(၁)
မြန်မာ အထုပတ္တိစာပေအမျိုးအစားသည် မြန်မာစာပေ စတင်ပေါ်ပေါက်လာကတည်းက တပြိုင်နက်တည်းလိုလို ယှဉ်တွဲ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရပါမည်။ မြန်မာစာပေ အရုဏ်ဦးကတည်းက အထုပတ္တိစာပေအမျိုးအစားသည် ပေါ်ပေါက်လာခဲ့သည့်သဘောပင် ဖြစ်သည်။ အထင်ရှားဆုံး ဥပမာမှာ ခရစ်နှစ် ၁၁၁၂ ခုတွင် ရေးထိုးသော မြစေတီကျောက်စာတွင် သာသနာတော်သက္ကရာဇ် ၁၆၂၈ ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်း အုပ်ချုပ်မင်းလုပ်သည့်အကြောင်း၊ ဘုရင်သည် မိဘုရားသမ္ဘူလအား ကျွန် သုံးရွာကို ပေးထားသည့်အကြောင်း၊ ထိုမိဘုရား၏ သားတော်မှာ ရာဇကုမာ ဖြစ်ကြောင်း၊ မိဘုရားလွန်သည့်အခါ မိဘုရား၏ ရတနာတန်ဆာများနှင့် ကျွန် သုံးရွာကို သားတော် ရာဇကုမာအား ပေးကြောင်း၊ နန်းစံ ၂၈ နှစ် ကျန်စစ်မင်း နာမကျန်းဖြစ်သည့်အခါ ရာဇကုမာက ဖခမည်းတော်အတွက် ဆင်းတုတော်တစ်ဆူနှင့် ကျွန် သုံးရွာကို ဘုရားထံ လှူဒါန်းသည့်အကြောင်း ကျန်စစ်သားမင်းနှင့် ရာဇကုမာတို့၏ အကြောင်းခြင်းရာ အထုတ္ထုပတ်ကို ရေးထိုးမှတ်တမ်းတင်ခဲ့သည်ကို ထောက်ရှုလျင် မြန်မာစာပေ ပေါ်ဦးစကတည်းက အထုပတ္တိစာပေအရေးအသားသည်လည်း တပါတည်း ပေါ်ပေါက်လာခဲ့သည်ဟု ယူဆနိုင်ပါသည်။
နှစ်ပေါင်း ၁၀၀၀ ဝန်းကျင် သက်တမ်းရှိခဲ့ပြီဖြစ်သည့် အထုပတ္တိစာပေအမျိုးအစားကို အကြမ်းဖျင်းအားဖြင့် လေးမျိုး ရှိသည်ဟု ခွဲခြမ်း ပြောဆိုလို့ ရနိုင်ပြန်ပါသည်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို အခြားပုဂ္ဂိုလ်တစ်ဦးက ရေးသားမှတ်တမ်းတင်သည့် စာပေအမျိုးအစားကို ‘ရိုးရိုး အထုပတ္တိစာပေ´ဟူ၍လည်းကောင်း၊ မိမိ၏ ဘဝဖြစ်ရပ်ကို မိမိကိုယ်တိုင်ရေးသည့် ‘ကိုယ်တိုင်ရေးအထုပတ္တိစာပေ´ဟူ၍လည်းကောင်း၊ ယင်း အထုပတ္တိစာပေအမျိုးအစားနှစ်ခုကိုပင် ရိုးရိုးစင်းစင်းမရေးပဲ မိမိ၏ စိတ်ကူးစိတ်သန်းများကိုပါ ထည့်သွင်းရေးသားသည့် ‘ဝတ္ထုသဘောဆောင်သည့် အထုပတ္တိစာပေ´ဟူ၍လည်းကောင်း၊ နောက်ဆုံးအမျိုးအစားမှာ ‘မှတ်တမ်းသဘောပါသော အထုပတ္တိစာပေ´အမျိုးအစားဟူ၍ ဖြစ်သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ပုံနှိပ်ထုတ်ဝေလာသည့် အထုပတ္တိဆိုင်ရာ စာအုပ်များထဲတွင် ထိပ်တန်း စစ်ခေါင်းဆောင်တချို့ ရေးသားထုတ်ဝေသည့် အထုပတ္တိစာအုပ်များကို စာဖတ်ပရိသတ်က ပို၍ စိတ်ဝင်စားခဲ့ကြသည်ဟု ယူဆမိပါသည်။ ဥပမာ... စာအုပ်နှင့် သောင်းဝေဦး၏ ‘ စစ်သားဘဝ အမှတ်တရများ´ စာအုပ်များ ဖြစ်သည်။
နှစ်ပေါင်း ၄၀ ကျော် တိုင်းပြည်အာဏာကို စစ်တပ်က ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရယူလာခဲ့သည့် ကာလအတွင်း စစ်ခေါင်းဆောင်များသည် အုပ်ချုပ် သူတို့ ၏ အတွင်းရေးကို တိုင်းပြည်က မသိအောင် အထူး ထိန်းချုပ်ဖုံးအုပ်ထားသည့်အချိန် စစ်တပ်၏ ထိပ်ပိုင်း ခေါင်းဆောင်တချို့က သူတို့၏ ကိုယ်ရေးအထုပတ္တိများကို ရေးသားထုတ်ဝေလာသည့်အခါ စာဖတ်ပရိသတ်အနေနှင့် ထိုစစ်ခေါင်းဆောင်များ၏ စာအုပ်များအပေါ် မျှော်လင့်ချက်ဖြင့် စိတ်ဝင်စားခဲ့ကြသည်ဟု ဆိုရပါမည်။ အုပ်ချုပ်သူတို့၏ အတွင်းရေးများ၊ စစ်ခေါင်းဆောင်များက တိုင်းပြည်အပေါ်ထားရှိသည့် စိတ်နေစိတ်ထားနှင့် စစ်ခေါင်းဆောင်များ၏ အတွေးအခေါ် အတိမ်အနက်ကို ထိုစာအုပ်များထဲက တဆင့် တစွန်းတစအားဖြင့် သိနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ဖြင့်သာ ထိုစာအုပ်များကို စာဖတ်ပရိသတ်က စိတ်ဝင်စားခဲ့ကြခြင်း ဖြစ်သည်။
ကျနော်သည်လည်း ထို စိတ်အာသီသ အခံဖြင့်ပင် သောင်းဝေဦး(ဗိုလ်မှူးကြီး သောင်းဝေ- အငြိမ်းစား)၏ ‘စစ်သားဘဝ အမှတ်တရများ´ စာအုပ်တွဲ (၄) အုပ်ကို ဖတ်ရှုခဲ့ခြင်း ဖြစ်သည်ဟု ဦးစွာပထမ ဝန်ခံရပါမည်။
(၂)
သောင်းဝေဦး၏ ‘ စစ်သားဘဝအမှတ်တရများ ´ စာအုပ်မှာ လှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းတွင် လစဉ်အခန်းဆက်ရေးခဲ့သည့် ဆောင်းပါးများကို အတွဲ(၄)တွဲခွဲ၍ ထုတ်ဝေသော စာအုပ်ဖြစ်သည်။ စစ်တပ်အတွင်း စတင်ဝင်ရောက်သည်မှ ပင်စင်ယူသည်အထိ စစ်မှုထမ်းတစ်ဦး၏ အတွေ့အကြုံများကို မှတ်တမ်းနှင့် အတွေး ရောယှက်ရေးသားသည့် ‘ မှတ်တမ်းသဘောပါသော အထုပတ္တိ ´ စာအုပ်ဖြစ်သည်။
မျက်မှောက်ခေတ် မြန်မာ့တပ်မတော်တွင် မိမိဆန္ဒအလျောက် စစ်တပ်အတွင်း ဝင်ရောက်လာခဲ့ကြသူများ ရှိသည့်နည်းတူ မိမိဆန္ဒအလျောက်မဟုတ်ပဲ နည်းအမျိုးမျိုးဖြင့် သိမ်းသွင်းဆွဲခေါ်၍ စစ်တပ်အတွင်း ဝင်ကြရသူများ ရှိနေသည်ဟူသည့် သတင်း ထွက်ပေါ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဆရာသောင်းဝေဦးကတော့ စစ်တပ်အတွင်း ဆွဲသွင်းလို့ ဝင်ရာက်လာရသူတော့ မဟုတ်ပါ။ မိမိဆန္ဒအလျောက် စစ်တပ်အတွင်း ဝင်ရောက်လာခဲ့သူဖြစ်၏။ သူ၏ ‘ စစ်သားဘဝ အမှတ်တရများ ´ စာအုပ် အတွဲ(၁)၊ နိဒါန်းအခန်း ‘ မမျှော်လင့်ပဲ စစ်သားဖြစ်လာခြင်း ´ ခေါင်းစဉ်ဖြင့်ရေးသည့် ဆောင်းပါးတွင် မိမိဘက်မှ တဖက်သတ်ကြိုက်နေသော မိမိထက် အသက်ကြီးသည့် အမျိုးသမီးကြီးတစ်ဦးက မိမိအား တခြားယောင်္ကျားတစ်ဦးနှင့်နှိုင်းယှဉ်ကာ နှိမ့်ချပြောဆိုသည်ကို မခံချင်စိတ်တစ်ခုတည်းနှင့် စစ်ထဲဝင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံရေးသားထားသည်ကို တွေ့ရ၏။ အခန်း(၁)၏ အဖွင့် စာကြောင်းကလေးက ဆရာသောင်းဝေဦး စစ်တပ်ထဲဝင်ရောက်လာရခြင်း ရည်ရွယ်ချက်ကို တိတိကျကျပင် ဖေါ်ပြထားသည်ကို တွေ့ရ၏။
အခန်း(၁) ‘ အရပ်သားဘဝမှ စစ်သားဘဝသို့ဗိုလ်လောင်းကျောင်းသား ကျွန်တော် ´ ခေါင်းစဉ်ဖြင့်ရေးသည့် ဆောင်းပါးအစကို ဆရာသောင်းဝေဦးက အခုလို ရေးပြီးမှ ဖွင့်လိုက်၏။ ‘ ကျွန်တော်သည် ဟိုမိန်းမကြီးကြောင့် မခံချင်စိတ်ဖြင့် စစ်တပ်ထဲ ခြေစုံပစ်ဝင်ကာ စစ်သားဖြစ်လာသူဖြစ်ပါသည်´ဟူ၍ စစ်တပ်တွင်းသို့ ဝင်ရောက်လာခဲ့ရခြင်း ရည်ရွယ်ချက်ကို ရေးခဲ့၏။( စာမျက်နှာ၄၅)
ဆရာသောင်းဝေဦး၏ အခန်း(၁) အဖွင့်စာကြောင်းလေးကို ဖတ်ရတော့ ကျနော် ငယ်စဉ်က ဖတ်ခဲ့ဖူးသည့် ဗိုလ်မှူးချစ်ကောင်း၏ ‘ အနှစ်နှစ်ဆယ် ´ စာအုပ် အဖွင့်စာကြောင်းလေးကို တမုဟုတ်ချင်း သတိရမိအောင် ရလိုက်သေး၏။ ဗိုလ်မှူးချစ်ကောင်းက အနှစ်နှစ်ဆယ် စာအုပ်အစတွင် ‘ကျနော်သည် အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက် အလုပ်လုပ်လာပြီးနောက် မိမိကိုမိမိ ပြန်ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲတွင် ရောက်နေသည်ကို တွေ့ရသည်´ဟု ရေးခဲ့၏။
ဆရာသောင်းဝေဦး၏ အဖွင့်စာကြောင်းလေးနှင့် ဗိုလ်မှူးချစ်ကောင်း၏ အဖွင့်စာကြောင်းလေးမှာ တမျိုးစီစိတ်ဝင်စားဖို့ ကောင်းနေသည်ကိုမူ ကျနော်တို့ မငြင်းနိုင်သော်ငြားလည်း လေးနက်မှု အလေးအပေါ့တွင်မူ ကွာဟလွန်းနေသည်ကိုလည်း သတိပြုမိ၏။
ဆရာသောင်းဝေဦးက သူ၏စာအုပ် အတွဲ (၄) တွဲတွင် စုစုပေါင်း အခန်း (၄၄) ခန်းဖွဲ့ ပြီး ရေးသားခဲ့၏။ ဗိုလ်လောင်း သင်တန်းအတွေ့အကြုံများကအစ ကျေင်းဆင်းသောအခါ တာဝန်ကျရာဒေသအသီးသီးတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်သောတော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင် တိုက်ခိုက်ရသည့် စစ်ပွဲပေါင်း မြောက်များစွာကို အခြေခံလျက် သူ၏ မှတ်တမ်းသဘောပါသည့် ကိုယ်တိုင်ရးအထုပတ္တိကို ရှည်လျားစွာ ရေးထားသည်ကို ဖတ်ရ၏။ နယ်မြေအားဖြင့် ရှမ်းပြည်၊ တနသာင်္ရီတိုင်းနှင့် ကရင်ပြည်နယ်များတွင် တာဝန်ကျခဲ့၏။ ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့ရ၏။ တပ်ခွဲမှူးတာဝန်မှ ဗျူဟာမှူးတာဝန်အထိ တဆင့်ပြီး တဆင့်တိုး၍ တာဝန်ယူခဲ့၏။ နှစ်ပေါင်း ၂၉ နှစ်ကျော် ၃၀ နီးပါး စစ်သက်ရှိခဲ့၏။
(၃)
ဆရာသောင်းဝေဦး၏ စစ်သားဘဝ အမှတ်တရများ စာအုပ်တွင်ပါရှိသည့် အဖြစ်အပျက်တချို့မှာ ကျနော်လက်လှမ်းမမီသော အဖြစ်အပျက်များ ဖြစ်သည်။ ကျနော်လက်လှမ်းမီသော အဖြစ်အပျက်များဆိုသည်မှာ ထိုအဖြစ်အပျက်များ၏ ဖြစ်စဉ်တချို့တွင် ကျနော်ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် လက်လှမ်းမီသော အဖြစ်အပျက်များဟု ကျနော် ဆိုလိုခြင်းဖြစ်ပြီး ကျန် အဖြစ်အပျက်များမှာမူ ကျနော်နှင့်လုံးဝ ထိတွေ့နိုင်ခဲ့ခြင်း မရှိသည့်အတွက် ကျနော် လက်လှမ်းမမီသော အဖြစ်အပျက်များဟု ကျနော် ဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကျနော် လက်လှမ်းမီသော အဖြစ်အပျက်များနှင့်ပတ်သက်ပြီး ကျနော်သိထား မှတ်သားထားသည့် အချက်အလက်တချို့နှင့် ဆရာသောင်းဝေဦးရေးသားဖေါ်ပြသည့် အဖြစ်အပျက် အချက်အလက်တချို့မှာ မတူညီပဲဖြစ်နေသည်ကို တွေ့ရပါသည်။ အချက်အလက်မတူညီပဲဖြစ်နေသည့် အဖြစ်အပျက်များထဲမှ အချက်အလက်တခုကို ကျနော် ဖေါ်ပြပါမည်။
ကရင်ပြည်နယ်အတွင်း ကမ္မမောင်းနှင့် ဖါပွန်မြို့ နွေရာသီသုံးကားလမ်းလုံခြုံရေးကိစ္စများဆောင်ရွက်ရာတွင် ဆရာသောင်းဝေဦး၏ မှတ်တမ်းနှင့် ကျနော်၏ မှတ်သားထားချက်များမှာ ကွဲပြားလွန်းနေပါသည်။
ဆရာသောင်းဝေဦး ဗျူဟာမှူးဘဝနှင့် ယင်းနယ်မြေအတွင်း တာဝန်ကျနေစဉ် ကျနော်သည်လည်း ထိုနယ်မြေအတွင်း ဒီမိုကရက်တစ် မြန်မာ့အသံ၏ ကွင်းဆင်းသတင်းထောက်အနေနှင့် ရောက်ရှိနေခဲ့ပါသည်။ အတိအကျပြောရလျင် ဆရာသောင်းဝေဦး စီးနင်းလိုက်ပါလာသည့် စစ်ကားတန်းအတွင်းမှ စစ်ကားတစ်စီး မိုင်းခွဲခံရစဉ် ကျနော်သည် မိုင်းကွဲသည့်ရွာထဲက ကားလမ်းနှင့် ကိုက် ၁၀၀ ခန့် အကွာ တဲကလေးတလုံးပေါ်တွင် ရောက်ရှိနေခဲ့သည့်အချိန် ဖြစ်ပါသည်။ လိုအပ်သလို အနှစ်ချုပ်ပြီးပြောရလျင် ဆရာသောင်းဝေဦးက ဗျူဟာမှူးဘဝနှင့် ကမ္မမောင်း၊ ဖါပွန် နွေရာသီသုံး ကားလမ်းတလျောက် နအဖ စစ်တပ်များကို ကွပ်ကဲဆောင်ရွက်နေရစဉ်အချိန်က ကျနော်သည် ယင်း စစ်ကားတန်းတလျောက် ကျေးရွာများအနီးတဝိုက်တွင် လူ့အခွင့်အရေးချိုးဖေါက်ခံရမှုသတင်းများကို စုံစမ်းမှတ်တမ်းတင်နေသည့် အချိန်ဖြစ်ပါသည်။
ထို့ကြောင့် တချိန်တည်း တနေရာတည်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တချို့အပေါ် ဆရာသောင်းဝေဦးက မှတ်တမ်းတင်ခဲ့သလို ကျနော်သည်လည်း မှတ်တမ်းတင်နိုင်ခဲ့၏။ သို့သော် ဆရာသောင်းဝေဦး၏ မှတ်သားထားချက်တချို့နှင့် ကျနော်၏ မှတ်သားထားချက်များမှာ မကိုက်ညီသည်ကို တွေ့ရပါသည်။
အထင်ရှားဆုံး ကွဲလွဲချက်တစ်ခုကို ကျနော် ပြောပါမည်။
ဖါပွန်မြို့မှာ နွေရာသီတွင် ယာယီအားဖြင့် အသုံးပြုလို့ရသည့် ကားလမ်းမှတဆင့် လိုအပ်သည့် ရိက္ခာများကို စစ်ကားများဖြင့် အခေါက်ခေါက်အခါခါ သယ်ယူပို့ ဆောင်နေရသည့် မြို့ဖြစ်ပါသည်။ မိုးရာသီတွင်မူ လေယာဉ်ပျံဖြင့်သာ ဆက်သွယ်သွားလာလို့ ရသည့် မြို့ဖြစ်သည်။ ထို့ကြောင့် နွေရောက်လာသည်နှင့်တပြိုင်နက် နအဖစစ်တပ်များသည် အောင်သိဒ္ဒိလမ်းမကြီး ခေါ် ကမ္မမောင်းနှင့် ဖါပွန် နွေရာသီသုံးကားလမ်းကို ပြင်ဆင်ခြင်း၊ ကားလမ်းတလျှောက် လုံခြုံရေးကို လာရောက်စခန်းချ တာဝန်ယူရခြင်းနှင့် လိုအပ်သည့် စစ်ဆင်ရေးများကို ဆောင်ရွက်ကြရပါသည်။ ထိုအခါ ကားလမ်းဖေါက်လုပ်ပြင်ဆင်ရေးနှင့် ကားလမ်းလုံခြုံရေးကို သက်ဆိုင်ရာ နယ်မြေတာဝန်ကျ စစ်တပ်များက စီမံကိန်းချပြီး ဆောင်ရွက်ကြရပါသည်။ ထို စီမံကိန်းနှင့် ပတ်သက်ပြီး ဆရာသောင်းဝေဦး၏ စစ်သားဘဝ အမှတ်တရများ စာအုပ်တွင် ဝန်ခံရေးသားထားသည်ကို တွေ့ရ၏။
အတွဲ(၄)၊ အခန်း (၁၂) တွင် ဆရာသောင်းဝေဦးက သူ တာဝန်ယူရသည့် နယ်မြေအတွင်း ကားလမ်းဖေါက်လုပ်ခြင်းကိုရေးရာ၌ ‘ယခင်က တလလောက် အချိန်ယူပြီးမှ ဖေါက်လုပ်ခဲ့ရသည့် ကားလမ်းကို ယခုအခါ ဒေသခံများ၏ မေတ္တာစေတနာ အကူအညီကြောင့် နှစ်ပတ်ခန့်နှင့် ပြီးအောင်ဖေါက်လုပ်နိုင်ခဲ့သည်´ဟုရေး၏။ (စာမျက်နှာ- ၃၁၆)
ထို့ပြင် ကားလမ်းတလျောက် မောင်းနှင်လာသည့် စစ်ကားများကို ကရင်တော်လှန်ရေးပြောက်ကျားတပ်များက ခြုံခိုတိုက်ခိုက်ခြင်းနှင့် ကားမိုင်း အခွဲခံရခြင်းများ ရှိတတ်သဖြင့် ကားလမ်းလုံခြုံရေးကို ဆောင်ရွက်ရာ၌ ‘ တပ်များနှင့် မိုင်းရှာယုံသာမက ကားမိုင်းတစ်လုံး သောင်းချီ၍ ဆုငွေပေးပြီး နယ်သူနယ်သားများအား ကူရှာစေ၏ ´ ဟု ရေးခဲ့၏။ ( စာမျက်နှာ- ၂၆၂ )
ဆရာသောင်းဝေဦး၏ အထက်ပါ မှတ်တမ်းများအရဆိုလျင် ကမ္မမောင် ဖါပွန် နွေရာသီသုံး ယာယီကားလမ်းကို ပြင်ဆင်ဖေါက်လုပ်ရာ၌ ဒေသခံလူထု၏ မေတ္တာစေတနာနှင့် ဝိုင်းဝန်းလုပ်အားပေးမှုကြောင့် အောင်မြင်ပြီးစီးခဲ့သည့်သဘောဖြစ်၏။ တခါ... ကားလမ်းလုံခြုံရေးအတွက် ကရင့်တော်လှန်ရေးတပ်များက ထောင်ထားသည့် မိုင်းဗုံးများကို ရှာဖွေဖေါ်ထုတ်ပေးနိုင်ပါက ဗုံးတလုံးလျင် ငွေတစ်သောင်း ဆုငွေပေးပြီး လမ်းလုံခြုံရေးကို ဆောင်ရွက်ခဲ့သည့် သဘောဖြစ်သည်။ သို့ သော် ကျနော် ရရှိခဲ့သည့် အချက်အလက်များအရမူ ထိုသို့မဟုတ်သည်ကို တွေ့ရပါသည်။
နွေရာသီသုံး ကားလမ်းဖေါက်လုပ်ပြင်ဆင်ရေးအတွက် ကားလမ်းတလျောက် ကျေးရွာများအားလုံးထံမှ လုပ်အားပေး ပေါ်တာများ လိုလျင်လိုအပ်သလို အရေအတွက် အကန့် အသတ်မရှိ အချိန် အကန့် အသတ်မရှိ ဆင့်ခေါ် အသုံးပြုခဲ့၏။ သက်ဆိုင်ရာနယ်မြေ တာဝန်ကျ စစ်တပ်စခန်းများမှ တပ်ရင်း တပ်ခွဲ ရုံးတံဆိပ် ရိုက်နှိပ် ဆင့်ခေါ်သော စာများကို ကျနော် လက်ခံရရှိခဲ့၏။ ( နှစ်ပါတ်လည် လူ့အခွင့်အရေးချိုးဖေါက်ခံရမှု မှတ်တမ်း စာအုပ်- ၁၉၉၄၊ တွင် ပုံနှိပ်ဖေါ်ပြပြီး )
ယင်းသို့ ဆင့်ခေါ်သည့် အခမဲ့လုပ်အားပေးကိစ္စများ အချိန်မီမဆောင်ရွက်နိုင်သည့်အတွက် ပျက်ကွက်သည့် ကျေးရွာများအား အရက်၊ ကြက်၊ ဝက်၊ ဆိတ်၊ ငွေ၊ အစရှိသည်မှ ဆန်၊ ဆီ၊ ဆားကအစ တောင်းဆို ဒဏ်ရိုက်ခဲ့၏။ ( နှစ်ပါတ်လည် လူ့အခွင့်အေ၇းချိုးဖေါက်ခံရမှု မှတ်တမ်းစာအုပ်၊ ၁၉၉၄- တွင် ဖေါ်ပြပြီး)
ကျနော် သိမှီမှတ်သားရရှိခဲ့သည့် မှတ်တမ်းမှတ်ရာများအရဆိုလျင် ယင်း နွေရာသီသုံး ကားလမ်းဖေါက်လုပ်ရေးအတွက် ဒေသခံလူထုမှာ မျက်ရည်များ၊ သွေးများ၊ ဥစ္စာပစ္စည်းများကို ရင်းပြီးမှ ဖေါက်လုပ်ပေးခဲ့ရသည့် သဘောသာဖြစ်နေသည်ကို အခိုင်အမာ တွေ့ခဲ့ရပါသည်။
အဆိုးဝါးဆုံး ကိစ္စမှာ ကားလမ်းလုံခြုံရေးဆောင်ရွက်ချက်များ ကိစ္စဖြစ်ပါသည်။
ကားလမ်းလုံခြုံရေးကိစ္စတွင် ဆရာသောင်းဝေဦး၏ မှတ်တမ်း၌ အထွေအထူး ရှည်လျားစွာ ဖေါ်ပြထားခြင်း မရှိပဲ ဗုံးတစ်လုံး ရှာဖွေတွေ့ရှိအောင် ဆောင်ရွက်ပေးနိုင်သူ ရွာသားကို ဗုံးတလုံးလျင် ဆုငွေတစ်သောင်းပေးခဲ့သည်ဟုသာ ရေးသားထားသည်ကို တွေ့ရ၏။
ဤနေရာတွင်မူ ကျနော် မှတ်သားရရှိခဲ့သည့် အချက်အလက်များအရ အနည်းငယ် ပြည့်စုံအောင် ဖေါ်ပြမှ ရနိုင်မည်ဟု ယူဆပါသည်။
နွေရာသီသုံး ကားလမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာနယ်မြေ တာဝန်ကျ နအဖ တပ်ရင်းတပ်ဖွဲ့များသည် နီးစပ်ရာ ရွာများမှ ရွာသားများကို စုဝေးစေကာ ကားတန်းလုံခြုံရေးစည်းမျဉ်းစည်းကမ်းများကို ပြောဆိုကြေညာခဲ့၏။ ထိုကြေညာချက်ထဲတွင် အကယ်၍ ကားမိုင်းအခွဲခံရပါက ဗုံးကွဲသည့်နေရာနှင့် အနီးစပ်ဆုံးကျေးရွာများသည် ပျက်စီးသွားသော စစ်ကားတန်ဘိုးကို ပေးလျော်ရမည်ဟူသောအချက်ကို အတိအလင်း ကြေညာခဲ့။
ထို့ပြင် စစ်ကားတန်းများ မဆင်းခင်နှင့် မတက်ခင်( ကမ္မမောင်းမှ ဖါပွန်အသွားကို အတက်၊ အပြန်ကို အဆင်းဟု ခေါ်ဆိုလေ့ရှိပါသည်။) ကျေးရွာလူထုက ကားလမ်းပေါ်တွင် သတ်မှတ်ထားသည့်နေရာအတိုင်း လမ်းလုံးပြည့် လူအုပ်နှင့် တံပျက်စည်း လှည်းခြင်းအားဖြင့် မိုင်းရှာပေးကြရမည်ဖြစ်သည်။ ( လူသား မိုင်းရှာကြိယာအဖြစ် အသုံးပြုခံရခြင်း)။ ယင်းကိစ္စနှင့်ပါတ်သက်ပြီး ကျနော်သည် ကျောက်ဖြာရွာအထွက်တွင် ကျောက်ဖြာရွာသား ခလေးလူကြီးအပါအဝင် လူ သုံးဆယ်ခန့် တံပျက်စည်းကိုယ်စီလှည်းနေကြရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပါသည်။(၁၃၊၃၊ ၉၄)
ထို့ပြင် ၁၃၊၃၊၉၄ တနင်္ဂနွေနေ့ နေ့လည် ၂ နာရီခန့်တွင် နအဖ စစ်ကားတန်း အစီး ၁၀၀ ကျော် ဆင်းလာရာ၌ ကျောက်ဖြာရွာထိပ်တွင်ပင် စစ်ကားတစ်စီး မိုင်းခွဲခံခဲ့ရ၏။ မိုင်းခွဲခံရသည့် စစ်ကားနံပါတ်မှာ န- ၇၈၃၄ ဖြစ်ပါသည်။ ကားမောင်းသူ စစ်သား ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။ ( ထိုစဉ်အချိန်က ကျနော်သည် ကျောက်ဖြာရွာအတွင်း ကားလမ်းနှင့် ကိုက် ၁၀၀ ခန့် အကွာအိမ်တလုံးပေါ်မှတဆင့် စစ်ကားများကို မျက်မြင်ကိုယ်တွေ့ မှတ်တမ်းတင်နေသော အချိန်ဖြစ်ပါသည်။)
ကားမိုင်းအခွဲခံရပြီး နောက်တနေ့တွင် ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် တပ်မ ၉၉ လက်အောက်ခံ ခလရ ၃၀၂၊ တပ်ခွဲ ၃ ၊ တပ်ခွဲမှူး ဗိုလ်အေးကို၏ လက်မှတ်နှင့် ကျောက်ဖြာရွာ၊ ကွေလေရွာ၊ ကျုံထော်ရွာ တို့အား သုံးရက်အတွက် စုစုပေါင်း ကားဘိုးငွေ တစ်သိန်း ပေးရမည်ဟူသောစာကို ကျောက်ဖြာရွာသူကြီး ဦးကျောက်လုံးထံ ပို့လာခဲ့၏။
ဤနေရာတွင် စာလေးမည် စာရှည်မည်ဖြစ်သော်လည်း အရေးကြီးသည်ဟု ယူဆပါသဖြင့် အနည်းငယ် ထပ်မံ ရှင်းလင်းဖို့ ရှိပါသေးသည်။
အခုလို ကားမိုင်းအခွဲခံရသည့်အခါ ဒေသခံလူများနှင့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ကျောက်ဖြာရွာ ကားမိုင်းအခွဲခံရသည့်ကိစ္စမှာ တော်လှန်ရေးဘက်မှ ထောင်သည့် ကားမိုင်းမဟုတ်ပဲ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖ စစ်တပ်ကသာ ပြန်ပြီး ထောင်းထားသည့် ကားမိုင်း ဖြစ်သည်ဟု ကျနော့်အားရှင်းပြခဲ့ကြပါသည်။
ရှင်းပါမည်။ ကားလမ်းလုံခြုံရေးအတွက် စီမံရာ၌ အကယ်၍ ကားမိုင်းအခွဲခံရပါက နီးစပ်ရာရွာများကို ကားဘိုးအလျော်တောင်းခြင်း၊ မဲမဲမြင်ရာ လူ တရိစ္ဆာန်မခွဲခြားပဲ သေနတ်နှင့် ပစ်ခတ်အရေးယူခြင်း၊ အိမ်တွေ မီးတင်အရှို့ခံရခြင်း၊ မသကာင်္သူကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်နေသည့်အတွက် ကရင့်တော်လှန်ရေးအဖွဲ့များအနေနှင့် ကားမိုင်းထောင်ခြင်းအလုပ်ကို လျော့ချခဲ့သည့်အပြင် ရွာနှင့်ဝေးသည့်နေရာများတွင်သာ မိုင်းထောင်ဖို့ရာဆုံးဖြစ်ခဲ့ရပါသည်။
အထူးသဖြင့် ကားတန်းရှေ့မှ ကားလမ်းပြည့် ရွာသားများက တံပျက်စီးလှည်းခြင်း၊ ရွာသားအပြည့်တင်ဆောင်ထားသည့် လှည်းများကို အခေါက်ခေါက်အခါခါ မောင်းစေခြင်းများကို အတင်းအဓမ္မ ခိုင်းစေခံရသည့်အတွက် ရွာသားများ ထိခိုက်နစ်နာမှု မရှိရအောင် မိုင်းထောင်သည့်အလုပ်ကို ခေတ္တ ရပ်ဆိုင်းထားသည့်အချိန်ဖြစ်ပါသည်။
ထို့ကြောင့် ကျောက်ဖြာရွာထိပ်တွင် ကွဲသည့်မိုင်းမှာ တော်လှန်ရေးဘက်က ထောင်သည့် မိုင်းမဟုတ်ပါဟု ကျနော့်ကို ရှင်းပြကြ၏။
ထို့ပြင် ဒေသခံ နအဖ စစ်တပ်ကိုယ်တိုင်က အဘယ့်ကြောင့် မိုင်းထောင်ရသနည်းဆိုသော် ထို ကားမိုင်းခွဲသည့်အချိန်မှာ ယင်းဒေသခံတပ်ရင်းသည် ရှေ့ တန်းမှ ပြန်လည် ရုပ်သိမ်းအနားယူရတော့မည့် (၆) လပြည့်ကာနီးရက်ဖြစ်ပြီး ကားမိုင်းခွဲကာ ကားဘိုးအလျော်တောင်းခြင်းအားဖြင့် ဝင်ငွေရှာ သွားခြင်းသာဖြစ်သည်ဟု ထောက်ပြကြပါသည်။( ကားမိုင်းပေါက်ပြီး နောက်ထပ် ၁၅ ရက်ရှိသောအခါ ကားလမ်းလုံခြုံရေးကင်းများ ရုပ်သိမ်းသွားခြင်းနှင့် ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖ တပ်ရင်းသည်လည်း သည်တနှစ် နွေရာသီအတွက် တာဝန်ပြီးဆုံးသဖြင့် ပြန်လည် ရုပ်သိမ်းသွားခဲ့ပါသည်။)
အထက်ဖေါ်ပြပါ ကျနော် ရရှိခဲ့သည့် သတင်းအချက်အလက်များကို ထောက်ရှုလျင် ဆရာသောင်းဝေဦး၏ ရေးသားချက်နှင့် ကျနော် သိရှိထားသည့်အချက်များမှာ များစွာကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်သည်။
(၄)
ယခုအခါ စာဖတ်သူများကို ဆရာသောင်းဝေဦး( ဗိုလ်မှူးကြီးဟောင်း သောင်းဝေ) ရေးသားခဲ့သည့် ‘ စစ်သားဘဝ အမှတ်တရများ ´ စာအုပ်အပေါ် ကျနော်၏ ရှုမြင်သုံးသပ်မှုကို အစီရင်ခံခဲ့ပြီးဖြစ်ပါသည်။
ဤ စာအုပ်ကို ဖတ်စဉ်က ကျနော်၏ မူလ အခြေခံရည်ရွယ်ချက်မှာ ကျနော်တို့တိုင်းပြည် ရာစုနှစ် တဝက်ခန့် ရင်ဆိုင်ဖြတ်သန်းနေရသည့် ပြည်တွင်းစစ် လုံးဝ ရပ်စဲရေး၊ ဒီမိုကရေစီစံနစ် ထူထောင်နိုင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး သမိုင်းပေးပြဿနာကြီးများအပေါ် နအဖ စစ်တပ် ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူတစ်ဦးက ဘယ်လိုမြင်၊ ဘယ်လိုခံစားပြီး ဘယ်လို ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့သနည်းဆိုသည့် အချက်ကို သိကောင်း သိနိုင်ဖွယ်ရာရှိသည်ဟူသော အခြေခံရည်ရွယ်ချက်ဖြင့် သည် စာအုပ်ကို တလေးတစား ဖတ်ရှုခဲ့ခြင်းဖြစ်ပါသည်။ ကျနော့်အဖို့ မျှော်လင့်ချက်ကြီးစွာဖြင့် ဖတ်ခဲ့ပါသည်။သို့ သော် မိမ်ဘက်မှ တဘက်သတ်ကြိုက်နေသည့် မိန်းမတယောက်က မိမိအားတဖက်သတ်ချိုးနှိမ်သည်ကို မခံချင်သဖြင့် တုန့်ပြန်ချေပရမည်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းနှင့်သာ တပ်မတော်အတွင်း ဝင်ရောက်ခဲ့ပြီး မိမိတာဝန်ကျရာနယ်မြေအတွင်း စစ်ရေးတာဝန်များထမ်းဆောင်စဉ် ဒေသခံ မိဘပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများကိုပါ ထိန်ချန်ရေးသားခဲ့သူ ဆရာသောင်းဝေဦးထံမှ သို့ မဟုတ် စစ်သားဘဝ အမှတ်တရများစာအုပ် မှ ကျနော် မျှော်လင့်သည့် အချက်များကို တစုံတရာ အရိပ်အယောင်မျှပင် ကျနော် မရရှိနိုင်ခဲ့ပါ။
လက်ရှိကာလမှာ ကျနော်တို့နိုင်ငံ ကျနော်တို့ တမျိုးသားလုံး ရင်ဆိုင်ဖြေရှင်းနေရသည့် နိုင်ငံရေးအကြပ်အတည်းကြီးအတွင်း မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍသည် အင်မတန်အရေးကြီးသည့် အနေအထားတွင် ရှိနေသည်ကို လူတိုင်းလက်ခံကြရမည့် ကိစ္စဖြစ်ပါသည်။ မြန်မာ့တပ်မတော် မပါဝင်ပဲ သည်ပြဿနာကြီးကို ဖြေရှင်းလို့ ရနိုင်မည်လည်းမဟုတ်ပါ။
ထို့ကြောင့် ဆရာသောင်းဝေဦး၏ ‘စစ်သားဘဝ အမှတ်တရများ´ စာအုပ်ထဲမှ တဆင့် တပ်မတော်၏ ထိပ်တန်း ခေါင်းဆောင်များ၏ တိုင်းပြည်အပေါ်ထားသည့် စိတ်နေစိတ်ထား၊ အတွေးအခေါ်အယူအဆ၊ လက်ရှိ သမိုင်းပေးတာဝန်များနှင့် ပတ်သက်ပြီး မျှော်လင့်ခြင်းကြီးစွာ ကျနော် ထားခဲ့မိ၏။
သည်အတိုင်းဆိုပါက မိန်းမတယောက်အပေါ် ကလဲ့စားချေရန်ရည်ရွယ်ချက်တခုတည်းနှင့်သာ စစ်ထဲဝင်ခဲ့သူ၊ မိမိ တာဝန်ကျရာကာလအတွင်း ဒေသခံပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ထိန်ချန်ရေးသားခဲ့သူ ဆရာသောင်းဝေဦး( ဗိုလ်မှူးကြီးဟောင်း သောင်းဝေ) ထံမှ ကျနော် မျှော်လင့်ခဲ့သည့် မျှော်လင့်ချက်များမှာ ဘယ်လိုနည်းနှင့်မျှ ရလာနိုင်မည် မဟုတ်သည့်အတွက် ကျနော့်မှာ သက်ပြင်းသာ ချလိုက်မိပါသည်။ ။
မောင်သစ်ဦး
(ဧရာဝတီအင်တာနက် ဝက်ဘ်ဆိုဒ်တွင် မောင်သစ်ဦး ကလောင်အမည်နှင့် ရေခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)
စာအုပ်အမည်။ ။ စစ်သားဘဝ အမှတ်တရများ
ရေးသူ ။ ။ သောင်းဝေဦး
ထုတ်ဝေသူ ။ ။ ဒေါ်မူမူ( မြရတနာ စာပေ)
ထုတ်ဝေခုနှစ် ။ ။ ၂၀၀၃၊ အုပ်ရေ ၃၀၀၀
တန်ဘိုး ။ ။ ၂၀၀၀ ကျပ်
မှန်ပါ့ လေးလေးငြိမ်းရေ
ReplyDeleteသောင်းဝေဦး ဆိုတာ လေးလေးက ဆရာတပ်ပြီး ခေါ်သင့်တဲ့
လူစားကြီးမဟုတ်ပါဘူးဗျာ....
စာအုပ်ထဲတင်မဟုတ်ဘဲ အပြင်မှာပါ ဗြောင်လိမ်ဗြောင်စား
လုပ်တဲ့ လူယုတ်မာကြီး သူ့သမီးက သူ့ထက်တောင် ဆိုးသေး