ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်က “မောင်ချောနွယ်အတု” ဆိုပြီး ကဗျာစာအုပ်တအုပ် ထုတ်ခဲ့ပါတယ်။ မောင်ချောနွယ်အစစ်က မောင်ချောနွယ်အတုတယောက်ဖန်တီးပြီး ကဗျာဖတ်သူကို စကားပြောတဲ့သဘောပဲပေါ့။ ဟုတ်ပါတယ်။ ကဗျာဆိုတာက အစစ်ကိုတုပရတဲ့ အနုပညာပစ္စည်းပါ။
လူ့ ဘဝအစစ်အမှန်ကနေပြီး ရောင်ပြန်ဟပ်ထားတဲ့ ဘဝရဲ့ အရိပ်၊ ကိုယ်ပွါးတခုပါပဲ။ ဒါကို ကဗျာဆရာက အတုကို အတုမှန်းမသိရအောင် အစစ်လိုပဲ ခံစားလက်ခံလာရအောင်၊ ကဗျာဖတ်သူရဲ့ရင်ထဲ အနက်ရှိုင်းဆုံးအထိရောက်အောင် ဥပမာ၊ ဥပမေယျတွေသုံးပြီး တင်စားချက်တွေသုံးပြီး ပြောတဲ့နည်းပါ။ ဒီနေရာမှာ ကဗျာဆရာက အစွန်းတွေကို လွတ်အောင်ရှောင်နိုင်လေ ကဗျာက ပိုပြီးရသမြောက် ထိချက်ပြင်းလေလေပါပဲ။
အစွန်းတွေကို ပြောပါဆိုရင် အလွန်အကျူးထိန်ဝှက်လွန်းတာမျိုး နဲ့ အလွန်ရိုးအလွန်းတာမျိုးတွေကို ပြောတာပါ။ ဒါတွေကို ကဗျာဆရာက အပိုအလိုမရှိ၊ တနည်းအားဖြင့်မဇ္ဈိမ ပဋိပဋာကျအောင်ဖွဲ့ ရင် အဲဒီကဗျာဟာ ထိရောက်အောင်မြင်လာရမှာပါပဲ။
ကျနော်တို့ နိုင်ငံမှာ ခေတ်ပေါ်ကဗျာရယ်လို့ ပေါ်ပေါက်လာတာ ၁၉၇၀ လောက်ကစပြီးရေတွက်မယ်ဆိုရင် နှစ်(၃၀)ကျော်ပါပြီ။ ခုဆိုရင် ခေတ်ပေါ်လွန်ဆိုတာတွေလည်း ရှိနေပါပြီ။ ဒါပေမယ့် ကြုံကြိုက်လို့ ပြောစရာလေးတခုတော့ ပြောလိုက်ချင်ပါသေးတယ်။ စာရေးဆရာအောင်သင်းနဲ့ လွတ်လပ်သောအာရှအသံ(RFA) တို့ တွေ့ ဆုံမေးမြန်းခန်းလုပ်တဲ့အခါ ဆရာအောင်သင်းကခေတ်ပေါ်ကဗျာနဲ့ ပတ်သက်တဲ့စကားပြောခဲ့တာရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူက ခေတ်ပေါ်ကဗျာဆိုတာ အခြေအမြစ်မခိုင်တဲ့ စာပေရေပွက်ကလေးတခုသာဖြစ်တယ်ဆိုတဲ့သဘော သွယ်ဝိုက်ပြီးပြောပါတယ်။ ဒါကြောင့်မို့ ခေတ်ပေါ်ကဗျာဆိုတာ ရေပွက်ကလေးတပွက်မျှသာဖြစ်တာမို့ မကြာခင်ပျောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီကိစ္စအလောင်းအစားလုပ်မလားဆိုတဲ့အထိပြောပါတယ်။ဒါကိုကြားတော့ ကျနော်ပြုံးမိတယ်။ သူက ဒီလိုပြောနေတဲ့အချိန်မှာ မြန်မာပြည်က ထွက်သမျှ မဂဇင်းတိုင်းလိုလိုမှာ ခေတ်ပေါ်ကဗျာတွေချည်း နေရာယူစိုးမိုးနေတာ သူမသိဘူးနဲ့ တူပါရဲ့။ ပြီးတော့ ခေတ်ပေါ်ကဗျာက အသက်ဝင်လှုပ်ရှားလာတာ တော်တော်လေးတောင် လူလားမြောက်နေပြီပဲ။ ကျနော်က သူ့ ရဲ့အမြင်ကို မပြောဖို့ ကန့် ကွက်တဲ့သဘောမဟုတ်ပါဘူး။ သူ့ အမြင်ကို ပဲ သဘောမတူတာပါ။ အေးလေ ဒါကတော့ လွတ်လပ်စွာသဘောကွဲလွဲကြတဲ့သဘောပေါ့။ ကျနော်တို့ လှပစွာ ငြင်းခုန်ကြရမှာပေါ့။
အခုဆိုရင်ခေတ်ပေါ်ကဗျာနဲ့ ပတ်သက်ပြီးခေတ်ပေါ်ကဗျာဆိုင်ရာလက္ခဏာရပ်တွေလည်း အတော်အတန်ပြည့်စုံသလောက်ပြည့်စုံအောင်ပြောခဲ့ကြပြီးပါပြီ။ ဒီအထဲက ကျနော် စိတ်ဝင်စားတဲ့လက္ခဏာတခုရှိပါတယ်။ အဲဒါကတော့ ခေတ်ပြိုင်ရင်ခုန်သံကို ဖေါ်ပြတဲ့လက္ခဏာပါပဲ။ “ခေတ်ပြိုင်ရင်ခုန်သံ”ံ ဆိုတဲ့စကားလုံးကို ဆရာဒဂုန်တာရာ က စတင်သုံးစွဲလိုက်တာပါ။ ဒီလက္ခဏာကို ထင်ထင်ရှားရှားသက်သေပြနိုင်တဲ့ကဗျာ တပုဒ်ကို ကျနော်ဖေါ်ပြလိုက်ပါတယ်။ အမှတ်အသားမွဲကြံလို့ ဒီကဗျာဟာ ဘယ်မှာဖေါ်ပြခဲ့တာလဲဆိုတာတော့ ကျနော်မသိပါဘူး။ ရေးတဲ့သူက ကဗျာဆရာ ကွန်စစ်ကောင်း ဆိုတာကိုတော့ ကျနော်အသေအချာပြောနိုင်ပါတယ်။
ဖဲဝိုင်း
အပြင်ဖက်မှာ
ကလေးတွေ ဆော့ကစားနေကြတာလား
ရန်ဖြစ်နေကြတာလား
သူတို့ စိတ်မဝင်စားကြဘူး။
ကုလားဖန်ထိုးတယ်၊ ဖဲချပ်ဝေတယ်
တစ်ချပ်ချင်း ပွတ်ကြည့်ကြတယ်
အလိုရမ္မက်
တဏှာ
မနာလိုမှု။
ဆက်ပြီးပွတ်ကြည့်ကြတယ်
မုသာဝါဒ
အဆိပ်
ဓါးမြှောင်။
အိမ်မြှောင်စုတ်ထိုးသံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အတိတ်နိမိတ်ကောက်ယူတယ်။
ဘုရားရှိခိုးသံ ဂါထာရွတ်သံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အဓိပ္ပါယ်ကောက်ယူတယ်။
သီချင်းဆိုတဲ့လူက ဆိုတယ်
ဒူးနှံ့ တဲ့လူက နှံ့ တယ်
ဖဲချပ်ကို ဆက်ပြီးပွတ်ကြည့်ကြတယ်
လောဘ၊ မောဟ
မောဟ၊ လောဘ။
ဂျိုကာများ ပါလာလို့ ကတော့
ပြုံးလို့ ပျော်လို့ 
သူတို့ ကိုယ်ကျင့်တရားတွေ အားလုံးကို
အဲဒီ ဂျိုကာချပ်ထဲ အတင်းထိုးထည့်
လိုသလို အသုံးပြုနိုင်ဖို့ 
နံဘေးလူ မသိအောင် ကြံလို့ စည်လို့ ။
ကလေးတွေ စာအော်ကျက်သံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး၊
ငှက်ဆိုးထိုးသံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး။
လေချွန်တဲ့သူက ချွန်တယ်
ရွဲ့ ပြုံး ပြုံးတဲ့သူက ပြုံးတယ်
တောက်ခေါက်တဲ့လူက ခေါက်တယ်၊
တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
အတ္တ။
နောက်တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
ဒေါသ။
ညဥ့်နက်သထက် နက်လာပြီ
ကြည့်ပြီးသား ဖဲချပ်တွေကိုပဲ
အရသာခံပြီး
ပြန်ပွတ်ကြည့်နေကြပြန်တယ်
အတ္တ၊ ဒေါသ၊ မစ္ဆေရ
မစ္ဆေရ၊ ဒေါသ၊ အတ္တ။ ၊
ကွန်စစ်ကောင်း
ကျနော်တို့ ရဲ့ ချစ်ခင်လေးစားရတဲ့ ကွယ်လွန်သူ စာဆိုကြီး ဆရာ တင်မိုး ကလည်း ၁၉၉၉ ခုနှစ်ထဲမှာ“ဖဲသုံးချပ်” ဆိုတဲ့ကဗျာတပုဒ် ရေးခဲ့ပါသေးတယ်။ အခု ကွန်စစ်ကောင်း ရေးတဲ့ကဗျာနဲ့ ဦးတည်ချက်ချင်းတူပါတယ်။ စေတနာလည်း ဒါပါပဲ။ ဒါပေမယ့် မတူတဲ့အချက်က ဆရာတင်မိုးက “ခေတ်စမ်းလွန်ဟန်” နဲ့ ရေးပြီး ဆရာကွန်စစ်ကောင်းကတော့ “ခေတ်ပေါ်ကဗျာဟန်” နဲ့ ရေးတဲ့အချက်ပါပဲ။
“ဖဲဝိုင်း” ကဗျာမှာ ဖဲထိုင်ရိုက်နေကြတဲ့ ဖဲသမားများရဲ့ အပြုအမူ စိတ်နေစိတ်ထားကို ရေးထားပါတယ်။ ဒါတွေကို အလိုရမ္မက်၊ တဏှာ၊ မနာလိုမှု၊ မုသာဝါဒ၊ အဆိပ်၊ ဓါးမြှောင်၊ လောဘ၊ မောဟ၊ အတ္တ၊ ဒေါသ၊ မစ္ဆေရ ဆိုတဲ့ စကားလုံးတွေနဲ့ ချုပ်ပြီး ဖေါ်ပြထားတာ တွေ့ ကြရမှာပါ။ တခုမှ ကောင်းတာမပါပါဘူး။
ဒီလို မကောင်းတဲ့စိတ်တွေ မိုးမွှန်နေကြတာဆိုတော့ အပြင်ဖက်က ကလေးတွေရဲ့ အပြုအမူ၊ ဓလေ့စရိုက်၊ သဘောသဘာဝ၊ လိုအပ်ချက်..ဒါတွေကို သူတို့ ဂရုမပြုအားတော့ပါဘူး။ လက်ခံခံစား နားလည်နိုင်စွမ်း မရှိနိုင်တော့ပါဘူ။ ဘုရားရှိခိုးသံ၊ ဂါထာရွတ်သံ၊ အိမ်မြှောင်စုတ်ထိုးသံတွေကိုလည်း သူတို့ ကောက်ချင်တဲ့အဓိပ္ပါယ်နဲ့ ကောက်ယူပြီး သံဝေဂမရ တရားမရနိုင်ကြပါဘူး။ ယုတ်စွအဆုံး ငှက်ဆိုးထိုးသံကြားရတာကိုတောင်မှ သူတို့ အတွက် အန္တရာယ် တစုံတရာကျရောက်တော့မယ့်လက္ခဏာအဖြစ် သူတို့ သတိပြုနိုင်စွမ်းမရှိတော့ပါဘူး။ ဝှက်ဖဲ၊ အောက်ဖဲ၊ ဂျိုကာဖဲ အစရှိတဲ့ လျှို့ ဝှက်ကောက်ကျစ်တဲ့နည်းနဲ့ တဦးအပေါ်တဦး လက်ဦးမှုရယူပြီး ပြိုင်ဖက်တွေ၊ ဇာတ်တူသားတွေကို နင်းဖို့ ချေဖို့ တခုထဲကိုပဲ သဲသဲမဲမဲ စဉ်းစားနေကြသူတွေဖြစ်တယ်ဆိုတဲ့အကြောင်း “ဖဲဝိုင်း” ကဗျာမှာ တွေ့ ကြရမှာပါ။
ဒီတော့ ကျနော်တို့ က “ဖဲဝိုင်း” ကဗျာကိုဖတ်နေရင်းမှာပဲ ကျနော်တို့ ရဲ့ခေတ်ပြိုင်ဘဝထဲမှာ “ဖဲဝိုင်း” ထဲက ဖဲထိုင်ရိုက်နေကြတဲ့ ဖဲသမားတွေရဲ့ အပြုအမူ စိတ်နေစိတ်ထားအတိုင်း တသွေမတိမ်းရှိတဲ့ တထပ်ထဲကျတဲ့ လူတွေကို ပြေးမြင်ရတော့တာပေါ့။ ပညာရေး၊ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ ဖြူစင်မျှတရေး အစရှိတဲ့ လောကပါလတရားဟူသမျှကို ဘေးချိပ်ပြီး တခြားလူမပြောနဲ့ ဇာတ်တူသားစားဖို့ ကိုတောင် ဝန်မလေးတတ်ကြတဲ့သူတွေဟာ ဘယ်သူတွေလဲ ဆိုတဲ့အသိ ကျနော်တို့ ခေါင်းထဲ ချက်ချင်းဆိုသလို ရောက်လာရတော့တာပေါ့။
ဆရာ ကွန်စစ်ကောင်း ကတော့ ကျနော်တို့ အပေါ် ကဗျာမိုးရေတွေ ရွာချပေးလိုက်တာပါပဲ။ ခေတ်ပြိုင်ရင်ခုန်သံတချို့ ကို ကဗျာနဲ့ ပေးလိုက်တာပါပဲ။ ကျနော်တို့ ကသာ ကျနော်တို့ ရဲ့ တွေးခေါ်ခံစားနိုင်မှုရေအိုးနဲ့ ခံယူပြီး ကဗျာမိုးရေ ကဗျာရသကို ဖေါ်ယူခပ်သုံးနိုင်ကြရမှာပါ။
ဒါပါပဲ။ ခေတ်ပေါ်ကဗျာတပုဒ်ရဲ့ အတိမ်အနက် အထိမ်အဝှက်ကို ကျနော်တို့ ရဲ့ခေတ်ပြိုင်အခြေအနေမျုားနဲ့ နှိုင်ယှဉ်ခံစားပြီး ကျနော်တို့ ရဲ့ အတွေးလက်တံ ရှည်ရင်ရှည်သလောက် ကဗျာ့ရသကို ခံစားနိုင်ကြမှာပဲ ဖြစ်ပါတယ်။
ကဗျာဝါသနာအိုးများအဖို့ “ရွာတဲ့မိုးနဲ့ ခံတဲ့အိုး” အပေါ်မူတည်ပြီး ခေတ်ပေါ်ကဗျာများရဲ့ ရာဝဇင်ရေး အခန်းကဏ္ဍကို မှန်ကန်စွာ နားလည်နိုင်ကြလိမ့်မယ်လို့ တော့ ကျနော်ယူဆမိပါတယ်။ ။
ငြိမ်းဝေ
December 15, 2009
December 13, 2009
ဗုံးကြဲပြီးနောက် ငါးမိနစ်
ကျနော်က မြို့ မှာမွေး မြို့ မှာပဲ ကြီးပြင်းလာခဲ့ရသူပါ။ မှတ်မှတ်ရရပြောရရင် ကျေးလက်က ရွာတရွာကို ညအိပ်ညနေ သွားဖူးတာဆိုလို့ အသက်(၂၀)ကျော်မှပါ။ ဒါတောင်မှ ဝေးလံခေါင်သီတဲ့ ကျေးလက်မဟုတ်ပါဘူး။ မြို့ နဲ့ နီးတဲ့ကျေးလက်ကိုပြောတာပါ။ ဒီကြားထဲ လေ့လာမှုကလည်းနုံချာတော့ ကျေးလက်ဒေသအကြောင်း စိတ်ဝင်စားမှု နည်းခဲ့တယ်။
အသက်(၂၁) နှစ်ကျတော့ ပဲခူးချောင်းဖျား ထန်းတောကြီးဆိုတဲ့ရွာကို မူလတန်းပြဆရာအဖြစ်သွားရပါတယ်။ အံ့သြဖို့ ကောင်းတာက အဲဒီအခါကြပြန်တော့ ကျနော်က ကျေးလက်မှကျေးလက်ဖြစ်ခဲ့ရတယ်။ ကျေးလက်ခရေဇီဖြစ်လာပြန်တာပေါ့ဗျာ။ ဒီအခါကြပြန်တော့လည်း ကျေးလက်ကို အင်မတန်သာယာတဲ့၊ ဖြူစင်ရိုးသားသူတွေသာ နေထိုင်တဲ့ ဒေသရပ်ဝန်းဖြစ်တယ်ဆိုတာလောက်ပဲ ခံစားမှုက ကဲ့ယူလို့ ရခဲ့တာ။ ကျနော့် အာရုံခံစားမှု ယက်သဲ့ထဲမှာ ကျေးလက်ဒေသက တကယ့်လူမှုဘဝတွေကို ပါအောင် ကဲ့မယူနိုင်ပြန်ဘူးဗျ။ ယမ်းငွေ့ တွေ၊ ကူပါကယ်ပါတစာစာအော်သံတွေ၊ မီးလောင်နေတဲ့ နှလုံးသားတွေဟာ မြန်မာ့ကျေးလက်ရဲ့ တကယ့်လက်တွေ့ ပါတိတ်အဆင်တွေပဲဗျ။ ဥပမာ ကျနော်တို့ နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ ကျနော့်အဖို့ တော့ ပုံပြင်တခုလိုပဲ ထင်ခဲ့တာ။ ကျနော့်နားထဲ ကျနော်ငယ်ငယ်က ကြားခဲ့ရတဲ့ ကျနော်နေဖူးတဲ့ စလင်းမြို့ လေး သူပုန်တွေဝင်စီးလို့ ကြားရတဲ့သေနတ်သံတွေကို ပြန်ပြီးမကြားနိုင်ခဲ့ဘူးဗျ။ အဲဒီသေနတ်သံတွေ အခုထက်ထိအသံမစဲ နိုင်တာ ကျနော်မသိခဲ့ဘူး။ဒါပေမယ့် ကျနော့်ကို စာအုပ်တွေပေးဖတ်၊ စကားတွေအများကြီးပြောပြီး ကျနော် စာပေသမားဖြစ်လာဖို့  ကူညီကြတဲ့ နောင်တော့နောင်တော်များရဲ့ အကူအညီနဲ့ စာအုပ်တွေထဲက သေနတ်သံတွေကိုတော့ ခတ်ဝေးဝေးက ကျနော်ကြားစပြုပြီဆိုပါတော့။
၁၉၉၂ ခုနှစ်ထဲမှာ ကျနော် မာနယ်ပလောကိုရောက်ပါတယ်။ ကျနော် အသက် (၄၀)ကျော်ပေါ့။ ဒါနဲ့ ပဲ ကျနော့်သဘောနဲ့ ကျနော် ရှေ့ တန်းကို ခဏခဏ ခရီးထွက်ခဲ့တယ်။ ကျနော် တော်တော်လေးကို တုန်လှုပ်ခဲ့ရတယ်။ ကရင်ပြည်နယ်တခုလုံး သွေးချောင်းစီးနေတာပဲ။ ပြည်တွင်းစစ်ဆိုတာကြီးကို ကျနော် ကောင်းကောင်းတွေ့ ရတော့တာပဲ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကိုယ့်အမျိုးသားအချင်းချင်း သတ်ကြဖြတ်ကြရလို့ လူတွေ ဘယ်လောက်သေခဲ့ပြီဆိုတာ ခန့် မှန်းပြီးပြောဖို့ တောင်ခက်ပါတယ်။
ကျနော် စစ်ကိုမုန်းတယ်။ စစ်ကို ကြောက်လည်းကြောက်တယ်။ ကျနော်ကိုယ်တိုင်က စစ်ရဲ့သားကောင်ဖြစ်နေတာကို ဘွားကနဲသွားတွေ့ လိုက်ရတော့ အရမ်းဝမ်းနည်းခဲ့ရတယ်။ ဒီတော့ စာတွေရေးမိပြီပေါ့။ “ဒုံသမိချောင်းပေါ်က ကြယ်နီ” “ဒုံသမိချောင်းကမ်း ငရဲခန်းများ” အခန်းဆက်ဆောင်းပါးတွေ။ ဒီတုန်းက ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံ ကွင်းဆင်းသတင်းထောက်။ ဒီဆောင်းပါးတွေကို အပါတ်စဉ်ကျနော်အသံလွှင့်ခဲ့ပါတယ်။
နောက်တော့ စစ်ဆန့် ကျင်ရေးကဗျာတွေ စုတော့တာပါပဲ။ မြန်မာပြည်မှာက အုပ်စိုးသူအဆက်ဆက်က စစ်ကိုဖန်တီးကြသူတွေ၊ စစ်ဆန့် ကျင်ရေးဆိုတဲ့စကားကို နည်းနည်းလေးမှ မကြားချင်တဲ့သူတွေဆိုတော့ ဘယ်မှာလာပြီး စစ်ဆန့် ကျင်ရေးကဗျာတွေ အလွယ်တကူ ရှာလို့ ရနိုင်ပါ့မလဲ။ မလိမ့်တပါတ်လုပ်ပြီး စာပေကင်ပေတိုင်ရှေ့ က ခြေသံဖျောက်ပြီးလျှောက်လာနိုင်တဲ့ကဗျာဆိုတာကလည်း ရှားမှ ရှား။ ဒီတော့ နိုင်ငံရပ်ခြားစစ်ဆန့် ကျင်ရေးကဗျာတွေ လိုက်ရှာရပြန်တာပေါ့။
ကဲ အချီးတွေ၊ နိဒါန်းတွေ တော်တော်ပြောလိုက်မိတယ်။ ခွင့်လွှတ်ကြပါဗျာ။ဒီကနေ့ တော့ နိုင်ငံရပ်ခြား စစ်ဆန့် ကျင်ရေးကဗျာတပုဒ် တင်ပေးလိုက်ပါတယ်။ ချက်ကဗျာဆရာ “မီရောဆလပ် ဟောလုဗ်” ရဲ့ ကဗျာပါ။ “မောင်သစ်မင်း” ဘာသာပြန်ထားတာပါ။ စာဖတ်သူများ စိတ်ကြေနပ်ကောင်းပါရဲ့။
ဗုံးကြဲပြီးနောက် ငါးမိနစ်
ပီလ်ဆင်မြို့ မှာ
နှစ်ဆယ့်ခြောက် ဘူတာရုံလမ်း
တစ်အိမ်လုံးမှာ
ကျန်ခဲ့သမျှ ဒါပဲဖြစ်တဲ့ လှေကားအတိုင်း
တတိယထပ်ကို တက်သွား
သူ့ အခန်တံခါးကို ဖွင့်လိုက်တော့
လုံးဝ မိုးကောင်းကင်ကြီးကိုသာ
လှေကားစွန်းမှ ငေးရပ်နေမိ။
ဒီနေရာဟာဖြင့်
ကမ္ဘာလောကကြီး ဆုံးတဲ့အရပ်ပဲ
ဒါနဲ့ 
သူ့ တံခါးသူ သေချာ ပြန်ပိတ်လိုက်တယ်
သူ့ မီးဖိုချောင်ဆီက
ဆီရီယပ်*
ဒါမှမဟုတ် အဲဒီဘာရန်ကို
တယောက်ယောက် ခိုးယူမှာစိုးလို့ 
အောက်ကို ပြန်ဆင်းခဲ့တယ်
ပြီးတော့ သူ ထိုင်ချလိုက်ကာ
စေါင့်ဆိုင်းနေလေရဲ့
အိမ်ကြီး ပြန်ထလာဖို့ 
သူ့ ယောင်္ကျား ပြာပုံထဲက ပြန်ထလာဖို့ 
သူ့ ကလေးတွေရဲ့ ခြေလက်တွေ နေရာတကျပြန်တပ်မိဖို့ ။
မနက်ကြတော့
သူ့ ကို လူတွေ တွေ့ ကြရတယ်
ကျောက်တုံးလို ငြိမ်သက်လို့ 
စာကလေးတွေက သူ့ လက်ကို ဆိတ်လို့ ။ ။
*ဆီရီယပ် - သဘောင်္ပဲ့တာရာ
*အယ်ဒီဘာရန် - ရောဟနီတာရာ
မောင်သစ်မင်း
ကိုးကား။ ။မောင်သစ်မင်း ရဲ့ ‘သုံးယောက်ကောင်းကင်‛ ကဗျာစာအုပ်မှ
December 09, 2009
ကိဆကတ
ကျနော့်ဘဝမှာ အောင်မြင်မှုမရှိသေးတဲ့ ရည်ရွယ်ချက်တခုက အခုလိုအသက်အရွယ်ရလာတဲ့အချိန်အထိ ကျနော့်ကို ဖိစီးထားနေတုန်းပါ။ အဲဒါကတော့ ခရီးသွားခြင်းဆိုတဲ့ ရည်ရွယ်ချက်ပါ။ ပြောမယ့်သာပြောရတာပါ၊ ကျနော်ကသာ မတင်းတိမ်နိုင်ပေမယ့် ဘေးလူတချို့ ရဲ့အမြင်မှာတော့ ကျနော်ဟာ ခရီးတော်တော်သွားခဲ့ပြီးတဲ့ လူတယောက်ဖြစ်ကောင်းဖြစ်နေမလားပဲ။ မှတ်မှတ်ရရသွားခဲ့ဖူးတဲ့ခရီးတွေထဲမှာ ပဲခူးကနေပြီး တောင်ကြီး၊ အင်းလေးကိုခရီးထွက်ခဲ့ဖူးတာ၊ ကျိုက်ထီးရိုးနဲ့ ရွှေစက်တော်ဘုရား သွားခဲ့ဖူးတာ၊ ဟို တောင်ခြေတနေရာကနေပြီး အရှေ့ ရိုးမတောင်ကြီးရဲ့ကြောပေါ်မှာ ခြေလျင်ခရီး (၁၀) ရက်လောက်လျှောက်ခဲ့ဖူးတာ၊ ဖါးအံ ဘီးလင်း ကျိုက်ထို သထုံ နဲ့ ဖါပွန်မြို့ နယ်တွေရဲ့ တောတွေတောင်တွေထဲ တခါသွားရင် (၂)လလောက်နဲ့ (၃)ကြိမ်လောက် ခြေလျင်သွားခဲ့ဖူးတာ(ဒီတုန်းက အများအားဖြင့် မြေကြီးပေါ်မှာပဲအိပ်စက်ခဲ့) ၊ ပြီးတော့ ဥရောပနိုင်ငံတနိုင်ငံကို မှတ်မှတ်ထင်ထင် သွားခဲ့ဖူးတာ။ ဒီခရီးစဉ်တွေမှာ ကျနော် ကဗျာတွေ ၊ စကားပြေတွေ တော်တော်များများရေးခဲ့တယ်။
ဥပမာအနေနဲ့ ပြောရရင် ပထမအကြိမ် ဒေါနတောင်ပေါ်ခရီးအပေါ်မူတည်ပြီး ကြောင်းရေ (၄၀၀)ကျော်ရှိတဲ့ “မိမိကိုယ်ပေါ်တွင် သစ်တပင်စိုက်ပျိုးခြင်း” ကဗျာရှည်တပုဒ်ရခဲ့တယ်။ ပြီးတော့ ဖါးအံ ဘီးလင်း အစရှိတဲ့ နအဖစစ်တပ်တွေနဲ့  မိမိဖက်က ပြောက်ကျားတပ်တွေ လိမ်ယှက်နေတဲ့ ရှေ့ တန်းကိုသွားတော့ “ပဉ္စလက်တောင်တန်း” ကဗျာရှည်တပုဒ်ရေးနိုင်ခဲ့တယ်။ တခါ ဥရောပခရီးစဉ်မှာကြတော့ “ဥရောပ မဲဇာ” ကဗျာရှည်တပုဒ် ရေးခဲ့တယ်။ ဒီကြားထဲ ဧရာဝတီ၊ ခေတ်ပြိုင်၊ မဇ္စျိမ နဲ့ အခြား မဂဇင်း၊့ ဂျာနယ်တွေမှာ ခရီးသွားဆောင်းပါးတွေ ရေးခဲ့တယ်။
ကျနော်ဆိုလိုတာကတော့ ကျနော့်ကို ကျနော်သာ ခရီးသွားရတာကို အားရတင်းတိမ်ခြင်းမရှိပေမယ့် သေသေချာချာပြန်ကြည့်ရင် တော်တော်လေးတော့ ခရီးပေါက်ခဲ့တဲ့သဘောဖြစ်နေမယ်ထင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ခရီးသွားရတာကို တကယ့်ကိုမတင်းတိမ်နိုင်သေးဘူး။
အခုတော့ အသက်အရွယ်ကလည်းရလာ ဘဝအခြေအနေကလည်း ခရီးသွားဖို့ အခြေအနေ မဖန်တီးနိုင်ဘူးဆိုတော့ ခရီးသွားချင်တဲ့စိတ်ဆန္ဒကိုပြေပျောက်လို ပြေပျောက်ငြား ခရီးသွားစာအုပ်တချို့ ကိုပဲ အားကိုးရတော့တာပေါ့။ တခါ ခရီးသွားစာအုပ်ဖတ်ပြန်တော့လည်း ခရီးသွားစာအုပ်တိုင်းတော့မဟုတ်ပြန်ဘူး။ ကျနော်က ရသနဲ့ ရေးတဲ့ ခရီးသွားစာအုပ်တွေကိုပဲ ရွေးပြီးဖတ်တာပါ။ ဒီတော့ အခုကျနော်ဖတ်နေတာ ဆရာမောင်သာနိုးဘာသာပြန်တဲ့ “ကဗျာ ခရီးသည်” ဆိုတဲ့စာအုပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း
(၃၀၀)ကျော်က ဂျပန်ဟိုက္ကု ကဗျာဆရာကြီး ဗသျှိုး ရဲ့ ကဗျာ စကားပြေရောထားတဲ့ ခရီးသွားဆောင်းပါးပါ။ ဒီစာအုပ်ကို ကျနော်အထပ်ထပ်အခါခါဖတ်ဖူးခဲ့ပါပြီ။ဒါပေမယ့် ဖတ်လို့ ကို မတင်းတိမ်နိုင်ဘူး။ ဘာပြုလို့ လည်းဆိုတော့ ပထမအချက်က ဗသျှိုးဟာ ခရီးအင်မတန်သွားတဲ့ ကဗျာဆရာဖြစ်တာရယ် သူက ခရီးသွားမှတ်တမ်းကို ရသဟန်နဲ့ ရေးထားလို့ ပါ။ အော်…ပြီးတော့ သူက သဘာဝပါတ်ဝန်းကျင်ကို အင်မတန်မြတ်နိုးတွယ်တာလွန်းသူ ဖြစ်နေလို့ ပါ။ သူ့ ဘဝနှောင်းပိုင်းတလျှောက်လုံး ရောက်လေရာမှာ ငှက်ပျောရွက်တဲထိုးပြီး အင်မတန် လွတ်လပ် နှိမ့်ချ ငြိမ်းချမ်းစွာ နေသွားခဲ့တာမို့ သူ့ နာမည်ကို ငှက်ပျောရွက်တဲ လို့ အဓိပ္ပါယ်ရှိတဲ့ ဗသျှိုး လို့ ခေါ်ခဲ့ကြတာပဲ။
ဒီကနေ့  တော့ အဲဒီစာအုပ်ထဲက စာပိုဒ်တပိုဒ်နဲ့ ကဗျာတချို့ ကို လက်ဆောင်အဖြစ် ဝေမျှခံစားဖို့ တင်ပေးလိုက်ပါတယ်။ ကျနော့်လိုပဲ နှစ်သက်နိုင်ကြကောင်းပါရဲ့။ ပထမတုန်းကတော့ ဒီစာအုပ်ကို တအုပ်လုံးရိုက်ပြီး တင်မလို့ ပါပဲ။ ဒါပေမယ့် နောက်ကြတော့ ကိုယ်လိုရာပြောရင်းက တပိုဒ်ချင်းဆီ တင်သွားတာက ပိုကောင်းမယ်လို့ ယူဆပြီး အခုလို ရွေးပြီးတင်ပေးလိုက်တာပါ။
ကိဆကတ
ငါ မြင်တွေ့ ခဲ့ပြီးသမျှ ကုန်းနဲ့ ရေ အလှတို့ ဟာ များလှပြီ။ ဒါပေမယ့် ဆကတ ဆိပ်ကမ်းက အရှေ့ မြောက် နှစ်ဆယ့်လေးမိုင်လောက်မှာရှိတဲ့ နာမည်ကျော် ကိဆကတ ရေအိုင်ကို မြင်ရဦးမယ်ဆိုတော့လည်း ငါ့ရင်တွေ ခုန်မိသေးတော့တယ်။ တို့ ဟာ တောင်တွေကျော်၊ ကမ်းခြေတလျှောက်ဆင်း၊ သဲကန္တာရထဲ ရုန်းကန်ရင်း ခရီးနှင်လာခဲ့ကြတာ နေဝင်လုလုအချိန် ခရီးဆုံးကို ရောက်လာခဲ့ကြပါတယ်။
ပင်လယ်ထဲက လေပြင်းတိုက်ခတ်လာသမို့ သဲတွေ ထကြွကာ မိုးသဲကလည်းရွာပြန်တော့ ချိုးကအိတောင် ကို မမြင်နိုင်ချေဘူး။ ကိုယ့်ရှေ့ မှာ တည်နေတဲ့အလှတွေကို စိတ်ကူးနဲ့ မြင်ယောင်ကာ မှောင်မှောင်မဲမဲထဲ စမ်းဝါးသွားရတာကလည်း အရသာတမျိုးပါပဲ။ မိုးစင်သွားရင် ပိုလှတဲ့မြင်ကွင်းကို မြင်ရမှာပဲလို့ လည်း တွေးမိတယ်။ တံငါသည်ရဲ့ သက်ငယ်တဲကလေးထဲ တိုးဝင်ခဲ့ကာ မိုးအတိတ်ကို စေါင့်နေမိရဲ့။
နောက်နေ့ မနက်မှာ ကောင်းကင်ဟာ တိမ်စင်ပြီး၊ နေထွက်လာကာ ထိန်ထိန်ငြီးငြီး ထွန်းပနေတဲ့အခါ ငါတို့ လှေနဲ့ ရေအိုင်ထဲ ထွက်ခဲ့ကြတယ်။
ပထမဆုံး နိုးအင်ကျွန်းကလေးမှာဝင်၊ ဆရာတော် နိုးအင် သုံးနှစ် ဧကစာကျင့်ခဲ့ရာ တဲပျက်ကလေးကို သွားကြည့်။ တဖက် ကျွန်းဆီဆိုက်ပြန်တော့ ချယ်ရီပင်အိုကြီးတပင်တွေ့ ရတယ်။ ဆာအိဂျိုးက
ပန်းပွင့်တွေပေါ် လှော်ခတ်သွား
တံငါသည်တို့ ရဲ့ လှေများ။
လို့ ဖွဲ့ နွဲ့ ခဲ့တာ သူ့ ကိုပေါ့။ အပင်ကြီးက ကဗျာဆရာကို အထိမ်အမှတ်ပြုနေရဲ့။
အိုင်စွန်းမှာ ဘုရင်မ ဂျင်ဂူရဲ့ သချိင်္ုင်းလို့ ဆိုကြတဲ့ သင်္ချိုင်းတော်တခု ရှိတယ်။ အနားက ဝတ်ကျောင်းကို ကန် မန်ဂျူ-ဂျိ(ဒီတက် ဒီကျ) ပုလဲဝတ်ကျောင်းလို့ ခေါ်တယ်။ ဒီဒေသကို ဘုရင်မကြီးရောက်ခဲ့တယ်လို့ အရင်က မကြားဖူးဘူး။ (သူ့ ကို ဒီမှာမြှုပ်တယ်ဆိုတာ) ဟုတ်မှ ဟုတ်ပါ့မလား သံသယ ဝင်နေမိတယ်။
ဝတ်ကျောင်းက ဆရာတော့် ခန်းမမှာထိုင်တဲ့ကာ တရုပ်ကပ်တွေကို မတင်လိပ်လိုက်တဲ့အခါမတော့ ကိဆရေအိုင်ရဲ့ ရှုခင်းတရပ်လုံးဟာ ရှေ့ မှာ ပေါ်လာပါတော့တယ်။
တောင်ဖက်မှာက မိုးကောင်းကင်ကို တိုင်ထောက်ထားတဲ့အလား ချိုးကအိတောင်၊ သူ့ ပုံရိပ်က ရေအိုင်ထဲမှာ ထင်ဟပ်နေရဲ့။ အနောက်ဆီမှာ လမ်းကို အုယမူယ နယ်စပ်အထိမြင်ရတယ်။ အရှေ့ ဘက်မှာတော့ ကန်ဘောင်ရိုးတလျောက် လမ်းဟာ ဆက်သွားပြီး အဝေး အကိတ ဆီ ရောက်သွားတယ်။ ပင်လယ်က မြောက်ဘက်မှာ ပင်လယ်လှိုင်းတို့ ရေအိုင်ထဲဝင်ရာအရပ်ကို သျှိုးဂေါရှိ (ဒီရေလမ်း) လို့ ခေါ်တယ်။
ကိဆကတရေအိုင်ဟာ အလျားနှစ်မိုင် အနံနှစ်မိုင်ထက် မပိုတတ်ပေမယ့် မတ်ဆုရှိမ ကို သတိရစေတော့တယ်။ ဒါပေမယ့် တူတော့မတူကြဘူး။ မတ်ဆုရှိမ က ရယ်ရယ်ပြုံးပြုံးအလှ၊ ကိဆကတ ရဲ့ အသွင်က ကြေကွဲဝမ်းနည်းနေဟန်မျိုး၊ စိတ်ဆင်းရဲနေသူတဦးရဲ့ စိတ်ဒုက္ခအထီးကျန်ဘဝ။
ကိဆကတ မှာ
မိုးရထဲက ဆေရှိနွယ်
ပိုးပင်ရဲ့ ပန်းပွင့်
ဆေရှိ(တရုပ်-ဆီရှိ) ဆိုတာ ကြေကွဲဟန်သွင်နဲ့ အလှထူးသူရယ်လို့ ထင်ရှားခဲ့တဲ့ တရုပ်မင်းသမီးးတစ်ဦးပါ။ ။ဘာသာပြန်သူ)
သျှိုးဂေါရှိ ကမ်းခြေ
အေးမြ ရေစပ် လူးလာနေ
ခြေတံရှည် ကြိုးကြာ။
သျှိုးဂေါရှိ ပွဲတော်
ဘာကိုများ စားကြပါလိမ့်
အထူးအစားအစာ။
ဆောရ
(သူတို့ တဲလေးမှာ ဝရန်တာမရှိလို့ သဲပေါ်ပြင်ချပ်ခင်းကာ ထိုင်နေကြတဲ့ တံငါမိသားစုကိုကြည့်ပြီး ရေးလိုက်ပုံရတဲ့ကဗျာ။ ။ ဘာသာပြန်သူ)
တံငါတို့ ဘဝ
သဲပေါ် ပျဉ်ချပ်လေး ခင်းလို့ 
ညနေ အေးမြမြ။
ကျောက်ဆောင်ပေါ် အသိုက်ဖွဲ့ ထားတဲ့ ဝံငှက်မောင်နှံကို မြင်ရတဲ့အခါ...
ကျောက်ဆောင်ပေါ် အသိုက်
လှိုင်းတို့ နဲ့ စစ်ရပ်ထားရော့ ထင့်
ပင်လယ် သိမ်းငှက်တို့ ။
ဆောရ
(အထက်က နိုအင်ကျွန်းအကြောင်း ရေးရာမှာ ဗသျှိုး ကိုးကားခဲ့တဲ့ ဆာအိဂျိုး ရဲ့ ကဗျာအပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ်။
ကိဆကတ ရဲ့
ချယ်ရီပင်ဟာ လှိုင်းတွေနဲ့ 
ဖုံးလွှမ်းနေတော့တယ်
ပန်းပွင့်တွေပေါ် လှော်ခတ်သွား
တံငါသည်တို့ ရဲ့ လှေများ။ ။ဘာသာပြန်သူ)
(ဆရာ မောင်သာနိုး ဘာသာပြန်တဲ့ ဟိုက္ကု ကဗျာခရီးသည် ဗသျှိုး စာအုပ်မှ ကူးယူခြင်းဖြစ်ပါတယ်။)
December 03, 2009
နိုင်ဝင်းဆွေ ရဲ့ နွေတည ဝတ္ထု ရှင်းတမ်း
လွန်ခဲ့တဲ့ (၆) လလောက်က ချစ်ခင်ရသူ ဘလော့ဂါ ကဗျာဆရာလေး ညိမ်းညို နဲ့ ကျနော် ဆရာနိုင်ဝင်းဆွေအကြောင်း စကားစပ်မိခဲ့ကြပါတယ်။ သူက ကျနော်တို့ ထက် သက်တမ်းတဝက်မက ငယ်ရွယ်သူဖြစ်တာရယ်…၊ ပြည်တွင်းမှာ ဆရာနိုင်ဝင်းဆွေရဲ့ ဝတ္ထုစာအုပ်တွေ ထပ်မံထုတ်ဝေခွင့်မရနိုင်ရုံတင်မက သူ့ နာမည်တောင် ဖေါ်ပြခွင့်မရနိုင်တဲ့အခြေအနေမှာ (ကို)ညိမ်းညိုတို့ လို လူငယ်တွေ ၊ ဆရာနိုင်ဝင်းဆွေကို နာမည်သာကြားဖူးတော့တာ ဝမ်းနည်းဖို့ ကောင်းတဲ့အကြောင်း ကျနော် ပြောပြခဲ့ဖူးပါတယ်။
ဒီလိုစကားစပ်မိကြရင်းက ကျနော်က နွေတည အကြောင်းပြောမိတော့တာပေါ့။ နွေတည ရဲ့ မှော်ဝင်ရသ ကို ကျနော်ပြောပြခဲ့မိတယ်။ညိမ်းညိုကလည်း ကျနော့်ဘလော့မှာ တင်ဖို့ တိုက်တွန်းတယ်။ ဒီတုန်းက ကျနော်က ကွန်ပျူတာနဲ့ စာ ကောင်းကောင်းမရိုက်တတ်သေးတာရယ်..၊ သူများရိုက်ရင်လည်း စိတ်တိုင်းမကျဖြစ်မှာသေချာတာရယ်ကြောင့် ရုတ်တရက် ဒီဝတ္ထုကို မတင်ဖြစ်ခဲ့ဘူး။ ဒီမှာတင် ညိမ်းညို က သူ ကူညီပြီးစာရိုက်ပေးပါ့မယ်၊တင်ဖြစ်အောင်တင်ပါဆိုတာနဲ့  နွေတည ပထမပိုင်း၊ဒုတိယပိုင်း (၂) ပိုင်းကို စကင်ဖတ်ပြီး ဆရာလေးညိမ်းညိုဆီ ပို့ ခဲ့တယ်။ နွေတည ပထမပိုင်းနဲ့ ဒုတိယပိုင်း က ချစ်ခင်ရတဲ့ ညိမ်းညိုလေးက စာရိုက်ပေးခဲ့တာပါ။
နွေတည ကို ကျနော့်ဘလော့မှာတင်တော့ ကိုတင်မင်းထက် နဲ့ လည်း မိတ်ဆွေဖြစ်လာရတယ်။ သူက နွေတည ကို အပိုင်း (၁၁) အထိ ရိုက်တင်ခဲ့ပြီးတဲ့ နွေတည ခရေဇီတဦး…။ ဒီတော့ ကျနော့်ဆီကို နွေတည ပထမအကြိမ်ထုတ်စာအုပ် မျက်နှာဖုံးပုံနဲ့ နွေတည ကို ရှုမဝမဂဇင်းမှာ အခန်းဆက် လစဉ်ဖေါ်ပြခဲ့စဉ်က နောက်ဆုံးနိဂုံးပိုင်းမှာ ဖေါ်ပြတဲ့ ည မှုန်ရီရီအောက်က ရထားဘူတာရုံ မြင်ကွင်းပန်းချီကား တွေကို ကိုတင်မင်းထက် က အားတက်သရောပို့ ပေးကူညီခဲ့တာပါ။
မှတ်တမ်းတင်ရမယ့်သူတွေထဲမှာ ဒုက္ခသည်စခန်းထဲက ခဏပြန်လာနေတဲ့ တူမလေး လည်းပါပါတယ်။ သူကတော့ နိုင်ဝင်းဆွေဝတ္ထု တတိယပိုင်းကစပြီး နောက်ဆုံးပိုင်းအစ အထိ ၊သူတယောက်ထဲ ဒိုင်ခံ ရိုက်ပေးခဲ့တာပါ။
ကျနော်ကတော့ ရိုက်ပြီးသားစာမူတွေကို အကြိမ်ကြိမ်ပြန်စစ် ပြန်ဖတ်လုပ်ပြီးမှ ကျနော့်ဘလော့မှာ တင်ပေးခဲ့တာပါ။ အဲ..နောက်ဆုံးတပိုင်းကြတော့ တူမလေးနဲ့ ကျနော် အငြင်းအခုန်လုပ်ပြီးမှ သူ ခွင့်မပြုပဲ သူမသိအောင် အဲဒီနောက်ဆုံးပိုင်းအများစုကို ကျနော်ကိုယ်တိုင် စာရိုက်ပြီးမှ တင်ခဲ့တာပါ။ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်အားတင်းပြီးမှ ဒီ နိဂုံးပိုင်းကို စာရိုက်ခဲ့ရပါတယ်။
နောက်ထပ်ပြီး ကျေးဇူးတင်စကားပြောရမယ့်သူတွေကတော့ ကွန်းမင့်တွေ ဝင်ရေးခဲ့ကြတဲ့ ချစ်မိတ်ဆွေ နွေတည ပရိဿဒ်များပဲဖြစ်ပါတယ်။ ကွန်းမင့်ဝင်မရေးပေမယ့် နှုတ်နဲ့ ဝင်ပြီးအားပေးကြသူတွေကိုလည်း ကျနော်ကျေှးှဇူးတင်တယ်။
အခု နွေတည ဝတ္ထုကို အစအဆုံး ကျနော်တင်နိုင်ခဲ့ပါပြီ။ စာလုံးအကျအပေါက်အမှားအယွင်းများနဲ့ အခြားအမှားအယွင်းကိစ္စများရှိခဲ့ရင် ကျနော့်တာဝန်သာဖြစ်ပါတယ်။ နားလည်ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါတယ်။ နောက်မကြာခင်မှာ ချစ်ရဲဘော်လေး ကိုတင်မင်းထက် က ပီဒီအက်ဖ်ဖိုင်လုပ်ပြီး ကျနော့်ဘလော့မှာ လုံးချင်းစာအုပ်အနေနဲ့ တင်ထားမှာဖြစ်ပါတယ်။ ပုံနှိပ်စာအုပ်ဖြစ်လာရအောင်တော့ ကျနော်ထပ်ပြီး နည်းလမ်းရှာရပါလိမ့်ဦးမယ်။
နွေတည ဝတ္ထု ရှင်းတမ်းကတော့ ဒါပါပဲ။
အားလုံးကို ချစ်ခင်လေးစားလျက်
ငြိမ်းဝေ
နွေတည
နိဂုံးများရဲ့ နိဂုံး
ဘူတာနံဘေး ကုက္ကိုပင်များအောက်တွင် ဝေ နှင့်သမီးလေးပျောက်ကွယ်လုလုအချိန်တွင် အခြားကမ္ဘာသ့ို့ ဆက်၍ ခုတ်မေါင်းတော့မည့် ရထားသည် ဖြေးဖြေးလေးလေး ရွေ့ ရှားလိုက်လေသည်။
ဤဘူတာကလေးမှ မီးရောင်များသည် တဖြေးဖြေးဝေးကွာလာလျက် နောက်ဖက်တွင် မှိန်ပျောက်ကျန်ရစ်နေခဲ့တော့သည်။ ရထားသည် မဲမှောင်သောညကို ဖြတ်သန်း၍ မောင်းနှင်နေသည်။
ကျနော်သည် ရထား၏ ပြတင်းဝမှ မရွေ့ လျားသေး။
အပြင်ဖက် မဲမှောင်နေသည့် ကောင်းကင်ပြင် အနက်ထည်ကြီးထဲဝယ် တလက်လက် အဆုပ်အခိုင်လိုက် တောက်ပနေကြသော ကြယ်ဖူးကြယ်ပွင့်ငယ်များကို မျှော်ကြည့်နေသည်။ ဤ ကြယ်ဖူးကြယ်ပွင့်ကလေးများ၏ အလှအပ ချစ်စဖွယ်ကောင်းပုံထက် ကျနော့်သမီးလေး စပယ်ခိုင် အဆရာထောင်ပိုမို၍ ချစ်စဖွယ်ကောင်းလေသည်။
‘ဝေ သည် သမီးလေး ခိုင်စပယ် အား ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပဲ့ပြင်နိုင်ပါစေသတည်း‛ ဟု ကျနော် ကြေကွဲလှစွာ ဆို့ နင့်လှစွာ ဆုတောင်းနေပါသည်….ဝေ။ ။
ပြီးပါပြီ။
နိုင်ဝင်းဆွေ

နိဂုံးပိုင်းမှ အဆက်...
ကျနော်သည် စိတ်ပင်ပန်း နွမ်းနယ်လှစွာဖြင့် နောက်မှီအပေါ်သို့ ခြေပစ်လက်ပစ်မှီလိုက်လေသည်။
ထို့နောက် ရှေ့ဖက်၌ မြို့၏မီးရောင်တန်းများ၌ ကောင်းကင်ပြင်သို့ထိုးတက်နေသည်ကို လှမ်းမြင်တွေ့ရလေသည်။ အဝေးပြအလံတိုင်ကို ကျော်လွန်လျှင် မီးရထားသည် စက်ရှိန်ကို လျှော့ချလိုက်သည်။ နောက်ဆုံး၌ မရောက်ချင်သောဘူတာ၏ရှေ့တွင် ရထားသည် ကိုယ်ရှိန်သတ်ပြီး ရပ်တန့်လိုက်တော့သည်။
တွဲပေါ်မှခရီးသည်များ တိုးဝှေ့ ဆင်းသက်သွားကြသံ၊ ထို့နောက်တွဲပေါ်သို့ လူအများ တို့ဝှေ့တက်နေသံ၊ ပစ္စည်းများမရွှေ့သံ၊ ခေါ်သံဆူသံ၊ ဈေးရောင်းချသံ၊ အသံ ပေါင်းစုံသည် ဤဘူတာရှေ့၌ ဖြစ်ပေါ်နေသည်။
ကျနော်လည်း ဘူတာစင်္ကြံကိုကြည့်ုလိုလာပြန်သည်။ရထားပြတင်းမှ ကိုယ်ကိုညွတ်ပြီး ခေါင်းကိုအပြင်ထုတ်၍ ကြည့်လိုက်မိပြန်လေသည်။
ဟေမန်မှထွက်လာပြီး ဝေနှင့် ကျနော်ထိုင်ခဲ့ရာ ထောင့်ဖက်မှ ထိုင်ခုံတွင်ဟိုစဉ်ကလိုပင် အမှောင် ဘက်ခြမ်း၌ သမီးလေးအတွက် စိတ္တဇဖြစ်လျက် ငေးမော ထိုင်နေခဲ့သည်။ထိုအခါက ဝေ့မျက်လုံးထဲ၌ မျက်ရည်များ ပြည့်သိပ်နေသည်။ထို့ နောက် ဤ ၇-၃၅ ရထားပေါ်တွင်ပင် ဝေနှင့်ကျနော်သည် တိုးဝှေ့ တက်ရောက်လာကြကာ အိမ်သာထောင့် အပေါက်ဝ၌ အမှောင်ရိပ်တွင် ရပ်လိုက်ကြသည်။ ရထားထွက်သောအခါ ဝေသည် သူ့ ကိုယ်ကလေးကို ကျနော့်ရင်ခွင်ထဲ ကျစ်ပြီးတိုးဝင်လျက် သမီးကလေးကို တမ်းးတမ်းတတဖြစ်နေခဲ့လေသည်။
ယခုလည်း ဘူတာရုံစင်္ကြန်ပေါ်မှ နာရီကြီးသည် အိမ်မြှောင်တကောင် ထခုန်သလို လက်တံရှည်တခု ဆပ်ကနဲရွေ့ လျားသွားလေသည်။ နောက် နှစ်မိနစ်အတွင်း ရထားထွက်ခွါတော့မည်။ စင်္ကြန်မှ မီးရောင်များသည် ရထားတွဲများကို လာ၍ဟပ်နေသည်။ ကျနော့်မျက်နှာတခြမ်းမှာ တွဲအပြင်ဘက်၌ရှိနေဆဲ။
ထိုအချိန်တွင် ဘူတာစင်္ကြန်၏ အလယ်ပေါက်မှ မီးရောင်အောက်သို့ အပြင်ဘက်မှ ကလေးချီထားသော မိန်းမတဦး အရေးတကြီးပြေးတက်လာသည်။ သူသည် ဤ ၇-၃၅ ရထားကို အမှီလိုက်ရန် အရေးကြီးလာပုံ၊ ခရီးဝေးမှ အပြေးလာရပုံရသည်။
အပြာနုရောင် နွမ်းကြေနေသောထမိန်ကို ခြေသလုံးသားပေါ်အောင် ဝတ်ထား၍ နွမ်းပြီး ဝါရင့်ရောင်သန်းနေသော အင်္ကျီ၏ ပခုံးစပေါ်တွင် တဘက်စုတ်ကလေးတထည်ကို တင်ထားပြီး တပတ်လျှိုဆံထုံးမှာ ပြေကျခမန်း ပွယောင်းနေလျက် နှစ်နှစ်သမီးအရွယ် ခလေးကလေးတဦးကို ချီထားသည်။ သူပြေးဝင်လာပုံမှာ တွဲပေါက်ဝမှနေ ကြည့်သောအခါ မပီမသ စုတ်ချက်များဖြင့် ရေးချယ်ထားသည့် ပန်းချီကားတချပ်ကဲ့သို့ ပင် အဝေးဆီ၌ မီးရောင်အောက်ဝယ် မကွဲမပြားဖြစ်နေသည်။
သူသည် ရထားအလည် တွဲဘက်ကို ဦးတည်ပြေးလွှားလာနေစဉ်တွင် ကျနော့်စိတ်နှလုံး၊ အာရုံမှန်သမျှမှာ ကြေကွဲမှုအပေါင်း ပြည့်သိပ်လာရလေပြီ။ သူကား ဝေဖြစ်နေသည်။ တိုက်ဆိုင်လှစွာ ဝေနှင့်မှ လာတွေ့ နေပါသည်။ မိမိ၏ ဇနီးဟောင်း ဝေ။ ငါးနှစ်ကျော်ကျော် ကွဲကွာခဲ့ပြီးသည့် ဝေ။ အတိတ်၏ ပန်းချီကားချပ်များထဲတွင် မှုန်ရေးရေးပျပျ ထင်နေသောဝေ။
ပန်းချီကားချပ်၏စုတ်ချက်များမှာ ကြည့်ငေးနေရင်းမှာပင် ပီသလာနေသည်။
ဝေ့မျက်နှာဝိုင်းဝိုင်းစက်စက်ကလေးမှာ ယခင်ကအတိုင်းပင်။ အသားရောင်မှာမူ နည်းနည်းညိုသွားသည်။ ဆံပင်ပေါ်မှ လှိုင်းတွန့်် အလိပ်ကြီးမှာ မရှိတော့။ သူ့ နားတွင်ရှိသည့် ကျောက်အပြာနားဆွဲအစား နားကပ်ကလေးတရံမှ စိန်ရောင်အသွေးကျောက်သည် မီးရောင်အောက်တွင် ခဏမျှလက်သွားသည်။ မို့ နေသော ပါးတို့ မှာ ပြေလျောကျသွားပြီ။ ပါးပေါ်၌ တပိုင်းတစ ချွေးစွန်းကွက်နေသော သနပ်ခါးရေကြဲလိမ်းထားပုံသည် မီးရောင်အောက်တွင် တဖြေးဖြေးပေါ်လာသည်။
ယခုတဖန် ပြန်လည်မြင်တွေ့ နေရသော ဝေမှာ စပါးသယ်အလုပ်သမလေး မခင်ဝေ ပြန်ဖြစ်နေပေပြီ။ မခင်ဝေ၏ အလှတရားတို့ မှာ မူရင်းအတိုင်း ပြန်၍ ပေါ်လာနေပေပြီ။ယခု ဝေ့မျက်နှာမှာ သောက ဒုက္ခဒဏ်ချက်များ အဖန်ဖန်ခံခဲ့ရပြီး၍ ရင့်ကျက်တည်ငြိမ်နေပုံမျိုးဖြစ်နေ၏။ သူ့ မျက်နှာပေါ်မှ အပြုံးများမှာ မရှိတော့။ အပြုံးရိပ် အပြုံးရောင်ကလေးမျှပင် မမြင်တွေ့ ရတော့။
ကျနော်သည် ခေါင်းကို တွဲအတွင်းသို့ ပြန်သွင်းပြီး အမှောင်ဘက်သို့ တိုးရွှေ့ လျက် ငြိမ်သက်နေလိုက်သည်။ ထိုစဉ်မှာပင် ဝေသည် ကျနော်စီးရာ တွဲရှေ့ သို့ ရောက်လာနေသည်။ သူ့ လက်ထဲမှ သမီးလေးကို လှမ်းမြင်နေရသည်။ ကလေး၏မျက်နှာမှာ ရွှင်လန်းနေလျက်၊ မျက်နှာဝိုင်းဝိုင်း၊ နှာတံ၊ ပါးစပ်၊ မျက်ခုံး၊ မျက်လုံး၊ သွင်ပြင်အပေါင်းသည် ဝေ၏ကိုယ်စား ရုပ်တုကလေးတခုကဲ့သို့ ပင်ဝေနှင့် တပုံစံတည်းတူနေသည်။ကလေး၏ ညစ်နေသော ဂါဝန်ကလေးမှာ ဝေ့ ခါးပေါ်တွင် ဝဲနေသည်။
ဤကလေးနှင့် သမီးကလေး စပယ်ခိုင်ကို ခွဲ၍မရ။သမီးလေး စပယ်ခိုင်ပင် မြေကြီးထဲမှ ခွဲထွက်၍ထလာသလား။
မိမိ၏အသွေးတို့ ဖြင့် တည်ဆောက်ထားသည့် သမီးလေး စပယ်ခိုင်။
ကျနော်သည် အမှောင်ဘက်သို့ တိုးရွှေ့ လိုက်သည်။ ထိုအချိန်တိုကလေးတွင် ကျနော့်တကိုယ်လုံးမှာ ထိန်းမရနိုင်အောင် သွက်သွက်ခါမျှ လှုပ်ရှားနေသည်။ မမြင်နိုင်စွမ်းသော သံယောဇဉ်ကြိုးများသည် သမီးလေးစပယ်ခိုင်အမှတ်ဖြင့် ယခု ဝေ့သမီးလေးအပေါ်၌ တင်းကြပ်စွာ ရစ်ပတ်နှောင်ဖွဲ့ နေပြီ။
ဝေသည် သူ၏ တတိယ အိမ်ထောင်နှင့်ပင် မြဲနေသလား။ ဤသမီးကလေး၏ဖခင်သည် မည်သူနည်း။ ယခုဝေသည် အိမ်ထောင်ကင်းမဲ့ လွတ်လပ်နေသလား။ ဤသမီးလေးတွင် ဖခင်စုံလင် ရှိသေးရဲ့လား။ သူ့ ဖခင်သည် သမီးလေးကို ချစ်နိုင်ရဲ့လား။ ဝေ့ကိုရော သားမှတ်မှတ် မယားမှတ်မှတ် ကြင်ကြင်နာနာ ပေါင်းသင်းပါရဲ့လား။ ဤအရာတို့ သည် ကျနော်နှင့် မပတ်သက်သော အတွေးများဖြစ်၏။ ထို အတွေးစအပေါင်းကို ဖြတ်တောက်ပစ်ပယ်ထားရမည်။
ထိုစဉ်တွင် ဝေသည် အလယ်တွဲအပေါက်ဝသို့ ရောက်လာပြီး တွဲလက်ကိုင်ကို ဆွဲ၍တက်လိုက်လေသည်။ သူသည် တွဲပေါက်ဝမှ ခရီးသည်များကို တိုးဝှေ့ ပြီး တွဲအလယ်ဘက်သို့ လျှောက်လာနေသည်။ ဤတွဲကိုမှ ဝေသည် ရွေးတက်သလိုဖြစ်နေသည်။ ကံကြမ္မာတို့ သည် ဝေနှင့်ကျနော့်အား ပြန်လည်ဆုံတွေ့ စေရန် ဖန်ဆင်းပေးနေသလား။ ကျနော်သည် တွဲထောင့်၌မလှုပ်မယှက် ငြိမ်သက်နေ၏။ ဝေသည်တွဲအလယ် အမှောင်ထဲတွင် ရပ်တန့် လိုက်လေသည်။
“မေမေ ကားကြီးစီးမယ်နော်”ဟု ခလေး၏ပြောလိုက်သံသည် ကြားထဲတွင်ခြားထားသော လူအများကိုကျော်ဖြတ်ပြီး ကျနော်ကြားရလေသည်။
ရထားထွက်ခွါရန် ကြေညာသံသည် ပလက်ဖေါင်းစင်္ကြန်တွင် ပျ့ံလွင့်လာလေသည်။ ရထားသည် အသက်ရှူမွန်းကြပ်နေသော ဤဘူတာမှ စတင်ထွက်ခွာလေသည်။ ပလက်ဖေါင်းမီးရောင်များ တရွေ့ ရွေ့ နောက်ဘက်သို့ ရွေ့ သွားနေသည်။ မီးရောင်တခုသည် ကျနော့်နံဘေး ခုံအားပေါ်သို့ ကျရောက်လာသည်။ ဝေသည် အမှောင်ထဲမှ လှမ်ပြီး ခုံအားကို မြင်လိုက်ကာ လူကြားထဲမှတိုးဝှေ့ ပြီး လာနေသည်။ ရထားထွက်ခွာနေသဖြင့် သူ့ ကိုယ်ကလေးမှာ ယိမ်းထိုးလှုပ်ရှားနေသည်။
ကျနော်သည် ထောင့်ဖက် အမှောင်ထဲတွင် ငြိမ်သက်နေပြီး သူ့ ကိုလှမ်းငေး၍ကြည့်နေသည်။သူသည် ခုံစွန်းထိပ်တွင် ရပ်တန့် လိုက်လေသည်။
“ကျမ ခလေးနဲ့ မိုလို့ ဒီနေရာမယ် ထိုင်ပါရစေရှင်၊ လက်ဆွဲအိပ်ကလေး နည်းနည်းဆွဲယူပေးပါ၊ ကျမ ရှေ့ တဘူတာကျော်မယ်ဆင်းမှာပါ၊ မှောင်လိုက်တာနော် မီးသီးတွေကျွမ်းနေတာဘဲ”
ဝေ၏အသံသည် ကျနော့်ရှေ့ နားဝယ် ပျံဝဲနေသည်။ ထိုအသံကို မကြားခဲ့ရသည်မှာ ကြာပြီဖြစ်သော်လည်း ကျနော့်စိတ်နှလုံးထဲတွင် ဂယက်လှိုင်းရိုက်လျက် မှတ်မိနေသည်။ ဤအသံဖြင့်ပင် တအိပ်ယာထဲ၌ စကားတိုးတိုးပြောခဲ့ရဖူး၏။ ဤအသံကိုကြားခဲ့ရသည့်အကြိမ်ပေါင်းမှာ ကုဋေကုဋာများစွာဖြင့် ဖွဲ့ တွက်ရမည်။ ထိုအသံသည် ကျနော့်တကိုယ်လုံးကို တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့ လေသည်။
ကျနော်သည် ကိုယ်ကို မလှုပ်ရှားပဲ လက်ဆွဲအိပ်ကို လှမ်းယူလိုက်၏။ ထိုအချိန်တွင် ပလက်ဖေါင်းမီးရောင်များမှာ နောက်ဖက်တွင် ကျန်ရစ်ခဲ့သဖြင့် ဤနေရာများတဝိုက်တွင် အမှောင်ရိပ်လွှမ်းနေသည်။ သူသည် ခုံအား၌ဝင်ထိုင်လိုက်ပြီး သူ့ သမီးလေးကို ကျနော်နှင့်သူ့ ကြား၌ချ၍ သူနှင့်ကျနော့်ကို တားဆီးဖြတ်သားထားသည်။
“သမီးလေး ခဏထိုင်အုံးနော်”
သူသည် ကျနော့်အသက်ရှူသံကို မှတ်မိသွားနိုင်သည်။ အမှောင်ထဲ၌တိုးကျစ်နေသော ကျနော့်ကိုယ်ဟန်ကို မှတ်မိသွားနိုင်သည်။ ကျနော့်ကို မှတ်မိလိုက်လျင် ဝေသည် ကျနော့်ကို ဇွတ်ဖက်ထားပြီး ငိုယိုကာ သူ့ ကို ကျနော်ဘာကြောင့် စွန့် ပစ်သွားရသည်ကို ဇွတ်မေးမြန်းပြီး ကျနော့်နောက်မှ မခွဲခွာတမ်း တွယ်ကပ်လိုက်လာတော့မည်။ သူ့ ကို သတ်ချင် သတ်ပစ်ခဲ့ပါတော့ဟု ပြောလိမ့်မည်။
ရထားသည် မြို့ အစွန်ကိုကျော်လာပြီး ကွေ့ ကြီးအတိုင်း တောင်ခြေဘက်သို့ ခေါင်းကို လှည့်ကွေ့ ကာ နွေည၏အမှောင်ထုထဲဝယ်ပြေးနေသည်။တောင်၏အထက် ကောင်းကင်နက်မှောင်ထဲတွင် ကြယ်ပွင့်များအဆုပ်လိုက်အခိုင်လိုက် တောက်ပနေသည်။ ပြိုးပြိုးပြက်ပြက် ကြယ်ရောင်ခြည်များသည် အနားတွင်ကပ်ထိုင်နေသော ဝေ့ကိုယ်ကလေးကို ဝိုးတဝါးမျှ မြင်ရရုံကလေးဖြစ်အောင် ထွန်းညှိပေးနေသလိုပင်။
ကလေး၏လက်တဖက်သည် ကျနော့်ပေါင်ပေါ်သို့ လာတင်ထားသည်။ ထိုအခါတွင် စိတ်လှုပ်ရှားလှစွာဖြင့် ကလေး၏လက်ကလေးကို ကျနော်သည် မသိမသာ တုန်ယင်စွာ ဆုပ်ကိုင်ထားနေသည်။ ‘သမီးလေး‛ ဟု ခေါ်လိုက်ချင်သောဆန္ဒ၊ ကလေးအား ပွေ့ ဖက်နမ်းရှုံ့ လိုသောဆန္ဒ၊ ကလေးအား မိမိ၏သမီးလေးစပယ်ခိုင်ဟု မှတ်ယူလိုသောဆန္ဒ၊ ဤကလေးအား မိမိ၏သမီးလေးပင်ဖြစ်နေစေလိုသောဆန္ဒ၊ ဆန္ဒအပေါင်းသည် အဆိပ်တက်နေသလို ကျနော့်တကိုယ်လုံးတွင် တရိပ်ရိပ်မွှန်းနေသည်။ ဝေသည် အမှောင်ထဲ၌ တဖက်မှနေ၍ ကလေး၏ပါးကလေးတဖက်ကို ပွတ်သပ်ပေးနေသည်။ ဝေ၏ အသက်ရှူသံကို ဤရထားဆူညံနေစဉ်တွင် မကြားနိုင်သည် အမှန်ဖြစ်သော်လည်း ကြားနေရသည်ဟု ကျနော်တွေးနေသည်။ ထို့ နောက် ဝေနှင့်ကျနော်သည် အသစ်တဖန်တွေ့ ဆုံ ဆုံစည်းလာသည့် မောင်နှံဟု ကျနော့်စိတ်ထဲ၌ထင်နေပြန်သည်။ ဤအထင်တို ၊့ ဤအတွေးတို ၊ ဤအဖြစ်အပျက်တို့ သည် အိပ်မက်မည်မျှဆံပါသနည်း။ ကြေကွဲဖွယ်ရာ အိပ်မက်ပေဘဲ ဝေ။
ကလေးသည် သူ့ အမေကို မော့ကြည့်လိုက်ပြီး မေ…မေ…မေ..ဟု မပီကလာခေါ်လိုက်သံကို ဤခုံတန်းကလေးပေါ်၌အလွန်သာယာ ညင်းညံ့စွာ၊ အလွန်နှစ်သက်ဖွယ်ကောင်းစွာ၊ အလွန်သာယာ ချမ်းမြေ့ဖွယ်ကောင်းစွာ ကြားနေရသည်။
“မေ ရှိတယ်လေ ဘာလဲ သမီးလေး ပြောလေ”
ထိုအသံသည် မေတ္တာအပေါင်းကိုဖွဲ့ ဆိုသော တေးဂီတသံဖြစ်နေ၏။ “မေမေရှိတယ်လေ သားရဲ့”ဟု ဟေမန်၏ ငှက်ပျောဥယျာဉ်ထဲရှိ လူမမာတဲကလေးပေါ်တွင် ဝေ၏ ရယ်သံတဝက်ဖြင့်ပြောခဲ့သောအသံအတိုင်းပင်။
ရထားသည် ကွေ့ ကြီး၏အဆုံးသတ် တံတားရှည်ကြီးပေါ်တွင် ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်သံဖြင့် ဖြတ်သန်းနေသည်။ဝေ့ အသံမှာ ထိုအသံအောက်တွင် ပျောက်ကွယ်နေသည်။ ကလေးသည် ကျနော့်ပေါင်ပေါ်မှ သူ့ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ အမေကို အားကုန်ဖက်ထားနေသည်။
ဝေ သည် ကလေးကို ပြန်ဖက်ထားလျက် ကျေနပ်နှစ်သိမ့်လှစွာ၊ ကြည်နုးစဖွယ် ရယ်နေ၍ ထိုရယ်သံမှာ ဤခုံတန်းတဝိုက်ကို ဖုံးလွှမ်းရန် ကြိုးပမ်းနေသည်။ ဝေ့ ရယ်သံမှာ ဟိုစဉ်က ရယ်သံအတိုင်း။ ထိုအချိန်၌ ဝေ နှင့် ကျနော့်ကြား၌ ဆက်သွယ်မှုပြတ်တောက်ခဲ့သော သံယောဇဉ်ကြိုးအပေါင်းသည် တခုနှင့်တခု အလွန်လျင်မြန်စွာ ဆက်နေ၏။
ဤတံတား၏အောက်မှ ချောင်းသည် မြစ်ထဲသို့ စီးဝင်ပြီး ယခုအခါတွင် ပုံပြင်တခုထဲ၌ ပါဝင်ခဲ့သည်ဟု တွေးရတော့မည်ဖြစ်သည့် ဝေ ၏ ကြော်တဲဆိုင်ရှေ့ ရောက်သွားကာ ဝေ နှင့်ကျနော်တို့ မသိကျိုးကျင် ပြန်၍တွေ့ ဆုံနေကြပြန်ပြီဟု သဲပြင်သောင်စကို ပြောပြလိမ့်မည်။
ရထားသည် တံတားအောက်မှ လွတ်ကင်းလာနေသည်။ ဝေ သည် သူ့ သမီးလေးကို ပွေ့ လိုက်၏။
“ဘာလဲ သမီး ဘာပြုလို့ လဲ၊ သမီးကြောက်လို့ လား၊ ဟော တံတားကို ကျော်ပီးဘီ သမီးရဲ့၊ ထိုင် ခဏလေးထိုင်နေအုံးနော်၊ မေ ချီလာခဲ့ရတာ အဝေးကြီး၊ ဟေမန်က ချီလာရတာ ညောင်းနေဘီ၊ ထိုင်နေအုံးမှပေါ့၊ သမီးက လိမ်မာပါတယ်ကွယ်၊ နော်…နော်”
ကလေးကို ပွေ့ ချီထားသည့် လက်မေါင်းမှာ ကျနော့်လက်မေါင်းကို တချက်တချက် ထိထိနေသည်။
“မင်းဆာတယ်မေ၊ မင်းစားချင်တယ်မေ၊ မီး မင်းဆာတယ်မေ”
“သမီးကလဲကွယ် အိမ် ရောက်တော့မှာဘဲ၊ အိမ်ရောက်တော့ စားပေါ့၊ လမ်းမယ် မပူရဘူးလို့ မေ ပြောထားတယ်မှုတ့်လား၊ လိမ်မာရဲ့သားနဲ့ သမီးရယ်၊ ဟော ရှေ့ ကိုကြည့်စမ်း၊ မီးရောင် လှမ်းမြင်ရတော့မှာဘဲကွယ်၊ သမီးက လိမ်မာပါတယ်နော် ”
“ခင်ဝေ သမီးလေးတယောက်လောက် လိုချင်တယ်၊ ခလေးမရှိတော့ ခင်ဝေ့ကို ပစ်သွားမှာ ကြောက်နေရတာဘဲ၊ ခလေးရှိမှ သူ ပစ်မသွားနိုင်တော့မှာ” ဟု အတိတ်ကာလ၊ ဝေးကွာလှပြီဖြစ်သော အိုမင်းရင့်ရော်ဟောင်းနွမ်းဆွေးမြေ့ခဲ့ပြီးသော အတိတ်ကာလဆီမှ ဝေ ၏ ကလေးဆံသောအတွေး၊ ကလေးဆံသော စကားသံများကို ဖြတ်ကနဲ ကျနော် သတိရ ကြားယောင်လေသည်။ ထိုစဉ်က ဝေ့ အတွေးမှာ စပါးသယ် အလုပ်သမလေး မခင်ဝေ၏ အတွေး။ ယခုမူ မထင်မှတ်သော အဖြစ်အပျက်တို့ သည် ဖြစ်ပျက်ခဲ့ကြပြီးလျက်၊ ဝေ နှင့်ကျနော်သည် နှစ်ပေါင်းများစွာ ကွဲကွာလာကြပြီးပြီ။ ယခု ဝေနှင့် ကျနော်သည် ဤခုံတန်းပေါ်၌ ဝေ မသိဘဲနှင့် ပြန်လည်ဆုံတွေ့ နေရပြန်ပြီ။
ခပ်ဝေးဝေးပြပြတွင် နောက်တဘူတာမှ မီးရောင်များကို လှမ်းမြင်နေရပြီ။ မီးရထားသည် မီးရောင်နှင့်တစထက်တစ တိုးရွှေ့ နီးကပ်သွားနေလေပြီ။
ရထားသည် အပြင်အလံတိုင်ကိုလွန်ပြီး သံလမ်းပွိုင့်အဆက်မှ ကျော်ဖြတ်ပြန်သောအခါ ယိမ်းထိုးလှုပ်ခါသွားလေသည်။ ဝေ၏ ကိုယ်လုံးကလေးမှာ ရထားလှုပ်သဖြင့် ရုတ်တရက် ကျနော့်ကိုယ်နှင့် ထိကပ်သွား၏။ နွေးထွေးအိစက်သော အတွေ့ အထိအာရုံများ ငြိတွယ်ဖြစ်ပေါ်သွားပြန်သည်။ ယခုမူ ဤအထိအတွေ့ အာရုံတို့ မှာ တပ်မက်ဖွယ် မဟုတ်တော့ဘဲ ကြေကွဲဘွယ်ဖြစ်နေသည်။
ဤကြားဘူတာ၌ ငြိမ်သက်စွာ ထိုးဆိုက်ရပ်နားလိုက်လေသည်။ ဘူတာစင်္ကြန်၏ မီးရောင်များသည် ကျနော့်မျက်စေ့ရှေ့ မှ ဖြတ်သန်းသွားသောကြောင့် ကျနော်သည် တွဲ၏ထောင့်သို့  ပို၍တိုးကပ်လိုက်သည်။ ထိုမီးရောင်များသည် ဝေနှင့်ကလေး၏ တကိုယ်လုံးတွင် ထင်ဟပ်နေသည်။
ကလေး၏ပါးကို ပွတ်သပ်နေသော ဝေ့မျက်နှာပေါ်တွင် ကြည်နုးစဖွယ်အပြုံးရိပ်များ လှပစွာ ရှက်ဖြာသန်းနေသည်။ ဝေ့ မျက်လုံးများ၏ တောက်ပသောအလှမှာ ပေါ်လွင်နေသည်။ ဝေ့ မျက်တောင် ကော့စင်းစင်းတို့ သည် မှေးရှက်နေသည်။ ဝေ့ ပါးပေါ်မှ အနီစွေးရောင်သည် ပြန်လည်ထင်ပေါ်နေသည်။ ဝေသည် ဟိုစဉ်က ဝေပင် ပြန်ဖြစ်နေသည်။
ယခု ဝေ့မျက်နှာပေါ်တွင် သဘင်ဆံသော အတုအယောင်ဟန်ပန်များမှာ မရှိတော့။ မာနတောက်ပမှုမှာ မရှိတော့။
ယခု ဝေ သည် စပါးသယ်အလုပ်သမလေး ဝေ အဖြစ်ဖြင့် ရိုးသားတည်ငြိမ်လှစွာ ၊ မာနတရား ကင်းမဲ့လှစွာ၊ ညှိုးမှိန်လှစွာ၊ အားနည်းဖျော့တော့လှစွာ ပြန်၍လှနေပြန်သည်။
ဝေ့ မျက်နှာပေါ်၌ ဖြတ်သန်းစီးဆင်းနေသော မိခင်၏ မေတ္တာများကို မြင်နေရ၏။ မိခင်မေတ္တာ စိမ့်စမ်းရေများသည် ဝေ့ မျက်လုံးများမှ စီးဆင်းဖြတ်သန်းနေပြန်သည်။ သူ သူ့ သမီးလေးကို ငုံ့ ကြည့်နေဟန်မှာ အလှဆုံးပန်းချီကားတချပ် ဖြစ်နေသည်။
ရှေ့ ဘူတာ၌ ဝေ ဆင်း နေရစ်ခဲ့တော့မည်။ ရှေ့ ဘူတာ၌ သူ့ ကမ္ဘာကလေး ရှိနေလေသလား။ ကျနော်သည် ဝေ့ ကို နှုတ်ဆက်လိုက်ချင်နေသည်။
ရထားသည် အထက်ပွိုင့် လမ်းခွဲကိုကျော်နေပြီး ဝေ့ လက်မေါင်းသား နွေးနွေးအိအိမှာ ရထားယိမ်းခါသဖြင့် ကျနော့်ကို လာ၍ထိကပ်ပြန်သည်။
“မီး ၊ မီး မင်းဆာတယ်၊ မီး မင်းစားချင်တယ် မေ”
ကလေး၏ ပူဆာသံကလေးမှာ သနားစဖွယ် ငိုမဲ့သံဖြစ်ပေါ်နေသည်။
“ရောက်ပါတော့မယ် သမီးရယ်နော်၊ ခဏကလေး စေါင့်နေလိုက်အုံး၊ မေ စိတ်ညစ်လာဘီ ဒုက္ခဘဲ”
ကျနော့် စိတ်နှလုံးသားထဲ၌ ကရုဏာ မေတ္တာရိပ်များ ဖြတ်သန်းစီးဆင်းနေသည်။ ဝေ့ သမီးလေးမှာ မုန့် ပဲသွားရည်စာ မပူတတ်ရှာသော ထမင်းမျှသာ ပူတတ်ရှာသော ကလေးဖြစ်နေသည်။ သူတို့ သည် ဟေမန်မှ နေ့ ခင်းပိုင်းလောက်မှ ထွက်လာကတည်းက မည်သည့်အစာကိုမျှ စားခဲ့ကြပုံ မရသေး။ ဝေ့ ဘဝမှာ ဘယ်သို့  ဘယ်အခြေဖြင့် လှုပ်ရှားရုန်းကန်နေရပါသနည်း။
ထို့ နောက် အဝေးဆီတွင် မီးရောင်မှိန်ပြပြများ ကောင်းကင်ပြင်သို့ ထိုးတက်နေသည်ကို မြင်ရလေသည်။ မီးရောင်များသည် ရထားရှိရာဘက်သို့ ပြေးလွှားလာနေသည်။ မိနစ်ပိုင်းအတွင်းတွင်ပင် ဝေ ဆင်းသက်တော့မည့်ဘူတာသို့ ဆိုက်ရောက်တော့မည်။ ဤကြေကွဲဖွယ်ရာ အိပ်မက် ပန်းချီကားချပ်မှာ အိပ်ယာမှ နိုးလိုက်လျင် ပျက်ပြယ်သွားတော့မည်။
ဝေ ဆင်းသက် ပျောက်ကွယ်သွားတော့မည်။
ထို့ နောက် ဝေ့ အား ဘယ်အချိန် ဘယ်ကာလတွင်မှ တဖန်ပြန်လည်၍ တွေ့ ဆုံနိုင်တော့မည် မဟုတ်တော့။
ကျနော်သည် ခေါင်းကို ငုံ့ ထားလိုက်ကာ သက်ပြင်းချနေမိသည်။ ထိုအချိန်တွင် ဝေ့ မျက်လုံးများသည် သူ့ သမီးလေးမျက်နှာမှ ခွာသေးဘဲ ကလေး၏ပခုံးကို ကိုင်လှုပ်ပြီး တခုခုပြောနေ၏။
“ထူးလေ ၊ ရှင်လို့ ထူးစမ်းနော်၊ ကဲ ခေါ်မယ်၊ သမီးလေး၊ ရှင်လို့ ထူးလေ၊ ထူးကွယ်၊ လိမ္မာသားနဲ့ ၊ ရှင်လို့ ထူး၊ ပြန်ခေါ်မယ်နော်၊ ကဲ သမီးလေး”
ကလေးသည် အမှောင်ထဲ၌ သူ့ မေမေ မျက်နှာကို မော့ကြည့်နေသည်။
“သမီးလေး”
“ဆင်”
“ရှင်လို့ ပီအောင် ထူးလေ၊ ပြန်ခေါ်မယ်၊ သမီးလေး”
“ဆင်”
“သိပ်လိမ္မာတာဘဲ၊ မေ့သမီးလေးက သိပ်လိမ္မာတာဘဲ”
ဝေ ၏ သာယာရွှင်ပြစွာ ရယ်မောလိုက်သံမှာ ကြည်နူးစဖွယ်ဖြစ်လေသည်။ ယခုအခါ၌ ဝေ သည် သာယာကြည်နုးချမ်းမြေ့နေ၏။ ရှေ့ ဘူတာမှ မီးရောင်သည် ပို၍နီးကပ်လာနေသည်။ လယ်ကွင်းပြင်ကျယ်ကြီးမှာ အဆုံးသပ်သွားတော့မည်။ ကျနော်သည် ဝေ့ ကို နှုတ်ဆက်ရန် စိတ်လှုပ်ရှားလှစွာ၊ မောပမ်းနွမ်းနယ်စွာဖြင့် တွေးနေသည်။ ယခုအခါ၌ ကျနော်သည် မိမိ၏စိတ်ကို ကယောင်ချောက်ချား မနိုင်မနင်း ထိန်းချုပ်နေရလေသည်။ ဤနည်းဖြင့် အဟောင်းအမြင်းများကို ပြန်ကောက်ပြီး ဆက်စပ်လိုက်တော့မည်။
“ခိုင်စပယ်လေး”
“ဆင်”
“မေ့ သမီး ခိုင်စပယ်လေး”
“ဆင်”
ကျနော်သည် အမှောင်ထဲ၌ လှုပ်ရှားမှုပြင်းထန်လှစွာဖြင့် ရုတ်တရက် ဝေ့ဘက်သို့ ကိုယ်ကို တိုးညွတ်လိုက်၏။ ကလေးနှင့် ကျနော့်ကိုယ်မှာ ထိသွားသည်။ ဝေ့ မျက်နှာကို အမှောင်ထဲတွင် အလွန်နီးကပ်လှစွာ ကပ်ကြည့်နေမိပြန်သည်။ ဝေ့ ပါးပေါ်မှ သင်းမြမြ သနပ်ခါးရနံ့ မှာ စိတ်နှလုံးအာရုံကို ပိုမို တုန်လှုပ်ချောက်ချားနေစေသည်။ အမှောင်ထဲတွင် ဝေ ၏ ရယ်မောနေသံမှာ ရွှင်ပြနေသည်။ ဝေ့ မျက်နှာပေါ်မှ အပြုံးများကို မြင်နေရသည်ထင်၏။ အမှောင်ထဲ၌ ဝေသည် ကျနော့်ကို မှတ်မိသွားလိမ့်မည်။
ဝေ သည် ကျနော်တို့ ၏သမီးလေး စပယ်ခိုင် ၊ ကျနော် မှည့်ခေါ်ခဲ့သည့် စပယ်ခိုင် နာမည်ကိုယူ၍ သူ့ သမီးလေးကို ခိုင်စပယ် ဟုခေါ်ထား၏။
ဝေ သည် စပယ်ခိုင် လေးကို အစဉ် တမ်းတနေမည်။ စပယ်ခိုင် ၏ ဖေဖေ ကို မေ့မည်မဟုတ်။ စပယ်ခိုင်၏ ဖေဖေနှင့်အတူ နေခဲ့သည့် ခြောက်နှစ်ကျော်ကျော် အချိန်ကာလကို ပြန်၍ တမ်းတနေမည်။ ယခု သူ့ သမီးလေးကိုပင် ကျနော်နှင့်ရသည့်ခလေး အဖြစ် ‘ခိုင်စပယ်‛ ဟု သူ့ စိတ်ထဲမှ စွဲမှတ်နေသည်။ သူသည် ကျနော့်အပေါ်၌ ချစ်ရိပ်ချစ်ငွေ့ မပြယ်နိုင်သေး။ ဘယ်သောအခါမှလည်း ပြယ်နိုင်မည်မဟုတ်။
သို့ သော် သူနှင့်ကျနော့်ကြား၌ မည်သည့် အချိန်ကာလတွင်မှ ပြန်၍ ဆက်စပ်ရနိုင်တော့မည် မဟုတ်သည့် အတိတ်ကာလဆီမှ အစွန်းအထင်းကွက်တို့ သည် ကျနော့်ဆန္ဒ စိတ်တို့ ကို တားဆီးထားနေလေသည်။
ယခုအခါ၌ ကိုယ့်ဘဝသည် ငြိမ်းချမ်းနေပြီ ဝေ။ ဤအချိန်များ မြန်မြန်ကုန်ဆုံးပါစေတော့ဟု ကျနော်သည် အားအင်ကုန်ခန်းစွာဖြင့် နောက်ဆုံးတွင် ဆုတောင်းနေမိသည်။
“သမီးလေး”
“ဆင်”
“ခိုင်စပယ်လေးက သိပ်လိမ္မာတာဘဲ”
“ဆင်”
“အို ခေါ်တာမဟုတ်သေးဘူးလေ”
ဝေ က ထပ်၍ ရယ်မောနေပြီး ကလေးကို ကောက်ချီလိုက်ချိန်တွင် ရထားသည် အပြင် အလံတိုင်ကို ကျော်လွန်ပြီး အတွင်းပွိုင့်လမ်းခွဲသို့ ရောက်လုနီးနေပေပြီ။ သူသည် မတ်မတ်ထရပ်ပြီး ကလေးကို ခါးထစ်တွင် ချီလိုက်သည်။ အမှောင်ထဲ၌ သူ့ တဘက်နွမ်းကလေး ပခုံးပေါ် ကောက်တင်လိုက်လေသည်။ ထို့ နောက် ခုံတဖက်မှ ကျနော့်ကို လှမ်းကြည့်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ်ရှင် ကျမဆင်းရမယ့်ဘူတာကို ရောက်ပါပြီ”
ဝေ က သူစိမ်းပြင်ပြင်ဖြစ်နေသော ကျနော့်ကို လှမ်း၍ နှုတ်ဆက်လိုက်သံမှာ ဆူညံသံများအကြားမှ ညင်သာစွာ တိုးဝှေ့ ထွက်ပေါ်လာသည်။
ထို့ နောက် ဝေ သည် ခုံတန်းလျားမှ တဖက်သို့ လျှောက်သွားပြီး အမှောင်ထဲဝယ် မှန်းဆ၍ပင် မမြင်နိုင်အောင် ပျောက်ကွယ်သွားလေသည်။ ရထားသည် ဘူတာပွိုင့်ကို ဖြတ်ကျော်နေပြီး ဘူတာမီးရောင်အောက်သို့ ရဲရဲစူးစူး တိုးဝင်ရပ်တန့် လိုက်သည်။
ကျနော့်ရှေ့ တွဲ အလယ်ပေါက်မှ ဝေ သည် ကလေးကိုချီလျက် သွက်လက်ဖြတ်လတ်စွာ ဆင်းသက်လိုက်၏။ ပလက်ဖေါင်း မီးရောင်များသည် ဝေ့ ကို ထွန်းညှိပြပေးနေ၏။
ခလေးကလေးကို ခါးစေါင်းတင် ချီမထားလျက်၊ တဘက်နွမ်းကလေးကို ပခုံးတွင် ရစ်ပတ်ထားလျက်၊ အပြာရောင်ထမီအဟောင်းကို တိုတို ဝတ်ထားလျက်၊ အင်္ကျီအနွမ်းကလေး၏ လက်မေါင်းစတို့ ကို လိပ်ခေါက်တင်ထားသော ဝေ ၏ ကိုယ်ကလေးကို နောက်မှ ကျနော်သည် ငေးမောကြည့်နေ၏။
ထိုခဏ၌ ဝေ ပြန်လှည့်ကြည့်လိုက်ပါစေဟု ကျနော်သည် စိတ်ကို အလောင်းအစားပြု၍ ဆုတောင်းနေသည်။ ဝေ လှည့်ကြည့်လိုက်လျင် ပလက်ဖေါင်း မီးရောင်အောက်သို့  ထွက်ပြူနေသော ကျနော့်မျက်နှာကို မြင်လိမ့်မည်။ ထိုအခါတွင် ဝေ သည် ပြန်၍ပြေးလာပြီး ရထားပေါ်သို့ ဇွတ်ပြန်၍ တွယ်ကပ်တက်လာတော့မည်။ ထိုအခါ၌ကား သူနှင့်ကျနော့်ကြား၌ ဖြတ်တောက်ခဲ့သော သံယောဇဉ်ကြိုးအပေါင်းကို မည်သည့်အရာကမျှ မည်သူကမျှ ဟန့် တားနိုင်တော့မည်မဟုတ်ဘဲ ပြန်၍ ဆက်စပ်ကုန်တော့မည်။ ထိုအတိုင်းပင် ဖြစ်ပါစေတော့။
နောက်တပိုင်းကို ဆက်ဖတ်ပါရန်...

( ၁၈ ) နိဂုံးပိုင်း
ဆည်းဆာမှာ ဖျော့မှိန် သွားလေသည်။ အနောက်ဖက်တောင်ကြော၊ သစ်တောနှင့်လယ်ကွင်းပြင်ကျယ်ကြီး အပေါ်ဝယ် တောက်ပနေသောဆည်းဆာ၏ အနီစွေးစွေး ရောင်ခြည်များကို တစတစရုပ်သိမ်းသွားသည်။ အရာရာကို အမှောင်ရိပ်များသည် ဝါးမျိုပစ်နေသည်။ ထို့နောက် လှသောဆည်းဆာမှာ အလျင်းကွယ်ပသွားကာ နွေပေါင်းမြောက်မြားစွာ၏ ညပေါင်းမြောက်မြားစွာအနက်ထဲမှ တခုသော နွေ၏ညတညကား ဆိုက်ရောက်လာနေတော့သည်။
ရထားပေါ်တွင် မီးပွင့်များလက်လာသော်လည်း ကျနော်ထိုင်နေရာ တွဲအလယ် ထိုင်ခုံများဘက်မှ မီးသီးနှစ်ခု ကျွမ်းနေသဖြင့် ထိုနေရာ၌ အမှောင်ရိပ်များ ရစ်ပတ်နေလျက်ပင်။ ထိုအမှောင်ထဲမှပင် ကျနော်သည် မမြင်ရတော့သည့် လယ်ကွင်းပြင်ကျယ်ကြီးကို စိတ်ဖြင့်မှန်းဆကြည့်နေသည်။ စိတ်နှလုံးသားထဲတွင် လှုပ်ရှားလှိုင်းထနေသည်။
ကျနော်သည် တဖက်ခုံအား အပေါ်သို့ လက်ဆွဲအိတ်ကို ပစ်တင်လိုက်သည့်ခဏ၌ အမေ့ အတွက် သောက တစွန်းတစ စိတ်နှလုံးသားထဲ ဝင်လာနေပြန်သည်။
အမေ နေမကောင်း၊
သား အမြန် ပြန်လာပါ။
မနေ့ကပင် ထိုကြေးနန်းဆိုက်ရောက်လာခဲ့၍ ကျနော်လည်းမှီရာရထားဖြင့် အမြန်ုဆုံးမြိုင်ကြီးသို့ပြေးလာနေပြီ။ အဖွားကိုပင် မသဂြိဟ်ဘဲနှင့် ပြန်သွား၊ အလုပ်မှထွက်၊ အိမ်ထောင်ရေးကိုဖျက်ဆီး စွန့်ခွာပစ်လိုက်ချိန်မှစပြီး အဆက်အသွယ် အားလုံးပြတ်တောက်ကုန်ကာ အမေနှင့် တကြိမ်မှပြန်၍ မတွေ့ရတော့။ အမေကား ကျအရွယ်ဖြစ်၍ တရိရိ အိုမင်းနေရှာလေပြီ။ ယခုအမေ့ကို အသက်နှင့် ကိုယ်နှင့် မှီမှမှီနိုင်ပါ့မလားဟု ကျနော်သည် စိုးရိမ်နေ၏။ အမေနှင့် ခဏဖြစ်ဖြစ် ပြန်၍ တွေ့ချင်သေးသည်။ ခလေးဘဝ တုန်းကလို အမေ့ရင်ခွင်ထဲ ခေါင်းကို ဝှက်ထားလိုက်ချင်သေးသည်။ သတ္တဝါမှန်လျှင် သေချိန်ရောက်ပါက သေဆုံးရ မည်ပင်တကား။ ငယ်သည် ကြီးသည်မဟူ သေခြင်းတရားကိုကား လွန်ဆန်နိုင်မည် မဟုတ်ပါတကား။
ကျနော်သည် အမှောင်ထဲ၌“ဟေမန်” ဟု မှန်းဆရသည့် ဘက်ကိုလှမ်းမျှော်ကြည့်နေမိကာ ထိုအခါတွင် သမီးလေးကို အမှတ်ရတမ်းတနေသည်။ ဤမှာဘက် လယ်ကွင်းပြင်ကြီးနှင့် သစ်တောကြီးကို ကျော်လွန်လိုက်လျှင် ဟေမန်သို့ရောက်ပါ လိမ့်မည်။ချစ်ဇနီးနှင့် အတူ တနှစ်ကျော်ကျော်နေခဲ့သော ဟေမန်။ ဒုက္ခရောက်နေသော်လည်း တူနှစ်ကိုယ် စိတ်ချမ်းမြေ့ခဲ့သောဟေမန်။ သမီးလေး၏ဇာတိ ဟေမန်။ သမီးကလေး နေရစ်ခဲ့သော ဟေမန်။
နောက်မိနစ် ၂၀။ ၇ - ၃၅ နာရီတွင် ဤရထားကား ဝေတို့မြို့သို့ ဆိုက်ရောက်တော့မည်။ ဝေတို့ မြို့၌ ရထားသည် ငါးမိနစ်မျှ ရပ်နားပေလိမ့်မည်။
ဘူတာရုံ၏ နောက်ဖက် စက်ခေါင်းရုံအနီးမှဖြတ်သန်း သွားသည့် လမ်းကလေးကို ကျနော်စိတ်လှုပ်ရှားစွာ ဆို့နင့် စွာဖြင့်သတိရနေပါသည်။ မိုးဖွဲ့ကလေးများ မှုန်နေသည့် တညဝယ် ကျနော်သည်ဝေအလာကို ထိုလမ်းမှ စောင့်မျှော်နေခဲ့ဘူးသည်။ ထိုညကချစ်စဖွယ်၊ ကြည်နူးစဖွယ်၊ ပျော်မြူးစဖွယ် ကောင်းပုံမျိုးကို နောက်ထပ်တဖန်ပြန်လည်ဖြစ်ပွားရန် မဖြစ်နိုင်တော့။
ထို့နောက် စပါးစက်ကြီးသို့ သွားရာ အမှောင် ကြားလမ်းမြှောင်ကလေး။ စပါးစက်။ ဝေ၏ မိသားစု နေခဲ့သည့်အလုပ်သမားတန်းလျား။ ချောင်း။ လက်ရန်းမဲ့ တံတားကလေး။ မှောင်ရီရီထဲဝယ် ထိုလက်ရမ်းမဲ့ တံတားကလေးပေါ်၌ ဝေနှင့် စကားပြောခဲ့သည်တို့ကို တွေးနေ၊ အမှတ်ရနေ၊ တသနေပြန်သည်။
မြို့သစ်ကလေးသို့ ထွက်ခွာ လာသည့်နေ့။ မြို့သစ်ကလေးကိုလည်း ကျနော်သည် သတိရနေပြန်သည်။
မြို့သစ်ကလေးမှနောက်ဆုံး ထွက်ခွာလာပြီး ကတည်းက ဝေနှင့် ကျနော့် ကြားထဲဝယ် မုန်းတိုင်းတခု တိုးဝှေ့လာစ ပြုလေသည်။
ဤနည်းဖြင့် ဝေနှင့်ကျနော်တို့ ခွဲခွာသွားရလိမ့်မည်ဟု မည်သူ ကြိုတင်တွက်ဆနိုင်ပါမည်နည်း။ သို့သော်အချိန်၊ အခြေအနေ၊ ပတ်ဝန်းကျင်တို့သည် သက်ရှိသက်မဲ့တို့အား အစဉ်သဖြင့် ပြောင်းလဲစေလျက်ရှိသည်။ အိမ်ထောင်ရေးမှာ တစတစ လမ်းကြောင်း ပြောင်းသွားကာ နောက်ဆုံးအရှိန်ကို မထိန်းနိုင်တော့ဘဲ ပြိုကွဲ ပျက်စီးရတော့သည်။ ဝေ့ကို စွန့်ပယ်လာခဲ့ရတော့သည်။
ထိုအချိန်မှစ၍ ဤမှာဘက် ငါးနှစ်တာ အချိန်၌ တကြိမ်တခါ တခဏကလေးမျှပင် ဝေနှင့်ပြန်လည် ဆုံတွေ့ရခြင်း မရှိတော့။
အိပ်ထောင်ပျက်ပြားခါစ ကာလကမူ “ဝေသည် တငိုငိုတရီရီဖြင့် ကျနော့်ကို လိုက်လံစုံစမ်းနေသည်။ အမေ့ထံ မြို့ကြီးသို့လည်း သွားရောက်ပြီး စုံစမ်းခိုင်းနေသည်ဆိုသော သတင်းများသည် တိတ်တဆိတ် ကျနော် ရှိရာသို့ပျံ့လွင့်လာနေသည်။ “မျက်နှာချင်း ခဏကလေး ပြန်ဆုံခွင့်ရရင်ကျေနပ်ပါဘီ၊ သူဘာပြုလို့ကျမကိုပစ်သွားတယ်ဆိုတာ သူ့ပါးစပ်က ပြောပြရုံကလေးပြောပြရင် ကျေနပ်ပါဘီ” ဟု အမေ့ ကို ဝေငိုယို ပြောခဲ့သည့် စကားသံများသည် ကျနော့်ထံသို့ ရောက်လာ နေသည်။ ထို့နောက်ဝေ့ သတင်းအတိုအစတို့သည် ခဏတာ ငုပ်လျို့း ကွယ်ပျောက်သွားပြန်ပြီး နောက်မှ ဝေအိမ်ထောင်သစ်တခု ထူထောင်လိုက်ပြီဟူသော သတင်းတခုရောက်လာသည်။ နောက်နှစ်နှစ်ကာလတွင် ထိုအိမ်ထောင်နှင့် တဖန်ကွဲကွာ ပျက်ပြားသွားပြီး ဝေတတိယအိမ်ထောင် ထူလိုက်ပြန်ပြီဆိုသည့် သတင်းရောက်လာသည်။ ယခုကား သူ့ သတင်းကို မကြား နိုင်တော့။ သူဘယ်ဆီရောက်နေပြီဆိုသည်ကိုလည်း မသိနိုင်တော့။ ဤ အခန်းတို့မှာ ကပြပြီးခဲ့သော ကန့်လန့်ကာ နောက်ကွယ်မှ အခန်းကဏ္ဍတို့ ဖြစ်ခဲ့လေပြီ။
ဟေမန်မှ ထွက်ခွာ လာပြီး ကျနော်တို့သည် မုန်တိုင်းရှိရာဘက်သို့ ကွေ့ချိုးလာခဲ့မိလေပြီ ထင်၏။ ဝေနှင့် ကျနော့်ကြား၌ ထိုမုန်တိုင်းသည် ညင်သာစွာ ဝှေ့တိုးနေရာမှ တစထက်တစ ထန်လာသည်။ ထို့နောက် ဝေနှင့် ကျနော်သည် တဖက်အစွန်းဆီသို့ လွင့်စဉ်ပြေးသွားခဲ့ရလေသည်။
အလုပ်နှင့် အားလုံးကို စွန့်ပယ်လာရသော နောက်ဆုံးနေ့၊ စိုက်ပျိုးစ ငှက်ပျောဥယာဉ်အတွင်း၊ အုတ်နီခဲ လမ်းမြှောင်ကလေးအတိုင်း လျှောက်လာရချိန်တွင် ကျနော့် ခြေထောက်များမှာ ဝန်လေးတခုချည်နှောင် ဒရွတ်ဆွဲလာရသကဲ့သို့လေးပင်နေသည်။ လူမနေတော့သောခြံကို သော့ခတ် နေစဉ်တွင် ကျနော့်လက်မှာ တဆတ်ဆတ်တုန်နေကာ အလုပ် ထွက်စာသည်ပင် လွတ်ကျသွားခမန်း ဖြစ်နေသည်။ အလုပ်ထွက်ခွင့်မကျမီ ကြားရက်ကာလများ၌ လစာမဲ့ ခွင့်ရက်ရှည်အဖြစ် ပေးထားပါရန် လျှောက်လွှာသည်လည်း လွတ်ကျခမန်းပင်။
နောက် နှစ်ရက် အကြာ၌ဝေ ပြန်လာမည်။ ဝေသည် မြင်းလှည်းပေါ်မှ ဆင်းပြီး နားမလည်နိုင်စွာ တွေ၍ ရပ်တန့်နေမည်။ ဝေသည်စိတ်လှုပ်ရှားစွာဖြင့် နံဘေး ပတ်ဝန်း ကျင်၌ လိုက်လံစုံစမ်း၍မရတော့သည့်အဆုံး ရုံးသို့ လိုက်သွားပြီး စုံစမ်းတော့မည်။
ရုံးမှ ကျနော့် မိတ်ဆွေတဦးက ဝေ့လက်ထဲ သော့ပေးအပ်လိုက်ပြီး “အလုပ်က ထွက်သွားတယ်ဗျာ၊ ဘယ်သွား မှာလဲမသိဘူး၊ တရုံးလုံး ဝိုင်းတားတာ လဲမရဘူး” ဟု ပြောလိုက်လိမ့်မည်။ ထိုအခါတွင် ပထမ၌ ဝေသည် မယုံနိုင်စွာ ငေးမောနေလိမ့်မည်။ အိမ်ပြန်ပြေးလာပြီး သည်းထန်စွာ ငိုကြွေးတော့မည်။ဤအိမ်ကလေးပေါ်ဝယ် ဝေ တပ်မက်သော ပစ္စည်း ပစ္စယ၊ ကျနော့် အဝတ်အစား သေတ္တာမှတပါး၊ ခြေရာမပျက်လက်ရာမပျက် အပျောက်အရှ အလျော့ တခုမျှမရှိဘဲ တွေ့လိမ့်မည်။ ထို့နောက် ဝေသည် ကျနော်ဘာကြောင့် ထွက်ခွာသွားလေမည်ကို ဝေ့ဖာသာ သိလာ လိမ့်မည်။ ထိုအခါ၌ကား ကျနော့် နှလုံးသားပြင်ထက်ဝယ် လောင်ကျွမ်းခဲ့ရသည့်မီးတောက် မီးလျှံ များသည် သူ့ကို ကူးစက်လောင်ကျွမ်းသွားပါလိမ့်မည်။
ရုံးမှ ဝိုင်းဝန်းကန့်ကွက် တားဆီးသော်လည်း သူတို့သည် အလုပ်ထွက်စာလက်ခံထားပြီးလစာမဲ့ ခွင့်ရက်ရှည်ကို ပေးလိုက်ရလေသည်။
နေ့လည် ရထားစီးရန်အတွက် ကျနော်သည် အိမ်ထောင်းရေး၏ ပျက်ယွင်းမှုကာလ အစပိုင်းကရောက်ရှိခဲ့ရာ မြိုင်ကြီးဘူတာသို့ တဖန်ရောက်ရပြန်သည်။
မြိုင်ကြီးမှရထားထွက်လာချိန်ဝယ် ကျနော်သည် ရထား၏တံခါးဝ၌ ရပ်တွေပါ လာခဲ့လေတော့သည်။ မီးရထားသည် တောင်ကုန်းကို ကွေ့၍ မြို့ဘက်သို့ လျှောဆင်း ပြေးသွားပြီး စပယ်ခြံများကို ဖြတ်လျက် ကုန်းပေါ်ပိုင်းအထက်မှ ဖြတ်သန်းသွားလေသည်။ သီတာမြသားမှ ဖြတ်သန်းသွားလေသည်။ သီတာမြသားမှ ကျနော်နှင့်ဝေ တို့နေခဲ့ရာ အုတ်ကြွပ်မိုး အိမ်ကလေးနှင့် အိမ်ရှေ့ စိမ်းစိုသော ငှက်ပျောခြံကလေးကို နောက်ဆုံးအဖြစ် ငေးကြည့်ခဲ့သည်။.
မြစ်သည် သွားရာလမ်းမှ သွေဖယ်ပြီး ကွေ့ တခုတွင် ဖြတ်ကျိုးပြီး အခြား မြစ်ကြောင်းတခုကို ဖန်ဆင်း သွားလေပြီ။ နံနက်က ဝေ့ကိုပွေ့ဖက်ခဲ့၊ စကားပြောခဲ့သည်တို့မှာ နေ့လည်နှင့်မပတ်သက်တော့။ နံနက်သည် အတိတ်ကာလဖြစ်သွားလေပြီ။
နံနက်နှင့် နေ့ လည်ကို သံကန့်လန့်ကာ တခုဖြင့် ပိုင်းခြားဆီးတားလိုက်လေသည်။
ထိုနောက် အချိန်ကာလပေါင်း များစွာသည် ကြားထဲ၌ ခြားသွားခဲ့လေပြီ။ ငါးနှစ်တာအချိန် ကြာညောင်း လာသောအခါ အတိတ်သည် မှေးမှိန် မှုန်ဝါးသော အိမ်မက်အတွင်း၌ ခဏတဖြုတ် မြင်တွေ့လိုက်ရသည့် ပန်းချီကားဟောင်း တချပ် အလားဖြစ်ခဲ့လေပြီ။
ကျနော်သည်ညကြည့်နာရီကို ငုံ့ကြည့်နေမိသည်။ အမှောင်ထဲတွင် မီးစုန်းများသည် ၄-၃၃ ရှိသွားပြီဟု ညွန်ပြနေသည်။ နောက် နှစ်မိနစ်အတွင်းတွင် ထိုဘူတာသို့ ရောက်ရတော့မည်။ ၇. ၃၅ အချိန်တွင် ဤရထားသည် ဝေနှင့် ကျနော်စတင် ဆုံစည်းရာ၊ ဟေမန်မှ နောက်ဆုံးစီးနင်းလာခဲ့ရာ ဘူတာသို့ ဆိုက်ရပ်တော့မည်။
ကျနော့် စိတ်နှလုံးမှာ ထိန်းထား၍မရနိုင်အောင် ကြွေကွဲလာနေသည်။ ဝေနှင့်ကျနော် ဟေမန်မှ ထွက်လာပြီး လျှောက်ခဲ့သည့်စင်္ကြံကိုနောက်ထပ်တဖန် မမြင်တွေ့လိုတော့ပေ။ ဘူတာကိုဖြတ်ကျော်နေစဉ်၌ အိပ်ပျော်နေချင်ပါသည်။ အိပ်လို့ကော ရနိုင်ပါ့မလား ဝေ။
(နောက်တပိုင်းကိုဆက်ပြီးဖတ်ပါခင်ဗျား...)
December 02, 2009
နွေတညရဲ့ ရင်ခုန်သံလှိုင်းဂယက်များကို စုစည်းခြင်း
ဆရာနိုင်ဝင်းဆွေရဲ့ နွေတည ဝတ္ထုအပေါ် အမေရိကမှာရောက်နေတဲ့ ကဗျာဆရာမကြီး (ဒေါ်)ကြည်အေး က၊သူ့ အနေနဲ့  ဒီဝတ္ထုကို ရုတ်တရက်မချီးကျူးချင်သေးဘူး၊ ဘာပြုလို့ လည်းဆိုတော့ ဒီဝတ္ထုဟာ နိုင်ဝင်းဆွေ ကိုယ်တိုင်ရေးဝတ္ထု ဟုတ်တယ်မဟုတ်ဘူးဆိုတာ မသေချာသေးလို့ ဖြစ်တယ်၊ပြင်သစ်ဝတ္ထုတချို့ နဲ့ တူနေသလားလို့ ဆိုပြီး ဆရာဒဂုန်တာရာဆီကို လှမ်းပြောခဲ့ဖူးတယ်။
နောက်ထပ်…စာရေးဆရာမ ဂျူး ကလည်း အင်တာဗျူးတခုမှာ သူ့ အနေနဲ့ မြန်မာဝတ္ထုထဲမှာ နွေတည ကို အကြိုက်ဆုံးမြန်မာဝတ္ထုတပုဒ်ဖြစ်တယ်လို့ သဘောထားပေးခဲ့ဖူးတယ်။
တခါ..ဒီဝတ္ထုကို ပြည်တွင်းမှာထပ်မံထုတ်ဝေဖို့ ခက်ခဲနေလို့ ကျနော့်ဘလော့မှာ အပိုင်းလိုက် စာရိုက်ပြီးတင်တော့လည်း မိတ်ဆွေတချို့  က သူတို့ အမြင်၊သူတို့ ခံစားချက်တချို့ ကို ဝင်ပြီးရေးခဲ့ကြပါတယ်။
အခုဆိုရင်…နွေတည ရဲ့နောက်ဆုံးတခန်း (၁၈) ကိုပဲ တင်ဖို့ ကျန်ပါတော့တယ်။
ဒီနောက်ဆုံးတခန်းကို တင်တဲ့အခါ
ကျနော့်ဘလော့မှာ မကြာခဏလာပြီး နွေတည အပေါ် သဘောထားပေးခဲ့ကြတဲ့
အောက်ပါချစ်မိတ်ဆွေများအနေနဲ့ ပဲ ဖြစ်ဖြစ်၊တခြား..ချစ်မိတ်ဆွေ မည်သူမဆို
မိမိတို့ ရဲ့ အမြင်၊ခံစားချက်၊ယူဆချက်တချို့ ကို ဝင်ရေးပေးကြဖို့ ကြိုတင်တောင်းဆိုအပ်ပါတယ်။
နွေတည နောက်ဆုံးအခန်းဖေါ်ပြပြီးတဲ့အခါ
“နွေတညရဲ့ ရင်ခုန်သံ လှိုင်းဂယက်များ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သီးသန့် တစုတဝေးတည်း ဖေါ်ပြသွားချင်ပါတယ်။
နောင်အခါ နွေတည ဝတ္ထု (ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ပြည်ပမှာပဲဖြစ်ဖြစ်) ထုတ်ဝေဖြစ်ခဲ့ရင်
ဒီ ခံစားမှု စာစုများကို တပါတည်းထည့်သွင်းဖေါ်ပြနိုင်ဖို့ ရည်ရွယ်ပြီး အခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်။
အကူအညီပေးကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။
ှုဦးဇင်းတိက္ခ
ခင်မင်းဇော်
မမသီရိ
ဆရာ ခင်လွန်း
ကိုအောင်
ပြည့်စုံ
အိုင်လွယ်ပန်
တင်မင်းထက်
မယ်ကိုး
Wai
Vista
Khin Lay
ကိုပြာ
ညီဇေ
မိုးချိုသင်း
ကိုကျော်နိုင်
ငယ်နိုင်
မီးမီးချစ်
သူမ
Sint
Thetmar
Anon
Ko Ko
ချစ်မိတ်ဆွေများ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ…
ငြိမ်းဝေ
Subscribe to:
Posts (Atom)