August 04, 2010

အိုမာငြိမ်းဝေရဲ့ မနက်ခင်း



မနက်တုန်းကများပေါ့လေ
ခင်အောင်အေး ကလည်း လိုင်းပေါ်တက်လာတယ်
ဥပဒေအကယ်ဒမီကျောင်း စာမေးပွဲ မေးခွန်းတွေကလည်း လက်ယပ်ခေါ်
ဘီဘီစီ မြန်မာပိုင်း အစီစဉ်ဝက်ဆိုဒ် ကိုလည်း သွားရသေးတယ်
အာအက်ဖ်အေ ကဗျာ့အိုးဝေ အသံလွှင့်စာမူကို ဖိုင်နယ်ပရုဖတ် မေးနဲ့ပို့တယ်
ပိုက်ဆံအဆင်ပြေမှ လုပ်လေ့လုပ်ထရှိတဲ့ ကြက်ကြော်နဲ့ကောက်ညှင်း သွားဝယ်
အပြန်ကြတော့ `စကူရာ´ အတွက် ကြက်အသည်းကင်နှစ်ခု ဝယ်
လမ်းမှာ ဆိုင်ကယ်စီးရင်း ဧရာဝတီအတွက် ခေတ်ပေါ်ဝတ္ထုစာအုပ် ဝေဖန်ရေးကိစ္စ စဉ်းစား
မဇ္ဈိမကို အခုမှ သတိရ
ပုံပြင်တစ်ပုဒ်တော့ မဟုတ်ခဲ့ပါ ကို ကြည့်ဖို့  လမ်းပေါ်မှာသတိရ ကိုယ့်ကိုကိုယ်အပြစ်တင်
ညက ကိုယ်ရေးပြီးပို့ထားတဲ့ သတင်း စာမူနဲ့ အယ်ဒီတာက အက်ဒစ်လုပ်ပြီးတင်တဲ့စာမူ
ဘယ်လိုကွာဟနေသလဲ
ဘီဘီစီ ဝက်ဆိုဒ်ပေါ် တခေါက်ပြန်ကြည့်ဖို့ စဉ်းစားမိ
အိမ်မှာပဲ ထမင်းစားရမလား
ကျောင်းကြမှပဲ ထမင်းစားရရင် ကောင်းမလား
ကော်ဖီမသောက်ပဲ ကွေကာအုပ်သောက်တဲ့ရက်တွေ များလို့ ဒီကနေ့ ကော်ဖီသောက်ရရင်ကောင်းမလား
အိမ်မှာထမင်းစား ကျောင်းသွား ကျောင်းကြမှ ကော်ဖီသောက်ရန်
ဆုံးဖြတ်
ဘလော့မှာ ခင်အောင်အေး ရဲ့ ကဗျာတင်ထားတာ ကြာပြီ
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း စာအုပ်ဝေဖန်ရေးဆောင်းပါးကို ပို့စ်အသစ်တင်
လူဆန်းရဲ့ `နှစ်ထပ်ဘောလုံး´ ကို ကျနော် နှစ်သက်တဲ့ကဗျာအနေနဲ့  တင်
အခု ကျောင်းသွားရင် မနေ့က ဝတ်ခဲ့တဲ့ ဘောင်းဘီနဲ့အင်္ကျီကိုပဲ ဝတ်ဖို့ရာ တွေး
အခန်းထဲကအထွက် အလင်းရောင် အားကောင်းတဲ့နေရာမှာ
ကိုယ့်လက်မောင်းကို ကိုယ်ပြန်ကြည့် သေချာသွားမှ အိမ်ရှေ့ကိုထွက်
ခြံအပြင်ဘက် ထွက်တော့မှ
စာကြည့်တိုက် တစ်ရက်ပိတ်ကြောင်းရေးထားတဲ့ ကြော်ညာဆိုင်းပုဒ် ဆွဲပြီးထောင်
ဒီလိုနဲ့
အိမ်က ထွက်တော့ ၁၂ နာရီ ၁၀ မိနစ်
ကိုဝင်းနိုင် ကော်ပီယာဆိုင်မှာ မေးခွန်းစာရွက် ၅ ရွက် ကော်ပီကူး
ကျောင်းကို ၁၂ နာရီ ၃၀ မှာ ရောက်လာ
ဒါတွေ
ကဗျာအဖြစ်
ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကဗျာအဖြစ်
ကဗျာတပုဒ်အဖြစ်
ကဗျာ ဖြစ် မဖြစ်
ဒါပေမယ့် ရေးလိုက်ပေါ့ ကဗျာတပုဒ်
ကဗျာ မဟုတ်တဲ့ ကဗျာတပုဒ်
မဟုတ်သေးဘူး
ကဗျာလိုမတွေး ကဗျာလို ရေးလိုက်ပေါ့
ကျနော်
ကဗျာတပုဒ် ရေးလိုက်တာကိုပဲ သိခဲ့
ဒီကနေ့
ဗုဒ<ဟူးနေ့
မနက် ၆ နာရီလောက်က စ၊ နေ့လည် ၁ နာရီ
အများအတွက် သာမာန်ကိစ္စ
လူတစ်ယောက်အတွက် အသက်ကယ်ဆေး
လူတစ်ယောက်ရဲ့ ရင်မခုန်အားတဲ့ ကဗျာ
ရေးခဲ့ပေါ့ ကျနော့်ရဲ့ မနက်ခင်းများရဲ့ မနက်ခင်းတခု
ဒီမနက်ခင်းကြကာမှ ကျနော် ဒီလိုတွေး
အိုမာငြိမ်းဝေရဲ့ နှင်းဆီတစ်ထောင် ယူဆောင်လာတဲ့ မနက်ခင်း
အခုလို ချရေး
ကဗျာ တစ်ပုဒ်ရဲ့ အမြီးတန်းလန်း တဆတ်ဆတ်ခုန်
ရုတ်တရက် မသေနိုင်
အဲဒါ ကဗျာတပုဒ်ဖြစ်ခဲ့ပေါ့။    ။

ငိမ်းဝေ
၂၈၊ ၇၊ ၂၀၁၀
ဥပဒေအကယ်ဒမီသင်တန်းကျောင်း စာကြည့်တိုက်




No comments:

Post a Comment