September 27, 2008

ကျနော့်ရဲ့ ပထမဆုံးများ


ကိုခိုင် (အောင်သာငယ်) ရေ ...

ခင်ဗျား Tag ခိုင်းတားတဲ့ စာရင်းထဲမှာ ကျနော်က ထိပ်ဆုံးကဖြစ်ပြီး အခုတော့ နောက်ဆုံးမှ ကျနော်က Tag ရသလို ဖြစ်နေတယ်။ အလုပ်တွေ အရှုပ်တွေနဲ့ လုံးချာလည်နေလို့ သူများထက်ဦးအောင် မတက်နိုင်ခဲ့တာ ခွင့်လွှတ်။ ပြီးတော့ အခုလို တက်ခိုင်းခဲ့တာလည်း ကျေးဇူး။


ပထမဆုံးတက်ခဲ့ရသည့်ကျောင်း
စလင်းမြို့၊ ကျောင်းအုပ်ဆရာကြီး ဦးရှိန်ရဲ့ အစိုးရအလယ်တန်းကျောင်း



ပထမဆုံး သူငယ်ချင်း
သူငယ်ချင်းတွေ အများကြီးထဲမှာ “ရဲမြင့်ဇံ” ဆိုတဲ့ သူငယ်ချင်းကို ကျနော် အခင်ဆုံး။ သူ့အရင် သူငယ်ချင်းတွေရှိခဲ့ပေမယ့်၊ သူ့လောက် မခင်မိဘူး။ ၁၉၇၀ လောက်ကတည်းက ကွဲသွားလိုက်တာ အခုထက်ထိ ပြန်မတွေ့ရတော့ဘူး။ ဒါပေမယ့် သူ့ကို ဘယ်တော့မှ မမေ့နိုင်ဘူး။ သူက “ပြည်” က။ သူ့ကို ပထမဆုံး ခင်ခဲ့ရဖူး တဲ့ သူငယ်ချင်းလို့ပဲ သတ်မှတ်မိတယ်။

ပထမဆုံးခင်ရတဲ့ သူငယ်ချင်းမိန်ခလေး
ပြောရင် ယုံပါ့မလား။ မရှိဘူးဗျာ။

ပထမဆုံးရဖူးတဲ့ဆု
စလင်းမြို့နယ် ကျောင်းပေါင်းစုံ လက်တွေ့ပန်းချီပြိုင်ပွဲ တတိယဆု။ ဆပ်ကပ်မြင်ကွင်းတခုကို ပုံတူ ရေးဆွဲရတာ။

ပထမဆုံးဆိုဖူးတဲ့သီချင်း
ကိုသန်းလှိုင်ရဲ့ “တဆောင်းသစ်ပြန်ပြီ” သီချင်း ...။ ဒီတုန်းက ကျနော်က နောင်တချိန်မှာ မရီး ဖြစ်လာမယ့် မကွေးကောလိပ်ကျောင်းသူ “မမမြိုင်” ကို စက်ဘီးနဲ့ ကျောင်းလိုက်ပို့ရင်းက သူက မြှောက်ပေးလို့ စက်ဘီးနင်းရင်း အဲဒီသီချင်းကိုဆိုခဲ့တာ။ တမာပင်တွေ တန်းစီနေတဲ့လမ်းပေါ်မှာ။ အဲဒီလမ်းကလေးဟာ မကွေးမှာ ရှိသေးရဲ့လား ဆိုတာ မကွေးက လူတွေတွေ့တိုင်း မေးနေမိတုန်း။

ပထမဆုံးဖတ်ရတဲ့စာအုပ်
ဆရာကြီး မြစင်္ကြာရဲ့ သိုက်နန်းဧကရီစာအုပ်

ပထမဆုံး ရောက်ဖူးတဲ့ အခြားမြို့
ဆင်ဖြူကျွန်းမြို့

ပထမဆုံးပစ်ဖူးတဲ့ သေနတ်
အမ် ၁၆၊ အမေရိကန်ရိုင်ဖယ်။ (မိုးပေါ်ထောင်ပြီး ပစ်ဖူးခြင်းသာ)

ပထမဆုံး ထိုင်ဖူးတဲ့ လ္ဘက်ရည်ဆိုင်
မြင်းဖြူလ္ဘက်ရည်ဆိုင် (ပဲခူး)

ပထမဆုံး စွဲလန်းခဲ့ဖူးတဲ့ သီချင်း
စန္ဒကိန္နရီ ( အမေလုပ်သူက ထမင်းချက်ရင်းဆို၊ အလကားနေရင်းဆိုနေလို့ ကြားမိရာက အခုထက်ထိ စွဲနေတာ)

ပထမဆုံးရေးဖူးတဲ့ ရည်းစားစာ
(များလွန်းလို့ မမှတ်မိတော့ဘူး)

ပထမဆုံးထားဖူးတဲ့ချစ်သူ
(ခင်စန်းရီ ...၊ နောက်တော့ သူငယ်ချင်း စစ်ဗိုလ်နဲ့လက်ထပ်သွား)

ပထမဆုံးဖတ်ဖူးတဲ့ အင်္ဂလိပ်ကဗျာစာအုပ်
The Goddesses (တရုပ်ကဗျာဆရာ ကူမိုးကြိုးရဲ့ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာစာအုပ်၊ ဒီတုန်းက ဖတ်တတ်လို့ မဟုတ်ဘူး၊ ကြွားချင်လို့)

ပထမဆုံးအကြိမ်ရန်ဖြစ်ဖူးခြင်း
ငါးတန်းတွင်၊ တခန်းထဲ သူငယ်ချင်းကို မခံချင်လို့ ဖင်ထိုင်ခုံနဲ့ခေါင်းကိုရိုက်၊ ခေါင်းကွဲ၊ ကျောင်းထုတ်ခံရ လုနီးပါးဖြစ်ခဲ့။ နောက်တော့ အဲဒီ သူငယ်ချင်းက အလစ်ချောင်းပြီး မျက်လုံးကို လက်သီးနဲ့အထိုးခံရ ...။ ပြန်လုပ် ဖို့ စိတ်မကူးခဲ့။ ကိုယ်လုပ်ခဲ့တာနဲ့တောင် မတန်ဘူးထင်ပြီး သူငယ်ချင်းကို အခုထက်ထိ အားနာနေဆဲ

ပထမဆုံးအကြိမ် အရှက်ကွဲဖူးခြင်း
ငယ်စဉ်၊ အိမ်နောက်ဖေးက သူငယ်ချင်းညီအစ်အကိုနှစ်ယောက်၊ ကိုရင်ဝတ်ပြီး လူထွက်တော့၊ ကတုံးပြောင်လေးတွေနဲ့ ကျနော်တို့အိမ်အောက်ကဖြတ်ပြီး သူတို့အိမ်နောက်ဖေးကို ၀င်ရင်၊ ကျနော်တို့ ညီအစ်ကို နှစ်ယောက်က အိမ်ပေါ်က၊ ကြမ်းပေါက်ကိုဖြဲ ကုန်းကြည့်ပြီး “ကိုရင်လူထွက် ငါးပိချက်” လို့ နေတိုင်ဲးနောက်ပြောင် ရန်စ။ တနေ့ အိမ်ပေါ်တွင် ဧည့်သည်များရောက်နေချိန် ကိုရင်လူထွက် သူငယ်ချင်းညီအစ်ကိုနှစ်ယောက်၊ အိမ်အောက်က ဖြစ်လျှောက်စဉ်၊ ချောင်းနေတဲ့ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က အိမ်ပေါ်က ငုံ့ကြည့်ပြီး “ကိုရင် လူထွက် ငါးပိချက်” လို့ လှမ်းပြော။ ကိုရင်လူထွက်နှစ်ယောက်က ပြိုင်တူဆိုသလို အပေါ်ကို မော့ကြည့်ကာ ”နင့်အမေတခွက်၊ ငါတခွက်” ဟု ပြောကာ ထွက်ပြေး။ အဲသလို ခံလိုက်ရတာကို ရှက်လိုက်ရတာ အခုထက်ထိပဲ။ ကျနော်ထင်တယ် တွေးမိတိုင်း သေတဲ့အထိ ရှက်နေအုန်းမှာပါပဲ။

ပထမဆုံးအကြိမ် စိတ်လှုပ်ရှားရဆုံးနေ့
ကျနော့်ချစ်သူက စေ့စပ်ထားတဲ့ သူနဲ့ မင်္ဂလာဆောင်တဲ့နေ့၊ ကျနော့်ဆီကို “မောင်ရေ ... မင်္ဂလာပွဲကို တော့ မလာလိုက်ပါနဲ့နော်၊ မောင်လာရင် ... ကျမ မင်္ဂလာပွဲတော့ ပျက်ပြီသာမှတ်ပါတော့” လို့ တူမလေးနဲ့ ရေးပို့ တဲ့ စာကို ဖတ်ရတဲ့နေ့။

ပထမဆုံးရေးဖူးတဲ့ကဗျာ
ကဗျာတွေရေးခဲ့တာ အများကြီး။ တပုဒ်မှ မကြိုက်ဘူး။ အသက် (၄၀) ရှိမှ ရေးတဲ့ “ယုံတော်မူ တမ်းချင်း” ကဗျာကို အကြိုက်ဆုံး။ အဲဒီအခါကြမှ ကျနော်က ကဗျာရေးသူ တကယ်ဖြစ်တာလို့ ခံယူမိ။ အဲဒီ ကဗျာဟာ ကျနော့်ရဲ့ ပထမဆုံးရေးတဲ့ ကဗျာပေါ့။

ပထမဆုံး စင်ပေါ်တက်ခြင်း
ဒုတိယတန်းမှာပါ။ ကျောင်းပေါင်းစုံ ကပွဲ။ ပြဇာတ်နာမည်တော့ မမှတ်မိတော့ဘူး။ ကျနော်က အနော်ရထ်ာကို ဆက်သတဲ့ မဏိစန္ဒာမင်းသမီးအဖြစ် သရုပ်ဆောင်ရတာ။ ကျန်စစ်သားနဲ့လမ်းမှာကြိုက်တဲ့ ဇာတ်လမ်း ...။ ကျနော်က ငယ်ငယ်တုန်းက မိန်းခလေးလိုချောတယ်လို့ဆိုပဲ။ အဲဒါ ဇာတ်ခုံရှေ့ရောက်မှ ပိုးချိပ် ထမိန်ကျွတ်ကျလို့ ငိုလိုက်ရတာ၊ ပွဲလည်းပျက်တာပဲတဲ့။ အရှက်လည်းကွဲ ဆုလည်းလွဲပေါ့။ ဒီအကြောင်းကို မိဘတွေက အမြဲပြောပြတတ်တယ်။ ပြောပြတိုင်း လည်း ရှက်တယ်။

ပထမဆုံးရေးဖူးတဲ့ ၀တ္ထု
၁၉၇၈ -ခု၊ မိုးဝေမဂ္ဂဇင်းမှာ “နှလုံးသားထဲက ပန်းချီကားချပ်များ” ၀တ္ထုတိုပါ။ အဲဒီ ၀တ္ထုကို အနှစ်သက်ဆုံးလည်း ဖြစ်ပါတယ်။

ပထမဆုံးလုပ်ဖူးတဲ့ ၀င်ငွေရတဲ့အလုပ်
ကျနော်ငယ်ငယ်က ဘ၀အတွေ့အကြုံကို အရမ်းလိုချင်တယ်။ တနေ့ ပဲခူး ရွှေမော်ဓောဘုရားပွဲမှာ သူငယ်ချင်းတယောက်နဲ့ ပိုက်ဆံတောင်းတဲ့ သူတောင်းစားလုပ်ခဲ့ကြဖူးတယ်။ နှစ်ည။ ည (၇) နာရီကနေ (၁၂) နာရီလောက်ထိ။ နှစ်ညပေါင်း (၁၂၀) ကျပ် ရတယ်။ ဟိုတုန်းက ၁၂၀ ဆိုတာ မူလတန်းပြဆရာ လစာနီးနီးရှိတယ်။ ဒုတိယနေ့ညကြတော့ အိမ်ကိုပြန်လာတာ လမ်းမှာ သူတောင်းစားတွေက ၀ိုင်းပြီး ရိုက်မယ် လုပ်လို့ ပါလာတဲ့ ပိုက်ဆံတွေ ပေးလိုက်ရတယ်။ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်၊ ခြေတွေ လက်တွေစည်းထားတဲ့ ကျနော်တို့ နှစ်ယောက်ကို ဘုရားပွဲလာတဲ့ အမတွေကအစ မမှတ်မိကြဘူး။ ကျနော်တို့က လက်ကို လိုက်ဆွဲမတတ် လိုက်တောင်းတော့ ဆဲဆိုပြီး ထွက်ပြေးကြတယ်။ အဲဒါ ကျနော့်လုပ်အားနဲ့ ပထမဆုံးရတဲ့ ၀င်ငွေပဲ။ အသေးစိပ် ပြောပြချင်တယ်။ စာဖတ်သူတွေ စိတ်မရှည်မှာစိုးလို့။

မှတ်ချက်။ ။ ကိုခိုင်ရေ ... ကျနော့် ပထမဆုံးတွေက အစီစဉ်တော့ မကျဘူးဗျ။ ငယ်ဘ၀တွေ ပြန်တွေး ဖြစ်အောင် ဖန်တီးပေးတဲ့ ခင်ဗျားကို ကျေးဇူးတင်တယ်။

September 22, 2008

ဧရာဝတီမြစ်ကမ်းပေါ်မှာ သူ့ဘ၀ စခဲ့တယ်


(က)

လယ်သမားတွေရဲ့ တဲကုတ်ကလေးတွေကို ငါချစ်တယ်။
မန်ကျည်းဖျော်ရည်လို ရနံ့ချိုနေတဲ့
မီးပူတိုက်ပြီးသား အ၀တ်တွေလို လတ်ဆတ်နေတဲ့
မိခင်ပျိုတွေက အိပ်ပျော်လို့
ကြက်သွန်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့
ထောင်ပေါင်းများစွာသော အိမ်တွေထဲမှာ
မီးလင်းဖိုတွေက တောက်လောင်လို့။
မြစ်ကမ်းနားမှာ ယောက်ျားတွေက တေးဆိုကြတော့
သူတို့ရဲ့အသံဟာ မြစ်ကြမ်းပြင်က
ကျောက်ခဲတုံးများလို ကွဲရှကြမ်းတမ်းနေတယ်။
ပြန့်ကားနေတဲ့ ဆေးရွက်ကြီးခင်းထဲက
ဆေးရွက်နံ့က ထောင်းထောင်းထလို့
ဒီအရာတွေ အားလုံးက
အိမ်ထဲကို သရဲသဘက်ဝင်သလို
ငါ့အတွေးထဲကို တိုးဝှေ့ဝင်လာကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)



မနေ့တုန်းက မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်စာရေးဆရာအုပ်စုနဲ့ တညနေခင်းလုံး စကားပြောခဲ့ရတယ်။ အထူးသဖြင့် အရပ် အမောင်းကောင်းကောင်း၊ နှုတ်ခမ်းမွှေးကားကား၊ ခေါင်းမှာ ပိတ်စပန်းရောင် ပတ်ထားတဲ့ မြန်မာကဗျာဆရာကြီး ရဲ့ ရုပ်ပုံက သူ့မျက်စေ့ထဲမှာ စွဲနေတယ်။ မြန်မာစာရေးဆရာတွေဟာ အဲဒီအသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ကဗျာ ဆရာကြီးကို အတိုင်းမသိ လေးစားချစ်ခင်ကြပုံရတယ်။ သူတို့က ဒီလောက် ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံနေကြတော့ သူလည်းပဲ အဲဒီကဗျာဆရာကြီးကို အလိုလိုနေရင်း လေးစားလာမိတယ်။ အံ့သြဖို့ကောင်းတာကတော့ သူ့ဇနီးက ကဗျာဆရာကြီးကို ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ တောင်းဆိုတဲ့အခါ ကဗျာဆရာကြီးက ပြာပြာသလဲငြင်းဆို နေတဲ့ ပုံက တကယ့်ကို ပီဘိခလေးတယောက်ရဲ့ ရှက်ရွံ့နေတဲ့ပုံမျိုး ဖြစ်နေတယ်။ လူတွေဟာ ရှက်နေတဲ့ အချိန်တိုင်း ကလေးတယောက်ရဲ့ နှလုံးသားကို ပြန်ရနိုင်တယ်ဆိုတဲ့ စကား သူတွေးမိပြီး သဘောကျခဲ့ရတယ်။
မြန်မာစာရေးဆရာတွေနဲ့ တွေ့ဆုံစကားပြောဖို့ “ အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တော့ သူလည်း အားတက်သရော သဘောတူခဲ့တယ်လေ။ ဒါနဲ့ပဲ မြန်မာစာရေးဆရာများနဲ့ တွေ့ဆုံဖို့အတွက် အခမ်းအနား စီစဉ်ရေး အတွင်းရေးမှူးအဖွဲ့မှာ သွားပြောကြည့်တယ်။ အတွင်းရေးမှူးအဖွဲ့က မြန်မာစာရေးဆရာအဖွဲ့ကို အကြောင်းကြားပြီး မနေ့တုန်းက သူနဲ့ သူ့ဇနီး၊ ပြီးတော့ အာရင်ဘတ်တို့ဇနီးမောင်နှံ၊ မြန်မာစာရေးဆရာအဖွဲ့ ... သူတို့ တည်းခိုနေတဲ့အခန်းမှာပဲ တွေ့ဆုံခဲ့ကြတယ်။ နေ့လည်စာကိုလည်း ဒီအခန်းထဲမှာပဲ အတူတူလက်ဆုံစားခဲ့ ကြတယ်။
မြန်မာစာရေးဆရာအဖွဲ့ထဲက “ဒဂုန်တာရာ” နဲ့ အချိန်တော်တော်ကြာ စကားပြောခဲ့ရတယ်။ သူက သူကိုယ်တိုင်ဦးစီးပြီးထုတ်ဝေတဲ့ “တာရာ မဂ္ဂဇင်း” ထဲမှာ သူ့ကဗျာတချို့၊ သူ့စာတချို့ကို မြန်မာလို ဘာသာပြန် ဖော်ပြခဲ့တဲ့ မြန်မာစာဖတ် ပရိဿဒ်နဲ့ သူ့ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတဲ့ မြန်မာကဗျာဆရာပေါ့။ ဒီလို မြန်မာကဗျာဆရာမျိုးနဲ့ စကားပြောခွင့်ရတော့ လွန်ခဲ့တဲ့ (၂၁) နှစ်လောက်က၊ မြန်မာပြည်မှာနေထိုင်ခဲ့ရတဲ့ဘ၀ကို ပြန်ပြီး သတိရလာမိတယ်။ အင်းယားကန်ဘေးက သူနေတဲ့အိမ်က လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရား ...။ ဆံထုံး မြင့်မြင့်ကြီးတွေ ထုံးပြီးသွားလာနေကြတဲ့ မြန်မာဂုဏ်သရေရှိ အမျိုးသမီးတွေ။ အင်္ဂလိပ်လို ရေလည်စွာပြောတတ်တဲ့ မြန်မာ ပညာတတ်တချို့။ ရန်ကုန်တက္ကသိုလ်ဝန်းထဲက ရေတမာတန်း။ ပြီးတော့ သူ့ဘ၀မှာ ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မဟုတ်တဲ့ “ပိတောက်ပန်း”။ အို ... အံ့သြဖို့ကောင်းအောင် ရွှေရောင်ဝင်းတဲ့ “ပိတောက်ပန်း” ။

(ခ)

မိခင်မြေကြီးပေါ်
အပြာရောင် သစ်ရွက်တွေပေါ်
ရေတံခွန်စိမ့်စမ်းသံတွေအောက်က ကျောက်တုံးတွေပေါ်
ဂီတလို တုန်ယင်နေတဲ့ လေပွေမုန်တိုင်းတွေပေါ်
ဘုန်းကြီးကျောင်းများမှာလို
ဘုရားရှိခိုးစာကို ရွတ်ဆိုနေကြတဲ့ မြစ်နဒီတွေပေါ်
တောငန်းရိုင်းတွေနဲ့ ပန်းသီးတွေပေါ်
မြေပြင်နဲ့ ရေပြင်ပေါ်
ကောက်နှံတွေကို မွေးဖွားပေးလိုက်တဲ့
အဆုံးမရှိသော တိတ်ဆိတ်မှုပေါ်ကို
ငါ ... ကျော်နင်းပြီး လျှောက်ခဲ့တယ် ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)

၁၉၂၇-ခု ... မြန်မာပြည်။
ပဲခူးမြို့လေးဟာ ရန်ကုန်မြို့နဲ့ဆိုရင် မိုင်(၅၀) ကျော် ဝေးတယ်။ ကျင်းတွေ ချိုင့်တွေထူပြောလှတဲ့ ကတ္တရာလမ်းပေါ်မှာ သုံးနာရီနီးပါးကြာအောင် ကားမောင်းပြီးမှ ပဲခူးကို သူရောက်လာခဲ့တယ်။ မြို့လည်ခေါင်က ပဲခူးမြစ်ကို ဇက်နဲ့ကူးရတယ်။ မိုးထိအောင်မြင့်မားလှတဲ့ ရွှေမော်ဓောဘုရား နဲ့ မဟာစေတီဘုရားဟာ တောအုပ် တွေ ပတ်လည်ဝိုင်းနေတဲ့ကြားမှာ ခန့်ညားလွန်းနေတယ်။ အရောင်အသွေးမျိုးစုံ .. အထူးသဖြင့် တောက်တောက် ပပ ပိုးချည်ပိုးထည်တွေကို ၀တ်ဆင်ထားကြတဲ့ ယောက်ျား၊ မိန်းမတွေဟာ လှည်းကိုယ်စီစီးပြီး ဘုရားခြေရင်းကို ရောက်လာကြတယ်။ ယောက်ျားတချို့က ချမ်းသာကြွယ်ဝသူတွေလို့ ထင်ရတယ်။ သူတို့က ပုဆိုးစတွေကို လက်တဖက်နဲ့ ဆွဲမပြီးမှ လမ်းလျှောက်ကြတယ်။ အကယ်၍များ ပုဆိုးစကို ဒီလို ဆွဲမ မထားဘူးဆိုရင် လမ်းလျှောက်လို့ မဆင်မပြေနိုင်ဘူးလို့ သူထင်မိတယ်။ သတိမထားမိပဲ မနေနိုင်လောက်အောင် ထူးခြားလှတဲ့ မြင်းကွင်းကတော့ လှည်းပေါ်ကဆင်းလာတဲ့ အမျိုးသမီးတချို့ဟာ လက်သီးဆုပ်သာသာမြင့်တဲ့ ဆံပင်ထုံးကြီး တွေကို ခေါင်းပေါ်မှာထုံးထား၊ တင်ထားတဲ့ မြင်ကွင်းပါပဲ။ သူတို့ခေါင်းမှာပန်ထားတဲ့ ပန်းတွေက အ၀ါရောင်၊ သူ အင်မတန်စိတ်ဝင်စားတဲ့ ပိတောက်ပန်း။ ဘုရားကုန်းတော်အောက်က ခြင်္သေ့ရုပ်ကြီးနှစ်ခုက မော့ကြည့်ရလောက် အောင် မြင့်မားလှတယ်။
မြို့လည်ခေါင်လမ်းဘေးနှစ်ဖက်မှာ နွားလှည်းတွေ တန်းစီပြီးရပ်ထားတာ တွေ့ရတယ်။ ဂေါ်ရင်ဂျီ ကုလားလေးတွေဟာ ကားပေါ်ကဆင်းလာတဲ့သူ့ဆီကို ပြေးလာပြီး သူ့လက်ထဲက လက်ဆွဲသေတ္တာကို ၀ိုင်းကူပြီး ဆွဲကြတယ်။ သူကငြင်းဆန်လိုက်တဲ့အခါကြတော့ လမ်းဘေးက သစ်ပင်ရိပ်တွေဆီ ပြန်ပြေးသွားကြပြီး သူ့ကို အဝေးကပဲ အကဲခတ်နေကြတယ်။
ဒီတခေါက်ပါနဲ့ဆိုရင် ပဲခူးကို သူရောက်ဖူးတာ (၂) ခေါက်ရှိပြီ။ ဈေးကြီးထဲကို လမ်းလျှောက်ဝင်သွားပြီး မြန်မာထမင်းနဲ့ဟင်း စားကြည့်အုန်းမှလို့ တွေးလာခဲ့တယ်။ ရုတ်တရက်ဆိုသလို သူ့ကြောပြင်၊ သူ့ပုခုံးပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရလို့ သူ့ခန္ဓာကိုယ်ဟာ ရှေ့ကိုအနည်းငယ်ကော့ပြီး နောက်ကိုလှည့်ကြည့်မိတယ်။ လူရွယ်နှစ်ယောက်က ရေဖလားတွေကိုယ်စီကိုင်ပြီး သူ့ကိုပြုံးကြည့်နေကြတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာလည်း တခြားလူငယ်ဆယ်ယောက်လောက်က သူ့ကို ပြုံးရယ်ပြီး ကြည့်နေကြတယ်။ ချက်ချင်းဆိုသလို ထိတ်လန့်သွားတဲ့ သူ့စိတ်ကို ရုပ်သိမ်းနိုင်အောင် ကြိုးစားနေမိတယ်။ မြန်မာတွေရဲ့ ထူးဆန်းလှတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတခု။ ရေပက် ကစားကြတဲ့ပွဲတော် ...။ ချက်ချင်းဆိုသလို လူငယ်နှစ်ယောက်ရဲ့လက်ထဲက ရေဖလားတခုကို ဆွဲယူလိုက်တယ်။ ဘေးမှာချထားတဲ့ ရေပုံးထဲက ရေကိုခပ်တယ်။ လူငယ်နှစ်ယောက်ရဲ့ ပုခုံးပေါ်ကို နည်းနည်းစီလောင်းချပေးလိုက် တယ်။ ရယ်သံတွေကြားကပဲ သူဟာ ကားပေါ်ပြန်တက်ပြီး ရှေ့တည့်တည့်ကိုမောင်းလာခဲ့တယ်။ ကားခေါင်မိုးနဲ့ ကားရဲ့နောက်ခန်းမှာ တစုံတခု ပါလာတာကို သတိပြုမိလို့ ကားကို ခဏရပ်ပြီး၊ ကားခေါင်မိုးပေါ်ကို မော့ကြည်ရပြန်တယ်။ ကားခေါင်မိုးပေါ်မှာ ရွှေဝါရောင်ပန်းတွေအပြည့်။ ကားနောက်ခန်းထဲမှာလည်း ရွှေဝါရောင် ပန်းပွင့်တွေအပြည့် ...။ သူ့မျက်နှာတခုလုံး ၀င်းပပြုံးလက်သွားရတယ်။ သူနှစ်သက်စွဲလန်းမိတဲ့ ပိတောက်ပန်း တွေ။ အဲဒီညနေက ပိတောက်ပန်းတွေတင်ထားတဲ့ကားနဲ့ ရန်ကုန်ကို သူပြန်လာခဲ့တယ်။

(ဂ)

တဖက်အစွန်မှာ
ကျေးရွာကို စောင့်နေတဲ့ နတ်
ငါးကိုစောင့်တဲ့ နတ်
ရေကိုစောင့်တဲ့ နတ်တွေဟာ
ကမ္ဘာကြီးအသစ် ပွင့်ဝေရာဖြစ်တဲ့
လွင်ပြင်တွေပေါတဲ့ သူတို့တိုင်းပြည်ကြီးကို
အသက်ပေးပြီး ချစ်ကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)

မနက်ခင်းဝေလီဝေလင်းအချိန် ရွှေတိဂုံကုန်းတော်ပေါ်ကို သူရောက်ခဲ့တယ် ...။
ဘုရားယင်ပြင်တော်ပေါ်မှာ လှည့်ပတ်ကြည့်ရှုရင်းက သူ့ရဲ့ ရန်ကုန်မြို့ကိုစရောက်တဲ့ တညနေခင်းကို ပြန်တွေးနေမိတယ်။ ဒီတုန်းက အင်မတန်ကြီးမားလှတဲ့ ကျောက်တောင်ကြီးတခုကိုကွေ့ပြီးဝင်လိုက်တဲ့အခါ နေရောင်အောက်မှာ ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတောင်ကြီးတခုကို ဘွားကနဲ သူတွေ့လိုက်ရတာပဲ။ စိမ်းစိမ်းမှောင်နေတဲ့ တောအုပ်တွေရဲ့အပေါ်မှာ ထီးထီးမားမားကြီးရှိနေတဲ့ ရွှေတိဂုံဘုရားကြီးကို သင်္ဘောကုန်းပတ်ပေါ်ကတဆင့် သူ ရပ်ကြည့်နေခဲ့မိတယ်။ တိမ်ဖြူဖြူတချို့က ရွှေတောင်ကြီးရဲ့နောက် အပြာရောင်ကောင်းကင်ပေါ်မှာ လွင့်နေ တယ်။ ရွှေတောင်ကြီးကို လှမ်းကြည့်ရင်း တမေ့တမောရပ်နေခဲ့မိတယ်။
သူဟာ ရန်ကုန်မြို့မှာ အလုပ်တွေအများကြီးလုပ်ခဲ့ရတယ်။ သူလုပ်ခဲ့တဲ့အလုပ်တွေကို အနှစ်ချုပ်လိုက် ရင် အနှစ်သာရအားဖြင့်တော့ နှစ်ခုပဲရှိပါတယ်။ တခုက မြန်မာ့ရေမြေတောင်နဲ့ လူတွေကို လေ့လာခံစားဖို့နဲ့ သတင်းတွေကို စုဆောင်းမှတ်သားဖို့အလုပ်ပါပဲ။ ဒီလိုနဲ့ သူဟာ လယ်ကွင်းတွေဆီ သွားခဲ့တယ်။ ဘုရားပြို ဘုရား ပျက်တွေကြားမှာ ရပ်နေခဲ့တယ်။ နပမ်းပွဲတွေ၊ ကြက်တိုက်ပွဲတွေ၊ လှည်းပြိုင်ပွဲတွေ၊ ရေကစားပွဲ၊ ဘုရားပွဲ၊ ရုပ်ကြီးစင်နဲ့ မြေ၀ိုင်းအကပွဲတွေက အစ နေရာအနှံ့ သူရောက်နေခဲ့တယ်။ မြန်မာတွေဟာ လက်တင်အမေရိက က ပီရူးနဲ့ဘိုလစ်ဗီးယားလူမျိုးတွေနဲ့ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက် တော်တော်တူကြတယ်။ ရာဇ၀င်သမိုင်း ချင်းလည်း တူကြဟန်ရှိတယ်။
ရန်ကုန်မြို့ဟာ “ ရန်ဟူသမျှ ကုန်စင်အောင်မြင်တဲ့မြို့” ဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ခေါ်ထားတဲ့ မြို့။ အင်္ဂလိပ် မြို့ဝန်မင်းဟာ တခါတရံ မြန်မာမြို့ဝန်တွေရဲ့ အဆောင်အယောင် အခမ်းအနားမျိုးနဲ့ မြို့ထဲကို ထွက်လာတတ် တယ်လို့ သူကြားရတယ်။ ရန်ကုန်မှာသူရှိနေတဲ့အခိုက် မြို့ကိုစောင့်ရတဲ့ ဂေါ်ရင်ဂျီစစ်ပုလိပ်တွေ၊ မျက်နှာဖြူ အရာရှိတွေဟာ တစုံတခုကို ထိတ်လန့်တုန်လှုပ်နေတာ အထင်အရှားသတိထားမိတယ်။ ရွှေတိဂုံဘုရားခြေရင်းမှာ ရှိတဲ့ သစ်တပ်ထဲက အင်္ဂလိပ်စစ်တပ်တွေဟာ စစ်ရေး အမြဲလေ့ကျင့်နေကြပြီး အလုပ်ရှုပ်နေခဲ့ကြတယ်။ ရန်ကုန်မြို့ဆိပ်ကမ်းမှာ အိန္ဒိယက ကြေးစားစစ်သားတွေ သင်္ဘောပေါ်က ဆင်းချလာနေတာ လူတိုင်းတွေ့ကြရ တာပဲ။ သတင်းတွေဟာ ရန်ကုန်မြို့ကို ခြိမ်းခြောက်နေတယ်လို့ ဆိုရမယ်။ မြန်မာလယ်သမား သူပုန်တွေဟာ ရန်ကုန်မြို့နဲ့ အလှမ်းမဝေးတဲ့တနေရာမှာ အင်္ဂလိပ်စစ်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ကြတဲ့သတင်း ...၊ အင်္ဂလိပ် စစ်တပ်တွေက ဖမ်းမိတဲ့ သူပုန်တွေကို ခေါင်းဖြတ်သတ်ပြီး သတင်းစာတွေထဲမှာ ဖော်ပြခြိမ်းခြောက်တဲ့သတင်း တွေနဲ့ ရန်ကုန်မြို့ဟာ ခြောက်ခြားနေခဲ့တယ်။
သူဟာ ရန်ကုန်မြို့ နိုင်ငံခြားသံတမန်များ နားနေအပမ်းဖြေတဲ့ အဆောက်အဦးဆီကို သွားလေ့သွားထ မရှိပေမယ့် အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီနိုင်ငံတွေအပေါ် မတရားဖိနှိပ်နေတဲ့ သတင်းတွေကိုတော့ အဲဒီ သံတမန် တွေဆီကပဲ ရခဲ့တယ်။ တချိန်ထဲမှာ အိန္ဒိယတိုက်ငယ်မှာလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲခေါ်သံတွေ၊ မဟတ္တမ ဂန္ဓီကြီးနဲ့ အိန္ဒိယပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ တရုပ်ပြည်မကြီးထဲက ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွေ၊ ဥရောပ တခွင်မှာကြတော့ နယ်ချဲ့အရင်းရှင် အစိုးရတွေကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေ ရဲ့ သတင်းတွေကို နေ့စဉ်တိုင်းလိုလို သူကြားနေခဲ့ရတယ်။ ဒါနဲ့ပဲ သူကိုယ်တိုင် သတိမထား မိပဲ ဆုံးဖြတ်ချက်တခု အလိုလိုချမိလျက်သားဖြစ်ခဲ့ရတယ်။

သူဟာ ဧရာဝတီမြစ်ကမ်းတခုပေါ်မှာ ဘ၀သစ်တခု အစပြုဖို့ ဆုံးဖြတ်ခဲ့မိပြီဆိုပါတော့ ...။

(ဃ)

အမေရိက ...
သင့်နယ်မြေမှ တဖက်အစွန်
တိုင်း . နိုင်ငံများကို ငါရောက်ခဲ့ဖူးပြီ။
အဲဒီနေရာတွေမှာ ရက်ပေါင်းများစွာ
ငါပျံသန်းခဲ့၊ ခရီးသွားခဲ့၊ တေးဆိုခဲ့၊ စကားပြောခဲ့
လှည့်လည်နေတဲ့ အိမ်ယာလုပ်ခဲ့ဖူးရဲ့။
အာရှမှာ၊ ရုရှားမှာ၊ ယူရဲလ်တောင်တန်းတွေမှာ
ငါရပ်နားပြီး
အထီးကျန်မှုနဲ့ ထင်းရှူးဆီနံ့ စိမ့်ပျော်ဝင်နေတဲ့
ငါ့ဝိညာဉ်ကို ဆန့်ထုတ်ခဲ့ဖူးရဲ့ ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)



၁၉၅၁-ခု၊ အောက်တိုဘာလ၊ တရုပ်ပြည် ပီကင်းမြို့။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ...။
မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့၊ ရုရှားစာရေးဆရာ “အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တဲ့ အခါ၊ အာရင်ဘတ်က ချက်ချင်းဆိုသလိုပဲ သတောတူခဲ့ပါတယ်။ သူနဲ့ အာရင်ဘတ်က အခန်းချင်းကပ်လျက် တည်းခိုခွင့်ရကြသူတွေပါ။ သူ့မှာလည်း ဇနီးဖြစ်သူပါလာခဲ့သလို၊ အာရင်ဘတ်မှာလည်း ဇနီးသည်ပါလာခဲ့တယ်။ သူတို့လေးယောက်စလုံး မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောခဲ့ရတာကို ကျေနပ်မိကြတယ်။ ထမင်း အတူထိုင်ပြီး စားခဲ့ကြရတာကို မမေ့နိုင်ဘူး။
သူကတော့ ဒီအချိန်မှာ လွန်ခဲ့တဲ့ (၂၄) နှစ်ကို ပြန်ရောက်သွားခဲ့သလိုပါပဲ။ မြန်မာစာရေးဆရာ “ဒဂုန် တာရာ” နဲ့ စာပေအကြောင်းတွေ ပြောခဲ့ကြပေမယ့် သူ့စိတ်တွေက တချက်တချက်မှာ ရန်ကုန်မြို့က ရွှေရောင် ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတိဂုံဘုရားကြီးကို သတိရနေမိတယ်။ တောက်ပတဲ့ အရောင်မျိုးစုံ ၀တ်စုံတွေကိုဝတ်ပြီး လမ်းတွေပေါ်လျှောက်သွားနေတဲ့ မြန်မာလူမျိုးတွေကို တွေးနေမိတယ်။ ဒီတုန်းက သူက အချစ်ကဗျာတွေကိုပဲ ရေးဖွဲ့နေခဲ့တဲ့ ကာလ။ အချစ်ကဗျာစာအုပ်ထုတ်ဝေပြီးကာစ။ မြန်မာပြည်မှာ ရောက်နေတဲ့အခိုက်၊ မြန်မာ့ လယ်သမားသူပုန်ကြီး “ဂဠုန်ဆရာစံ” ရဲ့ သတင်းတွေက သူ့ရဲ့ အချစ်ကဗျာခံစားမှုကို ရပ်တန့်စေခဲ့တယ်။ တကမ္ဘာလုံးမှာရှိတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသတင်းတွေက သူ့အတွေးအခေါ်ကို မြှင့်တင်ပေးလိုက် တယ်။ ရန်ကုန်မြို့မှာ တနှစ်ကျော်နေထိုင်ခဲ့ရတဲ့ ရက်တွေအတွင်း သူ့ရဲ့အထီးကျန်မှုကို နိဂုံးချုပ်နိုင်ခဲ့တယ်။
တညနေခင်းလုံး မြန်မာစာရေးဆရာတွေနဲ့ စကားဖောင်ဖွဲ့ခဲ့ပြီးတဲ့နောက်၊ အင်မတန် ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံလှတဲ့ ဥပဓိရုပ်ရည်ရှိသူ မြန်မာစာရေးဆရာ၊ ကဗျာဆရာကြီး “သခင်ကိုယ်တော်မှိုင်း” ခေါင်းဆောင်တဲ့ လူတသိုက်ဟာ သူတို့အခန်းက ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ သူနဲ့ တချိန်လုံးလိုလို စကား ပြောခဲ့တဲ့ ကဗျာဆရာ “ဒဂုန်တာရာ” ကို သူက အခန်းပေါက်ဝမှာ လက်ဆွဲနှုတ်ဆက်တယ်။
မြန်မာစာရေးဆရာအဖွဲ့ အခန်းပေါက်ကအထွက်၊ သူ့နှုတ်ခမ်းက နှုတ်ဆက်စကားဆိုဖို့ စဉ်းစားတဲ့အခါ စကားလုံးတချို့ကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွားရတယ်။
“ မြန်မာပြည်က ပိတောက်ပန်းကို ကျနော် မမေ့ပါဘူးဗျာ ...”
မြန်မာကဗျာဆရာ “ဒဂုန်တာရာ” က “ပိတောက်ပန်း” လို့ ပီပီသသလှမ်းပြောလိုက်တဲ့ သူ့ကို အံ့သြတဲ့ မျက်နှာနဲ့ ပြန်ကြည့်ရင်း ပြုံးလိုက်ပါတယ်။ ။

(စာပေနိုဗယ်ဆုရှင် ချီလီကဗျာဆရာကြီး ပက်ဗလိုနဲရူဒါဟာ ၂၃၊၉၊၁၉၇၃-ခုနှစ်မှာ ကွယ်လွန်ခဲ့တာမို့ အခုဆိုရင် သူကွယ်လွန်တာ (၃၅) နှစ် ပြည့်ပါပြီ။ သူဟာ ၁၉၂၁ -ခုနှစ်ဝန်းကျင်က မြန်မာပြည်မှာ သံတမန်တဦး အနေနဲ့ နေထိုင်သွားခဲ့ရဖူးသူပါ။ သူဟာ ပဲခူးနဲ့ မော်လမြိုင်ကိုလည်း ရောက်ခဲ့ဖူးသူပါ။ ဒါကြောင့်မို့ သူကွယ်လွန်တဲ့ ၃၅-နှစ်မြောက် အမှတ်တရ ... ဒီဆောင်းပါးကို စိတ်ကူးဖြင့် ရေးဖွဲ့ ဂုဏ်ပြုလိုက်ပါတယ်။)

ငြိမ်းဝေ

ကိုးကား။ ။ ၁။ မောင်သစ်တည်ရဲ့ “ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည် ၃-ပုဒ်”
၂။ ဒဂုန်တာရာရဲ့ “ဧရာဝတီ၊ ယန်စီ၊ ဘော်လ်ဂါ”

(မဇ္ဈိမအွန်လိုင်းတွင် ဖော်ပြခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)

September 20, 2008

စိန်ပြောင်းသံ ဆိုင်းသံဗုံသံနှင့် လရောင်လိမ်းကျံ ပန်းပွင့်များ


၁၉၉၄-ခု၊ မတ်လ၊၁၉-ရက်၊ စနေနေ့ ... ။
ခန့်မှန်းရခက်တဲ့ တနေရာဆီက လက်နက်ကြီး ပစ်ခတ်သံ နှစ်ချက် ကြားလိုက်ရတယ်။ ကျနော့်စိတ်ထဲ ကျောက်ဖြာရွာမှာ စခန်းချထားတဲ့ နအဖစစ်တပ် တပ်မ ၉၉ လက်အောက်ခံ၊ ခလရ ၃၂ ဆီက ပစ်ခတ်လိုက်တဲ့ အသံများပဲဖြစ်မယ်လို့ ထင်မိတယ်။ ညနေပိုင်း ကို ရောက်ရင် ဒီဒေသတ၀ိုက်မှာတော့ လက်နက်ကြီးပစ်ခတ်သံ ကြားကြရတဲ့ အဖြစ်ဟာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။



“ကွေလေ” ရွာက အထွက် ချောင်းကူးဝါးတံတားတဖက်ထိပ်မှာ ဦးကသေးဖိုး၊ ရွှေအုပ်ကျေးနယ်ဥက္ကဌ နဲ့ အတွင်းရေးမှူး တို့သုံးဦး ရပ်ပြီး ကျန်နေရစ်ခဲ့ကြပါတယ်။
“နောက်နှစ်ကြရင်လည်း လာခဲ့အုန်း ကိုငြိမ်း”
“ဦးကသေးဖိုး” ရဲ့ မျက်လုံးတွေထဲမှာ ထူးခြားတဲ့လက္ခဏာတချို့ ကျနော်တွေ့ရတယ်။ တောပုန်းကြီး ဦးကသေးဖိုး ကျနော့်ကို နှုတ်ဆက်တဲ့အသံဟာ သိသာထင်ရှားစွာ အလွမ်းတွေ ဖွေးဖွေးလှုပ်နေတယ်။
“ပြန်လာမယ်စိတ်ချ၊ ဒါပေမယ့် အခုလို စစ်မြေပြင်သတင်းထောက်တယောက်အနေနဲ့တော့ ပြန်မလာချင်ဘူး၊ မိတ်ဟောင်း ဆွေဟောင်းတွေဆီ ပျော်ပျော်ရွှင်ရွှင်လာတွေ့တဲ့ စစ်ကြီးပြီးသွားလို့ ပျော်ရွှင်လွတ်လပ်တဲ့ ရဲဘော်ဟောင်းတယောက်အနေနဲ့ပဲ ပြန်လာ ခဲ့မယ် ...”
ဒီလိုဆိုတော့ ကျနော့်ဆန္ဒက ပြည့်ဝနိုင်ပါ့မလား။ အသံထွက်ပြီး မပြောခဲ့ရတဲ့ ကျနော့်စကားတွေကို တောပုန်းကြီး “ဦးကသေးဖိုး” ၊ ကောင်းကောင်းကြီးခံစားလို့ ရနိုင်မှာပါ။ ကျနော့်မျက်လုံးတွေပေါ်က စာသားတွေကို ဘ၀အတွေ့အကြုံ အင်မတန်ရင့်ကျက်လွန်းတဲ့ ဦးကသေးဖိုး၊ ကောင်းကောင်းဖတ်နိုင်မှာပါ။ သူနဲ့ကျနော် (၁၅)ရက်တိတိ အတူနေ၊ အတူသွား၊ အတူစား၊ အတူတူအိပ်ခဲ့ကြပါတယ်။ သူ့ရဲ့ လျှို့ဝှတ်တဲကလေးပေါ်မှာ သူနဲ့ကျနော် အကြိမ်ပေါင်းများစွာ စကားလက်ဆုံကျခဲ့ကြတယ်။ ကြေကွဲဖို့ကောင်းတဲ့အချက်က “ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ မသိနိုင်တဲ့ ဒီစစ်ကြီးထဲမှာ ဒီစစ်ကြီးကို နိုင်အောင် ဘယ်လိုတိုက်ရမလဲဆိုတဲ့ အဖြေကို သူတခါမှ စဉ်းစားလို့မရနိုင်ခဲ့ဘူး” ဆိုတဲ့ သူကိုယ်တိုင်ပြောပြခဲ့တဲ့ အချက်ပါပဲ။ သူ့ကို ကျနော် ကြေကွဲခဲ့တယ်။ တကယ်တော့လည်း ကျနော်တို့အားလုံး ကြေကွဲခဲ့ကြရတယ်။
ဝါးတံတားလေးထိပ်မှာ သူတို့ရပ်နေခဲ့ကြတာကိုသိပေမယ့်၊ ကျနော်ကတော့ နောက်ကို တချက်မှလှည့်မကြည့်ခဲ့တော့ပါဘူး။ သူတို့ကို ကျနော် နောက်ပြန်လှည့်ပြီး ထပ်မံနှုတ်မဆက်ချင်တော့ဘူး။ ကျနော်ဖတ်ဖူးတဲ့ အမေရိကန်ကဗျာဆရာကြီး “ရောဘတ်ဖရော့စ်” ရဲ့ ကဗျာတပုဒ်ထဲကလို “ညို့ဆိုင်း၊ နက်ရိုင်း၊ တောတန်းကဖြင့် လှပေသား။ ဒါပေမယ့် ငါ့မှာ တည်ရမယ့်ကတိတွေနဲ့ပါလား၊ မအိပ်ခင် သွားရဦး မယ့် ခရီးမိုင်တွေနဲ့ပါလား...။ ” ဆိုတဲ့ စာသားကို သတိရနေမိတယ်။
တနာရီကျော်ကျော်လောက် ခရီးတွင်လာတော့ လူသွားလမ်းဟာ အနိမ့်ပိုင်းကို ခတ်ပြေပြေလေး ဆင်းလာခဲ့ပါတယ်။ အခုလို တော နက်တယ်လို့ ထင်ရတဲ့ နေရာမျိုးကိုရောက်ရင်၊ တပ်ကြပ်ကြီး “ဖားတေး” ရဲ့ ခြေသံက ပိုပြီး အသံပြင်းလွန်းတယ်လို့ ကျနော်ထင်မိတယ်။ သူဟာ မွေးကတည်းက ဖိနပ်မစီးခဲ့ဖူးဘူးလို့ဆိုပါတယ်။ ရှေ့ကသွားနေတဲ့ သူ့ခြေသံကို နားထောင်ရင်း၊ တပ်မဟာမှူး “ဗိုလ်မှူးချုပ် ကျော်လင်း” ပြောဖူးတဲ့ စကားတခွန်းကိုတွေးပြီး ပြုံးမိပြန်တယ်။
“ကိုငြိမ်း ခင်ဗျား မာနယ်ပလောပြန်ရင် ဖားတေးအတွက် ဖိနပ်တရံဝယ်ပြီး ပို့လိုက်စမ်းဗျာ၊ ဒီမှာတော့ သူနဲ့တော်တဲ့ဖိနပ် ဘယ်မှာမှ ၀ယ်လို့မရဘူး၊ အဲဒါ သေသေချာချာ ဆိုဒ်အကြီးဆုံးကိုရှာပြီး ၀ယ်ပို့လိုက်စမ်းပါ၊ ဒီကောင်ကြီး ဖိနပ်စီးပြီး လမ်းလျှောက်တာ ကျုပ် မြင်ဖူးချင် လို့ ”
တပ်ကြပ်ကြီး“ဖားတေး” ရဲ့ ခြေထောက်ကို ကျနော်ကြည့်တယ်။ ကျနော့်စိတ်အထင် တံတောင်နီးပါးရှိတဲ့ ခြေဖ၀ါးပိုင်ရှင်လို့တောင်မှ ပြောလို့ရမယ်ထင်တယ်။ ဒီလောက်ကြီးတဲ့ ခြေဖ၀ါးမျိုးနဲ့လိုက်မယ့် “ဖိနပ်” ကိုကော ၀ယ်လို့ရနိုင်ပါ့မလားဆိုတာ သံသယ၀င်မိတယ်။ တပ်ကြပ်ကြီး ဖားတေးကို ကျနော်စပြီးတွေ့တော့ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထွားထွားကျိုင်းကျိုင်းကို ကြည့်ပြီး၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူ့ ကျွန်မခံပြီ” ၀တ္ထုထဲက “အကြပ်ကြီးပေါက်လှ” ကို ချက်ချင်းသွားတွေးမိတယ်။ အခုတော့ ရှေ့ကလမ်းလျှောက်သွားနေတဲ့သူ့ကို ကျနော့် စိတ်ထဲက နာမည်ပြောင်းပေးလိုက်ရရင်ကောင်းမလားလို့ စဉ်းစားနေရပြန်ပြီ။ “ခြေရာတစ်တောင်၊ မောင်မဲခေါင်” ဆိုတဲ့ နာမည်ပဲပေါ့။
အနိမ့်ပိုင်းကိုရောက်လေ၊ တောက နက်လာလေ။ တောကနက်လေ နေရောင်က မှောင်လာလေ။ နေရောင်မှောင်လာလေ စိမ့်အေး သထက် စိမ့်အေးလာလေလေ ...။ တနေရာရောက်တော့ လူသွားလမ်းဟာ လူတကိုယ်စာသာသာလောက်သာရှိတဲ့ ရှိုကလေးတခု ဖြစ်နေတာ တွေ့ရတော့တယ်။ ကျနော်တို့နှစ်ယောက်၊ ရေစိမ့်နေတဲ့ လူသွားလမ်းပေါ်လျှောက်လာခဲ့ကြတယ်။ ရေစပ်စပ်ကိုနင်းပြီး လျှောက်လာတော့ ဒါဟာဖြင့် စမ်းချောင်းလေးတခုကို လူသွားလမ်းလုပ်ထားတာလားလို့လည်း တွေးမိပါတယ်။ စိမ့်ထဲက ပြန်ထွက်တော့ လူသွားလမ်းဘေးက ကျွန်းပင်တပင်ရဲ့ ခါးလည်မရှိတရှိနေရာမှာ ဓါးနဲ့ပိုင်းပြီး ခုတ်ခွါထားတဲ့နေရာကို ကျနော်မော့ကြည့်မိတယ်။
“ဘာပြုလို့များ ဒီလောက်လှတဲ့ ကျွန်းပင်ကို ဓါးနဲ့ခုတ်ခွါချထားတာလဲ မသိဘူးဗျာ။ ဘယ်သူကများ လက်ဆော့သွားသလဲ မသိပါဘူး”
“အဲဒါ ဓါးနဲ့ခုတ်ပြီး ခွါထားတာ မဟုတ်ဘူး ဆရာကြီး၊ ၀ံတကောင်က ပါးစပ်နဲ့ကိုက်၊ လက်နဲ့ခွါချထားတာ”
“ဗျာ”
“ ဟုတ်တယ်လေ ဆရာကြီး၊ ကြက်တည်တဲ့လူုကို ၀ံက လိုက်ကိုက်ရင်းက၊ ကြက်တည်တဲ့လူ ဒီသစ်ပင်ပေါ်တက်ပြေးတာ ဒေါသဖြစ်ပြီး ကိုက်ခွါထားတာ”
ကျနော့်ခြေလှမ်းများမှာ အလိုလိုနှေးသွားရပါတယ်။ ပါတ်ဝန်းကျင်ကိုလည်း ကျီးကန်းတောင်းမှောက် လိုက်ကြည့်မိတယ်။
“ဘာမှမရှိတော့ဘူး ဆရာကြီး၊ အဲဒီ ၀ံကို ကျနော်တို့ ပစ်သတ်ပြီးပြီ၊ လူကတော့ ရင်နှစ်ခြမ်းကွဲပြီး သေတာပဲ၊ လိုက်သာလိုက်ပါ၊ မစိုးရိမ်ရတော့ပါဘူး”
တပ်ကြပ်ကြီးဖားတေးက နောက်ပြန်လှည့်မကြည့်ပေမယ့်၊ ကျနော့်ခြေသံကို နားစွင့်ပြီး၊ ကျနော့် အနေအထားကို ရိပ်မိသွားဟန် တူပါတယ်။ ကျနော့်အဖို့တော့ ခြေလှမ်းမှန်မှန်လျှောက်ပြီးတော့ လိုက်လာရပေမယ့်၊ နောက်မှာ ကျန်ခဲ့တဲ့ လျှိုကြီးထဲကို လည်ပြန်တကြည့် ကြည့်နဲ့ လုပ်နေခဲ့မိပါတယ်။
လျှိုထဲကထွက်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့ မြေပြင်ပေါ်ရောက်လာတော့ အေးစိမ့်နေတာပျောက်ပြီး၊ ပူအိုက်လာရပြန်တယ်။ မကြာခဏဆိုသလို နေရောင်ခြည်နဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရလာပါတယ်။ နာရီကိုကြည့်တော့ (၄)နာရီ ထိုးကာနီးပြီ။ “ကွေလေ” ရွာက ထွက်တော့ (၁)နာရီ။ အခုဆိုရင် (၃)နာရီ ခရီးနှင်ခဲ့ကြပြီးပြီ။
တောင်ကမ္ဘားယံကွေ့တခုကို ချိုးအကွေ့မှာ၊ ကျနော့် ခြေလှမ်းများ အလိုလိုရပ်တန့်သွားရတယ်။ လေးငါးဧကလောက် ကျယ်ပြန်တဲ့ မြေကွက်လပ်ကြီးပေါ်မှာ အင်မတန်လှတဲ့ တောရိုင်းနေကြာပန်းခင်းကြီး တကွင်းလုံး ၀ါဝါထိန်လျှက်။ ပန်းရိုင်းနေကြာခင်းကြီးကို ငေးကြည့်ရင်း ကျနော့်မှာ အလိုလိုအမောပြေသွားခဲ့ရပါတယ်။
“ကော်ဟဲ” ရွာကိုရောက်တော့ မိုးချုပ်စပြုပြီ။ ရွာလည်ရောက်တော့ အလင်းရောင် လုံးဝမရှိတော့ပါဘူး။ ကျနော်နဲ့ တပ်ကြပ်ကြီး ဖားတေးတို့ အုတ်တံတိုင်းတခုဘေးကကပ်ပြီး စမ်းတ၀ါးဝါးနဲ့လျှောက်လာခဲ့ကြရပါတယ်။ အလင်းရောင်မှုံဝါးဝါးအောက်မှာ ထုံဖြူဖြူအုတ် တံတိုင်းဟာ တော်တော်နဲ့ မဆုံးနိုင်ဘူး။ ဘယ်ကိုသွားမယ်၊ ဘယ်သူနဲ့တွေ့မယ်၊ ဘယ်မှာ နားမယ်၊ ဘယ်မှာ ထမင်းစားမယ်၊ ဘယ်မှာ ညအိပ်မယ် ဆိုတာတွေကို တွေးမိပေမယ့် ဒါတွေအားလုံး တပ်ကြပ်ကြီးဖားတေးကို ထုတ်ဖော်မေးခြင်းမရှိပဲ သူ့နောက်ကပဲ သူ့ကိုမှီအောင် လိုက်လာခဲ့ပါတယ်။
“ဒီနေရာမှာပဲ ကျနော်တို့တညအိပ်မယ် ဆရာကြီး၊ ရွာထဲက အိမ်မှာဆိုရင် လုံခြုံရေး စိတ်မချရဘူး၊ အခု ဘယ်နှစ်နာရီ ရှိပြီလဲ”
ကျနော်က ဓါတ်မီးကို လက်ဖြင့်အုပ်၍ နာရီကိုကြည့်သည်။
“ (၇) နာရီ”
“ဒါဆိုရင် ... နောက်ထပ် တနာရီလောက်ရှိမှ သူကြီးလာတွေ့လိမ့်မယ်၊ အဲဒီကြမှ ထမင်းစားရမယ်”
အလင်းရောင် မှိုန်ပြပြအောက်မှာပင် နေရာထိုင်ခင်းပြင်ကြရပါတယ်။ သရက်ပင်တွေ ထူထပ်စွာပေါက်နေတဲ့ တောအုပ်တခု။ ဒါမှ မဟုတ် သရက်ခြံတခုဖြစ်မယ်လို့လည်း တွေးမိတယ်။ တပ်ကြပ်ကြီးဖားတေးက ကျနော့်အတွက် သစ်ပင်နှစ်ပင်မှာ စစ်ပခက်ချည်ပေးပါ တယ်။ ကျနော်က ငြင်းပေမယ့် သူက လက်မခံပါဘူး။ ကျနော်က ပခက်နဲ့အိပ်ပြီး သူက သစ်ပင်ခြေရင်းမှာပဲအိပ်မယ်လို့ ဆိုပါတယ်။ ပြောမရ တာကြောင့်၊ ကျနော့်မှာ ပါလာတဲ့ စောင်ပိုင်းလေးကို ကြောပိုးအိပ်ထဲကထုတ်ပြီး သူ့အတွက် ခင်းပေးလိုက်ပါတယ်။
အိပ်ယာထိုင်ခင်းပြင်နေတုန်း ကျနော်တို့ဘေးက ဖြတ်လာခဲ့ရာ ဘုန်းကြီးကျောင်းဝန်းဆီက ဆိုင်းသံဗုံသံတွေ ကြားလာရပါတယ်။ မိဆိုင်းတောင်ပေါ်ဘုရား၊ ဗုဒ္ဓပူစနိယပွဲတော်အတွက် အတီးအမှုတ် လေ့ကျင့်ကြတာလို့ ထင်ရပါတယ်။
တပ်ကြပ်ကြီးဖားတေးပြောသလိုပဲ၊ ၉ နာရီလောက်မှာ ကော်ဟဲရွာသူကြီးနဲ့ ရွာသားတယောက်ရောက်လာလို့ ကျနော်တို့နှစ်ယောက် ထမင်းစားကြရပါတယ်။ ငှက်ပျောရွက်တွေခူးလာလို့ ထမင်းကို ငှက်ပျောရွက်ပေါ်ထည့်ပြီး စားလိုက်ကြပါတယ်။
မှောင်မှောင်မည်းမည်းထဲမှာ၊ ချိုင့်ထဲက ဟင်းကိုစားကြည့်တော့ ချဉ်တင်တင်ရှိတာနဲ့ ဘာဟင်းလဲလို့မေးမိတယ်။ မရမ်းသီးနဲ့ ပုဇွန် ချဉ်ရေဟင်းလို့ သိရပါတယ်။ ဆာလွန်းမက ဆာလွန်းနေတော့ မှောင်မှောင်မည်းမည်းအောက်မှာပဲ ထမင်းကို တ၀တပြဲ စားရပါတယ်။ သူကြီး နဲ့ တပ်ကြပ်ကြီးဖားတေးတို့ ကရင်လို စကားတစ်ခွန်း နှစ်ခွန်းပြောပြီး ပြန်သွားတော့ ကျနော်က ပခက်ပေါ်ရောက်နေခဲ့ပြီ။ ခေါင်းတပြူပြူ လုပ်လာနေတဲ့ လရောင်ကို မော့ကြည့်ရင်း ထမင်းလုံး စီနေမိပြီ။
ဘယ်အချိန်က ဘယ်လောက်ကြာကြာ အိပ်မောကျသွားခဲ့တာလဲ မသိပါဘူး။ ချမ်းလွန်းလို့ ရုတ်တရက် နိုးလာတော့ သစ်ရွက်ကြိုသစ်ရွက်ကြားကတဆင့် ကျနော့်ခန္ဓာကိုယ်ပေါ်မှာ လရောင်တွေ ပဆစ်အိမ်ဖွဲ့နေတာ တွေ့လိုက်ရပါတယ်။ မြေကြီးပေါ်မှာ စောင်ပိုင်းခင်းပြီး အိပ်နေတဲ့ တပ်ကြပ်ကြီးဖားတေးဆီက၊ အသက်ရှူသံပြင်းပြင်းကို ကြားနေရပါတယ်။
အခုလို လရောင်တွေ ၀င်းဝင်းပနေတဲ့ အချိန်မျိုးမှာ၊ လမ်းခွပ်လပ်မှာတွေ့ခဲ့ရတဲ့ နေကြာပန်းရိုင်းခင်းကြီးကို ပြေးပြီးကြည့်ချင်လှပါတယ်။ လရောင်အောက်က လရောင်တွေလိမ်းကျံထားတဲ့ နေကြာပန်းခင်းကြီး ဘယ်လောက်အထိများ လှပလွန်းနေလေ မလဲ ...။

ငြိမ်းဝေ

(မဇ္ဈိမအွန်လိုင်းတွင် ဖော်ပြခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)

September 18, 2008

စစ်ပွဲတခုရဲ့ ဇာတ်ကောင်များ၊ သားကောင်များ


(က)

၁၉၉၃ - ခု၊ ဒီဇင်ဘာလ၊ မာနယ်ပလော။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မိမိကိုယ်မိမိကာကွယ်ရေး အခြေခံစစ်ပညာ သင်တန်း ...။
“သေသေချာချာ မိမိရရကိုင်ထားနော်၊ အာရုံကို သေနတ်ပြောင်းထိပ်ပေါ်မှာပဲစုပြီးတင်ထား၊ ထောင်ထား တဲ့ ပိုက်ဆံကိုပဲ ဂရုစိုက် ... ဟုတ်ပြီနော်”
အမ် ၁၆ ရိုင်ဖယ်မှာ ကျနော့်လက်ထဲတွင် မသိမသာတုန်ရင်လျက်ရှိ၏။



“မျက်လုံးက ပစ်မှတ်၊ အာရုံကို ပိုက်ဆံဆီမှာထား”
သေနတ်ကို မလှုပ်ရှားရအောင် ဘယ်ဖက်လက်ဖြင့်ပြောင်းထိပ်ကိုအားစိုက်ပြီး ဆုပ်ကိုင်ပင့်တင်ထားရ ၏။ ပြောင်းထိပ်ပေါ်က ထောင်လျက်တင်ထားသည့် ၁-ဘတ်စေ့ကလေးမှာ တဆတ်ဆတ်တုန်လျက်ရှိ၏။ ကျနော့်စိတ်ထဲ စိုးရိမ်လာရသည်။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။ ကြာလိုက်တာကွာ ...။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့။
“မောင်းကိုဆွဲရင် တကိုယ်လုံးငြိမ်အောင် တောင့်ထားပြီးမှဆွဲနော်၊ မောင်းကိုပဲပါလာအောင်ဆွဲ၊ သေနတ် ကြီးတခုလုံး ပါမလာစေနဲ့၊ ဟို - ရဲဘော် ဘာပြုလို့ ရှေ့ကိုတအားကုန်းထားတာတုန်း၊ မောင်းဆွဲရင် မင်းသေနတ် ကြီး ပြုတ်ကျသွားလိမ့်မယ်၊ စောက်ရူး”
ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။
“ပစ်”
သေနတ်မောင်းဆွဲသံတချို့ကြားရသည်။ သင်တန်းဆရာ၏ ဆဲသံဆိုသံများ၊ သင်တန်းသားများရဲ့ ရယ်မောပြောဆိုသံများထွက်ပေါ်လာခဲ့၏။
ကျနော်က အမ် ၁၆ သေနတ်ကိုဘေးတွင်ချကာ မြေပြင်ပေါ်ကို စိုက်ကြည့်နေမိသည်။ မြက်ပင်ကြား သဲမြေပေါ်က ၁-ဘတ်စေ့ကလေးကို ငုံ့ကြည့်နေမိသည်။
ကျနော်တို့ စစ်သင်တန်းသားအားလုံး၏လက်ထဲတွင် အမ် ၁၆ ရိုင်ဖယ်ကိုယ်စီကိုင်ထားကြ၏။ ကျနော် တယောက်တည်းသာ သေနတ်ကို ဘေးတွင်ချထားလိုက်မိ၏။ သင်တန်းဆရာက ကျနော့်ဘေးတွင်လာပြီး ရပ်သည်။
“ ရဲဘော်၊ ဘာပြုလို့လဲ၊ နေမကောင်းဘူးလား”
“နေကောင်းပါတယ်ဗိုလ်ကြီး”
“ဒါဆိုရင် ဘာပြုလို့ သေနတ်မောင်းမချပဲ ငိုင်နေတာပဲ”
“ကျ ... ကျနော် မသိဘူးဗိုလ်ကြီး”
ရယ်သံများထွက်ပေါ်လာခဲ့၏။
“ဒါဆိုရင် ... သေနတ်ပြန်ကောက်၊ မောင်းတင်၊ ပိုက်ဆံထောင် ... ပြန်ပြီး ပစ်”
ထိုနေ့က သေနတ်မောင်းကို ကျနော် အကြိမ်ကြိမ်ဆွဲခဲ့၏။ ပြောင်းထိပ်တွင် ထောင်ပြီးတင်ထားသည့် ငါးဘတ်စေ့ကလေးမှာလည်း မြေပြင်ပေါ်သို့ အကြိမ်ကြိမ်ကျခဲ့၏။ ထို့ကြောင့် သေနတ်ကို ခေါင်းပေါ်မြှောက်ကိုင် ကာ လေ့ကျင့်ရေးကွင်းကို ၅ ပတ် တိတိ ပတ်ပြေးခဲ့ရ၏။ ပစ်ဒဏ်ခတ်ခံရလို့ ကျနော့်ဒူးများ ညွှတ်ခွေကျလုမတတ် ဖြစ်ခဲ့သော်လည်း ကျနော့်စိတ်ကိုမူ တင်ထားနိုင်ခဲ့၏။ ကျနော်က ပြောင်းထိပ်ပေါ်တွင် ထောင်ထားသည့် ၁- ဘတ်စေ့ကို တမင် ပြုတ်ကျသွားအောင် မောင်းကိုဖိပြီး အကြိမ်ကြိမ်ဆွဲချခဲ့၏။ ၁-ဘတ်စေ့ကလေးမှာ မြေကြီးပေါ်သို့ အကြိမ် ကြိမ်ကျ၏။ ကျနော်က ကျနော့်စိတ်ကူးနှင့်ကျနော် သေနတ်မောင်းကို တမင်ဖိပြီး နှိမ့်ပြီးဆွဲခဲ့ခြင်းဖြစ်သည်။ သို့မှ သာ ပစ်မှတ်ကိုလွဲသွားမည် မဟုတ်ပါလား။



(ခ)

၁၉၉၄ - ခု၊ ဖားအံမြို့နယ်၊ တောတွင်းတနေရာ ...။
အဖော်တွေနဲ့ကွဲသွားသည်မှာ နာရိဝက်နီးပါးရှိပြီ။ လူသွားလမ်းကလေးအတိုင်း အသွားအပြန်လျှောက် သည်။ လမ်းခွဲ တခုနှစ်ခုအတိုင်း လိုက်လျှောက်သည်။ တခါတရံ သစ်ပင်ခြုံပင်များကြားတွင် လူသွားလမ်းကလေးမှာ ဆုံးသွား၊ ပျောက်သွား၏။ လမ်းလျှောက်သွားနေရင်းက နားကို အစွမ်းကုန်စွင့်ထားရသည်။ လူသံ လုံးဝမကြားရ။ ကျနော် စိတ်ပူလာရသည်။ ကျနော့်ရှေ့က သွားနှင့်ကြသူများက နောက်ကလိုက်လာသူ ကျနော့်ကို သည်းခံပြီး မစောင့်ပဲ ရှေ့ကိုပဲ ဆက်သွားနေကြပြီလား။ ဒါမှမဟုတ် ကျနော်ကိုယ်တိုင်က သူတို့နောက်ကလိုက်သည့်လမ်း မဟုတ်တဲ့ တခြားလမ်းကွဲတခုခုကိုပဲ အမှတ်မထင်လျှောက်လာခဲ့မိသည်လား။ မတွေးတတ်အောင်ဖြစ်ရသည်။ တောကလည်း နက်သထက်နက်လာခဲ့သည်။ လူသွားလမ်းကလည်း ပျောက်လုမတတ်မထင်မရှားဖြစ်လာ ခဲ့သည်။ တချက် နှစ်ချက် အော်ဟစ်ကြည့်မိသည်။ ရပ်ပြီး နားစွင့်သည်။ ကျနော့်အော်သံသာ ဟိန်းသွားသည်။ မည်သည့်အသံမျှ ပြန်ပြီး မကြားရ။ တောအုပ်တခုလုံး ချက်ချင်းဆိုသလို ပြန်လည်ငြိမ်သက်သွား၏။
ကြောဖက်တွင် သိုင်းလွယ်ထားသည့် သေနတ်ကိုဖြုတ်လိုက်သည်။ ကျနော်နှင့်အတူ ခရီးထွက်လာ သည့် ရဲဘော်လေး “ဝှေ့စာ” ဆီက ၀ိုင်းကူပြီးထမ်းသည့် သဘောအားဖြင့် ခဏယူထားလိုက်သည့် အမ် ၁၆ သေနတ်ကို မောင်းတင်လိုက်သည်။ သည်နေရာတ၀ိုက်တွင် နအဖစစ်တပ်များ မရှိနိုင်ဘူးဟု ပြောခဲ့သည့် ဗိုလ်သိန်းစိုး၏ စကားကို ကျနော်တွေးမိသည်။ ထို့ကြောင့် သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး ချိန်လိုက်သည်။ မျက်စေ့ ကိုစုံမှိတ်ပြီး သေနတ်မောင်းကွင်းထဲ လက်ညှိုးထည့်လိုက်သည်။ မောင်းကို ဖိညှစ်ချလိုက်သည်။ သေနတ်သံဟု ထင်ရသည့် အသံကြီးတခု ကျနော့်အနားမှကပ်ပြီး ကြားလိုက်ရ၏။ ကျည်ဆံတထောင့် ...၊ သစ်ရွက်များကို ဖြတ် တိုက်သွားသည့် တဖြစ်ဖြစ်မြည်သံကို ကြားလိုက်ရသည်။
ကျနော် ... မျက်လုံးများ ရုတ်တရက်ပြန်ပြီး မဖွင့်နိုင်သေး ...။ သေနတ်ကိုလည်း ခန္ဓာကိုယ်နှင့် အဝေးဆုံးဖြစ်အောင် လက်ကိုဆန့်နိုင်သမျှဆန့်ပြီး ကိုင်ထားလိုက်၏။ လက်ထဲမှ သေနတ်မှာ တဆတ်ဆတ် တုန်လျက် ...။ ကျနော့်ရင်ထဲ ရထားတစင်း အရှိန်ပြင်းစွာ မောင်းဝင်လာလေတော့၏။

(ဂ)

၁၉၉၅ - ခု၊ ဖေဖော်ဝါရီလ ၊ (၃) ရက်။ မာနယ်ပလောကျအပြီး ... (၇) ရက်မြောက်နေ့။
ဖွေးပေါလူရွာ၊ ထိုင်းနိုင်ငံနယ်စပ် ... ။
ဆေးရုံဝန်းခြံဝတွင် ထမ်းစင်တခုထမ်းပြီး ထွက်လာသည့်လူအုပ်ကို လမ်းဖယ်ပေးလိုက်ရ၏။ ထမ်းစင် ပေါ်ကို ကျနော်လှမ်းကြည့်သည်။ စောင်တထည်ဖြင့် အုပ်ထားသည့် လူတယောက်ကို တွေ့ရသည်။ ယောက်ျာား မိန်းမဟူ၍မူ မခွဲခြားတတ်။ သေချာသည်ကတော့ လူသေအလောင်းတခုပင်ဖြစ်သည်။
ဆေးရုံဝန်းထဲ သစ်ပင်များအောက်တွင် လူတွေအုပ်စုလိုက်ရှိနေကြသည်။ အထုပ်အပိုးများချကာ၊ တချို့က မြေကြီးပေါ်တွင် သည်အတိုင်းလဲလျောင်းအနားယူနေကြ၏။ သူတို့အားလုံး စစ်ပြေးဒုက္ခသည်များ ဖြစ်ကြ၏။
ဆေးရုံပေါ်ရောက်တော့ တန်းစီထားသည့် ကုတင်တန်းနှစ်ခုကြား၊ လူသွားလမ်းပေါ်တွင် လူနာတွေ ပြည့်ကြပ်နေသည်ကို တွေ့ရသည်။ နေရာအခက်အခဲကြောင့် လူမမာများကို လူသွားလမ်းပေါ်မှာပင် နေရာချ ထားရ၏။ တချို့ လူမမာများမှာ အခင်းမပါ ကြမ်းပြင်ပေါ်တွင် သည်အတိုင်း စောင်ကို ခေါင်းအုံးပြီးအိပ်နေကြ၏။
ဆေးနံ့ ချွေးနံ့များကို ကျနော်ရှူမိသည်။ လူနာတချို့ လူနာစောင့်တချို့ကို ရှောင်ကာရှားကာ၊ ကျော်ကာ ခွကာနှင့်ပင် ကုတင်တလုံးဆီ ကျနော်ရောက်လာခဲ့သည်။ ကင်မရာတလုံး လက်ကကိုင်လျက်၊ လွယ်အိပ်တလုံးလွယ်လျက်၊ ကျော်ခွသွားနေသည့် ကျနော့်ကို လူတချို့က လိုက်ကြည့်ကြ၏။ ဆေးရုံတခုလုံး ငြီးသံငြူသံများ၊ စကားပြောသံများ ဆူညံလျက်ရှိ၏။
ကုတင်တလုံး၏ ဖြေရင်းတွင် ကျနော်သွားပြီးရပ်လိုက်သည်။ ကုတင်ဘေးတွင် အခင်းမပါပဲ အိပ်နေသည့် ကရင်အမျိုးသမီးကြီးတဦးက ကျနော့်ကို မော့ကြည့်သည်။ ရုတ်တရက်ထရပ်ပြီး အားယူသည့် အပြုံးနှင့် ကြိုဆို၏။
“ ဘယ်နှယ်နေသေးလဲ အနော၊ လူမမာ သက်သာရဲ့လား”
လူနာစောင့် ကရင်အမျိုးသမီးကြီးက မျက်လုံးများကို လက်ဖမိုးနှင့်ပွတ်နေသေး၏။ ကျနော်ပြောသည့် စကားကို သိတ်ပြီး နားမလည်သလိုဖြစ်နေ၏။ ထိုစဉ်မှာပင် လူနာ၏မျက်လုံးများ ပွင့်လာခဲ့၏။ ကုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေသည့် လူနာက ကျနော့်ကို ခတ်ယဲ့ယဲ့အသံနှင့် နှုတ်ဆက်သည်။
“အော် .. ဆရာကြီး”
“ ဘယ်လိုနေသေးလဲ၊ သက်သာရဲ့လား၊ ဒီကနေ့ ကျနော်နဲ့ စကားနည်းနည်းပြောလို့ ရနိုင်ပါ့မလား”
လူနာက ခန္ဓာကိုယ်ကို အနည်းငယ်လူးလွန့်ပြီး အားယူ၏။
“ ရ ... ရပါတယ် ဆရာကြီး၊ ဆရာကြီး ဒီဖက်ကိုလာပါလား ...”
ကုတင်ဘေးတွင် ရပ်နေသည့် ကရင်အမျိုးသမီးကြီးကို လူနာက ကရင်ဘာသာဖြင့် တစုံတရာ တဆက်တည်း ပြောလိုက်၏။ ကရင်အမျိုးသမီးကြီးက နေရာဖယ်ပေးရန် ဟန်ပြင်လေသည်။
“ နေ ... နေပါစေ အနော၊ ရပါတယ်၊ ကျနော် ကုတင်ဘေးမှာကပ်ပြီး လုပ်ရင်ရပါတယ်၊ အော် ... ဒါတွေက လူနာနဲ့ အနောအတွက် ကျနော်ယူလာတာပါ”
ကျနော်က လက်ထဲက ဂျွတ်ဂျွတ်အိပ်နှင့်ထည့်လာသည့် လိမ္မော်ရည်ဗူးနှင့် ကိတ်ခြောက်ထုပ်ကို ကရင် အမျိုးသမီးကြီးထံ ကမ်းပေးလိုက်၏။
“ဒီလိုလုပ်ရအောင်ပါ ... ၊ ကျနော် အခု၊ ပထမ ... ဓါတ်ပုံ အရင်ရိုက်ဦးမယ်နော် ...၊ ပြီးတော့မှ ကျနော်နဲ့ ခင်ဗျား စကားနည်းနည်းပြောတာကို အသံဖမ်းစက်နဲ့ ဖမ်းကြည့်မယ်၊ ကျနော် ဓါတ်ပုံ တစ်ပုံ နှစ်ပုံလောက် ရိုက်မယ်နော် ...၊ အနောကိုရောပေါ့”
မနေ့တုန်းက ဆေးရုံအုပ်ဆရာမကြီးနှင့် ကျနော်တွေ့ခဲ့သည်။ ကျနော်က ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီက သတင်းထောက်ဖြစ်တဲ့အကြောင်း မိတ်ဆက်ခဲ့၏။ ပြီးတော့ မာနယ်ပလောတိုက်ပွဲတွင် ဒဏ်ရာရခဲ့သူ ရဲဘော်တဦးနှင့် တွေ့ဆုံစကားပြောခွင့်ပြုရန် ခွင့်တောင်း၏။ ဆရာမကြီးက ခြေထောက်တဖက် ဆုံးရှုံးသွားရသူ ရဲဘော်လေးတဦးနှင့် စကားပြောခွင့်ရရန် စီစဉ်ပေး၏။ ထို့ကြောင့် ဒီကနေ့တော့ မနေ့က စီစဉ်ထားခဲ့သည့်အတိုင်း ဆေးရုံပေါ်ကို နောက်တခေါက် ကျနော်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျနော့်အတွေးထဲ၌ မာနယ်ပလောစစ်ပွဲတွင် ကိုယ်ထိလက်ရောက် ပါဝင်ပါတ်သက်ခဲ့သည့် ရဲဘော်တဦးနှင့်တွေ့ဆုံ မေးမြန်းချင်နေ၏။ ထိုရဲဘော်၏သဘောထားအမြင်ကို သိချင်နေ၏။ ထိုရဲဘော်၏ခံစားချက်များကို မှတ်သားချင်နေသည်။ ရေဒီယိုမှတဆင့် အသံလွှင့်ပေးချင်နေသည်။
“ဟေ့ကောင် ... မင်း ... အဲဒါ ဘာလုပ်တာတုန်း”
ကျနော် နောက်ကြောဖက်မှ ထွက်ပေါ်လာသည့် အသံကြောင့် ဓါတ်ပုံရိုက်ရန်ပြင်ဆင်နေသည့် ကျနော့် လက်များအောက်သို့ ကျသွားရ၏။ နောက်ကို ကမန်းကတန်းလှည့်ကြည့်လိုက်ရ၏။
“မင်း ... အဲဒါ ဘာလာလုပ်တာတုန်း၊ သွား ... သွားစမ်းကွာ၊ မင်း ... အခု ထွက်သွားစမ်း၊ အလကား”
ကုတင်ပေါ်က လူတယောက် ...။ ဒေါသ အမျက်ချောင်းချောင်းထွက်နေသည့် မျက်လုံးများနှင့် ...။ ခန္ဓာကိုယ်ကို ထထိုင်နိုင်ရန် ကြိုးစားနေ၏။ သူ့ဘေးက လူတယောက်က ယင်းပုဂ္ဂိုလ်၏လက်မောင်းကို ဖိကာ ဖြောင့်ဖျနေ၏။ တားနေ၏။ ဒေါသထွက်နေသည့် ထိုပုဂ္ဂိုလ်၏ကိုယ်ပေါ်တွင် သွေးများစွန်းထင်းနေသည့် စောင်စုတ်တထည်ခြုံထား၏။
“ဟေ့ကောင်၊ ဘာရပ်ကြည့်နေတာလဲကွ၊ မင်း ... ဒါ ဘာလာလုပ်တာလဲ၊ မင်းတို့ဒီလို လာလုပ်တော့ ကော ၊ ဘာထူးမှာလဲ၊ အလကား ... ၊ နေစမ်းပါဦး ... မင်းတို့အခုလို လာလုပ်တော့ကော ... ငါတို့ ခြေထောက်တွေ ပြန်ကောင်းလာမှာလား၊ သွား .... သွား ... အခုထွက်သွား ... ငါ ..........”
ကုတင်ပေါ်က ဒေါသတကြီး အော်ဟစ်ပြီး ပြောနေသည့် လူနာ၏အသံကြောင့် ဆေးရုံတခုလုံး လူသံတွေ တိတ်ကျသွားရ၏။ လူတွေအားလုံး ကျနော်တို့ဖက်သို့ လှမ်းကြည့်ကုန်ကြ၏။ ရုတ်တရက် ဖြစ်ပေါ်လာ သည့် ပြဿနာအပေါ် ကျနော့်မှာ ဘယ်လိုတုန့်ပြန်ပြောဆိုရမည်ကို မသိနိုင်အောင်ဖြစ်နေ၏။
ကျနော်က လက်ထဲက ကင်မရာကို လွယ်အိပ်ထဲသို့ ထည့်လိုက်သည်။ ကျနော်နှင့် တွေ့ဆုံစကား ပြောရန် စီစဉ်ထားသ်ည့ လူနာဖက်ကိုလှည့်ပြီး ပြုံးပြလိုက်ရ၏။ ပြီးတော့မှ ဒေါသထွက်နေသည့် လူနာဖက်သို့ ကျနော် မျက်နှာမူ၏။
“ ကိစ္စမရှိပါဘူး နောင်ကြီး၊ ကျနော်လည်း စိတ်မကောင်းပါဘူးဗျာ ...၊ စိတ်မဆိုးပါနဲ့”
ဆေးရုံပေါ်က ဆင်းချလာသည့် ကျနော့်ခြေထောက်များမှာ အကြိမ်ကြိမ်ခွေညွှတ်ကျလုမတတ် အားအင် များ ကုန်ခမ်းနေခဲ့၏။ ကျနော့်နားထဲ၌ ကုတင်ပေါ်က လူနာ၏ အော်ဟစ်မောင်းထုတ်နေသည့်အသံကို ကြားနေရ ၏။ ဆံပင်များ မျက်နှာပေါ် ဖရိုဖရဲ ကျနေလျက်၊ မီးဝင်းဝင်းတောက်သော မျက်လုံးများ ...။
ဆေးရုံဝန်းထဲမှ ထွက်ခွာလာသည့်အချိန်တွင် သံလွင်မြစ်၏တဖက်ကမ်း မာနယ်ပလောဆီက လက်နက် ကြီးပစ်သံ သဲ့သဲ့ကို ကြားရလေသည်။ လမ်းလျှောက်လာနေရင်းက နောက်တချိန် ထပ်ပြီး ဆေးရုံဆီ လာသင့် မလာသင့် ဝေခွဲလို့မရအောင် ရှိနေခဲ့၏။
ထိုညက ... မှတ်စုစာအုပ်ကလေးကို လှပ်ကာ မွန်ဂိုလီးယားကဗျာဆရာ “ချိုအီဇင် ဆူရင်” ရဲ့ ကဗျာတပုဒ် ကို စိတ်လှုပ်ရှားစွာ ဖတ်ခဲ့မိလေသည်။ ။

စစ်

စစ်ဖြစ်လျင်
သခင်မဲ့သော အိမ်နှင့်
အိမ်မရှိသောသခင်ကို တွေ့မည်။

စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကိုတွေ့မည်။

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

စစ်ဖြစ်လျင်
ကျွဲနွားမရှိသော စားကျက်နှင့်
စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။

စစ်ဖြစ်လျင်
ယမ်းငွေ့တွေဝေ၍
ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။

ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။
ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။


(၁၉၇၃-ခု၊ စက်တင်ဘာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ပျက်ပြားရခြင်း ၃၅နှစ်မြောက် အမှတ်တရ)


မောင်သစ်ဦး


ကိုးကား။ ။ ၁၉၉၃၊ နိုဝင်ဘာလထုတ်၊ International မဂ္ဂဇင်းတွင်ပါရှိသည့် TNN ဘာသာပြန်သော “War” ကဗျာကို အသုံးပြုဖော်ပြခြင်း ဖြစ်ပါသည်။

(လွန်ခဲ့တဲ့ ၅ရက်က မဇ္ဈိမအွန်လိုင်းတွင် တင်ခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)

September 16, 2008

ကျုပ် ပြတင်းပေါက်


အခုတလော ... ကိုယ်ရေးကိုယ်တာကိစ္စတချို့နဲ့ စိတ်ပူလောင်ခဲ့ရတယ်။ စာရေးလို့ မရလို့ ကိုယ့်ကိုယ်ကို ဒေါသဖြစ်ခဲ့ရတယ်။ ရေးချလိုက် ပြန်တော့လည်း တရွဲ့တစောင်းတွေ ပါကုန်တယ်။ ဒီကြားထဲ ရဲဘော် ရွှေနန္ဒပြောသလိုပဲ ကဗျာရေးချင်လောက်အောင် စိတ်ညစ်လိုက်ရရင် ကောင်းမလား ဆိုတာမျိုးကလည်း ရှိသေးတယ်။ ဒါကြောင့်မို့ ဒီကနေ့တော့ ဘယ်မဂ္ဂဇင်းမှာပါတယ်ဆိုတာ မမှတ်သားလိုက်မိတဲ့ ဆရာ “အံ့မောင်” ရဲ့ ကဗျာတပုဒ်ကို နှစ်သက်လို့ ဖော်ပြလိုက်ပါတယ်။
အဲဒါ ... အကို့ရဲ့ “ ပြတင်းပေါက်တခုလည်း ဟုတ်တယ်” ငါ့ညီ ရွှေနန္ဒရေ ...။

ကျုပ် ပြတင်းပေါက်မှာ
ခန်းဆီး စိမ်းစိမ်း ရှိတယ်
သစ်ကိုင်း သစ်ခက် သစ်ရွက်တွေ
သစ်ပင်တွေ ရွက်ကြွေတော့
ခန်းဆီး အပြာရောင် တပ်လိုက်တယ်။

ကောင်းကင်ကြီးလေ
ညကျတော့
ခန်းဆီး အနက်ရောင်
မှောင်နေတာကိုး
ပြတင်း ခန်းဆီးမှာ
နေမင်းဝါ၀ါလည်း ရှိတယ်
ရွှေရောင် ကြယ်ပွင့်ကလေးတွေလည်း ရှိတယ်
တခါတလေ လမင်းဝိုင်းဝိုင်း
လမင်းတစ်ခြမ်း လမင်းလှေကလေး
ပြတင်း ခန်းဆီးမှာ
တခါ တခါ
တိမ်ဇာပွင့်တွေ ဆင်ထားတယ်
နီနီ ဇာပွင့်
ရွှေ ရွှေ ဇာပွင့်
ခရမ်းရောင် ဇာပွင့်
ချော့ကလက် ဇာပွင့်
အဆင် ဒီဇိုင်းက
လိပ်ပြာတစ်ရာ ရှုံး
ပါတိတ် ပန်းချီဆရာ ငို။

ပြတင်းခန်းဆီးမှာ
ဟင်္သာပုံလည်း ရှိတဲ့အခါ ရှိ
ဒေါင်းပုံလည်း ရှိတဲ့အခါ ရှိ
ခြင်္သေ့ပုံလည်း ရှိတဲ့အခါ ရှိ
ခွေးပုံလည်း ရှိတဲ့အခါ ရှိ
ဆင်ပုံလည်း ရှိတဲ့အခါ ရှိ
နဂါးပုံလည်း ရှိတဲ့အခါ ရှိ
ငါးပုံလည်း ရှိတဲ့အခါ ရှိ
စုတ်ချက် ကြမ်းကြမ်းရဲရဲ ဆွဲတာလည်း ရှိတဲ့အခါ ရှိ
မီးတောင် ချော်ရည်စီးပုံ ရှုံး
မော်ဒန် ပန်းချီဆရာ ငို။

ကျုပ် ပြတင်းပေါက်က
လေ အေးအေးကလေးလည်း ခုန်ပေါက်ဝင်လာတယ်
နေ နွေးနွေးလည်း ထွေးပိုက်ပေးတယ်
တခါတလေ
ကျုပ် ပြတင်းမှာ
နှင်း ခန်းဆီးကလေး တပ်တယ်
တခါတလေ
ပုလဲလုံး ခန်းဆီး။

မိုးမင်းကြီး ရွာတော့
ကျုပ် ပြတင်းက
အလင်းရောင်လည်း သောက်လို့
အမှောင်လည်း ထန်းရည်ခါးလို ဖောက်လို့ရ
ဒီပြတင်းက
သီချင်းသံတွေလည်း ၀င်လာတတ်တယ်
ရန်ဖြစ်သံ ဆူသံ ဆဲသံတွေလည်း
ဘီးလူးဆိုင်းနဲ့ ရောက်လာတတ်တယ်
ငှက်တေးလည်း နားဆင်ရတယ်
ထော်လာဂျီလည်း တ၀ုတ်ဝုတ် ဟောင်တတ်တယ်။

ဘာလိုသေးသလဲ
ကျုပ် ပြတင်းကလေးဆီက
အကုန်ရ
လောက ဇီဝ သုခ ဒုက္ခ
အလင်း အမှောင်။

အလှဆိုတာ
မျိုးကွဲတွေ စုံတာ
ရသဆိုတာ
မျိုးကွဲတွေ စုံတာ
မျိုးကွဲတွေ စုံမှ
အလှ
မျိုးကွဲတွေ စုံမှ
ရသ
မျိုးကွဲတွေ စုံမှ
ဇီဝ
မျိုးကွဲတွေ စုံမှ
လောက
မျိုးကွဲတွေ အစုံ
ကျုပ် ပြတင်းပေါက်ကလေးက
ပေးနေတယ်
မျိုးကွဲစုံတာ
ကြောက်စရာ မဟုတ်ပါဘူးနော်။ ။

အံ့မောင်

September 14, 2008

စစ်တုရင်ထိုးတဲ့ ကဗျာဆရာများ


(၁)
အရှေ့ဥရောပဒေသ၊ နိုင်ငံတချို့ရဲ့ သမိုင်းရေးဖြစ်ပေါ်တိုးတက်မှုဟာ ကျနော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့ မနီးရိုးစွဲဖြစ်ကြပါတယ်။ အဲဒီ ဒေသကနိုင်ငံတချို့ဟာ ကျနော်တို့နိုင်ငံလိုပဲ တစ်ပါတီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို အချိမဆန့်ခံကြရပါတယ်။ ဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့လွတ်မြောက် ရေးလှုပ်ရှားမှုမှတ်တိုင်တွေ။ အဖွဲ့အစည်းတွေဆိုတာဟာ တကမ္ဘာလုံးရဲ့ အာရုံစိုက် လေးနက်မှုကိုရယူနိုင်ခဲ့ကြ ပါတယ်။ ဥပမာ ပိုလန်နိုင်ငံက “ချာတာ၇၇”လှုပ်ရှားမှု၊ ချက်ကိုစလိုဗေးကီးယားနိုင်ငံရဲ့ “ပရပ်နွေဦး” လှုပ်ရှားမှုတွေဟာ လေးစားရလောက်တဲ့ လွတ်မြောက်ရေးသမိုင်းမှတ်တိုင်တွေ ဖြစ်ကြပါတယ်။ ဒီဒေသထဲကပဲ …၊ ရူမေးနီးယားနိုင်ငံရဲ့မှတ်တိုင်တစ်ခုကတော့၊ ရူမေးနီးယား ပြည်သူတွေဟာ၊ အာဏာရှင်ကြီး “ချောင်ဆက် စကူ”နဲ့ သူ့ဇနီးကို ကြိုးပေးပစ်ဒဏ်ခတ်တဲ့အထိ ဒေါသမီးလျံ တဟုန်းဟုန်းတောက်လောင်ခဲ့ကြတဲ့ မှတ်တိုင်ပါပဲ။


ရူမေးနီးယားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ၁၉၅၀ နဲ့ ၁၉၇၀ ခုနှစ်အကြား နှစ် (၂၀)၀န်းကျင်ကာလဟာ စိတ် ၀င်စားဖို့ကောင်းတာတွေ တွေ့ရပါတယ်။ ကျနော်က ကဗျာချစ်သူဖြစ်တော့ကာ၊ အဲဒီနှစ် (၂၀) ၀န်းကျင် ကာလ၊ (ရူမေးနီးယား စာပေလောက၊ ကဗျာလောကနဲ့ ရူမေးနီးယားကဗျာဆရာတွေရဲ့ အခြေအနေကိုပဲ ရွေးချယ်လေ့လာမိပါတယ်။ ဒီနေရာမှာလည်း ရူမေးနီးယားစာပေဖြစ်ထွန်းမှုနဲ့ မြန်မာစာပေဖြစ်ထွန်းမှုဟာ အဲဒီနှစ် (၂၀)ကာလအတွင်း တခုနဲ့တခု ဆင်တူနေတာကို သွားတွေ့ ရပါတယ်။
၁၉၅၀ - ခုနှစ်တ၀ိုက်တုန်းက၊ မြန်မာစာပေနယ်ပယ်မှာ ထင်ရှားတဲ့စာပေလှုပ်ရှားမှု တခု ပေါ်ခဲ့ပါတယ်။ ဒဂုန်တာရာရဲ့ “စာပေသစ်”လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်လှုပ်ရှားမှုရဲ့ အဓိကအယူအဆက “စာပေဟာ လူထုအတွက်ဖြစ်ရမယ်”ဆိုတဲ့ ဆိုရှယ်လစ်စာပေအယူအဆပဲ ဖြစ်ပါတယ်။ ဒီအယူအဆအပေါ်ရပ်တည်ပြီး လူငယ်စာပေသ မားတွေ ထင်ရှားလာခဲ့ပါတယ်။ “ဗန်းမော်တင်အောင်” “ မြသန်းတင့် ” “ကြည်အေး”တို့ ထင်ရှားခဲ့ကြပါတယ်။
၁၉၅၀ - ၀န်းကျင်ကာလ ရူမေးနီးယားစာပေမှာလည်း ထူးခြားချက်ရှိပါတယ်။ စတာလင်ခေတ်အမြီးပိုင်းကိုဖြတ်သန်း နေရတာမို့၊ စာပေစီစစ်ရေးတင်းကြပ်မှုကြောင့် ရူမေးနီးယားကဗျာဆရာ တွေဟာ ကဗျာတွေ၊ ကဗျာစာအုပ်တွေ ပုံနှိပ် ထုတ်ဝေဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၀ နားနီးလာတော့ ရူမေးနီးယားတပါတီအစိုးရဟာ အင်အားချိနဲ့နေခဲ့ပါပြီ။
ဆိုဗီယက်ဗဟိုချုပ်ကိုင်မှုဟာလည်းပြိုလဲလုနီးလာပြီ။ ဆိုဗီယက်အင်ပါယာရဲ့ အရံနိုင်ငံငယ်တခုအဖြစ် သာ ရပ်တည်လာခဲ့ရတဲ့ ရူမေးနီးယားနိုင်ငံရဲ့ မိုးကောင်းကင်ဟာ မိုးသားကင်းစင်စပြုလာခဲ့ပါပြီ။
၁၉၆၄ - ခုနှစ်ထဲမှာတော့ ရူမေးနီးယားအာဏာရှင်အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ထောင်တွေထဲက လွှတ်ပေးလာရတဲ့အထိ ရူမေးနီးယားဒီမိုကရေစီရေးအုံကြွမှုဟာ အင်အားကောင်းလာခဲ့ပါတယ်။ ဒီလိုနိုင်ငံရေးကရက်က စာပေကိုလည်းမလွဲမသွေရိုက်ခတ်တော့တာပေါ့။ စတာလင်ခေတ်အမြည်းပိုင်း ၁၉၅၀ ခုနှစ်လွန်နှစ် တွေတုန်းက မီးခဲပြာဖုံး ဖြစ်နေခဲ့ရတဲ့ ရူမေးနီးယားကဗျာ နယ်ပယ်ဟာ ဒီအချိန်မှာတော့ ရုတ်တရက် ပန်းမျိုးစုံဖူးပွင့်တဲ့ ဥယျာဉ်တခုလို ဖြစ်လာခဲ့ပါတယ်။ ကဗျာဆရာ “ဘာဘူ၊ ဘလာဂါ ”နဲ့ “ဘွိုင်ဘူလက်စကူ”အစရှိတဲ့ ကဗျာဆရာတွေဟာ ရုတ်တရက်ပွင့်သွားတဲ့စာပေစီစစ်ရေး အခြေအနေကို ကောင်းကောင်းကြီးအသုံးချပြီး ကဗျာတွေရေးကြပါတယ်။ “ရူမေးနီးယားစာပေသစ်” လှုပ်ရှားမှုကြီးအဖြစ် တွန်းတင်ကြပါတယ်။ အတတ်ပညာနဲ့ အကြောင်းအရာနှစ် ခုစလုံးသစ်ဖို့ကြိုးစားကြတာပါပဲ။ ဒီ စာပေသစ်လှုပ်ရှားမှုကို လူငယ်ကဗျာဆရာတွေကပဲခေါင်းဆောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ကဗျာဆရာတွေ ကတော့ “အိုအိုက် အလက်ဇ်ဒဂူ” “အင်နာဘလန်ဒီယာနာ” “အော်စတန်တာ ဘူဇီယာ” “နီချီတာ စတန်တက်စကူ”နဲ့ “မာရင်းဆိုရက်စကူ” တို့ဖြစ်ကြပါတယ်။ ဒီလိုနဲ့ ၁၉၇၀ - ခုနှစ်ကြတော့ ရူမေးနီးယား စာပေသစ်လှုပ်ရှားမှုဟာ ကြီးထွားပျံ့နှံ့လာခဲ့ပါတော့တယ်။
မြန်မာကဗျာနယ်ပယ်မှာလည်း အဲဒီ နှစ်ပေါင်း (၂၀)အတွင်း“စာပေသစ်” လှုပ်ရှားမှုပြီးတဲ့နောက် “မိုးဝေ စာပေလှုပ်ရှားမှု”ဆိုတာ ဖြစ်လာပါတယ်။ ကဗျာဆရာတွေဟာ အတတ်ပညာအရ၊ အကြောင်းအရာအရ၊ တစုံလုံး ပြောင်းလဲဖို့ ကြိုးစားကြတဲ့ ကဗျာလှုပ်ရှားမှုကို တက်တက်ကြွကြွလုပ်ကြပါတယ်။ ထင်ရှားတဲ့ကဗျာဆရာ တွေထဲမှာ “မောင်လေးအောင်” နဲ့ “မောင်းသင်းခိုင်”တို့ဟာ ရှေ့တန်းကရှိခဲ့ကြပါတယ်။
၁၉၅၀ - နဲ့ ၁၉၇၀ - ခုနှစ်ဝန်းကျင်၊ နှစ် (၂၀)ကာလတလျှောက် ရူမေးနီးယားနဲ့ မြန်မာကဗျာ နယ်ပယ်ကိုသုံးသပ်ကြည့်ရင် ကဗျာဆရာတွေဟာ၊ အုပ်စိုးသူအဆက်ဆက်၊ ဖိနှိပ်သွေးစုတ်ချယ်လှယ်သူ အဆက်ဆက်နဲ့ စီးချင်းထိုးနေခဲ့ကြတဲ့ သဘောရှိပါတယ်။ ကဗျာဆရာတွေဟာ။ အချိန်အခါနဲ့ အခြေအနေအပေါ်ကြည့်ပြီး၊ ကဗျာသစ်လှုပ်ရှားမှုတွေကို ဖန်တီးကြ၊ ကဗျာတွေနဲ့ လူထုရဲ့စိတ်ဓါတ်မြှင့်တင် ရေးကိုကြိုးပမ်းကြနဲ့၊ ကဗျာနယ်ပယ်ရဲ့ အရေးပါမှုဟာ လေးနက်ခဲ့ရပါတယ်။ ကဗျာဆရာတွေဟာ ဖိနှိပ်သွေးစုပ် အုပ်ချုပ်သူအဆက်ဆက်နဲ့ အမောမပမ်းနိုင်သောညဏ်ရည်ချင်း ပြိုင်ရင်းက လူထုရှေ့ကရပ်ခဲ့ကြပါတယ်။ လူထုရဲ့ ရင်ခုန်သံကို ကိုယ်စားပြုတဲ့ ကဗျာတွေရေးကြပါတယ်။
အဲဒီ ၁၉၅၀ -နဲ့ ၁၉၇၀ - ခုနှစ်အကြား နှစ် (၂၀)၀န်းကျင်အတွင်း၊ ရူမေးနီးယားကဗျာဆရာတွေနဲ့ မြန်မာ ပြည်ကကဗျာဆရာတွေ၊ ဘယ်လောက်အထိ ရင်ခုန်သံနရီချင်းထပ်တူကျ ခဲ့ကြသလဲဆိုရင် ရူမေးနီးယား ကဗျာဆရာ “မာရင်းဆိုရက်စကူ” နဲ့ မြန်မာကဗျာဆရာ“မောင်လေးအောင်”တို့ရဲ့ ကဗျာနှစ်ပုဒ်ကိုကြည့်ရင် သိနိုင်ကြမှာပါ။ “မာရင်းဆိုရက်စကူ” က “စစ်တုရင်ထိုးခြင်း”ခေါင်းစဉ်နဲ့ ကဗျာတပုဒ်ရေးခဲ့သလို၊ “မောင်လေးအောင်”ကလည်း “နစ်ဆင် နှင့်စစ်တုရင်ထိုးခြင်း”ကဗျာကိုရေးပါတယ်။ နှစ်ဦးစလုံး ခေါင်းစဉ်ပေးပုံ တူကြတဲ့အပြင် ရပ်တည်ချက်ခြင်းတူကြတာကိုလည်း တွေ့ကြရပါတယ်။ ဒီနေရာမှာ“မောင်လေးအောင်”က၊ မိုးဝေမဂ္ဂဇင်းမှာရေးခဲ့တဲ့ “နစ်ဆင်နှင့်စစ်တုရင်ထိုး ခြင်း” ကဗျာကို စာရေးသူဆီမှာ အဆင့်သင့်မရှိတဲ့အတွက် မဖေါ်ပြနိုင်ပေမယ့်၊ ရူမေးနီးယားကဗျာဆရာ “မာရင်းဆို ရက်စကူ” ရဲ့ “စစ်တုရင်ထိုးခြင်း”ကဗျာကိုတော့ ဘာသာပြန်ဖေါ်ပြပေးလိုက်ပါတယ်။



စစ်တုရင်ထိုးခြင်း


ငါက
အဖြူရောင် နေ့တနေ့ကိုရွှေ့တော့
သူက
အနက်ရောင် နေ့တနေ့ကိုရွှေ့တယ်။
ငါက
အိမ်မက်တခုနဲ့ ရှေ့ကိုတက်တော့
သူက
စစ်ပွဲတခုဖြစ်အောင် ဖန်တီးလိုက်တယ်။
သူက
ငါ့ရဲ့အဆုပ်ကို တိုက်ခိုက်လိုက်တော့
ငါထင်တယ်…ငါ့မှာ၊
တနှစ်နီးပါးဆေးရုံတက်ခဲ့ရ။
ငါက
အင်မတန်ကောင်းမွန်တဲ့ စေ့စပ်မှုတခုဖန်တီးပြီး
အနက်ရောင် နေ့တနေ့ကို နိုင်လိုက်တော့
သူက
ကင်ဆာရောဂါနဲ့ ငါ့ကိုခြိမ်းခြောက်လိုက်ပြန်တယ်။
ဒါပေမယ့်
ငါက…၊ သူ့ရှေ့မှာစာအုပ်တအုပ်ချထားလိုက်တော့
သူက မတတ်သာလို့ဆုတ်ခွာ။
ငါက
အစိတ်အပိုင်းအချို့ကို နိုင်လိုက်တော့
ကြည့်စမ်း
ငါ့ဘ၀ တခြမ်းလုံးဆုံးရှုံးလိုက်ရ။
“အကယ်၍ ...
ငါက မင်းကိုပိတ်ဆို့ထားမယ်ဆိုရင်
မင်းရဲ့ ထင်မြင်ချက်တွေကို မပြောနိုင်တော့ဘူးပေါ့”လို့
သူကပြောတယ်။
“ဒါလောက်တော့ မှုစရာမဟုတ်ပါဘူး”လို့
ငါက ရယ်စရာလုပ်ပစ်လိုက်တယ်။
“ငါ့ခံစားချက်ကို
ငါကောင်းကောင်းကြီး ထိန်းရလိမ့်မယ်”လို့
ငါပြန်ပြောလိုက်တယ်။
ငါ့ဇနီး
ငါ့သားသမီး
“နေ နဲ့ လ”
ပြီးတော့ ပွဲကြည့်ပရိတ်သတ်ဆိုတာ
ငါ့နောက်မှာ
ငါ့လှုပ်ရှားမှု ဟူသမျှ
စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ။
ငါ…
စီးကရက်တလိပ်မီးညှိတယ်
စစ်တုရင်ဆက်ပြီးထိုးတယ်။

ငြိမ်းဝေ

ကိုးကား။ ။ “AN ANTHOLOGY OF CONTEMPORARY ROMANIAN POETRY”
(၂၀၀၇-ခုနှစ်အတွင်း ခေတ်ပြိုင်အွန်လိုင်းတွင် တင်ခဲ့ပြီးတဲ့ ဆောင်းပါးဖြစ်ပါတယ်။)

September 09, 2008

ငါနဲ့ ငါ့ရဲ့ လရောင်များ


ဒီကနေ့ တင်တဲ့ ကဗျာကတော့ ရေးခဲ့တာကြာပါပြီ။ ဘယ်မှာမှ မဖော်ပြရသေးတဲ့ ကဗျာပါ။ ကျနော့်ရဲ့ စာပေ ဖြတ်သန်းမှုကို ကဗျာနဲ့ ဖော်ပြကြည့်တဲ့ သဘောပါပဲ။ ၁၉၉၂ - ခု၊ ကျနော် တော်လှန်ရေးနယ်မြေကို စတင်ခြေချမိတဲ့အချိန်တုန်းက ရေးခဲ့တာပါ။ ခံစားကြည့်လို့ ... ရနိုင်ကောင်းပါရဲ့ ...။

(က)

လရောင် အကျဉ်းထောင်မှာ
နှစ် - နှစ်ဆယ်ကျော်ကြာ
ငါ
နှစ်ခြိုက်စွာ နေလာခဲ့ပြီ။

လရောင်ဟာ
ငါ့ကို
အတောင်မဲ့ ငှက်တကောင်လို
ခြံလှောင်ပြီး မွေးခဲ့
မှန်ထောင်ပြီး ကျွေးခဲ့။

လရောင်နဲ့ည
လရောင်မဲ့ ည
ဘ၀နှစ်ခုနဲ့ ငါ။

သည်လိုနဲ့ပဲ
ည တချို့ကို ငါမုန်း
ညတချို့ကို ငါချစ်ခဲ့။

သည်လိုနဲ့ပဲ
ညတချို့က ငါ့ကိုမုန်း
ညတချို့က ငါ့ကိုချစ်ခဲ့။

(ခ)

မှတ်မိသေးသည်
လတစင်းနှင့်
ချစ်ခြင်းသီဖွဲ့ ဆိုခဲ့ည။
(၁၉၇၃- ပဲခူး)

မှတ်ရဦးမည်
လမင်းတရာ သာမယ့်ည။ ။
(၁၉၉၂ - မာနယ်ပလော)


ငြိမ်းဝေ

September 06, 2008

ဆန်စက်အလုပ်သမလေး ခင်ဝေ၊ ရေသူမကျောက်ရုပ်နှင့် မှော်ဝင်ဆည်းဆာ [ ၃ ]


နံနက် (၄း၀၀)နာရီ ထိုးခဲ့ပြီ။ ကျနော့်မှာ အိပ်ချင်စိတ် တစိုးတစေ့မျှမရှိ။ ဒွန်မောင်းလေဆိပ်မှ ထွက်ခွာလာကတည်းက ကျနော့်မှာ ပတ်ဝန်းကျင်ကို ကြည့်လို့မ၀၊ မှတ်သားလို့ မတင်းတိမ်နိုင်၊ တွေးလို့ တောလို့ အတောမသတ်။
အမှတ်မထင်ဆိုသလို ကျနော့်မျက်စိထဲ အလင်းရောင်မှိန်ပြပြကို မြင်လိုက်ရသလို ရှိသည်။ စိတ်ကိုတင်းကာ အာရုံကို မြှင့်ထားလိုက်သည်။ ပင်ပန်းနွမ်းနယ်စ ပြုပြီဖြစ်သော်လည်း မျက်လုံးများကို တခဏလေးမျှ မှေးလိုက်လို့မဖြစ်။ ဥရောပ၏ နံနက် ဆည်းဆာကို ကျနော်လက်လွှတ်လို့ မဖြစ်။ အထူးသဖြင့် ကမ္ဘာမြေပြင်အထက်ပေ ( ၂၀,၀၀၀ ) ကျော်တွင် ရောက်ရှိနေစဉ် ဥရောပ၏ နေထွက်ခြင်းမြင်ကွင်းကို ကျနော် စောင့်ကြည့်ရပေမည်။



ကျနော်က နံနက်ဆည်းဆာများကို ကြည့်ကာရင်ခုန်တတ်သူ။ ညနေဆည်းဆာများကိုကြည့်ကာ ၀မ်းနည်းတတ်သူ။ “ နေ၀င်စချိုးမရယ်ကူ ” စာကြောင်းလေးကိုရွတ်ကာ အဘယ်ကြောင့်များ ညနေဆည်းဆာသည် လူတို့၏နှလုံးအိမ်ကို ညှိုးမှိန်စေ ပါလိမ့်ဟူ၍ မကြာခဏတွေးတတ်ခဲ့သူ။ ယခုအခါ ဥရောပ၏ နံနက်ဆည်းဆာတွင် ကျနော် ရင်ခုန်ခွင့် ကြုံတော့မည်။
အမှန်တကယ်အားဖြင့်မူ မြေပြန့်တွင်မွေး။ မြေပြန့်တွင်သာ ကြီးပြင်းခဲ့သူ ကျနော့်အဖို့ မြေပြန့်ဒေသ နေထွက်ခြင်း မြင်ကွင်းများကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် စောင့်ကြည့်ဖူးခဲ့၏။ ထို့ နောက် ၁၉၉၂ ခုနှစ်တွင် ရှမ်းရိုးမပေါ် ကျနော် ရောက် လာခဲ့သည်။ ရှမ်းရိုးမ၏ ဒေါနတောင်တန်းများပေါ် ကျနော် လျှောက်လာခဲ့သည်။ ကျောက်တောင်တခု၏ထိပ်တွင် ပုန်းအောင်အိပ် စက်ရင်း နေထွက်လာခြင်းကို အမှတ်တရ စောင့်ကြည့်ခဲ့ဖူးသည်။ မြေပြန့် နှင့်မတူသည့် ဆည်းဆာအလှ ပန်းချီကားကို ကျနော် စွဲမက်ခဲ့သည်။
၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ။ ဒီမိုကရက်တစ် မြန်မာအသံအတွက် သတင်းယူရန် ဖားအံမြို့ နယ်အတွင်း ခရီးထွက်ခဲ့စဉ်က ဖြစ်သည်။ ကျနော်နဲ့အတူ ဖားအံမြို့ နယ် ကရင်အမျိုးသားအစည်းရုံး အတွင်းရေမှူး ပဒိုလာဘ၊ သူ၏ဇနီးနှင့် ရဲဘော် (၂)ယောက် ပါလာခဲ့သည်။ မြို့နယ်ဥက္ကဌနှင့်တွေ့ဆုံရန် မိဆိုင်းကျောက်တောင်ကြီး၏ခြေရင်းတွင် ခေတ္တစောင့်ဆိုင်းနေစဉ် မလှမ်းမကမ်း ကရင်ရွာကလေးဆီက သေနတ်သံများ ကြားလိုက်ကြရ၏။ ရွာသားနှစ်ဦး အပြေးအလွှားရောက်လာကာ န၀တစစ်သား ကျနော်တို့  ဘက်ဆီ လာနေကြသည်ဟု သတင်းပို့၏။ ကျနော်တို့အာားလုံး မိဆိုင်းကျောက်တောင်ကြီးပေါ် ဒရောသောပါး တက်ကြရ တော့သည်။
ကျောက်တောင်ကြီးပေါ် စတင်တက်ကတည်းက စီးထားသည့် ဖိနပ်ကို ကျွတ်မကျအောင် အထူးဂရုစိုက်ဖို့ ပဒိုလာဘက ကျနော့်ကို သတိပေးခဲ့သည်။ ကျောက်တောင်ကြီးပေါ် တွယ်ကပ် ကုတ်တက်နေကြစဉ် ပဒိုလာဘ အဘယ်ကြောင့် သတိပေးခဲ့ သည်ကို ကျနော် သဘောပေါက်လာခဲ့သည်။ ဓါးသွားလိုထက်မြ မာကျောလှသည့် ကျောက်သားကျောက်ချွန်များပေါ် ဖိနပ်မပါဘဲ ဘယ်နည်းနဲ့ မျှ ကျနော် တက်နိုင်လိမ့်မည်မဟုတ်။ လူတကိုယ်စာ မရှိတရှိ နေရာများကို ရွေးချယ်ပြီးမှ ကျောက်တောင်ကြီး၏ ခါးလယ်ကျောက်စွန်းကျောက်စွယ်များကို ဆွဲဖက်ကျားကန်ကာ သတိနှင့် တက်ကြရ၏။ တောင်ထိပ်သို့ရောက်လုရောက်ခင် နေရာတွင်နေ၀င်သွားခဲ့၏။ ကျနော်တို့တတွေ ရပ်နားလိုက်ရသည်။ ရောက်သည့်နေရာတွင်ပင် အိပ်စက်ကြဖို့ဆုံးဖြတ်လိုက်ကြရ၏။ ထိုအချိန်ကျကာမှပင် တောင်အောက်သို့ ငုံကြည့်ကာ ကျနော့်တကိုယ်လုံး တုန်တုန်ရင်ရင်ဖြစ်လာရသည်။ စိုးရိမ်သောက စိတ်နှင့်သာ အရာရာကိုမေ့ပြီး တောင်ထိပ်နားအထိ ရောက်လာခဲ့ပေသည့် တောင်အောက်သို့ ပြန်ဆင်းဘို့ ကျတော့ ကျနော့်မှာ ဘယ်လိုမှ တွေးလို့ မရအောင် ထိတ်လန့်နေမိသည်။
ကျနော်တို့မှာ တနေရာတည်းတွင် လူအားလုံးစုပြီး အိပ်လို့ မဖြစ်နိုင်ပါ။ နေရာကျယ်ကျယ်ပြန့် ပြန့်  မရှိပါ။ ထို့ကြောင့် တယောက်နှင့်တယောက် အထက်ဆင့် အောင်ဆင့် အဆင်ပြေသလို နေရာရှာပြီးမှ လေကွယ်ရာကျောက်ကြို ကျောက်ကြားတွင် အိပ်စက်ဖို့စီစဉ်ကြရတော့၏။ သည်ကြားထဲ လေကွယ်ရာ ကျောက်ကြိုကျောက်ကြားမှ ခေါင်းပြူပြီး မကြည့်ရဲအောင် ဖြစ်ရ ပြန်သည်။ လေတချက်အဝေ့တွင် (ခန္ဓာကိုယ်) ယိမ်းယိုင်ပြီး တောင်အောက်သို့ ကျသွားမလားဟု ထင်နေမိသေးသည်။ ပါလာသည့် ကြောပိုးအိပ်ထဲက စောင်ပိုင်းလေးကိုထုတ်ကာ ကျောက်တုံးပေါ် ခင်းလိုက်သည်။ တောင်ခြေတောစပ် အမှောင်ထုကြီး ထဲက ကျွဲခလောက်သံ၊ နွားခလောက်သံ တချက်တချက် ကြားနေရသေးသည်။ တောင်ခြေနှင့် မနီးမဝေး ကရင်ရွာကလေးဆီကမူ မီးရောင်လည်း မမြင်ရ၊ ဘာသံမှလည်း မကြားရ။ ပင်ပန်းလွန်းသဖြင့် ကျနော် အိပ်ပျော်သွားရသည်။
သန်းခေါင်ကျော်အချိန်တွင် ချမ်းလွန်းသဖြင့် ကျနော်အိပ်ပျော်ရာက နိုးလာခဲ့သည်။ နိုးပြီးကတည်းက ပြန်ပြီး မအိပ်ချင်တော့။ ကျနော်တို့ပုန်းအောင်းအိပ်စက်နေသည့်နေရာမှာ ကျောက်တောင်ကြီး၏ အရှေ့ ဘက်အခြမ်းတွင်ဖြစ်သည်။ ထို့ကြောင့် ကျနော် ကျေနပ်သွားရသည်။ နေထွက်လာခြင်း မြင်ကွင်းကို တောင်ထိပ်ပေါ်ကတဆင့် ကျနော် မြင်ခွင့်ရတော့မည်။
မြင်ကွင်းထဲက နေထွက်လာသည့်နေရာမှာ ထိုင်းနိုင်ငံထဲက ဖြစ်နိုင်၏။သံလွင်မြစ်ကြီးနှင့် မာနယ်ပလောရှိရာ လှမ်းမျှော် ကြည့်သည်။ စောင့်ကြည့်နေရင်းမှပင် အနီရောင်ပြပြ အဖြူရောင်တောက်တောက် တိမ်တွေကို ကျနော်မြင်လာရသည်။ထို့နောက် အညိုရောင်၊ ငှက်ခါးရောင်၊ ပြီးတော့မှ တဖြည်းဖြည်းနှင့် အစိမ်းရောင် မြေပြင်ပန်းချီးကားချပ်ကြီးတချပ် ကျနော့်ရှေ့ကို ရောက်လာ သည်။ အလင်းရောင်များမှာ တခုပြီးတခု ၀င်လာတာမျိုးမဟုတ်၊ သူ့ ထက်ငါ အလုအယက် လက်ယှက်ထိုး တိုးလာတာမျိုးလည်း မဟုတ်။ ဘယ်လိုကဘယ်လို ပေါ်လာ၊ တိုးလာ၊ ကျယ်လာသည်ကို အတိအကျ ပြောမပြနိုင်ပါ။

ယခုလည်းပဲ မြေပြန့်နှင့်မတူသည့်၊ တောင်ထိပ်တခုပေါ်ကနှင့် ခြားနားသည့် လေယာဉ်တစင်းပေါ်ကတဆင့် နေထွက်ခြင်း မြင်ကွင်းကို ကျနော်စောင့်ကြည့်နေခဲ့မိပြီ။ ဆန်းကျယ်သည့်မြင်ကွင်းများကို ကျနော့်ဦးနှေက်ထဲ၊ နှလုံးသားထဲ တခုချင်း ကောက် ထည့်နေခဲ့မိသည်။ တိမ်တွေက အပေါ်ယံ တောက်တောက်ပပ၊ အောက်ခြေက မှိုင်းမှိုင်းခဲခဲ။ အစတော့ အနီရောင်၊ အညိုရောင်၊ အဖြူရောင်…တခုစီ အလုအယက် တိမ်တွေ အုံကျင်းဖွဲ့ပြီး ရွေ့မျောလာနေကြ၏။ ကျနော် စီးလာသည့်လေယာဉ်ကြီးနှင့် မျဉ်းပြိုင် သဘော အပြေးအလွှား လိုက်လာနေကြသည်။ သို့သော် မည်သည့်တိမ်စိုင်တိမ်ခဲမျှ လေယာဉ်ကြီးကို မှီအောင် ပြေးလိုက်နိုင်ခြင်း မရှိကြ။ မကြာခင်အချိန်တွင်မူ လေယာဉ်ကြီးက တိမ်တွေထဲ နိမ့်ဆင်းလာနေစဉ် အောက်ခြေတွင် ကွေးကွေးကောက်ကောက်၊ တောက်တောက်ပပမြစ်တွေ၊ ချောင်းတွေကို မြင်လာရတော့သည်။

ကျနော့်အဖို့  ဥရောပ၏ မှော်ဝင်ဆည်းဆာကို မည်သည့်အခါမျှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။