October 17, 2008
ယုံတော်မူတမ်းချင်း
ကျနော့်ရဲ့ ပထမဆုံးများထဲမှာ
ကိုယ့်ကိုကိုယ် ကဗျာရေးလို့ရလောက်ပြီလို့ ယူဆမိအောင် ကျေနပ်ခဲ့ရတဲ့ ကဗျာတပုဒ်အကြောင်း ရေးခဲ့မိတယ်။ ခင်မင်လေးစားရတဲ့ ဘလော့ဂါတချို့က ဒီကဗျာကို ဖတ်ချင်တယ်လို့ဆိုတယ်။ ဒီကဗျာက ကျနော့်ချစ်သူ `မဒေ၀ီ´ အတွက် ရေးခဲ့တဲ့ ကဗျာပါပဲ။ `ယုံတော်မူတမ်းချင်း´ လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာပါ။
ကျနော့်ချစ်သူဟာ ကျနော်နဲ့လက်တွဲပြီးကတည်းက အခုအချိန်အထိ ဘ၀ကို အပြင်းအထန် ရုန်းကန်ကျင်လည်ခဲ့ရလို့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော် ဒီကဗျာကို ရေးခဲ့တာပါ။ ကွယ်လွန်သူ ရောင်းရင်း ကဗျာဆရာ `ကေတု-ဘုန်းမော်´ က၊ `မဒေ၀ီအကြောင်း ... တစေ့တစေါင်းကြည့်ရုံနဲ့ ... ငါ့မှာ ...မောပမ်းရ ... ကျောချမ်းရ´ လို့ ကဗျာဖွဲ့ယူရလောက်အောင် အင်မတန် သူရဲကောင်းဆန်လှတဲ့ ချစ်သူပါ။ ကျနော်က ဘ၀ကို ကဗျာနဲ့ရေးပြီး ဖော်ပြဖို့ကြိုးစားနေတဲ့တချိန်ထဲမှာ ကျနော့်ချစ်သူက ကဗျာကို ဘ၀နဲ့ရေးနေခဲ့တာ။
ဒီကဗျာကို ၁၉၉၃-ခုနှစ် ကတည်းက ရေးခဲ့တာဆိုတော့ တချို့ကတော့ အသွင်ကောအနှစ်ပါ ဟောင်းသွားပြီလို့ ယူဆကောင်းယူဆနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ... ကျနော့်မှာ ရင်ခုန်လို့ကောင်းတုန်းပဲ။
ဖတ်ကြည့်ပါ။
ယုံတော်မူတမ်းချင်း
ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာလှော်ရ
တစ ... တစ။
`ဘ၀ဆိုတာ
လှပစွာ ဆင်းရဲခြင်း´တဲ့လား။
မင်းဟာ
လောကဓံကို ရန်သူလိုရင်ဆိုင်
ငါ့ရှေ့မှာကျတော့
ဒေ၀ီတပါးလို မင်းထိုင်ခဲ့။
`မျဉ်းဖြောင့်မှာ
အရောင်ရှိတယ်´ ဆိုတဲ့ စကား
မင်းနဲ့တွေ့မှ
ငါ ပိုပြီးခံစားလို့ ရခဲ့။
`အင်ဒါဆင်း´ ရဲ့ ရေသူမ
ကျမပါမောင်။
ကျမ
`ကဏ္ဍက လိုပေါ့
မီးလို လေလိုကျင့် ငါ့မြင်း
မင်းသခင်ကိုသယ်
ဒါမှ ကမ္ဘာကိုကယ်တင်မယ့်
ဒီကြီးမြတ်တဲ့အမှုမှာ
မင်းဝေစုပါမယ်´
ကဏ္ဍက ဇာတ်မဟာ
အနော်မာ တဖက်ကမ်းမှာဆုံးတော့
မင်းပြုံးရင်း ငိုတတ်ခဲ့ပြီနော် ...။
`ဒေ၀ီရယ်
ဘယ်လိုအကျိုးရှိမယ် မသိရတဲ့
ကြေကွဲဖွယ် နိမ့်ကျကျလမ်း
လိုက်ချင်လိုက်မယ်´ ဆိုတဲ့
ငါ့ရဲ့ ကဗျာရွတ်သံ
မင်း ဘယ်လိုခံနိုင်ရည်ရှိခဲ့ပါလိမ့်။
`ကျမနဲ့မောင်
ခလေးတွေအတွက်
ဖိနပ်တရံလို့ ယူဆရအောင်´ ဆိုတဲ့
မင်းရဲ့ မျက်ရည်ပျက်လုံး
ငါ့တသက်လုံး
ခံစားလို့ မဆုံးဘူး။
ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာ လှော်ရ
မင်းခြေဖ၀ါးက
သွေးစက်စက်ကျရသမျှ
မင်းမျက်ရည် ကျရသမျှ
.............................
..............................
ယုံတော်မူစမ်းတော့ မောင့်ဒေ၀ီ။ ။
ငြိမ်းဝေ
Subscribe to:
Post Comments (Atom)
:ဆရာ
ReplyDeleteနှစ်ခြိုက်စွာ ဖတ်သွားပါတယ်ခင်ဗျာ
ပျော်ရွှင်ချမ်းမြေ့ပါစေ :) )
ရင်နဲ့ရေးတဲ့ ဂန္တ၀င် ကဗျာ တပုဒ် ခံစားသွားပါတယ်။ (မဒေ၀ီ အတွက်ရောပေါ့)
ReplyDeleteကျနော့်အတွက်တော့ အမြဲတမ်းသစ်ဆန်းနေတဲ့ ကဗျာပါဗျာ။ အဲကဗျာကပဲ ကိုငြိမ်းနဲ့ ကျနော့်ကို ရင်းနှီးစေခဲ့တာပဲ။ ခုလို အမှတ်တရ ပြန်တင်ပေးတဲ့ အတွက် ကျေးဇူးပါ ကိုငြိမ်းရေ့
ReplyDelete`ကျမနဲ့မောင်
ReplyDeleteခလေးတွေအတွက်
ဖိနပ်တရံလို့ ယူဆရအောင်´ ဆိုတဲ့
မင်းရဲ့ မျက်ရည်ပျက်လုံး
ငါ့တသက်လုံး
ခံစားလို့ မဆုံးဘူး။...
ဒီလိုကဗျာမျိုး ဘယ်တော့မှ အိုတယ် ဟောင်းတယ်လို့ ဘယ်ရှိပါ့မလဲ ဆရာရေ..။
`ဘ၀ဆိုတာ
ReplyDeleteလှပစွာ ဆင်းရဲခြင်း´တဲ့လား။
မင်းဟာ
လောကဓံကို ရန်သူလိုရင်ဆိုင်
ငါ့ရှေ့မှာကျတော့
ဒေ၀ီတပါးလို မင်းထိုင်ခဲ့။
လှပတဲ့ စကားလုံးတွေနဲ့ ယက်ဖွဲ့ထားတဲ့ သရုပ်မှန်ကဗျာ တစ်ပုဒ်ဟာ ဘယ်တော့မှ ရိုးမယ်မထင်ဘူး..။
ကျမ ရဲ့ အိပ်မက်များစွာထဲက
ReplyDeleteတခုကတော့ ကဗျာဆရာ ရဲ့
ချစ်သူ ဖြစ်ဖို့ပါ..း)
ဒီကဗျာလေး ဖတ်ပြီး
မဒေ၀ီ ကို အားကျလိုက်တာ.း)
အရမ်းလှတဲ့ ကဗျာလေးပါရှင်..