July 21, 2011

ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာ နာကျင်မှု(စာတမ်း)

ဒီကနေ့တင်တဲ့ ပို့စ်က အသစ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ် ၂ လပိုင်းမှာ တင်ခဲ့ပြီးတဲ့ ပို့စ်အဟောင်း ဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ မိတ်ဆွေတွေ ဖတ်ဖြစ်သွားအောင်နဲ့ ကျနော်ကိုယ်တိုင်က ပြန်ဖတ်ပြီး တင်ချင်တဲ့စိတ်ပေါ်လာလို့ ထပ်တင်လိုက်တာပါ။ ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာပြုလုပ်တဲ့ မြန်မာမီဒီယာ ကွန်ဖရင့်တစ်ခုမှာ တင်သွင်းခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။

                  ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာ နာကျင်မှု(စာတမ်း)

နိဒါန်း
“ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာနာကျင်မှုစာတမ်း” ကို ၁၉၆ဝ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာကဗျာများကို အခြေခံပြီးမှ ရေးပါတယ်။စာတမ်းဖတ်ကြားခွင့် အချိန်သတ်မှတ်ချက်အပေါ်မူတည်ပြီးမှ အကျဉ်းချုံးဖတ်ကြားတင်သွင်းတဲ့စာတမ်းငယ်လည်းဖြစ်ပါတယ်။

အပိုင်း(က)
လူ့ အဖွဲ့ အစည်းနဲ့ ကဗျာ ရဲ့ အခန်းကဏ္ဍ
ကဗျာဆိုတာ လူသားတွေတည်ထွင်ထားတဲ့ ယဉ်ကျေးမှုရေးရာ အနုပညာပစ္စည်းတခုဖြစ်ပါတယ်။ လူသားက လူ့ ဘဝအဝန်းအဝိုင်းတခုလုံးနဲ့ ပတ်သက်တဲ့အရာဟူသမျှအပေါ် သူဘယ်လိုခံစားရတယ်ဆိုတာ ဖေါ်ပြတဲ့အခါ ကဗျာကိုလည်း ခံစားမှုဖေါ်ပြရေးကိရိယာတခုအဖြစ် လူတွေအသုံးပြုပါတယ်။ ကဗျာဆိုတာ ခံစားမှုဖေါ်ပြရေးကိရိယာပါပဲ။ တနည်းအားဖြင့် လူတွေရဲ့ရင်ခုန်သံကိုဖေါ်ပြတာ ကဗျာပါပဲ။ဒီနေရာမှာ သိသာထင်ရှားစေဖို့ နှိုင်းယှဉ်ချက်တခုနဲ့ ယှဉ်ပြီးပြောရရင် “လူတွေအကြောင်းသိချင်ရင် ဝတ္ထုဖတ်၊ လူတွေအကြောင်းပြောချင်ရင် ဝတ္ထုရေး” ဆိုတဲ့စကားလိုပါပဲ။ “ရင်ခုန်သံကိုကြားချင်ရင် ကဗျာဖတ်၊ ရင်ခုန်သံကိုပြောချင်ရင်တော့ ကဗျာရေး” ဆိုတဲ့စကားဟာ မှန်ကန်ပါတယ်။ ကဗျာဟာ အနုပညာရေးနယ်ပယ်ထဲမှာ ကိုယ်ပိုင်ဟန်သီးသန့် ရှိတဲ့ အနုပညာပစ္စည်းတခုပါပဲ။

ကဗျာဟာ လူတွေရဲ့ ခံစားမှုဖေါ်ပြရေးကိရိယာတခုလို့ ဆိုလိုက်တဲ့အတွက် လူတွေရဲ့ဘဝပုံသဏ္ဍာန်အမျိုးမျိုး၊ လူတွေရဲ့ တွေးခေါ်မှုပုံစံအမျိုးမျိုးကို ကဗျာထဲမှာရှိတဲ့ အဲဒီရင်ခုန်သံများကိုအခြေခံပြီး ကျနော်တို့ ခြေရာခံလို့ ရနိုင်ပါတယ်။ ဥပမာ ခရစ်မပေါ်မီ သက္ကရာဇ် ၆၀၀-၅၀၀ ကရှိခဲ့တဲ့ အိန္ဒိယတိုက်ငယ်က “မဟာဘာရတ ”နဲ့ “ဘဂဝါဂီတ ”လို့ ခေါ်တဲ့ကဗျာကြီးတွေ၊ ပြီးတော့ ခရစ်သက္ကရာဇ် ၇၇၂-၈၈၆ လောက်ကရှိခဲ့တဲ့ တရုပ်ကဗျာဆရာကြီး “ပိုင်ချူယီ” ရဲ့ကဗျာတွေ၊ တခါ ဒီဘက်ကိုနည်းနည်းတိုးလာလိုက်ရင် ခရာဇ်သက္ကရာဇ် ၁၇၉၂ ခုနှစ်မှာမွေးပြီး ၁၉ ရာစုဦးပိုင်းမှာကြီးပြင်းလာခဲ့တဲ့ “ရှယ်လီ ”ရဲ့ “ပြည်သူတို့ အတွက် ကဗျာဆရာရဲ့တေးသံ”(Song-To the Men of England) ကဗျာမျိုး၊ “ဒီလန်တောမတ်စ်”ရဲ့ “စာရွက်ကို လက်မှတ်ထိုးတဲ့လက်ဟာ မြို့ ကိုဖျက်တယ်” ( The Hand That Signed the Paper Felled a City) ဆိုတဲ့ကဗျာတွေဖြစ်ပါတယ်။ဒါဟာ ဒီကဗျာတွေဟာ အဲဒီခေတ်အဲဒီကာလ သူ့ သက်ဆိုင်ရာလူ့  အဖွဲ့ အစည်းရဲ့ လူမှုဖွဲ့ စည်းဆက်ဆံရေးအခြေအနေတွေကို ခြေရာကောင်းကောင်း ကောက်နိုင်တဲ့အနုပညာပစ္စည်းတွေပါပဲ။ တနည်းအားဖြင့်ပြောရရင် “သည်မင်းသည်စိုး သည်သူခိုးနဲ့ သည်မိုးသည်လေ သည်လူတွေနဲ့ ” ဆိုသလို အဲဒီခေတ်လူ့  အဖွဲ့ အစည်းများရဲ့ အခြေအနေကို ကဗျာတွေထဲမှာ ခြေရာခံလို့ ရပါတယ်။အဲဒီခေတ် အဲဒီလူ့ အဖွဲ့ အစည်းဝင်လူမျိုးများရဲ့ ရင်ခုန်သံများကို ကျနော်တို့ အတိုင်းသားကြားနိုင်တဲ့ကဗျာတွေပါပဲ။

ကျနော်တို့ လူမျိုးတွေအဖို့ တော့ ပခက်အတွင်းမှာရှိစဉ်တုန်းက တေးကဗျာနဲ့ ယဉ်ပါးလာလိုက်တာ လူသေကုန်းကိုသွားတော့လည်း နိဗ္ဗာနတေးနဲ့ သွားတဲ့အထိ တေးကဗျာနဲ မွေးဖွား၊တေးကဗျာနဲ့နေ၊ တေးကဗျာနဲ့ ဘဝကိုနိဂုံးချုပ်တဲ့လူမျိုးဖြစ်ပါတယ်။

ကျနော်တို့ ဟာ ကဗျာဖတ်ပြတာ ကဗျာရွတ်တာတွေကိုနားထောင်ကြပါတယ်။ကျနော်တို့ ဟာ ကဗျာတွေကို ဖတ်ကြတယ်။ဒီလိုနည်းနဲ့ လူတွေအကြောင်းခံစားကြည့်ကြတယ်။ ဒီလိုနည်းနဲ့ လူတွေရဲ့ရင်ခုန်သံတွေကိုနားထောင်ကြတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ က ဘဝကိုဆင်ခြင်၊ ဘဝကိုသုံးသပ်ကြတယ်။

လူဟာ ခံစားမှုအထိတက်လှမ်းလာနိုင်မှသာ ဆင်ခြင်သိ သုံးသပ်အသိကို ပိုင်ပိုင်နိုင်နိုင် မှန်မှန်ကန်ကန် ရယူနိုင်တဲ့သဘော ရှိပါတယ်။ “ဥာဏ်အသိမှာတင်ရပ်မနေပဲ ဈာန်အသိအထိ တက်လှမ်းမှသာရောက်နိုင်တာဟာ ကဗျာပါပဲ” ။ ဒါကြောင့်မို့ လည်း ခံစားမှုအပေါ်မှာသာ ခြေစုံရပ်ထားတဲ့ကဗျာရဲ့အခန်းကဏ္ဍဟာ လူ့ ယဉ်ကျေးမှုနယ်ပယ်မှာ မြင့်မားနေတဲ့သဘောဆောင်တာပါ။ ကဗျာဟာ လူ့ ယဉ်ကျေးမှုဥယျာဉ်ထဲက ပန်းအညွန့် အဖူးပါပဲ။

အပိုင်း (ခ)
အဆင့်နိမ့်ကျလာနေသော မြန်မာ့လူ့  အဖွဲ့ အစည်းရဲ့အခြေအနေနဲ့ ကဗျာရဲ့ တာဝန်နှစ်ရပ်
မြန်မာ့ လူ့ အဖွဲ့ အစည်းရဲ့သမိုင်းဟာ ၁၉၆၀ လွန်နှစ်တွေကစပြီး အာဏာရှင်စနစ်နဲ့ တုတ်နှောင်ထားခြင်းခံနေရတဲ့သမိုင်းဖြစ်ပါတယ်။ ဒီသမိုင်းဟာ ဒီကနေ့  ဒီစာတမ်းတင်သွင်းနေတဲ့အချိန်အထိ တည်ရှိနေတဲ့သမိုင်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် နှစ်ပေါင်းငါးဆယ်နီးပါး (ရာစုနှစ်တစ်ဝက်နီးပါး) အာဏာရှင်စံနစ်နဲ့ တုတ်နှောင်ခြင်းခံထားရတယ်ဆိုတဲ့ သမိုင်းဆိုင်ရာအနှစ်သာရ မပြောင်းလဲပဲ တည်ရှိနေတဲ့သမိုင်းဖြစ်ပါတယ်။

ဒီ ရာစုနှစ်ဝက်အတွင်း မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့ အခြေအနေကို နှိုင်းယှဉ်မှုနှစ်ခုနဲ့ ယှဉ်ပြီးကြည့်ရင် ဖြစ်သင့် ရှိသင့်တဲ့အခြေအနေထက် နိမ့်ဆင်းသွားနေတာတွေ့ ရပါတယ်။ နှိုင်းယှဉ်မှုတခုက တခြားနိုင်ငံများနဲ့ နှိုင်းယှဉ်တာဖြစ်ပြီး နောက်တခုကတော့ ကိုယ့်နိုင်ငံရဲ့အတိတ်ကာလအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ခြင်းဖြစ်ပါတယ်။ နိမ့်ဆင်းသွားနေတယ်လို့ ပြောနိုင်တဲ့အချက်တွေကတော့ နယ်ပယ်အသီးသီးအလိုက် ကိန်းဂဏန်းများနဲ့ တကွ ပြောဆိုလို့ ရတာရှိသလို ကြောင်းကျိုးဆက်စပ်ပြီးမှ ကောက်ချက်ဆွဲလို့ ရတာမျိုးလည်းရှိပါတယ်။ ကိန်းဂဏန်းအရ ဥပမာတခုပြောရရင် ကျနော်တို့ နိုင်ငံလူ့ အဖွဲ့ အစည်းရဲ့ လူတဦးချင်းဝင်ငွေကိုထောက်ပြတာမျိုးနဲ့ ကြောင်းကျိုးဆက်စပ်ပြီးမှ ကောက်ချက်ဆွဲနိုင်တဲ့ကိစ္စကတော့ လူတွေ ဗြဟ္မစိုရ်တရား ခေါင်းပါးလာနေတဲ့ကိစ္စမျိုးဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင် လူတွေ အတွေးအခေါ်အရ ချွတ်ချုံကျလာနေတဲ့ကိစ္စမျိုးဖြစ်ပါတယ်။

လူ့ အဖွဲ့ အစည်းတခုမှာ ရုပ်ဝတ္ထုလိုအပ်ချက်က အရေးကြီးသလို စိတ်ဆနNလိုအပ်ချက်ဟာလည်း အရေးကြီးတာပါပဲ။ ဒီနှစ်ခုဟာ တခါတလေ အခြေအနေနဲ့ အချိန်အခါအရ တခုက တခုထက်ပိုပြီးအရေးကြီးနေတတ်ပေမယ့် ဒါဟာ ယာယီသဘောမျှသာဖြစ်ပြီး တရားသဘောအရဆိုရင် နှစ်ခုစလုံး အရေးကြီးကြတာချည်းပါပဲ။ကျနော်တို့ ရဲ့ မြန်မာ့လူ့ အဖွဲ့ အစည်းအခြေအနေဟာ အဲဒီအချက်နှစ်ချက်စလုံးမှာ ဝမ်းနည်းဖွယ်ရာ နိမ့်ဆင်းကျလာနေတာ အထင်အရှားပါပဲ။
ဒီလို နိမ့်ဆင်းကျလာနေခြင်းရဲ့ အဓိကတရားခံဟာ ကျနော်တို့ မြန်မာ့လူ အဖွဲ့ အစည်းရဲ့ ဖွဲ့ စည်းတည်ရှိမှု ဆက်ဆံရေးအခြေအနေပဲဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ့လူ့ အဖွဲ့ အစည်းဟာ ဖွဲ့ စည်းပုံမှားနေတဲ့၊ ဖွဲ့ စည်းပုံ ပုံပမ်းပျက်နေတဲ့သဘောမှာရှိပါတယ်။ ဒီဖွဲ့ စည်းပုံဟာ သာမာန်ချွတ်ချော်တိမ်းပါးမှုမဟုတ်ပဲ “ဘုရားကအောက် မျောက်ကအထက်” ဆိုတဲ့ လုံးလုံးကြီး မှားယွင်းတိမ်းချော်နေတဲ့ လူ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ဖြစ်တည်နေခဲ့ပါတယ်။သည်လိုအခြေအနေမျိုးမှာ ကဗျာဟာ တာဝန်နှစ်ခုကိုထမ်းဆောင်တာတွေ့ ရပါတယ်။ တခုက လူတွေရဲ့လက်ရှိပကတိအခြေအနေအမှန်ကိုထုတ်ဖေါ်ဖို့ ကြိုးစားတဲ့တာဝန်နဲ့ ဒီဖွဲ့ စည်းပုံပျက်နေတဲ့ အခြေအနေကြီးထဲက ဘယ်လိုရုန်းထွက်သင့်သလဲဆိုတဲ့ သတိပေးနှိုးဆော်တဲ့တာဝန်ဖြစ်ပါတယ်။ဒီနေရာမှာ ကဗျာတချို့ က လူတွေရဲ့လက်ရှိဘဝအခြေအနေကိုထင်ဟပ်ပြီး တချို့ ကဗျာတွေကတော့ လူတွေ ဒီအခြေအနေဆိုးကြီးထဲက ဖေါက်ထွက်ဖို့ နှိုးဆော်တဲ့ကဗျာတွေဖြစ်ပါတယ်။ တခါတလေကြတော့လည်း တချို့ ကဗျာတွေက ဒီတာဝန်နှစ်ခုကို တပြိုင်နက်တည်း ထမ်းဆောင်နိုင်တာ တွေ့ ရပါတယ်။


(ဂ)
ဒဏ်ရာရနေတဲ့ခေတ်တစ်ခုက နာကျင်မှုကဗျာကိုပြဌါန်းခြင်း
၁၉၆၀ နဲ့ ၂၀၁၀ ခုနှစ်အတွင်း ကျနော်တို့ မြန်မာ့လူ့ အဖွဲ့ အစည်းဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့ လူ့ အဖွဲ့ အစည့်းကြီးတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ် ၅၀ အတွင်း “ဧကဝါဒ” လွှမ်းမိုးမှုအောက်မှာ လူတွေအားလုံး အနိဌါရုံတွေကိုပဲ မျက်မှောက်ပြုရင်း အချိန်တွေ ကုန်လွန်ခဲ့ကြရပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်ဝါဒီတွေ တိုင်းပြည်အာဏာရလာပါတယ်။ ထုံးစံအတိုင်း အာဏာရလာတဲ့နည်းကလည်း တရားနည်းလမ်းမကျ၊ ရထားတဲ့အာဏာကိုလည်း လက်မလွှတ်ချင်တော့ အာဏာရ စစ်ဝါဒီတွေက ညွှတ်ကွင်းတွေ၊တည်ကွင်းတွေ၊ ကျော့ကွင်းတွေ၊ သတ်ကွင်းတွေအမျိုးမျိုးပြောင်းလဲကိုင်စွဲပြီး အာဏာတည်မြဲဖို့ ကိုပဲ လုပ်နေခဲ့ပါတယ်။ ဒီတော့ကာ တိုင်းပြည်တိုးတက်စည်ပင်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး ဆိုတာတွေက ဘယ်နည်းနဲ့ မှ ခေါင်းမပြူနိုင်တော့ပဲ လူတွေအားလုံး ဒုက္ခတွင်းထဲ တွန်းချခံရသလိုဖြစ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ အခြေအနေမပျက်အောင် အခြေအနေတွေ ဆိုးဝါးသထက်မဆိုးဝါးအောင် ကြိုးစားကြရတဲ့ လူထုကြီးနဲ့ အုပ်စိုးသူ စစ်ဝါဒီတွေ ထိပ်တိုက်တွေ့ ပြီး ကျနော်တို့ မြန်မာ့ လူ အဖွဲ့ အစည်းဟာ ပဋိပက္ခတွေ ထူပြောနေခဲ့ရပါတယ်။ဒါဟာ နိုင်ငံရေး စီးပွါးရေး လူမှုရေး ပညာရေး ကျန်းမာရေးအစရှိတဲ့နယ်ပယ်အသီးသီးမှာ မိုးမှောင်ကြီးကျနေတဲ့သဘောပါပဲ။ ကျနော်တို့ လူမျိုးတွေ အမှောင်ထုအောက်မှာ ဆင်းရဲမွဲတေလာကြရပါတယ်။ခေတ်ကြီးတစ်ခုလုံး စင်းကောဖြစ်လုနီးပါး၊ မျက်ရည်နဲ့ သွေးတွေ နောက်ထပ် ပစ်ကျွေးဖို့ စတေးဖို့ လက်ကျန်မရှိလောက်အောင် ဖြစ်လာခဲ့ကြရပါတယ်။နောက်ဆုံးမှာ ဒီလူ့ အဖွဲ့ အစည်းကြီးတခုလုံး ငြီးငြူသံတွေ၊ တောက်ခေါက်သံတွေ၊ ငိုသံတွေ၊ ကြိမ်းမောင်းသံတွေကို နေရာအနှံ့ ကြားနေခဲ့ကြရပါတယ်။

ဒီလိုအခြေအနေတွေက ဒီလိုနာကျင်မှုတွေနဲ့ ဒင်းကြမ်းပြည့်နေတဲ့ ခေတ်တစ်ခုက လူထုထဲကလူတယောက်ဖြစ်တဲ့ ကဗျာဆရာတွေကို ရင်ခုန်စေခဲ့ပါတယ်။ ကဗျာဆရာတွေကို နာကျင်မှုဖေါ်ပြတဲ့ကဗျာတွေ ရေးလာအောင် တွန်းပို့ လိုက်ပါတယ်။ ဒီလိုနဲ့ ပဲ ကဗျာဆရာ“မောင်ချောနွယ်” က “ဂီတ” ဆိုတဲ့ ကဗျာကို ရေးခဲ့တာပါပဲ။ ဒါဟာဖြင့် နာကျင်မှုကဗျာကို ဒဏ်ရာအနာတရဖြစ်နေတဲ့ခေတ်တစ်ခုက ပြဌါန်းလိုက်တဲ့သဘောပါပဲ။

(ဃ)
မောင်ချောနွယ်ရဲ့ “ဂီတ” သို့ မဟုတ် နာကျင်မှုကဗျာ
ကဗျာဆရာ “မောင်ချောနွယ်” ဟာ သူ့ ကဗျာတပုဒ်ကို “ဂီတ” လို့ အမည်ပေးပြီး ရေးခဲ့ပါတယ်။ ဒီကဗျာဟာ စာလုံးရေ ( ၅၉ ) လုံးပါရှိပြီး ပါဒအရေအတွက် ( ၈ )ခုပဲ ရှိပါတယ်။ ဧကပိုဒ်ကဗျာလည်းဖြစ်ပါတယ်။


ဂီတ

လမ်းဘေးမှာ အေးအေးဆေးဆေး အိပ်နေတဲ့ခွေး
ရုတ်တရက် ကားဖြတ်နင်းခံရ
ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့ ခမျာမှာ
ဘယ်လို အော်ရမှန်းမသိ
သူ့ အသက်ရှူ ရေငင်ပုံးလေး
ရေတွင်း နက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ။ ။

ဒီကဗျာမှာ အဓိကအားဖြင့် နိမိတ်ပုံ (၄)ခု။ “ခွေး၊ ကား၊ ရေတွင်း၊ ရေပုံး ” ဆိုတာတွေနဲ့ ဖွဲ့ စည်းထားတာ တွေ့ ရပါတယ်။ ကဗျာဖတ်သူကို ခံစားနားလည်နိုင်ဖို့ အဲဒီနိမိတ်ပုံ (၄) ခုကပဲ အဓိက စည်းရုံးဆောင်ရွက်သွားတာပါပဲ။
မောင်ချောနွယ်ဟာ ခံစားနာကျင်မှုပြင်းထန်တဲ့ကဗျာတွေ တော်တော်ရေးတယ်။ သစ်ပင်တပင်ကိုတောင် ဒဏ်ရာတွေနန်းချင်းဖြစ်နေတဲ့သစ်ပင်ဆိုပြီး ရေးတယ်(အရိပ်ချွေသစ်ပင်)။ သူ့ ကဗျာတွေထဲက နာကျင်မှုတွေနဲ့ ပတ်သက်ပြီး သူရေးတဲ့ သူပြောတဲ့အတိုင်းပြန်ပြောရရင် “သွေးစိမ်းတပေါက်ပေါက်နဲ့ တည်ဆောက်ခဲ့ရတဲ့ သူ့ ဘဝခရီး” (လူကြိုက်နည်းတဲ့ ကောင်) ဆိုတာမျိုး၊ “ကျနော်တို့ ရဲ့ ဒါဏ်ရာတွေကို ကိုယ့်အနုပညာနဲ့ ကိုယ် သွေးတိတ်စေခဲ့ကြပါတယ်” ဆိုတာမျိုးတွေ သူရေးခဲ့ ပြောခဲ့ပါတယ်။

မောင်ချောနွယ် ကြီးပြင်းဖြတ်သန်းရတဲ့ ခေတ်မှာ ခေတ်ရဲ့အဖြစ်အပျက်တွေက မောင်ချောနွယ်ကို ရိုက်ပုတ်လိုက်တဲ့အတွက် မောင်ချောနွယ်ခံစားနာကျင်ခဲ့ရတဲ့သဘောရှိပါတယ်။မောင်ချောနွယ်ဖြတ်သန်းကြီးပြင်းရတဲ့ခေတ်ဆိုတာ အထက်က ကျနော်ပြောခဲ့တဲ့ တကိုယ်လုံးစင်းကောဖြစ်နေတဲ့၊ ဝရုန်းသုန်းကားဖြစ်နေတဲ့ လူ့  အဖွဲ့ အစည်းတစ်ခုရဲ့ခေတ်ဖြစ်ပါတယ်။ သေနတ်သံတွေမစဲတဲ့ခေတ်၊ ဒုက္ခသည်မျိုးစုံထွန်းကားတဲ့ခေတ်၊ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာ အများဆုံးခေတ်၊ ကမ္ဘာမီးလောင် သားကောင်ချနင်းဖို့ စဉ်းစားဆင်ခြင်ဖို့ တောင် အချိန်မရနိုင်တဲ့ခေတ်။

မောင်ချောနွယ်ရဲ့ “ဂီတ” ကဗျာဟာ အမေရိကန်ကဗျာဆရာဖြစ်တဲ့ “အလန်ဂျင်းစ်ဘတ်”(Allen Ginsberg) ရဲ့ “အူသံ”(Howl)ံ ကဗျာ နဲ့ ကြောင်းတူသံကွဲ ကဗျာဖြစ်တယ်။ ဂျင်းစ်ဘတ်က သူ့ ခေတ်ရဲ့ အမေရိကန်လူထု နာကျင်မှုကို အဲဒီ “အူသံ”ကဗျာနဲ့ ဖေါ်ပြနိုင်ခဲ့သလို မောင်ချောနွယ်ကလည်း သူ့ လူမျိုး မျိုးဆက်တခုလုံးရဲ့ နာကျင်ခံစားရမှုကို “ဂီတ” ကဗျာနဲ့ ဖေါ်ပြနိုင်ခဲ့တယ်။ဂျင်းစ်ဘတ်ရဲ့ “အူသံ”ကဗျာဟာ အမေရိကန်လူမျိုးတွေရဲ့ အပြင်းထန်ဆုံးနဲ့ အရှည်လျားဆုံးအူသံဖြစ်သလို မောင်ချောနွယ်ရဲ့ “ဂီတ” ကဗျာဟာလည်း ကျနော်တို့ မျိုးဆက်တခုလုံးရဲ့ အကျယ်လောင်ဆုံးနဲ့  အနက်ရှိုင်းဆုံး ဘဝဂီတသံစဉ်တစ်ခုပဲဖြစ်ပါတယ်။

အနုပညာနယ်ပယ်မှာ လူသားရဲ့ မချိမဆန့် ဘေးကြပ်နံကြပ်အခြေအနေကိုဖေါ်ပြတဲ့ ပန်းချီကားတချို့ ရှိတယ်။ တခုက နော်ဝေ ပန်းချီဆရာ “အက်ဗတ် မွန့် ခ်” ရဲ့ “အော်သံ” ပန်းချီကား။ နောက်တခုက ဗြိတိသျှပန်းချီဆရာ “ဖရန်စစ်ဘေကွန်”(Francis Bacon) ရဲ့ ပန်းချီကားတွေဖြစ်တယ်။ အက်ဗတ်မွန့် ခ်ရဲ့ “အော်သံ”ံပန်းချီကားဟာ တံတားပေါ်မှာရပ်ပြီး အော်ဟစ်လိုက်တဲ့လူတယောက် ရဲ့ပုံဖြစ်တယ်။ ပါးရိုးနားရိုးတွေချိုင့်ဝင် မျက်လုံးနှစ်လုံးက အဆမတန်ပြူးကျယ်ပြီး ခန္ဒာကိုယ်မှာရှိတဲ့ခွန်အားဟူသမျှ လည်ချောင်းကတဆင့်လွှတ်တင်အော်ဟစ်နေတဲ့လူတယောက်။အဲဒီလူရဲ့မချိမဆန့် အော်ဟစ်လိုက်တဲ့အသံဟာ ဥရောပတတိုက်လုံးကို တုန်လှုပ်ခြောက်ခြားသွားစေတယ်။ အဲဒီပန်းချီကားဟာ လူသားရဲ့အထွေထွေစိတ်ဖိစီးမှုကိုဖေါ်ပြတဲ့ပန်းချီကားဖြစ်ခဲ့တယ်။ ဖရန်စစ်ဘေကွန် ကတော့
လူလိုလို တိရစ္ဆာန်လိုလို ကိုယ်လုံးတီးခန္တာကိုယ်နဲ့ ဒါဏ်ရာရနေတဲ့လူတွေ အပေါက်မရှိတဲ့အခန်းထဲ ပိတ်လှောင်ခံထားရတဲ့အဖြစ်ကို သူ့ ပန်းချီကားတွေထဲမှာ ထည့်ဆွဲပြီး လူသားရဲ့ ဘေးကြပ်နံကြပ်အခြေအနေကို ဖေါ်ပြနိုင်ခဲ့တယ်။

မောင်ချောနွယ်ပြောဖူးတဲ့စကားရှိပါတယ်။ သူ့ ရဲ့ နာမည်ကျော် “ဆတ်သွား” ဆိုတဲ့ကဗျာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့စကားပါ။ “ခင်ဗျား သေချာဖတ်မယ်ဆိုရင် ဆတ်သွားဟာ ကြီးမားတဲ့ဒါဏ်ရာကြီးတခုဆိုတာ တွေ့ ရလိမ့်မယ်” ဆိုတဲ့စကား သူပြောခဲ့တယ်။ တကယ်တော့ သူ့ ရဲ့ ဒီ “ဂီတ” ကဗျာဟာ သူက ဒီကဗျာနဲ့ ပတ်သက်ပြီး ဘာတခွန်းမှပြောခဲ့တာမရှိပေမယ့် ကျနော်တို့ ကဗျာဖတ်သူတွေရဲ့အတွေးမှာတော့ ခေတ်တခုရဲ့ချုပ်ချယ်ဖိနှိပ်မှုတွေ၊ ခေတ်သစ်တစ်ခုပြောင်းဖို့ အတွက် အကြိမ်ပေါင်းများစွာ မျက်ရည်နဲ့ သွေးတွေ ပစ်ကျွေးနေရလွန်းလို့ လူတွေရဲ့ နာနာကျင်ကျင်ငြီးငြူသံတွေ၊ ဘဝရဲ့မှောင်မိုက်ခြင်းတွေ၊ အတွင်းကလှိုက်စားနေတဲ့ ဝေဒနာတွေ၊ လူ့ အဖြစ်ရဲ့ အဓိပ္ပါယ်မဲ့မှုတွေ၊ ဒါတွေက မောင်ချောနွယ်ကို နာကျင်စေခဲ့တယ်လို့ ပဲ နားလည်ရပါတယ်။

ဒီကဗျာထဲမှာ လူတွေ ကိုယ့်အသက်ဓါတ်ကလေးကို ရေတွင်းနက်နက်ကြီးထဲက မနည်းဆွဲတင်နေရတဲ့ ရေပုံးကလေးလို့ သူပြောလိုက်တာ အင်မတန်တိကျတဲ့ နိမိတ်ပုံအတွဲဖြစ်ပါတယ်။လက်ရှိခေတ်ကြီးကို သူက ရေတွင်းနက်နက်ကြီးလို့ ရေးပြီး လူ့ အသက်ဓါတ်ကိုကြတော့ ရေပုံးကလေးလို့ ဆိုပါတယ်။လူ့ အသက်ဓါတ် မီးစာလေး အချိန်မရွေးငြိမ်းသွားနိုင်တဲ့အခြေအနေကို ဖေါ်ပြတဲ့သဘောပါပဲ။ ဒီလို လှုပ်လှုပ်လဲ့လဲ့ ယဲ့ယဲ့ကလေးသာဖြစ်နေတဲ့အသက်ဓါတ်ကလေး သူ့ ဆီက လွတ်ထွက်မသွားအောင် အပြင်းအထန် သတိနဲ့ ပြန်လည်ဆွဲငင်ယူနေရတဲ့ သတ္တဝါတစ်ကောင်ရဲ့ နာကျင်မှုကို “ဂီတ” ကဗျာထဲ အံဝင်ခွင်ကျ ရေးခဲ့တယ်။ မောင်ချောနွယ်ရဲ့ နားထင်ကိုတေ့ ထားတဲ့ ခလုပ်မေါင်းဖြုတ်တော့မယ့် သေနတ်ပြောင်းတခုကို ကဗျာဖတ်သူတွေက ကောင်းကောင်းကြီးမြင်လိုက်ရတဲ့သဘောပါပဲ။ နောက်ဆုံးမှာ သူ့ ရဲ့ “ဂီတ” ကဗျာဟာ သူ့ ရဲ့ပုဂလဓိဌခံစားမှု နာကျင်မှုမဟုတ်တော့ပဲ ဓမ္မဓိဌနာကျင်မှုအထိဖြစ်လာခဲ့ပါတယ်။ personal ကနေပြီး universal ဖြစ်သွားတဲ့သဘောပါပဲ။

ဒီနေရာမှာ “ဂီတ” ကဗျာဟာ သရုပ်ဖေါ်သက်သက်ကဗျာမဟုတ်ပဲ လူတွေ ဒီအကျဉ်းအကြပ်ထဲ ဒီအတိုင်းဆက်နေရင် ဘယ်နည်းနဲ့ မှမဖြစ်နိုင်တော့တဲ့ လူတွေတောင့်ခံနိုင်စွမ်းရဲ့ဒီဖက်အစွန်းအထိရောက်တဲ့အခြေအနေကိုဖေါ်ပြတဲ့ ကဗျာဖြစ်တဲ့အတွက် ထွက်ပေါက်ရှိမှ၊ ဖေါက်ထွက်မှ၊ အသက်ဆက်လက်ရှင်သန်နိုင်တော့မယ်ဆိုတဲ့အသိကို မလွဲမသွေ စဉ်းစားလာစေနိုင်တဲ့ကဗျာ ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ကျနော် နောက်ဆုံးဖြည့်စွက်ပြောလိုက်ချင်ပါတယ်။

ကျနော်တို့ ဟာ ကျနော်တို့ မျိုးဆက်တခုလုံးရဲ့နာကျင်မှုကဗျာ၊ တနည်းအားဖြင့် ရာစုနှစ်ဝက်အတွင်း မြန်မာစာပေနယ်ပယ်ထဲမှာ လူသားရဲ့ နာကျင်မှုကို အပေါ်လွင်ဆုံး ဖေါ်ပြနိုင်တယ်လို့ ယူဆရတဲ့ “ဂီတ” ကဗျာရေးခဲ့တဲ့“ မောင်ချောနွယ် ”ကို ကျေးဇူးတင်သင့်တယ်။ သူ့ ရဲ့ “ဂီတ” ကဗျာ ဟာ ဒဏ်ရာအနာတရဖြစ်နေတဲ့ ကျနော်တို့ ခေတ်၊ ကျနော်တို့ မျိုးဆက်တခုလုံးရဲ့ ဘေးကြပ်နံကြပ်နဲ့  မချိမဆန့် အခြေအနေကို ဖေါ်ပြနိုင်တဲ့ကဗျာဖြစ်တယ်လို့ ပြောရင်း ဒီစာတမ်းကို နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား....။ ။

ငြိမ်းဝေ

မှီငြမ်း။ ။(၁) ဂန္ထဝင်စာပေ စာတမ်းများ (မောင်ဆုရှင်၊ ထီလာစစ်သူ၊ တင်ထွေး )
(၂) ဝိညာဉ် မှန်ကွဲစများလွင့်မျောရာ ကန္တာရ (ဇော်ထွန်း)
(၃) ပန်ဒိုရာ ဘလော့
(၄) ဆစ်လ်ဗီယာပလာသ်ဘဝ ဆစ်လ်ဗီယာပလာသ်ကဗျာ (ဇေယျာလင်း)
(၅) ထင်းရှူးပင်ရိပ် (မောင်သာနိုး)
(၆) အဓိပ္ပါယ်မဲ့ ပြဇာတ် (အောင်ခင်မြင့်
)


No comments:

Post a Comment