May 23, 2008

နာဂစ်ရဲ့ သမိုင်း


( နာဂစ် လေမုန်တိုင်း အပေါ်မူတည်ပြီး ရေးဖွဲ့ကြတဲ့ ကဗျာတချို့ကို ကျနော်နှစ်သက်လို့ ကျနော့်ရဲ့ဘလော့ဂ်မှာ တဆင့်ကူးယူဖော်ပြသွားချင်ပါတယ်။ ဒီကဗျာကတော့ မိုးမခ မီဒီယာအွန်လိုင်းမှာတင်ထားတဲ့ ဆရာဝင်းပေါ်မောင်ရဲ့ ကဗျာဖြစ်ပါတယ်။ )


ဧရာဝတီရဲ့ ရင်နှစ်သားဟာ
နာဂစ်ဓားဖျားမှာ ပြုန်းပြုန်းကျေခဲ့ရပြီ။

ငါတို့မှာ အပြစ်မရှိပါဘူး
ချစ်သောဧရာဝတီမှာ ခေါင်းထိုးလို့
မိုးစပါး နွေးစပါး, သားငါးတွေ ဖွေရှာလို့
ပြည်မြန်မာကို ငါတို့ ကျွေးမွေးနေတာပါ။
ငါတို့မှ အပြစ်မရှိပါဘူး
နာဂစ် တကယ်ကြမ်းမယ်မှန်း သိရင်
ရရာလမ်းက ပြေးနှင့်မှာပေါ့
ခုတော့ ငုတ်တုတ်ကြီး လည်စင်းခံရတာ
ဧရာဝတီရယ်… ငါတို့ကို ခွင့်လွှတ်ပါ။

ငါတို့ ဘိုးဘွားတွေ ထားခဲ့တဲ့
ပုထိုး, ဘုရား, လယ်, ရွာ, အင်းတွေ
ခုချက်ချင်း ငါတို့ မျက်စိအောက်မှာ
ကွယ်ပျောက်ခဲ့ရပါပကော။

ငါတို့ခေတ်ရောက်မှ
မြေပုံအသစ် လူအသစ်နဲ့
ပုံပြင်အသစ်တွေ ပြောကြရမယ့် အဖြစ်
ကမ္ဘာဦးပဲ ဖြစ်လိုက်ပါတော့။

ငါတို့ ရွာအမည်တွေကို
နာဂစ်က ဒဏ္ဍာရီထဲ အဓမ္မ ဆွဲချ
ငါတို့ ဆန္ဒမဲတွေကို
နအဖက စစ်ကျွန်ဘ၀ထဲ အဓမ္မ ဆွဲချ
သေမင်းလက်က ရုန်းထွက်ခဲ့ရ ပြီးတောင်မှ
ကူညီမဲ့ဘ၀ထဲ တခါ ပြန်ဆွဲချနေကြ။

ဧရာဝတီမှာ
နို့တိုက်မယ့် အမေလဲ မရှိ
နို့စို့မယ့် သားလဲ မရှိ
အဖေလို့ ခေါ်မယ့်သူလဲ မရှိ
သမီးလို့ ခေါ်မယ့်သူလဲ မရှိ
ချက်စရာ ဆန်လဲ မရှိ
ထမင်းစားမယ့် သူလဲ မရှိ
နဂိုတည်းက မရှိတဲ့ ဘ၀တွေထဲ
မရှိခြင်းနဲ့ပဲ အဆုံးသတ်လို့။

ဆူနာမီက အဖြစ်ဆိုးပေမဲ့
အဖော်အပေါင်း နိုင်ငံတွေ ရှိသေးရဲ့
နာဂစ်မှာတော့ ငါတို့ချည်း
ထီးထီးပါလား ကွယ်ရို့။

သားတယောက်လုံး ကျေမွသွားမှတော့
အမိဧရာ နှလုံးလဲ ဆတ်ဆတ်ခါ နာလှပေါ့
ဒါနဲ့တောင် နှလုံးသား မရှိသူတွေက
ဘာမှ မဖြစ်သလို စတိုင်ထုတ်ပြီး
စာရွက်စုတ်ကောက်ဖို့ပဲ လုံးပမ်းနေလေရဲ့။
ဝမ်းဗိုက်ကို ဓားထိုးခံရလို့
ဆတ်ဆတ်တုန်နေတဲ့ မြန်မာပြည်ကို
စစ်မီးပုံထဲ ထိုးချဖို့ သူတို့ ကြိုးစားနေလေရဲ့။
နာဂစ်ရဲ့ အရိုင်းဟာ
ငါတို့အတွက် သမိုင်း ဖြစ်လိမ့်မယ်။
နာဂစ်ရဲ့ အဖြစ်ဆိုးက
အာဏာရှင်ကို အမြစ်ချိုးလိမ့်မယ်။
ချစ်သော ဧရာဝတီမှာ
ငါတို့ သက်သေတည်ကြမယ်။
ကြိမ်မီးအုံး နှလုံးသားတွေကို
ထောက်ခံမဲနဲ့ လာဆွရင်
မီးဟုန်းဟုန်း တောက်ကုန်ကြလိမ့်မယ်။
လိမ်လည်မှုတွေ အကုန်လုံး
အလုံးစုံ ပျက်သုဉ်းရေးမှာ နိဂုံးချုပ်လိမ့်မယ်။ ။

No comments:

Post a Comment