July 21, 2011

ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာ နာကျင်မှု(စာတမ်း)

ဒီကနေ့တင်တဲ့ ပို့စ်က အသစ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ် ၂ လပိုင်းမှာ တင်ခဲ့ပြီးတဲ့ ပို့စ်အဟောင်း ဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ မိတ်ဆွေတွေ ဖတ်ဖြစ်သွားအောင်နဲ့ ကျနော်ကိုယ်တိုင်က ပြန်ဖတ်ပြီး တင်ချင်တဲ့စိတ်ပေါ်လာလို့ ထပ်တင်လိုက်တာပါ။ ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာပြုလုပ်တဲ့ မြန်မာမီဒီယာ ကွန်ဖရင့်တစ်ခုမှာ တင်သွင်းခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။

July 17, 2011

သွားသွားလာလာ ဖြေကြည့်တဲ့ အဖြေတခု

မနေ့က
တနေ့လုံး
အလုပ်သမားမှတ်ပုံတင်ရုံးမှာ
အချိန်ကုန်တယ်။
လူငယ်တွေကြားမှာ
ငါလည်း ပြန်လည် ငယ်ရွယ်
ငါလည်း ပြန်လည် စိမ်းလန်း
မိုးရေစက်တွေက
ငါ ကြောကုန်းကို တဖြန်းဖြန်းနဲ့ရိုက်ပုတ်
ငါ သတိမပြုအားဘူး
ငါ့ဘေးမှာ
၂ လလောက်ကမှ ရောက်လာတယ်ဆိုတဲ့ လူတယောက်ကို သတိမပြုမိ
၁၂ တန်းအောင်ပြီး အလုပ်လက်မဲ့ ဘာတခုမှ မရေရာတဲ့ လူငယ်တယောက်ကို
သတိမပြုမိ
ငါ ဆယ့်လေးနှစ်လောက် ငယ်ပစ်လိုက်တယ်
ရုံးပေါ်ကအဆင်းမှာ လမ်းဘေးက စာရွက်စုတ်တခုကို ကန်ပစ်လိုက်တယ်
အသက် ၂၀ ဝန်းကျင် လူငယ်တွေ
ဘော်လုံးကွင်းတခုကိုလှမ်းကြည့်ရင်း
သူတို့နေရပ် ဘော်လုံးကွင်းကို လွမ်းနေကြတယ်
ဒီမှာက ဘော်လုံးကွင်းက မြက်ခင်း
သူတို့ တစုံတရာကို ထုခွဲရောင်းစားဖို့
သူတို့ ပျော်ရွှင်
သူတို့ လန်းဆန်း
သူတို့ လှပ
သူတို့ နုပျို။
မြေပုံထဲမှာ ရှိတဲ့ ခေါက်သိမ်းထားတဲ့ မြို့တမြို့ ရွာတရွာ
တာလမ်းတခု
သူတို့ဘေးမှာ ခေါင်းငုံ့စဉ်းစားနေတဲ့ အဖိုးအို
သစ်ပင်ရိပ်အောက်က ကုန်စုံဆိုင်လေး
သီချင်းသံတညံညံနဲ့ ရေခဲချောင်းသည်
အနီရောင် အပြာရောင် အစိမ်းရောင်
မြင့်မားထည်ဝါလွန်းတဲ့ အဆောက်အအုံကြီး
တန်းစီရပ်ထားတဲ့ ဇိမ်ခံကားများ ဆိုင်ကယ်များ
မဲဆောက်ကို မြန်မာတွေ သိမ်းပိုက်ထားလိုက်ပြီတဲ့
အဲဒီမေးခွန်း ကျနော် ဖြေကြည့်တယ်
ကျနော့်အဖြေက ကွက်လပ်တခုနဲ့ ထွက်ကျလာခဲ့ရတဲ့ နေ့။   
ငြိမ်းဝေ


July 16, 2011

ပြန်လာခဲ့ပြီ

ငါ ပြန်လာခဲ့ပြီ
အောင်ချိမ့်ကတော့
ကျနော်တို့ဟာ ချစ်ခြင်းမေတ္တာကို ယူလာနိုင်ခဲ့လို့လားတဲ့
ရွာ့ထိပ် ဘုန်းတော်ကြီးကျောင်းဘေးက ရေသိမ်လေးရှေ့မှာ
မဒေဝီကိုလည်း ငါ မတွေ့ရပါလား
ငှက်ပျောတောတန်းကလေးထဲမှာများလား
ရွာဘက်ကိုဦးတည်နေတဲ့ လယ်ကန်သင်းရိုးပေါ်
တိမ်တွေ ရွာပေါ်ကို ဖြတ်ကျော်သွားနေပုံက
ငါ့ တဲအိမ်ကလေး
သစ်ပင် စိမ်းအုပ်အုပ်
မျက်ရိုင်းများ ယိမ်းနွဲ့
ရိုးစင်း စိမ်းမြ လတ်ဆတ်
ငါ ပြန်လာခဲ့ပြီ
ပြန်လာခဲ့ပြီ
မသွားပါနဲ့အုန်း မဒေဝီရေ
ဘယ်ကိုမှ မသွားပါနဲ့အုန်း မဒေဝီရေ
ငါ့ရွာကလေး ရွေ့သွားနေပုံက ဒေါင်လိုက်ကြီး။   

ငြိမ်းဝေ

July 14, 2011

အထီးကျန် နေ့ရက်များ(၁)

မနက်ခင်းတခုတဲ့လား
တံခါးဖွင့်တယ်
အပြင်ဖက်ကိုခဏထွက် ထိုင်
ဘုရားစေတီကို ခဏတဖြုတ် ဖူးမျှော်သလို လှမ်းကြည့်
ဟိုမှာ ငါလို သူများတွေလည်း ငါ့ကို တချက် ခေါင်းထောင် လှမ်းကြည့်
ငှက်ကလေးတွေ ဟိုဒီပြေးလွှား
ဒီမနက်ခင်းကို ငါ ဘယ်လိုဖြတ်ကျော်ရပါလိမ့်
ငါ ဘာမှမပြင်ဆင်ပဲ စစ်ပွဲပေါင်းများစွာထဲက စစ်ပွဲတပွဲကို ရင်ဆိုင်ရဦးမှာတဲ့လား
အကျအရှုံးတွေ အကျအပေါက်တွေ
ငါ ဒီလိုနဲ့ နိဂုံးချုပ်တော့မှာလား
ဒါဟာ နေ့တနေ့ရဲ့ အစလား အလယ်လား အဆုံးလား
နောက်တနေ့ဟာ လိုအပ်သေးရဲ့လား
မနေ့တုန်းက ငါ ဘယ်လို ဖြတ်သန်းခဲ့ပြီလည်း
ဒီလိုနဲ့
ငါ့ကိုယ်ငါ
သေသေချာချာ ပြန်ကြည့်တော့
စကူရာ့ကို ငါ တွေ့လိုက်ရပါတယ်။
( စကူရာ့ ဆိုတာ ကျနော့်အိမ်က ခွေးကလေးရဲ့ အမည်ပါ။)
ငြိမ်းဝေ
PHOTOED BY KAA


July 10, 2011

မျှော်လင့်ချက်ဖြင့် ဖတ်ခဲ့သည်

(၁)
မြန်မာ အထုပတ္တိစာပေအမျိုးအစားသည် မြန်မာစာပေ စတင်ပေါ်ပေါက်လာကတည်းက တပြိုင်နက်တည်းလိုလို ယှဉ်တွဲ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရပါမည်။ မြန်မာစာပေ အရုဏ်ဦးကတည်းက အထုပတ္တိစာပေအမျိုးအစားသည် ပေါ်ပေါက်လာခဲ့သည့်သဘောပင် ဖြစ်သည်။ အထင်ရှားဆုံး ဥပမာမှာ ခရစ်နှစ် ၁၁၁၂ ခုတွင် ရေးထိုးသော  မြစေတီကျောက်စာတွင် သာသနာတော်သက္ကရာဇ် ၁၆၂၈ ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်း အုပ်ချုပ်မင်းလုပ်သည့်အကြောင်း၊ ဘုရင်သည် မိဘုရားသမ္ဘူလအား ကျွန် သုံးရွာကို ပေးထားသည့်အကြောင်း၊ ထိုမိဘုရား၏ သားတော်မှာ ရာဇကုမာ ဖြစ်ကြောင်း၊ မိဘုရားလွန်သည့်အခါ မိဘုရား၏ ရတနာတန်ဆာများနှင့် ကျွန် သုံးရွာကို သားတော် ရာဇကုမာအား ပေးကြောင်း၊ နန်းစံ ၂၈ နှစ် ကျန်စစ်မင်း နာမကျန်းဖြစ်သည့်အခါ ရာဇကုမာက ဖခမည်းတော်အတွက် ဆင်းတုတော်တစ်ဆူနှင့် ကျွန် သုံးရွာကို ဘုရားထံ လှူဒါန်းသည့်အကြောင်း  ကျန်စစ်သားမင်းနှင့် ရာဇကုမာတို့၏ အကြောင်းခြင်းရာ အထုတ္ထုပတ်ကို ရေးထိုးမှတ်တမ်းတင်ခဲ့သည်ကို ထောက်ရှုလျင် မြန်မာစာပေ ပေါ်ဦးစကတည်းက အထုပတ္တိစာပေအရေးအသားသည်လည်း တပါတည်း ပေါ်ပေါက်လာခဲ့သည်ဟု ယူဆနိုင်ပါသည်။

July 07, 2011

အကွဲအပြဲဇာတ်လမ်း

(က)
ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲလိုက်ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ဦးနေဝင်းက သူ့နောက်တော်ပါ စစ်ဗိုလ်ချုပ်တွေကို အာဏာလွှဲပေးလိုက်ပါတယ်။ ဒါကို အခေါ်အဝေါ်အားဖြင့် စစ်တပ်က အာဏာသိမ်းတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါ အားလုံးသိတဲ့ကိစ္စပါ။

July 02, 2011

နာနာဘာဝ စခန်းအနီး

ငါ
ဒီညနေ
မိုးတဖွဲဖွဲရွာနေတုန်း
မြို့ကလေးရဲ့ ခါးလယ်ကိုဖြတ်ပြီး
အာရှလမ်းမကြီးဘက် ထွက်ခဲ့တယ်
ကားတွေက ပက်လက်မောင်းနေကြတယ်
လူတွေက လက်နဲ့လမ်းလျှောက်နေကြတယ်
သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘာသာစကားအသစ်နဲ့ ပနံကိုရလို့
ကလေးတစ်ယောက်က လမ်းပေါ်က လူအုပ်ကို တရားဟောနေတယ်
ဗီယက်နမ်စစ် မပြီးသေးဘူး
ဘတ်စ်တီးထောင်ကြီးကို ဖေါက်ရမယ်
ကရင်မလင်နန်းတော်ကို သိမ်းရမယ်
ယင်အန်းကို ချီတက်ကြ
သစ်ရွက်တွေ လေမတိုက်ပဲ လွင့်လာနေလို့
ငါလည်း လွင့်ပါမသွားအောင်
အဝတ်အစားတွေ ချွတ်ပစ်လိုက်တယ်
ဝစ်လစ်စလစ်လမ်းမကြီးပေါ်မှာ ငါ တစ်ယောက်ထဲ အသံမပြုပဲ ကုန်းအော်ကြည့်တယ်
ငါ့အော်သံတချို့က ရှေ့ကိုမတိုးပဲ နောက်ကိုပဲ ဆုတ်သွားတယ်
ငါ့ရဲ့ ဘော်ဒီလန်းကွေ့ခ်ျကို လူတွေက နားလည်သလိုလိုတော့ ရှိသား
ငါက ဘာသာစကားကို မြေမြှုပ်ပစ်ကြလို့ ထပ်ပြီး အော်လိုက်မိတယ်
နာနာဘာဝတွေက လက်ခုပ်တီးကြပါလေရော
သူတို့မှာ ဘာသာစကားမရှိဘူးတဲ့ ဘာသာစကားမလိုအပ်ဘူးတဲ့
သူတို့ဟာ မော်ဒန်လွန် ကမ္ဘာတစ်ခု တည်ဆောက်ပြီးတာ ကြာပေါ့တဲ့
အားကျလိုက်တာ
မြို့စွန်ကို ရောက်တဲ့အခိုက်
တံတားတစ်ခုကို ဖြတ်ကူးမယ်လုပ်တော့
မပြီးသေးတဲ့ တံတားပေါ်မှာ နေနွယ်ကိုတွေ့တယ်
ခင်အောင်အေးကို တွေ့တယ်
ခင်အောင်အေးက တံတားရဲ့ ထိပ်မှာရပ်နေတယ်
သူ့လက်ထဲက ကြိုးကို ဝှေ့ရမ်းနေတယ်
တံတားရဲ့ဟိုဘက် ကမ်းတဖက်ကို ကူးရလိမ့်မယ်တဲ့
လက်ပစ်မကူးပဲ ကြိုးပစ်ပြီး ကူးမယ်တဲ့
နာနာဘာဝတွေ အားပေးနေတာ ကမ်းလုံးညွှတ်ပဲ
ငါ
အိမ် မပြန်ချင့်ပြန်ချင်နဲ့ ပြန်ခဲ့ရတယ်။

ဒါပေမယ့်
မနက်ဖြန်ကျရင်တော့
အဲဒီ မြို့စွန်ကို မလွဲမသွေ ငါထပ်ပြီး သွားရလိမ့်ဦးမယ်
ဒါပေမယ့် ဘာသာစကားအသစ်ချပ်ချွပ်ကို ယူသွားဖို့တော့ ဘယ်မေ့လို့ ဖြစ်ပါ့မလည်း။   

( ခင်အောင်အေးရဲ့ `ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ ငါးဆယ့်လေး´ ကဗျာစာအုပ် ပထမအကြိမ်ဖတ်ခြင်းရဲ့ ရလဒ်ကဗျာ)
ငြိမ်းဝေ