February 12, 2008

ဒီလန်တောမတ်စ် အိုစစ်မင်ဒယ်လ်စတန်းနဲ့ နှစ်ဆယ့်တစ်ရာစု စောဝေရဲ့ အာဏာရှင်ဆန့်ကျင်ရေး LGကဗျာ


(၁)
၂၀၀၈-ခုနှစ်။ ဇန္န၀ါရီလ (၂၃)ရက်နေ့၊ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်းကိုကြားစဉ်တုန်းက၊ ကျနော်ဟာ ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းမှာရောက်နေတဲ့အခိုက်ပါ။ ဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်းဟာ နို့ဖိုးဒုက္ခသည်စခန်းမှာ တော်တော်လေး လှုပ်ရှားသွားစေခဲ့ပါတယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီနေ့မတိုင်ခင်တရက်၊ ဇန္န၀ါရီလ (၂၂)ရက်နေ့ညမှာပဲ၊ ဒုက္ခသည်စခန်း လူထုစည်းဝေးခန်းမဆောင်ထဲမှာ လူတထောင်နီးပါးတက်ရောက်တဲ့ စာပေဟောပြောပွဲလုပ်ခဲ့ကြတာဆိုတော့ စခန်းထဲက စာပေချစ်သူတွေ၊ စာပေစိတ်နိုးကြားနေတဲ့အခိုက် ကဗျာဆရာ “စောဝေ” ရဲ့ သတင်းကိုကြားလိုက်ရတာပါ။ ပြီးတော့ ဆရာ “စောဝေ” ရဲ့ ကဗျာကလည်း တကယ့်ကို နည်းပရိယါယ်ပြောင်မြောက်လွန်းတော့၊ ကြားရတဲ့သူ ဘယ်သူမဆို စိတ်မ၀င် စားပဲကို မနေနိုင်လောက်အောင်စိတ်လှုပ်ရှားခဲ့ကြရတယ်ဆိုပါတော့။
ကျနော့်အဖို့တော့ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း၊ ကဗျာဆရာ “စောဝေ” ရဲ့ ကဗျာ ...၊ စဉ်းစားစရာတွေ၊ နည်းနာယူစရာတွေ၊ သုံးသပ်ချက်တွေနဲ့ တချိန်လုံး စိတ်အလုပ်လုပ်ခဲ့ရပါတယ်။
ဒီလို ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း ကျနော်မကြားရသေးခင်၊ အဲဒီနေ့မနက်ပိုင်းက ဒုက္ခသည်စခန်း ရပ်ကွက်(၄) အထက်တန်းကျောင်းမှာ၊ စာပေ၀ါသနာရှင်တဦးက LGကဗျာ ( Language Poetry) နဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့တာ ကျနော်ပြန်ပြီး တွေးမိပါတယ်။ ဒီတုန်းက ကျနော်တို့က LGကဗျာနဲ့ပတ်သက်ပြီး အချိန်တိုအတွင်းတတ်နိုင် သလောက် ပြန်လည်ရှင်းပြခဲ့ကြပါတယ်။ ညနေပိုင်းကြတော့ ကဗျာဆရာ “စောဝေ” ရဲ့သတင်းကို ကျနော်ကြားရပါတယ်။ ကဗျာဆရာ “စောဝေ” က၊ စစ်အစိုးရ ခေါင်းဆောင်ကို သရော်လှောင်ပြောင်ရှုံ့ချတဲ့ ကဗျာရေးလို့ အဖမ်းခံရတာပါတဲ့။ ဒါနဲ့ ဆရာ “စောဝေ” ရဲ့ကဗျာကို ဆက်ပြီးစုံစမ်းတော့၊ သူ့ရဲ့ နာမည်ကျော် “ဖေဖော်ဝါရီဆယ့်လေး” ကဗျာကို ကျနော်ဖတ်ရတာပါပဲ။ ဒီကဗျာကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ မနက်ခင်းတုန်းက စာပေစကားဝိုင်းမှာ၊ LGကဗျာအကြောင်းပြောခဲ့ကြတာ ချက်ချင်း သတိရလိုက်ပါတယ်။ လက်စသတ်တော့ ဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာက၊ LGကဗျာအမျိုးအစား ဖြစ်နေတာပဲကိုး။ LGကဗျာရဲ့အခြေခံအချက်တွေထဲမှာ၊ ဘာသာစကားကို သူ့နဂိုဖွဲ့စည်းပုံအတိုင်းမဟုတ်ပဲ လိုသလိုအသုံးပြုတဲ့ နည်းလဲ တခုအပါအ၀င်ဖြစ်တော့၊ ဆရာ “စောဝေ” ရဲ့ ကဗျာဟာ LGကဗျာအမျိုးစားနဲ့ အကျုံးဝင်တဲ့ကဗျာဖြစ်နေတော့တာပေါ့။ ကျနော် အရမ်းကျေနပ်မိပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးကဗျာ။ ဆရာ “စောဝေ” ရဲ့ LGကဗျာ။ မော်ဒန်ကဗျာဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင်ရေး LGကဗျာ။

(၂)
၁၉၉၂-ခုနှစ်က စပြီး၊ ပြည်ပကိုရောက်လာတဲ့အချိန်၊ အခြေအနေပေးရင်ပေးသလောက် နိုင်ငံတကာကဗျာတွေကို ကျနော် အပတ်တကုတ်လိုက်ရှာ၊ လိုက်ဖတ်ခဲ့ပါတယ်။ အထူးအဖြင့် အာဏာရှင်နိုင်ငံတွေက ကဗျာတွေ၊ အာဏာရှင်စနစ် လက်အောက်မှာ ရှိခဲ့ကြတဲ့၊ ရှိနေစဲလည်းဖြစ်တဲ့နိုင်ငံတွေက ကဗျာတွေ ပြီးတော့ အာဏာရှင်ဆန့််ကျင်ရေးကဗျာတွေကိုပိုပြီး အာရုံစိုက်လေ့လာ ခဲ့ပါတယ်။ ဒီလိုနဲ့ ဗြိတိသျှကဗျာဆရာ “ဒီလန်တောမတ်စ်”ကို ကျနော်တွေ့တာပဲ။ ရုရှားက “အိုစစ်မင်ဒယ်လ် စတန်း” ကို ကျနော်တွေ့ရတာပဲ။ သူတို့နှစ်ယောက်က အာဏာရှင်ဆန့်ကျင်ရေးကဗျာရေးခဲ့ကြတာချင်းတူတဲ့အပြင်၊ သူတို့ အသုံးပြုတဲ့ “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” ကြတော့လည်း တူကြတာဖြစ်လို့ သူတို့နှစ်ယောက်ကို ကျနော်ပိုပြီး စိတ်ဝင်စားခဲ့မိတာပါ။ ဗြိတိသျှကဗျာဆရာ “ဒီလန်တောမတ်စ်”က သူ့ရဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာထဲမှာ အခုလိုရေးပါတယ်။

“မင်းတရား လက်ငါးချောင်းက
အသက်ရှူမှုကို အခွန်ခွဲကြရဲ့”

“လက်များမှာ
ယိုစီးစရာ မျက်ရည်မရှိချေဘူး”

ဒီကဗျာ(၂)ပိုဒ်ဟာ၊ “ဒီလန်တောမတ်စ်” ရဲ့ “စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်” ကဗျာထဲက လိုအပ်တဲ့အပိုဒ် (၂)ပိုဒ်ကိုပဲယူပြီး ဖော်ပြလိုက်တာပါ။ “လက်ချောင်း” တွေကို အာဏာရှင်ကို ကိုယ်စားပြုတဲ့ “သင်္ကေတ” အဖြစ် အသုံးပြုသွားတာတွေ့ကြရမှာပါ။
နောက်ထပ်ပြီး။ ရုရှားက ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ရဲ့ “မဟာခေါင်းဆောင်ကြီး စတာလင်” ကဗျာထဲက ကဗျာတပိုဒ်ကို ဖတ်ကြည့်ပါ။

“သူ့ရဲ့တုတ်ခိုင်လှတဲ့ လက်ချောင်းဆယ်ချောင်း
သူ့စကားတွေဟာ အလေးချိန်တိုင်း
ကြိယာတွေပါပဲ”

ဒီမှာလည်း “အိုစစ်မင်ဒယ်လ်စတန်း” က၊ လက်ချောင်းတွေကို “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” အဖြစ် အသုံးပြုသွား တာ တွေ့ကြရမှာပါ။
ဒီနေရာမှာ ပြောစရာတခုရှိတာက၊ “ဒီလန်တောမတ်စ်” နဲ့ “အိုစစ်မင်ဒယ်လ်စတန်း” တို့ နှစ်ယောက်စလုံးဟာ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုတွေနဲ့လွတ်အောင် တမင်ဖန်တီး တီထွင်တဲ့အနေနဲ့ “လက်ချောင်း” တွေကို “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” တွေအဖြစ် အသုံးပြုခဲ့ကြတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ သူတို့ ခေတ်တုန်းက ဘယ်စာပေ စီစစ်ရေးမှလည်း မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ သင်္ကေတအသစ် ဖန်တီးပြီးရေးခဲ့ကြပါတယ်။
ဒီနောက်ပိုင်းကြတော့ အာဏာရှင်တွေဟာ စာပေလောကကို မျက်လုံးဒေါက်ထောက်ပြီးကြည့်ကြ၊ သူတို့ကို ဆန့်ကျင် တယ်လို့ ထင်ရတဲ့စာပေတွေကို ဖြတ်ကြတောက်ကြ ပိတ်ပင်ကြ။ ရေးတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ဒုက္ခပေးကြဆိုတော့ စာရေးဆရာတွေ ကဗျာဆရာတွေဟာ အာဏာရှင်တွေရဲ့ရှေ့မှောက်မှာ ကိုယ်ရောင်ဖျောက်ပြီး လမ်းလျှောက်နိုင် တဲ့ကဗျာအမျိုးအစားတွေကို တီထွင်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ အုပ်စိုးသူနဲ့ ကဗျာဆရာတွေ ဥာဏ်ချင်းပြိုင်တဲ့ခေတ်ကြီးတခေတ် ပေါ်လာခဲ့ပါတယ်။ အဲသလို ခေတ်ဆိုး၊ ခေတ်ပျက်၊ ခေတ်ကြပ်ကြီးကပဲ ကဗျာဆရာ “စောဝေ” ဆိုတဲ့ ဥာဏ်ကြီှးရှင်ကဗျာ ဆရာတယောက်ကို မွေးထုတ်လိုက်တာပဲလို့ ဆိုရပါလိမ့်မယ်။

(၃)
ဖေဖော်ဝါရီဆယ့်လေး

အာ ရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူး ရူးမူးမူးကို ဖြစ်နေမှ
ကြီး မြတ်တဲ့အနုပညာလို့
မှူး မှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီး တောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်း ပေါင်းများစွာသော ချစ်တတ်သူများ
ရွှေ အတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ ။ ။

ဆရာ “စောဝေ” ရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ၊ စာကြောင်းရေ (၈)ကြောင်းနဲ့ ဖွဲ့စည်းထားတဲ့ကဗျာပါ။ ဖော်ပြဖို့ ပို့ထားတဲ့ ဂျာနယ်ကလည်း အချစ်ဂျာနယ်ပါ။ စာပေစီစစ်ရေးက ဦးစားပေးခံရ၊ တစုံတရာ အခွင့်အရေးပေးခံရတဲ့ ဂျာနယ်ပါ။ တနည်းအားဖြင့် အုပ်စိုးသူရဲ့ လစ်ဟာနေတဲ့ နေရာတနေရာ၊ အပါးဆုံးနေရာသဘောပါ။ ဒီိလို ဂျာနယ်၊ ဒီလို နေရာမျိုးကိုမှ ဆရာ “စောဝေ” က ရွေးချယ်ခဲ့တာပါ။ ဒီလို အပါးဆုံးနေရာကိုထိုးတော့ အလွယ်တကူနဲ့ ပေါက်တော့တာပေါ့။ အလွယ်တကူနဲ့ပဲ စာပေ စီစစ်ရေးရှေ့က ရင်ကော့ပြီးလမ်းလျှောက်လာနိုင်ခဲ့တာပေါ့။ ပြီးတော့ စာကြောင်းတကြောင်းချင်းစီကလည်း ဘာနိုင်ငံရေးမှ မပါ။ ဘာဘ၀သရုပ်ဖော်မှ မပါ။ အချစ်သက်သက်ရေးဖွဲ့မှု။ ဆိုတော့ ... “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ စာသူဖတ်သူတွေရဲ့ရှေ့ကို အလွယ်တကူပဲ ရောက်လာနိုင်တော့တာပေါ့။ ဒါပေမယ့် ဆရာ “စောဝေ” က၊ ဒီကဗျာမှာ ဘာသာစကားကိုအသုံးပြုပြီး၊ ဘာသာ စကားကို သမရိုးကျ ဘေးတိုက်ဖတ်တဲ့နည်းကိုရှောင်ပြီး၊ ဒေါင်လိုက် အထက်ကအောက် တလုံးချင်းစ်ီဖွဲ့စည်း အသုံးပြုတဲ့ LGနည်းကို အသုံးပြုလိုက်ပါတယ်။ ဒီိလိုနဲ့ “စောဝေ” ရဲ့ကဗျာဟာ ပစ်မှတ်ကိုအသေအချာထိမှန်သွားနိုင်လို့၊ “သမိုင်းဝင်ကဗျာ တပုဒ်” ဖြစ်ခဲ့ရပါတော့တယ်။ နောင်အခါ ကျနော်တို့ လူမျိုး ကျနော်တို့နိုင်ငံရဲ့သမိုင်းမှာ အင်မတန်အောင်မြင်ထိရောက်တဲ့ အာဏာရှင်ဆန့်ကျင်ရေးကဗျာတပုဒ်အဖြစ် ကဗျည်းထိုးရမယ့်ကဗျာဖြစ်လာခဲ့ပါတယ်။
အာဏာရှင်ကြီးစိုးတဲ့ခေတ်မှာ အာဏာရှင်တွေနဲ့ ဥာဏ်ချင်းယှဉ်ပြိုင်ရတဲ့အလုပ်ကို ကဗျာဆရာတွေ အခုလို တပျော်တပါးကြီး ၀င်ရောက်ဆင်နွဲနေကြတဲ့ခေတ်၊ ဘယ်တုန်းကမှ မရှိခဲ့သေးဘူး။ ရှိတယ်ဆိုရင်လည်း ဒီခေတ်လောက် မပြင်းထန် ခဲ့ပါဘူး။ ဒါ့အပြင် အာဏာရှင်တွေကို နားရွက်တံတွေးဆွတ်တဲ့ကဗျာ၊ အမြီးလိမ်ချိုးတဲ့ကဗျာ၊ ညှို့သူကြီးဆောင့်ကန်တဲ့ကဗျာ မျိုးတွေဆိုတာလဲ ဒီခေတ်လောက်၊ ဘယ်ခေတ်မှာမှ မရှိခဲ့သေးပါဘူး။ ဆရာ “စောဝေ” လို ကဗျာဆရာ၊ စာရေးဆရာတွေဟာ၊ အာဏာရှင်စနစ်ပြိုကျပျက်စီးသွားတဲ့အထိ ကဗျာလက်နက်အသစ်တွေ၊ တီထွင်သထက် တီထွင်ကိုင်ဆွဲ တိုက်ပွဲဝင်ကြလိမ့်မယ် ဆိုတာကို ကျနော် သံသယမရှိယုံကြည်နေမိပါတယ်။

No comments:

Post a Comment