June 26, 2008

ကဗျာဆရာနှင့်သူ၏ ရသလွန်ဟင်းခွက်များ

ကျနော် ...
ဘ၀မှာ အဆင်မပြေတာတွေ
အငေါ်တူးမိတာတွေ
ခလုပ်တိုက်မိတာမျိုးတွေ ကြုံရတဲ့အခါ
ကဗျာနဲ့ပဲ ဖြေသိမ့်မိခဲ့တယ်။
၁၉၉၅ နှစ်ဦးပိုင်းတုန်းက
“မာနယ်ပလော” တော်လှန်ရေးစခန်းကြီး
ရန်သူ့လက်ထဲကျပြီး
ကျနော်တို့တတွေ ထွက်ပြေးကြရတဲ့အခါ
ကျနော်က
ဘန်ကောက်မြို့ အမျိုးသားညွှန့်ပေါင်းအစိုးရရုံးမှာ
ခေတ္တခိုနေတဲ့အခိုက်
ကဗျာတပုဒ်ရေးခဲ့ပါတယ်။
ရေးခဲ့တာကြာပြီဖြစ်ပေမယ့် ဘယ်မှာမှ မဖော်ပြရသေးတဲ့ ကဗျာပါ
ဝေမျှခံစားကြည့်နိုင်ဖို့ ... ။



အချစ်ရေ ...
(ငါဟာ)
ပင်လယ်ကို ရှာမတွေ့တဲ့မြစ်တစင်းလား
ခဏတဖြုတ်အိပ်ပျော်ခဲ့မိတာ
လှေခါးထစ်ပေါ်မှာလား
ချစ်ခြင်းများဖြင့် ခွင့်လွှတ်နော်။

ငါဟာ
မာယာတော၌ စစ်တိုက်ဖူးသူ
အလံထူကြည့် လူမိတဲ့ “ငုံး” ပါကွယ်။

သူတို့ကိုလား
ကြပ်စည်းထားတဲ့ လက်အကျိုးတချောင်းလို
ချောင်းကူးမြောင်းကျော်
အဖော်ပြုခဲ့မိ။
မျက်ရည်တစက်နဲ့ ငိုပြငိုပြတတ်တဲ့
ညိုမြဇာတ်ကိုလည်း ကြိုက်ခဲ့မိ။

အို ... လူသူတော်ကောင်းတို့
ငါ့နှလုံးသားပေါ်
တက်တက်ပြီး ခုန်ကြစမ်းပ
(ကြားလိုက်ကြရဲ့လား)
ဒါ - ငါ့ရဲ့ ရင်ခုန်သံအစစ်ပေါ့
ဒေါသဗုံသံအဖြစ်နဲ့ လောကကို သစ်စေမကွဲ့။

ရဲဘော်ကြီး “မာယာကော်စကီး” ခင်ဗျား
ကျနော်လည်း
မစင်ပိုက်နဲ့ ပုလွေမှုတ်ဘို့တော့
မကြိုးစားနိုင်ဘူးပေါ့ဗျာ။ ။

ငြိမ်းဝေ

၁၅.၆.၉၅ ၊ ဘန်ကောက်၊ NCGUB ရုံး


1 comment:

  1. မာနယ်ပလော ဒီအသံကို ကြားဖူးတယ်၊ ရင်းနှီးနေတယ်၊ သင်ခန်းစယအနေနဲ့ရော ဗဟုသုတအနေနဲ့ရော သူ့အကြောင်းအများကြီး ဖတ်ဖူးခဲ့တယ် ။ဒါပေမဲ့ဆရာရယ် အဲဒိအတွက် ပြည့်စုံလုံလောက်တဲ့အဖြေကို ဒီနေ့ထိ ကျနော်မသိသေးပါဘူးဗျာ။

    "မြင်ဖူးကြတယ်မဟုတ်လား
    ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျှက်နေတာလေ"

    မာယာကော့ဖ်စကီး
    -ဘောင်းဘီဝတ်မိုးတိမ် မှ/
    ဘယ်သူ့လက်ကိုမှ မလျှက်မိစေဖို့ ကဗျာတွေကိုအဖော်ပြုနေပါတယ်ဗျာ။
    ကျနော့်အတွက် ၀မ်းစာဖြစ်စေတဲ့ ဆရတြို့ကဗျာတွေကို အမြဲစောင့်မျှော်နေပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

    ReplyDelete