျှောက်ပြီး တက်ရမည်ဟုထင်၏။ မသကာ သစ်ပင်သစ်ကိုင်းတချို့ ကိုဆွဲကာ ကုန်းမေါ့တချို့ ကို ကုတ်တွယ်တက်ရလောက်အောင်သာ ခက်ခဲမည်ဟုထင်၏။ သို့ သော် ကျနော်ထင်သလိုမဟုတ်။
တောင်ပေါ်ကို စတင်တက်ပါပြီဆိုကတည်းက ကျောက်ချွန်၊ ကျောက်စွန်း၊ ကျောက်သားမျာကိုသါ လှမ်းဆွဲ၊ ဖက်တွယ်၊ နင်းဖိကာ တက်လာခဲ့ရ၏။ မြေသါးကို တနေရာမျှမနင်းခဲ့ရ။ ကျောက်သားသက်သက်ကိုသာ ဖက်တွယ်ပြီး တက်ရ၏။ ဆယ်မိနစ် ခန့်  အကြိတ်အနယ်တက်လာသည့်အချိန်အတွင်း ကျနော့်မှာ ကျန်အဖေါ်များမည်ကဲ့သို့  တောင်ပေါ်တတ်နေကြသည်ကို ဂရုမစိုက်နိုင်ပဲ ကိုယ့်ဒုက္ခနှင့်ကိုယ်သါ ကြိုးစားပြီးတက်ခဲ့ရ၏။ တခါတရံ အောက်ဖက်ကို ငုံ့ ကြည့်တော့ ကျောက်ချွန်၊ ကျောက်တိုင် များမှာ ဓါးများ လှံများထောင်ထားသလို ကျနော့်ကို မေါ့ကြည့်ပြီး ပြုံးပြနေကြ၏။ ကျနော့်ကြောထဲတွင် စိမ့်အေးသွားရ၏။ တောင်ပေါ်မတက်ခင်က ဖိနပ်ကျွတ်မကျရန် သတိပေးခဲ့သည့် “ ပဒိုလာဘ ” ၏စကားကို ကျနော်သဘောပေါက်သွားရလေသည်။


(ခ)
“ ကျနော်တို့  အောက်ပြန်ဆင်းဖို့ လည်း အချိန်မရတော့ဘူး၊ လုံခြုံရေးကလည်း စိတ်မချရသေးဘူး၊ တောင်ထိပ် ရောက်အောင်တက်ဖို့ ကလည်း မှောင်စပြုနေပြီ၊ ရောက်တဲ့နေရာမှာပဲ သင့်တော်သလိုတညအိပ်ကြမယ်၊ ကိုငြိမ်းဝေ ဘယ့်နှယ် လည်း အဆင်ပြေရဲ့ လား ”
“ ပြေ … ပြေပါတယ် ပဒို၊ ကောင်းပါတယ်၊ အိပ်ကြတာပေါ့ ”
ကျနော်ရောက်နေရာ နေရာနှင့် ၀ါးတရိုက်ခန့် အထက်တွင် လူနှစ်ယေါက်စာ အိပ်လို့ ရနိုင်သည့် နေရာအကျယ်ရှိသည်ဟု ကျနော့်အထက်က ပုဂ္ဂိုလ်တဦးက လှမ်းခေါ်သဖြင့် အထက်ကိုတက်လာခဲ့သည်။ လူနှစ်ယေါက်စာ နေရာမှာလည်း ကျဉ်းသည်ဟု စိတ်ထဲတွင် တွေးနေစဉ် ကျနော်နှင့်အတူရှိနေသူက ကျနော့်အထက် တနေရာဆီ ဆက်ပြီးတက်ကာ နေရာရှာတွေ့ သွားခဲ့၏။ နာရီကိုကြည့်တော့ (၆)နာရီထိုးပြီးပြီ။ ကျနော်နှင့်အတူ တောင်ပေါ်တက်လာကြသူအားလုံး ဘယ်လိုအခြေအနေရှိသည်၊ ဘယ်လို နေရာယူကြသည်ကို ကျနော်မသိနိုင်ပါ။ ယုတ်စွအဆုံး “ ပဒိုလာဘ ” ၏ စကားပြောသည့်အသံကိုသါ ကြားခဲ့ရပြီး လူကိုတော့ မမြင်နိုင်ပါ။ သူ့ ဇနီးသည် သည်ကော … ။ ကျနော်တို့ ၏နောက် အောက်ဖက်တွင် ကျန်ရစ်နေခဲ့ကောင်းနေခဲ့လိမ့်မည်ဟု ကျနော် ယူဆမိ၏။ သို့ သော် စိုးရိမ်ဘွယ်တော့ မရှိပါ။ ပဒိုလာဘတို့ ဇနီးမောင်နှံနှင့် ပါလာသည့် ကရင်အမျိုးသားကြီးနှစ်ဦးမှာ သူတို့ ၏ ရဲဘော်ကြီးများ ဖြစ်ကြ၏။ နေရောင်ခြည်များ ရုပ်သိမ်းလိုက်သဖြင့် ကျနော့်မှာ အတွေးစကို ဖြတ်ကာ နေရာထိုင်ခင်းပြင်ဆင် ရတော့၏။
ကျနော်ရပ်နေရာ ကျောက်ဖြာမှာ ပူနွေးလျက်ရှိ၏။ ကြောဖက်က ကျောက်နံရံကြီးမှာလည်း ပူနွေးလျက်ရှိ၏။ ကျနော့်ရှေ့  ခါးတ၀က် မရှိတရှိ ကျောက်တုံးကြီးမှာလည်း ပူနွေးလျက်ရှိ၏။ ကျောက်တုံးကြီးမှာ ကျနော့်ကို လိမ့်ကျမသွားနိုင်အောင် အကာ အကွယ်ပေးထားသလို ဖြစ်နေ၏။ ကျနော်က ကြောပိုးအိပ်ထဲမှ စောင်ပိုင်းလေးကိုထုတ်ယူကာ ကျော်ဖြာပေါ် ခင်းလိုက်သည်။ ကြောပိုးအိပ်ကို ခေါင်းအုံးလုပ်ရန် ချထားလိုက်၏။ လေကွယ်ရာဖက်တွင် နေရာယူမိလျက်သား ဖြစ်နေသဖြင့် အအေးဒဏ်ကို ထင်သလောက် မခံစားရပဲ ညအိပ်နိုင်ကောင်းရဲ့ ဟု တွေးမိ၏။ ကျောက်တုံးကြားမှလည်း ခေါင်းပြူပြီး မကြည့်မိ စေရန် သတိ ထားနေရ၏။ လေတချက်အဝေ့တွင် ခန္ဓာကိုယ်ယိမ်းယိုင်ပြီး တောင်အောက်သို့ ကျသွားမလားဟု ထင်မိ၏။
အိပ်ယါထိုင်ခင်း ပြင်ဆင်ပြီးသည်နှင့်တပြိုင်နက် ကျောက်တုံးကြီးပေါ် လက်တင်ကာ တောင်ခြေရင်းဆီ လှမ်းကြည့်မိ သည်။ ဘာကိုမျှ မမြင်ရနိုင်တော့။ တလောကလုံး မှောင်အတိဖုံးခဲ့ပြီဖြစ်သည်။ ထိုခါကြမှ တောင်အောက် ရုခင်းကို မြင်ချင်သည့် စိတ်က ပြင်းပြလာခဲ့၏။ ဗိုက်ထဲတွင် ဘာအစာမျှ မရှိသဖြင့်လည်း ဆါလောင်လာခဲ့၏။ ရေဗူးကိုယူကာ ရေသောက်၏။ မနက်ခင်း တုန်းက “ ထီးတော်ခီး ” ရွာထဲဝင်ခဲ့စဉ်၊ စားစရာ မုန့် ထုပ်တထုပ်လောက် ၀ယ်ခဲ့ရလျင် အကောင်းသားဟု တောင့်တမိ၏။

ကျနော့်အထက်က ချောင်းဆိုးသံကြားရ၏။ တောင်ခြေကဟု ထင်ရသည့်နေရာဆီက ကျွဲခလောက်၊ နွားခလောက်သံ ကြားရသလို ရှိ၏။ ခန့် မှန်းရခက်သည့် အဝေးတနေရာဆီက ခွေးဟောင်သံသဲ့သဲ့ကြားရ၏။ ခွေးဟောင်သံသဲ့သဲ့မှာ မနက်တုန်းက ကျနော်တို့ ဖြတ်သန်းလာခဲ့ရာ “ ထီးတော်ခီး ” ရွာကလေးဆီက ဖြစ်မည်ဟု တွေးမိသည်။
သည်ကနေ့ တော့ ဖါးအံမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ “ ပဒိုသာထူးကျော် ” (ယခု ၊ ဒီ-ကေ-ဘီ-အေ- ဥက္ကဌ ) နှင့် တွေ့ ဆုံခွင့် ရနိုင်တော့မည်မဟုတ်ဟု တွေးမိသည်။ နေ့ လည်ပိုင်းက၊ “ ဥက္ကဌကြီး ပဒိုသာထူးကျော် ” ထံက လာခေါ် မည့် လမ်းပြကိုစောင့်နေစဉ် “ ပဒိုလာဘ ” ၏ လမ်းလျှောက်စကားပြောစက်ထဲ သတင်းဝင်လာခဲ့၏။ ကျနော်တို့ ရောက်ရှိနေရာ မိဆိုင်းကျောက်တောင်ကြီးနှင့် မနီးမဝေးတွင်ရှိသည့် “ ထီးတော်ခီး ” ရွာထဲတွင် နအဖစစ်သားများ ရောက်လာနေသည့် သတင်းဖြစ်၏။ ထို့ ကြောင့် “ ပဒိုလာဘ ” ၏ ဆုံးဖြတ်ချက်ဖြင့် ကျနော်တို့ လူသိုက် တောင်ပေါ်တက်ခဲ့ကြရသဖြင့် ဥက္ကဌကြီး “ ပဒိုသာ ထူးကျော် ” နှင့် ကျနော်တို့  အဆက်အသွယ်ပြတ်ခဲ့ရ၏။ မနက်ဖြန်တွင်တော့ ရန်သူ့ သတင်းကို နားစွင့်ကာ “ ပဒိုသာထူးကျော် ” နှင့် သွားရောက်တွေ့ ဆုံနိုင်ကောင်းရဲ့ ဟု စဉ်းစားမိလေသည်။
ညဥ့်နက်လာတော့ ကျောက်တုံး၊ ကျောက်စွန်းများကို လေတိုးသည့်အသံ အတိုင်းသါး ကြားရသည်။ အမှောင်ထုကြီးကို မေါ့ကြည့်ရင်းက ပင်ပမ်းနွမ်းနယ်စွာ ကျနော်အိပ်ပျော်သွားခဲ့သည်။


(ဂ)
သန်းခေါင်ကျော်အချိန်တွင် ချမ်းလွန်းသဖြင့် ကျနော်အိပ်ပျော်ရာက နိုးလာခဲ့သည်။ အိပ်ယါက နိုးလာကတည်းက ပြန်ပြီး အိပ်ချင်စိတ်မရှိတော့။ ကျနော့်စိတ်ထဲ တစုံတခုကို တောင့်တမိနေပြန်သည်။ ကျနော်တို့ ပုန်းအောင်းအိပ်စက်ရာဖက်မှာ ကျောက် တောင်ကြီး၏ အရှေ့ ဖက်ခြမ်းတွင် ရှိပါစေဟုလည်း ဆုတောင်းမိ၏။ အကယ်၍များ ကျနော်ဆုတောင်းသလိုဖြစ်ခဲ့ပါက နေထွက် လာသည့် မြင်ကွင်းကို ကျနော်တွေ့ ရမည်ဖြစ်သည်။
ကျောက်တုံးကြီး၏ဘေးတွင်ရပ်ကာ တောင်အောက်ဖက်တနေရာကို ကျနော်ကြည့်နေမိသည်။ အချိန်များကုန်ခဲလွန်း လှ၏။ အမှောင်ထုကြီးထဲတွင် ဘာကိုမျှမမြင်ရ။ ကျနော့်နားထဲတွင် လေတိုးသံတရွှီရွှီမျှအပ တခြားမည်သည့်အသံကိုမျှ မကြားရ။ နေထွက်ရာဖက်ကို မှန်းဆပြီးရပ်ကြည့်နေစဉ် ဗြိတိသျှစာရေးဆရာကြီး “ ဆမ်းမားဆက်မွန် ” ၏ စကားတခွန်းကို စဉ်းစားမိပြန် သည်။ သူက “ နှစ်ပေါင်း (၅၀)လုံးလုံး နေထွက်တာကို စေါင့်ကြည့်တဲ့အလုပ်ကို တခါမှ လက်မလွတ်ခဲ့သေးဘူး ” ဟု ပြောခဲ့၏။
ရုတ်တရက်ဆိုသလို အနီရောင်မျဉ်းကြောင်းတခုကို ကျနော်မြင်လိုက်ရ၏။ မြင်လိုက်ရသည်အထင်နှင့် ရှေ့ ကိုအားစိုက်ပြီး ကြည့်သည်။ ဘာကိုမျှမမြင်ရ။ စိတ်ထဲကထင်လို့  မြင်လိုက်တာပဲဖြစ်မည်ဟု ယူဆမိစဉ် အနီရောင်မျဉ်းကြောင်းတခုကို ထင်ထင် ရှားရှား မြင်လိုက်ရ၏။ အနီရောင်မျဉ်းကြောင်း၏အောက်တွင် ခဲသားရောင်မျဉ်းကြောင်းတခု။ ထို့ နောက် အနီရောင်မျဉ်းကြောင်း သည် အနီရောင်ဖဲပြားတခုအထိကြီးမားလာခဲ့ပြီး ကျနော့်ရှေ့ တွင် ခဲသားပုတ်ပုတ်တိမ်သားများ ရောက်လာခဲ့လေသည်။
အနီရောင် ဖဲကြိုး၏နောက်ဖက်တွင် တော်လှန်ရေးဌါနချုပ် “ မာနယ်ပလော ” ရှိနေလိမ့်မည်ကို ကျနော်သိနေသည်။ ဒေါန တောင်တန်းကြီး၏ အောက်တနေရာ၌ “ မြစ်မင်းသံလွင် ” သည် လဲလျောင်းလျက်ရှိနေလိမ့်မည်။

မေါ့ကြည့်ရင်းမှာပင် အနီရောင်မှာ ဖြူဖျော့လာခဲ့ကာ၊ အဖြူရောင်များ အားကောင်းလာခဲ့၏။ အနီရောင်ပြပြ အဖြူရောင် တောက်တောက်တိမ်တွေကို တွေ့ လာရ၏။ မထင်မှတ်သည့်အချိန်မှာပင် ကျနော့်ရှေ့ တွင် အလွန်မတန်ကြီးမားသည့် သဘာဝ ပန်းချီကားကြီးတချပ်ရောက်လာခဲ့၏။ တောင်ခြေဆီမှ လွင့်ပျံတက်လာသည့် အိပ်တန်းဆင်းငှက်သံများကို ကြားလာရ၏။
ကျနော်သည် နေထွက်ခြင်းကို စေါင့်ကြည့်ရန်ဝါသနာထုံ၏။ နေထွက်လာသည့် မြင်ကွင်းကို အကြိမ်ပေါင်းများစွာ စေါင့် ကြည့်ခဲ့ဖူး၏။ သို့ သော် မြေပြန့် တွင်မွေး၊ မြေပြန့် တွင်သာ ကြီးပြင်းလာခဲ့သူ ကျနော့်အဖို့ ၊ မြေပြန့် ပေါ်ကတဆင့် နေထွက်ခြင်း ကိုသာ စေါင့်ကြည့်ခဲ့ဖူး၏။ မြေပြန့် ပေါ်ကတဆင့် နေထွက်ခြင်းကို စေါင့်ကြည့်ရသည့်ရသကိုသာ ခံစားဖူး၏။ ယ္ခုအခါတွင်မူ တောင် ထိပ်တနေရာမှတဆင့် နေထွက်ခြင်းကို ကျနော်စေါင့်ကြည့်ခွင့်ကြုံခဲပြီ။ တောင်ထိပ်ပေါ်က တဆင့်နေထွက်ခြင်းကို စေါင့်ကြည့်ရ သည့် “ ရသ ” ကို ခံစားဖူးပြီ။ အလွန်မတန် ဆန်းပြားနက်နဲလှသည့် ရသအသစ်တမျိုးကို ကျနော်ရလိုက်၏။
ကျောက်တုံးကြီး၏ဘေးတွင်ရပ်ကာ မိဆိုင်းကျောက်တောင်ကြီး၏ အောက်ဖက်မြင်ကွင်းကျယ်ကြီးကို ငုံ့ ကြည့်ကာ၊ အလွန်မတန် လှပခမ်းနားလှသည့် သဘာဝပန်းချီကားကြီးကို ကျနော် ချစ်မက်နေမိလေသည်။ ။


ငြိမ်းဝေ








1 comment:

  1. ဆရာ့ ဝေဇယန္တာကကြိုး ကိုခံစားသွားပါတယ်။ ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေ..

    ReplyDelete