February 29, 2008

မွှေးရီ ပွင့်နီ ဝေဒနာ

၁။

“မာနယ်ပလော” သို့ ရောက်လာခဲ့သည်မှာ (၆)လခန့် ရှိပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးခန်း၏ နောက်ဖက် အမိုးစွန်းကလေးအောက်တွင် အခန်းဖွဲ့နေထိုင်ခဲ့သည်မှာ (၃)လ ရှိပြီ။ မယ်တုက္ခီစမ်းချောင်း ရေစီးသံကို နှစ်ဆယ့်လေးနာရီမပြတ် ကျနော်ကြားနေခဲ့ရ၏။ တခါတရံ စမ်းရေစီးသံများကို နာရီအတော်ကြာ နားစိုက်ထောင်ခဲ့ ဖူး၏။ ကျနော့်မှာ မယ်တုက္ခီစမ်းချောင်း၏ အင်္လကာဆန်သောရေစီးသံများကို နားထောင်၍ပင် မတင်းတိမ်နိုင်ခဲ့။

ဌာနချုပ်ရုံး၏ မြောက်ဖက်က သစ်ပင်ချုံပင်များ၊ ငှက်ပျောပင်ရိုင်းများကို ခုတ်ထွင်ရှင်းလင်းရင်း မယ်တုက္ခီစမ်းချောင်းဆီက ရေစီးသံကို ကျနော်ကြားနေရသည်။ သောင်ရင်းမြစ်ထဲစီးဝင်ပေါင်းစပ်ရန် ကွေ့တကွေ့အလိုတွင်ဖြစ်သဖြင့် စမ်းချောင်းမှာ ၀ါးတထောက်မျှ နိမ့်ဆင်းနေလျှက်၊ ကျောက်တုံးကျောက်ခက်များနှင့် ပြည့်နေလေသည်။ ထို့ကြောင့် ရေစီးသံမှာ ပိုပြီး အသံ ကျယ်လောင်နေခဲ့၏။

ဌာနချုပ်ရုံးသို့ ရောက်ရှိလာကတည်းက ဆန်အိတ်ထမ်း၊ သန့်ရှင်းရေးလုပ်၊ ထမင်းချက်၊ ထင်းပေါက်သည့်အလုပ်များကို ကျေနပ်နှစ်သိမ့်စွာ ကျနော်လုပ်ခွင့်ရခဲ့၏။ ထိုအလုပ်များမှာ ကျနော့်စိတ်ကို ပိုမိုကျိုးနွံပျပ်ဝပ်စေကာ၊ တန်ဘိုးရှိသော ဘ၀ အတွေ့အကြုံများကို ရရှိစေခဲ့၏။ မယ်တုက္ခီစမ်းချောင်းရေစီးသံများသည် ကျနော့်ဘ၀ အလှည့်အပြောင်းတခု၏ ၀ါကျများကို ပုဒ်ဖြတ်ပေးခဲ့ကြ၏။

တနေ့ … ၊ စားဖိုဆောင်ဘေး မယ်တုက္ခီစမ်းချောင်းထဲက ကျောက်တုံးတခုပေါ်တွင် ကျနော်ထိုင်နေခဲ့သည်။ ရေစီးသံ များကို နားထောင်ရင်း စမ်းချောင်း၏အထက်အောက်နှင့် ဘေးနှစ်ဖက်ကို ကြည့်ရှုမှတ်သားနေမိ၏။ စမ်းချောင်း၏တဖက်တွင် မြင့်မြင့်မတ်မတ်ရှိနေသည့် ရဟန်းပျိုသမဂ္ဂကုန်းတော်ကို မော့ကြည့်သည်။ ကုန်းတော်၏အောက်ဖက် သစ်ရိပ်ဝါးရိပ်များ ကြားတွင် ကရင်တပ်မှူး ဗိုလ်ကြာယုံ၏အိမ်ကို လှမ်းမြင်နေရသည်။ ကောင်းကင်ကို မော့ကြည့်တော့ မိုးပြာရောင်ပိတ်ဖျဉ်ပေါ်တွင် ၀ါဂွမ်းဆိုင်များ အဆုပ်လိုက်ဖူးပွင့်နေကြသည်ကို တွေ့လိုက်ရ၏။ အထက်ဖက် ၀ါးနှစ်ရိုက်သာသာ အကွာတွင် မယ်တုက္ခီ စမ်းချောင်း၏ အမြီးသည် ခေါင်းလောင်းငယ်များ စုပြုံတီးခတ်ကာ တောအုပ် တောတန်းထဲ တိုးဝင်သွားနေ၏။ ထိုစဉ်မှာပင် ရေစီးသံများနှင့်ရောကာ ထူးခြားသည့် အသံ တခုကို ကျနော်ကြားလိုက်ရလေသည်။

ကျနော့်ခန္ဓာကိုယ်မှာ အလိုလိုထရပ် လိုက်မိသားဖြစ်သွား၏။ ခေါင်းကိုဆန့်ကာ ရေစီးသံနှင့်ရောထွေးပြီး ကြားလိုက်ရသည့် အသံကို စစ်ပြီးနားထောင်သည်။ မာကျောသည့် သံသတ္တုတခုနှင့် မြေကြီးထိတွေ့လိုက်သည့်အသံကို တချက်နှစ်ချက်မျှ ကျနော်ကြားလိုက်ရ၏။ ကျောက်တုံးတခုမှတခု ခုန်ကူးကာ အထက်ဖက်ကို ကျနော်ရောက်လာခဲ့သည်။ ချောင်းကွေ့နားကို ရောက်တော့ မြေကြီးကို ပေါက်တူးနှင့်ပေါက်သည့်အသံကို ပီပြင်စွာကြားလာရ၏။ သို့သော် ချောင်းကွေ့ထဲသို့ ၀င်မည်ပြုစဉ် မှာပင် ပေါက်တူးသံများ ရပ်သွား၏။ ကျနော်က ချောင်းကွေ့ထဲမှထွက်ကာ ကျောက်တုံးတခုပေါ်တွင် တက်ရပ်လိုက်သည်။ ကျနော်နှင့် ၀ါးတရိုက်အကွာတွင် လူတယောက် ပေါက်တူးတလက်ကိုင်ကာ ရပ်နေလေသည်။ သူသည် ချောင်းဘေး မြေကွက်လပ်ပေါ်တွင် ခြေနှစ်ဖက်ကို အနည်းငယ်ခွဲကာ ခတ်မတ်မတ် ရပ်နေ၏။ ကျနော့်ကို ကျောပေးထားသဖြင့် သူ့နောက် မလှမ်းမကမ်းတွင် ရောက်နေသည့် ကျနော့်ကို သူမမြင်။ ပေါက်တူးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ရပ်နေပုံမှာ တစုံတရာ အန္တရာယ်ကျရောက်လာလျှင် ခုခံကာကွယ်ရန် အဆင်သင့်ပြင်ပြီး ရပ်နေသည့်ပုံစံမျိုးဖြစ်၏။ မြေကွက်လပ်ပေါ် သူရပ်နေပုံမှာ တသက်လုံး ဘယ်တော့မှ ရွှေ့လို့မရတော့သည့် ရပ်နေပုံမျိုး။

နေရောင်ခြည်မှာ သူ့ခန္ဓာကိုယ်ပေါ်၊ သူ့လက်ထဲက ပေါက်တူးပေါ်၊ ဆွလက်စ မြေကြီးခဲများပေါ်၊ သစ်ပင်တောတန်း ကလေးပေါ် ငွေစများ တဖွဲဖွဲကြဲချသလို တလက်လက် ဖြစ်နေ၏။ လေပြေတချက်တိုက်ခတ်လာစဉ် လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော် ကတည်းက ကျနော့်ရင်ထဲတွင် တိတ်ဆိတ်စွာ သိမ်းဆည်းထားခဲ့မိသည့် ၀တ္ထုတိုလေးတပုဒ်ကို သတိရလာခဲ့သည်။ စာရေးသူက သူ၏ “အလှဆည်းဆာ” ဟု အမည်ပေးထားသည့် ယင်း ၀တ္ထုတိုလေးထဲတွင် ဖခင်က သားထံရေးသည့် စာ တစောင်အဖြစ် ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ထိုဝတ္ထုလေးထဲက စာသားတချို့မှာ ကျနော့်နှလုံးသားပေါ် ဖ၀ါးပြည့်ချနင်းပြီး လျှောက်လာ နေကြလေပြီ။

ငါတို့ဟာ စစ်ကြေညာလိုက်ပြီးပြီ။ ငါတို့ဟာ နီးကပ်လာပြီဖြစ်တဲ့ သူတို့ကို စိုက်ကြည့်နေတယ်။

သူတို့ကလည်း ပြန်ကြည့်ပြီး လျှောက်လာနေပြီ။ သူတို့ဖိနပ်သံတွေ နီးကပ်လာနေပြီ။ သူတို့ဖိနပ်ကြီးတွေဟာ ဖုန်ထဲနစ် မြုပ်သွားလိုက်၊ ဖုန်ထဲမှာ ပြန်ပေါ်လာနေလိုက်နဲ့။

တလှမ်းချင်း တလှမ်းချင်း စက္ကန့်ချင်း နီးကပ်လာနေပြီ။

ငါတို့ဟာ ကျောက်သားရုပ်တုတွေ၊ သံမဏိရုပ်လုံးတွေလို ငြိမ်နေကြတယ်။

မုန်တိုင်းကျတော့မယ်။ ငါတို့ ငြိမ်နေကြတယ်။

ငါတို့ငြိမ်နေကြတယ်။ မုန်တိုင်းကျတော့မယ်။

သူတို့ အနားရောက်လာနေပြီ။ ငါတို့ ငြိမ်နေကြတယ်။

ငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ။

အခုလည်း သူဟာ ရုတ်တရက် ကျရောက်လာတော့မယ့် မုန်တိုင်းတခုရဲ့ အနံ့ကိုရလို့ ခုခံတိုက်ခိုက်ဖို့ရာ အဆင်သင့် ရပ်နေတဲ့ပုံမျိုးနဲ့ ရပ်နေသလားပဲ။ ပြီးတော့ အဲဒီဝတ္ထုလေးထဲမှာပဲ ကံအားလျော်စွာ တိုက်ပွဲတခုကို ရှောင်နိုင်ခဲ့ပြီးတဲ့အခါ သူရေး လိုက်တဲ့ စာကြောင်းကလေးတကြောင်း … ။

ခဏအတွင်းမှာပဲ အနောက်ဖက် ပေါက်ပင်တော ခင်တန်းကြောဖက်က ဆည်းဆာဟာ တောက်ပလာတယ်သားရယ် … တဲ့။

ကျနော့်နှလုံးသားတွေ တုန်တုန်ရင်ရင် ဖြစ်လာနေတဲ့အခိုက်မှာ ကျနော့်ခြေထောက်တွေဟာ စမ်းချောင်းရဲ့အောက်ဖက်ကို ပြန်ဆုတ်လာခဲ့၏။ သူ့ကို နှုတ်မဆက် အသံမပေးဘဲ ပြန်လည်နောက်ဆုတ်လာသည့်တိုင် သူ့ပုံပန်းသဏ္ဍန်က ကျနော့် မျက်စေ့ထဲက ပျောက်မသွား။

မူလထိုင်နေခဲ့ရာ ကျောက်တုံးပေါ် ရောက်သည်အထိ ပေါက်တူးသံများကို မကြားရတော့။ သူသည် သူနှင့်မလှမ်းမကမ်း ကမ်းပါးယံထိပ်ပေါ်က သူ၏ တဲအိမ်ကလေးဆီ ပြန်တက်သွားပြီလား။ ဒါမှမဟုတ် နေပူထဲတွင် သည်အတိုင်း ရပ်နေခဲ့သည်လား ဆိုသည်ကိုမူ ကျနော်မသိ။

၂။

ရဟန်းပျိုသမဂ္ဂကုန်းတော်ထိပ်က သူ၏ ကျောင်းသင်္ခမ်းလေးကို ကျောပေးကာ မြေလှေကားထစ်များအတိုင်း ဆင်းလာ သည့် အချိန်တိုင်း သူ့အတွက် ကျနော့်မှာ ကြေကွဲနေမိသည်။ သူ့ကို ကျနော် အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သမျှ သဲထဲ ရေသွန် ဖြစ်ရတော့မည်လားဟုတွေးလျှင် ကျနော့်မှာ ရင်တုန်ပန်းတုန်ဖြစ်ကာ လှမ်းနေသည့်ခြေလှမ်းများပင် အလိုလိုရပ်တန့် သွားရ၏။ ယခုအချိန်၌ သူ၏ကျန်းမာရေးအနေအထားမှာ သိသိသာသာဆိုးရွားနေပြီဟု ကျနော်သိလာရသည်။ မနေ့တုန်းက ကျနော့်ထံ လူကြုံနှင့် သူရေးပေးလိုက်သည့် စာတစောင်ကို ဖတ်ခဲ့ရ၏။ ဒီကနေ့ သူနှင့် စကားစမြည်ပြောခဲ့သည်။ သူ့ကို နှုတ်ဆက်ပြီး တောင်ကုန်းပေါ်ကဆင်းတော့ ကျနော့်ထံ လူကြုံနှင့်ရေးပေးလိုက်သည့် သူ့စာရွက်ကလေးကို ထုတ်ကြည့်မိသည်။ ကျနော့်မှာ အဆုံးအထိ မဖတ်နိုင်တော့။

ပထမအဆင့်အနေနှင့် သူ့ကို ရဟန်းဝတ်မှ လူဝတ်လည်းဖို့ တိုက်တွန်းရမည်။ ထို့နောက် အကူအညီပေးနိုင်သူတို့၏ အကူအညီနှင့် ဇင်းမယ် (သို့မဟုတ်) မဲဆောက်သို့ပို့ကာ ဆေးကုသစေမည်။ ဒေါ်ဂျုံကလည်း ကျနော်၏ အကြံပြုမှုကို လက်ခံ သည်။ သဘောပေါက်သည်။ သို့သော် ကိုတိုက်အောင်က လက်မခံ။ သူ့ကို ကျန်းမာရေးမကောင်းဖြစ်နေသည်ဟု ပြောလျှင်ပင် ကိုတိုက်အောင်က ရှူးရှူးရှဲုရှဲုဖြစ်ကာ လက်မခံ။ သူချစ်ခင်လေးစား ကြည်ညိုရသူ “သူ့” ကို သိက္ခာချသည်ဟုပင် စွပ်စွဲပြောဆိုလာ ခဲ့၏။ သည်ကြားထဲ သူကလည်း အဓိဌာန်မပြည့်သေးဟုဆိုကာ လူဝတ်လည်းရန် ငြင်းဆန်လျက်ရှိ၏။ ဆေးကုသမှုခံယူရန်ကိုမူ စကားပင် ဟလို့မရ။ ထိုရက်များအတွင်း သူသည် ရက်ပေါင်းများစွာ မအိပ်ပဲနေခဲ့သည်ဟု ကြားလာရသည်။ သူ့ထံ မကြာခဏ သွားရောက်တွေ့ဆုံနေခဲ့သဖြင့် တနေ့တခြား ပိန်ချုံးကျလာနေသည့် သူ၏အခြေအနေကိုကြည့်ကာ ကျနော့်မှာ စိတ်မကောင်း ဖြစ်ခဲ့ရ၏။ တခါတရံ ကျောင်းသင်္ခမ်းလေးရှေ့ သွားရပ်လိုက်သည့် ကျနော့်ကို သူက လက်ခံစကားမပြောပဲ နေလေသည်။

ရဟန်းဝတ်မှ လူဝတ်လဲလိုက်ပြီး နောက်ပိုင်း သူသည် ဧည့်သည်များကို ခြွင်းချက်နှင့်သာ လက်ခံစကားပြောတော့၏။ ငှက်ဖျားတက် ခြင်း မရှိတော့သဖြင့် သူ့ခန္ဒာကိုယ်မှာ ကျန်းမာရေးကောင်းသလို ရှိသော်လည်း သူ့မနောမှာမူ မတည်ငြိမ်ချင်တော့။

သည်လိုနှင့် သူ့ကို လေးစားချစ်ခင်ကြသည့် ပုဂ္ဂိုလ်တချို့က အမျိုးမျိုးချော့မော့ဖြောင့်ဖျသဖြင့် သူသည် ကိုမိုးသီးဇွန်တို့ထံ (လော်ကွားလူ)ံ သို့ သွားနေခဲ့၏။ သူစိတ်ချမ်းသာသလို နေခွင့်ပြုပြီးမှ သူ့ကို ဆေးကုသပေးရန် ရည်ရွယ်ပြီးမှ ခေါ်ထားခြင်းဖြစ်သည်။ တလခန့်အကြာတွင် လော်ကွားလူမှ မာနယ်ပလောသို့ ပြန်ရောက်လာခဲ့ပြန်သည်။ သူ့ကျန်းမာရေး အခြေအနေမှာ ပို၍သာ ဆိုးရွားလာနေခဲ့ပြီ။ သူသည် ကိုတိုက်အောင် အပါအ၀င် သူ့ဇနီးဒေါ်ဂျုံနှင့် သူ၏သား မောင်ဆန်း မှလွဲ၍ မည်သူနှင့်မျှ လက်ခံစကား ပြောဆိုခြင်းမရှိတော့။ တခါတရံ နေ့ရောညပါ အစာရေစာမစားပဲ ထိုင်နေခဲ့၏။ တခါတရံ သူ့တဲကလေးဘေး၊ မယ်တုက္ခီစမ်းချောင်းအစပ်တွင် ပေါက်တူးတလက် နှင့် ငြုပ်ပင်၊ ပဲပင်ကလေးများစိုက်နေ၊ ပေါင်းသင်နေသည်ကို တွေ့ကြရသည်။

ကျနော်သည် သူ့ထံ သူနှင့်တွေ့ဆုံစကားပြောခွင့်ပြုရန် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် သူကမူ လက်ခံတွေ့ဆုံခြင်းမပြုခဲ့။ ထိုအချိန်ကမူ သူ့ဘ၀သူ့အခြေအနေများသည် မကြာမီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟုတော့ ကျနော် မ၀ံ့မရဲ မျှော်လင့်နေခဲ့မိလေသည်။

၃။

၁၉၉၅ …၊ ဇန်န၀ါရီလ …၊ ၂၀-ရက်၊

“ဖွေးဘောလူ” ရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သည့် “ဗိုလ်ချုပ်ကြီး စောဘိုမြ” ၏ မွေးနေ့ပွဲမှအပြန် သူ့ထံကျနော် ၀င်တွေ့ဘို့ကြိုးစားသည်။ သူ့အိမ်ရှေ့တွင် သားဖြစ်သူ “မောင်ဆန်း” ကို တဦးတည်းသာ တွေ့ခဲ့ရ၏။ ဒေါ်ဂျုံက “ပလောင်ကုန်း” ဘက်သို့ သွားနေသည်ဟု သိရ၏။ “ကိုတိုက်အောင်” က ရလလဖ နယ်မြေသို့ ထွက်သွားသည်မှာ တလကျော်ရှိခဲ့ပြီ။ (၃)နှစ်မျှ အတူနေခဲ့သူ ကဗျာဆရာ ကိုတိုက်အောင် မရှိတော့သဖြင့် သူ့အဖို့ လက်ကတုံးတောင်ဝှေးတခု ပြုတ်ကျသွားသလိုဖြစ်ရ၏။

သူ့အိမ်ပေါ် ကျနော်အတက်တွက် သူက စကားမပြောချင်ဘူးဟုဆိုကာ အိမ်ခန်းထဲသို့ ၀င်သွားလေသည်။ သူ့ကျောပြင်ကိုသာ ကြည့်ကာ အိမ်ပေါ်မှဆင်းခဲ့ရ၏။

တဲပေါ်က အဆင်းတွင် လက်နက်ကြီးပစ်ခတ်သံများကို ကြားရလေသည်။ “နော်တ” နှင့် “ထွီးပါးဝီးကျိုး” နှစ်နေရာစလုံးဆီက ကြားလိုက်ရခြင်းဖြစ်၏။ ခြံရှေ့ကိုရောက်တော့ တို့ကရင်အချင်းချင်း သေနတ်မပေါက်ချင်ဘူးဟုဆိုကာ “နော်တ” ခံစစ်ဒေသမှ ပြန်ဆင်းလာကြသည့် KNU စစ်သားတချို့ကို တွေ့ရလေသည်။

၎။

၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၂-ရက်၊ တနင်္ဂနွေနေ့။

ပဒိုမန်းရှာထံသွားကာ “ပဟေလူရွာ” တွင် အိမ်တလုံး ငှားရမ်းပေးပါရန် အကူအညီတောင်းခဲ့ရ၏။ ဒီမိုကရက်တစ် မြန်မာ့အသံ “ရွှေဗဟိုစည်” စတူဒီယိုကို ပဟေလူရွာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့၏။

ပဒိုမန်းရှာအိမ်မှအပြန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးရှေ့မှဖြတ်ကာ သူ့အိမ်ကလေးရှေ့ တွင် ကျနော်ရပ်သည်။ သူ့ကို ၀င်တွေ့ဖို့ စဉ်းစားနေမိသေးသည်။ သို့သော် သူသည် သူမတွေ့ချင်သည့်သူများကို ခြံဝန်းထဲသို့ပင် ၀င်ခွင့် မပြုတော့ဟု ကျနော်ကြားထားရ၏။ ၀င်လာလျှင်လည်း ရန်မူသည်အထိ ဖြစ်လာလေသည်။

အိမ်ကလေးဆီက မည်သည့်အသံမျှ မကြားရ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ကျနော်က စိတ်ကိုဖြေကာ သူ့အိမ်ရှေ့က ဆက်လျှောက်လာခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်” လမ်းကလေးထဲသို့ တိုးဝင်တိုက်ခတ်လာနေသည့် လေနုအေးမှာမူ ကျနော့်ရင်ကို မအေးမြစေနိုင်ခဲ့တော့။

၅။

၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၃-ရက်၊ တနင်္လာနေ့ … ။

သည်ကနေ့မနက် ခတ်စောစောအိပ်ရာထသည်နှင့်တပြိုင်နက် လက်နက်ကြီး ပစ်သံများကို ယခင်နေ့ထက်ပိုပြီး အနီးကပ်ကြားနေ ခဲ့၏။ လက်နက်ကြီးပစ်သံများမှာ ပိုပြီးစိပ်လာလေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးဖက်သို့သွားကာ သတင်းစုံစမ်းရန်ထွက်လာစဉ် မီးစက်ကမ်းပါး အကွေ့တွင် ကိုသက်စိုးလွင်နှင့် ကိုတင့်ဆွေကို တွေ့၏။ သူတို့နှစ်ဦးစလုံး မျက်စေ့မျက်နှာ ပျက်လျက်ရှိ၏။

“အခြေအနေမကောင်းတော့ဘူး၊ ချက်ချင်း အထုပ်အပိုးပြင်ပြီး ထိုင်းဖက်ကမ်းကို ကူးဖို့ KNU က လာပြောတယ်။ အဲဒါ ဦးခွန်မားရ် ကိုဘန်းနဲ့ ခင်ဗျားဆီကို လာပြောတာ”

ချက်ချင်းဆိုသလို စတူဒီယိုသို့ပြန်ကာ ရဲဘော်တချို့နှင့်အတူ အသံဖမ်းစက်များနှင့် ပစ္စည်းပစ္စယများကို ထုပ်ပိုးပြင်ဆင်ရ၏။ ကံအားလျော်စွာ လှည်းတစီးငှားလို့ရသဖြင့် သောင်ရင်းမြစ်ကမ်းသို့ ပစ္စည်းအားလုံး ရောက်သွားခဲ့၏။ နေ့လည် (၂)နာရီခန့်တွင် ပဒိုမန်းရှာ ၏ ဇနီးအနော ( နမ့်ကျင်ရွှေ) ၏ ကူညီစီစဉ်ပေးချက်အရ သောင်ရင်းမြစ်အထက်ဖက် ကွေ့နှစ်ကွေ့အလွန် ထိုင်းနိုင်ငံဖက်ကမ်း တောင်ခြေသို့ လှေကြုံနှင့် ကူးလာခဲ့ကြ၏။ ကျန်ရစ်သည့် ပစ္စည်းတချို့ကိုသယ်ရန်နှင့် ထိုင်းနိုင်ငံ အတွင်းဖက်သို့ ဆက်လက်ထွက်ခွာရန် ပဒိုမန်းရှာထံ တင်ပြမည်ဟုဆိုကာ ကရင်ရဲဘော်လေး “ကွယ်သာထူး” နှင့် “မိုးကျော်” (ABSDF) တို့က မာနယ်ပလောဖက် ပြန်ကူးသွား ကြ၏။

ညနေမိုးချုပ်မှပင် ထင်းခြောက်တချို့ကောက်ယူကာ သောင်ရင်းမြစ်ရေနှင့် ဆန်ဆေးပြီး ထမင်းချက်၏။ မြစ်ဘေး တောင်ခြေအစပ် တွင် ပစ္စည်းများကို ဖြစ်သလိုစုပုံထားရှိကာ ဖျာတချပ်ကို အမိုးလုပ်ပြီး အိပ်ရာထိုင်ခင်း ပြင်လိုက်၏။ အနော (နမ့်ကျင်ရွှေ) က ခူးပေးလိုက် သည့် ပဲလင်းမြွေသီးကို ချက်စားရန်စီစဉ်၏။ နေ၀င်ရီတရောအချိန် ဘောနော်လေးတောင်ကြီးကိုကျော်ပြီး ရောက်လာသည့် လက်နက်ကြီးပစ်သံများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေ၏။ လူသံကြားလို့ အထက်ဖက်ကိုလှည့်ကြည့်တော့ ချိုင်းထောက်တချောင်းကို ထောက်ကာ၊ ခြေထောက်တဖက်မရှိသည့် လူတယောက်၊ ကလေးတယောက်နှင့်အတူ လမ်းလျှောက်လာနေသည်ကိုတွေ့ရ၏။ သူတို့နှစ်ဦးစလုံး နွမ်းလျသောခြေလှမ်းများလှမ်းကာ အောက်ဖက်တောစပ်သို့ ၀င်ရောက်သွားခဲ့ကြ၏။ သူတို့ဘယ်ဆီ ထွက်ခွါသွားကြသည် ကိုမူ ကျနော်မသိ။

မှောင်သွားသည့်အခါ လှေတစင်း ကပ်လာသည်ကို လရောင်မှုန်ပြပြအောက်တွင် မြင်ရ၏။ ရန်သူမိတ်ဆွေခွဲခြားရန် ခက်သဖြင့် ကျနော့်မှာ ထိတ်လန့်သွားရ၏။ လှေပေါ်က လူတယောက်ဆင်းလာ၏။ ထိုသူက ကျနော်တယောက်တည်း စိတ်မချသဖြင့် အနော (နမ့်ကျင်ရွှေ) က အဖော်အဖြစ်အိပ်ရန် လွှတ်လိုက်သူဖြစ်ကြောင်း ကရင်သံဝဲ၀ဲနှင့်ပြောမှ ကျနော့်မှာ စိတ်အေးသွားရလေသည်။ အနောကိုလည်း ကျေးဇူးတင်လို့မဆုံးတော့။

လရောင်မှုန်ပြပြအောက်တွင် ကျနော်နှင့်ကရင်ရဲဘော်လေးတို့ ထမင်းစားကြသည်။ လက်နက်ကြီးပစ်သံများမှာ ညဥ့်နက်မှပင် ပိုပြီး နီးကပ်လာနေသည်ဟု ထင်ရ၏။ ထိုအခါကျမှပင် “နိုင်ဝင်းဆွေ” အတွက် စိတ်ပူလာရပြန်သည်။ သူ၏အခြေအနေမှာ ထိုင်းနိုင်ငံဖက်ကမ်းသို့ အလွယ်တကူလိုက်ပါလာနိုင်သည့်အခြေအနေမျိုး မဟုတ်သဖြင့်လည်း ကျနော့်မှာ ကြေကွဲတုန်လှုပ်နေမိ၏။

၆။

“ပဟေလူ” ရွာကို ရောက်ရန်၊ ကျနော့်နောက်ဖက်က တောင်ကြောကို ကျော်ရဦးမည်ဟု သိရ၏။ မနက်မိုးလင်းကတည်းက “ကွယ်သာထူး” နှင့် “မိုးကျော်” တို့ကို ကျနော်မျှော်နေမိသည်။ မိုးလင်းသည်နှင့်တပြိုင်နက် ညက ကျနော်နှင့်အဖော်လာအိပ်ပေးသည့် ကရင် လူငယ်လေးက၊ မာနယ်ပလောဖက်ကမ်းသို့ လှေဖြင့် ပြန်ကူးသွားခဲ့၏။ မနက် (၁၀)နာရီအထိ “ကွယ်သာထူး” တို့ ရောက်မလာသေး။

လက်နက်ကြီးပစ်သံများမှာ နေထွက်ကာစက ခေတ္တခဏရပ်သွားသလိုရှိရာက၊ နေမြင့်လာတော့ အသံပိုစိပ်လာသည်ဟု ထင်ရ၏။ ဝေးရာက နီးလာသည်ဟု ထင်လာရ၏။ မနေ့တုန်းက “နော်တ” ၊ “ထွီးပါးဝီးကျိုး” ၊ “ဆင်ဖြူတောင်” ဖက်ဆီကသာ ကြားခဲ့ရသည့် လက်နက်ကြီးပစ်သံများမှာ ယခုအခါ သောင်ရင်းမြစ်အထက်ဖက်ဆီကပါ ကြားလာရ၏။

ကျနော်က ညနေကတည်းက ၊ DVB ပစ္စည်းများကို မြစ်ဆိပ်နှင့် မလှမ်းမကမ်း၊ မိုးမခပင်အုပ်များကြား ဆွဲသွင်းထားခဲ့၏။ မြစ်ထဲတွင် စက်လှေများ၊ လက်လှေများ လူးလာခေါက်တုန့် အလျှင်အမြန် သွားနေကြ၏။ စက်လှေများပေါ်တွင် ပစ္စည်းအပြည့်၊ လူ့အပြည့်။

ဒီကနေ့မနက်ကြတော့ မိမိစိတ်ကပဲ ထင်လို့လားတော့မသိ။ တခါတရံ လက်နက်ကြီးပစ်သံများကြားတွင် လက်နက်ငယ်ပစ်ခတ်သံ များကိုပင် ကြားလာရသည်ဟု ထင်မိ၏။ ခြုံစပ်တွင် တယောက်တည်းထိုင်နေရသည်မှာ လုံခြုံမှုမရှိဟု စိတ်ပူနေစဉ်၊ ကမ်းစပ်သို့ လှေတစင်း ဆိုက်လာခဲ့၏။ စက်လှေပေါ်က လူနှစ်ယောက်ခုန်ဆင်းလိုက်၏။

“ကိုငြိမ်း ၊ စက်လှေလာပြီ၊ ဒီတောင်ကြောကို ကျော်ပြီး ပစ္စည်းတွေဘယ်လိုမှသယ်နိုင်မှာမဟုတ်ဖူး၊ စက်လှေပေါ်ပစ္စည်းတွေ ပြန်တင် ပြီး၊ ပဟေလူရွာကို အောက်ဖက်က ချောင်းထဲကတဆင့်သယ်မယ်”

သူတို့ကို ကျနော် အထွေအထူးမေးမြန်းမနေတော့ပဲ စက်လှေပေါ်ပစ္စည်းတွေဝိုင်းတင်၏။ မာနယ်ပလောကို ဖြတ်ကာ “ပဟေလူ” ချောင်းထိပ်သို့ ရောက်လာကြ၏။ သောင်ရင်းမြစ်ထဲမှတဆင့် “မာနယ်ပလော” ကို မော့ကြည့်ခဲ့ရသည်မှာ ရင်ထဲ၌ ကြေကွဲနေမိ၏။ သောင်ရင်းမြစ်ထဲသို့စီးဝင်ရာ “ပဟေလူ” ချောင်းထဲသို့ ကွေ့ဝင်လာစဉ် စက်လှေများ၊ လက်လှေများ ချောင်းလုံးပြည့် လှုပ်ရှားနေသည်ကို ဘွားကနဲ တွေ့လိုက်ရ၏။ ကမ်းပေါ်တွင်၊ လှေများပေါ်တွင် လူတွေ၊ အထုပ်အပိုးကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြ၏။ “ပဟေလူ” ရွာခြေ တွင် စက်လှေပေါ်က ပစ္စည်းများကိုချတော့ ညနေ (၄)နာရီခန့်ရှိပြီ။ သောင်စပ်နှင့်ရေစပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ ရဲဘော်များ သုံးယောက်တွဲ၊ ငါးယောက်တတွဲ ၀ိုင်းစုထိုင်နေကြသည်ကိုတွေ့ရ၏။ တချို့က သောင်ပြင်ပေါ်တွင်ပင် တုံးလုံး ပက်လက်အိပ်နေကြ၏။ ပစ္စည်းများချပြီးသောအခါ ညနေစာချက်စားရန် ပြင်ဆင်ရပြန်လေသည်။

ညကြတော့ သောင်ပြင်ပေါ်တွင်ပင် ဖျာများ၊ ပလပ်စတစ်များခင်းကာ အိပ်လိုက်ကြ၏။ ပစ္စည်းများ သယ်ပိုးရွှေ့ပြောင်းခဲ့ရသဖြင့် ကျနော့်တကိုယ်လုံး ကိုက်ခဲနာကျင်လျက်ရှိ၏။ သည်နေရာရောက်တော့ မရေမတွက်နိုင်လောက်အောင် မြင်နေရသည့် စစ်ပြေးဒုက္ခသည်များ ကို တွေ့ရသဖြင့် ပူပန်စိတ်လျော့သွားရ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက၊ လက်နက်ကြီးပစ်သံများမှာမူ ပိုမိုနီးကပ်လာနေလေ သည်။

၇။

“ဖွေးပေါလူ” ရွာ ကမ်းစပ်တွင်၊ ပစ္စည်းများ စုပုံထားရှိပြီးသည့်အခါ ရွာထဲသို့ ဦးစွာပထမ သွားနှင့်ပြီးမှ နေရာထိုင်ခင်းစီစဉ်ရန် ဆုံးဖြတ်၏။ ပစ္စည်းများကို “ကွယ်သာထူး” တို့နှင့် ထားနှင့်ကာ ကုန်းပေါ်သို့တက်လာခဲ့၏။ လမ်းတွင် မျက်နှာသိတချို့ကို လူအုပ်ကြားထဲ၌ တွေ့ခဲ့ရ၏။ လူတိုင်း အထုပ်အပိုးကိုယ်စီ။ တကိုယ်လုံး ဖုံအလိမ်းလိမ်းဖြင့် … ။ စကားကိုပင် သွက်လက်ကျယ်လောင်စွာ မပြောနိုင်၊ နှုတ် မဆက်နိုင်ကြတော့။ လူတိုင်း၏ မျက်နှာများပေါ်က သောကလက်ရေးများကို ကျနော် ကောင်းစွာဖက်ရှုနိုင်ခဲ့၏။ ပတ်ဝန်းကျင်တခွင်လုံး၊ မိုး ကောင်းကင်တခုလုံး အုံ့မှိုင်းပြာနှမ်းနေသည်လောဟုပင် ထင်မိ၏။

“ပဟေလူ” ရွာနှင့် မျက်စေါင်းထိုးတဖက်ကမ်း၊ “ဖွေးပေါလူ” ရွာမှာ၊ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ နေထိုင်သည့်ရွာဟု သိရ၏။ “မာနယ်ပလော” နှင့် လက်နက်ကြီးတကမ်းစာတွင် ရှိသော်လည်း ထိုင်းနိုင်ငံဖက်ကမ်း၊ ထိုင်းနိုင်ငံနယ်မြေဖြစ်သဖြင့် နအဖစစ်တပ်များ၏ ရန်ကိုသိပ်ပြီး မစိုးရိမ်ရ။ သို့သော် ထိုင်းနယ်ခြားစောင့်တပ်များ၊ ညကတည်းက ရောက်လာနေသည်ဟု ကြားခဲ့ရသဖြင့် စိတ်ပူနေမိသေး၏။ နယ်မြေ အနေအထားမှာ လူသွားလမ်းမှအပ မည်သည့်ဆက်သွယ်ရေးလမ်းမျှ မရှိသည့်နေရာဖြစ်သဖြင့် ထိုင်း နယ်ခြားစောင့်တပ်များ အလုံးအရင်းနှင့်တော့ ရောက်မလာနိုင်ကောင်းရဲ့ဟု စိတ်ကိုဖော့ပြီး တွေးထားရ၏။ အခြေအနေပေးပါက “ဖွေးပေါလူ” ရွာတွင် တရက်နှစ်ရက်တန်သည် နားကာ ၊ သောလဲထရွာ၊ မယ်စာရင်းရန်းမြို့အထိ ဖောက်ထွက်နိုင်ရန် နည်းလမ်းရှာမည်ဟု တွေးထား၏။

“ဖွေးပေါလူ” ရွာ ကမ်းပါးပေါ်အတက်တွင် အလွန်နီးကပ်သောတနေရာမှ၊ လက်နက်ကြီးပေါက်ကွဲသံထွက်ပေါ်လာသဖြင့် လူတွေ အားလုံး နေရာတွင်ပင် ၀ပ်ကာနေရာယူလိုက်ကြ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက ပေါက်ကွဲခြင်းဖြစ်ကြောင်း ချက်ချင်းသိကာ ခရီးဆက်ကြရ၏။ လူအုပ်ကြားထဲတွင် လမ်းလျှောက်လာရင်း အသိမိတ်ဆွေများကို ကျနော်ရှာနေမိသည်။ တွေ့လျှင် သူတို့နှင့် ညှိနှိုင်းတိုင်ပင်ကာ နေရာထိုင်ခင်းကိစ္စ စီစဉ်မည်ဟုတွေး၏။ ထိုစဉ်မှာပင် လူအုပ်ထဲ၌ အမျိုးသမီးတဦးကို မမျှော်လင့်ပဲ ကျနော်တွေ့လိုက်ရလေ သည်။

ခေါင်းပေါ်တွင် လင်ဗန်းတချပ်ကိုရွက်ထားသည့် အမျိုးသမီးတဦး။ လင်ဗန်းပေါ်တွင်မူ ဟင်းသီးဟင်းရွက်လိုလို၊ အကြော်လိုလို အရာဝတ္ထုများကို မျက်နှာသုပ်ပုဝါ အစုပ်တထည်နှင့် အုပ်ထား၏။ လူအုပ်ကိုကျော်ပြီး ကြည့်ရသဖြင့်၊အမျိုးသမီး၏မျက်နှာကို သဲကွဲစွာ ကျနော် မမြင်ရ။ ကျနော့်ရှေ့က လူတချို့ကို အလျင်အမြန်ကျော်တက်ကာ၊ ကျနော်တွေ့လိုက်ရသည့် အမျိုးသမီးဆီလှမ်းလာခဲ့သည်။ သို့သော် လူအုပ်ထဲတွင် ထိုအမျိုးသမီးကို ကျနော် မတွေ့ရတော့။ လူတချို့မှာ အုပ်စုလိုက်ခွဲကာ ရွာထဲသို့ဝင်သွားနေကြ၏။ အချိန် တော်တော်ကြာသည်အထိ ထိုအမျိုးသမီးကို ကျနော်ရှာနေမိသည်။ သို့သော် လုံးဝမတွေ့လိုက်ရတော့။

“ဒေါ်ဂျုံကတော့ ဆရာနိုင်ဝင်းဆွေနဲ့ အတူတူမရှိတော့ဘူးဗျ၊ ဆရာကလည်း ဒေါ်ဂျုံတို့ခေါ်ရာ မလိုက်တော့ဘူးတဲ့၊ ဒေါ်ဂျုံတို့ သားအမိလည်း ဆရာနိုင်ဝင်းဆွေကိုထားပြီး ဒီဖက်ကမ်းကိုကူးလာကြတာ၊ ဒေါ်ဂျုံကတော့ အကြော်ရောင်းပြီး စားစရိတ်၊ ခရီးစရိတ်ရှာနေရ တယ်လို့ ပြောတာပဲ ကိုငြိမ်း၊ ဒါပေမယ့် ပဒိုမန်းရှာကတော့ ဆရာ့ကို ရအောင်ခေါ်လာရမှာပဲလို့တော့ ပြောတယ်လို့ ကျနော်ကြားခဲ့ရတယ်”

ကျနော် … အသက်ရှူမ၀နိုင်အောင် ကြေကွဲနေမိသည်။ ဆရာ “နိုင်ဝင်းဆွေ” တယောက် ရန်သူသိမ်းပိုက်တော့မည့် “မာနယ်ပလော” က၊ အိမ်ကလေးတလုံးထဲ၊ တယောက်တည်း ရှိနေခဲ့ပြီလား … ။ ကျန်နေရစ်ခဲ့ပြီလား။ သူ့ကို ဘယ်သူမှ ကယ်ထုတ် မလာနိုင်ကြတော့ဘူးလား။

“ဖွေးပေါလူ” ရွာ ကမ်းပါး၊ လူသွားလမ်းဘေး၊ ဖုန်ထုကြီးအောက်တွင် ကျနော်တယောက်တည်း ထိုင်နေစဉ် “ပဟေလူ” ရွာကအထွက်၊ လမ်းတွင် ရဲဘော် ကိုစိုးဝင်းညိုပြောခဲ့သည့် ဆရာနိုင်ဝင်းဆွေမိသားစု၏ သတင်းကို ကျနော့်နားထဲ၌ ကြားနေခဲ့လေသည်။

၈။

၁၉၉၅-ခု … ဖေဖော်ဝါရီလ … ၆-ရက်၊ တနင်္လာနေ့၊ ထိုင်းနိုင်ငံနယ်စပ်၊ ဖွေးပေါလူရွာ။

သူ့ကို ဘုရားစင်အောက်တွင် တယောက်တည်း တင်ပလ္လင်ခွေထိုင်ကာ တရားအာရုံပြုနေသည်ကို ကျနော်တွေ့ရသည်။ ထို့ကြောင့် အနှောက်အယှက်မပြုဘဲ နောက်ဖေးခန်းသို့ ကျနော်ဝင်လာခဲ့သည်။ မီးဖိုချောင်ထဲတွင် ရဲဘော်ဆယ်ယောက်ခန့် ထမင်းစားနေ သည်ကို တွေ့ရ၏။ ဗိုလ်မှူးချစ်မောင် (ရလလဖ အတွင်းရေးမှူး)နှင့် တွေ့ရန် အိမ်ရှေ့ဖက်သို့ ပြန်ထွက်ခဲ့သည်။ ဗိုလ်မှူးချစ်မောင်နှင့်တွေ့ကာ သူ၏ ကျန်းမာရေးအခြေအနေကိုမေးသည်။ ဗိုလ်မှူးချစ်မောင်မှာ ကျနော့်ကို လက်ခံစကားပြောဘို့ပင် အချိန်မရရှာပါ။ သူ့ကျန်းမာရေး အခြေအနေမကောင်းသည့် အကြောင်းကိုသာ ပြောပြနိုင်၏။ သူ့ကို ပဒိုမန်းရှာ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံဖက်ကမ်းအထိ ခေါ်လာနိုင်ခဲ့သည် ကိုပင် ကံကောင်းသည်ဟု ဆိုရပါမည်။ ဗိုလ်မှူးချစ်မောင်တို့အဖွဲ့သည်လည်း သည်ကနေ့ ညနေမှာပင် တပ်မဟာ (၆)နယ်မြေသို့ ဆုတ်ခွါ တော့မည်ဖြစ်ကြောင်း သိရ၏။ သူ့အတွက် ဘယ်လိုအစီအစဉ်ရှိသလဲဟုမေးတော့ ဗိုလ်မှူးချစ်မောင်မှာ ရေရာတိကျစွာ ဖြေနိုင်ခြင်းမရှိ။

ဧည့်ခန်းထဲသို့ဝင်ကာ သူ့ရှေ့တွင် ကျနော်ထိုင်ချလိုက်သည်။ လက်ထဲတွင်ပါလာသည့် ကင်မရာနှင့် သူ့ကိုချိန်လိုက်သည်။ ထိုအခါ ကြမှပင် သူသည် ရုတ်တရက် ကျနော့်ကို ခုန်အုပ်တော့မလို ထရပ်လိုက်၏။ မျှော်လင့်မထားသဖြင့် ကျနော့်မှာ လက်ထဲက ကင်မရာကို အယောင်ယောင်အမှားမှားနှင့် ဘေးသို့ချထားလိုက်ရ၏။ သူသည် ဘုရားစင်အောက်တွင် ပြန်ထိုင်ကာ မျက်လုံးစုံမှိတ်လျက် ငြိမ်သက်သွားလေသည်။

ထိုနေ့ညက ဗိုလ်မှူးချစ်မောင်တို့အဖွဲ့ လုံခြုံရာနေရာသို့ ဆက်လက်ထွက်ခွါသွားကြကြောင်း သိရ၏။ သူကမူ မည်သူနှင့်မျှစကား မပြော။ ထမင်းမစား။ ဘုရားစင်အောက်မှာပင် တဦးတည်း တရားထိုင်နေခဲ့လေသည်။

၉။

၂၀၀၅-ခု …၊ ဧပြီလ၊ ၁၈-ရက်၊ တနင်္လာနေ့။

စာအုပ်စင်ပေါ်က စာအုပ်(၈)အုပ်ကို ရွေးပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ သူ၏ရင်သွေးများဖြစ်သည့် “မဟူရာမေတ္တာ” ၊ “မသိန်းရှင်ဆီပို့ပေးပါ” ၊ “နွေတည” ၊ “ည အသင်္ချေ” ၊ “မြစပယ်ရုံ” ၊ “အချစ်ည” ၊ “ဘ၀စာမျက်နှာများ” နှင့် “ရေဆန်လမ်း” စာအုပ်များကို တအုပ်ချင်းကိုင်တွယ်ကြည့်ရှုရင်း “သူ့” ကို သတိရနေသည်။ သူကွယ်လွန်ခဲ့သည်မှာ (၁၀)နှစ် တင်းတင်းပြည့်ခဲ့ပြီ။ သူ့ကို လေးစားချစ်ခင်သူ တစုက သူကွယ်လွန်ခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကဗျာစာအုပ်ထုတ်ဝေခဲ့၏။ “ရေဆန်လမ်းသို့အပြန်” ဟု အမည်ပေးခဲ့၏။ ယင်း စာအုပ်တွင် သူကွယ်လွန်သည့်နေ့ကို အတိအကျဖော်ပြသည်ကို တွေ့ရသည်။ ( ၂၄-၂-၁၉၉၅)

ကျနော့်အသိထဲတွင်မူ သူကွယ်လွန်သည့် “လ” နှင့် “ခုနှစ်” ကိုသာ အတိအကျသိရှိနိုင်ပြီး နေ့ရက်ကိုမူ မည်သူမျှအတိအကျ မသိရှိနိုင်ဟု ယူဆနေမိသည်။ အမှန်တကယ်အားဖြင့် “ဖွေးပေါလူ” ရွာတွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် စစ်ပြေးဒုက္ခသည်များ၊ စစ်ရှုံးရဲဘော် များထဲ၌ သူ့ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ဟု သိသူ တယောက်မျှမရှိ။ ထိုင်းနိုင်ငံနယ်စပ် တောအုပ်များ၏အလယ်တွင် စိတ်ဝေဒနာခံစားနေရသူ “သူ့” ကို နားလည်ခွင့်လွှတ်ကာ ကူညီဖေးမပေးနိုင်မည့်သူ တဦးမျှမရှိနိုင်။ နအဖတပ်များ၏ လက်နက်ကြီး တကမ်းစာအကွာ ထိုင်းနယ်ခြားစောင့်တပ်များ ခြေချင်းလိမ်ရှိနေပြီး တော်လှန်ရေးရဲဘော်များ ၀ါးအစည်းပြေသလို လက်နက်မဲ့ ဥဒဟို ထွက်ပြေးတိမ်းရှောင်နေကြရသည့် ခေတ်ပျက်ကာလတခုတွင် သူ့ကို လူဆိုးလူကောင်း ခွဲခြားဆက်ဆံရန်မှာလည်း သူ့ကျန်းမာရေး အခြေအနေက အကူအညီမရနိုင်တော့။

ကျနော့်အတွေးထဲတွင် ၁၉၁၇-ခုနှစ်၊ အောက်တိုဘာတော်လှန်ရေးအပြီး၊ အာဏာရှင်စက်ကွင်းမိလျက် ဆိုက်ဗေးရီယားမဲဇာတော တွင် မထင်မရှားသေဆုံးသွားရသည့် ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ကို တွေးနေမိသည်။ ကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” မည်သည့်နေ့က မည်သည့်နေရာတွင် မည်သည့်အတွက် သေဆုံးခဲ့ရသည်ကို ယခုအထိ မည်သူမျှအတိအကျ ပြောမပြနိုင်ခဲ့။

“နိုင်ဝင်းဆွေ” သည်ကော … ။

မုန်တိုင်းတခုအောက်တွင် ကြွေရွက်တချို့လွင့်ပါ ပျောက်ကွယ်ရသည်မှာ ဘာမျှတော့မဆန်း။ သို့သော် ဤသစ်ရွက်တရွက် ကြွေလွင့်သွားရပုံမှာ တကယ့်ကို ဂန္တ၀င်မြောက် ရောမန္တိက ဆန်လွန်းလှချေ၏။

(ဒီဝတ္ထုလေးကတော့ ဆရာနိုင်ဝင်းဆွေနှင့်ကျနော် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ အချိန်ကို မှတ်တမ်းတင်တဲ့ သဘောပါပဲ။ ဆရာနိုင်ဝင်းဆွေ အပေါ်မှာ စိတ်ဝင်စားကြသူတွေ သူ့ဝတ္ထုတွေကို နှစ်သက်ကြသူတွေအတွက် ဒီဝတ္ထုတိုလေးက တစုံတရာ မှတ်တမ်းမှတ်ရာ တခုအဖြစ် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။)

February 19, 2008

လွမ်းလိုက်ရတာ “နိုင်ဝင်းဆွေ”ရာ .....


(က)
ရုရှားစာရေးဆရာ “အီလျာ အာရင်ဘတ်” ဟာ “သူ့ဘ၀မှာ အနည်းဆုံး (၃)ကြိမ်လောက်အထိ သေမိန့်ကျခံထိုက် တဲ့လူ” လို့ ဝေဖန်ခဲ့ကြဖူးပါတယ်။ “အာရင်ဘတ်” ရဲ့ ဘ၀ဇာတ်လမ်းအပြောင်းအလဲတွေကလည်း များမှများ။ စာရေးဆရာ “နိုင်ဝင်းဆွေ” လည်း အာရင်ဘတ်လိုပုဂ္ဂိုလ်မျိုးပဲလား။
“နိုင်ဝင်းဆွေ” ရဲ့ ပုံနှိပ်မဖော်ပြရသေးတဲ့ ၀တ္ထုတိုအသစ်တချို့ကို ကျနော်ဖတ်ရဖူးတယ်။ ၁၉၉၂-ခုနှစ်ထဲမှာ “တောမှော်ရုံ တက္ကသိုလ်” ကို ကျနော်ရောက်လာတော့ “နိုင်ဝင်းဆွေ” နဲ့ ကျနော်ပြန်တွေ့ရတယ်။ ၁၉၉၇-ခုနှစ်လောက်ကတည်းက သူနဲ့ ကျနော် လူချင်းမတွေ့ခဲ့ရတာ။ နှစ်ပေါင်း (၁၅)နှစ် ကြာပြီးမှ ပြန်တွေ့ကြတော့ လက်ရှိအနေအထားမှာ ဘ၀ချင်းလည်းတူ၊ စာပေ သမားချင်းလည်းတူတော့ ဟို ... “မိုးကြိုမုန်တိုင်း” စာအုပ်ထွက်ကာစတုန်းက သူနဲ့ကျနော် စိတ်ဝမ်းကွဲခဲ့ကြတာတွေက အလိုလို မှေးမှိန်ကုန်ကြရတော့တာပေါ့။
သူနဲ့ကျနော် ပြန်တွေ့ကြတော့ သူက “သစ္စာ” မဂ္ဂဇင်းကို ဦးစီးပြီး ထုတ်ဝေနေတဲ့အချိန်။ သူ့မှာ ရဲဘော်ရဲဘက် အသစ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့အချိန်။ တနေ့ သူခေတ္တ သင်္ကန်းစီးရဟန်းဘောင်ဝင်နေတဲ့အခိုက်၊ ရဟန်းပျိုသမဂ္ဂကုန်းတော် ပေါ်ကအဆင်း၊ မယ်တုက္ခီစမ်းချောင်းဘေးမှာ ကျနော့်ကဗျာအပိုင်းအစ စာရွက်ကလေးကိုတွေ့သတဲ့။ နောက်တနေ့မှာ ကျနော့်ကဗျာတပိုင်းတစ စာရွက်ကလေးကိုပြပြီး သူ့ရဲ့ “သစ္စာ” မဂ္ဂဇင်းမှာ ကဗျာစာတည်းဝင်လုပ်ပေးဖို့ ပြောလာတော့တာပဲ။ ဒီတုန်းက ကျနော်က “တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ။ ပြီးတော့ သူလို အင်မတန်ထက်မြက်ကျော်ကြားလှတဲ့ စာရေးဆရာတယောက်ကိုမှီပြီး ကိုယ်နေရာရဖို့၊ ကိုယ်နာမည်ကြီးဖို့လုပ်နေတယ်ဆိုတဲ့ ဝေဖန်သံကိုလည်း မခံနိုင်လို့ သူ့ကမ်းလှမ်းချက်ကို ကျနော်ပယ်ခဲ့ပါတယ်။
“တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ “သစ္စာ” မဂ္ဂဇင်းမှာပါတဲ့ သူ့ဆောင်းပါးတွေ၊ သူ့ရဲ့ ၀တ္ထုတို (၆)ပုဒ်။ ဒါတွေက ကျနော့်အတွက် အသစ်တွေဖြစ်နေတော့ အငမ်းမရ ဖတ်ခဲ့ရတာပေါ့။ သူ့ဝတ္ထုတိုလေးတွေက သူ့ရဲ့ “ပန်ဆန်း”မှာ နေခဲ့ထိုင်ခဲ့ရတဲ့ ဘ၀တွေကို အခြေခံထားတာဖြစ်တော့၊ သူ့သမိုင်း သူ့ဖြတ်သန်းမှုတွေကို အဲဒီဝတ္ထုတွေထဲကပဲ ကျနော်က နှိုက်ယူခဲ့ရတာပဲ။ သူ့ရဲ့ “စပယ်တောစံအိမ်” အကြောင်း၊ အဲဒီဝတ္ထုတိုတွေထဲကပဲ ကျနော် ထိတွေ့ခဲ့ရတာပဲ။ ၀မ်းနည်းဖို့ကောင်းတာက သူ့ရဲ့ အဲဒီ လက်ရေးစာမူ ၀တ္ထုတို(၆)ပုဒ်ကို ကျနော်က ပထမအကြမ်းဖျင်းဖတ်တယ်၊ ပြီးတော့မှ အချိန်ယူပြီး သေသေချာချာဖတ်မယ်ဆိုပြီး (သူကလည်း ခဏ ခဏ ပြန်ပြန်တောင်းနေလို့) အဲဒီစာမူတွေ သူ့ကိုပြန်အပ်လိုက်တာ၊ သူက မမျှော်လင့်ပဲ ကျန်းမာရေးချို့တဲ့၊ “တောမှော်ရုံ တက္ကသိုလ်” ကလည်း ကျဆုံးလိုက်တော့ နောက်ထပ်တခါထပ်ဖတ်ဖို့ရည်ရွယ်ထားတဲ့ ကျနော့်စိတ်ကူး ပျက်ခဲ့ရ တာပေါ့။ ပိုဆိုးတာက သူ့ရဲ့ အဲဒီပုံမနှိပ်ရသေးတဲ့ ၀တ္ထုတိုစာမူ (၆)ခုဟာ၊ ကဗျာဆရာမ “မိဆူးပွင့်” ဆီမှာလိုလို၊ ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလို၊ သူ့ဇနီး “ဒေါ်ဂျုံ” ဆီမှာလိုလိုနဲ့ အခုထက်ထိ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒီလို သူ့စာမူတွေ ပျောက်ဆုံးကုန်တော့မှ သူ့တန်ဘိုးကို ကျနော်ပိုပြီး နားလည်မိတယ်။ အဲဒီ ပျောက်ဆုံးသွားတဲ့ ၀တ္ထုတိုစာမူ (၆)ခုဟာ၊ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ “ဘ၀စာမျက်နှာများ” ၀တ္ထုတိုတွေထက်ပိုပြီး ရသမြောက်တဲ့ စာမူတွေပါ။ မြန်မာ စာပေနယ်ပယ်မှာ ဘယ်တော့မှဖယ်လို့မရတဲ့ အဖိုးတန် ရသစာမူတွေအဖြစ် အခိုင်အမာပြောရဲတဲ့စာမူတွေ။ အခုတော့ .. ။
စာရေးဆရာ “နိုင်ဝင်းဆွေ” နဲ့ ကျနော်၊ ခြံစည်းရိုးသာခြားတဲ့ ခြံတခုစီမှာ (၂)နှစ်ကျော် နေခဲ့ရတယ်။ ၁၉၉၂-၁၉၉၄၊ မာနယ်ပလော ... ။ ဒါပေမယ့် သူနဲ့ကျနော် အချိန်တော်တော်ကြာအောင်ထိုင်ပြီး စကားပြောခဲ့ရတာတော့ နည်းပါတယ်။ သူ့မှာ တခြားဧည့်သည်တွေများတာရယ်၊ ရဟန်းဘောင်ဝင်ပြီး တရားအားထုတ်တာရယ်၊ ကျန်းမာရေးမကောင်းတာကြောင့် သူနဲ့ကျနော် ကြမ်းတပြေးထဲထိုင်ပြီး စကားပြောရတဲ့အချိန် နည်းပါးခဲ့ရတာပါ။ ဒီတော့ကာ သူဘာတွေစိတ်ဝင်စားနေတယ်၊ သူဘာတွေ တွေးနေ တယ်၊ သူဘာတွေ ရေးနေတယ်ဆိုတာ တခြားသူတွေ သိထားသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ သူ့ရဲ့ ပျောက်ဆုံးနေစဲဖြစ်တဲ့ “သုံးဖက်မြင်စစ်တမ်း”နဲ့ သူ့ဝတ္ထုတို (၆)ပုဒ် ...။ ဘယ်သူ့ဆီမှာ လက်ဝယ် သိမ်းဆီးထားနိုင်ခဲ့သလဲ။ ဒါတွေဟာ သူ့အတွက်လည်း အရေးကြီးသလို တိုင်းပြည်အတွက်၊ စာပေနယ်ပယ်အတွက် အင်မတန် အရေးကြီးတဲ့ တန်ဘိုးကြီးပစ္စည်းတွေပါ။
ပထမ ... ဆရာ “နိုင်ဝင်းဆွေ” ရဲ့ဇနီး “ဒေါ်ဂျုံ” ... ။ “ဒေါ်ဂျုံ” ဆီမှာများ သူ့စာတွေ လက်ရေးစာမူတွေ လက်ဝယ်ရှိနေခဲ့ သလား။ “မာနယ်ပလော” ကို န၀တစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေသိမ်းတော့ “နိုင်ဝင်းဆွေ” နဲ့ “ဒေါ်ဂျုံ” ဟာ၊ မုန်တိုင်းထဲက ကျေးမောင်နှံလို တကွဲတပြားစီဖြစ်ခဲ့ပါတယ်။ “နိုင်ဝင်းဆွေ” ကို ကျနော် နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့နေရာဟာ ရက်ပိုင်းအတွင်း လူသူကင်းမဲ့သွားတော့မယ့် “ပဟေလူ” ရွာကလေးမှာပါ။ စစ်ပြေးဒုက္ခသည်တွေ ထောင်သောင်းချီပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသ အသီးသီးကို ဆက်လက်ထွက်မပြေးနိုင်ခင်၊ ခေတ္တစုဝေးခဲ့ကြတဲ့ ရွာကလေးပါ။ “နိုင်ဝင်းဆွေ” ကို၊ အိမ်တအိမ်ရဲ့အိမ်ရှေ့ခန်း၊ ဘုရားခန်းရှေ့မှာ တရားထိုင်နေတာကို ကျနော်တွေ့ခဲ့ရပါတယ်။ အဲဒီအိမ်ထဲမှာ လူတွေဝင်လိုက်ထွက်လိုက်၊ လမ်းပေါ်မှာလူတွေ အားလုံး ကိုယ့်အပူနဲ့ကိုယ်။ ဒါဟာ “နိုင်ဝင်းဆွေ” ကို ကျနော်နောက်ဆုံး သက်ရှိထင်ရှားတွေ့ခဲ့ နှုတ်ဆက်ခဲ့ရတဲ့ မြင်ကွင်းပါ။
ဒိနောက်ပိုင်း “နိုင်ဝင်းဆွေ” သေဆုံးသွားပြီလို့ အခိုင်အမာယူဆရမယ့်သတင်း၊ “ဒေါ်ဂျုံ” က တဦးတည်းသော သားကလေး “မောင်ဆန်း” ကို လက်ကဆွဲပြီး “၀” ဒေသကို ပြန်သွားပြီဆိုတဲ့သတင်း။ နိုင်ဝင်းဆွေရဲ့ စာမူတွေဟာ “ဒေါ်ဂျုံ” ဆီမှာ လိုလ၊ို ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလိုသတင်းကို ကျနော်ရခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်ကလည်း ဘ၀ရပ်တည်ရေး တည်ငြိမ် ဖို့ ကြိုးစားရင်းက “နိုင်ဝင်းဆွေ” ရဲ့ ရတနာသိုက်စာမူတွေကို စုံစမ်းနေရင်းမှာပဲ ကဗျာဆရာ “တိုက်အောင်” က၊ ကျနော် လက်လှမ်းမမှီတဲ့နေရာတနေရာမှာ သေဆုံးခဲ့ရတယ်။ ဒါနဲ့ပဲ မျှော်လင့်ချက်တခုတည်းသာရှိတဲ့ “ဒေါ်ဂျုံ” နဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားတုန်း “ဒေါ်ဂျုံ” ကလည်း သေဆုံးရပြန်တယ် (၂၀၀၅-ခု)။ ကြံရာမရတဲ့အဆုံး ကဗျာဆရာမ “မိဆူးပွင့်” ၊ ကဗျာဆရာ “မောင်လွမ်းဏီ” တို့ဆီ စုံစမ်း ပြန်တော့ သူတို့ဆီမှာလည်း သူ့စာမူတွေမရှိ။ အခုတော့ “နိုင်ဝင်းဆွေ” ရဲ့ စာမူတွေ အမှန်တကယ် ပျောက်ဆုံးကုန်ကြရပြီလို့ပဲ ယူဆရပါတော့မယ်။

(ခ)
“နိုင်ဝင်းဆွေ” ရဲ့ ၀တ္ထုတွေဟာ ကျနော့်အဖို့တော့ တကယ့်ကို ယစ်မူးစရာတွေချည်းပါပဲ။ ဒီကနေ့အထိလည်း လူငယ် လူကြီး ဘယ်သူ့ကိုမဆို သူ့ဝတ္ထုတွေပေးဖတ်ရ၊ ညွှန်းရနဲ့ ဘယ်တော့မှ လေးနက်မှုလျော့မှာမဟုတ်ပါဘူး။ သူ့ဘ၀ကို ကျနော် သိပ်ပြီး မသိပါဘူး။ သူဘယ်မှာမွေး၊ သူ့မိဘတွေက ဘယ်သူ၊ သူဘယ်မှာကြီးပြင်းပြီး ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကိုလည်း သူတကာသိသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ ဒါပေမယ့် “နိုင်ဝင်းဆွေ” နဲ့ ပတ်သက်တဲ့ “အလွမ်းပုံပြင်” တွေကတော့ တထမ်းကြီးရှိပါတယ်။ တခါတုန်းကများ... ဇေယျဝတီမြို့လေးရဲ့၊ ဘူတာရုံစင်္ကြန်လမ်းပေါ်မှာ အမျိုးသမီးတယောက်ကို လက်ညှိုးထိုးပြီး “အဲဒါ နိုင်ဝင်းဆွေရဲ့ ကွဲသွားတဲ့မိန်းမပေါ့” ဆိုတဲ့ မိတ်ဆွေတယောက်ရဲ့စကားက ကျနော့်နားထဲမှာ မထွက်တော့ပါဘူး။ စင်္ကြန်လမ်းပေါ်မှာ တွေတွေလေးရပ်နေတဲ့ အဲဒီအမျိုးသမီးလေးရဲ့လက်ရှိဘ၀ကို တစိပ်တပိုင်းသိထားတဲ့ ကျနော့်မှာ သက်ပြင်းတွေ ချပြီးရင်းချခဲ့မိပါတယ်။ အဲဒီ မိန်းကလေးဟာ သူ့ရဲ့ “နွေတည” ၀တ္ထုထဲက “ခင်ဝေ” ဆိုတဲ့ ကောင်မလေးများ ဖြစ်နေမလား။ ပြီးတော့ တောင်ဥက္ကလာပ နှင်းဆီခြံလေးထဲ မျက်နှာတပြုံးပြုံးနဲ့ လမ်းလျှောက်လာနေတဲ့ “နိုင်ဝင်းဆွေ” ။ “ပန်ဆန်း” ကို ချီတက် သွားတဲ့ “နိုင်ဝင်ဆွေ” ။ “ပန်ဆန်း” မှာလည်း နိုင်ငံရေးအယူအဆပေါ်မူတည်ပြီး သေဒဏ်ကျခံခဲ့ရတယ်ဆိုတဲ့ မရေရာတဲ့သတင်း။ ဒိနောက်ပိုင်း “မာနယ်ပလော” မှော်ရုံတောကို ဆက်လက်ချီင်္တက်ခန်း။ ငယ်စဉ်တုန်းက ဇာတ်ဆရာဖြစ်ချင်လွန်းတဲ့ သူ့ဘ၀ရဲ့ အခန်းတွေကလည်း တကယ့်ကို ဇာတ်ဆန်လှပါတယ်။ မာနယ်ပလော ရောက်လို့ ကျနော်နဲ့တွေ့တော့ စာပေကလပ် ဒု-ဥက္ကဌ။ တဲကလေးတလုံးဘေး၊ မယ်တုက္ခီစမ်းချောင်းဘေး၊ ငြုပ်၊ ဗူး၊ ခရမ်းစိုက်ခင်းထဲက ပေါက်တူးကိုင်ပြီးရပ်နေတဲ့ “နိုင်ဝင်းဆွေ” ... ။
သူနဲ့ မခွဲခွါခင်က၊ သူနဲ့ကျနော် စကားကောင်းကောင်းပြောလို့ရသေးတဲ့၊ ကျန်းမာရေးကောင်းစဉ်က၊ သူ့ကို ..၀တ္ထုတွေ ကိုပဲ စေါက်ချပြီးရေးဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့မိတယ်။ သူ့ကို ကျနော်က စာရေးဆရာတယောက်ပဲ ဖြစ်စေချင်တယ်။ သူ့ဆီက “ရွှေဥ” တွေကိုပဲ ကျနော်တောင့်တခဲ့တယ်။ သူကလည်း “မဟူရာမေတ္တာ” လို၊ လုံးချင်းဝတ္ထုရှည်ကြီးတပုဒ်ရေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပဲ။ ပန်ဆန်းအတွေ့အကြုံအပေါ် အခြေခံမယ်လို့ ပြောထားတာပဲ။ “မဟူရာမေတ္တာ” မရေးခင်က၊ စိတ်တည်ငြိမ်မှု တည်ဆောက်ယူခဲ့သလို အခုလည်း စိတ်တည်ငြိမ်မှုတည်ဆောက်ရဦးမယ်ဆိုပြီး ရဟန်းဘောင်ဝင်လိုက်တာပဲ။ ဒါပေမယ့် ကျန်းမာ ရေးချို့တဲ့လာလိုက်တာ စစ်ပူတဲ့ အချိန်အထိ။ သူနဲ့ကျနော် ခွဲခွါလိုက်ရတဲ့ အချိန် အထိ။ လူ့ဘ၀ကို စွန့်ခွါသွားရတဲ့ အချိန်အထိ။
ကျနော် သူ့လို အင်မတန်လက်ရာမြောက်တဲ့ ၀တ္ထုတွေမရေးတတ်ပါဘူး။ ရေးနိုင်စွမ်းလည်း မရှိသလို၊ ရေးဖို့အခြေအနေ လည်း မရှိတဲ့ဘ၀ပါ။ ဒါပေမယ့် သူ့ကို ကျနော် တချိန်လုံး ရူးသွပ်နေမိတော့ သူနဲ့ပတ်သက်တဲ့ အလွမ်းစာလေးတွေ မကြာခဏ ရေးခဲ့တယ်။ အလွမ်းပြေလိုပြေငြားပေါ့။ အခုတော့ အလွမ်းမပြေတဲ့အပြင် အလွမ်းပင်တွေပဲ ထပ်ထပ်ပြီး ပေါက်နေတော့တာပဲ “နိုင်ဝင်းဆွေ”ရေ ... ။


( ၁၉၉၅ခုနှစ်၊ ဖေဖော်ဝါရီလရဲ့ နေ့ရက်များအတွင်း သေဆုံးသွားခဲ့ပြီလို့ ယူဆရတဲ့ စာရေးဆရာ “နိုင်ဝင်းဆွေ” (၁၃)နှစ်မြောက် အမှတ်တရ )

February 16, 2008



မန်းရှာရေ ...

မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေယူခဲ့ ...

မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေယူခဲ့ ...

မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့ ...

မန်းရှာရေ
နင့်သေနတ်ကို
နင်ကိုင်လာခဲ့ ...

မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့ ...

မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေကျောပိုးခဲ့ ...

မန်းရှာရေ
နင့်ရဲဘော် - နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့ ...

အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာမြေပေါ်ကျန်ခဲ့ပြီ ... ။
(ဆရာမန်းရှာ နှင့် အမနမ့်ကျင်ရွှေသို့)

မောင်လွမ်းဏီ
၁၅.၂.၂၀၀၈



ဝင်းပခဲ့သည် အို နှင်းဆီ

လူတယောက်
နှင်းဆီရနံ့လှိုင်တဲ့ ခေတ်တခုကို ပခုံးနဲ့ထမ်း
လမ်းလျှောက်သွားခဲ့လို့
ဒီနှစ်နွေဦး
နှင်းဆီနံ့တွေ လှိုင်လွန်းပေါ့။

ငါ ယုံကြည်တယ်
နှင်းဆီနံ့လှိုင်လွန်းတဲ့ ဒီနွေဦးကြောင့်
ခေတ်ကြီးတခုလုံး
နှင်းဆီရနံ့တွေလှိုင်လိမ့်မယ်။

ယူကြ
နှင်းဆီရနံ့တွေ ယူကြ
နှင်းဆီရနံ့ပေလူးတဲ့ နွေဦးကိုယူကြ၊
ဆွတ်ခူးကြ
နှင်းဆီရနံ့ စိုလူးတဲ့ နွေဦးကို ဆွတ်ခူးကြ
ရေးခြစ်ကြ
နှင်းဆီရနံ့ လိမ်းကျံတဲ့
ခေတ်တခုရဲ့ နံရံကို ရေးခြစ်ကြ၊
သိမ်းပိုက်ကြ
နှင်းဆီရနံ့ထုံမွှန်းတဲ့ ခေတ်တွေ
တခေတ်ပြီးတခေတ် သိမ်းပိုက်ကြ။

“ရေဆန်” လမ်းပေါ်မှာ
ပန်းတွေ
ဝေလွန်း ကြွေလွန်းခဲ့ပြီ
ဝင်းပရဲနီ အို နှင်းဆီရေ ... ။ ။

ငြိမ်းဝေ
၁၅.၂.၂၀၀၈




ကြယ်ကြွေရေဆန်

မြရာပင်ထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
ဆိတ်ဖလူးရနံ့အောက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
ပင်လယ်လှိုင်းသံနဲ့
နားကြည်းတောက်ခေါက်သံတွေကြားမှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
အဓိပတိလမ်းပေါ်က
စိန်ပန်းပွင့်တွေထဲမှာ
ရွှေတိဂုံဘုရားခြေရင်းက
ကတ္တရာခင်းထားတဲ့
နှလုံးသားတွေထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြတယ်။
ဖထီးရေ ...
ဒီတခါကြွေတဲ့ကြယ်ကတော့
သောင်ရင်းမြစ်ပေါ်မှာပဲလေ။
နာကျင်ခံပြင်းတဲ့ ဒေါသနဲ့
ဒေါနတောင်တန်းကြီး
လှိုက်ခုန်ငိုညည်း
မျက်ရည်တွေ မီင်္းလျှံရဲရဲခုံးထ
ယူကြုံးမရတဲ့ ညနေခင်းဟာ
သောင်ရင်းမြစ်ကမ်းပါးမှာ ဖြစ်ခဲ့ပြီ၊
ကျနော်တို့ ငြင်းပယ်လို့ မရ
လက်မခံချင်လို့လည်း မရတဲ့ညနေ
တတောလုံးကွဲကြေ
တပင်ချင်း ကြေကွဲ
အနုပဋိလောမတရားကြီးလည်း
ငိုကြီးချက်မနဲ့
ဖထီးရဲ့ နာမည်ကို
အခါခါရေရွတ်နေတော့တယ်။
ဟောဟိုက
အမိမြေကောင်းကင်ယံမှာ
တော်လှန်ရေးရဲ့ နာမည်တွေ
ကဗ္ဗည်း ထိုးထားတယ်။
ဖထီးရဲ့
မြင့်မြတ်တဲ့ နာမတော်လည်း အပါအ၀င်ပေါ့။
အမိမြေဟာ
ဂုဏ်ပြုအပ်တဲ့ အိမ်သားတဦးကို
ဆီးကြိုဖို့
ဆို့နင့်ကြေကွဲနေပါပြီ။
ဖထီးရေ ...
ရှစ်ဆယ့်ရှစ်တွေကို ယုံကြည်လို့
စိတ်ချလက်ချထားသွားခဲ့တာလား။
ဖထီးရေ ...
ရွှေဝါရောင်တွေကို တော်လှန်ရေးသတိရှိဖို့
အသက်နဲ့လဲပြီး တပ်လှန်ခဲ့တာလား။
ဖထီးရေ ...
စစ်မှန်တဲ့ ပြည်ထောင်စုကို မျှော်လင့်လို့
အနာဂတ်ကို ပခုံးပြောင်းပေးခဲ့တာလား။
ကမ္ဘာမကြေဘူး ဖထီးရေ ...
ကမ္ဘာမကြေဘူး။
အမိမြေဟာ
ပထမလွတ်လပ်ရေးတိုက်ပွဲမှာလည်း
သမိုင်းရဲ့အချိုးအကွေ့ကြုံတဲ့အခါ
ပြည်သူ့ သူရဲကောင်းတယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။
အခုတခါ
ဒုတိယလွတ်လပ်ရေးတိုက်ပွဲ
သမိုင်းချိုးကွေ့
အောင်ပွဲနီးလာတဲ့အချိန်
ဖထီးကို
ကျနော်တို့ ဆုံးရှုံးလိုက်ရပြန်ပြီ။
မဖြေနိုင်ဘူး ဖထီးရေ ...
ကျနော်တို့ မဖြေနိုင်ဘူး။
ကျနော် ကဗျာဆရာပါ
ဖထီးနဲ့ကျနော်
ပထမဆုံး ဆုံတွေ့ရတဲ့ည
ဗန်းမော်တင်အောင်ရဲ့
ရိုးမတိုက်ပွဲ ၀တ္ထုကို
ကျနော် သတိရနေခဲ့တယ်။
ဝတ္ထုထဲ
ပဲခူးရိုးမ ဖက်ဆစ်ဆန့်ကျင်ရေး
ကရင်ပြောက်ကျားခေါင်းဆောင်ကြီး
တာကောဒီ နဲ့
မြို့ကလာတဲ့ ဗမာလူငယ် နိုင်ငံရေးသမား
ထွန်းနိုင်
အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ပုံတွေ
ရင်တခုန်ခုန်နဲ့
ယုံကြည်ခဲ့ပုံတွေ။
ဖထီးရေ ...
ဖထီးက တာကောဒီ ဆိုရင်
ကျနော်က ထွန်းနိုင်ပေါ့
ကျနော်စိတ်ကူးယဉ်ခဲ့ပုံတွေ။
ဖထီးရေ ..
ကျနော်တို့အဖြစ်က
ဝတ္ထုမဟုတ်ပါဘူး။
ဝတ္ထုထက်တောင် ပိုပြီး
ဝတ္ထုဆန်နေသေးတဲ့အဖြစ်
နာကြည်းမှုတွေက မျှစ်စို့ပေါက်လို
မြေကြီးထဲက ဖောက်ထွက်လာတဲ့ခေတ်။
ရေဆန်မြစ်ထဲ
ကြယ်ကြွေရတဲ့ခေတ်။
ဖထီးရေ ...
ခေတ်ဆိုးကြီးရဲ့ ဒီမနက်
တော်လှန်ရေးနဲ့ အမြင့်ဆုံးတောင်ကုန်းထက်မှာ
ဖထီးလက်နဲ့ လွှင့်ခဲ့တဲ့
စွန့်လွှတ်ခြင်းအလံတော်ကို
ကောင်းကင်နဲ့ထိအောင်
ကျနော်တို့ ထပ်ပြီး လွှင့်တင်လိုက်ကြတယ်။
ပြီးတော့ ကျနော်တို့
အလေးနီပြုလိုက်ကြတယ်။
ကျနော်တို့
ဘယ်တော့မှ လက်နက်မချပါဘူး ဖထီး ။ ။

အောင်ဝေး
၂၅.၂.၂၀၀၈

(၂၀၀၈-ခုနှစ် ဖေဖော်ဝါရီ ၁၄-ရက် ညနေ ၄နာရီ ၂၀မိနစ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းဟာ သေနတ်သမားများရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရပါတယ်။ သူဟာ အမည်ရင်းနဲ့အပြင် “ရေဆန်” ၊ “နမ့်ဇိုရာဖန်း” ကလောင်အမည်ကွဲများနဲ့ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုများ ရေးခဲ့သူဖြစ်ပါတယ်။)













February 12, 2008

ဒီလန်တောမတ်စ် အိုစစ်မင်ဒယ်လ်စတန်းနဲ့ နှစ်ဆယ့်တစ်ရာစု စောဝေရဲ့ အာဏာရှင်ဆန့်ကျင်ရေး LGကဗျာ


(၁)
၂၀၀၈-ခုနှစ်။ ဇန္န၀ါရီလ (၂၃)ရက်နေ့၊ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်းကိုကြားစဉ်တုန်းက၊ ကျနော်ဟာ ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းမှာရောက်နေတဲ့အခိုက်ပါ။ ဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်းဟာ နို့ဖိုးဒုက္ခသည်စခန်းမှာ တော်တော်လေး လှုပ်ရှားသွားစေခဲ့ပါတယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီနေ့မတိုင်ခင်တရက်၊ ဇန္န၀ါရီလ (၂၂)ရက်နေ့ညမှာပဲ၊ ဒုက္ခသည်စခန်း လူထုစည်းဝေးခန်းမဆောင်ထဲမှာ လူတထောင်နီးပါးတက်ရောက်တဲ့ စာပေဟောပြောပွဲလုပ်ခဲ့ကြတာဆိုတော့ စခန်းထဲက စာပေချစ်သူတွေ၊ စာပေစိတ်နိုးကြားနေတဲ့အခိုက် ကဗျာဆရာ “စောဝေ” ရဲ့ သတင်းကိုကြားလိုက်ရတာပါ။ ပြီးတော့ ဆရာ “စောဝေ” ရဲ့ ကဗျာကလည်း တကယ့်ကို နည်းပရိယါယ်ပြောင်မြောက်လွန်းတော့၊ ကြားရတဲ့သူ ဘယ်သူမဆို စိတ်မ၀င် စားပဲကို မနေနိုင်လောက်အောင်စိတ်လှုပ်ရှားခဲ့ကြရတယ်ဆိုပါတော့။
ကျနော့်အဖို့တော့ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း၊ ကဗျာဆရာ “စောဝေ” ရဲ့ ကဗျာ ...၊ စဉ်းစားစရာတွေ၊ နည်းနာယူစရာတွေ၊ သုံးသပ်ချက်တွေနဲ့ တချိန်လုံး စိတ်အလုပ်လုပ်ခဲ့ရပါတယ်။
ဒီလို ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း ကျနော်မကြားရသေးခင်၊ အဲဒီနေ့မနက်ပိုင်းက ဒုက္ခသည်စခန်း ရပ်ကွက်(၄) အထက်တန်းကျောင်းမှာ၊ စာပေ၀ါသနာရှင်တဦးက LGကဗျာ ( Language Poetry) နဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့တာ ကျနော်ပြန်ပြီး တွေးမိပါတယ်။ ဒီတုန်းက ကျနော်တို့က LGကဗျာနဲ့ပတ်သက်ပြီး အချိန်တိုအတွင်းတတ်နိုင် သလောက် ပြန်လည်ရှင်းပြခဲ့ကြပါတယ်။ ညနေပိုင်းကြတော့ ကဗျာဆရာ “စောဝေ” ရဲ့သတင်းကို ကျနော်ကြားရပါတယ်။ ကဗျာဆရာ “စောဝေ” က၊ စစ်အစိုးရ ခေါင်းဆောင်ကို သရော်လှောင်ပြောင်ရှုံ့ချတဲ့ ကဗျာရေးလို့ အဖမ်းခံရတာပါတဲ့။ ဒါနဲ့ ဆရာ “စောဝေ” ရဲ့ကဗျာကို ဆက်ပြီးစုံစမ်းတော့၊ သူ့ရဲ့ နာမည်ကျော် “ဖေဖော်ဝါရီဆယ့်လေး” ကဗျာကို ကျနော်ဖတ်ရတာပါပဲ။ ဒီကဗျာကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ မနက်ခင်းတုန်းက စာပေစကားဝိုင်းမှာ၊ LGကဗျာအကြောင်းပြောခဲ့ကြတာ ချက်ချင်း သတိရလိုက်ပါတယ်။ လက်စသတ်တော့ ဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာက၊ LGကဗျာအမျိုးအစား ဖြစ်နေတာပဲကိုး။ LGကဗျာရဲ့အခြေခံအချက်တွေထဲမှာ၊ ဘာသာစကားကို သူ့နဂိုဖွဲ့စည်းပုံအတိုင်းမဟုတ်ပဲ လိုသလိုအသုံးပြုတဲ့ နည်းလဲ တခုအပါအ၀င်ဖြစ်တော့၊ ဆရာ “စောဝေ” ရဲ့ ကဗျာဟာ LGကဗျာအမျိုးစားနဲ့ အကျုံးဝင်တဲ့ကဗျာဖြစ်နေတော့တာပေါ့။ ကျနော် အရမ်းကျေနပ်မိပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးကဗျာ။ ဆရာ “စောဝေ” ရဲ့ LGကဗျာ။ မော်ဒန်ကဗျာဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင်ရေး LGကဗျာ။

(၂)
၁၉၉၂-ခုနှစ်က စပြီး၊ ပြည်ပကိုရောက်လာတဲ့အချိန်၊ အခြေအနေပေးရင်ပေးသလောက် နိုင်ငံတကာကဗျာတွေကို ကျနော် အပတ်တကုတ်လိုက်ရှာ၊ လိုက်ဖတ်ခဲ့ပါတယ်။ အထူးအဖြင့် အာဏာရှင်နိုင်ငံတွေက ကဗျာတွေ၊ အာဏာရှင်စနစ် လက်အောက်မှာ ရှိခဲ့ကြတဲ့၊ ရှိနေစဲလည်းဖြစ်တဲ့နိုင်ငံတွေက ကဗျာတွေ ပြီးတော့ အာဏာရှင်ဆန့််ကျင်ရေးကဗျာတွေကိုပိုပြီး အာရုံစိုက်လေ့လာ ခဲ့ပါတယ်။ ဒီလိုနဲ့ ဗြိတိသျှကဗျာဆရာ “ဒီလန်တောမတ်စ်”ကို ကျနော်တွေ့တာပဲ။ ရုရှားက “အိုစစ်မင်ဒယ်လ် စတန်း” ကို ကျနော်တွေ့ရတာပဲ။ သူတို့နှစ်ယောက်က အာဏာရှင်ဆန့်ကျင်ရေးကဗျာရေးခဲ့ကြတာချင်းတူတဲ့အပြင်၊ သူတို့ အသုံးပြုတဲ့ “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” ကြတော့လည်း တူကြတာဖြစ်လို့ သူတို့နှစ်ယောက်ကို ကျနော်ပိုပြီး စိတ်ဝင်စားခဲ့မိတာပါ။ ဗြိတိသျှကဗျာဆရာ “ဒီလန်တောမတ်စ်”က သူ့ရဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာထဲမှာ အခုလိုရေးပါတယ်။

“မင်းတရား လက်ငါးချောင်းက
အသက်ရှူမှုကို အခွန်ခွဲကြရဲ့”

“လက်များမှာ
ယိုစီးစရာ မျက်ရည်မရှိချေဘူး”

ဒီကဗျာ(၂)ပိုဒ်ဟာ၊ “ဒီလန်တောမတ်စ်” ရဲ့ “စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်” ကဗျာထဲက လိုအပ်တဲ့အပိုဒ် (၂)ပိုဒ်ကိုပဲယူပြီး ဖော်ပြလိုက်တာပါ။ “လက်ချောင်း” တွေကို အာဏာရှင်ကို ကိုယ်စားပြုတဲ့ “သင်္ကေတ” အဖြစ် အသုံးပြုသွားတာတွေ့ကြရမှာပါ။
နောက်ထပ်ပြီး။ ရုရှားက ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ရဲ့ “မဟာခေါင်းဆောင်ကြီး စတာလင်” ကဗျာထဲက ကဗျာတပိုဒ်ကို ဖတ်ကြည့်ပါ။

“သူ့ရဲ့တုတ်ခိုင်လှတဲ့ လက်ချောင်းဆယ်ချောင်း
သူ့စကားတွေဟာ အလေးချိန်တိုင်း
ကြိယာတွေပါပဲ”

ဒီမှာလည်း “အိုစစ်မင်ဒယ်လ်စတန်း” က၊ လက်ချောင်းတွေကို “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” အဖြစ် အသုံးပြုသွား တာ တွေ့ကြရမှာပါ။
ဒီနေရာမှာ ပြောစရာတခုရှိတာက၊ “ဒီလန်တောမတ်စ်” နဲ့ “အိုစစ်မင်ဒယ်လ်စတန်း” တို့ နှစ်ယောက်စလုံးဟာ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုတွေနဲ့လွတ်အောင် တမင်ဖန်တီး တီထွင်တဲ့အနေနဲ့ “လက်ချောင်း” တွေကို “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” တွေအဖြစ် အသုံးပြုခဲ့ကြတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ သူတို့ ခေတ်တုန်းက ဘယ်စာပေ စီစစ်ရေးမှလည်း မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ သင်္ကေတအသစ် ဖန်တီးပြီးရေးခဲ့ကြပါတယ်။
ဒီနောက်ပိုင်းကြတော့ အာဏာရှင်တွေဟာ စာပေလောကကို မျက်လုံးဒေါက်ထောက်ပြီးကြည့်ကြ၊ သူတို့ကို ဆန့်ကျင် တယ်လို့ ထင်ရတဲ့စာပေတွေကို ဖြတ်ကြတောက်ကြ ပိတ်ပင်ကြ။ ရေးတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ဒုက္ခပေးကြဆိုတော့ စာရေးဆရာတွေ ကဗျာဆရာတွေဟာ အာဏာရှင်တွေရဲ့ရှေ့မှောက်မှာ ကိုယ်ရောင်ဖျောက်ပြီး လမ်းလျှောက်နိုင် တဲ့ကဗျာအမျိုးအစားတွေကို တီထွင်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ အုပ်စိုးသူနဲ့ ကဗျာဆရာတွေ ဥာဏ်ချင်းပြိုင်တဲ့ခေတ်ကြီးတခေတ် ပေါ်လာခဲ့ပါတယ်။ အဲသလို ခေတ်ဆိုး၊ ခေတ်ပျက်၊ ခေတ်ကြပ်ကြီးကပဲ ကဗျာဆရာ “စောဝေ” ဆိုတဲ့ ဥာဏ်ကြီှးရှင်ကဗျာ ဆရာတယောက်ကို မွေးထုတ်လိုက်တာပဲလို့ ဆိုရပါလိမ့်မယ်။

(၃)
ဖေဖော်ဝါရီဆယ့်လေး

အာ ရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူး ရူးမူးမူးကို ဖြစ်နေမှ
ကြီး မြတ်တဲ့အနုပညာလို့
မှူး မှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီး တောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်း ပေါင်းများစွာသော ချစ်တတ်သူများ
ရွှေ အတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ ။ ။

ဆရာ “စောဝေ” ရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ၊ စာကြောင်းရေ (၈)ကြောင်းနဲ့ ဖွဲ့စည်းထားတဲ့ကဗျာပါ။ ဖော်ပြဖို့ ပို့ထားတဲ့ ဂျာနယ်ကလည်း အချစ်ဂျာနယ်ပါ။ စာပေစီစစ်ရေးက ဦးစားပေးခံရ၊ တစုံတရာ အခွင့်အရေးပေးခံရတဲ့ ဂျာနယ်ပါ။ တနည်းအားဖြင့် အုပ်စိုးသူရဲ့ လစ်ဟာနေတဲ့ နေရာတနေရာ၊ အပါးဆုံးနေရာသဘောပါ။ ဒီိလို ဂျာနယ်၊ ဒီလို နေရာမျိုးကိုမှ ဆရာ “စောဝေ” က ရွေးချယ်ခဲ့တာပါ။ ဒီလို အပါးဆုံးနေရာကိုထိုးတော့ အလွယ်တကူနဲ့ ပေါက်တော့တာပေါ့။ အလွယ်တကူနဲ့ပဲ စာပေ စီစစ်ရေးရှေ့က ရင်ကော့ပြီးလမ်းလျှောက်လာနိုင်ခဲ့တာပေါ့။ ပြီးတော့ စာကြောင်းတကြောင်းချင်းစီကလည်း ဘာနိုင်ငံရေးမှ မပါ။ ဘာဘ၀သရုပ်ဖော်မှ မပါ။ အချစ်သက်သက်ရေးဖွဲ့မှု။ ဆိုတော့ ... “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ စာသူဖတ်သူတွေရဲ့ရှေ့ကို အလွယ်တကူပဲ ရောက်လာနိုင်တော့တာပေါ့။ ဒါပေမယ့် ဆရာ “စောဝေ” က၊ ဒီကဗျာမှာ ဘာသာစကားကိုအသုံးပြုပြီး၊ ဘာသာ စကားကို သမရိုးကျ ဘေးတိုက်ဖတ်တဲ့နည်းကိုရှောင်ပြီး၊ ဒေါင်လိုက် အထက်ကအောက် တလုံးချင်းစ်ီဖွဲ့စည်း အသုံးပြုတဲ့ LGနည်းကို အသုံးပြုလိုက်ပါတယ်။ ဒီိလိုနဲ့ “စောဝေ” ရဲ့ကဗျာဟာ ပစ်မှတ်ကိုအသေအချာထိမှန်သွားနိုင်လို့၊ “သမိုင်းဝင်ကဗျာ တပုဒ်” ဖြစ်ခဲ့ရပါတော့တယ်။ နောင်အခါ ကျနော်တို့ လူမျိုး ကျနော်တို့နိုင်ငံရဲ့သမိုင်းမှာ အင်မတန်အောင်မြင်ထိရောက်တဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာတပုဒ်အဖြစ် ကဗျည်းထိုးရမယ့်ကဗျာဖြစ်လာခဲ့ပါတယ်။
အာဏာရှင်ကြီးစိုးတဲ့ခေတ်မှာ အာဏာရှင်တွေနဲ့ ဥာဏ်ချင်းယှဉ်ပြိုင်ရတဲ့အလုပ်ကို ကဗျာဆရာတွေ အခုလို တပျော်တပါးကြီး ၀င်ရောက်ဆင်နွဲနေကြတဲ့ခေတ်၊ ဘယ်တုန်းကမှ မရှိခဲ့သေးဘူး။ ရှိတယ်ဆိုရင်လည်း ဒီခေတ်လောက် မပြင်းထန် ခဲ့ပါဘူး။ ဒါ့အပြင် အာဏာရှင်တွေကို နားရွက်တံတွေးဆွတ်တဲ့ကဗျာ၊ အမြီးလိမ်ချိုးတဲ့ကဗျာ၊ ညှို့သူကြီးဆောင့်ကန်တဲ့ကဗျာ မျိုးတွေဆိုတာလဲ ဒီခေတ်လောက်၊ ဘယ်ခေတ်မှာမှ မရှိခဲ့သေးပါဘူး။ ဆရာ “စောဝေ” လို ကဗျာဆရာ၊ စာရေးဆရာတွေဟာ၊ အာဏာရှင်စနစ်ပြိုကျပျက်စီးသွားတဲ့အထိ ကဗျာလက်နက်အသစ်တွေ၊ တီထွင်သထက် တီထွင်ကိုင်ဆွဲ တိုက်ပွဲဝင်ကြလိမ့်မယ် ဆိုတာကို ကျနော် သံသယမရှိယုံကြည်နေမိပါတယ်။

February 08, 2008

ဆည်းဆာတံစက်မြိတ်အောက်က ကဗျာ

ဒီအကြောင်းတွေ
ပြန်ပြောရပေမယ်လို့
ကျနော်မထင်ခဲ့ဘူး။

အခုတော့လည်း
ဆီနာနာစိမ်ထားတဲ့ လ္ဘက်ကို
စားရသလိုပါပဲလားလေ။

“ကိုဘုန်းရေ”
“မဒေ၀ီရဲ့ ကောက်ကြောင်း
တစေ့တစောင်းကြည့်ရုံနဲ့
ငါ့မှာ
မောပမ်းရ ကြောချမ်းရ” လို့
ခင်ဗျားတမ်းတခဲ့သူ။

“ကိုဘုန်း
မကျဆုံးစေနဲ့အုန်း ... ”ဆိုတဲ့
မဒေ၀ီရဲ့ ရှေ့မှာ
ဒူးချင်းရိုက်ပြီး
ခင်ဗျား
မူးမူးနဲ့ ခေါင်းငိုက်ဦးခိုက်ခဲ့တာ။

လှေကားထစ်များပေါ်က
တထစ်ချင်း နောက်ပြန်ဆင်းသူတွေအဖြစ်
အလှသေရည်ကိုလည်းချစ်
ခင်ဗျားနဲ့ ကျနော်လည်း ချစ်ခဲ့ကြတယ်နော်၊

“အတ်ဖေါ်နိုးဆိတ်”
ဖျောက်ဆိပ်ဖျောက်ဆိပ်အသံ
တကယ်တော့
ဖက်ဆစ်တွေရဲ့ လက်သည်းဆိတ်တဲ့အသံဆိုပြီး
ဘုံအလင်္ကာဒေါသ
ပေါက်ကွဲခဲ့ကြ အဲဒီည
ခင်ဗျား
မထတမ်း မူးခဲ့ဖူးပြီ။

ကျနော်က လ္ဘက်ရည်ကြိုက်သူ
ကဗျာတပိုဒ် လ္ဘက်ရည်တကျိုက်
ခင်ဗျားက တပင်ရွှေထီးလက်သစ်
ထန်းရည်ကိုလည်း ချစ်သူ
ထန်းရည်တကျိုက်
ကဗျာကျတော့ လက်ကုန်နှိုက်တတ်သူ။

ဒါဟာ
ဗမာပြည်ရဲ့ ဆိုဗွန်းရပ်ကွက်ဗျ
ကဗျာဆရာလည်းရှိ
ပန်းချီဆရာလည်းရှိ
သဘာဝတ္ထဆရာကြီးတွေလည်းရှိ
ဖက်ဆစ်ရဲ့ အက်စစ်မျက်နှာတွေလည်းရှိ
ဟိုဟာတွေလည်းရှိ
ကေတုမတီရဲ့ ယဉ်ကျေးမှုသစ်နန်းတော်လို့ပဲခေါ်ခေါ်
ကျနော်နဲ့ ခင်ဗျား
အဲဒီရပ်ကွက်ထဲမှာ လမ်းသလားခဲ့ကြ။

ဒါဒါဝါဒီတွေ ဟောစာတန်းထဲက
ဘောဂဗလ ဆန့်ကျင်ရေး
ပုဂ္ဂလလိင် ဆန့်ကျင်ရေး
လူတွေလုပ်တဲ့ ဥပဒေဆန့်ကျင်ရေး
ခင်ဗျားနဲ့ ကျနော်
တွေးတွေးဆဆ ဖွဖွဆွတ်ချူ
ယူသင့်တာယူ ဘယ်သူတွေဘာပြောပြောပေါ့ဗျာ။

မျိုးဆက် သစ်မသစ်
လမ်းကြောင်း ဟောင်းမဟောင်း
ကျေးကျွန်သစ် ဖြစ်မဖြစ်
တော်လှန်ရေးစစ် စစ်မစစ်
လှေကားထစ်များပေါ် တထစ်ပြီးတထစ်
ရန်သူ့အပေါ် ထုံးတို့ထားဘို့လည်း သတိမလစ်
ကျစ်လစ်ခြင်းသုံးမျိုး
လေ့လားရေးမိုးကို
ကျနော်ခင်ဗျား
အတူတကွ ရေချိုးခဲ့ကြ။

ဧကရာဇ်ကို အံတု
ဗဟုရာဇ်ကို စံပြု
လူထုတိုက်ပွဲ
ပန်းပေါက်ပေါက်ကြဲ သဲခင်းခဲ့ကြ ၀င်းခင်းကြ။

ယုံကြည်တယ်လေ
အနောက်လေဟာ အရှေ့လေကို
ဖိတိုက်နေပြီပဲ။

အစ်ဇင်တွေက
ဘယ်လိုပဲ ပြဌါန်း မပြဌါန်း
မူတွေက
ဘယ်လိုပဲ လမ်းခင်း မခင်း
သူငယ်ချင်းရေ
ပြည်သူတွေ ရွေးတဲ့သမိုင်း
ပြည်သူတွေ လျှောက်တဲ့မိုးကုတ်စက်ဝိုင်း
မှန်တိုင်းတွေဘယ်လိုပဲ ထန်မထန်
လမ်းမှန်ပဲတဲ့။

“မောင်လေးအောင်”က
“ကျနော် ပျော်တယ်ဗျာ
ကဗျာကိုချစ်ရတဲ့အတွက်”တဲ့။

သံလွင်မြစ်ကမ်း တောင်တန်းကြီးတွေကြားမှာ
ကဗျာတွေ ကဗျာတွေ ကဗျာတွေ
ရေးဖွဲ့လို့ မကုန်နိုင်ပေဘူး
ကျနော် ရူးလောက်အောင်ပျော်နေပြီ ကိုဘုန်း။

မယ်တုက္ခီစမ်းချောင်းလေး
အကြိမ်ပေါင်းများစွာ ဖြတ်သန်းရလို့
စိတ်ညစ်နေတဲ့ကြားက
သူ့ကိုလည်း ချစ်ရတဲ့အတွက်ပေါ့။

အလင်းနှစ်ထက်မြန်တဲ့ အလျင်မျိုးနဲ့
ဟောဒီ အချိုးအကွေ့ကြီးတခုမှာ
ကျနော်ပါလာနေပြီ
ကျနော်ပါလာနေပြီ
ကြည်အေးရဲ့ ကဗျာတွေလိုပါပဲလားဗျာ။

ကျနော့်မှာ
ဆည်းဆာများကိုလည်းချစ်
ကျောင်းသားတပ်မတော်က
တပ်မှူးကလေးကိုလည်းချစ်
သူရဲကောင်းတို့ ရင်ခွင်ထဲ
ထာဝရ လဲလျောင်းသွားကြတဲ့
ခွပ်ဒေါင်းကလေးများကိုလည်းချစ်
တော်လှန်ရေးကိုလည်းချစ်
ခင်ဗျားကိုလည်းချစ်
ပြီးတော့ (ခင်ဗျားသိပါတယ်)
မဒေ၀ီကိုလည်းချစ်
ဟောဒီလို ခေတ်ကြီးထဲမှာမှ
ကဗျာကို ချစ်ခွင့်ကြုံ
ကမ်းကုန်အောင်ပျော်တယ်ဗျာ။

ကျနော့် ကဗျာ
ကျနော့် ဝေဒနာ
ကျနော့် ဒေသနာ
နှစ်ရှည်ကြာ ရာထောင်တည်စေသောဝ်။ ။

(ဒီကဗျာကတော့ ချစ်သူငယ်ချင်း ကဗျာဆရာ ကေတုဘုန်းမော် မသေဆုံးခင်က သူ့ကို လွမ်းဆွတ်သတိရတဲ့အနေနဲ့ ရေးခဲ့တာပါ။ ဒီကဗျာရေးပြီး ၂နှစ်အကြာမှာ ကေတုဘုန်းမော် ဆုံးပါးခဲ့ရပါတယ်။ အခုဆိုရင် ဒီကဗျာရဲ့သက်တမ်း ၁၂နှစ်ပြည့်ပြီ။ ကိုဘုန်းမော် ဆုံးတာ ၁၀နှစ်ပြည့်ပါပြီ။)

February 07, 2008

လမင်း(၅)စင်းလင်းမယ့် ည


ဒီဆောင်းပါးရဲ့ခေါင်းစဉ်ကတော့ နို့ဖိုးဒုက္ခသည်စခန်း “စာဆိုတော်နေ့” အခမ်းအနားဖြစ်မြောက်ရေးကော်မီတီက၊ ဒုက္ခသည်စခန်းထဲ က လူမြင်သူမြင်နေရာတွေမှာ ကပ်ထားတဲ့ကြော်ညာတွေရဲ့ “ခေါင်းစဉ်” လေးပါပဲ။ သူတို့က “စာဆိုတော်နေ့” အခမ်းအနားမှာ လာရောက်ဟောပြောကြဖို့ ဖိတ်ကြားထားကြတဲ့ စာရေးသူ (၄)ဦးကို “လမင်း(၄)စင်း” အဖြစ် တင်စားချင်ပါတယ်တဲ့။ အခမ်း အနားကျင်းပမယ့်ညက လပြည့်နေ့ည။ ဒါကြောင့်မို့ တကယ့်သဘာဝ “လတစင်း” နဲ့ပေါင်းပြီး “လမင်း(၅)စင်းလင်းမယ့်ည” ဆိုပြီး ခေါင်းစဉ်ရွေးခဲ့ကြတာပါတဲ့။ ကဗျာဆန်ပြီး ဂန္တာဝင်မြောက်တဲ့ အတွေးတခုပါပဲ။
ဒုက္ခသည်စခန်း လူထုစည်းဝေးခန်းမဆောင်ကြီးထဲမှာ “စာဆိုတော်နေ့” အခမ်းအနားကျင်းပခဲ့ပါတယ်။ ၂၂.၁.၂၀၀၈ (အင်္ဂါနေ့) ။ မြန်မာသက္ကရာဇ် ၁၃၆၉-ခု၊ ပြာသိုလပြည့်နေ့ ပေါ့။ တက်ရောက်ဟောပြောခွင့်ရခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြည်ပကိုပူပူနွေးနွေးရောက်လာတဲ့ ခရမ်းပြာမြင်းရိုင်းကဗျာဆရာကြီး “အောင်ဝေး” ၊ ကရင်အမျိုးသား စာရေးဆရာများ “ရဲဘော် ရှောင်း” ၊ ကဗျာဆရာမ “ခိုင်မာကျော်ဇော” နဲ့ စာရေးသူတို့ပါပဲ။
“ရဲဘော်ရှောင်း” က “သူရဲကောင်းတို့တိုင်းပြည်” ခေါင်းစဉ်နဲ့၊ ကိုကိုးကျွန်းမှာ နိုင်ငံရေးအကျဉ်းသမားဘ၀က၊ ကျွန်းက လှေတစင်းနဲ့ထွက်ပြေးဖို့ကြိုးစားတဲ့ သူ့ဘ၀အတွေ့အကြုံကို အခြေခံပြီး ဟောပြောပါတယ်။
ကဗျာဆရာမ “ခိုင်မာကျော်ဇော” က “စာရေးဆရာဖြစ်ချင်တဲ့ ကျွန်မနဲ့ ကျွန်မရေးခဲ့သောစာများ” ခေါင်းစဉ်နဲ့ ပြောဟော ပါတယ်။
ဆရာ “အောင်ဝေး” က “လွမ်းမိတဲ့တရား” ခေါင်းစဉ်နဲ့ လူငယ်တွေ သင်္ခါန်းစာယူကြဖို့ နမူနာအဖြစ်အပျက်တွေကို ကဗျာတွေစာတွေညှပ်ပြီး ယှဉ်ပြီး ဟောပါတယ်။
ကျနော်ကတော့ “ကဗျာဖတ်ရင် ရင်ဘတ်နဲ့ဖတ်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပါတယ်။ ကဗျာဆရာတွေက ရင်နဲ့ (သို့ မဟုတ်) နှလုံးသားနဲ့ရေးတာကို ကဗျာဖတ်သူတွေကလည်း ရင်နဲ့ (သို့မဟုတ်) နှလုံးသားနဲ့ဖတ်မှ ခံစားလို့ရနိုင်ကြမှာ ဖြစ်ကြောင်း ပြောခဲ့ဟောခဲ့တာပါ။ အခမ်းအနားဟာ ညနေ(၅)နာရီကစပြီး ည(၁၂)နာရီမှာပြီးပါတယ်။
“နို့ဖိုးဒုက္ခသည်စခန်း” ဆိုတာ ထိုင်းနိုင်ငံ မဲဆောက် မြို့နဲ့ ကီလိုမီတာ (၂၀၀)ကျော်အကွာ၊ မြန်မာနိုင်ငံနယ်စပ်နဲ့ (၁၂)ကီလိုအကွာမှာရှိပါတယ်။မဲဆောက်မြို့ကနေပြီး (၆)နာရီကြာ ကားစီးပြီးသွားကြရပါတယ်။ တောအထပ်ထပ်၊ တောင်စဉ် အထပ်ထပ်ကို ဖြတ်ကျော်ပြီး ခရီးနှင်ကြရတာပါ။ တောင်ပေါ်ခရီးမှာ အကွေ့ပေါင်းတထောင်ကျော် ကွေ့ခဲ့ကြရပါတယ်။
နို့ဖိုးဒုက္ခသည်စခန်းကို ၁၉၉၇-ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။ အခုဆိုရင် ဒုက္ခသည်စခန်းသက်တမ်း(၁၀)နှစ်ကျော် ရှိပြီပေါ့။ ကျနော်တို့နိုင်ငံက လူမျိုးစုံပြည်သူတွေ ဒီဒုက္ခသည်စခန်းကို ရောက်လာမစဲ တသဲသဲပါပဲ။ ဒါတောင်မှ ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံသားဒုက္ခသည်တွေ ၀င်မလာနိုင်အောင် နည်းမျိုးစုံနဲ့ တားဆီးဟန့်တားထားတာပါ။ ဒုက္ခသည် နှစ်သောင်း ကျော်ရှိပြီး အထက်တန်းကျောင်း၊ ဈေး၊ အားကစားကွင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၄)ကျောင်း၊ ဗလီ၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း၊ ဆေးရုံ အစရှိသဖြင့် ဒုက္ခသည်တွေရဲ့ လုမှုရေးလိုအပ်ချက်တွေ ဖြည့်ဆီးပေးထားတာလည်း တွေ့ခဲ့ရပါတယ်။ တဲအိမ်လေးတွေ တခုနဲ့တခုထိစပ်ပြီး တည်ရှိနေတဲ့ ဒီလိုအခြေအနေကို တွေ့ရတော့ ကြေကွဲတာတော့ အမှန်ပဲပေါ့။ ဒါပေမယ့် ဘယ်လိုပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါစေ၊ ဇာတိပုညဂုဏ်မာနကို မချလိုက်ပဲ ဇွဲနဲ့ဆက်လက်ကိုင်ဆွဲ ချီင်္တက်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို တွေ့ရလို့လည်း တဖက်က ဂုဏ်ယူကာ အားတက်ခဲ့ရပါသေးတယ်။ အခုလို “စာဆိုတော်နေ့” အခမ်း အနားမျိုးကို လူတထောင်နီးပါး တက်ရောက်တဲ့အထိ ကျင်းပနိုင်တာကိုကြည့်ရင်ပဲ ဘ၀ကို အညံ့မခံအရှုံးမပေးပဲ လူ့ဂုဏ်သိက္ခာ၊ လူ့အသိတရား မြင့်မားထွန်းကားရေး ကျိုးပမ်းနေကြတဲ့ သူုတို့ကို ကျနော်လေးစားမိပါတယ်။
ဒုက္ခသည်စခန်းထဲကို လွန်ခဲ့တဲ့တနှစ်ကျော်ကတည်းက ရောက်နေကြတဲ့ ကဗျာဆရာ “ခင်လွန်း” ၊ ဆရာ “မြင့်အောင် သန့်” နဲ့ သူတို့အရင်ရောက်နှင့်နေကြတဲ့ စာပေမြတ်နိုးသူ ဆရာ “အာဘော်” တို့လို ပုဂ္ဂိုလ်တွေက စခန်းရဲ့တာဝန်ရှိသူ အဆင့် ဆင့်ကို ချဉ်းကပ်စည်းရုံးပြီး “စာဆိုတော်နေ့” အခမ်းအနားဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ကြတာပါ။ ကျင်းပရေးကော်မီတီ နာယက ကြီးများက စခန်းရဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကျင်းပရေးကော်မီတီမှာကြတော့ စာပေသမား၊ စာပေချစ်သူတွေ။ ကဗျာဆရာ “ခင်လွန်း” က အတွင်းရေးမှူးတဲ့။
ဒီအခမ်းအနားဟာ၊ နို့ဖိုးဒုက္ခသည်စခန်းရဲ့ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ “စာဆိုတော်နေ့” အခမ်းအနားပါပဲ။ ဒါဟာ နို့ဖိုးဒုက္ခသည်စခန်းမှာရယ်လို့ ဟုတ်မယ်မထင်ပါဘူး။ ထိုင်းမြန်မာနယ်စပ်၊ ဒုက္ခသည်စခန်း(၉)ခုမှာရှိတဲ့အနက်၊ ဒီတကြိမ်ဟာ ဒုက္ခသည်စခန်းအားလုံးရဲ့ ပထမအကြိမ်ကျင်းပတဲ့ “စာဆိုတော်နေ့” အခမ်းအနားပဲဖြစ်တယ်လို့ ယူဆရပါလိမ့်မယ်။
စာရေးဆရာ၊ ကဗျာဆရာ ဧည့်သည်(၄)ဦးအတွက် “စာဆိုတော်နေ့” အခမ်းအနား ကျင်းပရေးကော်မီတီက စီစဉ်ပေးထား တဲ့ နေရာထိုင်ခင်းနဲ့၊ ကျွေးမွေးဧည့်ခံရေးအစီအစဉ်ကလည်း အဆင်ပြေပါတယ်။ ဆရာ “ရဲဘော်ရှောင်း” ဟာ ဒုက္ခသည်စခန်း ထဲက သူ့သမီး ဖြစ်သူဆီမှာ၊ တခါ- ကဗျာဆရာ “ခိုင်မာကျော်ဇော” က ရွာထဲက သူ့မိတ်ဆွေတွေဆီမှာ ... ။ (ဆရာမက လွန်ခဲ့တဲ့ (၁၀)နှစ်က ဒီဒုက္ခသည်စခန်းထဲမှာပဲ ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ရဖူးသူ ဖြစ်တယ်လို့ ဟောပြောပွဲညက ထည့်ပြောသွားခဲ့ပါတယ်။) ကျနော်နဲ့ ဆရာ“အောင်ဝေး” ကတော့၊ ကျင်းပရေးကော်မီတီက နေရာချထားပေးတဲ့ ကျင်းပရေးကော်မီတီ တာဝန်ခံ ဆရာ“အာဘော်” ရဲ့ ယောက္ခမအိမ်မှာ။ ( ကျနော်တို့ တည်းခိုနေထိုင်ခဲ့စဉ်က ဆရာအာဘော်ရဲ့ ယောက္ခမက၊ ခရီးထွက်နေလို့ အဲဒီအိမ်မှာ ဘယ်သူမှ မရှိပဲ ကျနော်တို့တတွေ လွတ်လပ်ချမ်းမြေ့စွာ နေထိုင်ခွင့်ရခဲ့ပါတယ်။)
အခမ်းအနားဖြစ်မြောက်ရေးမှာ၊ ထိုင်းအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိဖို့ ချဉ်းကပ်ရတဲ့ကိစ္စဟာ မသေးငယ်လှပါဘူး။ ဒီတာဝန်ကိုတော့ ဒီစခန်းထဲမှာ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ရောက်နှင့်နေတဲ့ ကဗျာဆရာ “ စွမ်းမြိုင်” က တာဝန်ယူခဲ့ ရတာပါ။ ဟောပြောပွဲညက လမ်းလျှောက်စကားပြောစက် တဂွီဂွီနဲ့ ခန့်ခန့်ထည်ထည်နဲ့ ၀မ်းမြောက်ဂုဏ်ယူနေဟန်ရှိတဲ့ သူ့ကို ကျနော် တွေ့ခဲ့ရပါတယ်။ သူဟာ ဧည့်သည်စာရေးဆရာ၊ ကဗျာဆရာတွေကို မဲဆောက်မြို့အထိ လာရောက်ကြိုဆိုခဲ့ပြီး ပြန်တော့ လည်း မဲဆောက်မြို့အထိ လိုက်လံပို့ဆောင်ရင်း အပင်ပမ်းခံခဲ့ရှာလို့ ကျနော်တို့ဧည့်သည်တွေ သူ့ကို ကျေးဇူးတင်လို့ မဆုံးခဲ့ပါဘူး။
ဟောပြောပွဲညတုန်းက “လ”ရောင်ကို ထွက်ထွက်ကြည့်ရတာလည်း အမောပါပဲ။ ကျင်းပရေးကော်မီတီက စီစဉ်ပေးထား တဲ့၊ ခဏတဖြုတ်ထိုင်ပြီး အနားယူလို့ရတဲ့ ဘန်ဒါပင်လေးအောက်မှာ လရောင်ကိုမော့ကြည့်ပြီး၊ ခန်းမဆောင်ထဲက ဆရာ “အောင်ဝေး” ရဲ့ ဟောပြောမှုကို ကျနော်နားထောင်မိတယ်။ တက်ရောက်လာတဲ့ စာပေချစ်သူတွေ၊ ရဟန်းသံင်္ဃာတော်တွေရဲ့ စာပေချစ်စိတ်ဟာ အတိုင်းအဆမရှိ မြင့်မားလှပါတယ်။ နို့ဖိုးဒုက္ခသည်စခန်းကို ရောက်တဲ့အချိန်ကစပြီး၊ စခန်းက ပြန်လည်ထွက် ခွါတဲ့အချိန်အထိ၊ ဧည့်သည်တွေရဲ့ လိုအပ်သမျှကိစ္စအ၀၀ကို ဖြည့်ဆီးဆောင်ရွက်ပေးကြတဲ့ ဆရာ“၀မ်းသာ” ၊ ဆရာ “သစ္စာ” ။ အခမ်းအနားပြင်ဆင်မှုလုပ်ငန်းကို နေ့မအားညမအား ဆောင်ရွက်ပေးခဲ့ကြတဲ့ ပန်းချီဆရာလေး “ကိုတင်ကိုဦး” နဲ့ ဆရာလေး “ကိုဖြူဖွေး” အပါအ၀င် ၊ ၀ိုင်းဝန်းကြိုးပမ်းကြသူအားလုံးအဖို့၊ “စာဆိုတော်နေ့” အခမ်းအနား လှပအောင်မြင်စွာ ကျင်းပလိုက်နိုင် လို့ ပင်ပမ်းတဲ့ကြားက အမေါပြေ နိုင်ခဲ့ပြီလို့ပဲ ကျနော်ယူဆမိပါတယ်။
နို့ဖိုးဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ ပထမအကြိမ်မြောက် “စာဆိုတော်နေ့” အခမ်းအနားညဟာ တကယ့်ကို လမင်း(၅)စင်းလင်းတဲ့ ညလို့ပဲ တင်စားပြောဆိုကြရမှာပါပဲ။