(က)
ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲလိုက်ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ဦးနေဝင်းက သူ့နောက်တော်ပါ စစ်ဗိုလ်ချုပ်တွေကို အာဏာလွှဲပေးလိုက်ပါတယ်။ ဒါကို အခေါ်အဝေါ်အားဖြင့် စစ်တပ်က အာဏာသိမ်းတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါ အားလုံးသိတဲ့ကိစ္စပါ။
စစ်တပ်က အာဏာသိမ်းတယ်ပဲပြောပြော ဦးနေဝင်းက အာဏာလွှဲပေးလိုက်တယ်ပဲပြောပြော စစ်တပ်က အာဏာရလာတဲ့အခါ သူတို့ဘာပြုလို့ အာဏာသိမ်းရတယ်ဆိုတာ အကြောင်းပြဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုးလည်း ပြခဲ့ကြပါတယ်။ ပြတာမှ တနှစ် နှစ်နှစ်လောက်အချိန်ယူပြီး အကြောင်းပြခဲ့ကြတာမျိုးတောင်မှ မဟုတ်ပါဘူး။ ဆယ်စုနှစ် နှစ်ခုကျော်တဲ့အထိ အကြောင်းပြချက်က အတောမသတ်ပါဘူး။ ဒီလို အကြောင်းပြတဲ့အခါ အဓိကအားဖြင့် ဘာကို အခြေခံပြီးပြခဲ့သလဲဆိုတော့ အရပ်သားက စစ်သားလောက် တိုင်းပြည်အပေါ်မှာ စေတနာမရှိဘူး၊ စစ်သားက အရပ်သားထက် ပိုပြီး တိုင်းပြည်ကိုချစ်တယ်၊ စစ်သားအစိုးရက အရပ်သားအစိုးရထက် ညီညွတ်တယ် စစ်သားက အရပ်သားထက်ပိုပြီး တိုင်းပြည်ကို အုပ်ချုပ်တတ်တယ်ဆိုတဲ့ အချက်တွေကို အခြေခံပြီးမှ အကြောင်းပြကြတာပါ။
ဒီလို စစ်ခေါင်းဆောင်တွေက စစ်သားနိုင်ငံရေးဂုဏ်ကိုမြှင့်တင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ အရပ်သားတချို့ကလည်း အရပ်သား နိုင်ငံရေးရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်တဲ့စာအုပ်တွေ ရေးသားထုတ်ဝေလာကြပါတယ်။ ဒီစာအုပ်တွေကို ရေးသားထုတ်ဝေကြတဲ့သူတွေက စာအုပ်ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြကြတဲ့အခါ ယခင် အရပ်သားအစိုးရလက်ထက် အရပ်သား အစိုးရခေါင်းဆောင်တွေ မညီမညွတ်ဖြစ်ခဲ့ကြတာ အာဏာယစ်မူးခဲ့ကြတာ အာဏာအလွဲသုံးစားလုပ်ခဲ့ကြတာ အစရှိတဲ့ ဖေါက်ပြန်မှားယွင်းတဲ့လုပ်ရပ်တွေကို ပြည်သူတွေသိရအောင် သခါန်းစာယူဖို့ ရေးကြတာဖြစ်တယ်လို့ ရှင်းပြခဲ့ကြပါတယ်။
ကျနော်တို့ဟာ သမိုင်းကို သုံးသပ်ကြတာ ကောင်းပါတယ်။ ဒါဟာ သုံးသပ်မှု အဆိုးမဟုတ်ပါဘူး။ သုံးသပ်မှု အကောင်းဖြစ်ပါတယ်။ ဒါပေမယ့် အကျိုးသက်ရောက်မှုက ခုတ်ရာတခြား ရှရာတခြား ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ စနစ်နှစ်ခု ယှဉ်နေတဲ့အချိန် စံနစ်တခုကို မကောင်းဘူးလို့ ပြောရင် ကျန်တဲ့စံနစ်က ကောင်းတယ်ဆိုတာမျိုး ဖြစ်သွားတတ်ပါတယ်။ ပိုပြီးဆိုးတာက တိုင်းပြည်အာဏာ လုယူထားတဲ့ စစ်သားတွေက စစ်သားနိုင်ငံရေး ကောင်းကြောင်းပြောနေတဲ့အချိန် အရပ်သားနိုင်ငံရေးမကောင်းကြောင်း စာအုပ်စာတမ်းထုတ်ဝေပြီး ပြောတဲ့သူအဖို့ စစ်သားနိုင်ငံရေးကောင်းကြောင်း ဝင်ပြောသလိုဖြစ်သွားနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။
ဒီလို အဖြစ်မျိုး ဖြစ်စေခဲ့တယ်လို့ ယူဆနိုင်ဖွယ်ရှိတဲ့ စာအုပ်တွေထဲမှာ အထင်ရှားဆုံးကတော့ ဂါဒီးယန်း ဦးစိန်ဝင်း ရေးသားထုတ်ဝေတဲ့ ‘ အကွဲအပြဲဇတ်လမ်း ´ စာအုပ်ပဲ ဖြစ်ပါတယ်။
(ခ)
‘ အကွဲအပြဲဇာတ်လမ်း ´ စာအုပ်ဟာ ၁၉၅၈ ခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း အာဏာရ အရပ်သားအစိုးရအဖွဲ့အတွင်း ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေကို အဓိကထား ရေးတဲ့ စာအုပ်ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရလျင် အဲဒီ ဧပြီလနဲ့ အောက်တိုဘာလကြား၊ (၇) လအတွင်း အာဏာရအရပ်သားအစိုးရခေါင်းဆောင်များ အာဏာယစ်မူးကြပုံ၊ အာဏာအလွဲသုံးစားလုပ်ပုံ၊ အချင်းချင်း ရန်သူသဖွယ်သဘောထား ဆက်ဆံ အကြံအကောက်ထားကြပုံတွေကို ဖွင့်ချထားခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အဲဒီတုန်းက အစိုးရအဖွဲ့ရဲ့ အခရာ ရာထူးရထားတဲ့ ဝန်ကြီးချုပ် ဦးနုကို တခြား အစိုးရခေါင်းဆောင်တွေထက် ပိုပြီး မီးမေါင်းထိုး ရေးထားတာကိုလည်း တွေ့ရပါတယ်။ ဦးနုရဲ့ နိုင်ငံရေးလမ်းကြောင်း ၊ ဦးနုရဲ့ စိတ်နေစိတ်ထား၊ ဦးနုရဲ့ ရာဇပလ္လင်ဖင်ကပ်ပါတဲ့ကုသိုလ်ကံ ၊ ဒီနေရာမှာ ဂါဒီးယန်းဦးစိန်ဝင်း ရေးတဲ့အရေးအသားအရပြောရရင် ‘ မျက်မှောက် နိုင်ငံရေးသမိုင်းတွင် သူရဲကောင်းအဖြစ်လည်းကောင်း၊ လူဆိုးအဖြစ်လည်းကောင်း အရေးပါသော ကဏ္ဍများမှ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည့် ဦးနု ´ ဆိုပြီး ဦးနုရဲ့ ပုဂ္ဂလ နိုင်ငံရေးသမိုင်းကြောင်းကို လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက အစချီပြီး ရေးထားတာ တွေ့ရပါတယ်။(စာမျက်နှာ ၄ မှ စာမျက်နှာ ၁၉ အထိ)။
အဲသလို ဦးနုရဲ့ ပုဂ္ဂလ နိုင်ငံရေးလမ်းကြောင်းကို တခန်းတနား ရေးပြီးကာမှ ပဆပလအဖွဲ့ကြီး အတွင်း ‘ အစေါပိုင်းကလ အကွဲအပြဲများ ´ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆက်ပြီးရေးပါတယ်။ (စာမျက်နှာ ၂၀ )။ ထိုစဉ်က အမျိုးသားတပ်ဦးပါတီကြီးဖြစ်တဲ့ ဖဆပလ အဖွဲ့ကြီးကို ဘုရင်ခံ ‘ ဆာဟူး ဘတ်ရန့်စ် ´ က ဘုရင်ခံကောင်စီမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လို့ ဘုရင်ခံကောင်စီ(ဝန်ကြီးအဖွဲ့) အဖွဲ့ဝင် ဝန်ကြီးများ ခန့်ထား ရာထားတဲ့အခါ ကွန်မြူနစ်ပါတီက ဦးသိန်းဖေမြင့်တယောက်တည်းသာ ဝန်ကြီးရာထူးရလို့ ကွန်မြူနစ်တွေ မကျေနပ်တဲ့အကြောင်း နောက်တော့ ကွန်မြူနစ်တွေ ဖဆပလထဲက အထုတ်ခံရပြီး တောခိုကြတဲ့အကြောင်းဆို ပြီး တချိန်က အမျိုးသားတပ်ဦးပါတီကြီးထဲမှာ အင်အားတောင့်တင်းလှတဲ့ ကွန်မြူနစ်ပါတီ ပဲ့ထွက်သွားရတဲ့အဖြစ်အပျက်ကို အာဏာရ ဖဆပါလ အဖွဲ့ကြီးရဲ့ ဗွေဆော်ဦးအကွဲအပြဲအဖြစ် အစချီပြီး ရေးပါတယ်။
အဲဒီနောက် ၁၉၄၈ ခု၊ မေလ ၂၄ ရက်နေ့မှာ ကြေညာတဲ့ ဦးနုရဲ့ ‘ လက်ဝဲညီညွတ်ရေးအစီစဉ် ´ အပေါ် ကွန်မြူနစ်လိုလားတဲ့ ရဲဘော်ဝါများက ဆန့်ကျင်ကြခဲ့တာကို ဖဆပလအဖွဲ့ကြီးအတွင်း ဒုတိယ အကွဲအပြဲဇာတ်လမ်းဖြစ်တယ်လို့ ရေးပါတယ်။ ဒီတခါ အကွဲအပြဲဟာ ၁၉၅၀ ခုနှစ်ကာလအထိ ဆိုးဝါးတဲ့ အကွဲအပြဲအဖြစ်လာဖို့ လမ်းခင်းလိုက်တယ်လို့ ရေးပါတယ်။
ဖဆပလအဖွဲ့ကြီးရဲ့ တတိယအကွဲအပြဲကိုတော့ ကွန်မြူနစ်များ ရဲဘော်ဝါများ ဖဆပလမှ ခွဲထွက်တောခိုသွားကြပြီးနောက် အဖွဲ့ကြီးအတွင်း တဖွဲ့တည်း အင်အားအများဆုံး ကျန်နေခဲ့တဲ့ ဆိုရှယ်လစ်ပါတီအတွင်း ဆိုရှယ်နီနဲ့ ဆိုရှယ်ဖြူဆိုပြီး ကွဲပြဲခဲ့တာကို ရေးပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာဖြစ်ပွါးတဲ့ အရေးအခင်းအပေါ် ဖဆပလအစိုးရရဲ့ ရပ်တည်ချက်မူဝါဒကို သခင်လှကျွေ၊ သခင်လွင်နဲ့ သခင်ချစ်မောင်( နောင်အခါ ဝိဒူရ သခင်ချစ်မောင်အဖြစ် ထင်ရှားသူ) တို့က ကန့်ကွက်ခဲ့ကြရာက အဲဒီပုဂ္ဂိုလ် ၃ ဦးစလုံး ဖဆပလအဖွဲ့ချုပ်အတွင်းက ထုတ်ပယ်ခံရတဲ့အကြောင်း၊ ထုတ်ပယ်ခံရသူတွေက ဗမာပြည် အလုပ်သမားနှင့် လယ်သမားပါတီ ဆိုပြီး ပါတီခွဲတခု ထောင်ပြီး အင်အားတောင့်တင်းတဲ့ အတိုက်အခံပါတီဖြစ်လာတဲ့အကြောင်း ရေးပါတယ်။ ဒီအကွဲအပြဲဟာ ဖဆပလအဖွဲ့ကြီး နောက်ဆုံး ငှက်ဆိုးထိုးသံအဖြစ် နောက်ဆုံးအကွဲအပြဲဖြစ်တဲ့အကြောင်း ဖဆပလအဖွဲ့ကြီး အပြီးသတ်ဇာတ်သိမ်းဖို့ တွန်းပို့လိုက်တဲ့ အကွဲအပြဲဖြစ်တဲ့အကြောင်း ရေးပါတယ်။
အနှစ်ချုပ်မယ်ဆိုရင်တော့ ဂါဒီယန်းဦးစိန်ဝင်းရေးတဲ့ အကွဲအပြဲဇာတ်လမ်းဆိုတာဟာ တချိန်က တိုင်းပြည်လွတ်လပ်ရေးရအောင် လူထုကို ဦးဆောင်ကြိုးပမ်းခဲ့ပြီး လွတ်လပ်ရေးရတဲ့အခါ အာဏာရ ပါတီကြီးဖြစ်လာတဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ အကွဲအပြဲဇာတ်လမ်းဖြစ်ပါတယ်။ အထူးမီးမေါင်းထိုးပြတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၅၀ ခုနှစ်နောက်ပိုင်း ဦးနုနဲ့ ဦးကျောငြိမ်းတို့ခေါင်းဆောင်တဲ့အဖွဲ့နှစ်ဖွဲ့ အုပ်စုနှစ်စုကြား အာဏာခွဲဝေမှုနဲ့ ပတ်သက်တဲ့ မညီညွတ်မှုများ၊ အကွက်ဆင်မှုများ၊ ဂိုဏ်းဂဏတိုက်ပွဲများ၊ ၁၉၅၈ ခု ဧပြီလနဲ့ အောက်တိုဘာလအတွင်း ဖြစ်ပျက်ခဲ့သည်များကို အသေးစိပ် မီးမေါင်းထိုး ရေးတာ တွေ့ရပါတယ်။
ဒီအထဲမှာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒီအချိန်တုန်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ တပ်မတော်က အဲဒီအဖြစ်အပျက်တွေ အဲဒီအကွဲအပြဲတွေကို ဘယ်လိုသဘောထား ဘယ်လိုရပ်တည်ခဲ့သလဲဆိုတဲ့ အချက်ကို ရေးထားတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဂါဒီးယန်းဦးစိန်ဝင်းရဲ့ ရေးသားချက်အရဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဦးနုခေါင်းဆောင်တဲ့အုပ်စုနဲ့ ဦးကျော်ငြိမ်းခေါင်းဆောင်ခဲ့တဲ့ အုပ်စု ၂ အုပ်စုအနက် ဘယ်အုပ်စုဘက်ကိုမှ မပါဝင်ခဲ့တဲ့သဘော ရေးတာတွေ့ ရပါတယ်။ အထူးသဖြင့် ‘ တပ်မတော်နှင့် နိုင်ငံရေး ´ ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတဲ့ အခန်းမှာ ‘ ဇွန်လ ၂၃ ရက်နေ့တွင် မင်္ဂလာဒုံ၌ တပ်မှူးများ၏ ညီလာခံကို နိုင်ငံရေးအကြပ်အတည်း ဖြစ်ပွါးနေစဉ်အတွင်း ကျင်းပခဲ့ပါသည်။ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်၏ ဒီမိုကရေစီအပေါ်အပြည့်အဝ ယုံကြည်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုတို့ဖြင့် ကြားနေသည့်ကိစ္စကို အခိုင်အမာ ပြောဆိုခဲ့ပါသည်...´ လို့ ရေးပါတယ်။ ( စာမျက်နှာ ၁၄၇ )
ဒါပေမယ့်လည်း ဟိုစဉ်တုန်းက တပ်မတော်ဟာ ဦးကျော်ငြိမ်းတို့ဘက်က ပါဝင်ပတ်သက်ခဲ့တဲ့ ကိစ္စများက အဲဒီခေတ်ကို မီလိုက်သူ ဘယ်သူမဆို သိတဲ့အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီတုန်းက အိမ်စေါင့်အစိုးရက ပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ တပ်မတော်ဟာ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေတို့အုပ်စု( ဆွေငြိမ်းအုပ်စု- တည်မြဲ ) ဘက်ကို ရပ်ကွက်တွေအတွင်းနဲ့ ကျေးရွာတချို့မှာ ပြောင် ခြိမ်းခြောက် မဲထည့်ခိုင်းခဲ့တဲ့သာဓကတွေ ရှိခဲ့ပါတယ်။
ဟိုစဉ်တုန်းက တပ်မတော်ရဲ့ ဦးစီးခေါင်းကိုင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဒီမိုကရေစီကို တကယ်သက်ဝင်ယုံကြည်သူဖြစ်တယ်ဆိုတဲ့အဓိပါယ်သက်ရောက်စေတဲ့ ဒီရေးသားချက်ကတော့ သံသယဖြစ်စရာပါ။ ဘာပြုလိုလည်းဆိုတော့ မဆလအစိုးရ သက်တမ်း ၂၆ နှစ်တာကာလ အတွေ့အကြုံများအရ ဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာရှင်စံနစ်ကို အုတ်မြစ်ချသူ မျက်မှောက် မြန်မာ့သမိုင်းကို အမဲစက် စွန်းထင်းစေခဲ့သူဖြစ်တယ်ဆိုတာ လူတိုင်းသိနေလို့ ဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့နောက်ဆုံး စိတ်ဝင်စားဖို့ကောင်းတဲ့အချက် ရှိပါသေးတယ်။ တိုင်းပြည်အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းထံ လွှဲပြောင်းပေးရေးအတွက် ထိုစဉ်က ဝန်ကြီးချုပ် ဦးနုနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့ အပြန်အလှန် ပေးကြတဲ့ စာ ၂ စေါင်ပင် ဖြစ်ပါတယ်။
(ဂ)
ရှစ်လေးလုံးအရေးတော်ပုံကျဆုံးပြီးစအချိန် ပြည်သူတွေက အရေးတော်ပုံကြီး ကျဆုံးရတာကို ပူပူနွေးနွေး ခံစားနေရတဲ့အချိန် ဂါဒီယန်း ဦးစိန်ဝင်းရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ထွက်လာတော့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ တော်တော်လေး ဂယက်ရိုက်ပါတယ်။ အထူးသဖြင့် စစ်သားနိုင်ငံရေးကို စိတ်အနာကြီးနာပြီး နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ စစ်သားတွေ နိုင်ငံရေးထဲ ဝင်စွက်ခွင့်မရှိတဲ့ အရပ်သားနိုင်ငံရေးပြန်ဖြစ်လာဖို့ သွေးမြေကျတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေအဖို့ အရပ်သားနိုင်ငံရေးရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့စာအုပ် တနည်းအားဖြင့် အရပ်သားနိုင်ငံရေးမကောင်းကြောင်း ဖွင့်ချတဲ့စာအုပ်အပေါ် လူထုက စိတ်မချမ်းသာဖြစ်စေခဲ့တာကတော့ အမှန်ပါပဲ။ ဒီတုန်းက အရပ်သားနိုင်ငံရေးနဲ့ စစ်သားနိုင်ငံရေး ဆိုတဲ့ စံနစ် ၂ ခု ရှိလာရာမှာ မီဒီယာသမားတွေဟာ ဘယ်နိုင်ငံရေးဘက်က ရပ်တည်သင့်သလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ စေါင့်ကြည့်နေတဲ့ လူထုရဲ့မျှော်လင့်ချက်ဟာ ဒီစာအုပ်တွေကြောင့် ဝေဝေဝါးဝါး ဖြစ်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ တဖက်က ပြန်ကြည့်ပြန်ရင်လည်း ဒီစာအုပ်မျိုးတွေဟာ စစ်သားနိုင်ငံရေးသမားတွေအတွက် အားတက်စေ ကျေနပ်စေတဲ့ စာအုပ် ဖြစ်စေခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ထိုစဉ်တုန်းက ဒီစာအုပ်ဟာ ဂယက် ရိုက်ခဲ့တာပါ။
အမှန်စင်စစ်တော့ ဒီစာအုပ်ဟာ ပထမတုန်းက အင်္ဂလိပ်ဘာသာနဲ့ ၁၉၅၉ခု၊ မတ်လ အတွင်းက ( ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စေါင့်အစိုးရလက်ထက် ) ထုတ်ဝေခဲ့ပြီးတဲ့စာအုပ် ဖြစ်ပါတယ်။ အဲဒီနှစ် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလ ဂါဒီယန်းသတင်းစာမှာ နေ့စဉ်ဖေါ်ပြခဲ့တဲ့ ဆောင်းပါးတွေကို ပေါင်းစည်းထုတ်ဝေတာပါ။ အရပ်သားအစိုးရဖြစ်တဲ့ ပထစအစိုးရ က တိုင်းပြည်ကို နိုင်နင်းအောင်မအုပ်ချုပ်နိုင်လို့ စစ်တပ်ကို အာဏာလွှဲပေးရတဲ့ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရလက်ထက်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တာပါ။ အာဏာလွှဲပြောင်းပေးခဲ့ရတဲ့ အရပ်သားအစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်တဲ့စာအုပ်ကို စစ်အစိုးရလက်ထက်မှာ ရေးခဲ့တာပါ။ တနည်းအားဖြင့်ပြောရရင် စစ်အစိုးရလက်ထက်မှာ အရပ်သားအစိုးရ အားနည်းချက်တွေကို ရေးတာဖြစ်လို့ သည်တုန်းက စစ်အစိုးရက ကျေနပ်စေခဲ့တဲ့ စာအုပ်လို့ ပြောနိုင်ပါတယ်။
အဲဒီနောက် ၁၉၈၈ ခုနှစ် နောက်ထပ် စစ်အစိုးရတက်လာတဲ့အခါ တခါ အရပ်သားအစိုးရ အားနည်းချက်တွေကို ဖွင့်ချရေးသားတဲ့ ဒီစာအုပ်ကိုပဲ ‘ အကွဲအပြဲဇာတ်လမ်း ´ ဆိုပြီး မြန်မာဘာသာနဲ့ နောက်တကြိမ် ထုတ်ဝေလိုက်တဲ့အတွက် ထိုစဉ်တုန်းက ဂါဒီယန်းဦးစိန်ဝင်း ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်း အမေးခံရလောက်အောင် ဂယက်ရိုက်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ၁၉၈၈ ခုနှစ် အထိ အဲဒီ အနှစ်(၄၀) ဝန်းကျင်ကာလအတွင်းမှာ သွားလေသူ အစိုးရဆိုတာ ပထစ အရပ်သား အစိုးရတစ်ခုတည်း မဟုတ်ပါဘူး။ မဆလ အစိုးရလည်း ရှိပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ကတိမ်းကပါးနဲ့ ပြုတ်ကျခဲ့တဲ့အစိုးရ ၂ ခုရှိတဲ့သဘောပါပဲ။ ဒီလို ပြုတ်ကျတဲ့ အစိုးရ ၂ ခုရှိတဲ့အနက် ဦးနေဝင်းခေါင်းဆောင်တဲ့ တပါတီအာဏာရှင်အစိုးရ အကွဲအပြဲကျတော့ မရေးပဲ ဟိုးလွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါးက ပထစ အရပ်သားအစိုးရ အားနည်းချက်စာအုပ်ကိုမှ တကြိမ်မက နှစ်ကြိမ်မြောက်အထိ ထုတ်ဝေလာတာဟာ ဘာကြောင့်လဲ။ အထူးသဖြင့် အရပ်သားအစိုးရ အားနည်းချက်တွေကို စစ်အစိုးရ နှစ်ခုဖြစ်တဲ့ ၁၉၅၈ ခု ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စေါင့်အစိုးရလက်ထက်နဲ့ ၁၉၈၈ ခု စစ်အစိုးရ လက်ထက်တွေကျမှ တိုက်တိုက်ဆိုင်ဆိုင် ထုတ်ဝေလိုက်တာဟာ ဘာကြောင့်လည်း။ ဒီလိုမေးခွန်းတွေကြောင့်လည်းပဲ ဂါဒီယန်းဦးစိန်ဝင်းရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ဟာ ဂယက်ရိုက်ခဲ့တာပါ။ ဆင်ခြေပေးလို့ ရတယ်ထင်တဲ့အချက် တစ်ချက်တော့ရှိပါတယ်။ ၁၉၈၈ ခု စစ်အစိုးရလက်ထက်မှာ ဟိုး ပထစ အရပ်သားအစိုးရအကြောင်းပဲ ရေးခွင့်ရှိပြီး ၂၆ နှစ်တာ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ စစ်တပ်ကို အမာခံထားတဲ့ တပါတီအာဏာရှင်အစိုးရအကြောင်းက ရေးခွင့်မရှိလို့ဆိုပြီး ဆင်ခြေပေးလို့ရတာရှိတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါဆိုရင်လည်း ၂ ခုစလုံးဆိုးတဲ့အစိုးရတွေဖြစ်တာမို့ တခုရေးခွင့်ရလို့ တခုပဲရေးတာဆိုရင် ကျန်တဲ့တခုက ကောင်းတဲ့အစိုးရလို့ကော စာဖတ်သူတွေက ထင်စရာမရှိပေဘူးလား။ ဆိုးဝါးတဲ့အစိုးရ ၂ ခုအနက်တခုပဲရေးခွင့်ရရင် ရည်ရွယ်ချက်က တလွဲဖြစ်သွားနိုင်တာမို့ ၂ ခုစလုံးအကြောင်း မရေးပဲထားရင်ကော ပို မကောင်းပေဘူးလား။
ကျနော်တို့ မငြင်းနိုင်တဲ့ အချက်တော့ ရှိပါတယ်။ အရပ်သား အစိုးရလက်ထက်မှာ အာဏာလက်ကိုင် အစိုးရခေါင်းဆောင်များ အာဏာယစ်မူးခဲ့ကြ အဏာအလွဲသုံးစားလုပ်ခဲ့ကြ နောက်ဆုံး နိုင်ငံရေးခွက်စေါင်းခုတ်ကြ ရန်သူလိုဖြစ်ခဲ့ကြလို့ တိုင်းပြည်နစ်နာခဲ့ရတဲ့အချက်ကို မငြင်းနိုင်ပါ။ ဒါကြောင့်မို့လည်း ဂါဒီယန်းဦးစိန်ဝင်းရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲရေးရေး ဘယ်လိုအကျိုးသက်ရောက်မှုပဲ ရှိခဲ့ရှိခဲ့ လူတိုင်းဖတ်သင့်တဲ့ စာအုပ်ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ဝန်ခံကြရမှာဖြစ်ပါတယ်။
ကျနော်တို့ မျှော်လင့်မိတဲ့အချက်လည်း ရှိပါတယ်။ အရပ်သားအစိုးရထက် ပိုပြီး တိုင်းပြည်ကို ဒုက္ခပေးခဲ့တဲ့ ဥဲီးနေဝင်းရဲ့ တပါတီအာဏာရှင်အစိုးရလက်ထက်နဲ့ လက်ရှိစစ်အစိုးရလက်ထက် စစ်သားတွေ စစ်ဗိုလိချုပ်တွေ တိုင်းပြည်အပေါ်ထားရှိတဲ့စေတနာ အာဏာကျင့်သုံးပုံ အာဏာခွဲဝေပုံ ဘယ်လောက်အထိ ရုပ်ပျက်ဆင်းပျက် ရှိခဲ့ကြတယ်ဆိုတဲ့ ဇာတ်လမ်းတွေကိုလည်း သက်ရှိထင်ရှားရှိနေဆဲဖြစ်တဲ့ သတင်းစာဆရာကြီး ဂါဒီယန်းဦးစိန်ဝင်း ထပ်မံရေးသားလာဦးမလားဆိုတဲ့ မျှော်လင့်ချက်တော့ ကျနော်တို့မှာ ရှိပါတယ်။
တကယ်တော့ မီဒီယာသမားတွေဟာ တိုင်းပြည်ရဲ့ မျက်လုံးမျက်ဆံများဖြစ်တာမို့ ဂါဒီးယန်းဦးစိန်ဝင်းလို အင်မတန် ထက်မြက်တိကျတဲ့ သတင်းစာသမားကြီးတစ်ဦးက အရပ်သားအစိုးရအဖွဲ့တစ်ခုရဲ့ အရှုပ်အထွေးတွေကို အခုလို ဖွင့်ချရေးသားလိုက်တာဟာ တိုင်းပြည်အတွက် အကျိုးရှိစေတာ မငြင်းနိုင်ပါဘူး။
ပြင်သစ်ပြည် ပဲရစ်မြို့မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းစာ ထုတ်ဝေသူများ. အဖွဲ့ချုပ်ကပေးတဲ့ ရွှေကလောင်ဆု ရရှိထားသူ၊ အရပ်သားအစိုးရ အကွဲအပြဲဇာတ်လမ်းများကို ခရေစေ့တွင်းကျ ရေးနိုင်စွမ်းသူ နာမည်ကျော် သတင်းစာဆရာကြီး ဂါးဒီယန်းဦးစိန်ဝင်းဟာ မီဒီယာသမားပီပီ စစ်အစိုးရအဆက်ဆက်ရဲ့ နောက်ထပ် အကွဲအပြဲဇာတ်လမ်း စာအုပ်များကိုလည်း မလွဲမသွေ ဆက်လက်ရေးသားလာဦးလိမ့်မယ်လို့တော့ ကျနော်တို့ အစဉ်တစိုက် မျှော်လင့်နေဆဲ ဖြစ်ပါကြောင်း....။ ။
ငြိမ်းဝေ
စာအုပ်အမည်။ ။ အကွဲအပြဲ ဇာတ်လမ်း
စာရေးသူ။ ။ ဂါးဒီးယန်း ဦးစိန်ဝင်း
ထုတ်ဝေခုနှစ်။ ။ ၁၉၈၉ ခု၊ မတ်လ
အုပ်ရေ။ ။ ( ၇၀၀၀)
(ဒီဆောင်းပါးက ဧရာဝတီမှာ တင်ခဲ့ပြီးတဲ့ ဆောင်းပါးဖြစ်ပါတယ်ခင်ဗျား)
No comments:
Post a Comment