October 28, 2011

ပွဲတော်ရက်



ဒီအချိန်က
နောက်ပိုင်းဆယ်နှစ် ရှေ့ပိုင်းတစ်ရက်
ပြန်ကြည့် မျှော်ကြည့်
ကျနော် တကယ် ပျော်တယ်ဗျာ

ဒီအချိန်မျိုး ကြကာမှ
ကျနော့် ကျည်ဆံ တချို့
ကွင်းကို ပတ်ပြေး ခြေထောက်ချင်း လိမ်မိသွားလို့
မနည်း ပြန်ဖြည်နေရတယ်

ကွင်း အပြင်ဘက်က သေနတ်သံ
သဲ့သဲ့ ယဲ့ယဲ့ ရွဲ့ရွဲ့
အေးလေ ပွဲတော် တခုပေပဲပ
ဝါးပေါက်သံ ကျားဟောက်သံ
တုံးခေါက်သံ ဗုံးဖေါက်သံ
ခွဲခြားရ
အလွယ်ဆုံး အခက်ဆုံး
တထပ်ထဲ ကျတဲ့အချိန်
တထပ်ထဲ မကျခဲ့ကြဘူးလေ

ကဗျာဆရာ အောင်ချိမ့် ခါးထောက်ပြီး ကြည့်သလို
ကျနော် မြင်နေရတယ်ဗျာ
အေးလေ ဘာလိုသေးလည်း
ကျနော့်အဖြစ်က ပုဆိုးစ နင်းမိ
ဖြာစ နင်းမိ
ဖြာ ပြောင်းပြန် ခင်းမိ
ကဗျာ ပြောင်းပြန် စပ်မိ

ကျနော်
အကြောဆိုင်း ထုံနန
ဒီကြိုးတန်း ဘယ်လို လျှောက်ရပါ့

ဘာလိုသေးလည်း
ဆုပ်ထားကြ ဆုတ်ထားကြ
အချစ်ဝမ်းစာ အသစ်ဝမ်းစာ
မခမ်းခြောက်စေနဲ့
မောင်ကိုကို တင်တင်မြ
ပန်းမြိုင်လယ်မှာ ပန်းမြိုင် မလည်ခဲ့တာကို အတုယူကြ

ဘာလိုသေးလည်း
ပွဲတော် တစ်ခုပေပဲပ
ဒီအချိန်မှာ
(နားရွက်ကို တံတွေးပြန်ဆွတ်နေတဲ့ ကိုယ့်ကိုကိုယ်က လွဲပြီး)
လူတွေအားလုံး ကျနော် တကယ်ချစ်တယ်ဗျာ

အခုလည်း ဘာလိုသေးလည်း
ဂျာအေးလည်း သာအေးနဲ့ ချိန်း တွေ့ခဲ့ပြီ်းပြီပဲ
ပျော်ဖို့ကောင်းတယ် မောင်ပြည်သိမ်း…။    

ငြိမ်းဝေ

No comments:

Post a Comment