May 02, 2008

တံခါးနှစ်ချပ်ကို တွန်းဖွင့်ခဲ့ကြတဲ့ ကဗျာဆရာနှစ်ဦး

(က)

လူ့ယဉ်ကျေးမှုသမိုင်းမှာ “မီး”ကို လူတွေစတင်တီထွင် အသုံးပြုနိုင်လိုက်တဲ့ စမ်းသပ်တီထွင်မှု ဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စဆိုတာ လူတိုင်းသိပါတယ်၊ ကမ္ဘာဦးလူသားတဦး ကျောက်တုံးနှစ်ခုကြားမှာ သစ်ရွက်ခြောက်ကို ညှပ်ပြီး ပွတ်ကြည့်ခတ်ကြည့်ရာက“ မီး”ကို စတင် တီထွင်ဖန်တီးယူလို့ ရလိုက်တဲ့အခါ လူ့ ယဉ်ကျေးမှုသမိုင်းကြီးဟာလည်း အသစ်ဖြစ်ထွန်းမှုကြီး ဖြစ်လာပြီး ယဉ်ကျေးမှုရေချိန်ဟာ မြင့်တက်လာခဲ့ရပါတယ်၊ သမိုင်းအချိုးအကွေ့ ကြီးတခု ဖြစ်ထွန်း ခဲ့ရတယ်လို့ လည်းဆိုကြပါတယ်။ ဒါကို ဥပမာတင်စားပြီးပြောရရင်----အဲဒီ ”မီး”ကိုစတင်တီထွင်စမ်း သပ်လိုက်တဲ့ ကမ္ဘာဦးလူသားဆိုတာ အဲဒီခေတ် အဲဒီအခါအရ တကယ့်ကိုကြီးမားတဲ့ သိပ္ပံပညာ ရှင်ကြီးသဘောပါပဲ။ ဒီကမ္ဘာဦး သိပ္ပံပညာရှင်ကြီးဟာ လူသားယဉ်ကျေးမှုကြီး ပိုမိုမြင့်မားတိုးတက် စေဖို့  ပိတ်ထားတဲ့တံခါးကို လက်နဲ့ တွန်းဖွင့်ပေးလိုက်တဲ့ သဘောဖြစ်တယ်လို့  ဥပမာတင်စားပြီး ပြောနိုင်ပါတယ်။

ဒီလိုပါပဲ------။ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်၊ ၁၉၀၄ခုနှစ်အတွင်းတုန်းက ” ဂျိန်းလှကျော်” အမည်ရတဲ့ စာရေးဆရာကြီး တဦးဟာ ”မောင်ရင်မောင်၊ မမယ်မ”လို့ အမည်ပေးထားတဲ့ ၀တ္ထု တပုဒ်ကို ရေးပါတယ်။ ဒီဝတ္ထုဟာ မြန်မာ့ စာပေသမိုင်းမှာ ”၀တ္ထု”အမျိုးအစား အနေနဲ့  ပထမဆုံး ပေါ်ထွက်လာတဲ့ အသစ်တီထွင်မှုတခုအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ စာရေးဆရာကြီး”ဂျိန်းလှ ကျော်”ဟာ မြန်မာ့စာပေသမိုင်းမှာ မရှိသေး၊ မပေါ်ပေါက်ဖူးသေးတဲ့ စာပေပုံသဏ္ဍန်သစ် တခု၊ ”၀တ္ထု”ကိုစတင်တီထွင် အသုံးပြုလိုက်တဲ့သဘောပါ ပဲ၊ တနည်းအားဖြင့်ပြောရရင် စာရေး ဆရာကြီး” ဂျိန်းလှကျော်”ဟာ၊ မြန်မာစာပေသမိုင်းရဲ့ ပိတ်ထား တဲ့ တံခါးတချပ်ကို ပွင့်အောင်တွန်း ဖွင့်ပေးခဲ့တဲ့ စာပေပညာရှင်ကြီး တဦးအနေနဲ့  ကျနော်တို့ တတွေ လေးစားကြရမှာပါ။
မြန်မာစာပေသမိုင်းမှာလည်း၊ ဆရာကြီး ”ဂျိန်းလှကျော်”လို၊ စာပေတံခါးဖွင့်ပေးခဲ့ကြတဲ့ ကဗျာဆရာနှစ်ဦးရှိပါတယ်၊ သူတို့ နှစ်ဦးရဲ့ ကျေးဇူးဟာလည်းမသေးလှပါဘူး၊ သူတို့ နှစ်ဦးရဲ့ ကျေးဇူး ကြောင့်ပဲ မြန်မာကဗျာ ဖြစ်ပေါ်တိုးတက်မှုဟာ အဆင့်တဆင့်စီ တိုးတက်မြင့်မားကျယ်ပြန့် လာခဲ့ ကြ ရတယ်လို့ အသေအချာပြောနိုင်ပါတယ်၊ အဲဒီကဗျာဆရာကြီးနှစ်ဦးကတော့ ကဗျာဆရာကြီး ”ဇော်ဂျီ” နဲ့ ကဗျာဆရာ” မောင်လေးအောင်”တို့ ပဲဖြစ်ကြပါတယ်။

(ခ)

စာပေချစ်သူများ သိရှိထားကြပြီး ဖြစ်တဲ့အတိုင်း လွတ်လပ်ရေးအကြိုခေတ် ၁၉၃၀--ခုနှစ်လွန် တ၀ိုက်က ပေါ်ထွန်းခဲ့တဲ့ ”ခေတ်စမ်းစာပေခေတ်” ဆိုတာ၊ မြန်မာစာပေသမိုင်းမှာ အထင်ကရ မှတ်တိုင်တခုပါ။ ဒီ”ခေတ်စမ်းစာပေခေတ်”မှာ ထူးခြားချက်နှစ်ချက်ရှိပါတယ်။ အဲဒါကတော့ စကားပြေနဲ့  ကဗျာ နှစ်မျိုးနှစ်စားစလုံး။ အသစ်ဖြစ်ထွန်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ် ပါတယ်။ ဒီနေရာမှာ ဆရာ ”ဇော်ဂျီ”ဟာ ”ကဗျာအသစ်ဖြစ်ထွန်းမှု”ကို တီထွင်ခေါင်းဆောင်တဲ့ သူဖြစ်ခဲ့ပါတယ်။ ဆရာ ”ဇော်ဂျီ”ဟာ၊ ခေတ်စမ်းကဗျာအမျိုးအစားသစ်ကို ပထမဆုံးစမ်းသပ်တီထွင်ခဲ့ သူဖြစ်ပါတယ်၊ မြန်မာကဗျာသမိုင်းကို သည့်ထက်ပိုမိုမြင့်မားတိုးတက်ကျယ်ပြန့် စေဖို့  ဆရာ”ဇော်ဂျီ” က၊ ပိတ်ထား တဲ့တံခါးတချပ်ကို အောင်မြင်စွာ တွန်းဖွင့်ပေးလိုက်နိုင်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။
၁၉၂၈--ခုနှစ် “ဟံသာကြေးမုံ“ စာစောင်မှာ”ပိတောက်ပန်း”လို့ အမည်ပေးထားတဲ့ ကဗျာ တပုဒ်ပါရှိ လာပါတယ်။ ရေးဖွဲ့ သူ ကဗျာဆရာက ဆရာ ”ဇော်ဂျီ” ဖြစ်ပါတယ်။ ဒီကဗျာကို ဖော်ပြ လိုက်တော့ မြန်မာကဗျာနယ်ပယ်မှာ ”ဂယက်”တော်တော်ရိုက်ပါတယ်။ အထူးသဖြင့် စည်းကမ်း ကလနားကြီးလှတဲ့ ကဗျာဆရာကြီးတွေကြားမှာ ဗုံးတလုံးခွဲလိုက်သလို ဖြစ်ပြီး ၀ိုင်းဝန်းဝေဖန် ပစ်တင်ခဲ့ကြပါတယ်၊ တချို့ ကဆိုရင်‘ ပိတောက်ပန်း‘ ကဗျာကို ”ကဗျာ”မဟုတ်ဘူးလို့ တောင်မှ ရှုံ့  ချခဲ့ကြတယ်လို့ ဆိုပါ တယ်။” ပိတောက်ပန်း”ကဗျုာဟာ မြန်မာကဗျာအဆင့်အတန်းကို နိမ့်ကျ အောင်လုပ်တာဆိုတဲ့ အထိ စွပ်စွဲခဲ့ကြပါတယ်။ ဒီလိုအုပ်အော်သောင်းနင်း ဖြစ်ရလောက် အောင် ”ပိတောက်ပန်း”ကဗျာဟာ သူနဲ့  ခေတ်ပြိုင်ကဗျာတွေထဲမှာ တကယ့်ကို ထူးခြားကွဲပြား နေတာကလည်း အထင်အရှားပါပဲ။
ဆရာဇော်ဂျီရဲ ”့ပိတောက်ပန်းကဗျာ”ကို ဖတ်ကြည့်ရအောင်ပါ၊
ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ 
နှစ်ဆန်းခါတော်မီမို့ 
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့ 
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့ 
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့ 
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့ လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့ 
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။

ခူးပါနဲ့ ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့ 
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။


”ပိတောက်ပန်း” ကဗျာနဲ့ သူ့ အထက်ကတင်ပြခဲ့တဲ့ ကဗျာကို နှိုင်းယှဉ်ကြည့်ပြီးဖတ်ကြည့် ရင်ပဲ ကဗျာနှစ်ပုဒ်ရဲ့  ကွာဟချက်ဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ချက်ချင်းသိနိုင်ပါတယ်။ စည်းကမ်းကလနားကြီးမားလှတဲ့၊ တနည်းအားဖြင့် ဂန္တ၀င်ဆန်သထက်ဆန်အောင် ရေးရဖွဲ့ ရတဲ့ ဟန်နဲ့  လွတ်လွတ်လပ်လပ်၊ ပွင့်လင်းလန်းဆန်းတဲ့ ရေးဟန်ဆိုပြီး ”ရေးဟန်” နှစ်ခုအပေါ် စာဖတ်သူ က သတိမပြုမိပဲ မနေနိုင်လောက်အောင်သိသာလှတာ တွေ့ ကြရပါတယ်။
”ပိတောက်ပန်း”ကဗျာမှာ ”မခူးချင်းစမ်းပါနဲ့ ”ဆိုတဲ့ အသုံးအနှုန်းဟာ၊ အဲ့ဒီအချိန်တုန်းက ကဗျာတွေထဲမှာ ”စာဆန်သထက်ဆန်အောင်” ”အိနြေ္ဒကြီးသထက်ကြီးအောင်” ရေးမှဖွဲ့ ကဗျာ ပီသ တယ်၊ ကဗျာကောင်းဖြစ်တယ်ဆိုတဲ့ ကဗျာဆရာတွေကြားမှာ ဗုံးတလုံးချခွဲလိုက်သလိုဖြစ်ခဲ့ တဲ့ ”အသုံးအနှုန်း”ဖြစ်ပါတယ်။ဒီခေတ်စကားအရပြောရရင် ”စကားပြောလေသံ၊ အရပ်သုံးစကား”ကို ကဗျာထဲမှာ ထည့်ပြီးဖွဲ့ လိုက်တာပါ၊ လူတွေအရပ်ထဲမှာ နေ့ စဉ်သုံးနှုန်းပြောဆိုနေတဲ့ စကားလုံးတွေ ကို ကဗျာမှာထည့် ပြီးဖွဲ့ လိုက်တာပါ။ ဖွဲ့ တာမှ ကဗျာရဲ့ အဖွင့်စာကြောင်း၊ အဖွင့်ပါဒမှာကတည်းက အခုလို ဖွဲ့ လိုက်တာပါ၊ ဒီလိုသုံးနှုန်းဖွဲ့ ဆိုလိုက်လို့ လည်း ခေတ်ပြိုင်ကဗျာဆရာတွေ ဟာ ”မျက် ကလူးဆန်ပြာ” ဖြစ်ကုန်ကြရပြီး ”ပိတောက်ပန်းကဗျာ” ကို ”ကဗျာမှ ဟုတ်ရဲ့ လား” ဆိုတဲ့ မေးခွန်း တွေမေးခဲ့ကြတာပေါ့။
”ပိတောက်ပန်းကဗျာ”ဟာ အချိုးကဗျာပဲဖြစ်ပါတယ်၊ လေးချိုးကဗျာ ဖြစ်ပါတယ်၊ ဒါပေမယ့် ကဗျာထဲမှာ ထည့်သွင်းရေးဖွဲ့ တဲ့ အကြောင်းအရာနဲ့  တချို့ စကားလုံးတွေကို ခေတ်ပြိုင်ကဗျာ သ ဘောတရား၊ ကဗျာဥပဒေသတွေထဲက ခွဲထွက်ပြီး ကဗျာသစ်သဘောတရား၊ ကဗျာသစ်ဥပဒေသ တခု ဖြစ်လာရလောက်အောင် တီထွင်နိုင်ခဲ့တဲ့ သဘောရှိပါတယ်၊ အကြောင်းအရာအားဖြင့်ဆိုရင်
” ပိတောက်ပန်း”ကို အသက်ရှိတဲ့ လူနဲ့ တထပ်တည်းသဘောထားပြီး ရေးဖွဲ့ ပြောဆိုလိုက်တဲ့ကိစ္စ ဟာ ဒီတုန်းက ”ပိတောက်ပန်း”ကို ”ပန်းတကာတို့ ရဲ့ ဘုရင်”ဖြစ်တယ်ဆိုတာလောက်နဲ့  ရပ်နေခဲ့တဲ့ ကဗျာ့ပရိယာယ်ကို ချဲ့ ထွင်တိုးမြှုင့် လိုက်တဲ့ သဘောဖြစ်ခဲ့ပါ တယ်၊ ”သူလည်းလေလောကီသား ပေမို ”့ ဆိုတဲ့ စကားစုဟာ၊ ပိတောက်ပန်းကို လူနဲ့ ထပ်တူပြုလိုက်တဲ့ စကားစုပါပဲ။ ပိတောက်ပန်း တွေကို လူတွေက အရမ်းကာရော ခူးကြ၊ ပန်ကြ၊ ချွေချကြ လုပ်ကြတဲ့အခါ ”ပိတောက်ပန်း”အပေါ် စာနာစိတ်ဖြစ်ပြီး ”မခူးချင်စမ်းပါနဲ့ လို့ ”ဟန့် တားလိုက်ရုံတင်မက ”သူလည်းလေလောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ်”ဆိုတဲ့စကားနဲ့ ၊ ”ပိတောက်ပန်းဟာလည်း သူ့ အလှနဲ့ သူဘ၀နဲ့ ပိတောက် ပင် ပေါ်မှာ လှချင်ပချင်ရှာမှာပေါ့ ” ဆိုတဲ့ စေတနာနဲ့ ဒီကဗျာကို ရေးဖွဲ့ လိုက်တာပါ။ ထီးနန်း ဟန်ဆန်တဲ့ ကဗျာတွေ၊ ဘုန်တော်ဘွဲ့ တွေ၊ အလှဘွဲ့ တွေ၊ သဘာဝအဖွဲ့ အနွဲ့ တွေကြားမှာ မျက်စေ့လည်နေကြတဲ့အချိန်၊ ”သာမန်အရာဝတ္ထု၊ သာမန်ကိစ္စ”များသာဖြစ်တယ်လို့ လူတွေယူဆ ထားကြတဲ့ ၀တ္ထုပစ္စည်းတွေ၊ ကိစ္စတွေကို ဆရာဇော်ဂျီက ကဗျာထဲမှာထည့်ပြီး ဖွဲ့ လိုက်တဲ့အချက် ဟာ ထူးခြားတဲ့အချက်ဖြစ်ခဲ့ရပါတယ်၊ နောင်အခါမှာ ဆရာဇော်ဂျီဟာ ”ကြောင်မနက်ပြာ” ”လှိုင်း ကလေးအသင်” အစရှိတဲ့ ကဗျာမျိုးတွေကို ဆက်ပြီးဖွဲ့ ဆိုလာရင်းက၊ ဒီအယူအဆဟာ ပိုပြီးထိ ရောက်ကျယ်ပြန့် လာခဲ့ပြီး လူတွေလက်ခံသဘောကျလာခဲ့ကြပါတယ်၊ ဒီလိုနဲ့ ပဲ ဆရာဇော်ဂျီ ဟာ ”ပိတောက်ပန်း” ကဗျာတပုဒ်ထဲနဲ့ ၊ ခေတ်စမ်းကဗျာခေတ်ရဲ့ တံခါးကို တွန်းဖွင့်ပေးလိုက်ပါတယ်၊

(ဂ)

မြန်မာကဗျာနယ်ပယ်မှာ ၊ ၁၉၇၀ ခုနှစ်တ၀ိုက်ဟာ ထူးခြားတဲ့ နှစ်ကာလတခုပါပဲ။ အဲ့ ဒီနှစ်တ၀ိုက်က ”မိုးဝေစာပေမဂ္ဂဇင်း” မှာ ဖော်ပြတဲ့ ကဗျာတွေဟာ၊ သူနဲ့ ခေတ်ပြိုင်တခြားဘယ်မဂ္ဂ ဇင်းတွေနဲ့ မှ မတူတဲ့ ”ကဗျာသစ်” တွေဖြစ်နေတာ တွေ့ ရပါတယ်။
၁၉၇၀-ခုနှစ်တ၀ိုက်၊ မိုးဝေစာပေမဂ္ဂဇင်းမှာ ဖော်ပြနေတဲ့ ကဗျာတွေရဲ့ ထူးခြားချက်က ကဗျာ အတတ်ပညာအရ၊ အကြောင်းအရာအရ ထူးခြားသစ်လွင်တဲ့အတွက် နောင်နှစ်(၂၀)ကျော်လာတဲ့ အခါ အဲ့ဒီ ၁၉၇၀-ခုနှစ်တ၀ိုက်က ပေါ်ခဲ့တဲ့ မိုးဝေစာပေမဂ္ဂဇင်း ကဗျာတွေကို ”မိုးဝေကဗျာ ခေတ် ကဗျာများ” ရယ်လို့ ခေါ်ဝေါ်ပြောဆိုလာနိုင်ခဲ့ကြပါတယ်။
မိုးဝေစာပေမဂ္ဂဇင်းမှာ ဖော်ပြနေတဲ့ ကဗျာတွေမှာ အထင်ရှားဆုံးအချက်က ”လေးလုံးတပါဒ စနစ်ကိုဖြေလျှော့ပြီး၊ ပါဒတခုမှာ စကားလုံးအရေအတွက် ကြိုက်သလိုထားရှိခြင်းနဲ့ ၊ လွတ်လပ်ကာ ရန်စနစ်ကို ကျင့်သုံးခြင်းဖြစ်ပါတယ်။ ဒါ့အပြင်”အရပ်သုံးစကား၊လူထုသုံးဝေါဟာရနဲ့ စကားပြောရစ် သမ် ” ကိုစတင်အသုံးပြုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကတော့ ကဗျာအတတ်ပညာပိုင်းဖြစ်ပြီး အကြာင်း အရာပိုင်းမှာကြတော့  ခေတ်ပြိုင်လူထုရင်ခုန်သံကို ဦးစားပေးရေးစပ်ခဲ့ ကြတဲ့  အချက်ဖြစ်ပါတယ်။ ဒီ လိုအတတ်ပညာအရ၊ အကြောင်းအရာအရ နှစ်ခုစလုံး“ အသစ်“တီထွင်ရေးစပ်တဲ့  ကဗျာလှုပ်ရှား မူမှာ ကဗျာဆရာ“ မောင်လေးအောင်“ ဟာ တပ်ဦးကရပ်ခဲ့ ပါတယ်။ သူ့ ရဲ့ ကျော်ကြားလှတဲ့ ကဗျာတ ပုဒ်ဖြစ်တဲ့“ဒီဇင်ဘာ(၂၀)ရက်`၏တမ်းတခြင်းသို့မဟုတ်ရဲဘော်ရဲ့ကဗျာ “ကဗျာဟာ၊နောင်အခါ“ မိုးဝေကဗျာခေတ်“ ရယ်လို့  ခေါ်ဝေါ်သတ်မှတ်ခံရမယ့် ၊ ကဗျာခေတ် တခေတ်ရဲ့ တံခါးကို တွန်းဖွင့်နိုင်ခဲ့တဲ့ ကဗျာတပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီကဗျာကို ၁၉၆၉ ခု၊ ဒီဇင်ဘာ လ ထုတ်၊မိုးဝေစာပေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ၊ ခုဆိုရင် နှစ်ပေါင်း(၄၀နီးပါး)ရှိခဲ့ ပါပြီ။ လေးလုံး တပါဒစနစ်ကို ဖြေလျော့ ပြီး လွတ်လပ်ကာရံစနစ်ကိုကျင့်သုံးကာ စကားပြောရစ်သမ်ကို အပီပြင်ဆုံး၊ အစောဆုံးရေးစပ်နိုင်ခဲ့ တဲ့ ကဗျာအဖြစ်အခုလို တွေ့ ရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်`၏ တမ်းတခြင်း သို့ မဟုတ် ရဲဘော်ရဲ့ ကဗျာ

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့ နှုတ်ခမ်းဟာ
ဖြန်းခနဲကွဲထွက်ပြီး
သွေးအစက်စက် စီးလိမ့်လာတယ်။
ငါအံကိုကြိတ်ပြီး
လက်သီးကျစ်ကျစ်ဆုတ်မိတယ်
ဒီနေရာမှာ
ရဲဘော်ဟာ ကျဆုံးခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရေးအရ
သုတေသန လုပ်ရင်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို တွေ့ ရမယ်။
ဘယ်သူငြင်းနိုင်သလဲ
စီးဆင်းခဲ့တဲ့ ရဲဘော်ရဲ့ သွေးတွေအကြောင်း။
စပါးတားကပ်ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း အတိုင်းမသိသော
ချေဂွေဗားရား စသော
အာဇာနည် ရာထောင်သောင်းတို့ နှင့်အတူ
တရားတဲ့ပြည်သူတွေရဲ့ တိုက်ပွဲမှာ
ရဲဘော်ရဲ့ သွေးဟာ နီရဲခဲ့တယ်
သူတို့် က ရဲဘော်ရဲ့ ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေ။
သူတို့ မုန်းတာကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့ 
ပြုံးမှာပဲ၊ ယုံတယ်။
ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို နုပျိုလန်းဆန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
တို့ ဟာ စာရွက်တွေဝေဖူးတယ်။
ရဲဘော်ရဲ့ အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့တိုက်ပွဲတွေအကြောင်း။
ဒီနေရာကိုလာပြီး
ရဲဘော်စီးဆင်းခဲ့တဲ့
နီရဲတဲ့သွေးစက်တွေပေါ်မှာ
ငါ့ဖြူဖပ်ရော်တဲ့
မျက်ရည်နဲ့ 
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့ 
ရဲဘော်ရဲ့ ဂုဏ်အခန်ခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတစ်ပုဒ်
ဟုတ်တယ်၊ ငါ့ကဗျာတစ်ပုဒ်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို
ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ ကဗျာတစ်ပုဒ်။
လက်ခံပါရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။
ဒီကဗျာဟာ
ငါ့ကဗျာမဟုတ်ဘူး။
ပြန်ငြင်းပါရစေ
ဖတ်ကြည့်စမ်းလေ
စေးထန်းတဲ့ သွေးစက်တွေရယ် ဘယ်သူ့ သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့သွေးတွေ
မခြောက်သေးတဲ့ သွေးအစက်စက်နဲ့ 
ရဲရဲ လက်လက် သီယှက်ထားတဲ့
ရဲဘော်ရဲ့ ကဗျာပါလား။ ။

(ဃ)

လူ့ ယဉ်ကျေးမှုနယ်ပယ်မှာ၊ စာပေခေတ်အသီးသီးရဲ့ တံခါးတွေကို တွန်းဖွင့်ပြီး စာပေ ခေတ်သစ်တခု ထူထောင်နိုင်အောင် ကြိုးပမ်းတီထွင်ခဲ့ကြတဲ့ စာပေပညာရှင်တွေဟာ ၊ဘာနဲ့ တူ သလဲဆိုတော့ ကမ္ဘာဦးက မီးကိုစတင်ဖော်ထုတ်အသုံးပြုနိုင်တဲ့ ကမ္ဘာဦးသိပ်ပံပညာရှင်လူသားနဲ့  တူ ကြတဲ့သဘောရှိပါတယ်။ လူ့ ယဉ်ကျေးမှုနယ်ပယ်မှာ အခုလို ခေတ်အသီးသီးရဲ့ တံခါးကို ပွင့်သွား အောင်တွန်းဖွင့်နိုင်ခဲ့ကြတဲ့ ပညာရှင်များအပေါ် ကျနော်တို့ တတွေ လေးနက်ကြရမှာပါပဲ ဖြစ်ပါတယ်။

No comments:

Post a Comment