September 06, 2008

ဆန်စက်အလုပ်သမလေး ခင်ဝေ၊ ရေသူမကျောက်ရုပ်နှင့် မှော်ဝင်ဆည်းဆာ [ ၃ ]


နံနက် (၄း၀၀)နာရီ ထိုးခဲ့ပြီ။ ကျနော့်မှာ အိပ်ချင်စိတ် တစိုးတစေ့မျှမရှိ။ ဒွန်မောင်းလေဆိပ်မှ ထွက်ခွာလာကတည်းက ကျနော့်မှာ ပတ်ဝန်းကျင်ကို ကြည့်လို့မ၀၊ မှတ်သားလို့ မတင်းတိမ်နိုင်၊ တွေးလို့ တောလို့ အတောမသတ်။
အမှတ်မထင်ဆိုသလို ကျနော့်မျက်စိထဲ အလင်းရောင်မှိန်ပြပြကို မြင်လိုက်ရသလို ရှိသည်။ စိတ်ကိုတင်းကာ အာရုံကို မြှင့်ထားလိုက်သည်။ ပင်ပန်းနွမ်းနယ်စ ပြုပြီဖြစ်သော်လည်း မျက်လုံးများကို တခဏလေးမျှ မှေးလိုက်လို့မဖြစ်။ ဥရောပ၏ နံနက် ဆည်းဆာကို ကျနော်လက်လွှတ်လို့ မဖြစ်။ အထူးသဖြင့် ကမ္ဘာမြေပြင်အထက်ပေ ( ၂၀,၀၀၀ ) ကျော်တွင် ရောက်ရှိနေစဉ် ဥရောပ၏ နေထွက်ခြင်းမြင်ကွင်းကို ကျနော် စောင့်ကြည့်ရပေမည်။



ကျနော်က နံနက်ဆည်းဆာများကို ကြည့်ကာရင်ခုန်တတ်သူ။ ညနေဆည်းဆာများကိုကြည့်ကာ ၀မ်းနည်းတတ်သူ။ “ နေ၀င်စချိုးမရယ်ကူ ” စာကြောင်းလေးကိုရွတ်ကာ အဘယ်ကြောင့်များ ညနေဆည်းဆာသည် လူတို့၏နှလုံးအိမ်ကို ညှိုးမှိန်စေ ပါလိမ့်ဟူ၍ မကြာခဏတွေးတတ်ခဲ့သူ။ ယခုအခါ ဥရောပ၏ နံနက်ဆည်းဆာတွင် ကျနော် ရင်ခုန်ခွင့် ကြုံတော့မည်။
အမှန်တကယ်အားဖြင့်မူ မြေပြန့်တွင်မွေး။ မြေပြန့်တွင်သာ ကြီးပြင်းခဲ့သူ ကျနော့်အဖို့ မြေပြန့်ဒေသ နေထွက်ခြင်း မြင်ကွင်းများကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် စောင့်ကြည့်ဖူးခဲ့၏။ ထို့ နောက် ၁၉၉၂ ခုနှစ်တွင် ရှမ်းရိုးမပေါ် ကျနော် ရောက် လာခဲ့သည်။ ရှမ်းရိုးမ၏ ဒေါနတောင်တန်းများပေါ် ကျနော် လျှောက်လာခဲ့သည်။ ကျောက်တောင်တခု၏ထိပ်တွင် ပုန်းအောင်အိပ် စက်ရင်း နေထွက်လာခြင်းကို အမှတ်တရ စောင့်ကြည့်ခဲ့ဖူးသည်။ မြေပြန့် နှင့်မတူသည့် ဆည်းဆာအလှ ပန်းချီကားကို ကျနော် စွဲမက်ခဲ့သည်။
၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ။ ဒီမိုကရက်တစ် မြန်မာအသံအတွက် သတင်းယူရန် ဖားအံမြို့ နယ်အတွင်း ခရီးထွက်ခဲ့စဉ်က ဖြစ်သည်။ ကျနော်နဲ့အတူ ဖားအံမြို့ နယ် ကရင်အမျိုးသားအစည်းရုံး အတွင်းရေမှူး ပဒိုလာဘ၊ သူ၏ဇနီးနှင့် ရဲဘော် (၂)ယောက် ပါလာခဲ့သည်။ မြို့နယ်ဥက္ကဌနှင့်တွေ့ဆုံရန် မိဆိုင်းကျောက်တောင်ကြီး၏ခြေရင်းတွင် ခေတ္တစောင့်ဆိုင်းနေစဉ် မလှမ်းမကမ်း ကရင်ရွာကလေးဆီက သေနတ်သံများ ကြားလိုက်ကြရ၏။ ရွာသားနှစ်ဦး အပြေးအလွှားရောက်လာကာ န၀တစစ်သား ကျနော်တို့  ဘက်ဆီ လာနေကြသည်ဟု သတင်းပို့၏။ ကျနော်တို့အာားလုံး မိဆိုင်းကျောက်တောင်ကြီးပေါ် ဒရောသောပါး တက်ကြရ တော့သည်။
ကျောက်တောင်ကြီးပေါ် စတင်တက်ကတည်းက စီးထားသည့် ဖိနပ်ကို ကျွတ်မကျအောင် အထူးဂရုစိုက်ဖို့ ပဒိုလာဘက ကျနော့်ကို သတိပေးခဲ့သည်။ ကျောက်တောင်ကြီးပေါ် တွယ်ကပ် ကုတ်တက်နေကြစဉ် ပဒိုလာဘ အဘယ်ကြောင့် သတိပေးခဲ့ သည်ကို ကျနော် သဘောပေါက်လာခဲ့သည်။ ဓါးသွားလိုထက်မြ မာကျောလှသည့် ကျောက်သားကျောက်ချွန်များပေါ် ဖိနပ်မပါဘဲ ဘယ်နည်းနဲ့ မျှ ကျနော် တက်နိုင်လိမ့်မည်မဟုတ်။ လူတကိုယ်စာ မရှိတရှိ နေရာများကို ရွေးချယ်ပြီးမှ ကျောက်တောင်ကြီး၏ ခါးလယ်ကျောက်စွန်းကျောက်စွယ်များကို ဆွဲဖက်ကျားကန်ကာ သတိနှင့် တက်ကြရ၏။ တောင်ထိပ်သို့ရောက်လုရောက်ခင် နေရာတွင်နေ၀င်သွားခဲ့၏။ ကျနော်တို့တတွေ ရပ်နားလိုက်ရသည်။ ရောက်သည့်နေရာတွင်ပင် အိပ်စက်ကြဖို့ဆုံးဖြတ်လိုက်ကြရ၏။ ထိုအချိန်ကျကာမှပင် တောင်အောက်သို့ ငုံကြည့်ကာ ကျနော့်တကိုယ်လုံး တုန်တုန်ရင်ရင်ဖြစ်လာရသည်။ စိုးရိမ်သောက စိတ်နှင့်သာ အရာရာကိုမေ့ပြီး တောင်ထိပ်နားအထိ ရောက်လာခဲ့ပေသည့် တောင်အောက်သို့ ပြန်ဆင်းဘို့ ကျတော့ ကျနော့်မှာ ဘယ်လိုမှ တွေးလို့ မရအောင် ထိတ်လန့်နေမိသည်။
ကျနော်တို့မှာ တနေရာတည်းတွင် လူအားလုံးစုပြီး အိပ်လို့ မဖြစ်နိုင်ပါ။ နေရာကျယ်ကျယ်ပြန့် ပြန့်  မရှိပါ။ ထို့ကြောင့် တယောက်နှင့်တယောက် အထက်ဆင့် အောင်ဆင့် အဆင်ပြေသလို နေရာရှာပြီးမှ လေကွယ်ရာကျောက်ကြို ကျောက်ကြားတွင် အိပ်စက်ဖို့စီစဉ်ကြရတော့၏။ သည်ကြားထဲ လေကွယ်ရာ ကျောက်ကြိုကျောက်ကြားမှ ခေါင်းပြူပြီး မကြည့်ရဲအောင် ဖြစ်ရ ပြန်သည်။ လေတချက်အဝေ့တွင် (ခန္ဓာကိုယ်) ယိမ်းယိုင်ပြီး တောင်အောက်သို့ ကျသွားမလားဟု ထင်နေမိသေးသည်။ ပါလာသည့် ကြောပိုးအိပ်ထဲက စောင်ပိုင်းလေးကိုထုတ်ကာ ကျောက်တုံးပေါ် ခင်းလိုက်သည်။ တောင်ခြေတောစပ် အမှောင်ထုကြီး ထဲက ကျွဲခလောက်သံ၊ နွားခလောက်သံ တချက်တချက် ကြားနေရသေးသည်။ တောင်ခြေနှင့် မနီးမဝေး ကရင်ရွာကလေးဆီကမူ မီးရောင်လည်း မမြင်ရ၊ ဘာသံမှလည်း မကြားရ။ ပင်ပန်းလွန်းသဖြင့် ကျနော် အိပ်ပျော်သွားရသည်။
သန်းခေါင်ကျော်အချိန်တွင် ချမ်းလွန်းသဖြင့် ကျနော်အိပ်ပျော်ရာက နိုးလာခဲ့သည်။ နိုးပြီးကတည်းက ပြန်ပြီး မအိပ်ချင်တော့။ ကျနော်တို့ပုန်းအောင်းအိပ်စက်နေသည့်နေရာမှာ ကျောက်တောင်ကြီး၏ အရှေ့ ဘက်အခြမ်းတွင်ဖြစ်သည်။ ထို့ကြောင့် ကျနော် ကျေနပ်သွားရသည်။ နေထွက်လာခြင်း မြင်ကွင်းကို တောင်ထိပ်ပေါ်ကတဆင့် ကျနော် မြင်ခွင့်ရတော့မည်။
မြင်ကွင်းထဲက နေထွက်လာသည့်နေရာမှာ ထိုင်းနိုင်ငံထဲက ဖြစ်နိုင်၏။သံလွင်မြစ်ကြီးနှင့် မာနယ်ပလောရှိရာ လှမ်းမျှော် ကြည့်သည်။ စောင့်ကြည့်နေရင်းမှပင် အနီရောင်ပြပြ အဖြူရောင်တောက်တောက် တိမ်တွေကို ကျနော်မြင်လာရသည်။ထို့နောက် အညိုရောင်၊ ငှက်ခါးရောင်၊ ပြီးတော့မှ တဖြည်းဖြည်းနှင့် အစိမ်းရောင် မြေပြင်ပန်းချီးကားချပ်ကြီးတချပ် ကျနော့်ရှေ့ကို ရောက်လာ သည်။ အလင်းရောင်များမှာ တခုပြီးတခု ၀င်လာတာမျိုးမဟုတ်၊ သူ့ ထက်ငါ အလုအယက် လက်ယှက်ထိုး တိုးလာတာမျိုးလည်း မဟုတ်။ ဘယ်လိုကဘယ်လို ပေါ်လာ၊ တိုးလာ၊ ကျယ်လာသည်ကို အတိအကျ ပြောမပြနိုင်ပါ။

ယခုလည်းပဲ မြေပြန့်နှင့်မတူသည့်၊ တောင်ထိပ်တခုပေါ်ကနှင့် ခြားနားသည့် လေယာဉ်တစင်းပေါ်ကတဆင့် နေထွက်ခြင်း မြင်ကွင်းကို ကျနော်စောင့်ကြည့်နေခဲ့မိပြီ။ ဆန်းကျယ်သည့်မြင်ကွင်းများကို ကျနော့်ဦးနှေက်ထဲ၊ နှလုံးသားထဲ တခုချင်း ကောက် ထည့်နေခဲ့မိသည်။ တိမ်တွေက အပေါ်ယံ တောက်တောက်ပပ၊ အောက်ခြေက မှိုင်းမှိုင်းခဲခဲ။ အစတော့ အနီရောင်၊ အညိုရောင်၊ အဖြူရောင်…တခုစီ အလုအယက် တိမ်တွေ အုံကျင်းဖွဲ့ပြီး ရွေ့မျောလာနေကြ၏။ ကျနော် စီးလာသည့်လေယာဉ်ကြီးနှင့် မျဉ်းပြိုင် သဘော အပြေးအလွှား လိုက်လာနေကြသည်။ သို့သော် မည်သည့်တိမ်စိုင်တိမ်ခဲမျှ လေယာဉ်ကြီးကို မှီအောင် ပြေးလိုက်နိုင်ခြင်း မရှိကြ။ မကြာခင်အချိန်တွင်မူ လေယာဉ်ကြီးက တိမ်တွေထဲ နိမ့်ဆင်းလာနေစဉ် အောက်ခြေတွင် ကွေးကွေးကောက်ကောက်၊ တောက်တောက်ပပမြစ်တွေ၊ ချောင်းတွေကို မြင်လာရတော့သည်။

ကျနော့်အဖို့  ဥရောပ၏ မှော်ဝင်ဆည်းဆာကို မည်သည့်အခါမျှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။


No comments:

Post a Comment