July 31, 2010

ပုံပြင်တစ်ပုဒ်တော့ မဟုတ်ခဲ့ပါ


                                                       (က)
“ပန်းဝေဝေ” စာအုပ်အငှါးဆိုင်လေးထဲတွင် လူရှင်းနေသည်။ ကက်ဆက်သီချင်းသံက ဆိုင်ထဲတွင်သာ ဝေ့နေသည်။ စာအုပ်ငှါးသူ မရှိ၊ ဧည့်သည်မရှိသဖြင့် ကိုဌေးမြိုင်က ကုလားထိုင်တစ်လုံးတွင် စာထိုင်ဖတ်နေသည်။
“ အကိုကြီး ရေတစ်ခွက်လောက် သောက်ပါရစေခင်ဗျ ”
ဆိုင်ပေါက်ဝတွင် စစ်သားတစ်ယေါက်ကို တွေ့ သည်။ စစ်ဝတ်စုံက နွမ်းကြေလျက်။ နေလောင်ထားသည့်အသားအရေမှာ သိသိသာသာ ညှိုးနေသည်။ အသက် (၂၀)ကျော်ခန့် ။ ပခုံးပေါ်တွင် ခရေတစ်ပွင့်။
“ ကျနော်တို့က ဟိုဖက် ရထားဂုံးစေါင့်အိမ်လေးမှာ ခဏ လာနေရတဲ့ ရဲဘော်တွေပါ၊ ရောက်ရောက်ချင်းဆိုတော့ သောက်ရေအိုးကအစ မရှိသေးလို့ ”

စစ်ဗိုလ်လေး လက်ညှိုးညွှန်ရာ လိုက်ကြည့်မှ ကိုဌေးမြိုင် သဘောပေါက်သွားရသည်။ မနက် (၉) နာရီလောက်က စစ်သားဆယ်ယောက်ခန့်ပါလာသည့် လိုင်းကားတစ်စီး ရထားလမ်းဆုံတွင် ရပ်သည်။ ကားပေါ်မှ  စစ်သားများ ဆင်းလာကြသည်။ ကြောပိုးအိပ် ကိုယ်စီ၊ လက်နက်ကိုယ်စီဖြင့် ရထားလမ်းဘေးအတိုင်း လျှောက်သွားကြသည်ကို ကိုဌေးမြိုင် သတိထားလိုက်မိသည်။
“ ဟင် ဒါဆို အခု ၂ နာရီတောင် ထိုးတော့မယ်၊ ဗိုလ်လေးတို့ ထမင်းတွေဘာတွေကော စားပြီးကြပြီလား ”
စစ်ဗိုလ်လေးက ခေါင်းကို ခတ်ဖြေးဖြေးရမ်းသည်။ ရထားလမ်းပေါ်က နေရောင်တံလျပ်ကို မျက်မှောင်ကြုတ်ပြီး ကြည့်သည်။
“ မစားရသေးပါဘူး အကိုကြီးရာ၊ ချက်ချင်းထွက် ဆိုလို့သာ ထွက်လာရတာ၊ ဘာမှကို မပြင်ဆင်ခဲ့ရဘူး၊ အခုတော့ ဟို တဲကလေးတွေဆီက ဒန်အိုးလေးဘာလေး ငှါးလို့ရတာငှါးပြီး ထမင်းတော့ ချက်နေပါပြီ၊ ညစာနဲ့မှ ပေါင်းစားရမှာပဲ ”
စစ်ဗိုလ်လေးက ရေကို အငမ်းမရသောက်သည်။ ပြီးတော့ နှုတ်ဆက်ကာ ရထားလမ်းတဖက်သို့ ကူးသွား၏။ ကိုဌေးမြိုင်က စစ်ဗိုလ်လေး၏ ချွေးစို့နေသော ကြောပြင်ကိုကြည့်ကာ စပ်စုလိုစိတ်ကို မနည်း ချိုးနှိမ်ထားလိုက်ရသည်။ သူ့စိတ်ထဲတွင်မတော့ မေးခွန်းတချို့က ခေါင်းပြူနေကြသေး၏။ ဒီလို မြို့လည်ခေါင်နေရာကြီးကို ဘာပြုလို့များ စစ်သားတွေ ကမန်းကတန်း ရောက်လာ တပ်စွဲထားလိုက်ပါလိမ့်။ ဒီစစ်သားတွေက ဘယ်တပ် ဘယ်ဒေသက လာကြရတဲ့ စစ်သားတွေပါလိမ့်…။

(ခ)
“ ဒီဆိုင်ထဲမှာ ကျနော်တို့ နည်းနည်းတော့ စစ်ဆေးကြည့်ချင်တယ်”
စားပွဲရှေ့တွင် လူသုံးယောက်။ အသားဖြူဖြူ ရုပ်ရေခန့်သန့်သန့်လူက သူ့လက်ဖဝါးထဲ တစုံတရာကို ဖြန့်ပြီးပြသည်။ ကိုဌေးမြိုင်က ပါးစပ်အဟောင်းသားနှင့်ကြည့်သည်။
“ ဗျာ ခင်ဗျာ၊ အော် ကြည့် ကြည့်ပါခင်ဗျာ”
ကိုဌေးမြိုင်၏ စကား မဆုံးခင်မှာပင် နောက်မှ ရပ်နေသူတစ်ဦးက စာအုပ်စင်ပေါ်က စာအုပ်တအုပ်ကို ဇတ်ကနဲဆွဲယူသည်။ စာရွက်များကို တဖြတ်ဖြတ်လှပ်ကြည့်သည်။ နောက်ထပ် သူတို့အားလုံး အမှိုက်ပုံးကအစ၊ စာအုပ်ဆိုင်လေး၏ ဘေးပတ်ဝန်းကျင်ကိုပါ လိုက်ကြည့်သည်။ ဆယ်မိနစ်ခန့်ကြာသွားသည်။ ဆိုင်ထဲမှ ပြန်လည်ထွက်ခွါသွားကြသည်။ စာအုပ်ဆိုင်ရှေ့ လမ်းမပေါ်က မလှမ်းမကမ်းတွင် ရပ်ထားသည့် ကားတစ်စီးပေါ် တက်သွားကြသည်။
အရပ်ဝတ်နှင့် ထောက်လှမ်းရေးများ ပြန်သွားကြသည့်တိုင် ကိုဌေးမြိုင်ကတော့ အတွေးမျှင်တန်းရတော့သည်။ စာအုပ်ဆိုင်ကလေးမှာ ရထားလမ်းနှင့် ကားလမ်းဆုံ အနီးတွင်ရှိသည်။ သူနှင့် မျက်စေါင်းထိုး မလှမ်းမကမ်းတွင် ကုလားလဘက်ရည်ဆိုင်ရှိသည်။ ထို့နောက် အိမ်တွေတန်းစီကာ ရန်ကုန်မန္တလေး ကားလမ်းမကြီးဆီ နီးသွားသည်။ သည်လို အနေအထားရှိသည့်ကြားမှ စစ်ထောက်လှမ်းရေးများက ဘာ့ကြောင့်များ သူ့ဆိုင်ကလေးကိုမှ ကွက်ပြီး ဝင်ရောက်စစ်ဆေးသွားကြပါလိမ့်။
စာအုပ်ဆိုင်ကလေးထဲ အရပ်ဝတ်နှင့်ဝင်လာသူ သုံးဦးအနက် တစ်ယောက်က ဗိုလ်မှူးအဆင့် ရှိသူဖြစ်သည်။ ထိုသူက  သူ၏ ထောက်လှမ်းရေးဗိုလ်မှူးရာထူး ကဒ်ကို ကိုဌေးမြိုင်အား ထုတ်ပြပြီးမှ ဆိုင်ထဲတွင် ရှာဖွေသွားကြခြင်းဖြစ်သည်။
“ အကိုကြီး ထမင်းစားပြီးပြီလားခင်ဗျ ”
အသံလာရာ လှည့်ကြည့်တော့ မနေ့က သူ့ထံ ရေလာတောင်းသောက်သူ စစ်ဗိုလ်လေးကို တွေ့ရသည်။ သူက စစ်ဗိုလ်လေးကို ဆိုင်ထဲဝင်ထိုင်ရန် ဘိတ်ခေါ်သည်။ လွတ်နေသော ကုလားထိုင်တစ်လုံး ချပေးသည်။ စိတ်ထဲတွင် မတင်မကျဖြစ်နေသောစိတ်ကို ဖြေလို့ရလိုရငြား စစ်ဗိုလ်လေးကို မေးကြည့်မည်ဟု စဉ်းစားသည်။
“ ဗိုလ်လေးကို ကျနော်တခုမေးချင်တယ်၊ အခုနတုန်းက ကျနော့်ဆိုင်ထဲ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးတယောက်နဲ့ ရဲဘော်နှစ်ယောက်ဝင်လာပြီး ဆိုင်ထဲမှာ ဟိုရှာဒီရှာ လုပ်သွားတယ်၊ ကျနော် လိုက်ကြည့်တော့ ဒီနေရာမှာ ကျနော့်တဆိုင်ထဲပဲ စစ်ဆေးသွားတာတွေ့တယ်၊ အဲဒါ ကျနော့်စိတ်ထဲ မရှင်းဘူးဗျာ၊ စိတ်ပူလို့ တိုင်ပင်ကြည့် မေးကြည့်တာပါ၊ အဲဒါ ”
ကိုဌေးမြိုင်က ပြောလက်စ စကားကို လမ်းတဝက်တွင် ရပ်သည်။ စစ်ဗိုလ်လေး၏ မျက်နှာက အနည်းငယ်ပြုံးလာသောကြောင့်ဖြစ်သည်။
“ အကိုကြီးကို ကျနော်တခုပြောမယ်၊ မနက်ဖြန် သဘက်ခါဆိုရင် သကြားစက်ကို လူကြီးတစ်ယောက် လာမယ်၊ ဒါကြောင့်မို့ အကိုကြီးစာအုပ်ဆိုင်ထဲ ဝင်စစ်သွားတာပါ၊ ဘယ်သူလာမယ်ဆိုတာတော့ ကျနော်လည်း မသိဘူး၊ ကျနော်တို့က အဲဒါအတွက် လုံခြုံရေးယူဖို့ ခဏလာကြရတာ၊ ပြီးတော့ အကိုကြီးရဲ့စာအုပ်ဆိုင်က ရထားလမ်း ကားလမ်းဆုံတဲ့နေရာနဲ့ အနီးဆုံးလေ၊ ဟိုဖက်ကအိမ်တွေက နည်းနည်းဝေးတာပဲဟာ၊ ဒီလိုပဲပေါ့အကိုကြီးရာ လိုအပ်လို့စစ်တာ ဆေးတာပါ၊ လုံခြုံရေးအရ လုပ်တာနေမှာပါ”
ကိုဌေးမြိုင်က စိတ်ထဲတွင် ကျေနပ်ရှင်းလင်းသွားသည်ဟုတော့ မရှိပါ။ သို့သော် မည်သည့်စကားမျှ ဆက်ပြီး မမေးမိ မပြောမိတော့။
စာအုပ်ဆိုင်ကလေးထဲက စစ်ဗိုလ်လေးပြန်သွားသောအခါ ကိုဌေးမြိုင် စိတ်ပူပန်နေမှုမှာ အနည်းငယ် ပြေလျှော့သွားသလိုတော့ ရှိသွား၏။ စစ်ဗိုလ်လေးမှာ စကားပြောချိုသည်။ စာအုပ်ဆိုင်ထဲ ဝင်ရောက်စစ်ဆေးသွားသည့် ထောက်လှမ်းရေးများနှင့်မူ မတူပါ။ ထောက်လှမ်းရေးများက မျက်နှာထားကအစ မာသည်။ စကားပြောလည်း မာသည်။ ထို့ကြောင့် စစ်ဗိုလ်လေးနှင့် ဆယ်မိနစ်ခန့် စကားထိုင်ပြောပြီးနောက် နောက်ကျိနေသော ကိုဌေးမြိုင်၏ စိတ်မှာ အနည်းငယ် ပြန်ပြီး ကြည်လင်လာခဲ့၏။

(ဂ)
ခြေသံကြားလို့ ငုံ့ထားသည့် ခေါင်းကို မေါ့ကြည့်တော့ မနေ့က စာအုပ်ဆိုင်ထဲ ဝင်ရောက်စစ်ဆေးသွားသည့် ထောက်လှမ်းရေး ဗိုလ်မှူးကို တွေ့သည်။
“ ဒီမှာ ကျနော်တို့ နာရီဝက်လောက်တော့ ထိုင်ဦးမယ်နော် ”
“ အော် ဟုတ်ကဲ့ ထိုင်ပါ၊ ထိုင်ကြပါ၊ ဒါ ဒါပေမယ့် ကုလားထိုင်က နှစ်လုံးပဲ ရှိတာခင်ဗျ၊ ကျနော် ဟို လဘက်ရည်ဆိုင်က ကုလားထိုင်နှစ်လုံး သွားငှါးလိုက်ဦးမယ်”
ဗိုလ်မှူးလုပ်သူ၏ နောက်မှ ရပ်နေသည့် လူနှစ်ယောက်က မျက်မှန်နက် ကိုယ်စီနှင့်။ ဗိုလ်မှူးကို ကျော်ကာ သူ့ကို ကြည့်နေသည်။
“ နေပါစေ၊ ရပါတယ်”
ဗိုလ်မှူးလုပ်သူက ကုလားထိုင်ကိုယူထိုင်တော့ မျက်မှန်နက်တပ်ထားသည့် လူနှစ်ယောက်က ဆိုင်အပြင်ဖက်သို့ ထွက်ပြီး ရပ်နေ၏။ ကိုဌေးမြိုင်က ဗိုလ်မှူး၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ကာ တစုံတရာ ပြောသင့်မပြောသင့် ချင့်ချိန်နေရ၏။ သို့သော် ကြာကြာမဆိုင်းနိုင်ပါ။
“ ဗိုလ်မှူးကို မသိလို့ ကျနော် တခုတော့မေးချင်ပါတယ် ”
ဗိုလ်မှူးက သူ့ကို မေါ့ကြည့်သည်။ မျက်မှောင်တချက်ကြုံ့သည်။ ကိုဌေးမြိုင်က စကားကို တဆက်တည်း ပြောချလိုက်မိတော့သည်။
“ ဒီလိုပါဗိုလ်မှူး၊ ဒီတစ်ရက်နှစ်ရက်အတွင်း သကြားစက်ကို လူကြီးတစ်ယောက် လာပြီး စစ်ဆေးဖို့လာမယ်ဆို၊ အဲဒါ ဟုတ်သလားခင်ဗျ ”
“ ဟုတ်တယ်၊ သကြားစက်ကို လာပြီးစစ်မှာပါ၊ အဲဒါ ဘာပြုလို့ မေးတာလဲ”
“ သကြားစက် ဝန်ထမ်းတွေ စာအုပ်လာငှါးရင်း သူတို့အချင်းချင်းပြောလို့ ကျနော် သိတာပါ၊ စက်ရုံမှာ သန့်ရှင်းရေးကအစ ပြင်ကြဆင်ကြလုပ်နေတာ လူကြီးတစ်ယောက်ယောက် လာဖို့ရှိလို့ အခုလို လုပ်နေတာဆိုပြီး ပြောတာ ကျနော် ကြားရလို့”
“ အေးလေ၊ ဒါ ဘာပြုလဲ၊ ခင်ဗျားက ဘာပြုလို့မေးတာလဲ”
“ ကျနော်ဆိုလိုတာက ဒီလိုပါ၊ အဲဒီလူကြီး လာမယ့်ရက် သိရရင် ကျနော် စာအုပ်ဆိုင် ပိတ်ထားရရင် ကောင်းမလားလို့ မေးကြည့်တာပါ”
ဗိုလ်မှူးလုပ်သူက မျက်နှာတဖက်သို့လွှဲကာ စဉ်းစားနေဟန်ပြုသည်။
“ ခင်ဗျား ဆိုလိုတာက အဲဒီ လူကြီးလာတဲ့အခါ ဒီနေရာမှာ တခုခုဖြစ်ရင် ခင်ဗျားကို အမှုပတ်မှာစိုးလို့ စာအုပ်ဆိုင်ပိတ်ချင်တယ်လို့ ပြောတာမို့လား”
“ဟုတ်ကဲ့ခင်ဗျ”
ကိုဌေးမြိုင်က ခတ်သွက်သွက်ပင် အဖြေပေးလိုက်သည်။ ဗိုလ်မှူးလုပ်သူက သဘောကျစွာ ပြုံး၏။
“ ကဲ ဒါဆိုရင် ထားပါ၊ လူကြီးလာတုန်း တခုခုဖြစ်ပြီဆိုပါတော့၊ အရင်နေ့တွေတုန်းကတော့ ဒီဆိုင်ကို ပုံမှန်ဖွင့်ခဲ့ပြီး ပြဿနာဖြစ်တဲ့နေ့ကျမှ ထူးထူးခြားခြား ဆိုင်ပိတ်ထားတယ်ဆိုတော့ ခင်ဗျားအပေါ် မယုံသင်္ကာဖြစ်မလာနိုင်ဘူးလား  ပြောပါဦး”
ကိုဌေးမြိုင်၏ ခါးမှာ နောက်သို့အနည်းငယ် လန်သွားရ၏။
“ ဒါ ဒါဆိုရင် ဘယ် ဘယ်လို လုပ်ရမှန်းမသိတော့ပါဘူး ဗိုလ်မှူးရာ တကယ်ပါပဲ”
ဗိုလ်မှူးလုပ်သူက သူ့ကို ခတ်ပြတ်ပြတ်ပင် ပြောသည်။
“ အဲဒီနေ့ကျမှ တခုခုဖြစ်လာလဲ၊ ခင်ဗျားနဲ့မပတ်သက်ရင် ဘာမှ မဖြစ်ဘူး၊ ပတ်သက်နေရင်တော့ ခင်ဗျားရှင်းပေါ့၊ ဒီအတိုင်း ဆိုင်ဖွင့်မြဲ ဖွင့်ထားတာပဲ ကောင်းပါတယ်”
ကိုဌေးမြိုင် ငိုင်တွေတွေ ဖြစ်သွားရသည်။ ဗိုလ်မှူးအနီးမှ ခွါလိုက်သည်။ စာရေးစားပွဲဘေးက ကုလားထိုင်တွင် သွားထိုင်သည်။ စကားမပြောနိုင်အောင် ငြိမ်ကျသွား၏။
ထိုစဉ်မှာပင် ဆိုင်ရှေ့လမ်းမပေါ် စစ်ကားများ ထိုးဆိုက်လိုက်ကြသည်။ စစ်သားများ ခုန်ဆင်းလိုက်ကြသည်။ ရထားလမ်းဘေးတဝိုက်တွင် တပ်ဖြန့်ကာ နေရာယူကြသည်။ သေနတ်တွေကို အသင့်ကိုင်လျက်။
ရှေ့ဆုံးက အရာရှိစီး စစ်ကား နှစ်စီးထဲမှ အရာရှိကြီးများ ဆင်းလာကြသည်။ ရထားလမ်း၏ ဟိုဘက် သကြားစက်သို့သွားရာ လမ်းထိပ်တွင် သွားရပ်ကာ စကားပြောနေကြသည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာများ မရှိသလောက်ပင်ဖြစ်နေသည်။ သကြားစက်သို့ဝင်ရာလမ်းကို အသွားအလာပိတ်ထားလိုက်ပြီဆိုသည်ကို ကိုဌေးမြိုင် ခန့်မှန်းမိသည်။
နောက်ထပ်ပြီး စစ်ကားငယ် သုံးစီး ရောက်လာပြန်သည်။ ကားတိုင်းလိုလို ဧရိယာတိုင်သေးသေးလေးများ ရှုပ်ရှက်ခတ် ထောင်ထားလျက်။ ကားပေါ်က ပြောက်ကျားစစ်ဝတ်စုံဝတ် စစ်သားများ ခုန်ဆင်းသည်။ ရှေ့ဆုံးကားပေါ်က မျက်မှန်တပ်ထားသည့် အရပ်အမေါင်းကောင်းကောင်း စစ်အရာရှိတစ်ဦးဆင်းသည်။ ရထားလမ်းနှင့် ကားလမ်းဖြတ်ရာ ကုန်းထိပ်ကို လမ်းလျှောက်သွားသည်။ ရထားလမ်းတဖက်တွင် အုပ်စုလိုက်ရပ်နေသည့် စစ်အရာရှိကြီးများကို လက်တစ်ဖက်မြှောက်ပြကာ နှုတ်ဆက်သည်။
“ ဘယ်လိုလဲဗျ၊ အခြေအနေကောင်းရဲ့လား ”
ရထားလမ်းတဖက် အုပ်စုလိုက်ရပ်နေသည့် လူအုပ်ထဲက စစ်အရာရှိကြီးနှစ်ယောက်က လက်မြှောက်ပြကာ တစုံတရာ ပြန်ပြောသည်။ အနည်းငယ်ဝေးနေသဖြင့် မည်သို့ပြန်ပြောလိုက်သည်ကိုမူ ကိုဌေးမြိုင် သဲကွဲစွာ မကြားလိုက်ခဲ့။ သူ့စိတ်ထဲ မျက်မှန်တပ်ထားသည့် စစ်အရာရှိကြီးကို မြင်ဖူးသလိုရှိသည်ဟု သူ တွေးနေစဉ် သတိရလာခဲ့၏။ သတင်းစာထဲတွင် သတင်းစာရှင်းလင်းပွဲ လုပ်တတ်သည့် စစ်ဖက်လက်ထောက် ဗိုလ်မှူးချုပ် တင်ဦး ( ဗိုလ်ချုပ်ကြီးတင်ဦး မဟုတ်ပါ။) ဖြစ်သည်ကို တွေးမိလာသည်။ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အများအခေါ် မျက်မှန်တင်ဦး ဖြစ်နေသည်ကို ကိုဌေးမြိုင် ကောင်းကောင်း မှတ်မိသွားသည်။ ထိုအခါ သည်တစ်ရက်နှစ်ရက်အတွင်း ရောက်လာမည်ဆိုသည့် အရာရှိကြီးဆိုသည်မှာ မည်သူဖြစ်နိုင်မည်နည်းဟု တဆက်တည်း တွေးကြည့်သည်။ ကိုဌေးမြိုင် ခေါင်းနပမ်းကြီးသွားရ၏။
စစ်ကားတွေ တစ်စင်းပြီးတစ်စင်း ပြန်လည်ထွက်ခွါသွားကြသည်။ ကိုဌေးမြိုင်က စာအုပ်ဆိုင်ထဲတွင် ငေးငိုင်စွာ ထိုင်နေခဲ့၏။ ထိုစဉ်မှာပင် ရထားလမ်းဘက်ဆီက စစ်သားတချို့ လမ်းလျှောက်လာသည်ကို တွေ့ရပြန်သည်။ ထိုစစ်သားများကမူ လက်ထဲ၌ သေနတ်မကိုင်ပဲ အောက်ခြေက ခတ်ဝိုင်းဝိုင်းကြိယာတပ်ထားသည့် သံတုတ်ကိုယ်စီကို ကိုင်ထားကြ၏။ ရထားလမ်းဘေးနှစ်ဘက် နေရာအနှံ့ မြေပြင်ပေါ် လိုက်ပြီး ဝှေ့ရမ်းနေကြသည်။ ကိုဌေးမြိုင်က စစ်သားများကိုင်ထားသည့် ကြိယာများကို ငေးကြည့်ကာ အတွေးပေါက်လာရပြန်သည်။ ထိုကြိယာမျိုးကို နိုင်ငံကြားစစ်ကားရုပ်ရှင်များထဲတွင် သူ ကောင်းကောင်းမြင်ဖူးခဲ့ပြီးဖြစ်သည်။ ကိုဌေးမြိုင် စိတ်ခြောက်ခြားလာရသည်။ ရထားလမ်းဘေးတွင်  မိုင်းရှာကြိယာကိုယ်စီနှင့် မိုင်းရှာနေကြသည့် စစ်သားများကို ကြည့်ကာ သူ့မှာ တွေဝေငေးမောနေမိသည်။

          (ဃ)
မနက်ခင်း ဆိုင်ခင်းဖို့လာတော့ လမ်းထိပ်ကစပြီး သကြားစက်ရောက်သည်အထိ ကတ္တရာခင်းထားသည်ကို ကိုဌေးမြိုင်တွေ့ခဲ့ရသည်။ မနေ့ညနေကမူ သူ ဆိုင်သိမ်းပြီး အိမ်ပြန်တော့ သည်လမ်းမှာ ချိုင်းခွက်များထူပြောလျက် ရှိနေခဲ့သည်။ သို့သော် လမ်းဘေးတွင် ကျောက်ပုံများပုံထားသည်ကိုမူ တွေ့ခဲ့ရ၏။ ယခုတော့ သကြားစက်ဆီဦးတည်နေသည့် သည်လမ်းကို ညတွင်းချင်း ကတ္တရာခင်းပြီးကြပြီဖြစ်သည်။ လမ်းအလုပ်သမားများကိုပင် တစ်ယောက်မျှ မတွေ့ရတော့။ လမ်းသစ်ခင်းလိုက်သည့် လမ်းပေါ် သူ့မှာ တအံ့အသြနှင့် လျှောက်လာခဲ့ရ၏။ အခုလို သဲဖြူခင်း ယာစမတ်ကာလိုက်ပုံကို ထောက်တော့ သကြားစက်သို့ လာရောက်စစ်ဆေးမည်ဆိုသည့် ပုဂ္ဂိုလ်မှာ အင်မတန် အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ်နိုင်သည်မှာ သေချာနေပြီဟု ကိုဌေးမြိုင် အခိုင်အမာ ခန့်မှန်းလိုက်သည်။
လမ်းပေါ်တွင် လူ တစ်ယောက်မှ မတွေ့ရပါ။ ယုတ်စွအဆုံး သကြားစက်ဝန်ထမ်းများကိုပင် အခြားလမ်းမှ သကြားစက်သို့ အလုပ်ဆင်းစေခဲ့၏။ သကြားစက်သို့ဦးတည်နေသည့် လမ်းကို ယာယီအားဖြင့် ပိတ်ထားလိုက်ပြီဖြစ်သည်။ ထိုအခါ သည်ကနေ့တွင် သကြားစက်သို့ တော်တော်အရေးပါသည့် လူကြီး လာတော့မည်မှာ သေချာသွားပြီဟု ကိုဌေးမြိုင်တွေးမိပြန်သည်။ ထို့ကြောင့် စာအုပ်ဆိုင်ကလေး ဖွင့်သည့်အချိန်ကတည်းက သူ့မှာ စိတ်လှုပ်ရှားနေခဲ့၏။
“ ကဲ လာ၊ ကျုပ်တို့တော့ ဒီဆိုင်ထဲမှာပဲ ထိုင်စေါင့်ကြတာပေါ့ဗျာ”
စာအုပ်ဆိုင်ထဲ ဝင်လာသူ နှစ်ယောက်ကို မြင်မြင်ချင်း ကိုဌေးမြိုင်မှတ်မိသည်။ ဖြူးမြို့နယ် ပါတီယူနစ်ဥက္ကဌနှင့် မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဌတို့ဖြစ်ကြ၏။ သူတို့နှစ်ယောက်စလုံး အချွေအရံအသင်းအပင်းမပါပဲ စာအုပ်ဆိုင်ကလေးထဲ ခေါင်းငုံ့ပြီး ဝင်လာကြသည်။ ပထမတော့ ထိုလူတွေမှ ဟုတ်ရဲ့လားဟု ကိုဌေးမြိုင် သံသယဝင်လိုက်သေးသည်။ သို့သော် ထိုလူတွေမှ ထိုလူတွေ အစစ်။ ထူးခြားသည့်အချက်မှာ ထိုလူ နှစ်ယောက်နောက်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ပါမလာသည့် အချက်ဖြစ်သည်။ သို့မဟုတ် စာအုပ်ဆိုင်ကလေးနားရောက်ကာမှ ထိုလူနှစ်ယောက်နှင့်အတူ လိုက်လာသူများက နောက်ပြန်လှည့်သွားကောင်း သွားကြခြင်းဖြစ်မည်ဟု တွေးမိသည်။
ကိုဌေးမြိုင် ကုလားထိုင်မှ ထပေးရကောင်းနိုးနိုး၊ သည်အတိုင်း ထိုင်နေရကောင်းနိုးနိုးဖြစ်နေစဉ် ဝင်လာသူနှစ်ဦးစလုံးက သူ့ကို လက်ကာပြပြီး ထမပေးရန်ပြောလိုက်သဖြင့် စားပွဲဘေးတွင် ငြိမ်ပြီး ထိုင်နေလိုက်ရသည်။ ကိုယ့်မြို့နယ်က ဘုရင်နှစ်ပါးစလုံး ပီဘိ ကလေးငယ်နှစ်ယောက်လို မျက်နှာထားကအစ ပြောင်းလဲချိုသာသွားရသည့်အဖြစ်ကိုမူ ကိုဌေးမြိုင် တွေးလို့မရ။ တွေးလို့ရသည့်အချက်မှာ သကြားစက်ကို စစ်ဆေးဖို့ လာရန်ရှိသည်ဆိုသည့် အကောင်ကြီးကြီးတစ်ဦး၊ သည်ကနေ့တွင် မုချလာတော့မည် ဆိုသည့်အချက်ဖြစ်သည်။ ထပ်ဆင့်ပြီး တွေးလို့ရသည့်အချက် ရှိပါသေးသည်။ သည်ကနေ့ရောက်လာနိုင်သည့် ပုဂ္ဂိုလ်မှာ တိုင်းအဆင့်လောက်က မဖြစ်နိုင်ပဲ သည်နိုင်ငံ၏ ထိပ်ပိုင်း အာဏာရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည် ဆိုသည့်အချက်ဖြစ်သည်။ မဟုတ်မှ လွဲရော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း ဖြစ်ကောင်း ဖြစ်နေလေမလား။ ကိုဌေးမြိုင် တွေးရင်းက ကြက်သီးမွှေးညင်း ထမတတ် ကြောစိမ့်သွားရသည်။ စာအုပ်ဆိုင်ကလေးကို ချက်ချင်းပိတ်ကာ အိမ်ကို ပြန်ပြေးရလျင် ကောင်းမလားဟုလည်း တွေးမိသေးသည်။
“ တော်ပါသေးရဲ့ ဒီနားမှာ ခင်ဗျားစာအုပ်ဆိုင်လေး ရှိနေသေးလို့ပေါ့၊ နို့မို့ရင် ရထားလမ်းဘေး ဒီအတိုင်း ရပ်ပြီးစေါင့်နေရမလား မသိပါဘူး ”
ကိုဌေးမြိုင်က မြို့နယ်ပါတီဥက္ကဌ၏ မျက်နှာကို အားတုန့်အားနာနှင့် ကြည့်သည်။ ငိုရမလို ရယ်ရမလို မျက်နှာထားနှင့် ကြည့်သည်။
“ ဥက္ကဌကြီးတို့ ဘယ်အချိန်အထိစေါင့်နေရဦးမယ်ထင်လို့လဲ၊ ဘယ်သူလာဖို့ရှိလို့လဲ ခင်ဗျ”
ကိုဌေးမြိုင်က အသိညာဏ်တရား ချို့တဲ့လွန်းသူ၏ မျက်နှာထားမျိုးနှင့် ထိုလူနှစ်ယောက်ကို မေးခွန်းမေးချလိုက်သည်။ ထိုလူနှစ်ယောက်အနက်က တစ်ယောက်က ကိုဌေးမြိုင်၏အနားသို့တိုးကပ်ကာ လေသံကိုနှိမ့်လျက် စကားတခွန်း ခတ်ဖြေးဖြေး ဖြေလိုက်လေသည်။
“ ပါတီဥက္ကကြီး ဦးနေဝင်း လာမှာဗျ၊ ဒါကြောင့်မို့ ကျုပ်တို့ အခုလောက်အထိ ဒုက္ခအရောက်ခံပြီး လာစေါင့်နေကြတာပေါ့ ”

(င)
စာအုပ်ဆိုင်ကလေးရှေ့တည့်တည့် လမ်းပေါ်တွင် စစ်ကားနှစ်စီး ထိုးဆိုက်လာခဲ့သည်။ တောက်ပြောင်လှပသည့် အမည်းရောင် စစ်ဝတ်စုံဝတ် စစ်သားများ ကားပေါ်မှ ဆင်းသည်။ ရထားလမ်းနှင့် ကားလမ်းဆုံတဝိုက် နေရာအနှံ့ အသင့်အနေအထားနှင့် နေရာယူလိုက်ကြသည်။ တပြိုင်နက်တည်းဆိုသလို သကြားစက်ဘက်အခြမ်း ရထားလမ်းဘေး ကုန်းနိမ့်တွင် ကားငယ်ကားကြီး အသွယ်သွယ် ထိုးဆိုက်လာကြသည်။ ကားပေါ်မှ စစ်ဝတ်စုံဝတ်ပုဂ္ဂိုလ်ကြီးများ၊ အရပ်ဝတ် အရာရှိကြီးများ ဆင်းလာကြသည်။ မနေ့တုန်းက သည်နေရာကို ရောက်လာခဲ့ကြသည့် အရာရှိကြီးနှစ်ဦးဖြစ်သည့် အမှတ်(၁) စက်မှုဝန်ကြီး ဗိုလ်ချုပ်တင့်ဆွေနှင့် တိုင်မှူး ဗိုလ်ချုပ် ထောင်ဇာခိုင် တို့ကို တွေ့ရသည်။
လူတွေ ရထားလမ်းဘေးတွင် နေရာယူနေစဉ် လှပသော အနီရောင် ရထားလေးတစ်စီး အသံကြားရရုံမျှ စက်သံဖြင့် လမ်းဆုံပေါ် ရောက်လာသည်။ ရထားတွဲ (၄)တွဲမျှသာ ပါရှိသည့် အထူးရထားနီကလေး။ တွဲတိုင်းလိုလို၏ ပြတင်းပေါက်များမှာ မှန်များတပ်ထားလျက်၊ ခန်းဆီးများ ချလျက်။
စကားပြောသံများ တိတ်သွားသည်။ မည်သည့်လှုပ်ရှားမှုမျှ မရှိကြ။ စာအုပ်ဆိုင်ကလေးထဲက မြို့နယ်ဥက္ကဌနှစ်ဦးက မတိုင်ပင်ရပဲ ရထားအောက်ကို ငုံ့ကြည့်နေကြသည်။ ကိုဌေးမြိုင်သည်ပင် သူတို့နှင့်ရောကာ ရထားအောက်သို့ ငုံ့ကြည့်သည်။
မိနစ်ပိုင်းအကြာတွင် ကလေးငယ်တစ်ဦး၏ခြေထောက်၊ အမျိုးသမီး နှစ်ဦး၏ခြေထောက်များ ရထားပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။ စာအုပ်ဆိုင်ကလေးမှာ ရထားလမ်း၏သည်မှာဘက်တွင် ဖြစ်နေသည်။ သကြားစက်ဘက်အခြမ်းတွင် မရှိပဲ၊ ဇေယျဝတီ မြို့ထဲဘက် အခြမ်းတွင် ဖြစ်နေသည်။ ထို့ကြောင့် ရထားပေါ်က ဆင်းလာသည့် ပုဂ္ဂိုလ်များကို ရထားအောက်မှ ငုံ့ကြည့်ပြီးမှသာ တွေ့ရသည်။ သို့သော် ခြေထောက်များကိုသာ တွေ့ရသည်။ အပေါ်ပိုင်း ခန<ာကိုယ်ကိုမူ မမြင်နိုင်။ ခြေထောက်များကိုကြည့်ကာ လူကြီး၊ ခလေး၊ ကျား၊ မ၊ ခန့်မှန်းပြီး ခွဲခြားနေရ၏။ ကလေးနှင့် အမျိုးသမီးများ ဆင်းလာပြီးနောက် ရထားပေါ်က မည်သူမျှ နောက်ထပ်ပြီး ဆင်းမလာပဲ ရထားပေါ်တွင် အသံတိတ်နေသည်။
“ အဖိုးကြီး ဆင်းမလာသေးဘူးဗျ၊ အခုနတုန်းက ဆင်းသွားတာ အဖိုးကြီးမပါသေးတာ သေချာတယ်၊ ရထားပေါ်ကလည်း ဘာသံမှ မကြားရဘူးဗျ ”
ရထားအောက်သို့  စိတ်လှုပ်ရှားစွာ ကုန်းကြည့်နေရသဖြင့် ပုဂ္ဂိုလ်နှစ်ယောက်အနက် မည်သူက ထင်မြင်ချက်ပေးလိုက်သည်ကိုမူ ကိုဌေးမြိုင် သတိမထားလိုက်နိုင်ပါ။ တကယ့်ကို လေသံတိုးတိုးနှင့် ပြောလိုက်သည်ကိုသာ သိလိုက်သည်။ ထိုစဉ်မှာပင် ရထားဘေးသို့ စစ်ဝတ်စုံဝတ် လူနှစ်ဦး လှေကားတခုကို မလျက် ပြေးလာသည်ကို တွေ့ရသည်။ ခနအကြာ လှေကားကို ရထားပေါ်က လူတစ်ယောက်က တခုခုနှင့်တွန်းဖယ်သည်ကို တွေ့ရကြားရသည်။ ထို့နောက် ရထားပေါ်မှ ခြေထောက်တစ်ဖက် အရင်ဆင်းသည်။ လူတစ်ယောက် မီးခိုးရောင် ဘောင်းဘီဝတ်လျက် ရထားဘေးတွင် ရပ်နေသည်ကို တွေ့ရသည်။ မြင်နေရသည့် ခြေထောက်တစ်စုံကိုကြည့်ကာ ခြေထောက်ပိုင်ရှင်မှာ ဦးနေဝင်း ဟုတ်မဟုတ် မည်သူမျှ မဝေခွဲနိုင်ကြ။ ခြေထောက်တစ်စုံက ရှေ့ကို ခြေတစ်လှမ်းနှစ်လှမ်းတိုးသည်။ ခတ်လှမ်းလှမ်းမှရပ်ကာ လက်ကို နောက်ပစ်ကာ ရိုကျိုးငြိမ်သက်စွာ ရပ်နေကြသူများ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ထိုစဉ်မှာပင် စာအုပ်ဆိုင်ကလေးထဲသို့ လူစိမ်းများ ဝင်လာသဖြင့် ကုန်းကုန်းကွကွ လုပ်နေကြသူ သုံးယောက်စလုံး ခါးဆန့်လိုက်ကြရ၏။
“ ဘယ်လိုလဲဗျ၊ ရထားပေါ်က ဆင်းသွားပြီလား၊ ခင်ဗျားတို့ တွေ့လိုက်ရသေးလား ”
စာအုပ်ဆိုင်ထဲ နောက်ကျမှ ဝင်လာသူ ထောက်လှမ်းရေးဗိုလ်မှူးက လေသံနှိမ့်ပြီး သူတို့သုံးယောက်ကို မေးလိုက်သည်။ သုံးယောက်စလုံး မည်သူမျှ ပြန်မဖြေကြသေး။ တယောက်မျက်နှာ တယောက်ကြည့်သည်။ ခေါင်းခါလိုက်ကြသည်။
“ ကျုပ်လည်း ဒီနေရာလာပြီး ကြည့်ချင်တာဗျာ၊ ဒီကနေ့မနက်ကျမှ လမ်းထိပ်မှာပဲ တာဝန်ကျနေလို့၊ ခင်ဗျားတို့များ မြင်လိုက်ရသေးလားလို့”
ထိုနေ့က ရထားလမ်းနှင့် ကားလမ်းဆုံရာ လမ်းဆုံတွင် အထူးရထားလေးရပ်ထားသည်မှာ တနာရီမျှ ကြာ၏။ စာအုပ်ဆိုင်ပိုင်ရှင် ကိုဌေးမြိုင်ကိုမူ ထောက်လှမ်းရေး ဗိုလ်မှူးက ဆိုင်ပိတ်ပြီး အိမ်ပြန်ရန်ပြောသဖြင့် ကိုဌေးမြိုင် အိမ်ပြန်လာခဲ့ရ၏။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း၏ ခြေထောက်ကို ဒုတိယအကြိမ် ရထားလမ်းအောက်မှ ငုံ့ကြည့်ရမည့် အခွင့်အရေး ကိုဌေးမြိုင် ဆုံးရှုံးသွားရ၏။
ကိုဌေးမြိုင်တစ်ယောက် စာအုပ်ဆိုင်တံခါးများပိတ်နေစဉ် ထောက်လှမ်းရေးဗိုလ်မှူးနှင့် မြိုံ့နယ်ဥက္ကဌနှစ်ဦးတို့ပြောနေသည့်စကားကိုမူ ကိုဌေးမြိုင် နားထဲ စွဲနေ၏။
“ အေးဗျာ၊ ကျုပ်က ဥက္ကဌကြီးကို အနီးအနားကနေပြီး တခါမှ မမြင်ဖူးသေးဘူးဗျ၊ အဝေးကြီးကနေပြီးပဲ လှမ်းမြင်ဖူးတာ၊ ခင်ဗျားတို့ကမှ မြင်လိုက်ရသေးတယ်”
“ ဟာ ဗိုလ်မှူးကလဲ၊ ကျနော်တို့လဲ ဘယ်မြင်ဖူးမှာလဲ၊ အခုလည်း လူကိုမြင်ရတာမှ မဟုတ်တာ၊ ခြေထောက်တွေကိုပဲ မြင်လိုက်ရတာ၊ အဲဒါ အဲဒီခြေထောက်တွေတောင်မှ ဥက္ကဌကြီးရဲ့ခြေထောက်တွေ ဟုတ်မှ ဟုတ်ရဲ့လား အသေအချာမပြောနိုင်ပါဘူး၊ ဟုတ်တယ်နဲ့တူတယ်နော် ဥက္ကဌ”
ဆိုင်သိမ်းပြီး လမ်းထိပ်ဖက်လျှောက်လာတော့ လမ်းထိပ်တွင် လုံခြုံရေး နေရာယူထားသည့် စစ်သားများက ကိုဌေးမြိုင်ကို ဝိုင်းကြည့်နေကြသေးသည်။ ကိုဌေးမြိုင်က စစ်သားများရှိရာ မဝံ့မရဲနှင့် ပြန်ကြည့်ပြီးနောက် ခေါင်းငုံ့ပြီး ဆက်လျှောက်လာခဲ့ရ၏။

(စ)
“ ဟော အကိုကြီး ဒီကနေ့ ဆိုင်ဖွင့်မှ ဖွင့်ပါ့မလားလို့ ကျနော် စိတ်ပူနေတာ၊ ကျနော်ငှါးထားတဲ့ စာအုပ်ကလေးတွေလည်းအပ်ရင်း အကိုကြီးကို ကျနော်တို့ နှုတ်ဆက်မလို့ပါ ”
ကိုဌေးမြိုင်က ဆိုင်ဖွင့်ရင်းက စစ်ဗိုလ်လေးကို ပြန်လည်ပြုံးပြလိုက်သည်။
“ အော် ဗိုလ်လေးတို့ ပြန်ကြတော့မယ်ပေါ့၊ ဟုတ်လား၊ ”
စစ်ဗိုလ်လေး၏မျက်နှာက အိမ်ပြန်ရတော့မည်ဖြစ်သဖြင့် ထူးထူးခြားခြား ပျော်ရွှင်နေသလားဟု ကိုဌေးမြိုင် တွေးသည်။
“ ဟုတ်ကဲ့ ကျနော်တို့ အခု ပြန်ရတော့မယ်၊ ငှါးထားတဲ့စာအုပ်တွေ အကိုကြီးမရောက်လာသေးဘူးဆိုရင် ဟိုဖက်နားက တဲကလေးမှာ ပြောပြီး အပ်ထားခဲ့မလို့၊ အခုတော့ အဆင်ပြေသွားတာပေါ့၊ ကျနော်တို့ ဒီမှာ ခဏ လာနေရတုန်း အကိုကြီးဆီက အကူအညီတွေ ရခဲ့တာ ကျေးဇူးပါပဲ ”
“ အော် ရပါတယ်ဗျာ၊ ဗိုလ်လေးက စာဖတ်ဝါသနာပါတော့ စာအုပ်လေးဘာလေး ပေးငှါးရတာပဲ ရှိတာ၊ အထွေအထူး ကူညီခဲ့ရတာမှ မရှိတာ၊ စာအုပ်တွေ စားပွဲပေါ် တင်သာထားခဲ့ပါ၊ ကျနော် တံပျက်စီးလှည်းလိုက်ဦးမလားလို့ ”
စစ်ဗိုလ်လေးက စားပွဲဆီသို့လျှောက်သွားသည်။ စားပွဲပေါ်တွင် စာအုပ်နှစ်အုပ်ကိုတင်သည်။ ဆိုင်အပြင်ဖက် ပြန်လာကာ ကိုဌေးမြိုင် အနားတွင် လာပြီး ရပ်သည်။ ကိုဌေးမြိုင်ကို တစုံတရာ စကားပြောချင်ဟန် ပြသည်။ ကိုဌေးမြိုင်က စစ်ဗိုလ်လေးကို ကြည့်ကာ လှည်းနေသော တံပျက်စီးကို ရပ်ထားလိုက်သည်။
“ ပြန်တော့မှာမို့ ကျနော် အကိုကြီးကို စကားနည်းနည်းတော့ ပြောပြချင်သေးတာ”
ကိုဌေးမြိုင်က စစ်ဗိုလ်လေး၏မျက်နှာကို စူးစမ်းသလို ကြည့်သည်။ စစ်ဗိုလ်လေးက ပြောမည့်စကားကို ရုတ်တရက် မပြောသေးပဲ စဉ်းစားသလို လုပ်နေသေး၏။
“ ကျနော်လေ ဒီစကားကို ပြောပြချင်နေတာ အရမ်းပဲ၊ အခုတော့ ပြောလို့ရပြီဆိုပြီး မပြောပဲကို မနေနိုင်လို့၊ ပြီးတော့ ဒီစကားကို တယောက်ယောက်ကို ခတ်မြန်မြန်ပြောပြလိုက်ရမှ ကျနော့်ရင်ထဲ ပေါ့သွားမှာမို့၊ အကိုကြီးကို ကျနော် ပြောပြတဲ့သဘောပါ ”
ကိုဌေးမြိုင်က စစ်ဗိုလ်လေး၏စကား၊ စစ်ဗိုလ်လေး၏ အမူအယာကို စိတ်ဝင်တစား နားထောင်သည်။ ငေးကြည့်သည်။
“ ဒီလိုပါ အကိုကြီး၊ ကျနော်တို့ အခု ဒီနေရာမှာလာပြီး တာဝန်ကျနေတာ လေးရက်နော်”
စစ်ဗိုလ်လေးက အသက်ကို ဝအောင်ရှူနေရပြန်သည်။
“ အဲဒီလေးရက်အတွင်း ကျနော်တို့မှာ တစ်ရက်မှ စိတ်မချမ်းသာခဲ့ရဘူးအကိုကြီးရာ၊ အထူးသဖြင့် မနေ့တုန်းကဆို ပိုဆိုးတာပေါ့၊ ဟို ဟို ဗိုလ်ချုပ်ကြီး အဲ၊ ဥက္ကဌကြီး ဦးနေဝင်း လာနေတဲ့ ရောက်နေတဲ့အချိန်တုန်းကများ ကျနော်တို့ဖြင့် ရင်တမမနဲ့ နေခဲ့ရတယ်”
“ ဘာပြုလို့လဲ၊ တခုခုဖြစ်မှာ စိုးလို့လား၊ ကျနော်လဲ ဒီလိုပါပဲ၊ စိတ်ပူတာပေါ့”
ကိုဌေးမြိုင်က စစ်ဗိုလ်လေးကို စိတ်သိတ်ပြီး မရှည်ချင်တော့။ ဘယ်သူမဆို လူတကာ သည်လိုပဲ စိတ်ပူကြရမှာပဲ ဆိုတဲ့ အတွေးနှင့် အသည်းပိုလွန်းသည့် စစ်ဗိုလ်လေးကို အရေးမပါသလို ကြည့်သည်။
“ မဟုတ်ဘူးအကိုကြီးရ၊ ကျနော်ပြောတာ အဲသလိုမဟုတ်ဘူး၊ ကျနော်တို့က သူများတွေ စိတ်ပူသလိုမျိုးမဟုတ်ဘူး၊ သူများတွေထက် ပိုပြီးတော့ စိတ်ပူရတာမျိုး၊ သူများတွေနဲ့ မတူတဲ့ စိတ်သောကမျိုးကို ပြောတာ ”
တံပျက်စီးဆက်လှည်းမည်ဟန်ပြင်နေသည့် ကိုဌေးမြိုင်က လက်ထဲက တံပျက်စီးကို ကိုင်လျက် စစ်ဗိုလ်လေး ဆက်ပြောမည့်စကားကို စိတ်ဝင်စားသွားရပြန်သည်။
“ ကျနော်တို့က ဒီမှာ လုံခြုံရေးတာဝန်ယူရမယ်ဆိုလို့သာ လာနေခဲ့ကြရတာ၊ ကျနော်တို့မှာ ဘယ်သူ့ဆီမှာမှ ကျည်ဆံတစ်တောင့် ရှိတာမဟုတ်ဘူးခင်ဗျ၊ ကျနော်တို့ကို ဒီအတိုင်း သေနတ်တွေနဲ့ ဟန်ပြလွှတ်လိုက်တာ၊ ဒါကို ဘယ်သူမှ မသိစေရဘူး၊ သိရင် အကြီးမားဆုံး အပစ်ပေးခံရမယ်ဆိုပြီး ကျနော်တို့ကို ပြောပြီး လွှတ်လိုက်တာ၊ အဲဒီတော့ အကိုကြီးပဲ စဉ်းစားကြည့်ပေါ့၊ ကျနော်တို့ ဘယ်လို ခံစားရမယ်ဆိုတာ၊ ကျနော်ဖြင့်လေ တချိန်လုံး စိတ်ကို မချမ်းသာဘူး၊ ဒီကနေ့မနက်ကျမှပဲ စိတ်ထဲမှာ အေးသွားရတယ်”
ကိုဌေးမြိုင် စစ်ဗိုလ်လေး၏မျက်နှာကို ပါးစပ်အဟောင်းသားနှင့်ကြည့်သည်။ အနည်းငယ် အံ့သြထိတ်လန့်သွားရ၏။ ကြားလိုက်ရသည့်စကားကို မယုံတဝက်၊ ယုံတဝက်။ ဘာပြုလို့လည်း။ ဘာပြုလို့ လုံခြုံရေးလာချထားတဲ့ စစ်သားတွေကို ကျည်ဆံမပါတဲ့သေနတ်တွေနဲ့ ဒီနေရာမှာ လာထားလိုက်ကြတာလဲ။
“ ကျနော်တို့က တကယ့်ကို ဟန်ပြလုံခြုံရေးလာနေကြရတာပါဗျာ၊ ကျနော်တို့လဲ တယောက်မှ စိတ်ဖြောင့်ဖြောင့် မနေခဲ့ရတာ အမှန်ပဲ၊ ကျနော့်အထင်တော့ ကျနော်တို့ကိုပါ မယုံဘူးနဲ့တူပါတယ်၊ စိတ်မချဘူးနဲ့တူပါတယ်၊ အေးလေ ကျနော်တို့ကသာ ဒါတွေ ဒီလို မတွေးတတ်တာနေမှာပါ၊ အထက်က တာဝန်ရှိတဲ့လူတွေကျတော့ ကျနော်တို့လို ဘယ်တွေးပါ့မလဲပေါ့နော အကိုကြီး၊ ကိုင်း အခုတော့ တစိမ်းလူထဲကဆိုရင် အကိုကြီးကို ကျနော် ပထမဆုံး ရင်ဖွင့်ပြောလိုက်တာပဲ၊ အခုမှ ကျနော်လည်း ရင်ထဲမှာ ပေါ့သွားတော့တယ်၊ ကိုယ်ပြောချင်တာ ပြောလိုက်ရလို့၊ ဒါပါပဲ အကိုကြီးရာ ကျနော်တို့ အခု ပြန်ရတော့မယ်၊ အကိုကြီးကို ကျနော်တို့ နှုတ်ဆက်တာပဲ ”
ရထားလမ်းဘေးက လုံခြုံရေးတာဝန်ကျ စစ်သားများ ပြန်သွားကြပြီ။ စစ်ဗိုလ်လေးပြောသွားသော စကားများက ကိုဌေးမြိုင်ကို အတွေးပေါင်းစုံ ဆက်လက်ပြီး တွေးနေစေ၏။ အခုတော့ သူသည်လည်း စာအုပ်ဆိုင်လေးကို စိတ်လက်ပေါ့ပါးစွာ ဖွင့်ထားလို့ရပြီဖြစ်သည်။ သည် သုံး-လေးရက်အတွင်း စိတ်သောက ရောက်ခဲ့ရသည်များမှာ မေ့လို့မရနိုင်ဖြစ်ခဲ့သည်။ ထို့ပြင် ကျည်ဆံတစ်တောင့်မျှ မပါသည့် သေနတ်များနှင့် လုံခြုံရေးတာဝန် လာယူသွားခဲ့ကြရသည့် စစ်သားများကိုလည်း သူ့မှာ မေ့လို့မရနိုင်အောင် ကိုယ်ချင်းစာမိသည်။
ထိုနေ့က ကိုဌေးမြိုင် မသိနိုင်ခဲ့သည့် နောက်ထပ် အဖြစ်အပျက်တစ်ခု ရှိခဲ့ပါသေးသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး၊ သကြားစက်ကို လာရောက် မစစ်ဆေးခင် တစ်ရက်အလိုမှ ဥက္ကဌကြီး ပြန်လည်ထွက်ခွါသွားပြီး နောက်တနေ့အထိ၊ သကြားစက်ဆီ ဦးတည်နေသည့် မြို့တွင်းလမ်းဆုံက ရဲစခန်း တာဝန်ကျရဲများသည်လည်း စိတ်မချမ်းမြေ့နိုင်ခဲ့ကြပါ။ သူတို့ရဲစခန်းထဲက သေနတ်များ၊ ခဲယမ်းမီးကျောက်များအားလုံး စစ်တပ်မှ လာရောက်သိမ်းဆည်းထားခဲ့သောကြောင့် ဖြစ်သည်။ ထိုသတင်းကိုမူ ပန်းဝေဝေ စာအုပ်အငှါးဆိုင်ပိုင်ရှင် ကိုဌေးမြိုင်တယောက် မသိနိုင်ခဲ့ပါ။    ။

ငြိမ်းဝေ

No comments:

Post a Comment