August 11, 2010

နှလုံးသား တာဝန်



ဝတ္ထုတိုလေးဖြစ်ပါတယ်။ မောက္ခ ပညာရေးမဂ္ဂဇင်းအတွက် ရေးပေးခဲ့တဲ့ စာမူပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်က ကျနော့် ဘဝအတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။
                                                         
                                                         (၁) 
        ထမင်းစားပြီးလို့ ကျောင်းပေါ်ပြန်တက်တော့ သူ့တကိုယ်လုံး နာကျင်ကိုက်ခဲလျက်ရှိတော့သည်။ တနေကုန် နေပူကွင်းအောက် စပါးရိပ်ခဲ့ရသဖြင့် သူ့ခြေ သူ့လက်များမှာ လေးလံဆိုင်းတွဲလျက်ရှိသည်။ စာသင်ကျောင်းပေါ်တက်လာတော့ ကျောင်းပေါ်တွင် မှောင်မဲလျက်ရှိသည်။
          “ မောင်ကြွက်ကင်လားဟေ့ ဘာလုပ်မလို့လဲ မီးခွက်ထွန်းမလို့လားကွ ”
          လူရိပ်သဏ္ဍာန်က နေရာမှာတွင် ရပ်သွားသည်။ ခဏကြာမှ အမှောင်ထဲက  ခြေသံကြားရသည်။
          “ ဆရာတို့ ဒီကနေ့ည မီးခွက်မထွန်းပဲ နေကြရအောင်ကွာ၊ အပြင်မှာ လ,ရောင်က  ထိန်နေတာပဲဟာ၊ ပြီးတော့ ရေနံဆီလည်း သိတ်မရှိတော့ဘူးကွ၊ ဆရာ ညနေက ရွာထဲမှာ ဝယ်ခဲ့ဖို့ မေ့နေခဲ့တယ် ”
          “ ဒါဆိုရင် ကျနော် သွားဝယ်လိုက်မယ်လေဆရာလေး၊ ဟို ကိုရင်လှအေးတို့လည်း ကျောင်းကို လာနေလောက်ပြီပဲဟာ သူတို့နဲ့ အတူတူပြန်လာမှာပေါ့ဆရာလေး”
“ နေပစေ မောင်ကြွက်ကင်၊ လမ်းမှာ ပိုးကောင်မွှားကောင်နဲ့တိုးနေပါဦးမယ်၊ လကလည်း အခုမှ သာစပြုတာဆိုတော့၊ မဝယ်ပါနဲ့တော့ကွာ၊ တညတလေ ရေနံဆီ ချွေတာလိုက်ကြတာပေါ့ ”
လရောင်သွန်ကျနေရာ ဝါးရံတာဘေးတွင် ဆရာတပည့်နှစ်ယောက် ထိုင်လိုက်ကြသည်။ မောင်ကြွက်ကင်က ကြမ်းပြင်ပေါ် ရေနွေးကြမ်းအိုးနှင့် ရေနွေးပန်းကန်ပါ ချလိုက်သည်။ ဆရာဖြစ်သူနှင့် လက်တကမ်းအကွာတွင် ထိုင်သည်။
“ ဒီဖက်က ပန်းကန်က ဘာလဲကွ၊ မြည်းစရာများလား ”
“ ဟုတ်တယ်ဆရာလေး၊ အဖေ ဇရပ်ကြီးက ပြန်လာလို့ ဆရာလေးအတွက် ဇီးထန်းလျက် ဝယ်လာတာ၊ အခုနတုန်းက ဆရာလေးထမင်းစားနေတုန်း အဖေ လာပေးသွားတာ”
မောင်ကြွက်ကင်ရဲ့စကားကိုကြားတော့ ကိုက်ခဲနာကျင်နေသည်များပင် လျော့ပါးသွားသည်ဟု ထင်လိုက်ရသည်။ သည်လို အနေအထားမျိုးက သူ့အဖို့ တမင် ဖန်တီးတည်ဆောက်ယူခဲ့သည့် အနေအထားမျိုးမဟုတ်သည့်တိုင်အောင် အခုလို ကျောင်းသားမိဘများ၏ မေတ္တာစေတနာမျိုးကိုမူ  တောင့်တနေခဲ့မိသည်မှာလည်း အမှန်ပင်ဖြစ်သည်။
မောင်ကြွက်ကင်၏ဖခင်ဖြစ်သူ ကိုအေးမောင်က စာသင်ကျောင်းဖြစ်မြောက်ရေးအပေါ် စိတ်ဝင်စားသူ၊ စေတနာထက်သန်သူ ဖြစ်သည်။ သားဖြစ်သူ မောင်ကြွက်ကင်ကို ကျောင်းလာအပ်စဉ်က ကိုအေးမောင်ပြောခဲ့သော စကား။
“ ရွာမှာ စာသင်ကျောင်း မရှိလို့ ကျနော့်သားကို အသက်ကြီးမှ ကျောင်းထားရတာ၊ ကျနော့်လို ပင်ပင်ပမ်းပမ်းအလုပ်၊ စပါးရိပ် ပျိုးနှုတ်အလုပ်တွေ ကျနော့်သားကို မလုပ်စေချင်ဘူးလေ၊ ဒါကြောင့်မို့ ဆရာလေးလည်း ဘာမှ အားမငယ်နဲ့ ၊ ကျောင်းအတွက် လိုအပ်တာရှိရင် ကျနော့်ကိုလည်း ပြော၊ ကျနော် တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကူညီပါ့မယ်”
သူက မောင်ကြွက်ကင်၏ဖခင် ကိုအေးမောင်၏စကားကို ပြန်တွေးကာ ပီတိဖြစ်မိသည်။
လရောင်အောက်တွင် ထိုင်နေရာမှ ဝါးရံတာဘေးတွင် သွားပြီးရပ်သည်။ သောင်ပုရွာဆီ ဦးတည်ပြီးသွားနေသည့် တာလမ်းကလေးကို စာသင်ကျောင်းကလေးပေါ်မှတဆင့် ဖြောင့်တန်းစွာ မြင်နေရသည်။ လရောင်များက လူသွားလမ်းပေါ် ငွေစရွှေစများ ကြဲချသလို နေရာကွက်ပြီး လက်လက်ပပ ဖြစ်နေသည်။ တာလမ်းကလေးသည် သောင်ပုရွာ အမှောင်ရိပ်ထဲသို့ တဖြေးဖြေး တိုးဝင်သွားနေ၏။
သောင်ပုရွာကို သစ်ပင် မဲမဲအုပ်အုပ်များအောက်တွင် ရွာတန်းရှည်ကြီးအဖြစ် မြင်နေရသည်။ သစ်ပင် မဲမဲအုပ်အုပ်များပေါ်တွင်လည်း လရောင်များ ဖွဲဖွဲဆုပ်ဆုပ် ကျနေသည်။ အရှည်လိုက်ဖြန့်ခင်းထားသည့် ငွေနားကွပ် စေါင်အမည်းတခုလို ဖြစ်နေသည်။
လရောင်အောက်က တာလမ်းကလေးကို ငေးကြည့်ရင်း၊ သောင်ပုရွာခြေဆီကို လှမ်းကြည့်ရင်း တနေ့လုံးလုံး နေပူကြဲတဲအောက် စပါးရိပ်ခဲ့ရသည်များကို ပြန်တွေးနေမိပြန်သည်။ မနက်(၇)နာရီကစပြီး ညနေ(၆)နာရီရောက်သည်အထိ သူနှင့် ကျောင်းသားကြီးတချို့ စပါးရိပ်ခဲ့ကြရသည်။ သည်ကနေ့ပါနှင့်ဆိုလျင် ကျောင်းပိတ်စရက် ကတည်းက စပါးရိပ်ခဲ့သည်မှာ နားရက် (၄) ရက်မျှသာ ရှိခဲ့သည်။ တလပြည့်လာတော့ စပါးရိပ်ခငွေမှာ ခန့်မှန်းထားသည်ထက်ပင် ပို၍ စုစေါင်းလာနိုင်ခဲ့သည်။ စပါးရိပ်ခ ရသည့်ငွေကို သူက ကျောင်းရံပုံငွေအဖြစ် စုဆောင်းထားမည်ဖြစ်ပြီး ကျောင်းအတွက် စာသင်ခုံများ လုပ်ရန် စိတ်ကူးထားသည်။
“ မောင်လှအေးတို့လားဟေ့ ”
ကျောင်းအောက်က ခြေသံကြားရသည်။ သူနှင့် အိပ်ဖေါ် လာအိပ်ပေးကြသည့် ကျောင်းသားများ ဖြစ်သည်။ ခြေသံက လှေကားထိပ်အထိ တက်လာသည်။
“ ဟုတ်ကဲ့ ဆရာလေး၊ ဆရာလေး ထမင်းစားပြီးပြီလား ”
မောင်လှအေး၏စကားကိုကြားတော့ သူတစ်ယောက်ထဲ ပြုံးမိပြန်သည်။
သည်ကျောင်းကို သူ ရောက်ကာစက  မောင်လှအေးအပါအဝင် မည်သည့်ကျောင်းသားမျှ သူ့ကို တရင်းတနီး စကားမပြောရဲ။ မေးတခွန်း ဖြေတခွန်းသာ ရှိသည်။ ထိုစဉ်က ကျောင်းသားများမှာ ကျောင်းဆရာအပေါ် ကြောက်ရွှံ့လွန်းသည်ဟု သူ ယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းစတင်ဖွင့်ပါပြီဆိုသည်နှင့်တပြိုင်နက် သူနှင့် ကျောင်းသားများကြား ခြားထားသည့် အကာအရံတံတိုင်းကို သူက စနစ်တကျ ဖြိုချဖို့ကြိုးစားခဲ့သည်။ သူနှင့်ကျောင်းသားများမှာ သွားအတူ၊ လာအတူ၊ အိပ်အတူသဘော နေခဲ့သည်။ ကျောင်းတွင် ဖွဲ့စည်းပေးထားသည့် အသင်း(၅)သင်းအနက် အသင်းတသင်းကို သူကပဲ ခေါင်းဆောင်သည်။ အသင်း(၅) သင်းစလုံး စည်းကမ်း၊ ပညာရေး၊ အားကစား၊ လူမှုဝန်ထမ်းလုပ်ငန်းများကို အသင်းလိုက် အမှတ်ပေးစံနစ်ဖြင့် ပြိုင်ဆိုင်ခဲ့ကြသည်။ အသင်းသား ကျောင်းသားတစ်ဦး အပြစ်ကျူးလွန်ပါက ပစ်ဒဏ်အဖြစ် အမှတ်လျှော့ခံရသည်လည်း ရှိသည်။ ထိုအခါ ကိုယ့်အသင်း ရရှိအောင်မြင်ထားသည့် ရမှတ်ကို မလျှော့စေချင်လျင် ကျန် အသင်းသားအားလုံးက ထင်းပေါက်၊ ရေခပ်၊ သန့်ရှင်းရေးအလုပ်များကို တခြားအသင်းများ၏ သတ်မှတ်ပေးချက်အတိုင်း လုပ်ကြရသည်။ တခါတရံ အပစ်ကျူးလွန်မိသူကျောင်းသားပါဝင်သည့် အသင်း၏ခေါင်းဆောင်မှာ ကျောင်းဆရာဖြစ်နေတတ်၏။ ထိုအခါ သူသည်လည်း ကျောင်းသားများနှင့်တန်းတူ ထင်းပေါက်၊ ရေခပ်၊ သန့်ရှင်းရေးလုပ်ရတော့သည်။
ကျောင်းဖွင့်ပြီး (၂)လမျှ ရှိသောအခါ သူနှင့် ကျောင်းသားများ၏ကြားတွင် ခြားထားသည့် မလိုလားအပ်သည့် တံတိုင်းကြီးမှာ ပြိုကျသွားတော့သည်။ ထိုအခါ ကျောင်းသားများနှင့်သာမက ကျောင်းသားမိဘများသည်လည်း သူနှင့် အထိအတွေ့ အဆက်အဆံ များလာခဲ့သည်။ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျောင်းသားမိဘများ၏ ပူးပေါင်းဆောင်ရွက်မှု အရှိန်မှာ မြင့်မားတိုးတက်လာခဲ့သည်။ ထို့ကြောင့် စာသင်ကျောင်းကလေးမှာ အဆောင်သစ်တခုတိုးချဲ့ခြင်း၊ စာသင်ခုံများတိုးလာခြင်းဖြင့် ကျောင်း၏အင်္ဂါရပ်နှင့် ညီညွတ်လာခဲ့သည်။ ကျောင်းပန်းခြံ၊ ကျောင်းစိုက်ခင်းကို ကျောင်းသားများ၏ လုပ်အားဖြင့် ဖန်တီးနိုင်ခဲ့သည်။ နှစ်ဆုံးသည့်အခါ အတန်းတင် စာမေးပွဲကိုလည်း ရွာနှင့်အနီးဆုံးရွာက အစိုးရစာသင်ကျောင်းတွင် သွားရောက်ဖြေဆိုခဲ့သည်။
နွေကျောင်းပိတ်ချိန်တွင်မူ ကျောင်းမှ ကျောင်းသားကြီး (၂၀) ဖြင့် စပါးရိပ်သုပ်ထောင်ပြန်သည်။ ကိုယ့်ရွာတွင်မက ရွားနီးချုပ်စပ်ရွာများသို့ ပါ စပါးရိပ်သုပ်(အသုပ်အဖွဲ့) ငှါးရန် အကြောင်းကြားခဲ့သည်။ စပါးရိပ်လို့ရသည့်ငွေကို ကျောင်း ရံပုံငွေအဖြစ်စုရန် ရည်ရွယ်ခဲ့သည်။
ကျောင်းသားကြီးများ၏ အကြုံပြုချက်အရ ကျောင်းဆရာခေါင်းဆောင်သည့် စပါးရိပ်သုပ်အဖွဲ့က အချိန်မှန်ရမည်၊ မြန်ရမည်၊ စပါးအကျအပေါက်နည်းရမည်ဟူသော အာမခံချက်ကို လယ်ပိုင်ရှင်များ သိစေရန် ဆော်သြခဲ့သည်။ ထိုအခါ လယ်ရှင်များက ကျောင်းသား စပါးရိပ်သုပ်အဖွဲ့ကို စိတ်ဝင်စားကြသည်။ အားပေးချင်ကြသည်။ တခြား စပါးရိပ်သုပ်ကိုငှါးလျင် နှစ်ရက် ရိပ်ရမည့်ကွင်းကို ကျောင်းသားစပါးရိပ်သုပ်က တရက်တည်းနှင့် အပြီးရိပ်သည်။ ထိုအခါ လယ်ရှင်က နှစ်ရက် ရိပ်ရမည့်လယ်ကို တစ်ရက်တည်းနှင့်ပြီးသည်။ အချိန်ကုန်သက်သာသည်။ ကုန်ကျစရိတ် ထက်ဝက်သက်သာသည်။ ထိုအခါ လယ်ရှင်က ကျောင်းဆရာခေါင်းဆောင်သည့် စပါးရိပ်သုပ်အဖွဲ့ ကို ဟင်းကောင်းကောင်းချက်ကျွေသည်။ စပါကွင်းဘေးတွင် ဓါတ်စက်ငှါးပြီး တနေကုန် ဖွင့်ပေးသည်။
“ ဆရာလေး နေမကောင်းဘူးလား၊ ကျနော်တို့ နင်းပေးရမလားဆရာလေး ”
“ အို အို နေပါစေသားရယ်၊ ဆရာဘာမှ မဖြစ်ပါဘူး၊ မနက်ဖြန် သရက်တောမှာသွားပြီး စပါးရိပ်မှာဆိုတာတွေးနေတာပါ၊ မနက်ကျရင် တို့ စေါစေါထမှ ရမယ်နော မောင်ကြွက်ကင်”
“ ဟုတ်ကဲ့ ဆရာလေး၊ ကိုရင်လှအေးနဲ့ကျနော် အစေါကြီးထပြီး ရွာထဲမှာ ကျောင်းသားတွေ လိုက်ပြီး  နှိုးဖို့ ပြောထားပြီးပါပြီ ဆရာလေး ”
သူနှင့် ညအိပ်ဖေါ်ရောက်လာကြသူ ကျောင်းသားများက သူ့အနားမှ ခွါကာ အိပ်ယာအိပ်ခင်းပြင်ကြသည်။ သူ့အတွက် အိပ်ယာကိုမူ ခေါင်းရင်းဖက်၌ ဖျာတစ်ချပ်ခင်းပြီး ပြင်ပေးထားလိုက်ကြ၏။ ကျောင်းသားတွေ စကား တီးတိုး ပြောနေရင်းမှ ခဏအကြာတွင် အသံတိတ်သွားသည်။ တနေကုန် စပါးရိပ်ခဲ့ကြရသဖြင့် ပင်ပမ်းကြသည်။ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားကြဟန်တူသည်။ သူတို့ထံမှ ဟောက်သံများကိုပင် တချက်ချက် ကြားရသည်။
ကျောင်းဝန်းထဲက သစ်ပင်သစ်ကိုင်း လွတ်ရာနေရာများတွင် လရောင်များ ထုနှင့်ထည်နှင့် ကျနေ၏။ စာသင်ကျောင်းကလေးနှင့် ခြံချင်းကပ်လျက် ဘုန်းတော်ကြီးကျောင်းမကြီးဆီက တောက်တဲ့မြည်သံပင်လျင် အတိုင်းသား ကြားလိုက်ရသည်။ ရေသိမ်ကလေးဆီက ဇီးကွက်မြည်သံ ကြားရသည်။ ရွာနှင့်ဝေးသည့်နေရာဖြစ်သည့်အတွက် တိတ်ဆိတ်မှုမှာ သိသာလွန်းသည်။ လေ တချက်တချက်အဝေ့တွင် သစ်ရွက်များ တိုးတိုက်သံ တရှဲရှဲကို ကြားရသည်။ သူကမူ ဝါးရံတာဘေးက ကုလားထိုင်ပေါ်တွင် တစ်ဦးတည်း ထိုင်နေမိဆဲ။
အမှန်တကယ်အားဖြင့်မူ အခုလို လသာသည့်ညမျိုးဆိုပါက သူက အိပ်ယာဝင် စေါလေ့မရှိ။ လရောင်အောက်မြင်ကွင်းကို ညဥ့်နက်သည့်အချိန်အထိ ထိုင်ကြည့်နေတတ်၏။ အခုတော့ သူ့အဖို့  အိပ်ယာဝင်ရတော့မည်ဖြစ်သည်။ ပင်ပမ်းသည့်ဒဏ်ကလည်းရှိ၊ မနက်ဖြန်မနက် တခြားရွာတွင်သွားပြီး စပါးရိပ်ရမည့်ကိစ္စကလည်း ရှိနေပြန်သဖြင့် အိပ်ယာဝင်ရန် ဆုံးဖြတ်လိုက်ရတော့သည်။
                                         (၂)
          စပါးခင်းမှာ သန်လှသည်။ စပါးပင်များက လူ တရပ်စာအထိမြင့်သည်။ ခြေချစရာ မြေကိုပင် မတွေ့နိုင်အောင် စပါးပင်တွေ ပိတ်နေ ထူနေသည်။ အောင်မြင်သည့် သက်ကြီးစပါးကွင်းဖြစ်သဖြင့် အပင်သန်ရုံမက တချို့နေရာများမှာ စပါးပုတ်များ ထူပိန်းလုံးခဲလျက် ရှိနေသည်။ အပင်အောက်ခြေ မြေမှာမူ အစိုဓါတ် မပျောက်ချင်သေး။ အင်းကွင်းနှင့် ဆက်နေသဖြင့်လည်း တချို့နေရာများမှာ ခြေမျက်စေ့မြုပ်လုမတတ် ရေစပ်စပ်ကို နင်းမိသည်။
ဓါတ်စက်သံ၊ စပါးရိပ်သည့် ကျောင်းသားများ စပါးရိပ်ရင်း လိုက်ဆိုသည့် သီချင်းသံ၊ တခါတရံ ဓါတ်စက်ကဖွင့်သည့် ပြဇာတ်အပြောဆိုများကို ကျောင်းသား ကျောင်းသူများက အချီအချ လိုက်လံပြောဆို ဇာတ်ခင်းသည့် အသံများကို တမနက်ခင်းလုံး ကြားခဲ့ရသည်။
သရက်တောရွာသားတချို့က ကန်းသင်းရိုးအထိလာကာ စပါးရိပ်ကျောင်းသားများ၏ အပျော်ကို ကူးစက်ခံစားခဲ့ကြသည်။ တချို့က ကျောင်းသားများကို လက်ခုပ်လက်ဝါးတီးကာ အားပေးသွားကြသည်။
သူက  မောင်ကြွက်ကင်၊ မောင်လှအေးနှင့်  ရင်ဘောင်တန်းပြီး ရိပ်သည်။ အမှန်တကယ်အားဖြင့်မူ သူက ကျောင်းသားကြီးများကို မီအောင် စပါးမရိပ်နိုင်ပါ။ သူသည်ကား စပါးရိပ်နည်းကို ကျောင်းသားကြီးများထံမှပင် သင်ယူခဲ့ရသူဖြစ်သည်။ စာသင်ခန်းထဲတွင် သူက ဆရာဖြစ်ခဲ့ပြီး စပါးခင်းထဲတွင်မူ ကျောင်းသားကြီးများက ဆရာ ဖြစ်နေခဲ့သည်။ သို့သော် သူက ကျေနပ်စွာ သင်ယူခဲ့သည်။ အမှန်တကယ်အားဖြင့် ပြောရလျင် လတ်တလောအခြေအနေ၌ သောင်ပုရွာ ကျောင်းသားမိဘများ၊ သူ့ ကျောင်းသားများမှာ သူ့ဘဝ၏ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများအဖြစ် ခံယူနေထိုင်ခဲ့သဖြင့် သူ့မှာ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံသစ်များ ရလာခဲ့သည်ဟု အခိုင်အမာ ယုံကြည်နေခဲ့မိ၏။
“ ဆရာလေး ကျနော့်ကို ပိုးထိထားတယ်၊ နောက်ကိုဆုတ် နောက်ကိုဆုတ်ပါ ”
သူ့တကိုယ်လုံး အနီးကပ်ပြီး မိုးကြိုးထစ်ချုန်းသံကြားလိုက်ရသလို တုန်လှုပ်ခြောက်ခြားသွားရသည်။ ရုတ်တရက် ဂယောင်ကတန်းနှင့် မောင်ကြွက်ကင်ဘက်သို့တိုးကပ်လိုက်မိသည်။ ကျောင်းသားများ အလန့်တကြားနှင့် ဘေးသို့ရှဲသွားကြသည်။ ထိုအခိုက်မှာပင် မောင်ကြွက်ကင်က ရှေ့ကိုကိုင်းကာ စပါးပင်များကို လက်တဖက်နှင့် ဖယ်သည်။ ဖယ်နေရင်းမှပင် ခန္တာကိုယ်က စပါးခင်းပေါ် ပစ်ကျသွား၏။ ထို့နောက် စပါးပင်များကို တွန်းထိုးဖယ်ရမ်းကာ လဲကျနေရာမှ အလဲလဲအပြိုပြိုနှင့် ထရပ်လာပြန်သည်။
“ ဆရာ ဆရာလေး နောက်ကိုဆုပ် ဆုပ်ပါ၊ တခြားအကောင် အကောင်များရှိ ရှိနေအုန်းမလားပဲ၊ ဆရာလေးကို ထိ ထိနေအုံးမယ် နောက်ဆုပ်ပါ ”
ဒယီးဒယိုင်နှင့်ထရပ်လာသည့် မောင်ကြွက်ကင်၏ လက်ထဲတွင် မြွေပွေးတစ်ကောင် ကိုယ်တပိုင်းပြတ်ပြီး ပါလာသည်။ မောင်ကြွက်ကင်က မြွေပွေး၏ခေါင်းပိုင်းကို လည်ပင်းနေရာမှ ဆုပ်ကိုင်ထား၏။ တံဇင်နှင့်ဖြတ်ထားသည့် ကျန်ရှိသည့် မြွေ၏ကိုယ်တပိုင်းက မောင်ကြွက်ကင်၏ လက်ကောက်ဝတ်ကို တဖြန်းဖြန်းနှင့် ရိုက်နေ၏။
ထိုအခါကျမှပင် သူ့မှာ ကျန်ကျောင်းသားများအတွက် သတိတချက်ဝင်လာခဲ့သည်။ ချက်ချင်းဆိုသလို မောင်ကြွက်ကင်၏အနားမှ နောက်သို့ဆုပ်သည်။ စပါးခင်းထဲ ဖရိုဖရဲနှင့်ကြက်သေသေပြီး ရပ်ကြည့်နေကြသည့် ကျောင်းသားများကို လက်ဖြင့်တားကာ တညီတညာတည်း နောက်ကိုဆုပ်ရန် ပြောလိုက်သည်။ တချို့ကျောင်းသားများက ကန်သင်းရိုးပေါ်သို့ ရောက်နှင့်နေကြပြီဖြစ်သည်။ ထိုစဉ်မှာပင် မောင်ကြွက်ကင်က လက်ထဲမှမြွေပွေးကို အောက်သို့ချကာ တံဇင်ရိုးဖြင့်ထုသည်။ စပါးပင်များကို ဖယ်ကာ တစုံတရာကို ရှာသည်။ ထို့နောက် မြွေအမြီးပြတ်ကို ကိုင်ကာ ထရပ်သည်။ မြွေအမြီးပြတ်ကို ဟထားသည့် ပါးစပ်ထဲသို့ထည့်သည်။ မျက်နှာတချက်ရှုံ့မဲ့ကာ မြိုချနိုင်ဖို့ကြိုးစားသည်။ထို့နောက် လျပ်တပျက်အတွင်း စပါးခင်းပေါ်သို့ ရိုက်ချလိုက်သလို လဲကျသွားပြန်သည်။
                                       (၃)
သူကြီးမရှိုမြောင်ထဲက ထွက်လာကတည်းက မောင်ကြွက်ကင်က စကားမမှန်တော့။ မောင်ကြွက်ကင်၏မျက်လုံးများက မကြာခဏ မျက်ခွံများ လေးလံစွာပိတ်သွားနေ၏။
“ မောင်ကြွက်ကင် အိပ်မပစ်လိုက်နဲ့ ဆရာလေးပြောတာ နားထောင်၊ မအိပ်နဲ့နော် စိတ်ကိုတင်းထား ”
သူကသာ မောင်ကြွက်ကင်ကို သတိပေးနေရပေသည့် ဘေးတွင်ထိုင်နေသည့် မောင်လှအေးကမူ တဖက်သို့လှည့်ကာ မျက်ရည်သုပ်သည်။ လှည်းဆရာက လှည်းကို ခတ်ပြင်းပြင်းမောင်းနေသည်။ မည်သို့ပင်ဖြစ်စေသူတို့အဖို့ ဆေးခန်းရှိရာ ဘောနပ်ကြီးကို ရောက်ဖို့ နောက်ထပ် နာရီဝက်ခန့် သွားကြရဦးမည်။
သူက မောင်ကြွက်ကင်၏ဘေးမှ စကားသံမပြတ်အောင် ပြောလာခဲ့သည်။ မောင်ကြွက်ကင်ကို အိပ်မပျော်အောင် အသံပေးလာခဲ့သည်။ အကယ်၍ အိပ်ပျော်သွားပါက မောင်ကြွက်ကင်အဖို့ ပြန်လည် နိုးလာတော့မည်မဟုတ်ဟု သူသိထားသောကြောင့်ဖြစ်သည်။
မောင်ကြွက်ကင်ကို ပိုးထိတော့ ဆေးခန်းရှိရာ ဘောနပ်ကြီးသို့ အမြန်ဆုံး ပို့နိုင်ဖို့ကိုသာ သူ ဆုံးဖြတ်ခဲ့ရသည်။ ပိုးထိထားသည့် မောင်ကြွက်ကင်၏ ခြေဖမိုးအထက် ခြေသလုံးတွင် ကြိုးတစ်ချောင်းစည်းသည်။ ဒူးဆစ်အထက် ပေါင်တွင် နောက်ထပ်ကြိုးတစ်ချောင်းစည်းသည်။ မောင်ကြွက်ကင်ကမူ ခေါင်းမူးသည်ဟုသာ တချိန်လုံးငြီးငြူနေရှာသည်။ 
ရွာတွင်ရှိသော မောင်ကြွက်ကင်၏ မိဘများထံ ကျောင်သားနှစ်ယောက် အမြန်လွှတ်ပြီး အကြောင်းကြားခဲ့သော်လည်း မိဘများရောက်လာသည်အထိတော့ သူ့မှာ မစေါင့်နိုင်။ ပိုးထိထားသည့် မောင်ကြွက်ကင်ကို ဆေးခန်းသို့ အချိန်မီရောက်ဖို့ကိုသာ သူ ဆုံးဖြတ်ရသည်။ သရက်တောရွာက အသိမိတ်ဆွေတစ်ယောက်၏ လှည်းဖြင့် ဘောနပ်ကြီးသို့ အမြန်ထွက်သည်။ လှည်းပေါ်တွင် အဖေါ်ဆိုလို့ ကျောင်းသားကြီး မောင်လှအေးတစ်ယောက်သာ ပါလာခဲ့သည်။
“ မောင်ကြွက်ကင် မောင်ကြွက်ကင် ဟေ့မောင်ကြွက်ကင် မအိပ်နဲ့ မအိပ်နဲ့၊ ဆရာပြောတာကြားလား၊ မောင်ကြွက်ကင် မောင်ကြွက်ကင်”
သူ့လက်ပေါ် ခေါင်းတင်ထားသည့် မောင်ကြွက်ကင်၏ အလေးချိန်မှာ ချက်ချင်းဆိုသလို လေးကျသွားသည်။ မောင်ကြွက်ကင်က မျက်လုံးများကို မှိတ်ထားလျက်က ရင်ကိုကော့ပြီး အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် နှာခေါင်းပေါက်မှ သွေးအနည်းငယ် ထွက်ကျလာသည်။ ခေါင်းက တဖက်သို့ စေါင်းသွားသည်။ ပါးစေါင်မှ သွေးတချို့ စီးကျလာသည်။
သူက မောင်ကြွက်ကင်ကို ပွေ့ဖက်ထားရင်းက လှည်းဆရာ၏ ပခုံးကိုကိုင်ကာ လှည်းကို ရပ်စေလိုက်သည်။ လှည်းရပ်သောအခါ အသက်မရှိတော့သော မောင်ကြွက်ကင်ကို လက်ပေါ်မှ အသာချကာ လှည်းပေါ်မှ ဆင်းသည်။ လှည်းလမ်းကြောင်းဘေးတွင် သွားပြီးရပ်သည်။ ကောင်းကင်ကြီးကို မေါ့ကြည့်သည်။ လက်နှစ်ဖက်ကို မျက်နှာပေါ်အုပ်သည်။ ထိုစဉ်မှာပင် လှည်းပေါ်မှ မောင်လှအေး၏ ငိုသံက ကြယ်လောင်စွာ ထွက်ပေါ်လာလေသည်။
                                     (၄)
“ ဆရာလေး၊ ဆရာလေး၊ ကျောင်းပေါ်မှာလား၊ ကျနော်တို့ ခဏလာမလို့ပါ”
သူက ကျောင်းပေါ်တွင် မီးမထွန်းပဲ အမှောင်ထဲတွင်ပင် လဲလျောင်းလျက်ရှိနေသည်။ ညနေ နေဝင်စကတည်းက ရွာထဲက လူကြီးတချို့နှင့် စကားပြောဆိုပြီး ကျောင်းကို သူ တစ်ယောက်တည်း ပြန်လာခဲ့သည်။ ကျောင်းပေါ်သို့ တက်ကာ အိပ်ယာပေါ်လှဲသည်။ မည်သည့်အချိန်တွင် မိုးချုပ်သွားသည်ကိုပင် သူ သတိမပြုမိတော့။
ညနေ လေးနာရီခန့်တွင် မောင်ကြွက်ကင်တစ်ယောက် ပိုးထိသည့်ဒဏ်နှင့် အသက်ပျောက်သွားရသည်။ ထိုအချိန်က မောင်ကြွက်ကင်ကို လှည်းပေါ်တင်ကာ ဘောနပ်ကြီး ဆေးခန်းသို့  အလျင်အမြန်သွားနေသော အချိန်ဖြစ်သည်။ မောင်ကြွက်ကင်က လှည်းပေါ်မှာပင် အသက်ပျောက်သွားခဲ့သည်။ သူ့လက်ပေါ်တွင်ပင် အသက်ရှူရပ်သွားခဲ့သည်။
မောင်ကြွက်ကင်၏ အလောင်းကို ရွာကိုပြန်သယ်လာစဉ် နောက်မှ လိုက်လာသော ရွာမှ လှည်းသုံးစီးကို တွေ့သည်။ မောင်ကြွက်ကင်၏ ဖခင်ဖြစ်သူက ဇရပ်ကြီးရွာမှာ ရောက်နေသဖြင့် လူလွှတ်ပြီး အခေါ်ခိုင်းထားရသည်။ လှည်းပေါ်၌ မောင်ကြွက်ကင်၏ မိခင်ဖြစ်သူသာ ပါလာသည်။ လှည်း လေးစီး လှည်းလမ်းပေါ်တွင်ရပ်ထားစဉ် မောင်ကြွက်ကင်၏ မိခင်ဖြစ်သူ ဒေါ်အေးမ၏ ငိုသံက တကွင်းလုံးကို ပြန့်သွားခဲ့၏။
သောင်ပုရွာထိပ်တွင် လူဆယ်ယောက်ခန့် ရပ်ပြီးစေါင့်နေသည်ကို တွေ့သည်။ ရွာလူကြီးတချို့ က သူတို့ကို စေါင့်နေကြခြင်းဖြစ်သည်။ မောင်ကြွက်ကင်၏ အလောင်းကို ရွာထဲသို့ သွင်းခွင့်မပြုနိုင်ဟု ဆိုသည်။ ရွာပြင်တွင် ဆုံးသည့်အတွက် အလောင်းကို ရွာပြင်မှာပဲ ထားရန်တားသည်။ ရွာ့ထုံးစံအရ ရွာပြင်တွင်ဆုံးသည့်အလောင်းကို ရွာထဲသို့ သွင်းခွင့်မရှိဟုဆိုသည်။ ထိုအခါ မောင်ကြွက်ကင်၏ မိခင်မှာ လှည်းပေါ်မှာပင် သတိလစ်သွားတော့သည်။
မတတ်သာသည့်အဆုံး ရွာပြင်မှာပင် အလောင်းစင်ပြင်ရန်နှင့် အစစ လိုအပ်သည်များစီမံရန် လူကြီးများနှင့်တိုင်ပင်ရပြန်သည်။ အောက်လင်းဓါတ်မီးငှါးရန်ကအစ၊ ယာယီ မဏ္ဍပ်ထိုးရန်အထိ ကာလသားခေါင်း ကိုကတိုးရွှေနှင့်တိုင်ပင်ကာ စီစဉ်ရသည်။ စီစဉ်စရာကိစ္စများ စီစဉ်ပြီးသည်နှင့်တပြိုင်နက်၊ ရွာလူကြီးတချို့နှင့် ကာလသားခေါင်း ကိုကတိုးရွှေကို ပြောကာ စာသင်ကျောင်းဆီ ခေါင်းငိုက်စိုက်ချကာ ပြန်လာခဲ့သည်။
“ ဆရာလေး၊ ကျောင်းပေါ်မှာ ဆရာလေးရှိသလား၊ ကျနော်တို့ ခဏလာချင်လို့ ”
အိပ်ယာထဲ အတွေးလွန်ကာ လဲလျောင်းနေရာက ကမန်းကတန်း ထသည်။ ကျောင်းအောက်က ကိုကတိုးရွှေ၏ခေါ်သံကို သူမှတ်မိသည်။ ကျောင်းပေါ်ကို တက်လာဖို့ ခေါ်လိုက်သည်။
မောင်ကြွက်ကင်၏ အသုဘမဏ္ဍပ်မှ ပြန်လာကတည်းက အိပ်ယာထဲ လှဲနေခဲ့စဉ် သူသည် မကြာခဏ အိပ်ပျော်သွားခဲ့၏။ အဖြစ်အပျက်များကို အိပ်မက်လို ပြန်မြင်ကာ မကြာခဏ အိပ်ယာမှ နိုးလာခဲ့၏။ ထိုသို့ နိုးလိုက် အိပ်ပျော်လိုက်ဖြစ်နေစဉ် ကိုကတိုးရွှေတို့ ရောက်လာကြခြင်းဖြစ်သည်။
“ မီးခွက်ထွန်းမလို့လားဆရာလေး၊ မထွန်းနဲ့အုံးဆရာလေး၊ အရေးကြီးတဲ့စကား နည်းနည်းပြောစရာ ရှိလို့ ”
မီးခွက်ထွန်းရန် ပြင်ဆင်နေစဉ် ကိုကတိုးရွှေ၏စကားကိုကြားတော့ သူက အမှောင်ထဲမှာပင် ထိုင်နေလိုက်ရသည်။ ခါးဝက်သာသာ မြင့်သည့် ဝါးရံတာဘက်မှ ကြယ်ရောင်ပြပြကြောင့်  ကိုကတိုးရွှေတို့လူသိုက်ကို အမှောင်ထဲ၌ ခတ်ရေးရေးမြင်နေရ၏။
“ ဘာပြောစရာရှိလို့လဲကိုကတိုးရွှေ၊ ဘာပြဿနာများလဲဗျ ”
“ ဇရပ်ကြီးမှာသွားပြီး စာရင်းငှါးလုပ်နေတဲ့ ကြွက်ကင်တို့အဖေ အခုနကမှ ပြန်ရောက်လာတယ်၊ အဲဒါ သူ့သားသေရတာဟာ ဆရာလေးကြောင့်သေရတာ၊ သူ့သားကို ဆရာလေးသတ်တာဆိုပြီး အော်ငိုပြီး ပြောနေတော့တာပဲ၊ သူက သူ့သားကို ခိုင်းစားရင် ရတဲ့အရွယ်ဆိုတာသိတယ်တဲ့၊ ခိုင်းမစားချင်လို့ ပညာတတ်အောင်ဆိုပြီး သူက အပင်ပမ်းခံ စာရင်းငှါးလုပ်ပြီး ခိုင်းမစားပဲ ကျောင်းထားခဲ့တာတဲ့၊ ကျောင်းဆရာဆိုတာ စာသင်ရုံသက်သက်မဟုတ်ဘူးတဲ့၊ ကျောင်းသားတွေရဲ့ဘေးရန်ကိုလည်း သိရမယ်တဲ့၊ စပါးရိပ်ရင် ပိုးကောင်နဲ့တိုးတတ်တယ်ဆိုတာ ကျောင်းဆရာက သိကိုသိရမယ်၊ ကြိုပြီး တွေးကိုတွေးရမယ့်ကိစ္စတဲ့၊ အခုတော့ သူ့သားသေရတာဟာ အသိညာဏ်မဲ့တဲ့ ကျောင်းဆရာကြောင့် သေရတာ၊ ဆရာလေးကို သူကိုယ်တိုင်သတ်မယ်ဆိုပြီး ဓါးပြေးဆွဲလို့ ကျနော်တို့ ဝိုင်းပြီး ဖြောင်းဖျထားကြရတယ်၊ တော်ကြာ ဆရာလေးဆီ ရောက်ချင်ရောက်လာမှာစိုးလို့ ဆရာလေးဆီ ကျနော်တို့ အရင် လာပြောတာ၊ ရောက်လာရင်လဲ ကျနော်တို့ ဝိုင်းပြီး တားနိုင်အောင်ဆိုပြီး လာလိုက်ကြတာပဲ”
သူက အမှောင်တွင်းမှာပင် ထိုင်ပြီးစဉ်းစားသည်။ တုန်လှုပ်ခြောက်ချားရမည့်အစား ကြေကွဲမှုသည်သာ လွှမ်းမိုးလာနေသည်။ ကျောင်းသားမောင်ကြွက်ကင် အခုလို သေဆုံးသွားရသည်မှာ သူ့ပယောဂကြောင့်ဟု ဆိုလိုက်ပါလား။ သူသည် လူသတ်သမားဖြစ်သည်ဟု ဆိုလိုက်ပါလား။
သူ့ခန္တာကိုယ်တခုလုံး ရုတ်တရက် ကျောက်တုံးတခုလို အေးစက် မာကျောသွားရသည်။ မောင်ကြွက်ကင်ကို သတ်သူမှာ မြွေပွေးတစ်ကောင်မဟုတ်။ မောင်ကြွက်ကင်၏ဖခင် ကိုအေးမောင်၏ပြောစကားမှာ သူ့ကို မီးသံချောင်းနှင့်ထိုးလိုက်သလို ပူလောင်နာကျင်သွားရသည်။ သူသည် အမှန်တကယ်ပင် မောင်ကြွက်ကင်ကို သတ်ခဲ့မိပြီလား။ ဆင်ခြင်တုံတရား နုံနဲ့လှသည့် ကျောင်းဆရာ၏လက်ချက်ကြောင့်ကျောင်းသားတစ်ယောက်၏အသက်တစ်ချောင်းသည် အချီးနှီး ဆုံးရှုံးခဲ့ရပြီလား။
သောင်ပုရွာထိပ်ဆီက လူသံဆူသံတချို့ ခတ်သဲ့သဲ့ကြားရသည်။ စာသင်ကျောင်းကလေးဆီ ဦးတည်နေသည့် တာလမ်းကလေး၏ထိပ်မှ လူသံများကြားရသည်။ လက်နှိပ်ဓါတ်မီးရောင်များ တဝင်းဝင်းတလက်လက် တွေ့ရသည်။
“ ဟော ကြွက်ကင်တို့အဖေ ကိုအေးမောင်၊ ဒီကိုလာမယ်ဆိုလို့ လူတွေ ဝိုင်းဆွဲနေကြတာနဲ့တူတယ်၊ ဒီလို လုပ်ဆရာလေး၊ ဆရာလေးက ကျောင်းမကြီးပေါ် ခဏသွားနေပါ၊ ဆရာတော်ဘုရားကိုပြောပြီး ခဏ ရှောင်နေပါ၊ မသကာ ကိုအေးမောင်နဲ့ ဒီအချိန် လူချင်းတွေ့ရင် ကိုအေးမောင် ပိုပြီး စိတ်မထိန်းနိုင်မှာ စိုးရတယ်၊ ကဲ ကဲ ထပါဆရာလေး၊ ကျောင်းမကြီးပေါ် သွားမှရမယ်၊ ကျနော်တို့က ဒီမှာပဲ စေါင့်ပြီး ကိုအေးမောင်ရောက်လာရင်လဲ မရရအောင် ဖြောင့်ဖျပြီး ထိန်းထားရမှာပဲ၊ ကဲ ထပါဆရာလေး ခတ်မြန်မြန်သွားမှ ဖြစ်မယ်”
အမှောင်ထုထဲတွင် သူက ထိုင်ရာမှ မထ။ ကာလသားခေါင်း ကိုကတိုးရွှေ၏စကားကို သူက မကြား။ မောင်ကြွက်ကင် ပိုးထိပြီး လဲမကျခင် သူ့အားပြောလိုက်သည့်စကားကိုသာ နားထဲတွင် ကြားနေမိသည်။
မောင်ကြွက်ကင်က တခြားသူများကိုပါ ပိုးထိမည်စိုးသဖြင့် သူ့ ကို ဘေးသို့ အမြန်ဆုပ်ရန် ပြောဖြစ်အောင် ပြောလိုက်သေးသည်။ ပြီးတော့ မောင်ကြွက်ကင်၏အဖေ၊ ကိုအေးမောင် ပြောလိုက်သည့်စကား။ ကျောင်းဆရာဆိုတာ စာသင်ရုံသက်သက်မဟုတ်ဘူး၊ ကျောင်းသားတွေရဲ့ ဘေးရန်ကိုလည်း ကြိုတင်ပြီး သိရမယ်၊ ကြိုပြီး တွေးတတ်ရမယ်..ဆိုသည့် စကား။ သူ့နားထဲတွင် မောင်ကြွက်ကင်နောက်ဆုံးပြောခဲ့သည့်စကားနှင့် ကိုအေးမောင် ငိုယိုအော်ဟစ်ပြီး ပြောလိုက်သည့်စကားများကို ဗလုံးဗထွေးဖြင့် ကြားနေရသည်။
“ နေပါစေတော့ ကိုကတိုးရွှေရာ၊ ကျနော် ရှောင်မနေချင်တော့ပါဘူး၊ ကိုအေးမောင်ပြောတာ ဟုတ်တယ်၊ မောင်ကြွက်ကင်သေရတာ ကျနော့်ကြောင့်ပဲ၊ ကျောင်းဆရာတစ်ယောက် အသိညာဏ်မရှိလို့ အသိညာဏ်နည်းလွန်းလို့ ကျောင်းသားတစ်ယောက် အသက်ဆုံးရှုံးသွားရတယ်ဆိုတာ ဟုတ်တယ်၊ ကျနော့်မှာ လုံးလုံး တာဝန်ရှိတယ်၊ ကျနော် ရှောင်မနေတော့ပါဘူး၊ ကိုအေးမောင် ရောက်လာလို့ စိတ်မထိန်းနိုင်လို့ ကျနော့်ကို သတ်မယ်ဆိုလဲ ကျနော် အသတ်ခံမယ် ”
လေသံပြတ်ပြတ်၊ ဆုံးဖြတ်ချက် အခိုင်အမာဖြင့်ပြောလိုက်သည့် သူ့စကားကြောင့် ကိုကတိုးရွှေဆီမှ မည်သည့်စကားမျှ ထပ်ပြီး မကြားရတော့။ ကိုကတိုးရွှေက သူနှင့်အတူလိုက်ပါလာသည့် ရွားသားများကို အခြေအနေစေါင့်ကြည့်နေဖို့ပြောလိုက်သည်။ သူတို့အားလုံး ကျောင်းပေါက်ဝတွင် သွားစေါင့်နေကြရန် တိုင်ပင်သည်။ ကျောင်းပေါ်တွင် ကိုကတိုးရွှေနှင့်သူ နှစ်ယောက်သာ တိတ်ဆိတ်စွာ ကျန်နေရစ်ခဲ့သည်။
သောင်ပုရွာထိပ်ဆီက လူသံများ မကြားရတော့။ လက်နှိပ်ဓါတ်မီးရောင်များကိုလည်း မတွေ့ရတော့။ ရွာလူကြီးများ၊ ရွာသားများ၊ ကျောင်းသားမိဘများက ကိုအေးမောင်ကို ဝိုင်းဝန်းဖြောင့်ဖျလို့ ရသွားကြဟန်တူသည်ဟု သူ တွေးမိသည်။
သူက ကျောင်းကလေးပေါ်မှတဆင့် သောင်ပုရွာကလေးဆီ လှမ်းကြည့်နေမိသည်။ သောင်ပုရွာကလေးဆီမှ မည်သည့်အသံမျှ မကြားရတော့။ လက်နှိပ်ဓါတ်မီးရောင်များကိုလည်း မတွေ့ရတော့။
သောင်ပုရွာကလေးအပေါ်၊ စာသင်ကျောင်းကလေးနှင့် ဘုန်းတော်ကြီးကျောင်းအပေါ် အမှောင်ထုကြီးက သိပ်သည်းသထက် သိပ်သည်းစွာ လွှမ်းမိုးဖိစီးလာနေ၏။
သူသည် အမှောင်ထုအောက်တွင် မတ်တတ်ရပ်ရင်း ကြေကွဲနေမိ၏။    ။

ငြိမ်းဝေ
(သရုပ်ဖေါ်ပုံက မောက္ခပညာရေးမဂ္ဂဇင်း မျက်နှာဖုံးမှာ ဖေါ်ပြထားတဲ့ ပုံကလေးကို စကင်ဖတ်ပြီး တင်လိုက်တာပါခင်ဗျား)





No comments:

Post a Comment