October 17, 2008

ယုံတော်မူတမ်းချင်း



ကျနော့်ရဲ့ ပထမဆုံးများထဲမှာ
ကိုယ့်ကိုကိုယ် ကဗျာရေးလို့ရလောက်ပြီလို့ ယူဆမိအောင် ကျေနပ်ခဲ့ရတဲ့ ကဗျာတပုဒ်အကြောင်း ရေးခဲ့မိတယ်။ ခင်မင်လေးစားရတဲ့ ဘလော့ဂါတချို့က ဒီကဗျာကို ဖတ်ချင်တယ်လို့ဆိုတယ်။ ဒီကဗျာက ကျနော့်ချစ်သူ `မဒေ၀ီ´ အတွက် ရေးခဲ့တဲ့ ကဗျာပါပဲ။ `ယုံတော်မူတမ်းချင်း´ လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာပါ။

ကျနော့်ချစ်သူဟာ ကျနော်နဲ့လက်တွဲပြီးကတည်းက အခုအချိန်အထိ ဘ၀ကို အပြင်းအထန် ရုန်းကန်ကျင်လည်ခဲ့ရလို့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော် ဒီကဗျာကို ရေးခဲ့တာပါ။ ကွယ်လွန်သူ ရောင်းရင်း ကဗျာဆရာ `ကေတု-ဘုန်းမော်´ က၊ `မဒေ၀ီအကြောင်း ... တစေ့တစေါင်းကြည့်ရုံနဲ့ ... ငါ့မှာ ...မောပမ်းရ ... ကျောချမ်းရ´ လို့ ကဗျာဖွဲ့ယူရလောက်အောင် အင်မတန် သူရဲကောင်းဆန်လှတဲ့ ချစ်သူပါ။ ကျနော်က ဘ၀ကို ကဗျာနဲ့ရေးပြီး ဖော်ပြဖို့ကြိုးစားနေတဲ့တချိန်ထဲမှာ ကျနော့်ချစ်သူက ကဗျာကို ဘ၀နဲ့ရေးနေခဲ့တာ။

ဒီကဗျာကို ၁၉၉၃-ခုနှစ် ကတည်းက ရေးခဲ့တာဆိုတော့ တချို့ကတော့ အသွင်ကောအနှစ်ပါ ဟောင်းသွားပြီလို့ ယူဆကောင်းယူဆနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ... ကျနော့်မှာ ရင်ခုန်လို့ကောင်းတုန်းပဲ။
ဖတ်ကြည့်ပါ။


ယုံတော်မူတမ်းချင်း

ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာလှော်ရ
တစ ... တစ။

`ဘ၀ဆိုတာ
လှပစွာ ဆင်းရဲခြင်း´တဲ့လား။

မင်းဟာ
လောကဓံကို ရန်သူလိုရင်ဆိုင်
ငါ့ရှေ့မှာကျတော့
ဒေ၀ီတပါးလို မင်းထိုင်ခဲ့။

`မျဉ်းဖြောင့်မှာ
အရောင်ရှိတယ်´ ဆိုတဲ့ စကား
မင်းနဲ့တွေ့မှ
ငါ ပိုပြီးခံစားလို့ ရခဲ့။

`အင်ဒါဆင်း´ ရဲ့ ရေသူမ
ကျမပါမောင်။
ကျမ
`ကဏ္ဍက လိုပေါ့
မီးလို လေလိုကျင့် ငါ့မြင်း
မင်းသခင်ကိုသယ်
ဒါမှ ကမ္ဘာကိုကယ်တင်မယ့်
ဒီကြီးမြတ်တဲ့အမှုမှာ
မင်းဝေစုပါမယ်´

ကဏ္ဍက ဇာတ်မဟာ
အနော်မာ တဖက်ကမ်းမှာဆုံးတော့
မင်းပြုံးရင်း ငိုတတ်ခဲ့ပြီနော် ...။

`ဒေ၀ီရယ်
ဘယ်လိုအကျိုးရှိမယ် မသိရတဲ့
ကြေကွဲဖွယ် နိမ့်ကျကျလမ်း
လိုက်ချင်လိုက်မယ်´ ဆိုတဲ့
ငါ့ရဲ့ ကဗျာရွတ်သံ
မင်း ဘယ်လိုခံနိုင်ရည်ရှိခဲ့ပါလိမ့်။
`ကျမနဲ့မောင်
ခလေးတွေအတွက်
ဖိနပ်တရံလို့ ယူဆရအောင်´ ဆိုတဲ့
မင်းရဲ့ မျက်ရည်ပျက်လုံး
ငါ့တသက်လုံး
ခံစားလို့ မဆုံးဘူး။

ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာ လှော်ရ
မင်းခြေဖ၀ါးက
သွေးစက်စက်ကျရသမျှ
မင်းမျက်ရည် ကျရသမျှ
.............................
..............................
ယုံတော်မူစမ်းတော့ မောင့်ဒေ၀ီ။ ။

ငြိမ်းဝေ

6 comments:

  1. :ဆရာ
    နှစ်ခြိုက်စွာ ဖတ်သွားပါတယ်ခင်ဗျာ
    ပျော်ရွှင်ချမ်းမြေ့ပါစေ :) )

    ReplyDelete
  2. ရင်နဲ့ရေးတဲ့ ဂန္တ၀င် ကဗျာ တပုဒ် ခံစားသွားပါတယ်။ (မဒေ၀ီ အတွက်ရောပေါ့)

    ReplyDelete
  3. ကျနော့်အတွက်တော့ အမြဲတမ်းသစ်ဆန်းနေတဲ့ ကဗျာပါဗျာ။ အဲကဗျာကပဲ ကိုငြိမ်းနဲ့ ကျနော့်ကို ရင်းနှီးစေခဲ့တာပဲ။ ခုလို အမှတ်တရ ပြန်တင်ပေးတဲ့ အတွက် ကျေးဇူးပါ ကိုငြိမ်းရေ့

    ReplyDelete
  4. `ကျမနဲ့မောင်
    ခလေးတွေအတွက်
    ဖိနပ်တရံလို့ ယူဆရအောင်´ ဆိုတဲ့
    မင်းရဲ့ မျက်ရည်ပျက်လုံး
    ငါ့တသက်လုံး
    ခံစားလို့ မဆုံးဘူး။...

    ဒီလိုကဗျာမျိုး ဘယ်တော့မှ အိုတယ် ဟောင်းတယ်လို့ ဘယ်ရှိပါ့မလဲ ဆရာရေ..။

    ReplyDelete
  5. `ဘ၀ဆိုတာ
    လှပစွာ ဆင်းရဲခြင်း´တဲ့လား။

    မင်းဟာ
    လောကဓံကို ရန်သူလိုရင်ဆိုင်
    ငါ့ရှေ့မှာကျတော့
    ဒေ၀ီတပါးလို မင်းထိုင်ခဲ့။

    လှပတဲ့ စကားလုံးတွေနဲ့ ယက်ဖွဲ့ထားတဲ့ သရုပ်မှန်ကဗျာ တစ်ပုဒ်ဟာ ဘယ်တော့မှ ရိုးမယ်မထင်ဘူး..။

    ReplyDelete
  6. ကျမ ရဲ့ အိပ်မက်များစွာထဲက
    တခုကတော့ ကဗျာဆရာ ရဲ့
    ချစ်သူ ဖြစ်ဖို့ပါ..း)

    ဒီကဗျာလေး ဖတ်ပြီး
    မဒေ၀ီ ကို အားကျလိုက်တာ.း)

    အရမ်းလှတဲ့ ကဗျာလေးပါရှင်..

    ReplyDelete