(က)
ကျနော်
သူ့ ကို ကိုယ်ချင်းစာမိတယ်။
သူ့ ကဗျာကို ဖတ်တဲ့အခါ တကယ့်ကို သူ့ ကို ကိုယ်ချင်းစာမိတယ်။
တကယ်တော့
သူ့ ကဗျာကို စဖတ်မိတဲ့ အချိန်အထိ
ပြီးတော့
နောက်ထပ်သုံးလေးခေါက်
သူ့ ကဗျာကို ဖတ်မိတဲ့အချိန်အထိ
ကိုယ့်ကိုကိုယ် ကိုယ်ချင်းစာနေမိတာ
သတိမထားမိဘူး။
အခု
သူ့ ကဗျာကိုဖတ်ပြီး
ကိုယ့်ကိုကိုယ် ကိုယ်ချင်းစာတဲ့စိတ်နဲ့
ဒီစာကို ရေးတာ။
(ခ)
၁၀.၃.၂၀၀၇.နေစွဲနဲ့၊ ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မဂ္ဂဇင်းမှာ “ယောဟန်အောင“် ရဲ့ “ ဒီနေရာကို ဘုရားသခင် စွန့်သွားတာ ကြာခဲ့ ပြီးပေါ့ “ကဗျာကိုဖတ်ရတယ်။ ကဗျာထဲမှာ ကဗျာဆရာကိုယ်တိုင် ၀န်ခံထားတဲ့အတိုင်း အကြောင်းအရာတွေကတော့ တကယ်ကို “ရောသမမွှေ“ ပါပဲ။
ဟိုအကြောင်းပြောလိုက်၊ ဒီအကြောင်းပြောလိုက်။ အဲသလို အထွေထွေရောမွှေထားတာကိုယ်၌က၊ ကဗျာတပိုဒ် ရဲ့ ဗဟိုချက်မဲ့မှုကို ပုံဖော်ချင်တဲ့သဘောများလား။ ဒါမှမဟုတ် မျဉ်းဖြောင့်သဘောပြောတာကို ရှောင်ချင်တာလား။ ဒါမှမဟုတ် ဗဟု သုတ၊ ဗဟုစာဂ၊ ဗဟုသမဂ္ဂဖြစ်အောင်ပြောဖို့  ကြိုးစားတာလား။ တပိုဒ်ချင်းကို တပုဒ်ထဲမှာ ကြိုးတချောင်းဖြစ်အောင်ကြစ်ပြီး၊ အဲဒီ ကြိုးကိုပဲ “ခေတ်တခေတ်“ ရဲ့  “တရားလိုပြသက်သေခံပစ္စည်း“ ဖြစ်အောင်ကြိုးစားတာများလား။ ဒါဟာ “ဒီနေရာကို ဘုရားသခင် စွန့် သွားတာ အတော်ကြာခဲ့ပြီပေါ့ “ ကဗျာကို ကျနော် “ဖျင်“ ကြည့်မိရာက ကျနော့်အယူအဆနဲ့ကျနော် ဆွဲချက်ချကြည့်လိုက် တာပါ။ ဒီနေရာမှာ ဒီကဗျာအကြောင်းဆက်ပြီးမပြောခင် ( ဒီကဗျာအကြောင်းပြောတဲ့အခါ အထောက်အကူဖြစ်မယ်လို့ ယူဆတဲ့ အတွက် ) သူ့ ကဗျာတွေနဲ့ကျနော်၊ စတင်ထိတွေ့ ခွင့်ရခဲ့တဲ့ “အစ“ ကိုပြန်ကောက်ကြည့်ချင်တယ်။
၁၉၉၃-ခုနှစ်ထဲမှာ “ယောဟန်အောင်“ ရဲ့ ကဗျာတွေကို ကျနော်စတင်ပြီး ဖတ်ရပါတယ်။ ဒီတုန်းက သူ “သီး“နေတဲ့ အသီး တွေက တကယ့်ကို “ချိုပြင်း“ တွေပါပဲ။ ဥပမာ……..“အလွမ်း“ဆိုတဲ့ကဗျာ။ကိုယ့်ဘ၀ကလည်း ချိုပြင်းသီးတွေ သီးချနေတဲ့ အချိန်ဆိုတော့ သူနဲ့  ကျနော် မယ်လိုဒီညှိလို့ ရခဲ့တာပေါ့။ ကျနော်က “ ဒေါ်အောင်ဆန်းစုကြည်လမ်း “ ကလေးထဲမှာ နေခဲ့ရတဲ့ အချိန်၊ သူက “သေလောထစခန်း“မှာနေခဲ့ပါတယ်။ ကျနော် မျှောချလိုက်လို့  သောင်းရင်းမြစ်ထဲ မျောသွားတဲ့ “သက်ပြင်း“တွေဟာ၊
သံလွင်မြစ်ထဲမျောပါလာတဲ့ “ယောဟန်အောင်“ ရဲ့ “သက်ပြင်း“ တွေ နဲ့ မြစ်ဆုံမှာ ဆုံခဲ့ကြဖူးတာပဲ။ ဒီတုန်းက ၂၀၀၆-ခုနှစ်ကြ မှရေးတဲ့ သူ့ ကဗျာတပုဒ်ထဲက အတိုင်း သူက တကယ့်ကို ဂျေ-ဒီ-အက်စ်-အမ် ဟုန်းဟုန်းလောင်နေတဲ့သူ။ ဆရာ ဒဂုန်တာရာ ရဲ့  “ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်လို့ ရတယ်“ ဆိုတဲ့ “ပန်းချီကား“ ဟာ၊ “ဆေးစပ်မှား“ နေတယ်ဆိုပြီးတောင်မှ စိတ်အချဉ် ပေါက်ခဲ့သူ။
ဒိနောက်ပိုင်း (၁၀)နှစ်ကျော်ကာလမှာ သူ့ ကဗျာတွေကို ကျနော်မဖတ်ခဲ့ရပါဘူး။ ဒါမှမဟုတ် သူ့ ကဗျာတွေကို ဘယ်စာ မျက်နှာပေါ်ကိုမှ သူကိုယ်တိုင် မတင်ပဲထားခဲ့တာလားဆိုတာ ကျနော်မသဲကွဲပါဘူး။ ဒါပေမယ့် သက္ကရာဇ် ၂၀၀၀ ကျော်ကာမှ၊ ဥရောပမဲဇာမှာ သောင်တင်ရင်း ရေးလိုက်တဲ့ သူ့ ရဲ့ ကဗျာတပုဒ်ထဲမှာတော့ တုန်တုန်ခိုက်ခိုက်ဖြစ်နေတဲ့ သူ့ ရဲ့ ပုဂ္ဂလရောမန္တိက ကိုတွေ့ လိုက်ရပါတယ်။ အဲဒီကဗျာထဲမှာ “မီလန်ခိုလီ“ ဆန်တဲ့စကားလုံးတွေကို ကျနော်တွေ့ ရပါတယ်။ တခါ ၂၀၀၀၆-ခုနှစ်ထဲမှာ သူ့ ကဗျာတပုဒ်ကို ကျနော်ဖတ်ရပြန်တယ်။ ကဗျာရဲ့ အမည်က “အကြမ်းဖက်သမား“။ ဒီလိုနဲ့ ၂၀၀၇၊ မေ၊ ၁၀-မှာ၊ သူ့ ရဲ့ “ဒီနေရာ
ကို ဘုရားသခင်စွန့် သွားတာကြာခဲ့ပြီပေါ့ “ ကဗျာကို ခေတ်ပြိုင်ဝက်ဘ်ဆိုဒ် မဂ္ဂဇင်းမှာ ကျနော်ဖတ်ရပါတယ်။
(ဂ)
“ ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့ “ ကဗျာမှာ ကဗျာပိုဒ်(၆)ခု ရှိပါတယ်။ ကဗျာပိုဒ်တပိုဒ်ချင်းစီကို “
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့ “ဆိုတဲ့“ပါဒ“ နဲ့ချည်းပဲ ထပ်ကာထပ်ကာအစပြုပြီး ရေးပါတယ်။ သီချင်း တပုဒ်ရဲ့  Choures သဘောပေါ့။ ဒါကတော့ ၁၉၇၀ ၀န်းကျင်းတ၀ိုက်ကတည်းက ခေတ်ပေါ်ကဗျာဆရာတချို့  တခါတရံအသုံး ပြုလေ့ရှိတဲ့ အတတ်ပညာတခုပါပဲ။ ညွှန်ချင်ညွှန်းချင်တဲ့ အကြောင်းအရာအပေါ် ကဗျာဖတ်သူတွေပိုပြီး အာရုံကိုင်းညွှတ်နိုင်ဖို့  ကြိုးစားတဲ့သဘောပါပဲ။
ဒီကဗျာရဲ့ အထူးခြားဆုံး “အတတ်ပညာ“ ကိစ္စကတော့၊ ပုံမှန်ကာရန်ယူတဲ့စနစ်၊ စာစကားစနစ်နဲ့ စကားလုံးအရေအတွက် သတ်မှတ်ချက်စနစ်ဆိုတဲ့ အဟောင်း(၃)ရပ်ကို ဖေါင်ဖျက်ထားတဲ့ ကိစ္စပါပဲ။ အာရုံခံစားမှုကလည်း ခေတ်ပြိုင်ဖြစ်တယ်။ ဒါကြောင့်မို့  ဒီကဗျာကို ဆရာ“မောင်သာနိုး“ဆီ ပို့ လိုက်ရင် အမူးအမော်ပြေစေမှာကတော့ သေချာတာပေါ့။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
အဲဒီအချိန်ကစလို့ 
တောမီးတွေလောင်၊ တောင်ယာတွေအဖျက်ခံရတယ်။
မိုးခေါင်ရေရှားတယ်။
ဂရုတစိုက်ထားတဲ့ စပါးပင်တွေပိုးကျတယ်။
ရေကြီးတယ်၊ မုန်တိုင်းကျတယ်။
အလေ့ကျပေါက်တဲ့ ကြက်ဆူပင်တွေစိုက်ရတယ်။
လူလူချင်းသတ်ကြ၊ ကျွန်ပြုကြ၊ လူက လူကိုရောင်းစားကြ။
ငတ်မွတ်ခေါင်းပါး
ဖျားနာ၊ ရောဂါနဲ့  ကာလနာတိုက်တယ်။
သေတာလည်း မနည်းဘူး။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
အဲဒီနေရာကစလို့ 
စစ်တွေတိုက်ကြတယ်။
ကျိုင်းကောင်အုပ်ကျတယ်။ ကြွက်ကျတယ်။
ခြစားတယ်။ လာဘ်စားတယ်။ ဘာလုပ်လုပ်ငွေတောင်းတယ်။
ဈေးတွေတိုးပြီးရောင်းတယ်။ လူကောင်းတွေ ရှားလာတယ်။
တယောက် တယောက်ကို ရန်လိုမျက်လုံးနဲ့ ကြည့်တယ်။
တချို့ က ကိုယ့်အမျိုးတွေအတွက်ပဲကြည့်ပြီး၊ အချို့ က ကိုယ့်အမျိုးကိုတောင် မကြည့်နိုင်၊
ကိုယ့်အသိဥာဏ်ကို ကိုယ်သစ္စာဖောက်တယ်။
ရိုက်နေတဲ့လူကို ဒူးထေါက်လျှာနဲ့ လျက်တယ်။
ဒီကဗျာနှစ်ပိုဒ်မှာ လူတွေရဲ့ အကျင့်သီလအခြေအနေနဲ့ လူတွေကြောင့်ဖြစ်ရတဲ့ အနိဌာရုံကို ရေးတာပါပဲ။ နှစ်ပိုဒ်တပိုဒ်သဘောပါပဲ။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
သူက ဘယ်သူပိုင်တယ် မသတ်မှတ်သွားတော့ ခက်နေတယ်။
မြစ်တွေနဲ့ ၊ သစ်တောတွေရောင်းစားတယ်။
ရေနံတွေ၊ ဂက်စ်တွေ နက်နက်တူးတယ်။
သေနတ်ကိုင်ပြီး နိုင်ငံရေးပြောတယ်။
ပိုက်ဆံကိုင်ပြီး လူထုတရားဟောတယ်။
ဘာသာရေးစွဲပြီး အကြမ်းဖက်တယ်။
အရှက်နည်းလာတယ်။
လူလိမ်တွေပေါလာတယ်။
သမရိုးကျ ဗိုလ်ကျမှုတွေဖြစ်လာတယ်။
ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေကိုပဲ မဲတင်းပြီးရေးတာဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင် ကိစ္စ ပါလာတာကိုလည်းတွေ့ ရ။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ချဲထိုးတာရယ် ဘောလုံးပွဲလောင်းတာကိုက
သမာအာဇီဝ၊ အလေ့အထဖြစ်လာတယ်။
ဗေဒင်ဆရာနဲ့  ပျောက်စေမှော်တွေ ပေါလာတယ်။
အမေတွေက အကြမ်းဖက်သမားတွေ မွေးတယ်။
ဗုံးတွေ ခဏခဏကွဲတယ်။
အရေးပေါ်ဥသြတွေ ခဏခဏကြားရတယ်။
အေအိုင်ဒီအက်စ် ကူးတယ်။
ဂလိုဘယ်ဝမ်းမင်း ဖြစ်တယ်။
ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေအပြင် သဘာဝပတ်ဝန်းကျင်ကိစ္စအတိအလင်း ပါလာခဲ့ပြီ။ ဒါလည်း လူတွေရဲ့ အကျင့်သီလအကျိုးဆက်သဘောရေးတာ။ (ဂလိုဘယ်.၀မ်းမင်း….ဆိုတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးလို့  ကမ္ဘာကြီးပူနွေးလာတာသက်သက်ကိုပဲ ရည်ညွှန်းပြီးရေးလိုက်တာ ဟုတ်မှဟုတ်ပါလေစ…။) ပြီးတော့ “အမေတွေက အကြမ်းဖက် သမားတွေကို မွေးတယ်“တဲ့။ ၂၀၀၆-ခုနှစ်ထဲတုန်းကရေးတဲ့ “အကြမ်းဖက်သမား“ကဗျာရဲ့ “လှိုင်း“တလုံးက၊ ကျနော့်ရင်ထဲ ဒေါင့် ဖြတ်ဝင်တိုးလိုက်ပါတယ်။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ပြီးတော့မှ သူတို့ ပြန်ရောက်လာတယ်။
လက်ကိုင်ကွန်ပျူတာပါတယ်။
ငှက်ဖျားကာကွယ်ဆေးနဲ့ 
လက်သန့် စင်တဲ့ ဟန်းဒ် ဆန်နီတိုက်ဇာ--နဲ့ 
ဘုရားသခင်ကိုယ်စား ပြန်ရောက်လာတယ်။
(ဂြိုလ်တုဖုန်းနဲ့  ဖိုးဝှီးကားပါလာတယ်။)
အပြာရောင်အလံထောင်လာတယ်။
ဒီကဗျာပိုဒ်မှာ ကျိုင်းကောင်အုပ်တွေကျတဲ့နေရာ၊ ယင်ကောင်တွေရှိတဲ့နေရာ၊ ကပ်ဆိုက်တဲ့နေရာတွေဆီ ရောက်လာကြ သူတွေကိုဖွဲ့ တယ်။ ကျနော်ကတော့ လက်ကိုင်ကွန်ပျူတာ၊ ဂြိုလ်တုဖုံး၊ ဖိုးဝှီးကားတွေကိုကျော်ပြီး ကြည့်နိုင်ဖို့ ကြိုးစားရတာပေါ့။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ကပ်တွေ၊ စစ်ပွဲတွေနဲ့ ၊ ဒုက္ခသည်စခန်းတွေကြားမှာ
ဒီကဗျာဟာလည်း
ကမောက်ကမ ရှေ့ နောက်မညီ
ရောသမမွှေ ဖြစ်နေပြီ။
ဒါလည်း ဘာဆန်းသလဲ။
ဘုရားသခင်က
သူ့ ကဗျာ ၀ိဥာဉ်ကိုပါ နှုတ်သွားတာကိုး။
ကဗျာပိုဒ် (၆) ပိုဒ်။ကဗျာဆရာဟာ သူပြောပြချင်တဲ့ သူ့ စေတနာကို အခုလို တပိုဒ်ပြီးတပိုဒ် ထပ်ကာထပ်ကာ ပြောခြင်းအားဖြင့် သူ့ စေတနာကို ပိုပြီးလေးနက်သထက် လေးနက်စေခဲ့တယ်။သံတချောင်းကို တူနဲ့ ထပ်ကာထပ်ကာ ထုရိုက်သလို ကဗျာဖက်သူရဲ့ ရင်ထဲ စူးဝင်သွားစေတယ်။ သူမြင် တာကို First person အနေနဲ့ အကုန်ပြောတဲ့သဘော။ ကျနော့်နှလုံးသားထဲမှာ အပြည့်ရသွားတယ်။
ဒီကဗျာထဲက သူ့ အမြင်၊ သူ့ “အတ္တ“ဟာ ကျနော့် “အတ္တ“ နဲ့ “ထမ်းပိုးတမ်း“ ဖြစ်တယ်။ လူအတော်များများရဲ့ “အတ္တ“နဲ့  လည်း “ထမ်းပိုးတမ်း“ ဖြစ်တယ်။ ကျနော်တို့ တတွေ သူနဲ့ အတူ ခြံစည်းရိုးကြက်ဆူပင် စိုက်ရတယ်။ လူက လူကိုရောင်းစားတဲ့ သတင်းကိုနားထောင်တယ်။ အဖျက်ဆီးခံခဲ့ရတဲ့ တောင်ယာထဲက ညှော်နံ့ ကို ရှူမိတယ်။ခြစားဖူးတယ်။ လာဘ်ကျွေးဖူးတယ်။ လ္ဘက်ရည်ဆိုင်ထဲမှာ ဟိုဖက်စားပွဲမှာထိုင်နေတဲ့လူတယောက်နဲ့ ရန်လိုတဲ့အကြည့်ကြည့်ဖူးတယ်။ ကိုယ့်အသိဥာဏ်ကို သစ္စာဖေါက် ဖို့  အကြိမ်ကြိမ်ကြိုးစားရတာပဲ။ ရိုက်နေတဲ့လူရဲ့  ခြေသလုံးဆီက “အိုင်အိုဒင်းဓါတ်“ ကို လျှာပေါ်မှာခံစားဖူးတယ်။ အမေတွေက အကြမ်း ဖက်သမားတွေ မွေးထုတ်တာ အားပေးဖူးတယ်။ “ဂလိုဘယ်ဝမ်းမင်း“ ကိုဖတ်ပြီး ကြောစိမ့်ဖူးတယ်။ အပြာရောင်အလံထောင် ထားတဲ့ ကားနောက်က ဖုံလုံးထဲမှာ ဒရွပ်ဆွဲငိုကျွေးရင်း လိုက်ခဲ့ဖူးတယ်။
ဒါတွေကိုတွေး၊ ဒါတွေကို ချိပ်ဆက်၊ ဒါတွေကိုပြန်လည်နေရာချထား၊ ဒါတွေကို နောက်တလှမ်းခွါပြီး ကြည့်တော့ ကိုယ့်ဘ၀ နဲ့ကိုယ်နဲ့ က ရှင်းသလိုလို ထွေးသလိုလို။ ကိုယ့်ဘ၀နဲ့ကိုယ်နဲ့က ကျဉ်းသလိုလို ချောင်သလိုလို။ ဒီနေရာမှာ လေးထောင့်၊ ဟိုနေရာ မှာ အ၀ိုင်း။ ကိုယ့်အပေါ်ကို မော့ကြည့်တော့ ပိရမစ်။ ဘေးကိုကြည့်တော့ “ဟော်ရစ်ဇွန်တယ်“ ဖြစ်။ ဒီလိုခံစားရလို့  အမြင်အာရုံကို “ဖိုးကပ်စ်“ပြတ်အောင်ဖြတ်တော့ ကျနော်က “သူ“ဖြစ်။ သူက ကျနော်ဖြစ်။ “ဖိုးကပ်စ်“က ပြတ်အောင်ကိုဖြတ်လို့ မရနိုင်ခဲ့ဘူး။
ဒီကဗျာမှာ ကဗျာဆရာဟာ တခြားလူတွေအကြောင်းပြောနေတာလား။ သူ့ အကြောင်းသူပြောနေတာလား။ ဒီအထဲမှာ ကျနော့်အဖြစ် ကျနော့်အကြောင်းတွေလည်းပါနေတယ်။ဒါဆိုရင် သူနဲ့ ကျနော်က လူနှစ်ယောက်လား။ တယောက်ထဲလား။ တစိတ်နှစ်ကိုယ်လား။ သူကတခြားလူနဲ့ တူပြီး ကျနော်က သူနဲ့ တူနေတာလား။ ကဗျာဖတ်ရင်းက သူနဲ့ ကျနော် ပူးတုံခွာတုံ။ နွေးတုံ အေးတုံ။ ဘာတခုမှ အသေစွဲလို့ မရ။သူ့ ကဗျာကိုဖတ်ရင်း ကျနော်ဟာ တခါတရံမှာ “ကတ္တား“ဖြစ်လိုက်၊ “ကံ“ဖြစ်လိုက် …။ ဒါလည်း မသဲကွဲချင်ဘူး။ ကျနော်ကတော့ “ကတ္တား“ဖြစ်ချင်တယ်။ ဒါပေမယ့်….။
(ဃ)
“သူ“လို့ ထင်ရတဲ့ “ကျနော့်“ကို
သူ့ ကဗျာထဲမှာ ကျနော်တွေ့ နေရတယ်။
သူဟာ
မြေကွက်လပ်တခုပေါ်မှာ ရပ်နေတယ်။
သူက အဲဒီမြေကွက်လပ်ကို လပ်ညှိုးထိုးပြီး
“ ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့ “လို့ ကြေကြေကွဲကွဲ အော်လိုက်တယ်။
သူ့ ရဲ့ “အော်သံ“က “အက်ဗတ်မွန့် ခ်“ရဲ့ “အော်သံ“နဲ့ မျိုးစိပ်ချင်းတူတယ်။
ဒီအသံကို ကျနော်ကြားတော့
“ဂျက်ဟစ်ကင်း“ ရဲ့ ဝတ္ထုခေါင်းစဉ်တခု
“ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ“ဆိုတာကို သွားပြီးသတိရတယ်။
ဒါနဲ့ပဲ
ဖြတ်ကနဲသတိတချက် လင်းလက်တဲ့အခိုက်
ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတယ်..။
မြေကွက်လပ်ပေါ်မှာ လူတယောက်။
အဲဒီလူဟာဖြင့် “ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ တယောက်“
မြေကွက်လပ်ပေါ်မှာ ရပ်နေလေရဲ့ ။ ။
(ဒီကဗျာခံစားမှုဆောင်းပါးက ဧရာဝတီအွန်လိုင်းမှာမောင်သစ်ဦးကလောင်အမည်နဲ့ တင်ခဲ့တဲ့ ဆောင်းပါးပါ။ ကာယကံရှင် ကဗျာဆရာ ယောဟန်အောင်ကလည်းသူ့ဘလော့ဘ်မှာ ဒီဆောင်းပါးကို တင်ခဲ့ပြီးဖြစ်ပါတယ်။)
No comments:
Post a Comment