March 07, 2009

မေပယ်လ်ရွက်--ဘယ်ရီသီးအပြာ နှင့် ဥရောပ ကျေးလက် [ ၅]

၁၉၉၅- ခုနှစ်က
ကျနော် ဥရောပကို ခရီးထွက်ခဲ့ဖူးတယ်။ ဒီဆောင်းပါးဟာ အဲဒီခရီးစဉ်ကို အခြေခံပြီးရေးတဲ့ ဆောင်းပါးတွေထဲက တခုဖြစ်ပါတယ်။ ဒီဆောင်းပါးတွေကို အခန်းစဉ်ဖွဲ့ပြီးရေးခဲ့တာပါ။ ဒီဆောင်းပါးတွေကို အစဉ်လိုက်မဟုတ်ပဲ အလျန်းသင့်သလို ဆက်လက်ဖေါ်ပြသွားပါမည် ခင်ဗျား။


ဥရောပမဲဇာ အခန်း [ ၃ ]

မေပယ်လ်ရွက်--ဘယ်ရီသီးအပြာ နှင့် ဥရောပ ကျေးလက် [ ၅ ]

ကျနော်နေထိုင်ခွင့်ရသည့်အိမ်တွင်၊ လူပုဂ္ဂိုလ်(၄)ဦး ရှိနေနှင့်ကြပါသည်။ ကိုကျော်ကျော်(မွန်)၊ ကိုထွန်းထွန်း(အိန္ဒိယနယ်စပ်) စောနယ်လ်ဆင်ခူး(ဖိုးခွါး) နှင့် ကိုမွန်းအောင်တို့ ဖြစ်ကြ၏။ သူတို့ နှင့် ကျနော်၊ စားစရိတ်ဝေပုံကျ ခရိုနာ(၁၀၀၀)စီထည့်ကာ၊ တလှည့်စီချက်ပြုတ်ရေး တာဝန်ယူခဲ့၏။ နံနက် (၈)နာရီ အသံလွှင့်ဌာနသို့ ရောက်၊ နေ့ စဉ်သတင်း တချို့ ဘာသာပြန်၊ သတင်းဖတ်။ အစီအစဉ်မှူး တာဝန်ကျသည့်နေ့ များတွင်၊ တနေ့ စာ အသံလွှင့်အစီစဉ်များကို ကိုယ်တိုင်အသံသွင်းစီစဉ်ကာ၊ အသံလွှင့်ချိန်မတိုင် ခင် အဆင်သင့်ရှိနေခဲ့ရ၏။ ထိုစဉ်က တနေ့ တာ အသံလွှင့်အစီအစဉ်များကို တိတ်ခွေနှင့်ပင် အသံသွင်းယူကာ၊ အသံလွှင့်ချိန် ရောက်လျှင်၊ တိတ်ခွေကိုခလုပ်နှိပ်၍ အသံလွှင့်ခဲ့ကြခြင်းဖြစ်သည်။
နော်ဝေးတွင်၊ ကျနော့်အရင်ရောက်နှင့်နေကြပြီးဖြစ်သူများမှာ၊ ကျနော့်ထက်အင်္ဂလိပ်စာပိုမိုကျွမ်းကျင်ကြပါသည်။ ကျနော် က တစုံတရာ ဖတ်တတ်သည်ကလွဲ၍၊ အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ်ပင် မပြောတက်ခဲ့ပါ။ ထို့ ကြောင့် နေ့ စဉ်သတင်း တချို့ ကို တာဝန်ကျအယ်ဒီတာချုပ်က ဘာသာပြန်ခိုင်းသောအခါ အတော်လေးအခက်အခဲရှိခဲ့၏။ ဘာသာမပြန်ချင်၍ ငြင်းဆန်လို့  လည်း မဖြစ်။ ကရင်ဘာသာအစီအစဉ်ကို တာဝန်ယူသူ ဖိုးခွါးမှတပါး၊ ကျန်သူအားလုံး သတင်းဟူသမျှ ဘာသာပြန်ကြရ၏။ ကိုယ် ဘာသာပြန်သည့်သတင်းကို၊ ကိုယ်ကိုယ်တိုင်ပင် ဖတ်ရ၏။ သို့ သော် ကျနော်က စာပေ၀ါသနာအိုးဖြစ်၏။ ထို့ ကြောင့် မြန်မာ ဘာသာပြန်ဆိုသည့် သတင်းများကို တခါတရံ ၀င်ရောက်အကြံပြုလျှင်၊ အားလုံးက လက်ခံကြပါသည်။ ကျနော်တို့ အထဲတွင်၊ ကို မောင်မောင်မြင့် ( ဒေါင်းညို၊ ယခု BMA ) ကိုအေးချမ်းနိုင် (ယခု DVB ညွှန်ကြားရေးမှူးချုပ်) နှင့် ကိုမွန်းအောင်(တေးသံရှင်)တို့ သည် သတင်းဘာသာ ပြန် တော်ကြသူများဖြစ်သည်။ သူတို့ ဘာသာပြန်ထားသည်များကို ကျနော် လေ့လာခဲ့၏။ မသိသည်များကို မေး၏။
သို့ သော် ကျနော်က နဂိုကတည်းက သတင်းကိစ္စများကို စိတ်ဝင်စားလှသည်မဟုတ်။ ‘ရသ’ မပါသည့် စာပေကိစ္စများ အပေါ် အာရုံမညွတ်ချင်။ ထို့ ကြောင့် သတင်းများ ဘာသာပြန်သည့်အချိန်တိုင်း ကျနော့်မှာ ပင်ပန်းခဲ့၏။ စိတ်ညစ်ခဲ့၏။
အော်စလိုသို့ စတင်ရောက်ရှိသည့် နေ့ ရက်များမှာ၊ အိမ်နှင့်ရုံး၊ ရုံးနှင့်အိမ်၊ ကူးကာ ပြန်ကာနှင့်ပင် အချိန်ကုန်ခဲ့၏။ အသံလွှင့် လုပ်ငန်းခွင်အတွင်း စိတ်ကိုနှစ်ထားခဲ့ရ၏။ ဘယ်ကိုမှ ထွေထွေထူးထူး မရောက်ရှိသေး။ အရာအားလုံး ကျနော့်အတွက် အသစ် အဆန်းတွေချည်းဖြစ်၏။ ဟိုနေရာ မိုးတိုးမတ်တတ်။ ဒီနေရာ ခဏတဖြုတ်။ ဟိုမသွားတတ် ဒီမလာတတ်။ အိမ်ကနေ ရုံးပိုပင်လျှင် အဖော် နှင့် (၃) ခေါက်လောက် သေသေချာချာလိုက်သွား၊ မှတ်သားပြီးမှသွားတတ်လာတတ်၏။ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ပထမဦး ဆုံး အောက်မှာရှိတဲ့ တံခါးမကြီးဘေးက၊ အချက်ပေးခလုပ်ကို ရွေးချယ်ပြီးနှိပ်၊ တံခါးမကြီးပွင့်သွားလို့  အထဲကိုရောက်ပြန်တော့၊ တံခါးဖွင့်ပေးမယ့်သူမရှိရင် ကိုယ့်ဖာသာ ခလုပ်တခု ထပ်နှိပ်ပြီး လူခေါ်…။
ဒီလိုအနေအထားမျိုးတွေ ကျနော့်တသက်မှာ ကြုံဖူး၊ တွေ့ ဖူး၊ နေခဲ့ဖူးသည်မဟုတ်။ ကျနော့်ဘ၀နှင့် နီးစပ်ခဲ့ခြင်းလည်းမရှိ။ ကျနော်ဘ၀မှာ အဆင့်အမြင့်ဆုံးဆိုလို့ ၊ ရန်ကုန်မြို့ ၊ ပုဇွန်တောင်ကျောင်းလမ်းထဲတွင် )၆)လခန့်  နေခဲ့ဖူးသည့်ဘ၀မျိုးသာရှိခဲ့၏။ ကိုယ့်အိမ် ကိုယ့်အခန်း၊ ဘာခလုပ်မှ နှိပ်ဖို့ မလိုတာပဲ။ ငယ်စဉ်တုန်းက တယ်လီဖုန်းပြောသည့်အခါ၊ တယ်လီဖုန်းကို ပြောင်းပြန်ကိုင် မိသည့် အဖြစ်မျိုးတောင်ရှိခဲ့ဖူးသူပဲ။ ဒီလိုဘ၀မျိုးနဲ့ ကြီးပြင်းလာခဲ့သူ ကျနော့်အဖို့ ၊ အဆင့်အတန်းလွန်နိုင်ငံတခု၏ အခင်းအကျင်း တွေကြားမှာ တနေ့ တည်း၊ တကြိမ်တည်းနှင့် ပြည့်စုံတက်ကျွမ်းအောင် မည်သို့ မျှ မစွမ်းဆောင်နိုင်ခဲ့။

အော်စလိုသို့ ရောက်ရှိပြီး (၂)ရက် အကြာတွင် အိမ်အောက်ထပ်မှ ခလုပ်နှိပ်၍ လူခေါ်ခေါင်းလောင်းမြည်သံကြားသဖြင့် တံခါးဖွင့်ပေးလိုက်သောအခါ လူတယောက်က၊ လက်ဆွဲအိပ်ကြီးနှင့်အတူ ရပ်နေသည်ကိုတွေ့ ရ၏။ ပျောက်ရှကျန်ရစ်ခဲ့သည့် ကျနော့်လက်ဆွဲအိပ်ဆွဲကြီးကို လာပို့ ခြင်းဖြစ်သည်။ သူက စာရွက်တရွက်ကိုပေးကာ ပစ္စည်းလက်ခံရယူကြောင်း လက်မှတ်ထိုးစေ ပြီး ပြန်သွားခဲ့၏။ ကျနော်တို့ အားလုံး လက်ဆွဲသေတ္တာကြီးကို ဧည့်ခန်းသို့ သယ်ကာ ဖွင့်ကြည့်ကြရ၏။ လက်ဆွဲသေတ္တာကြီးထဲက၊ ပစ္စည်းများမှာ အထားအသိုမပျက် တွေ့ ရ၏။ ကဗျာစာအုပ်များ၊ စာရွက်စာတမ်း အတိုအစများကို ထုတ်ယူလိုက်၏။ တိုက်ပုံအင်္ကျီ နှစ်ထည်၊ သားရေဖိနပ်တရံ၊ အသံသွင်းပြီးသီချင်းနှင့် တခြားတိတ်ခွေ (၈၀)ကျော်၊ ငှက်ဖျားပျောက်ဆေး (၂)ကဒ်။
ကိုမွန်းအောင်က ကျနော့်လက်ဆွဲသေတ္တာကြီးထဲက၊ ပစ္စည်းများကိုကြည့်ကာ ရယ်လေသည်။နယ်စပ်က ရောက်လာသည့် လူတယောက်အဖို့ ၊ တခြားဖွယ်ဖွယ်ရာရာ ပစ္စည်းတချို့ ပါကောင်းရဲ့ ဟု သူထင်ခဲ့ကြောင်း ပြော၏။ အနောက်တိုင်းဝတ်စုံအပြည့်၊ လက်ဆွဲသေတ္တာငယ်၊ ဘွတ်ဖိနပ်နှင့် ရောက်လာသည့် ကျနော့်ကို၊ အ၀တ်တထည်ကိုယ်တခုနှင့် ဥရောပကို ရောက်လာလိမ့်မည်ဟု သူ မထင်ကြောင်း ပြော၏။ အသံလွှင့်ရာတွင် အထောက်အကူဖြစ်စေမည့် ပစ္စည်းများကိုသာ ဦးစားပေးယူလာခဲ့ခြင်းဖြစ်ကြောင်း ကျနော် ရှင်းပြရ၏။
လက်ဆွဲသေတ္တာကြီး၊ ပြန်လည်ရရှိကာမှပင် ကျနော့်မှာ စိတ်အေးသွားရတော့သည်။ ကျနော် တာဝန်ယူတင်ဆက်နေသည့် “ တော်လှန်ရေးကဗျာ မိတ်ဆက် ” အသံလွှင့် စာမူကြမ်းများကို ဖိုင်တွေထဲထည့်ပြီး တွဲထားလိုက်၏။ အစပထမက လက်ဆွဲအိတ် ကြီး အချိန်မီရောက်မလာခဲ့သည့်အတွက် နဂိုကတည်းက သံသယရှိထားသူ၊ ဥရောပလေကြောင်း ဆက်သွယ်ရေးအပေါ် အထင်သေးခဲ့်သူ ကျနော့်မှာ ထိုအခါကြကာမှပင် သံသယမရှိ စိတ်ရှင်းကာ အံ့သြ၀မ်းသာ ဖြစ်ခဲ့ရပါသည်။

ငြိမ်းဝေ

1 comment:

  1. ဥရောပ မဲဇာ တွေကို ဆက်မျှော်နေမယ် ဆရာ။

    ReplyDelete