May 31, 2008

ကွေ့ချလိုက်တဲ့ မြစ်တစင်းပေါ်က သက်သေခံပစ္စည်းများ


“ ငါတို့ဘဝ
မြစ်များနဲ့ တူရဲ့
သေခြင်းကတော့ ပင်လယ်ကြီးပေါ့ ”
ဆယ့်ငါးရာစု ကဗျာဆရာ
“ ဂျော့မားရစ်” ရဲ့ ကဗျာ
နှစ်ဆယ့်တစ်ရာစုထဲက ငါ
ကြေကွဲစွာ ရွတ်ဆိုမိပေါ့ ။

ငါလည်း
ငါ့ကိုငါ
မြစ်နဲ့တင်စားခဲ့ဖူးသပ
“ငါဟာ
ပင်လယ်ကိုရှာမတွေ့တဲ့ မြစ်တစင်းလား” ပေါ့။

လူကို
မြစ်နဲ့ တင်စား
ခေတ်ကို
မြစ်နဲ့တင်စား
ထင်ရှားတဲ့ “ကွေ့မှာ ခူးဆွတ်ကြခြင်း” *
မြစ်ဟာ မကွေ့ရင်မလှဘူး
ဒါ့ကြောင့်
ကွေ့လိုက်တယ်ဆိုပါလား။
“ဂျော့မားရစ်” ရဲ့ တင်စားချက်
သေခြင်းတရားကို ပင်လယ်နဲ့နှိုင်း
ဘ၀ကို မြစ်နဲ့နှိုင်း
နှိုင်းလည်း နှိုင်းတတ်ပ
တို့ခေတ်က မြစ်များ
မြစ်ထဲက ခေတ်များ။

ငါတို့ဟာ
မြစ်တော့ မြစ်တွေပါပဲ
ငါတို့ခေတ်မှာ
ခက်ရာ ခက်ဆစ် ထုဆစ်ရတဲ့ မြစ်တွေပါပဲ။
ဒီမြစ်တွေ လှပဖို့
ကွေ့ချလိုက်တာ
“ဒီကွေ့” က
အလှကြီးလွန်းတဲ့ ကွေ့ဖြစ်ရ
မြစ်တွေ သိန်းချီသန်းချီပြီး ကွေ့ချလိုက်ရ
ဒီကွေ့က
ရာစုနှစ် ဆယ်စုမက အတွင်း
ခြေရာအထင်းဆုံး ကွေ့ကြီး တကွေ့။

ငါတို့
ဒီကွေ့မျိုး မခူးဆွတ်ချင်ဘူး
ဒီကွေ့မျိုးနဲ့ မလှပချင်ဘူး
ဒီကွေ့က သဘာဝလွန်ကဲ
ဒီကွေ့က ဓမ္မလွန်ကဲ
ဒီကွေ့က သရုပ်မှန်လွန်ကဲ
ဒီကွေ့က ပဉ္ဓလက်သရုပ်မှန်လွန်ကဲ...။

ဒီကွေ့ကို
“နာဂစ်” ကဖန်တီးတာတဲ့လား
ဒီကွေ့ကို ဒီကွေ့က ဖန်တီးတာလား
ဒီကွေ့ကို
လပ္ပတ္တာ၊ ကျုံမငေး၊ ကွမ်းခြံကုန်းက ဖန်းတီးတာလား
ဒီကွေ့ကို
ထူးအိမ်သင်က ဖန်းတီးတာလား
ဒီကွေ့ကို
နေပြည်တော်က ဖန်တီးတာလား
ဒီကွေ့ကို
လှူဘွယ်ဝတ္တု အကူပစ္စည်းတွေက ဖန်တီးတာလား
ဒီကွေ့ကို
ကူပါ ကယ်ပါ တစာစာက ဖန်တီးတာလား
ဒီကွေ့ကို
မြန်မာ့ဇလဗေဒဌာနက ဖန်တီးတာလား
ဒီကွေ့ကို
ရုပ်ရှင်မင်းသား ကျော်သူ၊ ဇာဂနာ၊ ငှက်ပျော်ကြော်တို့က ဖန်တီးတာလား။

ဘယ်လိုပဲဖြစ်ပစေ
တို့ဟာ မြစ်
မြစ်မို့ မြစ်နဲ့တူအောင်
ကွေ့ချလိုက်ပြီ။
ဒီကွေ့မှာ
ဠင်းတကြီးတကောင် လပ္ပတ္တာမြို့ထိပ်မှာ လာနားသွားတယ်။
ဒီကွေ့မှာ
လူမလာခင်
သော့ခလောက်သံ တချွင်ချွင် အရင်ရောက်လာတယ်။
ဒီကွေ့မှာ
တရားခံအချင်းချင်း ကြောချင်းကပ်သွားနိုင်တယ်။
ဒီကွေ့မှာ
လူ(၁၀)ယောက်
တယောက်လည်မြို တယောက်နင်းဖို့ ချောင်းနေကြတယ်။
ဒီကွေ့မှာ
အလှူရှင်တွေ ပုဆိုးခြုံပြီးမှ လာခဲ့ရတယ်
ဒီကွေ့မှာ
မှိုနတို၊ ကနဖော့
ချော့ကလက်နဲ့တော့ မတန်ဘူး
ဒီကွေ့မှာ
ဆားငန်ရေ တခါဝင်ရုံနဲ့ လယ်တွေမပျက်နိုင်ဘူး
ဒီကွေ့မှာ
နံ့သာရေ ဖြန်းထားတဲ့ အပုတ်နံ့လှိုင်တယ်
ဒီကွေ့မှာ
လူတွေ ကားလမ်းဘေးရပ်နေတာ
အမျိုးသားဂုဏ်သိက္ခာထိခိုက်တယ်
ဒီကွေ့မှာ
(၂) ရက်ထဲနဲ့
လူတစ်သိန်းကျော်သေတယ်
ဒီကွေ့မှာ
စစ်တပ်ကြီး ဗိုက်၀၀စားဖို့ အခွင့်ထူးတွေရသွားနိုင်တယ်။

ဒီကွေ့မှာ
ဘုရားသခင်က ပန်းသီးကို ဖန်တီး
ဒီကွေ့မှာ
တကိုင်းထဲမှာ သီးတဲ့ပန်းသီးတွေ
ဒီကွေ့မှာ
ငါတို့
ဒီသစ်ကိုင်းပေါ်
နေရောင်ခြည်မရတဲ့ ဘက်မှာသီးတဲ့ ပန်းသီးတွေဖြစ်ခဲ့ပေါ့
ဒီကွေ့မှာ
ဘုရားသခင်က ပျားရည်ရသူကို ဖန်တီး
ဒီကွေ့မှာ
မာန်နတ်က ရေငတ်သူကို ဖန်တီး
ဒီကွေ့မှာ
“ ရှဟေ ရာဇဒီ” **အတွက် ပုံပြင်သစ်တပုဒ်ဖန်တီး။

ဒီကွေ့မှာ
ထွက်ပြေးသွားတဲ့ နေရောင်ခြည်ကိုရှာကြ
ဒီကွေ့မှာ
ပြည့်ပြီးမှ ဆုတ်သွားတဲ့ လရောင်ကိုမျှော်ကြ
ဒီကွေ့မှာ
ငြိမ်သက်သွားတဲ့ စစ်မျက်နှာရယ်လို့ မရှိဘူး
ဒီကွေ့မှာ
မက်စီနာကျွန်းကလေးပေါ်က လူတွေ
ငလျင်လှုပ်စဉ်
လာကယ်ဖူးတဲ့ သင်္ဘောတွေကမ်းမကပ်ခဲ့
ဒီကွေ့မှာ
တကိုယ်လုံး လောင်မြိုက်နေတဲ့ မြစ်ကြီး
ဒီကွေ့မှာ
တကိုယ်လုံး စင်းကောဖြစ်နေတဲ့ ခေတ်ကြီး
ဒီကွေ့မှာ
နောက်ထပ်ပစ်ကျွေးဖို့ရာ
ငါတို့မှာ
မျက်ရည်နဲ့သွေး မကျန်တော့။

ဒီကွေ့မှာ
တချို့က
လက်အုပ်ချီ ကန်တော့ခံပြီ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
ရွက်ဖျင်တဲကလေးကိုင်ကြည့်
ခေါင်းကလေးထိကြည့်ပြီး ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
(၁၆)ရက်ခွာပြီးမှ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
(၉၂) ရာခိုင်နှုန်းကျော်နဲ့ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
ပြောသမျှစကား
လောက်တဖွားဖွားနဲ့ ကြေကွဲပြသတဲ့။

ဒီကွေ့မှာ
ငါတို့
နောက်တခါ သစ္စာဖောက်တာခံခဲ့ရပြီ
ဒီကွေ့မှာ
ငါတို့
မျိုးဆက်ပွားဖို့အတွက်
ကြဲပက်စရာ မျိုးစေ့မရှိတော့ဘူး

ဒီကွေ့မှာ
ငါတို့
ဘက်မညီတဲ့ စစ်ကို တိုက်ခဲ့ကြရပြီ။

လာကြ
စစ်ဆိုတာက
စစ်အချင်းချင်းပဲ ငြိတယ်
လာကြ
မြစ်ဆိုတာက
မြစ်အချင်းချင်းပဲ ကြည့်တယ်
လာကြ
ခေတ်ဆိုတာက
ခေတ်အချင်းချင်းပဲ ထိတယ်။

အိုမြစ်ကြီး
အိုခေတ်ကြီး
သင့်ကို ငါတို့ ထမ်းခဲ့ပြီ။

အိုမြစ်ကြီး
အို ခေတ်ကြီး
သင့်ကို ငါတို့ ဆွတ်ခူးလိုက်ကြပြီ
ငါတို့
ဆွတ်ခူးသမျှ
ငါတို့
ဆွတ်ခူးနေသမျှ
ငါတို့မရစရာ ဘာအကြောင်းမျှမရှိ။

ငါတို့
ဟောဒီခေတ်ရဲ့ သစ်မြစ်တွေ
နက်နက်ဆင်းလေ ရေတွေ့လေ။

ငါတို့
မြစ်နဲ့တူသော မြစ်တွေ
ခေတ်နဲ့တူသော ခေတ်တွေ
တူးဆွရပေလိမ့်။

ငါတို့
ရင်းခဲ့ပြီ
ငါတို့
စိုက်ခဲ့ပြီ
ငါတို့
ကွေ့ချလိုက်ပြီးပြီ

အို မြစ်ကြီး
အို ခေတ်ကြီး
သင့်ရေစီးသံ တဒီးဒီး
မောင်းသံ တဟီးဟီး။ ။
၁၊ ၆၊ ၀၈


* “ကွေ့မှာခူးဆွတ်ကြခြင်း” ကိုခါး (ကွမ်းခြံကုန်း) ရဲ့ ကဗျာခေါင်းစီးဖြစ်ပါတယ်။

** “ ရှဟေရာဇဒီ” တထောင့်တညပုံပြင်များကို ပြောသူမိဖုရား

May 24, 2008

ရူးသွပ် ကြေကွဲ

၁။
ကျနော်ဟာ နိုင်ငံခြားဘာသာတခုဖြစ်တဲ့ အင်္ဂလိပ်စာမှာ ကျွမ်းဝင်နှံ့စပ်သူမဟုတ်ပါ။ ဒါပေမယ့် အင်္ဂလိပ်ကဗျာတွေနဲ့ တခြားဘာသာကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာတွေကို လိုက်လံဖတ်ရှုရာမှာတော့ ၀ါသနာထုံသူဖြစ်ပါတယ်။ ၁၉၇၃ခုနှစ်ထဲမှာ မိတ်ဆွေကဗျာဆရာတဦးဖြစ်တဲ့ “စန်းမောင်” (ယခု တရားရုံးချုပ်ရှေ့နေ ဦးစန်းမောင်၊ ပဲခူး) နဲ့အတူတွဲပြီး၊ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ တရုတ်ကဗျာတပုဒ်ကို အဲ့ဒီ အင်္ဂလိပ်ဘာသာပြန်ကတဆင့် မြန်မာလို ဘာသာပြန်ခဲ့ဖူးပါတယ်။ ကဗျာရဲ့အမည်က “ကွမ်ဆီပြည်နယ်ထဲက ပြောက်ကျားများ” ဖြစ်ပါတယ်။ မူရင်းကဗျာဆရာက တချိန်တုန်းက တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တဲ့ “မာရှယ်ချင်ရီ” ဖြစ်ပါတယ်။ အဲ့ဒီ “ကွမ်ဆီ ပြည်နယ်ထဲက ပြောက်ကျားများ” ကဗျာရှည်ကို တရုတ်နိုင်ငံခြားဘာသာ ထုတ်ဝေရေးဌာနက အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ တရုတ်စာပေမဂ္ဂဇင်းတခုမှာ တွေ့ခဲ့ကြတာပါ။ ဒီကဗျာကို မိုးဝေစာပေမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ပါတယ်။ ဒီအတွေ့အကြုံဟာ ကျနော့်ရဲ့ ပထမဦးဆုံးသော ဘာသာပြန်အတွေ့အကြုံပဲဖြစ်ပါတယ်။

နောင်အခါ ကျနော်လက်လှမ်းမီတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ကဗျာတချို့ကို ဘာသာပြန်တဲ့အခါ ဘာသာဗေဒတံတိုင်းကို လွတ်အောင်မကျော်နိုင်လို့ တပုဒ်လုံးဆုံးအောင် ဘာသာမပြန်နိုင်ခဲ့တာနဲ့၊ မှားပြီး ဘာသာပြန်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလို တောနင်းတောင်နင်း အဖြစ်မျိုးကြုံရတဲ့အခါ မိတ်ဆွေ ကဗျာဆရာ “ကိုစန်းမောင်” ပြောပြခဲ့တဲ့ စကားတခွန်းက ကျနော့်အတွက် အားဆေးတခွက်ပါပဲ။ သူက “ဘာသာပြန်တဲ့အလုပ်ကို ရဲရဲသာလုပ်စမ်းပါ။ ပထမတော့ ဘာသာပြန်မမှားအောင် အစွမ်းကုန်ကြိုးစားရမှာပေါ့ အဲ ... မှားပြီးဘာသာပြန်မိရင်လဲ နားလည်တဲ့သူတွေက ထောက်ပြလိမ့်မယ်။ ဘာသာပြန်နိုင်တဲ့သူတွေက တတ်ရဲ့သားနဲ့ ဘာသာမပြန်ပဲ နေတာနဲ့စာရင် မတတ်တတတ်နဲ့ ကြိုးစားပြီး ဘာသာပြန်နေတဲ့လူက ပိုပြီးတာ ၀န်ကျေတာပေါ့။ မင်းဘာမှ အားမငယ်နဲ့။ ဆက်သာလုပ် ” ဆိုတဲ့ စကားကို ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအားဆေးကို မှီဝဲရင်း နိုင်ငံရပ်ခြားကဗျာတချို့ကို ကျနော် ဘာသာပြန်ခဲ့ပါတယ်။

၂ ။

ဒီနှစ် စက်တင်ဘာလဆန်းပိုင်းမှာ “ချင်းတွင်းမဂ္ဂဇင်း”ကို ကျနော်ဖတ်တဲ့အခါ ဆရာ“မြင့်သန်း” ရဲ့ “လရောင်နှင့် လီပို”လို့ အမည်ပေးထားတဲ့ဆောင်းပါးကို ဖတ်ရပါတယ်။ “လီပို” လို့ တွေ့လိုက်တယ်ဆိုရင်ပဲ ကျနော့်မှာ ခြေတွေလက်တွေ အေးစက်သွားလုမတတ် ရင်ခုန်နေမိပါတယ်။ “လီပို”ဆိုတဲ့ တရုတ်ကဗျာဆရာက ကျနော် အင်မတန် နှစ်သက်တဲ့ ကဗျာဆရာတဦးပဲ။ သူ့ကဗျာတပုဒ်ကို ကျနော် ဘာသာပြန်ခဲ့ဖူးတာပဲ။ ဒါနဲ့ပဲ စာအုပ်ဆိုင်ထဲမှာတင် မတ်တပ်ရပ်ရင်း “ဆရာမြင့်သန်း”ရဲ့ ဆောင်းပါးကို ဆုံးအောင်ဖတ်ပါတယ်။ ဒီအထဲမှာ “လီပို”ရဲ့ ကဗျာတပုဒ်ကို အင်္ဂလိပ်ဘာသာပြန်မူရင်းနဲ့တွဲပြီး၊ မြန်မာဘာသာပြန်ပေးထားတာကိုလည်း တွေ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာမြင့်သန်းဘာသာပြန်ထားတဲ့ ကဗျာက ကျနော်ဘာသာပြန်ခဲ့ဖူးတဲ့ ကဗျာနဲ့ တပုဒ်တည်းဖြစ်နေတာသွားတွေ့ရပါတယ်။ ဒါနဲ့ပဲ “ငါ ... ဘာသာပြန်ထားတာနဲ့၊ တူမှတူရဲ့လား၊ ငါ ... ဘာတွေများ မှားပြီး ဘာသာပြန်ခဲ့မိပါလိမ့်” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အဲ့ဒီ ကဗျာ ဘာသာပြန်ကို သုံးလေးကြိမ် ဖတ်ပါတယ်။ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေလို့ အိမ်ကို ချက်ချင်းပြန်လာခဲ့ပါတယ်။ ကျနော်ဘာသာပြန်ထားတဲ့ ကဗျာနဲ့ ဆရာမြင့်သန်းဘာသာပြန်ထားတဲ့ကဗျာကို တဖက်စီချပြီး တိုက်ဆိုင်ကြည့်ပါတယ်။ ဒီအခါမှာတော့ ကျနော့်မှာ ဘာသာပြန်ကဗျာနှစ်ပုဒ်ကို ဖတ်ရင်းဖတ်ရင်းက မူရင်းကဗျာဆရာ “လီပို”အတွက် ကြေကွဲရပါတော့တယ်။

၃ ။

အောက်မှာ ဆရာမြင့်သန်းဘာသာပြန်ထားတဲ့ ကဗျာကို အင်္ဂလိပ်ဘာသာပြန်မူရင်းနဲ့အတူ ဖေါ်ပြပေးလိုက်ပါတယ်။


လရောင်အောက်မှာ တကိုယ်တည်းသောက်နေတယ်

ပန်းတွေအကြားမှာ ငါ
တကိုယ်တည်း စိမ်ရည်တအိုးကို
ကိုယ့်ဘာသာပဲ သောက်နေတယ်၊ ဒီတုံးခွက်ကို
မြှောက်လိုက်ပြီး လမင်းကြီးကို ငါနဲ့အတူသောက်ပါလားလို့
မေးလိုက်တယ်၊ လအရိပ် ငါ့အရိပ်တွေ
ခွက်ပေါ်မှာ ရောင်ပြန်ဟပ်တယ်၊ တို့သုံးဦးသားပဲပေါ့၊
လမင်းကြီးက မသောက်နိုင်ရှာလို့
ငါ သက်ပြင်းချလိုက်မိတယ်။
ငါ့အရိပ်ကလည်း ငါလုပ်သလိုလုပ်နေပေတဲ့
စကားတခွန်းမျှမပြောဘူး။
ဒီမှာ ဘယ်သူငယ်ချင်းမှလည်းမရှိတော့
သူတို့ကိုပဲ ငါ အဖေါ်လုပ်ရတယ်။
ပျော်စရာကောင်းတဲ့အချိန်မှာ ငါလည်း
အပေါင်းရယ် အသင်းရယ်နဲ့ ပျော်မှာပဲ
ငါထိုင်ပြီးသီချင်းဆိုတော့ လမင်းကြီးက
ငါ နဲ့ လိုက်ဆိုနေသလိုပဲ၊ ငါ ထ က တော့
အရိပ်က ငါနဲ့ လိုက် က တယ်၊ ငါ မမူးသေးခင်
လမင်းကြီးနဲ့ င့ါအရိပ်ကို သူငယ်ချင်းတွေပဲလို့
သဘောထားလိုက်ပြီး ၀မ်းသာမိတယ်၊ ဒါပေတဲ့
ငါအတော်ကြီးသောက်ပြီးတော့ တို့တတွေ
ကွဲကွာသွားကြရော ဒီလို ခံစားချက်မရှိတဲ့
သူငယ်ချင်းတွေကို ငါအမြဲအားကိုးနိုင်တယ်၊ တနေ့
နဂါးငွေ့တန်းကြီးရဲ့ အတွင်းဖက် တနေရာမှာ
တို့သုံးယောက်သား ပြန်ဆုံကြလိမ့်မယ်လို့ ထင်တယ်။ ။

Alone And Drinking Under The Moon

Amongst the flowers I
am alone with my pot of wine
drinking by myself; then lifting
my cup I asked the moon
to drink with me, its reflection
and mine in the wine cup, just
the three of us; then I sigh
for the moon cannot drink,
and my shadow goes emptily along
with me never saying a word;
with no other friends here, I can
but use these two for campany;
in the time of happiness, I
too must be happy with all
and it is as if the moon
accompanies me; then if I
dance, it is my shadow that
dances along with me, while
still not drunk, I am glad
to make the moon and my shadow
into friends, but then when
I have drunk too much, we
all part; yet these are
friends I can always count on
these who have no emotion
whatsoever; I hope that one day
we these will meet again,
deep in the Milky Way.



(မူရင်း အင်္ဂလိပ်ဘာသာပြန်ဆရာရဲ့ အမည်ကိုတော့ ဆောင်းပါးထဲမှာ မပါရှိပါ။)

နောက်ထပ်ပြီးတော့ “ရွှေဒေါင်းတောင်” မဂ္ဂဇင်းမှာ ကျနော်ဘာသာပြန်ဖေါ်ပြခဲ့တဲ့ ကဗျာနဲ့ မူရင်း အင်္ဂလိပ်ဘာသာပြန်ကဗျာကိုလည်း ထပ်ပြီး ဖေါ်ပြပေးလိုက်ပါတယ်။ နှိုင်းယှဉ် ဖတ်ရှုနိုင်ဖို့ဖြစ်ပါတယ်။

လမင်းနှင့်အတူ ၀ိုင်သောက်ခြင်း

ပန်းစုံတောထဲမှာ ၀ိုင်တအိုးရှိတယ်။
အဖေါ်မပါပဲ ငါတယောက်ထဲ ၀ိုင်သောက်နေတယ်။
ဝိုင်ခွက်ကိုမြှောက်
လမင်းကို ဖိတ်ခေါ်လိုက်ရဲ့
လမင်းရယ် ငါရယ် ငါ့အရိပ်ရယ်
အဖေါ်သုံးယောက်ဖြစ်အောင် ငါဖန်တီးလိုက်ပေါ့
လမင်းခမျာ
ဝိုင်ကို ဘယ်လိုသောက်ရမယ်ဆိုတာ မသိရှာ
ငါ့အရိပ်ကတော့ ငါ့ကို လိုက်တုတယ်
ဒါပေမယ့်
သူတို့နှစ်ဦးစလုံးနဲ့ပဲ လက်တွဲရပေလိမ့်
ဒီလိုနဲ့
ဟောဒီနွေဦးဟာ ပြီးပြည့်စုံခဲ့
ငါသီချင်းဆိုတော့
လမင်းက ရှေ့တိုးနောက်ငင်
ငါ က လိုက်တော့
ငါ့အရိပ်က ခုန်လိုက်ပေါက်လိုက်
ငါတို့ မူးယစ်ရီဝေစွာ
တဦးနဲ့တဦး
ပျော်ရွှင်မှုတွေ ကူးစက်ကြ
သောက်ကြစမ်း
ပြီးတော့ တယောက်တလမ်းစီ
လမ်းခွဲကြရဦးမယ်
ကောင်းချီပေးလိုက်ကြစမ်း
လူသားရဲ့
မိတ်ဖွဲ့ချစ်ခင်မှုအပေါ်
ကောင်းချီ ပေးလိုက်ကြစမ်း
ငါတို့
ငွေမြစ်ရဲ့အဆုံးမှာ
တဖန်ပြန်ဆုံကြစို့။ ။

Drinking Alone with the Moon

A pot of wine among the flowers.
I drink alone, no friend with me.
I raise my cup to invite the moon.
He and my shadow and I make three.

The moon does not know how to drink;
My shadow mimes my capering;
But I'll make merry with them both -
And soon enough it will be Spring

I sing - the moon moves to and fro.
I dance - my shadow leaps and sways.
Still sober, we exchange our joys.
Drunk - and we'll go our separate ways.

Let's pledge - beyond human ties - to be friends,
And meet where the Silver River ends.
(translated by Vikram Seth)




၎ ။

အခုလိုဘာသာပြန်မူကွဲနှစ်ခုကို တင်ပြခဲ့ခြင်းဟာ ဆရာမြင့်သန်းရဲ့ ဘာသာပြန်စွမ်းရည်နဲ့ ကျနော့်ရဲ့ ဘာသာပြန်စွမ်းရည်ကို ယှဉ်ပြိုင်လိုတဲ့သဘောနဲ့ စာဖတ်သူများရဲ့ရှေ့မှာ အစစ်ဆေးခံဖို့ ရည်ရွယ်ရင်းမဟုတ်တဲ့ အကြောင်း အလေးအနက်ထားပြီး အစီရင်ခံပါရစေ။ ကျနော့်ရည်ရွယ်ချက်က ကဗျာတပုဒ်တည်းကို လူနှစ်ယောက်က ဘာသာပြန်တဲ့အခါ ကဗျာတပုဒ်ကနေ နှစ်ပုဒ်ဖြစ်သွားရတဲ့ကိစ္စ ရှင်းလင်းတင်ပြချင်လို့ အခုလို ယှဉ်တွဲပြီး ဖေါ်ပြခဲ့တာပါ။ ဒီလို အင်္ဂလိပ်ဘာသာပြန်ထားတဲ့ ကဗျာတပုဒ်ကို မြန်မာဘာသာပြန်ဆိုတဲ့အခါ မူရင်း တရုတ်ဘာသာကနေပြီး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ကြတဲ့ စာပေပညာရှင်များအနေနဲ့ မူရင်းတရုတ်ကဗျာအပေါ်မှာ အဓိပ္ပါယ်အယူအကောက်မတူခဲ့ကြရာက စပြီး၊ မတူတဲ့ အင်္ဂလိပ်ဘာသာပြန် ကဗျာနှစ်ပုဒ် ဖြစ်လာခဲ့တာပါ။ ဒီလိုမတူကွဲပြားနေတဲ့ အင်္ဂလိပ်ဘာသာပြန်ကဗျာနှစ်ပုဒ်ကိုမှ ကျနော်နဲ့ ဆရာ မြင့်သန်းတို့က ထပ်ပြီး မြန်မာဘာသာပြန်ဆိုလိုက်တော့ တခါထပ်ပြီး မတူကွဲပြားတဲ့ ကဗျာနှစ်ပုဒ် ဖြစ်လာရပြန်တော့တာပေါ့။ ဒီလို တသီတတန်းကြီး ထိုင်ပြီးတွေးမိတဲ့အခါ မူရင်းကဗျာဆရာ “လီပို” သာ သက်ရှိထင်ရှား ရှိနေမယ်ဆိုရင် သူ့ကဗျာကို ပုံပန်း ပျက်အောင်လုပ်မိတဲ့ ကျနော်တို့အပေါ် (ဒီနေရာမှာ ဆရာမြင့်သန်းအပေါ် မလေးမစားနဲ့ ရည်ရွယ်ပြောဆိုလိုရင်း မရှိကြောင်း ကြားညှပ်ပြီး ပြောပါရစေ။) ဘယ်လိုများ သဘောထားမလဲ ... ။ ဒီလိုတွေးတဲ့အခါ ကျနော့်မှာ နေစရာမရှိလောက်အောင် တုန်လှုပ်ကြေကွဲ ရပါတော့တယ်။
ဒီလို ဘာသာဗေဒ အဟန့်အတားနဲ့ အကောက်အယူ အဟန့်အတားကြောင့်ပဲ၊ “ကဗျာကို ဘာသာပြန်ရင် ပျက်တော့တာပဲ” လို့ ပြောကြဆိုကြတာဖြစ်မယ်ထင်ပါတယ်။ တချို့ကဆိုရင် “ကဗျာကို ဘာသာပြန်လို့ မရနိုင်ဘူး” လို့တောင်မှ ပြောကြပါတယ်။ ဘာသာပြန်အလုပ်ကို လုပ်မယ်ဆိုရင် သက်ဆိုင်ရာ ဘာသာနှစ်ခုစလုံး ကျွမ်းကျင်ဖို့ လိုတယ်လို့လည်း လိုအပ်ပါတယ်။ ခက်တာက ကျနော်က ဒါတွေကို မသိမဟုတ်ပါဘူး။ သိပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားကဗျာတွေကို ကျနော်က မဖတ်ပဲ မနေနိုင်ဘူးလေ။ ဖတ်ပြီးရင်လည်း တခြား ကိုယ့်လို ကဗျာချစ်တဲ့သူတွေဆီ လက်ဆင့်ကမ်း ဖောက်သည်ချပေးချင်တဲ့စိတ်က တားလို့ကို မရပါဘူး။ ကိုယ့်မှာရှိတဲ့ အင်္ဂလိပ်စာ လက်တဆစ်နဲ့ပဲ အထပ်ထပ်အခါခါ ဘာသာပြန်လေ့ကျင့်နေခဲ့မိတာပါပဲ။ ဒါနဲ့ပဲ ပညာရှင်များရဲ့ အဆိုအမိန့်တွေကို မျက်ကွယ်ပြုပြီး၊ ကဗျာတချို့ကို ဘာသာပြန်ခဲ့မိတာပါ။ ကဗျာတွေကို ရူးသွပ်မိတဲ့စိတ်နဲ့ ဘာသာပြန်ဆိုတဲ့အခါ ဘာသာပြန် အမှား၊ အကောက်အယူ အမှားတွေကြောင့် ကဗျာတချို့ ချို့ယွင်းသွားကြတဲ့အခါ မူရင်းကဗျာဆရာတွေအတွက် ကြေကွဲရင်နာမိပေမယ့် ကျနော့်ရဲ့ စိတ်စေတနာကို သဘောပေါက်ပြီး ခွင့်လွှတ်နိုင်ကောင်းရဲ့လို့တော့ မျှော်လင့်မိပါတယ်။

ကျနော်ကတော့ ကျနော်နှစ်သက်တဲ့ နိုင်ငံရပ်ခြားကဗျာတချို့ကို မျက်ကန်းတစ္ဆေ မကြောက်ရှေ့ဆက်ပြီး ဘာသာပြန်နိုင်အောင် ကြိုးစားနေမိအုန်းမှာပဲလို့ ထင်မိပါတယ်။ တကယ်တော့ ကဗျာတွေကို ဘာသာပြန်ဆိုတဲ့အလုပ်ဟာ ကျနော့်အဖို့ ရူးသွပ် ကြေကွဲရတဲ့ အလုပ်တခုလို့ပဲ ဆိုကြပါစို့။ ။

ကိုးကား။ ။ ချင်းတွင်းမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၆
THREE CHINESE POETS
( ဒီဆောင်းပါးဟာ ၆ ၊ ၉ ၊ ၂၀၀၆ ခုတုန်းက ခေတ်ပြိုင်အွန်လိုင်းမှ ရေးခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)


May 23, 2008

နာဂစ်ရဲ့ သမိုင်း


( နာဂစ် လေမုန်တိုင်း အပေါ်မူတည်ပြီး ရေးဖွဲ့ကြတဲ့ ကဗျာတချို့ကို ကျနော်နှစ်သက်လို့ ကျနော့်ရဲ့ဘလော့ဂ်မှာ တဆင့်ကူးယူဖော်ပြသွားချင်ပါတယ်။ ဒီကဗျာကတော့ မိုးမခ မီဒီယာအွန်လိုင်းမှာတင်ထားတဲ့ ဆရာဝင်းပေါ်မောင်ရဲ့ ကဗျာဖြစ်ပါတယ်။ )


ဧရာဝတီရဲ့ ရင်နှစ်သားဟာ
နာဂစ်ဓားဖျားမှာ ပြုန်းပြုန်းကျေခဲ့ရပြီ။

ငါတို့မှာ အပြစ်မရှိပါဘူး
ချစ်သောဧရာဝတီမှာ ခေါင်းထိုးလို့
မိုးစပါး နွေးစပါး, သားငါးတွေ ဖွေရှာလို့
ပြည်မြန်မာကို ငါတို့ ကျွေးမွေးနေတာပါ။
ငါတို့မှ အပြစ်မရှိပါဘူး
နာဂစ် တကယ်ကြမ်းမယ်မှန်း သိရင်
ရရာလမ်းက ပြေးနှင့်မှာပေါ့
ခုတော့ ငုတ်တုတ်ကြီး လည်စင်းခံရတာ
ဧရာဝတီရယ်… ငါတို့ကို ခွင့်လွှတ်ပါ။

ငါတို့ ဘိုးဘွားတွေ ထားခဲ့တဲ့
ပုထိုး, ဘုရား, လယ်, ရွာ, အင်းတွေ
ခုချက်ချင်း ငါတို့ မျက်စိအောက်မှာ
ကွယ်ပျောက်ခဲ့ရပါပကော။

ငါတို့ခေတ်ရောက်မှ
မြေပုံအသစ် လူအသစ်နဲ့
ပုံပြင်အသစ်တွေ ပြောကြရမယ့် အဖြစ်
ကမ္ဘာဦးပဲ ဖြစ်လိုက်ပါတော့။

ငါတို့ ရွာအမည်တွေကို
နာဂစ်က ဒဏ္ဍာရီထဲ အဓမ္မ ဆွဲချ
ငါတို့ ဆန္ဒမဲတွေကို
နအဖက စစ်ကျွန်ဘ၀ထဲ အဓမ္မ ဆွဲချ
သေမင်းလက်က ရုန်းထွက်ခဲ့ရ ပြီးတောင်မှ
ကူညီမဲ့ဘ၀ထဲ တခါ ပြန်ဆွဲချနေကြ။

ဧရာဝတီမှာ
နို့တိုက်မယ့် အမေလဲ မရှိ
နို့စို့မယ့် သားလဲ မရှိ
အဖေလို့ ခေါ်မယ့်သူလဲ မရှိ
သမီးလို့ ခေါ်မယ့်သူလဲ မရှိ
ချက်စရာ ဆန်လဲ မရှိ
ထမင်းစားမယ့် သူလဲ မရှိ
နဂိုတည်းက မရှိတဲ့ ဘ၀တွေထဲ
မရှိခြင်းနဲ့ပဲ အဆုံးသတ်လို့။

ဆူနာမီက အဖြစ်ဆိုးပေမဲ့
အဖော်အပေါင်း နိုင်ငံတွေ ရှိသေးရဲ့
နာဂစ်မှာတော့ ငါတို့ချည်း
ထီးထီးပါလား ကွယ်ရို့။

သားတယောက်လုံး ကျေမွသွားမှတော့
အမိဧရာ နှလုံးလဲ ဆတ်ဆတ်ခါ နာလှပေါ့
ဒါနဲ့တောင် နှလုံးသား မရှိသူတွေက
ဘာမှ မဖြစ်သလို စတိုင်ထုတ်ပြီး
စာရွက်စုတ်ကောက်ဖို့ပဲ လုံးပမ်းနေလေရဲ့။
ဝမ်းဗိုက်ကို ဓားထိုးခံရလို့
ဆတ်ဆတ်တုန်နေတဲ့ မြန်မာပြည်ကို
စစ်မီးပုံထဲ ထိုးချဖို့ သူတို့ ကြိုးစားနေလေရဲ့။
နာဂစ်ရဲ့ အရိုင်းဟာ
ငါတို့အတွက် သမိုင်း ဖြစ်လိမ့်မယ်။
နာဂစ်ရဲ့ အဖြစ်ဆိုးက
အာဏာရှင်ကို အမြစ်ချိုးလိမ့်မယ်။
ချစ်သော ဧရာဝတီမှာ
ငါတို့ သက်သေတည်ကြမယ်။
ကြိမ်မီးအုံး နှလုံးသားတွေကို
ထောက်ခံမဲနဲ့ လာဆွရင်
မီးဟုန်းဟုန်း တောက်ကုန်ကြလိမ့်မယ်။
လိမ်လည်မှုတွေ အကုန်လုံး
အလုံးစုံ ပျက်သုဉ်းရေးမှာ နိဂုံးချုပ်လိမ့်မယ်။ ။

May 19, 2008

မုန်တိုင်းကို ဖြတ်လာရတဲ့ စာ


စနေ ညနေ
လမ်းပေါ်မှာ သစ်ပင်တွေ
ဓါတ်တိုင်တွေ
ဆိုင်းဘုတ်တွေ …
ပြီးတော့ …
လူတွေ . . .



သစ်ပင်တွေ အမြစ်ကနေ ကျွတ်
ဓါတ်တိုင်တွေက သုံးပိုင်းစီ ကျိုးကြေ
ဆိုင်းဘုတ်တွေက တွန့်လိမ်ကောက်ကွေး
ဘီးလ်ဘုတ်ကြီးတွေ ထက်ပိုင်းကျိုး၊ တုံးလုံးလဲနဲ့
လူတွေက လက်ထဲမှာ
ရသမျှ ရိက္ခာ လိုက်ဝယ် …
ကျွတ်ကျွတ်အိပ် ကိုယ်စီ …
ငိုနေတဲ့ လူ မရှိ
ညည်းတွားနေတဲ့ လူ မရှိ
ကြောက်ရွံ့နေတဲ့လူ မရှိ
ဗမာတွေ …
သိပ်မာတဲ့ ဗမာ …
ထုသား ပေသား ကျနေတဲ့ ဗမာ။
ဘယ်သူကမှ ဘယ်သူ့ကို မသနားနိုင်
ဘယ်သူကမှ ဘယ်သူ့အတွက် သူရဲကောင်းမလုပ်နိုင်
အားလုံး ဆုံးရှုံးကြ
အနည်းနဲ့ အများပဲကွာတယ်
လူတိုင်း ဆုံးရှုံးကြတယ်။
လူတိုင်းထိခိုက်ကြတယ်။ --
အိမ်နီးဝန်းကျင်ကို လိုက်ကြည့်မိ
ရန်ကင်း ချမ်းမြေ့အောင်နားကမီးပွိုင့်ကြီးက လမ်းကို ကန့်လန့်ဖြတ်
ဘေးက မဟာဓါတ်အားလိုင်းနဲ့ ကြိုးတုတ်တုတ်ကြီးတွေက လမ်းကို တား
ဖြတ်သွားဖြတ်လာတွေက အဲဒီကြိုးတွေကို တစ်ကြိုးကျော်၊ တစ်ကြိုးအောက်က
ခေါင်းငုံ့လို့ သွားကြရ …
သစ်ပင်ကြီးတွေက လမ်းကိုပိတ်
ရေက လူပေါ်ကို တွယ်တက်
ရန်ကင်းစင်တာ ဆိုင်းဘုတ်တစ်ခြမ်းမဲ့
မှန်တွေလည်းကွဲ
စက်မှု ၁ လမ်းကွေ့မှာ ဓါတ်တိုင်နဲ့ သစ်ပင်ကြီးက လမ်းကိုဖြတ်ပိတ်လို့
ပြည်ထဲရေးဝန်ကြီးရုံးရှေ့က သစ်ပင်ကြီးကလည်း လမ်းတစ်ခုလုံးကို ပိတ်ထားတယ်။
တာမွေအ၀ိုင်းထိပ်ဘက် ရွှေညောင်ပင်ကြီးက အမြစ်ကနေကျွတ်
အနားက ဘီးလ်ဘုတ်ကြီးက လမ်းတစ်ခုလုံးကို ပိတ်
အ၀ိုင်းထပ်ကနေ သင်္ကန်းကျွန်းဘက်သွားတဲ့လမ်းလည်း ပိတ်ရောပဲ။
ကျောက်မြောင်းကတော့ တိုက်ခန်းများလို့ ထင်ပါရဲ့။
အပင်တွေ နည်းနည်း သက်သာတယ်
ထိတယ် ဆိုပေမယ့် ရန်ကင်းနဲ့ ဆရာစံ ရပ်ကွက်လောက် မထိ
အမိုးပွင့်သွားတဲ့ တိုက်ခန်းတွေတော့ ရှိသပေါ့။။
တောင်ဥက္ကလာဘက်မှာ
လမ်းမှာ လူတိုင်းက ဓါးတစ်လက်စီ
တစ်ချို့က ပုဆိန်တွေနဲ့
လဲသမျှ သစ်ပင်တွေကို ခုတ်ထွင်နေကြ
ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေလည်း ဓါးတလက်စီနဲ့
သစ်ပင်တွေ ထွက်ခုတ်နေတယ်။
သူတို့တွေပဲပေါ့ …
မနှစ်ကလည်း လူတွေ စားဝတ်နေရေး ပူ လွန်းလှလို့
လမ်းပေါ်ထွက် လမ်းလျှောက်ခဲ့ကြသေးတာ …
အခုတော့ ဓါး ကိုယ်စီနဲ့ ။
သစ်ပင်ပိတဲ့အိမ်တွေကို အရပ်က လူအားနဲ့ ၀ိုင်းရှင်း
တချို့အိမ်တွေက လက်ဘက်ရည်ဖိုးထွက်ပေးတာကို
အတင်းငြင်းပြီး ထွက်ပြေးသွားတဲ့ ချာတိတ်တွေ …
လက်မောင်းမှာ ဆေးမှင်တွေ
နားမှာ နားကပ်မည်းလေးတွေ
ခု လက်ထဲမှာတော့ လွှတွေ ဓါးတွေနဲ့။
သူတို့ပဲပေါ့ …
မနှစ်က ဘုန်းကြီးတွေ လမ်းပေါ်ရောက်တော့
ဘေးက လက်ချင်းချိတ်ပြီး
ရဲရဲကြီး ရှေ့တက် လိုက်ခဲ့တာ။
ခက်တာက ဓါတ်တိုင်နဲ့ ဖုန်းတိုင်တွေ
ကြိုးတွေကိုလည်း မဖြတ်ရဲ
တိုင်တွေကိုလည်း ဘေးဖယ်မရ
လမ်းတွေကို အများဆုံး ပိတ်နေတာက အဲဒါတွေ …
သက်ဆိုင်ရာဆိုတာကလည်း (တယောက်ဆို တယောက်မှ)
လမ်းပေါ်မှာ မတွေ့ရ
ကိုယ့်အရပ် ကိုယ် တာဝန်ယူထားကြရတာ
ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကား
ဂျာမာန်တွေနဲ့ မဟာမိတ်တွေ ဥရောပ မြို့ပျက်ကြီးထဲမှာ စစ်တိုက်နေတဲ့အခန်း
ရုပ်ရှင်မှာ ကြည့်ဖူးကြသလိုမျိုး
အဲဒီအတိုင်းပဲ …
ရန်ကုန်မြို့ကြီးတစ်ခုလုံးဟာ
စစ်ဘေးစစ်ဒဏ်တစ်ခုကို အကြီးအကျယ်သင့်မြို့ပျက်ကြီး
တကယ့်ကို မြို့ပျက်ကြီး
အိမ်ပျက် သူတို့
ရရာ အထုပ်တွေ ဆွဲလို့
လမ်းပေါ်မှာ လျှောက်နေကြတယ်။
မုန်တိုင်း မတိုင်ခင်နေ့က
ညဆိုင်းဆင်းရတဲ့ အလုပ်သမတွေ
အလုပ်ခွင်ရှိတဲ့ စက်ရုံ အလုပ်ရုံတွေကနေ
ကိုယ့်အိမ်ရှိရာကို လမ်းလျှောက်ပြန်လာနေ
လက်ထဲမှာ ချိုင့်ကိုယ်စီ
မျက်နှာတွေမှာ စိုးရိမ်ပူပန်မှုကိုယ်စီ
အပျက်အစီးပုံကြီးထဲက ကိုယ့်အိမ်
ဘာများဖြစ်နေလေမလဲလို့ … စက်ဘီးတွေနဲ့ သွားနေတဲ့လူတွေ
အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေ
သွပ်တွေ သံတွေ လာဝယ်သူတွေ
ကျိတ်ကျိတ်တိုး
တန်းစီ
မိုးကာဖျင်ရောင်းတဲ့ဆိုင်တွေလည်း
လက်မလည်ဘူး …
အမိုးပွင့်အိမ်က ယာယီမိုးလိုသကိုး။
တိုင်းမှူးလို့ ယူဆရတဲ့ တယောက်
လဲန်ခရူဇာ အဖြူတစ်စင်း
အဲကွန်းဖွင့်ပြီး
လုံခြုံရေးကားတစ်စီး ခြံရံ
အပျက်အစီးတွေကြား
တိုးဝင်လို့ရသလောက် လိုက်ကြည့်နေတာ တွေ့ရတယ်။
မီး မရှိ
ရေ မလာ
ဈေး မရှိ
စတိုးဆိုင်တွေနဲ့ ကုန်ခြောက်ဆိုင်တွေ မဖွင့်
ဘယ်မှာလဲ စွမ်းအားရှင်
ဘယ်မှာလဲ ကြံ့ခိုင်ရေး
ဘယ်မှာလဲ အမျိုးသမီးရေးရာ
ဘယ်မှာလဲ ပြည်သူ့ရဲ
ဘယ်မှာလဲ တပ်မတော်သား
သြော် …
သူတို့လည်း ကိုယ်တို့လို လောကီသားတွေပေမို့၊
တို့တွေလိုပဲ
မိုးထဲ ရေထဲမှာ
အိုးမဲ့ အိမ်မဲ့ ဖြစ်သူကဖြစ်
ဘ၀ပျက်သူတွေက ပျက်
သေတဲ့လူတွေ က သေ
ငတ်တဲ့လူတွေက ငတ်လို့ … အိမ်ကြက်ချင်း အိုးမည်း သုတ်ခဲ့တာ။
အခုတော့ ကြက်ခြံထဲက
ကြက်တွေက
ဒီကြက်ခြံကြီး ဒုက္ခရောက်တော့
အတူတူ ရောက်ကုန်ကြရပြီ။
တို့ကို ရိုက်ခဲ့တဲ့ လူတွေ
တို့ကို ပစ်ခဲ့တဲ့ လူတွေ
တို့ကို သတ်ခဲ့တဲ့ လူတွေ
ဒါပေမယ့်
သူတို့နဲ့ တို့နဲ့ အတူတူပဲ
တို့နဲ့ သူတို့နဲ့ အတူတူပဲဆိုတာ
သူတို့ စဉ်းစားမိကြရဲ့လား။
တွေးမိကြရဲ့လား။
တွေးမိကြပြီလား။
အယုတ်အလတ် အမြတ်မရွေး
နာဂစ်က အားလုံးကို ထိပါးခဲ့ပြီ။
အရေးကြီးတော့ သွေးစည်းရတော့မယ်။
ဒီအခက်အခဲကြီး
ဒီအပျက်အစီးပုံကြီး
တို့တွေ အားလုံး အတူတူ
ရင်ဆိုင် ဖြတ်သန်းကြရတော့မယ်။
အတွေးတွေ အများကြီးနဲ့ မိုးချုပ်သွားခဲ့
မှောင်မည်းနေတဲ့လမ်းတွေပေါ်မှာ
လူတွေ
လူတွေ
လူတွေ
မနားတမ်း လမ်းလျှောက်နေကြရတုန်းပဲ။ ချစ်သူကို ပြောမိတယ်။
ကိုယ် နိုင်ငံရေးလုပ်တာ
ကိုယ် အခြေခံဥပဒေကို မထောက်ခံတာတွေဟာ
ဒါတွေကြောင့်ပါ … လို့။

တကယ့်ဒုက္ခမှာ
တနိုင်ငံလုံး
ကိုယ်တို့တွေ ရှောင်နေလို့ရတာ မဟုတ်ဘူး။
ဒုက္ခကို အားလုံး အတူတူ ခံစားကြရမှာ။
ကိုယ်တွေက လုပ်မနေပါနဲ့
ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဆိုပြီး
ကိုယ်လွတ်ရုန်းလည်း
တချို့သော ကိစ္စတွေဟာ ရုန်းလို့မလွတ်နိုင် …
နိုင်ငံရှိတဲ့ လူတိုင်းမှာ
ကိုယ့်နိုင်ငံ ကောင်းအောင်
လုပ်ပေးဖို့ တာဝန် ဆိုတာ ရှိတယ် …
အဲသည်မှာ ကိုယ်တို့တွေ ပြန်စရာ
အေးရိပ်သာယာ အိမ်လေး
အားလုံး ကိုယ်စီမှာ ရှိကြမယ်။
ခုတော့ …
လူတွေ လူ တွေ လူတွေ …
မနားတမ်း လမ်းလျှောက်နေကြရတုန်းပဲ။ ။

ကောင်းကင်ပြာ
မေ၊ ၁၁၊ ၂၀၀၈
(ဒီကဗျာဟာ မိုးမခမီဒီယာအွန်လိုင်းမှာ တင်ထားတဲ့ ကဗျာပါ။ ကျနော်နှစ်သက်လို့ တဆင့်ကူးယူဖော်ပြလိုက်တာပါ။)

May 08, 2008

ပဉ္စလက်တောင်တန်း


ကျနော် ...
၁၉၉၃ - ခုနှစ်ထဲမှာ
တပ်မဟာ (၁) နယ်မြေလို့ခေါ်တဲ့
ဖါးအံ၊ ဖါပွန်၊ ကျိုက်ထို၊ သထုံမြို့နယ်တွေဆီ
ခရီးထွက်ခဲ့ရပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ ကွင်းဆင်းသတင်းထောက်အဖြစ်နဲ့ သွားခဲ့ရတာပါ။
အဲဒီအတွေ့အကြုံတွေအပေါ်မူတည်ပြီး
“ပဉ္စလက်တောင်တန်း” ကဗျာရှည်တပုဒ်ကို ရေးခဲ့ပါတယ်။
ဒါကို ... ချစ်မိတ်ဆွေ ကဗျာဆရာ “ယောဟန်အောင်” က
အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့ပါတယ်။
အခု ...
“ပဉ္စလက်တောင်တန်း” ခရီးသွားကဗျာရှည်ကို
အင်္ဂလိပ်ဘာသာပြန်နဲ့တွဲပြီး ဖော်ပြလိုက်ပါတယ်။



(၁)

အိပ်ယာထစေါတဲ့
ဥသြငှက်ဟာ
နေရောင်တံစက်မြိတ်မှာ
ပိတ်ထားတဲ့ လောကတံခါးကို
သီချင်းနဲ့ တွန်းဖွင့်လိုက်တယ်။

ငါ ပုန်းအောင်းအိပ်စက်ခဲ့ရာ
ကျောက်တောင်ရဲ့ထိပ်
နေရောင်လွလွ ဖွဖွဆဆ
ရွရွဆိတ်ဆိတ် သွေးစဖိတ်ကျ
လောကဆည်းဆာ ကဗျာအဖြစ်
ငါ ချစ်လိုက်မိ။

တောင်ခြေအောက်က
ကျွဲခလောက်သံထဲမှာ
စံပယ်နံ့ကို ငါရှူတယ်။
ဖြူညစ်ညစ် နှင်းထုအောက်
အပြာနုနုကို ထွင်းဖောက်ကာ
သံလွင်မြစ်ကို ခြေရာကောက်နေမိတယ်၊
ကမ္ဘာ့တဖက်ခြမ်း
မီးတောင်နှုတ်ခမ်းက
ပန်းထွက်လာတဲ့ မီးလျံတွေထဲမှာ
“ဗေါ်ဒလယ်” ရဲ့ ငရဲပန်းများကိုမြင်လိုက်ရ
သူ့ရဲ့
မီးလိုပူပြင်းလှပ
ညလို တိတ်ဆိတ်စွာပေါက်ကွဲ
ကဗျာထဲက
ဒဏ်ရာရနေတဲ့ ၀ိညာဉ်များ
ငါ့ထံ
ပျံသန်းလာကြပေါ့။

(၂)
“မိဆိုင်းတောင်” ဟာ
ကာလမည်မျှကြာအောင် အိပ်ချင်ယောင်ဆောင်ခဲ့ပြီလဲ။
သူ ဒီလိုနဲ့
သမုဒ္ဒရာကြီးအောက်က ကုန်းထခဲ့။

သူ ဒီလိုနဲ့
စမ်းချောင်းများစွာ မှုတ်ထုတ်ခဲ့။

သူဒီလိုနဲ့
လူသားတချို့ကို ချွေးးသုပ်
လူသားတချို့ကို မွေးထုတ်ခဲ့။

အခုတော့
သူဟာ
ကြီးမြတ်လှတဲ့
သဘာဝရဲ့ဘဝ
သမိုင်းရဲ့ သင်္ကေတဖြစ်ခဲ့ပြီ။
သူ့ကို
အဝေးကမြင်ရတော့ လှတယ်
အနားကိုရောက်တော့ ကြောက်တယ်။
သူ့ကိုတို့ထိရတဲ့အခါ
သူ့ရေကို သောက်တဲ့အခါ
လုံခြုံနွေးထွေး သွေးချင်းပေါင်းစပ်
သူနဲ့ငါ
တစ တစ နီးကပ်လာခဲ့။
အခုတော့
သူ့လည်ပင်းမှာ ငါတွဲခိုစီး
သီချင်းငြီးခဲ့။
သူ့ခေါင်းပေါ်ကပန်းတွေ ငါချွေခဲ့။
သူ့လက်ပေါ် ငါအိပ်ပျော်ခဲ့။
သူ့နဖူးထိပ်မှာ ငါရပ်နေဆဲ
ကွင်းပြင်ထဲက တောအုပ်တွေ
ခြုံပုတ်လေးတွေ ဖြစ်သွားပေါ့။
“မိဆိုင်းတောင်” အောက်မှာ
အရာဝတ္ထုများ
“၀ိုင်းယက်” ရဲ့ ပန်းချီကားလို
အပြားလိုက် အလျားလိုက်မြင်နေရ
အဲဒီမှာ ဂျူးဗန်းရဲ့ “ကာလယန္တယား”
ငါ ငှားပြီးစီးခဲ့။
ဟိုအဝေးဆီက
အစိမ်းရောင် အုန်းတောထဲ
သေမင်းတမန်များ
ပျံဝဲခုန်ဆင်းသွားကြ။
“ဒုံသမိချောင်း”အနောက်ဖက်ကမ်း
ရန်သူ့စခန်းဆီက
သွေးညီနံ့တွေ လေထဲလွင့်ပါ။
တခါတလေ
ဟောဒီ တောင်ခြေတောစပ်မှာ
ရန်သူ့တပ်တွေ ငါမြင်ခဲ့။
နေ့ အခါ
ရန်သူဟာ မိဆိုင်းတောင်အမြီး
ဖွတ်မြီးထိုးကြ
မိဆိုင်းတောင်ခြေဖျား ဓါးနဲ့လှီးကြ။
ညနေကြတော့
ဒန်အိုးဒန်ခွက် ကြက်၊ ၀က်၊ ဘဲနဲ့
ထမိန် အင်္ကျီများကို သယ်ဆောင်ကာ
ပြန်လာခဲ့ကြ။
မိဆိုင်းတောင်ခြေ ငှက်ပျောစုမှာ
လူထုဆီက လုယူခဲ့သမျှ
ဝေစုခွဲကြ။
ပြီးတော့မှ တပ်စခန်းတွေဆီ
ရင်ကော့ပြီး ပြန်သွားကြ။

ကျုံစိန်ကြိုးဝိုင်းကြီးထဲမှာ
လူတကိုယ်စာ အိပ်ယာငယ်များ
တောစပ်ချောင်းဘေး
မောင်းထောင်းသံများ ဆိတ်သုန်းသွားပေါ့။
ဖေါ်မဲ့တောင်ကုန်း
တောင်ယာတောပြုန်း ယောင်ထုံးတွေပြေ။
တောကြီးမျက်မည်းထဲက
မယ်ဒလင်သံထဲမှာ
ဘုရင်တပါးရဲ့စည်းစိမ်မျိုး
“ဘီသိုဗင်” ရဲ့ သုခုမပိုး
နိုးကြားပင့်သက်
ငါ့ နှလုံးသားထက် ဆူးခက်ချဆွဲ။
“ဘောသပြု” တောင်ပေါ်မှာ
“ကမော့ကဆိုင်း” တောင်ပေါ်မှာ
လေဟာ
ယုန်တကောင်ခုန်သလို
ကဆုန်ချပြီး ရောက်လာတတ်ရဲ့၊
အမျိုးအမည်မသိ
ပန်းရနံ့များက သီချင်းဆိုလျှက်။

“ဆံပင်ရှည်မထားရ
နှုတ်ခမ်းမွှေး မထားရ
ပုဆိုးစလွယ်မသိုင်းရ”
ထူးခြားတဲ့ အမိန့်စာတရွက်
ငါ့ လက်ထဲမှာ ... ။

ကောက်သူမဲ့ အင်ဖက်တွေ
အထက်နီ အောက်နီ
တတောတတောင်လုံးနီ။

ငါ
စကောနှစ်ချပ်စာ
ကျွဲလူးအိုင် ရေတခွက်
မြိန်ယှက်စွာသောက် ဗိုက်မှောက်ပြီးအိပ်စက်ခဲ့။
ဒူးရင်းပွင့်တွေ
လေထဲမှာ
ဆိုနင့်ကွဲကြွေ မြေပြင်ထက်
သက်ဆင်းလာကြပေါ့။

ညက
လရောင်မှန်ကွဲ
ငါ့အသည်း၌ စိုက်ဝင်စူးခဲ့။
လရောင်တခု မှန်ကွဲတစ
ဘ၀တခုထက် မြိန်ရှက်ချိုမြ
“မော်ပါဆွန်း” ရဲ့ လရောင်ည။
အချိုးအဆ
လှပစွာပေါင်းချုပ်
တစတစ ရုပ်သိမ်းသွားတဲ့ငှက်သံတွေ
ငါစောင့်ကြည့်နေမိ။
ပန်းတပွင့်
ငှက်တကောင်
လှောင်အိမ်တခု မြစ်တစင်း
သီချင်းတပုဒ်
ဧကဒုက္ခ အထီးကျန်ဘဝ
ညကို ငါကြောက်ခဲ့။
ငါ့အသည်းမှာ
ကဗျာတကြောင်းနဲ့ ပေါင်းစပ်ပြင်ဆင်
ရှင်သန်အားခဲ ဇွဲခပ်ထားမိ။
ဟိုးအဝေးဆီမှာ
တောင်ယာမီးစွဲ အမှောင်ထဲ
ရဲရဲစူးစူး ဖူးကြပွင့်ကြ။
လေအသုပ်မှာ တောအုပ်အလည်
ချေငယ်ဟောက်သံ
ကျောက်နံရံချောက်ထဲ
ပေါက်ကွဲစင်ကျ ညကိုရိုက်ပုတ်
တုန်လှုပ်သွားခဲ့။
အမှောင်ထဲမှာ မကြာခဏ
သစ်ရွက်ခြောက်တွေ
လေသင့်တဲ့အခါ ကြွေကျသွားကြ။

အိပ်မက်ထဲမှာ
“ဒီမိုကရေစီ ဒေါ်မကြည်” ကိုတွေ့ရတယ်။
မီးခိုးအူနေတဲ့
ပိုင်ရှင်မဲ့ နှမ်းတပုံကိုတွေ့ရတယ်။
“ဆာအိဂျိုး” ရဲ့
“ခြောက်ခြားဘွယ်ညနေ” ကို
ဖြတ်သန်းရတယ်။
မီးလောင်နေတဲ့ နှလုံးသားပေါ်
အနမ်းတွေနဲ့ တက်ခဲ့တယ်။
ငါ့ရဲ့ ရွှေငါးကြင်းတကောင်ဟာ
သူ့အတွက် ငရဲတွင်းတခုဖြစ်ခဲ့တယ်။




(၃)

အို “ဒုံသမိချောင်း”
သင့်ဦးခေါင်းမှာ စကားဝါပန်း ဆင်မြန်းထားတာ
ငါသိတယ်။
သင်ဟာ
ရာဇ၀င်သစ်ကို ချစ်တဲ့
သံလွင်မြစ်ရဲ့
သမီးငယ်တပါး ဆိုတာ ငါသိတယ်။
စစ်တောင်း
ခပေါင်း
ပေါင်းလောင်း
နှစ်ပေါင်းထောင်ချီ
ကမ္ဘာတည်သမျှမှာ
အမွှာညီအမပမာ ငါသိတယ်။
သင့်ရဲ့
မြစ်ကမ်း မြစ်ဝှမ်းတွေဟာ
သေဆုံးသွားကြရတဲ့
ဘိုးဘွားတွေရဲ့ သင်္ချိုင်း မြေဆိုတာ
ငါသိတယ်။
သင့်ရဲ့ လက်မောင်းပေါ်က
တောင်စောင်း တောင်ကုန်းတွေမှာ
ဗုံးဆံတစနဲ့
ကြေမွနေတဲ့အရိုးတွေ ဖုံးနေတာ
ငါသိတယ်။
ကျုံစိန် ကြိုးဝိုင်းကြီးဆိုတာ
တထောင့်တည နတ်ဆိုးကိုဆုံးမ
အဓမ္မခေတ် ကျဆုံးခန်း
အနာဂတ်ခြေတလှမ်း
ပန်းတို့ ပွင့်ရာ
ကဗျာ ... ... ... ။

တကယ်တော့လည်း
“ဟပ်သလိုက်ကျေးနယ်” တခုလုံးဟာ
ကဗျာတပုဒ်ဖြစ်တယ်။
ဖလံတောင်ရွာသူ
“မရေသူ” ရဲ့ ငိုရှိုက်သံဟာ
ကဗျာတပုဒ်ဖြစ်တယ်။
“ကမော့ကစိုင်း” တောင်ထက်က
အေးစက်တဲ့ကျောက်တုံးတချို့ဟာ
ကဗျာတပုဒ်ဖြစ်တယ်။
သံလွင်မြစ်ကြေ လှေသမ္ဗာန်တွေပ်ါက
နေရောင်ခြည်ဟာ ကဗျာတပုဒ်ဖြစ်တယ်။
ပါးရိုက်ခံရတဲ့ သူကြီးမ “ဒေါ်စောမြိုင်” ဟာ
ကဗျာတပုဒ်ဖြစ်တယ်။
လူသူတိတ်ဆိတ်
အိပ်ပျော်သွားကြရတဲ့ ရွာကလေးတွေဟာ
ကဗျာတပုဒ်ဖြစ်တယ်။
ဖလံတောင်ရွာ စာသင်ကျောင်းထဲက
“အသံအက်သွားတဲ့ခေါင်းလောင်းကလေး” ဟာ
ကဗျာတပုဒ်ဖြစ်တယ်။
“ကျုံစိန်” ရွာထိပ်က သစ်ပင်
ရွာဝင်နတ်စင်
“နော်အောလာ” အရှေ့ဖက်က လယ်ကွင်းပြင်
မြင်မြင်သမျှဟာ ကဗျာတပုဒ်ဖြစ်တယ်။

“မောင်လွမ်းဏီ” ရေ
ဒါတွေကိုလည်း
ဘယ်သူငြင်းမလည်းလို့ မေးစမ်းအုန်းပ။ ။

၁၈၊ ၂၊ ၁၉၉၃
ခေတ္တ - သထုံခရိုင်

Magical Mountains
(A Traveler's Epic)

1.
Koel ,
An early bird,
Pushes open the shut-doors of the world
With her songs,
Along the rays of a new day’s sunlight.


I…
At the top of the rock,
Where I hid and slept last night,
Sunlight showers gracefully and willowy,
With the color of stark blood-- oozing out all over the mountains.
I watch the morning and
See it as an affable poem.

I observe and sense jasmine,
In the sound of cattle-bells,
Which rise to me from the bottom of the mountain.

I wonder where the foot-path of the Salween starts and ends,
Amidst the dirty-white smog,
Hovering along the blue mountain ranges.

I see the hell-flowers of Baudelaire ,
In the fire which sprouted from volcanoes,
Located on the other side of the world.

The hell-flowers,
Which are beautiful like fire and
Burst loud in the silent night,
And then the injured spirits of his poem,
Fly wildly towards me.
2.
How long has the “Mee-Seng mountain”
Pretended to be fast asleep?

He, eventually, has ascended from the floor of the ocean and,
He, eventually, has rid himself of dirty mud,
He, eventually, has gulped many springs of sweet water.
He, eventually, has ceased the toil of some and allowed them to rest on his shore and
He, eventually, has conceived people in his womb.

Now he, the Mee-Seng mountain, has become a historic symbol of
Magnificent mother nature, the beauty parlor of the world.

From afar he is seen as beautiful,
But draw closer, and he creates fear.
Then when I touch him,
When I drink his water,
I feel safe and warm,
Like our blood is in a swamp together,
Which makes us near to each other.
Now I am dangling from his neck and singing a song.
Now I am picking flowers from his scalp.
Now I am sleeping on his palm.
When I stand on his forehead,
The forests below look like small shrubs to me.

The landscape far below Mee-Seng mountain,
Spreads flat and horizontal like a painting of "Wyette".
Then I borrow and ride the vehicle from Jules Verne,
To travel, yearning for the future.

The devils flew and jumped down,
To the green coconut forest, located far below.
Then I sense the odor of blood
From the hostile forces’ camp,
Located on the opposite side of the Don-tha-mi river.

Sometimes, I see
The hostile forces,
In the brush at the bottom of the mountain.
During the daytime,
The hostile forces are pig-tailing the extremes of the Mee-Seng and
Slide to the bottom of Mee-Seng.
Then in the evening,
They came back to Mee-Seng, bringing pots and pans, livestock, and clothing,
Whatever they had robbed from the villagers.

The hostile forces shared
The stolen property,
Under the shade of banana-forest at the bottom of Mee-Seng,
Where, with heart-ache, I watched almost daily.

Then they go back to their barracks,
Arrogantly and proudly.

A silent night in the Kyone-Sein forest-reserve,
Where temporary sleeping-beds and
The rest of rice-pestle-bowls are scattered,
Along the small stream,
Where there are the essentials for a war-torn people’s subsistence living.

There are lonely hills,
Bald and dried by slash-and-burn farms,
Like a scalp losing its scattered hairs.

I heard a mandolin’s melody,
In the midst of vast forest,
It felt like a king’s luxury.
Though it awaked my aesthetic inkling,
With Beethoven's beating heart,
Itching and tickling my innards,
Like thorns gripping and dragging my heart.

On the ridge of Baw-tha-byu,
On the ridge of Ka-maw-ka-seng,
The whirlwind comes like hopping rabbits,
Singing along like flowers' scents,
Hardly identified by me.

Prohibition orders from the army,
“Do not wear your hair long,
do not grow a beard,
do not dangle your Longyi on your shoulder. ”
Where in this particular area and
The flyer with strange orders
Came to my hand

I see the falling leaves of Inn ,
Nobody dares to pick them up now,
They are red on top and red underneath,
Turning the entire mountain range into a red beacon.

I, dehydrated by the weather
Drank water from a small pond,
Its circumference a meter,
Then slept gratified.

Durian flowers,
Felled to the ground,
A heart-breaking story.

Broken glasses aglow with the night’s moonlight,
Scattered, they pierce my blossom,
But that might be the night of “Maupassant”,
When broken glass is sweeter than real life.

I watch the bird come home to sleep,
Which beautifully and systematically
Sews and weaves in its song, composition and structure.

I fear the night will be falling,
By solitarily watching
A flower,
A bird,
A cage,
A river, and
A song.
From the experiences, I prepare
To write poem in one day,
And start with a sentence of poem
In my mind.

Far, far away,
Slash-and-burn farms are blossoming with
Rough flowers and
Brightly bold, but in the dark.

When the breeze whirls in the forest,
The sound of the barking deer cries out in the forest and
Vibrates and bursts in the rock-cracks.
That makes it night again, awake and tremor.
Frequently, the dried leaves fall to the ground,
Seemed long on their duty.

I saw “Democracy Daw Ma Kyi”
In my dream.
I also saw an ownerless
Smoked sesame seed collection.
I passed through
Sir Eijoe’s “Haunting Evening”.
I climbed onto the hearts on fire
With kisses.
What for me is a golden fish,
For them is Inferno’s dungeon.

3.
Oh! Don-tha-mi river,
I know you pick up and place Zagawar flowers
On your head.
I know you are a princess of
A new history-loving King Salween.
As Sit-taung,
Kha-baung,
Paung-laung Rivers,
I know you are twin-sister of theirs
For thousands of years,
As long as the world exists.
I know your river-banks and valleys are
The graveyards of deceased grandpas and grandmas.
I know crushed human bones and bombs are embedded
In your shoulders and on your slopes.

I know, the Kyone-Sein forest-reserve is the place,
Like a thousand-and-one nights’ stories,
Where evil is defeated and
Where the immoral era will be terminated and
Where the first step to the future can start and
Where flowers will blossom.
I know where there is the whole poem.

Really, I know
The whole Hut-tha-like village track is a poem.
The cry of Ma Yea Thu,
A village girl from Pha-lam Taung, is a poem.
The cold stones
Upon the Ka-maw-ka-seng range is a poem.
The sunbeam upon the boats
In the lower part of Salween River is a poem.
The village head-mistress Daw Saw Myaing,
Who was slapped by the military soldiers is a poem.
Quietly sleeping,
The village-track hidden in the forest is a poem.
The cracking-bell in the campus of
Pha-lan-taung village school is a poem.
The tree located at the up front of Kyone-Sein village,
The shrine of the spirits on that tree,
And the paddy fields seeing through the Naw-Aw-Lar village are
All poems for me.

Hey! Maung Lwan Ni ,
Shall you ask them again,
as you often do,
“Who can deny these events?”.

Nyein Wai
February 2, 1994
Temporarily in Tha-ton District, Karen State.

Translator’s Note: The poet was a journalist for a resistance radio program of the Burmese opposition, the Democratic of Voice of Burma (DVB) from 1992-1994 and he traveled extensively to the war-torn frontier areas in the Karen State to collect news regarding human rights abuses committed by the Burmese army. He was told many miserable stories by the villagers living in the area. Though he was traveling as a journalist, his poetic instinct was awakened by the beauty of nature and by witnessing the life-and-death struggles of villagers who he met during the trips.
A kind of singing bird, Eudynamys scolopacea.
The Salween is one of the main flee-lowing rivers of Burma and the author frequently uses the river as a symbol of resistance, since most of the ethnic and democracy resistance groups are based along the banks and valleys of the Salween.
Pierre Charles Baudelaire (1821-1867) was a famous French modern poet and the author quotes from the famous poem of his, “The flower of Evil” published in (1857-1861).
The poet wants to refer the classic prophetic novel of Jules Verne, "From the Earth to the Moon" (1865), a story which depicts a machine which travels to the moon. The story was written a century before the flights of the astronauts.
Sarong, worn by Burmese men and women.
Inn is Burmese name of broad-based tall timber tree yielding reddish, resinous wood. Botanical name: Dipterocarpus tuberculatus. People collect leaves of Inn tree for constructing thatched roofs, packing, and other purposes.
Sesamum indicum
The poet quotes from a poem of the Russian Poet Vladimir Mayakovsky, namely “Cloud in Pants”. Mayakovsky wrote “Look out with your boots, Messrs, firemen,
hearts on fire should be handled with caresses!”
Champac, magnolia, Michelia champaca.


May 02, 2008

တံခါးနှစ်ချပ်ကို တွန်းဖွင့်ခဲ့ကြတဲ့ ကဗျာဆရာနှစ်ဦး

(က)

လူ့ယဉ်ကျေးမှုသမိုင်းမှာ “မီး”ကို လူတွေစတင်တီထွင် အသုံးပြုနိုင်လိုက်တဲ့ စမ်းသပ်တီထွင်မှု ဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စဆိုတာ လူတိုင်းသိပါတယ်၊ ကမ္ဘာဦးလူသားတဦး ကျောက်တုံးနှစ်ခုကြားမှာ သစ်ရွက်ခြောက်ကို ညှပ်ပြီး ပွတ်ကြည့်ခတ်ကြည့်ရာက“ မီး”ကို စတင် တီထွင်ဖန်တီးယူလို့ ရလိုက်တဲ့အခါ လူ့ ယဉ်ကျေးမှုသမိုင်းကြီးဟာလည်း အသစ်ဖြစ်ထွန်းမှုကြီး ဖြစ်လာပြီး ယဉ်ကျေးမှုရေချိန်ဟာ မြင့်တက်လာခဲ့ရပါတယ်၊ သမိုင်းအချိုးအကွေ့ ကြီးတခု ဖြစ်ထွန်း ခဲ့ရတယ်လို့ လည်းဆိုကြပါတယ်။ ဒါကို ဥပမာတင်စားပြီးပြောရရင်----အဲဒီ ”မီး”ကိုစတင်တီထွင်စမ်း သပ်လိုက်တဲ့ ကမ္ဘာဦးလူသားဆိုတာ အဲဒီခေတ် အဲဒီအခါအရ တကယ့်ကိုကြီးမားတဲ့ သိပ္ပံပညာ ရှင်ကြီးသဘောပါပဲ။ ဒီကမ္ဘာဦး သိပ္ပံပညာရှင်ကြီးဟာ လူသားယဉ်ကျေးမှုကြီး ပိုမိုမြင့်မားတိုးတက် စေဖို့  ပိတ်ထားတဲ့တံခါးကို လက်နဲ့ တွန်းဖွင့်ပေးလိုက်တဲ့ သဘောဖြစ်တယ်လို့  ဥပမာတင်စားပြီး ပြောနိုင်ပါတယ်။

ဒီလိုပါပဲ------။ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်၊ ၁၉၀၄ခုနှစ်အတွင်းတုန်းက ” ဂျိန်းလှကျော်” အမည်ရတဲ့ စာရေးဆရာကြီး တဦးဟာ ”မောင်ရင်မောင်၊ မမယ်မ”လို့ အမည်ပေးထားတဲ့ ၀တ္ထု တပုဒ်ကို ရေးပါတယ်။ ဒီဝတ္ထုဟာ မြန်မာ့ စာပေသမိုင်းမှာ ”၀တ္ထု”အမျိုးအစား အနေနဲ့  ပထမဆုံး ပေါ်ထွက်လာတဲ့ အသစ်တီထွင်မှုတခုအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ စာရေးဆရာကြီး”ဂျိန်းလှ ကျော်”ဟာ မြန်မာ့စာပေသမိုင်းမှာ မရှိသေး၊ မပေါ်ပေါက်ဖူးသေးတဲ့ စာပေပုံသဏ္ဍန်သစ် တခု၊ ”၀တ္ထု”ကိုစတင်တီထွင် အသုံးပြုလိုက်တဲ့သဘောပါ ပဲ၊ တနည်းအားဖြင့်ပြောရရင် စာရေး ဆရာကြီး” ဂျိန်းလှကျော်”ဟာ၊ မြန်မာစာပေသမိုင်းရဲ့ ပိတ်ထား တဲ့ တံခါးတချပ်ကို ပွင့်အောင်တွန်း ဖွင့်ပေးခဲ့တဲ့ စာပေပညာရှင်ကြီး တဦးအနေနဲ့  ကျနော်တို့ တတွေ လေးစားကြရမှာပါ။
မြန်မာစာပေသမိုင်းမှာလည်း၊ ဆရာကြီး ”ဂျိန်းလှကျော်”လို၊ စာပေတံခါးဖွင့်ပေးခဲ့ကြတဲ့ ကဗျာဆရာနှစ်ဦးရှိပါတယ်၊ သူတို့ နှစ်ဦးရဲ့ ကျေးဇူးဟာလည်းမသေးလှပါဘူး၊ သူတို့ နှစ်ဦးရဲ့ ကျေးဇူး ကြောင့်ပဲ မြန်မာကဗျာ ဖြစ်ပေါ်တိုးတက်မှုဟာ အဆင့်တဆင့်စီ တိုးတက်မြင့်မားကျယ်ပြန့် လာခဲ့ ကြ ရတယ်လို့ အသေအချာပြောနိုင်ပါတယ်၊ အဲဒီကဗျာဆရာကြီးနှစ်ဦးကတော့ ကဗျာဆရာကြီး ”ဇော်ဂျီ” နဲ့ ကဗျာဆရာ” မောင်လေးအောင်”တို့ ပဲဖြစ်ကြပါတယ်။

(ခ)

စာပေချစ်သူများ သိရှိထားကြပြီး ဖြစ်တဲ့အတိုင်း လွတ်လပ်ရေးအကြိုခေတ် ၁၉၃၀--ခုနှစ်လွန် တ၀ိုက်က ပေါ်ထွန်းခဲ့တဲ့ ”ခေတ်စမ်းစာပေခေတ်” ဆိုတာ၊ မြန်မာစာပေသမိုင်းမှာ အထင်ကရ မှတ်တိုင်တခုပါ။ ဒီ”ခေတ်စမ်းစာပေခေတ်”မှာ ထူးခြားချက်နှစ်ချက်ရှိပါတယ်။ အဲဒါကတော့ စကားပြေနဲ့  ကဗျာ နှစ်မျိုးနှစ်စားစလုံး။ အသစ်ဖြစ်ထွန်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ် ပါတယ်။ ဒီနေရာမှာ ဆရာ ”ဇော်ဂျီ”ဟာ ”ကဗျာအသစ်ဖြစ်ထွန်းမှု”ကို တီထွင်ခေါင်းဆောင်တဲ့ သူဖြစ်ခဲ့ပါတယ်။ ဆရာ ”ဇော်ဂျီ”ဟာ၊ ခေတ်စမ်းကဗျာအမျိုးအစားသစ်ကို ပထမဆုံးစမ်းသပ်တီထွင်ခဲ့ သူဖြစ်ပါတယ်၊ မြန်မာကဗျာသမိုင်းကို သည့်ထက်ပိုမိုမြင့်မားတိုးတက်ကျယ်ပြန့် စေဖို့  ဆရာ”ဇော်ဂျီ” က၊ ပိတ်ထား တဲ့တံခါးတချပ်ကို အောင်မြင်စွာ တွန်းဖွင့်ပေးလိုက်နိုင်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။
၁၉၂၈--ခုနှစ် “ဟံသာကြေးမုံ“ စာစောင်မှာ”ပိတောက်ပန်း”လို့ အမည်ပေးထားတဲ့ ကဗျာ တပုဒ်ပါရှိ လာပါတယ်။ ရေးဖွဲ့ သူ ကဗျာဆရာက ဆရာ ”ဇော်ဂျီ” ဖြစ်ပါတယ်။ ဒီကဗျာကို ဖော်ပြ လိုက်တော့ မြန်မာကဗျာနယ်ပယ်မှာ ”ဂယက်”တော်တော်ရိုက်ပါတယ်။ အထူးသဖြင့် စည်းကမ်း ကလနားကြီးလှတဲ့ ကဗျာဆရာကြီးတွေကြားမှာ ဗုံးတလုံးခွဲလိုက်သလို ဖြစ်ပြီး ၀ိုင်းဝန်းဝေဖန် ပစ်တင်ခဲ့ကြပါတယ်၊ တချို့ ကဆိုရင်‘ ပိတောက်ပန်း‘ ကဗျာကို ”ကဗျာ”မဟုတ်ဘူးလို့ တောင်မှ ရှုံ့  ချခဲ့ကြတယ်လို့ ဆိုပါ တယ်။” ပိတောက်ပန်း”ကဗျုာဟာ မြန်မာကဗျာအဆင့်အတန်းကို နိမ့်ကျ အောင်လုပ်တာဆိုတဲ့ အထိ စွပ်စွဲခဲ့ကြပါတယ်။ ဒီလိုအုပ်အော်သောင်းနင်း ဖြစ်ရလောက် အောင် ”ပိတောက်ပန်း”ကဗျာဟာ သူနဲ့  ခေတ်ပြိုင်ကဗျာတွေထဲမှာ တကယ့်ကို ထူးခြားကွဲပြား နေတာကလည်း အထင်အရှားပါပဲ။
ဆရာဇော်ဂျီရဲ ”့ပိတောက်ပန်းကဗျာ”ကို ဖတ်ကြည့်ရအောင်ပါ၊
ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ 
နှစ်ဆန်းခါတော်မီမို့ 
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့ 
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့ 
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့ 
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့ လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့ 
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။

ခူးပါနဲ့ ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့ 
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။


”ပိတောက်ပန်း” ကဗျာနဲ့ သူ့ အထက်ကတင်ပြခဲ့တဲ့ ကဗျာကို နှိုင်းယှဉ်ကြည့်ပြီးဖတ်ကြည့် ရင်ပဲ ကဗျာနှစ်ပုဒ်ရဲ့  ကွာဟချက်ဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ချက်ချင်းသိနိုင်ပါတယ်။ စည်းကမ်းကလနားကြီးမားလှတဲ့၊ တနည်းအားဖြင့် ဂန္တ၀င်ဆန်သထက်ဆန်အောင် ရေးရဖွဲ့ ရတဲ့ ဟန်နဲ့  လွတ်လွတ်လပ်လပ်၊ ပွင့်လင်းလန်းဆန်းတဲ့ ရေးဟန်ဆိုပြီး ”ရေးဟန်” နှစ်ခုအပေါ် စာဖတ်သူ က သတိမပြုမိပဲ မနေနိုင်လောက်အောင်သိသာလှတာ တွေ့ ကြရပါတယ်။
”ပိတောက်ပန်း”ကဗျာမှာ ”မခူးချင်းစမ်းပါနဲ့ ”ဆိုတဲ့ အသုံးအနှုန်းဟာ၊ အဲ့ဒီအချိန်တုန်းက ကဗျာတွေထဲမှာ ”စာဆန်သထက်ဆန်အောင်” ”အိနြေ္ဒကြီးသထက်ကြီးအောင်” ရေးမှဖွဲ့ ကဗျာ ပီသ တယ်၊ ကဗျာကောင်းဖြစ်တယ်ဆိုတဲ့ ကဗျာဆရာတွေကြားမှာ ဗုံးတလုံးချခွဲလိုက်သလိုဖြစ်ခဲ့ တဲ့ ”အသုံးအနှုန်း”ဖြစ်ပါတယ်။ဒီခေတ်စကားအရပြောရရင် ”စကားပြောလေသံ၊ အရပ်သုံးစကား”ကို ကဗျာထဲမှာ ထည့်ပြီးဖွဲ့ လိုက်တာပါ၊ လူတွေအရပ်ထဲမှာ နေ့ စဉ်သုံးနှုန်းပြောဆိုနေတဲ့ စကားလုံးတွေ ကို ကဗျာမှာထည့် ပြီးဖွဲ့ လိုက်တာပါ။ ဖွဲ့ တာမှ ကဗျာရဲ့ အဖွင့်စာကြောင်း၊ အဖွင့်ပါဒမှာကတည်းက အခုလို ဖွဲ့ လိုက်တာပါ၊ ဒီလိုသုံးနှုန်းဖွဲ့ ဆိုလိုက်လို့ လည်း ခေတ်ပြိုင်ကဗျာဆရာတွေ ဟာ ”မျက် ကလူးဆန်ပြာ” ဖြစ်ကုန်ကြရပြီး ”ပိတောက်ပန်းကဗျာ” ကို ”ကဗျာမှ ဟုတ်ရဲ့ လား” ဆိုတဲ့ မေးခွန်း တွေမေးခဲ့ကြတာပေါ့။
”ပိတောက်ပန်းကဗျာ”ဟာ အချိုးကဗျာပဲဖြစ်ပါတယ်၊ လေးချိုးကဗျာ ဖြစ်ပါတယ်၊ ဒါပေမယ့် ကဗျာထဲမှာ ထည့်သွင်းရေးဖွဲ့ တဲ့ အကြောင်းအရာနဲ့  တချို့ စကားလုံးတွေကို ခေတ်ပြိုင်ကဗျာ သ ဘောတရား၊ ကဗျာဥပဒေသတွေထဲက ခွဲထွက်ပြီး ကဗျာသစ်သဘောတရား၊ ကဗျာသစ်ဥပဒေသ တခု ဖြစ်လာရလောက်အောင် တီထွင်နိုင်ခဲ့တဲ့ သဘောရှိပါတယ်၊ အကြောင်းအရာအားဖြင့်ဆိုရင်
” ပိတောက်ပန်း”ကို အသက်ရှိတဲ့ လူနဲ့ တထပ်တည်းသဘောထားပြီး ရေးဖွဲ့ ပြောဆိုလိုက်တဲ့ကိစ္စ ဟာ ဒီတုန်းက ”ပိတောက်ပန်း”ကို ”ပန်းတကာတို့ ရဲ့ ဘုရင်”ဖြစ်တယ်ဆိုတာလောက်နဲ့  ရပ်နေခဲ့တဲ့ ကဗျာ့ပရိယာယ်ကို ချဲ့ ထွင်တိုးမြှုင့် လိုက်တဲ့ သဘောဖြစ်ခဲ့ပါ တယ်၊ ”သူလည်းလေလောကီသား ပေမို ”့ ဆိုတဲ့ စကားစုဟာ၊ ပိတောက်ပန်းကို လူနဲ့ ထပ်တူပြုလိုက်တဲ့ စကားစုပါပဲ။ ပိတောက်ပန်း တွေကို လူတွေက အရမ်းကာရော ခူးကြ၊ ပန်ကြ၊ ချွေချကြ လုပ်ကြတဲ့အခါ ”ပိတောက်ပန်း”အပေါ် စာနာစိတ်ဖြစ်ပြီး ”မခူးချင်စမ်းပါနဲ့ လို့ ”ဟန့် တားလိုက်ရုံတင်မက ”သူလည်းလေလောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ်”ဆိုတဲ့စကားနဲ့ ၊ ”ပိတောက်ပန်းဟာလည်း သူ့ အလှနဲ့ သူဘ၀နဲ့ ပိတောက် ပင် ပေါ်မှာ လှချင်ပချင်ရှာမှာပေါ့ ” ဆိုတဲ့ စေတနာနဲ့ ဒီကဗျာကို ရေးဖွဲ့ လိုက်တာပါ။ ထီးနန်း ဟန်ဆန်တဲ့ ကဗျာတွေ၊ ဘုန်တော်ဘွဲ့ တွေ၊ အလှဘွဲ့ တွေ၊ သဘာဝအဖွဲ့ အနွဲ့ တွေကြားမှာ မျက်စေ့လည်နေကြတဲ့အချိန်၊ ”သာမန်အရာဝတ္ထု၊ သာမန်ကိစ္စ”များသာဖြစ်တယ်လို့ လူတွေယူဆ ထားကြတဲ့ ၀တ္ထုပစ္စည်းတွေ၊ ကိစ္စတွေကို ဆရာဇော်ဂျီက ကဗျာထဲမှာထည့်ပြီး ဖွဲ့ လိုက်တဲ့အချက် ဟာ ထူးခြားတဲ့အချက်ဖြစ်ခဲ့ရပါတယ်၊ နောင်အခါမှာ ဆရာဇော်ဂျီဟာ ”ကြောင်မနက်ပြာ” ”လှိုင်း ကလေးအသင်” အစရှိတဲ့ ကဗျာမျိုးတွေကို ဆက်ပြီးဖွဲ့ ဆိုလာရင်းက၊ ဒီအယူအဆဟာ ပိုပြီးထိ ရောက်ကျယ်ပြန့် လာခဲ့ပြီး လူတွေလက်ခံသဘောကျလာခဲ့ကြပါတယ်၊ ဒီလိုနဲ့ ပဲ ဆရာဇော်ဂျီ ဟာ ”ပိတောက်ပန်း” ကဗျာတပုဒ်ထဲနဲ့ ၊ ခေတ်စမ်းကဗျာခေတ်ရဲ့ တံခါးကို တွန်းဖွင့်ပေးလိုက်ပါတယ်၊

(ဂ)

မြန်မာကဗျာနယ်ပယ်မှာ ၊ ၁၉၇၀ ခုနှစ်တ၀ိုက်ဟာ ထူးခြားတဲ့ နှစ်ကာလတခုပါပဲ။ အဲ့ ဒီနှစ်တ၀ိုက်က ”မိုးဝေစာပေမဂ္ဂဇင်း” မှာ ဖော်ပြတဲ့ ကဗျာတွေဟာ၊ သူနဲ့ ခေတ်ပြိုင်တခြားဘယ်မဂ္ဂ ဇင်းတွေနဲ့ မှ မတူတဲ့ ”ကဗျာသစ်” တွေဖြစ်နေတာ တွေ့ ရပါတယ်။
၁၉၇၀-ခုနှစ်တ၀ိုက်၊ မိုးဝေစာပေမဂ္ဂဇင်းမှာ ဖော်ပြနေတဲ့ ကဗျာတွေရဲ့ ထူးခြားချက်က ကဗျာ အတတ်ပညာအရ၊ အကြောင်းအရာအရ ထူးခြားသစ်လွင်တဲ့အတွက် နောင်နှစ်(၂၀)ကျော်လာတဲ့ အခါ အဲ့ဒီ ၁၉၇၀-ခုနှစ်တ၀ိုက်က ပေါ်ခဲ့တဲ့ မိုးဝေစာပေမဂ္ဂဇင်း ကဗျာတွေကို ”မိုးဝေကဗျာ ခေတ် ကဗျာများ” ရယ်လို့ ခေါ်ဝေါ်ပြောဆိုလာနိုင်ခဲ့ကြပါတယ်။
မိုးဝေစာပေမဂ္ဂဇင်းမှာ ဖော်ပြနေတဲ့ ကဗျာတွေမှာ အထင်ရှားဆုံးအချက်က ”လေးလုံးတပါဒ စနစ်ကိုဖြေလျှော့ပြီး၊ ပါဒတခုမှာ စကားလုံးအရေအတွက် ကြိုက်သလိုထားရှိခြင်းနဲ့ ၊ လွတ်လပ်ကာ ရန်စနစ်ကို ကျင့်သုံးခြင်းဖြစ်ပါတယ်။ ဒါ့အပြင်”အရပ်သုံးစကား၊လူထုသုံးဝေါဟာရနဲ့ စကားပြောရစ် သမ် ” ကိုစတင်အသုံးပြုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကတော့ ကဗျာအတတ်ပညာပိုင်းဖြစ်ပြီး အကြာင်း အရာပိုင်းမှာကြတော့  ခေတ်ပြိုင်လူထုရင်ခုန်သံကို ဦးစားပေးရေးစပ်ခဲ့ ကြတဲ့  အချက်ဖြစ်ပါတယ်။ ဒီ လိုအတတ်ပညာအရ၊ အကြောင်းအရာအရ နှစ်ခုစလုံး“ အသစ်“တီထွင်ရေးစပ်တဲ့  ကဗျာလှုပ်ရှား မူမှာ ကဗျာဆရာ“ မောင်လေးအောင်“ ဟာ တပ်ဦးကရပ်ခဲ့ ပါတယ်။ သူ့ ရဲ့ ကျော်ကြားလှတဲ့ ကဗျာတ ပုဒ်ဖြစ်တဲ့“ဒီဇင်ဘာ(၂၀)ရက်`၏တမ်းတခြင်းသို့မဟုတ်ရဲဘော်ရဲ့ကဗျာ “ကဗျာဟာ၊နောင်အခါ“ မိုးဝေကဗျာခေတ်“ ရယ်လို့  ခေါ်ဝေါ်သတ်မှတ်ခံရမယ့် ၊ ကဗျာခေတ် တခေတ်ရဲ့ တံခါးကို တွန်းဖွင့်နိုင်ခဲ့တဲ့ ကဗျာတပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီကဗျာကို ၁၉၆၉ ခု၊ ဒီဇင်ဘာ လ ထုတ်၊မိုးဝေစာပေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ၊ ခုဆိုရင် နှစ်ပေါင်း(၄၀နီးပါး)ရှိခဲ့ ပါပြီ။ လေးလုံး တပါဒစနစ်ကို ဖြေလျော့ ပြီး လွတ်လပ်ကာရံစနစ်ကိုကျင့်သုံးကာ စကားပြောရစ်သမ်ကို အပီပြင်ဆုံး၊ အစောဆုံးရေးစပ်နိုင်ခဲ့ တဲ့ ကဗျာအဖြစ်အခုလို တွေ့ ရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်`၏ တမ်းတခြင်း သို့ မဟုတ် ရဲဘော်ရဲ့ ကဗျာ

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့ နှုတ်ခမ်းဟာ
ဖြန်းခနဲကွဲထွက်ပြီး
သွေးအစက်စက် စီးလိမ့်လာတယ်။
ငါအံကိုကြိတ်ပြီး
လက်သီးကျစ်ကျစ်ဆုတ်မိတယ်
ဒီနေရာမှာ
ရဲဘော်ဟာ ကျဆုံးခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရေးအရ
သုတေသန လုပ်ရင်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို တွေ့ ရမယ်။
ဘယ်သူငြင်းနိုင်သလဲ
စီးဆင်းခဲ့တဲ့ ရဲဘော်ရဲ့ သွေးတွေအကြောင်း။
စပါးတားကပ်ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း အတိုင်းမသိသော
ချေဂွေဗားရား စသော
အာဇာနည် ရာထောင်သောင်းတို့ နှင့်အတူ
တရားတဲ့ပြည်သူတွေရဲ့ တိုက်ပွဲမှာ
ရဲဘော်ရဲ့ သွေးဟာ နီရဲခဲ့တယ်
သူတို့် က ရဲဘော်ရဲ့ ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေ။
သူတို့ မုန်းတာကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့ 
ပြုံးမှာပဲ၊ ယုံတယ်။
ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို နုပျိုလန်းဆန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
တို့ ဟာ စာရွက်တွေဝေဖူးတယ်။
ရဲဘော်ရဲ့ အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့တိုက်ပွဲတွေအကြောင်း။
ဒီနေရာကိုလာပြီး
ရဲဘော်စီးဆင်းခဲ့တဲ့
နီရဲတဲ့သွေးစက်တွေပေါ်မှာ
ငါ့ဖြူဖပ်ရော်တဲ့
မျက်ရည်နဲ့ 
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့ 
ရဲဘော်ရဲ့ ဂုဏ်အခန်ခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတစ်ပုဒ်
ဟုတ်တယ်၊ ငါ့ကဗျာတစ်ပုဒ်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို
ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ ကဗျာတစ်ပုဒ်။
လက်ခံပါရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။
ဒီကဗျာဟာ
ငါ့ကဗျာမဟုတ်ဘူး။
ပြန်ငြင်းပါရစေ
ဖတ်ကြည့်စမ်းလေ
စေးထန်းတဲ့ သွေးစက်တွေရယ် ဘယ်သူ့ သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့သွေးတွေ
မခြောက်သေးတဲ့ သွေးအစက်စက်နဲ့ 
ရဲရဲ လက်လက် သီယှက်ထားတဲ့
ရဲဘော်ရဲ့ ကဗျာပါလား။ ။

(ဃ)

လူ့ ယဉ်ကျေးမှုနယ်ပယ်မှာ၊ စာပေခေတ်အသီးသီးရဲ့ တံခါးတွေကို တွန်းဖွင့်ပြီး စာပေ ခေတ်သစ်တခု ထူထောင်နိုင်အောင် ကြိုးပမ်းတီထွင်ခဲ့ကြတဲ့ စာပေပညာရှင်တွေဟာ ၊ဘာနဲ့ တူ သလဲဆိုတော့ ကမ္ဘာဦးက မီးကိုစတင်ဖော်ထုတ်အသုံးပြုနိုင်တဲ့ ကမ္ဘာဦးသိပ်ပံပညာရှင်လူသားနဲ့  တူ ကြတဲ့သဘောရှိပါတယ်။ လူ့ ယဉ်ကျေးမှုနယ်ပယ်မှာ အခုလို ခေတ်အသီးသီးရဲ့ တံခါးကို ပွင့်သွား အောင်တွန်းဖွင့်နိုင်ခဲ့ကြတဲ့ ပညာရှင်များအပေါ် ကျနော်တို့ တတွေ လေးနက်ကြရမှာပါပဲ ဖြစ်ပါတယ်။

May 01, 2008

ဘုရားသခင်စွန့် ခွာသွားတဲ့ မြေကွက်လပ်ပေါ်က ဘုရားသခင်ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ

(က)

ကျနော်
သူ့ ကို ကိုယ်ချင်းစာမိတယ်။
သူ့ ကဗျာကို ဖတ်တဲ့အခါ တကယ့်ကို သူ့ ကို ကိုယ်ချင်းစာမိတယ်။
တကယ်တော့
သူ့ ကဗျာကို စဖတ်မိတဲ့ အချိန်အထိ
ပြီးတော့
နောက်ထပ်သုံးလေးခေါက်
သူ့ ကဗျာကို ဖတ်မိတဲ့အချိန်အထိ
ကိုယ့်ကိုကိုယ် ကိုယ်ချင်းစာနေမိတာ
သတိမထားမိဘူး။
အခု
သူ့ ကဗျာကိုဖတ်ပြီး
ကိုယ့်ကိုကိုယ် ကိုယ်ချင်းစာတဲ့စိတ်နဲ့
ဒီစာကို ရေးတာ။
(ခ)
၁၀.၃.၂၀၀၇.နေစွဲနဲ့၊ ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မဂ္ဂဇင်းမှာ “ယောဟန်အောင“် ရဲ့ “ ဒီနေရာကို ဘုရားသခင် စွန့်သွားတာ ကြာခဲ့ ပြီးပေါ့ “ကဗျာကိုဖတ်ရတယ်။ ကဗျာထဲမှာ ကဗျာဆရာကိုယ်တိုင် ၀န်ခံထားတဲ့အတိုင်း အကြောင်းအရာတွေကတော့ တကယ်ကို “ရောသမမွှေ“ ပါပဲ။

ဟိုအကြောင်းပြောလိုက်၊ ဒီအကြောင်းပြောလိုက်။ အဲသလို အထွေထွေရောမွှေထားတာကိုယ်၌က၊ ကဗျာတပိုဒ် ရဲ့ ဗဟိုချက်မဲ့မှုကို ပုံဖော်ချင်တဲ့သဘောများလား။ ဒါမှမဟုတ် မျဉ်းဖြောင့်သဘောပြောတာကို ရှောင်ချင်တာလား။ ဒါမှမဟုတ် ဗဟု သုတ၊ ဗဟုစာဂ၊ ဗဟုသမဂ္ဂဖြစ်အောင်ပြောဖို့  ကြိုးစားတာလား။ တပိုဒ်ချင်းကို တပုဒ်ထဲမှာ ကြိုးတချောင်းဖြစ်အောင်ကြစ်ပြီး၊ အဲဒီ ကြိုးကိုပဲ “ခေတ်တခေတ်“ ရဲ့  “တရားလိုပြသက်သေခံပစ္စည်း“ ဖြစ်အောင်ကြိုးစားတာများလား။ ဒါဟာ “ဒီနေရာကို ဘုရားသခင် စွန့် သွားတာ အတော်ကြာခဲ့ပြီပေါ့ “ ကဗျာကို ကျနော် “ဖျင်“ ကြည့်မိရာက ကျနော့်အယူအဆနဲ့ကျနော် ဆွဲချက်ချကြည့်လိုက် တာပါ။ ဒီနေရာမှာ ဒီကဗျာအကြောင်းဆက်ပြီးမပြောခင် ( ဒီကဗျာအကြောင်းပြောတဲ့အခါ အထောက်အကူဖြစ်မယ်လို့ ယူဆတဲ့ အတွက် ) သူ့ ကဗျာတွေနဲ့ကျနော်၊ စတင်ထိတွေ့ ခွင့်ရခဲ့တဲ့ “အစ“ ကိုပြန်ကောက်ကြည့်ချင်တယ်။
၁၉၉၃-ခုနှစ်ထဲမှာ “ယောဟန်အောင်“ ရဲ့ ကဗျာတွေကို ကျနော်စတင်ပြီး ဖတ်ရပါတယ်။ ဒီတုန်းက သူ “သီး“နေတဲ့ အသီး တွေက တကယ့်ကို “ချိုပြင်း“ တွေပါပဲ။ ဥပမာ……..“အလွမ်း“ဆိုတဲ့ကဗျာ။ကိုယ့်ဘ၀ကလည်း ချိုပြင်းသီးတွေ သီးချနေတဲ့ အချိန်ဆိုတော့ သူနဲ့  ကျနော် မယ်လိုဒီညှိလို့ ရခဲ့တာပေါ့။ ကျနော်က “ ဒေါ်အောင်ဆန်းစုကြည်လမ်း “ ကလေးထဲမှာ နေခဲ့ရတဲ့ အချိန်၊ သူက “သေလောထစခန်း“မှာနေခဲ့ပါတယ်။ ကျနော် မျှောချလိုက်လို့  သောင်းရင်းမြစ်ထဲ မျောသွားတဲ့ “သက်ပြင်း“တွေဟာ၊
သံလွင်မြစ်ထဲမျောပါလာတဲ့ “ယောဟန်အောင်“ ရဲ့ “သက်ပြင်း“ တွေ နဲ့ မြစ်ဆုံမှာ ဆုံခဲ့ကြဖူးတာပဲ။ ဒီတုန်းက ၂၀၀၆-ခုနှစ်ကြ မှရေးတဲ့ သူ့ ကဗျာတပုဒ်ထဲက အတိုင်း သူက တကယ့်ကို ဂျေ-ဒီ-အက်စ်-အမ် ဟုန်းဟုန်းလောင်နေတဲ့သူ။ ဆရာ ဒဂုန်တာရာ ရဲ့  “ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်လို့ ရတယ်“ ဆိုတဲ့ “ပန်းချီကား“ ဟာ၊ “ဆေးစပ်မှား“ နေတယ်ဆိုပြီးတောင်မှ စိတ်အချဉ် ပေါက်ခဲ့သူ။
ဒိနောက်ပိုင်း (၁၀)နှစ်ကျော်ကာလမှာ သူ့ ကဗျာတွေကို ကျနော်မဖတ်ခဲ့ရပါဘူး။ ဒါမှမဟုတ် သူ့ ကဗျာတွေကို ဘယ်စာ မျက်နှာပေါ်ကိုမှ သူကိုယ်တိုင် မတင်ပဲထားခဲ့တာလားဆိုတာ ကျနော်မသဲကွဲပါဘူး။ ဒါပေမယ့် သက္ကရာဇ် ၂၀၀၀ ကျော်ကာမှ၊ ဥရောပမဲဇာမှာ သောင်တင်ရင်း ရေးလိုက်တဲ့ သူ့ ရဲ့ ကဗျာတပုဒ်ထဲမှာတော့ တုန်တုန်ခိုက်ခိုက်ဖြစ်နေတဲ့ သူ့ ရဲ့ ပုဂ္ဂလရောမန္တိက ကိုတွေ့ လိုက်ရပါတယ်။ အဲဒီကဗျာထဲမှာ “မီလန်ခိုလီ“ ဆန်တဲ့စကားလုံးတွေကို ကျနော်တွေ့ ရပါတယ်။ တခါ ၂၀၀၀၆-ခုနှစ်ထဲမှာ သူ့ ကဗျာတပုဒ်ကို ကျနော်ဖတ်ရပြန်တယ်။ ကဗျာရဲ့ အမည်က “အကြမ်းဖက်သမား“။ ဒီလိုနဲ့ ၂၀၀၇၊ မေ၊ ၁၀-မှာ၊ သူ့ ရဲ့ “ဒီနေရာ
ကို ဘုရားသခင်စွန့် သွားတာကြာခဲ့ပြီပေါ့ “ ကဗျာကို ခေတ်ပြိုင်ဝက်ဘ်ဆိုဒ် မဂ္ဂဇင်းမှာ ကျနော်ဖတ်ရပါတယ်။
(ဂ)
“ ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့ “ ကဗျာမှာ ကဗျာပိုဒ်(၆)ခု ရှိပါတယ်။ ကဗျာပိုဒ်တပိုဒ်ချင်းစီကို “
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့ “ဆိုတဲ့“ပါဒ“ နဲ့ချည်းပဲ ထပ်ကာထပ်ကာအစပြုပြီး ရေးပါတယ်။ သီချင်း တပုဒ်ရဲ့  Choures သဘောပေါ့။ ဒါကတော့ ၁၉၇၀ ၀န်းကျင်းတ၀ိုက်ကတည်းက ခေတ်ပေါ်ကဗျာဆရာတချို့  တခါတရံအသုံး ပြုလေ့ရှိတဲ့ အတတ်ပညာတခုပါပဲ။ ညွှန်ချင်ညွှန်းချင်တဲ့ အကြောင်းအရာအပေါ် ကဗျာဖတ်သူတွေပိုပြီး အာရုံကိုင်းညွှတ်နိုင်ဖို့  ကြိုးစားတဲ့သဘောပါပဲ။
ဒီကဗျာရဲ့ အထူးခြားဆုံး “အတတ်ပညာ“ ကိစ္စကတော့၊ ပုံမှန်ကာရန်ယူတဲ့စနစ်၊ စာစကားစနစ်နဲ့ စကားလုံးအရေအတွက် သတ်မှတ်ချက်စနစ်ဆိုတဲ့ အဟောင်း(၃)ရပ်ကို ဖေါင်ဖျက်ထားတဲ့ ကိစ္စပါပဲ။ အာရုံခံစားမှုကလည်း ခေတ်ပြိုင်ဖြစ်တယ်။ ဒါကြောင့်မို့  ဒီကဗျာကို ဆရာ“မောင်သာနိုး“ဆီ ပို့ လိုက်ရင် အမူးအမော်ပြေစေမှာကတော့ သေချာတာပေါ့။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
အဲဒီအချိန်ကစလို့ 
တောမီးတွေလောင်၊ တောင်ယာတွေအဖျက်ခံရတယ်။
မိုးခေါင်ရေရှားတယ်။
ဂရုတစိုက်ထားတဲ့ စပါးပင်တွေပိုးကျတယ်။
ရေကြီးတယ်၊ မုန်တိုင်းကျတယ်။
အလေ့ကျပေါက်တဲ့ ကြက်ဆူပင်တွေစိုက်ရတယ်။
လူလူချင်းသတ်ကြ၊ ကျွန်ပြုကြ၊ လူက လူကိုရောင်းစားကြ။
ငတ်မွတ်ခေါင်းပါး
ဖျားနာ၊ ရောဂါနဲ့  ကာလနာတိုက်တယ်။
သေတာလည်း မနည်းဘူး။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
အဲဒီနေရာကစလို့ 
စစ်တွေတိုက်ကြတယ်။
ကျိုင်းကောင်အုပ်ကျတယ်။ ကြွက်ကျတယ်။
ခြစားတယ်။ လာဘ်စားတယ်။ ဘာလုပ်လုပ်ငွေတောင်းတယ်။
ဈေးတွေတိုးပြီးရောင်းတယ်။ လူကောင်းတွေ ရှားလာတယ်။
တယောက် တယောက်ကို ရန်လိုမျက်လုံးနဲ့ ကြည့်တယ်။
တချို့ က ကိုယ့်အမျိုးတွေအတွက်ပဲကြည့်ပြီး၊ အချို့ က ကိုယ့်အမျိုးကိုတောင် မကြည့်နိုင်၊
ကိုယ့်အသိဥာဏ်ကို ကိုယ်သစ္စာဖောက်တယ်။
ရိုက်နေတဲ့လူကို ဒူးထေါက်လျှာနဲ့ လျက်တယ်။

ဒီကဗျာနှစ်ပိုဒ်မှာ လူတွေရဲ့ အကျင့်သီလအခြေအနေနဲ့ လူတွေကြောင့်ဖြစ်ရတဲ့ အနိဌာရုံကို ရေးတာပါပဲ။ နှစ်ပိုဒ်တပိုဒ်သဘောပါပဲ။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
သူက ဘယ်သူပိုင်တယ် မသတ်မှတ်သွားတော့ ခက်နေတယ်။
မြစ်တွေနဲ့ ၊ သစ်တောတွေရောင်းစားတယ်။
ရေနံတွေ၊ ဂက်စ်တွေ နက်နက်တူးတယ်။
သေနတ်ကိုင်ပြီး နိုင်ငံရေးပြောတယ်။
ပိုက်ဆံကိုင်ပြီး လူထုတရားဟောတယ်။
ဘာသာရေးစွဲပြီး အကြမ်းဖက်တယ်။
အရှက်နည်းလာတယ်။
လူလိမ်တွေပေါလာတယ်။
သမရိုးကျ ဗိုလ်ကျမှုတွေဖြစ်လာတယ်။

ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေကိုပဲ မဲတင်းပြီးရေးတာဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင် ကိစ္စ ပါလာတာကိုလည်းတွေ့ ရ။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ချဲထိုးတာရယ် ဘောလုံးပွဲလောင်းတာကိုက
သမာအာဇီဝ၊ အလေ့အထဖြစ်လာတယ်။
ဗေဒင်ဆရာနဲ့  ပျောက်စေမှော်တွေ ပေါလာတယ်။
အမေတွေက အကြမ်းဖက်သမားတွေ မွေးတယ်။
ဗုံးတွေ ခဏခဏကွဲတယ်။
အရေးပေါ်ဥသြတွေ ခဏခဏကြားရတယ်။
အေအိုင်ဒီအက်စ် ကူးတယ်။
ဂလိုဘယ်ဝမ်းမင်း ဖြစ်တယ်။

ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေအပြင် သဘာဝပတ်ဝန်းကျင်ကိစ္စအတိအလင်း ပါလာခဲ့ပြီ။ ဒါလည်း လူတွေရဲ့ အကျင့်သီလအကျိုးဆက်သဘောရေးတာ။ (ဂလိုဘယ်.၀မ်းမင်း….ဆိုတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးလို့  ကမ္ဘာကြီးပူနွေးလာတာသက်သက်ကိုပဲ ရည်ညွှန်းပြီးရေးလိုက်တာ ဟုတ်မှဟုတ်ပါလေစ…။) ပြီးတော့ “အမေတွေက အကြမ်းဖက် သမားတွေကို မွေးတယ်“တဲ့။ ၂၀၀၆-ခုနှစ်ထဲတုန်းကရေးတဲ့ “အကြမ်းဖက်သမား“ကဗျာရဲ့ “လှိုင်း“တလုံးက၊ ကျနော့်ရင်ထဲ ဒေါင့် ဖြတ်ဝင်တိုးလိုက်ပါတယ်။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ပြီးတော့မှ သူတို့ ပြန်ရောက်လာတယ်။
လက်ကိုင်ကွန်ပျူတာပါတယ်။
ငှက်ဖျားကာကွယ်ဆေးနဲ့ 
လက်သန့် စင်တဲ့ ဟန်းဒ် ဆန်နီတိုက်ဇာ--နဲ့ 
ဘုရားသခင်ကိုယ်စား ပြန်ရောက်လာတယ်။
(ဂြိုလ်တုဖုန်းနဲ့  ဖိုးဝှီးကားပါလာတယ်။)
အပြာရောင်အလံထောင်လာတယ်။

ဒီကဗျာပိုဒ်မှာ ကျိုင်းကောင်အုပ်တွေကျတဲ့နေရာ၊ ယင်ကောင်တွေရှိတဲ့နေရာ၊ ကပ်ဆိုက်တဲ့နေရာတွေဆီ ရောက်လာကြ သူတွေကိုဖွဲ့ တယ်။ ကျနော်ကတော့ လက်ကိုင်ကွန်ပျူတာ၊ ဂြိုလ်တုဖုံး၊ ဖိုးဝှီးကားတွေကိုကျော်ပြီး ကြည့်နိုင်ဖို့ ကြိုးစားရတာပေါ့။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ကပ်တွေ၊ စစ်ပွဲတွေနဲ့ ၊ ဒုက္ခသည်စခန်းတွေကြားမှာ

ဒီကဗျာဟာလည်း
ကမောက်ကမ ရှေ့ နောက်မညီ
ရောသမမွှေ ဖြစ်နေပြီ။

ဒါလည်း ဘာဆန်းသလဲ။
ဘုရားသခင်က
သူ့ ကဗျာ ၀ိဥာဉ်ကိုပါ နှုတ်သွားတာကိုး။

ကဗျာပိုဒ် (၆) ပိုဒ်။ကဗျာဆရာဟာ သူပြောပြချင်တဲ့ သူ့ စေတနာကို အခုလို တပိုဒ်ပြီးတပိုဒ် ထပ်ကာထပ်ကာ ပြောခြင်းအားဖြင့် သူ့ စေတနာကို ပိုပြီးလေးနက်သထက် လေးနက်စေခဲ့တယ်။သံတချောင်းကို တူနဲ့ ထပ်ကာထပ်ကာ ထုရိုက်သလို ကဗျာဖက်သူရဲ့ ရင်ထဲ စူးဝင်သွားစေတယ်။ သူမြင် တာကို First person အနေနဲ့ အကုန်ပြောတဲ့သဘော။ ကျနော့်နှလုံးသားထဲမှာ အပြည့်ရသွားတယ်။
ဒီကဗျာထဲက သူ့ အမြင်၊ သူ့ “အတ္တ“ဟာ ကျနော့် “အတ္တ“ နဲ့ “ထမ်းပိုးတမ်း“ ဖြစ်တယ်။ လူအတော်များများရဲ့ “အတ္တ“နဲ့  လည်း “ထမ်းပိုးတမ်း“ ဖြစ်တယ်။ ကျနော်တို့ တတွေ သူနဲ့ အတူ ခြံစည်းရိုးကြက်ဆူပင် စိုက်ရတယ်။ လူက လူကိုရောင်းစားတဲ့ သတင်းကိုနားထောင်တယ်။ အဖျက်ဆီးခံခဲ့ရတဲ့ တောင်ယာထဲက ညှော်နံ့ ကို ရှူမိတယ်။ခြစားဖူးတယ်။ လာဘ်ကျွေးဖူးတယ်။ လ္ဘက်ရည်ဆိုင်ထဲမှာ ဟိုဖက်စားပွဲမှာထိုင်နေတဲ့လူတယောက်နဲ့ ရန်လိုတဲ့အကြည့်ကြည့်ဖူးတယ်။ ကိုယ့်အသိဥာဏ်ကို သစ္စာဖေါက် ဖို့  အကြိမ်ကြိမ်ကြိုးစားရတာပဲ။ ရိုက်နေတဲ့လူရဲ့  ခြေသလုံးဆီက “အိုင်အိုဒင်းဓါတ်“ ကို လျှာပေါ်မှာခံစားဖူးတယ်။ အမေတွေက အကြမ်း ဖက်သမားတွေ မွေးထုတ်တာ အားပေးဖူးတယ်။ “ဂလိုဘယ်ဝမ်းမင်း“ ကိုဖတ်ပြီး ကြောစိမ့်ဖူးတယ်။ အပြာရောင်အလံထောင် ထားတဲ့ ကားနောက်က ဖုံလုံးထဲမှာ ဒရွပ်ဆွဲငိုကျွေးရင်း လိုက်ခဲ့ဖူးတယ်။
ဒါတွေကိုတွေး၊ ဒါတွေကို ချိပ်ဆက်၊ ဒါတွေကိုပြန်လည်နေရာချထား၊ ဒါတွေကို နောက်တလှမ်းခွါပြီး ကြည့်တော့ ကိုယ့်ဘ၀ နဲ့ကိုယ်နဲ့ က ရှင်းသလိုလို ထွေးသလိုလို။ ကိုယ့်ဘ၀နဲ့ကိုယ်နဲ့က ကျဉ်းသလိုလို ချောင်သလိုလို။ ဒီနေရာမှာ လေးထောင့်၊ ဟိုနေရာ မှာ အ၀ိုင်း။ ကိုယ့်အပေါ်ကို မော့ကြည့်တော့ ပိရမစ်။ ဘေးကိုကြည့်တော့ “ဟော်ရစ်ဇွန်တယ်“ ဖြစ်။ ဒီလိုခံစားရလို့  အမြင်အာရုံကို “ဖိုးကပ်စ်“ပြတ်အောင်ဖြတ်တော့ ကျနော်က “သူ“ဖြစ်။ သူက ကျနော်ဖြစ်။ “ဖိုးကပ်စ်“က ပြတ်အောင်ကိုဖြတ်လို့ မရနိုင်ခဲ့ဘူး။

ဒီကဗျာမှာ ကဗျာဆရာဟာ တခြားလူတွေအကြောင်းပြောနေတာလား။ သူ့ အကြောင်းသူပြောနေတာလား။ ဒီအထဲမှာ ကျနော့်အဖြစ် ကျနော့်အကြောင်းတွေလည်းပါနေတယ်။ဒါဆိုရင် သူနဲ့ ကျနော်က လူနှစ်ယောက်လား။ တယောက်ထဲလား။ တစိတ်နှစ်ကိုယ်လား။ သူကတခြားလူနဲ့ တူပြီး ကျနော်က သူနဲ့ တူနေတာလား။ ကဗျာဖတ်ရင်းက သူနဲ့ ကျနော် ပူးတုံခွာတုံ။ နွေးတုံ အေးတုံ။ ဘာတခုမှ အသေစွဲလို့ မရ။သူ့ ကဗျာကိုဖတ်ရင်း ကျနော်ဟာ တခါတရံမှာ “ကတ္တား“ဖြစ်လိုက်၊ “ကံ“ဖြစ်လိုက် …။ ဒါလည်း မသဲကွဲချင်ဘူး။ ကျနော်ကတော့ “ကတ္တား“ဖြစ်ချင်တယ်။ ဒါပေမယ့်….။
(ဃ)
“သူ“လို့ ထင်ရတဲ့ “ကျနော့်“ကို
သူ့ ကဗျာထဲမှာ ကျနော်တွေ့ နေရတယ်။
သူဟာ
မြေကွက်လပ်တခုပေါ်မှာ ရပ်နေတယ်။
သူက အဲဒီမြေကွက်လပ်ကို လပ်ညှိုးထိုးပြီး
“ ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့ “လို့ ကြေကြေကွဲကွဲ အော်လိုက်တယ်။
သူ့ ရဲ့ “အော်သံ“က “အက်ဗတ်မွန့် ခ်“ရဲ့ “အော်သံ“နဲ့ မျိုးစိပ်ချင်းတူတယ်။
ဒီအသံကို ကျနော်ကြားတော့
“ဂျက်ဟစ်ကင်း“ ရဲ့ ဝတ္ထုခေါင်းစဉ်တခု
“ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ“ဆိုတာကို သွားပြီးသတိရတယ်။
ဒါနဲ့ပဲ
ဖြတ်ကနဲသတိတချက် လင်းလက်တဲ့အခိုက်
ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတယ်..။
မြေကွက်လပ်ပေါ်မှာ လူတယောက်။
အဲဒီလူဟာဖြင့် “ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ တယောက်“
မြေကွက်လပ်ပေါ်မှာ ရပ်နေလေရဲ့ ။ ။

(ဒီကဗျာခံစားမှုဆောင်းပါးက ဧရာဝတီအွန်လိုင်းမှာမောင်သစ်ဦးကလောင်အမည်နဲ့ တင်ခဲ့တဲ့ ဆောင်းပါးပါ။ ကာယကံရှင် ကဗျာဆရာ ယောဟန်အောင်ကလည်းသူ့ဘလော့ဘ်မှာ ဒီဆောင်းပါးကို တင်ခဲ့ပြီးဖြစ်ပါတယ်။)

လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာမှာ စုဝေးကြ

ငါ့မြေးရေ…။
လွန်ခဲ့တဲ့တပါတ်က ငါ့မြေးဆီကို ဘဘ စာတစေါင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့ တောင်းဆိုချက်အရ ‘ ကဗျာတပုဒ် ’ အကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတပုဒ်အကြောင်းထပ်ပြီး ပြောပြချင် သေးတယ်။ ကဗျာအကြောင်း ကြားချင်သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ ဆန္ဒပြည့်ဝနိုင်မယ်လို့ တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ…။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့ နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့ အနေနဲ့  ဘဘ ကြိုပြီးပြောပြချင်သေးတယ်။

ငါ့မြေးတို့ ဘဘတို့ ရဲ့  ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့  ” တွေရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်း က မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့ လိုနေ့ မျိုးပေါ့။ အဲဒီနေ့က ဘဘတို့ နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးယေါင် အုံ့ အုံ့ ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့ နောက်က လမ်းလျှောက်ပြီးလိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတလုံးဘေးက ဆရာ တယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့ က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့  ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖေါင်တိန်ကလေးတချောင်းကို ကြစ်ကြစ်ပါအောင်ဆုပ်ထားခဲ့တာပေါ့။ ဒီဖေါင်တိန်လေးဟာ ၊ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့ အဖေက ၀ယ်ပေးခဲ့တဲ့ဖေါင်တိန် ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ အဲဒီနေ့ ဟာ တကယ့်ကို အရေးပါ တဲ့နေ့  ။ ဘဘရဲ့ ခလေးဘ၀ ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့ အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့  မရတဲ့နေ့ တနေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့ စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ ခေါင်းစဉ်ကလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” တဲ့။ ဒီကဗျာလေးရဲ့ ခေါင်စဉ် ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံး ပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလဘ၀ထဲက၊ နေ့ တချို့ ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။ ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့ လို ထူးခြားတဲ့ ဘ၀သစ်တခုအစပြုတဲ့နေ့  တွေရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့ မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ ဘ၀သစ်စတင်တဲ့နေ့ ။ တခါ လူမျိုးတမျို့းနိုင်ငံတခုရဲ့  သမိုင်းသစ် စတင်တဲ့နေတွေကော...၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲ နေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန္န၀ါရီလ (၄) ရက် နေ့ ဟာ၊ ဘဘတို့  နိုင်ငံတပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့လူမျိုးအနေ့ နဲ့ သမိုင်းသစ်စတင်တဲ့နေ့  မဟုတ်ပေဘူးလား ။ ဒီလိုနေ့ မျိုးဟာ ဘဘတို့ နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့ မရတဲ့၊ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တခု အစပြုတဲ့နေ့  ပေပဲပေါ့။ ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော်ပြောလိုက်မိတယ်။ ကဲ-- ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။

ဒီနေ့ ဟာ အစဖြစ်တယ်

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။

နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။

သစ်ပင်တွေဟာ
ရေစိုလို့ -သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။

ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက် (၂)ချက်ရှိတယ်။ ‘ ကနေတဲ့ ဒေါင်းပျိုတွေ ’ ဆိုတဲ့ စကားစုနဲ့ ၊ “ ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့ ” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထေါပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ ကနေတဲ့ ဒေါင်းပျိုတွေ ” တဲ့။ “ အမွေးအတောင်တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့  ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယေါက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။

ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။

လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။

ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။

သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။

မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )

ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။

လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။

တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။

ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာ တွေ့ ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့ မျက်နှာထား ။ တချိန်လုံးတိတ်ဆိတ်နေခဲ့ရတဲ့ တမြို့ လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက် ပြန်မြည်လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့ နဲ့ ပါတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတခုအကြောင်း ကြားညှပ်ပြီဲး ပြော ချင်သေးတယ်။ ဇာတ်ကားရဲ့ နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့ ။ ဒီဇာတ်ကားထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့ မြို့ တော် “ ဗျူနိုးဟေရီးစ် ” တမြို့ လုံးမှာရှိတဲ့ မြို့ သူမြို့ သားတွေဟာ၊ သူတို့ ချစ်ခင်လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စေါင့်ပြီး နား ထောင်နေကြတဲ့ အချိန်၊ မြို့ ကြီးတမြို့ လုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်၊ သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ ဗျူနိုးအေရီးစ် ” တမြို့ လုံးမှာရှိတဲ့ ဘုရားကျောင်းခေါင်းလောင်းတွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့  တပြိုင်နက် ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့်၊ ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင် မှုအတွက်၊ အောင်ပွဲခံမှုရဲ့  သင်္ကေတအဖြစ်၊ သမိုင်းသစ်တခု အစပြုတဲ့နေ့ ကို အသိအမှတ်ပြု ၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။

ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။

ဒီကဗျာတပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘ နေ့  ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့ မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့ မူလတန်းအောင်လို့  အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့  စာကို တခြားသူ တွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနေက်ဆုံးနှစ်၊ စတုတ္ထတန်းမှာ ဘဘဟာ နေ့ မအိပ်ညမအိပ် စာကျက်ခဲ့ရလို့  ကျန်းမာရေးတောင်မှ ချို့ တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး
အလယ်တန်းကျောင်းသားဘ၀ကို အစပြုတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက်၊ ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “ နေ့ ” ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ…၊ ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။

ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။

ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
` မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစက ပြန်စမယ့် “ နေ့ ” ရဲ့ “ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖေါ်ပြသွားခဲ့တာ ငါ့မြေးတွေ့ဲရလိမ့်မယ်။ ဒါပေမယ့် “ ဒဿန ” အားဖြင့် သာမာန်ထက် အများကြီး ပိုပြီး နက်နက်တူးမှ ဖေါ်ယူလို့ ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့

ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
` မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့ အရည်အချင်းလောက်နဲ့ လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တဆုံး နှိုက်ယူမှ ရမယ့် ကဗျာ့ပရိယါယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံ ကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့  ယူဆရတဲ့စကား တချို့  ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ ရဲ့  ဒီမိုကရေစီခေါင်းဆောင် “ ဒေါ်အောင်ဆန်းစုကြည် ” က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တလုံး မကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့်၊ ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတော့ “ တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့ က တိုင်းပြည်ကောင်းစားတိုး တက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါစေသား…” တဲ့။
ငါ့မြေးရေ…။ အဲဒီစာသား ၊ အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက၊ ဘဘဖြင့်တကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ်အားရဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “ မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား ” ကို အခြေခံတဲ့ “ စကား ” တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “ မေတ္တာအောင်မြင်တဲ့နေ့ ၊ မေတ္တာစတင်တဲ့နေ့  ” ဆိုတဲ့ စာသားထဲက “ မေတ္တာ” ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ ၊ “ ဒေါ်အောင်ဆန်းစုကြည် ” ပြောဖူးတဲ့ စကားတခွန်း။ “ ဒိုင်ယာလော့ လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး ” တဲ့။ ဒါလည်း ကဗျာထဲက “ ဒီနေ့ ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ” ဆိုတဲ့စာသားနဲ့  တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ…။ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။

ဒီနေ့ အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။

ကိုင်း…။ ကဗျာဆရာကတော့ ၊ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယ် တော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “ လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာကို စုဝေး ရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲသလိုနေ့ ၊ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ၊ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ “ နေ့  ” အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့ တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။ ။


ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇