(၁)
၁၉၇၈-ခုနှစ် ၀န်းကျင်က မြန်မာစာပေနယ်ပယ်၌ လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး လှိုင်းဂယက်တခု ထခဲ့ဖူးသည်။ လူထုအကျိုးပြု စာပေအယူအဆကို ဦးထိပ်ထားကြသည့် ပြည်သူချစ်သောစာရေးဆရာများပင်လျှင် ထိုလက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေးလှိုင်း၏ ပြင်းထန်သောဂယက်များ အထိပါးခံခဲ့ကြရ၏။ ဥပမာ…ဗန်းမော်တင်အောင်၊ဒဂုန်တာရာ..အစရှိသ်ူတို့ ဖြစ်ကြ ၏။
“လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” ၏ အဘိဓမ္မာကြောရိုးမှာ၊ ‘လူတန်းစားတိုက်ပွဲ’ ကိုအခြေခံထားသော်လည်း၊ ထိုအဆင့်တွင် ရပ်မနေပဲ၊ ၀တ္ထုတပုဒ်တွင် ‘ဇာတ်ကောင်စံ ’ံ ရွေးချယ်ပုံ ရွေးချယ်နည်းအထိ တဆင့်တက်လာခဲ့ကြ၏။ဝတ္ထုတပုဒ်တွင် ‘ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်’ တပ်ဆင်ထားသည့် ‘ဇာတ်ကောင’် မျိုးကိုသာ ‘ဇာတ်ကောင်စံ’ အဖြစ် ရွေးချယ်ရေးသားရန် တောင်းဆိုကြလေသည်။ ထိုအခါ ပစ္စည်းမဲ့လူတန်းစားဇာတ်ကောင်များကို အခြေမခံပဲ၊ လူလတ်တန်းစားနှင့် အထက်တန်းစား လူ တန်းစားဇာတ်ကောင်များအကြောင်း ရေးဖွဲ့ သည့်ဝတ္ထုများမှာ ဖေါက်ပြန်မှားယွင်းသည့် ၀တ္ထုများအဖြစ် ‘စာပေဇလုပ်တိုက်’ ခြင်း ခံကြရလေသည်။
၁၉၇၈-ခုနှစ်ဝန်းကျင်က “လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” စာအုပ်တအုပ်ထွက်လာခဲ့ဖူး၏။ ထိုစာအုပ်မှာ စာရေးသူ တဦးတယောက်တည်းကရေးသည့် စာအုပ်မဟုဟ်ပဲ၊ စာရေးဆရာ (၁၀)ဦးခန့် က၊ တဦးချင်းအနေနှင့်လည်းကောင်း၊ နှစ်ဦးသုံးဦး တွဲ၍လည်းကောင်း၊ ဝေဖန်ရေးဆောင်းပါးများ ရေးသားထားသည့်စာအုပ်ဖြစ်၏။ ယင်း..စာအုပ်မှာ၊ “မိုးကြိုမုန်တိုင်း”စာအုပ်ဖြစ်လေ သည်။
“မိုးကြိုမုန်တိုင်း”စာအုပ်တွင်၊ ကျနော် မှတ်မှတ်ရရ ရှိသည့် ဆောင်းပါးတပုဒ်မှာ၊ ဆရာ ‘ဒဂုန်တာရာ’၏ ၀တ္ထုကိုဝေဖန်သည့် ဆောင်းပါးတပုဒ်ဖြစ်သည်။ ဆရာ ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကိုဝေဖန်သော ဆောင်းပါးဖြစ်၏။ ဆောင်းပါး၏ အဓိက ဆိုလိုရင်း မှာ …၊၁၃၀၀ပြည့်အရေးတော်ပုံ လှိုင်းတံပိုးများထကြွနေစဉ်ကာလအတွင်း ဒဂုန်တာရာသည် ‘မေ’၀တ္ထုကို ရေးသားခြင်းအားဖြင့် ထိုစဉ်အချိန်က၊ အမျိုးသားလွတ် လပ်ရေးတိုက်ပွဲဝင် မြန်မာအမျိုးသင်္မီးထုကို စေါ်ကားသလိုဖြစ်ခဲ့သည်ဟူသော ဝေဖန်ရေးဖြစ်၏။ ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုမှာ၊ ဓနရှင် ပေါက်စလူတန်းစား ‘မေ’ ဟူသော အမျိုးသမီးဇာတ်ကောင်တဦးအကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုဖြစ်၏။ “လူတန်းစား တိုက်ပွဲ အခြေခံ ၊ ပစ္စည်းမဲ့ဇာတ်ကောင်စံ ” အယူအဆကို အခြေခံထားသည့် “လက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေး” ကြိမ်လုံးမှာ၊ ဆရာ ‘ဒဂုန်တာရာ’၏ ကြောပေါ် ၌၀ဲနေခဲ့လေသည်။
(၂)
ဆရာ ‘မြသန်းတင့်’ ၏ ‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ ’စာအုပ်မှာ၊ ၀တ္ထု (၁၀)ပုဒ်ကို စုစည်းထားသည့် စာအုပ် ဖြစ်သည်။ စာအုပ်ထွက်လာသည်နှင့်တပြိုင်နက် စာပေလောကအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ရလောက်အောင် အောင်မြင်ကျော် ကြားလှသည့် စာအုပ်ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ဆရာ ‘မြသန်းတင့်’ ၏ ၀တ္ထုအတတ်ပညာ ဆန်းသစ်မှုကို စာဖတ်သူတိုင်းက ချီးမွမ်းကြ၏။
‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ ’စာအုပ်တွင်၊ စာရေးဆရာကြီး (၁၀)ဦး ရေးသားခဲ့သည့် နိုင်ငံကျော်ဝတ္ထု(၁၀)ပုဒ် အပေါ် ၊ ဆရာမြသန်းတင့်က ထပ်မံဈာန်ဝင်စား ကွန့် မြူးကာ၊ ၀တ္ထုတို (၁၀)ပုဒ် ဖြစ်အောင်ရေးသည့် ထူးခြားလေးနက်သည့် ၀တ္ထုတို စု စာအုပ်ဖြစ်လေသည်။ ဥပမာ…စာရေးဆရာ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုကြီးထဲက ‘မျိုးမြင့်ရန်နောင်’ ဆိုသည့် အဓိကဇာတ်ကောင်က၊ အသက်မသေပဲ ဆက်လက်ရှင်သန်နေသည့် လူတယောက်အဖြစ်၊ ဆရာ ‘မြသန်းတင့်’ ကိုလာရောက်တွေ့ ဆုံသည့် စိတ်ကူးပုံဖွဲ့  ၀တ္ထုဖြစ်၏။ စာရေးဆရာကြီး ‘မင်းဆွေ’သည် အဓိကဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ဆိုသူကို သူ၏‘ဓါး’ ၀တ္ထုကြီးထဲတွင် ထည့်သွင်းရေးဖွဲ့ ရာ၌ “မျက်ကန်းမျိုးချစ်၊ သို့ မဟုတ် လူထုလမ်းစဉ်နှင့်ကင်းကွာနေသည့် တကိုယ်တော်နယ်ချဲ့ ဆန့် ကျင်ရေး သမား” အဖြစ်ဖွဲ့ ဆိုခဲ့သည်ကို၊ ဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ကိုယ်တိုင်က၊ ဆရာမြသန်းတင့်ထံ အသက်ရှင်လျှက် ကိုယ်တိုင်လာရောက်ရင်ဖွင့်တင်ပြလာသည့် ဇာတ်လမ်းမျိုးအဖြစ် ဆရာမြသန်းတင့်က၊ ရေးဖွဲ့ ထားခြင်းဖြစ်လေသည်။တနည်းအား ဖြင့် ဆိုရလျှင် ဆရာမြသန်းတင့်သည် စာရေးဆရာ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုကို အတွေးအခေါ်အရ ဝေဖန်လိုရင်းရှိ၏။ ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုထဲက အဓိကဇာတ်ကောင်မှာ တကိုယ်တော်နယ်ချဲ့ ဆန့် ကျင်ရေး သမား၊ မျက်ကန်းမျိုးချစ်တဦးအနေနှင့် ၀တ္ထုကိုအဆုံးသတ် ထားသည်ကို ကျေနပ်အားရနိုင်ဟန်မတူ။ ထို့ ကြောင့် ဆရာမြသန်းတင့်သည် သူဖြစ်စေလိုသော၊ သူထုဆစ်လိုသော၊ သူယုံကြည် သော၊ မျိုးချစ်ဝါဒ အယူအဆကို အဓိကဇာတ်ကောင်‘မျိုးမြင့်ရန်နောင်’ မှတဆင့် တင်ပြနိုင်ရန်ကြိုးစားရင်း….‘ဓါး’ ၀တ္ထုကို၊ စစ်မှန် သည့် မျိုးချစ်ဝါဒ အခြေခံဝတ္ထုအဆင့်အထိ ဆွဲတင်ဘို့ ကြိုးစားခဲ့ခြင်းဖြစ်လေသည်။
‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကိုလည်း၊ ဆရာမြသန်းတင့်သည် ‘မင်းဆွေ’၏ ‘ဓါး’ ၀တ္ထုနည်းတူ ဝေဖန်ဖို့ ကြိုးစားသည်ကို တွေ့  ရ၏။ ‘ဒဂုန်တာရာ’သည် ‘မေ’၀တ္ထုတွင်၊ ဓနရှင်ပေါက်စ လူလတ်တန်းစားဇာတ်ကောင် ‘မေ’ကို အဓိကဇာတ်ကောင်အဖြစ် ထားပြီး ရေး၏။‘မေ’၏လူလတ်တန်းစား အကျင့်စရိုက်ကို ဖော်ပြ၏။ နောက်ဆုံး ‘မေ’ကို ‘အကောင်းကိုရှာ၏၊ အကောင်းကား မတွေ့ ’ ဟု နိဂုံးချုပ်ရေး၏။ ဆရာ ‘မြသန်းတင့်’ သည် ‘မေ’ကို ဆရာ ဒဂုန်တာရာ နိဂုံးချုပ်သလို မချုပ်ချင်။ ‘မေ’ကို ပျက်စီးသွားသည့် လူတန်းစားဇာတ်ကောင်အဖြစ်မှ၊ တိုးတက်သော အမျိုးသမီး ဇာတ်ကောင်အနေနှင့်သာ မြင်ချင်၏။ နိဂုံးချုပ်ချင်၏။ ထို့ ကြောင့် ဆရာမြသန်းတင့်သည် ‘မေ’၀တ္ထုထဲက ‘မေ’မှ တဆင့်၊ သူပြောဆိုချင်သည့် အယူအဆကို တဆင့်ပြောခိုင်းခဲ့၏။ တနည်းအားဖြင့် ဆိုသော် ဆရာမြသန်းတင့်သည် ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို ဝေဖန်နေခြင်းသာဖြစ်သည်။
(၃)
စာပေနယ်ပယ်၌သာမဟုတ်၊ မည်သည့်နယ်ပယ်တွင်မဆို ‘ဝေဖန်ရေး’ သည် လိုအပ်ပါသည်။ ကျနော်တို့ သည် ‘ဝေဖန်ရေး’ ကို ‘မူ’ အားဖြင့်ပင်လျှင် လက်ခံကြိုဆိုကြရမည်သာဖြစ်၏။
ဆရာမြသန်းတင့်သည်၊ နိုင်ငံကျော် ၀တ္ထုကြီး (၁၀)ပုဒ်ကို ဝေဖန်၏။ သို့ သော် ဆရာမြသန်းတင့်၏ ဝေဖန်ရေးနည်းနာမှာ ယဉ်ကျေး၏။ ပရိယါယ်ကြွယ်၏။ လှပဆန်းသစ်၏။ ထို့ ကြောင့် ဝေဖန်နေသည်ကို ဝေဖန်နေသည်ဟူ၍ပင် မထင်ရလောက်အောင် အဆင့်အတန်းရှိ၏။
၁၉၇၈-ခုနှစ်ဝန်းကျင်ကလည်း ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို “မိုးကြိုမုန်တိုင်း” လက်ဝဲအလွန်အကျွံအုပ်စုက ဝေဖန်ခဲ့ကြဖူး ၏။ သို့ သော် “မိုးကြိုမုန်တိုင်း” အုပ်စုသည် မယဉ်ကျေး။ အတုံးအတစ်ဆန်၏။ တရားသေဖြစ်၏။ပုံစံခွက်ဖြစ်၏။ ယခု ဆရာမြသန်း တင့်သည်လည်း ‘ဒဂုန်တာရာ’၏ ‘မေ’၀တ္ထုကို ဝေဖန်၏။ သို့ သော် သည်တခါ ဆရာမြသန်းတင့်၏ ဝေဖန်ရေးမှာ ယဉ်ကျေး၏။နည်း နာဆန်းသစ်၏။ အကွက်သဘောဖြစ်၏။ ထို့ ကြောင့် “မိုးကြိုမုန်တိုင်း” အုပ်စု၏ ဝေဖန်ရေးနှင့် ဆရာမြသန်းတင့်၏‘မေ’၀တ္ထုအပေါ် ဝေဖန်ရေး နှစ်ခုမှာ မတူကြ။
ကျနော်တို့ သည် ‘ဝေဖန်ရေး’ ကို ကြိုဆိုအပ်သည့်ကိစ္စဟု အထက်တွင်ဆိုခဲ့ပြီ။ သို့ သော် ‘ဝေဖန်ရေး’ များ မှန်၏ မမှန်၏၊ ကောင်း၏ မကောင်း၏ ဆိုသည်ကိုမူ စာဖတ်သူများအဖို့  လွတ်လပ်စွာ ထပ်မံဝေဖန်စမ်းစစ်ပြီးမှသာ လက်ခံကြရမည်သာဖြစ်လေသည်။
Showing posts with label ဝေဖန်ရေး. Show all posts

March 26, 2008
January 12, 2008
ချစ်သူရေးတဲ့ ကြယ်စုံညနှင့် မီးလောင်နေသော ဆိုက်ပရပ်စ်ပင်များ
(က)
တယ်လီဖုံးမြည်သံကြောင့် ကျနော်အိပ်ပျော်ရာက လန့်နိုးလာခဲ့သည်။
သည်အိမ်ထဲတွင် ကျနော့်အိပ်ခန်းက တယ်လီဖုံးထားရာနေရာနှင့် အနီးဆုံး။ ထို့ ကြောင့် အိပ်ချင်မူးတူးနှင့်ပင် အိပ်ယာမှ ထကာ အခန်းအပြင်ဖက်၊ စင်္ကြန်လမ်းပေါ်ထွက်ရပ်လိုက်ရသည်။ တယ်လီဖုံးကို ပခက်ပေါ်က ဆွဲယူပြီးနားထောင်သည်။
“ကိုငြိမ်းဝေ။ ခင်ဗျား ဥရောပမှာ လရောင်မရှိဘူးလို့ ပြောတယ် မဟုတ်လား ”
“ဗျာ”
ကျနော့်နားထဲတွင် တခြားဂြိုလ်တခုက ဂြိုလ်သားတဦးရဲ့ အသံကိုကြားလိုက်ရသလို တအံ့တသြဖြစ်သွားရ၏။
“အော်…ခင်ဗျားက အော်စလိုကို ရောက်ကတည်းက ဥရောပမှာ လရောင်တကယ်ရှားတယ်၊ လရောင်ကိုလုံးဝမတွေ့ ရ ဘူးလို့  ခဏခဏပြောတယ်မို့ လား”
တဖက်မှ ပြောနေသူမှာ ကိုမောင်မောင်မြင့် ( ဒေါင်းညို ) ၏အသံမှန်း ကျနော်မှတ်မိသွားရသည်။
“အော်…အော်၊ ဟုတ်တယ်၊ ဟုတ်တယ်လေ၊ အဲဒါဘာဖြစ်လို့ လဲ”
“ဘာဖြစ်ရမှာလဲဗျ၊ ခင်ဗျားအခု အခန်းအပြင်ဖက်ထွက်ကြည့်လိုက်စမ်းပါ၊ ထွက်ဆိုအခုထွက်ကြည့်နော်၊ အပြင်ဖက်မှာ လသာနေတာ စာထိုင်ဖက်လို့ တောင်ရမယ်ထင်တယ်၊ ကဲ…ဥရောပမှာလည်း လရောင်တွေရှိတယ်ဆိုတာ ခင်ဗျားယုံပြီလား၊ ဒါပဲနော် ကျုပ်တော့အိပ်တော့မယ်၊ ခင်ဗျားကို ဒီအကြောင်းပြောချင်လို့  ဖုံးဆက်လိုက်တာ ဘိုင်…ဘိုင်…”
ပထမတော့ စိတ်ထဲတွင် အနည်းငယ်အ်ချဉ်ပေါက်သွား၏။ အချိန်ကိုကြည့်တော့ ည(၁၂)နာရီကျော်ပြီ။ ဒီအချိန်ကြီး ကြမှများ ဖုံးဆက်ပြီးပြောရမလားဟု စိတ်အချဉ်ပေါက်မိခြင်းဖြစ်သည်။ သို့ သော် သူ့ စကားထဲတွင် “လရောင်” များအကြောင်း ကြားလိုက်ရသောအခါ ကျနော့်မျက်လုံးများ ရုတ်တရပ်ပြူးကျယ်သွားရ၏။
ကမန်းကတန်း ည၀တ်အင်္ကျီအ၀တ်အစားများကိုချွတ်ကာ၊ ကိုယ်ကြပ်အသားကပ်အင်္ကျီနှင့် ဘောင်းဘီကို လည်းရသည်။ အပေါ်မှအင်္ကျီလက်ရှည်နှင့် ရှိုးဘောင်းဘီကိုဝတ်သည်။ ဂျာကင်အနွေးထည်ကို ၀တ်သည်။ အပေါ်ဆုံးက အနွေးထည်သက္ကလပ် ကုတ်အင်္ကျီရှည်ကို ၀တ်ရပြန်သည်။ ပြီးတော့ လည်စီး၊ သိုးမွေးဦးထုပ်။
အဆောင်တံခါးမကြီးကို တွန်းဖွင့်ပြီး အပြင်ကိုထွက်ရပ်လိုက်တော့ လရောင်များက ကျနော့်ကိုယ်ခန္ဓာပေါ် ပြိုကြလာ၏။ လမ်းမပေါ်ကိုကြည့်သည်။ လမ်းတဖက်က အဆောက်အဦးများကိုမော့ကြည့်သည်။ ကားလမ်းတဖက်တချက်စီတွင် တန်းစီပြီး ငြိမ်ကုတ်နေကြသည့် ကားများကိုကြည့်သည်။ လရောင်များကို ကျနော်မြင်နေရသည်။ အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ နီညိုရောင်။
(ခ)
“ဂျူး” ရဲ့  “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” စာအုပ်ကိုဖတ်ရတော့၊ ၁၉၉၆-ခုနှစ်တုန်းက၊ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ တွင်ကြုံခဲ့ ရသည့်အဖြစ်ကို ကျနော်သတိပြန်ရလာခဲ့သည်။ လရောင်နှင့်ပါတ်သက်သော ကျနော်၏ ရူးသွတ်မှုတခု…။ ကျနော်က လရောင်များ ကိုချစ်သည်။ လရောင်များကို စောင့်ကြည့်တက်သူ။ လရောင်တမ်းမက်သူ။ သို့ သော် အော်စလိုသို့ ရောက်ကတည်းက (၄)လ နီးပါး ကြာသည်အထိ လရောင်များကို ကျနော်မတွေ့ ခဲ့ရ။ သို့ မဟုတ် မကြုံခဲ့ရ။ ထို့ ကြောင့် “လရောင် တုံးတုံးအအ ဖြစ်လွန်းသည့် ဥရောပ” ဟု ကျနော်က ငြီးငြူ၏။ ငြီးငြူဖန်များတော့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေကြီး “ကိုမောင်မောင်မြင့်”က နားကြားပြင်းကပ်ဟန် တူပါသည်။ လရောင်များ အတုံးလိုက်အတစ်လိုက် ၀န်းပလွန်းသည့်ညတညတွင် ၊ ကျနော့်ကို ဖုံးဆက်ပြီး၊ ဥရောပလမ်းရောင်များ နှင့် ကျနော့်ကိုမိတ်ဆက်ပေးခဲ့၏။ သူက တယ်လီဖုံးဆက်ပြီးပြောသည့်အချိန်က သန်းခေါင်ကျော် သန်းခေါင်လွဲအချိန်။ သို့ သော် ကျနော့်မှာ သူ့ ကိုကျေးဇူးတင်လို့ မဆုံးခဲ့။ ဥရောပလရောင်များအောက်တွင်၊ တနာရီနီးပါးမျှ ကျနော်လမ်းလျှောက်နေခဲ့ဖူး၏။
ယခုအခါ “ဂျူး” က၊ “ည” နှင့်ဆက်နွယ်သည့် ပန်းချီကားများကို ခံစားပြရာတွင် (ဂျူးက-ပန်းချီကားများကို ဇာတ်အိမ် ဇာတ်ကွက်ဖန်တီးပြီးမှ၊ တနည်းအားဖြင့် ၀တ္တုအဖြစ် ဖန်တီးပြီးမှ၊ ၀တ္တုထဲက ဇာတ်ကောင်များမှတဆင့် ပန်းချီကားများကို ခံစားပြ ခြင်းဖြစ်သည်။) ကျနော်က- ဗင်းဆင့်ဗန်ဂိုး ၏ “ညအချိန်ကဖေးဆိုင် မျက်နှာစာ” ပန်းချီကား နှင့် ပါတ်သက်သည့် ၀ထ္တုတိုလေးကို ဖတ်ရတော့၊ “ကိုမောင်မောင်မြင့်” ၏ ကျေးဇူးနှင့် ပထမည ဥရောပလရောင်များကို ကျနော် ထွက်ကြည့်ပြီး၊ နောက်တနေ့ည ဘုရင့်နန်းတော်ရှေ့ ၊ ကာရိုဟန်လမ်းမကြီးပေါ် လမ်းထွက်လျှောက်ခဲ့သည်ကိုထပ်ပြီး သတိရလာခဲ့ ရပြန်သည်။
ကာရိုဟန်လမ်းမကြီးပေါ် ကျနော်ရောက်သွားတော့ ည(၉)နာရီကျော်ရှိပြီဖြစ်သည်။ အအေးဓါတ်သိပ်သည်းလာပြီဖြစ်သည့် အတွက်၊ လမ်းမပေါ်တွင် လမ်းလျှောက်နေကြသူများ ကြဲပါးလျက်ရှိ၏။ ကျနော်က နန်းတော်ကြီးကို ကြောခိုင်းကာ၊ ဗဟိုရထား ဘူတာရုံကြီးဖက်ကို မျက်နှာမူလျက် လမ်းလျှောက်လာခဲ့၏။ လမ်း၏ဘယ်ဖက်အခြမ်းက လျှောက်လာနေသဖြင့် ကျနော်တွေ့ ချင်၊ ကြည့်ချင်လွန်းနေသည့် “ကော်ဖီဆိုင်” ကလေးကို တည့်တည့်တိုးမည်ဖြစ်သည်။ ပါလီမန်လွှတ်တော်အဆောက်အဦးဘေးကို ရောက်တော့၊ ကျနော့်ရှေ့ တွင် ရောင်စုံမီးသီးများထွန်းထားသည့် ကော်ဖီဆိုင်ကလေးကို အနီးကပ်တွေ့ ရတော့၏။ ကော်ဖီဆိုင် ကလေးမှာ လမ်းဘေးတွင် စားပွဲဝိုင်းများချထားပြီး၊ လူတချို့ ဝိုင်းထိုင်နေကြ၏။ လမ်းဘေးလူသွားစင်္ကြန်နှင့် နီးသော်လည်း ခါးတ၀ိုက်မရှိတရှိ ခြံကလေးကာထား၏။ ရောင်စုံမီးသီးများမှာ အလင်းရောင်များ ပြိုးပြက်လွန်းခြင်းမရှိ။ စားပွဲဝိုင်းတွင် ထိုင်နေ သူများသည်ပင်လျှင် မီးရောင်အောက်၌ မှုန်တိမှုန်ဝါး။ ကျနော်က သည်လိုမီင်္းရောင် မှုန်ပြပြလုပ်ထားသည်ကိုအားမရသဖြင့် လုပ်ဖော်ကိုင်ဖက်ရဲဘော်ကြီး “ကိုမွန်းအောင်” ကို ( တေးသံရှင် မွန်းအောင်) မေးကြည့်မိ၏။ ထိုအခါ “ကိုမွန်းအောင်” ၏အဖြေစကား က ကျနော့်အသိညဏ်ကို ရုတ်တရပ်လင်းလက်သွားစေခဲ့၏။ “ခင်ဗျားကလည်း ဆိုင်ခင်းထားတာကိုယ်၌က လမ်းဘေး၊ ကော်ဖီဆိုင် အပြင်ဖက်၊ မျက်နှာစာလေဗျာ၊ ပြီးတော့ခြံကာထားတာကလွဲပြီး ဘာအမိုးအကာမှမရှိဘူး။ အဲဒါ လသာတဲ့အချိန်ဆိုရင် ကော်ဖီဆိုင် ထိုင်သောက်တဲ့လူ ပိုပြီးများတယ်။ သဘာဝလရောင်ကို မထိခိုက်ရအောင် တမင်တကာ မီးသီးမီးရောင်တွေကို မှိန်ထားတာဗျ ” ဟု ကိုမွန်းအောင်က ပြောခဲ့၏။ သူ့ စကားကိုတွေးမိပြီး၊ ကော်ဖီဆိုင်လေးကိုကျော်ကာ ကောင်းကင်ကိုမော့ကြည့်မိသည်။ ထိုအခါ ဖိုးရွှေလမင်းကြီးသည် ကျနော့်ကို သဘောကျစွာ ပြုံးပြလျှက်ငုံကြည့်နေလေသည်။
ကော်ဖီဆိုင်ကလေးကို လွန်လာတော့ ကျနော့်စိတ်ထဲ “ဗင်းဆင့်ဗန်ဂိုး” ရဲ့ ပန်းချီကားများကို တွေးလာမိသည်။ အထူး သဖြင့် “ညအချိန်ကဖေးဆိုင် မျက်နှာစာ” ပန်းချီကားနှင့် “ဆိုက်ပရပ်ပင်များနှင့် ရွာကလေး ” ပန်းချီကားနှစ်ခုကို ကျနော် နှစ်သက်၏။ “ညအချိန်ကဖေးဆိုင် မျက်နှာစာ” ပန်းချီကားတွင် “လရောင်” ကို အမိအရဖမ်းယူရေးဆွဲထားနိုင်သဖြင့် ကျနော်သဘောကျ၏။ “ဆိုက်ပရပ်ပင်များနှင့် ရွာကလေး ” ပန်းချီကားတွင်မူ၊ ဆိုက်ပရပ်စ်ပင်များကို မီးလောင်နေသော င်္မီးတောက်တခုပမာ ရေးဆွဲထားသဖြင့် ပန်းချီဆရာ၏ စိတ်လောင်မြိုက်မှုကို ထင်ဟပ်သည်ဟုယူဆကာ နှစ်သက်နေခဲ့မိခြင်း ဖြစ်သည်။
(ဂ)
“ဂျူး” ရဲ့ “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” စာအုပ်မှာ၊ ပန်းချီဆရာ (၁၄) ဦး၏ပန်းချီကား (၁၄)ခုအပေါ်မူတည်ပြီးမှ ၀တ္တု ဇာတ်အိမ်ဖွဲ့ ကာ ၊ ခံစားရေးဖွဲ့ ထားခြင်းဖြစ်သည်။ သို့ သော် ပန်းချီကား (၁၂) ချပ်ကိုမူ ဇာတ်လမ်းဇာတ်ကွက်ထဲမှာပင် အတိအလင်း ခံစားပြခဲ့သော်ငြားလည်း၊ နောက်ဆုံးပန်းချီကား (၂)ချပ်ကိုမူ “ဂျူး” က၊ ဇာတ်အိမ်ဇာတ်ကွက်အတွင်းက၊ ဇာတ်ကောင်များ၏ “အဇျတ္ထခံစားမှု“” ကိုသာဖေါ်ပြခြင်းအားဖြင့် ယင်းပန်းချီကား(၂)ချပ်ကို အတိအလင်းထည့်မရေးပဲ ထားခဲ့၏။`
ကျနော့်အဖို့  “ဂျူး” တီထွင်ဖန်တီးထားသည့် ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်များကို စိတ်ဝင်စားခြင်းမရှိလှပါ။ “ဂျူး” ပေးချင်သည့် အချက်အလက်ကလည်း ယင်းဇာတ်လမ်း၊ ဇာတ်ကွက်နှင့် ဇာတ်ကောင်များအကြောင်း ဖြစ်ဟန်မတူပါ။ “ဂျူး”သည် “ ည ”များကို ရေးဆွဲထားသည့် ပန်းချီကားများကို သူဘယ်လိုခံစားပြီး စာဖတ်သူများကိုလည်း ခံစားနှစ်သက်စေလိုသည့် ဆန္ဒနှင့်သာ သည်စာအုပ်ကို ရေးခဲ့ခြင်းဖြစ်သည်။
ကမ္ဘာကျော်ဂျပန်ရုပ်ရှင်ဒါရိုက်တာကြီး “ကူရိုဆာဝါ ”က၊ ဗင်းဆင့်ဗန်ဂိုး ၏ “တံတားပေါ်က မိန်းမပျို” ပန်းချီကားကို ပိတ်ကား ပေါ်တွင်ထိုးပြကာ၊ ယင်းပန်းချီကားထဲကအတိုင်း လူများအသက်ရှင်သွားလာလှုပ်ရှားလာသည့် ရိုက်ချက်ကို ဖန်တီးကူးယူသွားခဲ့ဖူး ၏။ “ဗင်းဆင့်ဗန်ဂိုး” ၏ ပိတ်ကားပေါ်က ပန်းချီကားထဲသို့  ကျနော်ကိုယ်တိုင် ၀င်ရောက်သွားသကဲ့သို့  စိတ်လှုပ်ရှားမျောပါသွားခဲ့ ဖူး၏။
“ဂျူး” ၏ “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” မှာ ၊ “ချစ်သူရေးတဲ့ ကျနော့်ရဲ့ ညများ” အဖြစ်ကူးအပြောင်း ရောက်ရှိ လာနိုင်ခဲ့သည်ကိုမူ စာအုပ်ကိုဆုံးအောင် ဖတ်ပြီးသည့်အချိန်ကြမှသာ မိမိကိုယ်မိမိ သတိပြုမိလေတော့၏။

Subscribe to:
Posts (Atom)